Transparency Myanmar

transparency.myanmar@gmail.com

Burma News International, 5 March 2010

          ယခုအခါ မြန်မာစစ်တပ်ရော အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (NDAA) တို့ ပါ တပ်များကို ပြန်ဆုတ်သွားကြပြီဖြစ်ပါသည်။ ထို့ကြောင့်ပင် ထိုင်းနိုင်ငံ မယ်ဆိုင်မှ ရှမ်းပြည်နယ်၊ နယ်စပ် မိုင်းလားမြို့ ကြားရှိလမ်းတွင် တရုတ်လူမျိုးခရီးသည်များ၊ ၁၄ တန် တရုတ် ကုန်ပစ္စည်းတင် ကားများဖြင့် စည်းကား လျက်ရှိကြောင်း မကြာမီက မြန်မာနိုင်ငံသို့ လေးရက်တာခရီး သွားရောက်ခဲ့သော ထိုင်းနိုင်ငံမှ ကမ္ဘာ့လှည့် ခရီးသည် တစ်ဦးကပြောပါသည်။

          မယ်ဆိုင်မှ ကီလိုမီတာ ၂၅၀ ဝေးသော မိုင်းလားတွင် တွေ့ရသော လူများ၏ ၉၉.၉%သည် တရုတ်လူမျိုးများဖြစ်ကြောင်း အသက် ၆၀ ရှိ ကမ္ဘာလှည့်ခရီးသည်က ပြောပါသည်။ မိုင်းလားနှင့် ၁၆ ကီလိုမီတာဝေးသော ဝမ်ဆိုင်းရှိ ကာစီနိုသို့ ၎င်းတို့သွားရာတွင် ပိုင်ရှင်က ၎င်းတို့အား "Weleome to China" တရုတ်ပြည်က ကြိုဆိုပါတယ်ဟု နှုတ်ဆက်ခဲ့သည်ဟု အဆိုပါ ခရီးသည်ကပြောပါသည်။

          ၎င်းတို့ယမန်နှစ်လာစဉ်က ပိတ်ထားသော ဆိုင်များအားလုံးယခုအခါအားလုံးဖွင့်ထားသည်ကို တွေ့ရသည်ဟုဆိုပါသည်။

          အဆောက်အဦအသစ်များ ဆောက်နေသည်ကို တွေ့ရှိရကြောင်း၊ မိုင်းလားတွင် အပျော်အပါးများ ပြုလုပ်ရန် သတ်မှတ်ထားသော ရပ်ကွက်တွင်လည်း စီးပွားရေးကောင်းနေပုံရ ကြောင်း၊ မနှစ်ကနှင့်စာလျှင် မိန်းကလေးများပိုတွေ့လာရကြောင်း ၎င်း၏ အဖော်ဖြစ်သူက ပြောပါသည်။

          မိုင်းလားရှိ လမ်းများပေါ်တွင် သွားလာနေသော ကားများမှာ ၎င်း၏မဟာမိတ် ဝ (UWSA) ထံမှ ကားများ ဖြစ်ပါသည်။ ကားနံပါတ်ပြားတွင် ရှေ့မှ WA၊ WB၊ WC၊ WD၊ WE စသည်ဖြင့် တပ်ထားသည် ကို တွေ့ရပြီး ကားအချို့မှာ NW နှင့် SW တပ်ထားသည်ကို တွေ့ရကြောင်း၊ ၎င်းတို့မှာ အစိုးရပိုင်လမ်း များပေါ်တွင် သွားခွင့်ရကြောင်း သတင်းပေးပို့မှုများအရ သိရှိရပါသည်။

          ယခုမြင်ကွင်းကိုကြည့်ရသည်မှာ 2005 မတိုင်မီက စီးပွားရေးအရမ်းကောင်းသော အချိန်ကို ပြန်လည် သတိရကြောင်း၊ 2005 နောက်ပိုင်းတွင် တရုတ်အစိုးရက မိုင်းလားရှိ ကာစီနို လောင်းကစား ရုံ များကို ပိတ်ခိုင်းခဲ့ပါသည်။

          ပြီးခဲ့သည့်လ မဲခေါင်မြစ်ရေ ကျသွားခဲ့ပြီး နောက်မှစ၍ ထိုင်းနိုင်ငံနှင့် တရုတ် ယူနန်နယ်တို့ နယ်စပ် ကုန်သွယ်ရေးသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် လာအိုကို ဖြတ်၍ ကုန်းလမ်းကို အသုံးပြု လာရပါသည်။ ချင်းရိုင်ရှိ လုပ်ငန်းရှင်တစ်ဦးက ပြောကြားရာတွင် ယခင်က လာအိုမြောက်ပိုင်းသည် တစ်လလျှင် ကုန်တင်ကား ငါးဆယ်သာ ဖြတ်သွားခဲ့သော်လည်း ယခုအခါ တစ်ရက်လျှင် ကုန်တင်ကား ငါးဆယ်တွေ့နေရသည်ဟု ဆိုပါသည်။

          အဆိုပါဒေသတွင် အနေကြာသူတစ်ဦးက ယခု စီးပွားရေး ကောင်းလာခြင်းကို၊ တကျော့ပြန် စီးပွားရေး ပြန်ကောင်းလာခြင်း ဟု ဆိုနိုင်ကြောင်း၊ သို့သော် ထူးခြားမှုတော့ ရှိသည်ဟု ဆိုပါသည်။ ယခု စီးပွားရေး ပြန်ကောင်းလာသည်ကို ဝမ်းသာကြရသော်လည်း၊ တဖက်တွင် အစိုးရနှင့် NDAA ကြား စစ်ပွဲဖြစ်လာမှာကို စိုးရိမ်နေရကြောင်း ဒေသခံ ရှမ်းတစ်ဦးက ပြောပါသည်။ ထို့ကြောင့် အချိန်မရွေး မိုင်းလားမှ ထွက်ပြေးနိုင်အောင် အသင့်လုပ်ထားကြောင်း ၎င်းကပြောပါသည်။

          ခရီးသွားများကမူ မိုင်းလားသို့ သွားရာ လမ်းတလျှောက် စစ်တပ်များ အရေးတကြီး နေရာချထားမှုကို မတွေ့ရဟုဆိုပါသည်။ သို့သော် ဒေသခံ ခရီးသွား တစ်ဦးကမူ ယခု ဖေဖော်ဝါရီ လကုန်ပိုင်းက တရုတ်-မြန်မာ သဘာဝနယ်ခြား Line ကို ဖြတ်၍ တာပိုင်တွင် မြန်မာတပ်ရော NDAA မှ ပါ၊ ရာပေါင်းများစွာသော စစ်သားများ တွေ့ရသည်ဟု ဆိုပါသည်။

မြစ်တဖက်ခြမ်းတွင် မြန်မာတပ်၏ ဘန်ကာအသစ်များ တွေ့ရသည်ဟု မြန်မာနိုင်ငံကို လွန်ခဲ့သော နှစ် ၃၀ ခန့် ကတည်းက ရောက်ဖူးသူ ခရီးသွား တစ်ဦးက ပြောပါသည်။ ဗမာပြည် ကွန်မြူနစ်ပါတီ လက်ထက်က ဘန်ကာ အဟောင်းများကိုလည်း တွေ့ရကြောင်း၊ ၎င်းတို့ကို NDAA က အသုံးပြုကြောင်း၊ အဆိုပါ အဟောင်းများကို ယခင်က မြက်ပင်များ ဖုံးနေသော်လည်း ယခုအခါ ပစ်ကွင်းရှင်းအောင် ရှင်းလင်းထားသည်ကို တွေ့ရသည်ဟု ၎င်းကပြော ပါသည်။

          တစ်ချိန်တည်း တွင် NDAA ဒုဥက္ကဌ ဆန်ပါနှင့် ဆန်လုတို့ ဦးဆောင်သော လေးဦးပါ ကိုယ်စား လှယ်အဖွဲ့သည် မတ်လ ၂ ရက်မှ ၄ ရက်ထိ သုံးရက်ကြာ တံခါးပိတ်ဆွေးနွေးပွဲကို ဝ ခေါင်းဆောင်များ နှင့် ပန်ဆန်းတွင် ပြုလုပ်ခဲ့ပါသည်။ အသေးစိတ် သတင်းများ ထွက်ပေါ်လာခြင်းများ မရှိသေးကြောင်း သတင်းများက ဆိုပါသည်။ NDAA ၏ အထွေထွေ အတွင်းရေးမှူး မင်းအိမ်၊ ဇန်နဝါရီလက လုပ်ကြံခံရပြီး ကတည်းက ဝ နှင့် NDAA ကြား ဆက်ဆံရေး ကောင်းမွန်လျက် ရှိသည်ဟု သတင်းများက ဆိုပါသည်။

          ၎င်း၏ မဟာမိတ်များဖြစ်သော ကချင် KIA နှင့် ရှမ်း SSA (မြောက်) တို့ကပါ နေပြည်တော်မှ ၎င်းတို့ကို ကိုယ်ပိုင်ဆုံးဖြတ် အုပ်ချုပ်ခွင့် မပေးလျှင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို သဘော မတူပဲ လက်နက်ကိုင် တိုက်ပွဲဝင်ရန် ပြောကြားခဲ့ကြပါသည်။

          မြန်မာစစ်တပ်သည် ဝ တပ် (UWSA) နှင့် ၎င်းတို့၏ မဟာမိတ်များကို တိုက်ခိုက်ရန် တပ်အင်အား (70000) ခန့် ချထားကြောင်း၊ မူဆယ်ရှိ မြန်မာစစ်တပ် တာဝန်ရှိသူ၏ ပြောကြားချက်ကို ကိုးကား၍ ဧရာဝတီက ဖော်ပြခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 6 March 2010   

နေပြည်တော်အစိုးရက အမေရိကန်ဒေါ်လာ ၄၄ သန်း ကြိုတင်ငွေပေးသွင်းရန် တောင်းဆိုခဲ့ပြီး နောက်တွင် မြန်မာနိုင်ငံမှ ပဲအမျိုးမျိုးကို ရောင်းပြီးမှ ငွေပေးချေသည့် စနစ်ဖြင့် ဝယ်ယူမည့် အစီအစဉ်ကို အိန္ဒိယ နိုင်ငံက ပယ်ဖျက်လိုက်ပါသည်။

          နယူးဒေလီက ပဲအမျိုးမျိုးတန်ချိန် ၇ သိန်းခွဲခန့် ဝယ်ယူရန်အတွက် အစိုးရ အချင်းချင်း စေ့စပ်ညှိနှိုင်း နေပါသည်။

          အိန္ဒိယသည် ကမ္ဘာအကြီးဆုံး ပဲထုတ်လုပ်သူ ဖြစ်သော်လည်း လွန်ခဲ့သည့် ၄ နှစ်အတွင်း စားသုံး​မှု မြင့်တက်လာခြင်း နှင့် အထွက်နှုန်း ကျဆင်းခဲ့ခြင်းကြောင့် လက်ရှိအချိန်တွင် နှစ်စဉ် တန်ချိန် ၂ သန်းခန့် တင်သွင်း နေရပါသည်။

          အိန္ဒိယ စေ့စပ်ညှိနှိုင်းသူများက မြန်မာ့ပဲများကို ကုန်ပစ္စည်း ဖလှယ်သည့် စနစ်ဖြင့် ရယူရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု Economic Times of  India က ဖော်ပြခဲ့သည်။ သို့သော်လည်း အမေရိကန် ဒေါ်လာ ၄၄ သန်း နှင့် ညီမျှသော ကြိုတင်ငွေကို အခြားငွေကြေးယူနစ် (ဥပမာ ယူရို) ဖြင့် ပေးသွင်းရန် မြန်မာက တောင်းဆိုခဲ့ပြီးနောက် အစီအစဉ်များ ရပ်တံ့သွားသည်ဟု ဆိုပါသည်။

          မည်သို့ပင်ဖြစ်စေ Economic Times ၏ အဆိုအရ စုပေါင်း လက်ဝယ်ယူမှု အစီအစဉ်ကို နယူး ဒေလီက ပယ်ဖျက်ခဲ့ခြင်းသည် အိန္ဒိယကိုသာ ကြီးမားစွာ ထိခိုက်စေခဲ့သည်။ အကြောင်းမှာ နိုင်ငံတကာ သီးသန့်ဈေးကွက်တွင် ဈေးကြီးပေး၍ လက်လီ ဝယ်ယူနေရသောကြောင့် ဖြစ်သည်ဟု သိရပါသည်။

          အိန္ဒိယသည် တနှစ်လျှင် ပဲတန်ချိန် ၁၅ သန်းခန့် ထွက်ရှိနေသော်လည်း ဝယ်လိုအား ပြည့်မှီ ရန် တန် ၃ သန်းခန့် လိုအပ်နေသည်ဟု သတင်းစာတွင် ဖော်ပြထားသည်။

          မတ်ပဲ အပါအဝင် ပဲအမျိုးမျိုးသည် အိန္ဒိယအစားအစာအတွက် မရှိမဖြစ် လိုအပ်သော ပစ္စည်း များဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima News, 6 March 2010

          ယခုနှစ် ရွေးကောက်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ရန် လိုလားသော နိုင်ငံရေးပါတီ တစ်ခုဖြစ်သည့် Union Democracy Alliance (UDA) မှ ကိုယ်စားလှယ် ၄ ဦးနှင့် ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ နိုင်ငံများမှ သံတမန်များသည် ရန်ကုန်မြို့ ဂျာမန်သံရုံးတွင် သောကြာနေ့က တွေ့ဆုံခဲ့ကြသည်။

          "ကျွန်တော်တို့ ပါတီရဲ့ ရည်မှန်းချက်တွေကို အသေးစိတ် ရှင်းပြခဲ့တယ်။ သူတို့ရဲ့ မေးခွန်းတွေကိုလည်း ဖြေခဲ့တယ်။ ဒါပေမဲ့ အစည်းအဝေးက ကျေနပ်ဖွယ် သိပ်မရှိဘူး၊ ပါတီဝင် အင်အားလိုမျိုး အရေးမကြီးတဲ့ မေးခွန်းမျိုးတွေ မေးကြတာကြောင့်ပါ" ဟု UDA စည်းရုံးရေး၊ တာဝန်ခံ ဦးအုန်းဆွေက ပြောကြားသည်။

          "အစိုးရက ရွေးကောက်ပွဲ ဥပဒေကို မကြေညာရသေးတဲ့ အချိန်မျိုး၊ တရားဝင် နိုင်ငံပါတီအဖြစ် ရပ်တည်ခွင့်တောင် မရှိသေးတဲ့ အချိန်မျိုးမှာ ပါတီဝင်အင်အားကို ခန့်မှန်း တာက အဓိပ္ပါယ်မရှိပါဘူး" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

          ဥရောပ ၄ နိုင်ငံ သံတမန်များနှင့် တွေ့ဆုံခဲ့သည့် UOA ကော်မတီ ၄ ဦးမှာ စစ်မှုထမ်းဟောင်း ရှမ်း နိုင်ငံရေးသမား ဦးအုန်းရွှေ၊ သိန်းသန်းအောင်၊ နေမျိုးဝေနှင့် ကိုကိုကြီး တို့ ဖြစ်ပါသည်။

          UOA က ပြောကြားရာတွင် "အခုက စည်းရုံးဆဲအဆင့်ပဲ ရှိသေးတယ်၊ ရွေးကောက်ပွဲ ဥပဒေလည်း မကြေညာသေးဘူး၊ နိုင်ငံပါတီအဖြစ် မှတ်ပုံတင်ခွင့်လည်း မရသေးဘူး၊ ပါတီဝင်အင်အားကို ခန့်မှန်းဖို့ ခက်ပါတယ်" ဟု မှတ်ချက် ပေးခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Nation , 6 March 2010

ကမ္ဘာအသိုင်းအဝိုင်းသည် မြန်မာအစိုးရအား လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် တိုက်တွန်းနေသည့် တချိန်တည်းမှာပင် မြောက်ကိုရီးယားနှင့် ဝေးဝေးနေစေရန်လည်း ဆောင်ရွက်သင့်လှပေသည်။

အမေရိကန်အစိုးရသည် မြန်မာအစိုးရနှင့် ပြီးခဲ့သည့် သြဂုတ်လကစ၍ အဆင့် မြင့်တွေ့ဆုံမှု လေးခု ပြုလုပ်ခဲ့ပါသည်။ အမေရိကန်တို့ မြန်မာနိုင်ငံနှင့် ဆက်ဆံရခြင်း အဓိက အကြောင်းရင်း နှစ်ခုရှိပါသည်။

ပထမတစ်ချက်မှာ မြန်မာအစိုးရအား အားလုံးပါဝင်ပြီး လွတ်လပ်၍ တရားမျှတ သော ရွေးကောက်ပွဲ ဖြစ်စေရေး နားချရန်ဖြစ်ပါသည်။ ဒုတိယအချက်မှာလည်း အရေးကြီး ပါသည်။ မြောက်ကိုရီးယားနှင့် မြန်မာအစိုးရ အကြား လက်နက်များ ရောင်းဝယ်ခြင်းနှင့် နျူကလီးယား လက်နက် ပြန့်ပွားလာခြင်း များတွင် ခပ်ကင်းကင်း နေနိုင်ရေး ကြိုးစားရန် ဖြစ်ပါသည်။

ဝါရှင်တန် အနေဖြင့် မြန်မာအစိုးရအပေါ် စိတ်အားထက်သန်စွာ ပျော့ပျော့ပျောင်း ပျောင်း ချဉ်းကပ်ခြင်းဖြင့် ရွေးကောက်ပွဲအား နိုင်ငံတကာက လက်ခံရေး၊ ရွေးကောက်ပွဲ ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ပြန်လည်ဝင်ဆန့်နိုင်ရေး ပြုလုပ်နိုင်လိမ့်မည် ဟု ယုံကြည်ပါသည်။

ယခုအချိန်အထိမူ မြန်မာအစိုးရသည် ရွေးကောက်ပွဲကျင်းမည့် ရက်ကို သတ်မှတ်ရခြင်း မရှိသေးသလို၊ ရွေးကောက်ပွဲ ဥပဒေကိုလည်း အများမြင်သာအောင် ထုတ်ဖော်ခြင်း မရှိသေးပေ။ အစိုးရအတွင်းတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ စိတ်အား ထက်သန်မှု ရှိပုံမရပေ။ အစိုးရထံတွင် သူလျှောက်လိုသည့် လမ်းကြောင်းရှိပြီး ဖြစ်လိမ့်မည် ဖြစ်ပြီး အခြားမည်သူ၏ အကြံဥာဏ်ပေးမှုကိုမျှ အလေးဂရုပြုမည့်ပုံမရှိပေ။

နောက်ဆုံးအဖြေတွင်မူ စစ်အစိုးရသည် ၎င်း၏ကြီးကျယ်ခမ်းနားသော နိုင်ငံရေး မဟာဗျူဟာမှ ရလဒ်ကြီးကြီး ရရှိရေးအတွက် အောင်မြင်စွာ အချိန်ဆွဲခြင်းဖြင့် စီမံခန့်ခွဲ နေခြင်းပင် ဖြစ်တော့သည်။ ၎င်း၏ နိုင်ငံရေး မဟာဗျူဟာအရ အာဏာ တည်တံ့ရေး အတွက် ငွေမည်မျှ ကုန်သည်ဖြစ်စေ၊ အလျော့ပေးမည့်ပုံမရှိပေ။

အရေးကြီးဆုံး တစ်ခုမှာ အစိုးရ ခေါင်းဆောင်များသည် ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံလှုပ်ရှားမှုများတွင် မပါဝင်အောင် ဆက်လက် ထိန်းသိမ်း ထားလိုခြင်းပင် ဖြစ်ပါသည်။

ထို့ကြောင့်ပင် ငြိမ်းချမ်းရေး နိုဗယ်ဆုရ အမျိုးသမီးများဖြစ်သော Shirin Ebadi နှင့် Tody Williams တို့သည် အခြားလူသိများသော လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် ရက်ရက်စက်စက် ညှဉ်းပန်းမှုများကို မီးမောင်းထိုးပြရန် ကြိုးစားလျက် ရှိနေကြပါသည်။

၎င်းတို့က နိုင်ငံတကာရာဇဝတ်မှု တရားရုံး(International Criminal Court) မှ ထောက်ခံကူညီမှုများ ပေါ်ပေါက်ရန် တောင်းဆိုခဲ့ပါသည်။ အဘယ်ကြောင့် ဆိုသော် လွန်ခဲ့သည့် နှစ်နှစ်ဆယ်အတွင်း မြန်မာအစိုးရ သည် မသိနားမလည်သူများအပေါ် မုဒိမ်းကျင့်ခြင်း၊ နှိပ်စက်ခြင်းများစသော လူမဆန်သော ရာဇဝတ်မှုများ ကျူးလွန် ခဲ့သောကြောင့် ဖြစ်သည်ဟု ဆိုပါသည်။

အစိုးရသည် အမှန်တကယ်လည်း မုဒိမ်းမှု ကျူးလွန်ခြင်းအား တိုင်းရင်းသားများ အပေါ် စစ်ဆင်ရေး တစ်ခုသဖွယ် အသုံးပြုခဲ့ပါသည်။ ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများ လွတ်လပ်လုံခြုံစွာ နေထိုင်ရေး ဟူသော မွန်မြတ်သည့် ရည်ရွယ်ချက်အား လက်တွဲလုပ်ဆောင် သင့်လှပေသည်။

နောက်တစ်ချက်အနေဖြင့် ဝါရှင်တန်သည် ယခုအချိန်အထိမူ နာမည်ဆိုး တိုင်းပြည်နှစ်ခုအား ခပ်ခွာခွာနေအောင် မပြုလုပ်နိုင်သေးပေ။ မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံ ပုံမှန်ဆက်ဆံရေး ရှိသည်သာမကဘဲ လွန်ခဲ့သော နှစ်နှစ်ခန့်မှ စ၍ စစ်သုံးအရာဝတ္ထုများ (military hardware) ကိစ္စများတွင် ပိုမိုခိုင်မာစွာ ပူးပေါင်း ဆောင်ရွက် လာခဲ့ပါသည်။

မြန်မာအစိုးရသည် အိမ်နီးချင်း နိုင်ငံများအပေါ် စစ်ရေးအရ ဗိုလ်ကျ နိုင်ရေး အတွက် ရည်ရွယ်၍ မြောက်ကိုရီးယားမှ လူသေစေနိုင်သော လက်နက်များကို အလိုရှိနေပါသည်။

သတင်းပေးပို့မှုများအရ မြန်မာအစိုးရ၏ နျူကလီယာ ပိုင်ဆိုင်လိုမှုသည် ဂရုပြုသင့်သော အချက်တစ်ခု ဖြစ်လာပါသည်။ သို့သော် နျူကလီယာ ပိုင်ဆိုင်ရေး လုပ် ဆောင်ရန် ခက်ခဲလိမ့်ဦးမည် ဖြစ်ပေသည်။

သို့သော် နောင်ဆယ်နှစ်၊ ဆယ့်ငါးနှစ်ခန့် ကြာလျှင်မူ မြန်မာနိုင်ငံသည် နည်းပညာ ရောင်းလိုသူ နာမည်ပျက် နိုင်ငံများ၏ အကူအညီဖြင့် နျူကလီယာ ပိုင်ဆိုင်မှုကို တည်ဆောက်နိုင်လိမ့်မည် ဖြစ်ပေသည်။

အီရန်ကဲ့သိုသော နျူကလီယာ ပိုင်ဆိုင်လာသော နိုင်ငံသစ်များသည် ၎င်းတို့၏ နျူကလီယာ အဆောက်အဦများကို လူမသိအောင် မည်သို့ ဖွက်ထားရမည် ဆိုသည်ကို ကောင်းကောင်း သိကြသည်။ ထို့ကြောင့် ကမ္ဘာ ကရော အထူးသဖြင့် ထိုင်းနိုင်ငံကပါ သေချာစွာ စောင့်ကြည့်သင့်ပြီး၊ မြန်မာအစိုးရ၏ လှည့်စားမှုကို မခံရအောင် ဂရုပြုသင့်သည်။

အမေရိကန် ပြည်ထောင်စုမှ အရှေ့အာရှရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell သည် လာမည့် အပတ်တွင် ထိုင်းနိုင်ငံသို့ လာရောက်မည်ဖြစ် ရာ၊ သူ၏ သွားရမည့် ခရီးစဉ် အတည်ပြုပြီး ဖြစ်ပါက မြန်မာနိုင်ငံသို့ ဝင်ရောက်လိမ့်မည် ဖြစ်ပါသည်။ ၎င်းမြန်မာနိုင်ငံသို့ သွားဖြစ်ခဲ့မည် ဆိုပါက အစိုးရအား ဒီမိုကရေစီတံခါးဖွင့် ရာတွင် အချိန်မဆွဲသင့်ကြောင်း၊ အချိန်များ ကုန်လွန်ခဲ့ပြီဖြစ်ကြောင်း ပြောရန် အခွင့် အရေး ရလိမ့်မည် ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံမှ ဧရာဝတီမြစ် စတင်စီးဆင်းရာ ကချင်ပြည်နယ်ရှိ မေခနှင့် မေလိခ မြစ်နှစ်သွယ် စတင် ပူးပေါင်းသည့် မြစ်ဆုံဒေသအနီးရှိ တန်ထီး ကျေးရွာသူ၊ ကျေးရွာသားများအား မြစ်ကြီးနားမှ အာဏာပိုင်များက ဖိအားပေး ရွှေ့ပြောင်းခိုင်းလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ တန်ထီးကျေးရွာသည် မြစ်ဆုံအနီးရှိ ရေအားလျှပ်စစ် စီမံကိန်းနှင့် နီးကပ်လျက်ရှိရာ မြစ်ဆုံဆည် တည်ဆောက်ရေးအတွက် အာဏာပိုင်များက နေရာရွှေ့ပြောင်းခိုင်းခြင်း ဖြစ်ကြောင်း ကချင် လူမှုရေး အသင်းအဖွဲ့များက ဆိုသည်။

ကချင် ဒီမိုကရက်တစ် ကွန်ယက်အဖွဲ့ (KDNG) ၏ အဆိုအရ မြစ်ကြီးနားမြို့နယ်၊ အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေးအဖွဲ့ (မယက) အဖွဲ့ဝင်များက ထန်ထီကျေးရွာ အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးအဖွဲ ဥက္ကဋ္ဌ ဦးအောင်ဘန်း အား ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျေးရွာ နေရာ ပြောင်းရွှေ့မှု အတွက် သဘောတူညီချက် လက်မှတ် ရေးထိုးခိုင်းခဲ့သည်။

"မြစ်ကြီးနား မ.ယ.က အဖွဲ့ဝင်တွေက သူတို့ဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အမိန့်အတိုင်း လုပ်ဆောင်ရတာပါလို့ ဦးအောင်ဘန်းကို ပြောတယ်လို့ သိရပါတယ်။ တကယ်လို့ အမိန့်ကို လက်မခံဘဲ လက်မှတ် မထိုးဘူးဆိုရင် ဖမ်းဆီးခံရမယ် လို့လည်း ဦးအောင်ဘန်းကို ခြိမ်းခြောက်ခဲ့ကြပါတယ်။ အဲဒါနဲ့ သူလည်း လက်မှတ်ထိုးလိုက် ရတာပါ" ဟု KDNG ဥက္ကဋ္ဌ ဦးအောင်ဝါ က Mizzima သတင်းဌာနသို့ ပြောကြားသည်။

ယခုအခါ ကချင်ပြည်နယ်မှ အာဏာပိုင်များသည် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း နေရာဒေသတွင် ရှိသည့် ကျေးရွာပေါင်း ၆၀ ခန့်အား နေရာရွှေ့ပြောင်းရန် ပြင်ဆင်လျက်ရှိသည်။ တန်ထီးရှိ ကျေးရွာပေါင်း ၂၂ ရွာမှ ဥက္ကဋ္ဌများက အချက် ၁၀ ချက်ပါ အဆိုပြုလွှာကို ပြီးခဲ့ သည့် ၂၀၀၉ ခုနှစ် စက်တင်ဘာလက ကချင်ပြည်နယ် ဖွံ့ဖြိုးရေးနှင့် အေးချမ်းသာယာရေး ကောင်စီသို့ တင်သွင်း ခဲ့သည်။

ယင်းအဆိုပြုလွှာတွင် ပြောင်းရွှေ့ရမည့်နေရာကို စိတ်ကြိုက် ရွေးချယ်ပိုင်ခွင့်နှင့် ပြောင်းရွှေ့ ရခြင်းအတွက် လျော်ကြေးငွေ ရပိုင်ခွင့် တို့ ရရှိရန်လည်း ထည့်သွင်း တောင်းဆိုထားပါသည်။

"သူတို့က ကျွန်တော်တို့ရဲ့တောင်းဆိုချက်ကို ပယ်ချခဲ့ပြီး ကျွန်တော်တို့ကို ပြောင်းရွှေ့ဖို့ သဘောတူညီချက် စာချုပ်ကို လက်မှတ် ထိုးခိုင်းခဲ့ပါတယ်။ ရွာသားတွေကလည်း သူတို့ရဲ့ အစီအစဉ် ကို လက်မခံနိုင်ကြဘူးလို့ ပြောထားပါတယ်။ ရွာသူကြီးတွေကလည်း နှစ်ပေါင်းများစွာ နေထိုင်လာတဲ့ နေရာကို စွန့်ခွာရမှာ မလိုလားကြပါဘူး" ဟု ဦးအောင်ဝါက ပြောပါသည်။

အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းကို တရုတ်နိုင်ငံ China Power Investment (CPI) နှင့် မြန်မာနိုင်ငံမှ အေးရှားဝေါလ် (Asia World) ကုမ္ပဏီတို့ ပူးတွဲ တည်ဆောက်သွားမည် ဖြစ်သည်။ အေးရှားဝေါလ် ကုမ္ပဏီသည် ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာမှ စတင်၍ စီမံကိန်းအလုပ်သမားများအတွက် နေထိုင်စရာများ ဆောက်လုပ်ခြင်း၊ မြစ်၏ ရေစီးရေလာ အခြေအနေများ စမ်းသပ်ခြင်း တို့ကို စတင်အကောင်အထည်ဖော် လုပ်ကိုင်နေပြီ ဖြစ်သည်။

သတင်းများအရ တန်ထီး၊ မြစ်ဆုံ၊ ကျင်းခရန်၊ ဒေါင်းပန်း၊ ပခန်းဘူးစသည့်ကျေးရွာများမှ အိမ်ခြေ ၂၀၀ နှင့် လူဦးရေ ၁၀၀၀ ခန့်မှာ နေရာ ပြောင်းရွှေ့ရတော့မည် ဖြစ်သည်။

"ဒါဟာ လူ့အခွင့်အရေးကို ကျယ်ကျယ်ပြန့်ပြန် ချိုးဖောက်တာပါပဲ၊ ဒေသခံတွေရဲ့ခွင့်ပြုချက် ရယူနိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ဖိအားပေး ပြောင်းရွှေ့ခိုင်းမယ် ဆိုရင် ရေအားလျှပ်စစ် စီမံကိန်းမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်"ဟု ၎င်း က ပြောပါသည်။

တရုတ်နိုင်ငံ CPI ကုမ္ပဏီသည် ၂၀၀၇ ခုနှစ်တွင် အမှတ် ၁ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာန နှင့် အဆိုပါ စီမံကိန်းအတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ မြစ်ဆုံဆည် တည်ဆောက်မည့် နေရာသည် ဧရာဝတီမြစ် စတင်ဖြစ်တည်ရာ မေခနှင့်မေလိခ မြစ်ဆုံအနီး၊ မြစ်ကြီးနားမှ မိုင် ၂၀ အကွာတွင် တည်ရှိသည်။

အဆိုပါ မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းတစ်ခုတည်းမှ လျှပ်စစ်စွမ်းအင် မီဂါဝပ် ၃၆၀၀ ထွက်ရှိမည်ဖြစ်သည်။ အဆိုပါ စီမံကိန်းအတွက် ဆည်တမံပေါင်း ခုနစ်ခု တည်ဆောက်မည် ဖြစ်ကြောင်း၊ မေခမြစ်တွင် ဆည် ငါး ခု၊ မေလိခမြစ်တွင် ဆည် နှစ်ခု တည်ဆောက်ရန် စီစဉ်ထားကြောင်း စုံစမ်းသိရှိရပါသည်။

ဆည်တည်ဆောက်မှု ဆန့်ကျင်ရေး သမားများက အကယ်၍ ဆည်များသာ ကျိုးပေါက်သွားပါ က မြစ်ကြီးနားနှင့် မြစ်ဆုံကြားမှ ကျေးရွာပေါင်း ၂၀ ခန့် ရေလွှမ်းမိုးခြင်း ခံရဖွယ် ရှိသည်ဟု ခန့်မှန်း ပြောဆိုကြသည်။

ဤမျှလောက် အန္တရာယ်ကြီးမားသော ရေအားလျှပ်စစ် စီမံကိန်းကို ပြည်တွင်း၊ ပြည်ပ ကချင် တိုင်းရင်းသားများ၊ ကချင်ကျောင်းသားသမဂ္ဂ၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) နှင့် ပြည်ပြေး ကချင် တိုင်းရင်းသားများက သပိတ်မှောက် ကန့်ကွက်လျက် ရှိသည်။

ပြည်ပရောက် ကချင်တိုင်းရင်းသားများက ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အသနား ခံစာ တစ်စောင်ကို ပူးတွဲလက်မှတ်ရေးထိုးပြီး ထိုင်း၊ အိန္ဒိယ၊ စင်ကာပူ၊ ဗြိတိန် နှင့် နယူးဇီလန် စသည့် နိုင်ငံများရှိ တရုတ် သံရုံးများမှတစ်ဆင့် ဝန်ကြီးချုပ် ဝမ်ကျားပေါင် ထံသို့ ပေးပို့ခဲ့သည်။ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို အမြန်ဆုံး ရပ်ဆိုင်းပေးရန် အသနားခံ တောင်းဆိုခဲ့ ကြခြင်း ဖြစ်ပါသည်။

အမှတ် ၁ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာန နှင့် CPI ကုမ္ပဏီတို့ အကြား လက်မှတ်ရေးထိုးထား သော သဘောတူညီချက်အရ ကချင်ပြည်နယ်တွင် အဆိုပါ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း အပါအဝင် ရေအားလျှပ်စစ် စီမံကိန်းပေါင်း ၇ ခု တည်ဆောက်သွားမည်ဖြစ်သည်။

အဆိုပါ စီမံကိန်းများမှ လျှပ်စစ်စွမ်းအား စုစုပေါင်းမီဂါဝပ် ၁၃၃၆၀ ထွက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပိုင် New Light of Myanmar သတင်းစာကဆိုသည်။ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်ပြီး၊ ဒုတိယအကြီးဆုံး မှာ ရှမ်းပြည်နယ် တာဆန်း စီမံကိန်း ဖြစ်သည်။တာဆန်းမှ လျှပ်စစ်စွမ်းအင် ၇၁၀၀ မီဂါဝပ် ထွက်ရှိမည်ဟုဆိုသည်။

မြစ်ဆုံ စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ကို အတိအကျ ထုတ်ပြန်ခြင်း မရှိသေးသော် လည်း အမေရိကန် ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံခန့် ကုန်ကျနိုင်သည်ဟု ခန့်မှန်းရသည်။ အဆိုပါ စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ်စွမ်းအင်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ရောင်းချဖွယ်ရှိပြီး ရောင်းချဖြစ်ပါက နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ရရှိနိုင်သည် ဟု KNDG က ၂၀၀၇ ခုနှစ်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါသည်။

ဆည် တည်ဆောက်မှု ဆိုင်ရာ ကမ္ဘာ့ကော်မရှင် (WCD) ၏ အဆိုအရ လူပေါင်း သန်း ၄၀ မှ ၈၀ ခန့်သည် ကမ္ဘာတစ်လွှား ဆည်တမံ တည်ဆောက်မှုကြောင့် နေရာပြောင်းရွှေ့ နေထိုင်ခဲ့ရသည် ဟု ဆိုသည်။

Mizzima သတင်းဌာနမှ သတင်းဆောင်းပါးကို ဘာသာပြန်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy news, 5 Mar 2010

မြန်မာ အစိုးရ တောင်းဆိုထားသည့် နယ်ခြားစောင့်တပ် BGF ဖွဲ့စည်းရေးကို သဘောတူရန် ပျက်ကွက်ခဲ့ပါက တိုင်းရင်းသား လက်နက်ကိုင်များအနက် အကြီးဆုံးဖြစ်သော ဝ တပ်ဖွဲ့ UWSA နှင့် ၎င်း၏ နိုင်ငံရေး ဋ္ဌာနခွဲ ဝပြည် ညီညွတ်ရေး ပါတီ UWSP ကို မတရားသင်း ကြေညာရန် မြန်မာစစ်ဖက် အစိုးရက စဉ်းစားနေသည်ဟု သိရှိရသည်။

နယ်ခြားစောင့်တပ် BGF ကိစ္စကို ဖြေရှင်းရန် ကြိုးပမ်းသည့် အနေဖြင့် ဝ ခေါင်းဆောင်များနှင့် နောက်တစ်ကြိမ် အစည်းအဝေး ကျင်းပရန် ကြိုးစားမည်ဟု မြန်မာ အာဏာပိုင်များက တရုတ် အာဏာပိုင်များကို ပြောကြားခဲ့သည်ဟု နေပြည်တော်နှင့် အဆက်အသွယ် ရှိသော တရုတ် အရာရှိများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နီးစပ်သော သတင်းရပ်ကွက်များက ဆိုပါသည်။

အကယ်၍ UWSA က နယ်ခြားစောင့်တပ် အစီအစဉ်ကို ဆက်လက် ငြင်းပယ်နေပါက ဝတပ်ဖွဲ့နှင့် ဝနိုင်ငံရေးပါတီ ကို တရားမဝင် အဖွဲ့အစည်းများ အဖြစ် သတ်မှတ် ကြေညာမည် ဖြစ်ကြောင်း နေပြည်တော် ကဘီဂျင်းသို့ ပြောကြားခဲ့သည်ဟု သိရပါသည်။

နယ်ခြားစောင့်တပ် အစီအစဉ်ကို ဝ တပ်ဖွဲ့ လက်ခံလာအောင် ကူညီစည်းရုံးပေးရန် တရုတ်ကို မြန်မာ အာဏာပိုင်များက မေတ္တာရပ်ခံထားသည်ဟုလည်း ဆိုပါသည်။

အကယ်၍ ဝတပ်ဖွဲ့ကို မတရားသင်း အဖြစ် တရားဝင် ကြေညာလိုက်ပါက ခန့်မှန်း အင်အား ၃ သောင်း ရှိ UWSA ကို စစ်ရေးအရ အရေးယူ ဆောင်ရွက်ရန် လမ်းပွင့်သွားမည် ဖြစ်သည်။

တင်းမာမှုကြီးထွားနေသော တရုတ်-မြန်မာ နယ်စပ်နှင့် မျက်နှာခြင်းဆိုင်တွင်ရှိသည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ အခြေအနေကို အနီးကပ် စောင့်ကြည့်ရန် တပ်လှန့်ထားသည်ဟုလည်း အစိုးရ သတင်းရပ်ကွက်မှ သိရှိရသည်။

ကိုးကန့် တပ်ဖွဲ့ MNDAA ကို အစိုးရတပ်ဖွဲ့များ တိုက်ခိုက်ခဲ့စဉ်ကလည်း အဆိုပါ လက်နက်ကိုင် အဖွဲ့ကို တရားမဝင် အဖွဲ့အစည်းအဖြစ် အရင် ကြေညာပြီးမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က အစိုးရ ထိုးစစ်ကြောင့် ကိုးကန့် ဒေသတွင် စီးပွားရေး လုပ်ငန်းများ ပျက်စီးခြင်း၊ ဒုက္ခသည် ထောင်ပေါင်းများစွာ တရုတ်ပြည်သို့ ဝင်ပြေးခြင်း စသော ကိစ္စများ ဖြစ်ပွားခဲ့သည်။

အကယ်၍ မြန်မာ အစိုးရ စစ်တပ်က UWSA အပေါ် ထိုးစစ်ဆင်မည် ဆိုပါက တရုတ်နိုင်ငံတွင်းသို့ စစ်ပြေးဒုက္ခသည်များ ထပ်မံ ဝင်ရောက်လာလိမ့်မည်ဟု ခန့်မှန်းမျှော်လင့်ထားကြပါသည်။ အချိန်တို စစ်ပွဲ မဟုတ်ပဲ ပြောက်ကျားနည်းဗျူဟာများဖြင့် ရေရှည်ဖြစ်ပွားမည့် စစ်ပွဲ ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားပါသည်။

လက်ရှိ အကျပ်အတည်းတွင် အရေးကြီးသည့် စဉ်းစားစရာ တစ်ခုမှာ ခြောက်သွေ့ ရာသီကုန်ဆုံးရန် နီးကပ်လာခြင်းပင် ဖြစ်သည်။ အထူးသဖြင့် စစ်ဆင်ရေး လုပ်ငန်းများကို အနှောက်အယှက် ဖြစ်လောက်အောင် မိုးသည်းထန်စွာ ရွာသွန်းသည့် မုန်သုန်ရာသီသို့ ရောက်ရှိရန် ၂ လ ပင် မလိုတော့ပါ။

သောကြာနေ့က အထိ UWSA အရာရှိများ က ယင်းနှင့် စပ်လျဉ်း၍ မှတ်ချက်ပေးနိုင်ခြင်း မရှိသေးပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Thai Asean News Network,5-Mar-2010

မြန်မာကမ်းခြေစောင့် တပ်များက ငါးဖမ်းစက်လှေများထံမှ ဒီဇယ်ဆီများ၊ ပိုက်ဆံများ လုယက်သည့် ကိစ္စ အကြိမ်များစွာ ဖြစ်ပွားခဲ့ပြီးနောက် ရနောင်း ငါးဖမ်းစက်လှေများ အသင်းက အာဏာပိုင်များထံ တိုင်ကြားခဲ့ပါသည်။

မြန်မာကမ်းခြေစောင့်တပ်များက ယူနီဖောင်းဝတ်၍ တစ်မျိုး၊ အရပ်ဝတ်ဖြင့် တစ်သွယ် ကျူးလွန်နေသည့် ပင်လယ်ပြင် လုယက်မှုများကို အရေးယူ ဆောင်ရွက်ပေးရန် ရနောင်း ငါးလုပ်ငန်း အသင်း ဥက္ကဋ္ဌ တာဝီးဘွန်းရင်း ဦးဆောင်သည့် ငါးဖမ်းစက်လှေများ အဖွဲ့က အစိုးရကို တောင်းဆိုထားပါသည်။

တာဝီး၏ အဆိုအရ ထိုင်း ငါးဖမ်း ကုမ္ပဏီ ၃ ခုမှာ မြန်မာ့ ပင်လယ်ပြင်တွင် ငါးဖမ်းခွင့်ရရန် သက်တမ်းတိုး အာမခံရခဲ့သည် ဟု သိရပါသည်။

သို့သော်လည်း ထိုင်းတံငါသည် အများစုမှာ မြန်မာကင်းလှည့် ရေယာဉ်များ၏ ဒီဇယ်ဆီနှင့်ပိုက်ဆံ အနိုင်ကျင့် လုယူမှုကို ခံခဲ့ရသည်ဟု ၎င်းကပြောကြားသည်။

လစဉ် ဒီဇယ် ပေပါ ၅၀ ခန့်နှင့် ဘတ်ငွေ ၂ သိန်း ခန့် အနိုင်ကျင့် လုယက်ခံရသည်ဟု ခန့်မှန်းထားကြပါသည်။

လုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်သော အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်ရန် ဒေသခံ ငါးဖမ်း စက်လှေများ အဖွဲ့နှင့် ငါးလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ အစည်းအဝေး ကျင်းပမည်ဟု တာဝီးကပြောဆိုပါသည်။

မိမိတို့ အဖွဲ့သည် ငါးလုပ်ငန်းဦးစီးဋ္ဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနထံမှ အကူအညီ တောင်းခံသွားမည်ဟု တာဝီးက ဆက်လက်ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB, 5-Mar-2010   

မြန်မာနိုင်ငံရှိ အဓိက အရက်ချက် စက်ရုံတွင် အလုပ်သမား ၁၅၀၀ ခန့် ဆန္ဒပြမှုမှာ ငြိမ်းချမ်းစွာ ပြီးဆုံးသွားခဲ့ပါသည်။ သို့သော် ရန်ကုန်မြို့ရှိ အလုပ်သမားများကြားတွင် မငြိမ်သက်မှုများ ကြီးထွားလာမည့် အရိပ် အယောင်များ တွေ့နေရဆဲ ဖြစ်ပါသည်။

ရွှေပြည်သာ စက်မှုဇုံတွင်ရှိသော Grand Royal ဝီစကီ စက်ရုံတွင် ဗုဒ္ဓဟူးနေ့က အလုပ်ရှင်နှင့် အလုပ်သမားများကြား၌ သဘောတူညီမှု ရရှိခဲ့ပါသည်။

IBTC မှ ပိုင်သော စက်ရုံတွင် အလုပ်သမား ၁၅၀၀ ခန့်သည် မတ်လ ၃ ရက်နေ့က စ၍ လစာ ကျပ် နှစ်သောင်း (ဒေါ်လာ ၂၀) တိုးပေးရန် ထိုင်၍ ဆန္ဒပြခဲ့ကြပါသည်။

ဆန္ဒပြသူများက အခြား အခြေခံ ရပိုင်ခွင့်များပေးရန် တောင်းဆိုခဲ့ပါသည်။ အစိုးရ ရုံးပိတ်ရက်တွင် နားရက်ပေးရန်၊ အလုပ်သမားများ၏ လုပ်ကိုင်မှုအားကြည့်၍ အမြဲတမ်း ဝန်ထမ်း ဖြစ်ရေး အကဲဖြတ်ပေးရန် စသည်တို့ပါဝင်သည်။

ပြီးခဲ့သည့်လက ရန်ကုန်ရှိ စက်ရုံ အချို့တွင် အလားတူ သပိတ်မှောက်မှုများ ရှိခဲ့ပါသည်။ အစိုးရ၏ ဆန္ဒပြမှုများကို ရက်ရက်စက်စက် နှိပ်ကွပ်မှုများ၊ မီဒီယာများတွင် ဆန္ဒပြမှု သတင်းများ ပိတ်ပင်ထားသည့်ကြားမှ ဆန္ဒပြမှုများ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ သို့သော် ငြိမ်းချမ်းစွာ ပြီးဆုံးသွားခဲ့ပြီး၊ အလုပ်ရှင်များကလည်း အချို့ အချက်များကို ခွင့်ပြုခဲ့ပါသည်။

Grand Royal Whisky ဆန္ဒပြမှုမှာ ပြီးဆုံးသွားခဲ့သော်လည်း တောင်းဆိုသော အခွင့်အရေးများ အနက် အနည်းငယ်သာ ရရှိခဲ့ပါသည်။

အလုပ်သမားများက နေ့စားခတွင် တစ်ရက် ၁၈၀၀ ကျပ် (ဒေါ်လာ 1.8) တိုးပေးရန်နှင့် လစာတွင် ကျပ်နှစ်သောင်း (ဒေါ်လာ ၂၀) တိုးပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ ဆန္ဒပြသူ အလုပ်သမား တစ်ဦး၏ အဖေက ပြောပြခဲ့ပါသည်။

စက်ရုံ ပိုင်ရှင်များက လစာ ၂၀၀၀၀ ကျပ် တိုးပေးရန် ငြင်းဆန်ခဲ့ပြီး အလုပ်ပျက်ရက် မရှိသော အလုပ်သမားကို ဘောနပ်ပေးရာတွင် ကျပ် ၆၀၀၀ (၆ ဒေါ်လာ) မှ ကျပ် ၁၀၀၀၀ (10 ဒေါ်လာ) တိုးပေးရန် အဆိုပြုခဲ့ပါသည်ဟု ၎င်းက ပြောပါသည်။

အဆိုပါ အလုပ်သမား၏ အဖေ ပြောပြချက် အရ စက်ရုံတွင် လုပ်သက် တစ်နှစ်အောက် အလုပ်သမား တစ်ဦးသည် တစ်ရက်လျှင် 1100 ကျပ် (1.1 ဒေါ်လာ) သာရပြီး၊ လုပ်သက်ရင့် အလုပ်သမား တစ်ဦးသည် တစ်ရက် 1300 ကျပ် (1.3 ဒေါ်လာ) သာရကြောင်း သိရပါသည်။

တစ်ရက်ပျက်လျှင်ပင် ဘောနပ်ပေးသည့် စာရင်းတွင် မထည့်ကြောင်း ၎င်းက ပြောပါသည်။

အလုပ်သမားများ၏ တောင်းဆိုချက် တစ်ခု ဖြစ်သော လုပ်သက် နှစ်နှစ် ကျော်သော အလုက်သမားများကို အမြဲတမ်း အလုပ်သမား ဖြစ်ရေး စဉ်းစားပေးရန် ကိစ္စအား၊ လုပ်သက် သုံးနှစ်ပြည့်မှ စဉ်းစားမည်ဟု ပိုင်ရှင်က အကြောင်းပြန်သည်ဟု ၎င်းက ပြန်ပြောပါသည်။

စက်ရုံ အလုပ်သမား တစ်ဦးမှာ နေမကောင်းသည့် ကြားမှ အလုပ်ဆင်းနေသောကြောင့် မကြာသေးခင်က သေဆုံးသွားရကြောင်း သူကပင် ရှင်းပြပါသည်။

IBTC စက်ရုံ၏ အခြေအနေမှာ အတော်ဆိုးရွားကြောင်း ပြောပြကြပါသည်။ ပုလင်း သန့်ရှင်းရေး လုပ်သော အလုပ်သမများကို လက်အိတ် ပင်မပေးကြောင်း အလုပ်သမားများနှင့် နီးစပ်သူများ၏ သတင်းပေးပို့မှု အရ သိရှိရပါသည်။

အဆိုပါ ပုလင်းများမှာ အမှိုက်ပုံများ၊ စသည့် မသန့်ရှင်းသော နေရာများမှ လာကြောင်း၊ ပုလင်းများကို အက်ဆစ်များ၊ ကော့စတစ်များ၊ ဆပ်ပြာများနှင့် ဆေးကြောင်း၊ အလုပ်သမားများမှာ လက်အိတ် မစွပ်ထားသော လက်များဖြင့် အန္တရာယ်ရှိသော ဆေးရည်များထိတွေ့နေရ၍ အရေပြား ရောဂါများ ရနိုင်ကြောင်း သူကရှင်းပြပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Philippine Daily Inquirer, 2nd Mar 2010

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမအား နေအိမ် အကျယ်ချုပ် ဖမ်းဆီးထားစဉ် အတွင်း ဥပဒေ ချိုးဖောက်မှုကြောင့် အပြစ်ရှိသည်ဟု တရားစွဲဆို ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း အပေါ် အယူခံလွှာ တင်သွင်းခဲ့ရာ မြန်မာဗဟို တရားရုံးက ပယ်ချလိုက်သည်။

အထက်ပါ ရလဒ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း မျှော်လင့်ထားကြပြီး ဖြစ်သည်။ ယခု ကိစ္စမှာ အုပ်ချုပ်ရေး ဥပဒေ (သို့) တရားစီရင်ရေးတို့နှင့် လုံးဝ မသက်ဆိုင်ပါ။ မူလကပင် လိမ်ညာ၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ အယူခံဝင်မှုကြောင့် တစုံတရာ ပြောင်းလဲလာလိမ့်မည်ဟု ယူဆစရာ အကြောင်းလည်း တစ်ခုမျှ မရှိပါ။

အမေရိကန် လူမျိုး ဂျွန်ယက်ထောသည် သူမ၏ ခြံဝင်း အတွင်း ဝင်ရောက်ခဲ့မှု၏ နောက်ဆက်တွဲအဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ သူမနှင့်အတူနေ ၂ ဦး၊ ပေါင်း ၃ ဦးကို ၂၀၀၉ ခုနှစ် မေလ ၁၃ ရက် တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ မေလမှ ဇူလိုင်လအထိ ကုလသမဂ္ဂက တရားမဝင်ဟု ဆုံးဖြတ်ခဲ့သော ခုံရုံးတင် စစ်ဆေးမှုကို မြန်မာအစိုးရက လုပ်ဆောင်ခဲ့သည်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၁၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီးမှ နေအိမ် အကျယ်ချုပ် ၁၈ လ အဖြစ်သို့ ပြစ်ဒဏ်ကို လျှော့ပေးခဲ့သည်။ ဗြိတိန် ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက မြန်မာ စစ်ဖက် အစိုးရသည် ဥပဒေ စည်းကမ်းအရ လက်ခံထားကြသော စံချိန်စံညွှန်းများကို လုံးဝ ဂရုမစိုက်ဘဲ ပြုမူ ဆောင်ရွက်ရန် ဆုံးဖြတ်ထားသည် ဆိုသော အချက်ကို ယခု တရားခွင် စစ်ဆေးမှုက သက်သေပြနေကြောင်း၊ နိုင်ငံတကာ၏ သဘောထားကိုလည်း မထီမဲ့မြင် ပြုခဲ့ကြောင်း ဆွေးနွေး တင်ပြခဲ့ပြီး ကုလအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များထံ စာရေးကာ မြန်မာနိုင်ငံ အပေါ် လက်နက် ရောင်းဝယ်မှု ပိတ်ပင်ရန် တောင်းဆိုခဲ့သည်။

ဗြိတိန်နိုင်ငံ ကလည်း အီးယူ အဖွဲ့ဝင်များနှင့် ပူးပေါင်းကာ အီးယူ အရေးယူ ပိတ်ဆို့မှုများ ဆက်လက် ချမှတ်၍ ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်ပေးမှု အပေါ် တုန့်ပြန်ရန် ဆောင်ရွက်ခဲ့သည်။ ထို့နောက်တွင် ဒေါ်အောင်ဆန်းစုကြည်က တရားရုံး အမိန့် အပေါ် အယူခံလွှာ တင်သွင်းခဲ့သည်။

မြန်မာနိုင်ငံတွင် ယခုနှစ်ကုန် ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲများက ဆင်းရဲ နွမ်းပါးခြင်း၊ မဖွံ့ဖြိုးခြင်း၊ နိုင်ငံတကာက ပစ်ပယ်ထားခြင်း စသော ခါးသီးမှု နွံတွင်း သက်ဆင်းနေသည့် မြန်မာနိုင်ငံကို ပြောင်းပြန်လှန်နိုင်ရန် သမိုင်းဝင် အခွင့်အလမ်းကို ပေးလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလွှာမှ ကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာပါက နိုင်ငံတကာ အသိုင်းအဝိုင်း၏ အကောင်းဖက်က ရှုမြင်မှုကို စတင် ဖြစ်ပေါ်စေလိမ့်မည်။

အထက်ပါ မျှော်လင့်ချက် ပါးပါးလေးမှာ ယခုအခါ ပျက်စီးသွားပြီဖြစ်သည်။ ဗြိတိန် ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက "ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလွှာ ပယ်ချခံရသည့် အတွက် စိတ်မကောင်း ဖြစ်မိပါသည်။ အယူခံမှု မအောင်မြင်ခြင်း အပေါ်တွင် စိတ်မကောင်းဖြစ်ရသော်လည်း အံ့သြမိခြင်း မရှိပါ။ ယခုကိစ္စ အစမှအဆုံးထိ ပြန်ကြည့်ပါက ဟန်ပြ တရားစွဲဆိုခြင်း၏ မူလ ရည်ရွယ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် တားဆီးရန် ဖြစ်ကြောင်း တွေ့ရပါလိမ့်မည်။ သူမအား နိုင်ငံရေး လောကမှ ဖယ်ထုတ်ထားပြီး အပြစ် မရှိသော နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ကို ဆက်လက် ဖမ်းဆီးထားပါက စစ်အစိုးရ ကျင်းပသော ရွေးကောက်ပွဲများကို နိုင်ငံတကာက အသိအမှတ် ပြုလိမ့်မည် မဟုတ်ပါ" ဟု ပြောကြားခဲ့သည်။

ထို့အပြင် ဒီဇင်ဘာလက ဗြိတိသျှ ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းမှ ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာတွင် ၂၀၁၀ သည် မြန်မာနိုင်ငံ အတွက် သမိုင်းဝင် နှစ်တစ်နှစ် ဖြစ်လိမ့်မည်။ လွတ်လပ် မျှတ၍ အားလုံးကို တံခါးဖွင့်ထားသည့် ရွေးကောက်ပွဲများသည် တိုင်းပြည် ရှေ့ဆက်ရန် လမ်းသစ်ကို ညွှန်ပြလိမ့်မည်။

သို့သော်လည်း စစ်ဖက်ခေါင်းဆောင်များကို ကြောက်ရွံ့မှုများက စိုးမိုးနေခဲ့သည်။ ဆယ်စုနှစ် နှစ်စုမျှ ရက်စက် ကြမ်းကြုတ်ခဲ့ခြင်း၊ တိုင်းပြည် စီးပွားရေးကို မှားယွင်းစွာ စီမံခန့်ခွဲခဲ့ခြင်းတို့က ၎င်းတို့ အပေါ် တစ္ဆေလို အရိပ်မိုးနေသလို တိုင်းပြည်အတွက် ကောင်းမွန်သော အနာဂတ်ကို မျှော်လင့်နေသော ပြည်သူများအား ဒေါ်အောင်ဆန်းစုကြည်က နောက်တစ်ကြိမ် ထပ်မံ စုစည်းသွားမည်ကို ကြောက်ရွံ့နေကြခြင်း ဖြစ်သည်။

အမှန်စင်စစ်တွင် စစ်သားအင်အား ၄ သိန်းကျော် အားကိုးဖြင့် ရပ်တည်နေသော စစ်ဖက် အစိုးရကို သူမ၏ စကားတစ်ခွန်းဖြင့် ဆန့်ကျင် တော်လှန်နိုင်သည် ဆိုသည်မှာ အံ့အားသင့်စရာ ကောင်းသည့် ကြောက်ရွံ့မှု တစ်ခုသာ ဖြစ်သလို ၁၄ နှစ်ကြာ ထိန်းသမ်းထားခြင်း ခံနေရသည့် အသက် ၆၀ ကျော် အမျိုးသမီး တစ်ဦး၏ ပြောင်မြောက်သည့် တစ်ကိုယ်တော် သတ္တိကို ကြောက်ရွံ့နေခြင်းသာ ဖြစ်သည်။

မြန်မာ အစိုးရ၏ ကြောက်ရွံ့မှုမှာ နေရာမှားနေသည်။ နိုင်ငံရေး လုပ်ငန်းစဉ်တွင် အားလုံး ပါဝင်နိုင်ခွင့် မရှိခြင်းကသာလျှင် မြန်မာနိုင်ငံ၏ တည်ငြိမ်မှုနှင့် လုံခြုံမှုကို အဓိက ခြိမ်းခြောက်နေသော ကိစ္စ ဖြစ်သည်။ နယ်စပ်ဒေသမှ တိုင်းရင်းသား အုပ်စုများနှင့် ဆယ်စုနှစ်များစွာ ပြဿနာ ဖြစ်ပွားနေခြင်းက အဓိက ပြဿနာပင် ဖြစ်သည်။ မြန်မာနိုင်ငံလို နိုင်ငံမျိုးတွင် အမျိုးသား ပြန်လည် ပေါင်းစည်းမှုလည်း မရနိုင်ပါ။ ငြိမ်းချမ်းရေးလည်း မရနိုင်ပါ။ မိမိတို့ လိုလားချက်များကို မျှော်လင့်နိုင်မည့် အုပ်စုကွဲ အားလုံးကို ညှိနှိုင်းပေးမည့် နိုင်ငံရေး လုပ်ငန်းစဉ်လည်း မရှိပါ။

အထက်ပါ လုပ်ငန်းစဉ်များ အတိုင်း ညှိနှိုင်း ဆွေးနွေးရေးနှင့် ပြည်သူများအား အကျိုးဖြစ်ထွန်း စေပြီး ပြန်လည် ပေါင်းစည်းရေးကို ဆောင်ကြည်းပေးမည့် ရွေးကောက်ပွဲ၏ ကောင်းကျိုး အခွင့်အလမ်းကို ဆုတ်ကိုင်မိစေရေး အတွက် မြန်မာအစိုးရကို ဖိအားပေးနိုင်မည့် အရာအားလုံးကို ဗြိတိန်အစိုးရက ဆက်လက် လုပ်ဆောင်သွားမည်။ မြန်မာနိုင်ငံတွင်းရှိ လူ့အခွင့်အရေး အခြေအနေများ အပေါ် ဖိလစ်ပိုင် နိုင်ငံက ခိုင်မာစွာ ရပ်တည် ဆောင်ရွက်နေပြီး ၎င်းကိစ္စနှင့် ပတ်သက်၍ အာဆီယံတွင် ဦးဆောင်ကဏ္ဍကို ယူထားခြင်းသည် ဗြိတိန်အတွက် အင်အားတစ်ရပ် ဖြစ်ပါသည်။ ပြည်သူအားလုံး အတွက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ဆောင်ကြည်းပေးရန် မိမိတို့ နှစ်နိုင်ငံ ကတိပြုထားခြင်းကိုလည်း ညွှန်ပြနေခြင်း ဖြစ်သည်။

အကယ်၍ အခြေအနေများ တိုးတက်မှု ရှိလာပါက အပေါင်းလက္ခဏာဆောင်သော လျင်မြန်သည့် တုန့်ပြန်မှုများ ပြုလုပ်ရန် မိမိတို့ အဆင်သင့် ရှိနေသည်ဟု ဂေါ်ဒွန်ဘရောင်းက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CNA, By Imdda Saad, 5th Mar 2010

ပြီးခဲ့သည့်နှစ်က အလှည့်ကျ အာဆီယံ ဥက္ကဌ၊ ထိုင်းနိုင်ငံ၏ လက်ထက်တွင် အာဆီယံ အနေဖြင့် ပြင်းထန်သော စိန်ခေါ်မှုများ ရှိခဲ့သော်လည်း စုစည်းလျက် တိုးတက်မှု ရှိအောင် ဆက်လက် လုပ်ဆောင်နိုင်ခဲ့သည်။ သို့သော် စင်္ကာပူက မျှော်လင့်သလောက် မလုပ်နိုင်ခဲ့သော်လည်း အတိုင်းအတာ တစ်ခုထိ တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့သည်ဟု စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး George Yeo က ၎င်း၏ဌာန ဘတ်ဂျက် ခန့်မှန်းချက်အတွက် စကားပြောရာတွင် ပါလီမန်၌ မှတ်ချက်ပြုခဲ့သည်။

၎င်းက ကြိုးစားမှု၏ ခိုင်မာသော ရလဒ်များအား ညွှန်ပြရာတွင် အာဆီယံ ချာတာအား အကောင်အထည်ဖော်သည့် အနေဖြင့် တရုတ်နိုင်ငံနှင့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်း၊ အမေရိကန် သမ္မတ Obama နှင့် အာဆီယံ ၁၀ နိုင်ငံ စင်္ကာပူတွင် သမိုင်းဝင် တွေ့ဆုံခဲ့ခြင်းများကို ညွှန်ပြခဲ့သည်။

ဒေသတွင်းတွင် လက်ခံနိုင်စရာ အရည်အသွေး တစ်ခုရှိပြီး ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ပတ်သက်သော လုပ်ကိုင်ခွင့်များ ပိုမို တိုးချဲ့လာနိုင်ခြင်းသည် စင်္ကာပူကို စီးပွားရေးအရ တိုးတက်မှုများ ဆက်လက် ဖြစ်ပေါ်စေကြောင်း Yeo က ပြောသည်။ ထို့ကြောင့်ပင် စင်္ကာပူသည် အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (APEC) အစည်းအဝေးနှင့် G-20 လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်လျက် ရှိသည်။

အရှေ့တောင်အာရှ အိမ်နီးချင်းများနှင့် ဆက်ဆံရေးနှင့် ပတ်သက်၍ Yeo က ပြောကြားရာတွင် မလေးရှားနှင့် ဆက်ဆံရေးမှာ အလွန်ကောင်းကြောင်း၊ ဝန်ကြီးချုပ် လီရှန်လွန်းသည် မလေးရှား ဝန်ကြီးချုပ် Najib Razak နှင့် မေလတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ပိုမို ခိုင်မာစေရေး ဆွေးနွေးကြမည် ဖြစ်သည်ဟု ဆိုသည်။

Yeo က မလေးရှား နိုင်ငံခြားရေး ဝန်ကြီး Anifah Aman နှင့် ဆွေးနွေးမှုများမှ ထွက်ပေါ်လာသော ရထားလမ်း မြေနေရာ ကိစ္စ သဘောတူညီမှု အချက်များ (Points of Agreement) အရ နှစ်ဖက်စလုံး အကျိုးအမြတ်ရှိမည့် (win-win) ရလဒ်များ ထွက်ပေါ်လာရန်လည်း မျှော်လင့်လျက် ရှိသည်။

နှစ်နိုင်ငံစလုံးသည် မလေးရှားနိုင်ငံ Iskandar တွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု ရှေ့ဆက်နိုင်ရေး ဆွေးနွေးလျက်ရှိရာ အရေးကြီးသော စီမံကိန်း (iconic project) တွင် စင်္ကာပူ၏ ရင်းနှီးမြှုပ်နှံမှုနှင့် မြို့နှစ်မြို့ ဆက်သွယ်မှုကို ဖြစ်နိုင်သည့် ရထားလမ်းစနစ်များ အကြောင်းလည်း ပါဝင်သည်။

Yeo က ဆက်လက် ပြောကြားရာတွင် ဝါရင့်ဝန်ကြီး လီကွမ်ယူး Johor Bahru သို့ သွားရောက်၍ ကွယ်လွန်သွားပြီဖြစ်သော Jahor စော်ဘွားကို နောက်ဆုံး ဂါရဝပြုရာ၌ စော်ဘွားအသစ် Sultan Ibrahin က Johor နှင့် စင်္ကာပူကြား ပိုမို ခိုင်မာသော ဆက်ဆံရေးကို တည်ဆောက်လိုကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ Jahor Bahru ရှိ မိမိတို့ ကောင်စစ်ဝန်ရုံး အသစ်သည်လည်း အလုပ်တာဝန်များ ထမ်းဆောင်နေပြီ ဖြစ်ကြောင်း အင်ဒိုနီးရှား၊ မြန်မာတို့နှင့် ဆက်ဆံရေးလည်း ကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။

Yeo က မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပြောကြားရာတွင် ယခုနှစ် ပြုလုပ်မည့် ရွေးကောက်ပွဲ၏ တရားမျှတမှုနှင့် တရားဝင်မှု အရေးကြီးပုံကို အလေးပေးခဲ့သည်။

၎င်းက ပြောကြားရာတွင် ယခုနှစ်သည် မြန်မာနိုင်ငံ အတွက် အလွန် အရေးကြီးသော နှစ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရေးတွင် စစ်တပ် အားကောင်းစွာ ဆက်လက် ပါဝင်မည့် အချက်ကို အာမခံထားသော အခြေခံ ဥပဒေ အသစ်အရ ရွေးကောက်ပွဲကို ကျင်းပမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်တွေ အကြားမှာ ဆွေးနွေးမှုတွေ ရှိတာကို သိရှိပါတယ်။ နှစ်ဖက်စလုံးက ညှိယူလို့ရတဲ့ သဘော၊ ပြုလွယ် ပြင်လွယ် သဘောတို့ကို ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု Yeo က ပြောသည်။

ပြန်လည် ပေါင်းစည်း ညီညွတ်မှု မရှိပဲ ရွေးကောက်ပွဲ ရလဒ်အား တရားဝင်သည်ဟု ယူဆရန် ခက်ခဲကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ အိမ်နီးချင်းများက ထိုသို့ ယူဆမည်ကို စိုးရိမ်ရကြောင်း၊ သို့ဆိုလျှင် အာဆီယံ အနေနှင့်လည်း ပြဿနာရှိနိုင်ကြောင်း Yeo က ပြောကြားခဲ့သည်။

ဒေသတွင်းမှ ကျော်၍ Yeo က ပြောကြားရာတွင် တရုတ်နှင့် လည်းကောင်း၊ အမေရိကန်နှင့် လည်းကောင်း ဆက်ဆံရေး ကောင်းမွန်ကြောင်း၊ အခြား စိုးရိမ်ဖွယ်ရာ အချက်များ ရှိသော်လည်း အမေရိကန် ပြည်ထောင်စုသည် ASEAN နှင့် ပြန်လည် ဆက်ဆံရန် ကြိုးစားလျက်ရှိကြောင်း ပြောကြားခဲ့သည်။

စင်္ကာပူနိုင်ငံသည် ယခုနှစ်တွင် တရုတ်နိုင်ငံနှင့် သံတမန် ထူထောင်ခြင်း နှစ် ၂၀ ပြည့် အခမ်းအနား ကျင်းပရန် ပြင်ဆင်လျက် ရှိသည်။

နိုင်ငံတကာနှင့် ဒေသတွင်း ဝန်းကျင်တွင် စိန်ခေါ်မှုများစွာ ရှိသော်လည်း၊ စိန်ခေါ်မှုများ ကြားမှပင် မိမိတို့ ရပ်တည်နိုင်ရေး အတွက် နည်းလမ်းသစ်များ ရှာဖွေနိုင်ကြောင်း၊ ဤသည်ပင်လျှင် စင်္ကာပူ၏ စီးပွားရေးကို ပြန်လည် ပြင်ဆင်ရေး အတွက် နည်းလမ်း ရှာဖွေရေး နည်းသစ်ပင် ဖြစ်ကြောင်း Yeo က ပြောခဲ့သည်။

ရေစီးကြောင်း အသစ်များ၊ အခွင့်အလမ်းနှင့် ခြိမ်းခြောက်မှုများကို ခြုံငုံ၍ တုန့်ပြန်နိုင်မှုများ ပြုနိုင်ရန် နားစွင့်ထားရန်၊ ရှာဖွေနေရန် လိုကြောင်း၊ နိုင်ငံခြားရေး ဌာန၏ မစ်ရှင်မှာ စင်္ကာပူ ဆက်လက် တိုးတက်မှု အတွက် ပြင်ပတွင် နိုင်ငံရေးအရ သော်လည်းကောင်း၊ စီးပွားရေး အရ သော်လည်းကောင်း လုပ်ကိုင်နိုင်သော ကွက်လပ်များ ချဲ့ထွင် ဖန်တီးပေးနိုင်ရေးပင် ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.