Transparency Myanmar

transparency.myanmar@gmail.com

CNN News, 8th July 2010

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က သီရိလင်္ကာနိုင်ငံမှ ကုလ ကိုယ်စားလှယ်ကို ပြန်လည် ခေါ်ယူပြီး  ကုလ သမဂ္ဂရုံးကို ပိတ်လိုက်ခြင်းမှာ အဆိုပါ နိုင်ငံမှ အာဏာပိုင်များသည် မြို့တော် ကိုလံဘိုရှိ ကုလသမဂ္ဂရုံးများ၏ လုပ်ငန်း တာဝန်များကို နှောင့်ယှက်နေသော ဆန္ဒပြပွဲများကို တားဆီးရန် ပျက်ကွက်ခဲ့သောကြောင့် ဖြစ်သည်။

အထက်ပါ လုပ်ဆောင်မှုသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တစ်ခုအပေါ် အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရှားရှားပါးပါး ပြစ်တင် မာန်မဲမှု တစ်ခု ဖြစ်၍  အစိုးရအဖွဲ့ ဝန်ကြီး တစ်ဦး စည်းရုံး ဦးဆောင်သော "ထိန်းမနိုင် သိမ်းမနိုင်'' ဆန္ဒပြမှုများသည် လက်ခံနိုင်ဖွယ် မရှိဟု ၎င်းက ကြာသပတေးနေ့တွင် သတ်မှတ် ပြောကြားခဲ့သည်။

ဘန်ကီမွန်းက ကုလ သမဂ္ဂ ဋ္ဌာနေ ကိုယ်စားလှယ် Neil Buhne ကို နယူးယောက်သို့ ပြန်လည် ခေါ်ယူ တိုင်ပင်ကာ ကိုလံဘိုရှိ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP  ဋ္ဌာနရုံးကို ပိတ်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။

"သီရိလင်္ကာ အစိုးရသည် အိမ်ရှင်နိုင်ငံ အနေဖြင့် ကုလသမဂ္ဂ အပေါ် တာဝန်ယူမှုများကို မျှော်လင့်ထားသည့် အတိုင်း ဆောင်ရွက်ရန် အထွေထွေ အတွင်းရေးမှူးချုပ်က တောင်းဆိုသည်။ သို့မှသာ သီရိလင်္ကာ ပြည်သူများကို ကူညီနေသည့် ကုလသမဂ္ဂ၏ အရေးကြီး လုပ်ငန်းများကို အနှောင့်မယှက် ကင်းစွာဖြင့် အသေအချာ ရှေ့ဆက်နိုင်မည်'' ဟု ကုလသမဂ္ဂ ကြေညာချက်တွင် ပါရှိသည်။

သီရိလင်္ကာ နိုင်ငံအပေါ် စွပ်စွဲထားသော စစ်ရာဇဝတ်မှုများကို ကုလသမဂ္ဂက စုံစမ်း စစ်ဆေးနေခြင်းကို ရပ်ဆိုင်းအောင် တောင်းဆိုရန်အတွက် ဆောက်လုပ်ရေး ဝန်ကြီး ဝီမာဝီရာဝန်ဆာ ဦးဆောင်၍ ကိုလံဘို ကုလသမဂ္ဂရုံး အပြင်ဖက်၌ ကြသပတေးနေ့တွင် စတင်၍ အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။

အင်ဒိုနီးရှား၊ တောင်အာဖရိကနှင့် အမေရိကန်တို့ ပါဝင်သော အကြံပေး အဖွဲ့ကို ဘန်ကီမွန်းက ဖျက်သိမ်းပေးသည် အထိ အစာ ငတ်ခံမည် ဖြစ်ကြောင်း ဝီမာဝီရာဝန်ဆာက သတင်းထောက်များအား ပြောကြားသည်။

ပြီးခဲ့သောနှစ် မေလတွင် သီရိလင်္ကာ စစ်တပ်က တမီလ်ကျား သူပုန်များကို သုတ်သင်စဉ် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဆက်စပ် ကိစ္စများနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အား အကြံဥာဏ်ပေးရန် အဖွဲ့ဝင် ၃ ဦးပါ ကော်မရှင်ကို ဘန်ကီမွန်းက ခန့်အပ်မှုသည် စစ်ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးမည့် အစပျိုး လက္ခဏာ ဖြစ်သည်။

စစ်တပ်နှင့် သူပုန် ၂ ဖွဲ့စလုံး ကျူးလွန်ခဲ့ကြောင်း စွပ်စွဲထားသည့် စစ်ရာဇဝတ်မှုများ အပါအဝင် သူပုန်များ သုတ်သင်ခံရမှုနှင့် ဆက်စပ် ကိစ္စများကို တာဝန်ယူမှု အပေါ် ကုလသမဂ္ဂက စိုးရိမ် ပူပန်လျက် ရှိသည်။ စစ်တပ်နှင့် သူပုန် ၂ ဖွဲ့စလုံးက ၎င်းတို့ အပေါ် စွပ်စွဲချက်များကို ငြင်းဆိုထားကြသည်။

"ဘန်ကီမွန်း၏ ဆောင်ရွက်မှုက သမ္မတ မာဟင်ဒါ ရာဂျာ ပါစကာကို စစ်ရာဇဝတ်မှု ခုံရုံးကို ပို့ဖို့ ရည်ရွယ်တာပါ၊ ဒီကိစ္စကို ကျွန်တော်တို့ ခွင့်ပြုမှာ မဟုတ်ပါဘူး'' ဟု ဝီရာဝန်ဆာက ယခုအပတ် အစောပိုင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဝီရာဝန်ဆာကို ထောက်ခံသူ ၁၀၀ နီးပါးသည် ကြာသပတေးနေ့ မနက်တွင် ကုလသမဂ္ဂ ရုံးဝင်း အပြင်ဖက်၌ စုရုံးခဲ့ကြသည်။ ရုံးအဆောက်အဦးသို့ ဝင်ပေါက်ကို ဖွင့်ထားပြီး ဝန်ထမ်းအချို့ တာဝန်အရ ဝင်ထွက် သွားလာခဲ့ကြသည်။

နယူးယောက်တွင် ကုလသမဂ္ဂ ဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ Farhan Hag က ပြောကြားရာ၌ "ကုလသမဂ္ဂ ဝန်ထမ်းများ၏ ဘေးကင်းမှုနှင့် လုံခြုံမှုကို အပြည့်အဝ ပြတ်ပြတ်သားသား အာမခံချက် ပေးခဲ့သော ကုလသမဂ္ဂ ဆိုင်ရာ သီရိလင်္ကာ သံအမတ် ပါလီသာခိုဟိုနာနှင့် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး ဗီဂျေနမ်ဘီယား တို့ တွေ့ဆုံခဲ့ကြသည်ဟု ဆိုသည်။ ကုလသမဂ္ဂ ဝန်ထမ်းများကို ရုံးအတွင်း ဝင်ထွက်ခွင့် ပြုမည်ဟု ဝီရာဝန်ဆာက ပြောကြားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

"ကျွန်တော်တို့ ကုလသမဂ္ဂ ဝန်ထမ်းတွေရဲ့ ဘေးကင်းမှုနဲ့ လုံခြုံမှုကို သေချာအောင် လုပ်ဆောင်ပေးမယ်လို့ ကတိ ပေးထားတာကို သီရိလင်္ကာ အစိုးရက လေးစားလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါမှသာ သီရိလင်္ကာ ပြည်သူတွေကို ကူညီဖို့ ကုလသမဂ္ဂက နေ့စဉ် ဆောင်ရွက်နေတဲ့ အရေးကြီး လုပ်ငန်းတွေကို ဝန်ထမ်းတွေက ဆက်လက် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်'' ဟု Hag က သတင်းထောက်များအား နယူးယောက်တွင် ပြောကြားသည်။

အရေးကြီးသော ဝန်ထမ်းများသည် ပုံမှန် လုပ်ငန်း တာဝန်များကို သောကြာနေ့တွင် ပြန်လည် စတင်မည်ဟု ကုလသမဂ္ဂ ဋ္ဌာနေ အဖွဲ့က အတည်ပြု ပြောကြားသည်။ "ရုံးဝင်း အပြင်ဖက်မှာ ဆန္ဒပြသူတွေ ဆက်လက် ရှိနေမယ့် လက္ခဏာ တချို့ ရှိနေတယ် ဆိုပေမဲ့ ဝန်ထမ်းအားလုံး မကြာခင် ပြန်လာနိုင်ဖို့ ရှိ/ မရှိ ကို ကုလ ဋ္ဌာနေ အဖွဲ့က ခန့်မှန်းပါလိမ့်မယ်'' ဟု Hag က ဆိုသည်။

ပြုလုပ်နေဆဲ ဆန္ဒပြမှုများကို ဝန်ကြီးက မည်သို့ အဆုံးသတ်မည် ဆိုသည့် ကြေညာချက် တစ်စောင် အစိုးရက ထုတ်ပြန်ရန် အတိုက်အခံ ခေါင်းဆောင် ရာနစ် ဝစ်ကရီမေဆင်းက တိုက်တွန်းလိုက်သည်။

"အခုအချိန်မှာ သီရိလင်္ကာ အစိုးရဟာ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးကို ဆင့်ခေါ်ခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတကာ ဝရမ်းပြေး အဖြစ် တံဆိပ်ကပ် ခံရလုနီးပါး အခြေအနေကို ရောက်နေပါတယ်" ဟု ပါလီမန်တွင် ပြောကြားခဲ့သူမှာ ရာဂျာပါကဆာ၏ ဝန်ကြီး တစ်ကြိမ် ဖြစ်ဖူးသူ လက်ရှိ အတိုက်အခံ အမတ် မန်ဂါလာ ဆာမာရာဝီရာ  ဖြစ်သည်။

အင်္ဂလိပ်ဘာသာ မနက်ခင်း သတင်းစာ ၂ စောင်ကလည်း အစိုးရ၏ လုပ်ဆောင်မှုကို ပြစ်တင် ဝေဖန်ခဲ့ကြသည်။

Daily Mirror က ၎င်း၏ အယ်ဒီတာ အာဘော်တွင် "ဝိုင်းရံထားမှုကို ငြိမ်းချမ်းသော ဆန္ဒပြမှု အဖြစ် ဆုံးဖြတ် ကြေညာခဲ့ခြင်းသည် ဖြစ်သမျှ အားလုံး အနက် အစိုးရ၏ အမိုက်မဲဆုံး ကြေညာချက် ဖြစ်သည်'' ဟု ဖော်ပြလိုက်သည်။

Island သတင်းစာကလည်း "ဝီရာဝန်ဆာနှင့် အပေါင်းပါများသည် ကုလသမဂ္ဂ ဝန်ထမ်းများကို အဆက်အသွယ် ဖြတ်တောက်ထားရန် မိုက်မဲစွာ ကြိုးစားခဲ့သည့် အတွက် အပြည့်အဝ ပြစ်တင် ရှုတ်ချခြင်း ခံရမည်" ဟု ရေးသားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 10th July 2010

ယခုနှစ် နှောင်းပိုင်းတွင် ကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် အပြောင်းအလဲများကို ယူဆောင်လာလိမ့်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ခွဲထွက်လာသော အတိုက်အခံပါတီ ခေါင်းဆောင်က စနေနေ့က ပြောကြားလိုက်သည်။

NLD မှ အဖွဲ့ဝင်ဟောင်းများဖြင့် ဖွဲ့စည်းထားသော အမျိုးသား ဒီမိုကရက်တစ် အင်အားစု (NDF) မှ ဒေါက်တာသန်းငြိမ်းက ရွေးကောက်ပွဲတွင် မဲဆန္ဒ ပေးကြရန် ပြည်သူ လူထုအား တိုက်တွန်းခဲ့သည်။ ယခုအခါ အတိုက်အခံ အတွင်းတွင် ရန်ပွဲ ဖြစ်ပွားနေသည့် လက္ခဏာ ရှိသည်။

"ရွေးကောက်ပွဲဟာ အပြောင်းအလဲကို သယ်ဆောင်လာနိုင်တယ် ဆိုတာ ပြည်သူတွေ လက်ခံထားသင့်ပါတယ်'' ဟု ၎င်းက AFP နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

"တိုင်းပြည်နဲ့ လူမျိုး အတွက် အမှန်တကယ် အလုပ်လုပ်ပေးနိုင်မယ့် လူ ဒါမှမဟုတ် ပါတီကို ရွေးချယ်ပေးခြင်းဖြင့် ပြည်သူတွေ အနေနဲ့ မိမိတို့ တာဝန်ကို ထမ်းဆောင်သင့်ပါတယ်'' ဟု ၎င်းက ပြောသည်။

NDF ၏ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် စိတ်အား ထက်သန်မှုအား NLD၏ အဖွဲ့ဝင်ဟောင်း အချို့က သဘော မတူကြပေ။

ရွေးကောက်ပွဲသည် စစ်တပ်က နှစ်ငါးဆယ်ခန့် အာဏာ ဆုပ်ကိုင်ထားမှုကို တရားဝင်အောင် ပြုလုပ်ထားသော အတုအယောင်သာ ဖြစ်သည်ဟု ဆိုကာ NLD သည် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။

"ကျွန်တော်တို့ဟာ ဒီမိုကရေစီ အတွက် ရုန်းကန် လှုပ်ရှားမှုတွေကို ဥပဒေဘောင်အတွင်းက လုပ်နိုင်အောင်လို့ ပါတီဖွဲ့ခဲ့တာပါ '' ဟု ဒေါက်တာသန်းငြိမ်းက ပြောသည်။ "တစ်ချိန်တည်းမှာပဲ လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူမှုရေးနဲ့ စီးပွားရေး ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားနေပါတယ်'' ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ကောလာဟလများက ရွေးကောက်ပွဲကို အောက်တိုဘာ (သို့မဟုတ်) နိုဝင်ဘာလတွင် ကျင်းပလိမ့်မည်ဟု ဆိုနေကြသော်လည်း အစိုးရက ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို ယနေ့ထိ ကြေညာခြင်း မရှိသေးပေ။

ရွေးကောက်ပွဲ ဥပဒေများသည် တရား မျှတမှု မရှိခြင်းကြောင့် သူမ၏ ပါတီအား ရွေးကောက်ပွဲ အတွက် မှတ်ပုံတင်ခြင်းအား လက်မခံနိုင်ကြောင်း မတ်လက ပြောကြားခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေက ပြောခဲ့ပါသည်။

ထို့ကြောင့်ပင် NLD ပါတီတွင်းတွင် ခေါင်းမာသော အတိုက်အခံ ခေါင်းဆောင်ပိုင်းနှင့် သပိတ်မှောက်မှုကို ဆန့်ကျင်သော သဘောထား ပျော့ပြောင်းသူ နိုင်ငံရေးသမားများ အနည်းငယ် ငြိခဲ့ကြသည်။

မကြာသေးမီက အဖွဲ့နှစ်ခုကြား သဘောမတူမှု တစ်ခု ဖြစ်ပွားပြီး NLD ထိပ်တန်း ခေါင်းဆောင်ဟောင်းများက NDF အား ၎င်းတို့၏ သင်္ကေတ ဝါးခမောက်ကို ကူးယူသည်ဟု စွပ်စွဲပြီး ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်စာ တင်ခဲ့သည်။

"NLD အဖွဲ့ဝင်တွေထဲမှာ ကျွန်တော်တို့ရဲ့ မူဝါဒကို လက်ခံ ယုံကြည်တဲ့သူတွေ အများကြီး ရှိလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ဘာလို့လဲဆိုတော့ အနှစ်နှစ်ဆယ်လောက် အတူတွဲ လုပ်လာခဲ့တာ ဆိုတော့ သူတို့အကြောင်း ကျွန်တော်တို့ သိပါတယ်။ သူတို့ ကျွန်တော်တို့နဲ့ လာရောက် ပူးပေါင်းမယ် ဆိုရင် အမြဲတမ်း ကြိုဆိုနေပါတယ်'' ဟု ဒေါက်တာ သန်းငြိမ်းက ပြောသည်။

၎င်းတို့၏ ပါတီသည် ဒေါ်အောင်ဆန်းစုကြည်ကို ဦးထိပ်ထားလျက် ရှိသည်ဟု ဒေါက်တာသန်းငြိမ်းက ဖြည့်စွက် ပြောသည်။

"ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီ အတွက် စံပြုရမယ့် ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ သူမရဲ့ သတ္တိ၊ ယုံကြည်မှုနဲ့ စွန့်လွှတ် အနစ်နာခံမှုတွေကို အမြဲတမ်း ကြည်ညို လေးစားလျက် ရှိပါတယ်'' ဟု ၎င်းက ပြောသည်။

မြန်မာ စစ်အစိုးရသည် သောကြာနေ့က NDF ကို ပါတီ အဖြစ် ခွင့်ပြုခဲ့သည်။

လုပ်ထုံးလုပ်နည်း အရ ပြုလုပ်သင့်သည်ဟု ဆိုသော်လည်း NDF အနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ရေးအတွက် အကျုံးဝင်ရေးအတွက် ပါတီဝင် (၁၀၀၀) တင်ပြရမည် ဖြစ်သည်။

NDF အနေနှင့် ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးမှုများတွင် ကန့်သတ်ချက်များ ရှိလိမ့်မည် ဟု မျှော်လင့်ထားကြောင်း၊ ယခုလို အသွင် ကူးပြောင်းရေး ကာလတွင် ဖြစ်တတ်သော သဘာဝ ဖြစ်ကြောင်း ၎င်းက ပြောသည်။

"စနစ် တစ်ခုက တစ်ခုကို ပြောင်းတဲ့ အသွင် ကူးပြောင်းရေး ကာလမှာ ဒီလို အခြေအနေမျိုးတွေ ကြုံတွေ့ရမှာပါပဲ'' ဟု ဒေါက်တာသန်းငြိမ်းက ပြောသည်။

စစ်တပ်သည် အတိုက်အခံ မဲဆွယ် စည်းရုံးမှုများကို တင်းကြပ်စွာ ကိုင်တွယ်သည့် အနေဖြင့် ပါတီများသည် စုရုံး ချီတက်ခြင်း၊ အလံ ဝှေ့ယမ်းခြင်းနှင့် ကြွေးကြော်သံများ ကြွေးကြော်ခြင်းများကို တားမြစ်ထားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 9th July 2010

တောင်ကိုးရီးယား စစ်သင်္ဘော နစ်မြုပ်မှုကို ပြစ်တင် ရှုတ်ချထားသော်လည်း ပြုံးယမ်းကို အပြစ်တင်ရန် ရှောင်ရှားထားသည့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ကြေညာချက်ကို မြောက်ကိုးရီးယားက အောင်ပွဲ အဖြစ် ဂုဏ်ပြု ကြိုဆိုလိုက်သည်။

မြောက်ကိုးရီးယား တိုပီဒို ပစ်ခတ်မှုကြောင့် ချိုနန် နစ်မြုပ်ကာ ရေတပ်သား ၄၆ ဦး အသက် ဆုံးရှုံးခဲ့ရသည်ဟု တောင်ကိုးရီးယား ဦးဆောင်သော စုံစမ်းရေး အဖွဲ့က တွေ့ရှိခဲ့ခြင်း အပေါ် အထူးစိုးရိမ် ပူပန်မိသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

သို့ရာတွင် ပင်လယ်ဝါ အခင်းဖြစ်ရပ်နှင့် ပတ်သက်၍ ဘာမှမလုပ်ခဲ့ပါ ဟု ပြုံးယမ်း၏ အခိုင်အမာ ငြင်းဆန်မှုကိုလည်း ဂရုတစိုက် သတိထားခဲ့သည်ဟု ဆိုသည်။

ပြစ်တင်မှုကို ရှောင်ရှားထားခြင်းသည် တရုတ်၏ ထောက်ခံမှုကို သေချာအောင် ကူညီခဲ့ခြင်းသာ ဖြစ်သည်ဟု သတင်းထောက်များက ဆိုသည်။

မတ်လ ၂၆ ရက် တိုက်ခိုက်မှုသည် ဒေသတွင်းနှင့် ဒေသ အပြင်ဖက် အထိ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အန္တရာယ် ပြုခဲ့သည်ဟု အများ သဘောတူ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

"ချိုနန် နစ်မြုပ်မှုအတွက် DPRK  မြောက်ကိုးရီးယားတွင် တာဝန်ရှိသည်ဟု တင်ပြထားသော တောင်ကိုးရီးယား ဦးဆောင်သည့် ငါးနိုင်ငံ ပါဝင်သော စစ်ဖက် အရပ်ဖက် ပူးတွဲ စုံစမ်းရေး အဖွဲ့၏ တွေ့ရှိချက်များကို သုံးသပ်ရာတွင် အထူးပင် စိုးရိမ် ပူပန်မိကြောင်း လုံခြုံရေး ကောင်စီ အနေဖြင့် ဖော်ပြလိုသည်'' ဟု ကြေညာချက်တွင် ပါရှိသည်။

ကြေညာချက်တွင် အခင်းဖြစ်ပွားပြီးနောက် စိတ်ရှည် သည်းခံမှုကို ပြသခဲ့သည့် တောင်ကိုးရီးယား အစိုးရကို ချီးကျူး ဂုဏ်ပြုခဲ့ပြီး အခင်းဖြစ်ရပ် အပေါ် တာဝန်ရှိသူများကို သင့်မြတ် လျော်ကန်၍ ငြိမ်းချမ်းသော အရေးယူ ကိုင်တွယ်မှုများ ပြုလုပ်ရန် တောင်းဆိုထားသည်။

ရေတပ်စစ်ရေး လေ့ကျင့်မှု

အထက်ပါ ကြေညာချက် ထုတ်ပြန်ပြီးနောက် ကုလသမဂ္ဂ ဆိုင်ရာ မြောက်ကိုးရီးယား အမြဲတမ်း သံအမတ်က နယူးယောက်တွင် သတင်းထောက်များအား "ဒီကြေညာချက်က ကြီးကျယ်တဲ့ သံတမန်ရေးရာ အောင်ပွဲပါ'' ဟု ပြောကြားခဲ့သည်။

"ဒီကိစ္စ စတင်ချိန် ကတည်းက၊ ဒီဖြစ်ရပ်နဲ့ ဘာမှ မဆိုင်တဲ့ ကျွန်တော်တို့ အနေအထားကို ရှင်းရှင်းလင်းလင်း ပြခဲ့တာပါ '' ဟု သံအမတ် ဆင်ဆန်ဟိုက ဆိုသည်။

နယူးယောက် အစည်းအဝေး မစတင်မီ ဆင်ဆန်ဟို က "မည်သည့် ပြစ်တင် ဝေဖန်မှုကို မဆို မြောက်ကိုးရီးယား တပ်မတော်က အင်ပြည့် အားပြည့် တုန့်ပြန်သွားမည်'' ဟု သတိပေး ခြိမ်းခြောက်ခဲ့သည်။

သို့ရာတွင် တောင်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီး ဋ္ဌာန ပြောရေးဆိုခွင့် ရှိသူ ကင်ယောင်ဆမ်ကမူ "ယခု ကြေညာချက်သည် ချိုနန်ကို တိုက်ခိုက်သည့် မြောက်ကိုးရီးယားကို နိုင်ငံတကာ အသိုင်းအဝိုင်းက ပြစ်တင် ရှုတ်ချသည့် အရေးပါသော ဆိုလိုရင်းကို သယ်ဆောင် ယူခဲ့သလို နောက်ထပ် ကျူးကျော် ရန်စမှုများ တားဆီးရေး၏ အရေးကြီးပုံကို အလေးအနက် ဖော်ပြခဲ့သည်'' ဟု သုံးသပ် ပြောကြားလိုက်သည်။

"တောင်ကိုးရီးယား အပေါ် ကျူးကျော် ရန်စမှုကို သည်းခံမှာ မဟုတ်ဘူးဆိုတဲ့ နိုင်ငံတကာရဲ့ ခိုင်မာတဲ့ သဘောထား ရပ်တည်ချက်ကို တလေးတစား နာယူပြီး ကိုးရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်မှုကို ထိခိုက်စေမယ့် ဘယ်လို ကျူးကျော် ရန်စမှုကို မဆို ထပ်မလုပ်ဖို့ မြောက်ကိုးရီးယားကို မိမိတို့ အစိုးရက ပြင်းပြင်းထန်ထန် တိုက်တွန်းပါတယ်" ဟု ၎င်းက လူကြီးလူကောင်း ဆန်ဆန် သတိပေးပြောကြားခဲ့သည်။

"လုံခြုံရေး ကောင်စီ၏ ကြေညာချက်သည် တောင်ကိုးရီးယားနှင့် အမေရိကန်တို့ တောင်းဆိုထားသော အဆင့်ကို မမီ'' ဟု သတင်းထောက်များက ပြောကြားသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံနိုင်ဖွယ် မရှိသော ရန်လိုသည့် အပြုအမူကို မြောက်ကိုးရီးယားက ကျူးလွန်ခဲ့သည် ဆိုသည်ကို သံသယ မြူမှုန် ကင်းစင်စွာ အသိအမှတ်ပြု လက်ခံကြောင်းကို လုံခြုံရေးကောင်စီ အနေဖြင့် သေချာအောင် ပြုလုပ်ရမည်ဟု အမေရိကန် သမ္မတ အိုဘားမားက ယခင်လက ပြောကြားခဲ့သည်။

ဘေဂျင်းသည် မြောက်ကိုးရီးယား အပေါ် ပြစ်တင် ရှုတ်ချရန် ကြိုးစားမှု မှန်သမျှကို ပိတ်ဆို့ခဲ့ပြီး ဒေသတွင်း တင်းမာမှုများ ကြီးထွားစေသည့် မခန့်မှန်းနိုင်သည့် ၎င်း၏ မဟာမိတ် ထံမှ တစ်စုံတစ်ရာ တုန့်ပြန်မှုကို အနည်းဆုံး ရှောင်ရှားလိုခြင်း ဖြစ်ပုံ ရသည် ဟု အနောက်နိုင်ငံ သံတမန်များက ပြောဆိုကြသည်။

သောကြာနေ့တွင် တောင်ကိုးရီးယားက ကြေညာရာ၌ မြောက်ကိုးရီးယား၏ ရန်စ ကျူးကျော်မှုများကို တားဆီးရန် ပင်လယ်ဝါတွင် အမေရိကန်နှင့် ရေတပ် စစ်ရေး လေ့ကျင့်မှု ပြုလုပ်တော့မည်ဟု ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 10th July 2010

မြန်မာနိုင်ငံကို အရေးပါသော ဆန်တင်ပို့သူ ဖြစ်လာရန် ရည်ရွယ်ထားသည့် စစ်အစိုးရ၏ ကြိုးပမ်းမှုသည် ကျဆုံးမှုနှင့် ရင်ဆိုင်ခဲ့ရခြင်းမှာ စီးပွားရေး အလုံးစုံ မွဲပြာကျမှုကြောင့် ဖြစ်သည်ဟု လေ့လာမှု အစီရင်ခံစာက ဆိုသည်။

ယခုနှစ် ပြည်ပသို့ ဆန်တန်ချိန် တစ်သန်းကျော် တင်ပို့ခြင်းနှင့် အတူ အစိုးရက ပို့ကုန် တွန်းအား ပေးနေသည့် အတွက် ယခု အကဲဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုင်းပို့ကုန် ဈေးကွက်ကို အတော်အတန် ထိခိုက်စေလိမ့်မည်ဟု စိုးရိမ် ပူပန်မှုများ ရှိနေသည့် ကြားမှ ထိုင်း ဆန်စက် လုပ်ငန်းရှင်များ အသင်းက "ပြန်လည် ရှင်သန်လာသည့် မြန်မာ့ဆန် လုပ်ငန်း အနေဖြင့် ၂၀၁၅ နောက်ဆုံးထား၍ တစ်နှစ်လျှင် ဆန်တန်ချိန် ၂.၅ သန်း တင်ပို့နိုင်ရန် တွန်းအား ပေးရမည်'' ဟု ယခုနှစ် အစောပိုင်းတွင် အကြံပြုခဲ့သည်။

ထိုင်းနိုင်ငံသည် ကမ္ဘာ့ အကြီးဆုံး ဆန်တင်ပို့သူ ဖြစ်သည်။

သို့သော်လည်း ထင်ရှားသော မြန်မာ့ စီးပွားရေး အကဲခတ် စောင့်ကြည့်သူ Sean Turnell ပြုစုသော အစီရင်ခံစာတွင် "မြန်မာ့ ဆန်ပို့ကုန် ၈၀ % ကျော်မှာ အရည်အသွေး နိမ့်ကြောင်း၊ ဆင်းရဲသော အာဖရိက နိုင်ငံများတွင်သာ ဖောက်သည် ရနိုင်သော တန်ဖိုးနည်း ဆန်ကျိုးများသာ ဖြစ်ကြောင်း'' တင်ပြထားသည်။

တစ်ချိန်က ရွှေထီး ဆောင်းခဲ့ဘူးသော မြန်မာ့ ဆန်ပို့ကုန် ကဏ္ဍကို ကြီးမားစွာ ဟန့်တား နှောင့်ယှက်နေသော အခက်အခဲ အတားအဆီးများမှာ ၂၀ % ပို့ကုန် အခွန် ကောက်ယူခြင်း၊ ပုဂ္ဂလိက ပို့ကုန် ကဏ္ဍကို ဖွင့်လိုက် ပိတ်လိုက်ဖြင့် တားဆီးခြင်း၊ ကုန်သွယ်ရေး အကျိုးအမြတ် ရရှိခွင့် နည်းပါးခြင်းနှင့် ကြီးမားသော ဆန်ပမာဏ တင်ပို့ရာ၌ သာမန် မဟုတ်သော အခက်အခဲများ ရှိနေသည့် အဆင့်နိမ့်သည်ဟု Sean Turnell က ၎င်း၏ မြန်မာ့ စီးပွားရေး ဆိုင်ရာ အစီရင်ခံစာတွင် ရေးသားထားသည်။

ဒုတိယ ကမ္ဘာစစ် မတိုင်မီ ၁၉၃၀ ခုနှစ်များအတွင်း မြန်မာနိုင်ငံသည် ကမ္ဘာ့ အကြီးဆုံး ဆန်တင်ပို့သူ ဖြစ်ခဲ့ပြီး တစ်နှစ်လျှင် ဆန်တန်ချိန် ၇ သန်းခန့် တင်ပို့နိုင်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

By William Boot, From The Irrawaddy, 10 July 2010

စွမ်းအင်နှင့် ပတ်သက်သော ပဋိပက္ခများ ဖြစ်ပွားနေသော်လည်း ကုလသမဂ္ဂမှ နောက်ဆုံး တရားစီရင်မှု မပြီးမချင်း၊ ဘင်္ဂလား ပင်လယ်အော်ရှိ အငြင်းပွားနေသော ရေပြင်တွင် မည်သည့် ကမ်းလွန်ရေနံ ရှာဖွေမှုမျှ ခွင့်ပြုပေးလိမ့်မည် မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံနှင့် ပင်လယ် နယ်နိမိတ် အချုပ်အချာ အာဏာပိုင်မှု အတွက် အငြင်းပွားလျက်ရှိရာ ပင်လယ် ဧရိယာ (၁၅၀၀၀၀) စတုရန်း ကီလိုမီတာ ပိုင်ဆိုင်ရေး အတွက် အငြင်းပွားလျက် ရှိသည်။

ကုလသမဂ္ဂ ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာ တရားရုံးသည် ယခုနှစ်ကုန်တွင် မြန်မာနိုင်ငံ၏ တင်ပြချက်အား စောင့်ဆိုင်းလျက် ရှိသည်။ သို့သော် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက ယခုအပတ် ပြောကြားရာတွင် ၎င်းတို့၏ အစိုးရသည် အဆိုပါ ကိစ္စအား မြန်မာနိုင်ငံနှင့် တိုက်ရိုက် စကား ပြောရန်ကိုသာ လိုလားလျက် ရှိသည်ဟု ဆိုသည်။

အဆိုပါ အငြင်းပွားနေသော ရေပြင်တွင် အလားအလာ ကောင်းသော ရေနံနှင့် သဘာဝ ဓါတ်ငွေ့ အကွက် (၄၅) ကွက် ပါဝင်ကြောင်း ဝန်ကြီးက ရှင်းလင်း ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အိန္ဒိယနိုင်ငံသည် လာမည့် သြဂုတ်လအတွင်း မြန်မာနိုင်ငံနှင့် ဥပဒေဆိုင်ရာ အပြန်အလှန် အထောက်အပံ့ ပေးရေး သဘောတူညီချက် စာချုပ် (MLAT) တစ်ရပ်ကို လက်မှတ် ရေးထိုးဖွယ် ရှိသည်။

သတင်းရင်းမြစ်များ အဆိုအရ ယင်း သဘောတူညီချက် စာချုပ်သည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း အိန္ဒိယ နယ်စပ်ဒေသရှိ လက်နက်ကိုင် အုပ်စု အချို့ကြောင့် ဖြစ်ပေါ်လျက် ရှိသော ဒုက္ခသည်များ ပြဿနာ အဆုံးသတ်ရန် ဒီဇိုင်းဆင်ထားခြင်း ဖြစ်သည်ဟု သိရသည်။

မြန်မာအစိုးရက စာချုပ်နှင်ပတ်သက်၍ သဘော တူညီလိုက်ပြီးနောက် အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနက သဘော တူညီချက် စာချုပ်ပါ အချက်အလက်များကို အဆုံးသတ် ရေးသား ပြုစုလိုက်ပြီ ဖြစ်သည်။ ယင်းသဘော တူညီချက် စာချုပ်ကို သြဂုတ်လ အစောပိုင်း ကာလထက် နောက်မကျစေဘဲ ချုပ်ဆိုမည် ဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

ယင်းသဘော တူညီချက် စာချုပ်သည် နှစ်နိုင်ငံ တာဝန်ယူ လုပ်ဆောင်ရမည့် အရေးကိစ္စများကို ညီတူမျှတူ ခွဲဝေပေးထားသည်။ ရာဇဝတ်မှုများ စုံစမ်း ဖော်ထုတ်ရေး၊ တရား စီရင်ရေး၊ သက်သေ အထောက်အထားနှင့် မျက်မြင် သက်သေများကို အပြန်အလှန် ရှာဖွေ ဖော်ထုတ်ပေးရေး အစရှိသည် တို့ကို ဆောင်ရွက်ရာ၌ နှစ်နိုင်ငံစလုံး အထောက်အပံ့များ ရရှိမည် ဖြစ်သည်။

ထို့ပြင် စာချုပ်အရေ မျက်မြင် သက်သေများကို နှစ်နိုင်ငံစလုံး (အကျဉ်းထောင်များ အပါအဝင်) တွင် ခေါ်ယူ စစ်ဆေးနိုင်တော့မည် ဖြစ်သည်။ အိန္ဒိယသည် စစ်သွေးကြွ ခေါင်းဆောင်များ ဖမ်းဆီး ရမိလိုသည့် အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုများမှ ထွက်ပေါ်လာသော ကုန်ကျစရိတ်ကို ပြန်လည် တောင်းခံရန် အဆိုပြုထားသည်။

ယင်းသဘော တူညီချက်တွင် ပါရှိသော ဥပဒေဆိုင်ရာ အပိုဒ်ငယ်တွင် ကုန်ကျစရိတ် ဆိုင်ရာ ပြဋ္ဌာန်းချက် ပါဝင်သည်။ အဆိုပါ ပြဋ္ဌာန်းချက်အရ အိန္ဒိယနိုင်ငံ၏ တောင်းဆိုချက်ကြောင့် အထူး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် ထွက်ပေါ်လာမည့် ကုန်ကျစရိတ်များကို မြန်မာနိုင်ငံ အနေဖြင့်လည်း ပြန်လည် တောင်းခံခွင့် ရှိသည်။

ကုန်ကျစရိတ် တောင်းခံမှုသည် ပုံမှန်ဥပဒေဆိုင်ရာ အပြန်အလှန် အထောက်အပံ့ ပေးရေး သဘောတူညီချက် စာချုပ်များတွင် ပါဝင်သော အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည်ဟု သတင်း ရင်းမြစ်များက ဆိုသည်။ သို့သော် ယခု သဘောတူညီချက် စာချုပ်တွင် လက်နက်ကိုင် ပုန်ကန်မှုများနှင့် ဆက်နွယ်သော အမှုကိစ္စများကို မြန်မာနိုင်ငံ အနေဖြင့် အထူး စုံစမ်း စစ်ဆေးမှုများ တာဝန်ယူ လုပ်ဆောင်လာနိုင်အောင် ဦးစားပေး ပြဋ္ဌာန်းထားသည်ဟု အိန္ဒိယ အစိုးရ အရာရှိကြီး တစ်ဦးက ရှင်းပြသည်။

ယခု မြန်မာနိုင်ငံနှင့် သဘောတူညီမှု ထွက်ပေါ်လာခြင်းသည် ဘင်္ဂလားဒေ့ရှ်နှင့် အလားတူ သဘောတူ စာချုပ် ချုပ်ဆိုပြီးနောက် ရှေ့ဆင့်နောက်ဆင့် ဆိုသလိုပင် ဖြစ်သည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် MLAT သဘောတူညီချက် စာချုပ် တစ်ရပ်ကို မကြာသေးခင်ကမှ လက်မှတ် ရေးထိုးခဲ့သည်။ ရာဇဝတ်မှု ပြဿနာ၊ နိုင်ငံတကာ အကြမ်းဖက် နှိမ်နင်းရေး ပြဿနာ၊ တရားမဝင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု ပြဿနာ အစရှိသည်တို့ကို ဆောင်ရွက်ရာတွင် အပြန်အလှန် အကူအညီ ပေးရန် သဘော တူညီထားသည်။

အိန္ဒိယနိုင်ငံသို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ ခရီးစဉ်အတွင်း ယင်းသဘော တူညီချက် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။ ယင်းသဘော တူညီချက်ကြောင့် ULFA နှင့် NDFB လက်နက်ကိုင် အဖွဲ့များ၏ ထိပ်တန်း ခေါင်းဆောင်များကို ဖမ်းဆီးရာ၌ ဒါကာ အစိုးရက များစွာ အကူအညီ အထောက်အပံ့များ ပေးနိုင်ခဲ့သည်။

သတင်း ရင်းမြစ်များအရ အိန္ဒိယသည် မြန်မာနိုင်ငံနှင့် ချုပ်ဆိုမည့် သဘောတူညီချက် စာချုပ်ကို ထိပ်တန်း ဦးစားပေးအဖြစ် ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။ အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံသည် ၁၆၅၀ ကီလိုမီတာ ရှည်လျားသော နယ်စပ်ဒေသဖြင့် ထိစပ်လျက် ရှိသည်။

Assam Tribune သတင်းစာမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ်နိုင်ငံ၏ ကုန်သွယ်ရေး ပိုလျှံမှုနှင့် ကုန်ပစ္စည်း တင်ပို့မှုများ မြင့်တက် လာသည်ကို တွေ့မြင်ရကြောင်း ဘေဂျင်းအစိုးရ၏ ထုတ်ပြန် ကြေညာချက်အရ သိရသည်။ ယခုနှစ် ဇွန်လအတွင်း တရုတ်နိုင်ငံ၏ ကုန်ပစ္စည်း တင်ပို့မှုသည် ယခင်နှစ်ကကဲ့သို့ ၄၃ ဒဿမ ၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ကုန်သွယ်ရေး ပိုလျှံမှု တန်ဖိုးမှာ  ဒေါ်လာ ၂၀ ဘီလီယံ အထိ ရှိခဲ့ကြောင်း သိရသည်။ ယင်းပိုလျှံမှုသည် ယခုနှစ်အတွက် အများဆုံး ဖြစ်သည်။

ဥရောပ ကြွေးမြီ အကျပ်အတည်း၏ ဂယက် ရိုက်ခတ်မှုမှာ ထင်ထားသလောက် စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိခဲ့ခြင်း မရှိကြောင်း စီးပွားရေး ကျွမ်းကျင်သူများက သုံးသပ်သည်။ ယခု တရုတ် အစိုးရက ထုတ်ပြန်လိုက်သော ရလဒ်များသည် ဘဏ္ဍာရေး ဌာနက နိုင်ငံသုံး ယွမ်ငွေအား နိုင်ငံတကာ ပေါက်ဈေးအတိုင်း နိုင်ငံခြားငွေဖြင့် လဲလှယ်ခွင့် ပြုမည်ဟု ကြေညာပြီး နောက်ပိုင်း ပထမဆုံး ထွက်ပေါ်လာခြင်း ဖြစ်သည်။

အနောက် နိုင်ငံရေး သမားများက ယွမ်ငွေကြေး လဲလှယ်မှု တန်ဖိုး လျှော့ချထားခြင်းသည် တရုတ်ပြည်အတွက် မျှတမှု မရှိသော ကုန်သွယ်ရေး အကျိုးအမြတ်များကို ဖြစ်ပေါ်စေသည်ဟု ဝေဖန် ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် တရုတ် အစိုးရက ယင်းသို့ ပြုပြင် ပြောင်းလဲပေးခဲ့သည်။

ယခုကဲ့သို့ တရုတ်ပြည် ကုန်သွယ်ရေး ပိုလျှံမှုနှင့် ကုန်ပစ္စည်း တင်ပို့မှုများ မြင့်တက်လာခြင်းတို့သည် ဈေးကွက် မျှော်မှန်းချက်များကို ထိခိုက် စေသည်ဟုလည်း ဆိုသည်။ ကုန်ပစ္စည်း တင်ပို့မှုမှာ ၂၀၀၉ ခုနှစ်၊ ဇွန်လအတွင်းက ၄၃ ဒဿမ ၉ ရာခိုင်နှုန်း ရှိခဲ့သည်။ ယခုနှစ် ဇွန်လ ကုန်ပစ္စည်း တင်ပို့မှု တန်ဖိုးမှာ ဒေါ်လာ ၁၃၇ ဒဿမ ၄ ဘီလီယံ ဖြစ်သည်။ ကုန်ပစ္စည်း တင်သွင်းမှုမှာ မျှော်မှန်း ထားသလောက်ပင် ၃၄ ဒဿမ ၁ ရာခိုင်နှုန်း ဝန်းကျင် ရှိခဲ့သည်။

ရှန်ဟိုင်း အခြေစိုက် Bank of Communications မှ စီးပွားရေး ပညာရှင် Liu Nenghua က "ဥရောပ ကြွေးမြီ အကျပ်အတည်း ကိစ္စက ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေက ဈေးကွက်ကို ထိခိုက်လိမ့်မယ်လို့ စိုးရိမ်ခဲ့ကြပေမယ့်လည်း ထင်သလို မဟုတ်ခဲ့တဲ့အတွက် ကုန်ပစ္စည်း တင်ပို့မှုဟာ မျှော်မှန်း ထားတာထက်ကို ကောင်းမွန်ခဲ့တာ ဖြစ်ပါတယ်"  ဟု ရိုက်တာ သတင်းဌာနသို့ ပြောဆိုသည်။

သို့သော် တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှု နှေးကွေးမည် ဟူသော ခန့်မှန်းချက်များ ရှိကြောင်း၊ စီးပွားရေး ကျွမ်းကျင်သူများက ယင်းသို့ တိုးတက်မှုနှုန်း နှေးကွေးမည့် ကိစ္စ ဖြစ်ပေါ်လာမည်ဟု ယုံကြည်လျက်ပင် ရှိကြောင်း သိရသည်။

ယခုကဲ့သို့ ကုန်သွယ်ရေးနှင့် ပတ်သက်သော ကိန်းဂဏန်းကောင်းများ ထွက်ပေါ်လာသည့် အတွက် တရုတ် အစိုးရအနေဖြင့် ယွမ်ငွေအပေါ် ထိန်းချုပ်ထားမှုများ ပိုမို ဖြေလျှော့ပေးရန် တိုက်တွန်းချက်များ ထပ်မံ ထွက်ပေါ်လာဖွယ် ရှိသည်။

တရုတ်အစိုးရက ငွေကြေး လဲလှယ်မှုနှုန်းထားနှင့် ပတ်သက်၍ ဇွန်လအတွင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ယွမ်ငွေ တန်ဖိုးမှာ ၀ ဒဿမ ၇၈ ရာခိုင်းနှုန်းအထိ မြင့်တက်ခဲ့သည်။ ယွမ်တန်ဖိုး ခိုင်မာမှုက တရုတ် ကုန်ပစ္စည်း တင်ပို့မှုကို လျော့ကျလာစေပြီး ပြည်တွင်း စားသုံးသူများ အနေဖြင့် ဈေးနှုန်းချိုသာသော သွင်းကုန်များ သုံးစွဲမှုကို မြင့်တက်စေသည်။

"ကုန်သွယ်ရေး ပိုလျှံမှု ပြန်ဖြစ်လာတဲ့ ကိစ္စကြောင့် တရုတ် ယွမ်ငွေအပေါ် တန်ဖိုးထားမှုနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေ ပိုမို များပြားလာမှာ သေချာပါတယ်။ ဒါပေမဲ့ တရုတ် ကုန်ပစ္စည်း တင်ပို့မှုဟာ စာရင်းဇယားတွေအရ လွန်ခဲ့တဲ့ နှစ်လလို တည်တည်ငြိမ်ငြိမ် မရှိသေးပါဘူး" ဟု ဘေဂျင်း အခြေစိုက် စီးပွားရေး သုတေသန အဖွဲ့အစည်း တစ်ခုမှ ပညာရှင် Tom Orlik က AP သတင်းဌာနသို့ ပြောကြားသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပုဂ္ဂလိက နည်းပညာ ကုမ္ပဏီများက အင်တာနက် ဆင်ဆာ ဖြတ်တောက်မှုများ ပြုလုပ်နိုင်သော အဆင့်မြင့် နည်းပညာ ပစ္စည်များ တင်ပို့ ရောင်းချနေမှုများကို ဟန့်တားနိုင်ရေး အတွက် နိုင်ငံတကာ လမ်းညွှန်ချက် တစ်ရပ် သတ်မှတ် ပြဋ္ဌာန်းရန် ပြင်သစ်နှင့် နယ်သာလန် နိုင်ငံတို့က တိုက်တွန်းလိုက်သည်။

နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီး Maxime Verhagen က အင်တာနက်ကို ကမ္ဘာလုံး ဆိုင်ရာ ဖိုရမ် တစ်ခုအဖြစ် ဆက်လက် တည်ရှိ နေစေရေးအတွက် ခိုင်မာသော ဆောင်ရွက်ချက်များ မဖြစ်မနေ ရှိထားရမည် ဖြစ်ကြောင်း ပြောကြားပြီး အီရန်သည် အစိုးရ ဆန့်ကျင်ရေး ဝက်ဘ်ဆိုက်များကို ပိတ်ပင်ထားသည့် နိုင်ငံတစ်ခု အဖြစ် သတ်မှတ် ဖော်ပြသည်။

"နိုင်ငံရေးအရ အစိုးရ ဆန့်ကျင်ရေး သမားတွေကို ကျွန်တော်တို့ ထောက်ပံ့ပေးတဲ့ အတိုင်း နည်းပညာအရ အစိုးရ ဆန့်ကျင်တဲ့ Cyber ကျွမ်းကျင်သူတွေကိုလည်း ကျွန်တော်တို့ တတွေ ထောက်ပံ့ပေးရပါမယ်" ဟု ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Bernard Kouchner က အမေရိကန် ပြည်ထောင်စုနှင့် ဂျပန် အပါအဝင် နိုင်ငံပေါင်း ၂၀ တက်ရောက်သော ဆွေးနွေးပွဲတွင် ပြောကြားလိုက်သည်။

ပြင်သစ်နှင့် နယ်သာလန် နှစ်နိုင်ငံသည် ဒီမိုကရေစီ ထွန်းကားမှုကို အဟန့်အတား ဖြစ်အောင် ပြုလုပ်နိုင်မည့် အင်တာနက် နည်းပညာများ ရောင်းချနေသည့် ကုမ္ပဏီများအတွက် လမ်းညွှန်ချက်များ ထုတ်ဖော်နိုင်ရန် ဆွေးနွေးပွဲ တစ်ရပ်ကို လာမည့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပြင်သစ်၌ ကျင်းပရန် စီစဉ်လျက် ရှိသည်။

ယခု ပြုလုပ်ခဲ့သော ဆွေးနွေးပွဲသို့ နာမည်ကျော် Google ကော်ပိုရေးရှင်း နှင့် Microsoft ကော်ပိုရေးရှင်းတို့မှ အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြသည်။ ယင်း ဆွေးနွေးပွဲသည် အင်တာနက် ပေါ်တွင် လွတ်လပ်စွာ ရေးသား ပြောဆိုခွင့် ရရှိနိုင်ရေးအတွက် ပထမဆုံး ကျင်းပ ပြုလုပ်သည့် ဆွေးနွေးပွဲ ဖြစ်သည်။

အင်တာနက် ဆင်ဆာ တည်းဖြတ်မှုနှင့် ပတ်သက်လာပါက အများအားဖြင့် အီရန်နှင့် တရုတ်နိုင်ငံတို့ကို အာရုံစိုက် ပြောဆို ဆွေးနွေးကြသည်က များသည်။ ဂျာမနီ နည်းပညာ ကုမ္ပဏီကြီး ဖြစ်သော Siemens နှင့် ဖင်လန် တယ်လီကွန်း ကုမ္ပဏီ ဖြစ်သော နိုကီယာ (Nokia) တို့သည် အီရန် နိုင်ငံ အစိုးရ အနေဖြင့် အစိုးရ အတိုက်အခံများကို ဖိနှိပ်မှုများ ပြုလုပ်နိုင်ရေးအတွက် နည်းပညာ အကူအညီများ ပံ့ပိုးပေးလျက် ရှိကြောင်း ငြိမ်းချမ်းရေး နိုဘယ် ဆုရှင် Shirin Ebadi စွပ်စွဲ ပြောဆိုသည်။ သို့သော် အဆိုပါ Siemens နှင့် Nokia တို့က စွပ်စွဲ ပြောဆိုချက်များ မဟုတ် မမှန်ကြောင်း ငြင်းပယ်ခဲ့သည်။

အင်တာနက် ဝက်ဘ်ဆိုက်များနှင့် လူမှုရေး ကွန်ယက် ဝက်ဘ်ဆိုက်များကို ပိတ်ပင်ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှု တစ်ရပ်ပင် ဖြစ်ကြောင်း နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီး Maxime Verhagen က သတိပေး ပြောကြားသည်။

ပြင်သစ် ဆက်သွယ်ရေး ပစ္စည်းနှင့် တယ်လီဖုန်းများ ရောင်းချသည့် ကုမ္ပဏီ Alcatel သည် မြန်မာနိုင်ငံသို့ နည်းပညာ ပစ္စည်းများ ရောင်းချလျက် ရှိကြောင်း နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) မှ Jean-Francois Julliard က စွပ်စွဲ ပြောဆိုသည်။

ထို့ပြင် Cisco ကုမ္ပဏီကြီး သည်လည်း တရုတ်ပြည်သို့ Encoder များ၊ ဆော့ဖ်ဝဲများ ရောင်းချလျက် ရှိသည်ဟု ၎င်းက ဆိုသည်။

"ဒါတင် မကပါဘူး။ သတင်း အချက်အလက်နဲ့ အင်တာနက် လွတ်လပ်ခွင့် မရှိတဲ့ မော်ရိုကိုနဲ့ တူနီရှား နိုင်ငံတို့မှာ အစု ရှယ်ယာ ဝင်ထားတဲ့  France Telecom ကုမ္ပဏီရဲ့ တာဝန်ယူမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မေးစရာတွေ ရှိလာပါတယ်" ဟု Julliard က ဆိုသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ်နိုင်ငံတွင် ထုတ်လုပ်သော နိုထွက်ပစ္စည်း ကုန်ကြမ်းများတွင် အဆိပ်အတောက် ဖြစ်စေသည့် မယ်လမင်း ဓာတုပစ္စည်း တစ်မျိုး ရောစပ် ပါဝင်နေသည်ကို တရုတ် အစားအစာနှင့် ဆေးဝါး လုံခြုံရေး အရာရှိများက စစ်ဆေး တွေ့ရှိခဲ့သည်။

တရုတ်နိုင်ငံပိုင် Xinhua သတင်းဌာန အဆိုအရ တရုတ် အစားအစာ အရည်အသွေး စစ်ဆေးရေး အဖွဲ့က Qinghai ပြည်နယ်ရှိ နို့ထွက်ပစ္စည်း စက်ရုံမှ ကုန်ကြမ်း ပစ္စည်းများကို ယူဆောင် စစ်ဆေးခဲ့ကြောင်း၊ နို့မှုန့် နမူနာများကို အကြိမ် ၅၀၀ အထိ စစ်ဆေးကြည့်ရာ ဓာတုပစ္စည်းများ ပါဝင်မှု မြင့်မားနေသည်ကို တွေ့ရကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က မယ်လမင်း ပါသော နို့မှုန့်များ အသုံးပြုမှုကြောင့် ကလေးငယ် ခြောက်ဦး သေဆုံးပြီး သုံးသိန်း(၃၀၀၀၀၀) ခန့် နာမကျန်း ဖြစ်ခဲ့ရသည်။ ယခု မယ်လမင်း ဓာတုပစ္စည်း ပါဝင်သော နို့ထွက် ကုန်ကြမ်းပစ္စည်းများ ရှာဖွေ တွေ့ရှိခဲ့သော ပြည်နယ်သည် ယခင် ပထမဆုံးအကြိမ် ဖမ်းဆီး ရမိခဲ့သည့် ဂန်ဆုပြည်နယ်နှင့် ကပ်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် အရည်အသွေး ပြည့်ဝမှု မရှိသော ထုတ်လုပ်ပြီး နို့မှုန့် ၁၂ တန်ကိုလည်း ဖမ်းဆီး ရမိခဲ့ပြီး နို့ထွက်ပစ္စည်း စက်ရုံ ပိုင်ရှင်နှင့် မန်နေဂျာကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ တရုတ်ရဲများ၏ အဆိုအရ ၂၀၀၈ ခုနှစ် နို့မှုန့် ပြဿနာ ဖြစ်ပေါ်စေခဲ့သည့် ဟီဘေး ပြည်နယ်မှ ဝယ်ယူသည့် အရည်အသွေး မပြည့်မီသော နို့ထွက် ကုန်ကြမ်းပစ္စည်း ၃၈ တန်ကိုလည်း ဖမ်းမိလိုက်သည်။

သဘောတရားမှာ တရုတ် ကုန်သည်များသည် ၂၀၀၈ ခုနှစ်အတွင်း ဖျက်ဆီး ပစ်ခဲ့ရမည့် နို့မှုန့်နှင့် နို့ထွက် ကုန်ကြမ်းပစ္စည်းများအား ကုန်သည်များက ပြန်လည် ရောင်းချရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဂန်ဆုပြည်နယ် အစားအစာ အရည်အသွေး စစ်ဆေးရေး ဗျူရို၏ အကြီးအကဲ Wang Zhongxi က ပြောကြားသည်။

မယ်လမင်းဟူသည် ပလတ်စတစ်၊ ဓာတ်မြေသြဇာနှင့် ဘိလပ်မြေတို့ ပြုလုပ်ရာတွင် အသုံးပြုရသည့် ဓာတုပစ္စည်း တစ်မျိုး ဖြစ်သည်။

၂၀၀၈ ခုနှစ်က တရုတ် နို့ထွက်ပစ္စည်း ထုတ်လုပ် ရောင်းချရေး ကုမ္ပဏီ ၂၂ ခုမှ ထွက်ကုန်များတွင် မယ်လမင်းများ ပါဝင်နေသည်ကို တွေ့ရှိခဲ့ကြသည်။ ၂၀၀၈ ခုနှစ် မယ်လမင်း နို့မှုန့် ဖြစ်ရပ်ကြောင့် စားသုံးသူများနှင့် ကလေးမိဘများ အကြား မကျေနပ်မှုများ ဖြစ်ပွားခဲ့ပြီး နိုင်ငံတကာ ဈေးကွက်တွင်လည်း တရုတ်နိုင်ငံ၏ အစားအစာ လုံခြုံမှုနှင့် ပတ်သက်၍ များစွာ နာမည် ပျက်ခဲ့ရသည်။

ယင်း ဖြစ်ရပ်အတွက် တာဝန်ရှိသူ လူပေါင်း ၂၀ အား ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့ အနက်မှ အဓိက တာဝန်ရှိသူ ၂ ဦးအား တရုတ် အစိုးရက ကွပ်မျက်ခဲ့သည်။

Reuters သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

UPI, 9th July 2010

ရေနံတွင်းတူး ကန်ထရိုက်တာ Transocean ၏ မြန်မာနိုင်ငံမှ လုပ်ငန်းများကို ဥပဒေ၊ စည်းကမ်းနှင့် အညီ ဆက်လက် လုပ်ကိုင်နေသည်ဟု ကုမ္ပဏီက ကြေညာချက်တွင် ဖော်ပြလိုက်သည်။

မြန်မာနိုင်ငံတွင် မလျော်ကန်သော အပြုအမူများ ပြုလုပ်နေသည်ဟု Transocean ကို လူအခွင့်အရေး အဖွဲ့များက စွပ်စွဲလျက် ရှိသည်။ မြန်မာ အစိုးရ အတွက် ငွေကြး ခဝါချ ပေးနေသည့် ရေနံဓာတ်ငွေ့တွင်း စီမံကိန်းများတွင် အဆိုပါ ကုမ္ပဏီ ဆက်နွယ်နေသည်ဟု New York Times သတင်းတွင် ပါရှိသည်။

သတင်းစာ အပေါ် မှတ်ချက်ပေးရန် Transocean က ငြင်းဆိုလိုက်သော်လည်း မြန်မာနိုင်ငံတွင် ဥပဒေ စည်းကမ်းနှင့်အညီ လုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု ကြေညာချက်မှ တဆင့် ပြောကြားခဲ့သည်။

ကုမ္ပဏီက အမေရိကန် ထိန်းချုပ်သူများအား ၂၀၀၉ ခုနှစ်တွင် အီရန် စွမ်းအင်ကဏ္ဍ၌ ပါဝင် ပတ်သက်ခဲ့သေးကြောင်း ပြောကြားခဲ့သည်။ အီရန် စွမ်းအင် ကဏ္ဍတွင် စီးပွားရေး လုပ်ကိုင်နေသည့် ကုမ္ပဏီများကို နာမည်ပျက် စာရင်းသွင်းမည့် စီမံချက်ကို အမေရိကန် သမ္မတ အိုဘားမားက ယခင် အပတ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ပြင်သစ် စွမ်းအင် ဘီလူးကြီး Total နှင့် ၎င်း၏ မိတ်ဖက် အမေရိကန် စွမ်းအင် လူသန်ကြီး Chevron တို့သည်လည်း မြန်မာနိုင်ငံတွင် အဓမ္မ အခိုင်းခံ လုပ်သားများ အသုံးပြုနေကြောင်း၊ မြန်မာ စစ်ဖက် အစိုးရကို ကဏ္ဍငွေ ရှာပေးနေကြောင်း စသည့် ၎င်းတို့အပေါ် စွပ်စွဲချက်များကို ခုခံ ကာကွယ်နေရသည်။

တနင်္လာနေ့က ထုတ်ပြန်သော Earth Rights International အစီရင်ခံစာတွင် Total နှင့် Chevron သည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ညှဉ်းပန်းမှုများ ပြုလုပ်နေသည်ဟု အပြစ်တင်ထားသည်။ ၎င်းကုမ္ပဏီများသည် လူသတ်မှုများနှင့် ဆက်နွယ်နေသည့် စစ်သားများကို အသုံးပြုနေကြောင်း၊ ပိုက်လိုင်း လည်ပတ်မှု ချောမွေ့စေရန် အဓမ္မ အခိုင်းခံ လုပ်သားများကို အသုံးပြုနေကြောင်း လူ့အခွင့်အရေး အုပ်စုက စွပ်စွဲထားသည်။ ၎င်းစွပ်စွဲချက်များကို Total က ငြင်းဆိုထားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.