Transparency Myanmar

transparency.myanmar@gmail.com

BBC News, 16th March 2010

ဆိုင်ကလုန်း တိုးမတ်စ်က ပစ္စဖိတ်ကျွန်း နိုင်ငံ၏ အရှေ့ပိုင်း နှင့် မြောက်ပိုင်းကို တိုက်ခတ် ဖျက်ဆီးလိုက်သောကြောင့် ဖီဂျီ နိုင်ငံ၏ အချို့ဒေသများကို သဘာဝ ဘေးအန္တရာယ် နယ်မြေအဖြစ် ကြေညာခဲ့သည်ဟု သိရှိရသည်။

အနည်းဆုံး လူ ၅၀၀၀ ခန့်သည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ကြပြီး ယခုအချိန်အထိ နေအိမ် အဆောက်အဦး ၅၀ ခန့် ပျက်စီးသွားကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

မုန်တိုင်း အဆင့် Category Four ရှိသော ဆိုင်ကလုန်း တိုးမတ်စ်သည် တစ်နာရီလျှင် ကီလိုမီတာ ၁၇၀ နှုန်းဖြင့် တိုက်ခတ်သွားခြင်း ဖြစ်သည်။

ဖီဂျီနိုင်ငံ၏ အရှေ့ဖျား လာအော်ကျွန်းစုများမှာ မုန်တိုင်းဒဏ်ကို နဖူးတွေ့ ဒူးတွေ့ ကြုံလိုက်ရသော်လည်း အဓိကကျွန်းများ ဖြစ်သည့် ဗီတီလီဗူး နှင့် ဗာနော်လီဗူး ကျွန်းများမှာမူ အဆိုးဆုံး အခြေအနေမှ လွတ်မြောက်ခဲ့သည်ဟု သိရသည်။

အမျိုးသား သဘာဝ ဘေးအန္တရာယ် ကောင်စီက နိုင်ငံ၏ အရှေ့ပိုင်း နှင့် မြောက်ပိုင်း ဒေသများကို သဘာဝ ကပ်ဘေးကျရောက်သည့် နယ်မြေ အဖြစ် အရေးပေါ် ကြေညာထားသည်ဟု အမျိုးသား သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးရုံးမှ အော်ပရေးရှင်း အရာရှိ Anthony Blake က ပြောကြားသည်။

အထူးသဖြင့် ချီကိုဘီယား နှင့် ကွီလီလီဗူး ကျွန်းများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေကြောင်း နှင့် တနင်္လာနေ့ ဆိုင်ကလုန်း ဝင်ရောက်ချိန် မှစ၍ မည်သည့်သတင်းမှ မကြားသိရသေး ဟုလည်း သိရှိရသည်။

လာမည့် ရက်များအတွင်း အိုးအိမ် ပျက်စီးမှု အရေအတွက် တိုးပွားလာလိမ့်မည်ဟု မျှော်လင့်ထားကြောင်း Mr. Blake က ဆက်လက် ပြောကြားသည်။

အဆိုပါ ဒေသများတွင် ကျောင်းများကို ပိတ်လိုက်ပြီး အစိုးရ ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း ရပ်ဆိုင်းထားကာ နိုင်ငံတကာ လေကြောင်း ခရီးစဉ်များကိုလည်း ပယ်ဖျက် ထားသည်ဟု သိရသည်။

မုန်တိုင်း စတင် ဝင်လာချိန်တွင် အမျိုးသမီး တစ်ဦး ပင်လယ်ထဲ မျောပါသွားပြီးနောက်ပိုင်း အသေအပျောက် သတင်းများ မရရှိသေးဟုလည်း ဆိုသည်။

ဆိုင်ကလုန်း ရွှေ့လျားမှု နှေးကွေးခြင်းကြောင့် ပျက်စီးမှုများ ပိုမို များပြားဖွယ် ရှိနေသည်။ မုန်တိုင်းကြောင့် နိုင်ငံအနှံ့အပြားတွင် လျှပ်စစ်ဓာတ်အား နှင့် တယ်လီဖုန်းလိုင်းများ ပြတ်တောက်သွားပြီး ကျန်းမာရေး စောင့်ရှောက်မှု အဆောက်အဦးများလည်း ပျက်စီးသွားခဲ့သည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.mmorning.com, 16th March 2010

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် အိမ်နီးချင်း မြန်မာနိုင်ငံမှ ဝင်ရောက်လာသော မွတ်စလင် ဒုက္ခသည်များကို မတရား ဖမ်းဆီးခြင်း၊ တရားမဝင် နှင်ထုတ်ခြင်းများကို စီမံချက်ချ၍ လုပ်ဆောင်နေကြောင်း ပြီးခဲ့သည့် အပတ်က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

မှတ်ပုံတင် မထားသည့် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာ ဒုက္ခသည်များသည် ဆယ်စုနှစ်များစွာကပင် ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်ခဲ့ဖူးကြပြီး ယခုအခါ ဒုက္ခသည်စခန်းတွင် အစာရေစာ ငတ်ပြတ်အောင် ထား၍ အသက်ဆုံးပါးစေလျက် ရှိကြောင်း လူ့အခွင့်အရေးအဖွဲ့၏ ဆရာဝန်ကြီးများ၏ အစီရင်ခံစာက ဖော်ပြထားသည်။

"ဒီသနားစရာ ကောင်းတဲ့ လူစုကြီးကို ပြေးစရာမြေ မရှိအောင် ငတ်ပြတ်အောင် ပစ်ထားခြင်းဟာ အသိမဲ့တဲ့ သဘာဝ မကျတဲ့လုပ်ရပ် ဖြစ်ပါတယ်" ဟု PHR မှ သုတေသနနှင့် စုံစမ်း စစ်ဆေးရေး ဒါရိုက်တာ Richard Sollom က ပြောသည်။

ကုလသမဂ္ဂက ကမ္ဘာပေါ်တွင် ရက်ရက်စက်စက် နှိပ်စက်ခံရသော မျိုးနွယ်စုအဖြစ် ဖော်ပြခဲ့ပြီး၊ ထောင်ပေါင်း များစွာသော ရိုဟင်ဂျာများသည်  မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်မှ မူစလင် အများစုရှိရာ ဘင်္ဂလားဒေ့ရှ်သို့ နှစ်စဉ် နယ်စပ်ဖြတ်လျက် ထွက်ပြေးလာကြသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရသည် Kutupalong ရှိ ကုလသမဂ္ဂ၏ တရားဝင် ဒုက္ခသည် စခန်းတွင် နေထိုင်သော မှတ်ပုံတင်ထားသည့် ရိုဟင်ဂျာ ၂၈၀၀၀ ကိုသာ အသိအမှတ်ပြုသည်။ အဆိုပါ ကိန်းဂဏန်းသည် အစိုးရ၏ ခန့်မှန်းချက်အရ တရားမဝင် ဒုက္ခသည် ၂ သိန်း မှ ၃ သိန်း၏ အစိတ်အပိုင်းငယ်လေး တစ်ခုသာ ဖြစ်သည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရသည် နှိပ်စက်မှုများ ပြုလုပ်၍ နောက်ထပ် ဒုက္ခသည်များ မလာရဲအောင် ပြုလုပ်နေခြင်း ဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ် ရဲများသည် ဒုက္ခသည်များကို စနစ်တကျ စုစည်း၍ ထောင်ချခြင်း၊ ချက်ချင်း နှင်ထုတ်ခြင်း စသည်ဖြင့် တိုင်းပြည်တစ်ခု လိုက်နာရမည့် လူ့အခွင့်အရေးများကို ဥပဒေမဲ့ တုန်လှုပ်ဖွယ် ကျူးလွန်လျက် ရှိသည်ဟု အစီရင်ခံစာတွင် စွပ်စွဲထားသည်။

နှိပ်စက်မှုများကို ဇန်နဝါရီလမှ စတင်ပြုလုပ်ခဲ့ပြီး ကုလသမဂ္ဂ ကိုင်တွယ်သည့် အဆောက်အဦးများ အနီးတွင် မှတ်ပုံတင် မထားသော ဒုက္ခသည် စခန်းကို ထားရှိသည်။ ထို့ပြင် ၎င်းတို့ကို မှတ်ပုံတင်ထားသော ဒုက္ခသည်များနှင့် ခွဲခြားထားပြီး နှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ အစီရင်ခံစာထဲတွင် ကွင်းပြင်ထဲက ထောင် (an open air prison) အဖြစ် ဖော်ပြခဲ့သည်။

အဆိုပါ မှတ်ပုံတင် မထားသော ဒုက္ခသည်များ၏ စခန်းများတွင် အစားအသောက် အကူအညီပေးခြင်းကို အစိုးရက ငြင်းပယ်ပြီး၊ ရှေ့ဆက် ရပ်တည်၍ မရအောင်၊ ငတ်ပြတ်၍ သေဆုံးအောင် ပြုလုပ်ထားသည်ဟု အစီရင်ခံစာက ဆိုသည်။

PHR အစီရင်ခံစာ အပြင် ကြားဝင် စေ့စပ်ရေး အဖွဲ့တစ်ခု၏ The Arakan Project အမည်ရှိ အစီရင်ခံစာ တစ်စောင်နှင့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့မှ အစီရင်ခံစာ တစ်စောင် ထွက်ပေါ် လာသေးသည်။ ၎င်းတို့တွင် အစိုးရ၏ နှိပ်စက်မှုများကို ဖော်ပြထားကြသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရက ၎င်းတို့နိုင်ငံရှိ မြန်မာဒုက္ခသည်များနှင့် ပတ်သက်သော အစီရင်ခံစာများသည် အခြေအမြစ် မရှိဘဲ တမင် ထိခိုက် နစ်နာအောင် ပြုလုပ်ထားကြောင်း ပြော၍ ပယ်ချခဲ့သည်။

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာများကို စီးပွားရှာရန် ရွှေ့ပြောင်းလာခြင်း ဖြစ်သည်ဟု မှတ်ယူပြီး တတ်နိုင်သမျှ ပြန်ပို့ရန်ကိုသာ လုပ်ဆောင်မည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပုန်းရှောင်တတ်သော မြန်မာအစိုးရ ခေါင်းဆောင်သည် အိမ်နီးချင်း ထိုင်းနိုင်ငံမှ မင်းသမီးနှင့် တနင်္လာနေ့က တွေ့ဆုံခဲ့ပြီး၊ ၎င်းသည် စစ်ဖက် အုပ်ချုပ်သောနိုင်ငံ၏ အဝေးမြို့တော် နေပြည်တော်သို့ ထိုင်းတော်ဝင် မိသားစုက ပထမဆုံး အကြိမ် လာရောက် လည်ပတ်သာ ခရီးစဉ် ဖြစ်ကြောင်း တာဝန်ရှိ ပုဂ္ဂိုလ်များက ပြောကြားသည်။

ဘန်ကောက်မှ အထူးလေကြောင်း ခရီးဖြင့် နေပြည်တော်သို့ ရောက်ရှိလာသည့် ထိုင်းဘုရင့်သမီးတော် ချက်ကရီ သီရိဒုံနှင့် မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခဲ့ သည်ဟု သိရသည်။

ထိုင်းပြည်သူလူထု၏ ကြည်ညိုလေးစားမှုကို ရရှိထားသူ မင်းသမီး သီရိဒုံသည် သူ၏ ၃ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ် အတွင်း နာဂစ်စ် ဆိုင်ကလုံးဒဏ်ခံ နယ်မြေမှ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုရန် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ သွားရောက်ရန် စီစဉ်ထားသည်။ နာဂစ်စ် ဆိုင်ကလုံးကြောင့် လူပေါင်း တစ်သိန်း လေးသောင်းခန့် သေဆုံးခဲ့ပြီး ပင်လယ်မြစ်ဝ ရှိ ကျေးလက် အခြေခံ အဆောက်အအုံများ ပျက်စီးခဲ့သည်။

မင်းသမီး၏ နောက်ဆုံး မြန်မာနိုင်ငံ ခရီးစဉ်မှာ ၂၀၀၃ ခုနှစ်က လာရောက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အလယ်ပိုင်းတွင် အုပ်ချုပ်ရေး မြို့တော်သစ်ကို ၃ နှစ်ခန့် တိတ်တဆိတ် တည်ဆောက်အပြီး၊ ၂၀၀၅ ခုနှစ်ကုန်၌ စစ်ခေါင်းဆောင်များက ၎င်းတို့၏ အစိုးရ တစ်ဖွဲ့လုံးကို စီးပွားရေး အချက်အခြာ ရန်ကုန်မြို့တော်မှ နေပြည်တော်သို့ ပြောင်းရွှေ့သွားခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, 15th March 2010       

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ဥပဒေ အသစ်သည် အတိုက်အခံ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပါတီတွင် မပါဝင်နိုင်အောင် တားမြစ်ထားသော်လည်း သူမ၏ ပါတီ အနေဖြင့် ဥပဒေ အသစ်အရ ပြန်လည် မှတ်ပုံတင်ခြင်းပြု / မပြု နှစ်ပတ်အတွင်း ဆုံးဖြတ်ရလိမ့်မည် ဖြစ်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က တနင်္လာနေ့က ပြောကြားလိုက်သည်။

အစိုးရက ပြီးခဲ့သည့် အပတ်က ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တွင် ပါဝင်ခွင့် ရရှိမည် မဟုတ်ပေ။ အကြောင်းမှာ ဥပဒေအရ မှတ်ပုံတင်ထားသော နိုင်ငံရေး ပါတီတွင် အကျဉ်းကျခံနေရသောသူက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါက ဖျက်သိမ်းခံရမည် ဖြစ်သောကြောင့် ဖြစ်သည်။ အဆိုပါ ဥပဒေသည် တစ်ကမ္ဘာလုံးကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ဆွေက AFP သို့ ပြောကြားရာတွင် တနင်္လာနေ့က ရွေးကောက်ပွဲ ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေး အပြီးတွင် ပါတီ အဖွဲ့ဝင်လူကြီးများ အနေဖြင့် အဖြူအမည်း မသဲကွဲ သေးကြောင်း ပြောကြားခဲ့သည်။

ဗဟို အလုပ်အမှုဆောင် ကော်မတီ အနေဖြင့် မတ်လ ၂၉ ရက်နေ့တွင် မှတ်ပုံတင် ပြုလုပ် မလုပ်ကို ဆုံးဖြတ်ရမည် ဖြစ်ကြောင်း ဦးခင်မောင်ဆွေက ပြောကြားခဲ့သည်။ နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကလည်း CEC မဲပေးရာတွင် ပါဝင်မည် ဖြစ်ပြီး၊ အများ၏ ဆုံးဖြတ်ချက်ကို လက်ခံမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

အာဏာပိုင်များ အနေဖြင့် ဥပဒေ ထုတ်ပြန်ပြီးနောက် မိမိတို့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရမည် ဆိုသည်ကို သိရှိကြောင်း၊ ထို့ကြောင့် ဆုံးဖြတ်ချက် အတွက် သူမနှင့် တွေ့ဆုံနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဦးခင်မောင်ဆွေက ပြောသည်။

ဥပဒေ အသစ်သည် NLD အနိုင်ရခဲ့သော ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကိုလည်း ပယ်ဖျက်ခဲ့ပြီး ဖြစ်ပါသည်။ NLD အနေဖြင့် မှတ်ပုံတင်ခဲ့သော်၊ ယခင်က လက်ခံရန် ငြင်းပယ်ခဲ့သော အငြင်းပွားဖွယ် ၂၀၀၈ အခြေခံ ဥပဒေကို လက်ခံရလိမ့်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Financial Times, By Tim Johnston, 15th March 2010

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ လုပ်ငန်းစဉ်များ ပိုမို ချောမွေ့စေရန် ရည်ရွယ်၍ နိုင်ငံတကာ အသိုင်းအဝိုင်းမှ မြန်မာ ဗိုလ်ချုပ်များနှင့် ဆက်ဆံရေး ထူထောင်ရန် ကြိုးပမ်းမှုများမှ အနည်းငယ်သာ အောင်မြင်ကြောင်း ဝါရှင်တန်မှ ဝန်ခံ ပြောကြားခဲ့သည်။ သို့သော် မိမိတို့၏ ကြိုးစား အားထုတ်မှုများကို လက်လျှော့သွားလိမ့်မည် မဟုတ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အပတ်က ရွေးကောက်ပွဲ ဥပဒေများ ကြေညာခဲ့ရာ၌ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အနာဂတ်တွင် နိုင်ငံရေး ကဏ္ဍ၌ ပါဝင်ခြင်းကို ပိတ်ပင်ထားမှုသည် အမေရိကန် အာဏာပိုင်များကြားတွင် မီးပွားပမာ ပျံ့နှံ့ခဲ့သည်။

အမေရိကန်၏ ချဉ်းကပ်မှုသည် အဓိက နိုင်ငံရေး လှုပ်ရှားသူများကြားတွင် ပြည်တွင်း တွေ့ဆုံ ဆွေးနွေးရေး ဖြစ်ပေါ်ရန် အားပေးရေး ကြိုးစားခဲ့ခြင်း ဖြစ်ကြောင်း၊ ယခု ရွေးကောက်ပွဲ ဥပဒေကို ကြည့်ခြင်းဖြင့် တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပေါ်ရန် အလားအလာ မရှိကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က သောကြာနေ့က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ River of Lost Footsteps စာအုပ် ရေးသားခဲ့သော ကုလသမဂ္ဂ အရာထမ်းဟောင်း ဦးသန့်မြင့်ဦးက အမေရိကန် ပြည်ထောင်စု အနေဖြင့် အရေးကြီးသော တိုးတက်မှု တစ်ခုရသည် အထိ ဆက်လက်ကြိုးစားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအပေါ် နှစ်ပေါင်းနှစ်ဆယ်ခန့် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်အပြီး မြန်မာနိုင်ငံ အပေါ်တွင် အနောက်နိုင်ငံများ၏ သြဇာလွှမ်းမိုးမှု ရေချိန်လည်း သုညရောက်စေပြီးမှ ယခု စကားပြောခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

အမေရိကန် နိုင်ငံခြားရေးဋ္ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Philip Crowley က ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်အား မပါဝင်စေရန် ပြုလုပ်ထားခြင်းကြောင့် ရွေးကောက်ပွဲကို အများက လက်ခံနိုင်လိမ့်မည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ အပေါ် ပြန်လည် ဆက်ဆံခြင်းနှင့် ပတ်သက်၍လည်း ဒွိဟများ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြီးလျှင် ထွက်ပေါ်လာမည့် အစိုးရကိုလည်း တရားမဝင်ဟု ယုံကြည်ထားသဖြင့် ဆက်လက်၍ စကားပြော သင့်မသင့် စဉ်းစားစရာ ဖြစ်လာကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ 

ဦးသန့်မြင့်ဦးကမူ အမေရိကန်တို့ အနေဖြင့် ပြုပြင်ပြောင်းလဲလွယ်ရန် (flexible) လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အတိတ်ကို ပြန်ကြည့်ခြင်းဖြင့် ယခုကဲ့သို့ နိုင်ငံရေး လုပ်ငန်းစဉ်မျိုးကို အမေရိကန် အစိုးရ အနေဖြင့် လက်ခံရန် ခက်ခဲမည် ဖြစ်သည်။ သို့သော် ရွေးကောက်ပွဲ အပြီးတွင် လုပ်သာ ကိုင်သာမရှိအောင် ကိုယ့်ကိုကိုယ် ထောင့်ကပ်၍ ချောင်ပိတ်မိအောင် ပြန်မရွေ့သင့်တော့ကြောင်း၊ နည်းလမ်းမမှားသင့်ဟု မိမိထင်ကြောင်း ဦးသန့်မြင့်ဦးက ပြောသည်။

အမေရိကန်တို့၏ မှတ်ချက်များသည် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana ၏ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အပေါ် အစီရင်ခံစာ ထွက်ပေါ်လာအပြီး ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ Quintana ၏ အစီရင်ခံစာတွင် မြန်မာအစိုးရ အပေါ် စစ်ရာဇဝတ်မှုများ၊ လူသားချင်း မစာနာသော ရာဇဝတ်မှုများ အတွက် စုံစမ်းစစ်ဆေး ပေးရန် တောင်းဆိုထားသည်။

နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က မြန်မာနိုင်ငံနှင့် ပတ်သက်၍ မူဝါဒ ပြန်လည် သုံးသပ်ပြီး၊ ပြောင်းလဲရသည့် အချက်တစ်ခုမှာ Bush အစိုးရ၏ မြန်မာနိုင်ငံအပေါ် အထီးကျန်စေပြီး အရေးယူ ပိတ်ဆို့မှုများ ချမှတ်သော မဟာဗျူဟာမှာ မအောင်မြင်သောကြောင့် ဖြစ်သည်။

သို့သော် ပြန်လည် ဆက်ဆံရေးတွင်လည်း ရလဒ် အနည်းငယ်သာ ရရှိသည်။ ပြီးခဲ့သည့် နှစ်က အမေရိကန်တို့၏ ပြန်လည် ဆက်ဆံရေး စတင်ပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ထပ်မံ တိုးမြှင့်ခဲ့ခြင်း၊ နယ်စပ်ဒေသများတွင် တိုင်းရင်းသားများအား ပိုမို တိုက်ခိုက်လာခြင်း၊ အစိုးရကို ဝေဖန်သူများနှင့် သတင်းစာဆရာများကို ဖမ်းဆီး၍ ထောင်ချခြင်းများကို တွေ့နေရဆဲ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.thejakartaglobe.com, 14th March 2010

ဘင်္ဂလားဒေ့ရှ်မှ ဆောက်လုပ်ရေး လုပ်သားများ၊ ဖိလစ်ပိုင်မှ ဟိုတယ် ဝန်ထမ်းများ၊ တရုတ်နိုင်ငံမှ စားပွဲထိုးများ၊ မြန်မာနိုင်ငံမှ သင်္ဘောကျင်း ဂဟေဆော်သူများ၊ အိန္ဒိယ နိုင်ငံမှ နည်းပညာ ပညာရှင်များ၊ အားလုံးကို စင်္ကာပူက လက်ခံထားသည်။

နှစ်ပေါင်းများစွာ ကြွယ်ဝ ချမ်းသာခဲ့ပြီး အလုပ်သမားများ လိုအပ်နေသော မြို့ပြနိုင်ငံသည် ရွှေ့ပြောင်း တရုတ်လူမျိုးများဖြင့် အဓိက တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံခြားသားများကို ကော်ဇောခင်း ကြိုဆိုခဲ့ရာ စီးပွားရေး ပေါက်ကွဲ ဖွံ့ဖြိုးခဲ့သည့် ၂၀၀၄ မှ ၂၀၀၇ အတွင်း အရေအတွက် ကြီးမားစွာ မြင့်တက်လာခဲ့သည်။

သို့ရာတွင် လတ်တလော ကျွန်းနိုင်ငံတွင် နေထိုင်သူ အချိုးအစားမှာ နိုင်ငံခြားသား တစ်ဦးလျှင် နိုင်ငံသား ၃ ယောက် နှုန်းဖြစ်လာသဖြင့် အလုပ်ပြိုင်ဆိုင်မှု၊ အိမ်ရာနှင့် ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍများတွင် တိုင်ကြားမှုများ ရှိလာပြီး အစိုးရက ၎င်း၏ တံခါးဖွင့် မူဝါဒအပေါ် ပြန်လည် သုံးသပ်မှု ပြုလုပ်နေရသည်။

မကျေနပ်မှုများ ကျယ်လောင်လာမှုနှင့်အတူ ရွေးကောက်ပွဲများကို သတ်မှတ်ထားသည့် ၂၀၁၂ မတိုင်မီ ကျင်းပရန် မျှော်လင့်မှုများ ရှိလာသဖြင့် အစိုးရက နိုင်ငံခြားသား မှီခိုမှုကို လျှော့ချကာ နိုင်ငံသားများကို ဦးစားပေးမည့် အစီအစဉ်များကို ထုတ်ဖော် တင်ပြလာသည်။

မိမိတို့ မည်မျှ ပို၍ လက်ခံနိုင်သည် ဆိုသော အချက်မှာ လူမှုရေးနှင့် ဖွဲ့စည်းပုံ အကန့်အသတ်များ ရှိနေသည်ဟု ဘဏ္ဍာရေး ဝန်ကြီး ရှန်မူဂါရတ်နမ်က ပါလီမန်သို့ ပြောကြားခဲ့ပါသည်။ နိုင်ငံခြားသား ငှားရမ်းသော ကုမ္ပဏီများ အတွက် အခွန်စည်းကြပ်မှုကို တိုးမြှင့်ခြင်းဖြင့် ကုန်ကျစရိတ် ကြီးမားလာအောင် အစိုးရက ဆောင်ရွက်ရမည်ဟု ၎င်းက ပြောဆိုသည်။

စင်္ကာပူ လုပ်သားများ၏ ကျွမ်းကျင်မှုနှင့် ထုတ်လုပ်မှု စွမ်းရည်ကို မြှင့်တင်ရန် လာမည့် ၅ နှစ် အတွင်း စင်္ကာပူ ဒေါ်လာ ၅.၅ ဘီလီယံ သုံးစွဲသွားရန် အစိုးရက သတ်မှတ်၊ လျာထားပြီး စင်္ကာပူ နိုင်ငံသားတို့၏ ယှဉ်ပြိုင် နိုင်စွမ်းနှင့် ဝင်ငွေကို မြှင့်တင်ပေးမည်ဟု ဆိုသည်။

အိမ်ဈေးနှုန်းများ တက်နေခြင်းကိုလည်း တားဆီးရန် အစီအစဉ်များ ချမှတ်ထားပြီး နိုင်ငံခြားသားများ အိမ်ခြံမြေ ဈေးကွက်တွင် ဝယ်ယူနေခြင်းကို အပြစ်ပုံချခဲ့ပါသည်။ PR နှင့် နိုင်ငံသားသစ်များ လက်ခံခြင်း လုပ်ငန်းစဉ်ကိုလည်း နောင်တွင် တင်းကြပ်သွားမည် ဟု ကတိပေးလိုက်သည်။

လက်ရှိ စာရင်းဇယားများအရ မနှစ်က စင်္ကာပူ လူဦးရေ မှာ ၅ သန်း နီးပါး ရှိခဲ့ရာတွင် နေထိုင်ခွင့် PR ရသူ ၅၃၃, ၂၀၀၊ အလုပ်လုပ်ခွင့် EP ရသူ နိုင်ငံခြားသား ၁.၂ သန်း နှင့် ၎င်းတို့၏ မိသားစုများ ပါဝင်သည် ဟုသိရသည်။

"ဒီကိစ္စက ဒီနေ့ စင်္ကာပူမှာ လူပြော အများဆုံး ပြဿနာ တစ်ခု ဖြစ်လာတယ်လို့ ထင်ပါတယ်" ဟု နိုင်ငံရေး အကဲခတ် သမား Seah Chiang Nee က ပြောကြားလိုက်သည်။

CIMB-GK သုတေသနဋ္ဌာနမှ စီးပွားရေး ပညာရှင် Song Seng Wun ကမူ ပြည်တွင်း ကုမ္ပဏီများ၏ ဖွဲ့စည်းမှု ကျောရိုးကို အဆင့်မြင့်ရာတွင် ကူညီရေး အပြင် ရွေးကောက်ပွဲများ ကျင်းပရေး တောင်းဆိုမှုများကိုလည်း စီမံချက်အသစ်များဖြင့် ဖြေရှင်းရဖွယ် ရှိသည်ဟု ပြောကြားသည်။

စင်္ကာပူ နိုင်ငံ၏ နောက်ဆုံး ရွေးကောက်ပွဲများကို ၂၀၀၆ တွင် ကျင်းပခဲ့ရာ လက်ရှိ အာဏာရ ပြည်သူ့ လှုပ်ရှားမှု ပါတီ PAP က ၆ နှစ် သက်တမ်း အတွက် အနိုင်ရရှိခဲ့ပြီး ၁၉၅၉ မှစ၍ ကျွန်းနိုင်ငံ အပေါ် အဆက်မပြတ် အုပ်ချုပ်ခွင့် အာဏာရရှိခဲ့ခြင်း ဖြစ်သည်။ "အန္တရာယ် မီးပွားထွက်လာနိုင်တဲ့ ကဏ္ဍတွေမှာ အစိုးရက တစ်ခုခု လုပ်တာကို မြင်ရပါလိမ့်မယ်" ဟု 'Song ' က ဆိုသည်။

၂၀၀၈ တတိယ လေးလပတ်တွင် စတင်ခဲ့သော စီးပွားရေး ဆိုးဝါးစွာ ကျဆင်းမှု ကာလ အတောအတွင်း နိုင်ငံခြားသား အလုပ်သမားများအပေါ် အကောင်းမြင်မှု လျော့ကျခဲ့ခြင်းကြောင့် စွမ်းရည်မြင့်လာခြင်းကို ရရှိ ပိုင်ဆိုင်နိုင်ခဲ့သည်။ ထိုစဉ်က စင်္ကာပူသည် စီးပွားရေး ပျက်ကပ် အတွင်း ပထမဆုံး ကျရောက်သွားသည့် အာရှနိုင်ငံ ဖြစ်ခဲ့သည်။

ထိုအချိန်က အလုပ်အကိုင်များစွာ လျှော့ချခဲ့ပြီး လစာငွေ ဖြတ်တောက်မှုကို အကောင်အထည် ဖော်ခဲ့ရာ ကော်လာဖြူ ဥာဏ လုပ်သားများစွာ ထိခိုက်ခဲ့သည်။

ကော်ဖီဆိုင်များ၊ အင်တာနက်ံHချုချချcvcd.,kmmmnnnj m mmkkkmmmc ယာာာဖိုရမ်များ၊ သတင်းစာထံ ပေးစာများ၊ လွှတ်တော် ဆွေးနွေးပွဲများတွင် နိုင်ငံခြားသား အရေအတွက် လျှင်မြန်စွာ ကြီးထွားလာမှုနှင့် ပတ်သက်သည့် နိုင်ငံသား တို့၏ ဝေဖန်သံများ ပွက်လောရိုက်ခဲ့သည်။

လူပြော အများဆုံး ပြဿနာမှာ လစာငွေ နည်းနည်းဖြင့် အလုပ်လုပ်လိုသော နိုင်ငံခြားသားများကြောင့် စင်္ကာပူနိုင်ငံသားများ အလုပ်အကိုင် ဆုံးရှုံးနေခြင်း ကိစ္စ ဖြစ်သည်။

''နိုင်ငံခြားသားတွေက ရေစည်ပိုင်းထဲက အမှိုက်တွေလိုပဲ၊ သူတို့ ဒီမှာ အလုပ် လာလုပ်တာလား၊ ဒါမှမဟုတ် ဒေသခံတွေရဲ့ အလုပ်ကို ဖြတ်သုတ်တာလား ဆိုတာကို အရမ်း သိချင်တယ်'' ဟု နာမည်ကြီး အွန်လိုင်း ဖိုရမ် sammyboy.com  တွင် ဖော်ပြထားသည်။

"စင်္ကာပူနိုင်ငံက စင်္ကာပူ လူမျိုးတွေ အတွက် သူစိမ်းဆန်တဲ့ နေရာ တစ်ခုလို ဖြစ်လာတာ သိပ်မြန်ပါတယ်၊ အမျိုးသား လက္ခဏာဆိုတာ မရှိသလောက် ပျောက်နေပြီ" ဟု Online Citizen ဝက်ဘ်ဆိုဒ်တွင် Nur Muhammad က တင်ပြထားသည်။

ခါးသီးမှု အများစုမှာ နိုင်ငံခြားသား အင်ဂျင်နီယာများ၊ စာရင်းကိုင်များ၊ ဟိုတယ်မန်နေဂျာများ၊ အိုင်တီ ပညာရှင်များနှင့် တိုက်ရိုက် ယှဉ်ပြိုင်နေရသော စင်္ကာပူနိုင်ငံသားများထံမှ အများဆုံး ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု နိုင်ငံရေး ဝက်ဘ်ဆိုဒ် Little Speak.com  ကို တင်ဆက်နေသူ Seah က ပြောသည်။

စင်္ကာပူနိုင်ငံသား အများစု၏ ဒေါသမှာ စွမ်းရည်နိမ့် ကော်လာပြာ နိုင်ငံခြား လုပ်သားများနှင့် မသက်ဆိုင်ဘဲ စင်္ကာပူ နိုင်ငံသားတို့ လုပ်နိုင်သော အလုပ်များကို လုယူနေသည့် နိုင်ငံခြားသား ကော်လာဖြူ ဥာဏလုပ်သားမျာနှင့်သာ သက်ဆိုင်သည်ဟု ၎င်းက ဆိုသည်။

နိုင်ငံခြားသားများနှင့် ပြည့်နေသော ရထားများကို တိုးဝှေ့စီးရခြင်း၊ အစိုးရကျောင်းများ၊ ပုဂ္ဂလိက အိမ်ယာများတွင် နေရာလုရခြင်း စသည့် ကိစ္စများမှာလည်း စင်္ကာပူသားတို့ မကျေနပ်သည့် အချက်များ ဖြစ်သည်ဟု သိရသည်။

နိုင်ငံခြားသား အလုပ်သမားများသည် မြို့လယ်တွင် ယောင်ပေပေ ရပ်နေခြင်း၊ လူကြားတွင် တံတွေးထွေးခြင်း၊ အမှိုက်ပစ်ခြင်းတို့ ပြုလုပ်သည်ဟုလည်း စွပ်စွဲခံနေရသည်။

စင်္ကာပူသားများ အတွက် အရေးကြီးသည့် နောက် ပြဿနာတစ်ခုမှာ အင်္ဂလိပ်စကား နားမလည်သော စားပွဲထိုးများ၊ အရောင်းဝန်ထမ်းများနှင့် ဆက်ဆံနေရခြင်းပင် ဖြစ်သည်။

အထက်ပါ အလုပ်မျိုးများ အတွက် စင်္ကာပူသားများကို မငှားလိုကြောင်း အချို့ အလုပ်ရှင်များက စောဒကတက်သည်။

အကြောင်းမှာ စင်္ကာပူသား ဒေသခံများသည် အလွန် ချေးများ၍ အလုပ်ရွေးကြောင်း၊ ထို့အပြင် ဧည့်ခံကြိုဆိုရေး ကဲ့သို့သော ဝန်ဆောင်မှု ကဏ္ဍတွင် သဘာဝ လူမှု ဆက်ဆံရေး စွမ်းရည် ချို့တဲ့ကြသည်ဟု အလုပ်ရှင်များက အငြင်းပွားသည်။

တစ်နည်းအားဖြင့် စင်္ကာပူသည် သူ၏ အောင်မြင်မှုများအတွက် သားကောင် ပြန်ဖြစ်နေခြင်းပင် ဖြစ်သည်။

၁၉၇၀ ခုနှစ်များက စီမံချက်ဖြစ်သော မိသားစု တစ်စု ကလေး ၂ ယောက် စီမံချက်မှာ သက်ရောက်မှု ကြီးမားခဲ့ပြီး ယခုအခါ ဒေသခံ လူဦးရေကို သဘာဝ အလျှောက် ပြန်လည်ဖြည့်တင်းရန် အတွက် တစ်နှစ်လျှင် ကလေး ၆ သောင်းခန့် လိုအပ်နေသည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 15th March 2010

အာဆီယံ အဖွဲ့၏ ရင့်ကျက်မှုကို စမ်းသပ်မည့် စာမေးပွဲအား ယခုနှစ်တွင် ကျင်းပမည် ဖြစ်သည်။ ပူးပေါင်း ဆောင်ရွက်မှုကို လိုက်လျောလေ့ မရှိသော မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့သို့ ဝင်ရောက်သည့် ၁၉၉၇ မှ စ၍ အဖွဲ့အား စိတ်မသက်မသာ ဖြစ်အောင် အမြဲတမ်း ပြုလုပ်ခဲ့သည်။ စစ်အုပ်ချုပ်ရေး ကျင့်သုံးနေသောနိုင်ငံကို လက်ကမ်း ကြိုဆိုခြင်းဖြင့် အခြားအဖွဲ့ဝင်များ မြင်တွေ့လိုသည့်အတိုင်း လေးစားလိုက်လျော တတ်လာလိမ့်မည်ဟု အာဆီယံက မျှော်လင့်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားရေးအတွက် အာဆီယံသည် စစ်အစိုးရနှင့် ယုံယုံကြည်ကြည် ဆွေးနွေး ညှိနှိုင်းခဲ့သည်။ မြန်မာနိုင်ငံကို အဖွဲ့မှ ထုတ်ပစ်ရမည့် အစား လက်တွဲ ခေါ်ယူခဲ့ခြင်းသည် မှန်ကန်သော နည်းလမ်းဖြစ်သည်ဟု အဖွဲ့က ဆိုသည်။

အာဆီယံသို့ မြန်မာနိုင်ငံ ဝင်ရောက်ခဲ့ပြီး ယခု ၁၃ နှစ်ခန့် ရှိလာသည့် အခါတွင်မူ မြန်မာနိုင်ငံ ပြောင်းလဲရေး အတွက် မျှော်လင့်ချက်များမှာ လုံးဝ မှားယွင်းကြောင်း ထင်ရှားလာခဲ့ပြီး ဖြစ်သည်။ ပို၍ ဆိုးသည်မှာ စစ်အစိုးရ ဒီဇိုင်းဆွဲထားသော ရွေးကောက်ပွဲများသည် စစ်တပ်၏ အာဏာချုပ်ကိုင်မှုကို ဆွဲဆန့် ပုံသွင်းဦးမည် ဖြစ်သည်။

SPDC ဟု ခေါ်သည့် စစ်အစိုးရသည် ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ရွေးကောက်ပွဲ ဥပဒေကို လတ်တလော ပြဋ္ဌာန်းလိုက်သည်။ အခြားနိုင်ငံများက အနီးကပ် စောင့်ကြည့်နေသည့် မဲပေးပွဲများအပေါ် တာဝန်ခံရမည့် အဖွဲ့အဖြစ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် များသည် စစ်ဖက်အစိုးရ လက်ခံနိုင်မည့် အရည်အချင်း သတ်မှတ်ချက်များ လိုအပ်သည်။ ထင်ရှား ကျော်ကြားသူဟု အစိုးရ သတ်မှတ်သူ ဖြစ်ရမည်၊ ရိုးသားဖြောင့်မတ်၍ အတွေ့အကြုံ ရှိရမည်၊ နိုင်ငံသားဖြစ်ပြီး နိုင်ငံတော်ကို သစ္စာစောင့်သိသူ ဖြစ်ရမည်၊ နိုင်ငံရေး ပါတီဝင်ထားသူ မဖြစ်ရ စသဖြင့် ဥပဒေတွင် ပါဝင်သည်ဟု ဆိုသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက အလွယ်တကူ အနိုင် ရရှိသွားခဲ့သော်လည်း စစ်ဖက်ခေါင်းဆောင်များက လုံးဝ အသိအမှတ်မပြုခဲ့ဘဲ တရားမဝင်ကြောင်း တရားဝင် ကြေညာခဲ့သည်။ ထိုစဉ်က လွှတ်တော် ကိုယ်စားလှယ်နေရာ ၄၈၅ နေရာတွင် NLD ပါတီက ၃၉၂ နေရာ အနိုင်ရအောင် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ခဲ့ခြင်းကို ဗိုလ်ချုပ်ကြီးများ တုန်လှုပ်သွားခဲ့ကြသည်။

အားလုံးထဲတွင် အဆိုးဆုံး အချက်မှာ ဒီမိုကရေစီခေါင်းဆောင် အနေဖြင့် ယခု တစ်ကြိမ် မပါဝင်ရန် သေချာသလောက် ဖြစ်နေခြင်းပင် ဖြစ်သည်။ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့် ဥပဒေအရ တရားရုံး ပြစ်ဒဏ်ကျခံနေရသူများကို နိုင်ငံရေး ပါတီသို့ ဝင်ခွင့် မပြုပါ။ အဆိုပါ တားမြစ်ချက်သည် တစ်ဦးတစ်ယောက်ကို ရည်ရွယ် ရေးဆွဲထားခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။

မြန်မာ တရားရုံးက NLD ခေါင်းဆောင်အား နေအိမ် အကျယ်ချုပ် ကျခံစဉ် ဥပဒေ ချိုးဖောက်သည်ဟု စွပ်စွဲကာ လာမည့် နိုဝင်ဘာလအထိ နေအိမ် အကျယ်ချုပ် ကျခံရန် သြဂုတ်လက ပြစ်ဒဏ် ချမှတ်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲ ရလဒ်သည် စစ်ဖက် အစိုးရကို ခြောက်လှန့်နေဆဲ ဖြစ်ပြီး ၎င်းတို့ အာဏာ တရားဝင် ချုပ်ကိုင်ရန် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည့် လာမည့် ရွေးကောက်ပွဲတွင် အဆိုပါ အမှားမျိုး နောက်တစ်ကြိမ် မဖြစ်အောင် မည်သည့်ကိစ္စကိုမဆို လုပ်ဆောင်ကြတော့မည် ဖြစ်ပေသည်။ နောက်ဆုံး ရွေးကောက်ပွဲ ပြီးဆုံးခဲ့သည်မှာ ဆယ်စုနှစ် ၂ စုမျှ ကြာခဲ့ပြီ ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ၏ ရေပန်းစားမှုမှာ ခိုင်မာအားကောင်းနေဆဲ ဖြစ်သည်။ အကယ်၍ ပါတီ အားလုံးသာ ကစားကွင်းထဲတွင် ညီတူမျှတ ယှဉ်ပြိုင်ခွင့်ရခဲ့ပါက အစိုးရ နောက်ခံ မည်သည့် ပါတီကိုမဆို စိန်ခေါ်ရန် NLD က အဆင်သင့် ဖြစ်နေသည်။

အာဆီယံ အဖွဲ့သည် ထိုင်းနိုင်ငံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူစဉ်က အဖွဲ့၏ သဘောထားကို ရှင်းလင်းစွာ ပြသခဲ့ပြီး မျှတသော ရွေးကောက်ပွဲ ဖြစ်ရမည်ဟု တောင်းဆိုခဲ့ပါသည်။ ''အားလုံးနှင့် သက်ဆိုင်သော'' ဟူသော စကာလုံးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို ပြိုင်ပွဲမှ ဖယ်မထားသင့်ကြောင်း ဆိုလိုခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမှ စစ်ခေါင်းဆောင်များ၏ အုပ်ချုပ်မှု တရားဝင် သက်တမ်းတိုးရန် ရည်ရွယ်ချက်ဖြင့် ရွေးကောက်ပွဲများ ပြုလုပ်ခြင်းမှာ မဖြစ်သင့်ပါ။ အခြားသော ဒီမိုကရေစီ နိုင်ငံများ အားလုံးကလည်း မြန်မာနိုင်ငံ ရွေးကောက်ပွဲများနှင့် ပတ်သက်၍ တူညီသော သဘောထား ရှိကြသည်။ ၎င်းတို့ အားလုံးက ဒေါ်အောင်ဆန်းစုကြည် ပါဝင်သည်ကို မြင်တွေ့လိုကြခြင်း ဖြစ်သည်။ှ

အာဆီယံ ကနဦး အဖွဲ့ဝင်များ၏ တောင်းဆိုချက်ကို မြန်မာနိုင်ငံက လေးစားလိမ့်မည်ဟု မည်သူက မမျှော်လင့်ကြပါ။ ရွေးကောက်ပွဲသည် အိမ်တွင်းရေး ကိစ္စသာ ဖြစ်သည်ဟု မြန်မာ အစိုးရက သတ်မှတ်ထားသည်။ အာဆီယံ အနေဖြင့် တစ်ခုတည်းသော လုပ်ရမည့် ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီကို ရွေးကောက်ပွဲ တံခါးဖွင့်ပေးရန် မြန်မာနိုင်ငံကို ဖိအားပေးရေးပင် ဖြစ်သည်။ အကယ်၍ စစ်ဖက် အစိုးရ နောက်ခံပါတီ အတွက်သာ သီးသန့် ရည်ရွယ်မှုကို ဆက်လက် ကိုင်စွဲထားပါက အာဆီယံ အနေဖြင့် အပြင်းထန်ဆုံး ဆောင်ရွက်နိုင်သည့် အချက်မှာ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုရန်ပင် ဖြစ်သည်။

အာဆီယံ၏ လှုပ်ရှားမှု အားလုံးမှာ အလှည့်ကျ ဥက္ကဋ္ဌမှ စတင်ရမည် ဖြစ်သည်။ လက်ရှိ အလှည့်ကျ တာဝန်ကို ဗီယက်နမ်နိုင်ငံက ရယူထားသည်။ ပြဿနာမှာ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေမှုများသည် နိုင်ငံရေးကိစ္စ ဖြစ်နေသဖြင့် ဟနွိုင်းမှ ခေါင်းဆောင်များက ဂရုတစိုက် ရှိပုံမရခြင်းပင် ဖြစ်သည်။ သို့ဖြစ်၍ အာဆီယံ အနေဖြင့် ပထမဆုံး လုပ်ရမည့် ကိစ္စမှာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားရေး စီမံချက် တစ်ခုကို စတင်ရန် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်သူမ၏ ပါတီ မပါဝင်ပါက အာဆီယံ အဖွဲ့ဝင်များ ကိုယ်စား ပေးပို့ရန် ဗီယက်နမ်ကို စည်းရုံး တိုက်တွန်းရမည် ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်ရန်မှာလည်း ခက်ခဲလိမ့်မည်သာ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 15th Mar 2010

မြန်မာ အစိုးရက ရွေးကောက်ပွဲ ဥပဒေ နှင့် ရွေးကောက်ပွဲ အစီအစဉ်များကို မကြေညာမီ တစ်ရက်တွင် ယခုလ အစောပိုင်း မြန်မာနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ် တစ်ခုကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ယုံကြည် စိတ်ချရသူတစ်ဦး ဖြစ်သော ဂီဂျေးနမ်ဘီယာက ကြေညာရန် ရှိသည်ဟု မျှော်လင့်ခဲ့ကြသည်။

ယခင် အိန္ဒိယ သံတမန်ဟောင်း နမ်ဘီယာသည် အထွေထွေ အတွင်းရေးမှူးချုပ်၏ ရုံးအဖွဲ့ အကြီးအကဲ ဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီသည် ဇန်နဝါရီလက တာဝန် ပြောင်းရွှေ့သွားပြီး နောက်ပိုင်း မြန်မာနိုင်ငံရှိ ကုလ အထွေထွေ အတွင်းရေးမှူးချုပ်၏ လုပ်ငန်း တာဝန်များကို ကြီးကြပ်ရန် နမ်ဘီယာကို ယာယီ တာဝန် ပေးအပ်ထားသည်။

မီဒီယာများ မသိအောင် ဖုံးကွယ်ထားသည့် လျှို့ဝှက် ခရီးစဉ်သည် ဘန်ကီမွန်းထံမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ပုဂ္ဂိုလ်ရေး ပေးစာတစ်စောင်ကို ပေးအပ်ရန် သွားရောက်ခြင်း ဖြစ်သည်ဟု ယုံကြည်ရပြီး နေ့ချင်းပြန် ခရီးစဉ် ဖြစ်သည်။ ခိုင်လုံသော သတင်းရပ်ကွက်က ဧရာဝတီသို့ ပြောကြားသည်။

အဆိုပါ ခရီးစဉ်အကြောင်း သိရှိသော အရာရှိများက ကုလ သံတမန်သည် မည်သူနှင့် တွေ့ဆုံခဲ့သည်၊ မည်သည့်ကိစ္စ ဆွေးနွေးခဲ့သည် စသော အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ရန် ငြင်းဆိုခဲ့ကြသည်။

အထူးသဖြင့် ယခင်နှစ်ကုန်ပိုင်းတွင် အိုဘားမား အစိုးရက မြန်မာစစ်ဘက် အစိုးရနှင့် တိုက်ရိုက် ဆွေးနွေးမှု ၂ ကြိမ်ခန့် ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ကုလသမဂ္ဂက မြန်မာနိုင်ငံ အရေးကို အာရုံ စူးစိုက်မှု လျှော့ထားခဲ့သည်။

သို့ရာတွင် မတ်လ ၈ ရက်နေ့တွင် နယူးယောက်ရှိ ကုလသမဂ္ဂ ဌာနချုပ်တွင် သတင်းထောက်များအား ပြောကြားရာ၌ ဘန်ကီမွန်းက "မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် ပေါင်းစည်းရေး လုပ်ငန်းစဉ် တိုးတက်မှု ရပ်ဆိုင်းနေသည့် အပေါ် စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားသည့် စာတစ်စောင် မြန်မာအစိုးရ ခေါင်းဆောင်ထံ ရေးသား ပေးပို့ခဲ့ကြောင်း၊ ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲများ ယုံကြည် လေးစားဖွယ်ရှိရေး၊ အားလုံးအတွက် တံခါးဖွင့်ရေး၊ ပွင့်လင်း မြင်သာမှုရှိရေးတို့သည် အလွန် အရေးကြီးကြောင်း အလေးအနက် ဖော်ပြခဲ့သည်" ဟု ပြောဆိုသည်။

တစ်ချိန်တည်းတွင်ပင် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း နိုဝါဟာဆန်ဝီရာဂျူဒါ အား မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်းခြင်းကို စစ်အစိုးရက ပယ်ချခဲ့သည်ဟု ယုံကြည်ရကြောင်း သတင်းများက ဆိုသည်။ ဝီရာဂျူဒါအား လက်မခံနိုင်ကြောင်း အတွင်းရေးမှူးချုပ်ရုံးသို့ အကြောင်းပြန်ရာတွင် ပယ်ချရခြင်း၏ အကြောင်းရင်းကို မြန်မာအစိုးရက ဖော်ပြခဲ့ခြင်းမရှိဟု ဆိုသည်။ ဒီမိုကရေစီ လှုပ်ရှားမှုများကို ထောက်ခံသော အင်ဒိုနီးရှား၏ ရပ်တည်ချက်ကြောင့် ပယ်ချခဲ့ခြင်း ဖြစ်လိမ့်မည်ဟု ယုံကြည်ရသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် အင်ဒိုနီးရှားက အကြိမ်ကြိမ် တောင်းဆိုခဲ့သည်ကို အားလုံး သိထားကြပြီး ဖြစ်သည်။

ထို့အပြင် ပြီးခဲ့သော သီတင်းပတ်ကုန်က ထုတ်ပြန်သော ကြေညာချက်တွင် ဘန်ကီမွန်းက "ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသား အားလုံး အပါအဝင် နိုင်ငံသားများ အားလုံး ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် လွတ်လပ်စွာ ပါဝင်နိုင်ရေးကို ခွင့်ပြုရန်" မြန်မာအာဏာပိုင်များအား တောင်းဆိုမှုကို ထပ်မံ ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ဥပဒေသစ်ကို ကုလသမဂ္ဂက သေချာစွာ လေ့လာနေသည်။ ယခုအချိန်အထိ လေ့လာတွေ့ရှိမှုများအရ နိုင်ငံတကာ အသိုင်းအဝိုင်း နှင့် ကုလသမဂ္ဂ၏ မျှော်လင့်ချက် ဖြစ်သော အားလုံးကို တံခါးဖွင့် ကြိုဆိုရေး၊ နိုင်ငံရေး လုပ်ငန်းစဉ် အပေါ် ဖြည့်ဆည်း ဆောင်ရွက်ထားခြင်း မရှိဟု တင်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 15th March 2010

ဂျီနီဗာရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်  ပတ်သက်၍ ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် ရှုတ်ချမှုအား မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား နိုင်ငံတို့က ပယ်ချခဲ့ကြသည်။

မြန်မာနိုင်ငံ အတွက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ထောက်ခံ တင်ပြချက်များသည် တိုင်းပြည်၏ အချုပ်အခြာ အာဏာပိုင်သည့် အခွင့်အရေးများကို ထိပါးကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ ကိုယ်စားလှယ်က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ ပြောကြားခဲ့သည်။

မကြာသေးမီက ကုလသမဂ္ဂ အစီရင်ခံစာတွင် မြောက်ကိုရီးယားအား ထောင်အကြီးစား တစ်ခု အဖြစ် ဖော်ပြခဲ့မှုအား မြောက်ကိုရီးယား ကိုယ်စားလှယ်က အသေအချာ ငြင်းဆို၍ ပယ်ချခဲ့သည်။

တစ်ချိန်တည်းတွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Quintana က ပြောကြားရာတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ကုလသမဂ္ဂ အစီရင်ခံစာတွင် အတည်ပြု၍ မရနိုင်သော သတင်း အရင်းအမြစ်များ (Unverifiable Sources) ကို အသုံးပြုခဲ့ရကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

Quintana သည် ပြီးခဲ့သည့် လက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ကျူးလွန်နေသော စစ်ရာဇဝတ်မှုများနှင့် လူသားချင်း မစာနာသော ရာဇဝတ်မှုများ အတွက် ကုလသမဂ္ဂမှ ဝင်ရောက် စစ်ဆေးသင့်ကြောင်း ထောက်ခံ တင်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် လာမည့်နှစ်၌ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် အများ လက်ခံနိုင်လိမ့်မည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြုပြင်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း Quintana က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ ပြောကြားခဲ့သည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ကလေးစစ်သားများ စုဆောင်းနေမှု၊ အပြစ်မရှိသူ လူ ၂၀၀၀ ကျော်အား ဖမ်းဆီးထားမှုများ ပါဝင်သည်။

အဆိုပါ အစီရင်ခံစာကို မြန်မာနိုင်ငံမှ ပြင်းပြင်းထန်ထန် ပယ်ချခဲ့သည်။ Quintana သည် ၎င်း၏ အခွင့်အာဏာကို အလွဲသုံးစားပြုကြောင်း၊ အခြေအမြစ် မရှိသော စွပ်စွဲချက်များ (Unfounded Allegations) ပါဝင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင်၏ ပြောကြားချက်ကို AFP က ကိုးကား၍ ဖော်ပြခဲ့သည်။

တချိန်တည်းမှာပင် မြောက်ကိုရီးယားနိုင်ငံ အတွက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Vitit Muntarbhorn က BBC သို့ ပြောကြားရာတွင် မြောက်ကိုရီးယား၏ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများသည် တစ်မျိုး တစ်ဘာသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်သူများအပေါ် စောင့်ကြည့်သော စနစ် ချမှတ်ထားမှု၊ အစားအသောက်များ လုံလောက်အောင် မပေးခြင်း၊ လူများကြားတွင် သိက္ခာမဲ့အောင် ပြုလုပ်မှုများ၊ ရက်စက် ကြမ်းကြုတ်မှုများ ဖြစ်ပေါ်လာစေပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှု အတွက် တစ်မျိုးတစ်ဘာသာ တွေ့ရသည်ဟု ၎င်းက BBC ၏ PM အစီအစဉ်သို့ ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အစီရင်ခံစာသည် အနောက်နိုင်ငံများ၏ မြောက်ကိုရီးယားနိုင်ငံ၏ ယဉ်ကျေးမှုကိုပါ ဖျောက်ဖျက် ပျက်စီးလိုသောကြောင့် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား ကိုယ်စားလှယ် Choe Myong Nam က ပြောကြားခဲ့ခြင်းကို ကိုးကား၍ AFP က ဖော်ပြခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Xinhua, 15th March 2010

ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူများ၊ ပညာရှင်များ ပါဝင်သော အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် ဘင်္ဂလားဒေ့ရှ် မြို့တော် ဒါကာမြို့မှ တနင်္လာနေ့က မြန်မာနိုင်ငံသို့ ထွက်ခွာသွားပြီး ရေနယ်နိမိတ် ကိစ္စ ၂ ရက်ကြာ စကားပြောလိမ့်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဌာန တာဝန်ရှိ ပုဂ္ဂိုလ်က ပြောကြားလိုက်သည်။

နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Md Jashim က Xinhua သို့ ပြောကြားရာတွင် အဆိုပါ အဖွဲ့သည် ရန်ကုန်တွင် မတ်လ ၁၆ ၊ ၁၇ ရက်များတွင် ဆွေးနွေးကြမည် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျင်းပသော အစည်းအဝေးတွင် ပင်လယ်ရေပိုင်နက် သတ်မှတ်ရေး အတွက် နှစ်ဦးနှစ်ဘက် ညှိနှိုင်း သဘောတူညီမှု ရပြီးသော မူဝါဒဖြင့်သာ ပြဿနာ ဖြေရှင်းရန် သဘောတူညီမှု ရရှိခဲ့သည်။

ဒီဇင်ဘာလက တွေ့ဆုံစဉ်က နောက်တစ်ကြိမ် အစည်းအဝေးကို မြန်မာနိုင်ငံတွင် ဧပြီလ၌ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ သို့သော် မကြာသေးမီက မြန်မာနိုင်ငံက ယခုလအတွင်း ပြုလုပ်ရန် အကြောင်းကြားလာခဲ့၍ မိမိတို့ သဘောတူခဲ့ကြောင်း၊ နိုင်ငံခြားရေးဌာန တာဝန်ရှိ ပုဂ္ဂိုလ် နောက်တစ်ဦးက ပြောခဲ့သည်။

နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားမှု စတင် ဖြစ်ပွားရခြင်းမှာ ၂၀၀၈ ခုနှစ်က ဘင်္ဂလား ပင်လယ်အော်တွင် မြန်မာက သယံဇာတများကို ထုတ်ယူရန် ကြိုးစားခဲ့မှုကြောင့် ဘင်္ဂလားဒေ့ရှ်က ကန့်ကွက်ရာမှ စတင် ဖြစ်ပွားခဲ့ရကြောင်း အမည်မဖော်လိုသူ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ပြောသည်။

ထိုကဲ့သို့ အငြင်းပွားမှုကြောင့် ဘင်္ဂလားဒေ့ရှ်သည် နိုင်ငံတကာ ကုမ္ပဏီများနှင့် ကမ်းလွန် ရေနံ တူးဖော်ရေး အစီအစဉ်များ ရပ်ဆိုင်းခဲ့ရကြောင်း ၎င်းက ဆိုသည်။ ထိုကြောင့် ဘင်္ဂလားဒေ့ရှ်သည် အဆိုပါ နယ်နမိတ် ကိစ္စကို ကုလသမဂ္ဂ တရားရုံးသို့ တရားဝင် လျှောက်ထားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.