Transparency Myanmar

transparency.myanmar@gmail.com

Xinhua News,18th May 2010

      မြန်မာ အမျိုးသမီး သတင်းထောက် တစ်ဦးကို ထိုင်း အစိုးရ ဆန့်ကျင် ဆန္ဒပြသူ အုပ်စုတစ်စုက အင်္ဂါနေ့ မွန်းလွဲပိုင်းတွင် ရန်မူ တိုက်ခိုက်ခဲ့သည်ဟု မျက်မြင်သက်သေ တစ်ဦးက ပြောကြားသည်။

      အစိုးရ ဆန့်ကျင်ရေး အဓိက ဆန္ဒပြရာ နေရာ အနီးမှ ပါသွမ်ဝါနာရမ် ဘုရားကျောင်းသို့ ဒုက္ခသည် အဖြစ် ရောက်ရှိလာသော အစိုးရ ဆန့်ကျင် ဆန္ဒပြသူ အချို့ကို အင်တာဗျူး မေးမြန်းနေစဉ် ယင်းသို့ တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ထိုင်း INN သတင်းဋ္ဌာနက ထုတ်ပြန်လိုက်သည်။

      သတင်း ရေးသားရန် အတွက် အချက်အလက်များ မေးမြန်းနေသော သတင်းထောက်ကို အစိုးရ ဆန့်ကျင် ဆန္ဒပြသူများက ဒေါသထွက်ခဲ့သည်ဟု ဆိုသည်။ အမျိုးသမီးနှင့် ကလေး ၁၀၀ ခန့်သည် ဘန်ကောက်မြို့လယ် ဆန္ဒပြရာ ရာချာပရာဆောင် ရပ်ကွက်မှ ထွက်လာကာ ဘုရားကျောင်းတွင် ဒုက္ခသည် အဖြစ် လာရောက် ခိုလှုံခြင်း ဖြစ်သည်။

      သို့ဖြစ်ရာ ရာချာပရာဆောင် ရပ်ကွက်နှင့် ကပ်လျက်တွင် တည်ရှိသော ဘုရားကျောင်းတွင် လာရောက်ခိုလှုံသော ဆန္ဒပြသူများဖြင့် ပြည့်လျှံနေလျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

19th May 2010

      တပ်မတော် အစိုးရနှင့် နီးစပ်ပြီး နေပြည်တော်ကြီး တည်ဆောက်ရာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ စီးပွားရေး လုပ်ငန်းရှင် ၄ဦးကို ပုဂ္ဂလိက ဘဏ် လုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း ထိပ်သီးစီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

      ထူးကုမ္ပဏီ အုပ်စုမှ ဦးတေဇ၊ မက်(စ်) မြန်မာ ကုမ္ပဏီမှ ဦးဇော်ဇော်၊ ဝန်ကြီး ဦးအောင်သောင်း သား ဦးနေအောင်နှင့် ဦးပြည်အောင်တို့ ပိုင် အိုင်ဂျီအီး ကုမ္ပဏီ၊ ဧဒင်ဦးချစ်ခိုင်တို့ ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

      ဘဏ်လုပ်ငန်းကို ဦးတေဇနှင့် ဦးဇော်ဇော်တို့ လုပ်ပိုင်ခွင့် ရသည်မှာ မထူးဆန်းသော်လည်း ဦးအောင်သောင်း သားနှစ်ဦးနှင့် ဦးချစ်ခိုင်တို့ ရရှိသည်မှာ အနည်းငယ် ထူးခြားသည်ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

      ဝန်ကြီး ဦးအောင်သောင်း သားနှစ်ဦးသည် စင်ကာပူ အခြေစိုက် အောင်ရီဖြိုး ကုမ္ပဏီနှင့် ဇွန်မိုးစက် ကုမ္ပဏီလီမိတက် တို့ကို တည်ထောင်ထားပြီး သန်း ၂၀၀၀ ခန့် ရင်းနှီး မြှုပ်နှံထားကြောင်း ဦးပြည်အောင်မှာ ဗိုလ်ချုပ်ကြီး မောင်အေး၏ သမက် ဖြစ်ကြောင်း အဆင့်မြင့် စီးပွားရေး အသိုင်းအဝိုင်းမှ သိရှိရသည်။

      ဧဒင် ဦးချစ်ခိုင်သည် နေပြည်တော် ဆောက်လုပ်ရာတွင် လုပ်ငန်း ကန်ထရိုက် အများအပြား ရရှိခဲ့ပြီး ရှမ်းရိုးမနဂါး ကုမ္ပဏီအနေဖြင့် ရှမ်းပြည် တောင်ပိုင်း တီကျစ်တွင် ကျောက်မီးသွေး သုံးလျှပ်စစ် ဓာတ်အား စက်ရုံ လုပ်ပိုင်ခွင့် ရရှိထားသည်။ ပြီးခဲ့သည့်နှစ်က ဆန်စပါး အထူးပြု ကုမ္ပဏီ ကစ္စဏကျွန်းသာ ကုမ္ပဏီနှင့် ပဲအထူးပြု ကုမ္ပဏီ ဒေါင်းတံခွန် ကုမ္ပဏီတို့တွင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး လုပ်ငန်းများ အောင်မြင်အောင် လုပ်ကိုင်နိုင်သဖြင့် မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်းတွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ခြင်းခံရသူ တစ်ဦး ဖြစ်သည်။

      ၂၀၀၂ ခုနှစ်က မေဖလားဝါးဘဏ်နှင့် အာရှဓနဘဏ်တို့ကို ငွေကြေး ခဝါချမှုနှင့် ပတ်သက်၍ ဖျက်သိမ်းပြီးနောက် ယခု ပထမဆုံး အကြိမ် အဖြစ် ပုဂ္ဂလိကဘဏ်များ လုပ်ပိုင်ခွင့် ပြုလာခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Asian Tribune, By Kanbawza Win, 17th May 2010

      မြန်မာနိုင်ငံအပေါ် ခုနှစ်လကြာပြီ ဖြစ်သော မူဝါဒကို ပြန်လည် သုံးသပ်ပြီးနောက် အမေရိကန် အစိုးရသည် မြန်မာနိုင်ငံနှင့် လက်တွေ့ကျသော ဆက်ဆံရေး မူဝါဒကို အသုံးပြုခဲ့ပြီး၊ သမ္မတ Obama ကလည်း မြန်မာနိုင်ငံ အပေါ် အရေးယူမှုများကို သက်တမ်း တစ်နှစ် ထပ်မံ တိုးမြှင့်ခဲ့သည်။ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က မိမိတို့ အနေဖြင့် မြန်မာပြည်သူများ လိုလား တောင့်တသော ဒီမိုကရေစီကျပြီး၊ သာယာ ဝပြော၍ ငြိမ်းချမ်းသော တိုင်းပြည် အတွက် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။ နားထောင်၍ ကောင်းသော်လည်း သံသယ ဖြစ်ဖွယ် အဆိုပါ စကားအား ဟုတ်မဟုတ် စောင့်ကြည့်ရဦးမည် ဖြစ်သည်။

      မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံကြီးများ ဖြစ်သော ကိုယ့်ကိုယ်ကို လူဦးရေ အများဆုံး အဖြစ် ဂုဏ်ယူနေသော တရုတ်ပြည်နှင့် ကမ္ဘာပေါ်တွင် အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အဖြစ် ဂုဏ်ယူနေသော အိန္ဒိယနိုင်ငံတို့သည် မြန်မာနိုင်ငံနှင့် ပတ်သက်သော မူဝါဒကို ကွယ်ဝှက်မနေဘဲ ပြောင်ကျကျ ရပ်တည်ခဲ့ကြသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် စီးပွားရေး အရဆက်ဆံမှုများတွင် ၎င်းတို့၏ လှုပ်ရှားမှုများသည် မြန်မာ ဗိုလ်ချုပ်များနှင့် အတူ တိုင်းပြည်၏ သဘာဝ သယံဇာတနှင့် လူသား အရင်းအမြစ်များ အပေါ်မှ ဂုတ်သွေးစုပ် အမြတ်ထုတ်ခဲ့ကြသည်။ တိုင်းရင်းသား ဒီမိုကရေစီ လှုပ်ရှားမှုများကို နှိပ်ကွပ်ရန် ဘီလီယံ ဒေါ်လာတန် လက်နက်များ ရောင်းဝယ်မှုကိုမူ ဖော်ပြကြခြင်း မရှိသော်လည်း၊ သက်သေ ထူနိုင်သော ဖြစ်ရပ်များ ဖြစ်သည်။ မြန်မာပြည်သူများ အနေနှင့်ကတော့ မိမိတို့ အပေါ် မျှော်လင့်ချက် ရောင်ခြည်များ ပေးထားသော အနောက်နိုင်ငံများ၊ အထူးသဖြင့် အမေရိကန် အပေါ်ကို အားကိုးရတော့မည် ဖြစ်သည်။

      "ကျွန်တော်တို့ မြန်မာပြည်သူတွေ အပေါ် ထားရှိတဲ့ ကတိတွေကို မပစ်ပယ်ပါဘူး။ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ကျွန်တော်တို့ရဲ့ မဟာဗျူဟာ ရည်မှန်းချက်တွေဟာ မပြောင်းလဲပါဘူး။ မြန်မာနိုင်ငံသားများရော အိမ်နီးချင်းများနဲ့ပါ သာယာဝပြောပြီး ဒီမိုကရေစီနိုင်ငံ အဖြစ် ငြိမ်းချမ်းစွာ နေထိုင်ရေးကို ရည်မှန်းပါတယ်'' ဟု Campbell က ပြောခဲ့သည်။ အထက်ပါ စကားသံများမှာ ဒုက္ခ သုက္ခပေါင်းများစွာ ကြုံတွေ့နေရသော သာမန် မြန်မာနိုင်ငံသားများ အဖို့ သံစဉ်လှလှ သီချင်း တစ်ပုဒ် သဖွယ် ဖြစ်နေမည် ဖြစ်သော်လည်း၊ Campbell မှာမူ မြန်မာနိုင်ငံကို တစ်ကြိမ် တစ်ခါသာ လာပြီး ယူနီဖောင်းဝတ်များနှင့် စကားပြောရသေးသည်။

      သို့သော် နိုင်ငံတကာ ဆက်ဆံရေးနှင့် ပတ်သက်၍ လေ့လာမှု တစ်ခုက ပြောရာတွင် နားလည်ရခက်သော နိုင်ငံတစ်ခု၏ အခြားနိုင်ငံများအပေါ် ဆက်ဆံရေး မူဝါကို အဓိပ္ပာယ် ဖော်ရာတွင် အသိတရားများ၊ ဆင်ခြင်တုံ တရားများနှင့် ယှဉ်၍ စဉ်စား၍ မရနိုင်ကြောင်း ပြောဆိုခဲ့သည်။

      မြန်မာနိုင်ငံအပေါ် ဝါရှင်တန်၏ ဇစ်မြစ်အားဖြင့် ပတ်သက်ရမှုမှာ လူ့အခွင့်အရေး ကိစ္စ၊ ဒီမိုကရေစီ ဖော်ဆောင်ရေး မဟုတ်တန်ရာပေ။ မြောက်ကိုးရီးယားနှင့် လက်နက် ရောင်းဝယ်ခြင်းနှင့် နျူကလီယာနှင့် ပတ်သက်သော လက်နက် စီမံကိန်းများတွင် ပူးပေါင်း ဆောင်ရွက်နေကြောင်း မှန်ကန်မှုနှင့် နီးစပ်သော သတင်း ပေးပို့မှုများကြောင့် ဖြစ်သည်။ ထို့ကြောင့် Campbell က မြန်မာအစိုးရက ပူးပေါင်း ဆောင်ရွက်မှု မရှိပါက အတိအကျ မဖော်ပြနိုင်ကြောင်း သတိပေးခဲ့သည်။

      မြန်မာအစိုးရ အပေါ် Obama ၏ မူဝါဒ ဖြစ်သော လက်တွေ့ကျသော ဆက်ဆံရေးမှာ မအောင်မြင်ဖို့ နီးစပ်နေသည်။ မြန်မာ ဗိုလ်ချုပ်များသည် ရွေးကောက်ပွဲ လုပ်ရန် စိုင်းပြင်းနေပြီး၊ အမေရိကန်က အဆိုပြုထားသော နိုင်ငံရေးသမားများနှင့် တိုင်းရင်းသားများ ပါဝင်သော အမျိုးသားရေး တွေ့ဆုံ ဆွေးနွေးမှုကို လစ်လျူရှုခဲ့ပြီ ဖြစ်သည်။

      ဝေဖန်သုံးသပ်သူ Frida Ghitis က "World Politics Review'' တွင် ပြောကြားရာ၌ စစ်အစိုးရသည် NLD ကို ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်အောင် တမင် ထောင်ချောက် ဆင်ခြင်းဖြင့် Obama ၏ ရိုင်းပျသော အစိုးရနှင့် လက်တွေ့ကျသော ဆက်ဆံရေး မူဝါဒကို နှိပ်ကွပ်မှု ပြုလုပ်ခဲ့ပါသည်။ နောက်ထပ် ရှင်းလင်းသော အချက်တစ်ခုမှာ ပြီးခဲ့သည့် စက်တင်ဘာလမှ ယခုချိန် အထိ Campbell ၏ ခရီးစဉ် နှစ်ခုလုံးမှာ မည်သည့် ရလဒ်မှ ထွက်ပေါ်လာခြင်း မရှိခြင်းပင် ဖြစ်ပါသည်။

      မြန်မာ စကားပုံတွင် မြွေမြွေချင်း ခြေမြင်ဆိုသော စကား ရှိသည်။ ထိုအတိုင်းပင် အစိုးရသည် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ ဥပဒေ၏ တရားမျှတခြင်း မရှိမှုကို လက်ခံလိမ့်မည် မဟုတ်ဆိုသည်ကို ကောင်းကောင်း သဘောပေါက်သည့် အားလျော်စွာ၊ ယခုကဲ့သို့ အစိုးရက ကြောက်သော NLD ရွေးကောက်ပွဲမှ လွတ်သွားအောင် တမင် အကွက်ချ စီစဉ်ခဲ့ခြင်း ဖြစ်ပါသည်။

      ယခုတဖန် မြန်မာများ နှစ်သစ်ကူး နေချိန် အများ သတိမမူနိုင်မည့် ပျော်နေသည့် အချိန် ဧပြီလတွင် သီလဝါ ဆိပ်ကမ်း၌ မြောက်ကိုးရီးယား သင်္ဘောသည် ကာလက်ပစ် စကပ်ဒုံးကျည်များနှင့် ဒုံးပျံ လောင်ချာများ သယ်ဆောင်လာခဲ့သည်။ နျူကလီယာ စွမ်းရည် တည်ဆောက်မှု အတွက် လိုအပ်သော ပစ္စည်းများလည်း ပါလိမ့်မည် ဖြစ်သည်။ မကြာမီ မြန်မာ့ကမ်းရိုးတန်းမှ အမေရိကန် ရေတပ် အခြေစိုက်စခန်း Diego Garcia သို့ လှမ်းပစ်နိုင်တော့မည် ဖြစ်သည်။ မြောက်ကိုးရီးယားတို့က တာဝေးပစ် နျူကလီယာ ထိပ်ဖူးပါ ဒုံးကျည်ဖြင့် ဟာဝိုင်ယီသို့ ပစ်နိုင်စွမ်းရှိနေပြီ ဖြစ်သည်။

      သမ္မတ Obama က အရေးပေါ် အရေးယူမှုကို သက်တမ်းတိုးခဲ့ရာ မြန်မာ အစိုးရ၏ မူဝါဒနှင့် လှုပ်ရှားမှုများသည်   အမေရိကန် ပြည်ထောင်စု၏ နိုင်ငံခြားရေး မူဝါဒနှင့် အမျိုးသား လုံခြုံရေးကို ပုံမှန်မဟုတ်ဘဲ ထူးထူးခြားခြား ခြိမ်းခြောက်လာသောကြောင့်ဟု ကွန်ဂရက်သို့ Obama ပေးပို့သော သတင်းစကားတွင် ပြောကြားခဲ့သည်။ အဆိုပါ သက်တမ်းတိုးမှုသည် NLD က ပါတီကို ပြန်လည် မှတ်ပုံမတင်ခြင်းကြောင့် မေလ (၆) ရက်နေ့တွင် သက်တမ်းကုန်ပြီး နောက်တစ်နေ့တွင် ဖြစ်သည်။ ကျွန်ုပ်တို့ အနေဖြင့် အမေရိကန်သည် ဆက်တိုက် လှုပ်ရှားမှုများ ရှိပါစေဟု မျှော်လင့်ရသည်။

      မြန်မာ အစိုးရသည် ပြည်သူ အများစုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဆန္ဒများကို လစ်လျူရှုပြီး၊ တစ်ဖက်သတ် ရွေးကောက်ပွဲ အစီအစဉ်များ ပြုလုပ်လျက် ရှိရာ၊ ဥပဒေအား စတင် မိတ်ဆက်ပေးခဲ့သူ ကွန်ဂရက် အမတ် Joe Crowley က ပြောကြားရာတွင် ၂၀၀၈ ခုနှစ်က အတည်ပြုခဲ့သော မြန်မာ ကျောက်စိမ်း ဥပဒေကို တင်သွင်းစဉ်က အစိုးရ အနေဖြင့် ပိုမို တင်းကြပ်သော အရေးယူမှုများ ပြုလုပ်လိမ့်မည်ဟု ယုံကြည်ခဲ့ကြောင်း ဆိုသည်။

      ယခု အချိန်သည် ထိုသို့ စတင် လုပ်ဆောင်ရန် အချိန်ရောက်နေပြီ ဖြစ်သည်။ မိမိတို့ အနေဖြင့် တင်းကြပ်သော အရေးယူမှုများကို မကြာခင် စတင်ရန် လိုအပ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြန်မာအစိုးရသည် ၎င်း၏ ပြည်သူများ အပေါ် လူသားချင်း မစာနာသော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန်နေသောကြောင့် ဖြစ်သည်ဟု Crowley က ပြောကြားခဲ့သည်။ Kurt Campbell ကလည်း "ကျွန်တော်တို့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား ခေါင်းဆောင်တွေနဲ့ ဘက်က ရပ်တည်ရမှာ ဖြစ်ပြီး၊ ကျွန်တော်တို့ရဲ့ ထောက်ခံမှုကို ခိုင်မာတဲ့ လှုပ်ရှားမှုတွေနဲ့ ပြရပါမယ်။ ခိုင်မာတဲ့ လှုပ်ရှားမှု ဆိုရာမှာ ပိုမိုတင်းကြပ်တဲ့ အရေးယူမှုတွေနဲ့ မြန်မာအစိုးရ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးယူမှုတွေကို ချမှတ် အကောင်အထည် ဖော်ရပါမယ်'' ဟု ပြောကြားခဲ့သည်။ မြန်မာပြည်သူများနှင့် ကမ္ဘာကြီးက အပြောထက် အလုပ်နှင့် သက်သေပြသည်ကို မြင်တွေ့လိုကြသည်။

      ရှင်းလင်း ထင်ရှားသော အချက်တစ်ခုမှာ မြန်မာ အစိုးရအပေါ် ထားရှိသော အမေရိကန်၏ မူဝါဒမှာ အလုပ် မဖြစ်ခြင်းပင် ဖြစ်ရာ၊ နှစ်နိုင်ငံ ဆက်ဆံရေးဖြင့် ချဉ်းကပ်ခြင်းကို လက်လျော့သင့်သည်။ ထို့နောက် အမေရိကန်အနေဖြင့် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် အာဆီယံမှ ဖိလစ်ပိုင်နိုင်ငံ ကဲ့သို့သော နိုင်ငံများနှင့် ပူးပေါင်းသင့်သည်။ ဖိလစ်ပိုင်သည် ယခုအခါ စစ်အစိုးရကို ပြောင်ကျကျ ဝေဖန်လာပြီး၊ သတ်မှတ်ထားသော ပစ်မှတ်ကို ရည်ရွယ်သော အရေးယူမှုများ ပိုမို ပြုလုပ်ရန် သဘောတူသင့်သည်။ ထိုနည်းလမ်းသည်သာ စစ်အစိုးရ နားလည်မည့် ထိုက်တန်မည့် ဘာသာစကား ဖြစ်ပေသည်။

      လက်ရှိ အမေရိကန် အစိုးရ အနေဖြင့် မြန်မာအစိုးရ၏ ရည်ရွယ်ချက် အဖူးအငုံလေးကို ချေဖျက်ပြီး ဒေသတွင်း ဖြစ်လာနိုင်သည့် နျူကလီယာ အန္တရာယ်ကို ကယ်တင်ရလိမ့်မည် ဖြစ်သည်။ သို့မဟုတ်ပါက မြောက်ကိုးရီးယားနှင့် အီရန်တို့ကဲ့သို့ ကြီးထွားခွင့် ပေးခဲ့ပါက အမေရိကန် အနေဖြင့် ဆုပ်လည်းစူး စားလည်းရူးမည့် အဖြစ်ကို ရောက်လာမည် ဖြစ်သည်။ အကယ်၍ ဥာဏ်ကြီးပြီး မြန်မာလူမျိုးများ၏ စိတ်ဓာတ်နှင့် အခြေအနေမှန်များကို နားလည်ခဲ့ပါလျှင် တိုင်းရင်းသား ဒီမိုကရေစီ လှုပ်ရှားမှုများကို အဓိပ္ပာယ်ရှိသော အားပေးမှုများ ပြုလုပ်ပေးခြင်းဖြင့် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ကို အလွယ်တကူ ပစ်နိုင်လိမ့်မည် ဖြစ်သည်။ ထိုသို့ အကူအညီ ပေးခြင်းသည် မြန်မာပြည်သူများ အလွန် ရွံ့ရှာမုန်းတီးသော စစ်အစိုးရကို ဖြုတ်ချရန် အလိုအပ်ဆုံး ကိစ္စပင် ဖြစ်သည်။ သို့မှသာ အမေရိကန်၏ လက်တွေ့ကျသော ဆက်ဆံရေးသည် လက်တွေ့ကျပေလိမ့်မည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

thehindv.com, 18th May 2010

      နျူကလီးယားပါဝါ၊ နေစွမ်းအင်၊ လေစွမ်းအင် စသော သမားရိုးကျ မဟုတ်သည့် စွမ်းအင်များနှင့် အခြား မစမ်းသပ်ရသေးသော စွမ်းအင် ရင်းမြစ်များသည် ရေရှည်တွင် အိန္ဒိယစွမ်းအင် လုံခြုံရေး၏ မရှိမဖြစ် အစိတ်အပိုင်းများ ဖြစ်လာနိုင်သော်လည်း လောလောဆယ်နှင့် ရေတိုကာလတွင်မူ ရေနံနှင့် ဓာတ်ငွေ့ အပေါ် မှီခိုရသည့် အနေအထားမှ မလွတ်မြောက်နိုငသေးပါ။ ကမ်းခြေ ရေနံ တွေ့ရှိမှု အချို့နှင့် ကရစ်ရှနား ဂိုဒါဗာရီ ချိုင့်ဝှမ်းမှ သဘာဝဓာတ်ငွေ့ အကြီးအကျယ် ထွက်ရှိမည့် လက္ခဏာများ ရှိနေသော်လည်း နိုင်ငံ၏ ကြီးမားလှသော ရေနံဓာတ်ငွေ့ လိုအပ်ချက် ပမာဏအတွက် ပင်လယ်ရပ်ခြား ရေနံလုပ်ငန်းများကို မှီခိုနေရဆဲ ဖြစ်သည်။
     ပြည်ပရှိ ရေနံနှင့် ဓာတ်ငွေ့ ရင်းမြစ်များ ရှာဖွေ စုဆောင်းရေးသည် အနာဂတ် မျှော်မှန်းချက် တစ်ခု ဖြစ်သော်လည်း ထိုကဲ့သို့ အိန္ဒိယ၏ ရည်ရွယ် ကြိုးပမ်းမှုများမှာ ကမ္ဘာ့ကုမ္ပဏီကြီးများ၊ ရည်ရွယ်ချက်တူ အစိုးရများ၏ ပြင်းထန်သော ယှဉ်ပြိုင်မှုနှင့် ကံမကောင်းမှုတို့ကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ အိန္ဒိယသည် ရုရှားနှင့် ကောင်းမွန်သော နိုင်ငံရေး ဆက်ဆံရေး ရှိနေသော်လည်း ရုရှားတွင် ရေနံနှင့် ပတ်သက်သော အခွင့်အလမ်းကို ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပါ။ အီရန်နိုင်ငံနှင့် စွမ်းအင် ဆက်ဆံရေးမှာလည်း နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများ၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသောကြောင့် အန္တရာယ်များစွာ ရှိနေသည်။
     အင်ရိုလာ၊ နိုင်ဂျီးရီးယားနှင့် အခြား ရေနံ ကြွယ်ဝသော အာဖရိကနိုင်ငံများတွင်လည်း ကြီးမားသော ငွေရင်းပမာဏနှင့် ပြုလွယ် ပြင်လွယ် စီးပွားရေး ကျင့်ထုံးကို သုံးစွဲနေသော တရုတ်ကုမ္ပဏီများကို အိန္ဒိယနိုင်ငံက ယှဉ်ပြိုင် ကမ်းလှမ်းနိုင်ရန် မလွယ်ကူလှပါ။ ထို့အပြင် ဗဟို အာရှဒေသတွင် ကြီးမားသော စွမ်းအင် သဘောတူညီချက် ရရှိရေးမှာလည်း ခက်ခဲနေဆဲပင် ဖြစ်သည်။ ၂၀၀၄ - ၂၀၀၅ အတွင်း အာရှတိုက် တစ်ခုလုံး စွမ်းအင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဖွံ့ဖြိုးရန် ကနဦး စတင် ကြိုးပမ်းခဲ့မှုများလည်း နောက်ဆက်တွဲ တိုးတက်မှု မရှိခဲ့ပါ။ အလားတူပင် တာ့ခ်မင်နစ္စတန် နှင့် အီရန်မှသည် မြန်မာနှင့် တရုတ်အထိ ရေနံဓာတ်ငွေ့ ပိုက်လိုင်းများ သွယ်တန်း ဆက်သွယ်ရေးကို ဦးတည် ဆွေးနွေးနေကြသော်လည်း ယခုအချိန်အထိ မည်သည့် ဓာတ်ငွေ့မျှ အိန္ဒိယနယ်စပ်ကို ဖြတ်ကျော် ရောက်ရှိလာခြင်း မရှိသေးပါ။

      အထက်ပါ ဖြစ်ရပ်များကို တွန်းလှန်လိုက်ပုံရသော ဗင်နီဇွဲလား ကာရာဘိုဘို အကြီးစား ရေနံစီမံကိန်းတွင် အိန္ဒိယ ကုမ္ပဏီများ ပါဝင် ဆောင်ရွက်သည့် သတင်းမှာမူ အမှန်တကယ် သတင်းကောင်းပင် ဖြစ်သည်။ ဗင်နီဇွဲလား သမ္မတ ဟူရိုးချာဗက်စ်သည် ၎င်း၏ တိုင်းပြည် စွမ်းအင်ကဏ္ဍတွင် အမေရိကန် အပေါ် မှီခိုမှုကို လျော့ချရေးနှင့် တောင်အမေရိကနိုင်ငံ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေး နည်းလမ်းအဖြစ် အိန္ဒိယ၏ ကြီးမားစွာ ပါဝင် ဆောင်ရွက်မှုကို အချိန်ကြာမြင့်စွာကပင် လိုလားခဲ့သည်။ အိန္ဒိယသို့ တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် ၃.၆ သန်း ပေးပို့ရန် မျှော်လင့်ထားသည့် အဆိုပါ စီမံကိန်းတွင် ၁၈% ရှယ်ယာ ပါဝင်မှု အဖြစ် ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံရန် ONGC Videsh Ltd, IOC နှင့် Oil India Limited တို့က ၎င်းတို့က ကတိပြုခဲ့သည်။

မလေးရှားနှင့် စပိန် ရေနံကုမ္ပဏီများလည်း ပါဝင် မြှုပ်နှံကြသလို ဗင်နိုဇွဲလားနိုင်ငံပိုင် ရေနံကုမ္ပဏီကလည်း ၆၀% ရှယ်ယာ ပိုင်ဆိုင်ထားသည်။ အိမ်နှင့် နီးသည်ကို သဘောကျသည့် အိန္ဒိယ ကုမ္ပဏီများသည် ရေနံမြေ ပိုမိုကျယ်ပြန့်သည့် အီရန်နိုင်ငံတွင် ထိထိရောက်ရောက် ပါဝင် လုပ်ဆောင်ရန် လိုလားကြသည်။ နယူးဒေလီကလည်း ၎င်းတို့ကို အထောက်အပံ့ပေးရန် ပြင်ဆင်နေသည်။ ရင်းနှီးမတည်ငွေ ကြီးမားစွာ လိုအပ်ခြင်း အပါအဝင် မမျှော်မှန်းနိုင်သော အပိုကုန်ကျစရိတ်နှင့် နိုင်ငံရေး အခြေအနေများကြောင့် စွမ်းအင်ကဏ္ဍတွင် ပါဝင် လုပ်ကိုင်နေကြသည့် ပင်လယ်ရပ်ခြား ကုမ္ပဏီများသည် စွန့်စားမှုမှ ကင်းလွတ်နိုင်မည် မဟုတ်ပါ။ မန်မိုဟန်ဆင်း အစိုးရသည် အမေရိကန် ပြည်ထောင်စုနှင့် နျူကလီယာ ပူးပေါင်း ဆောင်ရွက်ရေးတွင် စွန့်စားမှု ပြုလုပ်ရန် ဆန္ဒရှိနေသော်လည်း နှစ်နိုင်ငံ သဘောတူညီချက်ကို မည်သို့ ဖော်ပြမည် ဆိုသည့် အပေါ် ဝါရှင်တန်နှင့် သိသိသာသာ သဘောကွဲလွဲနေဆဲ ဖြစ်သည်။ တိုင်းပြည်အတွင်း "အပူတပြင်း စွမ်းအင် လိုအပ်ချက်" ရှိနေမှုကြောင့် "ရေနံဓာတ်ငွေ့မျှော် ဆက်ဆံရေး နည်းပရိယာယ်" တွင် ခပ်ပြောင်ပြောင် ရဲရဲတင်းတင်း ဆောင်ရွက်ရမည့် အချက်မှာမူ အလွန် သေချာနေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 17th May 2010

      ထိုင်းနိုင်ငံသည် ချောက်ကမ်းပါးစွန်းမှ နောက်ပြန်ဆုတ်ရမည် ဖြစ်ပြီး ဆန္ဒပြသူများနှင့် စစ်တပ် အကြား ပဋိပက္ခကို အဆုံးသတ်ကာ ဆွေးနွေးပွဲများ စတင်ကြရန် ကုလသမဂ္ဂက ပြောကြားလိုက်သည်။

      ၃၇ ဦး သေဆုံးခဲ့သော ၅ ရက်ကြာ ရုန်းရင်းဆန်ခတ်မှုများ အပြီးတွင် ဘန်ကောက်မြို့တော်သည် အထိန်းအချုပ်မဲ့ အန္တရာယ် ကြီးမားမှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ Navi Pillay က ပြောကြားခဲ့သည်။

      အစိုးရက ပယ်ချခဲ့သော အကျပ်အတည်း ပြီးဆုံးရေး၊ ကုလသမဂ္ဂ နောက်ခံပြု ဆွေးနွေးပွဲများ ကျင်းပရေးကို ဆန္ဒပြသူများက တောင်းဆိုခဲ့ပြီး နောက်တစ်ရက်တွင် သူမက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

      ဆန္ဒပြ ခေါင်းဆောင်နှင့် အစိုးရ ညှိနှိုင်းရေး အရာရှိတို့ ၅ မိနစ်ခန့် ဖုန်းဖြင့် ဆွေးနွေးခဲ့သော်လည်း ယာယီ ပြေငြိမ်းမှု မရရှိခဲ့ပါ။

      ဆွေးနွေးပွဲ မစတင်မီ ဆန္ဒပြသူများသည် ဘန်ကောက်မြို့လယ်မှ ယာယီစခန်းကို စွန့်ခွာရမည်ဟု အစိုးရ ဝန်ကြီးများက တောင်းဆိုထားသည်။

      ဆန္ဒပြသူများ ထွက်ခွာရန် ညနေ ၃ နာရီ နောက်ဆုံးအဖြစ် သတ်မှတ်ထားသော်လည်း "အနီရောင်ဇုန်" တွင် စခန်းချနေသော ဆန္ဒပြသူများ အနက် အနည်းငယ်ကသာ ၎င်းရာဇသံကို လိုက်နာခဲ့သည်ဟု သိရသည်။

      အစိုးရ တပ်ဖွဲ့များကို ခုခံနေသော ဆန္ဒပြသူများသည် တစုံတရာ စေ့စပ် ညှိနှိုင်းမှု မစတင်မီ ရှပ်နီစခန်းမှ အတားအဆီးများကို ဖယ်ရှားပေးရမည်ဟု အစိုးရက တောင်းဆိုထားသည်။

      ကြေညာချက်တွင် Ms Pillay က "ထိုင်းပြည်သူများရဲ့ အကျိုးအတွက် မာနနဲ့ နိုင်ငံရေး သိက္ခာကို ဘေးဖယ်ထားကြဖို့ ခေါင်းဆောင်များကို တိုက်တွန်းပါတယ်" ဟု ပြောကြား ခဲ့သည်။

      ထပ်မံ အသက်ဆုံးရှုံးမှုများ မဖြစ်စေအောင် တားဆီးရန် ဆန္ဒပြသူတွေကလည်း ချောက်ကမ်းပါးစွန်းမှ နောက်ပြန်ဆုတ်ရမည် ဖြစ်သကဲ့သို့၊ လုံခြုံရေး တပ်ဖွဲ့များကလည်း အစိုးရက ပေးသော အမိန့်နှင့်အတူ အမြင့်ဆုံး သည်းခံ ထိန်းချုပ်မှုကို ပြသကြပါဟု မေတ္တာရပ်ခံကြောင်း သူမက ပြောဆိုခဲ့သည်။

      လက်ရှိ ဝန်ကြီးချုပ် အဘီဆစ်ကို နုတ်ထွက်ပေးစေလိုသော ဆန္ဒပြသူများက ဘန်ကောက်မြို့ လယ်ကို မတ်လလယ်ကပင် သိမ်းပိုက်ထားခဲ့ကြသည်။

      ၎င်းတို့၏ ဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက် ဖြိုခွဲခဲ့သောကြောင့် ဧပြီလအတွင်းက လူ ၂၅ ဦး သေဆုံးခဲ့သော ဖြစ်ရပ် အပါအဝင် အနိဋ္ဌာရုံ ဖြစ်ရပ်များ တစတစ ဖြစ်ပွား လာခဲ့သည်။

      ပြီးခဲ့သော ကြာသပတေးနေ့တွင် အကြမ်းဖက် ဖြိုခွဲမှု ထပ်မံ ဖြစ်ပွားခဲ့ရာ စစ်သားများက ကျည်ဆံ အစစ်များ ပြောင်ပြောင်တင်းတင်း သုံးစွဲခဲ့ပြီး လက်ဖြောင့် သေနတ်သမားများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ကြားသိရသည်။

      ဆန္ဒပြသူများ အတွင်း စိမ့်ဝင်နေသော အကြမ်းဖက်သမားများကို ပစ်မှတ်ထားခြင်းဟု အာဏာပိုင်များက ပြောကြားသော်လည်း လမ်းပေါ်မှ လက်နက်မဲ့ ဆန္ဒပြသူများ အပစ်ခံရသည်ကို ရုပ်သံမှ ထုတ်လွှင့် ပြသခဲ့သည်။

      ရှပ်နီ အများစုက ငြိမ်းချမ်းစွာ ဆန္ဒပြလျက် ရှိနေသော်လည်း အချို့က တာယာများ စုပုံကာ အတားအဆီးပြုလုပ်၍ မီးရှို့ထားသလို အချို့က လက်နက်များ ကိုင်ဆောင်ထားသည်ဟု မျက်မြင် သက်သေများက ဆိုသည်။

      တနင်္လာနေ့ နှောင်းပိုင်းကမူ နောက်ဆုံး အကြမ်းဖက်မှု အပြီး ပထမဆုံးအကြိမ်ဟု ယုံကြည်ရသော တိုက်ရိုက် ဆွေးနွေးမှုကို နှစ်ဖက် တာဝန်ရှိသူများ ပြုလုပ်ခဲ့ကြသည်။

      ရှပ်နီ ခေါင်းဆောင် နာတာဝပ်ဆိုင်ကူးက ဖုန်းဖြင့် ဆက်သွယ်၍ အပစ်ရပ်ရန် တောင်းဆိုခဲ့သည်ဟု အစိုးရ ညှိနှိုင်းရေးအဖွဲ့ အကြီးအကဲ ကော်ဆက်ဆာဘားဗာဆူးက ပြောကြားသည်။

      သို့ရာတွင် သဘောတူညီချက် မရရှိခဲ့ဟု မစ္စတာကော်ဆက်က အေပီသတင်း ဌာနသို့ ပြောကြားခဲ့သည်။

      တနင်္လာနေ့က ချင်းမိုင်တွင် စစ်ကားတစ်စီးကို မီးရှို့ခြင်း နှင့်အတူ ထိုင်းနိုင်ငံ မြောက်ပိုင်း မြို့ ၂ မြို့တွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြပွဲများ မြို့တော် ပြင်ပသို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။

      ဆန္ဒပြသူ အများစုမှာ ၂၀၀၆ ခုနှစ်က အာဏာသိမ်းခံရသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အခိုင်အမာ ထောက်ခံနေဆဲ ဖြစ်သည့် နိုင်ငံ မြောက်ပိုင်းရှိ ဆင်းရဲသည့် ကျေးလက်ဒေသများမှ ရောက်လာကြခြင်း ဖြစ်သည်။

      ၂၀၀၈ ဒီဇင်ဘာလတွင် သက်ဆင် လိုလားသော အစိုးရကို အခြေခံ ဥပဒေ တရားရုံးက မဲလိမ်သည်ဟု စွပ်စွဲ၍ ဖြုတ်ချပြီးနောက် အာဏာ ရရှိလာသည့် လက်ရှိ အစိုးရသည် ဥပဒေအရ တရားမဝင်ဟု ဆန္ဒပြသူများက ပြောဆိုလျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

 

အငြင်းပွားစရာများ ပြည့်နှက်နေသော မြန်မာဒီမိုကရေစီ ရွေးကောက်ပွဲအပေါ် ယုံကြည် စိတ်ချရမှုများ ဖြစ်ပေါ်စေရန် အလို့ငှာ မြန်မာရွေးကောက်ပွဲ ကာလအတွင်း နိုင်ငံတကာမှ စောင့်ကြည့် လေ့လာသူများကို ဝင်ရောက်ခွင့်ပြုရန် ကုလသမဂ္ဂက မြန်မာစစ်အစိုးရကို ဆက်လက် တိုက်တွန်း သွားမည်ဟု သိရသည်။

မေလ ၁၃ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ကုလသမဂ္ဂ၏ ပြောခွင့်ရပုဂ္ဂိုလ် Martin Nesirky က ရွေးကောက်ပွဲကို သပိတ်မှောက်ရန် အမျိုးသား ဒီမိုကရေစီပါတီ (NLD) က ဆုံးဖြတ်ခဲ့သည့် ကိစ္စအပေါ် ကုလသမဂ္ဂက နှုတ်ဆိတ်နေခဲ့ခြင်းမှာ NLD ပါတီအပေါ် လေးစားသမှု ပြုသည့် အမှတ်သင်္ကေတပင် ဖြစ်ကြောင်း ပြောဆိုသည်။

နိုင်ငံရေးပါတီများအနေဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ချက် ချမှတ်သည့် ကိစ္စကို လေးစား အသိအမှတ်ပြုသည့် သဘောမျိုးကို ကုလသမဂ္ဂက ထုတ်ဖော်ပြသသည့် အနေဖြင့် နှုတ်ဆိတ်နေခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

အဆိုပါ ဆုံးဖြတ်ချက်ကြောင့် NLD မှာ မေလ ၆ ရက်နေ့တွင် တရားဝင်ပါတီအဖြစ်မှ ပယ်ပျက် သွားခဲ့သည်။ လက်ရှိအနေအထားတွင် စစ်အစိုးရ၏ ပြောဆို ထုတ်ပြန်ချက်များအရ နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို ဝင်ရောက်ခွင့် ပြုမည်မဟုတ်ပေ။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍  အတွေ့အကြုံများစွာ ရှိကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ မလိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

မြန်မာစစ်အစိုးရက နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို ဝင်ရောက်ခွင့် မပြုသည့် ကိစ္စနှင့်ပတ်သက်၍ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိပေ။ ပြီးခဲ့သည့် တပ်မတော်နေ့ အခမ်းအနားတွင် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အသွင်ကူးပြောင်းရေး ကာလများအတွင်း နိုင်ငံရေးအတွေ့အကြုံ ရင့်ကျက်သော နိုင်ငံကြီးများသည် ၎င်းတို့၏  အကျိုးအမြတ်အတွက် ဝင်ရောက်ခြယ်လှယ်လေ့ရှိသည်။ သို့အတွက်ကြောင့် အင်အားကြီး ပါဝါများအပေါ် မှီခိုမှုမပြုရန် အထူးပင် လိုအပ်သည် ဟု ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။

ယခုအခါ မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၏ နောက်ခံ သမိုင်းကြောင်းကို အနည်းငယ်သာ သိရှိကြသည်။ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးမှာ ယခင် ဗဟိုတရားရုံးချုပ်မှ ဒုတိယ တရားသူကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး စစ်ဘက်ရေးရာ တရားရုံး၏ ရှေ့နေချုပ်လည်း ဖြစ်ခဲ့ဖူးသည်။ မြန်မာ့အရေး လေ့လာသူ သတင်းစာဆရာ Larry Jagan က ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များမှာ တပ်မတော်အရာရှိကြီးများ၊ ဥပဒေအရာရှိကြီးများ၊ ပေါမောက္ခကြီးများ အငြိမ်းစား သံအမတ်ကြီးများ ဖြစ်ကြောင်း DVB သတင်းဌာနသို့ ဟြေကြားသည်။

ယခုရက်ပိုင်း အတွင်းမှာပင် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Alberto Romulo က မြန်မာနိုင်ငံ ရွေးကောက်ပွဲသို့ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများ သွားရောက်သင့်၊ မသင့် ဟူသောကိစ္စကို မေးခွန်းထုတ် ပြောဆိုဝေဖန်ခဲ့သေးသည်။

"ဒီရွေးကောက်ပွဲဟာ စစ်အစိုးရအကွက်ဆင်ထားတဲ့ ဟာသဇာတ်လမ်းကြီးတစ်ခုပါပဲ။ အဲဒါကို ဘာကြောင့် ဒုက္ခရောက်ခံပြီး စောင့်ကြည့်လေ့လာရေး အဖွဲ့တွေစေလွှတ်ဦး မှာလဲ။ ဒါကြီးက ဂိမ်းတစ်ခုပဲ။ ကလေးတွေကစားတဲ့ဂိမ်းတစ်ခုလိုပါပဲ" ဟု ၎င်းက ဟြေဆိုဝေဖန်သည်။

DVB သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

 

နိုင်ငံတကာ ထောက်လှမ်းရေး သတင်းများအရ မြန်မာစစ်အစိုးရနှင့် စစ်ရေးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသော တရုတ်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံသည် မြန်မာစစ်ဗိုလ်ချုပ်များ၏ စစ်ရေး ရည်မှန်းချက်များ အကောင်အထည် ဖော်နိုင်အောင် ထောက်ပံ့ကူညီလျက် ရှိသည်။

မြန်မာစစ်ဗိုလ်ချုပ်ကြီးများ၏ အဆိုပါ ရည်မှန်းချက်များတွင် မြန်မာနိုင်ငံ နျူကလီးယား အင်အားကြီး နိုင်ငံတစ်ခုဖြစ်ရေးလည်း ပါဝင်သည်။ မြန်မာစစ်အစိုးရမှ ဗိုလ်ချုပ်ကြီးများသည် လွန်ခဲ့သည့် နှစ်လခန့်က မြို့တော်သစ် နေပြည်တော်တွင် ခေတ်မီသော စစ်တပ်ဖြစ်ပေါ်ရေး၊ နိုင်ငံခြား ဆက်ဆံရေး၊ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် ဖြစ်ပေါ်နေသော တင်းမာမှုများ အဆုံးသတ်ရေးနှင့် မြို့ကြီးပြကြီး ဒေသများမှ အစိုးရအတိုက်အခံ အင်အားစုများအပေါ် ဖိနှိပ်ရေး အစရှိသော အရေးကိစ္စများအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ စစ်ဗိုလ်ချုပ်ကြီများက ညပိုင်း အချိန်တွင် ယင်းသို့ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ထောက်လှမ်းရေး သတင်းများက ဆိုသည်။

သတင်းပေးပို့ချက်များအရ မြန်မာစစ်အစိုးရသည် တရုတ်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံမှ တာဝေးပစ် ဒုံးကျည်များ အပါအဝင် ရော့ကက်လောင်ချာ အစရှိသော စစ်လက်နက်များကို ပြီးခဲ့သည့် ဧပြီလအတွင်းက ဝယ်ယူခဲ့သည်။ မြန်မာစစ်အစိုးရက အဆိုပါ စစ်လက်နက်များအား ဧပြီလတွင် ဝယ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ထိုလသည် မြန်မာပြည်သူများ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲနေချိန် ဖြစ်သောကြောင့် ဖြစ်သည်။

စစ်လက်နက် ဝယ်ယူမှုကို အများပြည်သူ အာရုံမစိုက်နိုင်လောက်သည့် အချိန်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မြောက်ကိုရီးယားမှ ဝယ်ယူသော စစ်လက်နက်များထဲတွင် နျူကလီးယား ထုတ်လုပ်ရေး အတွက် လိုအပ်သော ပစ္စည်းများလည်း ပါဝင်ပြီး မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက် အစပိုင်းတွင် တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

မြို့တော်ဟောင်းဖြစ်သော ရန်ကုန်မှ ပေးပို့သည့် သတင်းအချက်အလက်များအရ ဧပြီလအတွင်း ရန်ကုန်သီလဝါ ဆိပ်ကမ်းသို့ အမည်မဖော်ပြသော သင်္ဘောတစ်စင်း ဆိုက်ကပ် လာကြောင်း၊ ထိုသင်္ဘောသည် မြောက်ကိုရီးယားမှ လာသည်ဟု ယုံကြည်ရကြောင်း သိရသည်။

မြန်မာစစ်အစိုးရ  အရာရှိကြီးများက အဆိုပါသင်္ဘောသည် မြောက်ကိုရီးယားသို့ ဆန်တင်ပို့ရန် သီလဝါဆိပ်ကမ်းသို့ လာရောက်ဆိုက်ကပ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

နေပြည်တော်နှင့် ပြုံးယမ်းတို့၏ စစ်ရေးဆက်ဆံမှုသည် ယခုအခါ နိုင်ငံရေး လေ့လာ သုံးသပ်သူများ၊ သံတမန်များနှင့် သတင်းစာဆရာများ၏ စိတ်ဝင်စားမှုကို များစွာခံလာရသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ သြဂုတ်လတွင် သြစတြေးလျ သတင်းစာတစ်စောင်ဖြစ်သော Sydney Morning Herald တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆောင်းပါးတစ်ပုဒ် ပါရှိခဲ့သည်။

မြန်မာစစ်အစိုးရသည် လာမည့် ငါးနှစ်အတွင်း အဏုမြူဗုံး တီထွင်ထုတ်လုပ်နိုင်ရန် ရည်မှန်းထားကြောင်း၊ ယင်းလက်နက် တီထွင်ရာတွင် မြောက်ကိုရီးယားမှ ရရှိသော နျူကလီးယား နည်းပညာနှင့် မြန်မာနိုင်ငံတွင်း သန့်စင်ရရှိသော ယူရေနီယံတို့ကို အသုံးပြုမည် ဖြစ်ကြောင်း အဆိုပါ ဆောင်းပါးတွင် စွပ်စွဲရေးသားထားသည်။

မြောက်ကိုရီးယားကလည်း နျူကလီးယား နည်းပညာနှင့် အပိုပစ္စည်းများအပြင် ရော့ကက်မျိုးစုံ ပစ်လွှတ်နိုင်သည့် စင်များ၊ မြေပြင်မှ ဝေဟင်ပစ်နှင့် ဝေဟင်မှ ဝေဟင်ပစ် ခတ်နိုင်သော ဒုံးကျည်များ၊ မြေအောက်စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်နိုင်သည့် နည်းပညာများကို မြန်မာစစ်တပ်အတွက် ထောက်ပံ့ပေးခဲ့သည်။

အဆိုပါ ထောက်ပံ့မှုများကို လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ် လောက်ကတည်းက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့် လေ့လာနေသော စစ်ရေးကျွမ်းကျင်သူ Andrew Selth ၏ အဆိုအရသိရသည်။

"မြောက်ကိုရီးယားက မြန်မာနိုင်ငံက အရေးကြီးတဲ့ ထွက်ကုန်တွေ၊ ထုတ်ကုန်တွေကို လိုအပ်တယ်လေ။ အဲဒါကြောင့် မြန်မာစစ်အစိုးရကလည်း အဲဒီထွက်ကုန်တွေကို မြောက်ကိုရီးယားက စစ်လက်နက်တွေ၊ နည်းပညာတွေနဲ့ လဲလှယ်ယူတယ်။ ဘာတာစနစ်ပုံစံနဲ့လုပ်တာ"ဟု Andrew Selth က သြစတြေးလျနိုင်ငံတွင် ထုတ်သော International Affairs Journal တွင် ဆောင်းပါး ရေးသားခဲ့သည်။
Inter Connected World မှ သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(၂၀၁၀ခုနှစ်၊ မေလ(၁၈)ရက်နေ့ မြန်မာစံတော်ချိန် (၀၆း၀၀)နာရီ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ  မုန်တိုင်းသတင်း ထုတ်ပြန်ချက်)

ယနေ့ မြန်မာစံတော်ချိန် ၀၅း၃၀ နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့က ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက် မိုင် ၄၃၀ ခန့်အကွာ ပင်လယ်ပြင်သို့ ဗဟိုပြုနေပါသည်။ မုန်တိုင်းငယ်၏ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၄၀) ခန့်ရှိပြီး ပိုမိုအားကောင်းလာကာ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

မုန်တိုင်း၏ လက်ရှိ အခြေနေမှာ အဝါရောင်ဆင့်သာရှိပြီး မြန်မာနိုင်ငံဖက်ဆီသို့ ဦးတည်ရွေ့လျားခြင်းမရှိဟု သတ်မှတ်ပါသည်။ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

 
 
Tropical Cyclone.gif
 
မုန်တိုင်းသွားမည့် လမ်းကြောင်းကို ပြထားခြင်းဖြစ်သည်။ ဓါတ်ပုံကို မိုးလေဝသအင်တာနက် စာမျက်နှာတစ်ခုမှ ကူးယူဖော်ပြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပြီးခဲ့သည့် မတ်လမှ စတင်၍ မြို့တော်ဘန်ကောက်ရှိ အချက်အချာကျသော နေရာများတွင် စုဝေး ဆန္ဒပြမှုများ ပြုလုပ်ခဲ့သော ရှပ်နီအုပ်စုများ အမြန်ဆုံးလူစုခွဲကြရန် ထိုင်းအာဏာပိုင်များက ရာဇသံ ပေးလိုက်ပြီ ဖြစ်သည်။ ဆန္ဒပြအုပ်စုများ စုဝေးနေထိုင်လျက်ရှိသည့် နေရာမှ အမျိုးသမီးများ နှင့် သက်ကြီးရွယ်အိုများ မေလ ၁၇ ရက်နေ့ နေ့လယ်ပိုင်း အချိန်နောက်ဆုံးထား၍ သပိတ်စခန်းမှ အမြန်ဆုံး ဖယ်ရှားပေးရမည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။

ထိုင်းကြက်ခြေနီ အဖွဲ့ ဝင်များအနေဖြင့် သပိတ်စခန်းထဲမှ ရှပ်နီဆန္ဒပြအုပ်စုများ အမြန်ဆုံး ထွက်ခွာကြရေး အတွက် သွေးဆောင်စည်းရုံးကြရန် အစိုးရက ပြောဆိုထားသည်။ ရှပ်နီ ဆန္ဒပြအုပ်စုများက ဝန်ကြီးချုပ် အဘီဇစ်ဝိဇ္ဇာဝီရ အစိုးရအနေဖြင့် ပါလီမန်ကိုဖျက်သိမ်းပြီး ရွေးကောက်ပွဲ တစ်ရပ် ကျင်းပပေးရန် ဆက်လက် တောင်းဆိုနေဆဲပင် ဖြစ်သည်။

ဆန္ဒပြခေါင်းဆောင်တစ်ဦးက စစ်တပ်က လူ ၂၅ ဦးလောက်ကို ပစ်သတ်လိုက်ပြီးနောက် ထိုင်းနိုင်ငံသည် ပြည်တွင်းစစ် ဖြစ်မည့်အခြေအနေနှင့် နီးကပ်ခဲ့ကြောင်း ပြောကြားသည်။ ယခုအခါ အချို့သော ဆန္ဒပြအုပ်စုများက ဘန်ကောက်မြို့၏ အခြားနေရာများတွင် စုရုံးလျက်ရှိသည်။

စစ်သားများက သပိတ်စခန်းသို့သွားသည့် လမ်းမဝဲယာ တစ်ဖက်တစ်ချက်စီတွင် နေရာ ယူထားကြောင်း၊ ၎င်းတို့နှင့် နီးကပ်လာသူ မည်သူမဆို သေနတ်ဖြင့် အမှန်တကယ် ပစ်ခတ်ကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။ ထိုင်းဝန်ကြီးချုပ် အဘီဇစ်က ဘန်ကောက်မြို့ရှိ စာသင်ကျောင်းများ အတွက် ယခုနှစ် ကျောင်းဖွင့်ချိန်ကို တစ်ပတ်တာမျှ ရွှေ့ဆိုင်းရန် အမိန့် ထုတ်လိုက်သည်။ သို့သော် နေဝင်မီးငြိမ်း အမိန့်ကိုမူ ရုပ်သိမ်းခဲ့သည်။

ထိုင်းရုပ်သံမီဒီယာများက သပိတ်စခန်းများမှ အမျိုးသမီးများနှင့် ကလေးငယ်များ ထွက်ခွာ သွားကြပုံများကို မှတ်တမ်းတင် ရိုက်ကူးပြသကြသည်။ ထိုင်းစစ်တပ်သည် မေလ ၁၃ ရက်နေ့က စတင်ကာ ဆန္ဒပြ သပိတ်မှောက်ကြသူများ စုဝေးရာ စခန်းများကို လူစုခွဲရန်ကြိုးပမ်းခဲ့သည်။

ဝန်ကြီးချုပ်အဘီဇစ်သည် ဒီမိုကရေစီ နည်းလမ်းတကျ မဟုတ်ဘဲ နိုင်ငံရေးအာဏာ ရယူခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲပြောဆိုလျက်ရှိသော ရှပ်နီများက ၎င်းတို့၏ သပိတ်စခန်းများကို မော်တော်ကား တာရာများ၊ ဝါးချွန်များ၊ သဲအိတ်များဖြင့် ပိတ်ဆို့ထားကြသည်။ ယင်းသို့ ပိတ်ဆို့မှုများ ပြုလုပ်ထားသည့် နေရာမှာ Ratchaprasong စီးပွားရေးရပ်ကွက်တွင် ဖြစ်သည်။

ယခုလို စစ်တပ်က အင်အားသုံး လူစုခွဲလာသဖြင့် ရှပ်နီများက ထိုင်းတစ်ပြည်လုံးမှ ပြည်သူများ အနေဖြင့် ၎င်းတို့အား စစ်ကူအဖြစ် လာရောက်ရန် တောင်းဆိုကြသည်။ သို့တိုင်အောင် ရှပ်နီများနှင့် ပူးပေါင်းရန် တစ်ပြည်လုံးမှ လာရောက်သူများ အနေဖြင့် စစ်တပ်၏ အဟန့်အတားများကို မကျော်လွန်နိုင်ဘဲ ဖြစ်လျက်ရှိကြောင်း၊ သပိတ်စခန်း နှင့် နီးစပ်ရာနေရာများသို့ လာရောက် စုရုံးကြကြောင်း မျက်မြင်သက်သေများက ဆိုသည်။

ရှပ်နီဆန္ဒပြအုပ်စုများကို ထောက်ခံသူများက ရွှေ့ပြောင်း၍ရသော တရားဟောစင်မြင့်များကို ဘန်ကောက်မြို့၏ အချက်အချာကျသော Klong Toey ရပ်ကွက်သို့ ယူဆောင်လာကာ နေရာ ချပေးကြသည်။ ဆန္ဒပြခေါင်းဆောင်များကမူ ဘန်ကောက်မြို့ မြောက်ပိုင်းဒေသတွင် စီတန်း လှည့်လည်မှုများ ပြုလုပ်ရန် ဆော်သြကြသည်။

ထိုင်းစစ်တပ်သည် ဆန္ဒပြလူအုပ်ကို လူစုခွဲမည့် စစ်ဆင်ရေးအား ပယ်ဖျက်လိမ့်မည် မဟုတ်ဘဲ ဆန္ဒပြမှုများ ဆုံးခန်းတိုင်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် အဘီဇစ်က ရုပ်သံ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။

"ဘန်ကောက်က ပြည်သူတွေကို ဓားစာခံလိုလုပ်ပြီး ဥပဒေစည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတဲ့ အုပ်စုတွေကို ကျွန်တော်တို့က ဒီအတိုင်းလက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး" ဟု ဝန်ကြီးချုပ်က ပြောသည်။

"လက်နက်ကိုင်အုပ်စုတွေ ဖြစ်ပေါ်လာအောင် လုပ်တဲ့သူတွေ ခြယ်လှယ်နေတဲ့ အခြေနမျိုးကို ကျွန်တော်တို့ လက်သင့်မခံပါဘူး" ဟု ၎င်းကဆိုသည်။ ဆန္ဒပြလူအုပ်ထဲတွင် အကြမ်းဖက်သမား အချို့လည်း ပါဝင်နေသည်ဟု သိရှိထားကြောင်း ဝန်ကြီးချုပ်က ပြောဆိုသည်။

အကယ်၍ ရှပ်နီဆန္ဒပြသမားများက လူစုမခွဲဘဲ သပိတ်စခန်းတွင်း ဆက်လက် နေထိုင်နေမည် ဆိုပါက သပိတ်စခန်းထဲသို့ အင်အားသုံး ဝင်ရောက်ရလိမ့်မည်ဖြစ်ကြောင်း စစ်ဘက်မှ ပြောရေးဆိုခွင့် ရှိသူကဆိုသည်။ သို့သော် မည်သည့်အချိန်တွင် ဝင်ရောက်ဖြိုခွင်းမည် ဟူသည်ကို ထုတ်ဖော် ပြောဆိုခြင်းမရှိပေ။

"တကယ်လို့ ဆန္ဒပြမှုတွေ အဆုံးမသတ်ဘူးဆိုရင် Ratchaprasong ရပ်ကွက်ကရှပ်နီ သပိတ်စခန်းကို ဖြိုခွင်းနှိမ်နင်းသွားမယ့် အစီအစဉ်ရှိပါတယ်" ဟု ထိုင်းစစ်တပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး Sunsern Kaewkumnerd ကပြောကြားသည်။

"ဒါပေမဲ့ အာဏာပိုင်တွေအနေနဲ့ သတ်မှတ်ချိန်ကို ထုတ်ဖော်ပြောဆိုမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ထိရောက်မှုရှိတဲ့ အစီအစဉ်တွေ မလုပ်နိုင်ခဲ့ဘူးဆိုရင် ထိခိုက်သေဆုံးမှုတွေ ပိုဖြစ်လာနိုင်လို့ပါ" ။

ဘန်ကောက်အခြေစိုက် BBC သတင်းထောက် Chris Hogg က ထိုင်းစစ်တပ်၏ လုပ်ရပ်သည် ဆန္ဒပြအုပ်စုများအား ဘန်ကောက်၏ အခြားနေရာဒေသများသို့ ပြောင်းရွှေ့သွားအောင်လုပ်ရုံ သက်သက်သာ ဖြစ်ကြောင်း ပြောကြားသည်။

မေလ ၁၆ ရက်တွင်မူ ဘန်ကောက်မြို့တွင် အမည်းရောင် မီးခိုးလုံးကြီးများ တဖြည်းဖြည်းချင်း လျော့နည်းလာသည်ကို တွေ့ရသည်။ သို့သော် လမ်းမကြီးများမှာ လူသွားလူ လာမရှိဘဲ ခြောက်ကပ်လျက် ရှိသည်။

ရှပ်နီဆန္ဒပြအုပ်စုများနှင့် စစ်တပ်အကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် ယင်းသို့ ငြိမ်သက်သွားကြခြင်း ဖြစ်သည်။ ပဋိပက္ခဖြစ်ပွားစဉ် စစ်တပ်က ကျည်ဆန်အစစ်ရော ရာဘာကျည် အတုများဖြင့်ပါ ပစ်ခတ်ခဲ့သည်။

လက်ရှိအနေအထားတွင် ထိုင်းစစ်တပ်က ဇုန်ကြီးငါးခုခွဲကာ သပိတ်စခန်းများကို ပိတ်ပင် ကန့်သတ်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။ သပိတ်စခန်းများသို့ ဝင်ရောက်မည့် အစားအစာ အထောက်အပံ့များ၊ ဆန္ဒပြ စစ်ကူများကို မဝင်ရောက်နိုင်အောင် ပိတ်ပင်နေခြင်းဖြစ်သည်။ မေလ ၁၄ ရက်နေ့တွင် ဖြစ်ပွားသော ရုန်းရင်းဆန်ခတ်မှု၌ အနည်းဆုံး လူ ၂၀၀ ခန့် ဒဏ်ရာရရှိခဲ့ပြီး ၂၇ ဦးအား တစ်ဦးလျှင် ထောင်ဒဏ် ခြောက်နှစ်စီဖြင့် ထောင်ဒဏ် အပြစ်ချခဲ့ကြောင်း သိရသည်။

စာရင်းဇယားများအရဆိုလျှင် ပြီးခဲ့သည့် မတ်လ က စတင်လိုက်သော ဆန္ဒပြမှု ဖြစ်ပွားချိန်ကတည်းက ယခုအချိန်အထိ လူပေါင်း ၅၀ ခန့်သေဆုံးခဲ့ပြီး ၁၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြပြီး ဖြစ်သည်။ ထိုင်းအစိုးရက အခြေအနေ အရပ်ရပ်ကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး စစ်သားများက မိမိကိုယ်ကိုယ် ခုခံသည့် သဘောဖြင့် ကျည်ဆန်အစစ်များ သုံးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုသော်လည်း ဆန္ဒပြသူများကို စနိုက်ပါ သေနတ်သမားများက ပစ်ခတ်လျက် ရှိသည်ဟူသော စွပ်စွဲပြောဆိုမှုများ ထွက်ပေါ်လျက်ရှိသည်။

ဗီဒီယိုမှတ်တမ်းများအရ စနိုက်ပါသေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခံရသော ဆန္ဒပြသမား တစ်ဦးကို ရှပ်နီများက လွတ်ကင်းရာသို့ ဆွဲခေါ်သွားပုံများတွေ့မြင်ရသည်။ မေလ ၁၄ ရက်နေ့တွင် ရှပ်နီ ဆန္ဒပြအုပ်စုဘက်ကို ထောက်ခံသော စစ်ဗိုလ်ချုပ်တစ်ဦး မည်သူမည်ဝါမှန်း မသိသော သေနတ်သမား တစ်ဦးက ချောင်းမြောင်း ပစ်ခတ်လိုက်ရာ ဦးခေါင်းတွင်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် တင်းမာမှုမှာ ပိုမိုကြီးထွားသွားသည်။ ပစ်ခတ်ခံရသူမှာ ဗိုလ်ချုပ်ကြီး Khattiya Sawasdipol ဖြစ်ပြီး ၎င်းသည် ယခုအခါ အသက်အန္တရာယ် စိုးရိမ်ရသော အနေအထားတွင် ရှိသည်။

ယခုကဲ့သို့ ထိုင်းနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများကြောင့် မေးခွန်းထုတ်စရာများစွာ ဖြစ်ပေါ်နေသည်။ အာဆီယံတွင် ဒုတိယစီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်သည့် ထိုင်း၏ အနာဂတ်အရေး အတွက်လည်း စိုးရိမ်ပူပန်မှုများ ကြီးထွားလျက်ရှိသည်။

"လက်ရှိအနေအထားက ပြည်တွင်းစစ်လို့ လုံးလုံးလျားလျား ပြောလို့ရနေပြီ။ ဒီပဋိပက္ခကြီး ဘယ်တော့ပြီးဆုံးမယ် ဆိုတာကို ကျွန်တော်အနေနဲ့ အသေအချာပြောလို့မရပါဘူး" ဟု ဆန္ဒပြ ခေါင်းဆောင်တစ်ဦးက ဆိုသည်။

ရှပ်နီဆန္ဒပြသူ အများစုမှာ ဖွံ့ဖြိုးမှုနိမ့်ကျသော နေရာဒေသများမှ အခြေခံ လူတန်းစားများ ဖြစ်သည်။ ၎င်းတို့က ယခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံကြသည်။ ထိုင်းနိုင်ငံတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ ယခုအခါ ပြည်ပြေးဘဝဖြင့် နေထိုင်နေရသူ သက်ဆင်က အစိုးရအနေဖြင့် တပ်များကို အမြန်ဆုံး ရုပ်သိမ်းစေပြီး စေ့စပ် ညှိနှိုင်းမှုများ ပြန်လည်စတင်ရန် တိုက်တွန်းထားသည်။

BBC သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား နှစ်နိုင်ငံအကြား ရေပိုင်နက် နယ်နိမိတ်ဆိုင်ရာ အငြင်းပွားဖွယ် ဖြစ်ပေါ်နေသော ဒေသတွင် ကင်းလှည့်သွားလာလျက်ရှိသည့် မြောက်ကိုရီးယား မော်တော်တစ်စီးကို တောင်ကိုရီးယား ရေတပ်က ခြိမ်းခြောက်သည့်အနေဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်မှာ မတ်လ ၂၆ ရက်နေ့ တောင်ကိုရီးယား သင်္ဘောတစ်စင်း နစ်မြုပ်မှု ဖြစ်ပွားပြီးနောက် ပထမဆုံးဖြစ်သည်ဟု ဆိုသည်။

တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ အရာရှိများအဆိုအရ မြောက်ကိုရီးယားဘက်မှ သင်္ဘော နှစ်စင်းမှာ နယ်မြေကျူးကျော် ဝင်ရောက်လာခြင်းဖြစ်သည်။ "သူတို့ဘက်က ကင်းလှည့်သင်္ဘော နှစ်စင်းက လမ်းကြောင်းနှစ်ခုခွဲပြီး ဝင်လာတယ်။ အဲဒါနဲ့ ကျွန်တော်တို့ဘက်က ခြိမ်းခြောက်တဲ့အနေနဲ့ ပစ်ခတ်မှုတွေ လုပ်ခဲ့ပါတယ်" ဟု တောင်ကိုရီးယား ရေတပ်မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့က မြောက်ကိုရီးယား နယ်စပ်ဒေသအနီး တောင်ကိုရီးယား စစ်သင်္ဘောတစ်စင်း ပဟေဋိဆန်ဆန် နစ်မြုပ်ခဲ့ရာ သင်္ဘောသား ၄၆ ဦးသေဆုံး ခဲ့သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား တင်းမာမှု ပိုမိုကြီးထွားလာခဲ့သည်။

မြောက်ကိုရီးယား ကင်းလှည့် မော်တော်နှစ်စီးမှာ တောင်ကိုရီးယား ရေပိုင်နက်အတွင်း ၂ ဒဿမ ၈ ကီလိုမီတာ (၁ ဒဿမ ၆ မိုင်) အကွာအဝေးအထိ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား တွဲဖက် စစ်ရေးချုပ်ကပြောသည်။ တောင်ကိုရီးယား သင်္ဘောတစ်စင်းက သတိပေး ကြေညာချက် အသံလွှင့်ကြေညာခဲ့ပြီးနောက် ယင်းသို့ ခြိမ်းခြောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ပစ်ခတ်မှုများ ပြုလုပ်ပြီး နာရီပိုင်းအကြာတွင် မြောက်ကိုရီးယား ကင်းလှည့်သင်္ဘော တစ်စီး နောက်တစ်ကြိမ် ဝင်ရောက်လာရာ မိမိတို့ဘက်မှ ထပ်မံသတိပေးချက် ထုတ်ပြန် လိုက်ရကြောင်း ၎င်းကဆိုသည်။ တောင်ကိုရီးယား ဘင်္ဘောဘက်မှ ပစ်ခတ်မှု နှစ်ကြိမ်တိတိ ပြုလုပ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတရာမရှိပေ။

မတ်လ ၂၆ ရက်နေ့တွင် နစ်မြုပ်ခဲ့သော တောင်ကိုရီးယား သင်္ဘောမှာ တော်ပီတို ဒုံကျည်ဖြင့် ပစ်ခတ်မှုကြောင့် နစ်မြုပ်ခဲ့ပုံရသည်ဟု စစ်ရေးကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ အဆိုပါ ဖြစ်ရပ်သည် မြောက်ကိုရီးယားကြောင့် ဖြစ်သည်ဟု တောင်ကိုရီးယားဘက်မှ စွပ်စွဲပြောဆိုခြင်း မရှိသည့်တိုင် ပြုံယမ်းအစိုးရအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက သံသယများစွာ ဖြစ်ပေါ်လျက် ရှိသည်။

တောင်ကိုရီးယား သင်္ဘောနစ်မြုပ်မှုကို စုံစမ်းဖော်ထုတ်လျက်ရှိသော အဖွဲ့ဝင်များက ယခု ရက်သတ္တပတ်အတွင်း တွေ့ရှိချက်များ အားလုံးကို ထုတ်ဖော်ပြောဆိုမည်ဟု သိရသည်။

ပြီးခဲ့သည့် ၁၉၉၉ ခုနှစ် နှင့် ၂၀၀၂ ခုနှစ် ရေပိုင်နက် အငြင်းပွားမှုများ ဖြစ်ပေါ်နေသည့် အဆိုပါဒေသတွင် ရေတပ်ပဋိပက္ခများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ တုန်းကလည်း မြောက်ကိုရီးယားကင်းလှည့် မော်တော်တစ်စင်း ပစ်ခတ်ခံရ၍ မီးလောင်ကျွမ်းခဲ့ရသည်။
BBC  သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.