Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News, 22nd February 2010

          မြန်မာနိုင်ငံ လူ့အခွင့်အရေး တိုးတက်မှု ဆိုင်ရာ ကုလသမဂ္ဂ အထူး အရာရှိ Tomas Ojea Quintana ၏ ဖေဖော်ဝါရီ (၁၉) ရက် သတင်းစာ ရှင်းလင်းပွဲနှင့် ပတ်သက်သော သတင်းများကို ဖော်ပြခြင်း မပြုရန် မြန်မာနိုင်ငံရှိ သတင်းဂျာနယ်များအား ပိတ်ပင်ထားသည်ဟု သိရှိရသည်။

          ဖေဖော်ဝါရီ (၁၅) ရက်က စတင်ခဲ့သော ၎င်း၏ ၅ ရက်ကြာ ခရီးစဉ် ပြီးဆုံး၍ မြန်မာနိုင်ငံမှ မထွက်ခွာမီ ရန်ကုန် နိုင်ငံတကာ လေဆိပ်တွင် Quintana က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

          ကြားသိရသော သတင်းများအရ ကုလသမဂ္ဂ ကိုယ်စားလှယ်သည် ပွင့်လင်းစွာ ပြောကြားခဲ့ကာ လက်ရှိ အနေအထားနှင့် ပတ်သက်၍ မြန်မာ အစိုးရကို ပြစ်တင် ဝေဖန်မှု ပြုလုပ်ခဲ့ပြီးနောက် ၎င်း၏ ပြောကြားမှုများကို သတင်း ဖော်ပြခြင်းအား စစ်ဖက် အစိုးရ၏ စာပေ စိစစ်ရေးနှင့် မှတ်ပုံတင် ဌာနက ပိတ်ပင် တားမြစ်ခဲ့သည်ဟု ဆိုသည်။

          ကုလသမဂ္ဂ အထူးအရာရှိက ပြည်တွင်း၊ ပြည်ပ သတင်းထောက်များအား ပြောကြားရာတွင် "နေအိမ်တွင် အကျယ်ချုပ် ကျခံနေရဆဲ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံ နိုင်ခဲ့သည့် အတွက် များစွာ စိတ်မကောင်း ဖြစ်ရကြောင်း၊ ထို့အပြင် နိုင်ငံရေး အကျဉ်းသား ၂၂၀၀ အပါအဝင် ပြည်သူလူထု အပြည့်အဝ ပါဝင် လှုပ်ရှားမှု မရှိခြင်း၊ ရွေးကောက်ပွဲ ဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ခွင့်ပြုထားသော ပတ်ဝန်းကျင် မရှိခြင်းတို့ကြောင့် လာမည့် ရွေးကောက်ပွဲများသည် လက်ခံ၊ ယုံကြည်၊ လေးစားဖွယ် မရှိ" ဟု မှတ်ချက် ပေးခဲ့သည်။

          မြန်မာ အစိုးရသည် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် လုံးဝ ဆန္ဒ မရှိကြောင်းကို သိရှိထားသည့် Quintana က ဆက်လက် ပြောကြားရာတွင် မြန်မာနိုင်ငံ၌ အပြစ် မရှိသော အကျဉ်းသားများ ရှိနေသည် ဆိုသည့် အချက်ကို စစ်အစိုးရက လက်မခံဟု ဆိုသည်။

          ထို့အပြင် နိုင်ငံ၏ အနောက်မြောက်ဖက်ရှိ မွတ်ဆလင်များအပေါ် စနစ်တကျ ကျူးလွန်နေသော ပြစ်မှုများနှင့် ပတ်သက်၍ အလွန် စိုးရိမ်မိကြောင်း ၎င်းက ပြောကြားသည်။

          အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ စာပေ စိစစ်ရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေ တက်ရောက်သည်ဟု ရန်ကုန် အခြေစိုက် သတင်းထောက် တစ်ဦးက ဧရာဝတီသို့ ပြောကြားသည်။

          "Quintana ပြောသွားတာတွေကို ဗိုလ်မှူးတင့်ဆွေက သိထားတော့ ကျွန်တော်တို့ကို သတင်းရေးခွင့် မပေးတော့ပါဘူး" ဟု အသက် ၄၀ အရွယ် သတင်း အယ်ဒီတာက ဆိုသည်။

          ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်ကြောင်းနှင့် ခရီးစဉ်အတွင်း နိုင်ငံရေးသမားများ၊ ရှေ့နေများ၊ အကျဉ်းသားများနှင့် တွေ့ဆုံသည့် သတင်းလောက်ကိုသာ ဂျာနယ်များတွင် ဖော်ပြခွင့် ရသည်။

          ကုလသမဂ္ဂ ကိုယ်စားလှယ်၏ မှတ်ချက်များကို သတင်း ဖော်ပြခြင်းအား အစိုးရက တားမြစ်ခြင်းသည် လွတ်လပ်စွာ ပြောဆို ရေးသားခွင့်ကို တားဆီး ပိတ်ပင်ခြင်းပင် ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

          "ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးအရာရှိရဲ့ အခွင့်အရေးကိုတောင် ချိုးဖောက်ခဲ့တာ ဆိုတော့ ထောင်ထဲက ဘုန်းကြီးတွေကို ရိုက်နှက် နှိပ်စက်နေတဲ့ မြန်မာ အစိုးရ ဘယ်လောက် ရက်စက်သလဲ ဆိုတာ ပိုပြီး ထင်ရှားလာပါပြီ" ဟု အဆိုပါ သတင်း အယ်ဒီတာက ပြောကြားသည်။

          မည်သို့ပင် ဖြစ်စေ Quintana ၏ မှတ်ချက်များကို ပြည်ပ အသံလွှင့် ဌာနများက အထူး သီးသန့် ထုတ်လွှင့်ခဲ့ရာတွင် နားထောင် လိုက်ရသော မြန်မာ ပြည်သူလူထု အများစုက ၎င်း၏ မှတ်ချက်များကို ထောက်ခံ ကြိုဆိုကြသည်။

          ရန်ကုန် အခြေစိုက် ရှေ့နေတစ်ဦးကမူ "အစိုးရရဲ့ အလိမ်အညာ ဗျူဟာတွေ အောက်မှာ တွေဝေနေတဲ့ လူတွေကို လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ မိန့်ခွန်းက လှန့်နှိုးလိုက်တာပါပဲ၊ သူပြောတာတွေက မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေသမျှကို အပီအပြင် ထင်ဟပ်ပြလိုက်တာပါ" ဟု သုံးသပ်လိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Xinhua, 21st February 2010

          မြန်မာ ကုမ္ပဏီ တစ်ခုသည် နိုင်ငံ၏ ပထမဆုံး သတင်း အချက်အလက် နည်းပညာ ဈေးဝယ် ကုန်တိုက်ကို ရန်ကုန်၌ ဧပြီလ ပထမ အပတ်တွင် ဖွင့်လှစ်ရန် စီစဉ်နေပြီး အိုင်တီနှင့် ဆက်သွယ်ရေး ပစ္စည်းများကို အဓိက ရောင်းချသွားမည်ဟု ရှယ်ယာဝင် တစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ သည်။

          အိုင်တီ စီးပွားရေး လောကမှ အခြား လုပ်ငန်းရှင် (၂) ဦးနှင့်အတူ The E – trade Myanmar ကုမ္ပဏီသည် ကုမ္ပဏီသစ် တစ်ခု ဖွဲ့စည်းကာ လှိုင်မြို့နယ်တွင် အိုင်တီ ရှော့ပင်းမောလ် ဖွင့်လှစ်မည် ဖြစ်သည်။

          "အိုင်တီ ပြပွဲတွင် ကျင်းပတဲ့ အခါတိုင်း အိုင်တီ ပစ္စည်းတွေ ဝယ်လိုအား အရမ်းများတာကို တွေ့ရပါတယ်၊ အိုင်တီနဲ့ ဆက်သွယ်ရေး ပစ္စည်းတွေဟာ ဇိမ်ခံ ပစ္စည်း မဟုတ်ဘဲ မရှိမဖြစ် ပစ္စည်းတွေ ဖြစ်လာနေပါတယ်" ဟု The E – trade Myanmar ကုမ္ပဏီ CEO ဦးထွန်းထွန်းနိုင်က ပြောကြားသည်။ တစ်ချိန်တည်းမှာပင် ပြည်သူများ အိုင်တီ ဗဟုသုတ ပိုမို ပြည့်ဝစေရန်နှင့် ခေတ်မီ အိုင်တီ ပစ္စည်း ကိရိယာများနှင့် နီးစပ်မှု ရှိလာစေရန် ရည်ရွယ်၍ သတင်းနှင့် ဆက်သွယ်ရေး နည်းပညာ ပြပွဲကို လာမည့်လ တတိယပတ်တွင် ရန်ကုန်၌ ကျင်းပဦးမည် ဖြစ်သည်။

          မတ်လ ၁၉ ရက်မှ ၂၁ ရက် အထိ ၃ ရက် ကြာမည့် ပြပွဲသည် ယခုနှစ် အတွင်း ပထမဆုံး ကျင်းပသည့် အိုင်တီ ပြပွဲ ဖြစ်၍ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်၊ မြန်မာ ကွန်ပျူတာ ပညာရှင်များ အသင်း MCPA နှင့် မြန်မာ ကွန်ပျူတာ လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း စီစဉ်ကြခြင်း ဖြစ်သည်။

          ပြခန်းပေါင်း ၁၅၆ ခန်း ပါဝင်မည့် အဆိုပါ ပြပွဲတွင် နောက်ဆုံးပေါ် နည်းပညာများ၊ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲ၊ ဆက်သွယ်ရေး ပစ္စည်းများ၊ ကွန်ပျူတာ ဆက်စပ် ပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်း အသုံးအဆောင်များကို အိုင်တီ ကုမ္ပဏီများက ပြသ ရောင်းချကြမည် ဖြစ်သည်။

          ကွန်ပျူတာ အဖွဲ့အစည်းများသည် အဆိုပါ အိုင်တီ ပြပွဲမျိုးကို ၁၉၉၉ မှ စ၍ တစ်နှစ်လျှင် နှစ်ကြိမ် ကျင်းပခဲ့ကြပြီး ယခင်နှစ် အောက်တိုဘာလက ပြုလုပ်ခဲ့သော နောက်ဆုံး ပြပွဲတွင် ကုမ္ပဏီ ၇၁ ခု ပါဝင် ဆင်နွှဲခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB news, 22nd February 2010

          မြန်မာနှင့် လာအို နှစ်နိုင်ငံ နယ်စပ် ရွှေတြိဂံ ဒေသတွင် အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၈ ဦး အပါအဝင် လူ ၁၄ ဦး သေဆုံးခဲ့သည်။

          တနင်္ဂနွေနေ့က ပစ်ခတ်မှုသည် မဲခေါင်မြစ်၏ လာအို ဖက်ခြမ်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ ရွာသား တစ်ဦးက ပြေကြားခဲ့ပြီး ဒေသတွင်း လှုပ်ရှားနေသော မူးယစ်ဆေးဝါး ဂိုဏ်းများ၏ လက်နက် ဖြစ်နိုင်သော်လည်း အတည်မပြုနိုင်သေးဟု သိရှိရသည်။

          မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်ရှိ ပါဆာနှင့် ပန်ဖူး ကျေးရွာအကြား မြစ်ကြောင်း၌ ကင်းလှည့်နေစဉ် တိုက်ခိုက်ခံရသည့် ၎င်းဖြစ်ရပ်တွင် အခြား ရဲတပ်ဖွဲ့ဝင် ၂ ဦးလည်း ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။

          ရဲတပ်ဖွဲ့ဝင်များနှင့် အတူ လိုက်ပါလာသော အရပ်သား ၂ ဦး၊ စက်လှေသမား ၂ ဦးနှင့် ပြည်သူ့စစ် ၂ ဦး တို့လည်း သေဆုံးခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောကြားသည်။

          တာချီလိတ်မှ ကျန်းမာရေး အရာရှိက သေဆုံးသူ အရေအတွက်ကို အတည်ပြုခဲ့ပြီး ရဲတပ်သား ၆ ဦး၏ အလောင်းများကို အနီးရှိ ဘုရား တစ်ဆူနားတွင် တွေ့ရှိခဲ့သည်ဟု ဆက်လက် ပြောကြား သည်။ ဒဏ်ရာ ရရှိသူများကို ဆေးကုသရန် ရန်ကုန်သို့ ပို့လိုက်သည်ဟုလည်း ရဲအရာရှိ တစ်ဦးက ပြောသည်။

          အခင်း ဖြစ်ပွားသော နေ့၌ပင် အလောင်း ၁၀ လောင်းကို မဲခေါင်မြစ်တွင်းမှ ဆယ်ယူ ရရှိခဲ့ပြီး ရဲကင်းအဖွဲ့ ခေါင်းဆောင် ခင်မောင်ရင်၏ အလောင်းကိုမူ နောက်တစ်နေ့တွင် တွေ့ရှိခဲ့သည်။ ကျန် ရဲတပ်ဖွဲ့ဝင် ၃ ဦး၏ အလောင်းများကိုမူ ရှာမတွေ့သေးဟု သိရသည်။

          မြန်မာ၊ ထိုင်း နှင့် လာအို ၃ နိုင်ငံ ထိစပ်နေသည့် ရွှေတြိဂံ နယ်မြေသည် တစ်ချိန်က ကမ္ဘာပေါ်တွင် ဟီးရိုးအင်း အဓိက ထုတ်လုပ်ရာ ဒေသ ဖြစ်ခဲ့ပြီး မူးယစ်ဆေး မှောင်ခို ရောင်းဝယ်သူများသည် အဆိုပါ ဒေသတွင် လွတ်လပ်စွာ လှုပ်ရှား သွားလာလျက် ရှိသည်။ အဓိက ဝင်ငွေ ရရှိသော သီးနှံအဖြစ် ဘိန်းကို အများဆုံး စိုက်ပျိုးကြသည်။

          ယခုအခါ အာဖဂန် နစ္စတန်က ကမ္ဘာ့ ဘိန်း ၈၀ % ကို ထုတ်လုပ်နေသော်လည်း ရှမ်းပြည်နယ်က ဒုတိယ ထုတ်လုပ်သူ အဖြစ် ရပ်တည်နေဆဲ ဖြစ်ပြီး လက်နက်ကိုင် အဖွဲ့လေးများ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးများက အဆိုပါ ဒေသရှိ ဘိန်းဈေးကွက်ကို ထိန်းချုပ် ထားသည်။

          အလားတူ တိုက်ခိုက်မှုမျိုးသည် ၂၀၀၈ ခုနှစ်ကလည်း ဖြစ်ပွားခဲ့ပြီး ရဲတပ်ကြပ်ကြီး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့သည်။ ဒေသခံများ၏ အဆိုအရ ထိုစဉ်က ရဲတပ်ကြပ်ကြီး၏ အလောင်းကိုသာ ရရှိခဲ့သည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

E-pao.net, 20th February 2010

          အိန္ဒိယ-မြန်မာ နယ်စပ် မဏိပူရနယ် Mynal မြစ်ကို ဖြတ်၍ တရုတ်အစိုးရ အကူအညီဖြင့် တံတား တစ်စင်း တည်ဆောက်လျက်ရှိရာ ပြီးစီးသွားပါက မြန်မာ ကုန်သည်များအတွက် များစွာ အကျိုးရှိမည် ဖြစ်သည်။

          အိန္ဒိယ ဖက်တွင် နေရှင်နယ် အဝေးပြေး လမ်းမကြီး အမှတ် ၃၉ မှ ခွဲထွက်လာသော အင်ဖာ-မိုရေးလမ်းမှာ ယခုအထိ မြင်သာထင်သာသော တိုးတက်မှုများ မရှိသေးပေ။

          တရုတ် အစိုးရ အကူအညီဖြင့် တည်ဆောက်သော တံတား ပြီးစီးသွားပါက မြန်မာ့ စီးပွားရေးကို တိုးတက်စေရုံမျှမက တရုတ်ပြည်မှ ထုတ်လုပ်သော လျှပ်စစ်ပစ္စည်းများ၏ ဈေးကွက်လည်း ပွင့်သွားမည် ဖြစ်သည်။

          တံတားကြီးကို တည်ဆောက်လိုက်ခြင်းဖြင့် မြန်မာကုန်သည်များသည် နမ့်ဖာလုံဈေးသို့ ကုန်ရောင်းကုန်ဝယ် သွားရာတွင် မဏိပူရကို ဖြတ်သွားစရာ မလိုတော့ပေ။

          အိန္ဒိယနှင့် မြန်မာနိုင်ငံတို့၏ သွင်းကုန်ထုတ်ကုန် လုပ်ငန်းများသည် နယ်စပ် ကုန်သွယ်ရေး သဘောတူညီချက်အရ မိုရေးဂိတ် အမှတ် (၁) တွင် ပြုလုပ်ကြပြီး၊ မိုရေးဂိတ် အမှတ် (၂) တွင် လုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်နိုင်ရန် ကြိုးစားလျက် ရှိသည်။

          ယခု Mynal မြစ်ကို ဖြတ်၍ တည်ဆောက်နေသော တံတားသည် နမ့်ဖာလုံဈေးကို တိုက်ရိုက် ဆက်သွယ်ထားသဖြင့် မြန်မာကုန်သည်များသည် နယ်စပ် ကုန်သွယ်ရေး၏ အကျိုးအမြတ်ကို ပိုမို ခံစားရမည် ဖြစ်သည်။

          နမ့်ဖာလုံဈေးသည် ကြီးမားသော ဈေးမဟုတ်သော်လည်း မြန်မာ အစိုးရသည် နမ့်ဖာလုံဈေး တိုးတက်မှုကို ရှေးရှု၍ ဈေး၏ အစိတ်အပိုင်း အမျိုးမျိုးတွင် ကုန်သွယ်မှု အမျိုးမျိုးအတွက် တည်ဆောက်လျက် ရှိသည်။

          တစ်ဖက်တွင် Sauraastra-silchar စူပါ အဝေးပြေး လမ်းမကြီးသို့ လာရောက် ဆက်သွယ်မည့် အင်ဖာ-မိုရေးလမ်းကလည်း တိုးတက်လာမည့် အရိပ်အယောင် မရှိသေးပေ။ မိုရေးမှ တဆင့် အာရှ အဝေးပြေး လမ်းမကြီးနှင့် ဆက်ကာ မြန်မာနိုင်ငံ ပုဂံမှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်သို့ ဆက်ထားမည် ဖြစ်သည်။

          အင်ဖာ-မိုရေး လမ်းအပိုင်းရှိ Lokchao မှ တံတား တစ်စင်းသည် ဒုတိယ ကမ္ဘာစစ် အတွင်းက ဆောက်ထားပြီး၊ ယခုအထိ အသစ်ဆောက်မည့် လက္ခဏာ မရှိသေးပေ။

          မြန်မာနိုင်ငံတွင် စစ်အစိုးရ လက်ထက်၌ ဖွံ့ဖြိုးရေး လုပ်ငန်းများသည် ဒီမိုကရက်တစ် အိန္ဒိယ နိုင်ငံနှင့် မတူဘဲ အလွန် မြန်ဆန်သည်ကို တွေ့ရှိရသည်။ အိန္ဒိယနိုင်ငံတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် ဆုံးဖြတ်ချက် ချရန်နှင့် အကောင်အထည် ဖော်ရန်အချိန် အလွန်ကြာသည်။

          နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး တိုးတက်မှု၏ အစိတ်အပိုင်း တစ်ခုအဖြစ် ယခု Mynal မြစ်ကို ဖြတ်၍ ဆောက်နေသော တံတားမှ အစပြု၍ မန္တလေးအထိ ချစ်ကြည်ရေး လမ်းအပိုင်း ဖောက်ရန် BRTF က လက်ရှိ လုပ်ကိုင်လျက် ရှိသည်။ Mynal မြစ်သည် မိုရေးဂိတ် နံဂါတ် (၂) အနီးမှ ဖြတ်ပြီး၊ နှစ်နိုင်ငံကြားမှ ဖြတ်၍ စီးဆင်းသွားသည်။ သို့သော် အင်ဖာ-မိုရေး လမ်းအပိုင်း တိုးတက်မှုများ အတွက် ပို့ဆောင်ရေးနှင့် အဝေးပြေးလမ်းများ ဝန်ကြီးဌာနမှ ကြိုးပမ်းမှုများ ပြုလုပ်သည့်တိုင် ဒေသခံ ကန်ထရိုက်တာများက သတ်မှတ်သော အရည်အချင်း မပြည့်မီခြင်း၊ အရည်အချင်း ပြည့်မီသည့် ပြင်ပ ကန်ထရိုက်တာများကလည်း လုပ်ငန်းအတွက် ငွေကို ရူပီးငွေဖြင့် ပေးသည့်တိုင် လာရောက်ရန် တုံ့ဆိုင်းနေကြခြင်း စသည့် ကိစ္စရပ်များ ရှိနေသည်။

          အိန္ဒိယ အစိုးရ ဆောက်လုပ်ရေး ဌာန၏ သတင်းများအရ၊ ဝန်ကြီးဌာနသည် အင်ဖာ-မိုရေး လမ်း ပြုပြင် ထိန်းသိမ်းရေး ရန်ပုံငွေကို ချပေးခြင်း မရှိဘဲ၊ နောက်ထပ် ၂ နှစ်၊ ၃ နှစ်အထိ ပြင်ဆင်ရန် မဖြစ်နိုင်သေးဟု ဆိုသည်။

          အစိုးရ အဝေးပြေး လမ်းမကြီး၏ အစိတ်အပိုင်းလည်း ဖြစ်၍ နှစ်ကြာသောကြောင့် အင်ဖာ-မိုရေး လမ်းသည် ယိုယွင်း ပျက်စီးလျက် ရှိသည်။ လက်ရှိ နယ်စပ် ကုန်သွယ်ရေးသည် ထိုလမ်း အပိုင်း ကိုသာ အသုံးပြုနေရပြီး၊ နယ်စပ် ကုန်သွယ်မှုကို လက်ရှိ ၂၂ မျိုးမှ ၄၄ မျိုးထိ တိုးကာ ပမာဏ မြှင့်တင်ရန် ကြိုးစားလျက် ရှိနေသည်။

          လက်ရှိ နယ်စပ် ကုန်သွယ်ရေးကို သွင်ပြင်လက္ခဏာများ ပြောင်းလဲပစ်ရန်နှင့် ထုတ်ကုန် သွင်းကုန် လှုပ်ရှားမှု မြှင့်တင်ရန် အတွက် အိန္ဒိယ ကုန်းတွင်းပိုင်း ဂိတ်များ အာဏာပိုင် အဖွဲ့(Land-Ports Authority) သည် ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံ နယ်စပ်များတွင် နယ်စပ် စစ်ဆေးရေး စခန်း Integrated Check Post (ICP) ၁၃ ခု ဖွင့်လှစ်ရန် သဘောတူပြီး ဖြစ်သည်။

          မိုရေးတွင် ICP ဖွင့်လှစ်ရေး အတွက် မြေနေရာ ဝယ်ယူရေး အဆင့် ပြီးသွားပြီ ဖြစ်သည်။ မိုရေး ဂိတ်အမှတ် (၂) အနီးတွင် မြေ ၄၅.၅၀ ဧက ဝယ်ယူထားရာ အစိုးရသည် ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့ သို့ ထိုမြေ နေရာတွင် ပိုင်ဆိုင်သူ ၄၀၅ ဦးအား ငွေပေးချေရန် လွှဲအပ်ထားပြီး ဖြစ်သည်။

          မိုရေးတွင် ဖွင့်လှစ်မည့် ICP သည် ခန်မှန်းခြေ ရူပီသန်း (၁၃၀) ကုန်ကျမည် ဖြစ်ပြီး၊ ပန်ဂျပ်ရှိ Wagah နယ်စပ်ရှိ ပုံစံနှင့် အတူတူ ဖြစ်ကာ အသေးစိတ် စီမံကိန်း အစီရင်ခံစာကို Rail India Technical Economic Services မှ ရေးဆွဲသည်။

          ICP တည်ဆောက် ပြီးစီးပါက အကောက်ခွန်၊ ရဲ၊ အကောက်ခွန် ကာကွယ်ရေးဌာန၊ သစ်တော၊ မူးယစ်၊ စာတိုက်၊ ဘဏ်၊ ဆက်သွယ်ရေး၊ တိရစ္ဆာန်နှင့် သစ်ပင် စစ်ဆေးရေး၊ အရည်အသွေး စစ်ဆေး လက်မှတ် ထုတ်ပေးသော အေဂျင်စီ၊ ကုန်သွယ်ရေး ဌာန၊ အစားအသောက် စစ်ဆေးသော ဓာတ်ခွဲခန်း၊ ကားရပ်နား စခန်းနှင့် စားသောက်ဆိုင်များအတွက် အဆောက်အဦများ ပါဝင်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

 

၂၀၁၀ မြန်မာနိုင်ငံသည် လာမည့် မတ်လ ၂၁ ရက်ဝန်းကျင်မှစ၍ အပြောင်းအလဲကြီးများ ကြုံကြိုက်၍ အခွင့်အခါကောင်းသို့ ရောက်ရှိ မည်ဖြစ်၏။ ထိုကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် မငြင်းပယ်နိုင်မည့် အဆိုတရပ်ကို တင်သွင်းပေလိမ့်မည်။

ဤကာလတွင် မြန်မာနိုင်ငံသည် ခေါင်းဆောင်မှု အကြတ်အတည်း တခုနှင့်ကြုံကာ ခေါင်းဆောင်သစ် များ ရရှိ၍ ထိုခေါင်းဆောင်သစ်များက နိုင်ငံ၏ အပြောင်းအလဲများကို ဆောင်ကျဉ်းကြမည် ဖြစ်၏။ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ကြလျှက် ပွဲတော် ကျင်းပကြမည့် အခါလည်း ဖြစ်ပြန်၏။

နေပြည်တော်သည် တပ်မတော်သက်သက် ရုံးစိုက်ရာ အရပ်အဖြစ် ပြောင်းလဲ ရောက်ရှိကာ ပြန်လည် မှေးမှိန်သွားတော့မည် ဖြစ်သည်။ ရန်ကုန်မြို့သည်ကား မြို့တော်သစ်အဖြစ် ပြောင်းလဲသစ်လွင်ပေတော့မည်။ မြန်မာနိုင်ငံသည်ကား နှစ်ပေါင်း ၅၀ ခန့် အိမ်မက်ဆိုးမှ နိုးထ၍ အာရုံကျင်း ချိန်ရောက်ပေပြီ။

http://myanmarbaydinsayar.blogspot.com/2010/01/blog-post.html  မှ ကူးယူဖော်ပြပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မတိုင်မီ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူး သံတမန်၏ ယခုနောက်ဆုံး မြန်မာခရီးစဉ်သည် တိုးတက်ဖြစ်ထွန်းမှု အနည်းငယ်ကိုသာ ဖော်ဆောင်နိုင်ခဲ့ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုပါသည်။

ကုလအထူး သံတမန် မစ္စတာ Tomas Ojea Quintana ၏ ယခုတစ်ကြိမ် မြန်မာခရီးစဉ်သည် တတိယမြောက် ဖြစ်သည်။ သူသည်ခရီးစဉ်အတွင်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နှင့် တွေ့ဆုံခွင့် မရရှိခဲ့သလို စစ်အစိုးရက မဖြစ်မနေ ကျင်းပပေးမည်ဟု ကတိပြုထားသော ဒီမိုကရေစီ ရွေးကောက်ပွဲ နှင့် ပတ်သက်၍လည်း တိကျရေရာသော အင်ဖော်မေးရှင်း တစ်စုံတရာ မရရှိခဲ့ပေ။ မြန်မာစစ်အစိုးရက မစ္စတာ Quintana ၏ခရီးစဉ်အတွင်း အစိုးရ ဆန့်ကျင်သူများကို အသံစိုးစဉ်းမျှ မထွက်နိုင်အောင် ထုံးစံအတိုင်းပင် ပြုလုပ်ခဲ့သည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား မည်သည့်နေ့ရက်၊ အချိန်ကာလ တွင် လွှတ်ပေးမည် ဟူသည်ကိုလည်း အရိပ်အမြွက်မျှပင် ထုတ်ဖော်ပြောဆိုမှု မပြုခဲ့ပေ။ "အခုခရီးစဉ် ဟာ ကောင်းကောင်းမွန်မွန်နဲ့ အဆင်ချောမွေ့တဲ့ ခရီးစဉ်တစ်ခု မဟုတ်ဘူးဆိုတာ ရှင်းပါတယ်" ဟု လန်ဒန် အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်သော Amnesty International မှ မြန်မာ့ရေးရာ ကျွမ်းကျင်သူ Benjamin Zawacki က ပြောပါသည်။

"မြန်မာအစိုးရက ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနိုင်ငံခြားရေး ပေါ်လစီရဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်လို့ ထုတ်ဖော်အသိပေးထားတာ မှန်ပေမယ့်လည်း တကယ်တော့ လုံးဝကို မဟုတ်ပါဘူး" ဟု ၎င်းကဆိုပါသည်။

မြန်မာနိုင်ငံ ပြည်တွင်းရေးတွင် ဒီမိုကရေစီဆန်စွာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်အောင် ကြိုးပမ်းခဲ့သည့် ကုလသမဂ္ဂ၏ အားထုတ်မှု မှန်သမျှမှာ အနည်းငယ်သာ အောင်မြင်သည်ကို ကွက်ကွက်ကွင်းကွင်း တွေ့နိုင်သည်။  မစ္စတာ Quintana သာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရရှိခဲ့ခြင်း မဟုတ်ပေ။

ကုလအကြီးအကဲ မစ္စတာ ဘန်ကီမွန်းလျင်ပင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပါရစေဟု စစ်အစိုးရကို အဆိုပြုခဲ့သော်လည်း ပညာသားပါပါဖြင့် ငြင်းပယ်ခံခဲ့ရပါသည်။ မစ္စတာ Quintana သည် ဇန်နဝါရီလ ၁၅ ရက် (တနင်္လာနေ့) တွင်မြန်မာနိုင်ငံသို့ ငါးရက်တာ အလည်အပတ် ခရီးစဉ်ကို စတင်ခဲ့ပြီး ဇန်နဝါရီလ ၂၀ (သောကြာ)နေ့တွင် ပြီးဆုံးခဲ့သည်။ ခရီးစဉ်ပြီးဆုံးသည့်နောက် မစ္စတာ Quintana က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရရှိခဲ့သည့်အတွက် ၎င်းအနေဖြင့် လွန်စွာ နောင်ကျဉ်မိကြောင်း ထုတ်ဖော်ပြောဆိုသည်။

"အခုလို ရွေးကောက်ပွဲ ကျင်းပမယ့် နှစ်ထဲမှာ၊ အထူးသဖြင့် မြန်မာနိုင်ငံအတွက် အလွန်အမင်း အရေးကြီးတဲ့ အခြေအနေမျိုးထဲမှာ ကျွန်တော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မဆုံတွေ့ခဲ့ရတဲ့ ကိစ္စဟာ အတော့်ကို စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒီရွေးကောက်ပွဲဟာ နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပမယ့် အမျိုးသားရွေးကောက်ပွဲကြီး တစ်ခုပါ" ဟု မစ္စတာ Quintana က ပြောပါသည်။

မစ္စတာ Quintana သည် ဒေါ်အောင်ဆန်းစုကြည်နှင့် သာမက မြန်မာစစ်အစိုးရ၏ နံပါတ်-၁ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်ပါ တွေ့ဆုံခွင့် မရရှိခဲ့ပေ။ မစ္စတာ Quintana အနေဖြင့် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ပြည်ထဲရေးဝန်ကြီး၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ ရဲချုပ် တို့နှင့်သာ တွေ့ဆုံခွင့် ရရှိခဲ့ပါသည်။

ထို့ပြင်ခရီးစဉ် အတွင်း အကျဉ်းထောင်များအတွင်း ဖမ်းဆီးထိန်းသိမ်း ခံထားရသော နိုင်ငံရေး အကျဉ်းသားများ နှင့် တွေ့ခွင့်ရခဲ့သည်။ မစ္စတာ Quintana က စစ်အစိုးရအနေဖြင့် ရွေး ကောက်ပွဲ မတိုင်မီ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် တိုက်တွန်းခဲ့သည် ဟူ၏။

သို့သော် လေ့လာသုံးသပ်သူများ အဆိုအရ နိုင်ငံရေးအကျဉ်းသားများကို  ယခုနှစ်ကုန်ပိုင်း အထိ ဆက်လက် ထိန်းသိမ်းထားဖွယ် ရှိသည်။ "အခုလို မစ္စတာ Quintana အနေနဲ့ နိုင်ငံရေး အကျဉ်း သားတွေ ဘယ်လိုနေထိုင်ရတယ် ဆိုတာကို မျက်မြင်တွေ့ခွင့်ရတာဟာ သူ့အတွက်ကောင်းပါတယ်။ ဒါပေမဲ့ ကောင်းတယ်ဆိုတဲ့ သဘောက နိုင်ငံရေး အကျဉ်းသားတွေ သူနဲ့တွေ့လိုက်ရလို့ အမြန်ဆုံး လွတ်မယ်ဆိုတဲ့ သဘောမျိုး မဟုတ်ပါဘူး" ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူ David Mathieson က  ပြောပါသည်။

မြန်မာ စစ်အာဏာပိုင်များသည် မည်သည့် နိုင်ငံတကာ အဖွဲ့အစည်းကိုမျှ နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံခွင့်မပြုပေ။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ စစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသား ဦးရေ ၂၁၀၀ ခန့်ရှိသည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည်ပင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ၁၄ နှစ်တာမျှ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်း ခံခဲ့သူဖြစ်သည်။ ယခုလာမည့် ရွေးကောက်ပွဲတွင်လည်း ဒေါ်စုအနေဖြင့် ပါဝင်ယှဉ်ပြိုင်ခွင့် မရရှိအောင် စစ်အစိုးရက စနစ်တကျ ကန့်သတ်မှုများ ပြုလုပ်ထားသည်။

"အတိတ်မှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ မြန်မာနိုင်ငံဟာ အခုအချိန်အထိ  လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တိုးတက်ကောင်းမွန်မှု မရှိသေးပါဘူး။ စစ်အစိုးရက ပြည်တွင်းကိုရော၊ နိုင်ငံတကာ အသိုင်းအဝိုင်းကိုပါ ဒီမိုကရေစီ ဖော်ဆောင်နေသယောင် ပုံစံမျိုးလုပ်ပြနေတာ။ အဲဒီ ဖိနှိပ်ချုပ်ခြယ်တဲ့ ပုံစံမျိုးနဲ့ပဲ ရွေးကောက်ပွဲဆီကို ဦးတည်သွားနေတာပဲ"ဟု David Mathieson ကသုံးသပ်ဝေဖန်သည်။

မစ္စတာ Quintana သည် မြန်မာခရီးစဉ်အတွင်း သူ၏တွေ့ရှိချက်များကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ မတ်လတွင် တင်ပြမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တင်ပို့မည်ဖြစ်သည်။

၎င်းသည် ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီပါတီ (NLD) ၏ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် အခြားအရေးပါသော ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့သည်။ ယခုအခါ အသက် ၈၂ နှစ် အရွယ် ရှိပြီဖြစ်သော ဦးတင်ဦးသည် ပြီးခဲ့သည့် ရက်သတ္တပတ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကမှ နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာသူ ဖြစ်သည်။

သို့သော် အခြားသော အစိုးရ ဆန့်ကျင်သူ ငါးဦးမှာ မစ္စတာ Quintana ၏ ခရီးစဉ်အတွင်း ဖမ်းဆီး ခံထားရဆဲ ဖြစ်သည်။ ငါးယောက်အနက် တစ်ဦးမှာ ဘုန်းတော်ကြီးတစ်ပါး ဖြစ်ပြီး ကျန်လေးဦးမှာ အမျိုးသမီးများ ဖြစ်ကြပါသည်။

AFP သတင်းကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Nation, 19th February 2010

          ပြင်ဆင် ရေးဆွဲလိုက်သော အမျိုးသား စွမ်းအင် ဖွံ့ဖြိုးရေး အစီအစဉ် (POP) အရ လာမည့် အနှစ် ၂၀ အတွင်း ထိုင်းနိုင်ငံသည် ၎င်း၏ လျှပ်စစ် ဓာတ်အား လိုအပ်ချက် လေးပုံတစ်ပုံကို အိမ်နီးချင်း နိုင်ငံများမှ ဝယ်ယူသွားမည်ဟု ဆိုသည်။

          လာအို၊ မြန်မာ၊ တရုတ် တောင်ပိုင်း ဒေသများနှင့် စွမ်းအင် ဖြည့်ဆည်းမှု ဆိုင်ရာ သဘော တူညီမှု  စာချုပ်များကို ထိုင်းနိုင်ငံက လက်မှတ် ရေးထိုးနေပြီး အိမ်နီးချင်း နိုင်ငံများမှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်သူများ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အား ပိုမို ရောင်းချနိုင်ရန် PDP က တံခါးဖွင့် ပေးထားသည်။

          ထိုင်းနိုင်ငံ၏ လျှပ်စစ်စွမ်းအင် လိုအပ်ချက် ကြီးမားမှုကို အိမ်နီးချင်း နိုင်ငံများမှ ဝယ်ယူ ဖြည့်ဆည်းရန် မျှော်လင့်ထားခြင်းမှာ ပြည်တွင်း ထုတ်လုပ်မှုတွင် သဘာဝ ဓာတ်ငွေ့အပေါ် မှီခိုနေရခြင်းကို လျှော့ချရန် ဖြစ်သည်ဟု စွမ်းအင်မူဝါဒနှင့် စီမံကိန်းဌာန ညွှန်ကြားရေးမှူးချုပ် ဗီရာပေါ်ဂျီရာ ပရာဒီကာက ပြောကြားသည်။ အိမ်နီးချင်း နိုင်ငံများရှိ ဓာတ်အားပေး စက်ရုံများမှာ ရေအားလျှပ်စစ် (သို့) ကျောက်မီးသွေး လောင်စာသုံး စက်ရုံများသာ ဖြစ်သည်ဟု ဆိုသည်။

          လတ်တလောတွင် ထိုင်းနိုင်ငံသည် အိမ်နီးချင်းများထံမှ လျှပ်စစ် ဓာတ်အား ၁၁၅၀၀ မဂ္ဂါဝပ် ဝယ်ယူရန် ကြိုတင် သဘော တူညီချက် ရရှိထားသည်။ လာအိုမှ ၇၀၀၀ မဂ္ဂါဝပ်၊ တရုတ် တောင်ပိုင်းမှ ၃၀၀၀ မဂ္ဂါဝပ်နှင့် မြန်မာမှ ၁၅၀၀ မဂ္ဂါဝပ် ဝယ်ယူရန် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးထား သည်။

          လာအိုနိုင်ငံမှ နမ်သွမ်ဟင်ဘန်းနှင့် ဟွာဟို ဓာတ်အားပေး စက်ရုံများသည် ၁၈၂ မဂ္ဂါဝပ်နှင့် ၁၂၆ မဂ္ဂါဝပ်စီ ထိုင်းနိုင်ငံသို့ အသီးသီး ရောင်းချပြီး ဖြစ်သည်။

          ထိုင်းနိုင်ငံနှင့် လျှပ်စစ်ဓာတ်အား ဝယ်ယူရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးထားပြီး ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အာဏာပိုင် အဖွဲ့ (Egat) ထံ ဓာတ်အား စတင် ပို့လွှတ်မှု မပြုလုပ် ရသေးသော လာအိုမှ အခြား စီမံကိန်းများမှာ လာမည့်လတွင် ၉၂၀ မဂ္ဂါဝပ် စတင် ပို့လွှတ်မည့် နမ်သွမ် (၂) စက်ရုံ၊ လာမည့် လတွင်ပင် ၆၁၅ မဂ္ဂါဝပ် စတင် ပို့လွှတ်မည့် နမ်ငွမ် (၂) စက်ရုံနှင့် ၂၀၁၂ မတ်လတွင် ၂၂၀ မဂ္ဂါဝပ် ထုတ်လုပ် ပို့လွှတ်မည့် နမ်သွမ်ဟင်ဘန်း တိုးချဲ့ စီမံကိန်းများ ဖြစ်သည်။

          ထို့အပြင် ၂၀၁၅ တွင် ထိုင်းနိုင်ငံသို့ ၁၄၇၃ မဂ္ဂါဝပ် ဖြည့်ဆည်းပေးမည့် လာအိုမှ ဟွန်ဆာ လစ်ဂါနိုက် စီမံကိန်းနှင့် ၂၀၁၆ တွင် ၃၆၅ မဂ္ဂါဝပ် စတင် ပို့လွှတ်မည့် မြန်မာနိုင်ငံမှ မိုင်းကောက် စီမံကိန်း များနှင့် လျှပ်စစ်ဓာတ်အား ဝယ်ယူရေး နားလည်မှု စာချွန်လွှာကိုလည်း Egat က လက်မှတ် ရေးထိုးထားသေးသည်။

          ထိုင်းနိုင်ငံသို့ လျှပ်စစ်ဓာတ်အား ရောင်းချပေးဦးမည့် အခြားစီမံကိန်းများ ဖြစ်သော နမ်သွန်(၁)၊ နမ့်အော၊ နမ့်ငယ် (၁) နှင့် ဇာရာဘူရီ ရေအားလျှပ်စစ် စီမံကိန်းများမှာလည်း လာအိုနိုင်ငံမှပင် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

straitstimes.com, 22nd February 2010

          မြန်မာနိုင်ငံတွင် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံနေရသော အမေရိကန် လူ့အခွင့်အရေး လှုပ်ရှားသူ ညီညီအောင်နှင့် စေ့စပ်ထားသည့် အမျိုးသမီး ဝါဝါကျော်က အမေရိကန် အစိုးရ အနေနှင့် သစ္စာဖောက်သည်ဟု သူမ ခံစားမိကြောင်း ပြောကြားခဲ့ပြီး မြန်မာစစ်ဖက် အစိုးရအပေါ် ပိုမို ထိရောက်သော တုံ့ပြန်မှုများ ပြုလုပ်ရန် တိုက်တွန်းလိုက်သည်။

          တနင်္လာနေ့ထုတ် Wall Street ဂျာနယ်တွင် ဖော်ပြထားသော ဆောင်းပါး၌ "သူမနှင့် ညီညီ အောင်တို့သည် အမေရိကန် နိုင်ငံကို ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေး တို့အပေါ် တန်ဖိုး ထားသည့် နိုင်ငံအဖြစ် လက်ခံထားသည့် အားလျော်စွာ အမေရိကန် နိုင်ငံသားအဖြစ် ခံယူခွင့်ရသည်ကို အလွန် ကျေးဇူးတင် ဝမ်းမြောက်ခဲ့ကြောင်း၊ သို့သော်လည်း လွန်ခဲ့သော ၅ လအတွင်း မိမိတို့ အစိုးရသည် မိမိတို့ကို သစ္စာဖောက်ခဲ့သည်ဟု အရှေ့ပိုင်း မေရီလန်းပြည်နယ်မှ သူနာပြုတစ်ဦး ဖြစ်သူ ဝါဝါကျော်က ရေးသားခဲ့သည်။

          ထောက်ခံသူများ၏ ပြောကြားချက်အရ ဒီမိုကရေစီ အရေး လှုပ်ရှားသူ ကျော်ဇောလင်း (ခေါ်) ညီညီအောင်သည် အကျဉ်းကျ ခံနေရသော နိုင်ငံရေး အကျဉ်းသား မိခင် မကျန်းမာ၍ မြန်မာနိုင်ငံသို့ စက်တင်ဘာလတွင် ပြန်သွားခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခြင်း ခံရကာ စာရွက်စာတမ်း အတု ကိုင်ဆောင်မှု၊ နိုင်ငံခြား ငွေကြေး ကြေညာရန် ပျက်ကွက်မှုတို့ဖြင့် ဖေဖော်ဝါရီ ၁၀ ရက်နေ့က ထောင်ဒဏ် ၃ နှစ် အပြစ်ပေး ခံရခြင်း ဖြစ်သည်ဟု သိရသည်။

          နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ Philip Crowley က ၎င်းအား လွှတ်ပေးရန် မြန်မာ အစိုးရကို တိုက်တွန်းထားပြီး ညီညီအောင်ကို နိုင်ငံရေး အမြင်ကတ်မှုဖြင့် မတရား ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲလိုက်သည်။ သို့သော်လည်း တရားရုံးက စီရင်ချက် မချမှီ ကြိုးပမ်းမှု မရှိခဲ့မှုအပေါ် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကို ဝါဝါကျော်က အပြစ်တင်ခဲ့သည်။ လတ်တလော ကာလသည် အမေရိကန်က မြန်မာနိုင်ငံကို ပစ်ပယ် ထားခဲ့ခြင်းကို အဆုံးသတ်ရန် သမ္မတ အိုဘားမား အစိုးရက တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်နေသော အချိန် ကာလလည်း ဖြစ်နေသည်။

          သမ္မတ အိုဘားမားနှင့် ဝန်ကြီး ကလင်တန်တို့အား ကျွန်မ ပြောလိုသည်မှာ ရိုးရိုးလေးသာ ဖြစ်သည်။ သင်တို့၏ ပြောဆိုမှုများနှင့် ဆောင်ရွက်မှုများသည် ညီညီအောင်၏ ကိစ္စတွင် ထိရောက်စွာ ဆောင်ရွက်ခြင်း မရှိသည်ကို ပြသနေပါသည်ဟု ဝါဝါကျော်က ရေးသားထားသည်။ ညီညီအောင်၏ ပြဿနာကို ဆက်လက် လစ်လျူ မရှုရန်နှင့် ဥပဒေမဲ့ မတရား ဖမ်းဆီးထားခြင်းမှ လွတ်မြောက်ရေး အတွက် ကူညီပေးပါရန် တောင်းပန်လိုသည်။ အမေရိကန် နိုင်ငံကို ကာကွယ် စောင့်ရှောက်ပါမည်ဟု ကျမ်းကျိန်ထားသည့် အတိုင်း မိမိတို့ လိုက်နာမည် ဖြစ်သလို မိမိတို့အားလည်း ကာကွယ် စောင့်ရှောက် ပေးပါရန် မေတ္တာ ရပ်ခံပါသည်ဟု သူမက ဆိုထားသည်။

          အိုဘားမား အစိုးရသည် မြန်မာ အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးခြင်းကို ယမန်နှစ်က စတင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံကို အရေးယူ အပြစ်ပေးသည့် ယခင်နည်းလမ်းမှာ မအောင်မြင်ခဲ့ဟု ပြောကြား ခဲ့သည်။ သို့ရာတွင် အရေးယူ ပိတ်ဆို့မှုများကို ဆက်လက် ချမှတ်ထားဆဲ ဖြစ်ပြီး ဒီမိုကရေစီနှင့် ပတ်သက်သော တိုးတက် ပြောင်းလဲမှုများ ရှိလာလျှင် အပြန်အလှန်အားဖြင့် အရေးယူမှုများကို ဖြေလျှော့ပေးမည်ဟု ပြောကြားထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Hindustantimes.com, 21st February 2010

          အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ်များသို့ အဓိက လမ်းကြောင်း ၅ သွယ် မှတဆင့် တရုတ် လက်နက်ပစ္စည်း ပမာဏမြောက်မြားစွာကို ခိုးသွင်းလျက် ရှိရာ အများစုမှာ မြန်မာပိုင်နက်မှ တဆင့် ဖြတ်သန်း ဝင်ရောက်လာခြင်း ဖြစ်သည်ဟု မိုရေးမှ ထောက်လှမ်းရေး အရာရှိကြီး တစ်ဦးက ပြောကြားခဲ့သည်။

          ယခု နှစ်ပိုင်းများ အတွင်း သူပုန်များထံမှ သိမ်းဆည်းရမိသော လက်နက်များ၏ ၈၀ % တွင် "ကြယ်" အမှတ်အသား ပါရှိပြီး ယင်း သင်္ကေတသည် တရုတ်နိုင်ငံတွင် ထုတ်လုပ်သည့် အမှတ်အသား ဖြစ်သည်ဟု ၎င်းက ဆိုသည်။

          အိန္ဒိယ-မြန်မာ နယ်စပ် တလျှောက်တွင် လှုပ်ရှားနေကြသော သူပုန်အဖွဲ့ ၅၀ ကျော်သည် ကုန်းလမ်းကြောင်း ၄ ခုနှင့် ရေလမ်းကြောင်း တစ်ခုကို အသုံးပြုပြီး အိန္ဒိယနိုင်ငံ အတွင်းသို့ AK ရိုင်ဖယ်များ၊ လောင်ချာ ဗုံးသီးများ၊ ပစ္စတိုများ၊ ကျည်ကပ်များ၊ လက်ပစ်ဗုံးများ စသော သမားရိုးကျ လက်နက်များကို တရားမဝင် ခိုးသွင်းလျက် ရှိသည်။

          အဆိုပါ လက်နက် အများစုကို မြန်မာနိုင်ငံနှင့် ထိစပ်နေသော ယူနန်ပြည်နယ်မှ ဝယ်ယူ သယ်ဆောင်လာကြခြင်း ဖြစ်သည်ဟု အဆိုပါ အရာရှိက ပြောကြားသည်။

          မြန်မာနိုင်ငံနှင့် ထိစပ်နေသော အိန္ဒိယ ပြည်နယ်များ ဖြစ်သည့် ချူရာချန်ပါနှင့် ချန်ဒယ်မှ အူခရူးနှင့် မိုရေးမြို့များ၊ မစ်ဇိုရမ် ပြည်နယ် ဒေသအချို့ရှိ လမ်းကြောင်းများ မှတဆင့် လက်နက်များကို အိန္ဒိယ နိုင်ငံတွင်းသို့ တင်သွင်းလာသလို ပင်လယ် ရေလမ်းကြောင်းမှ တင်သွင်းရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ စစ်တကောင်း ဆိပ်ကမ်းလည်း ပါဝင် ပတ်သက်နေသည်ဟု ၎င်းက ဆိုသည်။

          အချို့ လက်နက်များမှာ အခြားနိုင်ငံများမှ ဖြစ်သော်လည်း အများစုမှာ တရုတ်နိုင်ငံမှ ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

monstersandcritics.com, 21st February 2010

          ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း လုပ်သားများ မှတ်ပုံတင်ရေးကို ယခု လကုန်အထိ အချိန်ပေးထားမည် ဖြစ်ပြီး မဟုတ်ပါက ပြန်ပို့ခြင်း ခံရမည် ဖြစ်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော မြန်မာတိုင်းမ် သတင်းစာတွင် တနင်္ဂနွေနေ့က ဖော်ပြထားသည်။

          မြန်မာနှင့် ထိုင်း နှစ်နိုင်ငံအာဏာပိုင်များသည် ပြီးခဲ့သည့် အပတ်က မြန်မာနိုင်ငံ ပုဂံမြို့၌ ပြုလုပ်သော အစည်းအဝေးတွင် ထိုင်းနိုင်ငံ၏ နိုင်ငံသား ပြန်လည်စိစစ်ရေး အစီအစဉ်နှင့် ပတ်သက်၍ သဘောတူညီချက် ရရှိခဲ့ကြသည်ဟု မြန်မာတိုင်းမ်က ဆိုသည်။

          အဆိုပါ အစီအစဉ်အရ မြန်မာ အလုပ်သမားများသည် ယာယီ နိုင်ငံကူး လက်မှတ်နှင့် ထိုင်း အလုပ်လုပ်ခွင့် ပါမစ် ရယူရန်အတွက် မြန်မာနိုင်ငံသို့ ပြန်ရမည် ဖြစ်သည်။ ၎င်းတို့သည် မှတ်ပုံ တင်ရာတွင် ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ဖော်ပြရမည် ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၈ ရက် မတိုင်မီ ပြုလုပ်ရမည် ဖြစ်ကြောင်း ထိုင်းအစိုးရ တာဝန်ရှိသူက ပြောကြားခဲ့သည်။

          မှတ်ပုံတင်ပြီးလျှင် မြန်မာ အလုပ်သမားများသည် ထိုင်းဥပဒေအောက်တွင် ထိုင်း အလုပ်သမားများ နှင့်အတူ တရားဝင် အဆင့်အတန်း ခံစားရရှိမည် ဖြစ်ကြောင်း မြန်မာတိုင်းမ်က ရေးသားထားသည်။ ယာယီ နိုင်ငံကူး လက်မှတ် ကိုင်ထားသော အလုပ်သမားသည် ထိုင်းဗီဇာ လျှောက်ခွင့် ရှိပြီး၊ အလုပ် လုပ်ခွင့် ပါမစ်နှင့် ကျန်းမာရေး အာမခံများ ထားရှိနိုင်မည် ဖြစ်သည်။

          ထိုင်းနိုင်ငံ အလုပ်ခန့်ထားရေး ဌာနမှ ဒါရိုက်တာ Jirisak Sukhonchaat က သတ်မှတ်ရက် မတိုင်မီ မှတ်ပုံတင်ခြင်း မပြုသော အလုပ်သမားများသည် နေရပ်သို့ ပြန်ပို့ခြင်း ခံရမည် ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ အဆိုပါ သတင်းစာတွင် ဖော်ပြထားသည်။

          ၎င်းက ဆက်လက် ပြောကြားရာတွင် မြန်မာ ရွှေ့ပြောင်း လုပ်သား တစ်သန်းခန့် ရှိသည့်အနက် နှစ်သိန်းကျော်မှာ မှတ်ပုံတင်ရန် အကြောင်းပြချက် ဖော်ပြပြီး ဖြစ်သည်ဟု ဆိုသည်။ မြန်မာတိုင်းမ်၏ အဆိုအရ ၂၇၀၀၀ နီးပါးမှာ လုပ်ငန်းစဉ် အားလုံး ပြီးစီးပြီ ဖြစ်သည်ဟု သိရှိရသည်။

          မြန်မာနိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့်က မြန်မာတိုင်းမ်သို့ ပြောကြားရာတွင် မြန်မာ အစိုးရသည် ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်နေသော မြန်မာ အလုပ်သမား ၁.၂ သန်း ခန့်ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးထား၍ ယာယီ နိုင်ငံကူး လက်မှတ်များ ထုတ်ပေးရန် စဉ်းစား ထားသည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။

          ပြီးခဲ့သည့် အပတ်က ကုလသမဂ္ဂသည် ထိုင်းနိုင်ငံက မြန်မာ ကမ္ဘောဒီးယားနှင့် လာအိုတို့မှ ရွှေ့ပြောင်းလုပ်သားများကို နှင်ထုတ်မည့် အရေးအား စိုးရိမ်ကြောင်း ပြသခဲ့သည်။ လာအိုနှင့် ကမ္ဘောဒီးယားတို့မှ အလုပ်သမားများသည်လည်း ထိုင်းနိုင်ငံ၏ နိုင်ငံသား ပြန်လည် စိစစ်ရေး အစီအစဉ်တွင် ပါဝင်သည်။

          ထိုင်းနိုင်ငံသည် ၂၀၁၀ ဖေဖော်ဝါရီလ ၂၈ ရက် နောက်ပိုင်းတွင် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုတို့မှ အထောက်အထား ရှိသော ရွှေ့ပြောင်း အလုပ်သမားများရော၊ မရှိသော ရွှေ့ပြောင်း အလုပ်သမားများကိုပါ နေရပ်သို့ ပြန်ပို့ဖွယ်ရာ ရှိကြောင်း ကုလသမဂ္ဂ ရွှေ့ပြောင်းလုပ်သားများ၏ လူ့အခွင့်အရေး ကျွမ်းကျင်သူ Jorge Bustamante က ဂျီနီဗာတွင် ပြောကြားခဲ့သည်။

          ဇန်နဝါရီလက ထိုင်း ကက်ဘိနက်သည် ၂၀၁၀ ဖေဖော်ဝါရီလ ၂၈ ရက် မတိုင်မီ ၎င်းတို့၏ အစိုးရများထံတွင် ကိုယ်ရေး အချက်အလက်များ ပေးပို့ရန် ဆန္ဒရှိသူ ရွှေ့ပြောင်းလုပ်သား ၁.၃ သန်း ကို အလုပ်လုပ်ခွင့် ပါမစ် သက်တမ်း ၂ နှစ် တိုးပေးရန် ဆုံးဖြတ်ခဲ့သည်။

          လူ့အခွင့်အရေး အဖွဲ့များက နိုင်ငံသား အသိအမှတ်ပြု စာရွက်စာတမ်း မစုံလင်သော မြန်မာနိုင်ငံကဲ့သို့ တိုင်းပြည်မျိုးတွင် ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း လုပ်သားများသည် သတ်မှတ်ရက်တွင် အချိန်မီ မပြီးစီးနိုင်ကြောင်း ဆိုသည်။

          ထို့အပြင် နိုင်ငံရေး ကိစ္စကြောင့် ထွက်ပြေးလာရသူများသည် အစိုးရထံ သွားရောက် မှတ်ပုံတင်ရေးကို ပြုလုပ်လိုလိမ့်မည် မဟုတ်သည့် အချက်ကိုလည်း လူ့အခွင့်အရေး အဖွဲ့များက စိုးရိမ်ကြသည်။

          ထိုင်းနိုင်ငံ အခြေစိုက် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု ဖောင်ဒေးရှင်း၏ Migrant Justice Program မှ ဒါရိုက်တာ Andy Hall က ရွှေ့ပြောင်း လုပ်သားများသည် သတ်မှတ်ရက် ကျော်သော်လည်း တရားမဝင် အလုပ်သမားအဖြစ် ဆက်လက် လုပ်ကိုင်နေကြဦးမည် ဖြစ်ကြောင်း မြန်မာတိုင်းမ်သို့ ပြောကြားခဲ့သည်။

          ၎င်းက ထိုင်း စီးပွားရေးအရ ၎င်းတို့ကို လိုအပ်ပြီး၊ ၎င်းတို့ကိုဆက်လက် အမြတ်ထုတ်နေလိမ့် ဦးမည် ဖြစ်ကြောင်း ပြောသည်။

          အလုပ်သမားများ ရပိုင်ခွင့် အဖွဲ့က ထိုင်းနိုင်ငံရှိ မြန်မာ လုပ်သားများကို ခေါင်းပုံဖြတ်ခြင်းကို ရှောင်ရှားနိုင်ရန် သတ်မှတ်ရက်ကို တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သည်။

          သို့သော် ထိုင်းအလုပ်သမား ဝန်ကြီး Paitoon Kaewthong က မြန်မာတိုင်းမ်သို့ ပြောကြားရာတွင် မှတ်ပုံတင်ရေး အစီအစဉ်မှာ အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်မှု လျော့ပါးစေရန် ဖြစ်ကြောင်း ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.