Transparency Myanmar

transparency.myanmar@gmail.com

AFP News, 16th June 2010

မြန်မာနိုင်ငံသည် အလွန်အမင်း ဆင်းရဲ မွဲတေမှုကို တိုက်ဖျက်ရန်နှင့် အခြား ကမ္ဘာ့ ဖွံ့ဖြိုးရေး ရည်မှန်းချက်များကို အကောင်အထည် ဖော်ရာ၌ ခက်ခဲသော လုပ်ငန်းစဉ်နှင့် ရင်ဆိုင်နေရချိန်တွင် ထိုင်းနိုင်ငံတွင်လည်း နိုင်ငံရေး မတည်ငြိမ်မှုများက နိုင်ငံ၏ တိုးတက် ပြောင်းလဲမှုကို နောက်ပြန်ဆွဲ နေသည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် အကြီးအကဲက ပြောကြားလိုက်သည်။

AFP နှင့် အင်တာဗျူးတွင် Halen Clark က "ဗီယက်နမ်သည် ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များကို အောင်မြင်စေရန် ၎င်း၏ ကြိုးပမ်းအားထုတ်မှုများနှင့် ပတ်သက်၍ ပြောစရာ ဇာတ်လမ်းကောင်းတစ်ပုဒ် ရှိထားသော်လည်း ရာသီဥတု ပြောင်းလဲမှုနှင့် ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာမှုတို့မှ အဓိက စိမ်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်" ဟု ပြောကြားခဲ့သည်။

ဆင်းရဲတွင်းနက်နေသည့် စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံသည် ၂၀၁၅ တွင် တကမ္ဘာလုံးက ရည်စူးထားသည့် ဖွံ့ဖြိုးရေး ရည်မှန်းချက် ၈ ခု အနက် တစ်ခုတလေမျှကိုပင် အကောင်အထည် ဖော်ရန် ခက်ခဲနေသည်ကို တွေ့ရှိရသည်ဟု Clark က ဆိုသည်။

"မြန်မာနိုင်ငံ အနေနဲ့ ခက်ခဲပါလိမ့်မယ်" ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP အုပ်ချုပ်ရေးမှူး Clark က ညီလာခံ အဝန်းအဝိုင်းတွင် အင်္ဂါနေ့က ပြောကြားသည်။

နယူးဇီလန် ဝန်ကြီးချုပ်ဟောင်းက မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲ နိုင်ငံတိုင်း ရရှိနေသော နိုင်ငံခြား အထောက်အပံ့ကို အနည်းဆုံး ရရှိနေပြီး မြန်မာနိုင်ငံတွင် UNDP လုပ်နိုင်သမျှကိုလည်း နိုင်ငံရေး အကြောင်းရပ်များက တင်းကြပ် ချုပ်ချယ်ထားသည်ဟု ပြောဆိုခဲ့သည်။ "ဒါ့ကြောင့် အဲဒီမှာ အချိန်မီ တိုးတက် ပြောင်းလဲအောင် လုပ်ဖို့ မလွယ်ကူပါဘူး" ဟု ၎င်းက ဆိုသည်။

ပြည်သူချစ်သော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆယ်စု နှစ်စု နီးပါး ဖမ်းဆီး ထိန်းသိမ်းထားခဲ့သော မြန်မာ အစိုးရကို ဥရောပ သမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုက အရေးယူ ပိတ်ဆို့ထားခဲ့သည်။

အိမ်နီးချင်း ထိုင်းနိုင်ငံသည် ဆင်းရဲ မွဲတေမှုကို ကိုင်တွယ် ဖြေရှင်းရာတွင် ထိုက်သင့်သော တိုးတက်မှု ရရှိခဲ့သော်လည်း လက်ရှိ နိုင်ငံရေး တင်းမာမှုများကြောင့် ဆက်လက် ဖွံ့ဖြိုးမည့် အခြေအနေ နှောင့်နှေးသွားသည်ဟု Clark က ပြောကြားခဲ့သည်။

မတ်လမှ မေလအထိ နှစ်လကြာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အတွင်း ဘန်ကောက်၌ ဖြစ်ပွားသော အကြမ်းဖက်မှုများကြောင့် လူ ၉၀ သေဆုံးခဲ့ပြီး ၁၉၀၀ ခန့် ဒဏ်ရာ ရရှိကာ တိုင်းပြည်ကိုလည်း နက်နက်ရှိုင်းရှိုင်း သွေးကွဲသွားစေခဲ့သည်။

"မတည်ငြိမ်မှုကြောင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု နောက်ဆုတ်သွားတယ် ဆိုတာ အရမ်း ထင်ရှားပါတယ်။ ဆုတ်ယုတ်အောင် လုပ်နေတဲ့ ကိစ္စတွေကို အဆုံးသတ်မှသာ တိုးတက်အောင် လုပ်နိုင်ပါလိမ့်မယ်" ဟု သူမက ပြောကြားသည်။

၂၀၀၆ ခုနှစ်က ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ်ထရာ ထံမှ စစ်တပ်က သွေးမြေမကျ အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှု ၃ နှစ်ကျော် သက်တမ်းရင့်လာ အပြီးတွင် လူထု အုံကြွမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"၂၀၀၆ ကစပြီး မတည်ငြိမ်ခဲ့တာပါ။ ဒါ့ကြောင့် လွတ်လပ် မျှတပြီး၊ ရလဒ်ကို ပြည်သူတွေက လက်ခံနိုင်မယ့် ရွေးကောက်ပွဲတွေကို ဘယ်လို ကျင်းပကြမလဲ ဆိုတဲ့ အချက်နဲ့ ပတ်သက်တဲ့ အမျိုးသား ဆွေးနွေးညှိနှိုင်းပွဲ လုပ်ဖို့ အမှန်တကယ် လိုအပ်နေတယ်လို့ ကျွန်မ ထင်ပါတယ်" ဟု ယခင်နှစ် ဧပြီလက တာဝန် စတင် ထမ်းဆောင်ခဲ့သည့် Clark က ပြောကြားသည်။

၂၀၁၅ တွင် ပြီးစီးရန် ရည်မှန်းထားသည့် ဖွံ့ဖြိုးရေး ရည်မှန်းချက်များ အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်ရန် အတွက် ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နယူးယောက်တွင် စက်တင်ဘာ ထိပ်သီးညီလာခံ ကျင်းပရန် တောင်းဆိုထားသည်။

Clark က ဆက်လက် ပြောကြားရာတွင် ဗီယက်နမ် နိုင်ငံကမူ အစွန်းရောက် မွဲတေမှုနှင့် အစာရေစာ ငတ်မွတ်မှု ကင်းစင်ရေး၊ ကမ္ဘာတလွှား အခြေခံ ပညာရေး ရည်မှန်းချက် အောင်မြင်ရေး၊ ကိုယ်ဝန်ဆောင် မိခင်နှင့် ကလေး သေဆုံးမှု လျော့ချရေး စသည့် ပန်းတိုင်များသို့ ဦးတည်နေသည့် ကောင်းမွန်သော တိုးတက် ပြောင်းလဲမှုများကို အစီရင်ခံနိုင်လိမ့်မည်ဟု ဆိုသည်။

ဗီယက်နမ်တွင် ခေတ်ဟောင်း စက်မှုလုပ်ငန်း ပုံစံများကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများကို ဖြေရှင်းရန် လိုအပ်နေသေးသော်လည်း HN/AIDS တိုက်ဖျက်ရေးကို လုပ်ဆောင်လျက် ရှိပြီး ရေရရှိရေးနှင့် အခြေခံ သန့်ရှင်းရေး ဆိုင်ရာ လက်ရှိ အောင်မြင်မှုများပေါ်တွင် ထပ်ဆင့် တိုးတက်အောင် လုပ်ဆောင်နေသည်ဟု သူမက ပြောကြားသည်။

သို့ရာတွင် အလယ်အလတ် ဝင်ငွေရှိ လူလတ်တန်းစား ပေါ်ထွက်လာရန် ယခုနှစ် ရည်မှန်း ကြိုးစားနေသော မြန်ဆန်စွာ ကြီးထွားနေသည့် ဗီယက်နမ်မှာ ရာသီဥတု ပြောင်းလဲမှုကြောင့် ကြီးမားသော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်ဟု Clark က ဆိုသည်။

"ဒီကိစ္စကို အစိုးရက ကောင်းကောင်း နားလည် သဘောပေါက်သွားပြီလို့ ကျွန်မ ယုံကြည်ပါတယ်။ အခုဆိုရင် ပင်လယ်ရေ မျက်နှာပြင် မြင့်တက်မှု၊ တိုင်ဖွန်းလိုမျိုး ပြင်းထန်တဲ့ ဆိုးကျိုးပေးတဲ့ သဘာဝ ဘေးအန္တရာယ်တွေ မကြာခဏ ဝင်ရောက်နိုင်မှု စတာတွေကို တွေ့ကြုံဖို့ အလားအလာ အများဆုံး နိုင်ငံတွေထဲမှာ ဗီယက်နမ် ပါဝင်နေတယ်လို့ သိရပါတယ်" ဟု သူမက ပြောကြားသည်။

ဒီဇင်ဘာလက ထုတ်ပြန်သော ကုလသမဂ္ဂ ဆွေးနွေးပွဲ စာတမ်းတွင် ကမ်းခြေ တာတမံနှင့် ရေနှုတ်မြောင်း စနစ်များ ခိုင်မာခြင်း မရှိပါက ၂၁၀၀ ခုနှစ်တွင် ပင်လယ်ရေ မျက်နှာပြင် တစ်မီတာ ၃.၃ ပေ မြင့်တက်လာမှုရှိသော ကုန်းမြေ ၃၁၀၀၀ စတုရန်း ကီလိုမီတာခန့်ကို ရေလွှမ်းမိုးသွားဖွယ် ရှိသည်ဟု သတိပေး ဖော်ပြထားခြင်းကြောင့် ဗီယက်နမ် နိုင်ငံက ပြင်ဆင်မှုများ ပြုလုပ်နေသည်။

နိုင်ငံ၏ အဓိက ဆန်ထုတ်လုပ်ရာ မဲခေါ် မြစ်ဝကျွန်းပေါ်ဒေသသည် ရေဖုံးလွှမ်းမည့် အန္တရာယ် အစိုးရိမ်ရဆုံး ဖြစ်သည်ဟု ဆိုသည်။ ဗီယက်နမ်သည် ကမ္ဘာ့ ဒုတိယ အကြီးဆုံး ဆန်တင်ပို့သူ ဖြစ်သည်။

အကယ်၍ အဆိုပါဒေသ အနေနှင့် အသုံးမဝင်တော့ပါက ဒေသတွင်း ဆိုးဝါး ပြင်းထန်သော ဂယက်ရိုက်မှုများ သွယ်ဝိုက် ဖြစ်ပေါ်လာလိမ့်မည်ဟု Clark က သုံးသပ်သည်။

ကုလသမဂ္ဂ အကူအညီ၏ ထိရောက်မှုနှင့် စုစည်း ညီညွတ်မှုကို တိုးတက်စေရန် ရည်ရွယ်သည့် ရှေ့ပြေး အစီအစဉ်ကို စဉ်းစား သုံးသပ်ကြရန် ညီလာခံ အဝန်းအဝိုင်းတွင် သူမက ပြောကြားခဲ့သည်။ ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များကို အချိန်မီ ပြီးစီး အောင်မြင်စေမည့် အစီအစဉ်ဟု ကုလသမဂ္ဂက ပြောထားသည့် ရှေ့ပြေး စမ်းသပ် အစီအစဉ်ကို ပါဝင် အကောင်အထည် ဖော်နေသည့် ကမ္ဘာ့တဝှမ်းမှ ၈ နိုင်ငံတွင် ဗီယက်နမ်နှင့် ပါကစ္စတန်နိုင်ငံတို့ ပါဝင်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, By Hyung-Jin Kim, 16th June 2010

တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ တရားမျှတစွာ ကိုင်တွယ်ရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ မြောက်ကိုရီးယားက တိုက်တွန်းခဲ့ပြီး၊ ယခု ဖြစ်ပေါ်နေသော တင်းမာမှုသည် နျူကလီယာ စစ်ပွဲ ဖြစ်သွားနိုင်ကြောင်း ဗုဒ္ဓဟူးနေ့က မြောက်ကိုရီးယားက သတိပေးခဲ့သည်။

အဆိုပါ ခြိမ်းခြောက်မှုမှာ မြောက်ကိုရီးယား ကုလသမဂ္ဂ သံအမတ်က သတင်းစာ ဆရာများသို့ နယူးယောက်တွင် ရှားရှားပါးပါး သတင်းစာ ရှင်းလင်းပွဲ အပြီး နာရီအတော်ကြာတွင် ထွက်ပေးလာခြင်း ဖြစ်သည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် မြောက်ကိုရီးယား သံအမတ်က သတင်းထောက်များအား ပြောကြားရာတွင် သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂက ၎င်းတို့အား မေးမြန်းခြင်း သို့မဟုတ် ရှုတ်ချခြင်းများ ပြုလုပ်ခဲ့လျှင် စစ်ရေးအရ တုန့်ပြန်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြောက်ကိုရီးယား သံအမတ် Sin Son Ho က သင်္ဘော နစ်မြုပ်မှုနှင့် ၎င်းတိုပ ပတ်သက်မှု မရှိကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေဖြင့် အဆိုပါ ကိစ္စအား ဓမ္မဓိဌာန်ကျကျ၊ တရားမျှတစွာ၊ အမှန်တရားကို ရှာဖွေပေးခြင်းဖြင့် ၎င်း၏ တာဝန်များကို ထမ်းဆောင်ရမည် ဖြစ်ကြောင်း မြောက်ကိုရီးယား၏ အဓိက Rodong Sinmun သတင်းစာ၏ ဝေဖန်ချက်တွင် ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့သည်။

အဆိုပါ သတင်းစာတွင် ကိုရီးယား ကျွန်းဆွယ်မှ တင်းမာမှုမှာ ပိုမို မြင့်တက်လာနေပြီး၊ တခုခုကြောင့် အချိန်မရွေး အလုံးစုံ ပဋိပက္ခဖြစ်ပြီး၊ နျူကလီယာ စစ်ပွဲပင် ဖြစ်သွားနိုင်ကြောင်း ဖော်ပြခဲ့သည်။

အမှန်တကယ်ပင် ကိုရီးယား ကျွန်းဆွယ်မှ ယခု အခြေအနေမှာ အလွန်တရာ အန္တရာယ်များကြောင်း၊ အသေးအမွှား ကိစ္စလေးမှပင် စစ်ပွဲဖြစ်သွားနိုင်ပြီး၊ နျူကလီယာ စစ်ပွဲအထိ ဖြစ်သွားနိုင်ကြောင်း ကိုရီးယား ဗဟိုသတင်း အေဂျင်စီ (KCNA) တွင် ဝေဖန်ချက် ရေးသားထားသည်။

မြောက်ကိုရီးယားတွင် လက်နက်တွင် တပ်ဆင်မည့် ပလူတိုနီယံများ အလုံအလောက် ရှိသည်ဟု ယူဆရပြီး အနည်းဆုံး နျူကလီယာ လက်နက် ဒါဇင်ဝက်ခန့် ရှိမည်ဟု ယုံကြည်ရသည်။ မြောက်ကိုရီးယားသည် ယခင်က ပြင်ပကမ္ဘာနှင့် တင်းမာမှု ဖြစ်ခဲ့စဉ်က နျူကလီယာ လက်နက်များ အသုံးပြုမည် ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ဖူးသည်။ သို့သော် မြောက်ကိုရီးယား အနေဖြင့် နျူကလီယာ လက်နက်ကို စစ်ပွဲတွင် အသုံးပြုရန် လုံလောက်သော နည်းပညာ ရှိသလော ဆိုသည်ကို သံသယရှိကြောင်း ပညာရှင်များက ဆိုသည်။

သင်္ဘောနစ်မြုပ်မှုသည် မြောက်ကိုရီးယား တော်ပီဒိုကြောင့်ဟု ပြစ်တင်မှု အပြီးတွင် တောင်ကိုရီးယားသည် ကုန်သွယ်ရေး ကန့်သတ်မှုများ အပါအဝင် မြောက်ကိုရီးယား အပေါ် ပြစ်ဒဏ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ မြောက်ကိုရီးယားကလည်း စိတ်ဆိုးစွာ တုန့်ပြန်ခဲ့ပြီး၊ ဆိုးလ်နှင့် အဆက်အသွယ်များ ဖြတ်တောက်ကြောင်း ကြေညာခဲ့ပြီး၊ တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

တောင်ကိုရီးယား စစ်တပ်ကမူ မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုမှာ ပုံမှန် စကားလုံးများဖြင့် ပစ်ပေါက်ခြင်းသာ ဖြစ်မည်ဟု ဆိုသော်လည်း မြောက်ကိုရီးယား စစ်တပ်ကို အနီးကပ် စောင့်ကြည့်လျက် ရှိသည်ဟု ဆိုသည်။

မြောက်ကိုရီးယား၏ လုပ်ရပ်အပေါ် ၎င်းတို့အမြဲမပြတ် သတိ ဝိရိယ ရှိနေကြောင်း အမည်မဖော်လိုသူ ပူးတွဲ စစ်ဦးစီး အရာရှိချုပ်ရုံးမှ အရာရှိ တစ်ဦးက ပြောသည်။ နယ်စပ် ဧရိယာများတွင် မြောက်ကိုရီးယားတပ်များ၏ ထူးထူးခြားခြား လှုပ်ရှားမှု လက္ခဏာများ မတွေ့ရသေးကြောင်း ၎င်းက ဖြည့်စွက် ပြောခဲ့သည်။

အင်္ဂါနေ့က နယူးယောက် သတင်းစာ ရှင်းလင်းပွဲတွင် လုံခြုံရေးကောင်စီ၏ လုပ်ဆောင်မှု အပေါ် တုန့်ပြန်သောအားဖြင့် နျူကလီယာ လက်နက် အသုံးပြုမည်လားဟု သတင်းထောက် တစ်ဦးက မေးမြန်းခဲ့ရာ၊ မြောက်ကိုရီးယား သံအမတ် Sin က "ဒီနျူကလီယာ လက်နက်ကြောင့်ပဲ ပြင်ပ အင်အားစုတွေက ကျွန်တော်တို့ကို အမြဲ ခြိမ်းခြောက်ခဲ့တာပါ" ဟု ပြန်လည် ဖြေကြားခဲ့သည်။

"လုံခြုံရေး ကောင်စီအနေနဲ့ ကျွန်တော်တို့ကို မေးမြန်းဖို့ သော်လည်းကောင်း၊ ရှုတ်ချဖို့ သော်လည်းကောင်း စာထုတ်ခဲ့မယ် ဆိုရင် ကျွန်တော် အနေနဲ့ကတော့ သံတမန် တစ်ဦး ဖြစ်နေတော့ ဘာမှ မလုပ်နိုင်ပါဘူး။ နောက်ဆက်တွဲ လုပ်ရပ်တွေကတော့ ကျွန်တော့်စစ်တပ်က လုပ်သွားပါလိမ့်မယ်" ဟု ၎င်းက သတိပေးခဲ့သည်။

ဝါရှင်တန်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် P.J. Crowley က Sin ၏ မှတ်ချက်အား တုန့်ပြန်သောအားဖြင့် သတင်းထောက်များအား ပြောကြားရာတွင် "ကျွန်တော်တို့ဟာ မြောက်ကိုရီးယားရဲ့ လက်မခံနိုင်တဲ့ အကျင့်စရိုက်တွေ၊ ထစ်ခနဲဆို ရန်လိုတတ်တဲ့ လှုပ်ရှားမှုတွေ ပြောင်းလဲသွားအောင်၊ ရပ်ဆိုင်းသွားအောင် လုပ်ဖို့ ကြိုးစားနေပါတယ်" ဟု ဆိုသည်။

သီးခြားအားဖြင့် အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell သည် ဗုဒ္ဓဟူးနေ့ နောက်ပိုင်းတွင် တောင်ကိုရီးယားသို့ နှစ်ရက် ခရီးသွားရောက်ရန် ရှိပြီး သင်္ဘော နစ်မြုပ်မှုနှင့် အခြား ကြန့်ကြာနေသော ကိစ္စများ အတွက် ဆွေးနွေးမည် ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဌာန၏ အဆိုအရ သိရှိရသည်။

ဗုဒ္ဓဟူးနေ့က ဆိုးလ်တွင် ရှေးရိုးဆန်သော တက်ကြွသူ ၂၀၀ ခန့်သည် စုရုံး လှည့်လည်ပြီး လစ်ဘရယ် ယိမ်းသော လူထု အခြေပြု အုပ်စုများက နိုင်ငံတကာ စစ်ဆေးရေး အဖွဲ့၏ စစ်ဆေးချက် ရလဒ်များနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များထံ email ပို့ခြင်းနှင့် ပတ်သက်၍ ဝေဖန် ပြောကြားခဲ့ကြသည်။

"မြောက်ကိုရီးယားကိုသွား (Go to North Korea)" ဟု ၎င်းတို့က ကြွေးကြော်ကြပြီး၊ ၎င်းတို့က People's Solidarity for Participatory Democracy ရုံးသို့ ချဉ်းကပ်သွားသောကြောင့် တားဆီးနေသော ရဲများနှင့် ထိပ်တိုက် ရင်ဆိုင်မှု အနည်းငယ် ဖြစ်ခဲ့သည်။ လူထု အခြေပြု အဖွဲ့မှ တာဝန်ရှိသူများ၏ အဆိုပါ စီတန်း လှည့်လည်မှုနှင့် ပတ်သက်သော မှတ်ချက်များ ချက်ချင်း ထွက်ပေါ်လာခြင်း မရှိပေ။

သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ ဆိုးလ်၏ ပြုံးယမ်း အပေါ် အရေးယူပေးရန် တောင်းဆိုမှုနှင့် ပတ်သက်၍ တောင်နှင့် မြောက်ကိုရီးယားတို့သည် လုံခြုံရေး ကောင်စီတွင် တနင်္လာနေ့က သီးခြားစီ တင်ပြခဲ့ကြသည်။

အဆိုပါ တနင်္လာနေ့က ရှင်းလင်း တင်ပြမှုများ အပြီးတွင် လုံခြုံရေး ကောင်စီက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားရာတွင် ၎င်းအနေဖြင့် သင်္ဘော နစ်မြုပ်မှုကြောင်း ကိုရီးယား ကျွန်းဆွယ်၏ ငြိမ်းချမ်းရေးကို အန္တရာယ် ပြုလာခြင်း အတွက် စိုးရိမ်ကြောင်း၊ ဆိုးလ်နှင့် ပြုံးယမ်း အနေဖြင့် ရန်လိုသော အပြုအမူများကို ရှောင်ရှားကြရန် တိုက်တွန်းခဲ့သည်။

အမှန်တကယ်တွင်မူ ကိုရီးယား နှစ်နိုင်ငံသည် စစ်ဖြစ်လျက် အခြေအနေတွင် ရှိနေဆဲ ဖြစ်ပြီး၊ ၁၉၅၀-၅၃ ကိုရီးယား စစ်ပွဲမှာ ဆက်လက် မတိုက်ရန်သာ သဘောတူ၍ ရပ်ဆိုင်းသွားခြင်း ဖြစ်ပြီး၊ မည်သည့် ငြိမ်းချမ်းရေး စာချုပ်မျှ မရှိပေ။ သင်္ဘော နစ်မြုပ်မှုမှာလည်း အငြင်းပွားနေသော အနောက်ဖက် ပင်လယ်နယ်စပ် အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ ဤနေရာတွင် ရေကြောင်း စစ်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့ဖူးသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ နျူကလီယာ အစီအစဉ်နှင့် ပတ်သက်သော လျှို့ဝှက်ချက်များ ဖော်ထုတ်ခဲ့မှုကြောင့် နိုင်ငံပိုင် မီဒီယာများ၏ စွပ်စွဲ ထိုးနှက် တိုက်ခိုက် ရေးသားခြင်း ခံခဲ့ရသူ စစ်ဘက် အရာရှိဟောင်း နှစ်ဦးက စွပ်စွဲချက်များ အားလုံးသည် အသရေဖျက်မှု သက်သက်သာ ဖြစ်ကြောင်း ခုခံ ပြောဆိုသည်။

DVB က ပြုလုပ်ခဲ့သော မြန်မာနျူကလီယာ လက်နက် အစီအစဉ် ဆိုင်ရာ ထုတ်ဖော်ချက်တွင် အဓိက ပါဝင်ခဲ့သူ မြန်မာစစ်တပ်မှ ဗိုလ်မှူးဟောင်း နှစ်ဦးဖြစ်သော စိုင်းသိန်းဝင်း နှင့် အောင်လင်းထွဋ်တို့အား မြန်မာနိုင်ငံပိုင် မီဒီယာများက "တပ်ပြေးနှင့် ဝရမ်းပြေး" များအဖြစ် ပြစ်တင် ရှုတ်ချရေးသားခဲ့သည်။

စိုင်းသိန်းဝင်းမှာ နျူကလီယာ ဒုံးကျည်အတွက် ရှေ့ပြေးပုံစံငယ် တပ်ဆင် ထုတ်လုပ်သော စက်ရုံတွင် လုပ်ကိုင်ခဲ့ပြီး မြန်မာ စစ်အစိုးရ၏ နျူကလီယာ ပန်းတိုင်နှင့် ပတ်သက်သော သတင်း အချက်အလက်များကို DVB သို့ ပေးခဲ့သူ ဖြစ်သည်။ အောင်လင်းထွဋ်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့် လက်ထက်တွင် စစ်ထောက်လှမ်းရေး အရာရှိအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသလို အမေရိကန် ပြည်ထောင်စုဆိုင်ရာ မြန်မာနိုင်ငံ စစ်သံမှူးလည်း ဖြစ်ခဲ့ဖူးသည်။ မြန်မာ စစ်တပ်၏ စစ်ရေး စီမံကိန်းများကို ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ထုတ်ဖော် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံပိုင် သတင်းစာတွင် ပါရှိသော သတင်းဆောင်းပါး၌ ၎င်းတို့ နှစ်ဦးစလုံးကို ရာဇဝတ်မှု ကျူးလွန်သူများအဖြစ် ဖော်ပြ ရေးသားသည်။ အောင်လင်းထွဋ်သည် အမေရိကန် ဒေါ်လာ ၄၅၂၅ တန်ဖိုးရှိ နိုင်ငံတော် ဘတ်ဂျက်ငွေ အလွဲသုံးစား ပြုမှုကြောင့် တရားစွဲ အရေးယူရန် အမှုဖွင့် ခံရပြီးနောက် ၂၀၀၅ ရက်နေ့၊ မေလ ၂၀ ရက်နေ့တွင် ဝရမ်းပြေးအဖြစ် ကြေညာ ခံထားရသူ ဖြစ်သည်ဟု သတင်းဆောင်းပါးက ဆိုသည်။ ထို့ပြင် ၎င်းသည် နိုင်ငံတော် ပုန်ကန်မှု အပါအဝင် အခြားသော ပြစ်မှုများဖြင့် တရားစွဲဆိုခံထား ရသူလည်း ဖြစ်သည်ဟု နိုင်ငံပိုင် သတင်းစာတွင် ပါသော ဆောင်းပါးက ဆိုသည်။

စိုင်းသိန်းဝင်းမှာ စစ်တပ်တွင် တာဝန် ထမ်းဆောင်ခဲ့သော ရာထူးကို လိမ်ညာ ပြောဆိုခဲ့သူ ဖြစ်ကြောင်း၊ ၎င်းသည် တပ်ပြေးတစ်ဦး ဖြစ်ရုံသာမက အခြားသော ရာဇဝတ်မှုများ ကျူးလွန်သူ တစ်ဦးလည်း ဖြစ်ရာ သက်ဆိုင်ရာက ၎င်းအား ဖမ်းဆီး အရေးယူရန် လုပ်ကိုင် ဆောင်ရွက်လျက် ရှိကြောင်း ရေးသားသည်။

၁၉၉၂ ခုနှစ်တွင် စတင် ထူထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံပိုင် မဟုတ်သည့် ရုပ်သံဌာန ဖြစ်သော DVB သည်လည်း ခလောက်ဆန် အကောက်ကြံသော အစီအစဉ်များကို သွေးထိုး ထုတ်လွှင့် ပေးနေသည့် လေလှိုင်းထဲက လူသတ်သမား ဖြစ်သည်ဟု စွပ်စွဲ ရေးသားသည်။ DVB သည် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အကြား၊ မြန်မာ ပြည်သူများ အကြား ကတောက်ကဆ ဖြစ်အောင် သွေးထိုး လှုံ့ဆော်မှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

စိုင်းသိန်းဝင်းက ၎င်းအား စစ်ဘက်ရာထူး လိမ်လည် ပြောဆိုသူအဖြစ် စွပ်စွဲရေးသားမှု မဟုတ် မမှန်ကြောင်း ပြောဆိုပြီး DVB သတင်းဌာနသို့ သက်သေ အထောက်အထားများ ပေးပို့ခဲ့သည်။ ၂၀၀၉ ခုနှစ်၊ မန္တလေးတိုင်း၊ သပိတ်ကျင်း အနီးရှိ တပ်မတော် စက်ရုံတစ်ခုတွင် တာဝန် ထမ်းဆောင်နေစဉ် အတွင်း နေပြည်တော် ကာကွယ်ရေး ဝန်ကြီးရုံးက ဗိုလ်ကြီးရာထူးမှ ဗိုလ်မှူးရာထူးအဆင့်သို့ တိုးမြှင့်ပေးသည့် စာရွက်စာတမ်းများကို ပေးပို့ခဲ့ခြင်း ဖြစ်သည်။

သပိတ်ကျင်း မြောက်ဘက် ၇ မိုင် အကွာတွင် တည်ရှိသော အဆိုပါ စက်ရုံသည် မြန်မာ နျူကလီယာ အစီအစဉ် သုံးသပ် လေ့လာမှုနှင့် ပတ်သက်ပြီး အဓိက ဖိုးကပ်လုပ်ရာ နေရာ ဖြစ်သည်။ ယင်းဒေသကို နျူကလီယာ တပ်ရင်းဟု ခေါ်သည်။ စိုင်းသိန်းဝင်း၏ အဆိုအရ အဆိုပါ စက်ရုံတွင် နျူကလီယာ လက်နက် ထုတ်လုပ်ရန် အဓိက ရည်ရွယ်ထားသည်။

ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်ကလည်း ၎င်းအား စွပ်စွဲ ရေးသားချက်များသည် မဟုတ်မမှန်ကြောင်း တုံ့ပြန် ပြောဆိုသည်။ အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ရှိ မြန်မာနိုင်ငံ သံရုံးတွင် တာဝန်ထမ်းဆောင်စဉ် သူ၏ နေရာသို့ အစားထိုး ဝင်ရောက်မည့်သူ မင်းလွင်ထံသို့ အမေရိကန် ဒေါ်လာ ၈၅၀၀၀ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြည်ပြေး မီဒီယာများ၏ သတင်း ပေးပို့ချက်များအရ ယခုအခါ မြန်မာ ထောက်လှမ်းရေး အရာရှိများက ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ရှိ စိုင်းသိန်းဝင်း၏ နေအိမ်သို့ မကြာခဏ ဆိုသလို သွားရောက်လေ့ ရှိသည်။

မည်သို့ပင်ဆိုစေ The New Light of Myanmar သတင်းစာ ရေးသားချက်အရ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်သော အခြား အရာရှိများနှင့် ပြည်ပြေးနှစ်ဦး၏ မိသားစုဝင်များကို စစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း မရှိကြောင်း သိရသည်။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်များနှင့် ပတ်သက်သော သတင်း ပေးပို့ချက်များအား ဖတ်ရှု သိရှိရပြီးနောက် အမေရိကန် ဆီနိတ်တာ ဂျင်ဝက်ဘ်က်က မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်မည့် ခရီးစဉ် မစတင်မီ နာရီပိုင်း အလိုတွင်ပင် ယင်းခရီးစဉ်ကို ဆိုင်းမဆင့် ဗုံမဆင့် ဆိုသလိုပင် ရွှေ့ဆိုင်းပစ်လိုက်သည်။

မြန်မာ စစ်အစိုးရသည် မြောက်ကိုရီးယား၏ ပူးတွဲ အကူအညီပေးမှုဖြင့် နျူကလီယာ အစီအစဉ်များ အကောင်အထည် ဖော်လျက် ရှိသည် ဟူသော စွပ်စွဲချက်သစ်များကြောင့် ယင်းအချိန်သည် မြန်မာနိုင်ငံသို့ သွားရန် မကောင်းသော အချိန်တစ်ခု ဖြစ်ကြောင်း မစ္စတာ ဂျင်ဝက်ဘ်က ပြောသည်။ မစ္စတာ ဂျင်ဝက်ဘ် အမေရိကန် ပြည်ထောင်စုသို့ ပြန်သွားပြီး ရက်ပိုင်းမျှ အကြာတွင် အရှေ့တောင်အာရှ (အာဆီယံ) ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel က အကယ်၍ မြန်မာနိုင်ငံတွင် နျူကလီယာ အစီအစဉ်များ အကောင်အထည် ဖော်လျက် ရှိသည် ဟူသော စွပ်စွဲချက်သာ မှန်ကန်နေပါက ယင်းကိစ္စသည် ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးကို မလွဲမသွေ ရိုက်ခတ်မှု ရှိလာလိမ့်မည်ဟု ပြောသည်။

အကယ်၍ နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာအသံ (DVB) က ထုတ်လုပ်ပြီး Al Jazeera ကတစ်ဆင့် ထုတ်လွှင့်ပြသခဲ့သည့် မြန်မာနိုင်ငံသည် နျူကလီယာ နည်းပညာ ရရှိရန် ကြိုးပမ်းနေသည် ဟူသော သတင်း ပေးပို့ချက်သာ မစ္စတာ ဂျင်ဝက်ဘ်အပေါ် လွှမ်းမိုးနိုင်ခဲ့ခြင်း မရှိပါက ၎င်းအနေဖြင့်လည်း မြန်မာခရီးစဉ်ကို ယခုလို ရုတ်ချည်း ဖျက်သိမ်းခဲ့မည် မဟုတ်ပေ။

မစ္စတာဂျင်ဝက်သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ သြဂုတ်လမှ စကာ မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စု စေ့စပ်ညှိနှိုင်းမှုကို မယုံနိုင်လောက်အောင်ပင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာခဲ့သူ ဖြစ်သလို မြန်မာထိပ်ပိုင်း ခေါင်းဆောင်များနှင့် ပထမဆုံး အဆက်အသွယ် ပြုသည့် အမေရိကန် နိုင်ငံရေးသမား တစ်ဦးလည်း ဖြစ်ခဲ့သည်။ သူသည် ဗီယက်နမ် နိုင်ငံအတွက် တစ်ခါက လုပ်ကိုင်ပေးခဲ့သလိုမျိုး မြန်မာနိုင်ငံ အတွက်လည်း ငြိမ်းချမ်းသော အပြောင်းအလဲနှင့် ကြွယ်ဝ ချမ်းသာမှုမျိုး ဆောင်ကြဉ်းပေးရန် မျှော်လင့်ချက် ထားရှိခဲ့သူ ဖြစ်သည်။

မည်သို့ပင်ဆိုစေ မြန်မာနှင့် အမေရိကန် နှစ်နိုင်ငံအကြား ၁၀ လကြာမျှ အပြင်းအထန် ကြိုးစား အကောင်အထည် ဖော်ခဲ့သော ဒိုင်ယာလော့်ခ်နှင့် အဆက်အသွယ် ပြုလုပ်မှု များက အမေရိကန် ပြည်ထောင်စုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက တွေ့မြင်လိုသော ရလဒ်မျိုးကို ထုတ်ဖော်ပေးနိုင်ခြင်း မရှိပေ။ မြန်မာနိုင်ငံတွင်း ကျင်းပရန် ရှိသည့် ရွေးကောက်ပွဲတွင် နိုင်ငံရေး သမားများနှင့် သက်ဆိုင်သူ အားလုံး ပါဝင်ခွင့် ရရှိရေး၊ လွတ်လပ်ပြီး တရားမျှတမှု ရှိကာ နိုင်ငံတကာ စောင့်ကြည့် လေ့လာမှု အောက်တွင် ကျင်းပသော ရွေးကောက်ပွဲ ဖြစ်မြောက်ရေး စသည်တို့ကို အမေရိကန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက တွေ့လိုမြင်လိုခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် အမေရိကန် အာဂျင်ဒါအတွက် အရေးကြီးနေသည့် ကိစ္စမှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ၁၈၇၄ အရ မြောက်ကိုရီးယား နိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှု မူဝါဒကို မြန်မာနိုင်ငံက ဖောက်ဖျက်ခြင်းရှိ၊ မရှိကို အသေအချာ သိရှိအောင် ပြုလုပ်ရေးပင် ဖြစ်သည်။ အမှန် ပြောရလျှင် မြန်မာစစ်အစိုးရ၏ နျူကလီယာ အားထုတ်မှုများကြောင့် အမေရိကန် ပြည်ထောင်စုအတွက် မပြေလည်မှုများ၊ စိတ်အားမရ ဖြစ်မှုများ ဆက်လက် ဖြစ်ပေါ်နေခြင်းပင် ဖြစ်သည်။

လွန်စွာ ဆိုးဝါးသည်မှာ မြန်မာ-မြောက်ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးပင် ဖြစ်သည်။ သမိုင်းကြောင်းကို ကြည့်လျှင် နှစ်နိုင်ငံစလုံးမှာ ခက်ထန်ကြမ်းတမ်းသည့် နိုင်ငံများ ဖြစ်ကြသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၃ နှစ်အတွင်း တစ်ဦးနှင့်တစ်ဦး ရန်သူဖြစ်ခဲ့ကြပြီးမှ အကောင်းဆုံး မိတ်ဆွေအဖြစ် ပြန်ပေါင်းထုပ်လာကြသည့် ဆက်ဆံရေး ဖြစ်သည်။ နိုင်ငံတကာတွင် အထီးကျန် ဖြစ်လာခြင်း၊ တင်းကြပ်သော စီးပွားရေး ပိတ်ဆို့ အရေးယူမှုများကြောင့် မြန်မာနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံမှာ ပိုမို နီးကပ်လာခြင်း ဖြစ်သည် ဟုဆိုလည်း ရသည်။

မြောက်ကိုရီးယား၏ နျူကလီယာဆိုင်ရာ အာသီသရှိမှု၊ နိုင်ငံခြား ငွေကြေး လိုအပ်မှု စသည့် ကျေးဇူးတရားများကြောင့် မြန်မာ စစ်အစိုးရ အနေဖြင့် နျူကလီယာ အိပ်မက်ကို ပီပီပြင်ပြင် အကောင်အထည် ဖော်ရန် ဖြစ်လာသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အခြားသော နျူကလီယာ စူပါပါဝါ များကဲ့သို့ ပါဝါ ချိန်ခွင်လျှာမျှ နိုင်သည့် နိုင်ငံမျိုး ဖြစ်လာရန်အထိ ယုံကြည်မှု ထားရှိနေခြင်းလည်း ဖြစ်သည်။

သို့အတွက်ကြောင့် မြန်မာနိုင်ငံတွင် နျူကလီယာဗုံး တပ်ဆင် ထုတ်လုပ်နိုင်သည့် အစွမ်းအစ မရှိသလို နျူကလီယာဗုံးလည်း တပ်ဆင် ထုတ်လုပ်မည့် နိုင်ငံလည်း မဟုတ် ဟု ကာလ ကြာရှည်စွာ ကိုယ့်ကိုယ်ကို အားရ ကျေနပ်ခဲ့ကြသော ထိုင်းလုံခြုံရေး အာဏာပိုင်များ၊ အထူးသဖြင့် အမျိုးသား လုံခြုံရေး ကောင်စီ (NSC) အနေဖြင့် နောက်ဆုံးတွင် အဆိုပါ ကိစ္စကို အလွန်အမင်း အာရုံစိုက် လာကြရတော့သည်။ မြန်မာနိုင်ငံ နျူကလီယာ အရေးနှင့် ပတ်သက်ပြီး ထိုင်း အာဏာပိုင်များ၏ အဓိက ထင်မြင် ယူဆချက်မှာ ရိုးရှင်းလွန်းခဲ့သည်။ မြန်မာသည် ဆင်းရဲသည်၊ ခေတ်နောက်ပြန် ဆွဲနေသည်၊ သို့တွက်ကြောင့် နျူကလီယာ စီမံကိန်း တစ်ခုကို အကောင်အထည် ဖော်နိုင်ရန် အလားအလာ လုံးလုံးလျားလျား မရှိ ဟူသည့် သဘောမျိုး ဖြစ်သည်။

NSC မှ မြန်မာ့အရေး ခွဲခြမ်း လေ့လာသူများက ယခု နျူကလီယာ အရေးသည် အနောက် အိမ်နီးချင်း နိုင်ငံနှင့် အပေးအယူ လုပ်ရာတွင် အန္တရာယ် များသော ပြဿနာတစ်ရပ် သို့မဟုတ် ချော့မော့ နှစ်သိမ့်ပေးရမည့် စံနမူနာ ဇာတ်လမ်းတစ်ခု အဖြစ် မကြာမီ သဘောပေါက် လာကြလိမ့်မည် ဖြစ်သည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ အိမ်နီးချင်း ဆက်ဆံရေး အခင်းအကျင်းကို ကြည့်ပါက ၂၀၀၄ ကီလိုမီတာ ရှည်လျားသော နယ်စပ်ဒေသ လုံခြုံရေး မတည်မငြိမ် ဖြစ်မှုနှင့် မြန်မာ့သဘာဝ ဓာတ်ငွေ့ ဟူသော စွမ်းအင် လောင်စာအပေါ် ထိုင်းနိုင်ငံက အလွန်အမင်း မှီခိုအားထား လာရမှုတို့က ထိပ်ဆုံးနေရာတွင် ရှိသည်။ ၂၀၀၉ ခုနှစ်တွင် ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက စွမ်းအင် အခန်းကဏ္ဍနှင့် ဆက်နွယ်သော အေဂျင်စီများနှင့် ထိုင်းအစိုးရ၏ ထိပ်တန်းမူဝါဒရေး အဆုံးအဖြတ် ပြုလုပ်သူများကို မြန်မာ့သဘာဝ ဓာတ်ငွေ့ ကိစ္စနှင့် ပတ်သက်၍ သတိပေး ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံမှ လောင်စာ တင်သွင်းမှု လျှော့ချရေးအတွက် အခြား ရွေးချယ်နိုင်မည့် မူဝါဒတစ်ရပ် ချမှတ်ရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

သို့သော် ယနေ့အချိန်အထိ နိုင်ငံခြားရေး ဝန်ကြီးဌာနက တောင်းဆိုမှုကို အကောင်အထည် မဖော်ရသေးပေ။ အကြောင်းမှာ ထိုင်းစွမ်းအင် အေဂျင်စီ အတော်များများ၏ ရင်းနှီးမြှုပ်နှံမှု ငွေများမှာ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်းများသို့ ရောက်ရှိသွားနှင့်ပြီ ဖြစ်သောကြောင့် ဖြစ်သည်။

ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံမှ နှစ်စဉ် စွမ်းအင် ဝယ်ယူ တင်သွင်းမှု ပမာဏမှာ အမေရိကန် ဒေါ်လာ သန်း ၈၈၀ ခန့် ရှိသည်။ ဤအနေအထားအရ ဆိုပါက မည်သည့် အခြေအနေမျိုး ပင်မဆို ပိုနေမြဲ ကျားနေမြဲ ဖြစ်ရေးကိုသာ လိုလားသည့် သဘောမျိုး ဖြစ်ပြီး ထိုင်းနိုင်ငံ၏ အနာဂတ် လောင်စာစွမ်းအင် လုံခြုံ စိတ်ချစွာ ရရှိနိုင်ရေးအတွက် ညှိနှိုင်းမှုများ ပြုလုပ်ရမည့် ပုံစံတွင် ရှိသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သော နောက်ထပ် ပြဿနာတစ်ရပ် ကျန်သေးသည်။ ယင်းမှာ မြန်မာပြည်၏ ရန်လိုမှုအပေါ် ထိတ်လန့်သည့် စိတ်များ အရိုးစွဲနေခြင်း ဖြစ်သည်။ မည်သည့် အချိန်တွင်မဆို "ဖမ" (ထိုင်းဘာသာဖြင့် မြန်မာ) ဟု ဆိုလိုက်ရုံဖြင့် အခြေခံ လူတန်းစား ထိုင်းလူမျိုးများ (ထိုင်းအာဏာပိုင်များကို မပြောလို) မှာ စိတ်တုန်လှုပ် ခြောက်ခြားပြီး ပြစ်တင် ဆဲဆိုမှုများကို အဆုံးအစမရှိ ခရားရေလွှတ် ပြောကြတော့သည်။ "ဖမ" အသံ ကြားရုံဖြင့် ချက်ချင်း ဆိုသလိုပင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၃၆ နှစ်လောက်က အယုဒ္ဓယမြို့ ရက်ရက်စက်စက် မီးရှို့ ဖျက်ဆီးခံရသည့် အကြောင်းကို ထုတ်ပြောလေ့ ရှိကြသည်။ မြောက်မြားစွာ ထွက်ရှိခဲ့သော သမိုင်း စာအုပ်များ၊ ဝတ္ထုများ၊ ရုပ်ရှင်ဇာတ်လမ်းများ၊ ပုံပြင်များကြောင့် တစ်ချိန်က ထိုင်းနိုင်ငံ မြို့တော် ပျက်သုဉ်းခဲ့ရသည့် ကိစ္စမှာ ယနေ့အချိန်အထိ ဖျောက်ဖျက် မရနိုင်ဘဲ ဖြစ်နေခြင်း ဖြစ်သည်။ ဤသို့သော မြန်မာ ကြောက်စိတ်သည် ထိုင်းလုံခြုံရေး တပ်ဖွဲများ၊ အာဏာပိုင်များအား ပို၍ တောင့်တင်း ခိုင်မာလာအောင် အားသစ် လောင်းပေးနိုင်သော အရာ ဖြစ်မည်ဟု စဉ်းစားကောင်း စဉ်းစားနိုင်သလို လုံခြုံရေးနှင့် သက်ဆိုင်သော အေဂျင်စီများ အနေဖြင့် မြန်မာ စစ်အစိုးရ၏ နျူကလီယာ ပန်းတိုင်နှင့် တန်ပြန် အားပြိုင်နိုင်မည့် မူဝါဒ တစ်ခုခု ချမှတ်ရေးအတွက် လုပ်ဆောင်လာနိုင်သည်ဟု ထင်မှတ်ကောင်း ထင်မှတ်နိုင်သည်။

ထူးခြားသည်မှာ အမေရိကန်၊ သြစတြေးလျ စသည့် နိုင်ငံများမှ ထောက်လှမ်းရေး အေးဂျင့်များနှင့် လက်တွဲပြီး မြန်မာ စစ်အစိုးရ၏ နျူကလီယာ အစီအစဉ်ကို ကာလ ကြာရှည်စွာ စောင့်ကြည့် လေ့လာနေသူ ထိုင်းထောက်လှမ်းရေး အေးဂျင့်များ အားလုံး စစ်အစိုးရ၏ အန္တရာယ် များသော ရည်မှန်းချက်ကို ကောင်းစွာ သိရှိထားခြင်းပင် ဖြစ်သည်။ သို့သော် ၎င်းတို့က စွမ်းအင် အခန်းကဏ္ဍနှင့် ပတ်သက်သော သတင်း အချက်အလက်များနှင့် အကဲဖြတ်ချက်များကို မျှဝေ ထုတ်ဖော် ပြောဆိုမှု မပြုကြပေ။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Kasit Piromya သည်ပင် မြန်မာ စစ်အစိုးရ၏ သိုသိုသိပ်သိပ် ထားရှိသော လျှို့ဝှက်ချက်အပေါ် သိုသိုသိပ်သိပ်ပင် ထားရှိဖြစ်သည်။ ဖြစ်နိုင်ချေ ရှိသည်မှာ ဟနွိုင်းတွင် ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံ အနေဖြင့် နျူကလီယာ လက်နက် အစီအစဉ်ကိစ္စကို အခြား အာဆီယံ အဖွဲ့ဝင်များနှင့်အတူ ထုတ်ဖော် ဆွေးနွေးဖွယ် ရှိသည်။ မြန်မာ စစ်အစိုးရအား နျူကလီယာနှင့် ပတ်သက်သမျှ ရှင်းရှင်းလင်းလင်း ထုတ်ဖော် အသိပေးရန် ပြောကောင်းပြောနိုင်သည်။ မြန်မာ စစ်အစိုးရက အမှန်အတိုင်း ပြောလာလိမ့်မည်ဟု မည်သူကမျှ မျှော်လင့် မထားသည့်တိုင် အာဆီယံအနေဖြင့် မိမိတို့ ဂုဏ်သိက္ခာ မကျဆင်းရေး ဟူသော အကြောင်းပြချက်ဖြင့်  ယင်းဆွေးနွေးပွဲတွင် "နျူ" ကိစ္စကို ထုတ်ဖော် မှတ်ချက်ယူရန် လိုအပ်သည်။ အထူးသဖြင့် အာဆီယံ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး ပေါ်ထွန်းပြီး နိုင်ငံတကာနှင့် ရင်ဘောင်တန်းကာ စီးပွားရေးနှင့် ဥစ္စာဓန ကြွယ်ဝ ချမ်းသာမှု ဖန်တီးရေးအတွက် အားသွန်ခွန်စိုက် လုပ်နေချိန်တွင် မြန်မာ စစ်အစိုးရ၏ နျူကလီယာ ကိစ္စကို မလွဲမသွေ ထုတ်ဖော်သင့်သည်။

မြန်မာနိုင်ငံသည် အာဆီယံဒေသ၏ ပထမဆုံး နျူကလီယာ မပြန့်ပွားရေး စာချုပ်ကို အခြားသော အာဆီယံ နိုင်ငံများ နည်းတူ လက်မှတ် ရေးထိုးထားသော နိုင်ငံ ဖြစ်သည်။ အရှေ့တောင် အာရှ နျူကလီယာ လက်နက် ကင်းစင်ရေးဇုန် ဖြစ်မြောက်ရေးအတွက် ချုပ်ဆိုသော စာချုပ် ဖြစ်သည်။ ထို့အတူ အာဆီယံသည်လည်း ကုလသမဂ္ဂ၏ နျူကလီယာ လက်နက် မပြန့်ပွားရေး စာချုပ် ချုပ်ဆိုထားသော အဖွဲ့ ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု သမ္မတ အိုဘားမား အုပ်ချုပ်ရေး အဖွဲ့သည် နိုင်ငံရေး အာဏာ ရရှိလာသည့် အချိန်မှစကာ နျူကလီယာ ကင်းစင်သော ကမ္ဘာ ဖြစ်ပေါ်ရေးနှင့် နျူကလီယာ လက်နက် ပိုင်ဆိုင်ရန် အလားအလာ ရှိသော အကြမ်းဖက်သမားများကို ရှင်းထုတ်နိုင်ရေးအတွက် ကြိုးစားခဲ့သည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံကိုလည်း ဆက်လက် ဖိအားပေးမှုများ ပြုလုပ်ပြီး ကုလသမဂ္ဂ ဆုံးဖြတ်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်လာအောင် ပြုလုပ်သွားလိမ့်မည် ဟူသော မျှော်လင့်ချက်များ ဒေသတွင်း ထွက်ပေါ်လျက် ရှိသည်။ ဗီယန်နာ အခြေစိုက် နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ အနေဖြင့် နျူကလီယာနှင့် ပတ်သက်သော စွပ်စွဲချက်များ အားလုံးကို စစ်ဆေးရန် အိုဘားမား အုပ်ချုပ်ရေး အဖွဲ့က လုပ်ကောင်း လုပ်လာနိုင်သည်။ ထို့အတူ အာဆီယံ အနေဖြင့်လည်း မြန်မာ နျူကလီယာ အစီအစဉ်ကို အချိန်မီ အရေးတယူ ပြုလုပ်သင့်သည်။ သို့မှသာ ကမ္ဘာလုံး ဆိုင်ရာ အရေးကိစ္စများ အပေါ် မတူညီသည့် အမြင်များကို တူညီသော အမြင်များ၊ ရပ်တည်မှုများဖြင့် ဖြေရှင်းနိုင်မည် ဖြစ်သည်။

The Nation သတင်းစာ အယ်ဒီတာ Kavi Chongkittavorn ၏ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Marwaan Macan.Markar, IPS, 14th June 2010

မဲခေါင်မြစ်သည် တရုတ်စတိုင် လူထုစည်းရုံးရေး အတွက် စမ်းသပ်ကွင်း တစ်ခု အဖြစ် တဖြည်းဖြည်း ရုပ်လုံးပေါ်လာနေသည်။ Beijing သည် မဲခေါင်မြစ်နှင့် သက်ဆိုင်သော ၎င်း၏ တောင်ဖက် အိမ်နီးချင်း နိုင်ငံများ အပေါ်တွင် ဒုက္ခပေးသော နိုင်ငံအဖြစ်ထက် စာလျှင် ခင်စရာ ကောင်းသော အကောင်ကြီးအဖြစ် (Friendly Giant) မြင်စေလိုသည်။

ထူးထူးခြားခြား တစ်ခါမျှ မဖြစ်ဖူးသော ဖြစ်ရပ်တစ်ခုမှာ တရုတ်နိုင်ငံသည် ၎င်း၏ တောင်ပိုင်းတွင် ကွေ့ဝိုက် စီးဆင်းနေသော မဲခေါင်မြစ် အထက်ပိုင်းတွင် တည်ထားသော ဆည်လေးခု အနက် နှစ်ခုကို လျှို့ဝှက်ထားရာမှ ထုတ်ဖော် ပြသခဲ့ရာ သံတမန်ရေးအရ ပွင့်လင်းမှုဖက်သို့ ဦးတည်သော နောက်ဆုံး ဖြစ်ရပ် ဖြစ်သည်။

ဇွန်လ ၇ ရက်နေ့က ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း နှင့် ဗီယက်နမ်တို့မှ အစိုးရ အကြီးတန်း တာဝန်ရှိသူများကို အသစ် တည်ဆောက်ထားသော Xiaowan ဆည်နှင့် ယခင်ရှိပြီးဖြစ်သော Jing Hong ဆည်တို့အား အချက်အလက် ရှာဖွေရေး ခရီးစဉ်၏ အစိတ်အပိုင်း တစ်ခုအဖြစ် ပထမဆုံး အကြိမ် လာရောက် ကြည့်ရှုရန် တရုတ်က ဖိတ်ခေါ်ခဲ့သည်။ ယခု ခရီးစဉ်သည် ယခင်က မဲခေါင်မြစ်ဝှမ်း နိုင်ငံများကို ကန့်သတ် နယ်မြေအဖြစ် ပြုလုပ်ထားသော တရုတ်ပြည်၏ တောင်များ ထူထပ်သော ယူနန်ပြည်နယ်သို့ ပထမဆုံး ခရီးစဉ် ဖြစ်လိမ့်မည် ဖြစ်သည်။

ဧပြီလဆန်းက ကျင်းပသော မဲခေါင်မြစ် နိုင်ငံများ၏ ပထမအကြိမ် ထိပ်သီး အစည်းအဝေးတွင် မဲခေါင်မြစ်ဝှမ်း လေးနိုင်ငံနှင့် တရုတ်အပြင် မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ပြီး Beijing က ကြိုဆို နှုတ်ခွန်းဆက်ခဲ့သည်။ ထိုင်းနိုင်ငံ ဟွာဟင်းမြို့တွင် ကျင်းပသော အဆိုပါ အစည်းအဝေးသည် ၁၉၉၅ မဲခေါင် သဘောတူညီချက် ၁၅ နှစ်ပြည့် အထိမ်းအမှတ်လည်း ဖြစ်သည်။ ၁၉၅၅ မဲခေါင် သဘောတူညီချက်ကြောင့် မြစ်ဝှမ်း ဧရိယာ တိုးတက်ရေးနှင့် စီမံခန့်ခွဲမှု အတွက် မဲခေါင်မြစ် အောက်ပိုင်း လေးနိုင်ငံ အစိုးရများ ပူးပေါင်း ပါဝင်သော မဲခေါင်မြစ် ကော်မရှင် (MRC) ကို ဖွဲ့စည်းနိုင်ခဲ့သည်။

"အဲဒီ ထိပ်သီး အစည်းအဝေးမှာ တရုတ်အစိုးရက ပြောတာက သူတို့ဟာ မဲခေါင်မြစ် အောက်ပိုင်း နိုင်ငံ အစိုးရတွေနဲ့ ပိုမို ပွင့်လင်းစွာ ဆက်ဆံလိုတယ်လို့ ပြောခဲ့ပါတယ်" ဟု MRC ပြောခွင့်ရ ပုဂ္ဂိုလ် Damian Kean က ၎င်း၏ဌာနချုပ်ရှိရာ ဗီယင်ကျင်းမြို့တွင် IPS သို့ ပြောကြားခဲ့သည်။ "မဲခေါင်မြစ်ဝှမ်း အောက်ပိုင်း နိုင်ငံတွေရဲ့ အရေးကိစ္စတွေကို ဖော်ထုတ်ဖို့ စိတ်အား ထက်သန်ပါတယ်လို့ တရုတ်က ဆိုပါတယ်" ဟု ၎င်းက ပြောသည်။

မတ်လသည် မဲခေါင်မြစ်ပေါ်တွင် တရုတ်၏ လျှို့ဝှက်သော မူဝါဒများ အတွက် သတိပြုမိလောက်သော အချိုးအကွေ့များ ဖြစ်ခဲ့ရသည်။ မဲခေါင်မြစ်သည် ၄၆၆၀ ကီလိုမီတာ ရှည်လျားပြီး တိဗက် လွင်ပြင်မှ အစပြုကာ ယူနန်ပြည်နယ်ကို ဖြတ်သန်းပြီး၊ မြန်မာနိုင်ငံမှ တဆင့် မြစ်ဝှမ်း လေးနိုင်ငံကို ဖြတ်ပြီး ဗီယက်နမ်နိုင်ငံ တောင်ပိုင်းတွင် တောင်တရုတ် ပင်လယ်သို့ စီးဝင်သည်။

ထိုသို့ ဖြစ်ရခြင်းမှာ မဲခေါင်မြစ် အပေါ်ပိုင်းတွင် တရုတ်က ဆည် ရှစ်ခု အစီအစဉ်ရှိသည့် အနက် ပြီးစီးသွားသည့် ဆည်လေးခုကြောင့် မဲခေါင်မြစ်ဝှမ်းတွင် နှစ်ပေါင်း ငါးဆယ် အတွင်း ပထမဦးဆုံး အကြိမ် ရေခမ်းခြောက်မှု ရှိကြောင်း စိတ်ပျက်ဖွယ် ဝေဖန်မှုကြောင့် ဖြစ်သည်။ မဲခေါင်မြစ် အောက်ပိုင်းတွင် ရေခန်းခြောက်မှုကြောင့် အဆိုပါ ဒေသတွင် ငါးဖမ်းခြင်းဖြင့် အသက်မွေးသော လူဦးရေ သန်း ၆၀ ၏ ဘဝကို ထိခိုက်စေကြောင်း ဆိုသည်။

ဘီဂျင်းက ကမ်းလှမ်းလိုက်သည့် သံလွင်စက် ရပ်နားရာ နယ်မြေသည် ထိုင်းနိုင်ငံပင် ဖြစ်သည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများနှင့် သာမန် ပြည်သူလူထု၏ ရေလှောင်တမံ ဆန့်ကျင်ရေး ပြစ်တင် ဝေဖန်မှုများ အများဆုံး ပေါ်ထွက်ခဲ့သည်မှာ အဆိုပါ အရှေ့တောင် အာရှနိုင်ငံမှ ဖြစ်သည်။ ဘန်ကောက် အခြေစိုက် ကွန်ယက်ဖြစ်သည့် Save the Mekong Coalition ကဲ့သို့သော အုပ်စုများက မဲခေါင်မြစ်၏ နေ့စဉ် ရေကြောင်း သဘာဝနှင့် အနည်ပို့ချမှုများ ၁၉၉၀ ခုနှစ်များ အစောပိုင်းက စ၍ ပြောင်းလဲသွားခြင်းသည် တရုတ်တို့၏ ရေလှောင်တမံ စီမံကိန်းများနှင့် ယခင်ကပင် ဆက်စပ်နေပြီး ဖြစ်သည်ဟု ကြေညာခဲ့သည်။

ထိုသို့ ကန့်ကွက်နေမှုများ ငြိမ်သက်သွားစေရန် ဘန်ကောက်မှ တရုတ် သံတမန် ချန်ဒီဟိုင်းက မတ်လတွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပကာ ၁၉၉၂ ကပင် လုပ်ငန်းစခဲ့သည့် မဲခေါင် အထက်ပိုင်း ပထမဆုံး တရုတ် ရေလှောင်တမံ မန်ဝမ်မှ စတင်၍ ပြန့်နှံ့နေခဲ့သော ရေလှောင်တမံ သတင်းများနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ နှုတ်ဆိတ်နေမှုကို ချိုးဖျက်လိုက်သည်။

ယခုနှစ် နွေရာသီတွင် မဲခေါင်မြစ်ရေ စံချိန်တင် ကျဆင်းခဲ့ရခြင်း၏ အကြောင်းရင်းမှာ တရုတ် ရေလှောင်တမံများ မဟုတ်ပါဟု ဘန်ကောက်တွင် ချန်ဒီဟိုင်းက သတင်းထောက်များကို ပြောကြားခဲ့သည်။ လန်ကန်းမြစ် (မဲခေါင်၏ တရုတ် အမည်) ၏ တရုတ်နိုင်ငံတွင်း နှစ်စဉ် ပျမ်းမျှ ရေစီးပမာဏသည် ၆၄ ဘီလျံ ကုဗမီတာ နီးပါးရှိရာ အဆိုပါ ပမာဏသည် တောင်တရုတ် ပင်လယ် ထွက်ပေါက်ရှိ မဲခေါင် ရေစီးပမာဏ၏ ၁၃.၅ % မျှသာ ရှိသည်ဟု ၎င်းက အကြောင်းပြ ရှင်းလင်းခဲ့သည်။

ဘန်ကောက် ချူလာလောင်ကွန် တက္ကသိုလ်တွင် ဧပြီ ၁ ရက်က ကျင်းပသော မဲခေါင်ဆိုင်ရာ ဆွေးနွေးပွဲတွင် ကြုံတောင့်ကြုံခဲ တွေ့မြင်ရသည့် အခြား တရုတ်သံတမန် တစ်ဦးကလည်း ချန်၏ သုံးသပ်ချက်ကို သံယောင်လိုက်ခဲ့သည်။ ဘန်ကောက်ရောက် တရုတ် သံတမန်အဖွဲ့ ပထမ အတွင်းဝန် ယိုဝမ်က "အကြီးဆုံး ရေလှောင်တမံ ဖြစ်သည့် ဇိုဝမ်တွင် ၂၀၀၉ ဇူလိုင်က စ၍ ရေသိုလှောင်ခဲ့သော်လည်း နွေရာသီ စသည့် အချိန်တွင် ရေသိုလှောင်မှုကို ရပ်ဆိုင်းထားသည်" ဟု မဲခေါင်မြစ်ရေ မျှဝေ သုံးစွဲရေး လူထု ဆွေးနွေးပွဲ ဖိုရမ်သို့ တက်ရောက်လာသူများအား ပြောကြားခဲ့သည်။

တရုတ် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဟူဇန်ကွေးသည် မတ်လအတွင်း ဘန်ကောက်သို့ လာရောက်စဉ် မဲခေါင် အိမ်နီးချင်းများ အပေး ချစ်ကြည် ရင်းနှီးမှုကို အာမခံသည့် စကားများ ပြောကြားခဲ့သည်ဟု သိရှိရသည်။ မဲခေါင် အိမ်နီးချင်း နိုင်ငံများနှင့် အပြန်အလှန် အကျိုးစီးပွား ထိခိုက်စေမည့် တစ်စုံတစ်ရာကိုမျှ တရုတ်က ပြုလုပ်မည် မဟုတ်ပါဟု ဟူဇန်ကွေးက ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗား အား ပြောကြားခဲ့သည်။

မဲခေါင်မြစ် အောက်ပိုင်း နိုင်ငံများနှင့် တွေ့ဆုံ ညှိနှိုင်းမှုများ၊ ပါးနပ်စွာ ဆက်ဆံ စည်းရုံးမှုများ မပြုလုပ်ပဲ ရှောင်ရှားခဲ့သည့် ယခင် နည်းလမ်းသည် အလုပ်မဖြစ်ကြောင်း တရုတ်တို့ သဘောပေါက် သွားပြီဟု ပြောကြားလိုက်သူမှာ အမေရိကန် အခြေစိုက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အုပ်စု "International Rivers" မှ မဲခေါင် အစီအစဉ် ညှိနှိုင်းရေးမှူး Carl Middleton ဖြစ်သည်။

ယခုအချိန်အထိ မတွေ့ရသေးသည့် အရာမှာ မဲခေါင်မြစ် အောက်ပိုင်း လူ့အဖွဲ့အစည်းနှင့် တိုင်ပင် ညှိနှိုင်းခြင်း မရှိဘဲ ရေလှောင်တမံ ၄  ခု တည်ဆောက်ခဲ့သော အတိတ်က အမှားများနှင့် ပတ်သက်၍ ဘေဂျင်းထံမှ အသိအမှတ်ပြု ဝန်ခံမှုပင် ဖြစ်သည်ဟု Middleton က IPS သို့ ပြောကြားခဲ့သည်။ "ဒီက လူတွေ လိုအပ်နေတာက အတိတ်က အမှားတွေ အတွက် ပြေရာပြေကြောင်း တောင်းပန်ဖို့ပါ" ဟု ၎င်းက ဆိုသည်။

"အခုအချိန်မှာ တရုတ်က မဲခေါင်မြစ် အောက်ပိုင်းနိုင်ငံတွေနဲ့ မျှဝေ သုံးစွဲဖို့ လိုလိုလားလား ရှိနေတယ်ဆိုတဲ့ သတင်းကို MRC မဲခေါင်မြစ် ကော်မရှင်က မဲခေါင်မြစ် အောက်ပိုင်း လူ့အဖွဲ့အစည်းတွေကို အသိပေးသင့်နေပါပြီ။ တရုတ်ကလည်း ဒေသတွင်း ငြိမ်းချမ်းမှုနှင့် အောင်မြင်မှုကို ရချင်တယ်ဆိုရင် မဲခေါင်မြစ်ကို မျှဝေ သုံးစွဲရမယ် ဆိုတဲ့ အချက်ကို အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဗီယက်နမ် စစ်ပွဲတွင် အရေးနိမ့်ပြီး မကြာမီ ဝါရှင်တန်က စိတ်ဝင်စားမှု လျော့ပါးသွားခဲ့သော မဲခေါင်မြစ်၏ စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးမှုကို ကူညီရန် စိတ်ဝင်စားကြောင်း အမေရိကန် အစိုးရက အသစ်တဖန် ပြသလိုက်သည့် အချိန်တွင် လေ့လာသူ ပညာရှင်များက "ပထဝီ နိုင်ငံရေး အကြောင်းရပ်များကြောင့် ဒေသတွင်း ငြိမ်းချမ်းမှု ရရှိရန် ဘီဂျင်းက စိတ်ဝင်စားလာသည်" ဟု ပြောကြားခဲ့သည်။

မေလလယ်တွင် မဲခေါင် ကော်မရှင်နှင့် မစ္စစ္စပီ မြစ်ကြောင်း ကော်မရှင်တို့သည် မြစ်ကြောင်း စီမံခန့်ခွဲမှု ပူးပေါင်း ဆောင်ရွက်ရေး အတွက် ပထမဆုံး သဘောတူညီချက် ရရှိခဲ့ကြပြီး ယခင်နှစ် ဇူလိုင်လက ဖူးခက်တွင် ပြုလုပ်သည့် အမေရိကန် - မဲခေါင် အောက်ပိုင်း ဝန်ကြီးများ ပထမအကြိမ် အစည်းအဝေးတွင် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် တင်ပြသည့် အစီအစဉ်ကို အတည်ပြုနိုင်ခဲ့သည်။

အဆိုပါ ခရီးစဉ် အတွင်း ချစ်ကြည်ရေး စာချုပ်နှင့် ဒေသဆိုင်ရာ လုံခြုံရေး သဘော တူညီချက်တို့ကို ကလင်တန်က လက်မှတ် ရေးထိုးခဲ့သည်။ အလားတူ သဘောတူညီချက်များကို ဘေဂျင်းက ၂၀၀၃ ခုနှစ်ကပင် လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်သည်။

တရုတ်နိုင်ငံက မဲခေါင် အောက်ပိုင်း နိုင်ငံများနှင့် ပါးနပ်စွာ ဆက်ဆံရန် ပြောင်းလဲလိုက်ခြင်းသည် ယခင်နှစ်က အမေရိကန် လက်မှတ် ရေးထိုးခဲ့သည့် ချစ်ကြည်ရေး စာချုပ်ကို တိုက်ရိုက် တုန့်ပြန်ခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ အင်္ဂလိပ် သတင်းစာ "The Nation" မှ ပင်တိုင် ဆောင်းပါးရှင် ဘာဗီချောင် ကီတာဗွန်က ပြောကြားခဲ့သည်။ "ဘေဂျင်းက သူရထားတဲ့ အားသာချက်တွေ ဆုံးရှုံးခဲ့တာပါ။ ဒေသတွင်းမှာ သူ့အပေါ် မကောင်းမြင်တာမျိုးကို အဖြစ်ခံချင်မှာ မဟုတ်တော့ဘူး" ဟု ၎င်းက သုံးသပ် ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Freedom House, 3rd June 2010

၂၀၀၉ အဓိက ဖြစ်ရပ်များ

မြန်မာ စစ်ဖက် အစိုးရသည် ၎င်းတို့၏ အာဏာချုပ်ကိုင်မှု တရားဝင် ဖြစ်စေရန် ရည်ရွယ်သည့် အစီအစဉ် တစ်ခုဖြစ်သော ဒီိမိုကရေစီ လမ်းပြ မြေပုံနှင့်အတူ ၂၀၀၉ ခုနှစ်အတွင်း ခြေလှမ်း သွက်ခဲ့သည်ကို တွေ့ရှိရသည်။ အမျိုးသား ရွေးကောက်ပွဲများဟု ခေါ်သော လုပ်ငန်းစဉ်ကို ၂၀၁၀ တွင် ကျင်းပမည်ဟု မျှော်လင့်ရပြီး ၂၀၀၉ ခုနှစ်အတွင်း၌ နိုင်ငံရေး အတိုက်အခံများကို အစိုးရက ဆက်လက် ဖမ်းဆီး ထောင်ချခဲ့ကာ မဲပေးပွဲ မတိုင်မီ အတိုက်အခံတို့ အပေါ် ချိုးနှိမ်မှုကို သေချာအောင် လုပ်ဆောင်ခဲ့သည်။ ထို့အပြင် တပ်မတော်၏ နယ်ခြားစောင့် တပ်ဖွဲ့သို့ ပူးပေါင်း ပါဝင်ရန် တိုင်းရင်းသား လက်နက်ကိုင်များက ငြင်းဆန်ခဲ့ခြင်းကြောင့် ၂၀၁၀ တွင် အမျိုးသား ညီညွတ်မှု ရရှိလိုသည့် အစိုးရ၏ ရည်မှန်းချက်ကို နှောင့်နှေးစေခဲ့ပြီး တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများအကြား တင်းမာမှု ကြီးထွားလာခဲ့သည်။

နိုင်ငံရေး ရပိုင်ခွင့်များ

မြန်မာနိုင်ငံသည် ရွေးကောက် တင်မြှောက်သော ဒီမိုကရေစီ နိုင်ငံမဟုတ်ပါ။ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက အမိန့်အာဏာဖြင့် အုပ်ချုပ်နေခြင်း ဖြစ်သည်။ ၎င်းတို့သည် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာ အားလုံးကို ချုပ်ကိုင်ထားပြီး အခြေခံ အခွင့်အရေး အားလုံးနီးပါးကို ချုပ်ချယ်ထားကာ လူ့အခွင့်အရေး အလွဲသုံးစား ပြုမှုများကိုလည်း အရေးယူခြင်း မရှိဘဲ ကျူးလွန်နေသည်။ စစ်ဖက် အရာရှိကြီးများက အစိုးရ အဖွဲ့ဝင် ရာထူးနေရာ အားလုံးကို သိမ်းပိုက်ထားသလို တာဝန် ထမ်းဆောင်ဆဲ (သို့) စစ်ဖက် အငြိမ်းစား အရာရှိများကလည်း ဝန်ကြီးဌာန အားလုံး၏ ထိပ်ပိုင်း ရာထူးများ အပါအဝင် အရေးကြီး အရပ်ဖက် ရာထူးနေရာများကို ရယူထားကြသည်။ SPDC က ၎င်းတို့အပေါ် သဘောထား ကွဲလွဲ ဆန့်ကျင်မှုကို သည်းခံခြင်း မရှိပဲ၊ အစိုးရအား ပြစ်တင် ဝေဖန်သူ မှန်သမျှကို ဖမ်းဆီး ထောင်ချသည့် သမိုင်းကြောင်း ရှိခဲ့သည်။ လက်ရှိ ဖြစ်ပွားနေသော ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု မရှိခြင်း၊ အကျင့်ပျက် ခြစားခြင်း၊ စီးပွားရေး စီမံခန့်ခွဲမှု မှားယွင်းခြင်း စသော ကိစ္စများမှာ နိုင်ငံတော် အဆင့်နှင့် အောက်ခြေဒေသ အဆင့်များတွင် ထိန်းမရအောင် ပျံ့နှံ့နေသည်။

အရပ်ဖက် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်များ

မြန်မာ အစိုးရသည် စာနယ်ဇင်း လွတ်လပ်ခွင့်ကို အလွန်အကျွံ ထိန်းချုပ် တင်းကြပ်ထားပြီး သတင်းစာနှင့် ရုပ်သံလွှင့် မီဒီယာ အားလုံးကိုလည်း ထိန်းချုပ် ပိုင်ဆိုင်ထားသည်။ ၂၀၀၉ ခုနှစ် အတွင်း၌ မီဒီယာများကို ဆက်လက် ဖြိုခွဲ နှိပ်ကွပ်ခဲ့ပြီး နှစ်ကုန်တွင် ဖမ်းဆီးခဲ့သော သတင်းထောက် အရေအတွက်မှာ အနည်းဆုံး ၁၇ ဦးခန့် ရှိသည်။ အာဏာပိုင်များသည် အင်တာနက် ကဖေးများကို အမြဲတမ်း စောင့်ကြည့်နေကာ ဘလော့ဂါများကိုလည်း ပုံမှန် ထောင်ချလေ့ ရှိသည်။

၂၀၀၈ အခြေခံ ဥပဒေတွင် ဘာသာရေး လွတ်လပ်ခွင့်ကို ထည့်သွင်း ခွင့်ပြုထားသည်။ ဥပဒေတွင် ဗုဒ္ဓဘာသာကို အဓိကဘာသာ အဖြစ် အသိအမှတ် ပြုထားသော်လည်း ခရစ်ယာန်၊ အစ္စလာမ် နှင့် ဟိန္ဒူ ဘာသာများကိုလည်း အသိအမှတ် ပြုထားသည်။ တစ်ချိန်တည်းတွင် အစိုးရက ဘာသာရေး အသင်းအပင်းများ၏ စုဝေးမှုများကို နှောင့်ယှက် ဟန့်တားခဲ့ကာ လူနည်းစု ဘာသာရေး အုပ်စုများကိုလည်း ခွဲခြား ဆက်ဆံခဲ့သည်။ ဗုဒ္ဓဘာသာဝင်တို့၏ ဘုရားပုထိုးများ၊ ဘုန်းကြီးကျောင်းများကိုလည်း ၂၀၀၇ ဆန္ဒပြပွဲ ဖြိုခွဲပြီးချိန်မှစ၍ အနီးကပ် စောင့်ကြည့်နေသည်။

မြန်မာနိုင်ငံတွင် ပညာရေး လွတ်လပ်ခွင့်ကိုလည်း ဆိုးဆိုးဝါးဝါး ကန့်သတ်ထားသည်။ ကျောင်းဆရာ၊ ဆရာမများမှာ လွတ်လပ်စွာ ပြောဆိုခွင့် တင်းကြပ်ထားခြင်း ခံရသလို ၎င်းတို့ ကျောင်းသားများ၏ နိုင်ငံရေး လှုပ်ရှားမှုများကိုလည်း တာဝန်ယူရသည်။ ၁၉၈၈ ခုနှစ် တက္ကသိုလ် ကျောင်းသားများ၏ ဒီမိုကရေစီ ဆန္ဒပြပွဲများ အပြီးတွင် အစိုးရက တက္ကသိုလ်များကို အချိန် အကန့်အသတ်မရှိ ပိတ်လိုက်ပြီး ကျောင်းသားများကို အုပ်စုခွဲရန် အတွက် တက္ကသိုလ်ကျောင်းများကို သီးခြားနေရာများစွာသို့ ရွှေ့ပြောင်းလိုက်သည်။

တရားစီရင်ရေး ကဏ္ဍတွင်လည်း လွတ်လပ်ခွင့် မရှိပါ။ တရားသူကြီးများကို အစိုးရက အတည်ပြု ခန့်အပ်ကာ ၎င်းတို့၏ အဆင့်အလိုက် အမှုများကို စစ်ဆေးရသည်။

အဆိုးဝါးဆုံး လူ့အခွင့်အရေး အလွဲသုံးစားမှု အချို့မှာ မြန်မာနိုင်ငံ လူဦးေ၇၏ ၃၅% ရှိသော တိုင်းရင်းသားတို့၏ ဒေသများတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။ အဆိုပါ နယ်စပ်ဒေသများတွင် တပ်မတော်က စိတ်ထင်တိုင်း ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ မုဒိန်းမှု ကျူးလွန်ခြင်း၊ အရပ်သားများကို သတ်ဖြတ်ခြင်း စသော ရာဇဝတ်မှုများ ကျူးလွန်နေသည်။

မြန်မာ အမျိုးသမီးများမှာ အစဉ်အလာအားဖြင့် မြင့်မားသော လူမှု စီးပွားရေး အဆင့်အတန်းကို ရရှိထားခဲ့သော်လည်း ပြည်တွင်း အကြမ်းဖက်မှုနှင့် လူကုန်ကူးမှု ပြဿနာများ အပေါ် စိုးရိမ်မှုများ ကြီးထွားလာနေသလို အစိုးရနှင့် အရပ်ဖက် အုပ်ချုပ်ရေး ဌာနများတွင် ကိုယ်စားပြု နိုင်ခြင်း မရှိသေးပါ။ တိုင်းရင်းသား လူမျိုးများ အပေါ်တွင် တပ်မတော်က မုဒိန်းမှုများ၊ အတင်းအကြပ် ထိမ်းမြားမှုများကို စနစ်တကျ ကျူးလွန်ရာတွင် အမျိုးသမီးရေးရာ အဖွဲ့ချုပ်က ကိရိယာ လက်နက်တစ်ခု အဖြစ် ပါဝင်နေသည်ဟု စွပ်စွဲမှုများ ထွက်ပေါ်နေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 14th June 2010

တောင်ကိုရီးယား သမ္မတ လီမြောင်ဘက်က စစ်သင်္ဘော တိုက်ခိုက်ခံရမှု (သို့) ထပ်မံ အတိုက်ခံရမည့် အန္တရာယ်နှင့် ပတ်သက်၍ မြောက်ကိုရီးယားကို တင်းမာစွာ တုန့်ပြန်ရန်နှင့် စစ်ရေးအရ အပြည့်အဝ အသင့်ဖြစ်နေရန် တနင်္လာနေ့က တောင်းဆိုခဲ့ပြီး ၎င်း၏ ထိပ်တန်း စစ်ဖက် အကြီးအကဲမှာလည်း ချိုနန် ဖြစ်ရပ်ကြောင့် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။

ရေတပ်သား ၄၆ ဦး သေဆုံးခဲ့သော မတ်လက ချိုနန် သင်္ဘော နစ်မြုပ်မှုသည် ပြုံးယမ်း၏ တိုပီဒို ပစ်ခတ်မှုကြောင့် ဖြစ်ကြောင်း အပြစ်တင်ခဲ့ပြီးနောက် တောင်ကိုရီးယားသည် ဝါဒဖြန့် စစ်ဆင်ရေး ပြန်လည် စတင်မှု အပါအဝင် မြောက်ကိုရီးယား အပေါ် ထိရောက်သော အရေးယူ ဒဏ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

မြောက်ကိုရီးယားက ၎င်းအပေါ် စွပ်စွဲမှုကို လုံးဝ ငြင်းဆိုခဲ့ပြီး ဆိုးလ်၏ တုန့်ပြန် စော်ကားမှုများသည် စစ်ပွဲ ဖြစ်ပွားရန် အစပျိုးသလို ဖြစ်လိမ့်မည်ဟု သတိပေးခဲ့သည်။ နယ်စပ်တွင် အသံချဲ့ စပီကာများဖြင့် တောင်ကိုရီးယား ဝါဒဖြန့်ချီရေး ပြုလုပ်နေမှုကို မီးကုန်ယမ်းကုန် တိုက်ခိုက်မှု ပြုလုပ်သွားမည်ဟု မြောက်ကိုရီးယား စစ်ဖက်က စနေနေ့တွင် ပြောကြားလိုက်ပြီး ဆိုးလ်ကိုပင် မီးလောင် တိုက်သွင်းနိုင်သည်ဟု ခြောက်လှန့်လိုက်သည်။

မြောက်ကိုရီးယားသည် ယခင်ကလည်း အလားတူ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ဘူးသည်။ တောင်ကိုရီးယားသည် ၆ နှစ်ခန့် ရပ်နားထားသော အသံချဲ့ စပီကာများကို ပြန်လည် တပ်ဆင်ခဲ့သော်လည်း ဝါဒဖြန့် အစီအစဉ်များ လွှင့်ထုတ်မှုကို မပြုလုပ်သေးပါ။

ချိုနန် ကိစ္စ အပေါ် ပြင်းထန်စွာ တုန့်ပြန်ရန် တောင်ကိုရီးယား သမ္မတ လီမြောင်ဘက်က တနင်္လာနေ့တွင် အသစ် ထပ်မံ တောင်းဆိုလိုက်သည်။

"တကယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ပျက်ကွက်တဲ့ မြောက်ကိုရီးယားကို ထိထိရောက်ရောက် တုန့်ပြန်ဖို့နဲ့၊ စစ်ရေးအရ လုံးဝ အသင့်ရှိနေအောင် တည်ဆောက်ဖို့ကို မလုပ်နိုင်ဘူးဆိုရင် ချိုနန်ဖြစ်ရပ်လိုမျိုး ဒုတိယ အကြိမ်၊ တတိယအကြိမ် စော်ကားရန်စမှုတွေ အချိန်မရွေး ဖြစ်လာနိုင်တယ်" ဟု 'လီ' က တစ်နိုင်ငံလုံးသို့ ရုပ်သံမိန့်ခွန်းမှ ပြောကြားခဲ့သည်။

ထို့အပြင် 'လီ' က တောင်ကိုရီးယား စစ်တပ် ခိုင်မာ တောင့်တင်းအောင် ပြင်ဆင် ပြောင်းလဲမည် ဟု ပြောကြားခဲ့ပြီး သင်္ဘော နစ်မြုပ်မှု အတွက် တာဝန်ရှိသော အရာရှိ အချို့ကို အရေးယူ ထိန်းသိမ်းခဲ့သည်။

နိုင်ငံ၏ ထိပ်တန်း စစ်ဖက် အကြီးအကဲ ဖြစ်သော ပူးတွဲ စစ်ဦးစီးချုပ်များ ကော်မတီ ဥက္ကဌ၏ နုတ်ထွက်မှုကို လက်ခံခဲ့သည်ဟု ကာကွယ်ရေးဌာနက တနင်္လာနေ့တွင် ကြေညာသည်။ သင်္ဘော နစ်မြုပ်မှု မတိုင်မီ သတိပေးမှုများကို ဂရုမစိုက်ဘဲ ပေါ့ဆခဲ့သည်ဟု စွပ်စွဲချက်များ ထွက်ပေါ်လာခြင်းကြောင့် ဗိုလ်ချုပ်ကြီး လီစမ်အူးက နုတ်ထွက်လွှာ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ သွေးစွန်းသော ပင်လယ်ပြင် တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ဖူးသည့် နှစ်နိုင်ငံ အကြား အငြင်းပွား ပင်လယ်ပြင် နယ်နမိတ်တွင် ချိုနန် သင်္ဘော တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့သည်။

အထက်ပါ ရာထူးကို အစားထိုးရန် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟန်မင်းဂူကို အမည် တင်သွင်းထားသည်ဟု ဝန်ကြီးဌာနက ပြောကြားသည်။ ယခု ရာထူးခန့်အပ်မှု အတွက် သမ္မတ လီမြောင်ဘက် အစိုးရ အဖွဲ့၏ တရားဝင် အတည်ပြုမှု လိုအပ်သည်ဟု သိရှိရသည်။

မတ်လ ၂၆ ရက် နစ်မြုပ်မှု မတိုင်မီ စစ်ရေး အသင့်ရှိနေမှု ပျက်ကွက်ခဲ့သည့် အတွက် ပူးတွဲ စစ်ဦးချုပ် လီနှင့် အခြား ကာကွယ်ရေး အရာရှိကြီး ၂၄ ဦးကို အရေးယူရန် တောင်ကိုရီးယား ထိပ်တန်း စုံစမ်းရေးဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ အငြင်းပွား ပင်လယ်ပြင်တွင် နိုဝင်ဘာလက ဖြစ်ပွားခဲ့သော ပစ်ခတ်မှု၏ နောက်ဆက်တွဲအဖြစ် မြောက်ကိုရီးယား ရေငုပ်သင်္ဘော တစ်စင်းက တောင်ကိုရီးယား စစ်သင်္ဘောကို တိတ်တဆိတ် တိုက်ခိုက်နိုင်သည် ဟူသော အချက်ကို တောင်ကိုရီးယား စစ်ဖက်က မျှော်လင့်ထားခဲ့သည်ဟု စုံစမ်း စစ်ဆေးရေး အဖွဲ့က ပြောကြားသည်။ တိုက်ခိုက်မှုကို ကာကွယ် တားဆီးရန်လည်း ပျက်ကွက်ခဲ့သည်ဟု ဆိုသည်။

၁၉၅၀ - ၅၃ ကိုရီးယား စစ်ပွဲမှာ ငြိမ်းချမ်းရေး စာချုပ် မချုပ်ဆိုဘဲ အပစ်အခတ် ရပ်စဲရေးဖြင့် ပြီးဆုံးခဲ့ခြင်း ဖြစ်သောကြောင့် ကိုရီးယား နှစ်နိုင်ငံမှာ ယခုထိ စစ်ဖြစ်နိုင်ချေ ရှိနေဆဲပင် ဖြစ်သည်။

မြောက်ကိုရီးယားကို အရေးယူရန် တောင်ကိုရီးယား၏ တောင်းဆိုမှုကို ကုလ လုံခြုံရေးကောင်စီက စဉ်းစား သုံးသပ်ရန် ဆုံးဖြတ်ခဲ့ပြီ ဆိုးလ် တာဝန်ရှိ ပုဂ္ဂိုလ်များကလည်း စုံစမ်း စစ်ဆေးရေး ရလဒ်များကို တနင်္လာနေ့တွင် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များထံ အသေးစိတ် ရှင်းလင်း တင်ပြရန် စီစဉ်ထားသည်။ တောင်ကိုရီးယား တင်ပြအပြီးတွင် မြောက်ကိုရီးယားကလည်း သင်္ဘော နစ်မြှုပ်မှုနှင့် စပ်လျဉ်းသည့် ၎င်း၏ အနေအထားကို ရှင်းလင်းရန် စီစဉ်ထားသည်ဟု ဆိုးလ်မှ နိုင်ငံခြားရေး ဝန်ကြီးဌာန အဆိုအရ သိရှိရသည်။

စနေနေ့က သွင်းယူပြီး တနင်္ဂနွေနေ့တွင် ထုတ်လွှင့်ခဲ့သည့် Fox News Sunday အင်တာဗျူး အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Susan Rice က "ဒါဟာ လက်ခံနိုင်ဖွယ် မရှိတဲ့ ကျူးကျော် ရန်စမှု ဖြစ်လို့ ပြစ်တင် ရှုတ်ချပါတယ်။ ပြီးတော့ အရေးယူ ဒဏ်ခတ်ဖို့ လိုအပ်ပါတယ်" ဟု ပြောကြားခဲ့သည်။ "ဒီဖြစ်ရပ်မှာ အသက် ဆုံးရှုံးခဲ့ရတဲ့ ရေတပ်သားတွေရဲ့ မိသားစုတွေနဲ့ ထပ်တူထပ်မျှ ကျွန်မတို့ ခံစားရပါတယ်" ဟုလည်း သူမက ပြောကြားလိုက်သည်။

တနင်္လာနေ့ ညနေပိုင်းက ပြုလုပ်သော ဆိုးလ် ဖိုရမ်တွင် ယခင် သမ္မတဟောင်း ကင်ယောင်းဆမ်က "သင်္ဘော နစ်မြှုပ်မှု အတွက် ကုလသမဂ္ဂက မြောက်ကိုရီးယားကို အရေးယူရမည် ဖြစ်ကြောင်းနှင့် အာဏာရှင် ပြုံးယမ်း အစိုးရသည် တောင်ကိုရီးယားကို ဆိုးဆိုးဝါးဝါး ခြိမ်းခြောက်နေသည်" ဟုပြောကြားခဲ့သည်။ ၁၉၉၀ ခုနှစ်များ အလယ်ခန့်က ပထမဆုံး မြောက်ကိုရီးယား နျူကလီယာ ပြဿနာကို ကိုင်တွယ် ဖြေရှင်းခဲ့ရသည့် ကွန်ဆာဗေးတစ် သမ္မတ ကင်ယောင်ဆမ်က "လူ့အခွင့်အရေး ကိစ္စများ အပါအဝင် မြောက်ကိုရီးယားရေးရာ ပြဿနာများတွင် ကုလသမဂ္ဂ အနေဖြင့် ပိုမို တက်ကြွစွာ ပါဝင်ရမည်" ဟု ပြောကြားလိုက်သည်။

ယခုလ အစောပိုင်းက ပြည်တွင်း ရွေးကောက်ပွဲများတွင် လက်ရှိ အာဏာရပါတီ မမျှော်လင့်ဘဲ အရေးနိမ့်ခဲ့ခြင်း အပါအဝင် အစိုးရအဖွဲ့ တစိတ်တပိုင်းကို ဆိုးလ်မြို့ အပြင်ဘက်သို့ ပြောင်းရွှေ့ အခြေစိုက်မည့် စီမံကိန်းကို ဖျက်သိမ်းလိုသည့် သမ္မတလီ၏ အငြင်းပွားဖွယ် အစီအစဉ်များ အပါအဝင် အဓိက ပြည်တွင်းရေး ကိစ္စများကို ဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် သမ္မတလီ၏ မိန့်ခွန်း ထွက်ပေါ်လာခြင်း ဖြစ်ပုံရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, Jack Kim, 14th June 2010

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့သည် ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှု ဖြစ်စေသော ပြီးခဲ့သည့် မတ်လက တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တနင်္လာနေ့တွင် သီးခြားစီ တင်ပြကြမည် ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက တနင်္လာနေ့က ပြောကြားလိုက်သည်။

တောင်ကိုရီးယားသည် ၎င်း၏ သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့သော စစ်သင်္ဘော နစ်မြုပ်မှု အတွက် နိုင်ငံတကာ စုံစမ်း စစ်ဆေးထားမှု အတွက် လုံခြုံရေး ကောင်စီတွင် ယခု အပတ်အတွင်း အစီရင်ခံနိုင်မည်ဟု မျှော်လင့်နေသည်။ ဆိုးလ်က အဆိုပါ သင်္ဘောမှာ မြောက်ကိုရီးယား တော်ပီဒိုကြောင့်ဟု ဆိုသည်။

မြောက်ကိုရီးယားကမူ အဆိုပါ ကိစ္စအား ငြင်းဆိုခဲ့ပြီး တောင်ကိုရီးယား၏ ဆင်လုံးသာ ဖြစ်ကြောင်း စွပ်စွဲခဲ့သည်။ မြောက်ကိုရီးယားတို့သည် လုံခြုံရေး ကောင်စီ အလှည့်ကျ ဥက္ကဌ မက္ကဆီကိုမှ Claude Heller အား သီးခြား ရှင်းလင်း တင်ပြခွင့်ပြုရန် တောင်းဆိုထားကြောင်း တောင်ကိုရီးယား နိုင်ငံရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Kim Young-sun က ဆိုးလ်တွင် ပြောကြားခဲ့သည်။

"သီးခြားစီ တင်ပြခွင့် ရမယ်လို့ ကျွန်တော်တို့ နားလည်ထားပါတယ်" ဟု Kim က ပြောသည်။

ကိုရီးယား နှစ်နိုင်ငံကြားတွင် အမုန်းပွားမှု တိုးတက်လာခြင်းကို ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်လျက် ရှိကြပြီး၊ ဒေသတွင်း လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပေါ်လာမည်ကို ပူပန်လျက် ရှိကြသောကြောင့် တင်းမာမှုများ လျော့ပါးရေး အတွက် ဘက်ပေါင်းစုံမှ သံတမန်နည်းအရ အမြန်ဆုံး ကြိုးပမ်းလျက် ရှိနေကြသည်။

မြောက်ကိုရီးယားက အလုံးစုံ စစ်ပွဲ ဖန်တီးမည်ဟု မကြာခဏ ခြိမ်းခြောက်နေသော်ငြားလည်း စစ်ပွဲ ဖြစ်ပွားရန် နှစ်နိုင်ငံလုံးက အဆင်သင့် မဖြစ်သေးကြောင်း ဝေဖန်သူများက ပြောခဲ့ကြသည်။ သို့သော် အနောက်ဖက်ကမ်းခြေ တလျှောက် ရေပိုင်နက် အငြင်းပွားနေသော နေရာများနှင့် လက်နက်ကိုင်များ ထူထဲစွာ ချထားသော နယ်စပ်များတွင် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း သုံးသပ်ကြသည်။

တောင်ကိုရီးယားကမူ ပြုံးယမ်းအား လွန်ခဲ့သော ဆယ်နှစ်က ငြိမ်းချမ်းရေး အတွက် သမ္မတ Kim Dae-Jung နှင့် Kim Jong-il တို့ နှစ်ဦး ပူးတွဲ ကြေညာချက် မှတ်တိုင်အား ချိုးဖောက်ကြောင်း စွပ်စွဲခဲ့သည်။

အဆိုပါ ထိပ်သီး နှစ်ဦး ပြုံးယမ်းတွင် တွေ့ဆုံခဲ့မှုသည် နှစ်နိုင်ငံ ဆက်ဆံရေးအား နွေးထွေးစေခဲ့ပြီး၊ အေးခဲနေသော ကူးသန်း ရောင်းဝယ်ရေး ဆက်ဆံရေးအား တိုးတက်စေခဲ့သည်။

တောင်ကိုရီးယား သမ္မတ Lee Myung-bak သည် ၎င်းတက်လာသော ၂၀၀၈ ခုနှစ်မှ စ၍ ငွေမရှိ၊ စားစရာမရှိ၊ နေစရာ မရှိ ဆင်းရဲသော ၎င်း၏ အိမ်နီးချင်း အပေါ် အကူအညီ အထောက်အပံ့များ ဖြတ်ပစ်ခဲ့ပြီး၊ ပြုံးယမ်းကို ၎င်း၏ နျူကလီယာ ရည်မှန်းချက်များ စွန့်လွှတ်ရန် တောင်းဆိုခဲ့သည်။ အဆိုပါ လုပ်ရပ်အား မြောက်ကိုရီးယားက စိတ်ဆိုးခဲ့သည်။

တောင်ကိုရီးယား၏ ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Chun Hae-sung က ပြောကြားရာတွင် မြောက်ကိုရီးယား အနေဖြင့် ဆက်ဆံရေး ပြန်လည် အသက်ဝင်စေလိုလျှင် သင်္ဘော နစ်မြှုပ်မှု ကိစ္စအား ဝန်ခံ၍ တောင်းပန်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ပြုံးယမ်းကမူ ယခု ကိစ္စသည် အမေရိကန် ခေါင်းဆောင်သော ကြံစည်မှု ဖြစ်ကြောင်း စွပ်စွဲခဲ့သည်။

တောင်ကိုရီးယား စစ်တပ်မှ ခေါင်းဆောင်၍ နိုင်ငံတကာ စုံစမ်း စစ်ဆေးသူများ ပါဝင်သော အဖွဲ့က မေလက ပြောကြားခဲ့ရာတွင် အဆိုပါ သင်္ဘောအား မြောက်ကိုရီးယား ရေငုပ်သင်္ဘောမှ တော်ပီဒိုဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အခင်း ဖြစ်ပွားရာ ရေအောက်မှ တွေ့ရှိသော လက်နက် အပိုင်းအစများကို သက်သေပြု၍ ပြောကြားခဲ့သည်။

တောင်ကိုရီးယားသည် ပူးတွဲ စစ်ဦးစီးအရာရှိချုပ် ဥက္ကဌအား တုန့်ပြန်မှု နှေးကွေးသည်ဟု ယူဆသောကြောင့် တနင်္လာနေ့က ရာထူးမှ ဖယ်ရှားခဲ့သည်။

တောင်ကိုရီးယား အတိုက်အခံ လစ်ဘရယ် ပါတီက ကာကွယ်ရေး ဝန်ကြီးနှင့် ထိပ်တန်း စစ်တပ်မှ တာဝန်ရှိသူများကို ရာထူးမှ ဖယ်ရှားရန် တောင်းဆိုခဲ့သော်လည်း သမ္မတ Lee ကမူ ယခုအထိ လက်မခံသေးပေ။

မြောက်ကိုရီးယားသည် တောင်ကိုရီးယားက နယ်စပ်တစ်လျှောက်တွင် ပြုံးယမ်း ဆန့်ကျင်ရေး ဝါဒဖြန့်ရန် ပြုလုပ်ထားသော အသံချဲ့စက်များကို ပစ်ချမည်ဟု ထပ်တလဲလဲ ခြိမ်းခြောက်လျက် ရှိပြီး၊ ကိုရီးယားကျွန်းဆွယ်၏ တင်းမာမှုမှာ နှစ်ပေါင်းများစွာ အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 14th June 2010

အီရန်၊ မြောက်ကိုရီးယား၊ ကျူးဘားနှင့် မြန်မာ စသော ရာဇဝင် လူဆိုးနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း တစ်ဒါဇင်ကျော်အား တရားမဝင် လူကုန်ကူးမှုကို ထိရောက်စွာ တားဆီးရန် ပျက်ကွက်ခဲ့သည့် အတွက် အရေးယူ ပိတ်ဆို့ရန် အလားအလာ ရှိကြောင်း အိုဘားမား အစိုးရက သတိပေးလိုက်သည်။

တရားမဝင် လူကုန်ကူးမှုနှင့် လိင်ကျေးကျွန် အဖြစ် ခိုင်းစေမှုများကို ပပျောက်စေရန် ကမ္ဘာတဝှမ်း နိုင်ငံများ မည်သို့ ဆောင်ရွက်နေကြသည် ဆိုသော အချက်ကို သုံးသပ်ထားသည့်၊ နိုင်ငံခြားရေးဌာနက တနင်္လာနေ့တွင် ထုတ်ပြန်သော နှစ်လည် အစီရင်ခံစာတွင် အနိမ့်ဆုံး နိုင်ငံတကာ စံနှုန်းများကိုပင် လိုက်နာခြင်း မရှိသည့် ၁၃ နိုင်ငံအား ၎င်းတို့၏ ဆောင်ရွက်မှု မှတ်တမ်းများ တိုးတက်လာခြင်း မရှိပါက အမေရိကန် ပြည်ထောင်စု၏ အရေးယူ ဒဏ်ခတ်မှုကို ရင်ဆိုင်ရဖွယ် ရှိသည်ဟု သတိပေးခဲ့သည်။

အဆင့် သတ်မှတ်ချက် ကျဆင်းခဲ့သည့် အခြားနိုင်ငံများမှာ ကွန်ဂို၊ ဒိုမီနီကန်၊ အီရီထရီယာ၊ ကူဝိတ်၊ မော်ရီတေးနီးယား၊ ပါပူဝါ နယူးဂီနီ၊ ဆော်ဒီအာရေးဗီးယား၊ ဆူဒန်နှင့် ဇင်ဘာဘွေ တို့ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပါကစ္စတန်နှင့် တရုတ်အကြား စွမ်းအင် ပိုက်လိုင်း သွယ်တန်းမှုသည် ဖြစ်နိုင်ချေ ရှိကြောင်း တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီး Masood Khan က သုံးသပ် ပြောကြားသည်။ ဇွန်လ ၁၃ ရက်နေ့ထုတ် China Daily သတင်းစာတွင် တရုတ်အစိုးရက မြန်မာနှင့် ပါကစ္စတန် နိုင်ငံတို့ကိုဖြတ်သန်းပြီး လောင်စာစွမ်းအင် ပိုက်လိုင်း သွယ်တန်းရေးအတွက် စဉ်းစားလျက် ရှိကြောင်း ဖော်ပြ ပါရှိလာမှုနှင့် ပတ်သက်၍ သံအမတ်ကြီးကို မေးမြန်းရာ ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် ပြည်တွင်းသို့ လောင်စာစွမ်းအင် တင်သွင်းမှု လမ်းကြောင်းပုံစံ ပြောင်းရေးအတွက် အလေးအနက် စဉ်းစားလျက် ရှိသည်။ ပါကစ္စတန် သံအမတ်ကြီး အဆိုအရ ပါကစ္စတန် အစိုးရသည် ယခုအခါ အဆိုပါ ပိုက်လိုင်း သွယ်တန်းရေးအတွက် လုပ်ကိုင် ဆောင်ရွက်လျက်  ရှိသည်။

"တစ်နေ့ ရောက်ရင် ကျွန်တော်တို့ရဲ့ အိပ်မက်တွေ တကယ် ဖြစ်လာမှာပါ" ဟု သံအမတ်ကြီး Masood Khan က ပြောဆိုသည်။ "ပါကစ္စတန် နိုင်ငံတွင်း လုံခြုံရေး ကိစ္စကို စိုးရိမ် ပူပန်စရာ မလိုပါဘူး။ ပိုက်လိုင်း သွယ်တန်းပြီးရင် နှစ်နိုင်ငံ ရေရှည် စီးပွားရေး အကျိုးစီးပွားကို မြှင့်တင်နိုင်မှာပါ" ဟု ၎င်းက ရှင်းလင်း ပြောဆိုသည်။

ပါကစ္စတန်-တရုတ် ပိုက်လိုင်း သွယ်တန်းရေးနှင့် ပတ်သက်ပြီး China Daily သတင်းစာတွင် ဆောင်းပါးရှင် Hongyi Lai က လောင်စာ တောင်းတမှု ဟူသော ခေါင်းစဉ်ဖြင့် ရေးသားသော ထင်မြင်ချက် ဆောင်းပါးတွင် "ရေရှည် လောင်စာ ထောက်ပံ့မှုသည် ပဓာနကျသည်။ လာမည့် ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒသည် လောင်စာကိစ္စကြောင့် အပြောင်းအလဲ ဖြစ်မည်" ဟု ရေးသားထားသည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒကို အဓိက အဆုံးအဖြတ် ပေးသည့် အရာမှာ လောင်စာစွမ်းအင် လိုချင် တပ်မက်မှု ဖြစ်ခဲ့သည်မှာ အချိန်ကာလ ကြာပြီ ဖြစ်သည်။ တရုတ်အစိုးရက ထုတ်ပြန်သော စာရင်းဇယားများအရ တရုတ်ပြည်သို့ လောင်စာ တင်သွင်းမှု အခန်းကဏ္ဍမှာ စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရသည်ဟု Hongyi Lai က ရေးသည်။ တရုတ်သည် အနာဂတ် ကာလတွင် ပထဝီ နိုင်ငံရေး စိန်ခေါ်မှုဖြင့် ကြောက်ခမန်းလိလိ ရင်ဆိုင်ရတော့မည် ဖြစ်သည်ဟု ဆိုသည်။

"အနာဂတ်ကာလ လောင်စာ တင်သွင်းမှု လုံခြုံ စိတ်ချရအောင် မည်သို့ လုပ်ဆောင်မည်နည်း"

ယခုနှစ် ဧပြီလတွင် တရုတ်နိုင်ငံ လောင်စာ တင်သွင်းမှုမှာ ယမန်နှစ်နှင့် နှိုင်းစာလျှင် ၃၁ ရာခိုင်နှုန်းခန့် ရုတ်တရက် ခုန်တက်သွားသည်။ တစ်နေ့လျှင် ရေနံစည် ၅ ဒဿမ ၁၅ သန်းအထိ တင်သွင်းနေခြင်း ဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယလောင်စာ တင်သွင်းမှု အများဆုံးနိုင်ငံ ဖြစ်သော ဂျပန်ကို ကျော်တက်သွားပြီ ဖြစ်သည်။

ပြီးခဲ့သည့် မေလအတွင်း တရုတ် ဘဏ္ဍာရေး ဝန်ကြီးဌာနထုတ် Caixin မဂ္ဂဇင်း အဆိုအရ ၂၀၀၉ ခုနှစ်မှ စ၍ ယနေ့ အချိန်အထိ တရုတ်နိုင်ငံသည် ဒေါ်လာ ၆၀ ဘီလီယံ တန်ဖိုးရှိ လောင်စာ ရောင်းဝယ်မှု သဘောတူညီချက်များ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

တရုတ်နိုင်ငံအတွက် အဓိက စိန်ခေါ်မှုမှာ တိကျရေရာသော စွမ်းအင်ရင်းမြစ် ရရှိရေးသာမက ပြည်တွင်းသို့ လောင်စာ တင်သွင်းမှု ပုံစံသစ်များ ထွက်ပေါ်ရေးလည်း ဖြစ်ကြောင်း သိရသည်။

APP သတင်းဌာန၏ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.