Transparency Myanmar

transparency.myanmar@gmail.com

Inner City Press, By Matthew Ruscell Lee, 17th June 2010

အာဏာရှင် အစိုးရပင် ဖြစ်စေကာမူ၊ စစ်အစိုးရပင် ဖြစ်စေကာမူ အစိုးရအဖွဲ့၏ စွမ်းဆောင်ရည် တိုးတက်အောင် ပြုလုပ်ပေးခြင်း လုပ်ငန်းကို ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) က လုပ်ဆောင်လျက် ရှိသည်။ ကြာသပတေးနေ့က Inner City Press သည် UNDP အုပ်ချုပ်ရေး အရာရှိ Helen Clark အား သူမ ပြောခဲ့သည့် မြန်မာနိုင်ငံတွင် UNDP လုပ်နိုင်သော ကိစ္စရပ်များကို နိုင်ငံရေးအရ အကြောင်းရင်းခံများက ကန့်သတ်မှု ပြုနေကြောင်း ကိစ္စအား ရှင်းလင်း ပြောပြရန် မေးမြန်းခဲ့သည်။ သူမက ယခုအချိန်တွင် Millennium Development Goals အစီအစဉ်အရ တိုးတက်မှုများ ပြုလုပ်ရန် သိပ်မလွယ်ကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။

Ms. Clark သည် အမြင် ပြောင်းသွားခဲ့ပြီး၊ မြန်မာနိုင်ငံတွင် အကန့်အသတ်ဖြင့် ပြုလုပ်ရသော UNDP ၏ လုပ်ရပ် အပေါ် အပြစ်မဖို့သင့်ကြောင်း၊ အလှူရှင်များ၏ နိုင်ငံရေး ရှင်းရှင်းလင်းလင်း အဓိပ္ပာယ် ဖွင့်ရလျှင် အရေးယူ ပိတ်ဆို့မှုများကြောင့် ဖြစ်ကြောင်း သူမက ဆိုသည်။ Clark က မြန်မာနိုင်ငံသည် မြောက်ကိုရီးယား အပါအဝင် အခြားနိုင်ငံများ နှစ်စဉ်ရသော ဖွံ့ဖြိုးမှု အကူအညီ အနည်းဆုံးရသော နိုင်ငံများထက်ပင် ဖွံ့ဖြိုးမှု အကူအညီ အနည်းငယ်သာ ရကြောင်း အလေးထား ပြောကြားခဲ့သည်။ နိုင်ငံရေးမှာမူ အလွန် ရှုပ်ထွေးသော အကြောင်းရပ် ဖြစ်ကြောင်း သူမက ပြောသည်။

ထိုကိစ္စမှာ အမှန်ပင် ဖြစ်သည်။ မြန်မာ အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအား ဖျက်သိမ်းခဲ့ပြီး၊ ရွေးကောက်ပွဲကို စစ်တပ်နှင့် ပတ်သက်သော ကိုယ်စားလှယ်များ အတွက်သာ ပြုလုပ်မည် ဖြစ်သည်။ ဤကဲ့သို့သော အစိုးရမျိုး၏ စွမ်းဆောင်ရည် မြင့်မားရေး အတွက် UNDP က ကူညီပေးသင့်ပါသလော။

ဗြိတိသျှ သံအမတ်ကြီး Lyall Grant က ဝင်ရောက် ပြောဆိုရာတွင် အရေးယူမှုများမှာ အစိုးရကိုသာ ရည်ရွယ် ချမှတ်ထားခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

ကုလသမဂ္ဂ ကလေးငယ်များနှင့် လက်နက် ပဋိပက္ခ ကိုယ်စားလှယ် Radhika Coomaraswamy က ပြောကြားရာတွင် မြန်မာ အစိုးရသည် ရွေးကောက်ပွဲကြောင့် ကလေး စစ်သားများနှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်နေမှုများကို လုံးဝ ရပ်ဆိုင်းထားကြောင်း ဆိုသည်။ ဇွန်လ ၁၆ ရက်နေ့က လုံခြုံရေး ကောင်စီ အပြင်ဖက်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးအား Inner City Press က ရပ်တန့်၍ အဘယ်ကြောင့် ရပ်ဆိုင်းသွားရသနည်းဟု မေးမြန်းခဲ့သည်။ သံအမတ်ကြီးက ပြောကြားရာတွင် မြန်မာ အစိုးရသည် Ms. Coomaraswamy နှင့် အနီးကပ် လုပ်ဆောင်လျက် ရှိကြောင်း၊ သူမ၏ စာရင်းတွင် ကလေး စစ်သား စုဆောင်းသူ အဖြစ် စာရင်းသွင်းထားမှုကို ဖျက်ပေးစေလိုကြောင်း ပြောသည်။ အမှန်တကယ်ပင် UNDP က ထိုကိစ္စကို အကူအညီ ပေးမည်လော။

Inner City Press က Ms. Clark အား ဆိုမာလီ၏ လုံခြုံရေး ကဏ္ဍတွင် UNDP ၏ အခန်းကဏ္ဍအား မေးမြန်းခဲ့သည်။ ဆိုမာလီ အစိုးရသည် ကလေးစစ်သား ၂၀% အသုံးပြုလျက် ရှိသည်။ "ကျွန်မတို့ စစ်သားတွေကို လေ့ကျင့် မပေးပါဘူး။ ကျွန်မတို့ အဲဒီကိစ္စနဲ့ လုံးဝ မနီးစပ်ပါဘူး" ဟု Clark က ဖြေသည်။ UNDP သည် TFG လုံခြုံရေး အတွက် ငွေကြေး ထောက်ပံ့ပေးသည်။ ၎င်းတို့ မည်မျှလောက် အသုံးပြုသည် ဆိုသည်ကိုသာ အငြင်းပွားနေသည်။

အောက်ခြေမှတ်စု

UNDP သည် မြောက်ကိုရီးယား အစီအစဉ်များကို ပြန်လည်ဖွင့်လှစ်ရာတွင် နိုင်ငံတကာ ငွေရေးကြေးရေး အရာရှိအဖြစ် Mr. Vijay Thapa ကို စာရင်းပေးခဲ့သည်။ သံချောင်းခေါက်သူ တစ်ဦးက မေးမြန်းရာတွင် အတွေးထဲတွင် ပဋိပက္ခ ဖြစ်နေသော အချက်တစ်ခုမှာ Mr. Thapa သည် မြောက်ကိုရီးယားတွင် ၂၀၀၃  ခုနှစ်ကတည်းက ငွေရေးကြေးရေး အရာရှိ တာဝန်ထမ်းဆောင်ခဲ့ဘူးသူ ဖြစ်နေခြင်း ဖြစ်ကြောင်း၊ ငွေအတု ပြုလုပ်ကြောင်း မတွေ့ရှိမီ လေးနှစ်ခန့်က မဟုတ်ပေဘူးလားဟု မေးသည်။ Mr. Thapa သည် ငွေတု ပြုလုပ်ခြင်းနှင့် ပတ်သက်၍ အမေရိကန် တောင်ပိုင်း ရှေ့နေနှင့် စကားပြောရန် ပျက်ကွက်သူ မြောက်ကိုရီးယားရှိ UNDP ဝန်ထမ်းများတွင် တစ်ဦး အပါအဝင် ဖြစ်သည်။ မြောက်ကိုရီးယားရှိ UNDP ၏ လုပ်ရပ် အမှားများ အတွက် စီမံခန့်ခွဲမှု တာဝန်ရှိသူများတွင် ဇာတ်ကောင်ဟောင်း တစ်ဦး ဖြစ်သည်။ တစ်ဦးကမူ Mr. Thapa အား ခန့်ထားရခြင်းမှာ မြောက်ကိုရီးယား အစိုးရ၏ တောင်းဆိုမှုကြောင့် မဖြစ်နိုင်သလောဟု တွေးပေသည်။ ထိုသို့ ခန့်ထားခြင်းကြောင့် မြောက်ကိုရီးယား အစိုးရ စွမ်းဆောင်ရည် ပိုမို မြင့်တက်လာမည်လောဟု မေးခွန်းထုတ်ဖွယ်ရာ ဖြစ်နေသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The New York Times, By Aung Linn Htut, 18th June 2010

ယခုအချိန်သည် အမေရိကန် ပြည်ထောင်စုနှင့် ကမ္ဘာပေါ်တွင် အကျင့်ပျက် ခြအစားဆုံး အစိုးရတို့၏ ဆက်ဆံရေးတွင် အရေးကြီးသော အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ စစ်အစိုးရသည် မြန်မာပြည်ကို ကိုယ်ပိုင် အပိုင်စား ခွင့်ပြုခဲ့သကဲ့သို့ တိုင်းပြည်မှ ရသမျှကို ခိုးယူနေသည်။

Obama အစိုးရသည် "လက်တွေ့ကျသော ဆက်ဆံရေး" ဟု အမည်တပ်ထားသော မဟာဗျူဟာကို ကျင့်သုံးရန် ကြိုးစားခဲ့သည်။ ပြည်တွင်းရော၊ နိုင်ငံခြားတွင်ပါ ပြဿနာများ အတွက် ကျယ်ကျယ်လောင်လောင် ဆူဆူညံညံ ကြားနေချိန်တွင် အမေရိကန်သည် ၎င်း၏ နေရာကို ပြန်လည် စဉ်းစားရန် လိုအပ်သည်။ ဝါရှင်တန် အနေဖြင့် မသိလိုက် မသိဘာသာ စစ်ခေါင်းဆောင်များ အပေါ် ရပ်တည်ချက် ပျော့ပြောင်း သွားမိမည်ကို စိုးရိမ်ရသည်။ နောက်တစ်ချက်မှာ အမေရိကန် အနေဖြင့် စစ်အစိုးရ၏ နျူကလီယာ ရည်မှန်းချက်များကို အလေးအနက်ထား ထည့်သွင်း စဉ်းစား သင့်လှပေသည်။

သမိုင်း အဆက်ဆက် မြန်မာ အစိုးရသည် အမေရိကန်ကို မယုံသည့် သဘော ရှိသည်။ ကျွန်တော်သည် ထိုအကြောင်းကို ကောင်းကောင်း သိသည်။ ကျွန်တော်သည် အမေရိကန်သို့ ၂၀၀၅ ခုနှစ်တွင် ထွက်မပြေးမီက မြန်မာနိုင်ငံရှိ စစ်ရုံးတွင် ထောက်လှမ်းရေး အရာရှိ လုပ်ခဲ့ဖူးသည်။ ဝါရှင်တန်ရှိ မြန်မာ သံရုံးတွင် ဒုတိယ ခေါင်းဆောင် အဖြစ်လည်း တာဝန် ထမ်းဆောင်ဖူးသည်။

၂၀၀၃ ခုနှစ် နွေဦးကာလက ဖြစ်သည်။ အမေရိကန် ဆီနိတ်တာ၏ အကြီးတန်း ဝန်ထမ်း အဖွဲ့ဝင် တစ်ဦးသည် သံအမတ်ကြီး ဦးလင်းမြိုင်နှင့် ကျွန်တော်တို့အား တွေ့ဆုံရန် ဝါရှင်တန်ရှိ မြန်မာ သံရုံးသို့ နှစ်ခေါက် လာခဲ့သည်။ တစ်ချိန်တည်း လိုလိုမှာပင် အမေရိကန် နိုင်ငံခြားရေးဌာနနှင့် အမျိုးသား လုံခြုံရေး ကောင်စီမှ တာဝန်ရှိ ပုဂ္ဂိုလ်များသည် နယူးယောက်တွင် ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဦးတင်ဝင်းနှင့် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး လှမင်းတို့နှင့် တွေ့ဆုံခဲ့သည်။

အမေရိကန် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံ အနေဖြင့် သမ္မတ George W.Bush က သတ်မှတ်ထားသော မိစ္ဆာ ဝင်ရိုးစွန်းနိုင်ငံ သုံးနိုင်ငံမှ တစ်ခုဖြစ်သော မြောက်ကိုရီးယားနှင့် လျှို့ဝှက်စွာ ပြန်လည် ဆက်ဆံနေသည် ဆိုသော ကိစ္စနှင့် ပတ်သက်သော သတင်းများကို လာရောက် စစ်ဆေးကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၉၈၃ ခုနှစ်အထိ မြောက်ကိုရီးယားနှင့် ဆက်ဆံမှုများ ရှိခဲ့ပြီး၊ တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှန် မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်စဉ် မြောက်ကိုရီးယားက လုပ်ကြံ သတ်ဖြတ်ရန် ကြိုးစားမှု အပြီးတွင် နှစ်နိုင်ငံ ဆက်ဆံရေး ရပ်ဆိုင်း သွားခဲ့သည်။ အဆိုပါ လုပ်ကြံမှုကြောင့် သမ္မတ ချန်ဒူးဝှန် ထိခိုက်မှု မရှိသော်လည်း ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးများ အပါအဝင် တောင်ကိုရီးယား ၁၇ ဦး သေဆုံးခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မိမိတို့အား အမေရိကန်ကို ညာပြောရန် ညွှန်ကြားခဲ့သည်။ ကျွန်တော်တို့ကလည်း သူခိုင်းသည့် အတိုင်း ညာခဲ့ရသည်။ ကျွန်တော်တို့သည် ပြုံးယမ်းနှင့် ပြန်လည် ဆက်ဆံနေသည် ဟူသော ကောလာဟလနှင့် ပတ်သက်၍ မြန်မာနိုင်ငံ နိုင်ငံရေး အတိုက်အခံကို အပြစ်တင်ခဲ့သည်။ အမေရိကန်ကလည်း သက်သေပြရန် တောင်းဆိုခဲ့သည်။ ထိုအခါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံခြားရေး ဝန်ကြီး ဦးဝင်းအောင်အား အဆိုပါ သတင်းနှင့် ပတ်သက်၍ ငြင်းဆိုသည့် စာတစ်စောင်ကို နိုင်ငံခြားရေး ဝန်ကြီး Colin Powell သို့ ရေးရန် ညွှန်ကြားခဲ့သည်။ ဗြိတိသျှ အစိုးရက အမှန်ကို သိသည်။ ထို့ကြောင့် ရန်ကုန်ရှိ ဗြိတိသျှ သံအမတ်ကြီးက ဦးဝင်းအောင်အား လူလိမ်လူညာ အဖြစ် သမုတ်ခဲ့သည်။

မြန်မာနိုင်ငံသည် အဘယ်ကြောင့် မြောက်ကိုရီးယားနှင့် ပြန်လည် ဆက်သွယ်ရသနည်းဆိုလျှင် စစ်အစိုးရ သက်ဆိုးရှည်စေရေး အတွက်ပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ အရေးအခင်း ပြီးနောက် ရိုးရိုးလက်နက် ထုတ်လုပ်သော နိုင်ငံခြားနှင့် ဖက်စပ်လုပ်ငန်းများ ပျက်သွားခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၁၉၉၂ ခုနှစ် ၎င်းအာဏာ ရလာသောအခါ မြောက်ကိုရီးယားနှင့် လျှို့ဝှက်စွာ ပြန်လည် ဆက်ဆံခဲ့သည်။

ထိုအချိန်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီ လှုပ်ရှားမှုများကလည်း အထွဋ်အထိပ် ရောက်နေချိန် ဖြစ်၍၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမေရိကန်နှင့် အိန္ဒိယတို့က တိုက်ခိုက်လာနိုင်သည်ဟု အကြောင်းပြချက် ပေးခဲ့သည်။ ၎င်းသည် ပိုမို အင်အားကောင်းသော စစ်တပ်ကို လိုချင်ခဲ့သည်။ ခေတ်မှီ လက်နက်များ အလိုရှိသည်။ နျူကလီယာ လက်နက်ကိုပင် လိုချင်ခဲ့သည်။ မြန်မာ ပြည်သူများ မည်မျှလောက် မွဲနေပါစေ၊ ၎င်းက ဂရုမစိုက်ပေ။

၎င်းသည် ပြုံးယမ်းနှင့် လျှို့ဝှက်စွာ အဆက်အသွယ် ပြုလုပ်ခဲ့သည်။ မြောက်ကိုရီးယား လက်နက် ကျွမ်းကျင်သူ တောင်ကိုရီးယား စီးပွားရေးသမားများ မြန်မာနိုင်ငံသို့ စတင် ရောက်ရှိခဲ့သည်။ ကျွန်တော်သည် ထိုဧည့်သည်များကို အမှတ်ရနေသေးသည်။ ၎င်းတို့ကို ရန်ကုန် လေဆိပ်တွင် အထူး ဧည့်ခံခဲ့သည်။ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့များ ရောင်းချထားသဖြင့် မြောက်ကိုရီးယားကို ဒုံးကျည် နည်းပညာ အတွက် ငွေကောင်းကောင်း ပေးနိုင်သည်။

ဗိုလ်ချုပ်များက ထင်မြင်နေသည်မှာ ဒုံးကျည် ထိပ်ဖူးတွင် နျူကလီယာ တပ်ဆင်နိုင်ခဲ့ပါက အမေရိကန် အပါအဝင် အခြား အင်အားကြီး နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံ အပေါ် သြဇာလွှမ်းမိုးမှု လျော့ကျပြီး မတိုက်ခိုက်ရဲတော့ဟု တွေးထင်နေကြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် မြောက်ကိုရီးယားနှင့် ဆက်သွယ်နေသည်များကို ဖုံးကွယ်ထားလိုခြင်းမှာ၊ ၎င်းနိုင်ငံ၏ သဘာဝ သယံဇာတများကို ခိုးယူနေသည့် ဖြစ်စဉ်တွင် ဂျပန်နှင့် တောင်ကိုရီးယား ကုမ္ပဏီများအား မြန်မာနိုင်ငံတွင် ပိုမို ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်နေသောကြောင့် ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် ဗိုလ်ချုပ်များသည် မိမိကိုယ်ကိုယ် ယုံကြည် စိတ်ချရ၍သော် လည်းကောင်း၊ လိုအပ်ချက်အရ လည်းကောင်း၊ မြောက်ကိုရီးယားနှင့် သံတမန် ဆက်ဆံရေး ထူထောင်ကြောင်း လူသိရှင်ကြား ကြေညာခဲ့သည်။

မြန်မာနိုင်ငံသည် ဒုံးကျည် ထုတ်လုပ်ရေးနှင့် ဓာတု လက်နက် ထုတ်လုပ်ရေးကို လွန်ခဲ့သော ဆယ်နှစ်ခန့်ကတည်းက လုပ်ကိုင်နေခဲ့ခြင်း ဖြစ်သည်။ စစ်တပ်၏ စီးပွားရေး လက်တံတစ်ခု ဖြစ်သော မြန်မာ့ စီးပွားရေး ဦးပိုင်၏ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကြီး တင်အေးသည် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးတွင် အဓိက ပုဂ္ဂိုလ် ဖြစ်သည်။

ယမန်နှစ်က ပေါက်ကြားခဲ့သော သတင်းအရ အစိုးရ၏ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရွှေမန်းသည် ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် ပြုံးယမ်းသို့ လျှို့ဝှက်စွာ သွားရောက်ခဲ့သည်။ ၎င်းသည် နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ သဘော တူညီချက်အရ ဒုံးကျည်များ၊ လေယာဉ်များနှင့် သင်္ဘောပင်လျှင် ဖွက်နိုင်သော ဂူများ၊ ဥမင်လိုဏ်များ ဆောက်လုပ်ရာတွင် မြောက်ကိုရီးယားထံမှ အကူအညီ ရရှိမည် ဖြစ်သည်။

အဆိုပါ သတင်းများသည် မြန်မာ စစ်တပ် တာဝန်ရှိသူများထံမှ ပေါက်ကြားခြင်း ဖြစ်ပြီး၊ အဆိုပါ အရေးကြီးသော ကိစ္စရပ်များ လုပ်ကိုင်မှုများသည် သန်းရွှေ၏ အာဏာရူးမှုကို ပြသည့်နည်းတူ အစိုးရအတွင်း ဆန့်ကျင်သူများ ရှိနေသည်ကိုလည်း ပြသလိုက်ခြင်းပင် ဖြစ်သည်။

ယခု "လက်တွေ့ကျသော ဆက်ဆံရေး" ကြောင့် ဝါရှင်တန်၏ မြန်မာ အစိုးရအား ခိုင်မာစွာ အတိုက်အခံ ပြုနေမှု အပေါ်အားနည်း မသွားစေသင့်ပေ။

အမေရိကန်နှင့် အခြားနိုင်ငံများသည် သန်းရွှေနှင့် ၎င်း၏ အစိုးရ အဖွဲ့၏ တရားဝင်မှုကို မေးခွန်း ဆက်ထုတ်သင့်သည်။ ယခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတ စေရမည် ဟူသော သန်းရွှေ၏ ကတိပြုမှုကို မယုံကြည်သင့်ပေ။

တစ်ကမ္ဘာလုံး၏ စုစည်း ညီညွတ်သော ဖိအားသည်သာ အလိမ်အညာ ထိပ်ခေါင်နှင့် ဆက်ဆံရာတွင် ထိရောက်လိမ့်မည် ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA News, 18th June 2010

မြန်မာနိုင်ငံတွင် ယခုနှစ်ကုန် ရွေးကောက်ပွဲများ အပြီးတွင် တပ်မတော်က အာဏာ ဆက်လက် ချုပ်ကိုင်မည်ကို ဒီမိုကရေစီ လှုပ်ရှားသူ မြန်မာ အမျိုးသမီးများက စိုးရိမ်နေကြပြီး ရွေးကောက်ပွဲ ရလဒ်ကို ပယ်ချရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုလျက် ရှိသည်။ မြန်မာ အမျိုးသမီးများနေ့နှင့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ် အဖြစ် အဆိုပါ ဒီမိုကရေစီ လှုပ်ရှားသူများက ယင်းသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာ နိုင်ငံရေး လှုပ်ရှားသူများက ထိုသို့ ရွေးကောက်ပွဲ ရလဒ်များကို သပိတ်မှောက်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုခဲ့ကြခြင်းမှာ ယခုနှစ် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲများ၏ ပွင့်လင်းမြင်သာမှု အပေါ် စိုးရိမ် ပူပန်ကြခြင်းကြောင့် ဖြစ်သည်။

ဇွန်လ ၁၉ ရက်တွင် ကျရောက်သော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အဖြစ်၊ အတိုက်အခံ ပါတီကို ထောက်ခံသည့် ဗမာနှင့် တိုင်းရင်းသား အသိုင်းအဝိုင်းက ဂုဏ်ပြုရန် စီစဉ်ရာမှ အောက်တိုဘာတွင် ကျင်းပဖွယ် ရှိသည့် ရွေးကောက်ပွဲ ရလဒ် အပေါ် စိုးရိမ် ပူပန်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို တပ်မတော်က ပယ်ချခဲ့ပြီးနောက် ဆယ်စု နှစ်စုကြာ ရပ်တန့်နေသော နိုင်ငံရေး လုပ်ငန်းစဉ်သည် ယခု ကျင်းပမည့် ရွေးကောက်ပွဲများကြောင့် ရှေ့တစ်ဆင့် တိုးလာသည်ဟု အချို့ လေ့လာသူများက ရှုမြင်ကြသည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အတိုက်အခံ NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသား အနိုင်ရခဲ့သော်လည်း အာဏာ လွှဲပြောင်း ရယူခွင့် မရခဲ့ဘဲ မြန်မာ စစ်တပ်က နိုင်ငံရေး အတိုက်အခံ ခေါင်းဆောင်များစွာကို ဖမ်းဆီးခဲ့ပြီး၊ ပါတီဝင်များကို အနှောင့်အယှက် ပေးခဲ့သည်။

၂၀၀၈ ခုနှစ်တွင် အမျိုးသား ဆန္ဒခံယူပွဲ မှတဆင့် အခြေခံ ဥပဒေသစ်ကို အတည်ပြုခဲ့ပြီးနောက် လတ်တလောတွင် အစိုးရက ရွေးကောက်ပွဲ ဥပဒေသစ်ကို ထုတ်ပြန်ထားသည်။ NLD ပါတီနှင့် အခြား တိုင်းရင်းသား အုပ်စုများက ရွေးကောက်ပွဲတွင် ပါဝင်ရန် ငြင်းဆန်ခဲ့ကြသည်။

၂၁ နှစ် ထောင်ဒဏ်ကို ၄ နှစ်ခန့် ကျခံခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာခဲ့သူ နိုင်ငံရေး အကျဉ်းသားဟောင်း လေးလေးနွယ်က "ရွေးကောက်ပွဲ အပြီး မြန်မာနိုင်ငံ အလားအလာကို စိုးရိမ် ပူပန်မိသည်" ဟု ပြောကြားသည်။

အခြေခံ ဥပဒေသစ်သည် လွှတ်တော် ကိုယ်စားလှယ် နေရာများကို တပ်မတော် အတွက် သီးသန့် ခွဲဝေပေးခြင်းဖြင့် ပံ့ပိုးထားသလို လတ်တလော ကြေညာခဲ့သည့် ရွေးကောက်ပွဲ ဥပဒေကလည်း အတိုက်အခံများကို မတရား ဖိနှိပ်ကာ တပ်မတော်၏ အာဏာကို အားပေး ထောက်ခံနေသည်ဟု သူမက ပြောကြားလိုက်သည်။

"ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်လိုက်တယ် ဆိုပေမယ့် တရားမျှတမှု မရှိတာကို တွေ့မြင်နိုင်ပါတယ်။ ဒီရွေးကောက်ပွဲ ဥပဒေဟာ မမျှတပါဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ကျေးဇူးပြုပြီး ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ် မပြုဖို့၊ စစ်ဖက် အစိုးရကို မထောက်ခံဖို့ ကျွန်မ ပန်ကြားလိုပါတယ်" ဟု သူမက ပြောဆိုခဲ့သည်။

လူ့အခွင့်အရေး အလွဲသုံးမှုများကို ရင်ဆိုင်ခဲ့ရသော မြန်မာ အမျိုးသမီးများ ရေးသား တင်ပြသည့် "ငြိမ်းချမ်းရေး အတွက် အမျိုးသမီးများ သဘောထား (မြန်မာနိုင်ငံ)" အစီရင်ခံစာ စာတမ်းကို Alternative Asean Network on Burma လူ့အခွင့်အရေး အုပ်စုက လူသိရှင်ကြား ထုတ်ပြန်ခဲ့ပြီးနောက် သူမ၏ မှတ်ချက်များ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

Women's League of Burma မှ အဖွဲ့ဝင် လွယ်အေးနန်းကလည်း "လာမည့် ရွေးကောက်ပွဲများကြောင့် စစ်တပ် ဆက်လက် လွှမ်းမိုးမှုနှင့် ပတ်သက်သည့် စိုးရိမ်မှုများ ကြီးထွားလာသည်" ဟု ပြောကြားသည်။

"အခု ရွေးကောက်ပွဲက စစ်တပ်ကို သူတို့ လုပ်ချင်သမျှ တရားဝင် လုပ်နိုင်အောင် ဥပဒေအရ ခွင့်ပြုမှာပါ။ ဒါ့ကြောင့် မြန်မာနိုင်ငံ အနေအထားဟာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ပြည်သူတွေကို ဒုက္ခ သံသရာထဲ ဆက်ပြီး ပစ်ထားဦးမှာပါ" ဟု သူမက ဆိုသည်။

တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆက်နွယ်သည့် ပါတီများ အပါအဝင် အခြားနိုင်ငံရေး ပါတီများ တင်းကြပ်စွာ ချုပ်ချယ်ခံရချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကဲ့သို့သော စစ်ဖက် အစိုးရ နောက်ခံ ပါတီများမှာမူ လွတ်လပ်စွာ မဲဆွယ် စည်းရုံးနိုင်ကြသည်။ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံကို ရှေ့သို့ ရောက်စေမည့် နည်းလမ်း မဟုတ်ဟု သူမက ပြောကြားခဲ့သည်။

"ပြည်သူတွေကတော့ ဘာမှ မရတာထက် တစ်ခုခုက ပိုကောင်းပါတယ်လို့ ပြောကြပါလိမ့်မယ်။ ဒါပေမယ့် အဲဒီ တစ်ခုခုက မြန်မာပြည်သူတွေကို အန္တရာယ် တွင်းထဲ ဆွဲချနေတာပါ။ နောက်ဆုံးကျတော့ စစ်ဖက် ခေါင်းဆောင်တွေ၊ စစ်ဖက် အသိုင်းအဝိုင်းနဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီဝင်တွေကပဲ တရားဝင် အုပ်ချုပ်သူ နေရာကို ယူသွားကြမှာပါ" ဟု သူမက ဆက်လက် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ် ကျင်းပရန် ပြင်ဆင်နေသည့် ကမ္ဘာတလွှားမှ မြန်မာ အသိုင်းအဝိုင်းသည် သူမနှင့်တကွ နိုင်ငံရေး အကျဉ်းသား ၂၅၀၀ ကျော် လွတ်မြောက်စေရန် အတွက် တောင်းဆိုမှုများကို တိုးမြှင့် ပြုလုပ်လျက် ရှိသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံရေး လှုပ်ရှားသူများက ဆန္ဒပြပွဲများ ကျင်းပ ပြုလုပ်ပြီး ကမ္ဘာ့ ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် စစ်အစိုးရကို တောင်းဆိုခဲ့ကြသည်။

မြန်မာ စစ်အစိုးရသည် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်း ၁၅ နှစ်နီးပါး ဖမ်းဆီး ထိန်းသိမ်းခဲ့ရုံသာမက ယခုနှစ်တွင်း ကျင်းပရန် ရှိသည့် ဒီမိုကရေစီ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရရှိအောင်လည်း ဥပဒေများဖြင့် ကန့်သတ် ပိတ်ပင်ထားသည်။ ယင်းရွေးကောက်ပွဲသည် စစ်အာဏာရှင် စနစ်ကိုသာ သက်ဆိုး ရှည်စေမည် ဖြစ်သည်ဟု သုံးသပ်သူများက ဆိုသည်။

ကုလသမဂ္ဂ အဖွဲ့အစည်း တစ်ခုက ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီး ထိန်းသိမ်းထားမှုသည် နိုင်ငံတကာ လူ့အခွင့်အရေး ဥပေဒ ချိုးဖောက်မှု တစ်ခု ဖြစ်ကြောင်း၊ သို့အတွက်ကြောင့် သူမကို အမြန်ဆုံး လွှတ်ပေးစေလိုကြောင်း ပြောဆိုလိုက်သည်။

အမေရိကန် သမ္မတ ဘားရက် အိုဘားမားကလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ သဝဏ်လွှာ ပေးပို့ပြီး သူမ၏ စွန့်လွှတ် စွန့်စားမှု၊ ရဲဝံ့ ပြတ်သားမှုများကို ချီးမွမ်း ထောပနာ ပြုခဲ့သည်။

"မြန်မာ အစိုးရ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးပြီး မြန်မာ ပြည်သူ ပြည်သားများ၏ အခွင့်အရေးအတွက် ပိုမို တည်ငြိမ်မှု ရှိပြီး ကြွယ်ဝ ချမ်းသာသော နိုင်ငံ တည်ဆောက်ရေးတွင် ပါဝင်ခွင့် ပြုပေးရန် ကျွန်တော် ထပ်မံ၍ တိုက်တွန်းလိုက်ပါသည်" ဟု အမေရိကန် သမ္မတက ဆိုသည်။

စစ်အာဏာရှင် စနစ် အုပ်စိုးသော မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတို့နှင့် ပတ်သက်လာလျှင် လေဒီ ဟူသော ဝေါဟာရမှာ လွန်စွာ သြဇာအာဏာ ပြင်းထန်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို လေဒီဟု သတ်မှတ် ခေါ်ဆိုကြခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ် ကျခံရသည့် သူမ၏ နေအိမ်တွင် လက်ထောက် အမျိုးသမီး နှစ်ဦးနှင့် အတူ နေထိုင်ရသည်။ အိမ်တွင် တယ်လီဖုန်း၊ အင်တာနက် အဆက်အသွယ် လုံးလုံးလျားလျား မရှိပေ။

ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အား သူမကို ထောက်ခံသူ ၄၀၀ ခန့်က ကျင်းပခဲ့ကြသည်။ ထိုအခမ်းအနားသို့ အရပ်ဘက် ဝတ်စုံ ဝတ်ဆင်ထားသော ရဲများ လာရောက်ပြီး ဓာတ်ပုံမှတ်တမ်း ရိုက်ယူကြသည်။

"ကျွန်တော်တို့ NLD အဖွဲ့ဝင်တွေ၊ ဒေါ်စုရဲ့ မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဘက်တွေ စုပြီး သူမအတွက် ဆုမွန်ကောင်း တောင်းပေးကြပါတယ်။ အမြန်ဆုံး လွတ်မြောက်ဖို့ ဆုတောင်းကြပါတယ်" ဟု NLD မှ စီနီယာ ခေါင်းဆောင် ဦးဝင်းတင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက "လက်ရှိ အခြေအနေမှာ အရေး အကြီးဆုံးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ပါပဲ။ ဒေါ်စုဟာ အဖမ်းခံထားရပေမယ့် ဘယ်တော့မှ စိတ်ဓာတ် မကျတဲ့သူပါ" ဟု ပြောကြားသည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံတွင် နျူကလီးယား အစီအစဉ်များ ဆောင်ရွက်လျက် ရှိသည် ဟူသော သတင်း ပေးပို့ချက်များမှာ မှန်ကန်မှု လုံးဝမရှိကြောင်း ကုလသမဂ္ဂ၏ နျူကလီးယား အေဂျင်စီ ဖြစ်သည့် နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ (IAEA) ဆိုင်ရာ မြန်မာ ကိုယ်စားလှယ် သံအမတ်ကြီး ဦးတင်ဝင်းက IAEA သို့ စာတစ်စောင် ပေးပို့လိုက်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ယခင် အတိတ်ကာလတွင် နျူကလီးယား အစီအစဉ်များ ပြုလုပ်ခဲ့ခြင်း မရှိသလို လက်ရှိ ကာလတွင်လည်း လုပ်ကိုင်နေခြင်း မရှိကြောင်း၊ ထို့အတူ အနာဂတ် ကာလတွင်လည်း နျူကလီးယား စီမံကိန်းများ လုပ်ဆောင်သွားရန် အစီအစဉ် မရှိပါကြောင်း ဦးတင်ဝင်းက IAEA သို့ ပေးပို့သည့် စာတွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံတွင် နျူကလီးယား အစီအစဉ်များ လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည် ဟူသော အလားတူ စွပ်စွဲချက်များကို စစ်အစိုးရက ငြင်းပယ်ခဲ့ဖူးသည်။ သို့သော် လတ်တလော ကာလတွင် မြန်မာနိုင်ငံ နျူကလီးယား အစီအစဉ်များနှင့် ပတ်သက်၍ သံသယဖြစ်မှုများ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အဆမတန် တိုးပွားလျက် ရှိသည်။

မြန်မာနိုင်ငံ၏ နျူကလီးယား စီမံကိန်းနှင့် စပ်လျဉ်းသည့် ပြည်ပ မီဒီယာများ၏ သတင်း ပေးပို့ချက်များသည် "အခြေအမြစ် မရှိသလို မှန်ကန်မှုလည်း မရှိ" ဟု ဦးတင်ဝင်း၏ စာကို ကိုးကားပြီး New Light of Myanmar သတင်းစာက ရေးသား ဖော်ပြသည်။ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန ကလည်း ဇွန်လ ၁၁ ရက်နေ့တွင် အဆိုပါ ကိစ္စသည် မဟုတ်မမှန်ကြောင်း ကြေညာချက် ထုတ်ပြန်သည်။

"မြန်မာနိုင်ငံတွင် ယူရေနီယံ သတ္တုအား ပုံစံပြောင်းခြင်း၊ အင်အား ကောင်းမွန်အောင် ပြုလုပ်ခြင်း၊ (သို့မဟုတ်) နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ခြင်း (သို့မဟုတ်) တည်ဆောက်လျက် ရှိခြင်း (သို့မဟုတ်) ယခင်က ဆောက်လုပ်ထားသည့် အစီအစဉ် ရှိခဲ့ခြင်း၊ (သို့မဟုတ်) လာမည့် အနာဂတ် ကာလတွင် ဆောက်လုပ်ရန် စီမံထားခြင်း လုံးဝ မရှိပါ" ဟု IAEA သို့ ပေးပို့သည့် စာတွင် ထည့်သွင်း ရေးသားသည်။

ဇွန်လ ၁၄ ရက်နေ့တွင် IAEA မှ Division of Operations A, Department of Safeguards ၏ ဒါရိုက်တာ Marco Marzo က မြန်မာနိုင်ငံတွင် နျူကလီးယား အစီအစဉ် လုပ်ဆောင်ခြင်း ရှိ၊ မရှိကို အသေးစိတ် ဖော်ပြပေးရန် စာတစ်စောင် ပေးပို့ခဲ့ခြင်းအပေါ် ဦးတင်ဝင်းက ပြန်စာ ပေးပို့ခြင်း ဖြစ်သည်။

ယခုလ အစောပိုင်းတွင် နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနက မြန်မာ စစ်အစိုးရသည် မြောက်ကိုရီးယား နိုင်ငံ အကူအညီဖြင့် နျူကလီးယား လက်နက် ထုတ်လုပ်မည့် အစီအစဉ် တစ်ရပ်ကို အကောင်အထည် ဖော်လျက် ရှိကြောင်း၊ ဗုံးများနှင့် တာဝေးပစ် ဒုံးကျည် ထုတ်လုပ်ရန်လည်း ရည်မှန်းချက် ရှိကြောင်း ပြည်ပြေး စစ်ဘက် အရာရှိ တစ်ဦး၏ သတင်း ဖော်ထုတ်မှုကို ကိုးကား၍ စွပ်စွဲရေးသားခဲ့သည်။

ငါးနှစ်တာ ကာလမျှ ပြုလုပ်ခဲ့သော လေ့လာချက်များ၊ ပြည်ပြေး စစ်ဘက် အရာရှိတစ်ဦးက ပေးပို့သော မှတ်တမ်းများ၊ ဖိုင်တွဲများ၊ ဓာတ်ပုံများဖြင့် အဆိုပါ သတင်း အစီရင်ခံချက်ကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း DVB က ဆိုသည်။ သို့သော် မြန်မာနိုင်ငံတွင် နျူကလီးယား လက်နက် ထုတ်လုပ်နိုင်လောက်သည့် နည်းပညာ မရှိသေးဟု ဆိုသည်။

မြန်မာနိုင်ငံသည် နျူကလီးယား လက်နက် မပြန့်ပွားရေး စာချုပ် (Nuclear Non-Proliferation Treaty) အဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်ပြီး နျူကလီးယား ပစ္စည်းများနှင့် စက်ရုံများအား IAEA ၏ စောင့်ကြည့်မှု အောက်တွင် ထားရှိရေးဆိုင်ရာ သဘောတူညီချက် (Safeguards Agreement) လက်မှတ် ရေးထိုးထားသော နိုင်ငံ ဖြစ်သည်ဟု ဦးတင်ဝင်းက ၎င်း၏ စာတွင် အသိပေး ဖော်ပြထားသည်။

"သဘော တူညီချက်တွင် ပြဋ္ဌာန်း ထားသည့်အတိုင်း အကယ်၍ နျူကလီးယား ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်မည် ဆိုပါက IAEA သို့ အသိပေး အကြောင်းကြားမည် ဖြစ်သည်" ဟု ဆိုသည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Nation, 20th June 2010

ကလဲ့စားချေရန် ကြိုးစားနေကြသော ထိုင်းအစိုးရ ဆန့်ကျင်ရေး ရှပ်နီများသည် အစိုးရက အရေးပေါ် အမိန့် ရုတ်သိမ်းပြီးချိန်တွင် ဘန်ကောက်နှင့် အခြား ပြည်နယ်များ၌ ပြဿနာ အသစ် ဖြစ်ပေါ်အောင် လှုံ့ဆော်ရန် မျှော်လင့်နေကြသည်ဟု လုံခြုံရေး ဌာန သတင်းရပ်ကွက်မှ စနေနေ့တွင် ပြောကြားသည်။

ရှပ်နီများ၏ အချို့ပြည်နယ် ခေါင်းဆောင်များသည် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများ အားကောင်းနေဆဲ ဖြစ်သော ချင်းမိုင် အပါအဝင် အခြား ပြည်နယ်များစွာတွင် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် ချီတက်ပွဲများ ပြုလုပ်ရန် စတင် သတိပေးနေသည်ဟု ထောက်လှမ်းရေး ဆန်းစစ်မှု အရ သိရှိရသည်။

ဆရီချန်ချာနွန် နှင့် ဟန်ဆပ်ဘန်ချာဆရီပီတက် စသော ဖမ်းဆီးခြင်း မခံရသည့် ရှပ်နီခေါင်းဆောင် အချို့မှာ လွတ်လပ်စွာ လှုပ်ရှားနေကြသည်။ Love Chiang Mai 51 အုပ်စုမှ ခေါင်းဆောင်များနှင့် ပက်ချာဝက် ဝါတာနာ ပွန်ဆရီကား၊ ကန်ရာပတ် မန်နီချတ် စသော သဘောထား တင်းမာသည့် ရှပ်နီခေါင်းဆောင်များမှာ ယခုတိုင် အင်အား ကောင်းနေဆဲ ဖြစ်သည်။ ၎င်းတို့သည် အရေးပေါ် အမိန့် ရုတ်သိမ်းလိုက်သည်နှင့် ၎င်းတို့ ယခင်က လုပ်ခဲ့သည့် အတိုင်း အကြမ်းဖက်မှုများကို လှုံ့ဆော်နိုင်ရန် မျှော်လင့်နေကြသည်ဟု ထောက်လှမ်းရေး သတင်းများက ဆိုသည်။

ချိုင်ယာဖန်မှ ရှပ်နီခေါင်းဆောင် မုန်းခွန်နော့ပ် ချိုင်းယာဖန်းက "အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်ရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်းနှင့် အရေးပေါ် အမိန့် ရုတ်သိမ်းသည်နှင့် မြို့တော်ခန်းမ ရှေ့တွင် ဆန္ဒပြသူ ၁၀၀၀ ကျော် စုဝေးကြမည်" ဟု ပြောကြားသည်။

ရှပ်နီ ခေါင်းဆောင်များသည် မြေအောက် လှုပ်ရှားမှုများလည်း ပြုလုပ်ခဲ့ကြပြီး ခိုရတ် ရှပ်နီ ခေါင်းဆောင် အွန်ဘူရိုင်းအား လုပ်ကြံခဲ့သည့် လူသတ်မှုနှင့် ပတ်သက်သည့် သတင်းများကို ဖြန့်ချိခဲ့ကြကာ ဝန်ကြီးချုပ် အဘီဆစ်သည် ဆန္ဒပြပွဲများကို တားဆီးရန် အတွက် ပြည်နယ်၊ တိုင်းမှ ရှပ်နီ ခေါင်းဆောင်များကို ရှင်းပစ်ရန် လိုလားနေသည်ဟု ပြောကြားခဲ့ကြသည်။ အဆိုပါ သတင်းသည် အစိုးရကို အပြင်းအထန် ဆန့်ကျင်ရန် ဆုံးဖြတ်ထားကြသော ဆန္ဒပြသူများကို ဒေါသထွက်စေခဲ့သည်။

အူဒုန်သာနီ မှ ဒုတိယ မျိုးဆက် ရှပ်နီခေါင်းဆောင် တစ်ဦးက "ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေ အဖမ်းခံရတဲ့ အချိန်က စပြီး ရှပ်နီကျောင်းမှာ သင်တန်း တက်ခဲ့တာပါ။ အခုဆိုရင် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်တော်တို့ အဆင်သင့် ဖြစ်နေပါပြီ" ဟု ပြောကြားခဲ့သည်။

"၎င်းနှင့်အတူ ရှပ်နီ ခေါင်းဆောင်များသည် ဖမ်းဆီးခံရမှုများနှင့် ရင်ဆိုင်ရသည့် တိုင်အောင် ဆန္ဒပြ ချီတက်ပွဲများ ထပ်မံ ပြုလုပ်ရန် ဘန်ကောက်သို့ ဆန္ဒပြသူများကို ဦးဆောင်သွားကြမည်" ဟု ၎င်းက ပြောကြားလိုက်သည်။ ရှပ်နီခေါင်းဆောင်များသည် တယ်လီဖုန်း ခိုး၍ နားထောင်ခံရခြင်း၊ နောက်ယောင်ခံ လိုက်ခံရခြင်း စသော အနှောင့်အယှက် မျိုးစုံကိုလည်း ရင်ဆိုင်နေရသည်ဟု ၎င်းက ဆိုသည်။

အချို့ ရှပ်နီ ခေါင်းဆောင်များသည် ပြည်ပသို့ ထွက်ပြေး လွတ်မြောက်သွားကြပြီး အစိုးရ ဆန့်ကျင်ရေး ချီတက်ပွဲ အတွေ့အကြုံ ဗဟုသုတများ ဖြည့်ဆည်းပေးမည့် သင်တန်းများကို သင်ယူ လေ့ကျင့်ခဲ့ကြကာ ယခုအခါ ဆန္ဒပြ ချီတက်ပွဲများ ပြုလုပ်ရန် အတွက် ပြန်လာရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သည်။

"အခုတစ်ကြိမ် ကျွန်တော်တို့ရဲ့ ချီတက်ပွဲတွေက ထိရောက်မှာပါ။ အန္တရာယ်များပေမယ့် လုပ်ကို လုပ်ရမှာပါ" ဟု ၎င်းက ပြောကြားသည်။

ချင်းမိုင်မှ ရှပ်နီ ခေါင်းဆောင် ဂျီရာနန် ချန်တရာဝေါင်ကမူ အရေးပေါ် အခြေအနေ ရုတ်သိမ်းမည့် အစိုးရ၏ ဆောင်ရွက်ချက်ကို အားပေး ထောက်ခံခဲ့ပြီး ၎င်းတို့ ပြည်နယ်မှ ရှပ်နီများသည် ချီတက်ပွဲများ ပြုလုပ်မည် မဟုတ်ကြောင်းနှင့် နိုင်ငံရေး အကျပ်အတည်းသည် စီးပွားရေးကို ထိခိုက်စေပြီး ပြည်သူတို့၏ အသက်မွေး ဝမ်းကျောင်းကို ထိခိုက်စေသည်ဟု မိမိတို့ ယုံကြည်သည်ဟု ပြောကြားခဲ့သည်။

သူမက အထွေထွေ ရွေးကောက်ပွဲကို အချိန်တို အတွင်း ကျင်းပရန် အစိုးရကို တောင်းဆိုလိုက်ပြီး သို့မှသာ ပြည်သူများက ၎င်းတို့ လိုလားသည့် ပါတီများကို မဲပေးခွင့် ရရှိကြမည်ဟု ပြောကြားသည်။

တစ်ချိန်တည်းတွင် Asia Times အွန်လိုင်းတွင် တင်ပြထားသည့် အရစ်စမန် မွန်ဂရမ်ကရောင်၊ ဆူပွန်အက်တာဝေါင် စသော အမာခံ ရှပ်နီခေါင်းဆောင်များသည် ပြည်ပမှ စစ်ရေး လှုပ်ရှားမှု ပြုလုပ်ရန် အတွက် ဂျာကရာပေါ့ ပန်ကိုင်းနှင့် ပူးပေါင်းခဲ့ကြသည် ဟူသော သတင်းကို ဒီမိုကရက် ပါတီ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ ဘူရာနတ် ဆာမူထရတ်က ကိုးကား ပြောကြားခဲ့သည်။ ၎င်းအစီအစဉ်ကို ရှပ်နီ ဒုတိယ မျိုးဆက် ခေါင်းဆောင်များက ပြည်ပ ကွန်ယက်မှ အပြည့်အဝ ငွေကြေး ထောက်ပံ့မှုဖြင့် အကောင်အထည် ဖော်ပြဖွယ် ရှိသည်ဟု သတင်းအရ သိရှိရသည်။

ရှပ်နီ အဓိကရုဏ်း အပြီးတွင် ပြည်တွင်းရေးရာများကို ကြားဝင် စွက်ဖက်လိုသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် အဆိုပါ အစီအစဉ် ဆက်စပ်နေပုံ ရသည်ဟု ၎င်းက ပြောကြားခဲ့သည်။

"သက်ဆင်သည် ပြည်တွင်း အကျပ်အတည်းကို လှုံ့ဆော် ဖန်တီးရန် သတင်းမှားများကို အသုံးချရန် စီစဉ်နေကြောင်း၊ ခိုရတ် ရှပ်နီ ခေါင်းဆောင် အွန်ဘူရိုင်းအား လုပ်ကြံမှု နောက်ကွယ်တွင် ယူနီဖောင်းဝတ်များ ပါဝင်နေသည် ဟူသော စွပ်စွဲချက် အပါအဝင် ဝပ်ပါသန်ဝါနာရန်မှ မုဒိန်းမှုများကို ရဲများက ကျူးလွန်သည်ဟု သံသယ ရှိသည် ဟူသော ပြစ်တင် ဝေဖန်မှုများ ထွက်ပေါ်လာကြောင်း" ဘူရာနတ်က ပြောဆိုခဲ့သည်။

သက်ဆင်သည် နိုင်ငံတကာ တရားရုံးတွင် ကာကွယ်ရန် အတွက် ၎င်းငှားရမ်းထားသော ပြည်ပ သတင်းထောက်များ၊ ရှေ့နေများ၏ အကူအညီဖြင့် အထက်ပါ ဖြစ်ရပ်များကို အသုံးချရန် မျှော်လင့်နေသည်ဟု ဘူရာနတ်က သက်ဆင်ကို ပုတ်ခတ် စွပ်စွဲလိုက်သည်။

လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မတီ အနေဖြင့် ၂ လတာ အတွင်း အကြမ်းဖက် ဖြစ်ရပ်များကို အမြန်ဆုံး စုံစမ်းရန် ဒီမိုကရက်ပါတီ ပြောရေးဆိုခွင့် ရှိသူက တိုက်တွန်းလိုက်ပြီး "ဒီလိုဆိုရင် ရှပ်နီ အဓိကရုဏ်းနဲ့ ဆက်စပ်နေတဲ့ သတင်းမှန်တွေကို သက်ဆင် အနေနဲ့ ဖုံးကွယ်လို့ မရတော့ဘူးပေါ့" ၎င်းက ဆိုသည်။

ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး ကော်မရှင်၏ ဖော်ထုတ်ချက် တစ်ခု ဖြစ်သည့် "သက်ဆင် မိသားစုသည် ဘတ်ငွေ ၁၁ ဘီလျံကျော်ကို ထုတ်ယူကာ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားသူများ၏ ဘဏ်စာရင်းသို့ လွှဲပြောင်းပေးခဲ့သည်" ဟူသော သတင်းသည် စုံစမ်းရေး ကော်မတီ အတွက် ထင်ရှားသည့် အထောက်အထား ဖြစ်ဖွယ် ရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Online Breaking News, 20th June 2010

အမျိုးသား ပြန်လည် ပေါင်းစည်းရေးကို ဖော်ဆောင်မည့် လုပ်ငန်းစဉ်သည် အစိုးရ သက်တမ်းထက်ပင် ပိုမို ကြာမြင့်ဖွယ် ရှိနေသဖြင့် တိုင်းပြည်သူများ အားလုံး လမ်းညွှန် မြေပုံတွင် ပူးပေါင်း ပါဝင်သင့်သည်ဟု ဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗားက တနင်္ဂနွေနေ့ မနက်တွင် ပြောကြားလိုက်သည်။

"အစိုးရရဲ့ သက်တမ်းက အလွန်ဆုံး လာမယ့်နှစ် ဆိုရင် ကုန်ဆုံးတော့မှာပါ။ ဒါပေမယ့် ပြန်လည် ပေါင်းစည်းရေး အစီအစဉ်ကတော့ ဆက်လုပ်ရမှာပါ။ အမျိုးသား စည်းလုံး ညီညွတ်ရေးဆိုတဲ့ အဆုံးစွန် ရည်မှန်းချက် အောင်မြင်ဖို့ အတွက် ထိုင်းပြည်သူ အားလုံး ဒီအစီအစဉ်မှာ ပါဝင်ကြပါလို့ တောင်းဆိုပါတယ်" ဟု NBT တွင် အပတ်စဉ် တင်ဆက်နေသည့် "ဝန်ကြီးချုပ် အဘီဆစ် နှင့် ထိုင်းနိုင်ငံ အပေါ် ယုံကြည် စိတ်ချမှု" အစီအစဉ်တွင် အဘီဆစ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူ အများစု တောင်းဆိုထားသည့် အတိုင်း ပြန်လည် ပေါင်းစည်းရေးနှင့် အမျိုးသား ပြုပြင် ပြောင်းလဲရေး အဖွဲ့ကို ဦးဆောင်ဦးရွက် ပြုရန် ယခင် ဝန်ကြီးချုပ်ဟောင်း အာနန်ပန်ရာယာချွန် နှင့်အတူ ပရာဝက်ဝါဆီတို့က လက်ခံခဲ့သော်လည်း လုပ်ငန်း လမ်းညွှန်ချက်များ ရေးဆွဲရန် အချိန် ပိုမို လိုအပ်ကြောင်း ၎င်းတို့က တောင်းဆိုခဲ့ကြသည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok, By Ben Doherty, 21th June 2010

ယခုနှစ် ကျင်းပမည့် မြန်မာ ရွေးကောက်ပွဲများက ထိုင်းနိုင်ငံ အတွင်းမှ မူးယစ်ဆေးဝါး တရားမဝင် တင်သွင်းမှုများကို မီးမွှေးသလို ဖြစ်ခဲ့ရခြင်းမှာ သူပုန်စစ်တပ်များက ရွေးကောက် မတိုင်မီ စစ်ဖက် အစိုးရ၏ နှိမ်နင်းဖြိုခွဲမှုကို စိုးရွံ့ကာ လက်နက် ဝယ်ယူရန် အတွက် ဟီးရိုးအင်းနှင့် အင်ဖက်တာမင်း ဆေးပြားများ စုပုံ ရောင်းဝယ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

သူပုန် စစ်တပ်များအနက် အထင်ရှားဆုံး ဖြစ်သည့် ဝ တပ်ဖွဲ့သည် ဖိနှိပ် ချုပ်ချယ်သော မြန်မာ အစိုးရကို ဆယ်စုနှစ်ချီ တိုက်ခိုက်ခဲ့ရာတွင် မူးယစ်ဆေးဝါး ကုန်သွယ်မှုမှ ရသော ရန်ပုံငွေကို အသုံးပြုခဲ့ပြီး ၎င်းတို့ အခြေစိုက်ရာ နယ်စပ်မှ တကမ္ဘာလုံးသို့ တရားမဝင် ဖြန့်ချီခဲ့ကြသည်။

လွန်ခဲ့သော ၁၀ နှစ်ခန့်က ထိုင်း၊ မြန်မာ၊ လာအို နယ်စပ် ရွှေတြိဂံ နယ်မြေသည် ကမ္ဘာ့ ဟီးရိုးအင်း ထက်ဝက်ကို တင်ပို့ခဲ့သည်။ ယခုအခါ အာဖဂန် နစ္စတန်က ဟီးရိုးအင်း ပိုမို ထုတ်လုပ်လာသော်လည်း မြန်မာနိုင်ငံကမူ မိုးလွတ်လေလွတ် သေးငယ်သော လျှို့ဝှက် ဓာတ်ခွဲခန်းများတွင် စရိတ် သက်သာစွာ ထုတ်လုပ်နိုင်သည့် အင်ဖက်တာမင်းနှင့် မီသိုင်း အင်ဖက်တာမင်း ဆေးပြား အမြောက်အမြားကို ပြောင်းလဲ ထုတ်လုပ်လျက် ရှိသည်။

ယခုအချိန်တွင် မြန်မာနိုင်ငံ၏ တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် ချို့ယွင်းချက် အပြည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တို့ တိုးမိ၊ တိုက်မိကြသည့် လက္ခဏာ ရှိသည်။

မြန်မာ စစ်ဖက် အစိုးရက ကတိပေးထားသည့် ယခုနှစ် ရွေးကောက်ပွဲများသည် အောက်တိုဘာလတွင် ကျင်းပရန် အလားအလာ ရှိသော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းမှ အနည်းငယ်ခန့်ကသာ ၎င်းတို့ လွတ်လပ်၊ မျှတလိမ့်မည်ဟု မျှော်လင့်ထားသည်။ စစ်ဖက် အုပ်ချုပ်သူများက ရွေးကောက်ပွဲ မတိုင်မီ သူပုန် စစ်တပ်များကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲကာ ၎င်းတို့၏ အုပ်ချုပ်မှု အောက်သို့ ထည့်သွင်းရန် ဆုံးဖြတ်ထားကြသည်။

မြန်မာ စစ်တပ် လက်အောက်သို့ ဝင်ရောက် ပူးပေါင်းရန် ဝတို့အတွက် သတ်မှတ်ထားသော နောက်ဆုံးရက် ကျော်လွန်သွားပြီ ဖြစ်ရာ မြန်မာ အစိုးရ တပ်ဖွဲ့များ တိုက်ခိုက်လာမည်ကို ဝ ခေါင်းဆောင်များ ပိုမို စိုးရိမ်လာကြသည်။

မြန်မာ စစ်တပ် နှင့် လူအင်အား၊ လက်နက်အင်အား မယှဉ်သာ၍ ကြံရာမရ ဖြစ်နေသည့် ဝတို့၏ စစ်ပြင်ဆင်မှုကြောင့် လက်ရှိ လပိုင်းများ အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှု ပမာဏမှာ ကိန်းထပ်ဆင့် တိုးပွားခဲ့သည်ဟု ထိုင်းစစ်တပ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပါ မောင့် အထူးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ပီရာနိုက် ဂါတီတမ်က ပြောကြားလိုက်သည်။

"ဒီနှစ်ကတော့ အင်ဖက်တာမင်း အများဆုံး ဝင်လာတဲ့နှစ် ဖြစ်လိမ့်မယ်။ မနှစ်က တစ်နှစ်လုံးမှာ ဆေးပြား ၁.၂ သန်း ဖမ်းမိခဲ့တယ်။ ဒီနှစ်တော့ ခြောက်လအတွင်း ဆေးပြား ၅ သန်း ဖမ်းမိထားပြီ။ ဒါဟာ ပေါက်ကွဲမှု တစ်ခုပါပဲ" ဟု ဗိုလ်မှူးကြီး ပီယာနိတ် က ပြောကြားသည်။

နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်နေသော ပမာဏ၏ အလွန်သေးငယ်သော အချိုးမျှကိုသာ အာဏာပိုင်များက တားဆီးနိုင်သည့် လက္ခဏာရှိသည့် ခန့်မှန်းခြေ ၁ % နှင့် ၂ % ကြားသာ ဖမ်းမိသည်ဟု ၎င်းက ပြောကြားသည်။ "အခုဆိုရင် အင်ဖက်တာမင်း အရောင်းအဝယ်က အရမ်းကို ကြီးမားနေပါတယ်။ ဒီနှစ် ထုတ်လုပ်တဲ့ ဆေးပြား သန်း ၃၀၀ နဲ့ သန်း ၄၀၀ ဝန်းကျင် ရှိမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အတိအကျ သိဖို့တော့ ခက်ပါတယ်" ဟု ၎င်းက ပြောဆိုခဲ့သည်။

မူးယစ်ဆေးဝါး ဓာတ်ခွဲခန်းများသည် အသစ် ဆောက်လုပ်မှုများနှင့်အတူ နာရီလက်တံကဲ့သို့ လည်ပတ် ဆောင်ရွက်နေသည်ဟု မြန်မာ သတင်းရပ်ကွက်မှ သိရှိရသည်။ ထို့အတူ စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ သိမ်းဆည်းမိသော မူးယစ်ဆေးဝါး ပမာဏမှာလည်း များသထက် များလာသည်။

ယခုကိစ္စများကို ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့နည်းတူ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာ ကုလသမဂ္ဂ ဌာန UNODC ကလည်း သိရှိထားသည်။

"မြန်မာ အစိုးရရဲ့ ခြိမ်းခြောက်မှုကို စိုးရွံ့နေကြတဲ့ လက်နက်ကိုင် အုပ်စုတွေဟာ သူတို့ ရှင်သန်နိုင်ဖို့နဲ့ သူတို့နယ်မြေကို ထိန်းချုပ်နိုင်ဖို့ အတွက် မူးယစ်ဆေးဝါး အရောင်းအဝယ်ကို အသုံးချ နေကြပါတယ်" ဟု ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် Cary Lewis က ပြောကြားသည်။

ဝ တို့သည် မူးယစ်ဆေးမှ ရရှိသော ပိုက်ဆံများဖြင့် တရုတ်ထံမှ မြေပြင်-ဝေဟင်ပစ် ဒုံးကျည်များနှင့် AK ၄၇ ချေမှုန်းရေး​ ရိုင်ဖယ်များ ဝယ်ယူကာ လက်နက် တပ်ဆင်နေကြသည်ဟု ဗိုလ်မှူးကြီး ပီယာနိတ်က ပြောကြားသည်။

"မြန်မာ စစ်တပ်က ဝတွေကို လက်နက် ဖြုတ်သိမ်းချင်တယ်။ နယ်ခြားစောင့်တပ် အဖြစ်နဲ့ အစိုးရ လက်အောက်ကို ဝင်လာအောင်လို့ပါ။ ဒါပေမယ့် ဝ တွေက ဘယ်တော့မှ သဘောတူမှာ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့ထဲ ဝင်လာမယ့် အစိုးရ စစ်တပ်ကို ပြန်တိုက်ဖို့ ပြင်ဆင်နေပါတယ်။ ဝ တွေဟာ ပြန်တိုက်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ သူတို့က မူးယစ်ဆေးဝါးကို များသထက် များများ ပိုရောင်းနေတော့ အစိုးရကို တိုက်ဖို့ လက်နက်တွေ ဝယ်နိုင်တာပေါ့။ သူတို့ဟာ နယ်စပ်မှာ မူးယစ်ဆေးပြားတွေ သန်းနဲ့ ချီပြီး ထုတ်လုပ် ရောင်းချနေပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာ နယ်စပ် အနီးမှ ဝ စစ်သားများနှင့် The Age က တွေ့ဆုံခဲ့ရာတွင် ဝ တို့က ရွေးကောက်ပွဲတွင် ပါဝင်မည် မဟုတ်ဟု ပြောကြားခဲ့ပြီး တရားမဝင်သည့် ရက်စက်သော အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် ငြင်းဆန်ခဲ့ကြသည်။

မိမိတို့ နယ်မြေကို ကာကွယ်မည်။ မိမိတို့ လူမျိုးအတွက် တိုက်ခိုက်မည်ဟု ၎င်းတို့က ကြွေးကြော်ထားသည်။

မူးယစ်ဆေးဝါး အကြောင်း ဆွေးနွေးရန်ကိုမူ ၎င်းတို့က ငြင်းဆန်ခဲ့သည်။ "ဒီနေရာမှာ ကျွန်တော်တို့ ဘဝတွေက ကြမ်းတမ်းပါတယ်။ ဆင်းရဲပါတယ်။ ကျွန်တော်တို့ ပြည်သူတွေကို ကျွေးမွေးဖို့ ဘယ်နည်းနဲ့မဆို ပိုက်ဆံရှာဖို့ လိုနေပါတယ်။ ကျွန်တော်တို့ အသက်ရှင်ဖို့ လိုအပ်တယ် မဟုတ်လား" ဟု ၎င်းတို့က ဆိုသည်။

ထိုင်းနိုင်ငံတွင် ယခင်က မူးယစ်ဆေး အရောင်းအဝယ် လုပ်ခဲ့ပြီး၊ ယခု ထိုင်း စစ်တပ် အတွက် မူးယစ်ဆေးဝါးဆိုင်ရာ သတင်းပေး လုပ်နေသူ ဝ လူမျိုးတစ်ဦးက "ဝ တွေက အရမ်း စိုးရိမ်နေကြပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် ချုပ်ကိုင်နိုင်ဖို့အတွက် မြန်မာ စစ်သားတွေ ဝင်လာတော့မယ်လို့ သူတို့ ထင်နေကြတာပါ။ စစ်သားတွေက ကြောက်နေကြတယ်။ ဒါကြောင့် မူးယစ်ဆေးဝါး များများ ရောင်းပြီး လက်နက် အများကြီး ဝယ်ကြတယ်။ ဒါမှ စစ်တိုက်နိုင်မယ်လေ။ အခုတော့ မွေးရာပါ တိုက်ဆိုရင် တိုက်ကြမှာပဲ" ဟု မှတ်ချက်ပေးခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irish Sun, 19th Jun 2010

          ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် စနေနေ့တွင် ကျရောက်သော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် သူမအား အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

          ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်သည် ယခုအချိန်အထိ နေအိမ် အကျယ်ချုပ် ဖမ်းဆီးခံနေရခြင်းကို အလွန်အမင်း စိုးရိမ်ပူပန်နေမိသည်ဟု ၎င်းက ဆိုသည်။

          "ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ၊ ဖြစ်နိုင်သမျှ အမြန်ဆုံး လွှတ်ပေးသင့်တယ်လို့ ကျွန်တော် အဆက်မပြတ်၊ တသမတ်တည်း တောင်းဆိုနေပါတယ်။ ဒါမှသာ နိုင်ငံရေး လုပ်ငန်းစဉ်မှာ သူတို့ ပါဝင်နိုင်ကြမှာပါ။" ဟု ဘန်ကီမွန်းက နယူးယောက်တွင် ပြောကြားခဲ့သည်။

          ဒေါ်အောင်ဆန်းစုကြည်သည် သူမအား မြန်မာ စစ်ဖက်အစိုးရက ၁၄ နှစ်ခန့် ထိမ်းသိမ်း ချုပ်နှောင်ထားခဲ့သော ရန်ကုန်မြို့ နေအိမ်တွင် သူမ၏ မွေးနေ့ကို ကုန်လွန်ခဲ့ရသည်။ သူမသည် ၁၉၆၉ မှ ၁၉၇၁ ထိ နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရုံးတွင် အမှုထမ်းခဲ့ဖူးသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Southport visiter, 19th June 2010

          အထိန်းအသိမ်းခံ မြန်မာ ဒီမိုကရေစီ ခေါင်းဆောင်၏ ၆၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပေးပို့သော သဝဏ်လွှာတွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ထွန်းကားရေးအတွက် လုပ်နိုင်မျှ အားလုံးကို ဗြိတိန်က လုပ်ဆောင်သွားမည် ဖြစ်ကြောင်း    ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ဒေါ်အောင်ဆန်းစုကြည်ကို ကတိပေးလိုက်သည်။

          ဝန်ကြီးချုပ်သည် အမေရိကန်သမ္မတ ဘားရက်အိုဘားမား အပါအဝင် အခြား ကမ္ဘာ့ ခေါင်းဆောင်များနှင့် ပူးပေါင်းကာ သူမ၏ လုပ်ဆောင်မှုကို ပုဂ္ဂိုလ်ရေးအရ ချီးကျူးဂုဏ်ပြုသည့် သဝဏ်လွှာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

          ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် လွတ်မြောက်ရေးအတွက် နိုင်ငံတကာက ကြီးကြီမားမား ဖိအား ပေးနေသည့်ကြားမှပင် မြန်မာ စစ်ဖက်အစိုးရက သူမအား ၁၄ နှစ်ခန့် အကျယ်ချုပ် ဖမ်းဆီးထားခဲ့ခြင်း ဖြစ်သည်။

          သူမ၏ မွေးနေ့ကို အကြောင်းပြု၍ ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း သူမနှင့် တကွ အခြားနိုင်ငံရေး အကျဉ်းသား အားလုံးကို မြန်မာအစိုးရက လွှတ်ပေးရန် ယခင်က တောင်းဆိုထားမှုများကို ထပ်မံ တောင်းဆိုလိုက်သည်။

          မိသားစုနှင့် ကလေးများကိုပါ အဆက်ဖြတ်ထားခဲ့သည့် နေအိမ် အကျယ်ချုပ် ကာလအတွင်း နောက်ထပ် မွေးနေ့ ရောက်ရှိသည့် တိုင်အောင် ဗြိတိန်နှင့်အတူ တစ်ကမ္ဘာလုံးက သူမနှင့်အတူ ခံစား ရပ်တည်သွားကြမည်ဟု ဒေးဗစ် ကင်မရွန်က ၎င်း၏ အိတ်ဖွင့် ပေးစာတွင် ဒေါ်အောင်ဆန်းစုကြည်အား ပြောကြားခဲ့သည်။

          သင့်အား မတော်မတရား ဆက်လက် ဖမ်းဆီးထားခြင်းသည် သင့်တိုင်းပြည်နှင့် သင့်ပြည်သူများအပေါ် မြန်မာအစိုးရက နှစ်ပေါင်းများစွာ ဒုက္ခပေးလာခဲ့သည့် တရားမမျှတမှုကို ထပ်ဟပ်စေသည် ဟု ၎င်းက ရေးသားထားသည်။

          ပြီးခဲ့သော ကာလ တစ်လျှောက်တွင် သင်သည် လွတ်လပ်မှုနှင့် တရားမျှတမှု စနစ်များအတွက် ကိုယ်ကျိုးစွန့်ကာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သည်။ ထို့အတွက် သင်သည် လူ့စိတ်ခွန်အား၏ ကြီးမားသော သင်္ကေတ တစ်ခု ဖြစ်လာသည် ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

          ၎င်း၏ ရှေ့မှ ယခင်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းသည် ဒေါ်အောင်ဆန်းစုကြည်အား လူသိရှင်ကြား လှိုက်လှိုက်လှဲလှဲ ထောင်ခံသူတစ်ဦး ဖြစ်ပြီး ၎င်းရေးသားသည့် စာအုပ် "ရဲရင့်ခြင်း" ၏ အခန်းတစ်ခုထဲတွင် သူမ၏ ရုန်းကန်မှုများကို ချီးကျူးဂုဏ်ပြု ရေးသားထားသည်။`

          ဝန်ကြီးချုပ် ကင်မရွန်က သူသည်လည်း သူမ၏ ထိထိရောက်ရောက် လှုံ့ဆော်ပေးနိုင်မှု ဥပမာများကို ရှေးယခင်ကပင် သိရှိထားခဲ့သည် ဟု ပြောကြားသည်။

          မိမိ ခေါင်းဆောင်သော ဗြိတိသျှ အစိုးရသည် မြန်မာနိုင်ငံ၏ တောက်ပသော အနာဂါတ်ကို ဆောင်ကြဉ်းရန်နှင့် ပြည့်ဝသော လူ့အခွင့်အရေး၊ စစ်မှန်သည့် ဒီမိုကရေစီ တို့ကို သင့်ပြည်သူများ ခံစားနိုင်စေရန် နှစ်နိုင်ငံ အချင်းချင်း အရသော်လည်းကောင်း၊ ကုလသမဂ္ဂမှ တစ်ဆင့် နိုင်ငံတကာ နည်းလမ်းများ အရသော်လည်းကောင်း  လုပ်နိုင်သမျှ အားလုံးကို ဆောင်ရွက်သွားမည်ဟု ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.