Transparency Myanmar

transparency.myanmar@gmail.com

           တတိယနိုင်ငံ တစ်ခုခုသို့ သွားရောက်ရန် စောင့်ဆိုင်းနေကြရသော မလေးရှား နိုင်ငံရောက် မြန်မာ ဒုက္ခသည် ၈၀၀၀၀ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေးရန် မလေးရှား အစိုးရက အလေးအနက် စဉ်းစားလျက် ရှိကြောင်း မလေးရှား ထိပ်တန်း သတင်း အေဂျင်စီ တစ်ခုက သတင်း ပေးပို့သည်။

ကွာလာလမ်ပူ အခြေစိုက် The Star သတင်းစာ အဆိုအရ မလေးရှား အစိုးရသည် မြန်မာ အများစု ပါဝင်သော ဒုက္ခသည် ရှစ်သောင်းခန့်အား အလုပ်လုပ်ကိုင်ခွင့် ပြုရန် အဆိုပြုမှုများ လက်ခံရရှိပြီးနောက် ပြည်ထဲရေး ဝန်ကြီးဌာန နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့က အဆိုပါ ကိစ္စအတွက် ဆွေးနွေးရန် ပြင်ဆင်နေကြကြောင်း သိရသည်။

မလေးရှား ပြည်ထဲရေး ဝန်ကြီး Datuk Seri-muddin Tun Hussein က မလေးရှား၌ ယာယီ ခိုလှုံ နေထိုင်နေသော ဒုက္ခသည်များနှင့် ပတ်သက်၍ "သူတို့ကို အလုပ် ပေးလုပ်ဖို့ အဆိုပြုတဲ့ အကြံက မဆိုးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ ရှုထောင့် ပေါင်းစုံကနေ ကြည့်ရပါလိမ့်မယ်။ ဆုံးဖြတ်ချက် မချခင် ဂယက်ရိုက် လာနိုင်မယ့် ကိစ္စတွေ အားလုံးကို ကြိုတင် ပြင်ဆင် ထားရပါမယ်။ ပြောရရင် ဒီကိစ္စ အပေါ်မှာ ကျွန်တော်တို့ ဝန်ကြီးဌာန တစ်ခုတည်း ဆုံးဖြတ်ချက် ချလို့ မရပါဘူး၊
နိုင်ငံခြားရေး ဝန်ကြီးဌာနတို့၊ တခြား နိုင်ငံခြား မစ်ရှင်တို့ စတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆွေးနွေးသွားရမှာပါ" ဟု ပြောကြားသည်။

မလေးရှား အလုပ်သမား သမဂ္ဂ ကွန်ဂရက် (MTUC) နှင့် အခြားသော ပါတီများက ပြည်ပမှ အလုပ်သမားများ ထပ်မံ ခေါ်ယူမည့် အစား အဆိုပါ ဒုက္ခသည်များအား အလုပ်အကိုင် အခွင့်အလမ်းများ ပေးရန်၊ အထူးသဖြင့် အလုပ်သမား ပြတ်လပ်နေသော လုပ်ငန်းများတွင် အလုပ်ပေးရန် မလေးရှား အစိုးရအား တိုက်တွန်း ပြောဆို ထားသည်။

The Star သတင်းစာ အဆိုအရ အကယ်၍ မလေးရှား အစိုးရကသာ အဆိုပြုချက်ကို လက်သင့် ခံလိုက်ပါက နိုင်ငံတွင်း ဖြစ်ပေါ်နေသော လုပ်သား အင်အား လိုအပ်မှုကို ဖြေရှင်းပြီးသား ဖြစ်သွားနိုင်ကြောင်း၊ ထိုမျှမကသေးဘဲ မလေးရှား နိုင်ငံကိုလည်း လူသားချင်း စာနာ ထောက်ထားသော နိုင်ငံတစ်ခုအဖြစ် နိုင်ငံတကာ အသိုင်းအဝိုင်းက ရှုမြင်လာမည် ဖြစ်ကြောင်း သိရသည်။

UNHCR မှ ပြောခွင့်ရ ပုဂ္ဂိုလ် Yante Ismail က "မလေး အစိုးရက အခုလို ဒုက္ခသည်တွေရဲ့ ပြဿနာကို ဖြေရှင်းဖို့ အလေးအနက် စဉ်းစားနေတယ်ဆိုတဲ့ သတင်းကို ကြားရတာ UNHCR အနေနဲ့ အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်" ဟု ဧရာဝတီ သတင်းဌာနသို့ မလေးရှား နိုင်ငံတွင် ပြောကြားလိုက်သည်။ "ဒါဟာ မလေးရှားနိုင်ငံရဲ့ လုံခြုံရေး၊ စီးပွားရေး နဲ့ လူသားချင်း စာနာ ထောက်ထားရေး စတဲ့ ရေရှည် အကျိုးစီးပွားတွေအတွက် ဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့က ယုံကြည်ပါတယ်။ အခုလို ဒုက္ခသည်တွေအတွက် တစ်စုံတစ်ရာ လုပ်ပေးဖို့ စီစဉ်နေတဲ့ မလေးရှား အစိုးရကို ကျွန်တော်တို့ကလည်း အထောက်အပံ့တွေ ပေးသွားမှာပါ" ဟု ၎င်းက ပြောသည်။

မလေးရှား နိုင်ငံရောက် မွန်လူမျိုး ဒုက္ခသည်တစ်ဦး ဖြစ်သူ Oug Kar Mon ဆိုသူက "ဒီမှာ မြန်မာ ဒုက္ခသည်တွေ အတော် များပါတယ်။ သူတို့မှာ အစားအသောက်လည်း ပြည့်ပြည့်စုံစုံ မရှိကြပါဘူး။ အပြင်ကို ထွက်ပြီး အလုပ်လည်း မရှာရဲကြပါဘူး။ မလေး အစိုးရရဲ့ အခု နောက်ဆုံး အစီအစဉ်က မြန်မာ ဒုက္ခသည်တွေအတွက် အတော့်ကို အထောက်အကူ ပြုလိမ့်မယ်လို့ ထင်ပါတယ်" ဟု ပြောကြားသည်။

မလေးရှား သတင်းစာ တစ်စောင် ဖြစ်သော The New Straits Times သတင်းစာက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရေးသားသော သတင်းအရ မလေး အစိုးရသည် UNHCR နှင့် ပူးပေါင်းပြီး ဒုက္ခသည်များအတွက် အသိအမှတ်ပြု ကတ်ပြားများ ထုတ်ပေးမည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန အထွေထွေ အတွင်းရေးမှူး Datuk Seri Mahmood Adam က ပြောကြားကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်မှ လာသော ဒုက္ခသည် ကိုခိုင်မျိုးသူက "အခုလို မလေးရှားက ဒုက္ခသည်တွေအတွက် အစိုးရက ကြီးကြီးမားမား လုပ်ပေးတယ် ဆိုတာမျိုးကို အရင်တုန်းက မကြားဖူးခဲ့ပါဘူး" ဟု ပြောသည်။

မည်သို့ပင်ဆိုစေ မလေးရှား ရဲတပ်ဖွဲ့များသည် အသိအမှတ်ပြု ကတ်ပြား ကိုင်ဆောင်ထားသူများ အပါအဝင် မြန်မာ ဒုက္ခသည်ပေါင်း များစွာကို ဖမ်းဆီး ထိန်းသိမ်းလျက် ရှိသည်ဟု လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူများက ဆိုသည်။  အချို့သော ဖြစ်ရပ်များတွင် မလေးရှား ရဲများသည် မြန်မာ ဒုက္ခသည်များကို မဖမ်းဆီးမီ UNHCR ၏ ဒုက္ခသည် ကတ်ပြားများကို ဦးစွာ ဆုတ်ဖြဲပစ်လေ့ ရှိသည်ဟု သိရသည်။

လူ့အခွင့်အရေး အဖွဲ့အစည်းများ အဆိုအရ ဖမ်းဆီး ထိန်းသိမ်းထားသော စခန်းများတွင် ဒုက္ခသည်များသည် အစာရေစာ ကောင်းမွန်စွာ မရခြင်း၊ ကျဉ်းမြောင်းသော နေရာတွင် ကျပ်တည်းစွာ နေထိုင်ရခြင်း စသည်တို့နှင့် ရင်ဆိုင် နေကြရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် မလေးရှား နိုင်ငံ အခြေစိုက် UNHCR ရုံးတွင် ဒုက္ခသည်ပေါင်း ၇၉၃၀၀ တိတိ မှတ်ပုံတင်ခဲ့ကြရာ ၎င်းတို့ အနက်မှ ၉၀ ရာခိုင်နှုန်းသည် မြန်မာနိုင် ငံသားများ ဖြစ်ကြသည်။ အများစုမှာ ချင်းနှင့် ရိုဟင်ဂျာ လူမျိုးများ ဖြစ်ကြသည်။

UNHCR က မိမိတို့ အနေဖြင့် ဒုက္ခသည်များကို တတိယ နိုင်ငံ တစ်ခုခုကို ပို့ပေးနိုင်ရေး၊ သို့တည်း မဟုတ် ၎င်းတို့၏ နိုင်ငံသို့ ပြန်နိုင်ရေးအတွက် ဆက်လက် တွန်းအားပေး ဆောင်ရွက် သွားမည်ဟု ဆိုသည်။

မလေးရှားမှ မြန်မာဒုက္ခသည် အများစုမှာ အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊သြစတြေးလျ၊ ပြင်သစ်၊ နယူးဇီလန်၊ ဆွီဒင်၊ ဖင်လန်၊ ဒိန်းမတ် နှင့် နော်ဝေ အပါအဝင် အခြားသော တတိယ နိုင်ငံများသို့ ပို့လွှတ်ခြင်း ခံခဲ့ရပြီး ဖြစ်သည်။

မလေးရှား နိုင်ငံ အစိုးရသည် ၁၉၇၅ ခုနှစ် မှစ၍ UNHCR နှင့် တွဲဖက်၍ လူသားချင်း စာနာ ထောက်ထားသော လုပ်ငန်းများကို လုပ်ကိုင်လာခဲ့သူ ဖြစ်သည်။

Irrawaddy သတင်းဌာန၏ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The international, by Larry Jagan, 22nd February 2010

မြန်မာ အာဏာပိုင်များက မြန်မာ မွတ်စလင်များကို ဖိနှိပ် ချုပ်ချယ်နေခြင်း နှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်မိကြောင်း ကုလသမဂ္ဂ ကိုယ်စားလှယ်က ထုတ်ဖော် ပြောကြားလိုက်သည်။ "မွတ်စလင်တွေ အပေါ်မှာ မတရားသဖြင့် ခွဲခြား ဆက်ဆံနေတယ်ဆိုတာ သံသယ ရှိစရာ မလိုပါဘူး" ဟု မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးအရာရှိ Tomas Ojea Quintana က မြန်မာနိုင်ငံ အနောက်ပိုင်း ရိုဟင်ဂျာများ နေထိုင်ရာ ဒေသမှ ပြန်လာပြီးနောက် ပြောကြားခဲ့သည်။

အာဂျင်တီးနား လူမျိုး၊ ယခင် အလုပ်သမား အခွင့်အရေး ရှေ့နေဟောင်း Mr. Quintana သည် ၎င်း၏ ၅ ရက် ခရီးစဉ် အတွင်း၌ ရခိုင်ပြည်နယ် မြို့တော် စစ်တွေနှင့် နိုင်ငံ၏ အနောက်ဖက်စွန်း မြို့လည်း ဖြစ်၍ ရိုဟင်ဂျာ (ခေါ်) မွတ်စလင်များကို ခွဲခြား ဖိနှိပ် ဆက်ဆံနေသည်ဟု စွပ်စွဲချက်များ ဖြစ်ပွားရာ နေရာ ဖြစ်သည့် ဘူးသီးတောင် မြို့နယ်များသို့ သွားရောက်ခဲ့သည်။

ကုလသမဂ္ဂ နှင့် နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့အစည်းများက အဆိုပါ ဒေသတွင် စီမံကိန်းများ ဆောင်ရွက် လုပ်ကိုင်နေကြသော်လည်း ကုလသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ်ကို ထိုဒေသသို့ သွားရောက်ခွင့်ပြုသည်မှာ ပထပဆုံး အကြိမ် ဖြစ်သည်။

"မြန်မာ အာဏာပိုင်တွေနဲ့ ပတ်သက်တဲ့ စွပ်စွဲမှုတွေ အများကြီး ရှိနေပါတယ်။ ဒါကြောင့် အနေအထားကို ပထမ ဦးဆုံး လေ့လာသိရှိနိုင်ဖို့ ကျွန်တော့်အတွက် သိပ်ကို အရေးကြီးပါတယ်" ဟု Mr.Quintana က ဆိုသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်တွင် ရှိနေစဉ် အလွန် အံ့အားသင့်စရာ ကောင်းသော အကျဉ်းထောင်ကိုလည်း သွားရောက် ကြည့်ရှုခဲ့သည်ဟု ၎င်းက သီတင်းပတ်ကုန်တွင် ပြုလုပ်သော အင်တာဗျူး၌ ပြောကြားခဲ့သည်။

"ထောင်ထဲမှာ အမျိုးသမီးတွေနဲ့ပဲ ပြည့်နေတယ်။ တချို့ဆိုရင် နို့စို့ကလေးတွေကို ပြုစုနေတုန်းပဲ။" ဟု ၎င်းက ဆက်လက် ပြောကြားသည်။ အများစုမှာ လူဝင်မှု ဥပဒေ ချိုးဖောက်မှုဖြင့် တရားစွဲခံရသူများ ဖြစ်၍ ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ် ကျခံနေရသူများ ဖြစ်သည်။ သို့ရာတွင် လူ့အခွင့်အရေး အဖွဲ့များကမူ မွတ်စလင်များ လက်ထပ်ခြင်းကို အစိုးရက တားမြစ်ထားမှုကြောင့် မြေဇာပင် ဖြစ်ရသည့် သားကောင်များသာ ဖြစ်သည်ဟု ယုံကြည်ထားသည်။

"တရားမဝင် လက်ထပ်တာကြောင့် ယောက်ျားတွေလည်း မကြာခဏ ထောင်ကျပါတယ်။ ဒါပေမဲ့ အများစုကတော့ မိန်းမတွေပါ။ လက်ထပ်ဖို့အတွက် ဘင်္ဂလားဒေ့ရှ် ကို သွားပြီး  အပြန်မှာ တရားမဝင် နယ်စပ် ဖြတ်ကူးမှုနဲ့ ဖမ်းတာပါ။" ဟု အဆိုပါ ဒေသမှ ရိုဟင်ဂျာများ၏ အနေအထားကို လေ့လာစောင့်ကြည့်နေသော Arakan Project မှ ဒါရိုက်တာ Chris Lewa က ပြောကြားလိုက်သည်။

လက်ထပ် ထိမ်းမြားခြင်းကို တားဆီးထားကြောင်း စွပ်စွဲချက်များနှင့် ပတ်သက်သည့် ကိစ္စကို ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်က ဒေသအာဏာပိုင်များ၊ နေပြည်တော်မှ အာဏာပိုင်များနှင့် ဆွေးနွေး မေးမြန်းခဲ့သော်လည်း အဖြေ တစ်ခုတည်းကိုသာ လက်ခံရရှိသည်။

မွတ်စလင်များလည်း လူတိုင်းကဲ့သို့ပင် လက်ထပ်ခွင့် ရှိသော်လည်း မှန်ကန်သော မွေးစာရင်းနှင့် နိုင်ငံသား အသိအမှတ်ပြု စာရွက်စာတမ်းများ ရှိရန် လိုအပ်သည် ဟူ၍ ဖြစ်သည်။

ဤသည်မှာ ပြဿနာ၏ သော့ချက်ပင် ဖြစ်သည်ဟု အဆိုပါ နယ်မြေအကြောင်း သိရှိ၍ အနေအထားကို လေ့လာ စောင့်ကြည့်နေကြသော လူ့အခွင့်အရေး အဖွဲ့များ၊ ကယ်ဆယ်ရေး ဝန်ထမ်းများက ဆိုသည်။

"မြန်မာ မွတ်စလင်တွေဟာ စနစ်တကျ ချုပ်ခြယ် ဖိနှိပ်တာကို ခံနေရသူတွေပါ။ နိုင်ငံသား ဖြစ်ခွင့်ကို တားဆီးထားတယ်။ သူတို့ ပိုင်မြေတွေ အသိမ်းခံရတယ်။ အစိုးရ စီမံကိန်းတွေမှာ အတင်းအကျပ် စေခိုင်းတာ ခံရတယ်။" ဟု Amnesty International မှ ဘန်ကောက် အခြေစိုက် သုတေသန ပညာရှင် Benjamin Zawacki က ပြောကြားလိုက်သည်။

"မြန်မာနိုင်ငံမှာ သူတို့ကို မကြိုဆိုဘူး၊ မလိုချင်ဘူး ဆိုတာကို ရိုဟင်ဂျာတွေ သေချာသိအောင် အစိုးရက ဒီအခြေအနေတွေ၊ ဖြစ်ရပ်တွေကို ဖန်တီးတာပါ။" ဟု ၎င်းက ဆက်လက် ပြောသည်။

ကုလသမဂ္ဂ၏ အဆိုအရ ဖိနှိပ်မှုများမှ လွတ်မြောက်ရေးအတွက် မြစ်ကို ဖြတ်ကူးကာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဒုက္ခသည် စခန်းများသို့ ထွက်ပြေးသွားသောရိုဟင်ဂျာ ၃ သိန်းကျော် ရှိသည်ဟု သိရသည်။ ရိုဟင်ဂျာ ၇ သိန်းကျော်ခန့်မှာ မြန်မာနိုင်ငံတွင် နေထိုင်နေဆဲ ဖြစ်သည်။

မတရား စေခိုင်းမှုများ၊ ခြိမ်းခြောက် အနိုင်ကျင့်မှုများ၊ လယ်မြေ သိမ်းယူမှုများ၊ ခရီးသွားခြင်းကို ကန့်သတ်မှုများ၊ လက်ထပ်ခြင်းကို တားမြစ်မှုများနှင့် ကလေး သူငယ်များ တရားဝင် မှတ်ပုံတင်ခွင့် မရခြင်း စသည့် နာတာရှည် ဇာတ်လမ်းများကြောင့် Mr.Quintana က ၎င်း၏ ခရီးစဉ်တွင် ရခိုင်သို့ သွားရောက်ရန် ၎င်း၏ တောင်းဆိုမှုကို အစိုးရက တားမြစ်ခဲ့ခြင်း ဖြစ်သည်။

ရိုဟင်ဂျာများ လက်ထပ်ခွင့်ကို အစိုးရ အာဏာပိုင်များက ငြင်းဆန်မှုကြောင့် အများစုမှာ မွတ်စလင် ထုံးစံအတိုင်း အခမ်းအနားပြုလုပ်ပြီး အတူ နေထိုင်ကြသည်။ အဆိုပါ စုံတွဲများမှ မွေးဖွားလာသော ကလေးများမှာ မှတ်ပုံတင်ခွင့်၊ နိုင်ငံသား ဖြစ်ခွင့် မရကြပါ။ သက်သေခံ ဘာမျှ မရှိသည့် လူများ ဖြစ်အောင် ပြုလုပ်ထားခြင်းပင် ဖြစ်သည်။

Mr.Quintana သည် အဆိုပါ နိုင်ငံမဲ့ ကလေးများ၏ ကိစ္စကို နိုဝင်ဘာလက နောက်ဆုံး တင်သွင်းသော အစီရင်ခံစာတွင် ကုလသမဂ္ဂထံ တင်ပြခဲ့ပြီး ယခု ခရီးစဉ်တွင်လည်း အစိုးရ၏ ကိုယ်စားလှယ်များကို ထပ်မံ ဖိအားပေးခဲ့သော်လည်း ရလဒ် အနည်းငယ်မျှသာ ထွက်ပေါ်ခဲ့သည်။

"မှတ်ပုံတင်ခွင့် မရတဲ့ ကလေးတွေရဲ့ ကိစ္စက အရေအတွက် များလာတာနဲ့အမျှ ပြဿနာ ကြီးလာလိမ့်မယ်။" ဟု Mr. Lewa က ပြောသည်။ "ဒီကလေးတွေရဲ့ အနာဂတ်က ဘယ်မှာလဲ။ မှတ်ပုံတင် မရှိတော့ ခရီးသွားခွင့်၊ လက်ထပ်ခွင့် စတာတွေလည်း ရနိုင်မှာ မဟုတ်တော့ဘူး။ သူတို့ အားလုံး ဒုက္ခသည် အဆင့်ကို ရောက်လာလိမ့်မယ်။" ဟု ၎င်းက ဆိုသည်။

Mr.Quintana ၏ ရခိုင် ခရီးစဉ်သည် မြန်မာအစိုးရ၏ သိသိသာသာ လိုက်လျောမှု တစ်ခု ဖြစ်သည်။ "ကျွန်တော် ရခိုင်ကို မသွားခင် သတင်းရပ်ကွက် ပေါင်းစုံကနေ လွတ်လပ် ပွင့်လင်းတဲ့ သတင်းအချက်အလက်တွေ အများကြီး လက်ခံ ရရှိခဲ့ပါတယ်။ လက်ခံ ယုံကြည်နိုင်တဲ့ သတင်းတွေလည်း ဖြစ်ပါတယ်။" ဟု Mr. Quintana က ပြောခဲ့သည်။

အစီရင်ခံစာများတွင် တိုင်ကြားထားချက် အားလုံးကို သေချာစွာ စစ်ဆေးပေးရန် အချိန်မရခဲ့ပါ။ သို့ရာတွင် မြင်တွေ့ခဲ့ရသော အတိုင်းအတာအရ တိုင်ကြားချက်များသည် အနီးစပ်ဆုံး မှန်ကန်သည်ဟု ယုံကြည်ပါသည်။ ရခိုင် ခရီးစဉ်ကို သွားရောက်ခဲ့ခြင်းဖြင့် မြန်မာ မွတ်စလင်များ၏ အခက်အခဲများကို ကမ္ဘာက သိရှိအောင် ကူညီနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အားလုံး ခြုံကြည့်ပါက ကုလသမဂ္ဂ ကိုယ်စားလှယ်သည် ၎င်း၏ ခရီးစဉ်နှင့် ပတ်သက်၍ ကျေနပ်ခဲ့ပုံ မရပါ။ "နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော်ကို အစိုးရက မကြာခင် အချိန်အတွင်း လွှတ်ပေးဦးမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ အကျဉ်းထောင်ထဲမှာ မတရား ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေ မရှိဘူးလို့ အစိုးရက မျက်စိမှိတ် ငြင်းနေတုန်းပါပဲ" ဟု ၎င်းက ပြောသည်။

အကယ်၍ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို လက်ခံ ယုံကြည်စေလိုပါက ယခုနှစ် စီစဉ်ထားသော ရွေးကောက်ပွဲများ မတိုင်မီ နိုင်ငံရေး အကျဉ်းသား အားလုံးကို အစိုးရက လွှတ်ပေးစေရန် Mr.Quintana က လိုလားလျက် ရှိသည်။

"သူတို့တွေ (နိုင်ငံရေး အကျဉ်းသားများ) ဟာ ရွေးကောက်ပွဲမှာ ပါဝင်နိုင်မယ့် ပညာတတ်တွေ၊ စွမ်းရည် ရှိသူတွေ ဖြစ်ပြီး လေးစားလောက်တဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ် တစ်ခု ဖြစ်အောင် ကူညီ ကြလိမ့်မယ်လို့ အာဏာပိုင်တွေကို ကျွန်တော် ပြောခဲ့တယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

Mr.Quintana က မြန်မာနိုင်ငံသည် အချိန်တိုတို အတွင်း ပြောင်းလဲသွားလိမ့်မည်ဟု မျှော်လင့်ချက် ကြီးကြီး မထားခဲ့ပါ။

ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုများ အပြည့်အဝ ဆောင်ရွက်ပြီးစီးနေသည့် အထောက်အထားများ ရှိနေသည့်တိုင်အောင် မြန်မာအာဏာပိုင်များက ရွေးကောက်ပွဲနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေး ပြောဆိုလိမ့်မည် မဟုတ်ပါ။ ရွေးကောက်ပွဲကို ကြီးကြပ်မည့်သူ အားလုံးက ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ပြင်ဆင် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲ ဥပဒေ အချိန်မီ ပြီးစီးပါလိမ့်မည်ဟုသာ ပြောကြားလိမ့်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

United Nations Development Programme, 19th February 2010

နိုင်ငံတကာ အလှူရှင် ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့သည် မြန်မာနိုင်ငံ တဝှမ်း မြို့နယ်များတွင် UNDP က အကောင်အထည် ဖော်နေသည့် စီမံကိန်းများကို ကြည့်ရှု လေ့လာရန် ၅ ရက်ကြာ ခရီးစဉ် လာရောက်ခဲ့သည်။

ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၈ ရက် အတွင်း လာရောက်သော ခရီးစဉ်တွင် နာဂစ် ဒဏ်ခံ မြစ်ဝကျွန်းပေါ် ဒေသရှိ ဘိုကလေးနှင့် မော်လမြိုင်ကျွန်း မြို့နယ်များမှ ဝေးလံသော ကျေးရွာများ၊ ရှမ်းပြည်နယ် တောင်ပိုင်းမှ ကလောနှင့် ညောင်ရွှေ မြို့နယ်များ၊ အပူပိုင်းဇုန်မှ ညောင်ဦးနှင့် ပခုက္ကူ မြို့နယ်များ၊ မွန်ပြည်နယ်မှ  ဘီးလင်း နှင့် ကျိုက်ထို မြို့နယ်များ၊ ကရင်ပြည်နယ်မှ ဘားအံ မြို့နယ် စသည့် နေရာ များစွာသို့ အလှူရှင် ၂၀ ကို ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တွင် သြစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ဂျာမနီ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွီဒင်၊ ဗြိတိန်၊ အမေရိကန်၊ နှင့် ဥရောပ ကော်မရှင်မှ ကိုယ်စားလှယ်များ ပါဝင်ပြီး အဆိုပါ နိုင်ငံများ အားလုံးမှာ မြန်မာနိုင်ငံရှိ UNDP အစီအစဉ်ကို ထောက်ပံ့ ကူညီနေသူများ ဖြစ်သည်။

UNDP ၏ လူသား ဖွံ့ဖြိုးရေး စီမံချက် (HDI) နှင့် နိုင်ငံတွင်းရှိ အခြား လှုပ်ရှား ဆောင်ရွက်မှုများ အပေါ် ရက်ရောစွာ ကူညီ လှူဒါန်းခဲ့သည့် အတွက် အလှူရှင် အသိုင်းအဝိုင်းကို ကျေးဇူးတင်ပါကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်  Mr. Bishow Parajuli က ထုတ်ဖော် ပြောကြားခဲ့သည်။

မိမိတို့၏ လုပ်ဖော် ကိုင်ဖက်များထံမှ အဆက်မပြတ် ကူညီနေမှုကြောင့် အသက်မွေး ဝမ်းကျောင်း တိုးတက်ရေးနှင့် ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများတွင် UNDP ၏ လုပ်ဆောင် နိုင်စွမ်းကို အထောက်အကူ ဖြစ်စေခဲ့သည်။ ကျေးလက် လူ့အဖွဲ့အစည်း အဆင့်တွင် ထိရောက်စွာ ဆောင်ရွက်နေမှုများက UNDP သည် သနားစရာ အကောင်းဆုံး ပြည်သူများ အထိ လက်လှမ်းမီအောင် လုပ်ဆောင်နိုင်သည်ကို ပြသနေပါသည် ဟု ၎င်းက ပြောကြားသည်။

အလှူရှင်များသည် ခရီးစဉ်အတွင်း စီမံကိန်းကို ကူညီဆောင်ရွက်နေသော လူထု အဖွဲ့အစည်းများမှ အဖွဲ့ဝင်များတွင် ဝင်ငွေအမျိုးမျိုး ရရှိရေးစီမံချက် အတွက် ချေးငွေများ ထုတ်ပေးကာ အောင်မြင်မှု ရရှိနေသည့် ကျေးလက် အခြေပြု အဖွဲ့အစည်းများ (CBO) နှင့် အတူ  Self Reliance Groups (SRG) တို့ ပါဝင်သည်။ အချို့သော အလှူရှင်များမှာ မြစ်ဝကျွန်းပေါ်ရှိ  UNDP  ၏ ပြန်လည် ထူထောင်ရေး ဆောင်ရွက်မှုများကို ပထမဆုံး အကြိမ် ကြည့်ရှု လေ့လာနိုင်ခဲ့ခြင်း ဖြစ်သည်။

ကျေးရွာများ အားလုံးတွင် အကျိုးအမြတ် ရရှိကြစေရန် တိုးတက် စည်းရုံးနိုင်စွမ်း ရှိလာရေး အတွက် ကျေးလက်လူထု အခြေပြု အဖွဲ့အစည်းများ  CBO  နှင့်  Self- Reliance Groups (SRC) တို့၏ ဖွဲ့စည်းမှုနှင့် တိုးတက်မှု တို့ကို HDI စီမံချက်က အားပေးထောက်ခံ ကူညီနေခြင်း ဖြစ်သည်။ လတ်တလောတွင် SRG အဖွဲ့ဝင် ၇၅,၀၀၀ နှင့် CEO အဖွဲ့ဝင် ၅၁၉,၀၀၀ ကျော် တို့ကို UNDP က ကူညီပေးလျက် ရှိသည်။

''လက်တွေ့ ရလဒ်တွေကတော့ အားရစရာ ကောင်းပါတယ်။ အထူးသဖြင့် ဆင်းရဲတဲ့ ပြည်သူတွေကို ' မိမိ ကိုယ်တိုင် အားကိုး ထူထောင်ရေး ' အဖွဲ့ဝင် အဖြစ် စည်းရုံးနေတဲ့ အချက်ရယ်၊ ပါဝင် ဆောင်ရွက်သူတွေ ကြားမှာ ကိုယ့်ကိုကိုယ် ယုံကြည် စိတ်ချမှုတွေ ရှိလာအောင် ဆောင်ရွက်နိုင်ခဲ့တဲ့ အချက်တွေပါ '' ဟု ပြောကြားသူမှာ ဆွီဒင် နိုင်ငံတကာ ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း အေဂျင်စီ (Sida) မှ အကြံပေး ပုဂ္ဂိုလ်  Jorgen Schonning  ဖြစ်သည်။

"Sida က ဆင်းရဲ နွမ်းပါးသူတွေကို ကူညီနေတဲ့  HDI  စီမံချက်ကို အပြည့်အဝ ထောက်ခံတဲ့ အဖွဲ့ ဖြစ်တယ်။ ဒါက HDI အစီအစဉ်မှာ အဓိက အလှူရှင် တစ်ဦး ဖြစ်နေရတဲ့ အကြောင်းရင်း တစ်ခုပါ။ လူနေမှု အဆင့်အတန်း အခြေအနေနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေ တိုးတက် ရရှိအောင် ''အိမ်ထောင်စု စစ်တမ်း စီမံချက်'' ကိုလည်း ပူးတွဲ ထောက်ပံ့သွားဦးမှာပါ၊ ဒါမှသာ အချက်အလက် ပြည့်စုံတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မှာ ဖြစ်ပြီး မူဝါဒ ပြင်ဆင်မှုတွေ လုပ်နိုင်မှာပါ'' ဟု မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ကျေးရွာများတွင်  HDI  စီမံချက်ကို လေ့လာခဲ့သူ Mr. Schonning  က ပြောကြားသည်။

HDI သည် စီမံကိန်းများ ပေါင်းစု ဖွဲ့စည်းထားသော အစီအစဉ် တစ်ခု ဖြစ်၍ လူထု လူတန်းစား ဖွံ့ဖြိုးရေး စီမံချက်၊ ဝေးလံ ခက်ခဲသော မြို့နယ်များရှိ ကျေးလက် လူထု ဖွံ့ဖြိုးရေး စီမံချက်၊ နွမ်းပါးသော ပြည်သူများ၏ အသက်မွေး ဝမ်းကျောင်း တိုးတက်ရေး အတွက် စဉ်ဆက်မပြတ် အသေးစား ထောက်ပံ့မှု စီမံချက်၊ အိမ်ထောင်စု လူနေမှု ဘဝ လေ့လာရေး စစ်တမ်း စီမံချက်၊ HIV နှင့် AIDS တားဆီးရေး ဆိုင်ရာ စွမ်းရည် မြင့်မားရေး Care project  စသည်တို့ ပါဝင်သည်။

UNDP က ကမကထပြု ဆောင်ရွက်နေသော အသေးစား ချေးငွေ အစီအစဉ်သည် ကမ္ဘာပေါ်ရှိ အသေးစား ချေးငွေစီမံကိန်း အကြီးစား ၂၀ တွင် တစ်ခု အပါအဝင် ဖြစ်ပြီး မြန်မာနိုင်ငံ တဝှမ်း ၂၂ မြို့နယ်မှ အိမ်ထောင်စု ၄၂၃, ၀၀၀ ကျော်ကို အောင်မြင်စွာ ကူညီ ဆောင်ရွက်ပေးနေသည်။

HDI စီမံချက် အရ မြန်မာနိုင်ငံတွင် ဆိုက်ကလုံး နာဂစ်စ် အပြီး အသက်ရှင် ကျန်ရစ်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ပြန်လည် ထူထောင်ရေးနှင့် လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် HDI အစီအစဉ် အောက်ရှိ ကူညီ ထောက်ပံ့ရေး စီမံချက်များအရ နိုင်ငံ တဝှမ်းရှိ မြို့နယ်ပေါင်း ၆၀ မှ ကျေးရွာပေါင်း ၈၀၀၀ နီးပါးတွင် လုပ်ငန်း အကောင်အထည် ဖော်လျက် ရှိပြီး လူဦးရေ ၃ သန်းခန့်ကို အောင်မြင်စွာ ကူညီ ဖြည့်ဆည်းပေးလျက် ရှိသည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CNN, by Tom Evans, 23rd February 2010

မကြာသေးမီက ပြုံးယမ်းသို့ သွားရောက်ခဲ့သော ကုလသမဂ္ဂ အကြီးတန်း တာဝန်ရှိ ပုဂ္ဂိုလ်က မြောက်ကိုးရီးယားသို့ နိုင်ငံတကာ အစားအသောက် အကူအညီများ ပေးသင့်ကြောင်း ပြောဆိုလိုက်သည်။ အထက်ပါ ပြောကြားမှုမှာ မြောက်ကိုးရီးယားက ၎င်း၏ နျူကလီယာ အစီအစဉ်များကို စွန့်လွှတ်လိမ့်မည် မဟုတ်ကြောင်း ကြေညာ အပြီး သုံးရက် အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

''သူတို့လည်း လူတွေပါပဲ။ အစားအသောက်တွေ လိုအပ်ပါတယ်။ ဒီကိစ္စဟာ နိုင်ငံရေးနဲ့ မဆိုင်ပါဘူး။ နိုင်ငံရေးနဲ့ မရောထွေးသင့်ပါဘူး'' ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် လက်အောက်မှ နိုင်ငံရေးရာ တာဝန်ခံ Lynn Pascoe က CNN ၏ Christiane Amanpour သို့ တနင်္လာနေ့က ပြောကြားခဲ့သည်။

၎င်းက ဆက်လက် ပြောကြားရာတွင် ကုလ သမဂ္ဂသည် မြောက်ကိုးရီးယားတွင် လူဦးရေ ၂၄ သန်း ရှိသည့် အနက် ၁.၃ သန်း ခန့်ကို အာဟာရ ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ ပေးနေကြောင်း ပြောပါသည်။ သို့သော် မြောက်ကိုးရီးယား လူဦးရေ၏ သုံးပုံတစ်ပုံ ကျော်သည် အစာရေစာများ လိုအပ်လျက် ရှိနေကြောင်း ကုလသမဂ္ဂ၏ World Food Programme က ခန့်မှန်းထားသည်။

Pascoe သည် ခြောက်နှစ် အတွင်း မြောက်ကိုးရီးယားသို့ တရားဝင် သွားရောက်ခဲ့သော ပထမဆုံး အဆင့်မြင့် ကုလသမဂ္ဂ ကိုယ်စားလှယ် ဖြစ်သည်။ ၎င်းက ဆက်လက် ပြောကြားရာတွင် ငယ်ရွယ်သော ကလေးများတွင် အာဟာရဓါတ် ချို့တဲ့မှုများ ဖြစ်လျက် ရှိသောကြောင့် မိမိတို့သည် ကလေးများ ကိုယ်ရောစိတ်ပါ သန်စွမ်းလာရေး အတွက် ကျောင်းများမှ တဆင့် အစားအသောက်များ ကူညီလျက် ရှိကြောင်း၊ ထို့အပြင် ကလေးသူငယ် ရောဂါ ကာကွယ်ရေး ဆေးများ အတွက်လည်း အစီအစဉ်များ ရေးဆွဲ လုပ်ဆောင် လျက် ရှိကြောင်း ဆိုသည်။

''ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာက ဒီအစီအစဉ်တွေ အားလုံး အကောင်အထည် ဖော်ဖို့ ငွေလုံလောက်အောင် မရှိတာပါပဲ။ သူတို့ကလည်း လူတွေပဲ ဆိုတော့ သူတို့ လိုအပ်ချက်ကို ကျွန်တော်တို့ ပိုလုပ်ပေးဖို့ လိုအပ်ပါတယ်'' ဟု Pascoe က ပြောကြားခဲ့သည်။

ကုလ သမဂ္ဂသည် အစား အသောက်များနှင့် ပတ်သက်၍ ရှင်းလင်း ပြနိုင်ကြောင်း၊ ကုလသမဂ္ဂမှ ပုဂ္ဂိုလ်များသည် အစားအသောက်များ အမှန်တကယ် လိုအပ်သူများထံသို့ ရောက်ရှိရေး ဆိုသည်ကို ရှင်းလင်းစွာ သဘောပေါက်ကြကြောင်း Pascoe က ပြောသည်။

မြောက်ကိုးရီးယား တာဝန်ရှိ ပုဂ္ဂိုလ်များက ၎င်းတို့သည် ၁၉၅၀-၅၃ ကိုးရီးယား စစ်ပွဲ ရပ်ဆိုင်း သွားခဲ့ရသလို ငြိမ်းချမ်းရေး သဘော တူညီချက် စာချုပ်တစ်ခု ချုပ်လိုအပ်ကြောင်း ပြောဆိုကြသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

သို့သော် ပြုံးယမ်းသည် ၎င်း၏ နျူကလီယာ အစီအစဉ်များ ကိစ္စနှင့် ပတ်သက်၍ ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လာရန် ခေါင်းမာနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် အပတ်က ပြုံးယမ်းသည် နျူကလီယာ လက်နက်များ ဖျက်သိမ်းပါက စီးပွားရေး အကူအညီများ ပြန်ပေးမည် ဆိုသော ကမ်းလှမ်းချက်ကို ပယ်ချခဲ့သည်။ ကိုးရီးယား ဗဟို သတင်းဌာန (KCNA) က အမေရိကန်တို့၏ ရန်သူကဲ့သို့ သဘောထားသော မူဝါဒနှင့် ၎င်းအပေါ် နျူကလီယာနှင့် ခြိမ်းခြောက်ထားမှုများ မရုတ်သိမ်းမချင်း ၎င်း၏ နျူကလီယာ လက်နက်များကို မစွန့်လွှတ်နိုင်ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုးရီးယား ရေးရာ ကျွမ်းကျင်သူ မက်ဆာချူးဆက်မှ Tufts တက္ကသိုလ်မှ Fletcher School of law and Diplomacy လက်ထောက် ပါမောက္ခ Sung- Yoon-Lee က ပြောကြားရာတွင် မြောက်ကိုးရီးယား၏ အမှန်တကယ် ရည်မှန်းချက်မှာ ကိုးရီးယား ကျွန်းဆွယ်မှ အမေရိကန် တပ်ဖွဲ့များ ရုပ်သိမ်းရေး ပါဝင်သော ငြိမ်းချမ်းရေး သဘောတူ စာချုပ် ချုပ်ဆိုရေး ဖြစ်ကြောင်း၊ မြောက်ကိုးရီးယား ဖက်မှ ပြောရလျှင် ကိုးရီးယား ကျွန်းဆွယ်မှ အမေရိကန် တပ်များသည် ရေတိုအားဖြင့် ပါဝါ ချိန်ခွင်လျှာ ညှိရာတွင် တစ်ဖက်စောင်းနင်း ဖြစ်နေနိုင်သောကြောင့် ဖြစ်သည်။

''သူတို့က အဲဒီ အချက်ကို ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ သူတို့ ရည်မှန်းချက်က ကိုးရီးယား ကျွန်းဆွယ် တစ်ခုလုံးကို ကွန်မြူနစ် တိုင်းပြည် လုပ်ချင်တာပါပဲ။ တခြား အဓိပ္ပာယ်တွေ ရှိကောင်း ရှိနေနိုင်ပေမဲ့ သူတို့က ဒါကိုပဲ ပြတ်ပြတ်သားသား ပြောခဲ့တာပဲ'' ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။ ''သူတို့ ဆိုလိုချင်တာက တောင်ကိုးရီးယားမှာ အမေရိကန်က ကိုလိုနီ ပြုလိုတဲ့ သဘောနဲ့ ဝင်ရောက် နေရာယူမှုကို ပြန်ရုတ်သိမ်းဖို့ပဲ ဖြစ်ပါတယ်'' ဟု ဆက်ပြောသည်။

နျူကလီယာ လက်နက် ရှိသော နိုင်ငံများသည် စီးပွားရေးနှင့် နိုင်ငံရေး အရ မည်သို့သော မက်လုံး ပေးစေကာမူ ၎င်းတို့၏ နျူကလီယာ လက်နက်များ ဖျက်သိမ်းရေးကို တိုင်းပြည် အစိုးရ မပြောင်းမချင်း ညှိ၍ ရမည် မဟုတ်ဟု Lee က ပြောသည်။

သို့သော် မြောက်ကိုးရီးယားသည် တည်ငြိမ်သော တိုင်းပြည် တစ်ခု မဟုတ်ဘဲ စီးပွားရေး ပြိုပြီး ချောက်ကမ်းပါးထဲ ကျလုဆဲဆဲ အခြေအနေတွင် ရှိနေကာ ခေါင်းဆောင်ကလည်း သေဆုံးရမည့် အချိန်ရောက်ပြီ ဖြစ်ကြောင်း  Lee  က မှတ်ချက်ပေးသည်။

''ကင်ဂျုံအီလည်း သေမျိုးပဲ၊ သူ့ရဲ့ နိဂုံးက ရောက်လာတော့မှာပါ'' ဟု Lee က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

news.yahoo.com, 23rd February 2010

Hyundai Heavy Industries သည် အခြား တောင်ကိုးရီးယား ကုမ္ပဏီတစ်ခုနှင့် အတူ မြန်မာနိုင်ငံတွင် သဘာဝ ဓါတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ၁.၄ ဘီလီယံ ဒေါ်လာ တန်ဖိုးရှိ စာချုပ် ချုပ်ဆိုခဲ့ကြောင်း၊ Hyundai က အင်္ဂါနေ့က ပြောကြားခဲ့သည်။

Hyundai Heavy သည် ကမ္ဘာပေါ်တွင် အကြီးဆုံး သင်္ဘောကျင်း ဖြစ်ပြီး၊ မြန်မာနိုင်ငံ အနောက်မြောက်ဘက်ရှိ ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းတွင် ကမ်းလွန်နှင့် ကမ်းနား တည်ဆောက်ရေး လုပ်ငန်းများ ၂၀၁၃ ခုနှစ် မတ်လ အပြီး တည်ဆောက်ရန် ရောင်းဝယ်ရေး ကုမ္ပဏီ တစ်ခု ဖြစ်သော Daewoo International နှင့် စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

Daewoo International သည် ၂ဝ၁၃ ခုနှစ် မေလတွင် အဆိုပါ ရွှေ စီမံကိန်းမှ ဓါတ်ငွေ့များကို ပိုက်လိုင်းမှ တဆင့် တရုတ်သို့ ရောင်းချရန် သဘောတူ ထားပြီး ဖြစ်သည်။

အဆိုပါ စီမံကိန်း အရ နှစ်ပေါင်း ၂၅ နှစ်မှ နှစ် ၃၀ အတွင်း တစ်ရက်လျှင် သဘာဝ ဓါတ်ငွေ့ ကုဗပေ သန်းပေါင်း ၅ဝဝ (ကုဗမီတာ ၁၅ သန်း) ထွက်ရှိမည် ဖြစ်သည်။ အဆိုပါ နေရာတွင် သဘာဝ ဓါတ်ငွေ့ ကုဗပေ ၄.၅  ထရီလီယံထိ ရှိမည်ဟု ခန့်မှန်းထားသည်။

Hyundai Heavy သည် တန် ၄ဝဝဝဝ ရှိ သဘာဝဓါတ်ငွေ့ ပလက်ဖောင်း၊ ပင်လယ် ရေအောက် ထုတ်လုပ်ရေး စနစ်၊ ပိုက်လိုင်းများ၊ ကမ်းခြေ ဓါတ်ငွေ့ သိုလှောင်ရုံ၊ ဆိပ်ခံ တံတားနှင့် ဖြန့်ဖြူးရေး အခြေစိုက် စခန်းများကို ဆောက်လုပ်မည် ဖြစ်သည်။

ယခု စီမံကိန်းသည် Hyundai Heavy နှင့် Daewoo International တို့ အကြား ပါတနာရှစ်ကို ပိုမို ကောင်းမွန်စေမည် ဖြစ်ကြောင်း၊ မိမိတို့ ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် ထပ်ဆောင်း အမှာစာများ ရရှိမည် ဟု မျှော်လင့်ကြောင်း Hyundai Heavy မှ CEO Oh Byung-Wook က သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားမှုကြောင့် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပတို့မှ စီးပွားရေး အရ အရေးယူမှုများ ချမှတ်ခဲ့သည်။

သို့သော် မြန်မာနိုင်ငံ၏ အိမ်နီးချင်းများ ဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့သည် မြန်မာနိုင်ငံမှ ထွက်သော သဘာဝ ဓါတ်ငွေ့များကို ဘီလီယံ ဒေါ်လာနှင့် ချီ၍ ဝယ်ယူမှုကြောင့် ၎င်းအရေးယူမှုများသည် ထိရောက်မှု မရှိခဲ့ပေ။

လူ့အခွင့်အရေး အဖွဲ့များ ဖြစ်သော Earth Rights International နှင့် Shwe gas movement တို့၏ အစီရင်ခံစာတွင် သဘာဝ ဓါတ်ငွေ့ စီမံကိန်းသည် ရွာများအား အတင်းအကျပ် ရွှေ့ပြောင်းခိုင်းမှုများနှင့် အခြား လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိကြောင်း ရေးသားထားသည်။

ထိုလုပ်ငန်းများတွင် မတရား ဖမ်းဆီး ထိန်းသိမ်းမှုများလည်း ရှိကြောင်း ဒေသခံများက ပြောခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ စစ်အစိုးရ ကျောထောက်နောက်ခံ အဖွဲ့အစည်း ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်း (USDA) က ယခုနှစ်အတွင်း ရန်ကုန်မြို့ရှိ အများ ပြည် သူနှင့် ဆိုင်သော လုပ်ငန်းများ အတွက် ကျပ်ငွေ ၁၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၂ သန်း) သုံးစွဲသွားမည် ဖြစ်ကြောင်း ဗိုလ်မှူးချုပ် အောင်သိန်းလင်း၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့ရှိ လမ်းများ ပြုပြင်ခြင်းများ အပါအဝင် ပြည်သူ့ရေးရာ လုပ်ငန်းများကို ကူညီပံ့ပိုးသည့် အနေဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းသည် ကျပ်ငွေ ဘီလီယံနှင့် ချီ၍ သုံးစွဲသွားမည် ဖြစ်ကြောင်း ဗိုလ်မှူးချုပ် အောင်သိန်းလင်းက  ရန်ကုန် မြို့တော် စည်ပင်သာယာရေး ရုံးချုပ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ရန်ကုန်မြို့မှ ရရှိသော သတင်းများအရ ကြံ့ဖွံ့က ယင်းကဲ့သို့ ငွေကြေး မြောက်မြားစွာ သုံးစွဲခြင်းသည် ယခုနှစ် အတွင်း ကျင်းပရန် ရှိသော ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးမှု တစ်ရပ် ဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်တိုင်း ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အကြီးအကဲနှင့် ရန်ကုန် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် အောင်သိန်းလင်းသည် လာမည့် ရွေးကောက်ပွဲတွင် ကြံ့ဖွံ့၏ ကိုယ်စားလှယ် အမတ်လောင်းအဖြစ် ဝင်ရောက် အရွေးခံရန် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ကြံ့ဖွံ့က ဤသို့ ရန်ကုန်မြို့ရှိ လမ်းများ အပါအဝင် အများပြည်သူနှင့် သက်ဆိုင်သော တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင်ပေးရာ၌ မြို့နေ လူထု၏ ထည့်ဝင်ငွေကို မရယူဘဲ အသင်း၏ ငွေဖြင့်သာ လုပ်ဆောင်ပေးကြောင်း ၊ အကယ်၍ လမ်းခင်းသည့် လုပ်ငန်းများတွင် ရပ်ကွက်နေ ပြည်သူများ အနေဖြင့် ငွေကြေး အကူအညီ ရယူလိုပါက မိမိထံသို့ တိုက်ရိုက် ဆက်သွယ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ကြံ့ဖွံ့အသင်း၏ လက်အောက်တွင် လမ်းဖောက်လုပ်ရေး၊ ရေပိုက်လိုင်း တပ်ဆင်ရေး၊ အခမဲ့ ဆေးကုသခန်း ဖွင့်လှစ်ရေး၊ အခမဲ့ နာရေး ကူညီမှု ပေးရေး စသည့် လုပ်ငန်းများကို လုပ်ကိုင်ပေးလျက် ရှိသည် ဟု ရန်ကုန် အခြေစိုက် သတင်းသမား တစ်ဦးက ပြောကြားသည်။

ယခုအခါ အင်းစိန်ရှိ  အစိုးရ စက်မှုကျောင်း (GTI) အား ပြည်သူ့ ဆေးရုံအဖြစ် ကြံ့ဖွံ့က ပြန်လည် တည်ဆောက်ပေးလျက် ရှိကြောင်း မြို့တော်ဝန် အောင်သိန်းလင်းက ဆို သည်။ အဆိုပါ GTI သည် တစ်ချိန်က အစိုးရဆန့်ကျင်သော ကျောင်းသား လှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ အဆောက်အအုံ ဖြစ်ခဲ့သော်လည်း ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး တွင်မူ ဆန္ဒပြသူများ ဖမ်းဆီး ချုပ်နှောင်ထားရာ အဆောက်အအုံ တစ်ခု ဖြစ်ခဲ့သည်။

ကြံ့ဖွံ့အဖွဲ့သည် တက္ကသိုလ် ဝင်တန်း စာမေးပွဲများ နီးကပ်လာသည်နှင့် အမျှ ကျောင်းသားများအား အခမဲ့ ကျူရှင်ပေးသည့် လုပ်ငန်းများကိုပါ လုပ်ဆောင်လျက် ရှိသည်ဟု စည်ပင်သာယာရေး အဖွဲ့မှ သတင်း ရရှိသည်။

စစ်အစိုးရက ရွေးကောက်ပွဲကို ယခုနှစ်အတွင်း ကျင်းပမည်ဟု မကြာခဏ ပြောဆို နေသော်လည်း ယနေ့ အချိန်အထိ ကျင်းပမည့် နေ့ရက် အတိအကျနှင့် ဥပဒေ စည်းမျဉ်း စည်းကမ်းများကို မထုတ်ပြန်သေးဘဲ အချိန်ဆွဲထားသည်ကို ကြည့်ပါက ကြံ့ဖွံ့အဖွဲ့ အနေဖြင့် မဲဆွယ်စည်းရုံးမှုများကို တစ်ပြည်လုံး အတိုင်းအတာဖြင့် လုပ်ကိုင်နိုင်ရန် ရည်ရွယ်ဟန် ရှိသည်ဟု ဝေဖန် ဆန်းစစ်မှု သူများလည်း ရှိသည်။

"ကြံ့ဖွံ့အဖွဲ့က ရွေးကောက်ပွဲမှာ နိုင်မှာ သေချာတယ်။ ဒါကို သံသယ ဖြစ်စရာ မရှိပါဘူး။ အစိုးရ ဌာနတွေ အနေနဲ့ လုပ်ဆောင်ရမယ့် ကိစ္စတွေ အားလုံးကို ကြံ့ဖွံ့က လုပ်နေပြီလေ" ဟု တက္ကသိုလ် အငြိမ်းစား ကထိက တစ်ဦးက ပြောကြားသည်။

Irrawaddy သတင်းဌာန၏ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima, By Khai Suu, 22 Feb 2010

          မြန်မာစစ်အစိုးရ၏ ကိုယ်ချင်းမစာဘဲ အာဏာအသုံးပြုပုံ ကိစ္စတစ်ရပ် ထွက်ပေါ်လာပြန်ပြီဖြစ် သည်။ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်(၂)ရပ်ကွက် မုဒိတာလမ်းရှိ အိမ်ထောင်စု(၂၆၀)အား ပြောင်းရွှေ့ရန် အစိုးရက အမိန့်ထုတ်ခဲ့ကြောင်း ဒေသခံများက စွပ်စွဲပြောဆိုခဲ့ပါသည်။

          အဆိုပါ မုဒိတာလမ်းရှိ နေအိမ်အများစုသည် လူတကိုယ်စာ ကျောချရုံတဲလေးများဖြစ်ပြီး အလွန်ဆင်းရဲသူများ နေထိုင်ကြသော ရပ်ကွက်ဖြစ်ပါသည်။

            မြောက်ဥက္ကလာပမြို့နယ် မဝတဥက္ကဌနှင့် အမှတ်(၂)ရပ်ကွက်ဥက္ကဌတို့က ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အမိန့်ထုတ်ခဲ့ပါသည်။ ရွှေ့ပြောင်းရန် အမိန့်ထုတ်ရာတွင် အကြောင်းပြချက်မှာ ယမန်နှစ် က ထိုရပ်ကွက်တွင် ဝမ်းရောဂါဖြစ်ခဲ့၍ ဖြစ်သည်ဟုဆိုပါသည်။

          မိမိတို့အား ဇန်နဝါရီလတုန်းကလည်း ပြောင်းရွှေ့ရန် ပြောခဲ့ကြောင်း၊ မိမိတို့ကို ဘူးသီးတောင်သို့ ပြောင်းရွှေ့ခိုင်းကြောင်း အိမ်ထောင်စုတစ်စုလျှင် သုံးသိန်းကျပ် ပေးကြောင်း၊ မလိုက်နာသူများကို လက်မှတ်ထိုးခိုင်းကြောင်း၊ မိမိတို့ကမူ မပြောင်းနိုင်ကြောင်း လက်မှတ်ထိုးခဲ့ကြောင်း မုဒိတာလမ်းတွင် နေထိုင်သူတစ်ဦးက မဇ္ဇိုမသို့ပြောပါသည်။

          အဆိုပါရပ်ကွက်တွင် နေထိုင်သူအခြားတစ်ဦးက မိမိတို့သည် ဤရပ်ကွက်တွင် နေထိုင်လာ သည်မှာ ၃၅ နှစ် ရှိပြီဖြစ်ကြောင်း၊ စည်ပင်သို့လည်း အခွန်ပေးရကြောင်း၊ မိမိတို့အား ယခင်လာခဲ့သော မူရင်းဒေသသို့ ပြန်ရန်ပြောကြောင်း၊ အစိုးရက မိမိတို့အိမ်ကို ဖျက်ပစ်ချင်ပုံရကြောင်း၊ ယခုလို ခေတ်ဆိုးကြီးတွင် မိမိတို့ အခြားနေရာသို့ မပြောင်းရွှေ့လိုကြောင်းပြောပါသည်။

          အခြားကောလဟလများအရ ဒေသဆိုင်ရာ အာဏာပိုင်များသည် မေတ္တာ၊ မာဃ၊ နိဗ္ဗာန်၊ သစ္စာ၊ အောင်ဘောဂနှင့် အောင်ချမ်းသာလမ်းများမှ အခြားအိမ်ထောင်စု ၁၅၀၀ ကိုလည်း အတင်းအ ကြပ် ပြောင်းရွှေ့ခိုင်းလိမ့်မည်ဟု ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The New Kerala, 22 Feb 2010

         မြန်မာနိုင်ငံ တပ်မတော်ရေမှ ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းသည် ယခုအခါ အိန္ဒိယနိုင်ငံ နယူးဒေလီတွင် တရားဝင် အလည်အပတ် ရောက်ရှိနေပြီး ကာကွယ်ရေးဝန်ကြီး A.K.Antony နှင့်အတူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Deepak Kapoor ၊ အိန္ဒိယ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Nirmal Verma ၊ လေတပ် ဒုဦးစီးချုပ်၊ ဗိုလ်ချုပ် P.K. Barbooa တို့နှင့် ယနေ့တွေ့ဆုံ ပါသည်။

          ဒုတိယ ဗိုလ်ချုပ်ကြီးဥာဏ်ထွန်းသည် ဖေဖော်ဝါရီလ ၂၅ ရက် ကြာသပတေးနေ့အထိ ရှိနေမည် ဖြစ်ပါသည်။

          အိန္ဒိယနိုင်ငံ အရှေ့ဖက်တွင် မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်း ၁၆၄၅ ကီလိုမီတာ ထိစပ်နေပါ သည်။

          မကြာသေးမီက မြန်မာနိုင်ငံသည် သြစတြေးလျ၊ နယူးဇီလန်တို့ အပါအဝင် တောင်အာရှနှင့် အာရှပစိဖိတ် ၁၃ နိုင်ငံ ရေတပ်သရုပ်ပြပွဲ Milan ၂၀၁၀ တွင် ပါဝင်ခဲ့ပါသည်။

          ငါးရက်ကြာ အဆိုပါပြပွဲကို အိန္ဒိယနိုင်ငံမှ ကြီးမှူးကျင်းပပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့ကစ၍ Andaman ရှိ Blair ဆိပ်ကမ်းနှင့် နီကိုဗာကျွန်းများတွင် ပြုလုပ်ခဲ့ပါသည်။ သြစတြေးလျ နယူးဇီလန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘရုနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖီလစ်ပိုင်၊ စင်္ကာပူ၊ သီရိလင်္ကာ၊ ထိုင်းနှင့် ဗီ ယက်နမ်တို့ အဆိုပါ ရေတပ်သရုပ်ပြပွဲတွင် ပါဝင်ခဲ့ပါသည်။

          တရုတ်တို့သည် ၎င်းတို့၏ ရေတပ်ကို တိုးချဲ့၍ ဒေသတွင်း လွှမ်းမိုးလာမည်ကို စိုးရိမ်သော ကြောင့် အိန္ဒိယရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Nirmal Verma က ဤ Milan အဖွဲ့သည် လုံခြုံရေး အတွက် ဖွဲ့စည်းသော အဖွဲ့မဟုတ်ကြောင်း အထပ်ထပ်အခါခါ ပြောခဲ့ပါသည်။

          အိန္ဒိယသည် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ခြေကုတ်ယူထားသော သူပုန်များအား တိုက်ခိုက် ရာတွင် မြန်မာနိုင်ငံအား အကူအညီ တောင်းခံလျက်ရှိပါသည်။ ထို့အပြင် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးသည် အထီးကျန်ပြီး၊ ဆင်းရဲသော နယ်စပ်ဒေသများ တိုးတက်လာရန် မျှော်လင့်နေပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

22 Feb 2010 , Source BBC News

          သေနတ်မောင်းတင်သံ၊ မောင်းချသံပြင်းပြင်းများနှင့် စစ်သင်တန်းနည်းပြဆရာများ၏ အော်ဟစ်အမိန့်ပေးသံများ မြန်မာပြည်မြောက်ပိုင်း တောင်တန်းများပေါ်တွင် ဟိန်းထွက်လာခဲ့ခြင်းမှာ တပ်သားသစ်များ မနက်ခင်းလေ့ကျင့်ခန်းပြုလုပ်ရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

          သူတို့သည် စည်းကမ်းသေဝပ်သည်။ စစ်ဝတ်စုံကလည်း စမတ်ကျသည်၊ သူတို့၏ ညာဖက်ပုခုံး ပေါ်တွင် ဂုဏ်ယူစွာ တတ်ဆင်ထားသော ကြက်ခြေခတ်ဓားမနှစ်ချောင်းနှင့် အနီရောင်၊ အစိမ်းရောင်ခြယ် အလံအပေါ်ထားရှိသည့် မျိုးချစ်စိတ်နှင့် ခံစားချက်မှာလည်း သံသယအနည်းငယ်ပင်ရှိစရာမလို ပါ။

          ၎င်းတို့သည် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၏ မျိုးဆက်သစ်များဖြစ်ပြီး သူတို့အပေါ် မကြာမှီကျရောက်လာနိုင်သည့် ပြည်တွင်းစစ်ပွဲကို မကြောက်မရွံ့တိုက်ခိုက်ကြမည့် မျိုးဆက်ဖြစ်သည်ဟု ၎င်းတို့ကဆိုပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံသည် တိုင်းရင်းသားအားလုံး၏ ညီမျှမှုအခြေခံဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း သမိုင်းတစ်လျှောက်တွင် မညီမျှမှုများသာရှိခဲ့ပြီး တိုင်းရင်းသားများမှာ အဖိနှိပ်ခံ နေရဆဲဖြစ်သည်ဟု တပ်သားသစ် ဒါရှိဇောင်ဂရန်က ပြောကြားပါသည်။

          အသက် ၂၆ နှစ်ရှိ ဇောင်ဂရန်သည် စီးပွားရေးလေ့လာမှုပညာဖြင့် ဘွဲ့ရရှိထားသော်လည်း တိုင်းရင်းသားတို့အပေါ် မညီမျှမှုများက အလုပ်အကိုင် ကောင်းကောင်း ရှာဖွေနေသော ၎င်းအား စစ်တပ်ထဲဝင်ရန် တွန်းပို့လိုက်ခြင်းပင်ဖြစ်သည်။

          မည်သို့ပင်ဖြစ်စေ၊ သူကတော့ ကြောက်ရွံ့သူမဟုတ်ပါ။ " ဗမာစစ်တပ်က အရှေ့တောင်အာရှ မှာ အင်အားအကြီးဆုံးပါ။ ကျွန်တော်တို့အင်အားကတော့ နည်းပါတယ်။ ဒါပေမဲ့ တရားမျှတမှုနဲ့ လွတ်လပ်ခွင့်ရရှိဖို့ ကျွန်တော်တို့ပြည်သူတွေ လွတ်မြောက်ဖို့ တိုက်ပွဲဝင်ရာမှာ ဘုရားသခင်က ကူညီစောင့်ရှောက်မှာပါ။ ဒါက ကျွန်တော်တို့ ယူရမဲ့ တာဝန်ပါဘဲဟု ၎င်းက ပြောကြားပါသည်။

          အဆိုပါစစ်ပွဲကို ကချင်ပြည်သူတို့ လိုလားခြင်းမရှိသလို အနိုင်ရမည့် စစ်ပွဲလည်းမဟုတ်ပါ။

          သို့ရာတွင် KIA တပ်ဖွဲ့များ လက်နက်ဖြုတ်သိမ်းရန် မြန်မာစစ်တပ်က တောင်းဆိုထားသော နောက်ဆုံးသတ်မှတ်ရက် နီးကပ်လာသည်နှင့်အမျှ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး မကြာမီတွင် ကျိုးပေါက်သွားဖွယ်ရှိကြောင်း KIA ဗိုလ်ချုပ်များက ယုံကြည်နေပါသည်။

          မြန်မာအစိုးရ၏ တောင်းဆိုမှုကို KIA က ငြင်းပယ်ခဲ့ပြီးဖြစ်၍ အဆိုပါပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် KIA ခေါင်းဆောင်များက တွန်းအားပေးလျက် ရှိသော် လည်း ဖေဖော်ဝါရီလကုန်တွင် ကျရောက်လာနိုင်သည့် အဆိုးဆုံးအခြေအနေအတွက် KIA တပ်မှူးများက ကြိုတင်ပြင်ဆင်နေ ပါသည်။

          "သေချာပေါက် စစ်ဖြစ်လာလိမ့်မယ်လို့တော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ ဒီလကုန်မှာ နယ်ခြားစောင့်တပ် ဖွဲ့စည်းပါလို့ အစိုးရက တောင်းဆိုထားပါတယ်" ဟု ပြောကြားသူမှာ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်ဖြစ်ပါသည်။

"သူတို့ပြောသလို မလုပ်နိုင်ပါဘူး၊ ၁၉၄၇ ပင်လုံ သဘောတူညီချက်အတိုင်း ဖက်ဒရယ် ပြည်ထောင်စုထဲက ဒေသတစ်ခုဖြစ်လာတဲ့အထိ၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး တွေ ပြန်ရတဲ့အထိ လက်နက်ချမှာ မဟုတ်ပါဘူး"ဟု ၎င်းက ပြောကြားခဲ့ပါသည်။

          KIA နှင့် ၎င်း၏ အရပ်ဖက်အဖွဲ့အစည်းသည် မြန်မာစစ်ဖက် အုပ်ချုပ်သူများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ တစ်စိတ်တပိုင်းအနေဖြင့် မြန်မာပြည်မြောက်ပိုင်း ကြီးမားသော နယ်မြေဧရိယာကို ထိန်းချုပ်ခွင့်ရရှိထားပါသည်။

တရုတ်ပြည်နှင့်ကုန်သွယ်ရေး

          KIA အဖွဲ့အစည်းသည် ကချင်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အား၊ လမ်းများ၊ စာသင်ကျောင်းများကို ထောက်ပံ့ဖြည့်ဆည်းပေးလျက်ရှိပြီး ကျောက်စိမ်း၊ ရွှေတွင်းများ၊ ကျွန်းသစ် စသည်တို့ အပါအဝင် တရုတ်နိုင်ငံနှင့်ကြီးမားသော ကုန်သွယ်ရေးမှရရှိသော အခွန်ငွေဖြင့် ရံပုံငွေထူထောင်ဆောင်ရွက်ပေး နေခြင်းဖြစ်သည်။

          သို့ရာတွင် ယခုအခါ တပ်သားသစ်များ စုဆောင်းခြင်း၊ စစ်မှုထမ်းဟောင်းများကို ပြန်လည် ခေါ်ယူလေ့ကျင့်ခြင်းစသည်တို့ကို ပြုလုပ်နေကာ ကချင်တိုင်းရင်းသား တပ်မတော်သည် အရှေ့တောင် အာရှရှိ အကြီးဆုံးဖြစ်ဖွယ်ရှိသော မြန်မာစစ်တပ်နှင့် တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိပါသည်။

          ကားရေဒီယိုများတွင် လွတ်မြောက်ရေးသီချင်းများ လွှင့်ထုတ်ပေးနေပြီး လေ့ကျင့်ရေးစခန်း တစ်ခုတွင် ရိုးရာအကသင်ခန်းစာများကို အမျိုးသားရေး ယဉ်ကျေးမှုနှင့် ဝါဒဖြန့်ချီရေးအဖြစ် သင်ကြားပေးနေပါသည်။

          KIA ကချင်စစ်တပ်နှင့် ၎င်း၏ နိုင်ငံရေးအဖွဲ့အစည်း KIO တို့ ထိန်းချုပ်ထားသော မြန်မာပြည် မြောက်ပိုင်းတခွင်သို့ BBC သတင်းအဖွဲ့က သွားရောက် သတင်းယူခဲ့ ကြပါသည်။

          BBC သတင်းအဖွဲ့ကို လေ့ကျင့်ရေးစခန်းများနှင့် KIA တပ်ဆွယ်များသို့ ခေါ်ဆောင်ပြသခဲ့သော်လည်း ထူထပ်စွာချထားသော မြန်မာအစိုးရနှင့် တရုတ်အစိုးရ၏ သတင်းပေးများ၊ စပိုင်များတွေ့ မြင်သွားမည်ကိုစိုးရိမ်ရသောကြောင့် လမ်းပေါ်ရှိ ပြည်သူများနှင့်တွေ့ဆုံမေးမြန်းရန် လိုင်ဇာမြို့တွင်း သို့ မသွားနိုင်ခဲ့ပါ။

          သို့ဖြစ်၍ မျှတသည့် သုံးသပ်ချက်ပြုလုပ်ရန် အလွန်ပင်ခဲယဉ်းလှပါသည်။ သို့ရာတွင် တိုင်းရင်း သားစစ်တပ်၏ ဆုံးဖြတ်ထားမှုနှင့် ပြင်ဆင်နေမှုများမှာ အလွန်ပင် ထင်ရှားပါသည်။

          KIA ဌာနချုပ်၏ အပေါ်ဖက်ရှိ မြင်ကွင်းကောင်းသော တောင်ကုန်များပေါ်တွင် ဘန်ကာကျင်းများ၊ ခံစစ်လိုင်းများတူးထားပြီး သစ်လုံးများကိုလည်း ဆွဲယူဖြတ်တောက်ကာ မြေကြီး များနှင့်ဖုံး၍ သေနတ်ပစ်စင်များတည်ဆောက်ထားပါသည်။

          ၎င်းတို့သည် ထိုနေရာမှနေ၍ မြန်မာစစ်တပ်၏နေရာယူပုံကိုတွေ့မြင်နိုင်ပြီး အကယ်၍ စစ်ဖြစ် လာလျှင်မူ ရှေ့တန်းခံစစ်စည်းတစ်ခုဖြစ်သွားမည်ကို ၎င်းတို့သိရှိထားပါသည်။

          ထူလပ်လှသော တောတောင်လျှိုမြောင်ကို အပေါ်စီးမှ မြင်တွေ့ရသော ဘန်ကာအတွင်းမှ ထောင်ထားသော ၃ ချောင်းထောက်ပေါ်တွင် အမဲဆီဝ၍ ပြောင်လက်အောင် တိုက်ချွတ်ထားသော လေယာဉ်ပစ်စက်သေနတ်ကြီးကိုလည်း တပ်ဆင်ထားပါသည်။

ပြောက်ကြားစစ်ပွဲ

           ရောက်လာသော ဧည့်သည်များအား ပြသမှုတစ်ခုအဖြစ် ပြောင်လက်နေသော လေယာဉ်ပစ် စက်သေနတ်ကို တပ်ဆင်ထားသော်လည်း အဝေးကြည့်ပစ်မှတ်ရှာ မှန်ပြောင်း တွင် ပေါ်လာမည့် သတ္တုလေယာဉ်ငယ်၏ ပုံရိပ်မှာ ကောင်းမွန်ပြတ်သားမည့် ပုံမပေါ်ပါ။

          ၎င်းတို့သည် အသေအချာ စည်းရုံးပြင်ဆင်လျက်ရှိကြပြီး လက်နက်ကြီးများရှိသည်ဟု ပြောကြားသော်လည်း တွေ့မြင်ခဲ့ရခြင်းမရှိပါ။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ဒါဇင်ခန့်ရှိနေပြီး အများစုမှာ နယ်ခြားဒေသတစ်လျှောက် ပြန့်ကျဲတပ်စွဲထားကြပါသည်။ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ဖြစ်ပေါ်လာသော အပစ်ရပ် နယ်မြေများစွာတွင် ကြီးမားသော တပ်ဖွဲ့များလည်း ရှိနေပါသည်။

          ကြီးမားသော လက်နက်ကိုင် အဖွဲ့များတွင် KIA လည်း ပါဝင်ပါသည်။ အမြဲတမ်း တပ်ဖွဲ့ဝင် ၁၀၀၀၀ နှင့် အရံတပ်ဖွဲ့ဝင် ၁၀၀၀၀ ရှိသည်ဟု ၎င်းတို့၏ တပ်မှူးများက ပြောကြားသော်လည်း သေချာ စွာသိရှိနိုင်ရန်မလွယ်ကူပါ။

          ဗမာစစ်တပ်မှာမူ အလွန်ပင်ကြီးမားပါသည်။ လေတပ်နှင့် သံချပ်ကာ အမြောက်တပ်များလည်း ပါဝင်ပါသည်။ သို့ဖြစ်၍ တစ်ခုထဲသော ရှင်သန်နိုင်မည့်နည်းလမ်းမှာ တောတွင်းသို့ ဆုတ်ခွာ၍ ပြောက်ကြားစစ် နည်းဗျူဟာဖြင့် တိုက်ခိုက်ရမည်ဆိုသည်ကို KIA က နားလည်သိရှိထားပါသည်။

          သို့ရာတွင် ပြည်တွင်းစစ်ကြောင့် စစ်ပြေးဒုက္ခသည်များ အရေအတွက် သိန်းနှင့်ချီ၍ ပေါ်ထွက် လာမည် ဖြစ်သလို ဒေသတွင်း မတည်ငြိမ်မှုကိုလည်း ဖြစ်ပေါ်စေပါလိမ့်မည်။

          "တကယ်လို့ ကျွန်တော်တို့အတိုက်ခံရပြီဆိုရင် တခြားလက်နက်ကိုင်အဖွဲ့တွေက ဝိုင်းကူကြမှာ ပါ။ သူတို့လည်း ဒီအတိုင်း ဖြစ်လာမယ်ဆိုတာ သိထားကြပါတယ်" ဟု ဗိုလ်ချုပ်ဂမ်ရှောင်က ရှင်းပြပါ သည်။

          အနားမှာရှိတဲ့ ဝတပ်ဖွဲ့မှာ တပ်ဖွဲ့ဝင်သောင်းဂဏန်းရှိပြီး မူးယစ်ဆေး ရောင်းဝယ်မှုကရတဲ့ ရန်ပုံငွေနဲ့ လက်နက်တွေ တပ်ဆင်ထားပါတယ်။ သူတို့နဲ့ ဆက်သွယ်ဆောင်ရွက်သွားဖို့ သဘောတူညီချက် ရထားပြီးပါပြီဟု ၎င်းက ဆက်လက်ပြောကြားပါသည်။

          တောင်းတန်းဒေသများတွင် ပြည်တွင်းစစ် ဖြစ်၊မဖြစ်ကိစ္စမှာ မြန်မာအစိုးရအပေါ်တွင်သာ မူတည်နေပါသည်။

          အကယ်၍ အစိုးရ ယခုနှစ်ရွေးကောက်ပွဲကို အသုံးချ၍ ၎င်းတို့ပြဿနာအဖြစ် ယူဆထားသော တိုင်းရင်းသား လက်နက်ကိုင်များ ကိစ္စကို ဖြေရှင်းမည်ဆိုပါက တိုက်ခိုက်ပါလိမ့်မည်။ ထိုအခါ တိုင်းရင်းသားတို့၏ ပြည်နယ်များမှာလည်း ဆိုးကျိုးများနှင့် ကြုံတွေ့ရပါလိမ့်မည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ABC news, 23rd FEB 2010

တရုတ်ဝန်ကြီးချုပ် ဝန်ကျားပေါင် ဦးဆောင်သည့် တရုတ်အစိုးရ ကိုယ်စားလှယ် အဖွဲ့ကြီး တစ်ဖွဲ့ အနာဂတ် တရုတ်-မြန်မာ ဆက်ဆံရေး ရေရာမှုများ ဆွေးနွေးရန် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း နေပြည်တော် သတင်းတရပ် အရ သိရသည်။

နယ်ခြားဒေသများရှိ ဝ နှင့် ကချင် တိုင်းရင်းသားများကိစ္စ၊ မြန်မာနိုင်ငံသို့ တရုတ် ဒုတိယ သမ္မတ မှတဆင့် ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည့် ဘီလီယံဒေါ်လာ ၂၀ ချေးငွေ ကိစ္စများ  ဆွေးနွေးရန် ပါဝင်သည်ဟု ဆိုသည်။

တရုတ်တို့သည် မြန်မာနိုင်ငံအပေါ် ရွေးကောက်ပွဲအပြီး ဆက်လက် လွှမ်းမိုးထားနိုင်ရေးကို အသဲအသန် ကြိုးပမ်းလျှက်ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.