Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန် စစ်ဘက် အရာရှိများ ဦးဆောင်သော ကုလသမဂ္ဂ ညွှန်ကြားမှုရုံး (UNC) နှင့် မြောက်ကိုရီးယား စစ်ဘက် အရာရှိကြီးများ တွေ့ဆုံ ဆွေးနွေးပွဲမှာ ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြီးဆုံးသွားကြောင်း တောင်ကိုရီးယား အခြေစိုက် Yonhap သတင်းဌာနက ဆိုသည်။ အဆိုပါဆွေးနွေးပွဲသည် မတ်လ ၂၆ ရက်နေ့ ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယားအပေါ် အပြစ် ပြောဆိုမှုများ ထွက်ပေါ်လာပြီးနောက် ပထမဆုံး ဖြစ်သည်။

တစ်နာရီခွဲ ကြာမျှ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲ ရလဒ်များကို မကြာမီ ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း UNC မှ ပြောခွင့်ရ ပုဂ္ဂိုလ်၏ ပြောကြားချက်ကို ကိုးကားပြီး Yonhap သတင်းဌာနက ဆိုသည်။ ယခု တွေ့ဆုံ ဆွေးနွေးမှုသည် ပြီးခဲ့သည့် မတ်လ ၂၆ ရက် ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားပြီး နောက်ပိုင်း ပထမဆုံး ဖြစ်ကြောင်း၊ အနာဂတ် ကာလတွင် အဆင့်မြင့် စစ်ဘက် အရာရှိကြီးများ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်လာနိုင်ရန် ရည်ရွယ်၍ ယခု ဆွေးနွေးပွဲကို ပြုလုပ်ခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

မူလက ဇူလိုင်လ ၁၂ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးမည်ဟု သဘော တူထားမှုကို ပြုံးယမ်း အစိုးရက ရွှေ့ဆိုင်းလိုက်ပြီးနောက် ဇူလိုင် ၁၅ ရက်တွင် ပြုလုပ်ရန် ပြန်လည် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားပြီးနောက် တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးမှာ လွန်စွာ တင်းမာလာခဲ့သည်။ သင်္ဘော နစ်မြုပ်မှုတွင် လူပေါင်း ၄၆ ဦး သေဆုံးခဲ့ရသည်။ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့ အဆိုအရ အဆိုပါ တောင်ကိုရီးယား စစ်သင်္ဘောသည် မြောက်ကိုရီးယား တော်ပီတို၏ တိုက်ခိုက်မှု ခံရသောကြောင့် နစ်မြုပ် ပျက်စီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော် အဆိုပါ စွပ်စွဲချက်များသည် မှန်ကန်မှု မရှိကြောင်း၊ ချိုနန် ကိစ္စတွင် မိမိတို့၌ တာဝန် မရှိကြောင်း ပြုံးယမ်းအစိုးရက ငြင်းပယ် ပြောဆိုထားပြီး မြောက်ကိုရီးယား စုံစမ်းစစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးမှုများ ပြုလုပ်ခွင့် ပေးရန် အဆိုပြုထားသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ (UNSC) သည် ဇူလိုင်လ ၁၀ ရက် နေ့တွင် ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု အပေါ် ပြစ်တင် ရှုတ်ချသည့် ကြေညာချက် တစ်စောင်ကို ထုတ်ပြန်လိုက်သည်။ သို့သော် မြောက်ကိုရီးယား နိုင်ငံကို ပြစ်တင် ဝေဖန်မှုများ ပြုလုပ်ထားခြင်း မရှိသည်ကို တွေ့ရသည်။

KUNA သတင်းဌာနမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လက်ထောက်အဖြစ် တာဝန် ယူဖူးခဲ့သူ ဦးဝင်းထိန်သည် ၁၄ နှစ်တာမျှ စစ်အစိုးရ၏ ဖမ်းဆီး အကျဉ်းချခြင်း ခံရပြီးနောက် ဇူလိုင်လ ၁၅ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကသာ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ တစ်ခုက ဆိုသည်။

"ဒီနေ့ မနက်ပဲ ဦးဝင်းထိန် အကျဉ်းထောင်ကနေ လွတ်မြောက်လာတာပါ" ဟု မြန်မာ နိုင်ငံရေး အကျဉ်းသားများ အကူအညီ အထောက်အပံ့ ပေးရေး အဖွဲ့ (AAPP) မှ တွဲဖက် အတွင်းရေးမှူး ဦးဝင်းထိန်က ပြောသည်။ သူ၏မိသားစုဝင်များအဆိုအရ ဦးဝင်းထိန်သည် ရန်ကုန်မြို့သို့ မရောက်ရှိသေးကြောင်း သိရသည်။ ယခုအခါ အသက် ၆၉ နှစ် အရွယ် ရှိပြီ ဖြစ်သော ဦးဝင်းထိန်သည် ၁၉၈၈ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) စတင် ထူထောင်ချိန်တွင် ပါတီသို့ ဝင်ရောက်ခဲ့သည်။

ဦးဝင်းထိန်သည် ၁၉၇၀ ပြည့်နှစ်များတွင် မြန်မာ့ တပ်မတော်၌ ဗိုလ်ကြီးအဆင့်ဖြင့် တာဝန် ထမ်းဆောင်စဉ် ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ထိုစဉ်က ဦးဝင်းထိန်သည် နိုင်ငံတော် လုပ်ကြံမှုဖြင့် ကြိုးပေးခံရသူ ဗိုလ်ကြီး အုန်းကျော်မြင့်နှင့် ပတ်သက်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် ရာထူးမှ ထုတ်ဖယ်ခံရခြင်း ဖြစ်သည်။ ဦးဝင်းထိန်သည် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ ကာလ နောက်ပိုင်း အနည်းဆုံး သုံးကြိမ်ခန့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၈၉ ခုနှစ်မှ ၁၉၉၅ ခုနှစ် မတိုင်မီ ကာလအတွင်း ရန်ကုန် အင်းစိန် အကျဉ်းထောင်တွင် ဖမ်းဆီးခံရပြီး ၁၉၉၆ ခုနှစ်တွင် နိုင်ငံခြား သတင်းဌာနများသို့ သတင်းအမှားများ ဖြန့်ဝေမှုဖြင့် ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။

၂၀၀၈ ခုနှစ်တွင် ၎င်းအား ကသာ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသော်လည်း ချက်ခြင်း ဆိုသလိုပင် ပြန်လည် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။

Irrawaddy သတင်းဌာနမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ဇူလိုင် လကုန်ပိုင်းတွင် ပြည်ထောင်စု မြန်မာနိုင်ငံသို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ပတ်အူချွန်း လာရောက် လည်ပတ်ရန် ရှိကြောင်း စုံစမ်း သိရှိရသည်။ ၎င်းသည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပမည့် ဒေသတွင်း လုံခြုံရေး ဖိုရမ်သို့ တက်ရောက်ပြီးနောက် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

Kyodo သတင်းဌာန အဆိုအရ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ပတ်အူချွန်း၏ မြန်မာ ခရီးစဉ်နှင့် ပတ်သက်၍ သတင်း အချက်အလက် အနည်းငယ်သာ သိရှိ ရသေးသည်ဟု ဆိုသည်။ ပြီးခဲ့သည့် ဇွန်လအတွင်း DVB သတင်းဌာနက မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ အကြား စစ်ဘက်ဆိုင်ရာ ကုန်သွယ်မှု ရှိပြီး မြန်မာသည် မြောက်ကိုရီးယား အကူအညီဖြင့် နျူကလီယာ လက်နက် ထုတ်လုပ် တပ်ဆင်ရန် ကြိုးပမ်းလျက် ရှိသည်ဟု ထုတ်ဖော်ခဲ့သည့် နောက်ပိုင်း မစ္စတာ ပတ်အူချွန်း၏ ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာစစ်အစိုးရက နျူကလီယာ စွပ်စွဲချက်များ အားလုံးကို မဟုတ်မမှန်ကြောင်း ငြင်းပယ်ခဲ့ပြီး မြောက်ကိုရီးယားနှင့် နွေးထွေးမှု ရှိသော ဆက်ဆံရေး တစ်ရပ် ရရှိအောင် လုပ်ကိုင်ထားသည်။ ပြီးခဲ့သည့် ၂၀၀၁ ခုနှစ်အတွင်း မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ပတ်ကီယွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ပြီးချိန် နောက်ပိုင်း မြန်မာနိုင်ငံတွင် မြောက်ကိုရီးယား ပညာရှင်များ ဝင်ရောက် လုပ်ကိုင်လျက် ရှိသည်ကို တွေ့ရသည်။ မြောက်ကိုရီးယားမှ အဓိက စစ်လက်နက်များ မြန်မာနိုင်ငံသို့ ရောင်းချခဲ့သည့် လျှို့ဝှက် မှတ်တမ်းများနှင့် သက်သေများကို DVB က ထုတ်ဖော်ခဲ့သည်။

ရန်ကုန်မြို့ အနီးရှိ သီလဝါ ဆိပ်ကမ်းသို့ သံသယဖြစ်ဖွယ် မြောက်ကိုရီးယား ကုန်တင်သင်္ဘော များစွာ ဆိုက်ကပ်ခဲ့သည်။ အဆိုပါ မြောက်ကိုရီးယား သင်္ဘောများ အနက် ပြီးခဲ့သည့် ဧပြီလက ဆိုက်ကပ်ခဲ့သော သင်္ဘောသည် မြောက်ကိုရီးယားလုပ် ဒုံးကျည်များ၊ ရေဒါစနစ်များကို တင်ဆောင်လာခဲ့ကြောင်း၊ ယင်း လက်နက် ပစ္စည်းများကို မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရှိ စစ်အခြေစိုက် စခန်းများ ရှိရာသို့ တင်ပို့လျက် ရှိသည်ကို တွေ့ရကြောင်း DVB သတင်းဌာနက သတင်းပေး ဖော်ပြခဲ့ဖူးသည်။ မြန်မာအစိုးရကမူ အဆိုပါ သင်္ဘောသည် အလှည့်ကျ တင်ပို့နေသော ဆန်များကို တင်ဆောင်လာခြင်း ဖြစ်သည်ဟု ငြင်းပယ်ခဲ့သည်။

အမေရိကန် ပြည်ထောင်စုနှင့် အီးယူတို့သည် ၂၀၀၆ ခုနှစ်အတွင်း မြောက်ကိုရီးယား နိုင်ငံက နျူကလီယာ စမ်းသပ်မှုများ ပြုလုပ်ခဲ့သောကြောင့် ပြုံးယမ်း အစိုးရအား နိုင်ငံတကာတွင် အထီးကျန် ဖြစ်အောင် ကြိုးစား လုပ်ကိုင်လျက် ရှိသည်။  ၂၀၀၉ ခုနှစ်၊ မေလတွင် နောက်ထပ် နျူကလီယာဗုံး စမ်းသပ်မှု ပြုလုပ်ခဲ့ပြန်ရာ ကုလသမဂ္ဂကလည်း ပိုမို တင်းကြပ်သော ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့သည်။ သုံးသပ် လေ့လာသူများက မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံကို "ခက်ထန် ကြမ်းတမ်းသော နိုင်ငံများ" အဖြစ် သတ်မှတ် ခေါ်ဆိုပြီး အဆိုပါ နှစ်နိုင်ငံ မဟာမိတ် ဖွဲ့မှုကြောင့် မတည်မငြိမ်မှုများ ဖြစ်လာရန် အလားအလာ ရှိသည်ဟု ခန့်မှန်းကြသည်။

မြောက်ကိုရီးယားသည် အာဆီယံ ဒေသတွင်း ဖိုရမ်သို့ အဆင့်မြင့် အရာရှိကြီးများ စေလွှတ်မှု မပြုလုပ်သည်မှာ ၂ နှစ်ခန့် ရှိခဲ့ပြီ ဖြစ်သည်။ ၂၀၀၉ ခုနှစ် ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သော ဒေသတွင်း ဖိုရမ်သို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်နိမ့် အရာရှိ တစ်ဦးကိုသာ စေလွှတ်ခဲ့သည်။ (မှတ်ချက်။ ထိုဒေသတွင်း ဖိုရမ် ကျင်းပချိန်သည် မြောက်ကိုရီးယား နျူကလီယာ စမ်းသပ်မှုများ ပြုလုပ်နေချိန်နှင့် တိုက်ဆိုင်နေသည်။)

အဆိုပါ ဖိုရမ်သည် အာဆီယံ ဒေသတွင်း လုံခြုံရေးနှင့် ပတ်သက်သော အရေးကိစ္စများ ဆွေးနွေးရန် စီစဉ်ထားခြင်းဖြစ်ပြီး အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံ အပြင် တရုတ်၊ မြောက်ကိုရီးယားနှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်တို့ အပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံ တက်ရောက်မည် ဖြစ်သည်။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နိုင်ငံ အစိုးရများအတွက် အရင်းအမြစ်များ တည်ဆောက်ပေးရေး ဟူသည်မှာ ကုလ သမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) ၏ လုပ်ငန်းစဉ်များ အနက် တစ်ခု အပါအဝင် ဖြစ်သည်။ အစိုးရဟု ဆိုရာတွင် အာဏာရှင် အစိုးရနှင့် စစ်အစိုးရများ သည်ပင် အကျုံးဝင်သည်။ UNDP ၏ အဆိုပါ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဇူလိုင်လ ၁၂ ရက်နေ့တွင် Inner City Press က UNDP Administrator ဖြစ်သူ Helen Clark ကို မေးခွန်းအချို့ မေးမြန်းဖြစ်သည်။

"ကုလသမဂ္ဂ၏ ထောင်စုနှစ် ဖွံ့ဖြိုးရေး ပန်းတိုင်များ (MDGs) ကို ယခု အချိန်တွင် လုပ်ဆောင်ရန် လွယ်ကူမှု မရှိ၊ အကြောင်းမှာ မြန်မာနိုင်ငံရှိ နိုင်ငံရေး အကြောင်းအချက် (Political Factors) များက UNDP ၏ လုပ်ဆောင်နိုင်သော ကိစ္စများကို ကန့်သတ် ပိတ်ပင်ထားသကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်သည်" ဟူသော အဆိုကို ရှင်းလင်းပေးပါရန် ICP က မေးမြန်းခဲ့ခြင်း ဖြစ်သည်။

မစ္စ Clark က ထိုကိစ္စမှာ မြန်မာနိုင်ငံတွင်း UNDP ၏ ကန့်သတ်ချက်များကြောင့် မဟုတ်ဘဲ နိုင်ငံရေးနှင့် အကူအညီ ပေးသည့် အလှူရှင်များကြောင့်သာ ဖြစ်သည်ဟု ဦးစွာ ရှင်းပြသည်။ အထူးသဖြင့် ပိတ်ဆို့ အရေးယူမှုကို မစ္စ Clark က ညွှန်းဆို လိုဟန် ရှိသည်။ မြောက်ကိုရီးယား အပါအဝင် မြန်မာနိုင်ငံသည် လူတစ်ဦးချင်းစီ အတွက် ဖွံ့ဖြိုးရေး အကူအညီ အနည်းဆုံး ရရှိသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ သူမက မြန်မာနိုင်ငံတွင် နိုင်ငံရေး ဟူသည် ရှုပ်ထွေးသော အကြောင်းအရာ တစ်ခု ဖြစ်နေသည်ဟု ဆိုသည်။

"ဟုတ်ပါတယ်။ သန်းရွှေ အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ပယ်ပျက်အောင် လုပ်ပြီး လာမယ့် ရွေးကောက်ပွဲမှာ စစ်တပ်နဲ့ အချိတ်အဆက် ရှိတဲ့သူတွေ အနိုင်ရအောင် ခွင်ဆင်ထားတယ်။ ဒီလို အစိုးရမျိုးရဲ့ အရည်အသွေးတွေ၊ အရင်းအမြစ်တွေ ကောင်းမွန်အောင် UNDP က တည်ဆောက်ပေးရမှာလား" ဟု ဆိုသည်။

ဤနေရာတွင် ဗြိတိန်နိုင်ငံ သံအမတ်ကြီး Lyall Grant က "ပိတ်ဆို့ အရေးယူမှုတွေ ဆိုတာက အစိုးရကိုပဲ ပစ်မှတ်ထားတာ" ဟု ဝင်ပြောသည်။ သံအမတ်ကြီးက မြန်မာ(Myanmar) ဟု မခေါ်ဆိုဘဲ ဘားမား (Burma) ဟု ခေါ်ဆိုသွားသည်။

သံအမတ်ကြီး Lyall Grant ၏ မှတ်ချက်ပေးမှု အပြီးတွင် ကုလသမဂ္ဂ ကလေး သူငယ်များနှင့် စစ်ရေး ပဋိပက္ခ ဆိုင်ရာ သံတမန် Radhika Coomaraswamy က မြန်မာနိုင်ငံသည် ရွေးကောက်ပွဲ ကျင်းပရန် လုပ်ဆောင်နေချိန်တွင် ကလေးစစ်သား စုဆောင်းမှု ပပျောက်ရေး လုပ်ငန်းစဉ်များ အားလုံးကို ရပ်ဆိုင်းထားသည်ဟု ဆိုသည်။

ထို့ကြောင့် Inner City Press သည် ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့တွင် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးအား မြန်မာအစိုးရက အဘယ့်ကြောင့် ကလေးစစ်သား ပပျောက်ရေး လုပ်ငန်းများ အားလုံး ရပ်ဆိုင်းခဲ့သနည်းဟု မေးဖြစ်ခဲ့သည်။ ထိုအခါ မြန်မာ သံအမတ်ကြီးက မိမိတို့ အစိုးရသည် မစ္စ Radhika Coomaraswamy တို့ အဖွဲ့နှင့် အနီးကပ် ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံကို ကလေးစစ်သား စုဆောင်းနေသော နိုင်ငံများ စာရင်းမှ ပယ်ဖျက် ပေးစေလိုကြောင်း အာမခံ ပြောဆိုသည်။ ဤကိစ္စကိုရော UNDP က အထောက်အပံ့ ပေးမည်လော ဟု မေးစရာ ဖြစ်လာပြန်သည်။

ထို့ကြောင့် မစ္စ Helen Clark ကို ကလေးစစ်သား ၂၀ ရာခိုင်နှုန်းခန့် အသုံးပြုလျက် ရှိသော ဆိုမာလီယာ နိုင်ငံမှ UNDP ၏ လုံခြုံရေး အခန်းကဏ္ဍနှင့် ပတ်သက်၍ ICP က မေးမြန်း ကြည့်သည်။ "ကျွန်မတို့ စစ်သားတွေကို လေ့ကျင့်ပေးတာမျိုး မလုပ်ပါဘူး" ဟု သူမက ပြန်ဖြေသည်။ "အဲလို နေရာမျိုးမှာ ကျွန်မတို့ မရှိပါဘူး" ဟုလည်း ဆက်လက် ဆိုသည်။

UNDP သည် ဆိုမာလီယာ နိုင်ငံတွင် လုံခြုံရေး သင်တန်းများ အတွက် ရန်ပုံငွေ ထောက်ပံ့မှုများ ပြုလုပ်ထားသည်ကို တွေ့ရသည်။ ရန်ပုံငွေ မည်၍ မည်မျှ အသုံးပြုမည် ဟူသော ကိစ္စမှာ အငြင်းပွားဖွယ်ရာ ဖြစ်လျက် ရှိသည်။ ဤနေရာတွင် ICP အနေဖြင့် အလျဉ်းသင့်သောကြောင့် စဉ်းစားစရာ အချို့ကို ဖော်ပြလိုသည်။

UNDP က မြောက်ကိုရီးယား နိုင်ငံအတွက် ဖွံ့ဖြိုးရေး အစီအစဉ်ကို ပြန်လည် စတင်လိုက်ချိန်တွင် မစ္စတာ Vijay Thapa အား နိုင်ငံတကာ ဘဏ္ဍာရေး အရာရှိအဖြစ် ခန့်အပ်ခဲ့သည်။ မေးစရာ ရှိသည်မှာ မစ္စတာ Vijay Thapa ကို ၂၀၀၃ ခုနှစ် ကတည်းက မြောက်ကိုရီးယားတွင် ဘဏ္ဍာရေး အရာရှိအဖြစ် ဆောင်ရွက်ခဲ့စေရာ ၎င်းအား ထိုရာထူးကို ပေးအပ်ခြင်းသည် အကျိုးစီးပွား ပြဿနာတစ်ရပ် မဟုတ်ပါလော။ ထို့ပြင် အဆိုပါ ဖြစ်ရပ်သည် မြောက်ကိုရီးယား၌ ငွေစက္ကူတု ပြုလုပ်သည့် ပြဿနာ မပေါ်ခင် လေးနှစ်အလိုက မဟုတ်ပါလော။

မစ္စတာ Vijay Thapa သည် အမေရိကန် ဒေါ်လာအတု လုပ်သည့် အမှုလိုက်နေသည့် အမေရိကန် ရှေ့နေနှင့် တွေ့ဆုံ ဆွေးနွေးရန် ငြင်းပယ်ခဲ့သည့် မြောက်ကိုရီးယားမှ UNDP ဝန်ထမ်းများထဲတွင် တစ်ဦး အပါအဝင် ဖြစ်သည်။ သို့ဆိုလျှင် မစ္စတာ Vijay Thapa ကို နိုင်ငံတကာ ဘဏ္ဍာရေး အရာရှိအဖြစ် ခန့်အပ်မှုသည် မြောက်ကိုရီးယား အစိုးရ၏ တောင်းဆိုချက် တစ်ရပ်လော၊ UNDP က အရင်းအမြစ်များ ပိုမို ပြုစု ပျိုးထောင် ပေးလိုသောကြောင့်လော ဟု မေးစရာ ဖြစ်နေသည်။

Matthew Russell Lee ၏ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 14th July 2010

စစ်ဖက် အုပ်ချုပ်သူများက လူ့အခွင့်အရေး ညှဉ်းပန်း နှိပ်စက်မှုများ ကျူးလွန်နေကြောင်း စွပ်စွဲခံနေရသည့် မြန်မာနိုင်ငံမှ ကုန်ပစ္စည်း တင်သွင်းမှုကို တစ်နှစ် ထပ်မံ ပိတ်ပင်ရန် အမေရိကန် လွှတ်တော်တွင် ဗုဒ္ဓဟူးနေ့က တခဲနက် မဲပေး ထောက်ခံ လိုက်သည်။

၂၀၀၃ ခုနှစ်မှ စ၍ ပထမဆုံး ထုတ်ပြန်ခဲ့သော ပိတ်ပင်မှုများကို အမေရိကန် လွှတ်တော်တွင် နှစ်စဉ် သက်တမ်း တိုးလာခဲ့ပြီး ယခု နောက်ဆုံး ထပ်မံ အတည်ပြုလိုက်ခြင်း ဖြစ်သည်။

သက်တမ်း တိုးလိုက်သော ဥပဒေကို လက်မှတ် ရေးထိုးရန် အတွက် သမ္မတ အိုဘားမားထံ မကြာမီ အချိန်အတွင်း ပေးပို့ရန် ဆီးနိတ် လွှတ်တော်က မျှော်လင့်ထားသည်။

မြန်မာနိုင်ငံမှ ပို့ကုန်များကို ပိတ်ပင်ထားသည့်  "မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီ ဥပဒေ ၂၀၀၃'' ကို အမေရိကန် သမ္မတက မြန်မာနိုင်ငံသည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများကို ဦးဆောင် ဆောင်ရွက်နေကြောင်း နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခိုမှုများကို ကူညီ တိုက်ဖျက်နေကြောင်း မသတ်မှတ်သေးသရွေ့ ရုတ်သိမ်းမည် မဟုတ်ပါ။

"ကျင့်ဝတ် သိက္ခာမဲ့သော ရာဇဝတ်မှုများစွာ အတွက် မြန်မာ အစိုးရတွင် အပြစ်ရှိသည်ဟု နိုင်ငံတကာက အသိအမှတ် ပြုထားသည်မှာ ကြာလှပြီ ဖြစ်ကြောင်းနှင့် ဤကိစ္စ အတွက် တာဝန်ယူစေရန် မိမိတို့ ဦးဆောင် ကြိုးပမ်းသွားမည်'' ဟု ပြောကြားခဲ့သူ Joseph Crowley မှာ မြန်မာ အစိုးရကို အချိန် ကြာမြင့်စွာကပင် ပြစ်တင် ဝေဖန်ခဲ့သူ တစ်ဦး ဖြစ်သည်။

မြန်မာ စစ်ဖက် အစိုးရသည် အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင်၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အဓိက အတိုက်အခံ ပါတီကြီးကို ဖျက်သိမ်းခဲ့ပြီး ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲများ ကျင်းပရန် စီစဉ်နေသည်။

သမ္မတ အိုဘားမား အစိုးရ အဖွဲ့သည် အမေရိကန်၏ ဆန့်ကျင်ဘက် အုပ်စုများနှင့် တွေ့ဆုံ ညှိနှိုင်းရေး မူဝါဒ အရ မြန်မာအစိုးရနှင့် ဆွေးနွေးမှုများကို မနှစ်က စတင်ခဲ့သော်လည်း လာမည့် ရွေးကောက်ပွဲများနှင့် ပတ်သက်၍ စိုးရိမ် ပူပန်ကြောင်း ထုတ်ဖော် ပြောကြားသည်။

"အမေရိကန် အစိုးရသည် မြန်မာစစ်ဖက် အုပ်ချုပ်သူများနှင့် သဘော တူညီမှု ရအောင် ခက်ခက်ခဲခဲ လုပ်ဆောင်နေကာ ၎င်းတို့၏ နည်းလမ်းများ ပြောင်းလဲရန် တိုက်တွန်းခဲ့သည်။ လုပ်ဆောင်ရကျိုး နပ်မည့် တန်ဖိုးရှိသော အားထုတ်မှု တစ်ခုဟု မိမိ ယုံကြည်သည် '' ဟု ဒီမိုကရက်တစ် ပါတီဝင် Crowley က ဆိုသည်။

သို့ရာတွင် အထက်ပါ ကြိုးပမ်းမှုများမှာ အပြည့်အဝ ပယ်ချခြင်းများနှင့် ကြုံခဲ့ရပြီး အမှန်တကယ်ပင် မြန်မာနိုင်ငံ၏ အနေအထားမှာ ပိုမို ဆိုးဝါးလာသဖြင့် ယခုကဲ့သို့ ဖိအားပေးရသည့် အချိန်သို့ ရောက်လာခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ အပေါ် ပိတ်ပင် တားဆီးထားမှုများကို အနာဂတ်တွင် ရုတ်သိမ်းပေးရန် ဆန္ဒရှိသဖြင့် အပြန်အလှန်အားဖြင့် အမေရိကန်က စိုးရိမ် ပူပန်နေသော ကိစ္စများ အထူးသဖြင့် ဒီမိုကရေစီ ထွန်းကားရေးတွင် တိုးတက် ပြောင်းလဲရန် လိုအပ်သည်ဟု  အိုဘားမား အစိုးရက ပြောကြားခဲ့သည်။

အတိုက်အခံများကို သွေးကွဲ၊ အုပ်စု ကွဲစေမည့် လုပ်ဆောင်မှု အဖြစ် နိုင်ငံရေးသမား အချို့က စိတ်ပူပန်နေသော၊ "NLD ပါတီဝင်ဟောင်းများအား အစိုးရက ရွေးကောက်ပွဲ ဝင်ခွင့် ပြုခဲ့ခြင်း'' ကို အမေရိကန် အစိုးရက အရေးစိုက်ခဲ့ခြင်း မရှိပါ။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုအတွက် အမေရိကန် ဦးဆောင်သော ကုလသလမဂ္ဂ ညွှန်ကြားမှုရုံးနှင့် မြောက်ကိုရီးယား အရာရှိကြီးများ တွေ့ဆုံ ဆွေးနွေးမှုကို ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြုလုပ်မည်ဟု မြောက်ကိုရီးယားက ပြောင်းလဲ သတ်မှတ်လိုက်သည်။ မူလက ဇူလိုင်လ ၁၂ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးမည်ဟု သဘောတူထားမှုကို ပြုံးယမ်းအစိုးရက ရွှေ့ဆိုင်းလိုက်ပြီးနောက် ယခုလို ဆွေးနွေးမည့်နေ့ကို ပြန်လည် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

တွေ့ဆုံ ဆွေးနွေးမှုကို ကိုရီးယား နယ်စပ် ဒေသရှိ Panmunjom ကျေးရွာတွင် ပြုလုပ်မည် ဖြစ်ပြီး နှစ်ဖက်စလုံးမှ စစ်ဘက်အရာရှိများ တက်ရောက်ကြမည် ဖြစ်သည်ဟု ကုလ ညွှန်ကြားမှုရုံးက သတင်း ထုတ်ပြန်သည်။

ယခု တွေ့ဆုံ ဆွေးနွေးမှုသည် ပြီးခဲ့သည့် မတ်လ ၂၆ ရက် ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားပြီး နောက်ပိုင်း ပထမဆုံး ဖြစ်ကြောင်း၊ အနာဂတ် ကာလတွင် အဆင့်မြင့် စစ်ဘက် အရာရှိကြီးများ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်လာနိုင်ရန် ရည်ရွယ်၍ ယခု ဆွေးနွေးပွဲကို ပြုလုပ်ခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားပြီးနောက် တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးမှာ လွန်စွာ တင်းမာလာခဲ့သည်။ သင်္ဘော နစ်မြုပ်မှုတွင် လူပေါင်း ၄၆ ဦး သေဆုံးခဲ့ရသည်။

နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့ အဆိုအရ အဆိုပါ တောင်ကိုရီးယား စစ်သင်္ဘောသည် မြောက်ကိုရီးယား တော်ပီဒို တိုက်ခိုက်မှု ခံရသောကြောင့် နစ်မြုပ် ပျက်စီးခဲ့ခြင်း ဖြစ်သည်။ သို့သော် အဆိုပါ စွပ်စွဲချက်များသည် မှန်ကန်မှု မရှိကြောင်း၊ ချိုနန်ကိစ္စတွင် မိမိတို့မှာ တာဝန် မရှိကြောင်း ပြုံးယမ်း အစိုးရက ငြင်းပယ် ပြောဆိုထားပြီး မြောက်ကိုရီးယား စုံစမ်းစစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးမှုများ ပြုလုပ်ခွင့်ပေးရန် အဆိုပြုထားသည်။

ကုလသမဂ္ဂ ညွှန်ကြားမှုရုံးက သင်္ဘော နစ်မြုပ်မှုအား အဖွဲ့ခွဲ၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း တွေ့ရှိချက်များကို သတင်း ထုတ်ပြန်ခြင်း မရှိပေ။ ကုလသမဂ္ဂက ပြီးခဲ့သည့် ဇွန်လအတွင်း စစ်ဘက်ရေးရာ ပြောဆို ဆွေးနွေးမှုများ ပြုလုပ်ပြီး စစ်ဆေး တွေ့ရှိချက်များကို ပြန်လည် သုံးသပ်ရန် မြောက်ကိုရီးယားကို အဆိုပြုခဲ့သည်။ သို့သော် အမေရိကန် ပြည်ထောင်စုသည် ကိုရီးယား ကျွန်းဆွယ် အရေးကိစ္စကို ဝင်ရောက် စွက်ဖက်ရန် ကြိုးပမ်းနေသည်ဟု ဆိုကာ မြောက်ကိုရီးယားက ကုလသမဂ္ဂ၏ အဆိုပြုချက်ကို ပယ်ချခဲ့သည်။

အမေရိကန် စစ်တပ်သည် တောင်ကိုရီးယား နိုင်ငံတွင် တပ်ဖွဲ့ဝင် အင်အား ၂၈၅၀၀ ဖြန့်ကျက်ထားသည်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ (UNSC) သည် ဇူလိုင်လ ၁၀ ရက် နေ့တွင် ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုအပေါ် ပြစ်တင် ရှုတ်ချသည့် ကြေညာချက် တစ်စောင်ကို ထုတ်ပြန်လိုက်သည်။ သို့သော် မြောက်ကိုရီးယား နိုင်ငံကို ပြစ်တင် ဝေဖန်မှုများ ပြုလုပ်ထားခြင်း မရှိသည်ကို တွေ့ရသည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Associated Press, 14th July 2010

ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး အာဏာရှင် နိုင်ငံလည်း ဖြစ်သော မြန်မာနိုင်ငံတွင် ယမန်နှစ်က ကမ္ဘာ့စီးပွားရေးကပ် အပြင် စီးပွားရေး ပိတ်ဆို့မှုများကြောင့်  နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုသည် သုံးပုံ တစ်ပုံကျော် ကျဆင်းသွားခဲ့သည် ဟု အစိုးရ ကိန်းဂဏန်းများအရ သိရှိရသည်။

လွန်ခဲ့သော တစ်နှစ်က နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုမှာ ဒေါ်လာ ၉၈၅ သန်း ရှိခဲ့ရာမှ ၂၀၁၀ မတ်လ ကုန်ဆုံးသော ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၁၅ သန်းသာ ရှိပြီး ၆၈ % ကျဆင်းသွားခဲ့သည် ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ပတ်သက်၍ နောက်ဆုံး ရရှိသော သတင်း အချက်အလက်များ ရရှိရေးသည် ခက်ခဲလှပြီး၊ အစိုးရထံမှ ရရှိလာသည့် သတင်းများမှာလည်း မယုံကြည်ရပေ။ မြန်မာနိုင်ငံသည် သဘာဝ ဓါတ်ငွေ့ အမြောက်အမြား တင်ပို့မှုမှ ရရှိသော ဝင်ငွေများကို အစိုးရ၏ တရားဝင် စာရင်းတွင် ထည့်သွင်းခြင်း မရှိဘဲ ဗိုလ်ချုပ်များ၏ စီမံကိန်းများတွင်သာ အသုံးပြုခဲ့ကြောင်း သြစတြေးလျ Macquarie တက္ကသိုလ် အခြေစိုက် မြန်မာ့စီးပွားရေး လေ့လာသော  Burma Economic Watch  ၏ အဆိုအရ သိရှိရသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နှစ်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အသစ် (၇) ခု ရှိခဲ့ရာ လေးခုမှာ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ကဏ္ဍမှ ဖြစ်သည်။ အဆိုပါ သယံဇာတ ထုတ်ယူရေး ရင်းနှီး မြှုပ်နှံမှုတွင် မလေးရှားနိုင်ငံမှ သုံးခု ဖြစ်ပြီး၊ UAE နိုင်ငံမှ တစ်ခု ဖြစ်သည်။ ရင်းနှီး မြှုပ်နှံမှု တန်ဖိုးမှာ ဒေါ်လာ ၂၇၈.၆ သန်း ရှိပြီး တစ်နှစ်လုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ ၈၈ % ရှိသည်။

အဆိုပါ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် အတွင်း ထိုင်းနိုင်ငံက ဟိုတယ်နှင့် ခရီးသွား ကဏ္ဍတွင် ဒေါ်လာ ၁၅.၂၅ သန်း၊ တရုတ်နိုင်ငံက သတ္တု တူးဖော်ရေး ကဏ္ဍတွင် ဒေါ်လာ ၁၅ သန်းနှင့် ဟောင်ကောင်က ထုတ်လုပ်မှု ကဏ္ဍတွင် ဒေါ်လာ ၆ သန်း အသီးသီး ရင်းနှီး မြှုပ်နှံခဲ့ကြသည် ဟု အစိုးရ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂတို့သည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ကိစ္စရပ်များ တိုးတက်လာရန်နှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ရည်ရွယ်၍ အရေးယူမှုများ ချမှတ်ထားသည်။ အရေးယူ ပိတ်ဆို့မှုများတွင် အမေရိကန် ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှုနှင့် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ အမေရိကန်သို့ တင်သွင်းခွင့် ပိတ်ပင်ထားပြီး၊ ၁၉၉၇ ခုနှစ်မှ စ၍ အရေးယူမှုများ စတင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၉၈၈ မှ စ၍ ရင်းနှီး မြှုပ်နှံမှုနှင့် ပတ်သက်၍ ဥပဒေများ ဖြေလျော့ပေးခဲ့ရာ၊ ရေအားလျှပ်စစ် လုပ်ငန်း၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့၊ သတ္တု တူးဖော်ရေး လုပ်ငန်းများမှာ များစွာ ဆွဲဆောင်မှု ရှိခဲ့ပြီး၊ ထိုင်းနိုင်ငံ ကဲ့သို့သော အိမ်နီးချင်း နိုင်ငံများက စိတ်ဝင်စားခဲ့သည်။

တစ်ချိန်တည်းတွင်ပင် မြန်မာနိုင်ငံ၏ ပို့ကုန်သည် ယခင် တစ်နှစ်က ဒေါ်လာ ၆.၇၈ ဘီလျံ ရှိခဲ့ရာမှ၊ မနှစ်က ၁၂ % တိုးတက်လာပြီး ဒေါ်လာ ၇.၆ ဘီလျံ ရှိလာခဲ့သည်ဟု အစီရင်ခံစာ ကဖော်ပြသည်။ သွင်းကုန်မှာ ယခင်က ဒေါ်လာ ၄.၅၄ ဘီလျံ ရှိခဲ့ရာမှ မနှစ်က ၈ % ကျဆင်းကာ ဒေါ်လာ ၄.၁၈ ဘီလျံသာ ရှိသည် ဟုဆိုသည်။

အစိုးရ အစီရင်ခံစာတွင် သဘာဝ ဓါတ်ငွေ့ တင်ပို့မှုမှာ စုစုပေါင်း ပို့ကုန် တန်ဖိုး၏ ၃၈ % ရှိပြီး၊ ယခင်က ဒေါ်လာ ၂.၃၅ ဘီလျံ ရှိခဲ့ရာမှ မနှစ်က ၉ % တိုးတက်လာပြီး ဒေါ်လာ ၂.၅၆ ဘီလျံ ရှိခဲ့သည် ဟု ဆိုသည်။ မြန်မာနိုင်ငံသည် သဘာဝ ဓါတ်ငွ့ကို အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချလျက် ရှိသည်။

မြန်မာနိုင်ငံတွင် စာရင်း မဝင်သော ကုန်သွယ်မှု ပမာဏများစွာ ရှိလိမ့်မည်ဟု ယုံကြည်ရပြီး၊ အရှေ့မြောက်ရှိ တရုတ်နိုင်ငံတို့နှင့် ကုန်းတွင်း နယ်စပ်ကို ဖြတ်၍ ကုန်ပစ္စည်း ရောင်းဝယ်မှုများစွာ ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

the Canadian Friends of Burma, 12th July 2010

Ivanhoe သတ္တု တူးဖော်ရေး လုပ်ငန်းသည် Myanmar Ivanhoe Copper Company (MICCL) တွင် ၎င်းပိုင်ဆိုင်သော ရှယ်ယာ ၅၀ % ကို ရောင်းချခြင်း မရှိကြောင်း ၎င်း၏ ကိုယ်ပိုင် website တွင် စိတ်အခန့် မသင့်သော အမူအရာပြသည့် စကားလုံးများ သုံး၍ ကြေညာချက် ထုတ်ပြန်ထားသည်။ MICCL သည် မုံရွာ ကြေးနီ စီမံကိန်း လုပ်ကိုင်ရန် မြန်မာ အစိုးရနှင့် ဖက်စပ် ထူထောင်ထားသော ကုမ္ပဏီ ဖြစ်သည်။

Ivanhoe ၏ ကြေညာချက်သည် NGO တစ်ခုဖြစ်သော Canadian Friends of Burma (CFOB) ၏ သတင်း ထုတ်ပြန်ချက်တွင် အစိုးရသည် တရုတ် လက်နက် ကုမ္ပဏီ Norinco နှင့် အတူ အလုပ်လုပ်ရန် MICCL တွင် ပါဝင်သော Ivanhoe ၏ ပါဝင်မှုအား အစိုးရနှင့် ရင်းနှီးသော လုပ်ငန်းရှင်များသို့ ရောင်းချခဲ့သည်ဟု ဖော်ပြခဲ့ခြင်းကို ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့သည်။ Ivanhoe က အဆိုပါ သတင်းမှာ အိန္ဒိယ အခြေစိုက် မဇ္ဈိမ သတင်းဋ္ဌာန၏ အကူအညီဖြင့် လူအများ ထင်ရောင်ထင်မှား ဖြစ်စေရန် သတင်းမှားများ လွှင့်ထုတ်သော CFOB ၏ စီမံချက်၏ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် Ivanhoe ၏ ကြေညာချက်မှာ ဇွန်လ (၃၀) ရက် ဟု ရက်စွဲ တပ်ထားသော်လည်း ၎င်း၏ ကိုယ်ပိုင် website တွင် ဇူလိုင်လ (၆) ရက် အထိ တင်ထားခြင်း မရှိသေးသည်ကို တွေ့ရှိရသည်။

Ivanhoe ၏ ကြေညာချက်တွင် ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလက ထူထောင်ထားသော လွတ်လပ်သော ရန်ပုံငွေ ထိန်းသိမ်းရေး အဖွဲ့ (independent trust) က MICCL ရှိ Ivanhoe ၏ ၅၀ % သော ပါဝင်မှုကို ကိုင်ထားဆဲ ဖြစ်ကြောင်း ဆိုသည်။ အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း အဆိုပါ အဖွဲ့၏ နောက်ကွယ် မည်သူများ ရှိသည်ဟု ပြောဆိုရန် Ivanhoe က ငြင်းဆန်ခဲ့သည်။

CFOB ၏ အမှုဆောင် ဒါရိုက်တာ တင်မောင်ထူးကမူ ၎င်းအနေဖြင့် Ivanhoe သည် independent trust အဖွဲ့ကို အသုံးပြု၍ MICCL ပါ ၎င်း၏ ပိုင်ဆိုင်မှု ရောင်းချခဲ့ခြင်းကို ဖုံးကွယ်ထားခြင်း ဖြစ်မည်ဟု ယုံကြည်နေသည်။ "စိတ်ပျက်ဖို့ ကောင်းပါတယ်၊ Ivanhoe ဟာ တရုတ် လက်နက် ကုမ္ပဏီနဲ့ မြန်မာ အစိုးရကြားမှာ ဝင်ရောက် ဆောင်ရွက်ပေးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်ကို သူ့ရှယ်ယာ ရောင်းချခဲ့တယ်။ ကနေဒါ အစိုးရ အနေနဲ့ ချက်ချင်း စုံစမ်း စစ်ဆေးဖို့ လိုလိမ့်မယ်'' တင်မောင်ထူးက ပြောသည်။

MICCL တွင် Ivanhoe ၏ ပါဝင် ရောင်းချမှုနှင့် ပတ်သက်၍ CFOB ၏ သတင်း ထုတ်ပြန်ချက်နှင့် မဇ္ဈိမ၏ သတင်းဆောင်းပါးများ ထွက်ပေါ်လာပြီးနောက်တွင် တရုတ် လက်နက် ကုမ္ပဏီ ဖြစ်သော Norinco ကလည်း ၎င်း၏ website တွင် မုံရွာတွင် ကြေးနီ တူးဖော်ရေး အတွက် မြန်မာ အစိုးရနှင့် သဘောတူခဲ့ပြီး ဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။ Norinco ၏ သတင်း ထုတ်ပြန်ချက်နှင့် Norinco နှင့် မြန်မာ ဗိုလ်ချုပ်များ မုံရွာကြေးနီ အတွက် သဘောတူခဲ့မှု သတင်းများကို The Wall Street Journal စတင် ဖော်ပြခဲ့သည်။

CFOB အမှုဆောင် ဒါရိုက်တာ တင်မောင်ထူးက Ivanhoe က ၎င်း၏ အဖွဲ့ အပေါ် သတင်းအမှားများ ထုတ်ပြန်ရေး စီမံချက်၏ အစိတ်အပိုင်း တစ်ခုအဖြစ် ပြောဆိုချက်ကို ငြင်းချက် ထုတ်ခဲ့သည်။ ၎င်းက တုန့်ပြန် ပြောဆိုရာတွင် "CFOB အနေဖြင့် မြန်မာ အစိုးရနဲ့ မုံရွာ ကြေးနီ အတွက် သဘောတူပါပြီ လို့ကြေညာတဲ့ Norinco ရဲ့ သတင်း ထုတ်ပြန်ချက်နဲ့ပဲ ဖြစ်ဖြစ် ဘာမှ မပတ်သက်ပါဘူး။ Ivanhoe ရဲ့ သတင်းမှားတွေ ထုတ်ပြန်တဲ့ စီမံချက်လို့ ပြောကြားချက်ကတော့ ရီစရာကြီး ပါပဲ'' ဟု ဆိုသည်။

Ivanhoe သည် ၎င်း၏ ကြေညာချက်ကို "မုံရွာကြေးနီ ထုတ်လုပ်ရေးနှင့် ပတ်သက်၍ Ivanhoe သတ္တုလုပ်ငန်း အပေါ် မြန်မာ ဆန့်ကျင်ရေး လှုပ်ရှားသူများ၏ မရိုးသားသော အဓိပ္ပာယ် မရှိသည့် ထိုးနှက်ချက်များ'' ဟု ခေါင်းစဉ် တပ်ထားပြီး၊ အဆိုပါ ကြေညာချက်တွင် ၎င်း၏ အမြတ်ရရေး ရည်ရွယ်ချက်ကို နှောင့်ယှက်မည့် မည်သူကိုမဆို ငြင်းချက် ထုတ်ရန် သက်သေ အထောက်အထားများ လိုအပ်နေဆဲ ဖြစ်သည်။

CFOB ၏ အမှုဆောင် ဒါရိုက်တာ တင်မောင်ထူးက Ivanhoe က မြန်မာ့ ဆန့်ကျင်သူဟု သုံးနှုန်းထားခြင်းနှင့် ပတ်သက်၍ စိတ်မခန့်မသင့် ဖြစ်ရသည်ဟု ဆိုသည်။ ၎င်းက ပြောကြားရာတွင် "မြန်မာ စစ်တပ်ကသာ ဒီမိုကရေစီ မြတ်နိုးသူတွေနဲ့ ပွင့်လင်းမှုနှင့် လူ့အခွင့်အရေး မြတ်နိုးသူတွေကို မြန်မာ ဆန့်ကျင်သူများလို့ တံဆိပ် ကပ်ခဲ့တာ။ Ivanhoe က သူ့သတင်း ထုတ်ပြန်ချက် ခေါင်းစဉ်မှာ အဲဒီ စကားလုံး သုံးထားတော့ သူ့မှာ အမုန်းတရားတွေ ဘယ်လောက် ရှိတယ် ဆိုတာ ပေါ်လာတာပေါ့'' ဟု ဆိုသည်။

Ivanhoe က IndependentTrust ဟု ပြောသော အဖွဲ့၏ နောက်ခံကားချပ်

၂၀၀၆ ခုနှစ် အောက်တိုဘာလတွင် မွန်ဂိုလီးယား၏ ရွှေနှင့် ကြေးနီ စီမံကိန်း Oya Tolgoi တွင် Ivanhoe ၏ ပါတနာ ဖြစ်သူ Rio Tinto သည် Ivanhoe သတ္တုလုပ်ငန်း၌ သူ၏ ရှယ်ယာသည် တဖြည်းဖြည်း ၃၀ % ရှိလာသည်။ ထိုအချိန်က Rio Tinto က လူသိရှင်ကြား ထုတ်ဖော် ပြောကြားရာတွင် Ivanhoe က မြန်မာနိုင်ငံမှ ပြန်ထွက်မည် ဆိုသော ကန့်သတ်ချက်ဖြင့် ရှယ်ယာ ဝယ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

၂၀၀၇ ဖေဖော်ဝါရီလတွင် Ivanhoe က ကြေညာခဲ့ရာ၌ ၎င်းသည် MICCL ရှိ ၎င်း၏ ပါဝင်မှု ၅၀ % ကို independent trust ဟူသော အဖွဲ့သို့ ရောင်းချခဲ့ပြီးကြောင်း၊ သို့သော် ထိုအဖွဲ့က ရှယ်ယာကို ပြန်လည် ရောင်းချ၍ ငွေရရှိမှသာ Ivanhoe သို့ ငွေပေးမည် ဆိုသော ခံဝန်ချက်ဖြင့် ရောင်းချခဲ့ကြောင်း၊ ဖော်ပြခဲ့သည်။

သုံးနှစ်ခွဲ ကျော်ကျော် ကြာသည့်တိုင် Ivanhoe သည် independent trust အဖွဲ့၏ ဖွဲ့စည်းပုံ၊ လှုပ်ရှားမှုနှင့် အဖွဲ့ဝင်များကို ဖွင့်ထုတ်ရန် ငြင်းဆန်နေဆဲ ဖြစ်သည်။ မြန်မာ အစိုးရကလည်း MICCL ၏ ကျန် ၅၀ % ကို ပိုင်ဆိုင်ဆဲ ဖြစ်သည်။

၂၀၀၉ ခုနှစ် မေလက မြန်မာနိုင်ငံ အပတ်စဉ်ထုတ် Myanmar Times တွင် MICCL မန်နေဂျင်း ဒါရိုက်တာ Gleen Ford က မုံရွာ သတ္တုလုပ်ငန်းသည် ကမ္ဘာပေါ်တွင် ထုတ်လုပ်မှု စရိတ် အနည်းဆုံး သတ္တု လုပ်ငန်း ဖြစ်ကြောင်း ဂုဏ်ယူစွာ ပြောခဲ့သည်။

၂၀၀၇ ခုနှစ် နှစ်ကုန်တွင် Ivanhoe က ၎င်းသည် MICCL တွင် ၎င်း၏ ၅၀ % သော ပါဝင်မှု တန်ဖိုးကို စံချိန်တင် ဒေါ်လာ (၁၃၄.၃) သန်းထိ လျှော့ချနိုင်ခဲ့သည်။ ထိုကိစ္စမှာ ၂၀၀၇ ခုနှစ် နှစ်ကုန် အထိ လည်ပတ်ဆဲ အခြေအနေတွင် ဖြစ်သည်။ Ivanhoe ၏ စာရင်းကိုင်များက သုည အထိ တရားဝင် တန်ဖိုးချထားသော သတ္တုတွင်း လုပ်ငန်း တစ်ခုသည် တန်ဖိုးကြီးသော ကြေးနီများ ဆက်လက် ထုတ်လုပ်နေနိုင်ခြင်းမှာ Ivanhoe ရှင်းပြရန် ငြင်းဆိုသော မေးခွန်းအဖြစ် ရှိနေဆဲ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 11th July 2010

မြန်မာ စစ်ဖက် အုပ်ချုပ်သူများ၏ ရွေးကောက်ပွဲ အကြိုကာလ အနိုင်ကျင့် ခြိမ်းခြောက်မှုများကြောင့် နယ်စပ် တိုင်းရင်းသားများ ထောင်နှင့်ချီ၍ စွန့်ခွာ ထွက်ပြေးမှုများ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံမှ ဒုက္ခသည်များ လှိုင်းလုံးသဖွယ် ရောက်ရှိလာမှု ပြဿနာကို ထိုင်း၊ မလေးရှားနှင့် ဝေးလံလှသော သြစတြေးလျ နိုင်ငံများမှ အာဏာပိုင်များက ၎င်းတို့ဘာသာ ကြိုးစား အားတင်း၊ ဖြေရှင်းလျက် ရှိသည်။

အခြေအနေ အဆိုးဆုံးမှာ နိုင်ငံတွင်းမှ မွတ်ဆလင် မျိုးနွယ်စုများ ဖြစ်၍ ကချင်၊ ကရင် နှင့် ချင်း တိုင်းရင်းသားများသည်လည်း နယ်စပ် ဖြတ်ကျော် ထွက်ပြေးမှုတွင် ပါဝင်လာကြသည်ဟု မလေးရှား လူ့အခွင့်အရေး အဖွဲ့အစည်း ဆူဟာရမ်မှ ညှိနှိုင်းရေး တာဝန်ခံ Temme Lee က ပြောကြားသည်။

"နယ်စပ်ကို ဖြတ်ပြီး တရုတ်ပြည်ဘက်ကို ပြေးတဲ့လူတွေလည်း ရှိတယ်လို့ သတင်းတွေ ကြားရပါတယ်။ အရပ်သား ပြည်သူတွေ အပေါ်မှာ ဖိအားတွေ သိပ်များနေပါတယ်" ဟု သူမက Spectrum သို့ ပြောကြားသည်။

မြန်မာနိုင်ငံကို စွန့်ခွာ ပြေးသူများတွင် အသက် ၁၇ နှစ် အရွယ် မြန်မာ မွတ်ဆလင် ဟာမစ်ဘင်ဟာတင်လည်း ပါဝင်သည်။ ဆင်ဟာတင်သည် မြန်မာစစ်တပ် အတွက် အလုပ်ကြမ်း လုပ်ရန် အတင်းအကြပ် ခေါ်ဆောင်ခြင်း ခံရပြီး အနောက်ဖက် ကမ်းရိုးတန်း ရခိုင်ပြည်နယ်မှ မိဘများနှင့် နှစ်အတန်ကြာ ခွဲခွာနေခဲ့ရသည်။

သူသည် ထိုင်းနိုင်ငံသို့ သွားရန် ပွဲစားခ ဒေါ်လာ ၁၀၀၀ ခန့် ပေးခဲ့ရပြီး ထိုမှ မလေးရှားသို့ ရောက်ရှိစဉ် အဖမ်းခံရကာ ထိန်းသိမ်းရေး အကျဉ်းစခန်းတွင် သမံတလင်းပေါ် အိပ်ရခြင်း၊ ထောင်သား အချင်းချင်း ရိုက်နှက်ခြင်း စသော ဒုက္ခများ ခံစားခဲ့ရသူ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် ကဲ့သို့ပင် စွန့်ခွာ ထွက်ပြေးသော မြန်မာ မွတ်ဆလင်များ ရွေးချယ်လေ့ ရှိသော မလေးရှား နိုင်ငံတွင် ဆင်ဟာတင်ကို မြန်မာ မွတ်ဆလင် လူမှု ကူညီစောင့်ရှောက်ရေး ကော်မတီမှ လှသန်းက ကယ်တင် စောင့်ရှောက်ခဲ့သည်။ ၎င်းကော်မတီသည် မြန်မာနိုင်ငံရှိ မွတ်ဆလင် မျိုးနွယ် ၂၀ ကျော်မှ ဒုက္ခသည်များ ရွှေ့ပြောင်း အလုပ်သမားများ၏ လိုအပ်ချက်ကို ကူညီရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ မွတ်ဆလင် ဒုက္ခသည်များထဲတွင် ရိုဟင်ဂျာများလည်း ပါဝင်ကာ ၎င်းတို့သည် မလေးရှားသို့ သွားရန် ထိုင်းရေပြင်ကို လှေများဖြင့် ဖြတ်ကျော်ရန် ကြိုးစားလေ့ ရှိပြီး ၎င်းဒုက္ခသည်များ အပေါ် လူမဆန်သော ကိုင်တွယ်မှုများကြောင့် ထိုင်းအာဏာပိုင်များမှာ နိုင်ငံတကာ၏ ပြစ်တင် ဝေဖန်မှုကို ခံခဲ့ရသည်။

"ဘာမှ မပြောင်းလဲပါဘူး။ ရွေးကောက်ပွဲ ပြီးရင် အရာအားလုံးဟာ ပိုပြီး ဆိုးလာပါလိမ့်မယ်။ ပြည်သူတွေကို ခြိမ်းခြောက် ဖိအားပေးပြီး မဲထည့်ခိုင်းနေတယ်လေ" ဟု လှသန်းက ဆိုသည်။

လာမည့် ရွေးကောက်ပွဲ အတွက် ပါတီ ၄၀ ခန့် မှတ်ပုံတင်ထားရာ လွန်ခဲ့သော အနှစ် ၂၀ က ရွေးကောက်ပွဲ အတွက် မှတ်ပုံတင်ခဲ့သော ပါတီ ၂၃၅ ခု ထက် များစွာ လျော့နည်းသွားသည်။ ယခု ပါတီများသည် လွှတ်တော် ၃ ရပ် (အထက်လွှတ်တော်၊ အောက်လွှတ်တော်၊ ဒေသကြီး လွှတ်တော်) အတွက် ကိုယ်စားလှယ်လောင်းများ ကွင်းဆင်း ရှာဖွေရန် လိုအပ်နေသည်။ လွှတ်တော် အမတ်နေရာ လေးပုံတစ်ပုံကို စစ်တပ် အတွက် သီးသန့် ဖယ်ထားပြီး ဖြစ်သည်။

"လူတိုင်းဟာ စစ်တပ် အတွက် မဲပေးရင်ပေး၊ ဒါမှ မဟုတ်ရင်တော့ အဖမ်းခံရမှာပါ။ အကြမ်းဖက် ခြိမ်းခြောက်မှုတွေ အများကြီး ဖြစ်လာပါလိမ့်မယ်" ဟု လှသန်းက ကွာလာလမ်ပူ ဆင်ခြေဖုံးရှိ ရုံးခန်းလေးထဲတွင် Spectrum သို့ ပြောကြားခဲ့သည်။

မလေးရှားနှင့် ထိုင်းနိုင်ငံရှိ ဒုက္ခသည် စခန်းများသို့ မြန်မာ ဒုက္ခသည် ထောင်ပေါင်းများစွာ ဝင်လာမစဲ ဖြစ်နေပြီး လူဝင်မှု ကြီးကြပ်ရေး မူဝါဒ တင်းကြပ်ထားသော သြစတြေးလျ နိုင်ငံမှာမူ ထွက်ပေါက် ရှာသော မြန်မာများ အတွက် လမ်းကြောင်း အနည်းငယ်သာ ရှိသည်။

တရားမဝင် ဝင်ရောက်လာသူများအပေါ် သြစတြေးလျနိုင်ငံ၏ နှိမ်နင်း ဖြိုခွဲမှုကြောင့် မလေးရှားနှင့် အင်ဒိုနီးရှားရှိ အကျဉ်းစခန်းများတွင် ခိုလှုံ ခွင့်တောင်းသူများ အလွန်အမင်း တိုးပွားလာခဲ့သည်။ ရွှေ့ပြောင်း ဝင်ရောက်လာသူများအား မည်သို့ ကိုင်တွယ်မည် ဆိုသည်ကို ပြန်လည် သုံးသပ်ရန် ဒုက္ခသည် စာနာ လှုပ်ရှားသူများက တောင်းဆိုလျက် ရှိသည်။

ဈေးချိုသော ဟိုတယ်များ၊ အာဖဂန် စားသောက်ဆိုင်များ၊ ပါကစ္စတန် အနွယ်ဝင် ဗလီများဖြင့် ပြည့်နေသော ကွာလာလမ်ပူ ဆင်ခြေဖုံး ချိုတစ် နယ်မြေမှ လမ်းများသည် လူမှောင်ခို ကူးသူများ၊ သြစတြေးလျားသို့ တရားမဝင် သွားရန် ကြိုးစားနေသည့် ရွှေ့ပြောင်း ဝင်ရောက်လာသူများ အကြား တစ်ချိန်က ရေပန်းစား ခဲ့သည်။

လူ့အခွင့်အရေး အုပ်စုများ၊ သံတမန်များနှင့် ပါကစ္စတန် ဗလီဆရာများ၏ အဆိုအရ ပြီးခဲ့သော ဧပြီလမှစ၍ လူကုန်ကူးသူများ၊ ခရီးသည်များ အရေအတွက် များစွာ ကျဆင်းသွားခဲ့သည်ဟု သိရှိရသည်။ ထိုအချိန်သည် သြစတြေးလျား အစိုးရက အာဖဂန် နစ္စတန်နှင့် သီရိလင်္ကာမှ ဝင်ရောက် ခုလှုံသူများ အတွက် ဗီဇာထုတ်ပေးရေး လုပ်ငန်းစဉ်ကို ရပ်ဆိုင်းထားပြီး အခြားနေရာများမှ သြစတြေးလျသို့ ဦးတည်သည့် လူကုန်ကူးမှုများကို ဖော်ထုတ်ပြသရန် လူမှောင်ခိုသမားများအား ဖိအားပေးနေသော အချိန် ဖြစ်သည်။

သီရိလင်္ကာများအား တားမြစ် ပိတ်ပင်မှုကို ကင်ဘာရာတွင် လတ်တလော ရုတ်သိမ်းခဲ့သည်။ သို့ရာတွင် ဒုက္ခသည်များနှင့် ခိုလှုံခွင့် တောင်းသူများကို စီမံကိုင်တွယ်ရန် အတွက် သြစတြေးလျနိုင်ငံ ပြင်ပတွင် ဌာနသစ်များ ဖွင့်လှစ်ရန် စဉ်းစားနေသူ သြစတြေးလျ ဝန်ကြီးချုပ်သစ် Julia Gillard အဆိုပြု တင်ပြထားသည့် ဒေသတွင်း ကိုင်တွယ်မှု ပုံစံသစ် အတွက် ပထမဆုံး လျှောက်လွှာ တင်သူများတွင် မြန်မာများ ပါဝင်နိုင်ဖွယ် ရှိသည်။

Ms Gillard က သူမ၏အရင် ဝန်ကြီးချုပ်ဟောင်း John Howard ကျင့်သုံးခဲ့သော တင်းကျပ်သည့် လူဝင်မှု ကြီးကြပ်ရေး အစီအစဉ်ကို ပြန်လည် ကျင့်သုံးရန် ဆန္ဒမရှိဟု ပြောကြားခဲ့သော်လည်း သြစတြေးလျ၏ လူနေထူထပ်သော ဆင်ခြေဖုံး နယ်မြေများတွင် အသစ် ဝင်ရောက်လာသူများကြောင့် မနိုင်မနင်း ပြည့်လျှံသွားမည်ကို စိုးရိမ် ပူပန်နေသူများကိုလည်း သူမ အနေဖြင့် နားလည် စာနာသည်ဟု ပြောဆိုခဲ့သည်။

"နယ်စပ် လုံခြုံရေး အတွက် စိုးရိမ်တယ်လို့ ပြောနေသူ တွေဟာ သည်းမခံတတ်တဲ့ သူတွေ မဟုတ်ပါဘူး။ အသေအချာ ပြောရရင် သူတို့ဟာ လူမျိုးရေး ဝါဒီတွေ မဟုတ်ပါဘူး။ ဒီလိုပဲ ကလေးသူငယ်တွေ ထိန်းသိမ်းခံနေတာနဲ့ ပတ်သက်လို့ စိုးရိမ်တယ်လို့ ပြောတဲ့သူ တွေဟာလည်း နယ်စပ် ကာကွယ်ရေး အပေါ်မှာ သဘောထား ပျော့လွန်းတယ်လို့ မဆိုလိုပါဘူး။ တကယ်တော့ သူတို့ အားလုံးဟာ လူသားတွေရဲ့ စိုးရိမ်တတ်တဲ့ သဘာဝကို ထုတ်ဖော် ပြောကြားတဲ့သူတွေပါ" ဟု Mr Gillard က မှတ်ချက်ပေးသည်။

Mr Gillard ၏ မှတ်ချက်များ အပေါ် ဒုက္ခသည် စာနာ လှုပ်ရှားသူများက စိုးရိမ်နေကြဆဲ ဖြစ်သည်။

သြစတြေးလျ၊ မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံများ အကြား တိုးတက်လာသော ပူးပေါင်း ဆောင်ရွက်မှုကို လူကုန်ကူးသူ၊ တရားမဝင် ခိုးဝင်သူများအား ထိန်းချုပ် ဟန့်ထားရာတွင် အရေးပါသော အကြောင်းတစ်ရပ် အဖြစ် ညွှန်းဆိုနေချိန်တွင် ရက်စက် ရန်လိုသော အစိုးရ လက်အောက်မှ ထွက်ပြေးကာ ခိုလှုံခွင့်တောင်းနေသော ဘင်ဟာတင်တို့ကဲ့သို့ ဒုက္ခသည်များ အတွက်မှာမူ စိတ်မအေးဖွယ်ရာ ဖြစ်နေသည်။

"ခိုလှုံခွင့် တောင်းသူတွေဟာ များသောအားဖြင့် ထိန်းသိမ်းရေး အကျဉ်းစခန်းတွေမှာပဲ တစ်လပြီး တစ်လ အချိန်ကုန်နေကြပါတယ်" ဟု ဆူဟာရမ်မှ Ms Lee က ပြောသည်။

"ဒါဟာ မလေးရှား၊ အစိုးရရဲ့ လုံခြုံရေး စီမံချက်တွေလောက်ကိုပဲ အလေးထားတဲ့ သြစတြေးလျ အစိုးရရဲ့ လုံးဝ တာဝန်မဲ့မှု တစ်ခုပါ။ ဒုက္ခသည်တွေ ခိုလှုံခွင့် တောင်းသူတွေ အတွက် အကာအကွယ်ပေးမှု ကိစ္စ အားလုံးကိုလည်း ဖြေရှင်းမယ့်ပုံ မရှိပါဘူး။ အရမ်းကို ခက်ခဲတဲ့ ပြဿနာ တစ်ခုပါပဲ" ဟု သူမက ဆိုသည်။

မြန်မာ ရွေးကောက်ပွဲ နီးလာသည့် အချိန်နှင့် ပြီးသွားသော အချိန်တွင် ယင်းပြဿနာ သိသိသာသာ ပိုဆိုးလာနိုင်သည်။

ယခုတိုင် ရက်မသတ်မှတ် ရသေးသော်လည်း အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများကို မြန်မာ စစ်ခေါင်းဆောင်များက ရက်ကောင်း ရက်မြတ်ဟု ယူဆသော အောက်တိုဘာ ၁၀ ရက် (၁၀.၁၀.၁၀) တွင် ပြုလုပ်လိမ့်မည်ဟု အကဲခတ် လေ့လာသူများက ယုံကြည်ကြသည်။

ရွေးကောက်ပွဲများသည် အတုအယောင် ဖြစ်လိမ့်မည်ဟု ဝေဖန် ဆန်းစစ်သူများက အငြင်းပွားနေချိန်တွင် အကောင်းဖက်မှ ရှုမြင်သူတို့ကလည်း အရပ်ဖက် အုပ်ချုပ်ရေး ပြန်လည် ကျင့်သုံးနိုင်မည့် လက္ခဏာ တစ်ရပ်ဟု မျှော်လင့်နေကြသည်။ ဖြစ်နိုင်သည်မှာ တိုင်းပြည်ကို ပြင်ပကမ္ဘာသို့ အနည်းငယ် ဖွင့်ပေးခြင်း ဖြစ်လိမ့်မည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အလွယ်တကူ အနိုင်ရခဲ့သော်လည်း စစ်ဖက် အုပ်ချုပ်သူများ၏ ပယ်ချခြင်း ခံခဲ့ရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှာ ယခု တစ်ကြိမ် ယှဉ်ပြိုင်မည် မဟုတ်တော့ပေ။

မည်သို့ပင်ဖြစ်စေ ကြီးမားလာသော မရေရာမှုမှာ တိုင်းရင်းသား အုပ်စု အသိုင်းအဝိုင်း၏ ကဏ္ဍပင် ဖြစ်သည်။

ရန်ကုန်မှ ဗဟို အစိုးရအား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃၀ ကျော်က တော်လှန် ဆန့်ကျင်ခဲ့ကြသည်မှာ နှစ်ပေါင်း ၆၀ ခန့် ရှိပြီ ဖြစ်ပြီး လတ်တလော အချိန်လေးတွင် အစိုးရက အပစ်ရပ် ပုံစံ တစ်မျိုး ရရှိအောင် လုပ်ဆောင်နေရာ၌ ရလဒ်မျိုးစုံ ရောထွေးလျက် ရှိသည်ကို တွေ့ရသည်။

ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ပူးပေါင်း ဆောင်ရွက်လာသော တိုင်းရင်းသား ခေါင်းဆောင်များ၏ စဉ်းစားဥာဏ် ရှိသော ပူးပေါင်းမှုများ၊ စီးပွားရေး လိုက်လျော ကမ်းလှမ်းမှုများ မှတဆင့် သဘော တူညီချက်များ ရရှိခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်များကို တပ်မတော်၏ ထိန်းချုပ်မှုအောက်တွင် ထားရှိမည့် နယ်ခြားစောင့် တပ်ဖွဲ့သို့ ပူးပေါင်းရန် အစိုးရက ကမ်းလှမ်းထားသည်။

ကမ်းလှမ်းမှုကို လိုက်နာပါက အပစ်ရပ် အဖွဲ့၏ နိုင်ငံရေး ဌာနမှာ ရွေးကောက်ပွဲ ဝင်ခွင့် ရရှိမည် ဖြစ်သည်။

မြန်မာ စစ်တပ်က ဆက်လက် တိုက်ခိုက်နေသည့် KNU အဖွဲ့မှာ အပစ်အခတ် ရပ်စဲမှု မရှိသည့် အကြီးဆုံး တိုင်းရင်းသားအဖွဲ့ ဖြစ်သည်။ ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) နှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီတို့သည်လည်း အပစ်အခတ် ရပ်စဲခြင်း မရှိပါ။

အင်အား အကြီးဆုံး၊ ကြောက်စရာ အကောင်းဆုံး၊ တပ်ဖွဲ့ဝင် ၂ သောင်းရှိ ဝတပ်ဖွဲ့ UWSA ကို စည်းရုံး သိမ်းသွင်းနေသော စေ့စပ် ညှိနှိုင်းမှုများမှာမူ ရပ်တန့်သွားပြီ ဖြစ်သည်။

မြန်မာ စစ်တပ်က အဓိက ထိုးစစ် ဆင်နွှဲမည်ဟု မျှော်လင့်ရသောကြောင့် ရှမ်းပြည်နယ် ဝဒေသမှ ယခုနှစ်ဦးပိုင်းတွင် ထွက်ပြေးကြသော ဒေသခံ အရပ်သားများမှာ ထိုနောက်ပိုင်းတွင် ပြန်ရောက်လာကြပြီဟု ဟောင်ကောင် အခြေစိုက် Allan & Associates မှ ဒေသတွင်း လုံခြုံရေး အကဲခတ် လေ့လာသူ Gavin Greenwood က ပြောကြားခဲ့သည်။

အစိုးရ၏ ကမ်းလှမ်းမှုကို လက်ခံရန် ငြင်းပယ်ခဲ့သော ရှမ်းနှင့် ကချင် သူပုန်များ အပေါ် စစ်ရေးအရ အရေးယူမည့် အစီအစဉ်များမှာလည်း နောက်ဆုတ်သွားပြီဟု ၎င်းက ဆိုသည်။

အစိုးရ အနေဖြင့် ၎င်း၏ ၂၀၁၀ အဓိက မဟာဗျူဟာ ရည်မှန်းချက်အရ ၎င်း၏ ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲ ထောက်ခံမှု မြင့်မားစွာ ရရှိရန် ဦးစားပေးနေသည့် လက္ခဏာ ရှိသည်ဟု Mr. Greenwood က ပြောဆိုလိုက်သည်။

မည်သို့ပင်ဆိုစေ၊ တိုင်းပြည်ကို စွန့်ခွာ ထွက်ပြေးနေသော ပြည်သူတို့၏ အရေအတွက်မှာ ဆက်လက် ကြီးထွားနေသည်။

သြစတြေးလျနိုင်ငံ ခရစ်စမတ်ကျွန်းပေါ်ရှိ မလှုပ်သော မလှည့်သာ ထိန်းသိမ်းရေး အကျဉ်းစခန်းများတွင် နေရာယူထားသူများ အနက် အာဖဂန်နှင့် သီရိလင်္ကာ လူမျိုးများ ပြီးလျှင် မြန်မာများမှာ တတိယ အများဆုံး လူမျိုးစု ဖြစ်လာသည်ဟု လူ့အခွင့်အရေး စာနာ လှုပ်ရှားသူများက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Thai News Agency MCOT, 14th July 2010

ထိုင်းနိုင်ငံ အနောက်ဖက် ကမ်းရိုးတန်း၊ တောင်ပိုင်းခရိုင် ရနောင်းတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အတွက် နိုင်ငံသား စိစစ်ရေး စင်တာ ထူထောင်ရန် မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

အလားတူ ရုံးခွဲများမှာ ယခင်က မြန်မာနိုင်ငံ ဖက်တွင်သာ ရှိခဲ့ပြီး ယခု ထိုင်းမြေပေါ်တွင် ပထမဆုံး ပူးပေါင်း ထူထောင်ခြင်း ဖြစ်သည်။

တရားမဝင် လုပ်သား ပြဿနာကို ကိုင်တွယ်လိုသော ထိုင်းနိုင်ငံ၏ စီမံချက် တစ်စိတ်တစ်ပိုင်း အဖြစ် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအား စိစစ်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ဆွေးနွေးရန် ဗစ်တိုးရီးယား အငူ (ထိုင်းဘာသာဖြင့် ခိုဆောင်ဟု ခေါ်သည်) မှ ရောက်ရှိလာကြသော မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့်နှင့် ကိုယ်စားလှယ်များကို ထိုင်းအလုပ်သမား ဝန်ကြီး ချာလန်ချိုင်း ဆရီအွန်က ဗုဒ္ဓဟူးနေ့တွင် ကြိုဆိုခဲ့သည်။

ယခု ဆောင်ရွက်မှုသည် တရားမဝင် လုပ်သားများ မှတ်ပုံတင်ရန် အထောက်အကူပြုမည် ဖြစ်ပြီး ထိရောက်သော ပြန်ပို့မှုများကို အဆင်ပြေ ချောမွေ့စေလိမ့်မည်။

နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်အရ ထိုင်းအာဏာပိုင်များက မြန်မာ အလုပ်သမားများအား ထိုင်းတွင် ၂ နှစ် နေထိုင်ခွင့် လိုင်စင် ထုတ်ပေးမည် ဖြစ်သည်။

မစ္စတာ ချာလန်ချိုင်းနှင့် ဦးမောင်မြင့်သည် ရနောင်းရှိ နိုင်ငံသား စီစစ်ရေး စင်တာကို သွားရောက်ကာ နယ်စပ် ဖြတ်ကူးခွင့် လက်မှတ်များကို ထုတ်ပေးခဲ့ကြသည်။ လတ်တလော မြန်မာ အလုပ်သမား ၄၀၀ ခန့် စိစစ်ရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်နေကြသည်။

ယခု စင်တာကသည် တရားမဝင် အလုပ်သမားများ မှတ်ပုံတင်ခြင်းကို အချိန်မီ လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ ၂၀၀၉ ဇူလိုင် ၁၀ ရက်မှ ၂၀၁၀ ဇူလိုင် ၁၀ ရက် အတွင်း တာချီလိတ်၊ ဗစ်တိုးရီးယား အငူနှင့် မြဝတီရှိ ရုံးခွဲများတွင် တစ်ရက်လျှင် အလုပ်သမား ၃၀၀ မှ ၅၀၀ အထိ မှတ်ပုံတင်ခဲ့ကြပြီး စုစုပေါင်း အရေအတွက် ၁၂၂၁၄၇ ဦး ရှိသည်ဟု သတင်း ရရှိသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.