Transparency Myanmar

transparency.myanmar@gmail.com

Monstersandcritics.com, 1st March 2010

          ဆယ်စုနှစ် တစ်စုကျော် နေအိမ် အကျယ်ချုပ် ထိန်းသိမ်းထားခြင်း ခံနေရသော မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် "အပြင်းအထန် တောင်းဆိုချက်" ကို အီးယူ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ Catherine Aston က တနင်္လာနေ့တွင် ထုတ်ပြန်လိုက်သည်။

          ယခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲတွင် သူမ ပါဝင်နိုင်ခြင်း မရှိစေရန် မြန်မာနိုင်ငံ ဗဟို တရားရုံးက သူမ၏ ပြစ်ဒဏ်မှ လွတ်မြောက်ရေး အယူခံလွှာကို သောကြာနေ့က ပယ်ချခဲ့ပြီးနောက် Aston က ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

          နောက်ဆုံး အယူခံလွှာ၏ ဥပဒေကြောင်းအရ အကျုံးဝင်နေမှုကြောင့် ယခု ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်သည့် အခွင့်အရေး မြန်မာ အာဏာပိုင်များတွင် ရှိနေသေးသည်ဟု Aston ၏ ပြောခွင့်ရ ပုဂ္ဂိုလ် Lutz Gullner က ကြေညာချက်တွင် ဖော်ပြသည်။

          မြန်မာနိုင်ငံနှင့် ပြည်သူများ၏ အနာဂတ် အကျိုးစီးပွားအတွက်  ယခု အခွင့်အလမ်းကို ဆုပ်ကိုင်ရန် Aston က မြန်မာ အာဏာပိုင်များထံ အပြင်းအထန် တောင်းဆိုမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

          Gullner ၏ ပြောကြားမှုအရ ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်သည် တရားမျှတမှု မရှိဟု သိရှိရပြီး နိုင်ငံ ရေရှည် တည်ငြိမ်ရေး၊ အမျိုးသား ပြန်လည် ပေါင်းစည်းမှု တိုးတက် အောင်မြင်ရေး တို့အတွက် အရေးတကြီး လိုအပ်နေသော အစိုးရနှင့် အတိုက်အခံ ပါတီများ၏ မျက်နှာစုံညီ အစည်းအဝေး ဖြစ်မြောက်ရေး အလားအလာများကိုလည်း ထိခိုက်စေခဲ့သည် ဟုလည်း သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

        ယခု နှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲအား ပြည်ပရောက် အတိုက်အခံများ၊ နိုင်ငံရေး ပါတီများနှင့် အဖွဲ့အစည်းများ အနေဖြင့် ထောက်ခံသင့်သည် ဟူသော တိုက်တွန်း ပြောဆိုမှုများ ထွက်ပေါ်လာကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် အခြေစိုက် နေထိုင်လျက် ရှိသော (ယခင် နိုင်ငံရေး အကျဉ်းသမားဟောင်းများ ဖြစ်သည့်) ဦးသုဝေနှင့် ဦးခင်ဇော်ဝင်းတို့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်သော ခုနစ်ကြိမ်မြောက် မြန်မာ မီဒီယာအဖွဲ့ ညီလာခံသို့ တက်ရောက်ခဲ့ကြပြီး ၂၀၁၀ ဒီမိုကရေစီ ရွေးကောက်ပွဲကို အခွင့်အရေး တစ်ရပ်အဖြစ် ရှုမြင်ကြရန် တိုက်တွန်း ပြောဆိုခဲ့ကြသည်။

"ဒါဟာ ကျွန်တော်တို့ ပြည်သူတွေအတွက် အခွင့်အရေး တစ်ရပ်ပါပဲ။ ရရှိလာတဲ့ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားသင့်တယ်။ ဒီနေရာမှာ ရေရှည် ပြဿနာကို အဖြေရှာဖို့ လိုလာပါပြီ။ ဒါကြောင့် ဒီမိုကရေစီ ရဖို့အတွက် ထောက်ခံမဲပေးဖို့ တိုက်တွန်းပါတယ်" ဟု လတ်တလော ဖွဲ့စည်းလိုက်သည့် ရန်ကုန် အခြေစိုက် ဒီမိုကရက်တစ် ပါတီ၏ ဥက္ကဋ္ဌ ဦးသုဝေက ပြောဆိုသည်။

"နိုင်ငံရဲ့ အာဏာကို နှစ်ပေါင်း ၂၀ ကျော် ရယူခဲ့တဲ့ စစ်အစိုးရဟာ နိုင်ငံကို ပြုပြင် ပြောင်းလဲနိုင်ဖို့ ခုလို ရွေးကောက်ပွဲ ကျင်းပပေးမှာ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ဆန္ဒခံယူပွဲဟာ ဘယ်လောက်ပဲ အပြစ် အနာအဆာတွေ ရှိနေပေမယ့် ရွေးကောက်ပွဲပြီးရင်တော့ အရပ်သားအစိုးရ ပေါ်လာမှာပါ။ ကျွန်တော်တို့က ရွေးကောက်ပွဲကို ကန့်ကွက်မယ်ဆိုရင် ပိုပြီး ဆိုးလာဖို့ပဲ ရှိတယ်။ စစ်အစိုးရကို ဆက်ပြီး အာဏာ ထိန်းသိမ်းအောင် အားပေးအားမြှောက် လုပ်သလို ဖြစ်သွားမှာပါ။ ပြည်သူတွေ မနှစ်သက်တဲ့ အခြေခံဥပဒေဟာ ဘယ်လိုလုပ်ပြီး တာရှည်ခံနိုင်ပါ့မလဲ။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာဟာ အရပ်သားအစိုးရ လက်ထဲ ရောက်နေရင် ဒီအခြေခံ ဥပဒေကို ပြုပြင် ပြောင်းလဲဖို့ လွယ်သွားပြီ မဟုတ်လား" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

သုံးရက်ကြာ ပြုလုပ်သော ညီလာခံတွင် မီဒီယာ ကိုယ်စားလှယ်များနှင့် နိုင်ငံရေး သမားများသည် အခြေခံဥပဒေ နှင့်တကွ အာဏာ ဆက်လက် ထိန်းသိမ်းရန် ကြံဆောင်လျက် ရှိသော စစ်အစိုးရ အစီအမံများကို ဆွေးနွေးကြသည်။

အခြေခံဥပဒေကို ပြုပြင် ပြောင်းလဲရန် လွယ်ကူမည် မဟုတ်ကြောင်း ညီလာခံ တက်ရောက်သူ အများစုက ပြောဆို ဆွေးနွေးကြသည်။ "ပြည်သူလူထု အနေနဲ့ ဒီမိုကရေစီကို ရွေးကောက် ပွဲကျင်းပပြီး အကောင်အထည် ဖော်နေတဲ့ နေရာမှာ ပါဝင်သင့်ပါတယ်။ နောက်ပိုင်းမှသာ ဥပဒေကို ပြုပြင်ပြောင်းလဲသွားဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်" ဟု ဦးခင်ဇော်ဝင်းက ဆွေးနွေး ပြောဆိုသည်။

"အမှောင်ထုက ကျွန်တော်တို့ကို ဖုံးလွှမ်းနေတယ်လို့ ဆိုချင်ပါတယ်။ အခုနေအခါမှာ ရွေးကောက်ပွဲကို မထောက်ခံဘဲ ဘေးမှာ ထွက်ထိုင်နေမယ်ဆိုရင် ပြည်သူတွေ အများစုအနေနဲ့ ပိုပြီး ဆိုးရွားတာတွေကို ခံစားဖို့ပဲ ရှိပါတယ်" ဟုလည်း ၎င်းက ဆက်လက် ပြောကြားသည်။

"စစ်အစိုးရဟာ အခုချိန်အထိ မီဒီယာ လွတ်လပ်ခွင့်ကို တားဆီး ပိတ်ပင်ထားတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုတာ လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့် ရှိမှရမှာပါ။ အခြေအနေတွေက မကောင်းပါဘူး။ မကောင်းရုံ မကဘူး။ ပိုဆိုးဖို့သာ ရှိပါတယ်။ ဒါကြောင့် မြန်မာ နိုင်ငံတွင်း သတင်းစာနဲ့ ဂျာနယ်တွေ သတင်း လွတ်လပ်ခွင့် မရတဲ့အချိန်မှာ ပြည်ပရောက် မီဒီယာတွေ အနေနဲ့ မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့၊ ထုတ်ဖော် ရေးသားသင့်တဲ့ သတင်း အချက်အလက်တွေကို ထုတ်ဖော်ပေးဖို့ လိုအပ်ပါတယ်" ဟု ဦးခင်ဇော်ဝင်းက ပြောပါသည်။

ဦးခင်ဇော်ဝင်းသည် သွားနှင့်ခံတွင်း ဆရာဝန်တစ်ဦး ဖြစ်ပြီး ဒီမိုကရေစီ လှုပ်ရှားမှုများကိုလည်း လုပ်ကိုင်လျက် ရှိသည်။ သူသည် ကုလသမဂ္ဂတွင် အရာရှိ တစ်ဦးအဖြစ် အမှုထမ်းခဲ့ဖူးသည်။ ဦးခင်ဇော်ဝင်းသည် နှစ်ပေါင်း ၁၁ နှစ်မျှ အကျဉ်းချခံခဲ့ရပြီး ၂၀၀၅ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

ယခု ကျင်းပမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင်း သိသာသော အပြောင်းအလဲများ (သို့မဟုတ်) အမျိုးသား ပြန်လည် သင့်မြတ်မှုများကို ဖြစ်ပေါ်စေ နိုင်သည်ဟု ရှုမြင်မိကြောင်းကို မိုးသီးဇွန်က ပြောကြားသည်။ အဆိုပါ Burma Media Conference ကို သုံးရက်တာမျှ ကျင်းပ ပြုလုပ်ခဲ့ပြီး သတင်း မီဒီယာများ၊ နိုင်ငံရေးသမားများ၊ NGO နှင့် အင်တာနက် ဘလော့ဂ်ဂါများ (Bloggers) စုစုပေါင်း လူ ၁၀၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

Irrawaddy သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

          စစ်အစိုးရက ယခု ၂၀၁၀ ပြည့်နှစ်အတွင်း ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပေးမည် ဟု ထုတ်ဖော် ပြောဆိုထားသော်လည်း ယနေ့အချိန်အထိ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက် အတိအကျကို ထုတ်ဖော် ကြေညာခြင်း မရှိသေးပေ။ ဤအချိန်တွင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဒီမိုကရေစီဆန်သော မြန်မာ့ လူ့အဖွဲ့အစည်းအဖြစ် အသွင် ကူးပြောင်းစေနိုင်မည့် ဒီမိုကရေစီ ရွေးကောက်ပွဲကို အနီးကပ် စောင့်ကြည့်နေမည်သာ ဖြစ်သည်။

၁၉၆၂ ခုနှစ်မှ စတင်၍ စစ်အုပ်ချုပ်ရေး လက်အောက်တွင် နေထိုင်ခဲ့ရသော မြန်မာနိုင်ငံ အတွက် ယခု ရွေးကောက်ပွဲသည် နိုင်ငံရေးအရ ထူးခြားချက်တစ်ခု ဖြစ်လိမ့်မည်။ အမေရိကန် သမ္မတ ဘားရက်အိုဘားမားက မြန်မာနိုင်ငံအပေါ် ထားရှိသည့် ပိတ်ဆို့ အရေးယူသည့် မူဝါဒကို ဆက်လက် ကျင့်သုံးသွားမည်ဟု ဆိုထားသည့်တိုင် စစ်အစိုးရနှင့် တိုက်ရိုက် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်နိုင်မည့် နည်းလမ်းကို ရှာဖွေလျက် ရှိသည်။

ဤအတောအတွင်းမှာပင် ကုလသမဂ္ဂ အထူးသံတမန် သောမတ် အိုဂျာ ကင်တားနားက လူ့အခွင့်အရေး အခြေအနေများကို စနည်းနာရန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ မစ္စတာ ကင်တားနား အနေဖြင့် အကျဉ်းထောင် အချို့ကို ကြည့်ရှု လေ့လာခွင့် ရခဲ့သော်လည်း မြန်မာ့ နိုင်ငံရေးတွင် အရေးကြီးပုဂ္ဂိုလ် နှစ်ဦး ဖြစ်သည့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့နှင့် တွေ့ဆုံခွင့် မရရှိခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်သည် နှစ် ၂၀ အတွင်း ၁၄ နှစ်ခန့် စစ်အစိုးရ၏ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသူ ဖြစ်သည်။ ထို့အပြင် သူမ၏ နေအိမ် အကျယ်ချုပ် အမှုအတွက် အယူခံကို ဗဟိုတရားရုံးတော်က ပယ်ချလိုက်သည်။

ယခုလို အပြောင်းအလဲများ ဖြစ်ပေါ်ရန် ရှိသည့် အနေအထားတွင် ရှိသော မြန်မာ့ ဒီမိုကရေစီ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီင်္း Indiana University ၏ Center for Constitutional Democracy in Plural Societies မှ ဥပဒေ ပညာရေးရာ ပါမောက္ခ နှင့် ဒါရိုက်တာ David Williams က Worldfocus နှင့် ဆွေးနွေးခန်းတစ်ခု ပြုလုပ်ခဲ့သည်။ David Williams သည် ဖွဲ့စည်းအုပ်ချုပ်မှု ဆိုင်ရာ ဥပဒေ အကြောင်း ဆောင်းပါး၊ သုံးသပ်ချက်နှင့် စာတမ်းပေါင်း များစွာကို ကျယ်ကျယ်ပြန့်ပြန့် ရေးသားခဲ့ပြီး ကုလသမဂ္ဂနှင့် အမေရိကန် ကွန်ဂရက်တို့တွင်လည်း မြန်မာနိုင်ငံ အကြောင်း ဆွေးနွေး ပြောဆိုခဲ့ဖူးသူ တစ်ဦး ဖြစ်သည်။

Worldfocus ။ ။ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေသစ်က လာမယ့် ရွေးကောက်ပွဲကို အဓိပ္ပာယ် ဖွင့်ဆိုမယ့် အကြောင်း ကုလသမဂ္ဂမှာ ခင်ဗျား ပြောခဲ့တယ်။ အဲဒီတော့ အဲဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ (ကွန်စတီကျူးရှင်း) က ရွေးကောက်ပွဲအပေါ် ဘယ်လို အကျိုး သက်ရောက်မလဲ ဆိုတာကို သိချင်ပါတယ်။

Williams ။ ။ ကွန်စတီကျူးရှင်းက ရွေးကောက်ပွဲမှာ ရွေးကောက် တင်မြှောက်ခံရမယ့် သူတွေ အားလုံးအတွက် အလုပ်သစ်၊ အကိုင်သစ်နဲ့ ခွင်အသစ်တွေ ဖန်တီးပေးပါလိမ့်မယ်။ အဲဒီတော့ သဘောကတော့ ကွန်စတီကျူးရှင်းက ရွေးကောက်ပွဲတွေ ကျင်းပ ပြုလုပ်ပေးနိုင်အောင် ဖန်တီးပေးတာပါပဲ။ တစ်ဖက်က ပြောရရင် ကွန်စတီကျူးရှင်းရဲ့ သဘောက ရွေးကောက် တင်မြှောက်ခံရတဲ့ ဥပဒေပြု အာဏာပိုင် အဖွဲ့သစ်က ပထမဆုံး အစည်းအဝေးပွဲ မပြုလုပ်ခင် အချိန်ထိ အသက်မဝင် နိုင်သေးပါဘူး။ ဒီတော့ နားလည်လွယ်အောင် တစ်မျိုး ပြောရရင် ကွန်စတီကျူးရှင်းက ပထမဆုံး ရွေးကောက်ပွဲအပေါ် လွှမ်းမိုးနိုင်မှု၊ ချုပ်ကိုင်နိုင်မှု မရှိပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) က သူအဆင်ပြေမယ့် နည်းလမ်းနဲ့ ရွေးကောက်ပွဲကို ကျင်းပသွားပါလိမ့်မယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ကာလမှာ နိုင်ငံရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်တာတွေကို ကြီးကြီးကျယ်ကျယ် ခွင့်ပြုမယ့်ပုံ မရှိပါဘူး။

Worldfocus ။ ။ ဒီရွေးကောက်ပွဲက မြန်မာနိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီစနစ် အကောင်အထည် ဖော်နိုင်အောင် တွန်းပို့မယ် ဆိုတာနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေတွေက ဘာများလဲ။

Williams ။ ။ ဖြစ်နိုင်ချေတော့ သိပ်မရှိပါဘူး။ ရွေးကောက်ပွဲ ပြီးသွားရင်တောင်မှ ကွန်စတီကျူးရှင်းအရ စစ်တပ်ကသာ တကယ့်ကို ပါဝါရှိတဲ့သူ ဖြစ်နေမှာပဲ။ စစ်တပ်အနေနဲ့ သူရဲ့ အရေးကိစ္စတွေကို အပြည့်အဝ လုပ်နိုင်ဖို့အတွက် ကွန်စတီကျူးရှင်းက ဖန်တီးပေးထားတယ်။  ကွန်စတီကျူးရှင်းမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ဆိုထားတာကို တွေ့ရတယ်။
        စစ်တပ်ကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကာကွယ် စောင့်ရှောက်ရေးအတွက် အရေးပါတဲ့သူ၊ အမျိုးသား စည်းလုံး ညီညွတ်ရေးကို ထိန်းသိမ်း စောင့်ရှောက်သူ၊ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပူးပေါင်း ပါဝင်သူလို့ ဆိုထားတယ်။

ဖြစ်နိုင်ချေရှိတာက အကူးအပြောင်း ကာလမှာ စစ်တပ်ကသာ အမှုမဲ့ အမှတ်မဲ့ သတိလစ် သွားမယ်ဆိုရင် မြန်မာ ပြည်သူလူထုက ကွန်စတီကျူးရှင်း ပြောင်းလဲ ရေးဆွဲဖို့အတွက် ဆန္ဒပြ လှုပ်ရှားမှုတွေ ထွက်ပေါ်လာနိုင်ပါတယ်။ အဲဒီလိုဖြစ်ရင် စစ်အစိုးရ အာဏာ လက်လွတ် သွားနိုင်ပါတယ်။ ဒါပေမဲ့ အရေးကြီးတာက ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ အပြောင်းအလဲ မဖြစ်ဘူး ဆိုရင် မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး ဘာမှ သိလာမှာ မဟုတ်ပါဘူး။
Worldfocus ။ ။ မြန်မာ့အရေးက နိုင်ငံတကာ အရေးကိစ္စ တစ်ခု ဖြစ်နေတဲ့အပေါ် ခင်ဗျား ဘယ်လိုမြင်ပါသလဲ။

Williams ။ ။ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အချိန်ကာလ ကြာရှည်စွာ ပြည်တွင်းစစ် ဖြစ်နေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ အစိုးရက နိုင်ငံသားတွေအပေါ်မှာ ရက်စက် ကြမ်းကြုတ်မှုတွေ ပြုလုပ်တယ်။ မြန်မာ့အရေးက ဒေသတွင်း မတည်မငြိမ်မှုတွေ ဖြစ်စေတယ်။ အိမ်နီးချင်းနဲ့ ပတ်ဝန်းကျင် နိုင်ငံတွေကို မြန်မာနိုင်ငံက မူးယစ်ဆေးဝါးတွေ ဖြန့်တယ်၊ မြောက်ကိုရီးယားနဲ့လည်း ဆက်သွယ်ပြီး နျူကလီးယား လက်နက်အတွက် လုပ်တာတွေလည်း ရှိနိုင်တယ်။ ဆိုရရင် မြန်မာနိုင်ငံက သယံဇာတတော့ ပေါကြွယ်ဝပါတယ်၊ ဒါပေမဲ့ အုပ်ချုပ်မှုက အလွန်အမင်းကို လွဲမှားနေတယ်။

Worldfocus ။ ။ ရွေးကောက်ပွဲ ပြီးသွားတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်မယ်လို့ ထင်ပါသလား။

Williams ။ ။ အဲဒီကိစ္စက ကြိုတင်ဟောကိန်း ထုတ်လို့ မဖြစ်နိုင်တဲ့ ကိစ္စပါ။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အပေါ် ခြိမ်းခြောက်မှု မလုပ်တော့ဘူးလို့ မြင်လာတဲ့ တစ်နေ့မှာ လွှတ်ပေးပါလိမ့်မယ်။

Worldfocus ။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ နာမည်ကျော် လူသိများတဲ့ မြန်မာနိုင်ငံသား တစ်ယောက်ပါ။ မြန်မာနိုင်ငံထဲမှာရော သူမရဲ့ လွှမ်းမိုးမှုက ဘာများပါလဲ။

Williams ။ ။ သူဟာ အားလုံးရဲ့ ချစ်ခြင်းကို ခံရတဲ့သူ တစ်ယောက်ပါ။ (စစ်အစိုးရနဲ့ စစ်အစိုးရနဲ့ နီးစပ်တဲ့သူတွေတော့ မပါပါဘူး) မြန်မာပြည်တွင်း ဒီမိုကရေစီ လှုပ်ရှားမှုတွေ ပေါင်းစည်း ထွက်ပေါ်လာဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က အများကြီး အထောက်အကူ ဖြစ်စေပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူမဟာ နေအိမ် အကျယ်ချုပ် အကျဉ်းချခံထားရလို့ပါ။ သူမဟာ NLD ပါတီမှာ သော်လည်းကောင်း၊ ဒီမိုကရေစီနဲ့ နိုင်ငံရေး လှုပ်ရှားမှုမှာ သော်လည်းကောင်း စီမံခန့်ခွဲမှုတွေ တိုက်ရိုက် မလုပ်ပေးနိုင်ပါဘူး။ နောက်ပြီး ကွန်စတီကျူးရှင်းကလည်း သူမကို သမ္မတအဖြစ် ဝင်ရောက် မယှဉ်ပြိုင်နိုင်အောင် ပိတ်ပင် တားဆီးထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်စုကြည်ရဲ့ ရင်သွေးတွေက နိုင်ငံခြားသားတွေ ဖြစ်နေလို့ပါ။ ဒေါ်စုကြည် နေအိမ် အကျယ်ချုပ်ကနေ မလွတ်မြောက်သေးသရွေ့ သူမအနေနဲ့လည်း တခြား အမတ်လောင်းတွေအတွက် မဲဆွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။
Worldfocus ။ ။ အဲဒီတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့ အမေရိကန် သမ္မတ အိုဘားမားအစိုးရက ဘယ်အခန်းကဏ္ဍကနေ ပါဝင်သင့်ပါသလဲ။

Williams ။ ။ အိုဘားမား အစိုးရအဖွဲ့ဟာ သူလုပ်သင့်တဲ့ အလုပ်ကို အတိအကျ လုပ်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ စစ်အစိုးရရဲ့ အလွဲ သုံးစားမှုတွေ၊ ဖိနှိပ် ချုပ်ခြယ်မှုတွေကို ပြစ်တင် ပြောဆိုတယ်။ ဒါပေမဲ့ တစ်ဖက်မှာ စစ်အစိုးရကို အပြောင်းအလဲတွေ ကြိုးစားပြီး လုပ်သွားဖို့ နားချနေတယ်။ SPDC က အမေရိကန်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရယူလိုတယ်၊ ဒါပေမဲ့ အဲဒါဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တိုးတက် ကောင်းမွန်မှု ဆိုတဲ့ ကိစ္စတွေပေါ်မှာ မူတည်နေပါတယ်။
Worldfocus.com အင်တာဗျူးကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB, 1st March 2010

          ယခု လပိုင်းများအတွင်း အစိုးရပိုင်များအား ပုဂ္ဂလိက လုပ်ငန်းများသို့ လေလံပစ်၍ ရောင်းချရာတွင် ၇၀ % ခန့်သည် အစိုးရနှင့် နီးစပ်သော အသိုင်းအဝိုင်းလက်ထဲသို့ ရောက်ရှိသွားသည်ဟု ဆိုသည်။

          မြန်မာအစိုးရသည် မကြာသေးခင်က အဓိက ဆိပ်ကမ်းများ၊ လေကြောင်းလိုင်းများ အပါအဝင် နိုင်ငံပိုင်ပစ္စည်း ၁၁၅ မျိုးအား ရောင်းချရန် ကြေညာခဲ့သည်။ ကျန် ၃၀ % ၏ အများစုမှာ နိုင်ငံခြား ကုမ္ပဏီများ လက်ထဲသို့ ရောက်ရှိသွားသည်ဟု ဆိုသည်။

          ကောလာဟလများကလည်း ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသော နေရာဖြစ်သည့် ရန်ကုန်ရှိ ဝန်ကြီးများရုံးအား နိုင်ငံခြား ကုမ္ပဏီတစ်ခုသို့ ရောင်းချလိုက်ကြောင်း၊ မည်သူဆိုသည်ကိုမူ မသိရှိကြောင်း ပြောဆိုနေကြသည်။

          ရန်ကုန်ရှိ စီးပွားရေးသမားတစ်ဦးက ပြောကြားရာတွင် အစိုးရနှင့် မနီးစပ်သော ပြည်တွင်း ကုမ္ပဏီများသည် အခွန်ပေးလောက်အောင်ပင် ဝင်ငွေ မကောင်းနိုင်သော လုပ်ငန်း အသေးလေးများတွင်သာ ဝင်ရောက် ယှဉ်ပြိုင်ကြရသည်ဟု ဆိုသည်။

          အစိုးရသည် အခြေခိုင်သည့် ပစ္စည်းများနှင့် လုပ်ငန်းများကို ဖယ်ထားပြီး၊ ကုမ္ပဏီကြီးများနှင့် နိုင်ငံခြား ကုမ္ပဏီများသို့သာ လေလံများ ဖွင့်လှစ်ပေးပြီး၊ ကျန်သာမန် လုပ်ငန်းရှင်များမှာ အဆိုပါ လုပ်ငန်းကြီးများကို ဝင်ရောက် ယှဉ်ပြိုင်ရန် အခွင့် မရကြပါဟု ၎င်းက ပြောသည်။

          "ကုမ္ပဏီကြီးတွေက အစိုးရနှင့် နီးစပ်ရုံ မကဘူး၊ ဗိုလ်ချုပ်တွေကလည်း ရှယ်ယာတွေ ပါနေကြတယ်။ ဒီတော့ ကျွန်တော်တို့ ဘာမှ လုပ်လို့မရပါဘူး" ဟု ဖြည့်စွက် ပြောကြားသည်။

          လေလံပစ်မည့် ပုံစံတစ်စောင်ကို ပစ္စည်းတစ်မျိုးလျှင် ကျပ် ၂၅၀၀၀ (၂၅ ဒေါ်လာ) နှင့် ရောင်းချကြောင်း၊ လေလံပစ်မည့် ပစ္စည်းများတွင် ၁၉၆၄ ခုနှစ် ဗိုလ်ချုပ်နေဝင်း လက်ထက်က ပြည်သူပိုင် သိမ်းထားသော အစိုးရပိုင် ပစ္စည်းများလည်း ပါဝင်ကြောင်း အဆိုပါ လုပ်ငန်းရှင်က ပြောသည်။

          လက်ရှိ အစိုးရသည် ပုဂ္ဂလိကပိုင်များ ပြုလုပ်ခြင်းဖြင့် ၎င်းတို့သည် ဈေးကွက် စီးပွားရေးစနစ်သို့ ဦးတည်နေသည် ဆိုသည်ကို ပြသလိုခြင်း ဖြစ်သည်ဟု စီးပွားရေး ပညာရှင်တစ်ဦးက ပြောသည်။

          အမှန်တကယ်တွင်မူ စစ်အစိုးရသည် နောင်ရွေးချယ် တင်မြှောက်၍ တက်လာမည့် အစိုးရ လက်ထဲတွင် ဘာမျှ မကျန်အောင် လုပ်နေခြင်းပင် ဖြစ်သည်။

          "နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဘာမှမသိတဲ့ သူတွေကတော့ အစိုးရက ပုဂ္ဂလိက ဦးစားပေး စနစ်ကို သွားနေတယ်လို့ ထင်နေကြမှာပေါ့" ဟု အဆိုပါ လုပ်ငန်းရှင်ကပင် မှတ်ချက်ပြုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 27th February 2010

          မြန်မာပြည် ကျောက်မျက် စီးပွားရေးလောက၏ ဗဟိုဖြစ်သော မိုးကုတ်မြို့မှ ဒေသခံများ အကြား ထိတ်လန့်တုန်လှုပ်မှုများ မကြာသေးမီက ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သော သီတင်းပတ်က မြို့၏ လူနေရပ်ကွက်များ၏ အနီး ပတ်ဝန်းကျင်တွင် မြေထိုးစက်များနှင့် စက်ယန္တရားကြီးများ ရုတ်တရက် ရောက်ရှိလာသောကြောင့် ဖြစ်သည်။

          အစောပိုင်းက ဒေသ အာဏာပိုင်များ၊ သတ္တုတွင်း ဝန်ကြီးဌာနနှင့် ပုဂ္ဂလိက ကုမ္ပဏီ ၂ ခုတို့ ဆာဗေးဆင်း လေ့လာခဲ့ပြီးနောက် ယခုကဲ့သို့ ယန္တရားများ ရောက်လာခြင်း ဖြစ်သည်။ ပုဂ္ဂလိက ကုမ္ပဏီ ၂ ခု ဖြစ်သော အစိုးရ၏ ရောင်းရင်း ဦးတေဇပိုင် ထူးကုမ္ပဏီနှင့် ပတ္တမြားနဂါး ကျောက်မျက် ကုမ္ပဏီတို့မှာ ရာထူးကြီး ဗိုလ်ချုပ်ကြီးများကို ရှယ်ယာဝင်အဖြစ် ထည့်သွင်းထားသော ကုမ္ပဏီများ ဖြစ်သည်။

          "အခု ကျွန်တော်တို့ရဲ့ အိမ်တွေ၊ မြေတွေ အသိမ်းခံရမှာကို အရမ်း စိုးရိမ်နေရတယ်" ဟု  မိုးကုတ်သား တစ်ဦးက ပြောကြားသည်။ မိုးကုတ်မြို့သည် မန္တလေးမြို့၏ အရှေ့မြောက်ဖက် ကီလို မီတာ ၂၀၀ အကွာတွင် ရှိသော ပတ္တမြားမြေ ဖြစ်၍ ခိုခြေသွေးရောင် ပတ္တမြားများနှင့် အပြာရောင် နီလာများကြောင့် ရှေးကပင် ကျော်ကြားသော ဒေသ ဖြစ်သည်။

          ဤသည်မှာ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးဟု အမည်တပ်ထားသော မြန်မာ့နည်း မြန်မာ့ဟန် အကြံအဖန် လုပ်ရပ်များပင် ဖြစ်သည်။ နာမည်ခံမျှသာ ဖြစ်ဖွယ် ရှိသော ရွေးကောက်ပွဲများ နီးကပ်လာသည်နှင့်အမျှ တစ်နိုင်ငံလုံးတွင် ယခု ရက်ပိုင်းများအတွင်း စစ်ဖက် အုပ်ချုပ်သူများ အလောတကြီး လုပ်ကိုင်နေသော လုပ်ငန်းမှာ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး အစီအစဉ် ဖြစ်သည်။ ကမ္ဘာပေါ်တွင် သဘာဝ သယံဇာတ ရင်းမြစ်များ ကြွယ်ဝသလောက် စီးပွားရေး နိမ့်ကျနေသည့် နိုင်ငံအပေါ်တွင် ၎င်းတို့၏ အလုံးစုံ ထိန်းချုပ်ထားမှု အဆုံးသတ်တော့မည် ဖြစ်၍ ဗိုလ်ချုပ်ကြီးများ အလောသုံးဆယ် ဖြစ်နေကြခြင်း ဖြစ်သည်။

          တန်ဖိုးရှိသော ပိုင်ဆိုင်မှု မှန်သမျှ တောင်းဆိုတတ်ကြသည့် ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့၏ စီးပွားဖက်များကြောင့် မိုးကုတ်တွင် ဖြစ်ပွားနေသော ကိစ္စများမှာ အခြား နေရာတိုင်းတွင်လည်း အလားတူ ဖြစ်ပွားနေသည်။ ဓာတ်ငွေ့ အရောင်းဆိုင်များမှသည် ရေအား လျှပ်စစ်စက်ရုံများ၊ ရုပ်ရှင်ရုံများမှသည် တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီများ၊ စက်ရုံများ၊ ဂိုဒေါင်များမှသည် လေကြောင်းလိုင်းများအထိ သပိတ်ဝင် အိတ်ဝင် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးအစီအစဉ်ကို ဆောင်ရွက်နေသည်မှာ "လိုချင်တာကို ကြိုက်သလိုယူ အစီအစဉ် (ပြည်သူများ မပါဝင်)" ဖြစ်သည်။

          အကယ်၍ အထက်ပါ ကိစ္စများသည် လွန်ခဲ့သော အနှစ် ၂၀ အတွင်း ကတိပေးခဲ့သလို အစိုးရက စီးပွားရေး ပြုပြင် ပြောင်းလဲမှုများကို အမှန်တကယ် စေတနာဖြင့် ပြုလုပ်သည့် လက္ခဏာ ဖြစ်ခဲ့ပါက ထောက်ခံ ကြိုဆိုရမည့် သတင်း ဖြစ်သည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ ပြည်သူများ မျှော်လင့်ထားသလို ဖြစ်မလာခြင်းပင် ဖြစ်သည်။ အမှန်တကယ် ပြည်သူများ တွေ့မြင်နေရသည်မှာ နိုင်ငံပိုင် ပစ္စည်းဥစ္စာများကို ခိုင်မာစွာ အမြစ်တွယ်နေသည့် ရေပေါ်ဆီ ငါးသလောက်ပေါင်းများလက်သို့ တရားဝင် လွှဲပြောင်းပေးနေခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ယခုအချိန်အထိ ၎င်းတို့ လိုချင်တာ မှန်သမျှအား အပြိုင် အဆိုင်မရှိ အလွယ်တကူ ယူနိုင်စွမ်းရှိနေဆဲ ဖြစ်သည်။

          ရွေးကောက်ပွဲ ပြီးသွားလျှင်မူ အရာအားလုံးမှာ ဤမျှ လွယ်ကူတော့မည် မဟုတ်ပါ။ စစ်ဖက်အုပ်ချုပ်သူများနှင့် ၎င်းတို့၏ စီးပွားဘက်များသည် စီးပွားရေးကဏ္ဍတွင် သြဇာညောင်းသော အနေအထားကို ဆက်လက် ဆုပ်ကိုင်ထားကြမည် ဖြစ်သော်လည်း အခြေခံဥပဒေသစ် စတင် အကျုံးဝင်လာသည့်အခါတွင် အခြားသူများသည်လည်း သီအိုရီအရ ပိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့် အနေအထားများ အနည်းဆုံး ရရှိလာမည် ဖြစ်သည်။ ယခုအချိန်တွင် ၎င်းတို့အတွက် အရာရာကို အလကားနီးပါး ရနေသည့် အဆောက်အဦးများ၊ လုပ်ငန်းများကို နောက်တစ်ချိန် တန်ရာတန်ဖိုး ပေးချေရသည့် အဖြစ်မျိုး မရောက်ခင် တိုင်းပြည်အတွင်းရှိ အရာရာကို အတားအဆီးမရှိ သိမ်းကြုံး ရယူနေကြခြင်း ဖြစ်သည်။

          နိုင်ငံပိုင် လုပ်ငန်းများကို ယခုလတ်တလော ရောင်းချရာ၌ အစိုးရက ပြည်သူလူထုကို တင်ဒါ ခေါ်ယူခြင်းလည်း မရှိပါ။ ပုဂ္ဂလိက ပိုင်ရှင်များက မည်သို့ လုပ်ကိုင်မည်၊ ရောင်းချမှုများမှ နိုင်ငံတော်က အကျိုးအမြတ် မည်မျှ ရရှိသည် စသော သတင်း အချက်အလက်များကိုလည်း ထုတ်ပြန်ခြင်း မရှိပါ။ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ဆိုသည်မှာ ပိုမို ပွင့်လင်းမြင်သာသော အနေအထားတွင် ပြုလုပ်ရမည် ဖြစ်ပြီး များသောအားဖြင့် ပြည်သူလူထုကို အကျိုးပြုနိုင်ရမည် ဖြစ်သည်။ ကုန်ဈေးနှုန်းများ ကျဆင်းခြင်း၊ အရည်အသွေး တိုးတက်ခြင်း၊ ရွေးချယ်စရာ များလာခြင်း၊ အကျင့်ပျက်ခြစားမှု နည်းသွားခြင်း၊ ကြိုးနီစနစ် လျော့သွားခြင်း၊ ဆောင်ရွက်မှု မြန်ဆန်လာခြင်း စသော ရလဒ်များ ထွက်ပေါ်လာရမည် ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ ပြည်သူများမှာ အကြီးမားဆုံး အရှုံးသမားများအဖြစ် ထပ်မံ ပေးဆပ်ကြရဦးမည် ဖြစ်သည်။

          မြန်မာစစ်ဖက် အုပ်ချုပ်သူများသည် ၎င်းတို့ပြောလေ့ ရှိသော တံခါးဖွင့် စီးပွားရေး မူဝါဒ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၁၉၈၉ မှ စ၍ နိုင်ငံပိုင်လုပ်ငန်းများကို မကြာခဏ ရောင်းထုတ်ခဲ့သည်။ သို့ရာတွင် ယခင် အာဏာရှင် ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် အမှားများကို ရှောင်ရှားရမည့်အစား စစ်ဖက်အစိုးရသစ်က လက်ဝါးကြီးအုပ် အာဏာရှင် အရင်းရှင်စနစ်ကို အစားထိုး ကျင့်သုံးခဲ့သည်။

          ထို့အပြင် မြန်မာအစိုးရသည် အထူးသဖြင့် အန္တရာယ်ကြီးလှသော စီးပွားရေးဖွံ့ဖြိုးမှု ပုံစံသို့ ချဉ်းကပ်ရာတွင် သူတစ်ဦးတည်း ဆောင်ရွက်ခဲ့ခြင်း မဟုတ်ဘဲ တိုင်းပြည်အတွင်း အထူး အခွင့်အရေးရ၊ အဆက်အသွယ်ကောင်း၊ သြဇာကြီး လုပ်ငန်းရှင်များပါ ပါဝင် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

          မကြာသေးမီက BBC ၏ "ဒူးတိုက်ဆွေးနွေးခန်း" အစီအစဉ်တွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း၊ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က မြန်မာ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အာဆီယံ အဖွဲ့၏ အနေအထားကို ကာကွယ် ပြောကြားနေချိန်တွင် ထိုင်းနိုင်ငံအခြေစိုက် ရင်းနှီးမြှုပ်နှံသူများ အုပ်စုတစ်စုက မြန်မာနိုင်ငံသို့ သွားရောက် လေ့လာခဲ့သည်။ လွန်ခဲ့သော သီတင်းပတ် အနည်းငယ်ခန့်ကလည်း အလားတူ ဗီယက်နမ်ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့က မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို လာရောက် လေ့လာခဲ့ကြသည်။

          သို့ရာတွင် အကယ်၍ စီးပွားရေး ပွင့်လင်းမှုနှင့် တာဝန် ယူတတ်မှုအပေါ် မြန်မာအစိုးရ၏ ဂရုမစိုက်မှုသည် ခက်ခဲသာ အခြေအနေတစ်ရပ် ဖြစ်သည် ဆိုစေကာမူ၊ နိုင်ငံ၏ အဆင့်အတန်းသည် ကမ္ဘာ့ အဆိုးဝါးဆုံးများတွင် ပါဝင်သည် ဆိုသည်ကိုမူ ငြင်းဆိုခြင်း မရှိပါ။

          Heritage Foundation နှင့် Wall Street Journal တို့ ပူးပေါင်း တင်ပြသော "၂၀၁၀ စီးပွားရေး လွတ်လပ်ခွင့် ညွှန်းကိန်း" အစီရင်ခံစာအရ ကမ္ဘာပေါ်ရှိ ၁၇၉ နိုင်ငံ၏ စီးပွားရေး လွတ်လပ်ခွင့်ရှိမှု အတိုင်းအတာတွင် မြန်မာနိုင်ငံက နံပါတ်စဉ် ၁၇၄ တွင် ရှိနေသည်။

          ယခုကဲ့သို့ မြန်မာနိုင်ငံ အောက်ဆုံးအဆင့်သို့ ရောက်ရှိအောင် ဖန်တီးသည့် အကြောင်းအရင်းများကို အစီရင်ခံစာ၌ စိစစ်တင်ပြထားရာတွင် စီးပွားရေး ဆောင်ရွက်မှုများ၌ အစိုးရက ကြားဝင်စွက်ဖက်ခြင်း၊ ဘဏ္ဍာရေး စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း ကဲ့သို့သော တည်ဆောက်ပုံ ပြဿနာများ၊ နိုင်ငံပိုင်လုပ်ငန်းများ ဆက်တိုက် အရှုံးပေါ်မှုများ၊ အားနည်းသော ဥပဒေနှင့် စည်းကမ်း ထိန်းချုပ်မှုများနှင့် ညံ့ဖျင်းသော အုပ်ချုပ်မှုစနစ် စသော အချက်များ ပါဝင်သည်။ မြန်မာနိုင်ငံရှိ ပိုင်ဆိုင်ခွင့် အခွင့်အရေးနှင့် ပတ်သက်၍ "ပုဂ္ဂလိက ပိုင်ဆိုင်မှုနှင့် အသိဥာဏ်ပညာ ဆိုင်ရာ ပိုင်ဆိုင်ခွင့်ကို အကာအကွယ် ပေးမထား" ဟု တိုတိုနှင့် လိုရင်းကို ဖော်ပြထားသည်။

          ယခု မြန်မာနိုင်ငံတွင် လိုအပ်နေသည်မှာ လက်ရှိ အုပ်ချုပ်သူများ၏ ကိုယ်အားကိုယ်ကိုး ပြောင်းလဲရေး မဟုတ်ပါ။ ဒီမိုကရေစီ နည်းကျ တင်မြှောက်သော အစိုးရ၏ ဥပဒေအရ အုပ်ချုပ်မှု အောက်သို့ ပြန်လည် ရောက်ရှိရေး ဖြစ်သည်။ လာမည့် ရွေးကောက်ပွဲ များသည်လည်း အမှန်အကန် ပြောင်းလဲမှုကို ဖြစ်ပေါ်စေမည် မဟုတ်သဖြင့် မိုးကုတ်မြို့ လူထုသည်လည်း ကျန်တစ်တိုင်းပြည်လုံး ကဲ့သို့ပင် ဗိုလ်ချုပ်ကြီးများ တစ်ခုမကျန် ယူငင်နေသည်ကို နောက်ဆုတ် လက်ပိုက်ကြည့်နေရုံမှ တစ်ပါး အခြား မရှိတော့ပါ။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 28th February 2010

လာမည့် မုတ်သုန် ရာသီကာလ အတွင်း ပြည်တွင်း လုံခြုံရေး အတွက် ထိုင်းအစိုးရက တောင်းဆိုထားမှုကြောင့် မြန်မာ အလုပ်သမားများ၏ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး လုပ်ငန်းကို အရှိန်မြှင့်ရန် မြန်မာ အစိုးရက သဘောတူ လိုက်သည်ဟု ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦးက ပြောကြားသည်။

အဆိုပါ လက်မှတ် ရရှိရန် အတွက် မြန်မာ အလုပ်သမားများမှာ ချင်းရိုင်၊ တပ်ခ်၊ ရနောင်းမြို့များနှင့် မျက်နှာချင်းဆိုင်ရှိ နယ်စပ် စစ်ဆေးရေးဂိတ်များသို့ ပြန်လာရန် လိုအပ်သည်ဟုလည်း သိရှိရသည်။ သို့သော်လည်း မုန်တိုင်းရာသီတွင် ပင်လယ်ခရီးဖြင့် လာရောက်ရမည့် အလုပ်သမားများအတွက် စရိတ်စကကုန်ကျမှုနှင့် အန္တရာယ်များ ရှိနေသည်။ သို့ဖြစ်၍ သက်ဆိုင်ရာ အရာရှိများကို ယာယီ လက်မှတ် ထုတ်ပေးရန် စေလွှတ်ပေးမည်ဟု ဗိုလ်ချုပ် မောင်ဦးက အလုပ်သမား ဝန်ကြီး ပိုင်တွန်ခက်သွန်နှင့် တွေ့ဆုံ အပြီးတွင် ပြောကြားသည်။

မြန်မာ အလုပ်သမားများသည် ၎င်းတို့ မိခင်နိုင်ငံသို့ ပြန်လာရန် မလိုတော့ဘဲ ရနောင်း အနီး နယ်စပ် စစ်ဆေးရေး ဂိတ်တွင် ယာယီ နိုင်ငံကူးလက်မှတ် ရရှိနိုင်ပြီ ဖြစ်သည်။ ယခု နှစ်ကုန်တွင် အလုပ်သမား ၁.၂ သန်းကို ယာယီ နိုင်ငံကူးလက်မှတ် အပြီး ထုတ်ပေးရန် မြန်မာနိုင်ငံက စီစဉ်လျက် ရှိပြီး စစ်ဆေးရေးဂိတ် တစ်ခုလျှင် တစ်ရက်ကို ၅ဝဝ ထုတ်ပေးနေခြင်းမှ ၁ဝဝဝ သို့ ၂ ဆ မြှင့်တင်၍ လုပ်ငန်းကို အရှိန်မြှင့်ရန် မြန်မာ အရာရှိများအား ညွှန်ကြားထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Associated Press, 28th February 2010

          ကမ္ဘာ့ စီးပွားရေး ကျဆင်းမှုကြောင့် ကုန်သွယ်ရေးဆိုင်ရာ ကိုယ်ကျိုးစီးပွား ကာကွယ်မှုများ တိုးပွားလာသဖြင့် ပူပန်မှုများ ရှိနေသော်လည်း ၂၀၁၅ နောက်ဆုံးထား၍ ဥရောပ သမဂ္ဂပုံစံ စီးပွားရေး အသိုင်းအဝိုင်းကို ထူထောင် ဖွဲ့စည်းသွားရန် ရည်မှန်းထားဆဲ ဖြစ်သည်ဟု အရှေ့တောင်အာရှ နိုင်ငံများက တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။

          အရှိန်မြှင့် စုစည်းရန် ပစ်မှတ်ထားသော ကဏ္ဍများတွင် ယခုအချိန်အထိ အောင်မြင်မှု မရသေးသော်လည်း ကုန်စည်များ၊ ဝန်ဆောင်မှု လုပ်ငန်းများ၊ ရင်းနှီး မြှုပ်နှံမှုများနှင့် ကျွမ်းကျင်လုပ်သားများကို လာမည့် ၅ နှစ်အတွင်း လွတ်လပ်စွာ စီိးဆင်း ရောင်းဝယ်နိုင်ရန် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံက စီစဉ်လျက် ရှိသည်။

          "ကမ္ဘာ့ ငွေကြေး အကျပ်အတည်းက ကျွန်တော်တို့ရဲ့ တိုးတက်မှုကို တစုံတရာ ထိခိုက်စေပါတယ်။ ကိုယ်ကျိုး စီးပွား ကာကွယ်မှုတွေ ပိုများလာဖို့ အလားအလာ ရှိနေတယ်" ဟု မလေးရှား ကုန်သွယ်ရေး ဝန်ကြီး မူစတာဖာမိုဟာမက်က အာဆီယံ စီးပွားရေး ဝန်ကြီးများ၏ ၂ ရက်ကြာ အစည်းအဝေး အပြီးတွင် ပြောကြားခဲ့သည်။ အာဆီယံ နိုင်ငံများသည် လူဦးရေ သန်း ၅၀၀ ရှိသော ဈေးကွက်ကို ဖွဲ့စည်းနေခြင်း ဖြစ်သည်။

          အရှိန်မြှင့် ပေါင်းစည်းရန် ပစ်မှတ်ထားသော ဦးစားပေး ကဏ္ဍ ၁၁ ခု အနက်မှ ခရီးသွားလုပ်ငန်း၊ လေကြောင်း ပို့ဆောင်ရေး၊ အထည်အလိပ်နှင့် မော်တော်ယာဉ်လုပ်ငန်း စသော ကဏ္ဍ ၄ ခုတွင် ကျေနပ်ဖွယ် တိုးတက်မှုများ ပြုလုပ်နိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

          အချို့သော နိုင်ငံများမှာ အခွန် အတားအဆီးများ မရှိအောင် ဖယ်ရှားရေး၊ ထုတ်ကုန် စံချိန်စံညွှန်း ကိုက်ညီရေးနှင့် အကောက်ခွန် ရှင်းလင်းရေးလုပ်ငန်း မြှင့်တင်ရေး စသော ရည်မှန်းချက်များကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ဟုလည်း ၎င်းက ပြောကြားသည်။

          သို့ရာတွင် ပေါင်းစည်း လုပ်ကိုင်မည့် ကဏ္ဍအားလုံး၏ အများစုကို ဆက်လက် ကြိုးစား ဆောင်ရွက်နေဆဲ ဖြစ်ပြီး စီစဉ်ထားသည့်အတိုင်း ၂၀၁၅ တွင် အာဆီယံ စီးပွားရေး အသိုင်းအဝိုင်းကို ဖွဲ့စည်း ဖန်တီးနိုင်ရန် အတွက် ကုန်သွယ်ရေး ပျော့ပြောင်း ညီညွတ်မှုကို အရှိန်မြင့်တင်မည်ဟု ဝန်ကြီိးများက ယခု သီတင်းပတ်ကုန်တွင် ထပ်မံ ကတိပေးခဲ့ကြကြောင်း မူစတာဖာက ပြောကြားသည်။

          "ကိုယ့်တာကို ကိုယ်လုံအောင် ထိန်းဖို့ လိုပါတယ်" ဟု ၎င်းက ပြောဆိုခဲ့ပြီး "အပျံစား အောင်မြင်မှုတွေ မရနိုင်ပေမယ့် ဒီခရီးရှည်ကို ကျွန်တော်တို့ ချီတက်ရမှာပါ။ ရေတို တစ်နပ်စား ရလဒ်တွေက အဓိက မကျပါဘူး။ ၂၀၁၅ ပန်းတိုင်ကို ရောက်အောင် သွားရမှာပါ" ဟုလည်း မှတ်ချက် ပေးခဲ့သည်။

          စီးပွားရေး ပေါင်းစည်းမှု ပြီးစီး အောင်မြင်နိုင်မည့် အရည်အချင်း အာဆီယံတွင် ရှိ/မရှိနှင့် အဖွဲ့ဝင်များကြား မကြာခဏ အငြင်းပွားမှုများ ဖြစ်နေသည့် အာဆီယံ အဖွဲ့ဝင်များ အနေဖြင့် ထိရောက်စွာ စုစည်းနိုင်ခြင်း ရှိ / မရှိ စသည့် အချက်များနှင့် ပတ်သက်၍ သံသယများ ကျန်ရှိနေဆဲ ဖြစ်သည်။

          အာဆီယံ၏ ဖွံ့ဖြိုးပြီး ၆ နိုင်ငံ (မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ဘရူနိုင်း၊ ထိုင်းနှင့် ဖိလစ်ပိုင် နှင့် အဖွဲ့ဝင်သစ် ၄ နိုင်ငံ (ဗီယက်နမ်၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား) အကြားတွင် စီးပွားရေး ကွာဟမှု အလွန် ကြီးမားလျက် ရှိသည်။

          ယှဉ်ပြိုင်နိုင်စွမ်း ရှိသော ဈေးကွက်တစ်ခု ဖြစ်လာရေး အတွက် ကွဲပြားနေသော စီးပွားရေးများကို ပေါင်းစည်းရန် လိုအပ်သည်ဟု အာဆီယံ အတွင်းရေးမှူးချုပ်  ဆူရင်ပစ်ဆူဝမ်က အလေးပေး ပြောကြားသည်။

          အာဆီယံ စီးပွားရေးသည် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုအတွင်းမှ ပြန်လည် ခုန်ထွက် လွတ်မြောက် လာသော်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ (အထူးသဖြင့် အမေရိကန် ရင်းနှီးမြှုပ်နှံမှု) မှာ ကျဆင်းနေသည်ဟုလည်း ၎င်းက ပြောသည်။

          ရင်းနှီးမြှုပ်နှံသူများ ရှာဖွေရန်နှင့် ကုန်သွယ်ရေး စာချုပ်သစ်များ ချုပ်ဆိုနိုင်ရန် အာဆီယံ ဝန်ကြီးများ ကိုယ်စားလှယ် အဖွဲ့သည် လာမည့် မေလတွင် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်မည် ဖြစ်သော်လည်း အဆိုပြုထားသော အမေရိကန် ကျောထောက်နောက်ခံပြု အာရှ - ပစိဖိတ် ကုန်သွယ်ရေး လွတ်လပ်ဇုန်သို့ ပူးပေါင်းခြင်း ပြု/မပြုကိုမူ အာဆီယံက မဆုံးဖြတ်ရသေးပါ။

          အမေရိကန်မှ ရုရှား အထိ ၂၁ နိုင်ငံ ပါဝင်သော အဆိုပြု အာရှ ပစိဖိတ် ကုန်သွယ်ရေး လွတ်လပ်ဇုန်သည် အကယ်၍ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး ဆွေးနွေးပွဲများ မအောင်မြင်ပါက အစားထိုးရန် ရွေးချယ်ထားသည့် စိတ်ကူးတစ်ခု ဖြစ်သော်လည်း ယင်းကဲ့သို့ ကြီးမား ကျယ်ပြန့်လွန်းသည့် အစီအစဉ်ကို ဆောင်ရွက် အောင်မြင်နိုင်လောက်အောင် အရည်အချင်း မပြည့်စုံသေးဟု အကဲခတ်သူများက မှတ်ချက်ပေးထားသည်။

         

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 28th February 2010

ချီလီ တွင် အင်အား ကောင်းသော ငလျင် လှုပ်ခတ်ပြီး ၂၄ နာရီ အကြာတွင် ဂျပန်နိုင်ငံ၏ မြောက်ဖက် ပစိဖိတ် ကမ်းခြေတွင် အဖြင့် တစ်မီတာ (၃ ပေ) ရှိ ဆူနာမီလှိုင်းများ ရိုက်ခတ်ခဲ့သည်။

အစောပိုင်းက ပိုမို ကြီးမားသော ဆူနာမီလှိုင်းများ တိုက်ခတ်နိုင်သည်ဟူသော ခန့်မှန်းချက်များအရ ထောင်ပေါင်းများစွာသော လူများကို မိမိတို့ နေရာမှ ထွက်ခွာရန် ပြောကြားခဲ့သည်။

အခြား ပစိဖိတ်နိုင်ငံများလည်း ဆူနာမီ ရိုက်ခတ်မှု ခံခဲ့ရသည်။ သို့သော် အန္တရာယ်များမှာ လွန်မြောက်ခဲ့ပြီဟု ပြောရမည် ဖြစ်သည်။

ချီလီနိုင်ငံ Talcahuano မြို့တွင် ငလျင်ကြောင့် ဆိုးဝါးစွာ ပျက်ဆီးပြီး Juan Fernandez ကျွန်းများတွင် လူ ငါးဦး သေဆုံးခဲ့သည်။

Talcahuano တွင် ငါးဖမ်းလှေများသည် ရေထဲမှ လှိုင်းများ ပုတ်ထုတ်ခြင်း ခံရပြီး၊ အမေရိကန် သိပ္ပံပညာရှင်များ၏ အဆိုအရ ၂.၃၄ မီတာ မြင့်သော လှိုင်းများက အခြား ဆိပ်ကမ်း အဆောက်အဦးများကို ပျက်စီးစေခဲ့ကြောင်း သိရှိရသည်။

စနေနေ့က Talcahuano မြို့သည်  ငလျင်၏ ဗဟိုချက်နှင့် အနောက်တောင်ဖက် မိုင် (၇၀) ခန့် အကွာတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 1st March 2010

          မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီယာ ဖျက်သိမ်းရေး ဆွေးနွေးပွဲများသို့ မတ်လ သို့မဟုတ် ဧပြီလတွင် ပြန်လာမည် ဖြစ်ကြောင်း Yonhap သတင်းဌာနက အမည် မဖော်လိုသူ တောင်ကိုရီိးယား အစိုးရ အကြီးတန်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ တနင်္ဂနွေနေ့က ဖော်ပြခဲ့သည်။

          အဆိုပါ ပုဂ္ဂိုလ်က "မြောက်ကိုရီးယားဟာ ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ပြန်လာပါလိမ့်မယ်။ မတ်လ ဒါမှမဟုတ် ဧပြီလလောက်မှာ ဖြစ်နိုင်ပါလိမ့်မယ်။ အချိန် အတိအကျတော့ မခန့်မှန်းနိုင်သေးပါ" ဟု ဝါရှင်တန်တွင် တောင်ကိုရီးယား သတင်းစာ ဆရာတစ်စုကို ပြောကြားခဲ့ခြင်းအား ကိုးကား၍ Yonhap သတင်းဌာနက ဖော်ပြခဲ့ခြင်း ဖြစ်သည်။

          မိမိတို့၏ တွက်ဆမှုများသည် မကြာသေးမီက မြောက်ကိုရီးယားနှင့် တရုတ်တို့၏ ဆက်သွယ်မှုများ၏ အထောက်အထားများပေါ်တွင် အခြေခံ၍ ကောက်ချက်ချထားခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

          တရုတ်နိုင်ငံသည် ကွန်မြူနစ်နိုင်ငံ ဖြစ်သော မြောက်ကိုရီးယား၏ တစ်ခုတည်းသော အဓိက မဟာမိတ်ဖြစ်ပြီး၊ ခြောက်နိုင်ငံ ဆွေးနွေးပွဲကို တရုတ်က ကြီးမှူး ကျင်းပခြင်း ဖြစ်သည်။

          အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Yu Myung-Hwan အား သောကြာနေ့က ဝါရှင်တန်တွင် ပြောကြားရာ၌ ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် ဖြစ်မြောက်မည့် လက္ခဏာများ တွေ့ရှိရသည့် အတွက် သူမအနေဖြင့် အားတက်မိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

          တရုတ်၊ တောင်နှင့် မြောက်ကိုရီးယား၊ အမေရိကန် ပြည်ထောင်စု၊ ရုရှားနှင့် ဂျပန်တို့ ပါဝင်သော ခြောက်နိုင်ငံ ဆွေးနွေးပွဲသည် လွန်ခဲ့သော ၁၀ လက ကုလသမဂ္ဂက မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီယာ စမ်းသပ်မှုများကြောင့် ၎င်းအား ပိတ်ဆို့အရေးယူမှုများကို ဆန္ဒပြသည့် အနေဖြင့် ရပ်ဆိုင်းခဲ့သည်။

          ဝါရှင်တန်ရှိ အမေရိကန် နိုင်ငံခြားရေးဌာန အကြီးတန်း ပုဂ္ဂိုလ် တစ်ဦးက ပြောကြားရာတွင် မြောက်ကိုရီးယားသည် ၎င်း၏ ဆိုးရွားလှသော စီးပွားရေး ပြုပြင် ပြောင်းလဲမှုကြောင့် နိုင်ငံတကာ၏ အကူအညီများကို မျှော်ကိုးသောအားဖြင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ မဖြစ်မနေ ပြန်လာလိုခြင်း ဖြစ်မည် ထင်ကြောင်း ပြောသည်။

         ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်မလာမီ ကုလသမဂ္ဂမှ အရေးယူမှုများ ရုတ်သမ်းပေးရန်နှင့် ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေး စာချုပ် အတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် မြောက်ကိုရီးယားက တောင်းဆိုလျက် ရှိသည်။

          သို့သော် အမေရိကန် ပြည်ထောင်စု၊ တောင်ကိုရီးယားနှင့် ဂျပန်တို့က ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ အရင် ပြန်လာရန်နှင့် နျူကလီယာ ဖျက်သိမ်းရေးနှင့် ပတ်သက်၍ တိုးတက်မှုများ ပြုလုပ်မှသာ အခြားကိစ္စများ ဆွေးနွေးရေး ကိစ္စကို စကားပြောမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

         မြောက်ကိုရီးယားသည် နျူကလီယာ လက်နက် စမ်းသပ်မှုများကို ၂၀၀၆ ခုနှစ် အောက်တိုဘာလနှင့် ၂၀၀၉ ခုနှစ် မေလက ပြုလုပ်ခဲ့ပြီး၊ ယင်းသို့ ပြုလုပ်ရခြင်းမှာ အမေရိကန်၏ နျူကလီယာ ခြိမ်းခြောက်မှုများကြောင့် ဖြစ်ကြောင်း၊ ၎င်းအနေနှင့် နျူကလီယာ မဖျက်သိမ်းမီ ငြိမ်းချမ်းရေး သဘောတူ စာချုပ် လိုအပ်ကြောင်း ဆိုသည်။

          ၁၉၅၀ -  ၁၉၅၃ ကိုရီးယားစစ်ပွဲသည် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဖြင့်သာ ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။ ငြိမ်းချမ်းရေး စာချုပ်ကိစ္စမှာ နျူကလီယာ ဖျက်သိမ်းရေးကိစ္စ မပြုနိုင်ရန် အချိန်ဆွဲသည့် အကြောင်းပြချက် တစ်ခုသာ ဖြစ်မည်ဟု သံသယ ရှိကြောင်း တောင်ကိုရီးယား အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

news.yahoo.com, 27th February 2010

တရုတ်ပြည်၏ စီးပွားရေး အတွက် ၂၀၁၀ ခုနှစ်သည် အရှုပ်ထွေးဆုံးနှစ် ဖြစ်သည်ဟု တရုတ် ဝန်ကြီးချုပ်က ပြောကြားလိုက်ပြီး ငွေကြေးဖောင်းပွမှုနှင့် အိမ်ခြံမြေ ဈေးနှုန်းများ မြင့်မားနေခြင်းကို အစိုးရက တိုက်ဖျက်သွားမည်ဟု ၎င်းက ကတိပေးသည်။

အကျင့်ပျက် ခြစားမှုများ၊ စားနပ်ရိက္ခာ မလုံလောက်မှုများ၊ အခြား လူမှုရေး ပြဿနာများနှင့် ပတ်သက်၍ စိုးရိမ် ပူပန်နေကြသော နိုင်ငံသားများ၏ အွန်လိုင်းပေါ်မှ မေးမြန်းမှုများအား ဝန်ကြီးချုပ် ဝမ်ကျားပေါင်က စနေနေ့တွင် ရှားရှားပါးပါး ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

တရုတ်နှင့် အမေရိကန် အကြား ဖြစ်ပွားနေသော စီးပွားရေးနှင့် ကုန်သွယ်ရေး အငြင်းပွားမှုများကိုလည်း ' ဝမ် ' က အလေးပေး ပြောကြားခဲ့ပြီး အရေးယူမှုများ မလုပ်ဘဲ စေ့စပ် ညှိနှိုင်းခြင်း ဖြင့်သာ ဖြေရှင်းသင့်သည် ဟုလည်း ပြောဆိုလိုက်သည်။

ကမ္ဘာ့ အကြီးဆုံး အင်တာနက် သုံးစွဲသူ ပြည်သူများနှင့် ယခုကဲ့သို့ အွန်လိုင်းပေါ်မှ တွေ့ဆုံမှုကို တရုတ်ခေါင်းဆောင်များက ဂရုတစိုက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး၊ နောင်နှစ်တွင်လည်း နောက်တစ်ကြိမ် ဆုံကြဦးမည်ဟု ' ဝမ် ' က ကတိပြုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.