Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ စစ်အစိုးရသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် ပုံစံသစ်ဖြင့် နှိမ်နင်းဖြိုခွင်းမှုများ ပြုလုပ်လာဖွယ် ရှိကြောင်း ပါတီ ဗဟိုအမှုဆောင် ကော်မတီ (CEC) ဝင် ဦးဝင်းတင်က ပြောကြားလိုက်သည်။

"ပါတီ မရှိတော့တဲ့ အခါမှာ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေကို အတော့်ကို ကန့်သတ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။ တကယ်လို့ ကျွန်တော်တို့က စစ်အစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပိုလုပ်မယ်ဆိုရင် သူတို့ကလည်း ကျွန်တော်တို့ကို မတရားအသင်းအဖြစ် ကြေညာကောင်း ကြေညာလာနိုင်ပါတယ်" ဟု ၎င်းက ဆိုသည်။

NLD ဗဟို အလုပ်အမှုဆောင် ကော်မတီနှင့် ဗဟိုကော်မတီ အဖွဲ့ဝင်များသည် မတ်လ ၂၉ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးပြီး ပါတီအနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိသောကြောင့် ယင်းသို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ ဥပဒေအရ တည်ဆဲ နိုင်ငံရေးပါတီများ အားလုံးအနေဖြင့် မေလ ၆ ရက်နေ့ မတိုင်မီ ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ရမည် ဖြစ်သည်။ မှတ်ပုံ မတင်ပါက တရားမဝင် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်း ခံရမည် ဖြစ်သည်။ ဦးဝင်းတင်သည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ၁၉ နှစ်တာမျှ ဖမ်းဆီး အကျဉ်းကျခံခဲ့ရပြီး ၎င်းသည် ပါတီ မှတ်ပုံ မတင်ရေးအတွက် ကာလကြာရှည်စွာ ဆော်သြခဲ့သူလည်း ဖြစ်သည်။

"သူတို့ကတော့ လှုပ်ရှားမှု လုပ်မယ့်သူတွေ အားလုံးကို ဖမ်းဆီးမှာ သေချာပါတယ်။ အဲဒီ ပြဿနာတွေနဲ့ ကျွန်တော်တို့ ရင်ဆိုင်ကြရမှာပါ" ဟု အသက် ၈၀ အရွယ်ရှိ ဦးဝင်းတင်က ပြောသည်။

"ကျွန်တော်တို့ တတွေဟာ ရွေးကောက်ပွဲမှာ နိုင်ဖို့၊ အာဏာရဖို့ လုပ်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ စစ်အာဏာရှင် စနစ်ကြီး တစ်ခုလုံး ဖြိုလှဲပစ်နိုင်ဖို့ လုပ်နေကြတာပါ။ အဲဒီတော့ သူတို့က ကျွန်တော်တို့ အပေါ်မှာ ပြင်းပြင်းထန်ထန် နှိမ်နင်း ဖြိုခွဲလာမှာ သေချာပါတယ်" ဟု ၎င်းက သုံးသပ် ပြောဆိုသည်။

ဘိုကလေး မြို့နယ် NLD ပါတီဝင် ဦးချင်းဝန်က ပါတီအနေဖြင့် မှတ်ပုံတင် သင့်သည်ဟု ယူဆသည်။ "တကယ်လို့ ကျွန်တော်တို့ မှတ်ပုံမတင်ဘူး ဆိုရင် NLD ဟာ တရားမဝင် အဖွဲ့အစည်း တစ်ခု ဖြစ်သွားပါလိမ့်မယ်။ အဲဒီတော့ ကျွန်တော်တို့ အနေနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်မယ်ဆိုရင် သူတို့ (စစ်အစိုးရ) ကလည်း မလွဲမသွေ ဖြိုခွဲ နှိမ်နင်းလာပါလိမ့်မယ်" ဟု ၎င်းက ပြောသည်။

မည်သို့ပင်ဖြစ်စေ NLD အနေဖြင့် မြေအောက်ပါတီ တစ်ခုအသွင်ဖြင့် လှုပ်ရှားရန် လိုအပ်မည် မဟုတ်ဟု ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆော်သြသူ ဇိုမီ အမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ Pu Cin Sian Thang က ပြောဆိုသည်။

"နိုင်ငံရေးဆိုတာ စိတ်ထဲမှာ ရှိနေရင် နိုင်ငံရေး လုပ်လို့ ရပါတယ်။ ကျွန်တော်တို့ရဲ့ ဇိုမီ အမျိုးသား ကွန်ဂရက် ပါတီဟာ ၁၉၉၃ ခုနှစ်ကတည်းက ပိတ်ပင်ခံခဲ့ရတာပါ။ ကျွန်တော်တို့ ပါတီ ဆိုင်းဘုတ် တင်လို့ မရသလို ပါတီရဲ့ အာဘော်တွေလည်း ထုတ်ပြန်လို့ မရပါဘူး။ ဒါပေမဲ့ လှုပ်ရှားမှုတွေကို ဆက်လုပ်သွားလို့ ရပါတယ်" ဟု ၎င်းက ဆိုပါသည်။

ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) က NLD က ရွေးကော်ပွဲ မဝင်ဟု ဆုံးဖြတ်ခဲ့သော NLD ၏ လုပ်ရပ်ကို အထူးပင် ကြိုဆိုကြောင်း ပြောဆိုသည်။

"ကျွန်တော်ဟာ ပါတီဝင်တစ်ယောက် မဟုတ်ပါဘူး။ ဒါပေမဲ့ NLD က ခုလို မှတ်ပုံမတင်ဖို့ ဆုံးဖြတ်တာကို အရမ်း ဝမ်းသာအားရ ဖြစ်ရပါတယ်။ ကျွန်တော်ဟာ အခု လွတ်လပ်စွာ ရေးသားခွင့် ရရှိဖို့ တိုက်ပွဲဝင်နေပါတယ်" ဟု ဆိုသည်။

"စစ်အစိုးရအနေနဲ့ ဖြေရှင်းရမယ့် အရေးကိစ္စတွေက အများကြီးပါ။ နယ်စပ်ဒေသ စောင့်တပ် ဖွဲ့စည်းရေး၊ NLD ပါတီအရေး၊ အာဏာခွဲဝေရေး စတဲ့ ကိစ္စတွေပါပဲ။ အခက်အခဲတွေက ကျွန်တော်တို့တင် မကပါဘူး။ သူတို့လည်း ရင်ဆိုင်နေရတာပါ။ သူတို့က ပိုတောင် ပိုဦးမယ်။ ကျွန်တော့်အထင် ပြောရရင် ဒီနှစ်ထဲ ရွေးကောက်ပွဲ ကျင်းပဖြစ်မယ် မထင်မိပါဘူး" ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

Mizzima သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေးနှင့် နိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းရာတွင် ဆီလျော် ပြေပြစ်မှု ရှိသော နိုင်ငံတကာ အများသဘောဆန္ဒ ပါဝင်မှု လျော့နည်းနေခြင်းသည် ပြဿနာများကို ပိုမို ဆိုးရွားစေကြောင်း၊ သို့အတွက်ကြောင့် နိုင်ငံတကာ အာဂျင်ဒါကို ပြန်လည် အကဲဖြတ် သတ်မှတ်ရန် လိုအပ်ကြောင်း ဝါရှင်တန် အခြေစိုက် Asia Society အဖွဲ့က မကြာမီ ထုတ်ပြန်မည့် အစီရင်ခံစာ တစ်ရပ်အရ သိရသည်။

မြန်မာနိုင်ငံတွင်း ပြုပြင် ပြောင်းလဲမှု ပြုလုပ်ရာတွင် မြန်မာ လူ့အဖွဲ့အစည်း အတွင်းမှ အင်အားသည် မရှိမဖြစ် လိုအပ်သော အရာ ဖြစ်သည်ကို အသိအမှတ် ပြုရမည် ဖြစ်သော်လည်း နိုင်ငံတကာ (သို့မဟုတ်) ပြည်ပ၏ အခန်းကဏ္ဍလည်း လိုအပ်ကြောင်း Asia Society Task Force က ပြောသည်။

"ပြောရလျှင် မြန်မာနိုင်ငံ အရေးကိစ္စမှာ အချက်ပြမှုများ ရှုပ်ထွေးနေခြင်း၊ နိုင်ငံတကာနှင့် ဒေသတွင်း ပလေယာများက တူညီပေါင်းစပ်မှု မရှိသော မူဝါဒများဖြင့် တုံ့ပြန်ခြင်း တို့ကြောင့် ပိုမို ဆိုးရွားခဲ့သည်။ သို့အတွက်ကြောင့် ကျွန်ုပ်တို့ အနေဖြင့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို ထွက်ပေါ်လာနိုင်ခြေ ရှိသော နယ်ပယ်များကို အသားပေး ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်" ဟု Asian Society ဥက္ကဋ္ဌ Vishakha Desai က ပြောသည်။

အမေရိကန် သမ္မတ ဘားရက်အိုဘားမား အုပ်ချုပ်ရေးအဖွဲ့က နေပြည်တော် စစ်အစိုးရအပေါ် ပြောင်းလဲ ကျင့်သုံးလိုက်သော နိုင်ငံခြားရေး မူဝါဒကို Asia Societyမှ Wasley Clark က "မြန်မာနိုင်ငံသည် ပါဝါ အပြည့်အဝ ရှိသော စီးပွားရေး အင်အားစုကြီးများ၏ အလယ်ခေါင် တည့်တည့်သို့ ရောက်ရှိနေသည်။ သို့သော် တစ်ချိန်တည်းမှာပင် မြန်မာ၏ နိုင်ငံရေး စနစ်သည် အေးတိအေးစက် ဖြစ်နေသည်" ဟု စတင် သုံးသပ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ အမေရိကန် ပြည်ထောင်စု အနေဖြင့် လက်လှမ်းမမီနိုင်သော အနေအထားမျိုးကို ဖန်တီးမည် ဆိုပါက မြန်မာနိုင်ငံကို အာဏာရှင်စနစ်မှ လွတ်မြောက်ရန်၊ နိုင်ငံတကာ အသိုင်းအဝိုင်းသို့ ဝင်ရောက်ရန် အကူအညီပေးရာတွင် ထိရောက်မှု ရှိမည် မဟုတ်ကြောင်းလည်း ဆက်လက် ပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိ အနေအထားကို Asia Society က သုံးသပ်ရာတွင် နိုင်ငံတကာ အနေဖြင့် အောက်ပါ အချက်များကို အလေးအနက်ထား စဉ်းစားရန် တိုက်တွန်းထားသည်။

-        ၂၀၀၇ ခုနှစ်အောက်တိုဘာလမှ စ၍ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာမှု ကျဆင်းလာခြင်း။

-        ဒေသတွင်း ပါဝါများအတွက် မြန်မာနိုင်ငံ၏ မဟာဗျူဟာ အရေးပါမှု မြင့်တက်လာခြင်း။

-        မြန်မာ နယ်စပ်ဒေသ တစ်လျှောက် မတည်ငြိမ်မှုများ ဖြစ်ပေါ်နေခြင်း။

-        နေပြည်တော်နှင့် ပြုံးယမ်း (မြောက်ကိုရီးယား) အကြား ဆက်ဆံရေးပုံစံ ပြောင်းလဲလာခြင်း။

-        ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲနှင့်အတူ မြန်မာနိုင်ငံတွင်း အုပ်ချုပ်မှုပုံစံ ပြောင်းလဲမည့် အလားအလာ ရှိနေခြင်း စသည်တို့ ဖြစ်သည်။

ထို့ပြင် အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လာမည့် အပြောင်းအလဲများနှင့် ပတ်သက်၍ အောက်ပါအချက်များကို မဖြစ်မနေ စဉ်းစားသင့်သည်ဟု Asia Society က ထောက်ပြသည်။

-      ထိရောက်မှု ရှိသော ဆက်သွယ်ရေး လမ်းကြောင်းများ ဖြစ်ပေါ်ရေး

-      အကူအညီပေးရေး အစီအစဉ်များကို စနစ်တကျ လုပ်ဆောင်ရေး

-      ပြုပြင် ပြောင်းလဲမှုကို အသားပေးမည့် စီးပွားရေး ဆောင်ရွက်ချက်များ ကျင့်သုံးရေး

-      မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပူးပေါင်း ဆောင်ရွက်ရေး

-      အကယ်၍ လိုအပ်ပါက တိကျ တင်းကျပ်သော ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ရေးတို့ ဖြစ်သည်။

"အနောက်ကမ္ဘာ၊ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုက နှစ်ပေါင်းများစွာ ပိတ်ဆို့ အရေးယူမှုနှင့် အထီးကျန် ဖြစ်စေမှုတို့ကို အစွမ်းကုန် လုပ်ဆောင်ခဲ့သည့်တိုင် မြန်မာနိုင်ငံတွင်း အပြောင်းအလဲ ဖြစ်ပေါ်အောင် လုပ်ဆောင်နိုင်ခြင်း မရှိပေ။ ထို့အတူ အာရှ၏ ညင်သာ ပျော့ပြောင်းသော ချဉ်းကပ်မှုကလည်း မြန်မာနိုင်ငံတွင်း ပြောင်းလဲမှုများကို အနည်းငယ်သာ ဖြစ်ပေါ်စေခဲ့သည်" ဟု Project Director Suzanne DiMaggio က အစီရင်ခံစာတွင် သုံးသပ်ထားသည်။

"အမှန်တကယ် လိုအပ်နေတာက အမျိုးသားရေး၊ ဒေသတွင်းရေး၊ နိုင်ငံတကာအရေး စတဲ့ အဆင့်အတန်းတွေနဲ့ ကိုက်ညီမှုလည်း ရှိမယ်၊ သဟဇာတလည်း ဖြစ်မယ့် သံတမန်ရေး ချဉ်းကပ်မှု ပုံစံသစ် တစ်မျိုးပါ" ဟု ၎င်းက ပြောသည်။

အဆိုပါ Asia Society ၏ အစီရင်ခံစာကို "မြန်မာနိုင်ငံ၏ လက်ရှိ ပကတိ အခြေအနေမှန်နှင့် အနာဂတ် ဦးတည်ချက်များ" ဟု ခေါင်းစဉ်ပေးထားသည်။ အစီရင်ခံစာတွင် နိုင်ငံတကာ ပလေယာများ အနေဖြင့် ကျင့်သုံးသင့်သော မူဝါဒများကို အကြံပေး ရေးသားထားသည်။

Mizzima သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ၏ အကြီးဆုံး အတိုက်အခံပါတီ ဖြစ်သော အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲသို့
ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း မတ်လ ၂၉ ရက်နေ့က ထုတ်ဖော်
ကြေညာလိုက်ခြင်းသည် ပါတီပြိုကွဲစေနိုင်သည့် အနေအထားမျိုးသို့ ရောက်ရှိ
သွားစေနိုင်သည်။
ယင်းသို့ ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်ချက်ကို NLD ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျခံနေချိန်တွင် ကျန်အဖွဲ့ဝင်များက
အစည်းအဝေး ကျင်းပ ပြုလုပ်ပြီး ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောရေးဆိုခွင့်
ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။
ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်ရခြင်းမှာ အစိုးရက ထုတ်ပြန်သော
ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိသောကြောင့် ဖြစ်သည်ဟု ၎င်း၏
ပြောကြားချက်ကို ကိုးကား၍ ရိုက်တာသတင်းက ဖော်ပြသည်။
ရွေးကောက်ပွဲသို့ မဝင်သဖြင့် ပါတီ ပြိုကွဲသွားနိုင်ကြောင်း၊
နိုင်ငံရေးနှင့် ကင်းကွာသွားပါက အဓိပ္ပာယ်မရှိ ဖြစ်သွားနိုင်ကြောင်း၊
ဒီမိုကရေစီ နည်းလမ်း မဟုတ်ဘဲ မဲပေးစနစ်ဖြင့် အရှုံးပေး လိုက်ခြင်းသည်
မှားယွင်းကြောင်း အချို့က ဝေဖန်သုံးသပ်ကြသည်။
ယခုကဲ့သို့ ရွေးကောက်ပွဲ မဝင်ရန် ပါတီတွင်း မဲခွဲ
ဆုံးဖြတ်လိုက်ခြင်းသည် အံ့အားသင့်စရာ ကိစ္စ မဟုတ်ပေ။ အကြောင်းမှာ
ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း
ထုတ်ဖော် ပြောဆိုထား၍ ဖြစ်သည်။ သို့သော် အမှန်တကယ် ရွေးကောက်ပွဲ ဝင်ရေး၊
မဝင်ရေး ကိစ္စမှာ ပါတီဝင်များသာ ဆုံးဖြတ်ရမည် ဖြစ်သည်ဟုလည်း ဒေါ်စုကြည်က
ဆက်လက် ဆိုထားသည်။
AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

To unsubscribe, reply using "remove me" as the subject.

The Straits Times, 31th March 2010

ယခုနှစ် နှောင်းပိုင်းတွင် ကျင်းပရန် အများစု မျှော်လင့်ထားကြသော ရွေးကောက်ပွဲများကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အတိုက်အခံပါတီက သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သောကြောင့် မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် ပေါင်းစည်းရေး မျှော်မှန်းချက် အောင်မြင်ရန် ခက်ခဲသွားဖွယ် ရှိသည်ဟု စင်ကာပူနိုင်ငံက ပြောကြားလိုက်သည်။

ယခု ရလဒ်များ ထွက်ပေါ်လာစေသည့် ရွေးကောက်ပွဲ ဥပဒေသစ်ကို စိတ်ပျက်မိသည်။ ဤကိစ္စကြောင့် အမျိုးသား ပြန်လည် ပေါင်းစည်းမှု ရရှိရန် ခက်ခဲသွားလိမ့်မည်ဟု စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့် ရှိသူက မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။

"ရွေးကောက်ပွဲတွေ တရားဝင် အသိအမှတ်ပြုခံရဖို့ အတွက် နိုင်ငံရေး အင်အားစုတွေ အကြား အမျိုးသား ပြန်လည် ပေါင်းစည်းမှု ရရှိရေးဟာ အရေးကြီးတဲ့ အချက် ဖြစ်တယ် ဆိုတာကို ကျွန်တော်တို့ အမြဲတမ်း လက်ကိုင်ထားခဲ့ပါတယ်" ဟု ၎င်းက ဆိုသည်။

"ရွေးကောက်ပွဲမှာ NLD ပါတီနဲ့ တကွ တခြားနိုင်ငံရေး ပါတီတွေ အားလုံး ပါဝင်ဖို့ လိုအပ်ပါတယ်။ သဘောတူ ညှိနှိုင်းမှု ရဖို့ နိုင်ငံရေးပါတီတွေ အနေနဲ့ နောက်မကျသေးပါဘူး။ ညှိနှိုင်း ဆွေးနွေးကြဖို့ သူတို့ကို တိုက်တွန်းပါတယ်" ဟု ပြောရေး ဆိုခွင့်ရှိသူက ကြေညာချက်တွင် ပြောကြားသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး အာဏာ မရခဲ့သည့် NLD ပါတီက လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုရန် တနင်္လာနေ့က ဆုံးဖြတ်ခဲ့သည်။

NLD အောင်ပွဲရခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ကာ ပါတီကို ချောင်ပိတ် သတ်ခဲ့ပြီး နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သော စစ်အုပ်ချုပ်ရေးကို ပြောင်းလဲနိုင်မည့် မျှော်လင့်ချက်ကို ရိုက်ချိုးခဲ့သည့် အတွက် မြန်မာစစ်ဖက် အုပ်ချုပ်သူများကို အမေရိကန် ပြည်ထောင်စုနှင့် သြစတြေးလျနိုင်ငံတို့က အပြစ်တင်ခဲ့ကြသည်ဟု AP သတင်းဋ္ဌာနက ဖော်ပြသည်။

မြန်မာနိုင်ငံသည် ၎င်း၏ ပြည်သူများ အပေါ် ယခင်နှင့် မတူသော ဆက်ဆံရေး၊ ယခင်နှင့် မတူသော ဆောင်ရွက်ချက်များ ပြုလုပ်ရန် လိုလိုလားလား စဉ်းစား သုံးသပ်နေကြောင်း ပြသနိုင်မည့် အခွင့်အလမ်း ဆုံးရှုံးသွားခြင်းပင် ဖြစ်သည်ဟု ယူဆကြောင်း အမေရိကန် နိုင်ငံခြားရေး ဋ္ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Philip Crowley က  မြန်မာ၏ ကမ္ဘာသိ နာမည် Burma ကို သုံးနှုန်း ပြောကြားလိုက်သည်။

မစ္စတာ Crowley က အမေရိကန် ပြည်ထောင်စု အနေဖြင့် စစ်ဖက် အစိုးရနှင့် ဆက်လက် ဆွေးနွေး သွားမည်ဟု ရည်ညွှန်း ပြောကြားခဲ့သော်လည်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Stephen Smith ကမူ အထီးကျန် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အလားအလာ အပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေသည်ဟု AFP သတင်းဋ္ဌာနက ထုတ်ပြန်သည်။

"NLD ပါတီ မပါတဲ့ ဘယ်ရွေးကောက်ပွဲ မဆို လွတ်လပ်၊ မျှတ ၊ ပြည့်ဝတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်လိမ့်မယ်လို့ ကျွန်တော် မယုံကြည်ပါဘူး" ဟု ၎င်းက ABC ရေဒီယို သို့ ပြောကြားခဲ့သည်။

ယခုလ အစောပိုင်းက အစိုးရ ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေက ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့သော နိုင်ငံရေး အကျဉ်းသားများ ပါဝင်သည့် ပါတီများကို တားဆီး ပိတ်ပင်ထားပြီး နိုင်ငံရေး အကျဉ်းသားများကို ပါတီဝင် အဖြစ်ပင် ခွင့်မပြုဟု အစိုးရက ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima news, 30th March 2010

ကချင်လွတ်မြောက်ရေး အဖွဲ့ အစည်း (KIO) နှင့် မြန်မာ အစိုးရ အကြား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စနှင့် ပတ်သက်၍ တင်းမာမှုများ ဆက်လက် ဖြစ်ပွားနေသည့် ကြားမှ မြန်မာ့ တပ်မတော် ပူးတွဲ စစ်ဦးချုပ်များဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းသည် ကချင်ပြည်နယ် ၂ ရက် ခရီးစဉ်ကို ယခင် အပတ်က သွားရောက်ခဲ့သည်။

မြန်မာ အစိုးရ နံပါတ် ၃ အဆင့်ရှိ ဗိုလ်ချုပ်ကြီး ရွှေမန်းသည် ကချင်ပြည်နယ် မြစ်ကြီးနားရှိ မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်သို့ မတ်လ ၂၄ရက်က သွားရောက်ခဲ့ပြီး ဟိုပင်၊ တနိုင်း၊ ပူတာအို မြို့များသို့လည်း ဆက်လက် သွားရောက်ကာ နောက်တစ်နေ့တွင် နေပြည်တော်သို့ ပြန်သွားခဲ့သည်။

"ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်က စစ်ရေး ကိစ္စတွေနဲ့ သက်ဆိုင်ပုံ ရပါတယ်။ တရုတ်-မြန်မာ နယ်စပ် တစ်လျှောက်မှာ ရှိတဲ့ ကချင်နဲ့ ဝ ထိန်းချုပ်နယ်မြေတွေက လက်ရှိ အနေ အထားတွေကြောင့်လို့ ယူဆရပါတယ်" ဟု စစ်ဖက်- အရပ်ဖက် ဆက်ဆံရေး အကဲခတ် ဝင်းမင်းက ပြောကြားသည်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် အတူ အထူး စစ်ဆင်ရေး အဖွဲ့မှူးများ ဖြစ်သော ဒုတိယ ဗိုလ်ချုပ်မှူးကြီး သာအေးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ အပါအဝင် စစ်ဖက် အရာရှိကြီး ၁၀ ဦး လိုက်ပါခဲ့သည်ဟု ဝင်းမင်းက ဆိုသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး သာအေးက ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း နှင့် မန္တလေးတိုင်းမှ စစ်ဆင်ရေးများကို တာဝန်ယူရပြီး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်မှ စစ်ဆင်ရေးများကို တာဝန်ယူသည်ဟု သိရသည်။

''သူတို့ ဗန်းမော်ကနေ လာကြတာပါ။ KIA ကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းဖို့ KIO ကို ဖိအားပေးကြပါ လို့ ပြောသွားတယ်'' ဟု KIO အရာရှိ တစ်ဦးက ပြောကြားသည်။

သို့ရာတွင် ခရီးစဉ် အတွင်း KIO ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်း မရှိဟု ဆိုပါသည်။

မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းသည် KIO ဥက္ကဋ္ဌ ဇော်ဟာရာ၊ အတွင်းရေးမှူး ဒေါက်တာ လဂျာ၊ ဗိုလ်မှူးကြီး ဂွမ်မော်တို့နှင့် မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်တွင် မတ်လ ၂၁ ရက်က တွေ့ဆုံခဲ့သည်။

မတ်လ ၁၃ ရက်တွင် မူးယစ် အထူးတပ်ဖွဲ့က ဗန်းမော် မြို့နယ် ကမ်ဘန်းရွာတွင် ဗုံး ၃၃ လုံး ဖမ်းဆီးရမိခြင်းနှင့် စပ်လျဉ်း၍ ၎င်းက KIO ကို မေးမြန်း စုံစမ်းခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဗုံးများသည် KIO သို့ ပို့ဆောင်ခြင်း ဖြစ်ကြောင်း၊ ရွာသားများ အနေဖြင့် ဗုံးများ လက်ဝယ်ထားကာ ဘာမှ လုပ်စရာ မရှိကြောင်း KIO က ပြန်လည် ပြောကြားခဲ့သည်ဟု KIO အရာရှိက ပြောကြားသည်။

ထို့အပြင် KIO က မြန်မာ စစ်တပ်၏ တိုက်ရိုက် ထိန်းချုပ်မှု အောက်တွင် ထားရှိမည့် နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲရေးကို လက်မခံနိုင်ကြောင်း အသစ် ရွေးကောက် တင်မြောက်မည့် အစိုးရ လက်အောက်တွင် ကချင်စစ်တပ် အဖြစ် ရပ်တည်သွားရန်သာ ဆန္ဒရှိကြောင်း၊ မြန်မာအစိုးရ ကိုယ်စားလှယ် စစ်ဖက် ရေးရာ လုံခြုံရေး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်ထံ ပြန်ကြားခဲ့သည်ဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, The New York Times, 30th March 2010

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းသည် အလောင်းအစား ပြုရသလို ဖြစ်ပြီး၊ ဆန့်ကျင်ဘက် ရလဒ်များကိုသာ ရနိုင်ကြောင်း ရန်ကုန်မြို့ရှိ အချို့လူများက အင်္ဂါနေ့က ပြောကြားခဲ့သည်။ အချို့ကမူ ထိုသို့ ပြုလုပ်ခြင်း အတွက် ထောက်ခံခဲ့ကြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ အဖွဲ့ဝင်များသည် တနင်္လာနေ့က တညီတညွတ်တည်း ရွေးကောက်ပွဲ မဝင်ရန် မဲပေးခဲ့ကြပြီး၊ စစ်တပ်မှ ကြီးမှူး ကျင်းပသော ရွေးကောက်ပွဲ လုပ်ငန်းစဉ်များသည် တရားမျှတမှု မရှိကြောင်း ပြင်းပြင်းထန်ထန် ပြောဆိုခဲ့သည်။

သို့သော် အချို့က ပြောကြားရာတွင် ယခုကဲ့သို့ စစ်တပ် အုပ်ချုပ်သော တိုင်းပြည်တွင် ဒီမိုကရေစီ မျှော်လင့်ချက် ရောင်ခြည် သန်းလာသည်ကို ရှောင်ဖယ်ခြင်းသည် အမှား ပြုလုပ်ခြင်း ဖြစ်ကြောင်း အာဏာမက်သော ဗိုလ်ချုပ်များ၏ လက်ထဲတွင် ကစားခံရခြင်း ဖြစ်ကြောင်း ပြောကြသည်။

"ကျွန်တော် အလွန် ဝမ်းနည်းတယ်။ NLD ဟာ နှလုံးသားကို သုံးပြီး ဆုံးဖြတ်လိုက်တာကိုး။ ဦးနှောက်သုံးပြီး မဆုံးဖြတ်ခဲ့ဘူး။ ဒါဟာ ပြန်မလာနိုင်တော့တဲ့ အမှားကို ကျူးလွန်လိုက်တာပဲ" ဟု အထက်တန်း ကျောင်းအုပ် ဆရာကြီး တစ်ဦးက ရန်ကုန်မြို့တွင် ပြောကြားခဲ့သည်။

"တစ်နိုင်ငံလုံးက စိတ်မကောင်း ဖြစ်ကြမှာပဲ။ ဒါဟာ ဘာကို ပြလဲဆိုတော့ NLD ဟာ အရည်အချင်းပြည့်တဲ့ နိုင်ငံရေးသမားတွေ မဟုတ်ဘူး ဆိုတာပါပဲ။ သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည် မပါဘဲ ရှေ့ဆက် လျှောက်ဖို့ အင်အား မရှိဘူးဆိုတာ ပြတာပဲ" ဟု ၎င်းက ပြောသည်။

နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်ခဲ့ခြင်းကြောင့် လွန်ခဲ့သော ၂၁ နှစ် အတွင်း ၁၅ နှစ်ခန့် အထိန်းသိမ်း ခံနေရသည်။ ပြီးခဲ့သည့် အပတ်က သူမ အနေဖြင့် NLD ကို ရွေးကောက်ပွဲ အတွက် မှတ်ပုံတင်ရန် မသင့်ကြောင်း ပြောကြားခဲ့သည်။ သို့သော် အဆိုပါ မှတ်ချက်သည် ပါတီကို အမိန့်ပေးခြင်း မဟုတ်ပဲ၊ အဆိုပါ ကိစ္စကို ပါတီမှ မဲခွဲ ဆုံးဖြတ်ရန် ပြောခဲ့သည်။

အစိုးရက ယခုလ အစောပိုင်းက ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေတွင် နိုင်ငံရေး အရ အထိန်းသိမ်း ခံနေရသူများ ရွေးကောက်ပွဲ ဝင်ရန် ကန့်သတ်ထားခြင်းအား NLD မှ စိတ်ဆိုးခဲ့သည်။ NLD ၏ ထင်ရှားသော ခေါင်းဆောင် အတော်များများ (ဒေါ်အောင်ဆန်းစုကြည် အပါအဝင်) သည် ထောင်ထဲတွင် ရှိနေသည်။

မည်သည့် ရွေးချယ်စရာများ ကျန်သေးသနည်း

အချို့က ယုံကြည်လျက် ရှိကြသည်မှာ NLD က မှတ်ပုံ မတင်ရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု အစစ်အမှန်ရရန် ရှေ့ဆက်ရမည့် ခရီး အတွက် အခွင့်အရေး မရှိတော့ကြောင်း ယုံကြည်ကြသည်။

သုံးသပ်သူများက ရွေးကောက်ပွဲအား စစ်အာဏာရှင် စနစ်ကို တရားဝင်အောင် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုနေကြတော့ ထိုရွေးကောက်ပွဲကို ဝင်မပြိုင်သော NLD အနေဖြင့် တရားဝင် ရပ်တည်ခွင့် ကုန်ဆုံးသွားပြီ ဖြစ်သည်။

"သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည် မပါဘဲလည်း ရွေးကောက်ပွဲ ဝင်သင့်တယ်၊ ပြီးတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရေးကိုသာ အာရုံပြုသင့်တယ်" ဟု အငြိမ်းစား ပါမောက္ခ တစ်ဦးက ပြောသည်။

"ပါတီ တရားဝင် ရပ်တည်လို့ မရတော့ နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်နိုင်ပါဦးမလားလို့ ကျွန်တော် သံသယ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရင် ပါတီမှာ ပြန်ပါလို့ ရရဲ့သားနဲ့ဗျာ" ဟု ၎င်းက ပြောသည်။

ဥပဒေက မတရား သည်မှာ မှန်သော်လည်း NLD အနေဖြင့် တိုင်းပြည်၏ အနာဂတ် နိုင်ငံရေးတွင် ပါဝင်နိုင်ခွင့် ရသော ရတောင့်ရခဲ အခွင့်အရေးကို လက်လွှတ်ခံသည့် အတွက် ဝေဖန်လိုကြောင်း အသက် ၆၅ နှစ်ရှိ ရန်ကုန်မြို့နေ ဦးကျော်ဝင်းက ဆိုသည်။

"လူတိုင်းက ဒေါ်အောင်ဆန်းစုကြည် ပါပါ မပါပါ မဲထည့်ကြမှာပဲ။ သူမရဲ့ ပါတီမှန်း လူတိုင်း သိတယ်လေ" ဟု ၎င်းက ပြောသည်။

သစ်သီး ရောင်းသူ ဒေါ်သန်းသန်းက သူမသည် NLD ၏ သပိတ်မှောက်မှုကို အပြည့်အဝ ထောက်ခံကြောင်း၊ သို့သော် မြန်မာ ပြည်သူတွေ အတွက် ရွေးချယ်စရာ နည်းသွားပြီး မညီမမျှ ဖြစ်ကုန်ပြီ ဖြစ်ကြောင်း ပြောသည်။

အခြား ပုဂ္ဂိုလ် တစ်ဦးကမူ "NLD ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် သဘောမတူဘူးဗျာ။ NLD မပါဘဲ ကျွန်တော်တို့ ဘယ်သူ့ကို မဲပေးရမှာလဲ" ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy news, 30th March 2010

ယခုနှစ်အတွင်း တစ်ချိန်ချိန်တွင် ကျင်းပပေးမည်ဟု မြန်မာအစိုးရက ဆိုထားသော ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခြင်း မပြုလိုသည့် အတွက် ပါတီ မှတ်ပုံတင်မည့် အစီအစဉ်ကို ပယ်ချလိုက်ခြင်းဖြင့် NLD ပါတီက သမိုင်းတွင်မည့် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည်။ မြန်မာအစိုးရ လတ်တလော ပြဋ္ဌာန်းခဲ့သော နိုင်ငံရေး ပါတီ မှတ်ပုံတင်ခွင့် ဥပဒေ အရ မေလ ၇ ရက်မတိုင်မီ NLD ပါတီ ဖျက်သိမ်းရဖွယ် ရှိနေသည်။ NLD ပါတီ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ပြည်တွင်း ပြည်ပရှိ တိုင်းရင်းသား ခေါင်းဆောင်များကို ဧရာဝတီ သတင်းဋ္ဌာနက ဤသို့ မေးမြန်းခဲ့သည်။

''NLD ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် ကျေနပ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ၂၀၀၈ အခြေခံ ဥပဒေရဲ့ အောက်ပါ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အခွင့်အရေးတွေ တိုးတက်လာမှာ မဟုတ်ဘူးလို့ ယုံကြည်တဲ့ အတွက် ရွေးကောက်ပွဲ မဝင်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပြီး ဖြစ်လို့ပါပဲ။ နိုင်ငံရေး ပါတီတွေရဲ့ အခွင့်အရေးကို ချုပ်ချယ်ဖို့ အတွက် ရွေးကောက်ပွဲ ကော်မရှင်ကို လုပ်ပိုင်ခွင့်တွေ အများကြီး ပေးထားတဲ့ ရွေးကောက်ပွဲ ဥပဒေကြောင့် ဒီကော်မရှင်ရဲ့ အောက်မှာ နိုင်ငံရေး ပါတီ အဖြစ် ရပ်တည်ဖို့ မသင့်ပါဘူး'' ဟု ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က ပြောကြားသည်။

"ကျွန်တော်ကတော့ NLD ကို ရွေးကောက်ပွဲ ဝင်ပြိုင်စေချင်ပါတယ်။ ဒါပေမဲ့ သူတို့ ဆန္ဒမရှိတာကို  ကျွန်တော်တို့ တိုက်တွန်းလို့ မရပါဘူး။ တကယ်တော့ NLD ရဲ့ အနေအထားက တဖြည်းဖြည်း ကျဆင်းနေပါပြီ။ သူတို့ ရှေ့တိုးသည် ဖြစ်စေ၊ နောက်ဆုတ်သည် ဖြစ်စေ အရေးအကြီးတော့ပါဘူး" ဟု ပြောကြားသူမှာ ကိုယ်ပိုင် ပါတီကို မှတ်ပုံတင်မည့် စစ်မှုထမ်းဟောင်း ရှမ်းခေါင်းဆောင် ဦးအုန်းရွှေ ဖြစ်သည်။

ရှမ်းပြည် တောင်ပိုင်း တပ်မတော် (SSA-S) မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းလော့ဝ်ဆိုင် ကမူ ''ပါတီ မှတ်ပုံတင်မယ့် အစီအစဉ်ကို ငြင်းပယ်လိုက်တဲ့ NLD ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ ထောက်ခံပါတယ်။ ဒါ သူတို့ လုပ်သင့်တဲ့ ဆုံးဖြတ်ချက်လို့လည်း ယူဆပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ မှာ ပြည်သူ အများစုက NLD ကို ရွေးချယ်ခဲ့တာပါ။ ရှမ်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း အလားတူ ဆုံးဖြတ်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ တကယ်လို့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီတွေလာမယ့် ရွေးကောက်ပွဲမှာ ဝင်မပြိုင်ဘူး ဆိုရင် အားလုံးနဲ့ အကြုံးဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ပါဘူး'' ဟု ပြောကြားပါသည်။

"ပလောင် တိုးတက်ရေး တပ်ဦး PSLF နဲ့ ကလောင် တိုင်းရင်းသားတွေ ကိုယ်စား ပြောရမယ် ဆိုရင် NLD ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ လှိုက်လှိုက်လှဲလှဲ ထောက်ခံပါတယ်ဗျာ၊ ဒါဟာ ကျွန်တော်တို့ တန်ဖိုးထားတဲ့ နိုင်ငံရေး ပြောင်းလဲမှု၊ အမျိုးသား ပြန်လည် ပေါင်းစည်းရေးနဲ့ အစစ်အမှန် ငြိမ်းချမ်းရေး၊ ပြည်သူ့ အတွက် ဒီမိုကရေစီ စတာတွေရဲ့ ဆုံးဖြတ်ချက်ပါပဲ" ဟု PSLF အထွေထွေ အတွင်းရေးမှူး မဲ့အိုက်ဖုန်းက ပြောကြားခဲ့သည်။

''NLD က သူ့ရဲ့ ရွှေဂုံတိုင် ကြေညာစာတမ်း ပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နေသလို ကျွန်တော်တို့ကလည်း ပါတီရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ တိုင်းရင်းသား လူမျိုးတွေနဲ့ ပြည်သူတွေရဲ့  အခွင့်အရေး အပေါ် အာမခံချက် မပေးတဲ့ ၂၀၀၈ အခြေခံ ဥပဒေ အရ ကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး၊ စစ်အုပ်ချုပ်ရေးကိုသာ သက်ဆိုး ရှည်စေမယ့် ရွေးကောက်ပွဲ တစ်ခုပါပဲ'' ဟု တိုင်းရင်းသား ခေါင်းဆောင်များက မှတ်ချက်ပေးခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 30th March 2010

မြန်မာနိုင်ငံတွင် အနှစ် နှစ်ဆယ် အတွင်း ပထမဆုံး အကြိမ် ကျင်းပမည့် ရွေးကောက်ပွဲသည် အားလုံး ပါဝင်ပြီး၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရန် အလားအလာ မရှိကြောင်း အင်္ဂါနေ့က ဗြိတိန် ဝန်ကြီးချုပ် Gordon Brown ၏ ရုံးမှ ပြောကြားခဲ့သည်။

Gordon Brown က ပြောကြားရာတွင် စစ်အစိုးရ အုပ်ချုပ်သူများသည် အမျိုးသား ပြန်လည် ပေါင်းစည်းရေး အတွက် ရရှိလာသော အခွင့်အလမ်းများကို အသုံးမချခဲ့ကြောင်းနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပါဝင်ခွင့် ပေးရန် တောင်းဆိုခဲ့သည်။

အစိုးရက အငြင်းပွားဖွယ် ရွေးကောက်ပွဲ ဥပဒေ အသစ်ကို ထုတ်ပြန်ပြီးနောက် တနင်္လာနေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။

ရွေးကောက်ပွဲ ဝင်ရန် ဆုံးဖြတ်ပါက ၎င်းတို့၏ ခေါင်းဆောင်ကို ထုတ်ပယ်ရမည် ဖြစ်ပြီး၊ အခြေခံ ဥပဒေကိုလည်း အသိအမှတ်ပြုရာ ရောက်ကြောင်း ပြသ သကဲ့သို့ ဖြစ်မည် ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ပါတီ မှတ်ပုံတင်ရန် ငြင်းပယ်ခဲ့သည်။

"ဝမ်းနည်းစရာပါပဲ။ မြန်မာ အစိုးရဟာ အမျိုးသား ပြန်လည် ပေါင်းစည်းရေး အတွက် အခွင့်အရေးတွေကို ဖြုန်းတီးပစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မြန်မာ့ နိုင်ငံရေးမှာ အရေးပါတဲ့ ကဏ္ဍမှာ ထားဖို့ ခွင့်ပြုသင့်တယ်" ဟု Brown က ပြောသည်။

၎င်း၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ဖြည့်စွက် ပြောကြားရာတွင် "ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတဖို့ အတွက်ရော အားလုံး ပါဝင်နိုင်ဖို့ရော အလားအလာ မရှိဘူးလို့ အဓိပ္ပာယ် ဖွင့်လို့ ရပါတယ်" ဟု ဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.