Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနှင့် အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနများ အကြား နှစ်နိုင်ငံ ညှိနှိုင်း ဆွေးနွေးမှုများ ထူထောင်ပြီး စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံပိုင် New Light of Myanmar သတင်းစာက ရေးသား ဖော်ပြသည်။

အီရန်နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Mohammad Ali Fathollahi ဇွန်လ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်စဉ်အတွင်း နှစ်နိုင်ငံ ညှိနှိုင်း ဆွေးနွေးမှုများ ထူထောင်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ တစ်ရပ်ကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း သတင်းက ဆိုသည်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနှင့် အတူ ပြုလုပ်သော တွေ့ဆုံ ဆွေးနွေးပွဲတွင် မစ္စတာ Mohammad Ali Fathollahi က စွမ်းအင် ဝန်ကြီး ဦးလွန်းသီနှင့်လည်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ အခန်းကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက် ဆွေးနွေးခဲ့သည်။ ထို့အတူ ၎င်းနှင့် ရာထူးအဆင့် တူသူ မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့်နှင့်လည်း အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေးအတွက် အမြင်ချင်း ဖလှယ်ခဲ့သည်။

အနာဂတ်ကာလ အီရန်နှင့် မြန်မာ အကြား ချစ်ကြည် ရင်းနှီးမှုနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အပါအဝင် ကုလသမဂ္ဂနှင့် ဘက်မလိုက် လှုပ်ရှားမှုများ ကဲ့သို့သော ဒေသတွင်းနှင့် နိုင်ငံတကာ ဖိုရမ်များတွင်ပါ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ဆန္ဒရှိကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်များက ထပ်မံ ထုတ်ဖော် ပြောဆိုသည်။

ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးအတွက် နှစ်နိုင်ငံမှ စက်မှုလက်မှုနှင့် ကုန်သည်ကြီးများ အသင်းတို့ အပြန်အလှန် အဆက်အသွယ် ရရှိရန်လည်း သဘောတူခဲ့သည်။ မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့်သည် ပြီးခဲ့သည့် မတ်လအတွင်း အီရန်နိုင်ငံသို့ သွားရောက် လည်ပတ်ပြီး အီရန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Xinhua သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း မြန်မာနိုင်ငံ အနောက်ဘက် ကမ်းဒေသ (ရခိုင်နှင့် ချင်းပြည်နယ်) ကမ်းလွန်ပင်လယ်ပြင်ရှိ သဘာဝ ဓာတ်ငွေ့များ တစ်စထက် တစ်စ ထုတ်လုပ် ရယူနိုင်သည့် အချိန်မှစ၍ အဆိုပါ ဒေသများတွင် မြန်မာစစ်တပ်မှ လုံခြုံရေး တပ်ဖွဲ့ ဦးရေမှာလည်း ပိုမို တိုးပွားလာခဲ့သည်။ ယခင်တပ်ရင်း နှစ်ခုလောက်သာ ရှိရာမှ တပ်ရင်း ၄၈ ခု အထိ တိုးချဲ့ အခြေစိုက်လာသည်။

မြန်မာ စစ်တပ်က တပ်ရင်းများ များလာသည် နှင့်အမျှ ယင်းဒေသရှိ တောင်ကုန်း တောင်တန်းများတွင် နေထိုင်သော တိုင်းရင်းသား လူမျိုးစုများ၏ မြေယာများလည်း ပိုမို သိမ်းယူခြင်း ခံလာရသည်။ စစ်တပ်ရင်းများ တည်ဆောက်ရန်၊ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ရေးအတွက် စီးပွားရေး အခြေခံ အဆောက်အအုံများ တည်ဆောက်ရန် ဟူသော အကြောင်းပြချက်ဖြင့် သိမ်းယူခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ပြောရလျှင် အဆိုပါ လုပ်ရပ်များကို အဂတိ လိုက်စားသော မြန်မာ အစိုးရ အရာရှိများက လုပ်လေ့လုပ်ထ ရှိသည်။ ထိုလုပ်ရပ်များကြောင့် ဒေသခံ တိုင်းရင်းသား လူမျိုးများမှာလည်း အကျပ်အတည်း မျိုးစုံနှင့် ရင်ဆိုင်လာရသည်။

နောက်ဆက်တွဲ ရလဒ်က အခြားမဟုတ်ပါ။  အဆိုပါ လုပ်ရပ်များကြောင့် ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် အသေးစား တိုက်ပွဲများ ပိုမို ဖြစ်ပွားလာသည်။ အစိုးရက သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ရေး ဟူသော အကြောင်းပြချက်ဖြင့် ဒေသခံများအပေါ် ဖိနှိပ်မှု ပြုလုပ်လေ အသေးစား တိုက်ပွဲလေးတွေ ပြင်းထန်လေပင် ဖြစ်သည်။

ထိုမျှမကသေးပါ။ မြန်မာ လေတပ်ကလည်း တရုတ်နိုင်ငံမှ ဝယ်ယူသည့် K-8 အမျိုးအစား တိုက်လေယာဉ် အစင်း ၅၀ မောင်းနှင်နိုင်ရေးအတွက် တရုတ် လေကြောင်း အတတ်သင် ဆရာများ ခေါ်ယူလျက် ရှိသည်။ လိုသည်ထက်ပင် ပို၍ ခေါ်ယူနေသည်။ အကြောင်းမှာ K-8 အမျိုးအစားသည် အပေါ့စား ဗုံးကြဲ လေယာဉ်များ ဖြစ်ပြီး တောင်ကုန်း တောင်တန်း ဒေသတွင် ခြေကုပ်ယူသော သူပုန်များကို နောက်ယောင်ခံလိုက် တိုက်ခိုက်ရာ၌ လွန်စွာ အသုံးဝင်သောကြောင့် ဖြစ်သည်။ K-8 တိုက်လေယာဉ် ပိုင်းလော့ အနေဖြင့် တောင်ကုန်းဒေသရှိ သူပုန်စစ်စခန်းများကို အသာတကြည် ရှာဖွေပြီး ဗုံးများ ကြဲချနိုင်သည်။

ယခု ဇွန်လ အစောပိုင်းတွင် အမေရိကန် ပြည်ထောင်စုနှင့် ကုလသမဂ္ဂ အရာရှိကြီးများက မြန်မာနိုင်ငံသည် မြောက်ကိုရီးယားမှ နျူကလီယာ နည်းပညာများ တင်သွင်းလျက် ရှိသည်ဟု ယုံကြည်ကြောင်း ထုတ်ဖော် ကြေညာသည်။ မြန်မာ နျူကလီယာကိစ္စနှင့် ပတ်သက်၍ အနည်းငယ်သာ နားလည် သဘောပေါက်နိုင်သေးသည်။ ထောက်လှမ်းရေး တပ်ဖွဲ့များက မြန်မာနိုင်ငံတွင် နျူကလီယာနှင့် ဆက်စပ်သော အရေးကိစ္စတစ်ခုခု လုပ်ကိုင်နေသည်ဟု ညွှန်းဆိုလိုပုံ ရသည်။ မြန်မာ စစ်အစိုးရက ခဏတာမျှ ငြိမ်နေပြီးကာမှ စွပ်စွဲမှုများ မဟုတ်မမှန်ဟု ငြင်းပယ်သည်။
         မြန်မာနိုင်ငံသည် လက်နက် အတော်များများကို အိမ်နီးချင်း တရုတ်နိုင်ငံမှ ရရှိနေသည်။ မြောက်ကိုရီးယားကမူ မည်သူမဆို ငွေပေး ဝယ်ယူပါက ရှိသမျှ လက်နက် ဟူသရွေ့ တင်ပို့ ရောင်းချလိုသည်။ တိုက်ချင်းပစ် ဒုံးကျည်၊ နျူကလီယာ နည်းပညာ၊ ခြေလျင် တိုက်ခိုက်ရေး လက်နက် အစရှိသည် အားလုံးကို ရောင်းချလိုသည်။ နိုင်ငံတကာတွင် တရားဝင် အစိုးရအဖြစ် သတ်မှတ် ခံရရေးအတွက် ရွေးကောက်ပွဲ တစ်ရပ်ကို အတုအယောင် သဘောမျိုးဖြင့် ကျင်းပရန် စီစဉ်နေချိန်တွင် အဘယ်ကြောင့် ယခုကဲ့သို့ သံတမန်ရေးအရ ပြဿနာ ရှုပ်ထွေးစေမည့် နျူကလီယာ အစီအစဉ်ကို လုပ်ကိုင်ခဲ့ရသနည်း။

ဖြစ်နိုင်ချေ ရှိသည်မှာ မြန်မာသည် မြောက်ကိုရီးယားနှင့် မဟာမိတ် ဖွဲ့နေခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ မြောက်ကိုရီးယားထံမှ နျူကလီယာ နည်းပညာ ရရှိရေးနှင့် မြောက်ကိုရီးယား လက်နက် ဈေးကွက်ကို အကူအညီ ပေးရေး ဟူသော ကိစ္စဖြင့် မဟာမိတ် ဖွဲ့နေခြင်း ဖြစ်နိုင်သည်။

ယခုဆိုလျှင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လူမျိုးစုများ၊ လက်နက်ကိုင် သူပုန်များ အကြား တင်းမာမှုများမှာ လျော့ကျသွားခြင်း မရှိဘဲ ပိုမို၍ပင် ဆိုးရွားလာသည်။ အသေးစား စစ်ပွဲများလည်း ဆက်လက် ဖြစ်ပေါ်ဆဲပင် ဖြစ်သည်။ သို့သော် အဆိုပါ စစ်ပွဲကလေးများကို မြန်မာ မီဒီယာများက
ရေးသား ဖော်ပြခြင်း မရှိပေ။ နိုင်ငံခြား သတင်း မီဒီယာများနှင့် ဂျာနယ်လစ်များ အနေဖြင့်လည်း ထိုစစ်ပွဲကလေးများ သတင်းကို ထုတ်ဖော် ရေးသားရန် ခက်ခဲသည့် အနေအထားတွင် ရှိသည်။ မြန်မာနိုင်ငံပိုင် မီဒီယာများကတော့ အကြမ်းဖက်သမားများ ဗုံးဖောက်ခွဲ တိုက်ခိုက်သည်၊ ဗုံးခွဲရန် ကြိုးပမ်းသည်၊ အကြမ်းဖက်သမားတို့၏ ဗုံးများနှင့် မိုင်းများ မပေါက်ကွဲမီ ဖမ်းဆီးရမိသည် ဟူသည့် သတင်းများကို လစဉ်လိုလို ဖော်ပြ ရေးသားသည်။ လူအသေအပျောက် များသည့် အကြီးစားဗုံး ပေါက်ကွဲမှုများ ဖြစ်ပေါ် သတင်းများသာ ထုတ်ဖော် ရေးသားလေ့ ရှိသည်။

ဆိုရပါလျှင် တောတွင်းနေရာများတွင် ခြေကုပ်ယူ လှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင်များ၊ သူပုန်များအပေါ် လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများနှင့် အသေးစား တိုက်ခိုက်မှုများနှင့် ပတ်သက်သော သတင်းများ မည်သည့်အခါမှ ထွက်ပေါ်လာမည် မဟုတ်ပေ။ စစ်တပ် ကင်းလှည့်မှုများ၊ ရှေ့တန်းထွက်မှုများ၊ တောတောင်များတွင် နေထိုင်သူ ပြည်သူများအပေါ် ရက်စက် ကြမ်းကြုတ်မှုများ စသည်တို့လည်း ရံဖန်ရံခါမှသာ သတင်း ဖြစ်လိမ့်မည်။  ယခုဆိုလျှင် တိုင်းရင်းသား အများစုမှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားကြပြီ ဖြစ်သည်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသား ကျေးရွာများတွင် ဖြစ်ပေါ်လေ့ ရှိသော မြန်မာစစ်တပ်၏ အဓမ္မ ပြုကျင့်မှုများလည်း ရှိနေဆဲသာ ဖြစ်သည်။

Strategy Page မှ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 15th June 2010

ကျေးလက်ဒေသများမှ ရောက်ရှိလာသော ရွှေ့ပြောင်း အလုပ်သမားများ အတွက် လူနေမှု အဆင့်အတန်း ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ပေးကြရန် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က တောင်းဆိုလိုက်သည်။

တရုတ်နိုင်ငံသည် မိမိ၏ ချမ်းသာကြွယ်ဝမှုနှင့် မိုးမျှော် အဆောက်အအုံများ အတွက် အဆိုပါ လုပ်သားများအပေါ် ကျေးဇူးကြွေး တင်နေကြောင်းနှင့် တာဝန်ရှိသူများက ၎င်းတို့အား သားသမီးကဲ့သို့ သဘောထား ဆက်ဆံသင့်သည်ဟု 'ဝမ်' က ဆိုသည်။ အလုပ်သမား ဆန္ဒပြမှုများ၊ အလုပ်ခွင်နှင့် ဆက်စပ်သည့် မိမိကိုယ်မိမိ သေကြောင်းကြံမှုများ ဖြစ်ပွားလာခြင်းကြောင့် 'ဝမ်' ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

လက်ရှိ နှစ်များအတွင်း ကျေးလက်တောပိုင်းမှ မြို့ကြီးများသို့ ရွှေ့ပြောင်းလာသော အလုပ်သမားများ သန်း ၂ဝဝ ခန့်အထိ တိုးပွားလာသည်။

သို့သော်လည်း ၎င်းတို့အား နေထိုင်ခွင့် ပါမစ်ပေးရေး အတွက် လုပ်ထုံးလုပ်နည်း စနစ်ကို လျော့ပါးပေးရန် တရုတ် အစိုးရက ငြင်းဆန်ခဲ့သည်။

လုပ်ခလစာ မကျေနပ်၍ တစ်ပတ်ကြာ သပိတ်မှောက်ပြီးနောက် အလုပ်ပြန်ဆင်းကြသော ဟွန်ဒါ စက်ရုံလုပ်သားများ၏ ကိစ္စကြောင့် ဝမ်ကျားပေါင်က မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

လစာတိုးရန် ကတိမပေး

"အစိုးရနဲ့အတူ အသိုင်းအဝိုင်း အားလုံးက ဒီငယ်ရွယ်တဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ကိုယ့်သားသမီးကို ဆက်ဆံသလိုမျိုး ဆက်ဆံကြဖို့ သင့်ပါတယ်" ဟု ဝမ်က ဆိုသည်။

ကျေးလက်ဒေသများရှိ စာသင်ကျောင်းများ၊ ဆေးရုံများ စသော ပြည်သူ ဝန်ဆောင်မှုများကို တိုးတက်အောင် ဆောင်ရွက်ပေးရန် 'ဝမ်' က ကတိပြုခဲ့ရာ ရွှေ့ပြောင်းလုပ်သားများ အနေဖြင့်​ ၎င်းတို့ ဇာတိမြို့ရွာနှင့် ပတ်သက်၍ ပူပန်မှု လျော့ပါးသွားဖွယ် ရှိသည်။

တရုတ်စက်မှုကဏ္ဍမှ စက်ရုံများတွင် အလုပ်သမား ပြဿနာများကြောင့် စိုးရိမ် ပူပန်မှုများ ကြီးထွားလာပြီး ရွှေ့ပြောင်း အလုပ်သမားများမှာ ခက်ခဲ ပင်ပန်းသော အလုပ်ခွင် အခြေအနေများ၊ လုပ်ခလစာ ထိန်းချုပ်မှုများကြောင့် စိတ်ဓာတ်ကျနေကြသည်ဟု သိရှိရသည်။

တရုတ်နိုင်ငံတွင် ဆန္ဒပြမှုများမှာ ဥပဒေအရ ခွင့်မပြုသော်လည်း ဟွန်ဒါနှင့် အခြားကုမ္ပဏီများတွင် လတ်တလော ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများကို အစိုးရက သည်းခံခဲ့သည့် လက္ခဏာ ရှိသည်။ ယခုအချိန်အထိ ဖြစ်ခဲ့သော ပြဿနာများမှာလည်း အလျင်အမြန် ကျေအေး ပြီးဆုံးကာ ငြိမ်သက်သွားခဲ့သည်ဟု ရှန်ဟိုင်းမှ BBC သတင်းထောက် Chris Hogg က ပြောကြားသည်။

လွန်ခဲ့သည့် ၅ လအတွင်း သတင်း နည်းပညာ IT ပစ္စည်း ထုတ်လုပ်သူ Foxconn ကုမ္ပဏီမှ တရုတ် ဝန်ထမ်း ၁၀ ဦး မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့ကြပြီး ၃ ဦးထက်မနည်း သေကြောင်း ကြံစည်ရန် ကြိုးစားခဲ့ကြသည်။

ကမ္ဘာ့အကြီးဆုံး ကွန်ပြူတာ အစိတ်အပိုင်း ထုတ်လုပ်သူ Foxconn သည် Apple ၊ Nokia နှင့် Dell စသော ကမ္ဘာကျော် ကုမ္ပဏီများသို့ ပစ္စည်းတင်သွင်းသည့် ကုမ္ပဏီ ဖြစ်သည်။

ကျေးလက်ဒေသများမှ မြို့ကြီးများသို့ လာ၍ အလုပ်လုပ်သော လစာနည်း အလုပ်သမားများအား ဝန်ကြီးချုပ် 'ဝမ်' က ယခုကဲ့သို့ ထောက်ခံ ပြောကြားခြင်းသည် ယခင်က ထုံးစံ မရှိခဲ့ဟု BBC သတင်းထောက်က ဆိုသည်။

သို့ရာတွင် လတ်တလော မငြိမ်သက်မှုများကို ဆက်စပ် သုံးသပ်မည် ဆိုပါက ဝန်ကြီးချုပ် 'ဝမ်' ၏ မှတ်ချက်များသည် အထက်ပါ ဖြစ်ရပ်များ ငြိမ်သက် အေးဆေးသွားစေရန် တရုတ်နိုင်ငံ၏ ကြိုးပမ်း အားထုတ်မှုဟု ယူဆရမည့် လက္ခဏာ ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဆန္ဒပြ အလုပ်သမား အုပ်စုများစွာ၏ တူညီသော တင်ပြမှု ဖြစ်သည့် လုပ်ခ လစာ နည်းပါးမှုကိုမူ 'ဝမ်' က ဖြေရှင်းခဲ့ခြင်း မရှိပါ။

မည်သို့ပင် ဖြစ်စေ၊ ရွှေ့ပြောင်း လုပ်သားများ၏ လိုအပ်ချက်များကို အထူး အာရုံစိုက်ရမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များအား အချက်ပြ သတိပေးလိုက်ပြီ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံမှတစ်ဆင့် ဖြတ်သန်းသွားပြီး ဘင်္ဂလားဒေ့ရှ်သို့ ဖောက်လုပ်မည့် ဘင်္ဂလားဒေ့ရှ် အစိုးရ၏ လမ်းဆက်သွယ် ဖောက်လုပ်ရေး အဆိုပြုလွှာကို တရုတ်အစိုးရက သဘော တူညီလိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဒုတိယသမ္မတ Xi Jinping ၏ ဘင်္ဂလားဒေ့ရှ် ခရီးစဉ် ပြီးဆုံးပြီးနောက် ဝန်ကြီးချုပ် Sheikh Hasina က အဆိုပါ လမ်းဖောက်လုပ်ရေး လုပ်ငန်း အပြီးသတ် ဆောင်ရွက်ရန် တရုတ်အစိုးရက သဘော တူညီလိုက်ကြောင်း ထုတ်ဖော် ကြေညာသည်။

ယခုအခါ ဘင်္ဂလားဒေ့ရှ် အစိုးရ၏ ငွေကြေး စိုက်ထုတ်မှုဖြင့် ဖောက်လုပ်မည့် အဆိုပါ ဘင်္ဂလားဒေ့ရှ် - မြန်မာ လမ်းမ စီမံကိန်းအတွက် ဒီဇိုင်း ရေးဆွဲမှုများ ပြုလုပ်လျက် ရှိကြောင်း ဝန်ကြီးချုပ် Sheikh Hasina က ပါလီမန်သို့ ပြောကြားသည်။ လမ်းဖောက်လုပ်ရေး စီမံကိန်းကို အပိုင်း နှစ်ပိုင်း ခွဲကာ အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု သူမက ဆိုသည်။

ပထမ တစ်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ Ramuမြို့ မှ Gudum မြို့သို့ ဖောက်လုပ်မည် ဖြစ်ကြောင်း ဒုတိယ အပိုင်းမှာ ကီလိုမီတာ ၂၃ ရှည်လျားပြီး မြန်မာနိုင်ငံတွင် Taungbro မှ Bolibazar သို့ ဖောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။

ဒါကာ အစိုးရသည် ယခုအခါ ဘင်္ဂလားဒေ့ရှ် ပြည်သူများ၏ အကျိုးစီးပွားအတွက် တရုတ်နိုင်ငံ အပါအဝင် အရှေ့တောင် အာရှ (အာဆီယံ) နိုင်ငံများနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ ချိတ်ဆက်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းလျက် ရှိကြောင်း ဝန်ကြီးချုပ် Sheikh Hasina က ပြောသည်။

"အဆိုပြုထားတဲ့ စီမံကိန်းတွေ အကောင်အထည် ဖော်ပြီးတာနဲ့ တစ်ပြိုင်နက်တည်း အကျိုး ဖြစ်ထွန်းမှုတွေ ဖြစ်စေမယ်။ မော်တော်ကားလမ်းတွေနဲ့ ရထားလမ်း ဆက်သွယ်ရေး ကွန်ယက်တွေ အာဆီယံနိုင်ငံတွေ အကြား ထွက်ပေါ်လာမှာ ဖြစ်ပါတယ်" ဟု Sheikh Hasina က ပြောကြားသည်။

တရုတ် အပါအဝင် အခြားသော အရှေ့တောင် အာရှ နိုင်ငံများနှင့် ပူးပေါင်းပြီး နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ လုပ်ငန်းများကို အပြန်အလှန် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု သူမက ဖြည့်စွက် ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ် အမျိုးသမီး ဝန်ကြီးချုပ် Sheikh Hasina သည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလတွင် အာဏာ ပြန်လည်ရရှိခဲ့သည်။ သူမသည် ထိုအချိန်မှ စကာ အိန္ဒိယ၊ တရုတ်နှင့် အခြား တောင်အာရှ နိုင်ငံများ ဖြစ်သော နီပေါ၊ ဘူတန် စသည့်နိုင်ငံတို့နှင့် ကုန်သွယ်ရေး လုပ်ငန်းများ ကောင်းမွန်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ကားနှင့် ရထားလမ်းများ ချိတ်ဆက် ဖောက်လုပ်ရန် ကြိုးပမ်းလျက် ရှိသည်။

ယခု ကားလမ်း ဖောက်လုပ်ပြီးသွားပါက ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့သည် မြန်မာနိုင်ငံမှ တစ်ဆင့် ကုန်သွယ်မှု ပြုလုပ်နိုင်မည် ဖြစ်သည်။ လမ်းဖောက်လုပ်ရေး ဒုတိယအပိုင်း ဖြစ်သည့် Bolibazar နှင့် Kyanktow လမ်းပိုင်းကို မြန်မာအစိုးရက ဖောက်လုပ်မည် ဖြစ်သည်။ Kyanktow နှင့် တရုတ်နိုင်ငံ ကူမင်းမြို့အကြား လမ်းပန်း ဆက်သွယ်မှု ရှိကြောင်း ဝန်ကြီးချုပ် Hasina က ဆိုသည်။

Xinhua သတင်းကို ဘာာသာပြန်ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 16th June 2010

ဗုဒ္ဓဟူးနေ့က ရာသီဥတု ဆိုးဝါးမှုကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် စစ်ဖက် ရဟတ်ယာဉ် တစ်စင်း ပျက်ကျခဲ့ရာ ၄ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည် ဟု သက်ဆိုင်ရာ အရာရှိများက ပြောကြားသည်။

Mi-1 အမျိုးအစား စစ်ဖက် ရဟတ်ယာဉ်သည် ရှမ်းပြည်နယ် အနောက်ပိုင်း ပင်းတယမြို့အနီး တောအုပ်ထဲသို့ ပျက်ကျခဲ့ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။

လိုက်ပါလာသူ လေးဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ တစ်ဦးကို အနီးမှ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ရဟတ်ယာဉ် ပျက်ကျမှု အတွက် ရာသီဥတု ဆိုးဝါးမှုကိုသာ အပြစ်တင်ရမည် ဖြစ်ကြောင်း နောက်ထပ် စစ်ဖက် အရာရှိ တစ်ဦးက ပြောကြားခဲ့သော်လည်း သေဆုံးသူများ၏ ကိုယ်ရေး အချက်အလက် အသေးစိတ်ကို ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိပါ။

လျှို့ဝှက်တတ်သော မြန်မာ စစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ စစ်ဖက် စစ်ဆင်ရေးနှင့် ပတ်သက်သော အကြောင်းအရာများကို ထုတ်ဖော် ပြောဆိုမှု မရှိသလောက် နည်းပါးလှသော်လည်း ၂၀၀၉ ဒီဇင်ဘာလက  လေယာဉ်မောင်း ပိုင်းလော့ တစ်ဦး သေဆုံးခဲ့သည့် တရုတ်နိုင်ငံလုပ် ဂျက်တိုက်လေယာဉ် မတော်တဆ ပျက်ကျမှုကိုမူ နိုင်ငံပိုင် မီဒီယာများက ဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Dominion Post, By Tom Hunt, 16th June 2010

မြန်မာ စစ်အစိုးရ ရေတပ်မှ Captain တစ်ဦးသည် Auckland လုံခြုံရေး ကွန်ဖရင့်သို့ တက်ရောက်ခဲ့သည်။ အဆိုပါ ရေတပ်မှ အရာရှိကြီး တစ်ဦး လာရောက်ခြင်းသည် မြန်မာနိုင်ငံ၏ အဖြစ်အပျက်များကို စောင့်ကြည့်နေသော အတိုက်အခံ နိုင်ငံရေးသမား နှစ်ဦးကို အံ့သြစေခဲ့သည်။ ၎င်းတို့ နှစ်ဦးသည် အဆိုပါ ကိစ္စကို လုံးဝ သိရှိခြင်း မရှိဘဲ နိုင်ငံခြားရေး ဝန်ကြီး Murray McCully က တရားဝင် သတင်းအက် ဥပဒေ အရ The Dominion Post သို့ ထုတ်ပြန်သော စာများ ထွက်ပေါ်လာမှ သိရှိရခြင်း ဖြစ်သည်။

သို့သော် McCully က ပြောကြားရာတွင် ကွန်ဖရင့်မှာ လူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိကြောင်း ဆိုသည်။

အဆိုပါ ကိစ္စအား ဖော်ပြခဲ့မှုသည် နယူးဇီလန် အပေါ် နိုင်ငံတကာ၏ ထင်မြင်ချက်နှင့် ပတ်သက်၍ အန္တရာယ်များကြောင်း မီးမောင်း ထိုးပြလိုက်သလို ဖြစ်သည်။ အဆိုပါ စာများတွင် အခြား အသေးစိတ်များကို ဖော်ပြခြင်း မရှိပေ။

အဆိုပါ ကွန်ဖရင့်သည် ဒေသတွင်း စွမ်းဆောင်ရည် တိုးတက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးတက်ရေးကို အလေးထား ဆွေးနွေးခဲ့သည်။

Green Party နိုင်ငံခြားရေးရာ ပြောခွင့်ရ ပုဂ္ဂိုလ် Keith Locke က ပြောကြားရာတွင် နယူးဇီလန် အစိုးရသည် လူသားချင်း မစာနာသော ရာဇဝတ်မှုများ ကျူးလွန်ကြောင်း စွပ်စွဲခြင်း ခံရသော မြန်မာ စစ်အစိုးရကို ထိရောက်သော ဆုလာဒ်များ ပေးနေသကဲ့သို့ ဖြစ်သည်ဟု ဆိုသည်။ နယူးဇီလန် အစိုးရသည် အနောက်ကမ္ဘာတွင် မြန်မာနိုင်ငံအား အရေးယူမှု အားအနည်းဆုံး နိုင်ငံ ဖြစ်သည်။

မြန်မာနိုင်ငံကို စစ်တပ်က အုပ်ချုပ်ပြီး အတိုက်အခံများကို နှိပ်ကွပ်နေသော အစိုးရ ဖြစ်သည်။

တိုင်းပြည်တွင် ဒီမိုကရေစီ နည်းကျကျ ရွေးချယ်တင်မြှောက် ခံထားရသော ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာလည်း လွန်ခဲ့သော အနှစ်နှစ်ဆယ် အတွင်း အချိန်အတော် များများ နေအိမ်အကျယ်ချုပ် ချထားခြင်း ခံနေရသည်။

လေဘာ ပါလီမန် အဖွဲ့ဝင် Maryan Street က မြန်မာနိုင်ငံမှ ဤမျှ ရာထူးကြီးကြီး လာရောက်သည်ကို အံ့သြကြောင်း ဆိုသည်။

ယခုလတွင် ပါလီမန်သည် တညီတညွတ်တည်း မဲပေး၍ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးနှင့် ဒီမိုကရေစီ အခွင့်အရေးများ ပြန်လည် ပေးအပ်ရန်နှင့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပြုရန် စစ်အစိုးရသို့ တောင်းဆိုခဲ့ကြသည်။

McCully ၏ ရုံးသည် မတ်လ ၂၉ မှ ၃၁ ထိ ကျင်းပသော March Asean Regional Forum International Meeting ၏ ရေကြောင်းဆိုင်ရာ လုံခြုံရေး ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ရေတပ်မှ Captain နေဝင်း တက်ရောက်ကြောင်း အတည်ပြုခဲ့သည်။

မြန်မာနိုင်ငံ နိုင်ငံခြားရေးဌာန အာဆီယံရေးရာ ဌာနမှ ဒါရိုက်တာ ဦးဝေလွင်သန်းနှင့် ပို့ဆောင်ရေးမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဖေတို့လည်း တက်ရောက်ရန် စီစဉ်ပြီးကာမှ အကြောင်းပြချက် မပေးဘဲ မတက်ရောက် ဖြစ်ခဲ့ပေ။

မြန်မာနိုင်ငံမှ ထွက်ပြေးလာသော နိုင်ငံရေး အကျဉ်းသားဟောင်း နိုင်ကိုကိုက ပြောကြားရာတွင် နယူးဇီလန် အစိုးရသည် မြန်မာနိုင်ငံ၏ ပါဝင် တက်ရောက်မှုကို တားဆီးသင့်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ပါဝင် တက်ရောက်မှုသည် မြန်မာ အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ပြုလုပ်နိုင်ရေး အတွက် ထောက်ခံလိုက်သကဲ့သို့ ဖြစ်ကြောင်း ၎င်းက ပြောသည်။

"နယူးဇီလန် အစိုးရဟာ ဒီလို အာဏာရှင် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မှု မလုပ်သင့်ပါဘူး။ ဘာလို့လဲ ဆိုတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်က စစ်ရာဇဝတ်မှုနဲ့ လူသားချင်း မစာနာတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်လို့ အရေးယူဖို့ တောင်းဆိုထားတဲ့ အစိုးရ ဖြစ်နေလို့ပါပဲ" ဟု ဆိုသည်။

သတင်း၏ အရေးကြီးသော အပိုင်းများကို McCully က ပြောဆိုရန် ငြင်းဆိုခဲ့သည်။ အဆိုပါ သတင်း ထုတ်ပြန်မှုကြောင့် နယူးဇီလန်၏ လုံခြုံရေး၊ ကာကွယ်ရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးတွင် အရိပ်မည်း ထိုးနိုင်ကြောင်း၊ နယူးဇီလန်နှင့် လျှို့ဝှက်သတင်း ဖလှယ်မည့် နိုင်ငံ အတွက်လည်း အထင်မှားနိုင်ကြောင်း McCully က ပြောသည်။

"မြန်မာနိုင်ငံဟာ ASEAN ဒေသတွင်း ဖိုရမ်ရဲ့ အဖွဲ့ဝင် ဖြစ်တာနဲ့အညီ၊ ဒီလို အစည်းအဝေးကို တက်ရမယ့် အခွင့်အရေး ရှိပါတယ်။ နယူးဇီလန်ကလည်း အိမ်ရှင် ဖြစ်တာနဲ့ ဘယ်အဖွဲ့ဝင်ကို ဖိတ်မယ်၊ မဖိတ်ဘူး ရွေးချယ်ပိုင်ခွင့် မရှိပါဘူး" ဟု McCully ၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောခဲ့သည်။

"ဒါ့ကြောင့် နယူးဇီလန် အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အတွက် စိုးရိမ် ပူပန်ရမှုတွေကို နောက်ထားလို့ ဒေသတွင်း အကျိုးစီးပွားကိုသာ ဦးစားပေး စဉ်းစားဖို့ ဆုံးဖြတ်ခဲ့တာပါ" ဟု ၎င်းက ဆိုသည်။

Captain နေဝင်းအား နယူးဇီလန်သို့ ဝင်ခွင့်ပြုခြင်း အတွက် အခြား လူဝင်မှု ကြီးကြပ်ရေးမှ အခြား ကန့်သတ်မှုများ မရှိခဲ့ပေ။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စများကို တိုက်ပွဲဝင်နေသော အဖွဲ့ဖြစ်သည့် Partners Relief and Development New Zealand မှ ဒါရိုက်တာ ဖြစ်သူ Ruth Corlett က ပြောကြားရာတွင် စစ်အစိုးရ အပေါ် နယူးဇီလန်၏ အရေးယူမှုများ မရှိသောကြောင့် မြန်မာ အစိုးရ၏ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးစံများကို ဗြောင်ကျကျ မလေးစား မလိုက်နာမှုအား သဘောတူသယောင် ဖြစ်ခဲ့ရကြောင်း ဆိုသည်။

"အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ကနေဒါနဲ့ ဥရောပ သမဂ္ဂတို့က စစ်အစိုးရ အပေါ် ကျယ်ကျယ်ပြန့်ပြန့် အရေးယူ ပိတ်ဆို့မှုတွေ လုပ်နေပေမယ့်၊ နယူးဇီလန်ကတော့ အေးအေးထိုင်နေတာ တွေ့ရတာပါပဲ" ဟု သူမက ဆိုသည်။

ပြီးခဲ့သည့် မတ်လက The Dominion Post သည် မြန်မာနိုင်ငံမှ အစိုးရ အရာရှိ သုံးဦးအား နယူးဇီလန်တွင် အင်္ဂလိပ်စာ သင်ကြားရန် Kiwi မှ ထောက်ပံ့ကြေးပေးသည့် ကိစ္စအား ဖော်ထုတ်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

GMA News, 17th June 2010

အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ် ၉ ဦးသည် ကြာသပတေးနေ့တွင် ဖိလစ်ပိုင် အရွေးကောက်ခံ သမ္မတ ဆီနစ်ကနို နွိုင်နွိုင်အကွီနို III အား ၎င်း၏ ကွီဇုံမြို့ နေအိမ်တွင် သွားရောက် တွေ့ဆုံ နှုတ်ဆက်ခဲ့ကြသော်လည်း အထိန်းသိမ်းခံ မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြောင်းကိုမူ ဆွေးနွေးခဲ့ကြခြင်း မရှိပေ။

အကွီနိုက သတင်းစာ ရှင်းလင်းပွဲတွင် "ဤကိစ္စသည် မိမိအိမ်တွင် ပြဿနာ တင်းမာမှု မရှိရန် တားဆီးခြင်းသာ ဖြစ်ပြီး နိုင်ငံခြား ဧည့်သည်များကို ဧည့်ဝတ် ကျေပြွန်ခြင်းလည်း ဖြစ်ပါသည်" ဟု ပြောကြားခဲ့သည်။

"ဒီကိစ္စနဲ့ ပတ်သက်လို့ တရားဝင် ကြေညာချက်တွေ အများကြီး ထုတ်ပြန်ခဲ့ဖူးတာဟာ အထူးသဖြင့်တော့ လွှတ်တော် အမတ် တစ်ဦး အနေနဲ့လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော်တို့ရဲ့ ဧည့်သည်တွေကို ဧည့်ဝတ်ကျေပြွန်သင့်တယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ အိမ်ကို လာလည်တဲ့ ဧည့်သည်တွေ ဖြစ်နေလို့ သူတို့ကို ထိပ်တိုက် ရင်ဆိုင်တာမျိုး လုပ်လို့မရပါဘူး" ဟု ဖိလစ်ပိုင် ဒီမိုကရေစီ ပြယုပ် ကိုရာဇန် ကိုရီအကွီနိုနှင့် ဘီနစ်နို နီနွိုင်အကွီနို ဂျူနီယာ တို့၏ သားဖြစ်သူ အကွီနိုက ပြောကြားခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲတွင် အကွီနိုနှင့်အတူ ကိုယ်စားလှယ် ကိုးနီးလည်း ပူးပေါင်း ပါဝင်ကြသည်။

၁၄ နှစ်ခန့် ထိန်းသိမ်းထားခြင်း ခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် မြန်မာ အစိုးရအား ဖိလစ်ပိုင် အစိုးရက ထပ်ဖန် တလဲလဲ မေတ္တာရပ်ခံခဲ့သည်။

မြန်မာနိုင်ငံတွင် ဆယ်စု ၂စု အတွင်း ပထမဆုံး ကျင်းပမည့် လာမည့် ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်အောင် တားမြစ်ထားသည်။

သို့ဖြစ်၍ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ရွေးကောက်ပွဲများကို သပိတ်မှောက် ထားသည်။

ပြီးခဲ့သော ဧပြီလက ကျင်းပသည့် အာဆီယံ ထိပ်သီးညီလာခံ၌ အာဆီယံ ခေါင်းဆောင်များ ထုတ်ပြန်သော ၁၃ မျက်နှာပါ ကြေညာချက်တွင် လက်ခံယုံကြည်ထိုက်သော ရွေးကောက်ပွဲများ ဖြစ်စေရန် မြန်မာနိုင်ငံအား တောင်းဆိုထားသည်။

"မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် ပေါင်းစည်းမှု ရရှိရေးနှင့် လွတ်လပ်၊ မျှတ၊ အားလုံး ပါဝင်နိုင်သော ရွေးကောက်ပွဲများ ကျင်းပရေးသည် အရေးကြီးကြောင်း မိမိတို့ အလေးအနက် ပြောကြားလိုသည်။ သို့မှသာ မြန်မာနိုင်ငံ၏ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်လိမ့်မည်" ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ တရားဝင် ကြေညာချက် မထုတ်ပြန်မီ အချိန် အနည်းငယ်ပေးရန် မနီလာတွင် အကွီနိုက တောင်းဆိုခဲ့ပြီး မိမိသည် အာဏာ လွှဲပြောင်းမယူရသေးဟု ထောက်ပြသည်။ အကွီနို၏ အာဏာ လွှဲပြောင်းယူမှု အခမ်းအနားကို ဇွန်လ ၃၀ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသည်။

အထက်ပါ တွေ့ဆုံမှုတွင် မြန်မာ သံအမတ်ကြီး ဦးအောင်ခင်စိုး တက်ရောက်ခဲ့ပြီး အခြား တက်ရောက်သူများမှာ ဘရူနိုင်း သံအမတ်ကြီး မာလိုင်ဟာဂျာ ဟာလီဗား မာလိုင်ယူဆွတ်၊ ကမ္ဘောဒီးယား သံအမတ်ကြီး တစ်သ်ဆာရန်ရိ၊ အင်ဒိုနီးရှား သံအမတ်ကြီး ယိုဟန်နက်စ် ခရစ်စ်တီယာတို ဆိုယာယို လီဂိုဂို၊ လာအို သံအမတ်ကြီး လိန်းဆွန်ဘောင်ကန်၊ မလေးရှား သံအမတ်ကြီး ဒါတွတ်ဆရီ ဒေါက်တာ အီဘရာဟင်ဆတ်၊ စင်္ကာပူ သံအမတ်ကြီး အေဆယ်လဗီရာဂျာ၊ ထိုင်း သံအမတ်ကြီး ကာလ်ကူမတ် ဆင်ဂါရာနာ အယုဒယ နှင့် ဗီယက်နမ် သံအမတ်ကြီး ငုယင်ဗူတူး တို့ဖြစ်သည်။

ယခု တွေ့ဆုံ ဆွေးနွေးမှုတွင် မည်သည့် အကြောင်းအရာကိုမျှ တမင်တကာ ဖယ်ထုတ်ရန် ကြိုးစားခဲ့ကြခြင်း မရှိပါဟု အကွီနိုက ဆိုသည်။

"အခု တွေ့ဆုံမှုက ပထမဆုံး အကြိမ်ဆိုတော့ ကမ္ဘာမှာ ဖြစ်နေတဲ့ ကိစ္စတွေကို ယေဘူယျအားဖြင့် အများကြီး ဆွေးနွေးစရာ ရှိပေမယ့်၊ အာဆီယံ အဖွဲ့ရဲ့ ဖွံ့ဖြိုး တိုးတက်မှုကိုပဲ ပိုပြီး အလေးပေးခဲ့ပါတယ်။ ဦးစားပေးရမယ့် ကိစ္စကို ကနဦး အဆင့်မှာ သေချာအောင် လုပ်ခဲ့တာပါ" ဟု ၎င်းက ပြောကြားသည်။

ရင်းနှီးမြှုပ်နှံသူများအား တွန်းအားပေးမှုနှင့် သက်ဆိုင်သော မူဝါဒ ပြောင်းလဲမှု ကဲ့သို့ ကိစ္စများကို ဆွေးနွေးခဲ့သော်လည်း တစ်နာရီကြာ တွေ့ဆုံမှုတွင် အသေးစိတ် စစ်ထုတ်နိုင်ခဲ့ခြင်း မရှိဟု ၎င်းက ဆိုသည်။

လာမည့် အာဆီယံ ထိပ်သီး ညီလာခံ အပါအဝင် အမေရိကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ပြုလုပ်မည့် လာမည့် တရားဝင် အစည်းအဝေးများသည် အရေးကြီးသည့် အားလျော်စွာ မိမိ အသေအချာ တက်ရောက်မည် ဖြစ်ကြောင်း အကွီနိုက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မတ်လအတွင်း တောင်ကိုရီးယား စစ်သင်္ဘောကို တော်ပီတိုဖြင့် တိုက်ခိုက်ခဲ့သည် ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မိမိနိုင်ငံအား ပြစ်တင် မောင်းမဲလာပါက မိမိတို့ စစ်တပ်ကလည်း တုံ့ပြန်သွားမည် ဖြစ်ကြောင်း မြောက်ကိုရီးယားက သတိပေးလိုက်သည်။

ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံတမန် Sin Son Ho က တောင်ကိုရီးယား ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုကို စုံစမ်းစစ်ဆေးမည့် မြောက်ကိုရီးယား အဖွဲ့တစ်ဖွဲ့ စေလွှတ် ခွင့်ပြုရန် တောင်းဆိုထားသည်။ မြောက်ကိုရီးယား စစ်တပ်က တုံ့ပြန်မည် ဟူသော အထက်ပါ သုံးသပ်ချက်ကို ကုလသမဂ္ဂတွင် တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံက အဆို တင်သွင်းမှုများ ပြုလုပ်ပြီး တစ်ရက် အကြာတွင် သံတမန် Sin Son Ho က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

Sin Son Ho ၏ သုံးသပ်ချက်များသည် မြောက်ကိုရီးယား၏ ပိုမို ရန်ပြုလိုသော အပြုအမူကို ကိုယ်စားပြုကြောင်း အမေရိကန်ပြည်ထောင်စုက ဆိုသည်။

"မြောက်ကိုရီးယား အနေနဲ့ သူ့ရဲ့ လက်ခံနိုင်စရာ မရှိတဲ့ အပြုအမူတွေ ပြောင်းလဲလာဖို့ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်။ မြောက်ကိုရီးယားရဲ့ ရန်မူတဲ့ အပြုအမူတွေ ရပ်တန့်ဖို့လည်း လုပ်နေပါတယ်" ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့် ရှိသူ Philip Crowley က ပြောသည်။

"ကိုရီးယား ကျွန်းဆွယ်မှာ ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို ကျွန်တော်တို့ နောက်ဆုံးအနေနဲ့ လေ့လာ အကဲခတ်ချင်ပါတယ်" ဟုလည်း ၎င်းက ဆိုသည်။

သံတမန်နိဂုံး

ကုလသမဂ္ဂ အနေဖြင့် မြောက်ကိုရီးယားအပေါ် ပြင်းထန်သော အရေးယူမှုများ ပြုလုပ်ရန် တောင်ကိုရီးယားက မျှော်လင့်လျက် ရှိသည်။ ကုလက သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်ပြီး "အလွန်အမင်း စိုးရိမ်ပူပန်လျက် ရှိသည်" ဟုသာ ထုတ်ဖော် ပြောဆိုထားသော်လည်း နှစ်ဖက်စလုံးကို ပြစ်တင် ပြောဆိုမှု မပြုလုပ်သေးပေ။

လုံခြုံရေး ကောင်စီသည် ယခုအချိန်အထိ သင်္ဘော နစ်မြုပ်သည့် ကိစ္စတွင် ဘက်တစ်ဘက်တည်းက အသံကိုသာ နားထောင်ခဲ့ကြောင်း၊ အကြောင်းမှာ မြောက်ကိုရီးယား၏ တောင်းဆိုချက် ဖြစ်သော စုံစမ်းစစ်ဆေးရေး အဖွဲ့ ဝင်ရောက် ခွင့်ပြုရေးကို တောင်ကိုရီးယားက ပယ်ချခဲ့၍ ဖြစ်ကြောင်း မြောက်ကိုရီးယား သံတမန် Sin Son Ho က ပြောသည်။

"တကယ်လို့ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားကို ပြစ်တင်ဝေဖန်တဲ့ ကြေညာချက်တွေ ထုတ်ပြန်ပြီး မေးခွန်းတွေ မေးမယ် ဆိုရင် သံတမန်တစ်ဦး အနေနဲ့ ကျွန်တော် ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ပါဘူး" ဟု ဆိုသည်။

"နောက်ဆက်တွဲ ဆောင်ရွက်ချက် အနေနဲ့ ကျွန်တော်တို့ စစ်တပ်က ဆက်လက် လုပ်ကိုင်သွားမှာပါ" ဟု ပြောကြားသွားသည်။

သုံးသပ် လေ့လာသူများ အဆိုအရ လုံခြုံရေး ကောင်စီသည် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ယခုအချိန်အထိ ဆုံးဖြတ်ချက် တစ်စုံတရာ ချမှတ်ခြင်း မရှိသေးဟု ဆိုသည်။ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် တရုတ်နိုင်ငံက မြောက်ကိုရီးယားအပေါ် ပိုမို တင်းကြပ်သော ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ရေးအပေါ် ထုံးစံအတိုင်းပင် အင်တင်တင် လုပ်နေသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

IPS News, 16th June 2010

မြန်မာနိုင်ငံမှ ဆန္ဒပြပွဲများ၊ ဂျကာတာ ဗုံးပေါက်ကွဲမှုများ၊ လတ်တလော ဟေတီငလျင်နှင့် တိုင်ဖွန်း ကက်ဆာနာကြောင့် ဖိလစ်ပိုင်တွင် ကြီးမားစွာ ပျက်စီးခဲ့မှုများ စသည့် ကိစ္စများတွင် ရှိနေသည့် တူညီသော အချက်တစ်ခုမှာ မည်သည့်အရာ ဖြစ်သနည်း။

အဆိုပါ ဖြစ်ရပ်အားလုံးသည် မိုဘိုင်းလ်ဖုန်း အပါအဝင် ခေတ်မီ ဆက်သွယ်ရေး နည်းပညာများကို အသုံးပြုကာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ခြင်းကြောင့် နိုင်ငံတကာ၏ စိတ်ဝင်စားမှုကို ရရှိခဲ့ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် သဘာဝကပ်ဘေး၏ ဖျက်ဆီးမှု ပမာဏကို မိုဘိုင်းလ်ဖုန်းများနှင် ပုံရိပ်များ ရိုက်ကူး ရရှိခဲ့ကြပြီး သိန်းပေါင်းများစွာသော မုန်တိုင်းဒဏ်ခံ ဒေသခံများက နောက်ဆက်တွဲ ကြေကွဲဖွယ် ဖြစ်ရပ်များ၏ နက်ရှိုင်းမှုကို ကမ္ဘာသို့ အသိပေးခဲ့ကြသည်။

"မြန်မာနိုင်ငံတွင်လည်း အရေးကြီး သတင်း အချက်အလက်များကို အများပြည်သူနှင့် ပြင်ပကမ္ဘာသို့ မိုဘိုင်းလ်ဖုန်းများ အသုံးပြု၍ တဆင့် ပေးပို့ခဲ့ကြရာ၌ အလွန်ပင် ပေါ့ပါး လွယ်ကူကြောင်း သက်သေပြခဲ့ကြသည်" ဟု မီဒီယာများကို တင်းကြပ်စွာ စိစစ်သည့် မြန်မာနိုင်ငံမှ AFP သတင်းထောက် မွန်မွန်မြတ်က IPS သို့ ပြောကြားခဲ့သည်။

"မိုဘိုင်းလ်ဖုန်းကို အသုံးပြု ရိုက်ကူးရတာ အရမ်း လုံခြုံမှု ရှိပါတယ်။ ဗွီဒီယို မဟုတ်ဘဲ ဓာတ်ပုံပဲ ရိုက်တာလို့ လူတွေက ထင်ကြတယ်လေ။ ကျွန်မတို့အတွက် ဘေးအန္တရာယ် နည်းတာပေါ့။ တကယ်လို့ လိုအပ်လာရင် အလွယ်တကူ ဖွက်နိုင်တယ်။ လွှင့်ပစ်လို့လည်း ရတယ်" ဟု အဆိုပါ မြန်မာ သတင်းထောက်က ဆက်လက် ပြောကြားခဲ့သည်။

မိုဘိုင်းလ်ဖုန်းများသည် အာရှတိုက်တွင် အရေးကြီးသော "သတင်းယူ ကိရိယာ" ဖြစ်လာသည်ဟု မီဒီယာ ကျွမ်းကျင်သူများက ဆိုသည်။ မိုဘိုင်းလ်ဖုန်း သတင်း ပေးပို့မှုများကို အယ်ဂျာဇီယာကဲ့သို့ ရုပ်သံလွှင့် ကွန်ယက်များက အသုံးပြုနေသည်။ ဤအခြေအနေသည် Mobile Journalism ကို တိုးတက် ဖြစ်ပေါ်စေပြီး "Majo" ဟုလည်း ခေါ်ဝေါ်ကြသည်။

မိုဘိုင်းလ် သတင်းကဏ္ဍ၏ ခံယူချက်မှာ မိုဘိုင်းလ်ဖုန်း အပါအဝင် သတင်း၊ ဆက်သွယ်ရေး နည်းပညာများ ICT ကို အသုံးပြုကာ ဖြစ်ရပ်များ၊ ဓာတ်ပုံများ၊ ဗီဒီယိုများကို စုစည်းပြီး စက္ကန့်ပိုင်း အတွင်း အင်တာနက် ဝက်ဘ်ပေးတွင် တင်ရန် ဖြစ်သည်။

ယခုကဲ့သို့ သတင်းယူသည့် ပုံစံသည် စက်ရပ် သတင်းများ၊ မီဒီယာကို တင်းကြပ်စွာ ချုပ်ချယ်သည့် တိုင်းပြည်များနှင့် အထူးသဖြင့် သက်ဆိုင်သည်။

သြစတြေးလျ Deakin University မှ သတင်းနှင့် စာနယ်ဇင်း ပါမောက္ခ စတီဖင်ကွင်း ရေးသားသော "အာရှဒေသမှ မိုဂျို Mojo (သို့) မိုဘိုင်းလ် သတင်းနှင့် စာနယ်ဇင်း" စာအုပ်၏ အဆိုအရ ၂၀၀၉ နှစ်လယ်တွင် ကမ္ဘာတလွှား အသုံးပြုနေသော မိုဘိုင်းလ် ဖုန်းပေါင်း ၄.၂ ဘီလျံကျော် ရှိသည့်အနက် ၄၃ % မှာ အာရှဒေသတွင် အသုံးပြုနေသည်ဟု သိရှိရသည်။

မိုဘိုင်းလ်ဖုန်းသည် သမိုင်းတလျှောက်တွင် ကြီးထွားမှု အမြန်ဆုံး ဆက်သွယ်ရေး ကိရိယာ ဖြစ်ပြီး ဖွံ့ဖြိုးပြီး နိုင်ငံများ၌ အသုံးပြုသူ ရာခိုင်နှုန်းသည် ၁၉၉၇ တွင် ၁၈ % မှ ၂၀၀၇ တွင် ၉၇ % အထိ ခုန်တက်ခဲ့သည်ဟု နိုင်ငံတကာ တယ်လီဖုန်း ဆက်သွယ်ရေး အသင်းချုပ်က ပြောကြားသည်။

ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် မိုဘိုင်းလ်ဖုန်းများသည် မထူးဆန်းသည့် အလျောက် မိုဘိုင်း သတင်းထောက်များသည် လူအုပ်အတွင်း လွယ်ကူစွာ ရောနှောနိုင်သည်။ ဥပမာအားဖြင့် ဖိလစ်ပိုင် နိုင်ငံတွင် သဘာဝကပ်ဘေးနှင့် ပြဿနာ ဖြစ်ရပ်များအား ရုပ်သံနှင့် ဓာတ်ပုံများ ရိုက်ကူးရာတွင် မိုဘိုင်းလ်ဖုန်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက် ရှိကြသည်။

"ဓာတ်ပုံသမားတွေဟာ ရှေ့တန်း နေရာတွေမှာ ရှိနေတာပါ။ ပြီးတော့ သတင်းဖြစ်ပွားတဲ့ နေရာမှာ ရောက်နေဖို့ လိုပါတယ်။ အထူးသဖြင့် အကန့်အသတ်တွေ ရှိနေတယ်ဆိုရင် သတင်းပုံရိပ်တွေ ရိုက်ကူးဖို့ အတွက် တခါတရံမှာ မိုဘိုင်းလ်ဖုန်းကို အသုံးပြုတာ အကောင်းဆုံး နည်းလမ်းပါပဲ" ဟု Philippine Center for Photojournalism ကို ပါဝင် တည်ထောင်သူ အဖွဲ့ဝင်၊ ဓာတ်ပုံသတင်းထောက် ဂျင်မီဒိုမင်ဂိုက IPS သို့ ပြောကြားသည်။

သတင်းဖိုင်များကို သတင်းခန်းမသို့ ဖြစ်နိုင်သမျှ မြန်မြန် ပေးပို့လိုသော ဓာတ်ပုံနှင့် ဗီဒီယို သတင်းထောက်များသည် မိုဘိုင်းလ်ဖုန်းများ အတွင်းမှ နည်းပညာသစ်များက ၎င်းတို့၏ လုပ်ငန်းကို လွယ်ကူ ချောမွေ့စေသည်ကို တွေ့ရှိခဲ့ကြသည်။ Flip Video Comcorder ကဲ့သို့သော ကိရိယာငယ်များသည် သတင်းနှင့် ရုပ်သံဖိုင်များကို ကွန်ပြူတာ (သို့) အင်တာနက် ဝက်ဘ်ပေါ်သို့ အလွယ်တကူ ပို့ဆောင်နိုင်သည်။ ၁၅၀ ဂရမ်ထက် ပို၍ ပေါ့သော Flip Mino Camcorder သည် အရည်အသွေးမြင့် ရုပ်သံ ဗွီဒီယိုများကို ရိုက်ကူးနိုင်သည်။ ကမ္ဘာကျော် Apple ကုမ္ပဏီထုတ် နာမည်ကြီး iphone တွင်လည်း သတင်းပို့ လုပ်ဆောင်ချက်များ ပါဝင်နေပြီး ရေဒီယို သတင်းပို့ ကိရိယာ (သို့) မာလတီ မီဒီယာ ရုပ်သံလွှင့် ကိရိယာ အဖြစ် အသွင်ပြောင်းလဲနိုင်သည်။

ရေဒီယို အသံလွှင့်သူများ အတွက် ဒီဇိုင်းထုတ်ထားသော Poddio လုပ်ဆောင်ချက်ကြောင့် အသုံးပြုသူများ အနေဖြင့် ဖမ်းယူ၊ တည်းဖြတ်ပြီး ပြည့်စုံသော သတင်းအစီအစဉ်များ ပေးပို့ရာတွင် Laptop အသုံးပြုခြင်းထက် iphone က ပို၍ မြန်ဆန်သည်။

အထက်ပါ နည်းပညာ အားသာချက်များကြောင့် အာရှ ပစိဖိတ်ဒေသ မိုဘိုင်းလ်ဖုန်း အသုံးပြုမှုသည် ၂၀၀၇ တွင် ၃၈၉ သန်း ရှိရာမှ ၂၀၁၂ တွင် သန်း ၈၉၀ သို့ ခုန်တက်လာလိမ့်မည်ဟု သုတေသန ကုမ္ပဏီ Data Monitor က ခန့်မှန်းထားသည်။

မနီလာတွင် လတ်တလော ကျင်းပခဲ့သော မီဒီယာ ဖိုရမ်တွင် ဆွေးနွေးရာ၌ ဒေါက်တာ စတီဖင်ကွင်းက "ယခု တိုးတက်မှုများသည် သတင်း ထုတ်လွှင့်မှုကိုပင် မြန်ဆန်လာစေလိမ့်မည်။ ခေတ်မှီ ဆက်သွယ်ရေး ကိရိယာများ၏ နည်းပညာ စွမ်းကြောင့် မိုဘိုင်းလ် သတင်းထောက်များသည် သတင်းဖြစ်ရပ် စတင်သည်နှင့် တပြိုင်နက် ရိုက်ကူး၊ တည်းဖြတ်ကာ ဝက်ဘ်ပေါ်သို့ အလွယ်တကူ လွှင့်တင်နိုင်ကြသည်" ဟု ပြောကြားခဲ့သည်။

ကင်မရာ၊ ၃ ချောင်းထောက်၊ Laptop နှင့် ကေဘယ်ကြိုး စသော ကိရိယာများ လိုအပ်သည့် ဗီဒီယို အဖွဲ့တစ်ခုသည် မိုဘိုင်းလ်ဖုန်း ကိုင်ဆောင်ထားသူ တစ်ဦးနှင့် များစွာ ခြားနားလှသည်။ "Tools တွေကို အလွယ်တကူ အသုံးပြုလို့ရဖို့ လိုအပ်ပါတယ်။ ဒါမှသာ သတင်းတင်ဆက်တဲ့ အခါမှာ အခက်အခဲ မရှိမှာပါ" ဟု 'ကွင်း' က ဆိုသည်။

အခြေခံ စနစ်များသို့  ပြန်သွားခြင်းသည် နောက်တွင် ကျန်ရစ်ခဲ့ပြီဟု ကျွမ်းကျင်သူများက သဘောတူခဲ့ကြသည်။

လက်ဟောင်းမီဒီယာ ပုံစံကို အသုံးပြုနေသမျှတော့ မီဒီယာ ပုံစံသစ်ကို လုပ်နိုင်မှာ မဟုတ်ပါဘူးဟု ပြောကြားခဲ့သော 'ကွင်း' က စာနယ်ဇင်းပညာ၊ သုတေသန၊ အရေးအသား ကျွမ်းကျင်မှုနှင့် ကျင့်ဝတ် နှံ့စပ်မှုတို့ အပေါ် ခိုင်မာစွာ တတ်ကျွမ်းမှုသည် သတင်းထောက်များ အတွက် အသက်တမျှ အရေးကြီးသည်ဟု ဆက်လက် ပြောကြားခဲ့သည်။

သတင်းထောက်များ အနေဖြင့် စံချိန်မီ ကင်မရာကို မည်သို့ အသုံးပြုရမည် ဆိုသည့်အချက်နှင့် မိုဘိုင်းလ်ဖုန်းကို အခြေအနေအရ လိုအပ်မှသာ အသုံးပြုရမည် ဆိုသည့် အချက်ကို ဦးစွာ သိရှိထားသင့်သည်ဟု ဓာတ်ပုံသတင်းထောက် ဒိုမင်ဂိုက သဘောတူ ဆွေးနွေးခဲ့သည်။

အကယ်၍ မိုဘိုင်းလ်ဖုန်းသာ  ယူဆောင်ခွင့် ရှိသော နေရာတွင် သတင်း ဖြစ်ပွားခဲ့ပါက သတင်း တင်ဆက်ရာတွင် ဓာတ်ပုံ ဖော်ပြနိုင်ရန် ကြိုးစားရမည့် အချက်သည် အရေးကြီးဆုံး ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, By Shaun Tandon, 14th June 2010

အမေရိကန် ပြည်ထောင်စုသည် ပြီးခဲ့သည့် တနင်္လာနေ့က ၎င်း၏ မဟာမိတ်များ ဖြစ်သော စင်္ကာပူနှင့်ထိုင်းနိုင်ငံ ဗီယက်နမ် နိုင်ငံများအား လူကုန်ကူးမှု အတွက် စောင့်ကြည့်ခံရမည့် စာရင်းတွင် ထည့်သွင်းခဲ့သည်။ ၎င်းတို့သည် အမျိုးသမီးများအား ပြည့်တန်ဆာ အဖြစ် အတင်း အဓမ္မ သွပ်သွင်းမှုအား အကာအကွယ် မပေးနိုင်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။

ထိုသို့ ပြုလုပ်ခြင်းဖြင့် အမေရိကန် ပြည်ထောင်စု အနေဖြင့် အရပ်သားများအား ကူညီထောက်ပံ့မှု အချို့ကို ဖြတ်တောက်ရန် လမ်းဖွင့်ပေးခြင်း ဖြစ်သည်။ ထိုသို့ ဖြတ်တောက်ခြင်းမှာလည်း အဆိုပါ ကိစ္စအား အရေးယူ ဆောင်ရွက်ရေး အတွက် နိုင်ငံများအား ဖိအားပေးသည့် သဘောမျှသာ ဖြစ်သည်။

နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ရပိုင်ခွင့်များ ကိစ္စကို ထုတ်ဖော်ပြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန နှစ်ပတ်လည် အစီရင်ခံစာတွင် လူကုန်ကူးမှုအား ကြောက်စရာကောင်းသော ရာဇဝတ်မှု အဖြစ် သူမက ဖော်ပြခဲ့သည်။

"လူကုန်ကူးမှုကို အဆုံးသတ်စေဖို့ ကျွန်မတို့ အားလုံးမှာ တာဝန်ရှိပါတယ်" ဟု သူမက ပြောသည်။

အစီရင်ခံစာတွင် ၂၀၀၉ - ၂၀၁၀ ၌ လူကုန်ကူးမှု၏ သားကောင် ဖြစ်ရသူ ၁၂.၃ သန်း ရှိမည်ဟု ခန့်မှန်းပြီး ပြီးခဲ့သော ဆယ်နှစ် အတွင်း တိုးတက်မှုများ ရှိခဲ့ကြောင်း ဆိုသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ၎င်းစောင့်ကြည့်ရမည့် အာရှနိုင်ငံများ စာရင်းတွင် အာဖဂန် နစ္စတန်၊ ဘရူးဒိုင်း၊ လာအို၊ မော်လ်နိုက်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် တို့ ပါဝင်သည်။

ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မိုင်ခရိုနီးရှား၊ ဖိလစ်ပိုင်နှင့် သီရိလင်္ကာတို့မှာ ယမန်နှစ်က အတိုင်းပင် အဆိုပါ စာရင်းတွင် မပါဝင်ပေ။

မြောက်ကိုရီးယား၊ မြန်မာနှင့် ပါပူဝါ နယူးဂီနီ တို့သည် လူကုန်ကူးမှု အတွက် သတ်မှတ်ရန် အနိမ့်ဆုံးစံများကိုပင် မမှီသော နိုင်ငံများ စာရင်းတွင် အောက်ဆုံး၌ ပါဝင်သည်။

အစီရင်ခံစာတွင် စင်္ကာပူသည် ဆိုးဝါးလျက် ရှိပြီး တရုတ်၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံများမှ အမျိုးသမီးများအား စင်္ကာပူတွင် တရားဝင် အလုပ်ရမည်ဟု လိမ်လည် လှည့်ဖျား၍ လိင်ကုန်ကူးမှုတွင် အတင်း အဓမ္မ သွတ်သွင်းကြောင်း ရှင်းလင်းထားသည်။

စင်္ကာပူနိုင်ငံတွင် လူကုန်ကူးမှုကို အရေးယူရန် အရေးကြီးသော ခြေလှမ်းသစ်များ ချမှတ် အကောင်အထည် ဖော်နေသည်ဟု ဆိုသော်လည်း အပြစ်ရှိသော တရားခံများနှင့် ဒဏ်ခံနေရသော သားကောင်များကို ခွဲခြားနိုင်သည်ဟု မြင်သာထင်သာ ပြသနိုင်ခြင်း မရှိသေးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရာတွင် ထိုင်းနိုင်ငံသည် လူကုန်ကူးမှု၏ အရင်းအမြစ်လည်း ဖြစ်ကြောင်း၊ ခရီးလမ်းဆုံးလည်း ဖြစ်ကြောင်း၊ တဆင့်ခံနေရာလည်း ဖြစ်ကြောင်း ဆိုသည်။ ထိုင်းနိုင်ငံတွင် အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်နေသော လိင်ဆိုင်ရာ နှိပ်စက်မှုများ၊ အဓမ္မ အလုပ်လုပ်ခိုင်းမှုများ ဒဏ်ကို ခံစားနေရသော တိုင်းရင်းသားများနှင့် နိုင်ငံသားများမှ ထွက်ပြေးလာသူများ ရှိကြောင်း ဆိုသည်။

အရှေ့အာရှ နိုင်ငံခြား ဆက်ဆံရေး ဆပ်ကော်မတီ အကြီးအကဲ ဆီနိတ်တာ Jim Webb က ထိုင်းနိုင်ငံအား စောင့်ကြည့်ရမည့် စာရင်းတွင် ထည့်သွင်းခြင်း မပြုရန် ထူးထူးခြားခြား တောင်းပန်ခဲ့သည်။

Webb သည် ပြီးခဲ့သည့် ရက်ပိုင်းက ဘန်ကောက်သို့ သွားရောက်ခဲ့ပြီး၊ ၎င်းက ပြောကြားရာတွင် အမေရိကန် သံရုံး အရာထမ်းများကလည်း ထိုသို့ ပြုလုပ်ရန် သဘောမတူကြောင်း၊ နိုင်ငံရေးအရ ပြဿနာများမှ နိုးထစသာ ရှိသေးသော ထိုင်းနိုင်ငံ အပေါ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အစီအစဉ်များ အတွက် အကူအညီပေးရေး အတွက် အကန့်အသတ်များ ရှိလာနိုင်သောကြောင့်ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများနှင့် နိုင်ငံရေးအရ တည်ငြိမ်မှုရစေရန် အကူအညီပေးရန် အရေးတကြီး လိုအပ်နေချိန်တွင် ယခုကိစ္စ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ပြီးခဲ့သည့် အပတ်က Webb က ကလင်တန်ထံ ပေးစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ပါကစ္စတန်၏ တိုးတက်မှုများအား အသိအမှတ် ပြုခဲ့ပြီး၊ စောင့်ကြည့်ခံရသော စာရင်းမှ ဖယ်ထုတ်ခဲ့သည်။ ထို့အတူ မလေးရှားနိုင်ငံအားလည်း အဆိုပါ စာရင်းမှ ဖယ်ထုတ်ခဲ့သည်။

ပါကစ္စတန်သည် လူကုန်ကူးမှုနှင့် ဆိုင်သော တရားခံများကို သိသိသာသာ တိုးတက် အရေးယူနိုင်ခဲ့ပြီး၊ စာချုပ်ဖြင့် ချုပ်ကိုင်ခြင်း ခံရသော အလုပ်သမားများ မရှိရအောင် ကာကွယ်ရေးကို ကြိုးပမ်း လုပ်ဆောင်ခဲ့ကြောင်း၊ အမေရိကန် လူကုန်ကူးမှု အတွက် ကိုယ်စားလှယ် Luis CdeBeca က သတင်းထောက်များသို့ ပြောကြားခဲ့သည်။

မလေးရှား အာဏာပိုင်များသည် အဆိုပါ ကိစ္စအား ပွင့်ပွင့်လင်းလင်း ရှိခဲ့ပြီး၊ ၎င်းတို့၏ အရေးကြီးသော လူကုန်ကူးမှု ပြဿနာကို စတင် ကိုင်တွယ်ခဲ့သည်။ နိုင်ငံခြား တိုင်းပြည် အစိုးရများနှင့် ပိုမို တိုးတက် ဆက်သွယ် ဆောင်ရွက်ခဲ့သည်။

ကျူးဘား၊ အီရန်နှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့မှာ စာရင်းတွင် ပါဝင်ခြင်း မရှိပေ။ ဒိုမီနီကန် နိုင်ငံမှာမူ စာရင်းအသွင်းခံရသည့် နိုင်ငံသစ် ဖြစ်သည်။

ရီပတ်ဗလစ်ကင် ကိုယ်စားလှယ် Christopher Smith သည် လူကုန်ကူးမှု အတွက် အစီရင်ခံစာ လိုအပ်သော ဥပဒေကို ရေးသားခဲ့သူ ဖြစ်ပြီး၊ ၎င်းက အနိမ့်ဆုံး အဆင့် သတ်မှတ်သင့်သည့် နိုင်ငံ အတော်များများ ရှိကြောင်း ဆိုသည်။

တိုင်ဝမ်နိုင်ငံမှာမူ လူကုန်ကူးမှု ဆန့်ကျင်ရေး အတွက် စောဒက တက်မှုများကြောင့် အဆင့်မြှင့်ပြီး သတ်မှတ်ခဲ့ကြောင်း၊ CdeBaca က ပြောသည်။

သြစတြေးလျ၊ နယူးဇီလန်နှင့် တောင်ကိုရီးယား တို့ကို စောဒကတက်သော နိုင်ငံများ စာရင်းတွင် သွင်းခဲ့သည်။

ပထမဆုံး အကြိမ် အဖြစ် အမေရိကန်သည်လည်း အစီရင်ခံစာတွင် ထည့်သွင်းခဲ့သည်။ ၎င်းအား ဥပဒေ လေးစား လိုက်နာသော အဆင့် သတ်မှတ်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.