Transparency Myanmar

transparency.myanmar@gmail.com

Online Breaking News, 20th June 2010

အမျိုးသား ပြန်လည် ပေါင်းစည်းရေးကို ဖော်ဆောင်မည့် လုပ်ငန်းစဉ်သည် အစိုးရ သက်တမ်းထက်ပင် ပိုမို ကြာမြင့်ဖွယ် ရှိနေသဖြင့် တိုင်းပြည်သူများ အားလုံး လမ်းညွှန် မြေပုံတွင် ပူးပေါင်း ပါဝင်သင့်သည်ဟု ဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗားက တနင်္ဂနွေနေ့ မနက်တွင် ပြောကြားလိုက်သည်။

"အစိုးရရဲ့ သက်တမ်းက အလွန်ဆုံး လာမယ့်နှစ် ဆိုရင် ကုန်ဆုံးတော့မှာပါ။ ဒါပေမယ့် ပြန်လည် ပေါင်းစည်းရေး အစီအစဉ်ကတော့ ဆက်လုပ်ရမှာပါ။ အမျိုးသား စည်းလုံး ညီညွတ်ရေးဆိုတဲ့ အဆုံးစွန် ရည်မှန်းချက် အောင်မြင်ဖို့ အတွက် ထိုင်းပြည်သူ အားလုံး ဒီအစီအစဉ်မှာ ပါဝင်ကြပါလို့ တောင်းဆိုပါတယ်" ဟု NBT တွင် အပတ်စဉ် တင်ဆက်နေသည့် "ဝန်ကြီးချုပ် အဘီဆစ် နှင့် ထိုင်းနိုင်ငံ အပေါ် ယုံကြည် စိတ်ချမှု" အစီအစဉ်တွင် အဘီဆစ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူ အများစု တောင်းဆိုထားသည့် အတိုင်း ပြန်လည် ပေါင်းစည်းရေးနှင့် အမျိုးသား ပြုပြင် ပြောင်းလဲရေး အဖွဲ့ကို ဦးဆောင်ဦးရွက် ပြုရန် ယခင် ဝန်ကြီးချုပ်ဟောင်း အာနန်ပန်ရာယာချွန် နှင့်အတူ ပရာဝက်ဝါဆီတို့က လက်ခံခဲ့သော်လည်း လုပ်ငန်း လမ်းညွှန်ချက်များ ရေးဆွဲရန် အချိန် ပိုမို လိုအပ်ကြောင်း ၎င်းတို့က တောင်းဆိုခဲ့ကြသည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok, By Ben Doherty, 21th June 2010

ယခုနှစ် ကျင်းပမည့် မြန်မာ ရွေးကောက်ပွဲများက ထိုင်းနိုင်ငံ အတွင်းမှ မူးယစ်ဆေးဝါး တရားမဝင် တင်သွင်းမှုများကို မီးမွှေးသလို ဖြစ်ခဲ့ရခြင်းမှာ သူပုန်စစ်တပ်များက ရွေးကောက် မတိုင်မီ စစ်ဖက် အစိုးရ၏ နှိမ်နင်းဖြိုခွဲမှုကို စိုးရွံ့ကာ လက်နက် ဝယ်ယူရန် အတွက် ဟီးရိုးအင်းနှင့် အင်ဖက်တာမင်း ဆေးပြားများ စုပုံ ရောင်းဝယ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

သူပုန် စစ်တပ်များအနက် အထင်ရှားဆုံး ဖြစ်သည့် ဝ တပ်ဖွဲ့သည် ဖိနှိပ် ချုပ်ချယ်သော မြန်မာ အစိုးရကို ဆယ်စုနှစ်ချီ တိုက်ခိုက်ခဲ့ရာတွင် မူးယစ်ဆေးဝါး ကုန်သွယ်မှုမှ ရသော ရန်ပုံငွေကို အသုံးပြုခဲ့ပြီး ၎င်းတို့ အခြေစိုက်ရာ နယ်စပ်မှ တကမ္ဘာလုံးသို့ တရားမဝင် ဖြန့်ချီခဲ့ကြသည်။

လွန်ခဲ့သော ၁၀ နှစ်ခန့်က ထိုင်း၊ မြန်မာ၊ လာအို နယ်စပ် ရွှေတြိဂံ နယ်မြေသည် ကမ္ဘာ့ ဟီးရိုးအင်း ထက်ဝက်ကို တင်ပို့ခဲ့သည်။ ယခုအခါ အာဖဂန် နစ္စတန်က ဟီးရိုးအင်း ပိုမို ထုတ်လုပ်လာသော်လည်း မြန်မာနိုင်ငံကမူ မိုးလွတ်လေလွတ် သေးငယ်သော လျှို့ဝှက် ဓာတ်ခွဲခန်းများတွင် စရိတ် သက်သာစွာ ထုတ်လုပ်နိုင်သည့် အင်ဖက်တာမင်းနှင့် မီသိုင်း အင်ဖက်တာမင်း ဆေးပြား အမြောက်အမြားကို ပြောင်းလဲ ထုတ်လုပ်လျက် ရှိသည်။

ယခုအချိန်တွင် မြန်မာနိုင်ငံ၏ တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် ချို့ယွင်းချက် အပြည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တို့ တိုးမိ၊ တိုက်မိကြသည့် လက္ခဏာ ရှိသည်။

မြန်မာ စစ်ဖက် အစိုးရက ကတိပေးထားသည့် ယခုနှစ် ရွေးကောက်ပွဲများသည် အောက်တိုဘာလတွင် ကျင်းပရန် အလားအလာ ရှိသော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းမှ အနည်းငယ်ခန့်ကသာ ၎င်းတို့ လွတ်လပ်၊ မျှတလိမ့်မည်ဟု မျှော်လင့်ထားသည်။ စစ်ဖက် အုပ်ချုပ်သူများက ရွေးကောက်ပွဲ မတိုင်မီ သူပုန် စစ်တပ်များကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲကာ ၎င်းတို့၏ အုပ်ချုပ်မှု အောက်သို့ ထည့်သွင်းရန် ဆုံးဖြတ်ထားကြသည်။

မြန်မာ စစ်တပ် လက်အောက်သို့ ဝင်ရောက် ပူးပေါင်းရန် ဝတို့အတွက် သတ်မှတ်ထားသော နောက်ဆုံးရက် ကျော်လွန်သွားပြီ ဖြစ်ရာ မြန်မာ အစိုးရ တပ်ဖွဲ့များ တိုက်ခိုက်လာမည်ကို ဝ ခေါင်းဆောင်များ ပိုမို စိုးရိမ်လာကြသည်။

မြန်မာ စစ်တပ် နှင့် လူအင်အား၊ လက်နက်အင်အား မယှဉ်သာ၍ ကြံရာမရ ဖြစ်နေသည့် ဝတို့၏ စစ်ပြင်ဆင်မှုကြောင့် လက်ရှိ လပိုင်းများ အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှု ပမာဏမှာ ကိန်းထပ်ဆင့် တိုးပွားခဲ့သည်ဟု ထိုင်းစစ်တပ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပါ မောင့် အထူးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ပီရာနိုက် ဂါတီတမ်က ပြောကြားလိုက်သည်။

"ဒီနှစ်ကတော့ အင်ဖက်တာမင်း အများဆုံး ဝင်လာတဲ့နှစ် ဖြစ်လိမ့်မယ်။ မနှစ်က တစ်နှစ်လုံးမှာ ဆေးပြား ၁.၂ သန်း ဖမ်းမိခဲ့တယ်။ ဒီနှစ်တော့ ခြောက်လအတွင်း ဆေးပြား ၅ သန်း ဖမ်းမိထားပြီ။ ဒါဟာ ပေါက်ကွဲမှု တစ်ခုပါပဲ" ဟု ဗိုလ်မှူးကြီး ပီယာနိတ် က ပြောကြားသည်။

နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်နေသော ပမာဏ၏ အလွန်သေးငယ်သော အချိုးမျှကိုသာ အာဏာပိုင်များက တားဆီးနိုင်သည့် လက္ခဏာရှိသည့် ခန့်မှန်းခြေ ၁ % နှင့် ၂ % ကြားသာ ဖမ်းမိသည်ဟု ၎င်းက ပြောကြားသည်။ "အခုဆိုရင် အင်ဖက်တာမင်း အရောင်းအဝယ်က အရမ်းကို ကြီးမားနေပါတယ်။ ဒီနှစ် ထုတ်လုပ်တဲ့ ဆေးပြား သန်း ၃၀၀ နဲ့ သန်း ၄၀၀ ဝန်းကျင် ရှိမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အတိအကျ သိဖို့တော့ ခက်ပါတယ်" ဟု ၎င်းက ပြောဆိုခဲ့သည်။

မူးယစ်ဆေးဝါး ဓာတ်ခွဲခန်းများသည် အသစ် ဆောက်လုပ်မှုများနှင့်အတူ နာရီလက်တံကဲ့သို့ လည်ပတ် ဆောင်ရွက်နေသည်ဟု မြန်မာ သတင်းရပ်ကွက်မှ သိရှိရသည်။ ထို့အတူ စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ သိမ်းဆည်းမိသော မူးယစ်ဆေးဝါး ပမာဏမှာလည်း များသထက် များလာသည်။

ယခုကိစ္စများကို ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့နည်းတူ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာ ကုလသမဂ္ဂ ဌာန UNODC ကလည်း သိရှိထားသည်။

"မြန်မာ အစိုးရရဲ့ ခြိမ်းခြောက်မှုကို စိုးရွံ့နေကြတဲ့ လက်နက်ကိုင် အုပ်စုတွေဟာ သူတို့ ရှင်သန်နိုင်ဖို့နဲ့ သူတို့နယ်မြေကို ထိန်းချုပ်နိုင်ဖို့ အတွက် မူးယစ်ဆေးဝါး အရောင်းအဝယ်ကို အသုံးချ နေကြပါတယ်" ဟု ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် Cary Lewis က ပြောကြားသည်။

ဝ တို့သည် မူးယစ်ဆေးမှ ရရှိသော ပိုက်ဆံများဖြင့် တရုတ်ထံမှ မြေပြင်-ဝေဟင်ပစ် ဒုံးကျည်များနှင့် AK ၄၇ ချေမှုန်းရေး​ ရိုင်ဖယ်များ ဝယ်ယူကာ လက်နက် တပ်ဆင်နေကြသည်ဟု ဗိုလ်မှူးကြီး ပီယာနိတ်က ပြောကြားသည်။

"မြန်မာ စစ်တပ်က ဝတွေကို လက်နက် ဖြုတ်သိမ်းချင်တယ်။ နယ်ခြားစောင့်တပ် အဖြစ်နဲ့ အစိုးရ လက်အောက်ကို ဝင်လာအောင်လို့ပါ။ ဒါပေမယ့် ဝ တွေက ဘယ်တော့မှ သဘောတူမှာ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့ထဲ ဝင်လာမယ့် အစိုးရ စစ်တပ်ကို ပြန်တိုက်ဖို့ ပြင်ဆင်နေပါတယ်။ ဝ တွေဟာ ပြန်တိုက်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ သူတို့က မူးယစ်ဆေးဝါးကို များသထက် များများ ပိုရောင်းနေတော့ အစိုးရကို တိုက်ဖို့ လက်နက်တွေ ဝယ်နိုင်တာပေါ့။ သူတို့ဟာ နယ်စပ်မှာ မူးယစ်ဆေးပြားတွေ သန်းနဲ့ ချီပြီး ထုတ်လုပ် ရောင်းချနေပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာ နယ်စပ် အနီးမှ ဝ စစ်သားများနှင့် The Age က တွေ့ဆုံခဲ့ရာတွင် ဝ တို့က ရွေးကောက်ပွဲတွင် ပါဝင်မည် မဟုတ်ဟု ပြောကြားခဲ့ပြီး တရားမဝင်သည့် ရက်စက်သော အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် ငြင်းဆန်ခဲ့ကြသည်။

မိမိတို့ နယ်မြေကို ကာကွယ်မည်။ မိမိတို့ လူမျိုးအတွက် တိုက်ခိုက်မည်ဟု ၎င်းတို့က ကြွေးကြော်ထားသည်။

မူးယစ်ဆေးဝါး အကြောင်း ဆွေးနွေးရန်ကိုမူ ၎င်းတို့က ငြင်းဆန်ခဲ့သည်။ "ဒီနေရာမှာ ကျွန်တော်တို့ ဘဝတွေက ကြမ်းတမ်းပါတယ်။ ဆင်းရဲပါတယ်။ ကျွန်တော်တို့ ပြည်သူတွေကို ကျွေးမွေးဖို့ ဘယ်နည်းနဲ့မဆို ပိုက်ဆံရှာဖို့ လိုနေပါတယ်။ ကျွန်တော်တို့ အသက်ရှင်ဖို့ လိုအပ်တယ် မဟုတ်လား" ဟု ၎င်းတို့က ဆိုသည်။

ထိုင်းနိုင်ငံတွင် ယခင်က မူးယစ်ဆေး အရောင်းအဝယ် လုပ်ခဲ့ပြီး၊ ယခု ထိုင်း စစ်တပ် အတွက် မူးယစ်ဆေးဝါးဆိုင်ရာ သတင်းပေး လုပ်နေသူ ဝ လူမျိုးတစ်ဦးက "ဝ တွေက အရမ်း စိုးရိမ်နေကြပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် ချုပ်ကိုင်နိုင်ဖို့အတွက် မြန်မာ စစ်သားတွေ ဝင်လာတော့မယ်လို့ သူတို့ ထင်နေကြတာပါ။ စစ်သားတွေက ကြောက်နေကြတယ်။ ဒါကြောင့် မူးယစ်ဆေးဝါး များများ ရောင်းပြီး လက်နက် အများကြီး ဝယ်ကြတယ်။ ဒါမှ စစ်တိုက်နိုင်မယ်လေ။ အခုတော့ မွေးရာပါ တိုက်ဆိုရင် တိုက်ကြမှာပဲ" ဟု မှတ်ချက်ပေးခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irish Sun, 19th Jun 2010

          ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် စနေနေ့တွင် ကျရောက်သော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် သူမအား အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

          ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်သည် ယခုအချိန်အထိ နေအိမ် အကျယ်ချုပ် ဖမ်းဆီးခံနေရခြင်းကို အလွန်အမင်း စိုးရိမ်ပူပန်နေမိသည်ဟု ၎င်းက ဆိုသည်။

          "ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ၊ ဖြစ်နိုင်သမျှ အမြန်ဆုံး လွှတ်ပေးသင့်တယ်လို့ ကျွန်တော် အဆက်မပြတ်၊ တသမတ်တည်း တောင်းဆိုနေပါတယ်။ ဒါမှသာ နိုင်ငံရေး လုပ်ငန်းစဉ်မှာ သူတို့ ပါဝင်နိုင်ကြမှာပါ။" ဟု ဘန်ကီမွန်းက နယူးယောက်တွင် ပြောကြားခဲ့သည်။

          ဒေါ်အောင်ဆန်းစုကြည်သည် သူမအား မြန်မာ စစ်ဖက်အစိုးရက ၁၄ နှစ်ခန့် ထိမ်းသိမ်း ချုပ်နှောင်ထားခဲ့သော ရန်ကုန်မြို့ နေအိမ်တွင် သူမ၏ မွေးနေ့ကို ကုန်လွန်ခဲ့ရသည်။ သူမသည် ၁၉၆၉ မှ ၁၉၇၁ ထိ နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရုံးတွင် အမှုထမ်းခဲ့ဖူးသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Southport visiter, 19th June 2010

          အထိန်းအသိမ်းခံ မြန်မာ ဒီမိုကရေစီ ခေါင်းဆောင်၏ ၆၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပေးပို့သော သဝဏ်လွှာတွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ထွန်းကားရေးအတွက် လုပ်နိုင်မျှ အားလုံးကို ဗြိတိန်က လုပ်ဆောင်သွားမည် ဖြစ်ကြောင်း    ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ဒေါ်အောင်ဆန်းစုကြည်ကို ကတိပေးလိုက်သည်။

          ဝန်ကြီးချုပ်သည် အမေရိကန်သမ္မတ ဘားရက်အိုဘားမား အပါအဝင် အခြား ကမ္ဘာ့ ခေါင်းဆောင်များနှင့် ပူးပေါင်းကာ သူမ၏ လုပ်ဆောင်မှုကို ပုဂ္ဂိုလ်ရေးအရ ချီးကျူးဂုဏ်ပြုသည့် သဝဏ်လွှာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

          ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် လွတ်မြောက်ရေးအတွက် နိုင်ငံတကာက ကြီးကြီမားမား ဖိအား ပေးနေသည့်ကြားမှပင် မြန်မာ စစ်ဖက်အစိုးရက သူမအား ၁၄ နှစ်ခန့် အကျယ်ချုပ် ဖမ်းဆီးထားခဲ့ခြင်း ဖြစ်သည်။

          သူမ၏ မွေးနေ့ကို အကြောင်းပြု၍ ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း သူမနှင့် တကွ အခြားနိုင်ငံရေး အကျဉ်းသား အားလုံးကို မြန်မာအစိုးရက လွှတ်ပေးရန် ယခင်က တောင်းဆိုထားမှုများကို ထပ်မံ တောင်းဆိုလိုက်သည်။

          မိသားစုနှင့် ကလေးများကိုပါ အဆက်ဖြတ်ထားခဲ့သည့် နေအိမ် အကျယ်ချုပ် ကာလအတွင်း နောက်ထပ် မွေးနေ့ ရောက်ရှိသည့် တိုင်အောင် ဗြိတိန်နှင့်အတူ တစ်ကမ္ဘာလုံးက သူမနှင့်အတူ ခံစား ရပ်တည်သွားကြမည်ဟု ဒေးဗစ် ကင်မရွန်က ၎င်း၏ အိတ်ဖွင့် ပေးစာတွင် ဒေါ်အောင်ဆန်းစုကြည်အား ပြောကြားခဲ့သည်။

          သင့်အား မတော်မတရား ဆက်လက် ဖမ်းဆီးထားခြင်းသည် သင့်တိုင်းပြည်နှင့် သင့်ပြည်သူများအပေါ် မြန်မာအစိုးရက နှစ်ပေါင်းများစွာ ဒုက္ခပေးလာခဲ့သည့် တရားမမျှတမှုကို ထပ်ဟပ်စေသည် ဟု ၎င်းက ရေးသားထားသည်။

          ပြီးခဲ့သော ကာလ တစ်လျှောက်တွင် သင်သည် လွတ်လပ်မှုနှင့် တရားမျှတမှု စနစ်များအတွက် ကိုယ်ကျိုးစွန့်ကာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သည်။ ထို့အတွက် သင်သည် လူ့စိတ်ခွန်အား၏ ကြီးမားသော သင်္ကေတ တစ်ခု ဖြစ်လာသည် ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

          ၎င်း၏ ရှေ့မှ ယခင်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းသည် ဒေါ်အောင်ဆန်းစုကြည်အား လူသိရှင်ကြား လှိုက်လှိုက်လှဲလှဲ ထောင်ခံသူတစ်ဦး ဖြစ်ပြီး ၎င်းရေးသားသည့် စာအုပ် "ရဲရင့်ခြင်း" ၏ အခန်းတစ်ခုထဲတွင် သူမ၏ ရုန်းကန်မှုများကို ချီးကျူးဂုဏ်ပြု ရေးသားထားသည်။`

          ဝန်ကြီးချုပ် ကင်မရွန်က သူသည်လည်း သူမ၏ ထိထိရောက်ရောက် လှုံ့ဆော်ပေးနိုင်မှု ဥပမာများကို ရှေးယခင်ကပင် သိရှိထားခဲ့သည် ဟု ပြောကြားသည်။

          မိမိ ခေါင်းဆောင်သော ဗြိတိသျှ အစိုးရသည် မြန်မာနိုင်ငံ၏ တောက်ပသော အနာဂါတ်ကို ဆောင်ကြဉ်းရန်နှင့် ပြည့်ဝသော လူ့အခွင့်အရေး၊ စစ်မှန်သည့် ဒီမိုကရေစီ တို့ကို သင့်ပြည်သူများ ခံစားနိုင်စေရန် နှစ်နိုင်ငံ အချင်းချင်း အရသော်လည်းကောင်း၊ ကုလသမဂ္ဂမှ တစ်ဆင့် နိုင်ငံတကာ နည်းလမ်းများ အရသော်လည်းကောင်း  လုပ်နိုင်သမျှ အားလုံးကို ဆောင်ရွက်သွားမည်ဟု ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bernama News, 19th June 2010

မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် ပေါင်းစည်းမှု ရရှိသည်ကို မလေးရှားက မြင်တွေ့လိုသည်ဟု ဒါတွတ် ဆရီ နာဂျစ် တွန် ရာဇတ်က ပြောကြားလိုက်ပြီး ဤကိစ္စ အောင်မြင်စေရန် မည်သည့်အရာများ လုပ်ဆောင်ရန် လိုအပ်သည်ကို ထိုနိုင်ငံမှ အစိုးရ (မြန်မာအစိုးရ) က သိရှိနားလည်ပြီး ဖြစ်သည်ဟု ၎င်းက ပြောဆိုခဲ့သည်။

"မြန်မာနိုင်ငံက အမျိုးသား ပြန်လည် ပေါင်းစည်းမှုကို ကျွန်တော် တွေ့မြင်ချင်တဲ့ ဆန္ဒရှိပါတယ်။ နိုင်ငံတကာရဲ့ ယုံကြည်မှုနဲ့ အားပေး ထောက်ခံမှု ရအောင် ဘာတွေ လုပ်ဖို့ လိုသလဲ ဆိုတာကို အဲဒီအစိုးရ နားလည် သိရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု မလေးရှား ဝန်ကြီးချုပ်က ပြောဆိုလိုက်သည်။

စနေနေ့တွင် ကျရောက်သော မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ အခါသမယနှင့် တိုက်ဆိုင်သော အချိန်တွင် မြန်မာနိုင်ငံအပေါ် မည်သို့ ဆန္ဒရှိပါသနည်းဟု ၎င်းအား မေးမြန်းရာတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အာဆီယံ အနေဖြင့် မြန်မာနိုင်ငံ ကိစ္စကို ကိုင်တွယ်ရာတွင် မည်သည်ကို ပြုလုပ်သင့်ပါသနည်း ဟူသော နောက်ထပ် မေးခွန်းတစ်ခုကို ဖြေကြားရာတွင် "နာဂျစ်" က မြန်မာအစိုးရ၏ ဒီမိုကရေစီ လမ်းညွှန် မြေပုံတွင် အားလုံးနှင့် သက်ဆိုင်သည့် အဖြေတစ်ခု မလွဲမသွေ ပါဝင်လိမ့်မည်ဟု အာဆီယံ အဖွဲ့ဝင် ၁ဝ နိုင်ငံက မျှော်လင့်ထားကြသည်ဟု ပြောကြားခဲ့သည်။

"ဒါက အာဆီယံ နိုင်ငံတွေရဲ့ မျှော်လင့်ချက်ပါ" ဟု ၎င်းက ဆိုသည်။

Barisan Nasional ၏ ဥက္ကဋ္ဌ ဖြစ်သူ နာဂျစ်က ပူထရာ ကမ္ဘာ့ကုန်သွယ်ရေး စင်တာတွင် ကျင်းပသော People's Progressive Party (PPP) ၏ ၅၇ ကြိမ်မြောက် နှစ်လည် အထွေထွေ ညီလာခံကို စောစောပိုင်းက ဖွင့်လှစ်ပေးခဲ့သည်။

၁၉၆၂ ကစ၍ စစ်ဖက်မှ အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံတွင် ယခု နှစ်ကုန် ရွေးကောက်ပွဲများ ကျင်းပရန် "ဒီမိုကရေစီ လမ်းညွှန် မြေပုံ" က လမ်းခင်းပေးခဲ့ခြင်း ဖြစ်သည်။

လမ်းညွှန်မြေပုံ၏ အဆင့်နံပါတ် (၇) မှာ ငြိမ်းချမ်းသော၊ ခေတ်မီသော ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီအတွက် တိုက်ပွဲ ဝင်ခဲ့ခြင်းကြောင့် ၁၅ နှစ်ခန့် ထိန်းသိမ်းခြင်း ခံခဲ့ရပြီး လက်ရှိ အချိန်ထိ အကျယ်ချုပ် ကျခံနေရဆဲ ဖြစ်သည်။

သူမ၏ NLD ပါတီက ၁၉၉ဝ ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ် အောင်ပွဲခံခဲ့သော်လည်း တပ်မတော်က အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ အနောက်မြောက်ဘက် ဒေသတွင် မုတ်သုံမိုးများ သည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေလွှမ်းမိုးမှု နှင့် မြေပြိုမှုများ ဖြစ်ပွားရာ အဆိုပါဒေသ၌ နေထိုင်သူ လူပေါင်း ၅၇ ဦး သေဆုံးခဲ့ရကြောင်း နိုင်ငံပိုင် မီဒီယာက သတင်း ပေးပို့သည်။

မြန်မာနိုင်ငံ အနောက်မြောက်ဘက် ရခိုင်ပြည်နယ်တွင် ဇွန်လ ၁၂ ရက်နေ့က မိုးများ သည်းထန်စွာ စတင် ရွာသွန်းခဲ့ရာ ရက်သတ္တပတ် အလယ်ခန့်ရောက်မှ ရပ်စဲသွားခဲ့သည်။ ယင်း ဖြစ်ရပ်ကြောင့် ရေလွှမ်းမိုးမှုများနှင့် ရွှံ့မြေ ပြိုကျမှုများ ဖြစ်ပွားကာ နေအိမ်များ၊ စာသင်ကျောင်းများနှင့် တံတားများ ပျက်ဆီးသွားခဲ့ရကြောင်း၊ လူပေါင်း ၂၀၀၀ ကျော်မှာလည်း အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ကြရကြောင်း နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာက ဆိုသည်။

လက်ရှိအချိန်တွင် ရေလွှမ်းမိုးမှုများ လျော့ကျသွားပြီး အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ စတင် လုပ်ကိုင်နေပြီ ဖြစ်သည်ဟု ဆိုသည်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူပေါင်း ၅၀ ခန့် သေဆုံးခဲ့ရသည်။

အာရှဒေသတွင် ရေလွှမ်းမိုးမှုများ ပုံမှန် ဖြစ်ပွားလေ့ ရှိပြီး အထူးသဖြင့် မုတ်သုံရာသီ စတင်လေ့ ရှိသော မေလ နှောင်းပိုင်းခန့်တွင် ဖြစ်လေ့ဖြစ်ထ ရှိသည်။ မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်၊ မေလက နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ရာ လူပေါင်း တစ်သိန်း လေးသောင်းခန့် သေဆုံး (သို့မဟုတ်) ပျောက်ဆုံးခဲ့ရသည်။

Xinhua သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ မူးယစ် တိုက်ဖျက်ရေး အာဏာပိုင်များက လစဉ် ထုတ်ပြန်သော စာရင်းဇယားများ အဆိုအရ ယခုနှစ် မေလအတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သော အမှုပေါင်း ၂၃၇ မှုကို ထုတ်ဖော်နိုင်ခဲ့ပြီး အမျိုးသမီး ၈၅ ဦး ပါဝင်သော တရားခံ ၃၉၅ ဦးကို အပြစ်ပေး အရေးယူနိုင်ခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့် ဆက်စပ်သော အမှုများတွင် ဘိန်းဖြူအမှုမှာ အများဆုံး ဖြစ်ပြီး ၈၅ မှု ဖြစ်ကာ စိတ်ကြွ ရူးသွပ်ဆေးပြား အမှု ၆၅ မှု၊ ဘိန်းစိမ်းမှု ၂၆ မှု နှင့် ဆေးခြောက်မှု ၂၀ မှု ဖြစ်ကြောင်း စာရင်းဇယားများက ဆိုသည်။

မေလ တစ်လတည်းတွင်ပင် မြန်မာ အာဏာပိုင်များသည် ဘိန်း ၁၀၁ ဒဿမ ၇၉ ကီလိုဂရမ်၊ ဘိန်းဖြူ ၂ ဒဿမ ၄၆ ကီလိုဂရမ်၊ ဆေးခြောက်  ၄ ဒဿမ ၂ ကီလိုဂရမ်နှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၆၆၀၀၀ ပြား ဖမ်းဆီး ရရှိခဲ့သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

ယခင်လ အတွင်းကလည်း မြန်မာအစိုးရသည် မူးယစ်ဆေးနှင့် ဆက်နွယ်သော အမှုပေါင်း ၂၄၁ မှုကို ထုတ်ဖော်နိုင်ခဲ့ပြီး တရားခံ ၃၄၇ ဦး (အမျိုးသမီး ၅၉ ဦး အပါအဝင်) ကို အပြစ်ပေး အရေးယူနိုင်ခဲ့သည်။ ယမန်နှစ် ဘိန်းစိုက်ပျိုးသည့် ရာသီတွင် ဘိန်းခင်းပေါင်း ၄၁၃၈ ဟက်တာကို ဖျက်ဆီးနိုင်ခဲ့သည်ဟု မြန်မာ အာဏာပိုင်များ၏ အစီရင်ခံစာတွင် ပါရှိသည်။ မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ၁၅ နှစ်တာ စီမံကိန်း (၁၉၉၉ မှ ၂၀၁၄ အထိ) တစ်ရပ်ကို အပိုင်း သုံးပိုင်းခွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ အပိုင်း တစ်ပိုင်းလျှင် ငါးနှစ်တာမျှ သတ်မှတ်ထားရာ ယခုဆိုလျှင် နောက်ဆုံးအပိုင်း ကာလထဲသို့ ဝင်ရောက်နေပြီ ဖြစ်သည်။

Xinhua သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

By Paul Fraser, 20th June 2010

ဂျပန်နိုင်ငံရောက် မြန်မာများသည် ဒေါ်အောင်ဆန်းစုကြည်ကို အားပေး ထောက်ခံသည့် အနေဖြင့် မွေးနေ့အထိမ်းအမှတ် ဆန္ဒပြပွဲကို တိုကျိုမြို့ United Nations University ၏ အပြင်ဘက်တွင် ယမန်နေ့က ပြုလုပ်ခဲ့ပြီး သူမ လွတ်မြောက်ရေးအတွက် ဆုတောင်းခဲ့ကြသည်။

မြန်မာ ဒီမိုကရေစီခေါင်းဆောင်သည် နေအိမ် အကျယ်ချုပ် ကျခံနေရစဉ်အတွင်း ယမန်နေ့က အသက် ၆၅ နှစ် ပြည့်သွားခဲ့ရာ ဒီမိုကရေစီ လှုပ်ရှားသူများက ကမ္ဘာတလွှားတွင် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြပြီး ကမ္ဘာ့ခေါင်းဆောင်များကလည်း မြန်မာအစိုးရအား သူမကို လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှု အခမ်းအနားများကို ဆစ်ဒနီ၊ မနီလာ၊ ဂျကာတာ၊ ကွာလာလမ်ပူနှင့် ဘန်ကောက်မြို့များတွင် ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် ချီတက် ဆန္ဒပြပွဲများ၊ ဖယောင်းတိုင် မီးထွန်း ဆုတောင်းပွဲများ၊ အထိမ်းအမှတ် ကပွဲများနှင့် ဗုဒ္ဓဘာသာ ရိုးရာ ဝတ်ပြု ဆုတောင်းပွဲများကို ဒပ်ဘလင်၊ ဗြိတိန်နိုင်ငံ မြို့ကြီးပေါင်း များစွာ၊ တိုရွန်တို၊ နယူးယောက်၊ ဝါရှင်တန်နှင့် အခြား မြို့ပေါင်းများစွာတွင် စီစဉ် ကျင်းပခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နေအိမ် အကျယ်ချုပ် ကျခံနေရသော ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်နှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၅ နှစ်ပြည့် မွေးနေ့ အချိန် သမယတွင် အမေရိကန် သမ္မတ ဘားရက် အိုဘားမားက သူမအား အမြန်ဆုံး လွတ်မြောက်ခွင့် ပေးရန် စစ်အစိုးရကို တိုက်တွန်းပြီး မွေးနေ့ ဆုမွန်ကောင်း တောင်းသည့် သဝဏ်လွှာကိုလည်း တစ်ပါတည်း ပေးပို့လိုက်သည်။

မွေးနေ့ဆုတောင်း သဝဏ်လွှာတွင် အိုးဘားမားက ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ ပြောင်းလဲမှုနှင့် လူ့အခွင့်အရေးတွက် ဆုံးဖြတ်ချက် ပြတ်သားမှု၊ သတ္တိရှိမှုနှင့် ပုဂ္ဂိုလ်ရေးဘဝ စတေးခဲ့မှုတို့ကို ချီးမွမ်း ထောပနာ ပြုရေးသားထားသည်။  ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၉ ရက်နေ့တွင် အသက် ၆၅ နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။ မွေးနေ့ အချိန်အခါတွင် သူမသည် ရန်ကုန်မြို့ အင်းလျားကန်ဘေးရှိ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်တွင် နေအိမ် အကျယ်ချုပ် ပြစ်မှုဖြင့် ထိန်းသိမ်းခံထားရသည်။

မြန်မာ စစ်အစိုးရသည် မြန်မာ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား နှစ်ပေါင်း ၁၅ နှစ်ခန့် ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ယခုနှစ် အတွင်း ကျင်းပရန် ရှိသော ဒီမိုကရေစီ ရွေးကောက်ပွဲသို့ ပါဝင် ယှဉ်ပြိုင်ခွင့် မရရှိအောင်လည်း ဥပဒေဖြင့် ကန့်သတ် ပိတ်ပင်ထားသည်။ ထိုရွေးကောက်ပွဲသည် စစ်အာဏာရှင် စနစ်ကို သက်ဆိုးရှည်စေရန်သာ အဓိက ဦးတည်ထားသည် ဟု နိုင်ငံရေး ကျွမ်းကျင်သူတို့က ဆိုသည်။

"ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာပေါ်မှာ တစ်ဦးတည်း ဖမ်းဆီး အကျဉ်းချ ခံထားရသူ ငြိမ်းချမ်းရေး နိုဘယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အခါသမယတွင် ကျွန်တော့် အနေဖြင့် သူမအတွက် အထူး ဆုမွန်ကောင်းများ ပေးပို့လိုက်ရပါသည်" ဟု အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမားက မွေးနေ့ သဝဏ်လွှာတွင် ရေးသားထားသည်။

"မြန်မာ အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးပြီး မြန်မာ ပြည်သူပြည်သားများ၏ အခွင့်အရေးအတွက် ပိုမို တည်ငြိမ်မှုရှိပြီး ကြွယ်ဝ ချမ်းသာသော နိုင်ငံ တည်ဆောက်ရေးတွင် ပါဝင်ခွင့် ပြုပေးရန် ကျွန်တော် ထပ်မံ၍ တိုက်တွန်းလိုက်ပါသည်" ဟု မစ္စတာ အိုဘားမားက ဆိုသည်။

AFP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံရောက် မြန်မာ ပြည်ပြေး အစိုးရ ဆန့်ကျင်သူ ငါးဦးက လန်ဒန်မြို့ရှိ မြန်မာနိုင်ငံ ဆိုင်ရာ သံရုံးရှေ့တွင် ဆန္ဒပြမှု တစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ၁၉၉၀ ပြည့်နှစ် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သည့်တိုင် မြန်မာ စစ်အစိုးရက အာဏာ လွှဲပြောင်းပေးခြင်း မရှိဘဲ သူမကို ၁၄ ကျော် ကာလကြာမျှ ဖမ်းဆီး ချုပ်နှောင်ခဲ့သည်။

ယခု လန်ဒန်မြို့ မြန်မာ သံရုံးရှေ့တွင် မြန်မာအစိုးရ အတိုက်အခံသမား ငါးဦးက ဦးဆောင် ပြုလုပ်သော ဒေါ်စုကြည် မွေးနေ့ အထိမ်းအမှတ် ဆန္ဒပြပွဲတွင် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ (ဗြိတိန်) မှ ဒါရိုက်တာ Kate Allen လည်း ပူးပေါင်း ပါဝင်ခဲ့သည်။ ဆန္ဒပြသူများသည် တရားဝင် ဥပဒေ သတ်မှတ်ချက်အရ မြန်မာနိုင်ငံ အချုပ်အခြာ အာဏာ ပိုင်နက် ဖြစ်သော မြန်မာသံရုံး၏ လှေကားထစ်များသို့ တက်ရောက်၍ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ဥပဒေများအရ လူငါးဦးထက် ပိုသော စုရုံးမှုများသည် တရားမဝင်သော လှုပ်ရှားမှုအဖြစ် သတ်မှတ်သည်။ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့မှ ဒါရိုက်တာ Kate Allen က "ခုလို ပုန်ကန်ဆန္ဒပြမှု အသေးစားလေးတွေ လုပ်ဖို့ဆိုတာ မြန်မာနိုင်ငံထဲမှာ မဖြစ်နိုင်ပါဘူး" ဟု ပြောသည်။

"မြန်မာနိုင်ငံထဲမှာ စစ်အစိုးရကို ဆန့်ကျင်ပြီး ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ ပကတိတရားကို ရဲရဲဝံ့ဝံ့ ထုတ်ဖော် ပြောဆိုရဲတဲ့ သူဆိုရင် စောင့်ကြည့် ခံရနိုင်ပါတယ်၊ ဖိနှိပ် အပြစ်ပေး ခံရတာတို့၊ ဖမ်းဆီးခံရတာတို့၊ ညှဉ်းဆဲ နှိပ်စက်ခံရတာတို့ ကြုံရပါတယ်။ ဒါတင် မကပါဘူး။ သတ်တောင် အသတ်ခံရနိုင်ပါတယ်" ဟု ဆိုသည်။

Morning Star Online မှ သတင်းကို ဘာသာပြန်ဆိုသည်။