Transparency Myanmar

transparency.myanmar@gmail.com

Xinhua News, 17th July 2010

မြန်မာ အာဏာပိုင်များသည် ယခုနှစ် ဇွန်လ အတွင်း မူးယစ် ဆေးဝါး ဆက်စပ် အမှုတွဲ ၁၈၉ ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး အမျိုးသမီး ၇၃ ဦး အပါအဝင် အပြစ်ရှိသူ တရားခံ ၃၁၇ ဦးကို အရေးယူ အပြစ်ပေးခဲ့ကြောင်း မူးယစ် နှိမ်နှင်းရေး အာဏာပိုင်များ စနေနေ့က ထုတ်ပြန်သည့် လစဉ် ကိန်းဂဏန်းများ အရ သိရှိရသည်။

အမှုတွဲများတွင် စိတ်ကြွဆေးပြား အမှုတွဲ ၅၈ ခုက အများဆုံး ဖြစ်ပြီး ဘိန်းဖြူ အမှု ၄၆ မှု၊ ဘိန်း ၃၄ မှုနှင့် ဆေးခြောက် ၁၃ မှု တို့အသီးသီး ပါဝင်သည် ဟု ဆိုသည်။

ဇွန်လ အတွင်း ကိန်း ၂၃.၃ ကီလိုဂရမ်၊ ဘိန်းဖြူ ၁.၁ ကီလိုဂရမ်၊ ဆေးခြောက် ၂.၈ ကီလိုဂရမ် နှင့် စိတ်ကြွ ဆေးပြား ၁၇၆ ၅၀၂ ပြားကို အာဏာပိုင်များက သိမ်းဆည်း ရမိခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။

ယခင်က မေလအတွင်း မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါး အမှုတွဲ ၂၃၇ မှု ဖော်ထုတ်နိုင်ခဲ့ပြီး အမျိုးသမီး ၈၅ ဦး အပါအဝင် တရားခံ ၃၉၅ ဦးကို အရေးယူ အပြစ်ပေးခဲ့သည်ဟုလည်း သိရှိရသည်။

မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးမှု လုံးဝ ပပျောက်ရန် ၁၉၉၉ မှ ၂၀၁၄ အထိ ၅ နှစ် စီမံကိန်း ၃ ဆင့်ဖြင့် ၁၅ နှစ် စီမံကိန်း ရေးဆွဲ အကောင်အထည် ဖော်ခဲ့ရာ ယခုအခါ စီမံကိန်း၏ နောက်ဆုံး ၅ နှစ် ကာလသို့ ဝင်ရောက်နေပြီ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

IPS, 21st June 2010

ဇွန်လ၏ မုတ်သုံ မိုးရေစက်များ နှင့်အတူ တိုက်တိုက်ဆိုင်ဆိုင် စာသင်နှစ် တစ်ခု စတင်ခြင်းသည် နှစ်စဉ် ထုံးစံ တစ်ခုပင် ဖြစ်သည်။ ယခု တစ်ကြိမ် ကျောင်းများ ဖွင့်ချိန်တွင်လည်း စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံမှ မိဘပြည်သူများမှာ အများသင် အစိုးရ စာသင်ကျောင်းများရှိ ၎င်းတို့၏ ကလေးများ အတွက် မူလတန်း ပညာရေး ကုန်ကျစရိတ်ကို တွက်ချက် ပူပန်လျက် ရှိကြသည်။

အရှေ့တောင် အာရှ မြန်မာနိုင်ငံတွင် မူလတန်း ပညာရေးသည် အခမဲ့ မသင်မနေရ ပညာရေး ဖြစ်သည်ဟု အခိုင်အမာ ဆိုထားသော ဥပဒေများ ရှိထားသော်လည်း စီးပွားရေး ခေါင်းကိုက်နေသော မိဘများမှာ နှစ်တစ်နှစ်၏ ယခုအချိန်ကို ကိုယ့်အားကိုယ်ကိုး ကိုင်တွယ်သွားရန် မှတပါး အခြားမရှိ ဟု မြို့တော်ဟောင်း ရန်ကုန်မှ အမည် မဖော်လိုသူ မိဘတစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံပိုင် စာသင်ကျောင်းများတွင် ကလေးများအား ကျောင်းအပ်နှံစဉ် မိဘများအား ရန်ပုံငွေ ကောက်ခံသည့် ကျောင်းများအား အရေးယူမည် ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ခဲ့ပြီးသည့် တိုင်အောင် ကျန်ရှိနေဆဲ အကျင့်များကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည်ဟု အဆိုပါ ကျောင်းသား မိဘက ပြောသည်။

"စာသင်ကျောင်း အများစုက မူလတန်း ကျောင်းသား မိဘတွေဆီက အဆောက်အဦး ထိန်းသိမ်းစရိတ်၊ ပရိဘောဂကြေးနဲ့ စာအုပ်ဖိုးတွေ ရဖို့ မျှော်လင့်ထားကြတာပါ၊ ကျောင်းဖွင့်စ ပထမဆုံးလကတော့ ကျောင်းသားမိဘတွေ အတွက် ကုန်ကျစရိတ် အများဆုံးပါ၊ တစ်နှစ်စာ အလှူငွေ ပေးကြရလို့ပါ'' ဟု ချင်းမိုင် အခြေစိုက် NGO အဖွဲ့ Human Rights Education Institute of Burma မှ ညွှန်ကြားရေးမှူး အောင်မျိုးမင်းက အတည်ပြု ပြောကြားသည်။

အစိုးရ ကတိပြုထားသော အခမဲ့ ပညာရေး စနစ်အတွက် ယခုကဲ့သို့ အလှူငွေ ကောက်ခံမှုသည် တစ်နှစ်စာ အတွက် ကျပ်တစ်သိန်း (ဒေါ်လာ ၁၀၀) ခန့် အထိ ရှိသည်ဟု ၎င်းက ခန့်မှန်းသည်။ "မတတ်နိုင်တဲ့ မိသားစု အတွက်တော့ သိပ်များတဲ့ ပမာဏပါ၊ လစာငွေ ၂ သိန်းကျပ် (ဒေါ်လာ ၂၀၀) လောက်ရတဲ့ မြန်မာ လူလတ်တန်းစား အရာရှိ တစ်ယောက်ရဲ့ တစ်လစာ လခကို တဝက်လောက် ကုန်သွားနိုင်ပါတယ်'' ဟု ၎င်းက ဆိုသည်။

မြန်မာ ပညာရေးစနစ် အတွက် ပူပန်ရသော ကုန်ကျစရိတ်မှာ ဤမျှ မကသေးပါ။ အစိုးရ ပံ့ပိုးသော ပညာရေး စနစ်တွင် အလယ်တန်း ပညာရေး တက်ရောက်သင်ကြားမည့် ကျောင်းသား တစ်ယောက် အတွက် ကျောင်းဖွင့်ချိန်၌ တစ်နှစ်စာ အလှူငွေ ကျပ် ၂သိန်း (ဒေါ်လာ ၂၀၀) ခန့် ပေးရန် မိဘများက မျှော်လင့်ထားရလိမ့်မည် ဖြစ်သည်။

"အတန်းကြီးလာလေ၊ ပိုက်ဆံ ပိုပေးရလေပါပဲ၊ ကုန်ကျစရိတ် အလှူခံမှု ပုံစံကတော့ မူလတန်း ကျောင်းတွေနဲ့ အတူတူပါပဲ၊ အဆောက်အဦး၊ ပရိဘောဂ၊ စာအုပ်ဖိုး စသဖြင့်ပေါ့" ဟု ကျောင်းသားမိဘ တစ်ဦးက ဆိုသည်။

ရန်ကုန်၊ မန္တလေး စသော မြို့ကြီးများမှာ ကျောင်းသား မိဘများ အခြေခံ ပညာရေး ကုန်ကျစရိတ်များ ဖြင့် နပန်းလုံးနေရသည့် အချိန်တွင် မြန်မာနိုင်ငံ၏ လူဦးရေ ပမာဏများသည့် ရှမ်းနှင့် ကရင်ကဲ့သို့သော တိုင်းရင်းသား လူမျိုးများ နေထိုင်ရာ ဝေးလံ ခေါင်ဖျား ဒေသများတွင် အခြေအနေ ဆိုးဝါးလျက် ရှိသည်။

မြန်မာစစ်တပ်နှင့် တိုင်းရင်းသား သူပုန်များ အကြားမှ ဆယ်စုနှစ် များစွာကြာ ပဋိပက္ခများကြောင့် တိုင်းရင်းသား ကလေးငယ်များ ပညာ သင်ကြားရေး ဆိုင်ရာ ရင်းမြစ်များ ပျက်စီးခဲ့ရသည်ဟု ထိုင်းနိုင်ငံရောက် မြန်မာ အမျိုးသမီးများ အခွင့်အရေး လှုပ်ရားသူ တစ်ဦးက ပြောကြားသည်။

"ကျေးရွာ စာသင်ကျောင်းတွေမှာ အရည်အချင်းပြည့် သင်ကြားရေး ဝန်ထမ်း အနည်းငယ်ပဲ ရှိတယ်၊ ဒီတော့ ကလေးတွေကို ကျောင်းကောင်းကောင်းကို ပို့ရတဲ့ အတွက် မိဘတွေ ပိုက်ဆံ ပိုကုန်ပါတယ်'' ဟု ချင်းမိုင် အခြေစိုက် Women's League of Burma မှ အထွေထွေ အတွင်းရေးမှူး လွယ်အေးနန်းက ဆိုသည်။ "အလယ်တန်း ကျောင်းသားတွေ အတွက် ကျူရှင် လိုအပ်ပါတယ်၊ မိဘတွေ ကုန်ကျစရိတ် ပိုများပြီပေါ့'' ဟု သူမက ပြောကြားသည်။

အကျိုးဆက်အားဖြင့် အိမ်ထောင်စုများတွင် ကျောင်းစရိတ်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချသည့် အခါ မိန်းကလေးများက တန်ဖိုးကြီးကြီး ပေးဆပ်နေရခြင်းသည် Women's League of Burma WLB ကဲ့သို့သော လူ့အခွင့်အရေး အဖွဲ့များကို စိုးရိမ်သောက ရောက်စေသည်။ "မြို့ပေါ်မှာ ဖြစ်စေ၊ နယ်မှာဖြစ်စေ ဖြစ်နိုင်ခြေ ရှိတဲ့ ထုံးစံကြီး တစ်ခုကတော့ မိဘတွေဟာာ ယောက်ျားလေးတွေကို ကျောင်းဆက်ထားပြီး မိန်းကလေးတွေကို ကျောင်းထုတ်တာပါပဲ၊ ကျောင်းစရိတ်က အကန့်အသတ် ရှိနေပြီ ဆိုရင် မိန်းကလေးတွေ ကျောင်းဆက်တက်ဖို့ မိသားစုဝင်တွေက အားမပေးကြပါဘူး'' ဟု လွယ်အေးနန်းက IPS သို့ ပြောကြားခဲ့သည်။

သက္ကရာဇ် ၂၀၀၀ ကုလသမဂ္ဂ ညီလာခံတွင် နိုင်ငံတကာ ခေါင်းဆောင်များ ချမှတ်ထားသော ပညာရေးနှင့် ကျား၊မ မခွဲခြားရေး ရည်မှန်းချက်များကို မြန်မာနိုင်ငံက ပြည့်မီအောင် ဆောင်ရွက်ရမည့် ကိစ္စကို အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများ ကျယ်ကျယ်လောင်လောင် ပြောဆိုနေခြင်းမှာ အံ့သြစရာ မရှိလှပါ။ ထိုနှစ် ညီလာခံတွင် ကုလသမဂ္ဂ အဖွဲ့ကြီးက ၂၀၁၅ အမှီ ပြီးမြောက်ရမည့် အချိန်ကိုက် ရည်မှန်းချက် ၈ ခု ပါဝင်သည့် ထောင်စုနှစ် ဖွံ့ဖြိုးရေး ပန်းတိုင်များ (MDGs) ကို ချမှတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

အဆုံးစွန် ဆင်းရဲတွင်း နက်နေသူများ အရေအတွက် လျှော့ချရေး HIV/ AIDS ၊ ငှက်ဖျား၊ အဆုတ် တီဘီရောဂါ စသော လူသတ် ရောဂါများ တိုက်ဖျက်ရေး စသော ရည်မှန်းချက်များ အပြင် ကျား/မ မခွဲခြားရေးနှင့် အမျိုးသမီးများ၏ အခွင့်အရေး အပါအဝင် ကမ္ဘာလုံးကျွတ် အခြေခံ ပညာ တတ်မြောက်ရေးတို့ကို ၂၀၁၅ နောက်ဆုံးထား၍ ပြီးမြောက် အောင်မြင်အောင် အကောင်အထည် ဖော်ရန် ကမ္ဘာ့ခေါင်းဆောင်များက သဘောတူခဲ့ကြသည်။

မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများက ၎င်းနိုင်ငံ၏ ထောင်စုနှစ် MDG ပညာရေး ရည်မှန်းချက် ပြည့်မီနိုင်လိမ့်မည်ဟု ပို၍ မျှော်လင့်နေကြသည်။ "မြန်မာနိုင်ငံရဲ့ မူလတန်း ၏ပညာရေး စုစုပေါင်း ကျောင်းအပ်လက်ခံမှု နှုန်းက ၈၄ % ရှိတယ်လို့ ပညာရေး ဝန်ကြီး ဋ္ဌာနနဲ့ ကုလသမဂ္ဂ နောက်ဆုံးရ ကိန်းဂဏန်းတွေ အရ သိရပါတယ်" ဟု မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ Zafrin Chowdhury က ပြောကြားသည်။ "MDG ကျား/မ တန်းတူညီမျှရေး ရည်မှန်းချက် အောင်မြင်ဖို့ မြန်မာနိုင်ငံဟာ လမ်းမှန်ပေါ် ရောက်နေတယ်။ အချိုးကတော့ ယောကျာင်္းလေး ၁၀၀: မိန်းကလေး ၉၈ ပါ" ဟု ၎င်းက ဆိုသည်။

ယခု တိုးတက်မှုကို ကျောင်းဆက်လက် အပ်နှံမှုနှုန်းဖြင့် စစ်ဆေးခြင်း ဖြစ်သည်ဟု သူမက အီးမေးလ် အင်တာဗျူးတွင် ပြောကြားသည်။ "အခြေခံ မူလတန်း ပညာရေး MDG ရည်မှန်းချက် ပြည့်မီဖို့က 'ကျောင်းပြီးမှု' (မူလတန်း အောင်မြင်မှု) နှုန်းပေါ်မှာ တည်မှီနေတယ်၊ လောလောဆယ်မှာတော့ ကျောင်းအပ် လက်ခံတဲ့ နှုန်းလောက် မများသေးပါဘူး" ဟု သူမက ဆိုသည်။

သို့သော်လည်း မြန်မာနိုင်ငံသည် ၁၉၄၈ ဗြိတိသျှ ကိုလိုနီ အုပ်စိုးမှု အပြီးတွင် ဒေသတွင်း နိုင်ငံများ အကြား၌ စာတတ်မြောက်မှု နှုန်းထား အမြင့်ဆုံးဖြင့် ကျော်ကြားခဲ့သော သမိုင်း ရှိခဲ့ဖူးပေရာ ပညာရေး အခွင့်အရေး လှုပ်ရှားသူများအား  လက်ရှိ အနေအထား အဆင့်လောက်ဖြင့် စည်းရုံး ဆွဲဆောင်၍ မရပါ၊ မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းတွင်မူ ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံအဖြစ်သို့ အဆင့် လျှောကျသွားခဲ့ခြင်း ဖြစ်သည်။

ပညာရေး ကဏ္ဍ အပေါ် အစိုးရ လတ်တလော ကတိပေးမှုကို တိုင်းပြည်တွင်း ပြည်သူ့ အသုံးစရိတ် စာရင်းများအရ ဆိုလျှင် ထင်ယောင်ထင်မှား ဖြစ်စရာ ရှိသည်။ စစ်ဖက် အုပ်ချုပ်သူများသည် ထိုင်းနိုင်ငံသို့ သဘာဝ ဓါတ်ငွေ့ ရောင်းချမှုမှ ပွပေါက် တိုးလျက် ရှိကာ ၂၀၀၀ မှ ၂၀၀၈ အတွင်း ဓါတ်ငွေ့ ရောင်းချမှု ဝင်ငွေ အမေရိကန် ဒေါ်လာ ၈ ဘီလျံ ရရှိခဲ့သည်ဟု သိရှိရသည်။

တစ်ချိန်တည်းတွင် စစ်ဖက် အစိုးရသည် ၎င်း၏ အင်အား ၄ သိန်းခွဲ တပ်မတော် အတွက် လစာပေးရန် နိုင်ငံတော် ဘတ်ဂျက်၏ ၄၀ % မှ ၆၀ % အထိ သုံးစွဲနေသည်။ ယခုအချိန် အထိ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍ အတွက် သုံးစွဲမှုမှာ နိုင်ငံတော် ဘတ်ဂျက်၏ ၀.၅ % နှင့် ၀.၄ % မျှသာ ရှိသည်ဟု လန်ဒန် အခြေစိုက် မဟာဗျူဟာ လေ့လာရေး ဆိုင်ရာ နိုင်ငံတကာ ဋ္ဌာန၏ အစီရင်ခံစာတွင် သိရှိရသည်။

"အခြေခံ ပညာရေး MDG ရည်မှန်းချက်ကို မြန်မာနိုင်ငံက အောင်မြင်အောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ နိုင်ငံတွင်းက ကုလသမဂ္ဂ အရာရှိတွေက ယုံကြည်နေကြတယ် ဆိုရင်တောင် ကျွန်တော်ကတော့ မမျှော်လင့်ပါဘူး" ဟု HREIB မှ အောင်မျိုးမင်းက သုံးသပ်သည်။ "ကျောင်းသား မိဘတွေ အလှူငွေ ပုံစံနဲ့ ပေးနေရတဲ့ ပိုက်ဆံထက် ပိုများတဲ့ ပမာဏကို ကျောင်းတွေ အတွက် သုံးစွဲမယ်လို့ အစိုးရက တကယ်လို့များ ကတိပေးခဲ့ရင်တော့ တစ်မျိုးပေါ့လေ'' ဟု ၎င်းက ပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပြီးခဲ့သည့် ဧပြီလက ပြဋ္ဌာန်းခဲ့သော နိုင်ငံတော် အရေးပေါ် အခြေအနေ အမိန့်ကို ထိုင်းအစိုးရ အနေဖြင့် ပြန်လည် ရုပ်သိမ်းရန် အမေရိကန် ပြည်ထောင်စု၏ ထိပ်တန်း သံတမန်က တိုက်တွန်း ပြောဆိုလိုက်သည်။

အဆိုပါ နိုင်ငံတော် အရေးပေါ် အခြေအနေ အမိန့်သည် မတည်မငြိမ်မှုများကို ထိန်းချုပ်ရန် လိုအပ်သည်ဟု ထိုင်းအစိုးရ အာဏာပိုင်များက ပြောဆိုသော်လည်း လေ့လာ သုံးသပ်သူများက ယင်းအမိန့်သည် အစိုးရ အတိုက်အခံများ အသံတိတ် ငြိမ်ဝပ် ပိပြားစေရန် ဖြစ်ပြီး လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကန့်သတ် ချုပ်ခြယ်ရာ ရောက်သည်ဟု ဆိုသည်။

ထိုင်းအစိုးရ အနေဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံတွင်း ယုံကြည် စိတ်ချရသော ရွေးကောက်ပွဲ တစ်ရပ် ထွက်ပေါ်လာစေရန် ဖိအား ပေးသင့်ကြောင်းလည်း အဆိုပါ အမေရိကန် သံတမန် Bill Burns က တိုက်တွန်းလိုက်သည်။

ထိုင်းနိုင်ငံ အရေးပေါ် အခြေအနေ အမိန့်သည် ဖြစ်နိုင်လျှင် အမြန်ဆုံး ရုပ်သိမ်းသင့်နေပြီ ဖြစ်သည်ဟု ထိုင်းအစိုးရ အရာရှိကြီးများကို ပြောဆိုထားကြောင်း ၎င်းက ဆိုသည်။ အရေးပေါ် အခြေအနေ အမိန့် ဟူသည် အစိုးရ အနေဖြင့် နိုင်ငံတွင်း တရားဥပဒေ စိုးမိုးရေး အလို့ငှာ စစ်တပ်များ ဖြန့်ကြက်ချထားခွင့် ပြုပြီး မည်သူ တစ်ဦးတစ်ယောက်ကို မဆို ခြွင်းချက်မရှိ တစ်လအထိ ဖမ်းဆီး ထိန်းသိမ်းနိုင်ကာ မီဒီယာ ရေးသားမှုများကိုလည်း ဆင်ဆာ ဖြတ်တောက်နိုင်ခွင့် ရှိသည်။

ထိုင်းအာဏာပိုင်များက ပြီးခဲ့သည့် ဇွန်လတွင် မြို့တော် ဘန်ကောက် အပါအဝင် အခြား ပြည်နယ်ပေါင်း ၁၈ ခုအတွက် အရေးပေါ် အခြေအနေကို နောက်ထပ် သုံးလအထိ ဆက်လက် တိုးမြှင့် သတ်မှတ်ခဲ့သည်။ မတည်မငြိမ်မှုများကို ကာကွယ် ဟန့်တားရေးအတွက် တင်းကျပ်သော ထိန်းချုပ်မှုများ လိုအပ်သည်ဟု အစိုးရက ဆိုသည်။

ဘန်ကောက် မြို့တော်ရှိ နာမည်ကျော် ချူလာလောင်ကွန် တက္ကသိုလ်၌ ပြောကြားရာတွင် မစ္စတာ Bill Burns က အရေးပေါ် အခြေအနေ ရုပ်သိမ်းရေးသည် ထိုင်းနိုင်ငံ အကျိုးစီးပွားအတွက် ဖြစ်သည်ဟု ဆိုပြီး ယင်းအမိန့် ဒီကရီများသည် မည်သည့် ဒီမိုကရေစီ စနစ်မျိုးကိုမဆို ကောင်းကျိုး မပြုနိုင်ကြောင်း မှတ်ချက် ပေးလိုက်သည်။

"ပြောရရင် ထိုင်းခေါင်းဆောင်တွေ အားလုံး ဒိုင်ယာလော့ခ်နဲ့ ပြန်လည် သင့်မြတ်ရေး လုပ်ဖို့၊ ထိုင်းပြည်သူတွေရဲ့ နာကြည်းချက်တွေကို အသိအမှတ်ပြုဖို့ နဲ့ ညီတူမျှတူ ဖြစ်ပြီး ဘက်လိုက်မှု မရှိတဲ့ ဥပဒေ စည်းမျဉ်း စည်းကမ်းတွေ ထွက်ပေါ်ဖို့အတွက် ဒီကိစ္စဟာ အင်မတန် အရေးကြီးပါတယ်" ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလတွင် အစိုးရ ဆန့်ကျင်သူ ဆန္ဒပြ အုပ်စုများက ပါလီမန် အဆောက်အအုံထဲသို့ ထိုးဖောက် ဝင်ရောက်ခဲ့ရာ ထိုင်းခေါင်းဆောင်များ ရဟတ်ယာဉ်ဖြင့် ထွက်ပြေးခဲ့ရမှု ဖြစ်ပွားပြီးနောက် အစိုးရ အာဏာပိုင်များက အဆိုပါ အရေးပေါ် အမိန့်ကို စတင် ထုတ်ပြန်လိုက်သည်။

မတ်လနှင့် မေလတို့တွင် ထောင်နှင့် ချီသော ဆန္ဒပြ အုပ်စုကြီးက ဘန်ကောက်မြို့တော်၏ အချက်အချာ ကျသော နေရာများတွင် အခြေချ နေထိုင်ကာ ထိုင်းအစိုးရ အဖွဲ့ အမြန်ဆုံး ဖျက်သိမ်းပြီး ရွေးကောက်ပွဲသစ် တစ်ရပ် ကျင်းပပေးရန် တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြ ပြည်သူများနှင့် စစ်သားများ အကြား ဖြစ်ပေါ်ခဲ့သော ပဋိပက္ခကြောင့် လူပေါင်း ၉၀ သေဆုံးခဲ့ပြီး ၂၀၀၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်။ အများစုမှာ အရပ်သားများ ဖြစ်သည်။

ထိုင်းနိုင်ငံ အနေဖြင့် ဒေသတွင်း ဦးဆောင်မှု ပြုလုပ်ကာ အိမ်နီးချင်း မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ကျင်းပရန် ရှိသည့် ရွေးကောက်ပွဲ ကာလအတွင်း နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်နိုင်ရေးအတွက် ဖိအားပေးရန် အဆိုပါ အမေရိကန် သံတမန်က တိုက်တွန်းသည်။

"နိုင်ငံရေး သမားတွေ အားလုံး ပါဝင်နိုင်ပြီး လွတ်လပ်ပြီး မျှတမှုရှိတဲ့ ရွေးကောက်ပွဲ တစ်ရပ် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ဖို့ ထိုင်းနဲ့ အမေရိကန် နှစ်နိုင်ငံစလုံး ညီတူမျှတူ စိတ်ဝင်စားမှု ရှိပါတယ်။ ပထမ အဆင့်ကတော့ Stakeholder တွေ အားလုံး ကြားမှာ စစ်မှန်တဲ့ ဒိုင်ယာလော့ခ် တစ်ရပ် ထွက်ပေါ်လာပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ တွန်းအား ပေးသွားရပါမယ်" ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံ အပါအဝင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံ အတော်များများသည် စစ်အစိုးရနှင့် ကုန်သွယ်မှု ပြုလုပ်ပြီး လူ့အခွင့်အရေး ကိစ္စများကို မသိကျိုးနွံပြုမှုကြောင့် များစွာ ပြစ်တင် ဝေဖန်ခံနေရသည်။ အမေရိကန် ပြည်ထောင်စုသည် ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံနှင့် စေ့စပ် ညှိနှိုင်းရေး မူဝါဒသစ် တစ်ရပ်ကို စတင် ကျင့်သုံးခဲ့သည်။ သို့သော် မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူသည့် မူဝါဒကို ဥရောပ သမဂ္ဂ၊ ကနေဒါ နှင့် အခြား အနောက် နိုင်ငံများနှင့်အတူ ကျင့်သုံးနေဆဲပင် ဖြစ်သည်။

VOA သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံသည် တံခါးပိတ် စီးပွားရေးစနစ်ကို လုံးလုံးလျားလျား ဖွင့်လှစ်လိုက်ပြီး စားသုံးသူ ကုန်ပစ္စည်း ဝယ်လိုအား လွန်စွာ ကြီးမားလာပြီ ဖြစ်ရာ ယခု အချိန်သည် ဗီယက်နမ် စီးပွားရေး ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းများ တင်ပို့ပြီး နိုင်ငံတွင်း ဝင်ရောက် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် အကောင်းဆုံး အချိန် သမယပင် ဖြစ်ကြောင်း ဗီယက်နမ် စီးပွားရေး ကျွမ်းကျင်သူများက သုံးသပ် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် တရားဝင် ဖွင့်လှစ်ထားပြီ ဖြစ်သောကြောင့် စီးပွားရေး ယှဉ်ပြိုင်မှု ပြင်းထန်လျက် ရှိရာ ဈေးကွက်တွင်း ဝင်ရောက်ရာ၌ အခက်အခဲများ ရှိမည် ဖြစ်သည်ဟု ဗီယက်နမ် စီးပွားရေး ကျွမ်းကျင်သူများ၏ ပြောကြားချက်များကို ကိုးကား၍ Vietnam Economic Times သတင်းစာက ရေးသား ဖော်ပြသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်း ကုန်ထုတ်လုပ်မှုသည် ဈေးကွက် ဝယ်လိုအား၏ ၁၀ ရာခိုင်နှုန်းကိုသာ ဖြည့်စွမ်း ပေးနိုင်သည့်အတွက် ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများ အပေါ် လွန်စွာ မှီခိုနေရကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး Chu Cong Phung က ပြောကြားသည်။

"ဗီယက်နမ် ထုတ်ကုန်တွေ မြန်မာနိုင်ငံ ဈေးကွက်ထဲကို ဝင်ရောက်နိုင်ဖို့ အခွင့်အရေးတွေ အများကြီး ရှိတယ်" ဟု ၎င်းက ဆိုသည်။

မြန်မာ-ဗီယက်နမ် အကောက်ခွန် ဌာနများ အဆိုအရ နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးမှာ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် တွင် အမေရိကန် ဒေါ်လာ ၉၃ သန်းသို့ ရောက်ရှိခဲ့သည်။ သို့သော် ၂၀၀၈ ခုနှစ်နှင့် နှိုင်းယှဉ်ကြည့်လျှင် ၁၄ ဒဿမ ၁ ရာခိုင်နှုန်း လျော့ကျခဲ့ခြင်း ဖြစ်သည်။ ဗီယက်နမ်သည် မြန်မာနိုင်ငံသို့ ကုန်ပစ္စည်း အများဆုံး တင်ပို့သည့် နိုင်ငံများ စာရင်းတွင် ၁၄ နေရာ၌ ရှိသည်။ အဓိက တင်ပို့သည့် ပစ္စည်းများမှာ စတီး၊ ဆေးဝါး၊ ကျန်းမာရေး ပစ္စည်း၊ ထုတ်ကုန် ပစ္စည်းများနှင့် အလှကုန် ပစ္စည်းများ ဖြစ်သည်။

ယခု ၂၀၁၀ ပြည့်နှစ် ပထမ ငါးလအတွင်း နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုမှာ ဒေါ်လာသန်း ၇၀ အထိ ရောက်ရှိခဲ့သည်။ ယင်း ပမာဏသည် ယမန်နှစ် ပထမ ငါးလပတ်ထက် နှစ်ဆခန့် မြင့်တက်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ ကုန်ပစ္စည်း တင်သွင်းသူများသည် ပို့ကုန် တင်ပို့သူများလည်း ဖြစ်ရာ ၎င်းတို့ အနေဖြင့် ငွေပေးချေမှုနှင့် ငွေလက်ခံ ရယူမှုတို့တွင် ပြဿနာ ရှိမည် မဟုတ်ကြောင်း သံအမတ်ကြီး Chu Cong Phung က ဆိုသည်။ သို့သော် မြန်မာနိုင်ငံ စီးပွားရေးသည် ယနေ့ အချိန်အထိ ပိတ်ပင် ခံထားရသည့်အတွက် ဈေးနှုန်းများမှာ ကမ္ဘာလုံး ဆိုင်ရာ ဈေးကွက်နှင့် နှိုင်းယှဉ်ကြည့်ပါက နိမ့်ကျနေသေးကြောင်း ၎င်းက မှတ်ချက်ပေးသည်။

ဗီယက်နမ်သည် မြန်မာနိုင်ငံရှိ စီမံကိန်း အခု ၂၀ တွင် ဒေါ်လာ ၁၇၃ သန်းဖိုး ဝင်ရောက် ရင်းနှီး မြှုပ်နှံထားသည်။ စီးပွားရေး အခွင့်အလမ်းများနှင့် အလားအလာများ မည်သို့ပင် ရှိနေစေကာမူ ထောက်ပံ့ငွေများအပေါ် အခြေပြုထားသည့် ဗျူရိုကရက်တစ် စီးပွားရေးစနစ်နှင့် ငွေပေးချေမှုများ ပြုလုပ်ရန် ဘဏ်လုပ်ငန်း စနစ်များ ကောင်မွန်မှု မရှိသည့် ကိစ္စများ အပါအဝင် အခက်အခဲများ အားလုံးကို ဗီယက်နမ် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် အထူးပင် အာရုံစိုက်သင့်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ဗီယက်နမ် ရင်းနှီးမြှုပ်နှံရေးနှင့် ဖွံ့ဖြိုးရေးဘဏ် (BID) မှ Hoang Huy Ha က ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရေးအတွက် ငွေကြေး အရင်းအနှီး ဒေါ်လာသန်း ၂၀၀ ဖြင့် မြန်မာနိုင်ငံတွင် ဘဏ်ခွဲတစ်ခု မကြာမီ ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း ပြောကြားသည်။

Thanhnienews မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 17th July 2010

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော အနောက်နိုင်ငံ အရေးယူ ပိတ်ဆို့မှုများကို လစ်လျူရှုခြင်းဖြင့် ဗီယက်နမ်၏ ခြေလှမ်းအတိုင်း လိုက်ရန် စီစဉ်လျက် ရှိသည်။

ပြည်တွင်း နိုင်ငံရေး အကျပ်အတည်းမှ  နိုးထကာစတွင် ကုန်သွယ်ရေးနှင့် ရင်းနှီမြှုပ်နှံမှု အသစ်များ ကြိုးပမ်း မြှင့်တင်ရန် အတွက် ကမ္ဘာတစ်ပတ် ခရီးထွက်မည့် ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗားသည် မြန်မာနိုင်ငံတွင် ပထမဆုံး ခရီးတစ်ထောက် ရပ်နား လိမ့်မည်ဟု ဆိုသည်။

ထိုင်း-မြန်မာ စီးပွားရေး ကောင်စီမှ တဆင့် မြန်မာနှင့် ထိုင်းကုမ္ပဏီများ အကြား ဆွေးနွေးပွဲများ ကျင်းပခဲ့ပြီးနောက် ယခုကဲ့သို့ အဘီဆစ်၏ ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံသည် သဘာဝ ဓါတ်ငွေ့ ပမာဏ ကြီးမားစွာ အဓိက ဝယ်ယူခြင်းဖြင့် မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံ အဖြစ် ရပ်တည်နေဆဲ ဖြစ်သကဲ့သို့ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍမှသည် ခရီးသွား စီးပွားရေး လုပ်ငန်း အတွက် ဟိုတယ် တည်ဆောက်မှုများ အထိ ကျယ်ပြန့်သော ကူးသန်း ရောင်းဝယ်ရေး အကျိုး စီးပွားများတွင်လည်း ပါဝင် ပတ်သက်နေသည်။

မြန်မာ အစိုးရက ကတိပေးထားသော ရွေးကောက်ပွဲများနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အနာဂတ် စသည်တို့ကို ဆွေးနွေးရန် ရည်ရွယ်ထားသည်ဟု အဘီဆစ်က ပြောကြားခဲ့သော်လည်း အကဲခတ် လေ့လာသူများကမူ သြဂုတ် လဆန်းတွင် သွားရောက်မည်ဟု မျှော်လင့်ရသော ခရီးစဉ်၏ အဓိက ဦးစားပေး ကိစ္စမှာ ကုန်သွယ်ရေး ဖြစ်လိမ့်မည်ဟု တင်ပြခဲ့ကြသည်။

"ထိုင်းဝန်ကြီးချုပ် အတွက် မဖြစ်မနေ အရေးပါတဲ့ အရာ နှစ်ခု ရှိပါတယ်၊ နံပါတ်(၁) ကတော့ အချိန် တော်တော်ကြာအောင် ကမ္ဘာ့ခေါင်းကြီးပိုင်း သတင်းဖြစ်ခဲ့တဲ့ ဘန်ကောက်လမ်းတွေပေါ်က ရုန်းရင်း ဆန်ခတ်မှုတွေ အပြီးမှာ အခု စီးပွားရေး အတွက် တံခါး ဖွင့်ထားပါပြီလို့ သတင်းပေးချင်တာပါ၊ နံပါတ် (၂) ကတော့ အာဆီယံ အဖွဲ့အတွင်း ကုန်သွယ်ရေး အတားအဆီးတွေ ဖယ်ရှားမယ့် အစီအစဉ် စတင်ဖို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ ဆန္ဒစော ပူပန်နေတဲ့ ကိစ္စပါ'' ဟု ဘန်ကောက် မြို့တော် အနောက်နိုင်ငံ သံရုံးမှ စီးပွားရေး ကောင်စစ်ဝန် တစ်ဦးက ယခုအပတ်တွင် ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားအောင် မြှင့်တင်ပေးဖို့ အာဆီယံ နိုင်ငံတွေ ဘယ်လို ကတိပေးခဲ့ကြတယ် ဆိုတာ ကျွန်တော်တို့ အားလုံး သိပြီးသားပါ'' ဟု အမည် မဖော်လိုသူ အရာရှိက ပြောကြားခဲ့ကြောင်းလည်း သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Weekly Business found up, 17th July 2010

မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှုသည် ယခုနှစ် ပထမ လေးလပတ် အတွင်း အလွန်အမင်း ကျဆင်းသွားကာ ၂၀၀၉ ပထမနှစ်ဝက် တင်ပို့ခဲ့သော ပမာဏ၏ သုံးပုံ တစ်ပုံသာ တင်ပို့နိုင်ခဲ့သည်ဟု သိရှိရသည်။

အသစ် ဖွဲ့စည်းလိုက်သော မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်း (MRIA) မှတဆင့် ဆန်တင်ပို့ကုန် ထိထိရောက်ရောက် မြှင့်တင်မည့် အစီအစဉ်များကို အစိုးရက ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ အလွန်အမင်း ကျဆင်းသွားခြင်း ဖြစ်သည်။

အစိုးရနှင့် မြန်မာ ကုန်သည်ကြီးများ အသင်းမှ ယခုအပတ် ထုတ်ပြန်သော ကိန်းဂဏန်းများအရ ယခုနှစ် ဇွန်လကုန် အထိ တင်ပို့ခဲ့သော ဆန်ပမာဏမှာ မက်ထရစ် တန်ချိန် ၂၇၆၁၈၀ သာ ရှိခဲ့သည်ဟု သိရှိရသည်။

၂၀၀၉ ခုနှစ် အလားတူ ကာလတွင် ဆန်တန်ချိန် ၇၅၀ ၁၀၀ တင်ပို့နိုင်ခဲ့သည်။

ယခု ဆန်ပို့ကုန် ကျဆင်းမှု အတွက် အကြောင်းရင်းကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း "ကမ္ဘာ့ဆန် ပိုလျှံမှုကြောင့် ဈေးနှုန်းများ ကျဆင်းကာ ပို့ကုန် ကဏ္ဍကို ထိခိုက်စေခဲ့သည်'' ဟု MRIA ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားကြောင်း ရိုက်တာ သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

ယခင်နှစ် မြန်မာ ဆန်ပို့ကုန် မြင့်တက်ခဲ့ခြင်းကြောင့် ယခုနှစ် အစောပိုင်းတွင် ထိုင်း ဆန်စက် လုပ်ငန်းရှင်များ အသင်းတွင် သတိပေး ခေါင်းလောင်း မြည်ခဲ့ပြီး မြန်မာနိုင်ငံက ဆန်ပမာဏ တိုးမြှင့်တင်ပို့ ရောင်းချလာခြင်းသည် ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူ ထိုင်းနိုင်ငံ အပေါ် သက်ရောက်မှု ရှိနိုင်သည်ဟု သတိပေးခဲ့ကြသည်။

သို့သော်လည်း မြန်မာ့ ဆန်ပို့ကုန်၏ ၈၀ % ကျော်မှာ အရည်အသွေးနိမ့်၊ ဆန်ကျိုးများ ဖြစ်၍ ဆင်းရဲသော အာဖရိက တိုင်းပြည်များတွင်သာ ဖောက်သည် ရရှိနိုင်လိမ့်မည်ဟု သြစတြေးလျ Macquarie University မှ မြန်မာ့စီးပွားရေး လေ့လာသူ ပါမောက္ခ Sean Turnell က သုတေသနပြု ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အိန္ဒိယနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာအောင် အားပေး အားမြှောက် ပြုလုပ်ပေးသင့်ကြောင်း အမေရိကန် ပြည်ထောင်စုက တိုက်တွန်းလိုက်သည်။ နယူးဒေလီ အစိုးရသည် အရှေ့တောင် အာရှ ဒေသနိုင်ငံ ဖြစ်သော မြန်မာတွင် အရေးပါသော အခန်းကဏ္ဍမှ တက်ကြွစွာ ပါဝင်သူ တစ်ဦး ဖြစ်သည်ဟု အမေရိကန် အစိုးရက မှတ်ချက်ပြု ပြောဆိုသည်။

"ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးကိစ္စနှင့် ပတ်သက်ပြီး အိန္ဒိယနိုင်ငံက ပါဝင် ဆွေးနွေးတဲ့ ပုဂ္ဂိုလ်တွေနဲ့ စကား ပြောဆိုထားပြီးပါပြီ။ မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်းက ပြောဆို ဆက်ဆံတဲ့ နေရာမှာ အိန္ဒိယနိုင်ငံဟာ အင်မတန် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိတယ် ဆိုတဲ့ အချက်ကို အိန္ဒိယက အဆွေတော်တွေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောဆိုထားပြီးပါပြီ" ဟု အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က သတင်းထောက်များကို ပြောဆိုသည်။

မြန်မာနိုင်ငံတွင်း အိန္ဒိယနိုင်ငံ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ မေးမြန်းသော မေးခွန်းအပေါ် မစ္စတာ Kurt Campbell က တုံ့ပြန် ပြောဆိုရာတွင် အိန္ဒိယနိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံတွင်း ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရေး၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် တာဝန်ယူမှုများ ပိုမို ပြုလုပ်လာနိုင်ရေး အစရှိသည်တို့ ဖြစ်ပေါ်ရန် မြန်မာနိုင်ငံမှ ဆွေးနွေး ညှိနှိုင်းသူများကို အားပေး အားမြှောက် ပြုလုပ်ပေးရန် တိုက်တွန်း ပြောဆိုထားသည်ဟု ဆိုသည်။

အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်း မြန်မာနိုင်ငံ အပေါ် ထားရှိသည့် မဟာဗျူဟာ အကျိုးစီးပွားကို အမေရိကန် ပြည်ထောင်စုက သတိရှိစွာဖြင့် အလေးထား ရှိခဲ့ပါကြောင်း၊ သို့သော် မိမိတို့ အနေဖြင့် မြန်မာနိုင်ငံ စစ်အစိုးရ ခေါင်းဆောင်များ ပို၍ တာဝန်ရှိသော ရွေးချယ်မှုများ ပြုလုပ်လာရေးအတွက် အရှေ့တောင် အာရှဒေသမှ နိုင်ငံများ အားလုံးနှင့် အနီးကပ် လုပ်ကိုင် ဆောင်ရွက်လိုပါကြောင်း မစ္စတာ Kurt Campbell က ဆိုသည်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယက ကြားဝင် ဆွေးနွေး ညှိနှိုင်းပေးတဲ့ သူတွေ အနေနဲ့ ပိုပြီး တက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင် လုပ်ကိုင်ပေးဖို့နဲ့ နှစ်ကာလ အတော်ကြာ အဲလို အဆင့်မျိုး ရောက်အောင် လုပ်ကိုင်ခဲ့တယ် ဆိုတဲ့ အချက်ကို သူတို့နဲ့ ပြောဆိုထားပါတယ်" ဟု မစ္စတာ Kurt Campbell က ပြောသည်။

မစ္စတာ Kurt Campbell သည် ယခုနှစ် အစောပိုင်း ကာလတွင် အိန္ဒိယ နိုင်ငံသို့ သွားရောက်ပြီး မြန်မာနိုင်ငံ အပါအဝင် အိန္ဒိယ၏ အရှေ့မျှော် မူဝါဒ (Look East Policy) နှင့် ပတ်သက်၍ အစိုးရ အရာရှိကြီးများနှင့် ဆွေးနွေး ညှိနှိုင်းခဲ့သည်။

မစ္စတာ Kurt Campbell ၏ အဆိုအရ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် ယခု ရက်သတ္တပတ် အတွင်း ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပမည့် အာဆီယံ ဒေသတွင်း ဖိုရမ်သို့ တက်ရောက်ပြီး အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး SM Krishna နှင့် အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်သည်။ ယင်း ဆွေးနွေးပွဲသို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ အရေးပါသော နိုင်ငံများ အပါအဝင် အာရှ ဒေသတွင်း အင်အားကြီး နိုင်ငံကြီးများ ဖြစ်သော ဂျပန်၊ တောင်ကိုရီးယား၊ တရုတ် အပြင် သြစတြေးလျနှင့် နယူးဇီလန်တို့လည်း တက်ရောက်မည် ဖြစ်သည်။

"အဲဒီ ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ အချိန်မှာ မြောက်ကိုရီးယား အရေးကိစ္စ၊ အရှေ့တောင် အာရှဒေသတွင်း လုံခြုံရေးကိစ္စ၊ အာရှ ဖွဲ့စည်း တည်ဆောက်ပုံ အဆင့်ဆင့် အပြောင်းအလဲမှာ အမေရိကန် ပြည်ထောင်စုရဲ့ အခန်းကဏ္ဍ အစရှိတာတွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ ကွဲကွဲပြားပြား ဆွေးနွေး နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ကြိုတင် မျှော်လင့်ထားပါတယ်" ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။

"ဗီယက်နမ် နိုင်ငံကို ရောက်နေခိုက် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် အနေနဲ့ နှစ်ဦးနှစ်ဖက် အပြန်အလှန် ဆွေးနွေးမှုတွေ အတော်များများ ပြုလုပ်ပါလိမ့်မယ်။ တရုတ်၊ အိန္ဒိယ အပါအဝင် အာဆီယံက အရေးပါတဲ့ နိုင်ငံတွေနဲ့ အပြန်အလှန် ဆွေးနွေးမှုတွေ လုပ်မှာ ဖြစ်ပါတယ်" ဟု မစ္စတာ Campbell က ပြောသည်။

PTI သတင်းဌာနမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB, 15th July 2010

ယခင်လထုတ် Foreign Policy မဂ္ဂဇင်းက မြန်မာ အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ရောဘတ် မူဂါဘီနှင့် ကင်ဂျုံအီးတို့၏ နောက်တွင် ကမ္ဘာ့ တတိယ အဆိုးဆုံး အာဏာရှင် အဖြစ် အဆင့် သတ်မှတ်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၁၉၉၂ မှစ၍ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ပြီး၊ နိုင်ငံရေး အတိုက်အခံများကို ဖယ်ရှားရန်နှင့် တစ်ခါက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းရင်းသား အုပ်စုများကို စစ်အစိုးရ၏ တိုက်ရိုက် ထိန်းချုပ်မှု အောက်သို့ သိမ်းသွင်းရန် စီမံကိန်း ချ၍ လုပ်ဆောင်ခဲ့သည်။

လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ရုံးတင် စစ်ဆေးရန် တောင်းဆိုသည့် အသံများ ကျယ်လောင်လာသော်လည်း ဗိုလ်ချုပ်မှူးကြီးကမူ ယခုနှစ်ကုန် ရွေးကောက်ပွဲများ ပြီးလျှင် ကန့်လန့်ကာ နောက်ကွယ်မှ နေ၍ တိုင်းပြည်ကို အာဏာဖြင့် ထိန်းကျောင်းရန် စီစဉ်နေပုံ ရသည်။ "Than Shwe: Unmasking Burma Tyrant" အတ္ထုပ္ပတ္တိသစ်ကို ရေးသားသူ Christian Solidarity World Wide မှ Benedict Rogers က "အကြောင်း အချက်ပေါင်း များစွာသည် အမှန်တကယ်၌ ဇင်ဘာတွေ၏ ရက်စက်သော မူဂါဘီထက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပိုမို ဆိုးဝါးကြောင်းကို ပြသနေသည်" ဟု DVB သို့ ပြောကြားလိုက်သည်။

မေး     ။ ခင်ဗျား သန်းရွှေနဲ့ မဆုံဘူးဘဲနဲ့ ဒီလိုမျိုး အတ္ထုပ္ပတ္တိကို ဘယ်လိုများ ရေးခဲ့တာလဲ။

ဖြေ     ။ ဟုတ်ပါတယ်။ သိပ်ကောင်းတဲ့ မေးခွန်းပါပဲ။ ကျွန်တော့်မှာ စိန်ခေါ်မှုတွေ အများကြီး ရှိခဲ့တာ အထင်အရှားပါပဲ။ သူနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ရှာဖွေရတာ အကန့်အသတ် ရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို အများကြီး ကူညီခဲ့တဲ့ အဓိက ဇစ်မြစ် ၃ ခု ရှိပါတယ်။ ပထမ တစ်ခုက မြန်မာ စစ်တပ်ကို စွန့်ခွာလာတဲ့ တပ်ပြေးတွေပါ။ တချို့က သူ့ဘဝ တလျှောက် ဖြတ်သန်းမှု အမျိုးမျိုးကို သိထားသူတွေ ဖြစ်လို့ သူ့ရဲ့ အတွင်းကျကျ ဇာတ်လမ်းတွေ အများကြီးကို ကျွန်တော့်ကို မျှဝေကြတယ်လေ။ ဒုတိယ တစ်ချက် အနေနဲ့ နိုင်ငံတကာ သံတမန်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ဟောင်းတွေ၊ ကုလသမဂ္ဂ အထူး အရာရှိဟောင်း Razali Ismail နဲ့ ကုလသမဂ္ဂ အရာရှိတွေ အများကြီးကို အင်တာဗျူးခဲ့တာပါ။ တတိယ တစ်ချက်ကတော့ မြန်မာ အစိုးရ ဆန့်ကျင်သူတွေ၊ နိုင်ငံရေးသမားတွေ ဆီကနေ အကူအညီ အများကြီး ရခဲ့တာပါ။ သူတို့ဟာ ဗိုလ်ချုပ်မှူးကြီးနဲ့ ပုဂ္ဂိုလ်ရေးအရ မသိကျွမ်းပေမယ့် မျှဝေစရာ သတင်းတွေ အများကြီး ရှိကြတယ်လေ။ ဒါကြောင့် တပ်ပြေးတွေ၊ သံတမန်တွေနဲ့ အစိုးရ ဆန့်ကျင်သူတွေဆီကနေ ကျွန်တော် အကူအညီ ရခဲ့ပါတယ်။ သူတို့က ကျွန်တော့်ရဲ့ အဓိက သတင်းရင်းမြစ်တွေပါ။

မေး     ။ ခင်ဗျား လေ့လာရေး သွားခဲ့တဲ့ နေရာတွေ အကြောင်း ပြောပါဦး။

ဖြေ     ။ ကျွန်တော့်ရဲ့ အလုပ်ဖြစ်တဲ့ Christian Solidarity Worldwide ရဲ့ တာဝန် အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ခရီးသွားခဲ့ရပါတယ်။ မြန်မာနိုင်ငံကိုလည်း တစ်နည်းနည်းနဲ့ ပုံမှန် ရောက်လေ့ ရှိပါတယ်။ ဒီစာအုပ် အတွက် သုတေသန လုပ်တဲ့ အနေနဲ့ ကွဲပြားတဲ့ နယ်စပ်ဒေသတွေကို သွားခဲ့ပါတယ်။ ထိုင်းနယ်စပ်၊ အိန္ဒိယ နယ်စပ်၊ တရုတ် နယ်စပ်တွေ ဆီကိုပေါ့။ ပြီးတော့ ရန်ကုန်ကိုလည်း သွားခဲ့တယ်။ နေပြည်တော်ကို တစ်ရက် ခရီးသွားခဲ့လို့ ကြည့်ရှု လေ့လာဖို့ အခွင့်အလမ်း ရခဲ့ပါတယ်။ ဒါ့အပြင် လူတွေနဲ့ အင်တာဗျူး လုပ်ဖို့ တခြား နေရာတွေကိုလည်း သွားခဲ့ပါတယ်။ မလေးရှားမှာ၊ ထိုင်းမှာ၊ ဂျပန်မှာ၊ အမေရိကန် ပြည်ထောင်စုမှာ၊ ဗြိတိန်မှာ လူတော်တော်များများနဲ့ ကျွန်တော် တွေ့ဆုံခဲ့ပါတယ်။ ဒီစာအုပ်ရေးဖို့ တစ်နှစ်ကျော်လောက် အချိန်ယူခဲ့ရတယ်။ အသေအချာ ပြောရရင် ၁၄ လ၊ ၁၅ လ လောက် ရှိမှာပေါ့။

မေး     ။ တကယ်လို့များ သန်းရွှေနဲ့ တွေ့ဖို့ အခွင့်အရေး ရမယ်ဆိုရင် ဘာမေးမှာလဲ။

ဖြေ     ။ တကယ်လို့ သူ့ကို မေးခွန်းတစ်ခု မေးဖို့ အခွင့်အရေး ရမယ်ဆိုရင် "ဘာကြောင့်များ အစိုးရကို ဦးဆောင်ပြီး ကိုယ့်ပြည်သူတွေ အပေါ်မှာ ဒီလောက် များပြားတဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတာလဲ" လို့ ကျွန်တော် သူ့ကို မေးမှာပါ။ စစ်ပွဲ လက်နက် အဖြစ် မုဒိန်းမှု ကျူးလွန်တာ၊ အဓမ္မ ခိုင်းစေတာ၊ နှိပ်စက် ညှင်းပန်းတာ၊ ကလေး စစ်သားတွေ အသုံးပြုတာ၊ ရွာတွေကို ဖျက်ဆီးတာ စသဖြင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု တသီကြီးဟာ ကမ်းကုန်နေပြီ ဖြစ်တာကြောင့် ဗိုလ်ချုပ်မှူးကြီးရဲ့ အပြစ်ရှိမှုဟာ ကြီးမားလွန်းပါတယ်။ ဒါ့ကြောင့် လူသား တစ်ယောက် အနေနဲ့ သူ့ကို ကျွန်တော် မေးမယ့် မေးခွန်းက "ဒါနဲ့ ပတ်သက်လို့ ဘယ်လို ခံစားရသလဲ။ ဘာကြောင့် လူသားတွေ အပေါ်ကို ရာဇဝတ်မှုတွေ ဆက်ပြီး ကျူးလွန်နေသလဲ။ နိုင်ငံ ခေါင်းဆောင် တစ်ယောက် ဖြစ်ရမယ့် အစား စစ်ရာဇဝတ်ကောင် တစ်ယောက်လို့ မြင်ကြအောင် ကိုယ့်ကိုကိုယ် ခွင့်ပြုမှာလား" အစရှိသဖြင့် မေးခွန်းတွေပေါ့။

မေး     ။ ဒီအာဏာရှင်ရဲ့ အားသာမှု အများဆုံး အချက်၊ အားအနည်းဆုံး အချက်၊ အရက်စက်ဆုံး အချက်က ဘာတွေ ဖြစ်မလဲ။

ဖြေ     ။ ကျွန်တော့် အထင် ပြောရရင် သူဟာ ပြည်သူတွေကို ကြိုးကိုင် ချယ်လှယ်၊ လွှမ်းမိုးတဲ့ နေရာမှာ၊ သွေးကွဲအောင် လုပ်တဲ့ နေရမှာ အလွန့်အလွန် ကျွမ်းကျင်ပါတယ်။ သွေးခွဲပြီး အုပ်ချုပ်တာဟာ သူ့ရဲ့ မဟာစွမ်းအားပါပဲ။ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း လမ်းလွဲစေပါတယ်။ သူ့အပေါ် ကျရောက်နေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဖိအားတွေ လျော့သွားရုံ၊ တွက်ချက်ပြီး ကတိတွေ ခဏခဏ ပေးပါတယ်။ ပြီးရင် ပေးထားတဲ့ ကတိရဲ့ အနည်းငယ်လောက်ပဲ လုပ်ပြပါတယ်။ ဒါပေမယ့် သူဟာ နိုင်ငံတကာ အသိုင်းအဝိုင်း တမျှော်မျှော်နဲ့ စောင့်ရင်း၊ အချိန်ကုန်အောင် လုပ်တဲ့ နေရာမှာ သိပ်ကျွမ်းကျင်ပါတယ်။ သူ့ရဲ့ အားနည်းချက်ကတော့ သူဟာ ဆုံးဖြတ်ချက် ပြတ်သားတဲ့ လူမဟုတ်ဘူးလို့ လူတွေက ပြောကြပါတယ်။ သူက ဆုံးဖြတ်ချက် ချဖို့ အချိန် အကြာကြီး ယူလေ့ရှိပြီး ဆုံးဖြတ်ချက် ချတဲ့ အချိန်မှာလည်း ရက်စက် ပြင်းထန်လွန်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လေ့ ရှိပါတယ်။ ရွှေဝါရောင် တော်လှန်ရေးကို ဥပမာ အနေနဲ့ ပြောရရင်၊ တကယ်လို့များ ဗိုလ်ချုပ်ကြီး ခင်ညွန့် ရှိနေမယ်ဆိုရင် ဆန္ဒပြပွဲတွင် ကြီးထွားမလာခင်မှာ ရက်စက်မှု အနည်းဆုံး၊ သွေးစွန်းမှု အနည်းဆုံးနဲ့ အမြန်ဆုံး နှိမ်နင်းနိုင်မှာ ဖြစ်ပြီး၊ အခုတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဆန္ဒပြပွဲတွေ ကြီးမားလာအောင် ကြီးထွားခွင့် ပေးခဲ့ပြီးမှ အစွန်းရောက် ရက်စက်မှုများနဲ့ ဖြိုခွဲခဲ့တာကို တွေ့ရပါတယ်လို့ ပြည်သူတွေက ပြောကြပါတယ်။

ဒါဟာ အတိုက်အခံတွေကို ရှင်းလင်းဖို့ အတွက် စေ့စပ် သတိထားတဲ့ နည်းလမ်း တစ်ခုလို့ ခင်ဗျား ပြောနိုင်ပါတယ်။ ပြီးတော့ ဘယ်သူ ထွက်ပေါ်လာပြီး ရှင်းလင်းပစ်တယ် ဆိုတာကိုလည်း တွေ့ရမှာပါ။ ဒါပေမယ့် အခုလို ဆုံးဖြတ်ချက် တစ်ခု ချဖို့ အချိန်တွေ ကြာနေတာဟာ သူ့ရဲ့ အားနည်းချက်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ သူဟာ မူလ ဗီဇ အတွေးအခေါ်သမား တစ်ယောက် မဟုတ်ပါဘူး။ အခု ရွေးကောက်ပွဲ အတွက် လုပ်နေတဲ့ အစီအစဉ်နဲ့ အခြေခံ ဥပဒေကို ကြည့်ရင် မြန်မာ့ ပထမဆုံး အာဏာရှင် ဦးနေဝင်း ၁၉၇၀ တုန်းက လုပ်ခဲ့တဲ့ အတိုင်း ပြန်လုပ်နေတာကို တွေ့ရမှာပါ။ သမိုင်း တစ်ပတ် လည်တာမျိုးပေါ့။ ဒါကြောင့် ကျွန်တော်ကတော့ သူ့မှာ အကြံဥာဏ် သိပ်ကို နည်းပါးတယ်လို့ ယူဆပါတယ်။

သူ့ရဲ့ အရက်စက်ဆုံး စရိုက် လက္ခဏာကတော့၊ သူ့ရဲ့ ပြည်သူတွေ အပေါ် အကြင်နာ၊ ဂရုဏာ လုံးဝ မရှိတာကတော့ ရှင်းနေပါတယ်။ နာဂစ်စ် ဆိုင်ကလုန်း ဝင်ပြီးတဲ့နောက် သူဟာ နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီနဲ့ ကယ်ဆယ်ရေး လုပ်သားတွေကို ခွင့်ပြုဖို့ အချိန် အတန်ကြာ ငြင်းဆန်နေခဲ့တာကို မှတ်မိကြမှာပါ။ တကယ်လို့သာ သူဟာ ဒီဘဝ အန္တရာယ်ကို သနား ဂရုဏာ အပြည့်အဝနဲ့ တုန့်ပြန် ဆောင်ရွက်ခဲ့မယ်ဆိုရင် အသက်ပေါင်း များစွာကို ကယ်တင်နိုင်ခဲ့မှာပါ။ ဒါ ဥပမာ တစ်ခုပါ။ ကျွန်တော်ကတော့ သူဟာ သူ့ရဲ့ ပြည်သူတွေ အပေါ်မှာ ကရုဏာ၊ အကြင်နာ လုံးဝ ကင်းမဲ့တဲ့ လူတစ်ယောက် ဖြစ်တယ်လို့ ယူဆပါတယ်။

မေး     ။ သန်းရွှေကို ဘယ်လို သုံးသပ်မလဲ။

ဖြေ     ။ သူဟာ အစိုးရ အဖွဲ့ ထိပ်ဆုံး ရာထူးကို ယူထားသူ တစ်ယောက်၊ အကြွင်းမဲ့ အာဏာကို ချုပ်ကိုင်ထားသူ တစ်ယောက်၊ ပြီးတော့ အာဏာကို နည်းလမ်း ပေါင်းစုံနဲ့ ချုပ်ကိုင်ထားသူ တစ်ယောက်လို့ ကျွန်တော် ယူဆပါတယ်။ ဒါ့အပြင် သဘောထား ကွဲလွဲ ဆန့်ကျင်မှုတွေကို လုံးဝ သည်းမခံတဲ့ လူတယောက်၊ ဆန့်ကျင်သူတွေကို ကြိတ်ချေပစ်တဲ့ နေရာမှာ၊ ပြိုင်ဖက်တွေကို ဖယ်ရှားပစ်တဲ့ နေရာမှာ ကျွမ်းကျင်တဲ့ လူတစ်ယောက်ပါ။ ဒါပေမယ့် သူ့ရဲ့ စစ်သား ဘဝ သက်တမ်းမှာ ကြိုးစားခဲ့တာမျိုးလည်း မရှိပါဘူး။ သူဟာ ရိုးရိုးတန်းတန်း သာမန် အရာရှိ တစ်ယောက်သာ ဖြစ်ခဲ့ပါတယ်။ ထူးချွန် ထက်မြက်တဲ့ စစ်သားတစ်ယောက် အဖြစ် လူသိများခဲ့ခြင်းလည်း မရှိပါ။ သူ့ရဲ့ ရည်မှန်းချက်တွေ၊ ဗီဇတွေကိုလည်း ဖုံးကွယ်ထားခဲ့ပါတယ်။ ဒီတော့ လူတွေက သူ့ကို အန္တရာယ်ကောင်လို့ မထင်ခဲ့ကြဘူးပေါ့။ သူကတော့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ရာထူးတွေ တက်လာခဲ့ပါတယ်။ ပြီးတော့ တကယ့်ကို ထုံထုံထိုင်းထိုင်း ပုံစံမျိုးပါ။ ဒါပေမယ့်လည်း သူဟာ ထိပ်ဆုံး ရောက်တဲ့ အချိန်ကျမှ အာဏာကို နည်းပေါင်းစုံနဲ့ ချုပ်ကိုင်ဖို့ ဆုံးဖြတ်ထားတာကို ပြသခဲ့ပါတယ်။

မေး     ။ Foreign Policy မဂ္ဂဇင်းက သန်းရွှေကို ကမ္ဘာ့ တတိယ အဆိုးဆုံး အာဏာရှင်လို့ သတ်မှတ်တာကို ခင်ဗျား သဘောတူပါသလား။

ဖြေ     ။ သဘောတူတာပေါ့ဗျာ။ ဒုတိယနဲ့ တတိယ နေရာ အတွက် သန်းရွှေနဲ့ မူဂါဘီတို့ အကြား ယှဉ်ပြိုင်မှုဟာ မတိမ်းမယိမ်း ရှိနေတယ်လို့ ကျွန်တော် အမှန်တကယ် ယူဆတယ်။ ကင်ဂျုံအီးကတော့ အဆိုးဆုံး ဖြစ်လို့ နံပါတ်တစ် နေရာ အတွက် သံသယ ရှိစရာ မလိုပါဘူး။ ဒါပေမယ့် သန်းရွှေဟာ တချို့နေရာတွေမှာ မူဂါဘီထက် ပိုဆိုးတယ်လို့ ကျွန်တော် ယူဆတယ်။ ဘာကြောင့်လဲဆိုရင် အနည်းဆုံးတော့ မူဂါဘီဟာ ဇင်ဘာဘွေ အတိုက်အခံ ဒီမိုကရေစီ သမားတွေနဲ့ သဘော တူညီမှု အချို့ ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ချို့ယွင်းချက် များလွန်းတဲ့ သဘော တူညီချက် ဖြစ်ပြီး မူဂါဘီဟာ အာဏာရှင် အဖြစ် ရက်စက်မှုတွေကို ဆက်လက် ပြသခဲ့ပေမဲ့ အနည်းဆုံးတော့ ဇင်ဘာဘွေ အစိုးရထဲမှာ အတိုက်အခံ အုပ်စုတွေကို အထိုက်အလျှောက် ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ သန်းရွှေကတော့ အတိုက်အခံတွေကို အပြည့်အဝ သုတ်သင် ဖယ်ရှားဖို့ ကြိုးစားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ဖမ်းဆီးထားပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ကိုယ်ပိုင် အမြင်ကို ပြောရရင် သန်းရွှေဟာ ဒုတိယ နေရာ အတွက် မူဂါဘီကို အနိုင်ယူနိုင်တယ်လို့ ထင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူဟာ ဒုတိယ နေရာ (သို့) တတိယ နေရာနဲ့ ထိုက်တန်သူ တစ်ဦးပါ။

မေး     ။ တကယ်လို့ သန်းရွှေ အနားယူမယ်ဆိုရင် အစိုးရ တစ်ဖွဲ့လုံး သူနဲ့အတူ အနားယူမှာလား။

ဖြေ     ။ မဖြစ်နိုင်ပါဘူး။ သန်းရွှေ တကယ်လို့ ဆင်းသွားရင် အရာအားလုံး အဆင်ပြေသွားလိမ့်မယ်လို့ ယူဆမယ်ဆိုရင် အမှားကြီး မှားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် တခြား စစ်ဗိုလ်ချုပ်တွေကလည်း အလွန် ရက်စက် ကြမ်းကြုတ်ပြီး သူတို့ရဲ့ ကိုယ်ပိုင် အကျိုးစီးပွားတွေကို ကာကွယ်လို့ စိတ်ပြင်းပြ နေတယ်ဆိုတာ အရမ်း သိသာပါတယ်။ ဒါကြောင့် ရက်စက်တဲ့ အာဏာရှင် သန်းရွှေလိုပဲ ရက်စက်တဲ့ အစိုးရ အဖွဲ့ ဖြစ်တယ်လို့ ဆိုရပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ သူဟာ အစိုးရ အဖွဲ့မှာ နံပါတ်တစ် ဆိုတာ သံသယ ဖြစ်စရာ မလိုပါဘူး။ သူက အစိုးရ အဖွဲ့ကိုလည်း အမှန်တကယ် ထိန်းချုပ်ထားနိုင်ပါတယ်။ သူအနားယူမယ်လို့ ပြောတာဟာ ဘာဖြစ်မလဲ။ ဒီတော့ ဘယ်တုန်းကမှ စုစုစည်းစည်း အစိုးရ အဖွဲ့တစ်ခု မဟုတ်ခဲ့ဘူးလို့ ကျွန်တော် ယူဆပါတယ်။ ဒါဟာ သန်းရွှေ တစ်ယောက်ထဲရဲ့ အာဏာရှင် အုပ်ချုပ်မှုပါ။ ဒါပေမယ့် သူမရှိတော့တဲ့ အချိန်မှာ နောက်ထပ် အာဏာရှင် တစ်ယောက် မပေါ်တော့ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးနော်။ ဒီနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု မရှိဘူးဆိုရင် အာဏာရှင် နောက်တစ်ယောက် အလွယ်တကူ ပေါ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံက စစ်အုပ်ချုပ်ရေးဟာ အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲ အလားအလာကို ထုတ်ဖော်ပေးမှာ မဟုတ်ပါဘူး။

မေး     ။ သူ့နေရာကို ဘယ်သူ ရမလဲ။

ဖြေ     ။ အင်း။ ဒီကိစ္စက လုံးလုံးလျားလျား မသဲကွဲသေးဘူးဗျ။ အစိုးရအဖွဲ့ နံပါတ်သုံး ဗိုလ်ချုပ်ကြီး ရွှေမန်းကို ဆက်ခံသူ အဖြစ် ရွေးချယ်ထားတယ်လို့ လူအများစုက ပြောနေကြပေမယ့် သူဟာ အသုံးတည့်ခဲ့သလောက် မျက်နှာသာ ပေးမခံရဘူးလို့လဲ တချို့ သတင်းတွေက ဆိုပါတယ်။ တကယ်လို့များ သန်းရွှေ မနက်ဖြန် မရှိတော့ဘူးဆိုရင် လက်ရှိ နံပါတ်နှစ် မောင်အေးက နံပါတ်တစ် ဖြစ်မယ်ဆိုတာ ရှင်းနေတယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် တကယ်လို့ သန်းရွှေက သူ့ရည်ရွယ်တဲ့ အတိုင်း ဆက်ခံရေး ကိစ္စကို လျှို့ဝှက် စီစဉ်နိုင်ခဲ့မယ် ဆိုရင်တော့ ဆက်ခံသူ တစ်ယောက် ရွေးချယ်ပြီး အနားယူတာမျိုး ဖြစ်နိုင်ပါတယ်။ သူနဲ့အတူ မောင်အေးပါ အနားယူဖို့ သန်းရွှေက ဆုံးဖြတ်ထားတာပါ။ ဒီတော့ သန်းရွှေသာ စီစဉ်ထားတဲ့ လမ်းအတိုင်း သွားနိုင်ခဲ့ရင် မောင်အေးဟာ ဆက်ခံသူ မဖြစ်နိုင်တော့ပါဘူး။ အဲဒီအချိန် ရောက်ရင် လူအများစု ထင်ကြသလို ရွှေမန်း ဖြစ်မလား။ ဒါမှမဟုတ် တခြားတစ်ယောက် ဖြစ်မလား ဆိုတာကတော့ လုံးဝ မသဲကွဲသေးပါဘူး။ ဒါပေမဲ့လည်း ဖြစ်နိုင်တဲ့ ဇာတ်ကွက် တစ်ခုလို့တော့ ပြောလို့ ရပါတယ်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Ttgtravelhub.net, 16th July 2010

ထိုင်းနိုင်ငံ အခြေစိုက် KR Commercial and Property ကုမ္ပဏီ၏ လုပ်ငန်းခွဲ Pearl Lagura အပန်းဖြေ လုပ်ငန်းသည် အမေရိကန် ဒေါ်လာ ၁၅ သန်း ကုန်ကျမည့် ကြယ်ငါးပွင့် ဟိုတယ် တစ်ခုကို မြန်မာနိုင်ငံ တောင်ဖက်တွင် တည်ဆောက်လျက် ရှိသည်။

၂၀၁၂ ဒီဇင်ဘာလ ၎င်းဟိုတယ် ဖွင့်လှစ်သည့် အခါ တနင်္သာရီတိုင်းတွင် အကြီးဆုံး အပန်းဖြေ ခရီးသွား စီးပွားလုပ်ငန်း ဖြစ်လာလိမ့်မည်။ မြိတ်မြို့နယ် အတွင်း တည်ရှိသော အမည် မပေးရသေးသည့် အပန်းဖြေ ဟိုတယ်ကို အပိုင်းလိုက် ဖွင့်လှစ်သွားမည် ဖြစ်သည်။ အခန်း ၆၀ ခန့်ကို ပထမ ဖွင့်လှစ်မည် ဖြစ်ကာ ဒုတိယ အဆင့် အခန်း ၄၀ ကို ဆက်လက် ဆောက်လုပ်မည် ဖြစ်ပြီး လာမည့်နှစ်တွင် စတင်မည်ဟု ဆိုသည်။

၎င်းအပန်းဖြေ ဟိုတယ်တွင် Standard, Suite နှင့် Superior Suite အခန်း သုံးမျိုး သုံးစား ပါဝင်ပြီး ညီလာခံ ခန်းမ၊ အစည်းအဝေးခန်းများ၊ စားသောက်ဆိုင်များ၊ ရေကူးကန်၊ အားကစား ခန်းမ၊ ဈေးဝယ်စင်တာနှင့် အခွန်လွတ် အရောင်းဆိုင်များလည်း ပါဝင်သည်ဟု သိရသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AP, By Kwang-Tae Kim, 16th July 2010

မြောက်ကိုရီးယား စစ်တပ်သည် အမေရိကန် ဦးဆောင်သော ကုလသမဂ္ဂ ညွှန်ကြားရေးမှူးရုံးနှင့် ရှားရှားပါးပါး တွေ့ဆုံစဉ်တွင် မတ်လက တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ ကိုယ်ပိုင် စစ်ဆေးမှုများ ပြုလုပ်လိုကြောင်း ပြန်လည် ပြောကြားလာသည်။

နိုင်ငံတကာ စုံစမ်း စစ်ဆေးသူများသည် မေလက စစ်ဆေးမှုများ ပြီးစီးသွားရာ မြောက်ကိုရီးယား ရေငုပ်သင်္ဘောက တော်ပီဒိုဖြင့် ပစ်ခတ်ခြဲ့ခင်း ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။ ဆိုးလ်ကမူ ယခု တိုက်ခိုက်ခံရမှုသည် ၁၉၅၀-၅၃ ကိုရီးယား စစ်ပွဲပြီးကတည်းက အဆိုးဝါးဆုံး တိုက်ခိုက်ခံရမူ ဖြစ်ကြောင်း ပြောခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့က အဆိုပါ ကိစ္စသည် ၁၉၅၃ ခုနှစ် ကိုရီးယား စစ်ပွဲ ပြီးဆုံးရန် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။ ပြုံးယမ်းက သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ တာဝန်မရှိကြောင်း ငြင်းဆိုခဲ့ပြီး၊ ၎င်းအား ပြစ်ဒဏ်ခတ်မှုများ ပြုခဲ့ပါက စစ်ပွဲ ဖြစ်စေမည် ဖြစ်ကြောင်း သတိပေးခဲ့သည်။

ပြီးခဲ့သည့် အပတ်က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ကြေညာချက် ထုတ်ပြန်ခဲ့ရာ သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ ရှုတ်ချခဲ့သော်လည်း မြောက်ကိုရီးယားကို တိုက်ရိုက် အပြစ်တင်ခဲ့ခြင်း မရှိပေ။

ကြာသပတေးနေ့က နယ်စပ်ရှိ စစ်တပ် ကင်းမဲ့ဇုန်ရှိ Panmunjom ရွာတွင် မြောက်ကိုရီးယား စစ်တပ်မှ ဗိုလ်မှူးကြီး အဆင့်ရှိသူများနှင့် ကုလသမဂ္ဂ ကွပ်ကဲမှုရုံးမှ တာဝန်ရှိသူများ မိနစ် ၉၀ ကြာ တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံရာတွင် မြောက်ကိုရီးယားတို့က အခင်းဖြစ်ပွားရာ နေရာသို့ ပြုံယမ်းမှ စစ်ဆေးသူများ သွားရောက်ခွင့် ပြုရန် အလေးထား ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနက ကြာသပတေးနေ့ နှောင်းပိုင်းတွင် သတင်း ထုတ်ပြန်ခဲ့သည်။

ယခု ဗိုလ်မှူးကြီး အဆင့် ဆွေးနွေးပွဲ အောင်မြင်သည့် အထိမ်းအမှတ် အဖြစ် စစ်ဆေးရေး အဖွဲ့မှ ကွင်းဆင်း စစ်ဆေးခွင့် ပြုသင့်ကြောင်း ကိုရီးယား ဗဟို သတင်းဌာန (KCNA) က ပြုံးယမ်းမှ ပြောကြားခဲ့သည်။

ဆိုးလ်ကမူ ယခုအထိ တောင်းဆိုမှုကို ပယ်ချခဲ့သည်။ ကုလသမဂ္ဂ ကွပ်ကဲမှု ဌာနကမူ အပစ်အခတ် ရပ်စဲမှုကို အလေးထားသည့် အနေဖြင့် မည်သူ ချိုးဖောက်ကြောင်း အတွက် သီးခြားစီ စုံစမ်း စစ်ဆေးမှု ပြုလုပ်ရန် စီစဉ်ခဲ့သည်။ သို့သော် သက်သေ အထောက်အထားများကိုမူ ထုတ်ဖော်ပြခဲ့ခြင်း မရှိပါ။

နှစ်ဖက်စလုံးက ဒုတိယအကြိမ် ဗိုလ်မှူးကြီး အဆင့် တွေ့ဆုံမှုကို အဆိုပါ နေရာ၌ပင် ဇူလိုင်လ ၂၀ ရက် ဝန်းကျင်တွင် ပြုလုပ်ရန် သဘောတူခဲ့သည်ဟု KCNA က ပြောသည်။

ဝါရှင်တန်တွင် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က ပြောကြားရာတွင် အမေရိကန် ပြည်ထောင်စု အနေဖြင့် သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယား အပေါ် စွပ်စွဲထားချက်များနှင့် ပတ်သက်၍ နည်းလမ်း အမျိုးမျိုး စဉ်းစားလျက် ရှိသည်ဟု ဆိုသည်။

၎င်းက ဆက်လက် ပြောကြားရာတွင် မြောက်ကိုရီးယား အနေဖြင့် ရန်စသည့် အပြုအမူများ မရုတ်သိမ်း မချင်းနှင့် ယခင် နျူကလီယာ လက်နက်က ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် ကျင်းပရန် စိတ်မဝင်စားကြောင်း ပြောသည်။

တစ်ချိန်တည်းမှာပင် တရုတ်နှင့် မြောက်ကိုရီးယားတို့ ကန့်ကွက်နေသည့် ကြားမှ ပင်လယ်ဝါတွင် အမေရိကန်-တောင်ကိုရီးယား ရေတပ် လေ့ကျင့်ခန်း အစီအစဉ်ကို စီစဉ်ထားသည့် အတိုင်း မကြာမီ ပြုလုပ်မည် ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဒုဝန်ကြီး Chang Soo-man က ကြာသပတေးနေ့က ပြောကြားလိုက်သည်။

ရေတပ် လေ့ကျင့်ခန်း အစီအစဉ် မကြာသော ကာလတွင် ပြုလုပ်မည် ဖြစ်ကြောင်း၊ သို့သော် အမေရိကန် လေယာဉ်တင် သင်္ဘောသည် အရှေ့ပင်လယ်တွင်သာ ပါဝင်မည် ဖြစ်ပြီး တရုတ် ရေပိုင်နက် အနီး ပင်လယ်ဝါတွင် ပါဝင်မည် မဟုတ်ကြောင်း Chang က နယူးယောက်တွင် ပြောကြားခဲ့သည်။

တရုတ်က အဆိုပါ ပူးတွဲ ရေတပ် လေ့ကျင့်ရေး အစီအစဉ်ကို ဆန့်ကျင်ကြောင်း ကြာသပတေးနေ့က ထပ်မံ ပြောကြားခဲ့သည်။ ထိုသို့ ပြုမူခြင်းသည် ရှိပြီးသား တင်းမာမှုကို ပိုမို ဖြစ်စေပြီး တရုတ် အကျိုးစီးပွားကိုလည်း ခြိမ်းခြောက်ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.