Transparency Myanmar

transparency.myanmar@gmail.com

AFP, 9th July 2010

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှ ယခင် ပါတီဝင်ဟောင်းများအား လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ရန် နိုင်ငံရေး ပါတီသစ် ဖွဲ့စည်း ခွင့်ပြုလိုက်ပြီဟု နိုင်ငံပိုင် သတင်းဌာနက သောကြာနေ့တွင် ထုတ်ပြန်သည်။

NLD ဟောင်း နိုင်ငံရေးသမားများသည် ယခုနှစ် အတွင်း တစ်ချိန်ချိန်တွင် ကျင်းပမည့် နှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ရန် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီကို ဖွဲ့စည်းခွင့် ရသွားပြီဟု နိုင်ငံပိုင် ရုပ်သံ၊ ရေဒီယို၊ ကြေညာချက်အရ သိရသည်။

NLD သည် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်ရန် ဖိအား ပေးထားသည့် ဥပဒေအရ မေလ ၆ ရက်အမီ မှတ်ပုံတင်ခွင့်ကို ငြင်းဆန်ခဲ့ပြီး၊ နှစ် ၅၀ စစ်အုပ်ချုပ်ရေးကို တရားဝင်အောင် လှည့်ဖြားထားသော အတုအယောင်ဟု ဝေဖန်သူများက သုံးသပ်သည့် ရွေးကောက်ပွဲများကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

By Reuters, 9th July 2010

မြန်မာနိုင်ငံတွင် တိုင်းရင်းသား အုပ်စုများ၏ အကျိုးစီးပွားကို ဆောင်ရွက်ခြင်း မပြုနိုင်ခဲ့လျှင် ဖြစ်လာနိုင်သည့် အကြမ်းဖက် တုန့်ပြန်မှုများသည် စွမ်းအင်ကဏ္ဍနှင့် အခြား စီမံကိန်းများတွင် ဒေါ်လာ ဘီလီယံများစွာ ထည့်ဝင်ထားသော တရုတ်ကုမ္ပဏီများ အတွက် အလွန်တရာ အန္တရာယ် ကြီးမားကြောင်း NGO အကြီးအကဲ တစ်ဦးက သောကြာနေ့က ပြောကြားခဲ့သည်။

ဗမာ မဟုတ်သော တိုင်းရင်းသားများ နေထိုင်သော ဒေသများတွင် နှစ်ပေါင်းများစွာ လက်နက် ကိုင်ဆောင်မှုများရှိနေရာ အဆိုပါ ဒေသများတွင် အန္တရာယ် ပိုကြီးကြောင်း ကမ္ဘောဒီးယား အခြေစိုက် Center for Peace and Conflict Studies မှ ဒါရိုက်တာ Emma Leslie က ပြောကြားခဲ့သည်။

တရုတ်ကုမ္ပဏီနှင့် မြန်မာ ဗဟို အစိုးရကြား ဇာတ်လမ်းတွင် ၎င်းတို့ဒေသ အကျိုးစီးပွား ဘာမျှ ရရှိခြင်း မရှိ၍ အဆိုပါ တိုင်းရင်းသားများက စိတ်မကျေမနပ် ဖြစ်ကြသည်။

Beijing သည် ယခင်က မြန်မာနိုင်ငံ၏ တတိယ အကြီးဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူနှင့် ကုန်သွယ်ဖက် နိုင်ငံ ဖြစ်ခဲ့သည်။ တရုတ် ကုမ္ပဏီများသည် တရုတ်၏ ကုန်းတွင်းပိတ် အနောက်တောင် ယူနန်သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပို့လွှတ်ရန် ဆိပ်ကမ်းနှင့် ပိုက်လိုင်းများ ဆောက်လုပ်လျက် ရှိသည်။ ထို့အပြင် အခြား ပရောဂျက်များတွင်လည်း ပါဝင်လျက် ရှိသည်။

တရုတ်သည် ၎င်း၏ အိမ်နီးချင်း အပယ်ခံ မြန်မာနိုင်ငံကို သံတမန်ရေးအရ အကာအကွယ်များ ပေးထားသော်လည်း မြန်မာနိုင်ငံသည် လူ့အခွင့်အရေး ကိစ္စရပ်များကြောင့် အနောက်နိုင်ငံ၏ ဖိအားပေးခံနေရသည်။ တရုတ်၏ ရင်းနှီး မြှုပ်နှံမှုများကိုလည်း မြန်မာနိုင်ငံတွင် သဘောမတူမှုများ ရှိနေသည်။

တရုတ် ကုမ္ပဏီများသည် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို လျစ်လျူရှုခဲ့ကြောင်း လူ့အခွင့်အရေး အုပ်စုများက ပြောခဲ့ကြပြီး၊ တရုတ်၏ စီမံကိန်း နယ်မြေနှင့် မလွတ်သော လူများကို မြန်မာ စစ်တပ်က အတင်း ရွှေ့ပြောင်းခိုင်းသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလက ကချင်ပြည်နယ်တွင် အများသဘော မတူသည့် တရုတ် ရေအားလျှပ်စစ် စီမံကိန်း နေရာတွင် ဗုံးများ ကွဲခဲ့သည်။

"တရုတ်မြန်မာ နယ်စပ်တလျှောက်က တိုင်းရင်းသား အသိုင်းအဝိုင်းတွေဟာ သူတို့ကို မတရားသဖြင့် အနိုင်ကျင့်နေတယ်လို့ ယုံကြည်နေကြလို့ အဲဒီ ဒေသတွေက တရုတ် ရင်းနှီး မြှုပ်နှံမှုတွေ အတွက် အမှန်တကယ် အန္တရာယ် များပါတယ်" ဟု Leslie က တရုတ် နိုင်ငံခြား သတင်းထောက်များ အသင်းသို့ ပြောကြားခဲ့သည်။ "အဲဒီအတွက် ပြခဲ့တဲ့ ဥပမာတွေလည်း ရှိပါတယ်။ ရေအားလျှပ်စစ် လုပ်ငန်းမှာ ဗုံးကွဲတာဟာ အချက်ပေး သံချောင်း ခေါက်တာပါပဲ။ ဒီရင်းနှီး မြှုပ်နှံမှုကြောင့် သူတို့ ဘာအကျိုး ခံစားခွင့်မှ မရခဲ့ဘူးလို့ နယ်မြေခံတွေက ယုံကြည်နေကြတယ်" ဟု ၎င်းက ဆိုသည်။

ဒေသဖွံ့ဖြိုးရေး အတွက် မည်သို့ ဆောင်ရွက်မည် ဆိုသည်ကို ဒေသခံများသို့ သတင်းအချက် မပေးခဲ့ခြင်းမှာလည်း စိတ်ဆိုးစေသည့် လောင်စာပင် ဖြစ်ကြောင်း Leslie က ပြောသည်။

"ကချင်ပြည်နယ်မှာ မြစ်နှစ်ခု ဆုံတဲ့ မြစ်ဆုံဆိုတဲ့ ဒေသတစ်ခု ရှိပါတယ်။ အလွန်တရာ ကျော်ကြားပြီး၊ ကချင်တွေ ဂုဏ်ယူတဲ့ နေရာ၊ မိသားစုတွေ အပျော်ခရီး အပန်းဖြေ ထွက်တဲ့ နေရာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနေရာမှာ မကြာခင် ရေအားလျှပ်စစ် ရေကာတာ တစ်ခု လာတော့မယ်။ ဘယ်တုန်းက စတာလဲ။ ဘယ်လိုဖြစ်တာလဲ။ ဒီအပေါ်က ဘယ်သူတွေ အကျိုးအမြတ် ရမှာလဲ ဆိုတာ ဘယ်သူမှ မသိလိုက်ကြဘူး။ လူတွေ အားလုံး သိတာက တရုတ်က ငွေကြေး ပါဝင်တယ် ဆိုတာပဲ" ဟု Leslie က ဖြည့်စွက် ပြောပြသည်။

"အစိုးရကို လက်တုန့်ပြန်ဖို့ မလွယ်ကူတဲ့ အခြေအနေမှာ၊ ဖြစ်နိုင်တာက အပြင်က လာရင်းနှီး မြှုပ်နှံမှုကို ဒုက္ခပေးနိုင်တယ်လေ" ဟု ၎င်းက ရှင်းပြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 9th July 2010

ဝါရှင်တန်က မြောက်ကိုရီးယား အပေါ် အပြစ်တင်လျက် ရှိသော တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုကို ဆွေးနွေးရန် အတွက် လာမည့် အပတ်တွင် အမေရိကန် ပြည်ထောင်စုနှင့် စစ်ဖက်ဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်ရန် မြောက်ကိုရီးယားက သောကြာနေ့တွင် အဆိုပြုလိုက်သည်။

မြောက်ကိုရီးယားကို တိုက်ရိုက် အပြစ်တင်ခြင်း မရှိသော "ချိုနန် နစ်မြုပ်မှုအား ပြစ်တင် ရှုတ်ချသည့် ကြေညာချက်" ကို ကုလ လုံခြုံရေး ကောင်စီက သောကြာနေ့တွင် အတည်မပြုမှီ အထက်ပါ အဆိုပြုချက်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မေလ အတွင်းက ထုတ်ပြန်သော နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အစီရင်ခံစာတွင် "ကိုရီးယား အငြင်းပွားရေပြင်၌ ရေတပ်သား ၄၆ ဦး အသက်ဆုံးရှုံးရသည့် သင်္ဘော နစ်မြုပ်မှုတွင် မြောက်ကိုရီးယားက တိုပီဒိုဖြင့် ပစ်ခတ်ခဲ့ကြောင်း ထုတ်ဖော်ခဲ့သည်။ မြောက်ကိုရီးယားက ၎င်းအပေါ် စွပ်စွဲမှုများကို ခါးခါးသီးသီး ငြင်းဆိုခဲ့ပြီး ၎င်းအပေါ် အရေးယူခြင်းသည် စစ်ပွဲကို အစပျိုးခြင်းသာ ဖြစ်သည်ဟု သတိပေးခဲ့သည်။"

ပြီးခဲ့သော လကုန်ပိုင်းတွင် ၁၉၅၃ ကိုရီးယား စစ်ပွဲပြီးဆုံးသည့် အပစ်ရပ် သဘောတူညီချက်ကို ကြီးကြပ်ရသည့် အမေရိကန် ဦးဆောင်သော ကုလသမဂ္ဂ ကော်မတီက စစ်သင်္ဘော နစ်မြုပ်မှုကို ဆွေးနွေးရန် မြောက်ကိုရီးယားနှင့် ဗိုလ်ချုပ်ကြီးအဆင့် ဆွေးနွေးပွဲများ ပြုလုပ်ရေးကို အဆိုပြုခဲ့သည်။ သို့ရာတွင် ကမ်းလှမ်းချက်ကို မြောက်ကိုရီးယားက ပယ်ချခဲ့ပြီး ကိုရီးယား နှစ်နိုင်ငံကြား ကိစ္စများကို ကုလသမဂ္ဂ နာမည်သုံး၍ ကြားဝင် စွပ်ဖက်ခြင်း မပြုရန် ဝါရှင်တန်ကို တိုက်တွန်းခဲ့သည်။

သို့သော်လည်း မြောက်ကိုရီးယားက သောကြာနေ့တွင် ၎င်း၏ အနေအထားကို ပြောင်းပြန် ပြောင်းလဲလိုက်ပြီး ဗိုလ်ချုပ်ကြီး အဆင့် ဆွေးနွေးပွဲများ အတွက် ပြင်ဆင်ရန် နယ်စပ်ကျေးရွာ ပန်မွန်ဂျုံတွင် လာမည့် အင်္ဂါနေ့၌ အမေရိကန်နှင့် ဗိုလ်မှူးကြီး အဆင့်အကြား ညှိနှိုင်း တွေ့ဆုံမှုများ ပြုလုပ်ရန် အဆိုပြုခဲ့သည်။

ယခု အဆိုပြုချက်သည် ချိုနန်ကိစ္စ နောက်ကွယ်မှ အမှန်တရားကို အရှိအတိုင်း၊ သိပ္ပံနည်းကျ၊ မျှတသော နည်းလမ်းများဖြင့် စုံစမ်းလိုသည့် မြောက်ကိုရီးယား တပ်မတော်နှင့် ပြည်သူတို့၏ မပြောင်းလဲသော သဘောထား ဖြစ်သည်ဟု ဆိုးလ်မှ အမေရိကန် စစ်ဌာနချုပ်သို့ ပေးပို့သော အဆိုပြုလွှာတွင် မြောက်ကိုရီးယား စစ်တပ်က ပြောကြားထားကြောင်း KCNA သတင်းဌာန၏ အဆိုအရ သိရသည်။

ကိုရီးယား နှစ်နိုင်ငံကြား တိုက်ရိုက် စစ်ဖက် ဆွေးနွေးပွဲများ ပြုလုပ်ရန် ပြုံးယမ်း၏ တောင်းဆိုမှုကို တောင်ကိုရီးယားက ပယ်ချခဲ့ခြင်းကြောင့် အထက်ပါ အဆိုပြုချက်ကို မြောက်ကိုရီးယားက ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။

ဆိုးလ် အမေရိကန် စစ်ဌာနချုပ်ထံ တောင်းဆိုမှုများ အပေါ် ပြန်လည် တုန့်ပြန်မှုနှင့် ပတ်သက်၍ သောကြာနေ့ ညပိုင်းအထိ အဖြေ မသိရသေးပါ။

ကိုရီးယား စစ်ပွဲ၏ အမွေအဖြစ် တောင်ကိုရီးယားတွင် အမေရိကန် တပ်ဖွဲ့ဝင် ၂၈၅၀၀ တပ်စွဲထားသည်။

တောင်ကိုရီးယားက သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယား အပေါ် ကုန်သွယ်ရေး တင်းကြပ်ခြင်း၊ အာဏာရှင် အစိုးရကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ ဆွဲခေါ် တိုင်ကြားခြင်း အပါအဝင် အရေးယူ ဒဏ်ခတ်မှု အချို့ ပြုလုပ်ခဲ့သည်။

တောင်ကိုရီးယားသည် လုံခြုံရေးကောင်စီက မြောက်ကိုရီးယား အပေါ် ပြစ်တင် ရှုတ်ချစေလိုသည့် ဆန္ဒရှိသည်။ သို့သော် လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် တရုတ်နိုင်ငံက မြောက်ကိုရီးယား အပေါ် အရေးယူမှု အချီသစ် ချမှတ်ခြင်း၊ သင်္ဘော နစ်မြုပ်မှု အပေါ် တိုက်ခိုက် အပြစ်တင်ခြင်း တို့ကို ဆန့်ကျင် ကန့်ကွက်ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 9th July 2010

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Abhisit Vejjajiva သည် လာမည့် လတွင် မြန်မာနိုင်ငံသို့ ၎င်း၏ ပထမဆုံး တရားဝင် ခရီးစဉ် အဖြစ် သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း သောကြာနေ့က ပြောကြားလိုက်သည်။

"တစ်ရက်၊ ဒါမှမဟုတ် နှစ်ရက် ခရီးစဉ်အတွက် အစီအစဉ်တွေ ပြုလုပ်နေပါပြီ" ဟု Abhisit က သတင်းထောက်များသို့ ပြောကြားခဲ့သည်။

Abhisit က ၎င်း၏ သြဂုတ် လဆန်းပိုင်း ခရီးစဉ်တွင် မည်သူများနှင့် တွေ့ဆုံမည် ဆိုသည်ကိုမူ အတိအလင်း ပြောကြားခြင်း မရှိပါ။ သို့သော် ထိုင်းနိုင်ငံ၏ နိုင်ငံရေး အခြေအနေကို ရှင်းလင်း ပြောကြားရန် ပြည်ပ ခရီးများ စတင်မည် ဖြစ်ကြောင်း ပြောခဲ့သည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လက မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဉ်ခဲ့သည်။ သို့သော် အမေရိကန် ရေကူးသမား ဝင်ရောက်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်အား တရားရုံးသို့ တင်ပို့နေချိန် ဖြစ်သောကြောင့်၊ ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော အနှစ်နှစ်ဆယ် အတွင်း ၁၅ နှစ်ခန့် အထိန်းသိမ်း ခံထားရပြီး၊ အဆိုပါ အမှုကို သူမ၏ နေအိမ် အကျယ်ချုပ် တိုးမြှင့်ရေး အတွက် အာဏာပိုင်များက အသုံးပြုခဲ့သည်။

မြန်မာနိုင်ငံတွင် ယခုနှစ် နှောင်းပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုနိုင်အောင် တားဆီးထားသည်။ အများစုက ရွေးကောက်ပွဲသည် ဗိုလ်ချုပ်များ၏ အာဏာ အမြစ်တွယ်ရေး အတွက် ပြုလုပ်ထားသော အတုအယောင်သာ ဖြစ်လိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆနေကြသည်။

AFP နှင့် ယခုအပတ် အင်တာဗျူးတွင် ထိုင်းခေါင်းဆောင်က ပြောကြားရာတွင် ၎င်းအနေနှင့် ရွေးကောက်ပွဲတွင် အားလုံး ပါဝင်မှုကို မြင်လိုကြောင်း၊ သို့သော် ယခုအထိ မသေချာ မရေရာမှုများ ရှိနေဆဲ ဖြစ်ကြောင်း ပြောခဲ့သည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ အခြား အာဆီယံ အိမ်နီးချင်းများနှင့်အတူ စစ်အစိုးရအပေါ် ဖိအားပေးနိုင်ခြင်း မရှိသောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဝေဖန်မှုကို ခံရသည်။

အနောက်နိုင်ငံ မဟာမိတ်များ၏ မြန်မာနိုင်ငံ အပေါ် ပိုမို တင်းကြပ်စွာ ကိုင်တွယ်ရန် ဖိအားပေးနေခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ Abhisit က "ကျွန်တော်တို့မှာ မတူညီတဲ့ ရည်မှန်းချက်တွေ ရှိပါတယ်။ မဖြစ်နိုင်ပါဘူး" ဟု ဆိုသည်။

"ဘေးမှာ ရှိတဲ့သူနဲ့ အဝေးကြီးမှာ နေတဲ့သူတွေ အတွက် ရည်မှန်းချက်တွေ မတူနိုင်ပါဘူး။ ပြဿနာက စဉ်းစားပုံ မတူတော့တာပါပဲ" ဟု ၎င်းက ဆိုသည်။

"ဒီတော့ တစ်ယောက်ကို တစ်ယောက် ဝေဖန်နေမဲ့အစား၊ လမ်းကြောင်းခြင်း မတူပေမယ့်လည်း ရည်မှန်းချက်တူရင် တစ်ဦးကို တစ်ဦး ဖေးမသွားနိုင်ပါတယ်" ဟု ၎င်းက ဖြည့်စွက် ပြောသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ဒီမိုကရေစီ ထွန်းကားသော နိုင်ငံများတွင် နေထိုင်သူ တို့အတွက် လွတ်လပ်မှု ဟူသော ကိစ္စမှာ ရေကန်အသင့် ကြာအသင့်ပင် ဖြစ်သည်။ သို့အတွက်ကြောင့် ဖမ်းဆီး အကျဉ်းချခံရခြင်း၊ သို့မဟုတ် မိမိ ပြုလုပ်လိုသော အရေးကိစ္စများ ကန့်သတ် ပိတ်ပင်ခံရခြင်း အစရှိသည်တို့ မဖြစ်မချင်း လွတ်လပ်မှု၏ တန်ဖိုးကို ကောင်းစွာ နားလည် သဘောပေါက်မည် မဟုတ်ပေ။

အသေအချာ စဉ်းစားကြည့်ပါ။ အကယ်၍ သင်သည် မိမိနိုင်ငံမှ မောင်းထုတ်ခံရပြီး ပြည်ပြေး ဘဝဖြင့် နေထိုင်ခဲ့ရသည်၊ ဆယ်စုနှစ် လေးခုလောက် ကိုယ့်နိုင်ငံ ကိုယ်ပြန်၍ မရသော အဖြစ်မျိုးနှင့် ကြုံနေရသူ ဖြစ်သည်၊ ဤသို့ မဟုတ်ပါက သင်သည် မိမိ နိုင်ငံတွင်းမှာ နေထိုင်ခွင့်တော့ ရထားပါသည်။ သို့သော် နှစ်ပေါင်း ၁၄ နှစ်တာမျှ နေအိမ် အကျယ်ချုပ်ကို ပုံစံ အမျိုးမျိုးဖြင့် ယနေ့ အချိန်အထိ ကျခံနေရသည် ဆိုပါက မည်သို့ ဖြစ်မည်နည်း။

ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာ့ အသိုင်းအဝိုင်းတွင် ဖော်ပြပါ ဖြစ်ရပ်များနှင့် လက်ရှိ ကြုံတွေ့နေရသူ နှစ်ဦး ရှိသည်။ တစ်ဦးမှာ တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမား ဖြစ်ပြီး နောက်တစ်ဦးမှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ သူတို့ နှစ်ဦးတွင် တူညီသည့် အရာများ ရှိကြသည်။

ဒလိုင်းလားမားသည် တိဘက် ပြည်သူများအတွက် တိုက်ပွဲဝင်နေခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူများအတွက် ဒီမိုကရေစီ တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။ နှစ်ဦးစလုံး ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်များ ဖြစ်ကြပြီး အမေရိကန် ပြည်ထောင်စုက ချီးမြှင့်သော Congressional Gold Medal ဆုကိုလည်း လက်ခံ ရရှိခဲ့ကြသည်။ နှစ်ဦးစလုံး အကြမ်းမဖက် လှုပ်ရှားမှုကြောင့် ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့ခြင်း ဖြစ်သည်။ ဒလိုင်းလားမားက ၁၉၈၉ ခုနှစ်တွင် ရရှိပြီး ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်တွင် ရရှိခဲ့သည်။

သူတို့ နှစ်ဦးစလုံး ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ နှစ်ဦးစလုံးသည် မိမိပြည်သူများ၏ လွတ်လပ်မှုနှင့် မိမိတိုင်းပြည်တွင်း ဒီမိုကရေစီ ထွန်းကားနိုင်ရေးအတွက် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် တိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်။

ဒလိုင်းလားမားသည် ၁၉၅၁ ခုနှစ်တွင် တိဘက်ပြည်ကို ကိုင်တွယ် ထိန်းချုပ်လိုသော တရုတ်စစ်တပ်၏ ဖိအားပေးမှုကို စတင်ခံခဲ့ရသည်။ ၁၉၅၉ ခုနှစ် တိဘက် အရေးတော်ပုံ ရှုံးနိမ့်သောအခါ တိဘက်ပြည်မှ ထွက်ပြေးခဲ့ရသည်။ ထိုအချိန်မှ စကာ အိန္ဒိယရှိ ဓမ္မ သာလာတွင် အခြေချ နေထိုင်ခဲ့ရသည်။

ထို့နောက် ဒလိုင်းလားမားသည် အဝေးရောက် တိဘက် အစိုးရ တစ်ရပ်ကို ဖွဲ့စည်း ထူထောင်သည်။ လတ်တလော ကာလအတွင်း တရုတ် သတင်းစာ ဆရာများနှင့် တွေ့ဆုံရာတွင် ဘုန်းတော်ကြီး ဒလိုင်းလားမားက "ကြောက်ရွံ့မှု၊ ဖိနှိပ်မှု စတဲ့ ပုံစံနဲ့ အကြမ်းဖက်မှု ပြုလုပ်ပြီး လူတွေရဲ့ ပြဿနာကို မဖြေရှင်းနိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကြေက်ရွံ့မှုက သံသယစိတ်နဲ့ စိုးရိမ်စိတ်တွေကို ဖြစ်ပေါ်စေပြီး ချစ်ကြည် ရင်းနှီးမှုနဲ့ ယုံကြည်မှုတွေ ဖြစ်မလာအောင် ပိတ်ဆို့ ဟန့်တားတတ်တဲ့ သဘော ရှိလို့ပါ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ သမူဟ မျှရေးတို့လည်း ဖြစ်မလာနိုင်ပါဘူး" ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နာမကျန်း ဖြစ်နေသည့် သူမ၏ မိခင်ကြီးကို ပြုစု စောင့်ရှောက်ရန် မြန်မာနိုင်ငံသို့ ပြန်လာရာမှ ဒီမိုကရေစီ အရေးတော်ပုံကြီးနှင့် ကြုံတွေ့ခဲ့ရသည်။ ၁၉၈၈ ခုနှစ် မြန်မာ တစ်နိုင်ငံလုံး ဒီမိုကရေစီ အရေးတော်ပုံကို ဦးဆောင်ခဲ့သည်။ ထို့နောက် သူမသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပင်မ အစိတ်အပိုင်း တစ်ခုသဖွယ် ဖြစ်လာခဲ့သည်။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အောင်ပွဲရခဲ့သည်။ အသစ် ဖွဲ့စည်းမည့် အစိုးရ အဖွဲ့တွင် ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးချုပ် ဖြစ်ရန် သေချာခဲ့သည်။ သို့သော် မြန်မာ စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်ကို လုံးဝ အသိအမှတ် မပြုဘဲ အာဏာ လွှဲပြောင်းပေးခြင်းလည်း မရှိခဲ့သည်မှာ ယနေ့ အချိန်ထိပင် ဖြစ်သည်။ ဒေါ်စုကြည်မှာလည်း ယနေ့တိုင်အောင် နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်း ခံထားရသည်။ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်း အပေါင်းအသင်းများနှင့်လည်း တွေ့ဆုံခွင့် ရရန် မဆိုထားနှင့်။ တယ်လီဖုန်း သို့မဟုတ် အီးမေးလ်ပင် အသုံးပြုခွင့် မရှိပေ။ "အခုလို အထီးကျန် ဖြစ်နေတာ ကျွန်မအတွက် ခက်ခဲတဲ့ကိစ္စ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ အဆုံးအမကြောင့် ဖြစ်မယ် ထင်တယ်" ဟု သူမက ပြောဖူးသည်။

ယခု ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ဒလိုင်းလားမားမှာ အသက် ၇၅ နှစ်သို့ ရောက်ရှိခဲ့ပြီး ကျန်ခဲ့သည့် ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်မှာ အသက် ၆၅ နှစ်ထဲသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ အစိုးရများ အတွက်မူ သူတို့နှစ်ဦးမှာ အတိုက်အခံများ ဖြစ်ပြီး ပြည်သူလူထု အတွက်မူ ကယ်တင်ရှင်နှစ်ဦး ဖြစ်သည်။ ကမ္ဘာ့ပြည်သူများ အတွက်မူ သူတို့ နှစ်ဦးမှာ ဖိနှိပ် ချုပ်ခြယ်မှုများကို ကျယ်ကျယ်လောင်လောင် ဆန့်ကျင်သူများ ဖြစ်သည်။

မျက်မှောက်ခေတ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒလိုင်းလားမားတို့သည် သတ္တိရှိမှု၊ ရဲဝံ့မှု၊ အနစ်နာခံမှု၊ ဒူပေဒါပေ ခံမှု၊ အကြမ်းမဖက်မှု၊ လူသားဆန်မှု တို့ကို ကိုယ်စားပြုသူများပင် ဖြစ်သည်။ ဆိုရလျှင် နှစ်ဦးစလုံးသည် လွတ်လပ်မှုကို လိုလားသော ပြည်သူများ၏ ဆန္ဒကို ဖော်ကျူးသည့် သင်္ကေတများပင် ဖြစ်သည်။

One India မှ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယခုနှစ် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှုသည် ၄ ရာခိုင်နှုန်းမှ ၄ ဒဿမ ၅ ရာခိုင်နှုန်း အထိ တိုးမြင့်လာကြောင်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) က ကြိုတင် ခန့်မှန်းချက်ကို တိုးမြှင့် ပြောဆိုလိုက်သည်။

အာရှဒေသ စီးပွားရေး စီးပွားရေး အဆမတန် ဖွံ့ဖြိုးမှုကြောင့် ယခုနှစ် ပထမပိုင်းတွင် ကမ္ဘာ့ စီးပွားရေးသည် အင်အား ကောင်းမွန်စွာ တိုးတက်လာကြောင်း IMF က ဆိုသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများ စီးပွားရေး တိုးတက်မှုမှာ တော်သင့်ရုံ အနေအထားမျှသာ ရှိခဲ့သော်လည်း ပြန်လည် နာလန် ထူနိုင်ရေးအတွက် ပုံမှန် လုပ်ဆောင်နိုင်ခဲ့သည်။

သို့သော် စီးပွားရေး အကျပ်အတည်း ဖြစ်မည့် အန္တရာယ်များ တိုးမြင့်လာပြီး ငွေကြေး တည်ငြိမ်မှု ဖော်ဆောင်ရာတွင် အနှောင့်အယှက်များ၊ တုံ့ဆိုင်းမှုများ ရှိခဲ့သည်ကို တွေ့ရကြောင်း IMF က သတိပေးသည်။

ကြွေးမြီကိစ္စ

ပထမကမ္ဘာမှ အစိုးရများ၏ ဘဏ္ဍာ စဉ်ဆက်မပြတ် တည်တံ့ ခိုင်မြဲရေးနှင့် ပတ်သက်၍ စိုးရိမ်စရာများ ရှိကြောင်း၊ အထူးသဖြင့် ဂရိနှင့် ဥရောပ ဒေသမှ အခြားနိုင်ငံများမှ အစိုးရ ဘဏ္ဍာနှင့် ပတ်သက်သော အရေးကိစ္စများက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး နာလန်ထူမှုကို အဓိက ခြိမ်းခြောက်ခဲ့ကြောင်း IMF က ဆိုသည်။

အစိုးရများ အနေဖြင့် ဘဏ္ဍာရေး အခြေအနေ ကောင်းမွန်ရေးကို အဓိက အာရုံ စိုက်သင့်ကြောင်း၊ သို့သော် ဘဏ္ဍာသုံးစွဲမှု လျှော့ချခြင်းများ လွန်စွာ မပြုလုပ်သင့်ကြောင်း သတိပေးထားသည်။

လတ်တလော ရက်သတ္တပတ်များတွင် အစိုးရ အတော်များများသည် ဘဏ္ဍာရေး လိုငွေပြမှု လျှော့ချရေးအတွက် ချွေတာရေး အစီအမံများကို လုပ်ဆောင်ရန် တွန်းအား ပေးနေသည်ကို တွေ့ရသည်။

အထူးသဖြင့် ဥရောပဘဏ်များသည် အစိုးရများ၏ ကြွေးမြီနှင့် ပတ်သက်သော ပြဿနာများ၏ ရိုက်ခတ်မှု ဒဏ်ကို ခံစားနေရသည်ဟု IMF က ဆိုသည်။ ထို့ပြင် ဘဏ်များ အချင်းချင်း ငွေထုတ်ချေးရန် ဆန္ဒ လျော့နည်းနေသည်ဟု ဆိုသည်။ ကျယ်ပြန့်သော စီးပွားရေး တစ်ရပ်အတွက် ကြွေးမြီ နည်းပါးနေခြင်းသည် ပြန်လည် နာလန်ထူရေး ဆောင်ရွက်ချက်များကို ထိခိုက်စေသည်ဟု သတိပေးသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, By William Boot, 7th July 2010

တရုတ်နိုင်ငံသည် ၎င်းတွင် အလျင်အမြန် လိုအပ်လျက် ရှိသော သဘာဝ အရင်းအမြစ်များ ဖြစ်သည့် ကျောက်မီးသွေး၊ ရွှေ၊ ကြေးနီနှင့် ရေနံ သဘာဝ ဓာတ်ငွေ့ စသည်များ ဝယ်ယူနိုင်ရန် အလားအလာ ကောင်းသော နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံအား ထည့်သွင်း၍ အလေးပေး စောင့်ကြည့်ရမည့် စာရင်းတွင်ပင် ထည့်သွင်းထားသည်။

အနာဂတ်တွင် ဝယ်ယူနိုင်ရန် ရည်ရွယ်၍ အိမ်နီးချင်း နိုင်ငံများ၏ သဘာဝ သယံဇာတများကို လေ့လာခြင်းအား ကိစ္စရပ် တစ်ခု အဖြစ် ပြုလုပ်ခဲ့ကြောင်း Beijing ၏ မြေယာနှင့် သယံဇာတ ဝန်ကြီးဌာနက တရုတ် တရားဝင် မီဒီယာများမှ တဆင့် လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့သည်။

အဆိုပါ လေ့လာမှုသည် သယံဇာတ ပေါများသော သြစတြေးလျ နိုင်ငံတွင် တရုတ်နိုင်ငံပိုင် ကုမ္ပဏီများ လွှဲပြောင်း ရယူရန် အဆိုပြုထားသော လုပ်ငန်း အချို့ကို ပယ်ဖျက်ခြင်း ခံရပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသည် သြစတြေးလျတွင် ကျောက်မီးသွေးနှင့် သဘာဝ ဓာတ်ငွေ့ အတွက် ဒေါ်လာ ဘီလီယံနှင့် ချီ၍ အသုံးပြုထားခဲ့သည်။

နိုင်ငံခြားတွင် သွားရောက် ရင်းနှီး လုပ်ကိုင်မည့် တရုတ်နိုင်ငံပိုင် ကုမ္ပဏီများကို အမေရိကန် ဒေါ်လာ ၂ ထရီလီယံထက် ပိုသော အမျိုးသား အရန်ငွေ များစွာဖြင့် ထောက်ပံ့ရန် ပြင်ဆင်ထားသည်။ အိမ်နီးချင်းများ၏ သယံဇာတများကို လေ့လာခြင်းမှ ရရှိသော အချက်အလက်များကို ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အကဲဖြတ်ခြင်း၊ တန်ဖိုးဖြတ်ခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း China Business Journal တွင် ဖော်ပြထားသည်။

အဆိုပါ လေ့လာမှုတွင် မြန်မာ၊ မွန်ဂိုလီးယား၊ ရုရှား၏ ဆိုက်ဘေးရီးယား အရှေ့ဖျား၊ ဗီယက်နမ်၊ ကာဇက်စတန်နှင့် ကာဂျစ်စတန်တို့ ပါဝင်ကြောင်း ဂျာနယ်တွင် ဖော်ပြထားသည်။

တရုတ်သည် ဘင်္ဂလား ပင်လယ်အော်ရှိ ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်း အကွက် ၂ ခုမှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များကို ဝယ်ယူပြီးနောက်တွင် မြန်မာနိုင်ငံ၏ အကြီးဆုံး သဘာဝ ဓာတ်ငွေ့ ဝယ်ယူသူ ဖြစ်လာမည် ဖြစ်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံသည် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကို ပမာဏ ကြီးမားစွာ တိုးတက် တင်သွင်းနေသော်လည်း ၎င်း၏ အဓိက စွမ်းအင်မှာ ကျောက်မီးသွေး ဖြစ်နေဆဲ ဖြစ်ပြီး၊ ကျောက်မီးသွေးကို တန်ချိန် သန်းနှင့် ချီ၍ သြစတြေးလျ၊ အင်ဒိုနီးရှားနှင့် တောင်အာဖရိကတို့မှ ဝယ်ယူနေသည်။

တရုတ်သည် ကမ္ဘာပေါ်တွင် ကြေးနီ၊ သံရိုင်းနှင့် အချို့ စားသောက်ကုန် အတွက် အများဆုံး ဝယ်ယူသူ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျောက်မီးသွေး၊ ကြေးနီနှင့် ရွှေတို့ ထွက်ရှိသည်။ မကြာသေးမီက မြန်မာနိုင်ငံတွင် ကျောက်မီးသွေးသိုက် အသစ် တွေ့ရှိမှုကို တရုတ်နိုင်ငံပိုင် မီဒီယာများတွင် ယခု အပတ်ကမှ မီးမောင်းထိုး ဖော်ပြခဲ့သည်။

"မြန်မာနိုင်ငံ၏ Mongma ဒေသတွင် အသစ် တွေ့ရှိသော ကျောက်မီးသွေးတွင်း၌ အရည်အသွေးမြင့် ကျောက်မီးသွေး အမြင့်ဆုံး ပါဝင်ပြီး တစ်နှစ်လျှင် တန်ထောင်ပေါင်း များစွာ ထွက်ရှိနိုင်သည်ဟု ခန့်မှန်းပါသည်" ဟု People's Daily က ပြောသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ကျောက်မီးသွေး ထုတ်လုပ်မှု တိုးတက်ရေး ကူညီရန် အခြားနိုင်ငံများနှင့်အတူ ပြိုင်ဆိုင်လျက် ရှိသည်။

ပြီးခဲ့သည့် ဇွန်လဆန်းတွင် တရုတ်ဝန်ကြီးချုပ် Wen Jiabao မြန်မာနိုင်ငံသို့ သွားရောက်စဉ်က မြန်မာနှင့် Beijing ကြားတွင် သတ္တု တူးဖော်ရေး ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီမှု စာချုပ် ၁၅ ခု လက်မှတ် ရေးထိုးခဲ့သည်။

"တရုတ်နိုင်ငံရဲ့ အကြီးဆုံး စွမ်းအင် ကုမ္ပဏီကြီး ငါးခုအနက် တစ်ခုဖြစ်တဲ့ Guodian Corporation ဟာ မြန်မာနိုင်ငံမှာ ကျောက်မီးသွေးနဲ့ လည်ပတ်တဲ့ ဓာတ်အားပေး စက်ရုံတစ်ရုံ ဆောက်ဖို့ ရှိပါတယ်။ ဒါပေမယ့် လက်ရှိ မြန်မာနိုင်ငံက ထွက်တဲ့ ကျောက်မီးသွေးကို တရုတ်နဲ့ ထိုင်းနိုင်ငံကို ရောင်းနေတော့၊ စက်ရုံကို ဘယ်လို လည်ပတ်မလဲ မသိဘူး" ဟု စက်မှုလုပ်ငန်း သုံးသပ်သူ အကြံပေး ပညာရှင် Collin Reynolds က ယခုအပတ်တွင် ဧရာဝတီသို့ ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံဟာ လျှပ်စစ်ဓာတ်အား လိုအပ်ချက် အလွန် များပြားနေပါတယ်။ မြန်မာနိုင်ငံရဲ့ ဓာတ်အား ပို့လွှတ်မှုဆိုင်ရာ အခြေခံ အဆောက်အဦးတွေကို ခေတ်နဲ့အညီ ပြောင်းလဲပစ်ဖို့ တရုတ်ရဲ့ နည်းပညာ အကူအညီ လိုကောင်း လိုမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မြောက်ဖက်မှာ ထိစပ်နေတဲ့ တရုတ်ရဲ့ ယူနန်ပြည်နယ်ဟာလည်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်နဲ့ ကျောက်မီးသွေး လိုအပ်ချက် အလွန် များနေပါတယ်" ဟု Reynolds က ပြောသည်။

"မြန်မာနိုင်ငံက ဗိုလ်ချုပ်တွေဟာ ရေတို ငွေရရှိမှုနဲ့ နိုင်ငံရေးအရ အကာအကွယ် ရရှိဖို့ အတွက် တိုင်းပြည်က သယံဇာတတွေကို ရောင်းဖို့ လက်မနှေးပါဘူး။ ဒီတော့ တရုတ်ရဲ့ နောက်ဆုံး ကြေညာချက်ကို ကြည့်ရင် မြန်မာနိုင်ငံက သယံဇာတတွေကို အပြောင်ရှင်းတော့မယ် ဆိုတာ အသေအချာပဲလို့ အတည် ပြုလိုက်တာနဲ့ အတူတူပဲ" ဟု ထင်ရှားသည့် မြန်မာ့စီးပွားရေး သုံးသပ်သူ ပညာရှင် Sean Turnell က ဧရာဝတီသို့ ပြောကြားခဲ့သည်။

ကျောက်မီးသွေးမှာ သဘာဝအားဖြင့် လေထု ညစ်ညမ်းမှု မြင့်မားစေကာမူ သဘာဝ ဓာတ်ငွေ့နှင့် ရေနံ အစား အပေါဆုံး အသုံးပြုနိုင်သည့် အကောင်းဆုံး အစားထိုး ပစ္စည်း အဖြစ် အာရှတိုက်တွင် အသုံးပြုလာသည်ကို ပိုမို တွေ့မြင်လာရသည်။ ကျောက်မီးသွေးကို နောက်ဆုံးပေါ် နည်းပညာဖြင့် ငွေကုန်ကြေးကျ ပိုများသော စက်ရုံများဖြင့် အသုံးပြုမှသာ လေထု ညစ်ညမ်းမှု လျော့ပါးနိုင်သည်။

ထိုင်းအစိုးရပိုင် သဘာဝ ဓာတ်ငွေ့နှင့် ရေနံ ကုမ္ပဏီကြီး ဖြစ်သော PTT က ယခု အပတ်တွင် ကြေညာရာ၌ ၎င်းသည် နိုင်ငံပြင်ပတွင် ကျောက်မီးသွေး တိုးချဲ့ ဝယ်ယူနိုင်ရန် ရည်ရွယ်သွားမည်ဟု ဆိုသည်။

PTT ၏ ထိုင်းပင်လယ်ကွေ့မှ ကမ်းလွန်ဓာတ်ငွေ့ အကွက်များနှင့် ၎င်း၏ လက်ခွဲ PTTEP က မြန်မာနိုင်ငံမှ ဝယ်ယူထားသော ဓာတ်ငွေ့များသည် ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အတွက် လိုအပ်သော စွမ်းအင်၏ ၇၀ % ကို ဖြည့်ဆည်းပေးနေသည်။

သို့သော် ထိုင်းအစိုးရက စွမ်းအင် အတွက် သဘာဝ ဓာတ်ငွေ့ အပေါ်တွင် မှီခိုနေရမှုများအား လျှော့ချရန် အမိန့်ထုတ်ထားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA News, 8th July 2010

မြန်မာနိုင်ငံသည် အဓမ္မ ခိုင်းစေသော လုပ်သားများ အသုံးပြုမှု လျှော့ချရာတွင် အနည်းငယ်သော တိုးတက်မှုကိုသာ ကန့်သတ် လုပ်ဆောင်ခဲ့သည်ဟု ကုလသမဂ္ဂ၏ နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILO က ပြောဆိုလိုက်သည်။

အဆိုပါ နိုင်ငံ အတွင်း အဓမ္မ အခိုင်းခံ လုပ်သားများ အသုံးပြုမှုကို ဖယ်ရှားရန် ရည်ရွယ်၍ အရေးပါသော ဆောင်ရွက်ချက်များကို လွန်ခဲ့သော ၃ နှစ် အတွင်း လုပ်ဆောင်ခဲ့သော်လည်း ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် အရပ်ဖက် စီမံအုပ်ချုပ်ရေး ကဏ္ဍတွင်သာ တိုးတက်မှု အများစု ရရှိခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ILO ဆက်ဆံရေး အရာရှိ Steve Marshall က ပြောကြားသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အလွန် အရေးကြီးသည့် ပထမအဆင့် ဖြစ်သော အဓမ္မ လုပ်သားများ အသုံးပြုမှု တရားမဝင်ကြောင်း ဖော်ပြသည့် ဥပဒေများကို အစိုးရ ထုတ်ပြန်ခဲ့ပြီးနောက် ဒေသ အာဏာပိုင်များ အထူးသဖြင့် စစ်တပ် အတွင်း၌ ဥပဒေနှင့် ဥပဒေအရ တာဝန်ရှိမှုများနှင့် စပ်လျဉ်းသည့် ပညာပေး လှုပ်ရှားမှုများကို အစိုးရက တိတ်တဆိတ် လုပ်ဆောင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

မြန်မာ စစ်ဖက် အစိုးရသည် လမ်းဖောက်လုပ်ခြင်းမှသည် စစ်ဖက် ထောက်ပံ့ရေး ပစ္စည်းများ တောတွင်းသို့ ပို့ဆောင်ခြင်းအထိ အရာရာတိုင်းတွင် အဓမ္မ အခိုင်းခံ လုပ်သားများကို ကာလရှည်ကြာ အသုံးပြုခဲ့ကြသည်။ အဆိုးဆုံးမှာ ဒေသခံ ရွာသားများကို လူသား မိုင်းရှင်း ကိရိယာများ အဖြစ် မိုင်းကွင်းကို လမ်းဖြတ်လျှောက်ခိုင်းသည့် သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

လူ့အခွင့်အရေး အဖွဲ့များက "ကလေးသူငယ်နှင့် သက်ကြီးပိုင်းများ ပါဝင်သော မြန်မာ အရပ်သား ထောင်ပေါင်းများစွာသည် ၎င်းတို့၏ ဆန္ဒမပါဘဲ အဓမ္မ ခိုင်းစေခြင်း ခံနေရသည်" ဟု ပြောကြားခဲ့သည်။ အများစုမှာ အုပ်စုဖွဲ့ မုဒိန်းကျင့်ခြင်း၊ သတ်ဖြတ်ခြင်း အပါအဝင် ညှင်းပန်း နှိပ်စက်မှုများကို ကြုံတွေ့ ခံစားနေရသည်ဟုလည်း သိရှိရသည်။

မြန်မာ စစ်တပ်သည် အထူးသဖြင့် အဓမ္မ ခိုင်းစေမှုကို ဆက်လက် အသုံးပြုနေသည်ဟု steve Marshall က ကြာသပတေးနေ့တွင် ဘန်ကောက်၌ ပြောကြားသည်။

"အရပ်ဖက် အုပ်ချုပ်ရေး ဘက်မှာတော့ သိပ်ကို ကောင်းတဲ့ တိုးတက်မှု တချို့ ရှိနေပါပြီ" ဟု ပြောကြားခဲ့သော Steve Marshall က "စစ်တပ် အုပ်ချုပ်တဲ့ ဘက်မှာတော့ တစ်စုံတစ်ရာ ပြောင်းလဲမှုလို့ ပြောလို့ ရတဲ့ အထောက်အထားကို ရှင်းလင်းစွာ မတွေ့ရသေး" ဟု ဆိုသည်။

ပြောင်းလဲ တိုးတက်သော အပိုင်းတွင်မူ နိုင်ငံသားများအား ILO ထံ တိုင်ကြား ခွင့်ပြုသည့် စနစ်သစ် တစ်ခု ရှိနေပြီ ဖြစ်သည့် အချက်သည် အတင်းအကျပ် စစ်သားအဖြစ် စုဆောင်းခံရသော ကလေးများကို ကယ်တင်ရာတွင် အထောက်အကူ ဖြစ်ခဲ့သည်။

ယခုအခါ အစိုးရသည် အသက် မပြည့်သော စစ်သားများအား တိုင်ကြားမှုများ ရရှိပါက ပုံမှန် ပြန်လွှတ်ပေးနေသည်ဟု ILO အစီရင်ခံစာ အသစ်တွင် ဖော်ပြထားသည်။

အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကလည်း ကလေး စစ်သားများကို အသုံးပြုနေသဖြင့် ထိုသို့ အသုံးပြုမှု အဆုံးသတ်သွားအောင် ကြိုးစားရန် ၎င်းတို့နှင့် ဆွေးနွေးခွင့်ကို ILO အား မြန်မာ အစိုးရက ခွင့်ပြုထားသည်။

ယခုနှစ် ရွေးကောက်ပွဲ အပြီး လွှတ်တော်သစ် အစည်းအဝေး ကျင်းပချိန်တွင် အလုပ်သမား  သမဂ္ဂများ ဖွဲ့စည်းခွင့် ပြုရေး အတွက် အလုပ်သမား ဥပဒေသစ်များ ရေးဆွဲရန် လှုပ်ရှားနေသည်ဟု Marshall က ပြောကြားသည်။

မြန်မာ အစိုးရသည် ရွေးကောက်ပွဲများ မတိုင်မီ အလုပ်သမားနှင့် စီးပွားရေး ကိစ္စများကို ကိုင်တွယ်ရာတွင် သတိကြီးစွာ ထား၍ လုပ်ဆောင်နေသည့် လက္ခဏာ ရှိသည်ဟု ဒေသတွင်း နိုင်ငံရေး အကဲခတ်များက ပြောကြားသည်။ လာမည့် ရွေးကောက်ပွဲသည် အနှစ် ၂၀ အတွင်း ပထမဆုံး ဖြစ်၍ မြန်မာ အစိုးရကို နိုင်ငံတကာ မီးရောင်အောက်သို့ ပြသရန် မျှော်လင့်ထားခြင်း ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 8th July 2010

ယခုနှစ် အစောပိုင်းတွင် တောင်ကိုးရီးယား စစ်သင်္ဘောကို နှစ်မြှုပ်ခဲ့သည့် တိုက်ခိုက်မှုအပေါ် ပြစ်တင် ရှုတ်ချသည့် ကြေညာချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လက်ခံ ဆုံးဖြတ်လိုက်ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်သည့် ကြေညာချက် မူကြမ်းအရ သိရှိရသည်။

သောကြာနေ့တွင် လက်ခံ ဆုံးဖြတ်မည့် ကြေညာချက်တွင် "ပင်လယ်ဝါရှိ အငြင်းပွား ရေပြင် နယ်နိမိတ် အနီး ချိုနန် သင်္ဘောကို နစ်မြုပ်စေခဲ့သည့် တိုက်ခိုက်မှုကို ပြစ်တင် ရှုတ်ချကြောင်း'' ဖော်ပြထားသည်။

"တောင်ကိုးရီးယား အပေါ် ဆက်လက် ရန်လို တိုက်ခိုက်မှုများကို တားဆီးရေး၏ အရေးကြီးပုံကို လုံခြုံရေး ကောင်စီက အလေးအနက် လက်ခံကြောင်းနှင့် တိုက်ခိုက် ခံရမှု ဖြစ်ရပ်အပြီး လပေါင်း အတန်ကြာ သည်းခံ ထိန်းချုပ်မှုကို ပြသခဲ့သည့် ဆိုးလ် အစိုးရကို ချီးကျူးး ဂုဏ်ပြုကြောင်း'' ဆက်လက် ဖော်ပြထားသည်။

သို့ရာတွင် မြောက်ကိုးရီးယား တိုပီဒိုကြောင့် သင်္ဘော နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲထားသည့် နိုင်ငံပေါင်းစုံ စစ်ဆေးရေး အဖွဲ့၏ တွေ့ရှိချက်များ ရှိနေသည့်ကြားမှပင် ရေတပ်သား ၄၆ ဦး သေဆုံးခဲ့ရသည့် မတ်လ ၂၆ ရက် တိုက်ခိုက်မှု အတွက် ယခု ကြေညာချက်တွင် မြောက်ကိုးရီးယားကို တိုက်ရိုက် အပြစ်တင် စွပ်စွဲထားခြင်း မရှိပါ။

ဤအစား ချိုနန် နစ်မြှုပ်မှု အတွက် မြောက်ကိုးရီးယားတွင် တာဝန်ရှိကြောင်း ကောက်ချက် ချထားသည့် စုံစမ်း စစ်ဆေးမှု ရလဒ်များကို သုံးသပ်ရာတွင် လုံခြုံရေး ကောင်စီ အနေဖြင့် အထူးပင် စိုးရိမ် ပူပန်မိသည် ဟူ၍သာ ဖော်ပြထားသည်။

"လုံခြုံရေး ကောင်စီ အနေဖြင့် လူ့အသက်များ ဆုံးရှုံးပြီး ဒဏ်ရာများ ရရှိမှုအတွက် ဆိုးဝါးသော လုပ်ရပ် အဖြစ် ရှုတ်ချပြီး၊ ကာယကံရှင်များနှင့် ၎င်းတို့၏ မိသားစုများနှင့် ထပ်တူ ဝမ်းနည်း ကြေကွဲပြီး၊ ကိုယ်ချင်းစာနာမှု ဖြစ်ရသည်။ ကိုးရီးယား ရီပတ်ပလစ် နိုင်ငံအစိုးရနှင့် ပြည်သူများနှင့်လည်း ထပ်တူ ဝမ်းနည်းရပါသည်။ အဆိုပါ အရေးကိစ္စ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးရေး အတွက် တာဝန်ရှိသူ အပေါ် သင့်လျော်သည့်၊ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေမည့် ဆောင်ရွက်မှုများ ပြုလုပ်ရန် တောင်းဆိုပါသည်'' ဟု မူကြမ်းတွင် ရေးသား ဖော်ပြထားသည်။

အဆိုပါ ကြေညာချက်ကို လုံခြုံရေး ကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများ ဖြစ်သော အမေရိကန်၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ်နှင့် ရုရှားတို့က အတည်ပြုပြီး ဖြစ်ရာ အဖွဲ့ဝင် (၁၅) ဦးပါ လုံခြုံရေး ကောင်စီ အနေဖြင့် တညီတညွတ်တည်း လက်ခံရတော့မည် ဖြစ်သည်။

ပြုံးယမ်းကမူ Chonan  စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ အဆက်မပြတ် ငြင်းဆိုနေဆဲ ဖြစ်သည်။

ကိုးရီးယား နှစ်နိုင်ငံမှာ ၁၉၅၃ ခုနှစ်က ဆက် မတိုက်ကြရန် သဘောတူပြီး ကိုးရီးယား စစ်ပွဲပြီး ကတည်းက အဆက်မပြတ် တင်းမာမှုများ ဖြစ်လျက် ရှိရာ ရာစုနှစ် တစ်ဝက်မျှ ရှိနေပြီ ဖြစ်သည်။ မည်သည့် ငြိမ်းချမ်းရေး စာချုပ်မျှ မရှိခဲ့ခြင်းကြောင့် ဥပဒေကြောင်း အရဆိုလျှင် စစ်ပွဲမှာ အသက်ဝင်နေဆဲ ဖြစ်သည်။

Seoul က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ မြောက်ကိုးရီးယား အပေါ် ဝေဖန်မှု ပြုရန် ကြိုးစားခဲ့သည်။ သို့သော် ပြုံးယမ်းက ကုလသမဂ္ဂ၏ အရေးယူမှုများကို စစ်ရေးဖြင့် တုန့်ပြန်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 8th July 2010

အိန္ဒိယနိုင်ငံ၏ ကားရောင်းချမှုသည် ဇွန်လအတွင်း ယခင်နှစ်ကထက် ၃၀.၈ % မြင့်တက်ခဲ့ပြီး ၎င်းသည် နိုင်ငံ၏ စက်မှုကဏ္ဍ ခိုင်မာစွာ ကျယ်ပြန့်လာခြင်းကို ထင်ဟပ်နေခြင်း ဖြစ်ကြောင်း ကြာသပတေးက ထုတ်ပြန်သော သတင်း အချက်အလက်များက ပြသနေသည်။

Society of Indian Automobile Manufacturers SIAM က ထုတ်ပြန်သော အချက်အလက်များအရ ယခင်နှစ် ရောင်းချရမှု ကားစင်းရေ ၁၀၇၉၈၄ ကို ကျော်၍ ယခုနှစ် ဇွန်လ အတွင်း ကားစင်းရေ ၁၄၁၁၈၄ စင်းအထိ ရောင်းချခဲ့ရပြီး ကုန်တင်ကားနှင့် ဘတ်စကား ရောင်းချမှုမှာလည်း ၄၄ % တိုးကာ ၅၂၂၁၁ စင်း ရောင်းချရသည်ဟု သိရှိရသည်။

ကားမော်ဒယ် အသစ်များ၊ အစိုးရ၏ လှုံ့ဆော် အားထုတ်မှုများ၊ အထွေထွေ ဝင်ငွေ တိုးလာမှုများကြောင့် အာရှ၏ တတိယအကြီးဆုံး ကားဈေးကွက်တွင် လက်ရှိ လများ အတွင်း ကားရောင်းချမှု တိုးတက်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့စီးပွားရေး အကျပ်အတည်း၏ ရိုက်ခတ်မှုကြောင့် ၂၀၀၈ ခုနှစ်အတွင်း မော်တော်ကား ဝယ်လိုအား ကျဆင်းခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်တွင် အစိုးရက စီးပွားရေး ကဏ္ဍကို အထောက်အကူ ပေးရန်  လှုံ့ဆော်မှု ဆောင်ရွက်ချက်များတွင် စတင် လုပ်ဆောင်ခဲ့သည်။

လောင်စာဆီ ဈေးနှုန်း တက်လာခြင်း၊ အတိုးနှုန်း မြင့်မားလာသည့် အကျိုးဆက် အဖြစ် ချေးငွေဖြင့် ကားဝယ်ယူမှု စရိတ် ကြီးမြင့်လာခြင်း စသည်တို့ကြောင့် လာမည့်လများ အတွင်း ကားရောင်းချမှု ကျဆင်းသွားလိမ့်မည် ဟု အကဲခတ်များက ခန့်မှန်းနေကြသည်။

အာရှ၏ တတိယ အကြီးဆုံး အိန္ဒိယ စီးပွားရေးသည် ၂၀၁၀ မတ်လတွင် ပြီးဆုံးခဲ့သည့် ဘဏ္ဍာရေး နှစ်အတွင်း မျှော်လင့်ထားသည်ထက် ပို၍ ၇.၄ % အထိ ကောင်းမွန်စွာ တိုးတက်ခဲ့ခြင်းကြောင့် ၂၀၁၁ မတ်လတွင် ကုန်ဆုံးမည့် လက်ရှိ ဘဏ္ဍာရေးနှစ်တွင်  ၈.၅ % တိုးတက်ရန် ခန့်မှန်းထားကြသည်။

အိန္ဒိယ ကားဈေးကွက်သည် လက်ရှိ ကားစင်းရေ ၂ သန်းမှ လာသည့် ဆယ်စုနှစ် အပြီးတွင် ၃ ဆ ပွားကာ စင်းရေ ၆ သန်း အထိ ရောက်ရှိရန် မျှော်မှန်းထားကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.