Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News, 17th March 2010

နိုင်ငံပိုင် သတင်းစာများတွင် မနက်ဖြန်တွင် ကြေညာမည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့် ဆိုင်ရာ နည်းဥပဒေများတွင် ပါတီမှတ်ပုံတင်ကြေး၊ ကိုယ်စားလှယ်လောင်းအတွက် ခွင့်ပြု အသုံးစရိတ်တို့ ပါဝင်ကြောင်း ဧရာဝတီက ရရှိခဲ့သော နည်းဥပဒေ မိတ္တူ အရ သိရှိရသည်။

နည်းဥပဒေ အခန်း(၂)  အပိုဒ် ၇ (ခ) အရ ''ဤ ဥပဒေ၏ အခန်း ၅ (က) နှင့် ကိုက်ညီ၍ ကော်မရှင်၏ အတည်ပြုမှုကို ရရှိသည့်နေ့မှ စ၍ ရက်ပေါင်း ၃၀ အတွင်း မှတ်ပုံတင်ကြေး ၃၀၀,၀၀၀ ကျပ်နှင့် (ဒေါ်လာ ၃၀၀) နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်နိုင်သည်'' ဟု ဖော်ပြထားသည်။

အခန်း (၂၁) အရ မည့်သည့် လွှတ်တော် ရွေးကောက်ပွဲကို မဆို ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း၏ စည်းရုံး မဲဆွယ်မှုအတွက် ကျပ်ငွေ ၁၀ သန်း (ဒေါ်လာ ၁၀,၀၀၀) ကို အသုံးစရိတ် အဖြစ် နိုင်ငံရေး ပါတီက သုံးစွဲနိုင်ခွင့် ရှိပြီး၊ ပါတီ ရန်ပုံငွေ (သို့) ကိုယ်စားလှယ်လောင်း၏ တရားဝင် ဝင်ငွေမှ ထုတ်နုတ် သုံးစွဲရမည်ဟု ဆိုသည်။

ဤသည်မှာ ၁၉၉၀ ရွေးကောက်ပွဲ နည်းဥပဒေ အရ ခွင့်ပြုခဲ့သော မဲဆွယ် စရိတ် ၇၀,၀၀၀ ကျပ် (၁၉၉၀ ငွေလှဲနှုန်း အရ ဒေါ်လာ ၁၅၀၀ ) နှင့် အလွန်ပင် ကွာခြားနေသည်။

ထို့အပြင် လတ်တလော ကြေညာခဲ့သော ရွေးကောက်ပွဲ ဥပဒေ အရ NLD အနေဖြင့် ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ခြင်း မရှိပါက ပါတီဖျက်သိမ်းပေးရမည် ဖြစ်သည်။

NLD အနေနှင့် ရွေးကောက်ပွဲ ဝင်၊ မဝင် ကိစ္စကို မတ်လ ၂၉ ရက်နေ့တွင် ဆုံးဖြတ်မည်ဟု CEC အဖွဲ့ဝင်များထံမှ သိရှိရသည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့်ဆိုင်ရာ နည်းဥပဒေများကို နိုင်ငံပိုင် ရုပ်သံက ယနေ့ကြေညာခဲ့ပြီး အသေးစိတ် စည်းကမ်းချက်များကို နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသွားမည် ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, 17th March 2010

ဗုဒ္ဓဘာသာ သံဃာတော်များအား အကြမ်းဖက် နှိမ်နှင်းမှု အပါအဝင် တုန်လှုပ်စဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကြောင့် မြန်မာ အစိုးရကို နိုင်ငံတကာက ဒေါသထွက်နေကြသော်လည်း သည်းခံမှု တရားကို ပိုမို ပြသသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံက ဗုဒ္ဓဟူးနေ့တွင် ကတိပေးလိုက်သည်။

ငြိမ်းချမ်းခြင်း တရားကို မြဲမြံအောင် ဆောက်တည်၍ ဆွေးနွေးမှုများ ပြုလုပ်ရန် မိမိတို့ ဖိအားပေး ခံခဲ့ရသည်ဟု မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက မနီလာတွင် ကျင်းပသော Non-Aligned Movement (NAM) ဝန်ကြီးများ အစည်းအဝေးတွင် ပြောကြားသည်။ ယုံကြည်ချက် ကွဲပြားသော သူများ အကြား အပြန်အလှန် လေးစားမှု ထိန်းသိမ်းရေးအတွက် အရေးကြီးသည့် အကြောင်းကို ထုတ်ဖော် ပြောဆိုရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်ဟုလည်း ၎င်းက ဆိုသည်။

အကယ်၍ မိမိတို့အနေဖြင့် အခြား ဘာသာဝင်များ အပေါ် လိုက်လျောမှု မရှိဘဲ လေးစားမှု ပြသရန် ပျက်ကွက်ခဲ့ပါက လက်ရှိ ဖြစ်ပေါ်နေသော အကျပ်အတည်းနှင့် တင်းမာမှုများ ကြာရှည်နေမည် ဖြစ်သည်။ သည်းခံခြင်း တရားသည် နိုင်ငံတကာ ဆက်ဆံရေးတွင် မရှိမဖြစ် အရေးပါသော တန်ဖိုး တစ်ခု ဖြစ်ကြောင်း မိမိတို့ အပြည့်အဝ သဘောတူသည်ဟု ဦးဥာဏ်ဝင်းက ပြောကြားခဲ့သည်။

မည်သို့ပင် ဖြစ်စေ၊ မြန်မာ အစိုးရသည် သံဃာတော်များနှင့် အတိုက်အခံ အုပ်စုများကို ဆက်လက် နှိမ်နှင်း ဖြိုခွဲနေခြင်းကြောင့် နိုင်ငံတကာ၏ ပစ်ပယ်မှုကို ခံနေရဆဲ ဖြစ်သည်။ Human Right Watch က ယခင် နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်သော အစီရင်ခံစာ၌ မြန်မာနိုင်ငံတွင် သံဃာတော် ၂၄၀ ကျော်ကို ထောင်သွင်း အကျဉ်းချထားကြောင်း၊ ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် သံဃာတော် ထောင်ဂဏန်း အရေအတွက်သည် လူဝတ်လဲခံရပြီး ဖမ်းဆီးခံရမည်ကို စိုးရွံ့စွာဖြင့် နေထိုင်နေကြရသည်ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ကို ဖမ်းဆီးထားသည်ဟုလည်း လူ့အခွင့်အရေး အဖွဲ့က ပြောကြားသည်။

မြန်မာစစ်ဖက် အစိုးရက လတ်တလော ထုတ်ပြန် ကြေညာခဲ့သော ရွေးကောက်ပွဲ ဥပဒေ အရ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လာမည့် ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် ထိရောက်စွာ တားဆီးထားသဖြင့် နိုင်ငံတကာ၏ ဒေါသကို နှိုးဆွသလို ဖြစ်ခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် စီစဉ်ထားသော ဦးဥာဏ်ဝင်းနှင့် တွေ့ဆုံမှုတွင် ရွေးကောက်ပွဲ ဥပဒေကို ဝေဖန်ရန်နှင့် အဆိုပါ ဥပဒေ ပယ်ဖျက်ရေးကို တောင်းဆိုရန် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး အယ်ဘာတို ရိုမြူလိုက မျှော်လင့်ထားသည်။ ဦးဥာဏ်ဝင်းကမူ ထိုကိစ္စကို ရှောင်ရှားသည့် အနေဖြင့် အယ်ဘာတို ရိုမြူလိုနှင့် ဆွေးနွေးပွဲတွင် ၂ နိုင်ငံ ဆက်ဆံရေး ကိစ္စများကိုသာ ဆွေးနွေးသွားမည်ဟု  ပြောကြားလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

 

The Irrawaddy, By Kyaw Thein Kha, 17th March 2010

မြန်မာ အစိုးရ၏ ၁၂ ဦးထက် မနည်းသော ဝန်ကြီးများသည် လက်ရှိရာထူးမှ နုတ်ထွက်ပြီး၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ပြင်ဆင်လျက် ရှိကြောင်း စစ်တပ်မှ လာသော သတင်းများ အရ သိရှိရသည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်ခြင်း ပြုခံလိမ့်မည် မဟုတ်သော ဒုတိယ ဝန်ကြီးများက ၎င်းတို့၏ နေရာတွင် အစားထိုး တာဝန်ယူမည် ဖြစ်ကြောင်း ရန်ကုန်မှ လာသော သတင်းများက ဆိုသည်။

ပါလီမန် အသစ်တွင် တာဝန်ပေးရန် ရွေးချယ်ထားသည်ဟု ယူဆခြင်း ခံရသူများတွင် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဌာန ဝန်ကြီး ဦးစိုးသာ၊ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းနှင့် ပြန်ကြားရေး ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း တို့ပါဝင်ကြောင်း အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

စက်မှု(၁) ဝန်ကြီး ဦးအောင်သောင်းလည်း ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု မျှော်လင့်ရသည်။

အဆိုပါ ဝန်ကြီးများသည် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု မှန်းဆရကြောင်း သတင်းများက ဆိုသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ အရ ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) နှင့် အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) တို့တွင် ကိုယ်စားလှယ်များ၏ ၂၅ % ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်သော စစ်တပ်မှ ကိုယ်စားလှယ်များ ဝင်လာမည် ဖြစ်သည်။

အစိုးရ၏ လက်ရှိဝန်ကြီးများသည် အစိုးရ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းနှင့် လက်အောက် ပါတီ နှစ်ခု တို့တွင် ဦးဆောင်လိမ့်မည်ဟု မျှော်လင့်ရပြီး၊ ကော်မရှင်တွင် လာရောက် မှတ်ပုံတင်သည်ကိုမူ မတွေ့ရသေးပေ။

၎င်းတို့အထဲမှ ပါတီတစ်ခုသည် Guidance Democracy Party ဟု အမည်ပေးလိမ့်မည် ဖြစ်ကြောင်း USDA မှ လာသော သတင်းများ အရ သိရှိရသည်။ စစ်တပ်မှ အငြိမ်းစား အရာရှိများသည် အဆိုပါ ပါတီများကို ဦးဆောင်လိမ့်မည် ဖြစ်ပြီး မကြာခင် မှတ်ပုံတင်လိမ့်မည် ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့၌ အစိုးရ ရုပ်မြင်သံကြားဋ္ဌာနက နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး အတွက် နည်းဥပဒေများ ကြာသပတေးနေ့ထုတ် သတင်းစာများတွင် ဖော်ပြမည်ဟု ကြေညာခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CBN News, 16th March 2010

မြန်မာခေါင်းဆောင်များအား ၎င်းတို့၏ တရားမျှတမှု မရှိသော ရွေးကောက်ပွဲ ဥပဒေ အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ရှုတ်ချလျက် ရှိသည်။

ဥပဒေ အသစ်သည် နိုဘယ်ဆုရှင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲတွင် မဝင်ရောက်နိုင်ရန် တားဆီးထားသည့်အပြင် သူမအား သူမ၏ ပါတီမှ ထုတ်ပယ်အောင် ပြုလုပ်ထားသေးသည်။

ဒေါ်အောင်ဆန်းစုကြည်က ထိုသို့သော တင်းကြပ်ထားသည့် ဥပဒေမျိုး ထွက်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ကြောင်း၊ သို့သော် စိတ်မပျက်ကြောင်း၊ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြီးခဲ့သည့် ကြာသပတေးနေ့က သတင်းထောက်များသို့ ပြောကြားခဲ့သည်။

သူမက ထိုကဲ့သို့သော စိန်ခေါ်မှုများသည် ခိုင်မာသော ဆုံးဖြတ်ချက်များနှင့် တုန့်ပြန်ရန် အကြောင်း ဖြစ်လာကြောင်း၊ ပြည်သူများနှင့် ဒီမိုကရေစီ အင်အားစုများ အနေဖြင့်လည်း ထို တရားမျှတမှု မရှိသော ဥပဒေကို တညီတညွတ်တည်း ဆန့်ကျင်ကြရန် ပြောခဲ့သည်ဟု ဦးဥာဏ်ဝင်းက ပြောသည်။

မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီး စစ်တပ် အစိုးရ၏ မတရားသဖြင့် အုပ်ချုပ်မှုကို ခံနေရသည်။ အစိုးရသည် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကိုလည်း ဖမ်းဆီးထားသည်။

Vision Beyond Borders မှ Patrick Klein က CBN သတင်းဋ္ဌာနသို့ ပြောကြားရာတွင် အစိုးရသည် ၎င်းတို့အား ဆန့်ကျင်သူ မည်သူ့ကိုမဆို အပြတ်ရှင်းလေ့ ရှိကြောင်း၊ အထူးသဖြင့် ခရစ်ယာန်များကိုလည်း ပြုလုပ်ကြောင်း ပြောသည်။ အစိုးရက ခရစ်ယာန် ဘာသာဝင်များကို ပိုမို အတိုက်အခံ ပြုလာသည်ကို တွေ့ရသော်လည်း၊ လူများကြားတွင် ခရစ်တော်ကို ယုံကြည်သူများ တိုးပွားလျက် ရှိသည်ဟု ၎င်းက ဆိုသည်။

ခရစ်ယာန်များ အနေဖြင့် ဘုရားကျောင်း တက်ရန် ဘုရားကျောင်း အနည်းငယ်သာ ရှိသည်။ အဘယ်ကြောင့်ဆိုသော် အစိုးရသည် ၁၉၆၅ ခုနှစ်မှ စ၍ ဘုရားကျောင်း အသစ်ဆောက်ခြင်းကို ခွင့်မပြုသောကြောင့် အများစုသည် နေအိမ်တွင်သာ တိတ်တဆိတ် ဘုရား ဝတ်ပြုကြရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.gulf-times.com, 17th March 2010

မြန်မာနိုင်ငံ၌ ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲများတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်အောင် စည်းကမ်း သတ်မှတ်ထားသည့် ရွေးကောက်ပွဲ ဥပဒေသစ်ကို ပယ်ဖျက်ပေးရန် ဖိလစ်ပိုင်နိုင်ငံ၏ တောင်းဆိုမှုကို မြန်မာနိုင်ငံခြားရေး ဝန်ကြီးက မနေ့က ပယ်ချလိုက်သည်။

ဦးဉာဏ်ဝင်းသည် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး အယ်လ်ဘာတို ရိုမြူလိုနှင့် မနီလာတွင် ကျင်းပသော Non-Aligned Movement ၏ ဝန်ကြီးများ အစည်းအဝေး အဝန်းအဝိုင်းတွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ဦးဉာဏ်ဝင်းက စကားများစွာ ပြောဆိုခြင်း မရှိသဖြင့် တွေ့ဆုံမှုအပေါ် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ရိုမြူလိုက ပြောကြားလိုက်သည်။

ယခင် အပတ်က ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေကို တရားဝင် ရုတ်သိမ်းရန် မြန်မာ စစ်အစိုးရအပေါ် ဖိလစ်ပိုင်၏ တောင်းဆိုမှုကို ထပ်မံပြောကြားခဲ့သော တံခါးပိတ် အစည်းအဝေး အပြီးတွင် "သူက နားထောင်ရုံပါပဲ" ဟု ရိုမြူလိုက သတင်းထောက်များကို ပြောကြားခဲ့သည်။

"ဒါဟာ ဥပဒေပါလို့ သူက ပြန်ပြောတယ်" ဟု ရိုမြူလိုက ဆိုသည်။

ရွေးကောက်ပွဲ ဥပဒေသစ်အရ ပြစ်ဒဏ် ကျခံနေရသူ တစ်ဦးအား နိုင်ငံရေး ပါတီဝင်အဖြစ် သော်လည်းကောင်း၊ ရွေးကောက်ပွဲ ပြိုင်မည့် ကိုယ်စားလှယ်လောင်း အဖြစ် သော်လည်းကောင်း ခွင့်မပြုဟု တားမြစ်ထားသည်။

ရက်မသတ်မှတ်ရသေးသော်လည်း ယခုနှစ် ကျင်းပပေးမည်ဟု ဆိုသော ရွေးကောက်ပွဲတွင် လက်ရှိ နေအိမ် အကျယ်ချုပ် ပြစ်ဒဏ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်အောင် ဥပဒေဖြင့် ညစ်ထားခြင်း ဖြစ်သည်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်အဖြစ် ဆက်လက် ပါဝင်နေခဲ့လျှင် NLD ပါတီမှာ ရွေးကောက်ပွဲဝင်ခွင့် မရနိုင်သည့်အပြင် ဖျက်သိမ်းခံရနိုင်သည်ဟုလည်း ပါတီ ပြောရေးဆိုခွင့် ရှိသူ၏ ပြောကြားချက်အရ သိရသည်။

မြန်မာအစိုးရက နိုင်ငံတွင်း ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ စတင် ပြုလုပ်မည်ဟု ၎င်းတို့ ပေးထားသော ကတိအတိုင်း တည်အောင် ကြိုးစားသင့်သည်ဟု ရိုမြူလိုက ပြောသည်။

"ဒီမိုကရေစီ လမ်းပြမြေပုံဆိုတာ အာဆီယံနဲ့ ကမ္ဘာကိုမြန်မာက ပေးထားတဲ့ ကတိပါ။ သူတို့ ကတိပေးထားတဲ့ ဒီမိုကရေစီ လမ်းညွှန်မြေပုံအတိုင်း အကောင်အထည် ဖော်ပါလို့ပဲ ကျွန်တော်တို့က တောင်းဆိုတာပါ" ဟု ရိုမြူလိုက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ရွေးကောက်ပွဲများကို လူတိုင်း ပါဝင်နိုင်မှသာလျှင် ကမ္ဘာက လက်ခံယုံကြည်လိမ့်မည်ဟု ၎င်းက ပြောသည်။

အထက်ပါ ဥပဒေ ပြန်လည် ရုတ်သိမ်းရေး အတွက် ဧပြီ ၈ ရက် ဗီယက်နမ်၌ ကျင်းပမည့် အာဆီယံ ညီလာခံတွင် မြန်မာနိုင်ငံကို ဖိအားပေးရန်  အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများကို မိမိ တိုက်တွန်းသွားမည်ဟု ရိုမြူလိုက ပြောကြား လိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Wall Street Journal, 16th March 2010

ဒေါ်ချိုချိုကျော်ငြိမ်းသည် အသက် ၆၂ နှစ်ရှိပြီ ဖြစ်ပြီး အစိုးရကို ဝေဖန်ပြောကြားသူ တစ်ဦး ဖြစ်သည်။ မကြာသေးမီက The Wall Street Journal သည် သူမနှင့် စကားပြောခဲ့ပြီး သူမရွေးကောက်ပွဲ ဝင်ရခြင်း အကြောင်း၊ စစ်အစိုးရ အပေါ် အတိုက်အခံ အနေနှင့် သူမ၏ ရပ်တည်ချက်နှင့် အခြား အကြောင်းအရာများ ပါဝင်ပါသည်။ သူမနှင့် စကားပြောခဲ့ပုံများမှာ အောက်ပါအတိုင်း ဖြစ်သည်။

The Wall Street Journal ။   ။ မြန်မာနိုင်ငံမှာ အခုနှစ် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ခင်ဗျား ဝင်ပါမှာလား။

ဒေါ်ချိုချိုကျော်ငြိမ်း။     ။ ဝင်မှာပါ။ ကျွန်မရဲ့ပါတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီးပါပြီ။ ကျွန်မတို့အားလုံး ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ပြည်သူများကို ကျွန်မတို့ပြောလိုတာက ကျွန်မတို့နဲ့ လာပူးပေါင်းပါ။ ကျွန်မတို့ ပါတီရဲ့ ကိုယ်စားလှယ် အဖြစ် ပါဝင်ဖို့ ပြောလိုပါတယ်။ မကြာခင် ကျွန်မတို့ ကိုယ်စားလှယ် ဘယ်နှစ်ဦး ရှိမလဲ ဆိုတာ သိရပါလိမ့်မယ်။

WSJ။   ။ ရွေးကောက်ပွဲဟာ တရားမျှတလိမ့်မယ်လို့ ထင်ပါသလား။

ချိုချို။   ။ ၁၉၉၀ တုန်းကလည်း တရားမျှတခဲ့ပါတယ်။ အခု အနှစ်နှစ်ဆယ် ကြာခဲ့ပေမယ့်လည်း တရားမျှတလိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ တရားမျှတမယ်၊ မမျှတဘူး ဆိုတာကိုတော့ ကျွန်မ မပြောနိုင်ပါဘူး။

WSJ။   ။ ရွေးကောက်ပွဲမှာ ပုံမှန် မဟုတ်တာတွေ ဖြစ်လာနိုင်တယ်ဆိုပြီး၊ ဘာဖြစ်လို့ ရွေးကောက်ပွဲ ဝင်ဖို့ စိတ်ဝင်စားတာပါလဲ။

ချိုချို။   ။ ရွေးကောက်ပွဲမှာ ပါဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းရင်း ကတော့၊ အနှစ်နှစ်ဆယ် ကြာခဲ့ပြီလေ။ ကျွန်မ တို့ကို စစ်တပ်က အုပ်ချုပ်လာတာ။ အစိုးရမှာ အရပ်သားတွေ ပါဝင်ခွင့် မရခဲ့ပါဘူး။ အခု ရွေးကောက်ပွဲပြီးသွားရင် အရပ်သား ၇၅ % နဲ့ စစ်သား ၂၅ % ပါဝင်လာမယ်လေ။ အရပ်သားနဲ့ စစ်တပ်က ကိုယ်စားလှယ်တွေ အလုပ်အတူ လုပ်ကြရပါလိမ့်မယ်။ လေးနှစ်ပြီးလို့ နောက်ထပ် ရွေးကောက်ပွဲတွေမှာ အရပ်သားတွေ ပိုပြီး အရွေးခံရပါလိမ့်ဦးမယ်။ စစ်သားတွေနဲ့ အရပ်သားတွေ အလုပ် အတူတူ တွဲလုပ်ရင်း နားလည်မှုတွေ တည်ဆောက်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မတို့ ၁၉၈၈ ကတည်းက ရန်ဖြစ်လာလိုက်တာ အခု အထိ ဘာသဘောတူညီမှုမှ မရခဲ့ဘူးလေ။ အခု အလုပ် အတူတွဲလုပ်ရင်းနဲ့ စစ်တပ်နဲ့ အရပ်သားတွေကြားမှာ နားလည်မှု ရလာမှာ ဖြစ်ပါတယ်။

WSJ။   ။ ခင်ဗျားရဲ့ နိုင်ငံရေး လှုပ်ရှားမှု သမိုင်းကို ပြောပြပါဦး။

ချိုချို။   ။ ကျွန်မ ၁၉၈၈ ကတည်းက နိုင်ငံရေး လောကထဲ ရောက်ပါတယ်။ နိုင်ငံရေးသမားပေါ့။ ကျွန်မအဖေက ပထမဆုံး ဒုတိယဝန်ကြီးချုပ်ပါ။ ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းတော့ ကျွန်မ အဖေက ထောင် ခုနှစ်နှစ် ကျတယ်။ ကျွန်မ အမေက သုံးနှစ်ခွဲ၊ ကျွန်မ အမျိုးသားကလည်း သုံးနှစ်ခွဲ၊ ကျွန်မ အစ်ကို နှစ်ယောက်က ခုနှစ်နှစ်စီ ထောင်ကျခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်မှာ ကျွန်မလည်း ထောင် ခုနှစ်နှစ် ကျတယ်။ ကျွန်မ ခိုင်ခိုင်မာမာ ယုံကြည်ထားတာ တစ်ခုက ကျွန်မက ကျွန်မတို့ မိသားစုရဲ့ မိသားစုဝင် တစ်ယောက်၊ တိုင်းသိပြည်သိ နိုင်ငံရေး သမားရဲ့ သမီးဆိုတော့၊ တိုင်းပြည်အတွက်၊ ပြည်သူတွေ အတွက် အလုပ်လုပ်ချင်သေးတယ်။

WSJ။   ။ ခင်ဗျား ပါတီ အကြောင်း ပြောပြနိုင်မလား။

ချိုချို။   ။ ကျွန်မတို့ ပါတီရဲ့ အမည်က ဒီမိုကရက်တစ်ပါတီ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်ဖို့ စိတ်အားထက်သန်တဲ့ လူတစ်စုနဲ့ ဖွဲ့စည်းထားတာပါ။ ကျွန်မတို့ နှစ်ပတ်လည် အခမ်းအနားတွေ၊ မွေးနေ့ပါတီတွေမှာ မကြာခဏ တွေ့ကြရပါတယ်။ နိုင်ငံရေး အဖွဲ့ အနေနဲ့ ကျွန်မတို့ တွေ့ဆုံ ဆွေးနွေးခွင့်မရပါဘူး။ ဥပဒေက ငါးယောက်ထက် ပိုပြီး မစုရလို့ ကန့်သတ်ထားတာကိုး။

WSJ။   ။ ခင်ဗျားတို့ ဘယ်လိုစုဖွဲ့ပြီး ရွေးကောက်ပွဲ အတွက် ပြင်ဆင်မလဲ။ ဘယ်လို မဲဆွယ်မလဲ။

ချိုချို။   ။ ကျွန်မတို့ ရွေးကောက်ပွဲအကြောင်းနှင့် ကျွန်မတို့ရဲ့ရပ်တည်ချက်တွေကို လူတွေသိအောင် ကြိုးစားမယ်လို့ ရည်မှန်းထားပါတယ်။ ကျွန်မတို့နဲ့ အတူ အများကြီး ပါလာမှာပါ။ ကျွန်မတို့ဟာ နိုင်ငံရေး သမားစစ်စစ်တွေ ဆိုတာ သူတို့ ယုံကြည်ကြတယ်လေ။ အခုတော့ ကျွန်မတို့ကို ထောက်ခံတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောလိမ့်ဦးမယ် မဟုတ်ဘူး။ ကျွန်မတို့ တစ်ကြိမ်မှာ နေရာ အနည်းငယ် စီသွားပြီး၊ အဖွဲ့လေးတွေနဲ့ တွေ့ဆုံရပါလိမ့်မယ်။ တခြားရွေးစရာ နည်းလမ်း မရှိပါဘူး။

WSJ။   ။ အစိုးရ ခင်ဗျားတို့ကို ခြိမ်းခြောက်တာတွေ ဘာတွေရှိပါသလား။

ချိုချို။   ။ ၁၉၈၈ တုန်းက အဆိုးဆုံးပေါ့။ အဲဒီ အချိန်ကတည်းက ကျွန်မတို့က မိတ်ဆွေတွေ မဟုတ်ဘူးလေ။ ဦးနေဝင်း တက်လာတည်းက ကျွန်မတို့ ခြိမ်းခြောက်ခံရတာတို့ နှိပ်စက်ခံရတာတို့ ရှိခဲ့တာပါပဲ။ အဲဒီ အချိန်တုန်းက ကျွန်မ အဖေက အတိုက်အခံ ခေါင်းဆောင်လေ။ ၁၉၆၂ ကတည်းက ကျွန်မတို့ ခံခဲ့ရတာ။ ဘယ်သူမှ တောင့်ခံနိုင်လိမ့်မယ် မထင်ဘူး။ ကျွန်မ ဘဝက ဒဏ်ရာတွေ အနာတရတွေနဲ့ပါ။ ခန္ဓာကိုယ်မှာလည်း အမာရွတ်တွေနဲ့ပါ။ ကျွန်မတို့ မိတ်ဆွေတွေရဲ့ ဘဝတွေ အများကြီး ဆုံးရှုံးခဲ့ရပါတယ်။ အခု ကျွန်မ အသက် ၆၂ နှစ်ရှိပါပြီ။ ဒါကြောင့် ကျွန်မပြောမယ် ဘာကြောင့် တိုက်ပွဲ ဆက်ဝင်နေရမှာလဲ။ တိုင်းပြည်နဲ့ လူတွေ အတွက် ကျွန်မတို့ စစ်တပ်နဲ့ မညှိနှိုင်းသင့်ပေဘူးလား။ ကျွန်မတို့ နှစ်ပေါင်းများစွာ ခံစားခဲ့ကြရပြီးပြီ။ ကျွန်မ မြန်မာနိုင်ငံက ထွက်သွားလို့ရတဲ့ အခွင့်အရေးတွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်မ မသွားပါဘူး။ တိုင်းပြည်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးချင်သေးတယ်။ တိုင်းသူ ပြည်သားတွေကို ကူညီချင်သေးတယ်။

WSJ။   ။အတိုက်အခံ အဖွဲ့ဝင်တွေက ခင်ဗျားတို့ ရွေးကောက်ပွဲမယ်ဆိုတော့ မဝေဖန်ကြဘူးလား။

ချိုချို။   ။ ဝေဖန်တာပေါ့။ အစပိုင်းတုန်းက အများကြီး ဝေဖန်တာပေါ့။ သူတို့ကပြောတယ် လာမယ့် ရွေးကောက်ပွဲကို ကျွန်မတို့အားလုံး အသိအမှတ် မပြုဘူးဆိုရင်၊ အစိုးရက အတိုက်အခံပါတီတွေနဲ့ စကားပြောပြီး ညှိနှိုင်းလာလိမ့်မယ်လို့ ပြောတယ်။ ကျွန်မတို့ နှစ်ပေါင်း နှစ်ဆယ်လောက် အစိုးရကို ညှိနှိုင်းဖို့ အဆိုပြုခဲ့တာပါပဲ။ သူတို့က ဂရုမှမစိုက်ဘဲ။ စကားလေးတောင် မပြန်ဘူး။ အဲ့ဒီတော့ ကျွန်မတို့ ရွေးကောက်ပွဲမှာ ဝင်မပါတော့ဘူးလို့ ကြေညာခဲ့ရင် စစ်တပ်က နောက်ထပ် အနှစ် ၁၀၀ ဆက်အုပ်ချုပ်ဦးမှာလေ။

WSJ။   ။ ရွေးကောက်ပွဲ ဘယ်တော့ လုပ်မယ်လို့ကြားလဲ။ အစိုးရကကော ကိုယ်စားလှယ်တွေကို ပြင်ဆင်ဖို့ အချိန်လုံလောက်အောင် ပေးမယ်လို့ ထင်လား။

ချိုချို။   ။ ရွေးကောက်ပွဲ လုပ်ပေးမယ် ဆိုတာ ကျွန်မလုံးဝ ယုံတယ်။ ဒါပေမဲ့ ဘယ်တော့လဲဆိုတော့ မသိဘူး။ ရွေးကောက်ပွဲ လုပ်ခဲ့ပြီး ကျွန်မတို့က ဝင်မပြိုင်ဘူးလို့ ပြောခဲ့ပြီ ဆိုပါစို့။ အစိုးရကတော့ သူ့ အစီအစဉ်အတိုင်း ဆက်လုပ်မှာပဲလေ။ အဲဒီ အချိန်ကျတော့ လူတွေက ဘယ်အရပ်သားကို မဲပေးရမှာလဲ။ အဲဒီတော့ မြန်မာပြည်သူတွေ မဲထည့်နိုင်အောင် အရပ်သား က်ုယ်စားလှယ်တွေ ပါဝင်ကြပါ။ အခုတော့ အတိုက်အခံ အချို့ကတော့ ကျွန်မတို့နဲ့ သဘောတူလာပါပြီ။

WSJ။   ။ မကြာသေးခင်က မြန်မာအစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေကို ခင်ဗျား ဘယ်လိုထင်သလဲ။ အဲဒီ ဥပဒေက ဒေါ်အောင်ဆန်းစုကြည်ကို မလှုပ်နိုင်အောင် ကန့်သတ် ထားတယ်လေ။

ချိုချို။   ။ ဥပဒေက လက်ရှိ ထောင်ကျနေသူတွေ ရွေးကောက်ပွဲဝင်လို့ မရဘူးလို့ ပြောထားပါတယ်။ သူတို့တွေ အတွက် စိတ်မကောင်းပါဘူး။ သူတို့ဟာ သူတို့ယုံကြည်ချက်တွေ အရ နိုင်ငံရေး အကျဉ်းသား အဖြစ် အဖမ်းခံနေရတာပါ။ NLD က အဓိက စောဒက တက်နေတာက ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်ဖို့ အကျုံးမဝင်တဲ့ ကိစ္စဖြစ်ပါတယ်။ အကယ်၍ ထောင်ကျဖူးသူတွေ ရွေးကောက်ပွဲ မဝင်ရဘူးဆိုရင် တစ်တိုင်းပြည်လုံး လေးပုံတစ်ပုံလောက် ရွေးကောက်ပွဲ မဝင်နိုင်ဘူးလို့ ဆိုလိုတာ ဖြစ်လိမ့်မယ်။

ဥပဒေ အသစ် အရ မြန်မာနိုင်ငံမှာ အနည်းဆုံး တရားဝင်နိုင်ငံရေး ပါတီ ၁၀ ခုလိုအပ်ပါတယ်။ (တစ်ခုကတော့ အစိုးရ ကျောထောက်နောက်ခံ ပြုပါတီနဲ့ ကျန်တဲ့ ၉ ခုကတော့ NLD အပါအဝင် အတိုက်အခံတွေပေါ့) ။ နှစ်လ အချိန် အတွင်းမှာ ပြန်ပြီး မှတ်ပုံတင်ရမယ်။ မှတ်ပုံမတင်ဘူးဆိုရင်၊ အလိုအလျောက်ပါတီ အဖြစ် ရပ်တည်ခွင့် ပျက်ပြယ်ပါမယ်။ ဒါကြောင့် ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ၊ ဒါကို ကျွန်မတို့ လက်ခံရတော့မှာလေ။ ကျွန်မမြင်တာကတော့ ဒီဥပဒေဟာ NLD ကို ရည်ရွယ်တာလို့ ထင်တာပဲ။ NLD ကလည်း အခြေခံ ဥပဒေကို ပြင်ပေးဖို့ အစိုးရကို တောင်းဆိုနေတယ်။ မဟုတ်ရင် ရွေးကောက်ပွဲ မဝင်ဘူးလို့ ဆိုတယ်။ NLD မပါရင် အစိုးရ အတွက် ကောင်းသွားမှာပေါ့။ ဒါပေမဲ့ တဖက်မှာလည်း အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ မဟုတ်လို့ဆိုပြီး ကမ္ဘာ့အလယ်မှာ မျက်နှာရဦးမယ်။ ကျွန်မယုံတယ်၊ အကယ်၍ NLD ပါခဲ့ရင်၊ အချို့နေရာတွေ သူတို့နိုင်မှာပါ။

WSJ။   ။ NLD ရွေးကောက်ပွဲမှာ ပါသင့်တယ်လို့ ခင်ဗျားထင်လား။ ပါခဲ့ရင် ခင်ဗျား ပါတီကို အန္တရာယ် ဖြစ်စေမလား။ အကူအညီ အထောက်အပံ့ ဖြစ်မလား။ ရွေးကောက်ပွဲမှာ အတိုက်အခံတွေ ညီညွတ်သင့်လား။ တကွဲတပြားစီ ဖြစ်သင့်လား။

ချိုချို။   ။ NLD ပါသင့်တယ်လို့ ကျွန်မထင်ပါတယ်။ ပါလိမ့်မယ်လို့လဲ ကျွန်မမျှော်လင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း လွတ်လာရင် ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မတို့ အဖေတွေဟာ အရင်းနှီးဆုံး မိတ်ဆွေတွေ ဖြစ်ခဲ့ပါတယ်။ ကျွန်မ သူ့ကို တကယ်လေးစားပါတယ်။ အတိုက်အခံတွေဟာ ဖော်ရွေကြပါတယ်။ ကျွန်မတို့အားလုံး ဦးတည်ချက် တစ်ခုတည်းကို သွားနေကြတဲ့သူတွေလေ။ တချို့က တူမှာ မဟုတ်ဘူး။ ကျွန်မစိတ်ထဲမှာတော့ အားလုံး တစ်စုတစ်စည်းတည်းပါပဲ။ ဒါပေမဲ့ အားလုံး ညီညွတ်လိမ့်မယ်လို့တော့ ကျွန်မ မပြောနိုင်ပါဘူး။

WSJ။   ။ တခြား ကိုယ်စားလှယ်တွေရော ထွက်ပေါ်လာမယ်လို့ ခင်ဗျား ထင်သလား။ ဒါဆိုရင် အလားအလာရှိတဲ့ ကိုယ်စားလှယ်တွေက ဘယ်သူတွေပါလဲ။ တတိယ အင်အားစု (Third force) ဆိုတာကော ဘာလဲ သိပါရစေ။

ချိုချို။   ။ နိုင်ငံရေးသမားတွေ အများကြီးက ကိုယ်စားလှယ် လုပ်ဖို့ ပြင်ဆင်နေကြပါတယ်။ အများစုကတော့ NLD ပေါ့။ တစ်ယောက် ဥပမာ ပေးရမယ်ဆိုရင် ဦးသုဝေ ပေါ့။ (အရင် ကတည်းက အစိုးရကို ဝေဖန်သူ တစ်ဦး ဖြစ်ပြီး၊ ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဖြစ်ပါသည်။) သူဟာ နိုင်ငံရေး လောကထဲမှ ၄၅ နှစ်လောက် ရှိပြီ။ သူ ခဏခဏ အဖမ်းခံရတယ်။

တတိယ အင်အားစုနဲ့ ပတ်သက်လို့ လူအချို့က ကျွန်မတို့ကို ရည်ညွှန်းတာပေါ့။ ကျွန်မတို့က NLD ဘက်ကလည်း မဟုတ်ဘူး။ အစိုးရ ဘက်ကလည်း မဟုတ်ဘူး။ ကျွန်မတို့က အလယ်မှာ နေတာပါ။ တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် ဖွဲ့စည်းထားတာပါ။ ကျွန်မတို့ အောင်မြင်ရမယ်လို့ မျှော်လင့်ထားလိုက်ကြပါစို့။ အောင်မြင်မယ်ဆိုတာ သေချာပါတယ်။ ပြည်သူ အများစုကလည်း လက်ရှိ အစိုးရနဲ့ ရန်ဖြစ်နေလို့ ဘာမှ ထူးမလာဘူးလို့ နားလည်လာကြပါပြီ။

WSJ။   ။ ရွေးကောက်ပွဲကနေ အကောင်းတွေ ဖြစ်လာမလား။

ချိုချို။   ။ မျှော်လင့်ပါတယ် ။ အရပ်သား နိုင်ငံရေးသမားတွေ အတိုင်းအတာ တစ်ခုအထိ အရွေးခံရရင် စစ်သားတွေနဲ့ ပေါင်းပြီး ပြည်သူတွေ အကျိုး အတူတူ လုပ်ပေးနိုင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

WSJ။   ။ ရွေးကောက်ပွဲကို စောင့်ကြည့်တဲ့ အနေနဲ့  ပြင်ပ ကမ္ဘာက ဘာတွေ လုပ်သင့် သလဲ။ တစ်ခုခု အကူအညီပေးနိုင်မလား။ ရွေးကောက်ပွဲကို ကန့်ကွက်သင့်လား။ သဘောတူသင့်လား။

ချိုချို။   ။ သေချာတာ တစ်ခုက မြန်မာနိုင်ငံမှာ ဘာဖြစ်မလဲလို့ တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မ ဗဟုသုတနည်းတာ တစ်ခုရှိတယ်။ ပြင်ပ ကမ္ဘာက အင်အားကောင်းတဲ့ လူတွေ ဘာလုပ်မလဲ ဆိုတာ မသိဘူး။ သူတို့ ဘာတွေ ကူညီနိုင်မလဲ ဆိုတာ မသိဘူး။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရေးအတွက် တစ်ခုခု ကူညီနိုင်ရင် တကယ်ပျော်မှာပါ။

ပြင်ပက ရွေးကောက်ပွဲကို ကန့်သတ်သည် ဖြစ်စေ သဘောတူသည် ဖြစ်စေ လက်ရှိ အစိုးရကို ဘာမှ မထိခိုက်ပါဘူး။ နှစ်ပေါင်းများစွာ ကမ္ဘာကြီးက သူတို့ကို ဝေဖန်နေတာပဲ။ သူတို့က ဂရုမှမစိုက်ဘဲ သူ့ဟာသူ သွားနေတာပဲ။

ကျွန်မ ပါတီက အဖွဲ့ဝင်တွေရယ် ကျွန်မရယ် မတ်လ ၉ရက် နေ့က ဂျာမန် သံအမတ်ကြီး အိမ်မှာ အီးယူက သံအမတ်တွေနဲ့ တွေ့ခဲ့တယ်။ ဗြိတိန်၊ နယ်သာလင်၊ စပိန်နဲ့ အီတလီ သံအမတ်တွေ လာပါတယ်။ သူတို့ဟာ လာမယ့် ရွေးကောက်ပွဲ အပေါ် ကျွန်မတို့ရဲ့  အမြင်တွေကို စိတ်ဝင်စားကြပါတယ်။ ကျွန်မတို့ ရွေးကောက်ပွဲမှ ပါမှာလားဆိုတာ သူတို့ သိချင်ကြတယ်။ သူတို့ကပြောတယ်။ ရွေးကောက်ပွဲကို သူတို့ အနီးကပ်စောင့်ကြည့်နေမှာပါတဲ့။ သူတို့ ဘာများ ကူညီရမလဲလို့ မေးတယ်။ ကျွန်မတို့က ကျေးဇူးတင်ပါတယ်လို့ ၊ လက်မခံပါရစေနဲ့လို့၊ ကျွန်မတို့ ဘယ်နိုင်ငံခြား တိုင်းပြည်ရဲ့ အကူအညီကိုမှ လက်မခံလိုပါဘူး။ သူတို့ မေးတာကလည်း ခရီးသွားဟန်လွဲ မေးတဲ့ သဘောပါ။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 16th March 2010

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မဝင်နိုင်အောင် ပိတ်ပင်ခြင်းဖြင့် မြန်မာစစ်ဖက် အစိုးရက ဒီမိုကရေစီ ထွန်းကားရေး ကတိကဝတ်ကို ဖောက်ဖျက်ခဲ့ကြောင်း ဖိလစ်ပိုင် နိုင်ငံက တနင်္လာနေ့တွင် ပြောကြားလိုက်ပြီး အငြင်းပွားဖွယ် ရွေးကောက်ပွဲ ဥပဒေသစ်ကို ပယ်ဖျက်ရေး အတွက် မြန်မာ အစိုးရကို ဖိအားပေးရန် အရှေ့တောင် အာရှနိုင်ငံများကို တိုက်တွန်းလိုက်သည်။

ထုံးစံအားဖြင့် အခြား အဖွဲ့ဝင်များကို ပြစ်တင် ဝေဖန်လေ့မရှိသော အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်ခု အဖြစ် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး အယ်လ်ဘာတိုရိုမြူလို၏ ၎င်းမှတ်ချက်က ရှားရှားပါးပါး ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် မြန်မာ အစိုးရအပေါ် ပြစ်တင် ရှုတ်ချမှုကို ပိုမို ပြုလုပ်လာသော်လည်း အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံများစွာ ကန့်ကွက်နေသော မြန်မာ အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေသစ် အပေါ် စိတ်အနှောင့်အယှက် ဖြစ်ကြောင်း ပြသခဲ့ခြင်းမှာ ယခု ပထမဆုံး အကြိမ် မဟုတ်ပေ။

လွတ်လပ်၍ အများလေးစားဖွယ် ရွေးကောက်ပွဲများ ကျင်းပမည့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ ပါဝင်သော ဒီမိုကရေစီ လမ်းညွှန် မြေပုံကို အကောင်အထည် ဖော်မည်ဟု ယခင်က ကတိပြုထားသည့် အတိုင်း အမြန်ဆုံး ပြန်လည် လုပ်ဆောင်ရေးနှင့် ရွေးကောက်ပွဲ ဥပဒေသစ်ကို ပယ်ဖျက်ရန် လာမည့်လ ဗီယက်နမ် နှစ်ပတ်လည် ညီလာခံတွင် အာဆီယံ ဝန်ကြီးများနှင့် တွေ့ဆုံသည့် အခါ မိမိတောင်းဆိုသွားမည်ဟု ရိုမြူလိုက ပြောကြားခဲ့သည်။

"အာဆီယံ  အဖွဲ့နဲ့ တစ်ကမ္ဘာလုံးကို သူတို့ အသိပေး ကတိပြုထားတဲ့ ဒီမိုကရေစီ လမ်းညွှန်မြေပုံနဲ့  တခြားစီ ဖြစ်နေပါတယ်။ ဒါက သူတို့ ကိုယ်တိုင် ပေးထားတဲ့ ကတိတွေပါ" ဟု ရိုမြူလိုက သတင်းထောက်များကို ပြောကြားသည်။

မြန်မာ အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေသစ်အပေါ် အာဆီယံက တရားဝင် တုန့်ပြန် ကြေညာမှုကို ယခုတိုင် မထုတ်ပြန်သေးပါ။

ယခု အပတ် မနီလာတွင် ပြုလုပ်မည့် အာဆီယံ ဝန်ကြီးများ၏ ၂ ရက်ကြာ အစည်းအဝေးသို့ တက်ရောက်မည်ဟု အကြောင်းကြားထားသော မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့် တွေ့ဆုံသည့် အခါတွင် မိမိ၏ စိုးရိမ်ပူပန်မှုများကို အလေးပေး ပြောကြားမည်ဟု ရိုမြူလိုက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ ပြည်လုံးကျွတ် အောင်ပွဲခံခဲ့သည့် ၁၉၉၀ နောက်ပိုင်း ယခုနှစ်တွင် ပထမဆု့း အကြိမ် အဖြစ် ရွေးကောက်ပွဲများ ပြန်လည်ကျင်းပမည် ဖြစ်သည်။ ထိုစဉ်က ရွေးကောက်ပွဲ ရလဒ်များကို စစ်ဖက် အစိုးရက ပြောင်ပြောင်တင်းတင်း ငြင်းပယ်ခဲ့ပြီး ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒီမိုကရေစီ ခေါင်းဆောင်ကို ၁၄ နှစ်ခန့် ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်မှာ ယခုတိုင် ဖြစ်သည်။ သူမအား လွှတ်ပေးရန် ဖိလစ်ပိုင်နိုင်ငံက မကြာခဏ တောင်းဆိုခဲ့သည်။

ယခင် အပတ်က ကြေညာခဲ့သော ရွေးကောက်ပွဲ ဥပဒေအရ ပြစ်ဒဏ်ကျခံနေရသူ မည်သူကိုမဆို နိုင်ငံရေး ပါတီဝင်ခွင့် မပြုရန် တားဆီးထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မဝင်နိုင်အောင်၊ သူမခေါင်းဆောင် အဖြစ် ပူးတွဲ တည်ထောင်ထားသော ပါတီကို ဦးဆောင် လှုပ်ရှားခြင်း မပြုနိုင်အောင် မြန်မာ အစိုးရက ပိတ်ပင်ခဲ့သည်။

လွန်ခဲ့သော သြဂုတ်လက သူမ၏ အင်းလျားကန်စောင်း နေအိမ်သို့ ဝင်ရောက်လာသည့် အမေရိကန် တစ်ဦးအား လက်ခံမှုဖြင့် ဥပဒေ ချိုးဖောက်ကြောင်း စွပ်စွဲကာ လာမည့် နိုဝင်ဘာလ အထိ ၁၈ လ နေအိမ် အချုပ်ကျခံရန် အစိုးရ လက်အောက်ခံ တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 15th March 2010

ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်  အပါအဝင် အစိုးရ ဆန့်ကျင်သူများ မပါဝင်နိုင်အောင် တားဆီးထားသည့် နိုင်ငံရေး ပါတီ မှတ်ပုံတင်ခွင့် ဥပဒေနှင့် ပတ်သက်၍ အိမ်နီးချင်းနိုင်ငံ အများစုက နှုတ်ဆိတ်လျက် ရှိနေသည်။

အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံ အနက် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားကသာ တနင်္လာနေ့က ကြေညာခဲ့သော မြန်မာ့ရွေးကောက်ပွဲ ဥပဒေအပေါ် မှတ်ချက်ပေးခဲ့ကြသည်။

"ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးဘူး၊ သူမနဲ့ NLD ပါတီကို ရွေးကောက်ပွဲ ဝင်ခွင့်မပေးဘူး ဆိုရင်တော့ သိပ်ကို ရယ်စရာကောင်းတဲ့ ဟာသပြဇာတ်တစ်ပုဒ်လို ဖြစ်သွားပြီ၊ သူတို့ပြောနေတဲ့ ဒီမိုကရေစီ လမ်းညွှန်မြေပုံနဲ့ တခြားစီပဲလေ" ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အယ်ဘတ်တို ရိုမြူလိုက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

မနီလာ နည်းတူပင် ဂျကာတာကလည်း မြန်မာ စစ်ဖက် အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေကို ပြစ်တင် ဝေဖန်လိုက်သည်။ "ဒီဥပဒေကြောင့် ရွေးကောက်ပွဲမှာ မပါဝင်သင့်သူတွေ မပါနိုင်အောင် ကန့်သတ်ထားလို့ပါပဲ" ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ တူကူဖိုင်ဇာယာက ပြောကြားသည်။

ယခင် စစ်အာဏာရှင် နိုင်ငံအဖြစ်မှ ကမ္ဘာ့ တတိယ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံ ဖြစ်လာသူ အင်ဒိုနီးရှား နိုင်ငံသည် မြန်မာနိုင်ငံ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အကောင်းဆုံး နမူနာ ဖြစ်လိမ့်မည်ဟု စီးပွားရေး ပညာရှင်များ အပါအဝင် နိုင်ငံရေး အကဲခတ်များက လေ့လာတင်ပြ ကြသည်။

သို့ရာတွင် မြန်မာစစ်ဖက် အစိုးရသည် အင်ဒိုနီးရှား နိုင်ငံ ဆူဟာတို၏ ဂိုလ်ကာ ပါတီနှင့် ဆင်တူသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို ဖွဲ့စည်းခဲ့သည်။

အင်ဒိုနီးရှား သမ္မတ ဘန်ဘန်းယူတိုယိုနိုက ၎င်း၏ နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီဂါဝမ်ကို မြန်မာနိုင်ငံသို့ ယခုနှစ် လကုန်တွင် စေလွှတ်ရန် စီစဉ်ထားပြီး လာမည့် ရွေးကောက်ပွဲ အတွက် အနောက်နိုင်ငံများက တောင်းဆိုထားသော အားလုံး ဝင်ခွင့်ပြုရေး ကိစ္စ အပါအဝင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ အပေါ် ထောက်ခံမှုကို ပိုမိုပြသရန် အင်ဒိုနီးရှားက မျှော်လင့်ထားသည်။

သို့ရာတွင် ကျန်အာဆီယံ တစ်ဖွဲ့လုံးမှာမူ နှုတ်ဆိတ်လျက် ရှိကြသည်။ အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌ ကွန်မြူနစ် ဗီယက်နမ်ကလည်း မြန်မာ့ ရွေးကောက်ပွဲ ဥပဒေအပေါ် အလျင်စလို တုန့်ပြန် ကြေညာခြင်း ပြလုပ်လိုပုံ မရပေ။

"ရွေးကောက်ပွဲမှာ အားလုံးကို ပါဝင်ခွင့်ပေးဖို့ အာဆီယံက တောင်းဆိုထားတာကို ပယ်ချထားတဲ့ ရွေးကောက်ပွဲ ဥပဒေကြောင့် အာဆီယံ တစ်ဖွဲ့လုံး တုန်လှုပ်သွားတယ်၊ အာဆီယံနိုင်ငံတွေ ဘာပြန်ပြောရမှန်းမသိနိုင်အောင် ဖြစ်သွားကြတယ်" ဟု Alternative Asean Network  မှ ညှိနှိုင်းရေးမှူး  Debbie Stothart က ဧရာဝတီသို့ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သော ဖေဖော်ဝါရီလတွင် အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်၊ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဆူရင်ပစ်ဆူဝမ်က BBC ဒူးတိုက် ဆွေးနွေးခန်း အစီအစဉ်သို့ ပြောကြားရာတွင် ၂၀၁၀ မြန်မာနိုင်ငံ ရွေးကောက်ပွဲများ လက်ခံ ယုံကြည်နိုင်မှုနှင့် ပွင့်လင်း မြင်သာမှု ရှိရန် အာဆီယံက မျှော်လင့်ထားကြောင်း၊ သို့သော်လည်း ရွေးကောက်ပွဲ၏ အသေးစိတ် အနေအထားကို ကြားဝင် စွက်ဖက်နိုင်မည် မဟုတ်ကြောင်း မှတ်ချက်ပေးခဲ့သည်။

"ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲ ဆိုတာ မရှိပါဘူး၊ စလုပ်ဖို့ဘဲ လိုပါတယ်၊ ဒါကြောင့်လည်း မြန်မာ အစိုးရက လုပ်ငန်းစနေတာပါ၊ ဒီနှစ်ကုန်မှာ ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ သူတို့ ကတိပေးထားပါတယ်" ဟု ဆူရင်က ပြောကြားခဲ့ပြီး "မြန်မာ စစ်ခေါင်းဆောင်တွေရဲ့ ရွေးကောက်ပွဲ ကတိကို အပေါင်းလက္ခဏာ ဆောင်တဲ့ ရှုထောင့်က ကြည့်သင့်ပါတယ်" ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး ရင်းနှီးမြုပ်နှံသူနှင့် ကုန်သွယ်ဖက်နိုင်ငံ တစ်ခု ဖြစ်သော ထိုင်းနိုင်ငံမှာ မည့်သည့်မှတ်ချက်မှ ပေးခြင်းမရှိဘဲ လောလောဆယ်တွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို ထောက်ခံသူ ' ရှပ်နီ ' အုပ်စု၏ ကြီးမားသော ဆန္ဒပြပွဲများကို ထိန်းချုပ်ရန် ကြိုးစားရင်း ပြည်တွင်းရေး ရှုပ်ထွေးလျက် ရှိသည်။

အာဆီယံသည် ၎င်း၏ ၁၆ ကြိမ်မြောက် ထိပ်သီး ညီလာခံကို ဗီယက်နမ် မြို့တော် ဟနွိုင်း၌ ဧပြီ ၈-၉ ရက် တွင် ကျင်းပရန် စီစဉ်ထားသည်။ သို့သော်လည်း ညီလာခံတွင် မြန်မာ့ အရေးကို ဆွေးနွေးရန် ဟနွိုင်းက ခွင့်ပြု / မပြု မေးခွန်းထုတ်စရာ ဖြစ်နေသည်။ အာဆီယံ ဥက္ကဋ္ဌ ဗီယက်နမ်၏ ဆောင်ပုဒ်မှာ ''အာဆီယံ လူ့အဖွဲ့အစည်းသို့ ဦးတည်သည့် ရှုမြင်မှုမှ လက်တွေ့သို့'' ဟူ၍ ဖြစ်သည်။

မြန်မာနိုင်ငံ ကိစ္စသည် အာဆီယံ၏ အသွင် သဏ္ဍာန်ကို သေးသိမ်စေသည်ဟု Stothard က ပြောကြားသည်။ မြန်မာ့ ရွေးကောက်ပွဲ ဥပဒေသည် အာဆီယံ မအောင်မြင်ရခြင်း၏ နောက်ထပ် ဥပမာ တစ်ခုပင် ဖြစ်သည်ဟု သူမက ပြောဆိုလိုက်သည်။

အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ဆက်ယူမည့် နိုင်ငံများမှာ ဘရူနိုင်း (၂၀၁၁) နှင့် ကမ္ဘောဒီးယား (၂၀၁၂) တို့ ဖြစ်သည်။ ဗီယက်နမ်ကဲ့သို့ပင် အဆိုပါနိုင်ငံများသည်လည်း မြန်မာ့ နိုင်ငံရေးကို စိတ်ဝင်စားခြင်း မရှိကြပါ။

အရှေ့အာရှနှင့် ပစိဖိတ် ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell သည် ၎င်း၏ အာဆီယံ ၁၀ နိုင်ငံ ခရီးစဉ်ကို လှည့်လည်နေသည်။ အာဆီယံ မဟာမိတ်များနှင့် ခြားနားစွာပင် အမေရိကန်ပြည်ထောင်စုက မြန်မာ အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေကို လူသိရှင်ကြား ကန့်ကွက်ခဲ့သည်။

၎င်းမှာ မြန်မာနိုင်ငံရှိ အဓိက နိုင်ငံရေး အင်အားစုများ အကြား ပြည်တွင်းဆွေးနွေးပွဲ ကျင်းပ၍ အဖြေရှာရေးကို တိုက်တွန်းရန် ကြိုးစားသည့် အနေဖြင့် အမေရိကန်က ဝင်ရောက် ဆောက်ရွက်နေခြင်း ဖြစ်သည်။ လတ်တလော ကြေညာခဲ့သည့် ရွေးကောက်ပွဲ ဥပဒေ စည်းကမ်းချက်များက အဆိုပါ ဆွေးနွေး အဖြေရှာရေး အစီအစဉ်ကို နေရာပေးထားခြင်း မရှိပါဟု Kurt Campbell က သောကြာနေ့တွင် ဘန်ကောက်၌ ပြောကြားခဲ့သည်။

"ကျွန်တော်တို့ အရမ်း စိတ်အနှောင့်အယှက် ဖြစ်တယ်၊ ပြီးတော့ စိုးရိမ်တယ်၊ သိပ်ကို စိတ်မကောင်းစရာပါပဲ၊ ကျွန်တော်တို့ မျှော်လင့်ထားသလို မဟုတ်ပါဘူး၊ ဒါဟာ နှောင့်နှေး ကြန့်ကြာအောင် လုပ်နေတာပါ" စသဖြင့် Campbell က ပြောလိုက်သည်။

အမေရိကန် သမ္မတ အိုဘားမား အင်ဒိုနီးရှားသို့ ယခု သီတင်းပတ်တွင် သွားရောက်ရန် စီစဉ်နေသည်။ အင်ဒိုနီးရှားနိုင်ငံတွင် အကြမ်းဖက် နှိမ်နှင်းရေး အစီအစဉ်ကို ဆွေးနွေးမည့် အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို ရွေးကောက်ပွဲ မဝင်နိုင်အောင် မြန်မာ အစိုးရက ပိတ်ပင်ထားသည့် ကိစ္စကိုလည်း အပို ဆွေးနွေးကြဖွယ် ရှိသည်။

အာဆီယံကဲ့သို့ပင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း ဘီလူးကြီး နှစ်နိုင်ငံ ဖြစ်သော တရုတ်နှင့် အိန္ဒိယ တို့ကလည်း မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ဥပဒေ အပေါ် လူသိရှင်ကြား မှတ်ချက်ပေးခြင်း မပြုလုပ်သေးပါ။

မကြာမီ အတောအတွင်း တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် မြန်မာနိုင်ငံသို့ လာရောက်လိမ့်မည်ဟု တရုတ် သတင်းရပ်ကွက်မှ သိရှိရသည်။ သို့ရာတွင် နှစ်နိုင်ငံ စီးပွားရေး ကိစ္စများထက် တရုတ် မြန်မာ နယ်စပ် တစ်လျှောက်တွင် အစိုးရစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များ တင်းမာမှု ကြီးထွားနေခြင်းကို ဦးစားပေး ဆွေးနွေးကြဖွယ်ရှိသည်ဟု ဆိုသည်။

တစ်ချိန်တည်းမှာပင် မြန်မာ့ရေနံနှင့် ဓါတ်ငွေ့ ကဏ္ဍတွင် ဒေါ်လာ ၂.၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံနေသည့် တရုတ်နိုင်ငံကို ယှဉ်ပြိုင်သည့် အနေဖြင့် အိန္ဒိယနိုင်ငံက မြန်မာဓာတ်ငွေ့ စီမံကိန်းများတွင် ဒေါ်လာ ၁.၃၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်ကို ယခုလ အစောပိုင်းက ကြေညာခဲ့သည်ဟု သိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima News, 15th March 2010

ယခင် KIO ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဒေါက်တာ မနစ်တူးဂျာ ဦးဆောင်သော ကချင်ပြည်နယ် တိုးတက်ရေးပါတီ KSPP သည် ဗဟိုကော်မတီဝင် ၁၅ ဦး၊ ပါတီဝင် အင်အား ၅၀၀ ခန့်ဖြင့် ကချင်ပြည်နယ် ကိုယ်စားပြု၍ ရွေးကောက်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

"နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ဥပဒေမှာ ဖော်ပြထားတဲ့အတိုင်း ရက်ပေါင်း ၆၀ အတွင်း ကျွန်တော်တို့ ပါတီကို မှတ်ပုံတင်ပါမယ်" ဟု KSPP ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာက မဇ္ဈိမသို့ ပြောကြားလိုက်သည်။

အကယ်၍ KSPP ပါတီ အောင်ပွဲခံခဲ့ပါက ကချင် အမျိုးသားတို့၏ ပညာရေး၊ ကျန်းမာရေး နှင့် လူမှုရေး အဆင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်လိမ့်မည်ဟု ၎င်းက ဆက်လက် ပြောဆိုသွားသည်။

ဒေါက်တာ တူးဂျာသည် ၁၉၇၅ မှ ၂၀၀၉ အထိ KIO ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပြီး KSPP ပါတီကို ဖွဲ့စည်း ဦးဆောင်ရန် အတွက် ယမန်နှစ် စက်တင်ဘာလက KIO မှ နုတ်ထွက် လိုက်ခြင်း ဖြစ်သည်။

"ပြုပြင်ပြောင်းလဲရေး အတွက် စစ်တပ်က သူလုပ်နိုင်သလောက် လုပ်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ လွှတ်တော်ရဲ့ ၂၅ % ကို သူတို့ ယူထားပြီး ၇၅ % ကို ပြည်သူတွေကို ပေးပါလိမ့်မယ်။ ပြည်သူတွေ အနေနဲ့ ဒီအခွင့်အရေးကို အသုံးချသင့်တယ်လို့ ယူဆပါတယ်" ဟု ၎င်းက သုံးသပ်သည်။

သို့ရာတွင် ကချင် နိုင်ငံရေးသမား များစွာကမူ ဒေါက်တာတူးဂျာ၏ အဆိုကို သဘောမတူကြပါ။ ကချင်ပြည်နယ် အခြေစိုက် ကချင် ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ KDNG ၏ ဥက္ကဋ္ဌ အွန်ဝါက မဇ္ဈိမသို့ ပြောကြားရာတွင် ၂၀၁၀ ရွေးကောက်ပွဲသို့ မည်သည့် ကချင်ပါတီအနေနှင့် ဝင်ပြိုင်စေကာမူ အနိုင်ရခဲ့သည့်တိုင်အောင် ကချင်လူထုအတွက် စစ်မှန်သော ဖွံ့ဖြိုးရေးကို ဆောင်ယူပေးနိုင်လိမ့်မည်ဟု ၎င်းအနေနှင့် မထင်ကြောင်း၊ စစ်တပ်က ၂၀၀၈ အခြေခံဥပဒေအား ထိန်းသိမ်းရင်း အာဏာကို ဆက်လက်ယူထားမည့် အကြောင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

တစ်ချိန်တည်းမှာပင် မြန်မာအစိုးရက တရုတ်နိုင်ငံ၏ အကူအညီဖြင့် ကချင်ပြည်နယ်တွင် မြစ်ဆုံဆည်ကို တည်ဆောက်နေပြီး မြန်မာနိုင်ငံ၌ အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းဖြစ်သော အဆိုပါ ရေလှောင်တမံကြောင့် လူပေါင်း ၁၅၀၀၀ ခန့်၏ နေအိမ်များ ဖယ်ရှားပေးရခြင်း အတွက် လူ့အခွင့်အရေး လှုပ်ရှားသူများက ဆန့်ကျင် ကန့်ကွက်လျက် ရှိသည်။

ထို့အပြင် KIO ၏ စစ်ရေးဌာနခွဲ KIA တပ်ဖွဲ့ကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် မြန်မာအစိုးရက ဖိအားပေးနေသော်လည်း KIA က ယခုအချိန်အထိ ငြင်းပယ်ထားသည်။

မြန်မာအစိုးရက ၎င်းတို့၏ အဆင့် ၇ ဆင့် ဒီမိုကရေစီ လမ်းညွှန်မြေပုံကို အကောင်အထည် ဖော်နေခြင်း ဖြစ်ပြီး နံပါတ် ၅ အဆင့်အရ ယခုနှစ်တွင် ရွေးကောက်ပွဲများ ကျင်းပပေးပါလိမ့်မည်။ ရွေးကောက်ပွဲရက်ကို မကြေညာသေးသော်လည်း ရွေးကောက်ပွဲ ဥပဒေကိုမူ ထုတ်ပြန် အသိပေးလိုက်ပြီ ဖြစ်သည်။

ဒီမိုကရက်တစ်ပါတီ - မြန်မာ၊ Union Democracy Alliance ပါတီ နှင့် Union of Myanmar National Political Force ပါတီများ အပါအဝင် နိုင်ငံရေးပါတီအချို့က ရွေးကောက်ပွဲဝင်မည် ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့သည်။ လူထု ထောက်ခံမှု အများဆုံး ရရှိထားသော NLD ပါတီကမူ ရွေးကောက်ပွဲဝင်ရန် ယခုထိ ဆုံးဖြတ်ခြင်း မရှိသေးပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy, By Saw Yan Naing, 16th March 2010

ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ပြီးချိန် မှစ၍ ကရင်ပြည်နယ်တွင် မဲဆန္ဒရှင်များ ကြားသို့ ကွင်းဆင်း၍ မဲဆွယ်မှု လုပ်ငန်းများ စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သတင်းများအရ သိရှိရသည်။

လှုပ်ရှားနေသော နိုင်ငံရေးသမားများ အကြားတွင် အတက်ကြွဆုံးမှာ အငြိမ်းစား ဗိုလ်မှူးကြီး စောခင်စိုး ဖြစ်သည်။ ၎င်းသည် ကရင်လူမျိုး ဖြစ်ပြီး မြန်မာ့တပ်မတော်တွင် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

သူသည် နိုင်ငံရေးပါတီ ထူထောင်ထားခြင်း မရှိသေးသော်လည်း ကရင်လူမျိုးများ၏ အကျိုးကို ထောက်ပံ့ကူညီနိုင်မည့် ကိုယ်စားလှယ်များကို မဲပေး ရွေးချယ်ကြရန် စည်းရုံးရေး ဆင်းလျက် ရှိသည်။

          ဦးစောခင်စိုးမှာ အစိုးရက ယုံကြည်ရသူတစ်ဦး ဖြစ်ပြီး DKBA အပါအဝင် ကရင်လူထု၏ လေးစားမှုကိုလည်း ခံရသူတစ်ဦး ဖြစ်သည်ဟု ကရင်ဖက်မှ လာသော သတင်းများအရ သိရှိရသည်။

          ၎င်းသည် စစ်တက္ကသိုလ် အပတ်စဉ် (၄) မှ သင်တန်းဆင်းပြီး၊ ဂျပန်နိုင်ငံ တိုကျိုတွင် မြန်မာ စစ်သံမှူး တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

          ၎င်းသည် အသက် ၆၀ ကျော် ရှိပြီး၊ ၎င်းအား ထောက်ခံသူများသည် စည်းရုံးလှုပ်ရှားမှုများကို ဘားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ့ နှင့် သာတောတို့တွင် ပြုလုပ်လျက် ရှိသည်။

          "သူ့ဟာ ကရင်လူမျိုးတွေကြားမှာ ပေါ်ပြူလာ ဖြစ်လာမယ်လို့ ယုံကြည်ရပါတယ်" ဟု DKBA နှင့် နီးစပ်သော ကရင် စီးပွားရေးသမား တစ်ဦးက ပြောသည်။

တစ်ချိန်တည်းတွင် ကရင်သမားတော်ကြီး တစ်ဦး ဖြစ်ပြီး ကရင် သူပုန်များနှင့် မြန်မာ အစိုးရကြား ငြိမ်းချမ်းရေး အကျိုးဆောင် လုပ်ခဲ့ဖူးသူ ဒေါက်တာ စောဆိုင်မွန်သာသည်လည်း ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီ ထူထောင်မည် ဖြစ်ကြောင်း သတင်းများက ဆိုသည်။

ဒေါက်တာ စောဆိုင်မွန်သာသည် ရန်ကုန်အခြေစိုက် ကရင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်သည်။

ထို့အပြင် အခြား ကရင် အငြိမ်းစားများလည်း ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြသည်ဟု သိရှိရသည်။

ရွေးကောက်ပွဲတွင် ပါဝင်ရန် စိတ်မဝင်စားသော ကရင်အဖွဲ့များမှာ ကရင် ခွဲထွက်ရေး အဖွဲ့များ ဖြစ်သော DKBA ၊ ဗိုလ်ချုပ်ကြီး သမူဟဲ ခေါင်းဆောင်သော ကရင် ငြိမ်းချမ်းရေး တပ်ဖွဲ့၊ ဗိုလ်ချုပ် ထိန်မောင် ဦးစီးသော KNU/KNLA အဖွဲ့ နှင့် ဖဒိုအောင်ဆန်း ဦးစီးသော အဖွဲ့များ ဖြစ်ကြသည်။

ကရင် အောက်ခြေ လူတန်းစားများသည် ရွေးကောက်ပွဲ ဥပဒေကို စိတ်မဝင်စား ကြကြောင်း၊ ရွေးကောက်ပွဲကိုလည်း စိတ်ဝင်စားမှု အနည်းငယ်သာ ပြကြောင်း သိရှိရသည်။ ကရင် သာမန်လူ အများစုက ရွေးကောက်ပွဲထက် ၎င်းတို့၏ နေ့စဉ်ဘဝ ရှင်သန်ရေးသည် ပို၍ အရေးကြီးသည်ဟု ပြောပြကြသည်။

တစ်ချိန်တည်းတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီကလည်း ကရင်ပြည်နယ်တွင် စတင် စည်းရုံးရေး ဆင်းနေပြီ ဖြစ်သည်။ အစိုးရ နောက်ခံပြုသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကလည်း ကရင်များကြားတွင် ငွေကြေးဆိုင်ရာ ထောက်ပံ့မှုများ အဖြစ် ချေးငွေများ ထုတ်ပေးကာ မဲဆွယ်လျက် ရှိသည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.