Transparency Myanmar

transparency.myanmar@gmail.com

 

www.inspremagazine.org.uk, 29th March 2010

မြန်မာ အစိုးရ ကျူးလွန်ခဲ့သော လူသားချင်း မစာနာသော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ အတွက် ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့ရန် ကိစ္စတွင် ဗြိတိန် အစိုးရက ထောက်ခံပံ့ပိုးမည် ဆိုသည့် သတင်းကို လူ့အခွင့်အရေး အဖွဲ့ တစ်ခု ဖြစ်သော Christian Solidarity Worldwide (CSW) က ကြိုဆို လိုက်သည်။

ကုလသမဂ္ဂ ဆိုင်ရာ ဗြိတိန်သံ အမတ်ကြီး Mark Lyell Grant  က ပြောကြားရာတွင် ဗြိတိန်နိုင်ငံသည် နိုင်ငံတကာ တရားရုံး (ICC) က ထိုအမှုအား အရေးယူ ဆောင်ရွက် ရာတွင် ကူညီမည် ဖြစ်ကြောင်း ပြောခဲ့သည်။

ယခုလ အစောပိုင်းက ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်က စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရန် ထောက်ခံ တင်ပြချက် အပေါ် ဗြိတိသျှ သံအမတ်ကြီးက တုန့်ပြန် ပြောဆိုရာတွင် မြန်မာနိုင်ငံသည် ICC တွင် အဖွဲ့ဝင်ထားသော နိုင်ငံ မဟုတ်သဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ရည်ညွှန်းချက် လိုအပ်သည် ဖြစ်ရာ၊ လုံခြုံရေး ကောင်စီ အနေဖြင့် တညီတညွတ်တည်း ရည်ညွှန်းချက် ထုတ်ပေးရန် မဖြစ်နိုင်ဟု မိမိထင်ကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံ အနေဖြင့် အဆိုပါ ရည်ညွှန်းချက် အတွက် သေချာပေါက် ကူညီမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံ အထက်လွှတ်တော် ကော်မတီ House of Lords တွင် လီဗာပူးမှ မြို့စားကြီး Alton ၏ မေးခွန်းကို အစိုးရ ဝန်ကြီး မြို့စားကြီး Brelt က ဖြေကြားရာတွင် ကုလသမဂ္ဂ ကိုယ်စားလှယ်၏ ထောက်ခံ တင်ပြချက်ကို မိမိတို့ အခိုင်အမာ ထောက်ခံကြောင်း၊ သို့သော် လုံခြုံရေး ကောင်စီတွင် ထိုအရေးကိစ္စကို အရေးကြီးကြောင်း၊ ဖိအားပေး ရမည် ဖြစ်ပြီး၊ ထောက်ခံမှု မလျော့သွားရေးနှင့် ဗီတိုအာဏာ မသုံးရေး လိုအပ်ကြောင်း၊ မဟုတ်လျှင် စစ်အစိုးရက အောင်ပွဲခံသွားနိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့ အခိုင်အမာ ထောက်ခံမည် ဖြစ်ပြီး၊ ထောက်ခံမှုများ ရရှိအောင်လည်း ရှာဖွေသွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။

CSW သည် လွန်ခဲ့သော နှစ် အတော်ကြာကပင် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် တင်ပြခဲ့ဘူးပါသည်။ ယခုလ အစောပိုင်းက ထိုင်း-မြန်မာ နယ်စပ်တွင် အချက်အလက် ရှာဖွေရေး အဖွဲ့၏ တွေ့ရှိချက်များအရ မြန်မာနိုင်ငံ အရှေ့ဖက်ပိုင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ အတွက် လတ်တလော ဖြစ်ရပ် သက်သေများကို ထုတ်ပြန်ခဲ့သည်။ ထို ထုတ်ပြန်ချက်အရ CSW သည် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့ရန် ထပ်မံ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

The Nation, 29th March 2010

အချို့က အားနည်းချက်များ ရှိနေသော ယခု ရွေးကောက်ပွဲမှ ရနိုင်သည်များကို မျှော်တွေး ကြသည်။ အချို့ကမူ ရွေးကောက်ပွဲသည် စစ်အစိုးရကို တရားဝင်အောင် လုပ်ပေးမည်ဟု ဆိုကြသည်။ တစ်ချိန်တည်းတွင်ပင် မြန်မာနိုင်ငံ၏ အနာဂတ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းရော မြန်မာနိုင်ငံတွင်းတွင်ပါ မျှော်လင့်ချက် ကင်းမဲ့သည့် အယူအဆများ ထွက်ပေါ်နေသေးသည်။

စစ်အစိုးရ ခေါင်းဆောင်များသည် နိုင်ငံတကာ စနစ်များ၏ လည်ပတ်မှုများနှင့် ကတိပြုမှုများ၏ တန်ဖိုးကို ကောင်းစွာ နားလည်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အချိန်တစ်ခု အထိ လိုက်လျောနေမည် ဖြစ်သော်လည်း၊ တစ်ချိန်တွင် ရှောင်ထွက်သွားတတ်သည်။

လက်ရှိ အမေရိကန်-မြန်မာ ဆက်ဆံရေးတွင် အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံ အပေါ် ထားရှိသော မူဝါဒနှင့် နျူကလီယာ မပြန့်ပွားရေး ကိစ္စများ တိုးတက်အောင် ဆောင်ရွက်ရန် စိတ်အား ထက်သန်မှု အပေါ် မြန်မာ အစိုးရ၏ လုပ်ဆောင်မှုကို ကြည့်ပါက သိရှိနိုင်သည်။

စစ်အစိုးရသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ကြီးမားစွာ ခံစားခဲ့ရပြီး ဖြစ်ရာ ယခု ရွေးကောက်ပွဲတွင် ထို အမှားမျိုး ကျူးလွန်လိမ့်မည် မဟုတ်ပေ။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း အစိုးရသည် နိုင်ငံရေး အရ ဖိနှိပ် ချုပ်ချယ်မှုများကို ပြည့်စုံ ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး လွန်ခဲ့သော  ၅ နှစ် အတွင်း ၎င်း၏ လမ်းညွှန်မြေပုံ ခုနှစ်ချက်ကို မယိမ်းမယိုင် အကောင်အထည် ဖော်ခဲ့ပါသည်။ လမ်းညွှန်မြေပုံ၏ ကျန်ရှိသော နှစ်ချက် ဖြစ်သည့် ရွေးကောက်ပွဲနှင့် အစိုးရသစ် တစ်ခု ဖွဲ့စည်းခြင်းမှာ ယခုနှစ် အတွင်း အကောင်အထည် ပေါ်လာတော့မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင်းရှိ မြန်မာ လူမျိုးများ၏ ခံစားချက်နှင့် အမြင်များသည် ရောထွေးလျက် ရှိသည်။ အချို့သော သူများသည် ရွေးကောက်ပွဲသည် အားနည်းချက်များ ရှိပြီး၊ သာမန်ထက် ပိုမို ဆိုးရွားနေသော်လည်း၊ လက်ရှိ မြန်မာနိုင်ငံ၏ လိပ်ခဲတည်းလည်း အခြေအနေကို ပြောင်းလဲရန် အခွင့်အရေး တစ်ခု အဖြစ် ရှုမြင်နေကြသည်။ ထိုသို့ အမြင်ရှိသော အသိုင်းအဝိုင်းသည် အစိုးရ အာဏာ ဆက်လက် လက်ကိုင်ထားနိုင်ရေး အတွက် ဘာမဆို လုပ်မည်ကို ကောင်းကောင်း နားလည်ထားပြီး၊ ယခု ရွေးကောက်ပွဲ အစီအစဉ် အတိုင်း ရှေ့သို့ ဆက်သွားလိုကြသည်။ ၎င်းတို့၏ မျှော်လင့်ချက်မှာ အစိုးရက ၎င်းတို့ စိတ်ကြိုက် ကိုယ်စားလှယ်များ ထည့်သွင်းစေဦးတော့၊ စစ်သား မဟုတ်သော ကိုယ်စားလှယ်များကို ခွင့်ပြုရလိမ့်မည် ဆိုသော အချက် ဖြစ်သည်။

အဆိုပါ အုပ်စု တွေးထင်ထားသော အခြား အချက်တစ်ခုမှာ အရပ်သား ကိုယ်စားလှယ်များ သည် နိုင်ငံရေး စိတ်ဓာတ်နှင့် အသိရှိခဲ့လျှင် မိမိအား ရွေးချယ်ပေးလိုက်သော ပြည်သူများ၏ လိုအပ်ချက်ကို ပြုလုပ်ပေးနိုင်လိမ့်မည် ပိတ်ဆို့နေသော အတွေးအခေါ်များကိုလည်း ဖယ်ရှားနိုင်လိမ့်မည် ဟု ထင်မြင်နေလျက် ရှိသည်။

သို့သော် ၎င်းတို့အား စိုးရိမ် ပူပန်စေသော အချက် တစ်ခုမှာ နာဂစ် ပြန်လည် ထူထောင်ရေး ကာလက ထွက်ပေါ်လာသော နိုင်ငံရေး ကွက်လပ်ကလေးမှာ ယခု ပြန်လည်ပိတ်သွားခြင်းပင် ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကယ်ဆယ်ရေး လုပ်ကိုင်သူများ ၎င်းတို့၏ အကူအညီပေးရေး လုပ်ငန်း စာချုပ်သည် လာမည့် ဇွန်လတွင် ပြီးဆုံးမည် ဖြစ်ပြီး ၎င်းတို့ပြန်သွားမှ ရွေးကောက်ပွဲကို ကျင်းပမည် ဖြစ်ရာ အံ့သြစရာ မကောင်းလှသည်မှာ အမှန် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အစိုးရအား ဆန့်ကျင်သူများက ယခု ကျင်းပမည့် ရွေးကောက်ပွဲသည် ၁၉၈၈ ကတည်းက အပယ်ခံ စစ်အစိုးရ အတွက် လိုအပ်နေသော တရားဝင်မှုကို ပြုလုပ် ပေးလိမ့်မည် ဟု ငြင်းချက် ထုတ်နေကြသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ အနေဖြင့် ရွေးကောက်ပွဲအား မထောက်ခံကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားပြီး ဖြစ်သည်။ သို့သော် သူမ၏ ပါတီ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးကိုမူ သူမ ဆုံးဖြတ်လိမ့်မည် မဟုတ်ဟု ဆိုသည်။ ပြည်ပတွင် နေထိုင်ကြသော မြန်မာများကလည်း ရွေးကောက်ပွဲကို ထောက်ခံရန် အကြောင်းမရှိဟု ပြတ်ပြတ်သားသား ပြောကြသည်။

နိုင်ငံတကာကလည်း မြန်မာနိုင်ငံအား ဆက်လက် ဖိအားပေးနေကြဆဲ ဖြစ်သည်။ အဓိက ပလေယာများသည် ၎င်းတို့၏ အရေးယူ ပိတ်ဆို့မှုများ အတွက် အချင်းချင်း ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်မှု မရှိသေးပေ။ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂ ကသာ ၎င်းတို့၏ ရပ်တည်ချက် ခိုင်မာပြီး၊ ကျန်တိုင်းပြည်များမှာမူ စိတ်အားထက်သန်မှု မရှိကြချေ။

တရုတ်နှင့် အိန္ဒိယသည် စစ်အစိုးရနှင့် ၎င်းတို့၏ ဆက်ဆံရေးကြောင့် နိုင်ငံတကာက ရှုတ်ချနေသည့် ကြားမှ ၎င်းတို့၏ အဓိပ္ပာယ် မရှိသော zero- sum game ကို မြန်မာအစိုးရနှင့် ဆက်လက် ပြုလုပ်နေကြဆဲ ဖြစ်သည်။ တဖန် အာဆီယံကလည်း ကမ္ဘာ၏ မျက်လုံး ဒေါက်ထောက်ကြည့်မှုကို ခံရလိမ့်ဦးမည် ဖြစ်သည်။ အင်ဒိုနီးရှား၊ စင်ကာပူနှင့် ဖိလစ်ပိုင် တို့ကပါ ရွေးကောက်ပွဲ ဥပဒေကို ရှုတ်ချခဲ့ကြသည်။ အခြား တိုင်းပြည်များကမူ မြန်မာနိုင်ငံ၏ ခေါင်းမာမှုကို မသိကျိုးကျွံ ပြုနေခဲ့ကြသည်။ လက်ရှိ အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို ယူထားသော ဗီယက်နမ်သည် လက်ရှိ မြန်မာ့နိုင်ငံရေး ပဋိပက္ခနှင့် ရွေးကောက်ပွဲသည် လာမည့် ဟနွိုင်းတွင် ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေး အစီအစဉ်တွင် ထိပ်ဆုံးက နေရာယူလာလိမ့်မည် ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ တခွန်း တပါဒမျှ ပြောဆိုခြင်း မရှိချေ။

မြန်မာ အစိုးရ ခေါင်းဆောင်များကို ၎င်းတို့၏ ကျူးလွန်ခဲ့သော လူသားချင်း မစာနာသော ရာဇဝတ်မှုများ အတွက် နိုင်ငံတကာ တရားရုံးတွင် တင်ပို့ရေး ကိစ္စအပေါ် ယခု လက်ရှိ ကြိုးပမ်းချက်မှာ တိုးတက်မှုများ ရရှိနေပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင်းရှိ စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး အတွက် ကုလသမဂ္ဂတွင် ဖိအားပေးလျက် ရှိသည်။

ထိုကိစ္စ အောင်မြင်ရေး အတွက် ကုလသမဂ္ဂနှင့် နိုင်ငံရေး အသိုင်းအဝိုင်းသည် ၎င်းတို့၏ ကြိုးပမ်းမှုများနှင့် ကတိကဝတ်များကို နှစ်ဆ မြှင့်တင်ရလိမ့်မည် ဖြစ်ပြီး သို့မဟုတ်ပါက မြန်မာ့ ပဋိပက္ခများကို အစ ဆွဲမထုတ်နိုင်၍ မျက်ရည် စက်လက်ဖြင့် နောက်လှည့်ပြန်ကြရလိမ့်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

By Martin Petty, AFP, 26th Mar 2010

မြန်မာ့ ထိပ်သီး စစ်ဗိုလ်ချုပ်များသည် စနေနေ့တွင် ကျင်းပမည့် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားသို့ နိုင်ငံခေါင်းဆောင်များ အဖြစ် နောက်ဆုံး အကြိမ် တက်ရောက်ကြမည် ဖြစ်ကာ နှစ်ကုန်တွင် ရွေးကောက် တင်မြှောက်ခံရမည့် အရပ်သား အစိုးရထံ အာဏာလွှဲရန် တပ်မတော်က ပြင်ဆင်လျက် ရှိသည်။

ယခု စစ်ရေးပြ အခမ်းအနားကို ဦးဆောင်သူမှာ ပုန်းရှောင်လေ့ရှိသော စစ်ဖက် အစိုးရ၏ ကျောရိုး ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်ပြီး ၎င်းက ကြာမြင့်စွာ စောင့်ဆိုင်းနေကြသော ယခုနှစ် ရွေးကောက်ပွဲများ အပြီးတွင် စစ်ဖက် ထိပ်သီး ခေါင်းဆောင်များ အရပ်သား အဖြစ် အသွင်ပြောင်းမည်ဟု ပြောခဲ့ဖူးသည်။ မည်သို့ပင် ဖြစ်စေ စစ်တပ်က အာဏာ အမှန်တကယ် လွှဲပြောင်း ပေးမည် ဆိုသည်ကို ယုံကြည်သူ အနည်းငယ်သာ ရှိသည်။

ဘာကြောင့် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ လုပ်မှာလဲ

ဗြိတိသျှ ကိုလိုနီ ဘဝဖြင့် နှစ်ပေါင်း ၁၂၀ ခန့် နေခဲ့ပြီးနောက် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရသည့် အချိန်တွင် ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သူ ဖြစ်ခဲ့သည့် သယံဇာတ ကြွယ်ဝသော မြန်မာနိုင်ငံသည် ယခုအခါ အရေးယူ ပိတ်ဆို့မှု ခံနေရသောကြောင့် ခြွတ်ခြုံကျလျက် ရှိသည်။

အဓိက ကုန်သွယ်ဖက် တရုတ်နိုင်ငံ အပါအဝင် အာဆီယံ နိုင်ငံများနှင့် ကုန်သွယ်ရေး တိုးတက် နေသော်လည်း မြန်မာ အစိုးရ၏ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ငြင်းဆန်မှု၊ လူ့အခွင့်အရေး အဆက်မပြတ် ချိုးဖောက်မှုများကြောင့် အနောက်နိုင်ငံများ၏ ပြစ်ပယ်ခြင်းကို ခံနေရသည်။

ယခုအခါ မြန်မာနိုင်ငံသည် ကမ္ဘာ့စီးပွားရေး လောကသို့ ဝင်ဆန့်ရန် ဆန္ဒရှိနေပြီး ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နေသည်။ ဤရည်ရွယ်ချက် အောင်မြင်ရန် အနည်းဆုံး နာမည်ခံမျှ အာဏာ စွန့်လွှတ်ရမည် ဆိုသည်ကို စစ်ခေါင်းဆောင်များ သဘောပေါက်သော်လည်း မြန်မာနိုင်ငံကို အုပ်ချုပ်နိုင်သူမှာ တပ်မတော်သာ ဖြစ်သည်ဟု ၎င်းတို့ ယုံကြည်နေဆဲ ဖြစ်သည်ဟု အကဲခတ်များက ဆိုသည်။

ဘာတွေများ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သိထားသလဲ

ရွေးကောက်ပွဲ ကျင်းပမည့်ရက် မသတ်မှတ် ရသေးသော်လည်း ရွေးကောက်ပွဲ ဥပဒေကို အစိုးရက ထုတ်ပြန် ကြေညာခဲ့သည်။ ထင်ရှား၍ ဂုဏ်သိက္ခာ ရှိသည် ဆိုသူများကိုလည်း ရွေးကောက်ပွဲ ကော်မရှင် အဖြစ် ခန့်အပ် တာဝန် ပေးလိုက်သည်။

အစိုးရက တိုင်းပြည် စည်းလုံး ညီညွတ်ကြောင်း ပြသ လိုသဖြင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ပါဝင်လာအောင် ကြိုးစားနေသောကြောင့် ရွေးကောက်ပွဲ ရက်ကို မထုတ်ပြန်သေးခြင်း ဖြစ်သည်ဟု အကဲခတ်များနှင့် အနောက်နိုင်ငံ သံတမန်များက ယုံကြည်နေသည်။ သို့ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးများ ပါဝင်မည့် အလားအလာ မရှိပါ။

ဗေဒင် ယတြာ ယုံကြည်သော နာမည်ပျက် စစ်ခေါင်းဆောင်များက အတိတ် နိမိတ်ကောင်း အဖြစ် ရွေးချယ်သည့် အောက်တိုဘာ နေ့တစ်နေ့တွင် ရွေးကောက်ပွဲ ကျင်းပလိမ့်မည်ဟု အများစုက မှန်းဆ ထားကြသည်။

ဘယ်သူ အာဏာရမလဲ

အငြင်းပွားဖွယ် ၂၀၀၈ ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သော အခြေခံ ဥပဒေအရ မြန်မာနိုင်ငံကို ရွေးချယ် တင်မြှောက်ခံ အရပ်ဖက် အစိုးရက အုပ်ချုပ်မည် ဖြစ်သော်လည်း အဓိက ဝန်ကြီးဌာနများ ဖြစ်သည့် တရားရေး၊ ကာကွယ်ရေး နှင့် ပြည်ထဲရေးတို့ကို စစ်တပ်၏ ထိန်းချုပ်မှု အောက်တွင် ထားရှိမည် ဖြစ်ပြီး လွှတ်တော်နေရာ ၄၄၀ အနက် လေးပုံတစ်ပုံ ကိုလည်း တပ်မတော်က ရယူထားမည် ဖြစ်သည်။

တပ်မတော် အကြီးအကဲသည် နိုင်ငံ၏ အာဏာ အရှိဆုံး ပုဂ္ဂိုလ် အဖြစ် ရွေးကောက်ခံ သမ္မတ အထက်တွင် ရှိနေမည် ဖြစ်ကာ အဓိက ဝန်ကြီးများကို ခန့်အပ်နိုင်သလို အရေးပေါ် ကာလတွင် နိုင်ငံတော် အာဏာကို ထိန်းသိမ်းခွင့် ရှိနေသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၎င်းနှင့်အတူ အနီးကပ် အတွင်းစည်း စစ်ခေါင်းဆောင်များကို နိုင်ငံရေး စင်မြင့်တွင် တွေ့ရှိရမည် မဟုတ်ဟု ပြောကြား ထားသော်လည်း ၎င်းတို့သည် နောက်ကွယ်မှ ကြိုးကိုင်ကြဖွယ် ရှိသည်ဟု အကဲခတ်များက မျှော်လင့် ထားသည်။

ဗိုလ်ချုပ်မှူးကြီး နှင့်အတူ အိုမင်းလာပြီ ဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးလည်း အနားယူရန် အလားအလာ ရှိနေပြီး ၎င်းတို့ ဘဝ နေဝင်ချိန်တွင် ကာကွယ် စောင့်ရှောက်ပေးမည့် စစ်တပ် အတွင်းမှ သစ္စာခံများကို အာဏာ လွှဲပြောင်း ပေးပါလိမ့်မည်။ အစိုးရ အဖွဲ့ဝင် နံပါတ် ၃ အဆင့်ရှိ ဗိုလ်ချုပ်ကြီး သူရရွှေမန်း နေရာ ရလာလိမ့်မည်ဟု အများစုက ထင်ကြေး ပေးကြသည်။

ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဘေးဖယ်ထားသလဲ

လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ပြီး အလွန်တရာ လူကြိုက်များ ကျော်ကြားသည့် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်ကို အကြီးအကျယ် ခြိမ်းခြောက်နိုင်သူ အဖြစ် ရပ်တည်နေဆဲ ဖြစ်သည်။ သူမ၏ NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ် အောင်ပွဲခံ ခဲ့သော်လည်း အစိုးရက အသိအမှတ် မပြုခဲ့ဘဲ အဆိုပါ ရလဒ်ကို လတ်တလောတွင် ပယ်ဖျက် လိုက်ပြီး ဖြစ်သည်။

သူမ၏ နှိုးဆော် တက်ကြွသည့် မိန့်ခွန်းများသည် ဒီမိုကရေစီ အင်အားစုနှင့် ပြည်သူများကို စည်းရုံးနိုင်စွမ်း ရှိသလို စစ်ဖက် အစိုးရအား ဆန့်ကျင်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြား ရေပန်းစား နေသောကြောင့် စစ်ခေါင်းဆောင်များက သူမအား ဖမ်းဆီး ထိန်းသိမ်း ထားခဲ့သည်။

ပြည်သူလူထု အပေါ် သူမ၏ လွှမ်းမိုး နိုင်စွမ်းကို အစိုးရက ကြောက်ရွံ့ နေသောကြောင့် ရွေးကောက်ပွဲ မတိုင်ခင် သူမအား လွှတ်ပေးမည့် အလားအလာ မရှိပါ။

သူမအား ဖမ်းဆီးထားသည် ဖြစ်စေ၊ လွှတ်ပေးသည် ဖြစ်စေ၊ သူမ ရွေးကောက်ပွဲ ဝင်နိုင်မည် မဟုတ်ပါ။ အကြောင်းမှာ ကွယ်လွန်သွားသော သူမ ခင်ပွန်းသည် နိုင်ငံခြားသား တစ်ဦး ဖြစ်နေခြင်း၊ သူမ၏ သားများမှာ ဗြိတိန် နိုင်ငံသားများ ဖြစ်နေခြင်း၊ လတ်တလောတွင် သူမကိုယ်တိုင် ပြစ်ဒဏ် ကျခံနေရခြင်း တို့ကြောင့် ဖြစ်သည်။

ဘယ်သူတွေကို ယှဉ်ပြိုင်ခွင့် ပေးမလဲ

၁၉၉၀ ရွေးကောက်ပွဲမှ ထိပ်သီးပါတီ ၃ ခု ဖြစ်သော NLD ၊ National Unity Party နှင့် Shan Nationalities League for Democracy ပါတီတို့ကို စစ်အစိုးရက အသိအမှတ် ပြုထားသည်။ NLD ကမူ ပါဝင်ခြင်း ပြု/ မပြုကို မတ်လ ၂၉ ရက်တွင် ကြေညာရန် စီစဉ်ထားသည်။

NLD ပါတီ အတွင်း၌ ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းဖြင့် ပါတီ ပြိုကွဲသွားနိုင်သည်ဟု ယုံကြည်သော လူငယ်ပိုင်း ပြောင်းလဲရေးသမားများ နှင့် အခြေခံ ဥပဒေကို ငြင်းပယ်သူများ အကြား အုပ်စု ကွဲလျက် ရှိသည်။ မတ်လ ၂၃ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ မှတ်ပုံတင်ခြင်းကို မလိုလားကြောင်း ပြောကြားခဲ့ပြီး သူမ အနေဖြင့် ဆုံးဖြတ်ချက် ချမည် မဟုတ်ဟုလည်း ပြောကြားခဲ့သည်။

အစိုးရတွင် ၎င်း၏ ရောင်းရင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် သစ္စာခံ အရပ်သား ကိုယ်စားလှယ်များ ရှေ့တန်းတင် ဖွဲ့စည်းထားသော အစိုးရ လိုလားသော ပါတီများ ရှိနေပြီး ဖြစ်ကာ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ကိုလည်း ဖမ်းဆီးထားဆဲ ဖြစ်သည်။ ၎င်းတို့ လွတ်လာသည့် တိုင်အောင် ရွေးကောက်ပွဲ ဝင်နိုင်မည် မဟုတ်သဖြင့် လွတ်လပ် မျှတသော ရွေးကောက်ပွဲ ဖြစ်ရန် အလှမ်း ဝေးလှသည်။

ယခုအချိန်အထိ ပါတီသစ် ၂ ခု မှတ်ပုံတင်ခဲ့သော်လည်း ၂ ခု စလုံးမှာ အစိုးရ နှင့် ပတ်သက် နီးစပ်ပုံ ရသည်။ အဆိုပါ ပါတီ ၂ စုမှာ ပြည်ထောင်စု မြန်မာနိုင်ငံ ၈၈ မျိုးဆက် ကျောင်းသားများ (GSUM) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး တပ်ပေါင်းစု UMNPF တို့ ဖြစ်သည်။

အနောက်နိုင်ငံ ပိတ်ဆို့မှုများ ရှိနေဦးမှာလား

နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် အစိုးရက ငြင်းဆန်နေခြင်းနှင့် တင်းကြပ်သော ရွေးကောက်ပွဲ ဥပဒေကို ချမှတ်ခဲ့ခြင်း တို့ကြောင့် ရွေးကောက်ပွဲများ လွတ်လပ် မျှတပုံ ရသည့် တိုင်အောင် အနောက်နိုင်ငံများက အရေးယူ ပိတ်ဆို့မှုများကို ရုတ်သိမ်းမည့် အလားအလာ မရှိပါ။

သို့ရာတွင် အရေးယူ ပိတ်ဆို့မှုများသည် ပြည်သူများကိုသာ ကျပ်တည်း စေခဲ့ပြီး အစိုးရ၏ ခေတ်နောက်ပြန်ဆွဲမှုကို ပိုမို ခိုင်မာစေခဲ့သောကြောင့် ဆန့်ကျင်ဘက်  အကျိုးရလဒ်သာ ထွက်ပေါ် ခဲ့သည်ဟု ဒီမိုကရေစီ ထောက်ခံသူ များစွာက ပြောကြားလျက် ရှိသည်။ ယခု ရွေးကောက်ပွဲတွင် ဒီမိုကရေစီ စနစ်သို့ အပြည့်အဝ ကူးပြောင်းခြင်း မဟုတ်သည့် ပြောင်းလဲမှု ထွက်ပေါ်လာမည် ဖြစ်ရာ အရေးယူ ပိတ်ဆို့မှုများ ရုတ်သိမ်းသင့်သည် ဟူသော အယူအဆ ပိုမို အားကောင်းလာဖွယ် ရှိနေသည်။

အထူးသဖြင့် ကုန်သွယ်ရေး ကိစ္စပေါ်တွင် အခြေခံသော အာဆီယံ အိမ်နီးချင်းတို့၏ ညှိနှိုင်း ဆွေးနွေးမှုများမှာ စစ်အစိုးရ၏ အာဏာ ချုပ်ကိုင်မှုကို ဆံခြည် တစ်ပင်စာမျှပင် လျော့ရဲအောင် မပြုလုပ် နိုင်ခဲ့ပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

ယခုနှစ်အတွင်း ကျင်းပရန် ရှိသည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်သည်။  

မတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရုံးချုပ်၌ NLD ပါတီ ခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်းပြီးနောက် ယင်းသို့ ဆုံးဖြတ်ချက် ချမှတ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာ တစ်နိုင်ငံလုံးမှ ပါတီ ကိုယ်စားလှယ် ၁၆၀ နီးပါး တက်ရောက် ခဲ့ကြကြောင်း၊ ထို့နောက် ရွေးကောက်ပွဲ ဝင်ရန် မှတ်ပုံတင်သင့်၊ မသင့် ဆွေးနွေးကြပြီး ကိုယ်စားလှယ် ၁၁၄ ဦးက မဲခွဲစနစ်ဖြင့် ဆုံးဖြတ်ကြရာ အများစုက လတ်တလော အခြေအနေအရ မှတ်ပုံတင်ရန် မသင့်ဟု ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။

NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ (၉၂ နှစ်) က ရွေးကောက်ပွဲသို့ ဝင်ရန် မှတ်ပုံတင်သင့်ကြောင်း မူလက ပြောဆိုမှုများ ရှိခဲ့သည်။ သို့သော် ၎င်းသည် ယခု အစည်းအဝေးပွဲသို့ တက်ရောက်ခြင်း မရှိဘဲ အဆိုပါ ကိစ္စကို ပါတီဝင်အများစု၏ ဆန္ဒနှင့် ဆုံးဖြတ်ချက်ကိုသာ ဦးစားပေး ဆောင်ရွက်သင့်သည်ဟု စာတစ်စောင် ပေးပို့ခဲ့သည်။

"စည်းလုံး ညီညွတ်မှုကို အဓိကထားပြီး ကျွန်တော်တို့ အားလုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆန္ဒအတိုင်း ရွေးကောက်ပွဲမှာ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ" NLD ကိုယ်စားလှယ်တစ်ဦး ဖြစ်သူ ဦးအုန်းကြိုင်က ပြောသည်။

စစ်အစိုးရက ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိကြောင်း၊ လောလောဆယ် အကျဉ်းကျနေသော ပါတီဝင်များအနေဖြင့် အဆိုပါ ဥပဒေကြောင့် ရွေးကောက်ပွဲသို့ ဝင်ရောက်ခွင့် မရရှိနိုင်ကြောင်း၊ ထို့ကြောင့် အကယ်၍ မှတ်ပုံတင် လိုက်ပါက ဒေါ်အောင်ဆန်းစုကြည် သည် ပါတီပြင်ပသို့ ရောက်ရှိသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဆွေးနွေးပွဲများ ပြုလုပ်နေစဉ် NLD ဌာနချုပ်အနီးတွင် အဓိကရုဏ်း နှိမ်နင်းသည့် ရဲထရပ်ကား လေးစီးဖြင့် လုံခြုံရေး တင်းကြပ်စွာ ထားသော်လည်း အာဏာပိုင်များက NLD ခေါင်းဆောင်များ အားလုံးအပေါ် အနှောင့်အယှက် လုံးဝ မပေးကြောင်း သိရသည်။

ဆွေးနွေးမှု မပြုလုပ်ခင်က အချို့မြို့နယ် ကိုယ်စားလှယ်များနှင့် ပါတီ လူငယ် ခေါင်းဆောင်များသည် "ဒေါ်အောင်ဆန်းစုကြည်၏ လမ်းစဉ်အတိုင်း လိုက်နာမည်၊ မှတ်ပုံတင်မည် မဟုတ်ပါ" ဟု ကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။

အကယ်၍ NLD သည် မတ်လ ၈ ရက် ရွေးကောက်ပွဲ ဥပဒေ ကြေညာသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံမတင်ပါက အဆိုပါ ဥပဒေအရ တရားဝင်ပါတီ အဖြစ်မှ ဖျက်သိမ်း ရပ်စဲခြင်း ခံရမည်ဖြစ်သည်။

ထိုစဉ် ကာလအတွင်း စစ်အစိုးရ၏ နံပါတ်- ၁ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယခု ရွေးကောက်ပွဲသည် ဒီမိုကရေစီ ကျင့်စဉ်၏ အစကနဦး ပျိုးထောင်မှု ဖြစ်သည် ဟု ၆၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် ထည့်သွင်း ပြောကြားသွားသည်။

စင်စစ် NLD သည် မြန်မာနိုင်ငံတွင် နောက်ဆုံး ကျင်းပခဲ့သော ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သောပါတီ ဖြစ်သည်။ သို့သော် စစ်အစိုးရ က လုံးဝ အသိအမှတ် မပြုဘဲ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အကျဉ်းချထားခဲ့သည်။ ဒေါ်စုကြည်သည် ယခုအခါ နေအိမ်အကျယ်ချုပ် ကျခံနေရပြီး နိုဝင်ဘာလ ရောက်ရှိမှသာ လွတ်မြောက်မည် ဖြစ်သည်။

ထို့ကြောင့် သူမသည် မည်သည့် နိုင်ငံရေပါတီတွင်မှ အဖွဲ့ဝင်အဖြစ် ဝင်ခွင့်ရရှိမည် မဟုတ်ပေ။ ပါတီမှတ်ပုံတင်ရန် နောက်ဆုံးနေ့ရက်မှာ မေလ ၇ ရက်နေ့ဖြစ်ရာ ထိုနေ့ မတိုင်မီ လွတ်မြောက်မှသာ ဝင်ရောက်ခွင့် ရရှိမည် ဖြစ်သည်။

Irrawaddy သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

မြန်မာစစ်အစိုးရ၏ တယ်လီ ဆက်သွယ်ရေးနှင့်ကြေးနန်းဆိုင်ရာ အခြေခံအဆောက်အအုံများ တပ်ဆင်ရာတွင် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ အခြေစိုက် နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်သော Alcatel-Lucent က  လျို့ဝှက်စွာ ကူညီ လုပ်ကိုင်ပေးလျက်ရှိကြောင်း ပြင်သစ် သတင်းမဂ္ဂဇင်း တစ်စောင်၏ အဆိုအရ သိရသည်။

မြန်မာ စစ်အစိုးရ အနေဖြင့် နိုင်ငံတွင်း အင်တာနက် ကွန်ယက်များကို အနီးကပ် စောင့်ကြည့် လေ့လာနိုင်ရေး အတွက် အဆိုပါ ကုမ္ပဏီက လုပ်ကိုင်ပေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ လုပ်ရပ်ကြောင့် Alcatel-Lucent ကုမ္ပဏီသည် ဥရောပသမဂ္ဂက  ချမှတ်ထားသော မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှု မူဝါဒကို ချိုးဖောက်လိုက်ရာ  ရောက်သွားသည်။ ထိုသတင်းကို ပြင်သစ် ရုပ်သံမီဒီယာဖြစ်သော Canal Plus နှင့် Les Inrockuptibies မဂ္ဂဇင်းတို့က မတ်လ တတိယပတ် လောက်တွင် ရေးသား ထုတ်ဖော်ခဲ့ကြသည်။

Les Inrockuptibies က အဆိုပါ ပြင်သစ်ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီသည် မြန်မာ စစ်အစိုးရအနေဖြင့် အင်တာနက်၊  အီးမေးလ် အသုံးပြုမှုများကို စောင့်ကြည့်နိုင်ရန် လုပ်ကိုင် ပေးနေခြင်း ဖြစ်သည်ဟု စွပ်စွဲရေးသားသည်။

Alcatel-Lucent ကမူ မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင်း စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တယ်လီ ဆက်သွယ်ရေး နည်းစနစ်များ ကူညီတပ်ဆင် ပေးနေခြင်းသာ   ဖြစ်ပြီး ယင်းသို့ တပ်ဆင်ပေးမှုသည် မြန်မာ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ပြုသည်ဟု တုံ့ပြန်ပြောဆိုသည်။

Alcatel-Lucent ကုမ္ပဏီ မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်နေသည်မှာ ပြီးခဲ့သည့် ၂၀၀၆ ခုနှစ် ကတည်းက ဖြစ်သည်ဟု မဂ္ဂဇင်းက ဆိုသည်။ Canal Plus ရုပ်သံမီဒီယာ အဆိုအရ အဆိုပါ ပြင်သစ်ကုမ္ပဏီသည် တရုတ်ပြည်ရှိ လက်အောက်ခံ  ကုမ္ပဏီဖြစ်သော Shanghai Bell Alcatel Business Systems မှတစ်ဆင့် မြန်မာစစ်အစိုးရနှင့် ကန်ထရိုက် ချုပ်ဆိုလုပ်ကိုင်နေခြင်း ဖြစ်ပါသည်။
Irrawaddy သတင်းဌာနမှသတင်းကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

 Asian Tribune, 29th March 2010

ရွေးကောက်ပွဲ အတွက် မဲဆွယ်ရာတွင် သွေးကွဲစေမည့် လုပ်ကြံ ပုတ်ခတ် ပြောဆိုမှုများကို ရှောင်ရှားကြရန် မြန်မာစစ်ဖက် အစိုးရ အကြီးအကဲက စနေနေ့တွင် သတိပေးလိုက်ပြီး အငြင်းပွားဖွယ် ရွေးကောက်ပွဲများကို နိုဝင်ဘာလဆန်းတွင် ကျင်းပဖွယ် ရှိသည်ဟု ပြောကြားခဲ့သည်။

အဝေးမြို့တော် နေပြည်တော်တွင် ကျင်းပသော ၆၅ နှစ်မြောက် တပ်မတော်နေ့က စစ်ရေးပြ အခမ်းအနားတွင် တပ်ဖွဲ့ဝင် ၁၃၀၀၀ ခန့်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မိန့်ခွန်း ပြောကြားရာ၌ မြန်မာနိုင်ငံသည် ကိုယ့်နိုင်ငံ ရွေးကောက်ပွဲကို ကိုယ်တိုင်သာ ကြီးကြပ်သင့်ကြောင်းနှင့် သည်းခံ စိတ်ရှည်၍ မျှတစွာ ယှဉ်ပြိုင်ကြရန် တိုက်တွန်းပြောကြားသွားသည်။

လာမည့် ရွေးကောက်ပွဲအပေါ် ပြည်ပမှ စွက်ဖက် ပတ်သက်မှုများကိုလည်း ၎င်းက သတိပေး ကန့်ကွက်ခဲ့ပြီး အဆိုပါ စိတ်ဝမ်းကွဲအောင် လုပ်ဆောင်မှုများကြောင့် မင်းမဲ့စရိုက် လွှမ်းမိုးလာပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှ လမ်းချော်သွားနိုင်သည်ဟု ၎င်းက ဆိုသည်။ ယခု စစ်ရေးပြသည် ရွေးကောက်ပွဲ မကျင်းပမီ နောက်ဆုံး ပြုလုပ်သော အခမ်းအနား ဖြစ်နိုင်သည်။

ရွေးကောက်ပွဲတွင် အနိုင်ရလိုဇောဖြင့် နိုင်ငံရေးသမားများ၊ ပါတီများ အချင်းချင်း ပုတ်ခတ် ပြောဆိုမှုများ အပါအဝင် မမှန်ကန်၊ မသင့်လျှော်သော မဲဆွယ် စည်းရုံးမှုမျိုးကို ရှောင်ရှားကြမည်ဟု အသက် ၇၇ နှစ်ရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိုးဖွင့် လိုင်မိုစင်းကားပေါ်မှ နေ၍ တပ်ဖွဲ့များကို စစ်ဆေး အပြီးတွင် မိန့်ခွန်း ပြောကြားခဲ့သည်။

အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲတွင် မလှုပ်ရှားနိုင်အောင် တားဆီးထားသလို လွှတ်တော် နေရာ လေးပုံတစ်ပုံကိုလည်း စစ်ဖက် အစိုးရ အမည်စာရင်း တင်သွင်းမည် ဖြစ်သည်။

ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို အစိုးရက မကြေညာသေးသော်လည်း အနှစ် ၂၀ အတွင်း ပထမဆုံး အကြိမ် အဖြစ် ကျင်းပမည့် ရွေးကောက်ပွဲများကို နိုဝင်ဘာလဆန်းတွင် ပြုလုပ်လိမ့်မည်ဟု အရာရှိကြီး တစ်ဦးက AFP သို့ ပြောကြားသည်။

"ပါတီ မှတ်ပုံတင်ပြီးချိန်က စတွက်ရင် ၆ လလောက် မဲဆွယ်ချိန် ရပါလိမ့်မယ်။ ရွေးကောက်ပွဲတွေကတော့ အောက်တိုဘာ လကုန် ဒါမှမဟုတ်ရင် နိုဝင်ဘာ လဆန်းလောက်မှာ ဖြစ်ဖို့များပါတယ်" ဟု ၎င်းက ဆိုသည်။

ဒုတိယ ကမ္ဘာစစ် အတွင်းက ဂျပန်တို့၏ သိမ်းပိုက်မှုကို တော်လှန်ခဲ့သည့် အထိမ်းအမှတ် အဖြစ် ကျင်းပလေ့ရှိသော တပ်မတော်နေ့ အခမ်းအနားတွင် နိုင်ငံခြား သတင်းထောက်များ တက်ရောက် သတင်းယူခြင်းကို ယခင် ၂ နှစ်က တားဆီးထားခဲ့သော်လည်း ယခုနှစ်တွင်မူ အစိုးရက ၎င်းတို့အား ပြည်ဝင်ခွင့် ဗီဇာ ပေးခဲ့သည်ကို တွေ့ရသည်။

လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကြောင့် အမေရိကန်နှင့် ဥရောပက အရေးယူ ပိတ်ဆို့ထားသည့် မြန်မာနိုင်ငံတွင် အတိုက်အခံ ခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ဖမ်းဆီးထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

The Irrawaddy, Marwaan Macan – Markar, 27th March 2010

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ ဦးဆောင်သော အတိုက်အခံ ပါတီကို ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အရ အရေးမပါတော့အောင် လည်းကောင်း၊ အဆိုးဆုံး အနေဖြင့် ပါတီကို မြေမြှုပ် ပျောက်ကွယ်သွားအောင် စေခိုင်း နေလေသလားဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တွင် စိုးရိမ် ပူပန်နေကြရသည်။ NLD ၏ ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် ၂၀ ဦးနှင့် ဗဟိုကော်မတီဝင် ၁၁၀ တို့သည် မတ်လ ၂၉ ရက်နေ့တွင် ရွေးကောက်ပွဲ ဝင်/ မဝင် ဆုံးဖြတ်ရတော့မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ပါတီအား ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ရှင်းလင်း ပြတ်သားသော ကြေညာချက်ကို လိုက်နာပြီး ဆုံးဖြတ်ရန် NLD အနေဖြင့် အကျဉ်းအကျပ်ထဲတွင် ရောက်နေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အမြင်အား မတ်လ ၂၃ ရက်နေ့က သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်း မှတဆင့် စကားပါးလိုက်ခြင်း ဖြစ်သည်။ "သူမက ပြောပါတယ်။ ဒီလို တရားမျှတမှု မရှိတဲ့ ဥပဒေ အောက်မှာ ပါတီကို ဘယ်တော့မှ မှတ်ပုံတင်ဖို့ကို လက်မခံ နိုင်ပါဘူးလို့ ပြောပါတယ်" ဟု ဦးဥာဏ်ဝင်းက သူမ၏ အိမ်တွင် တွေ့ဆုံစဉ် ပြောစကားအား ပြန်လည် ပြောပြသည်။

"သူမရဲ့ ပုဂ္ဂိုလ်ရေး အမြင်ကို ပြောရခြင်းဟာ NLD ကို အမိန့်ပေးတာ၊ ညွှန်ကြားတာ မဟုတ်ပါဘူး။ ပါတီကို ဒီမိုကရေစီ နည်းလမ်းကျကျ ဆုံးဖြတ်ဖို့ သူမက ပြောတာပါ" ဟု ဦးဥာဏ်ဝင်းက သူမ ပြောစကားများကို ပြန်ပြောသည်။

အဆိုပါ ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်များသည် အစိုးရက စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ အတွက် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရန် ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေသည် နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုထားသော လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရန် ရေးဆွဲရမည့် အစား ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေး ခေါင်းဆောင်များအား ရွေးကောက်ပွဲတွင် မပါဝင်နိုင်ရေးကို ဦးတည် ရေးဆွဲထားသည်။

ရွေးကောက်ပွဲ ဥပဒေ အသစ် အရ ပြန်လည် မှတ်ပုံတင်မည် ဆိုပါက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အစိုးရက ပယ်ဖျက်ထားခြင်းကို လက်ခံလိုက်သည့် အဓိပ္ပါယ်ဆောင်မည် ဖြစ်သည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အသစ်သည် NLD အား ဒေါ်အောင်ဆန်းစုကြည်အား ပါတီတွင် ဆက်လက် ထားရှိမည်လား (သို့မဟုတ်) ပါတီ ဆက်လက် ရှင်သန်ရေးကိုသာ ရွေးချယ်မည်လား ဆိုသည်ကို တစ်ခုခု အတင်း ဆုံးဖြတ်ခိုင်းသကဲ့သို့ ဖြစ်နေပေသည်။

ရွေးကောက်ပွဲ ဥပဒေတွင် ပြစ်မှုကြောင့် ပြစ်ဒဏ်ခံနေရသော ပါတီ အဖွဲ့ဝင်များအား ပါတီမှ ဖယ်ရှားရန် ရေးဆွဲထားသည်။

ရွေးကောက်ပွဲ ကော်မရှင် အသစ်၏ အာဏာကလည်း ပြင်းလှသည်။ ၎င်း၏ ဆုံးဖြတ်ချက်များကို နောက်တစ်ကြိမ် ရွေးကောက်ပွဲ မတိုင်မီအထိ မည်သို့မျှ အတွန့်တက်၍ မရနိုင်ပေ။ ကိုယ်စားလှယ်လောင်းများအတွက် သတ်မှတ်သည့် အရည်အချင်း ပြည့်မီ၍ မှတ်ပုံတင်ရေး အတွက်လည်း တင်းကြပ်သော စံများ ထားရှိရာ ဝေဖန်သူများက ရွေးကောက်ပွဲ ဥပဒေ အသစ်ကို တရား မျှတမှု မရှိဟု ပြောဆိုကြသည်။

NLD ၏ အဆင့် အမျိုးမျိုး အတွင်းတွင် ၎င်းတို့ ခေါင်းဆောင်၏ မှတ်ချက်ကြောင့် စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ်လာခြင်းမှာ သိပ်ထူးဆန်းမှု မရှိပေ။

"NLD အဖွဲ့ဝင်တွေ အတွက် အလွန် ခက်ခဲတဲ့ အချိန်ပါပဲ။ မှတ်ပုံတင်မလား မတင်ဘူးလား ဆိုတာ သူမက ကျွန်တော်တို့ ခေါင်းဆောင်လေ၊ သူမကို ပါတီက ခွဲထုတ် မပစ်နိုင်ပါဘူး" ဟု မြန်မာပြည် ပြင်ပတွင် နေထိုင်သူ ၁၉၉၀ ရွေးကောက်ပွဲ အရွေးချယ်ခံ ပါလီမန် အမတ် ဦးသိန်းဦးက ပြောသည်။

"သူမ အဲဒီလို မြင်တာကို ကျွန်တော်တို့ မအံ့သြပါဘူး။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ဘူး ဆိုတာ လူတိုင်း သိပါတယ်။ NLD ဝင်မပြိုင်ရင် ရွေးကောက်ပွဲကို အများက လက်ခံကြမှာ မဟုတ်ဘူး" ဟု ဦးသိန်းဦးက ထိုင်းနယ်စပ်မြို့ မဲဆောက်မှ တယ်လီဖုန်းဖြင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။

သုံးသပ်မှုများက NLD အနေဖြင့် ၎င်း၏ အနှစ်နှစ်ဆယ် ရပ်တည်လာသည့် အချိန်အတွင်း အဆိုးရွားဆုံး ပြဿနာကို ကြုံတွေ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

NLD သာ သတ်မှတ်သည့် ရက်အတွင်း မှတ်ပုံတင်ခြင်း မပြုပါက ပါတီ အဖြစ် ဆက်လက် ရပ်တည်ခွင့် ရှိမည် မဟုတ်ဘဲ NLD အောက်တွင် လှုပ်ရှားကြမည့် သူများ အဖမ်းခံကြရလိမ့်မည် ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲ ပြီးကတည်းက NLD သည် အစိုးရ၏ ဖိနှပ်မှုများ ကြားမှ ရှင်သန်လာခဲ့ရာ NLD ၏ ပါလီမန် အမတ်များ တက်ကြွသော ပါတီဝင်များ ၄၀၀ ကျော်သည် အဖမ်းခံခဲ့ကြရသည်။ မြန်မာပြည် အနှံ့ရှိ ပါတီရုံးများ ပိတ်ထားရသည်မှာ ဆယ်စုနှစ်ကျော်ပြီ ဖြစ်ပြီး၊ ရန်ကုန်ရှိ NLD ရုံးချုပ်သာ ဖွင့်ခွင့်ရခဲ့သည်။

"ကျွန်တော် စိတ်ပူတဲ့ အချက်က NLD သာ ရွေးကောက်ပွဲ မဝင်တဲ့ လမ်းကြောင်းကို ရွေးခဲ့ရင် ပါတီအဖြစ်က ဖျက်သိမ်းခံ ရမှာကိုပါပဲ။ ဒါဆိုရင် အစိုးရက NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြိုင်ပွဲမှာ မပါဝင်စေချင်တဲ့ ဆန္ဒကို ကူညီ ဖြည့်ဆည်း ပေးသလို ဖြစ်သွားမှာပဲ" ဟု ထိုင်းနိုင်ငံတွင် နေထိုင်သူ မြန်မာနိုင်ငံရေး သုံးသပ်သူ အောင်နိုင်ဦးက ပြောကြားခဲ့သည်။

အကယ်၍ NLD တာဝန်ရှိသူများသည် ၎င်းတို့ ခေါင်းဆောင်၏ စကား နားထောင်၍ မဲပေးခဲ့မည် ဆိုပါက NLD သည် တရားမျှတမှုနှင့် လူ့အခွင့်အရေး အပေါ် အခြေခံ၍ မူဝါဒများ ချမှတ်ခြင်းနှင့် အကောင်းဆုံး စံသတ်မှတ်ချက်များကို ဆုတ်ကိုင်ထားသော ၎င်း၏ ရပ်တည်ချက်ဖြင့်သာ ပြတ်သားစွာ ရပ်တည်မှုကို သေချာစေမည် ဖြစ်သည်ဟု ၎င်းက IPS သို့ ပြောသည်။

"ဒါဆိုရင် NLD ကို မေးခွန်း ထုတ်စရာ ပေါ်လာပါတယ်။ အာဏာ ရရှိလာဖို့ ခိုင်မာတဲ့ မူဝါဒနဲ့ နိုင်ငံရေး မဟာဗျူဟာ ရှိပါသလား ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်" ဟု အောင်နိုင်ဦးက ပြောသည်။

သုံးသပ်သူများက ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီသည် စတည်ထောင် ကတည်းကအတိုင်း မပြောင်းမလဲ ရှိနေခြင်းမှာ ပါတီ၏ အားနည်းချက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ "ပြောရမှာတော့ ဝမ်းနည်းပါတယ်။ ပါတီမှာ စီးပွားရေး၊ ကျန်းမာရေး နဲ့ နိုင်ငံခြားရေး မူဝါဒများနဲ့ ပတ်သက်ပြီး မူဝါဒ ဖွဲ့စည်းမှု အားနည်းပါတယ်။ ဒါဆိုရင် သူတို့ အရွေးချယ်ခံ ထိုက်ပါ့မလား" ဟု New York အခြေစိုက် Human Rights Watch မှ မြန်မာ အကြောင်း သုတေသနပြုသူ David Scott Mathieson က ပြောသည်။ "ဒီမိုကရေစီ ဝါဒတွေဟာ နိုင်ငံရေး ပါတီတစ်ခုရဲ့ အမှတ်တံဆိပ်တွေ ပါပဲ" ဟု ၎င်းက ပြောသည်။

"ရွေးကောက်ပွဲကနေ ဘေးထွက်နေမယ်ဆိုရင် ရလဒ်ကို ပြောင်းလဲ မပေးနိုင်ပါဘူး။ နိုင်ငံရေး ပါတီ တစ်ခုရဲ့ မျှော်လင့်ချက်တွေမှာ အုပ်ချုပ်ခြင်းက လွဲရင် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ပဲ ဖြစ်ပါတယ်" ဟု Mathieson က အင်တာဗျူးတွင် ဖြည့်စွက် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

BBC News, 28th March 2010

ဝန်ကြီးချုပ် နုတ်ထွက်ပေးရန် နှင့် ရွေးကောက်ပွဲ ကျင်းပပေးရန် တောင်းဆိုနေသော ဆန္ဒပြသူများနှင့် ထိုင်းဝန်ကြီးချုပ်တို့ အကြား မျက်နှာချင်းဆိုင် ဆွေးနွေးမှုများကို ခေတ္တ ရပ်နား၍ တနင်္လာနေ့တွင် နောက်တစ်ကြိမ် ပြုလုပ်မည်ဟု သိရှိရသည်။

အကြမ်းဖက်မှုကို လျှော့ချ၍ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် ကြိုးပမ်းသည့် အနေဖြင့် ဆွေးနွေးရန် ကမ်းလှမ်းချက်ကို မိမိ လက်ခံ ရရှိထားသည်ဟု အဘီဆစ် ဗဲ့ဂျာဂျီဗား၏ ပြောရေး ဆိုခွင့် ရှိသူက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်နှင့် ဆန္ဒပြ ခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးမှုကို ထိုင်း TV တွင် တိုက်ရိုက် ထုတ်လွှင့် ပြသသွားသည်။

မြို့တော် ဘန်ကောက်တွင် ၂ ပတ်ကြာ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ယခု ဆွေးနွေးပွဲများသည် လိုက်လျော ညှိနှိုင်းသည့် လက္ခဏာပင် ဖြစ်သည်ဟု သတင်းထောက်များက ပြောကြားသည်။

ဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ် အတွင်း ထိုင်းဝန်ကြီးချုပ်က မည်သည့် ရာဇသံ ပေးမှုကိုမှ အလျော့ပေး လက်ခံမည် မဟုတ်ဟု တသမတ်တည်း ပြောကြားခဲ့သည်။

မစ္စတာ အဘီဆစ် အခြေစိုက် စခန်း အဖြစ် အသုံးပြု ပုန်းရှောင်နေသော မြို့တော် ဆင်ခြေဖုံးရှိ စစ်စခန်းတွင် အစောင့်များ ထူထပ်စွာ ချထားသည့်ကြားမှ လက်ပစ်ဗုံးများဖြင့် ပစ်ပေါက် ခံရသောကြောင့် စစ်သား ၄ ဦး ဒဏ်ရာ ရရှိသွားသည်ဟု သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သူကို မသိရှိရသေးသော်လည်း လက်ဝဲစွန်း နိုင်ငံရေး သမားများနှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို ထောက်ခံသူများ ပူးပေါင်း ဖွဲ့စည်းထားသည့် ရှပ်နီ အုပ်စုက အဆိုပါ နေရာသို့ တနင်္ဂနွေနေ့တွင် ချီတက် ဆန္ဒပြရန် စီစဉ်ထားသည်။

အလယ် ဆုံမှတ်

တနင်္ဂနွေနေ့ မနက်တွင် ရုပ်မြင်သံကြားမှ တဆင့် အဘီဆစ်က ပြောကြားခဲ့ရာတွင် ၎င်း အနေဖြင့် စေ့စပ် ညှိနှိုင်းရန် တံခါးဖွင့်ထားသော်လည်း ၎င်း အခြေစိုက်ရာ စစ်စခန်းသို့ ဆန္ဒပြသူများ ချီတက် လာပါက ထိုနေရာသို့ ဆွေးနွေးရန် လာရောက်မည် မဟုတ်ဟု အခိုင်အမာ ပြောဆိုခဲ့သည်။

"အခုလို တင်းမာတဲ့ အနေအထားမျိုးမှာ ညှိနှိုင်း ဆွေးနွေးပွဲ ပြုလုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ခြိမ်းခြောက် ဖိအားပေး အကျပ်ကိုင်တာတွေ မရှိမှသာ စေ့စပ် ညှိနှိုင်းမှုတွေ အတွက် တံခါးဖွင့် ပေးဖို့ အခိုင်အမာ ဆုံးဖြတ်ထားပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ရှပ်နီ ဆန္ဒပြ ခေါင်းဆောင် နာတာဝပ်ဆိုင်ကူး က ချီတက်ပွဲကို ခေတ္တ ဆိုင်းငံ့ ထားလိုက်ပြီး ''ကိုယ်စားလှယ် အဖွဲ့များ စေလွှတ် ညှိနှိုင်းရန် ကမ်းလှမ်းချက်ကို စဉ်းစား သုံးသပ်ရန် အစိုးရကို အချိန်ပေးလိုပါသည်" ဟု ၎င်းက ပြောကြားလိုက်သည်။

ကြားနေ အလယ်ဆုံမှတ် အဖြစ် သတ်မှတ်ကြသော ဘန်ကောက် ပညာရေး သုတေသန ဋ္ဌာနတွင် တွေ့ဆုံ ဆွေးနွေးပွဲကို ကျင်းပခဲ့ကြသည်။

ကိုယ်စားလှယ် ၃ ဦးစီ ပါသော အဖွဲ့ နှစ်ဖွဲ့သည် ဆွေးနွေးပွဲ စားပွဲ၏ တဖက်တချက်စီတွင် နေရာယူကြပြီး လက်ဆွဲ နှုတ်ဆက်ကြကာ တဖက်နှင့် တဖက် လိုလားချက်များကို ပြောကြားကြရာတွင် ယဉ်ယဉ်ကျေးကျေး လက်ခံ နားထောင်ခဲ့ကြသည်။

ရှပ်နီ အုပ်စုမှ ကိုယ်စားလှယ်တစ်ဦး ဖြစ်သူ ဗီရာမူဆီကာပေါင် က ၎င်းတို့၏ လှုပ်ရှားမှုနှင့် ပတ်သက်၍ ပြောကြားရာတွင် မစ္စတာ အဘီဆစ်ကို ပုဂ္ဂိုလ်ရေး အရ လေးစားပါကြောင်း၊ သို့သော်လည်း ရွေးကောက်ပွဲ ကျင်းပရန် တောင်းဆိုထားမှုကို ထပ်မံ အသိပေး လိုပါကြောင်း ပြောဆိုခဲ့သည်။

''ကျွန်တော်တို့ရဲ့ တောင်းဆိုချက်ကတော့ သွယ်ဝိုက်ပြောစရာ မလိုပါဘူး၊ ရိုးရိုးလေးပါပဲ၊ ပြည်သူတွေ နောက်တစ်ကြိမ် ဆုံးဖြတ်နိုင်ဖို့အတွက် လွှတ်တော်ကို ဖျက်သိမ်းပေးပါ'' ဟု ၎င်းက ဝန်ကြီးချုပ်ထံ ပြောကြားခဲ့သည်။

ယုံကြည်ရသော လက်ထောက် နှစ်ဦး ဝဲ၊ ယာ ခြံရံ ထားသည့် မစ္စတာ အဘီဆစ်က ဆန္ဒပြသူများ တောင်းဆိုနေကြသည့် ရွေးကောက်ပွဲများသည် တင်းမာမှုများကို လျော့သွား စေနိုင်သလို၊ အခြေအနေလည်း ပိုဆိုးသွားနိုင်သည်ဟု ပြန်လည် ပြောကြားခဲ့သည်။

''ရှပ်နီတွေရဲ့ ဆန္ဒနဲ့တင် မလုံလောက်ပါဘူး၊ တိုင်းပြည် တစ်ပြည်လုံးရဲ့ သဘောထားကို အခြေခံပြီးမှ ဆုံးဖြတ်ချက်ချမှာပါ၊ လွှတ်တော် ဖျက်သိမ်း၊ အစိုးရ နုတ်ထွက်ရုံနဲ့ ပြဿနာကို အမှန်တကယ် ပြေလည်အောင် ဖြေရှင်းနိုင်မလား ဆိုတာကို စဉ်းစားရပါလိမ့်မယ်'' ဟု ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။

အထက်ပါ ညှိနှိုင်းမှုများ ထွက်ပေါ်လာရခြင်းမှာ အထူးလုံခြုံရေး ဥပဒေများအရ မြို့တော် အဓိက နေရာများစွာတွင် တပ်ဖြန့်ချထားသော စစ်သားများကို ဆုတ်ခွာရန် ဆန္ဒပြ အင်အား သိန်းနှင့် ချီတက် ဖိအား ပေးခဲ့ကြခြင်းကြောင့် ဖြစ်သည်။

ဤအခြေအနေတွင် ''လူထု လှုပ်ရှား ဆန့်ကျင်မှု'' ပြုလုပ်ကြရန် မစ္စတာ သက်ဆင် က ကြာသပတေးနေ့တွင် ထပ်မံ တောင်းဆို လိုက်ပြန်သည်။

ယခင်က အာဏာရှင် ဆန့်ကျင်ရေး ဒီမိုကရေစီ ညီညွတ်ရေး တပ်ဦး ဟု လူသိများသည့် ရှပ်နီ အင်အားစုများသည် မျက်ကွယ် ထောင်ဒဏ် ၂ နှစ် ချမှတ်ခြင်း ခံရသူ ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင် အတွက် ၎င်းတို့ ဖာသာ နိုင်ငံရေး တိုက်ပွဲ ဆင်နွှဲခဲ့ကြခြင်း ဖြစ်ပြီး ၎င်းတို့ကို ၎င်းတို့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သူများဟု အမည်ပေးထားကြသည်။

သက်ဆင် လိုလားသော အစိုးရကို ဖိအားပေး ဖြုတ်ချခဲ့ပြီး တရားမဝင် လွှတ်တော် ရွေးကောက်ပွဲများဖြင့် အဘီဆစ် အာဏာရလာခြင်း ဖြစ်သည် ဟု ရှပ်နီများက စွပ်စွဲထားသည်။ မစ္စတာ သက်ဆင်မှာ ၂၀၀၆ ခုနှစ်တွင် စစ်တပ်မှ အာဏာသိမ်း ခံရသောကြောင့် ပြည်ပ၌ တိမ်းရှောင်နေရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

အာရှနိုင်ငံ အစိုးရများ အနေဖြင့် မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ တစ်ရပ် ဖြစ်ပေါ်ရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ပေးသင့်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက မတ်လ ၂၇ ရက်နေ့တွင် တိုက်တွန်း ပြောကြားလိုက်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် ပုံမှန်ပြုလုပ်သော အစည်းအဝေးအရ ကောင်စီ အဖွဲ့ဝင် ၄၇ ဦးက မြန်မာနိုင်ငံတွင် မကြာသေးခင်က ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေများသည် နိုင်ငံတကာ အသိုင်းအဝိုင်းက မျှော်မှန်းထားသည့် အတိုင်း ဖြစ်မလာသောကြောင့် စိုးရိမ် ပူပန်မိကြောင်း ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်ခဲ့သည်။

မီဒီယာ သတင်း ပေးပို့ချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်မှု ဆိုင်ရာ ဥပဒေတွင် ပြစ်ဒဏ် ကျခံနေရသော နိုင်ငံရေးပါတီဝင်များ အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက်ခွင့် ရရှိမည် မဟုတ်ပေ။ မြန်မာစစ်အစိုးရ အာဏာပိုင်များ အနေဖြင့် အနာဂတ် ကာလတွင် နိုင်ငံရေး လှုပ်ရှားမှုများအပေါ် ထပ်မံ ဖမ်းဆီး ထိန်းသိမ်းမှု မပြုလုပ်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် ကုလ လူ့အခွင့်အရေး ကောင်စီက တိုက်တွန်း ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် သြဂုတ်လတွင် နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ၁၈ လ ကျခံစေရန် အပြစ်ပေး ခံထားရသော ဒေါ်အောင်ဆန်းစုကြည်မှာ စစ်အစိုးရ၏ တစ်ဖက်သတ် ရေးဆွဲထားသော ဥပဒေကြောင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရရှိပေ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ် အကျယ်ချုပ် ခံထားရစဉ် ၎င်း၏ အိမ်သို့ ကျူးကျော် ဝင်ရောက်လာသော အမေရိကန် နိုင်ငံသား တစ်ဦးကို လက်ခံ တွေ့ဆုံခဲ့သောကြောင့် နိုင်ငံတော်လုံခြုံရေး ဥပဒေ ဖောက်ဖျက်မှုဖြင့် နေအိမ် အကျယ်ချုပ် နောက်ထပ် ၁၈ လ အပြစ်ပေးခံရခြင်း ဖြစ်သည်။

ယခုအခါ လူ့အခွင့်အရေး ကောင်စီက မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် သောမတ် ကန်တားနား အား အဆိုပါ ရာထူးကို နောက်ထပ် တစ်နှစ် ရယူရန် တာဝန် ပေးလိုက်ကြောင်း သိရသည်။

မတ်လဆန်းပိုင်းက မြန်မာနိုင်ငံသို့ မစ္စတာ ကန်တားနား သွားရောက် လေ့လာပြီးနောက် မြန်မာစစ်အစိုးရသည် ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးမည့် အရိပ်အယောင် မတွေ့ရကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

"ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် နိုင်ငံရေးသမားများ အားလုံး ပါဝင်ယှဉ်ပြိုင်ခွင့် မရဘဲ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲဆိုတာ ယုံကြည် စိတ်ချလို့ မရနိုင်ပါဘူး" ဟု မစ္စတာ ကန်တားနားက ပြောဆိုခဲ့သည်။

ဤအတောအတွင်းမှာပင် မြန်မာနိုင်ငံ၏ မိတ်ဆွေများဟု ဆိုသော အုပ်စုတစ်ခု ထွက်ပေါ်လာပြီး မြန်မာနိုင်ငံတွင်း နိုင်ငံရေး ဒိုင်ယာလော့ခ် ပြုလုပ်ရန် တိုက်တွန်းခဲ့ကြသည်။ အဆိုပါ မြန်မာ မိတ်ဆွေများ အဖွဲ့တွင် နိုင်ငံပေါင်း ၁၂ နိုင်ငံကျော်နှင့် ဒေသဆိုင်ရာ အုပ်စုတစ်စုလည်း ပါဝင်သည်။ ယင်းအုပ်စုကို အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက ဦးစီး ဖွဲ့တည်ပေးခဲ့ခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံ ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာမှု၊ ပူးပေါင်းပါဝင်မှုတို့ အပြည့်အဝရှိရန် လိုအပ်သည်" ဟု မစ္စတာဘန်ကီမွန်းက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ "ယင်းအချက်သည် မြန်မာနိုင်ငံနှင့် နိုင်ငံသားတို့၏ ကြွယ်ဝ ချမ်းသာရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် ငြိမ်းချမ်းရေး တို့အတွက် အခရာ ကျသည်" ဟု ဆိုသည်။

NLD ပါတီ ရွေးကောက်ပွဲ မဝင်ရန် ထုတ်ဖော် ပြောဆိုခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်က ဒီမိုကရေစီ ရွေးကောက်ပွဲ ဖြစ်စဉ်ကို ထိခိုက်နိုင်မှု ရှိ၊ မရှိ မေးမြန်း ကြည့်ရာ မစ္စတာ ဘန်ကီမွန်းက သူမ၏ ဆုံးဖြတ်ချက်ကို မဖြစ်မနေ အသိအမှတ်ပြု လေးစားရပါမည် ဟု တုံ့ပြန် ပြောဆိုသည်။

နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ခန့်နှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ ကျင်းပသော ရွေးကောက်ပွဲသည် ခိုင်မာမှု၊ ယုံကြည် စိတ်ချရမှု ရှိမည် မဟုတ်ကြောင်း မစ္စတာဘန်က မှတ်ချက်ပြုသည်။

AFP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

မြန်မာ၊ ဂီနီ၊ မြောက်ကိုရီးယား စသည့် နိုင်ငံများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက အနီးကပ် စောင့်ကြည့် လေ့လာလျက် ရှိကြောင်း လူ့အခွင့်အရေး အကာအကွယ် ပေးရေးအဖွဲ့က ပြောကြားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသည် ဂီနီနိုင်ငံတွင် ကုလ လူ့အခွင့်အရေး ဆိုင်ရာရုံး တည်ဆောက်မှု အတွက် အထောက်အပံ့များ ပေးနေသကဲ့သို့ မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား တွင်လည်း လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများ စောင့်ကြည့် လေ့လာမည့် ကျွမ်းကျင်သူများ ခန့်အပ်ရန် အပူတပြင်း လုပ်ဆောင်လျက် ရှိသည်။

"ဂီနီ၊ မြန်မာနဲ့ မြောက်ကိုရီးယား နိုင်ငံတွေမှာ လူ့အခွင့်အရေး ဆိုင်ရာ အခြေအနေနဲ့ ချိုးဖောက်မှုတွေကို အရေးယူနိုင်ဖို့ အဲဒီနိုင်ငံတွေမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ ပြဿနာတွေနဲ့ ကာလကြာရှည် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်နိုင်ဖို့ လိုပါတယ်" ဟု လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်မှုအဖွဲ့ ဂျူလီဒီရီဗာရိုက ပြောကြားသည်။

ဤသို့ လုပ်ဆောင်ရာတွင် ဘာသာရေးဆိုင်ရာ အသရေ ဖျက်မှုများနှင့် စပ်လျဉ်း၍ ဥပဒေများကို ပြန်လည် ပြင်ဆင်ရန် လိုအပ်လျက် ရှိကြောင်း၊ သို့သော် ယင်းသို့ လုပ်ဆောင်ရန် လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့အစည်းများက စိုးရွံ့လျက် ရှိကြောင်း၊ သို့အတွက်ကြောင့် လွတ်လပ်စွာ ကိုးကွယ်မှု၊ ထုတ်ဖော် ပြောဆိုမှုများတွင်လည်း အကန့်အသတ်များ ဖြစ်ပေါ်စေကြောင်း ၎င်းက ဆိုသည်။

ဘာသာရေး အခြေခံသည့် ကိစ္စများတွင် ထိုသို့သော စိုးရွံ့မှုများနှင့် အခက်အခဲများကြောင့် ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိဟု ဆိုသည်။ ဘာသာရေးအရ အသရေဖျက်မှု အပေါ် နည်းလမ်း ရှာဖွေရာ၌ လူအများစုက ကန့်ကွက်ကြသည်။ ဇမ်ဘီရာနှင့် အာဂျင်တီးနားကဲ့သို့သော နိုင်ငံများသည် ဘာသာရေးအရ အသရေဖျက်မှုများကို ဆန့်ကျင်သော နိုင်ငံများ ဖြစ်သည်။

လူ့အခွင့်အရေး ကာကွယ်သူများကို အကာအကွယ်ပေးရန် ဆွေးနွေးကြရာတွင် အခက်အခဲများ တွေ့ကြုံကြရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဥပဒေ ပြင်ဆင်မှုများ ပြုလုပ်ရန် တင်ပြကြသော်လည်း အောင်မြင်မှု မရရှိပေ။ ထို့ကြောင့် လူ့အခွင့်အရေး ကောင်စီ အနေဖြင့် လူအများစု၏ အားထား ယုံကြည်မှုများ ရရှိအောင် များစွာ လုပ်ကိုင်ဆောင်ရွက် ရလိမ့်မည် ဖြစ်သည်။ ဥပမာအားဖြင့် ပြောရပါက အာဖဂန်နစ္စတန်နှင့် ဆိုမာလီယာ နိုင်ငံကိစ္စများတွင် လူအများ၏ ဆန္ဒကို ဖြည့်ဆည်း ပေးနိုင်ရေးအတွက် လက်တွေ့ လုပ်ကိုင် ပြရန် များစွာ လိုအပ်နေသည်ကို တွေ့ရသည်။

လူ့အခွင့်အရေး ကောင်စီသည် လာမည့် ၂၀၁၁ ခုနှစ်တွင် ချိုးဖောက်မှုများကို မည်သို့ မည်ပုံ တုံ့ပြန်မည်၊ အကူအညီ ပေးမည် စသည်တို့ကို ကြိုတင်တွက်ချက် လုပ်ကိုင်ရန် လိုအပ်သည်။

လုပ်ငန်းများ အကောင်အထည် ဖော်ရာတွင် နိုင်ငံရေး ပတ်သက်မှု၊ အစွန်းရောက်မှုများကို ရှောင်ရှားနိုင်ရန် လိုအပ်သည်။ ကမ္ဘာ့နေရာ အသီးသီးတွင် လူ့အခွင့်အရေး ကောင်စီ အနေဖြင့် ထဲထဲဝင်ဝင် လုပ်ကိုင်ပေးနိုင်လည်း လိုအပ်သည်။

Mizzima သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.