Transparency Myanmar

transparency.myanmar@gmail.com

Alert Net, 3rd August 2010

မြန်မာနိုင်ငံတွင်း နှစ်ရှည်လများ အစာရေစာ မလုံလောက်မှုကို ခံစားရနေပြီး အဆင်းရဲဆုံး ဒေသတစ်ခု ဖြစ်သည့် အလယ်ပိုင်း ခြောက်သွေ့ဇုန်တွင် ၃ နှစ် ဆက်တိုက် မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် မူလကပင် ပူပြင်းသော ဒေသတွင် အစာရေစာ ငတ်မွတ်မှု ပိုမို ဆိုးဝါးလာနိုင်သည်ဟု မကြာမီ အနားယူမည့် မြန်မာနိုင်ငံမှ ကုလ စားနပ်ရိက္ခာ အေဂျင်စီ အကြီးအကဲက ပြောကြားသည်။

မြန်မာအစိုးရ၏ တင်းကျပ် ချုပ်ချယ်မှုများကြောင့် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် WFP အနေဖြင့် ဒေသတွင်း မြို့နယ် အနည်းငယ်မျှကိုသာ ကူညီနိုင်ခဲ့ပြီး ပြည်တွင်း စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ကယ်ဆယ်ရေး ရိက္ခာ ဖြန့်ဝေရန် ပမာဏကို အကဲဖြတ်ရာတွင် အခက်အခဲများ ဖြစ်ပေါ်စေခဲ့သည်။ မြန်မာနိုင်ငံ တဝှမ်းတွင် လူ ၁၀ ယောက်လျှင် ၁ ယောက် (သို့) လူဦးရေ ၅ သန်းကျော် နေ့စဉ် ငတ်မွတ်လျက် ရှိသည်ဟု ကုလသမဂ္ဂ အစီရင်ခံစာအရ သိရှိရသည်။

မြန်မာနိုင်ငံ အကျယ်အဝန်း၏ ဆယ်ပုံ တစ်ပုံခန့် ရှိသော လူဦးရေ ထူထပ်သည့် မိုးခေါင်ရေရှား အပူပိုင်း ခြောက်သွေ့ဇုန်မှ ငတ်မွတ်မှုကို Kaye က ပြောကြားရာတွင် "ဒီကိစ္စက တငွေ့ငွေ့ လောင်နေတဲ့ ပြဿနာ ဆိုပေမဲ့ ပိုဆိုးလာတယ်လို့ အထောက်အထားတွေက ညွှန်ပြနေပါတယ်'' ဟု ဆိုသည်။

"ပထမတော့ မိုးကျ နောက်ကျတယ်၊ ဒီနောက်မှာ မိုးစရွာလာတော့ လယ်သမားတွေလည်း စပြီး စိုက်ပျိုးကြပါတယ်၊ အဲဒီအချိန် နောက်ပိုင်း မိုးရပ်သွားတယ်၊ ပထမဆုံး စိုက်ခဲ့တဲ့ အပင်တွေက ခြောက်ပြီး သေကုန်ပါပြီ" ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံသည် အရှေ့တောင် အာရှ၏ စပါးကျီဟု တစ်ချိန်က ကျော်ာကားခဲ့သည်။ ထိုနိုင်ငံသည် ယခုအခါ ဒေသတွင်း အဆင်းရဲဆုံး နိုင်ငံတစ်ခု ဖြစ်နေ၍ ကြီးမားသော အစာရေစာ ငတ်မွတ်မှု  ပြဿနာနှင့် ရင်ဆိုင်နေရသည်။ ငတ်မွတ်မှု၏ အကြောင်းရင်းမှာ နယ်မြေဒေသပေါ် မူတည်၍ အမျိုးမျိုး ကွဲပြားလျက် ရှိသည်။

"တိုင်းပြည်မှ စားနပ်ရိက္ခာတွေ ရှိနေပေမဲ့ လိုအပ်တဲ့ နေရာကို မရောက်ပါဘူး၊ တိုင်းပြည်ထဲမှာ ကုန်ပစ္စည်းတွေ၊ တချို့ လူမျိုးစုတွေ ရွှေ့ပြောင်းမှုကို အစိုးရက တင်းကျပ် ချုပ်ချယ်ထားပါတယ်" ဟု Kaye က ဆက်လက် ပြောကြားသည်။

အလယ်ပိုင်း ခြောက်သွေ့ဇုန်မှ သတင်းအချက်အလက် မရနိုင်ခြင်းကြောင့် WFP အနေဖြင့် အာဟာရ လေ့လာမှု အစီရင်ခံစာ အသေးစားများ၊ ဒေသခံပြည်သူတို့၏ စိုးရိမ်ဖွယ်ရာ အာဟာရ ချို့တဲ့မှု အဆင့်အတန်းကို ညွှန်ပြသည့် ပုံပြင်ဆန်ဆန် အထောက်အထားများကိုသာ မှီခို အားထားခဲ့ရသည်ဟု ဆိုသည်။

"အစိုးရက ဒီဒေသကို ပိုပြီး ကူညီစေချင်တယ်လို့ ကျွန်တော်တို့ သိထားပါတယ်၊ ဒါပေမယ့် ဒေသတွင်း မြို့အားလုံးကို ကျွန်တော်တို့ သွားခွင့်ရတဲ့ တိုင်အောင် အကူအညီတွေကတော့ တင်းကျပ်ခြင်း ခံနေရပါတယ်" ဟု Kaye က ပြောကြားသည်။

တစ်ချိန်တည်းတွင် WFP သည် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်း အပါအဝင် မြန်မာနိုင်ငံ အခြားဒေသများတွင် စီမံကိန်းများ တိုးချဲ့လျက် ရှိပြီး လာမည့် ၃ နှစ် အတွက် လူဦးရေ နှစ်သန်းကို ကျွေးမွေးရန် ရည်ရွယ်ထားသည်။

ကုလသမဂ္ဂ အဖွဲ့က လာမည့် ၃ နှစ်စာ အစီအစဉ် အတွက် ရန်ပုံငွေ ထောက်ပံ့ရန် ဒေါ်လာ ၁၂၂ သန်းကို အလှူရှင်များထံ တောင်းခံထားသည်။ အလှူရှင်များသည် မြန်မာ၊ ကမ္ဘောဒီးယား၊ နှင့် လာအိုတို့ အကြားမှ ခြားနားမှုကို သိရှိသည့် အားလျှော်စွာ အဆိုပါ ပိုက်ဆံကို ထောက်ပံ့လိမ့်မည်ဟု Kaye က မျှော်လင့်ထားသည်။ ဤကိစ္စမှာ အမှန်ပင် တရားမျှတမှု မရှိပါ၊ ဥပမာအားဖြင့် ၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံက လူတစ်ဦးလျှင် ၄ ဒေါ်လာနှုန်း ရရှိသည့် အချိန်တွင် ကမ္ဘောဒီးယားက  ၄၇ ဒေါ်လာ လာအိုက  ၆၈ ဒေါ်လာ ရရှိခဲ့သည်ကို တွေ့ရလိမ့်မည် ဖြစ်သည်။

သို့သော်လည်း နာဂစ် ဒဏ်ခံ ဒေသများ အတွက် ကယ်ဆယ်ရေး လုပ်ငန်းများကို ကြီးကြီးမားမား ထောက်ပံ့နေရဆဲ ဖြစ်သောကြောင့် အရေးပေါ် စားနပ်ရိက္ခာ ရန်ပုံငွေ အတွက် အလှူရှင်များက ပိုက်ဆံ ထုတ်/ မထုတ်ကို ရှင်းလင်းစွာ မသိရသေးပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Assam Tribune, 4th August 2010

လက်နက်များသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်များကို ဖြတ်၍ တရားမဝင် ရောင်းဝယ်နေသည်ဟု ထောက်လှမ်းရေး သတင်းများက ဆိုကြောင်း ပြည်ထောင်စု ပြည်ထဲရေး ဝန်ကြီး P Chidambaram က ယနေ့ ဝန်ခံ ပြောကြားလိုက်သည်။

"ဒီနယ်စပ်တွေမှာ အလွယ်တကူ ရောင်းဝယ်နိုင်ပါတယ်။ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကတော့ ခြံစည်းရိုး ကာရံခြင်း လုပ်ငန်း လုပ်ဆောင်နေပါတယ်။ အဲဒီမှာ နယ်စပ် ဖြတ်ကျော် လက်နက် ရောင်းဝယ်တဲ့ လျှို့ဝှက် အဖွဲ့အစည်းတွေ ရှိတယ်ဆိုတဲ့ သာဓကတွေ ရှိပါတယ်။ လုံခြုံရေး တပ်ဖွဲ့တွေ မှောင်ခိုတွေ၊ အဲဒီ လျှို့ဝှက် အဖွဲ့တွေ ကြားမှာ လက်ရှိ ရုန်းကန် တိုက်ခိုက်နေရပါတယ်။ လုံခြုံရေး တပ်ဖွဲ့တွေက အောင်မြင်ပါတယ်။ ဒါပေမယ့် အဆိုပါ ကိစ္စတွေ တစ်ခါတစ်ရံ ဖြစ်နေတုန်း ဆိုတာလည်း မှန်ပါတယ်'' ဟု ပြည်ထဲရေး ဝန်ကြီးက Rajya Sabha တွင် မေးမြန်းထားမှုအား ပြန်လည် ဖြေကြားခဲ့သည်။

BSF သည် နယ်နိမိတ် ဖြတ်၍ လျှို့ဝှက်အဖွဲ့များနှင့် ဆက်ဆံရာတွင် လက်နက်ပြည့်စုံပြီး၊ အသေအချာ လေ့ကျင့်ထားသော အဖွဲ့ဖြစ်သည်။ အစိုးရ၏ အာသံ သေနတ်ကိုင် တပ်ရင်းသည် ရှေ့မြောက် ပြည်နယ်များတွင် နေရာယူထားသည်။ ၎င်းသည် အိန္ဒိယ တပ်မတော်၏ အစိတ်အပိုင်း ဖြစ်ပြီး လက်နက် ပြည့်စုံပြီး၊ လေ့ကျင့်ထားသော တပ်ရင်း ဖြစ်သည်ဟု ၎င်းက မြင်သည်။

နယ်စပ်ဒေသ ဖွံ့ဖြိုးရေးကို စိတ်ဝင်စားသည် ဆိုသော်လည်း၊ ထိုဒေသများတွင် လိုအပ်သည်ထက် ပိုမို လုပ်ဆောင်ရန် လိုအပ်သည်။ ထိုဒေသများသည် အလွန် ဝေးလံပြီး ဆက်သွယ်ရေး ခက်ခဲလှသည်။ ထိုအကန့်များ ရှိနေသော်လည်း လမ်းဖောက်ခြင်း၊ နယ်စပ်မြို့ တည်ထောင်ခြင်းနှင့် တိုးတက်အောင် ကြိုးစား လုပ်ဆောင်လျက် ရှိနေသည်။ သို့မှသာ နယ်စပ်အား လုံခြုံရေးနှင့် အသေအချာ စောင့်ကြည့်ရေးကို ပြုလုပ်နိုင်မည် ဖြစ်သည်။

အိန္ဒိယ-မြန်မာ နယ်စပ်တွင် ခြံစည်းရိုး ကာရံခြင်း လုပ်ငန်း မရှိပေ။ ထိုနေရာများသည် ဝေးလံ ခေါင်းပါးပြီး၊ ခက်ခဲသော အခြေအနေတွင် ရှိသည်။ ထိုဒေသများတွင် တရားမဝင် လုပ်ဆောင်မှုများ အလွယ်တကူ လုပ်နိုင်သည်ဟု Chidambaram က ဆိုသည်။

သို့သော်လည်း BSF နှင့် အစိုးရတပ်ကြား ပစ်ခတ်မှု မရှိအောင် ထိန်းသိမ်းထားနိုင်သည်။ ဖမ်းဆီး ထိန်းသိမ်းမှု အများအပြား ရှိပြီး၊ လူပေါင်းများစွာ အဖမ်းခံကြရသော်လည်း အချို့လက်နက်များ နယ်စပ်ကို ဖြတ်၍ ရောင်းဝယ်ဆဲ ဖြစ်သည်ဟု ထောက်လှမ်းရေး သတင်းများက ဆိုသည်။

သူပုန်များ ပူးပေါင်းထားသော အဖွဲ့နှင့် တရုတ်နိုင်ငံအကြား ဆက်သွယ်မှုများကိုမူ မတွေ့ရကြောင်း ပြည်နယ် ပြည်ထဲရေး ဝန်ကြီး M Ramachandran က ပြောသည်။ သို့သော် အချို့ အိန္ဒိယ သူပုန် အုပ်စုများသည် အိမ်နီးချင်း တိုင်းပြည် အချို့တွင် စခန်း ထူထောင်၍ လက်နက်များ ရောင်းဝယ်နေသည်ကို အိန္ဒိယ အစိုးရက သိရှိသည်ဟု ဆိုသည်။ အဆိုပါ ကိစ္စများကို နှစ်နိုင်ငံ ဆွေးနွေးပွဲများတွင် အမြင်ချင်း ဖလှယ်ကြကြောင်း ဝန်ကြီးက ပြောသည်။

တစ်ချိန်တည်းမှာပင် ISI နှင့် Naxals သည် အရှေ့မြောက် ပြည်နယ်များတွင် အခြေချမှု အသစ်များ ထူထောင်နေကြောင်း သတင်းများကို ပြည်ထောင်စု အစိုးရက ငြင်းဆန်သော်လည်း ဗဟို အစိုးရက CPI (Maoists) သည် ဒေသတွင်း သူပုန် ပူးပေါင်းအဖွဲ့များနှင့် အဆက်အသွယ် ထူထောင်ရန် ကြိုးစားနေကြောင်း သတင်းကို ဝန်ခံခဲ့သည်။

Rajya Sabha တွင် Biren Baishya ၏ မေးခွန်းကို ပြည်နယ် ပြည်ထဲရေး ဝန်ကြီး Ajay Maken က ဖြေကြားရာတွင် ပြည်နယ်အတွင်း Naxal ၏ လှုပ်ရှားမှုနှင့် ပတ်သက်သော အရေးကိစ္စများကို ကိုင်တွယ်ရန် ပြည်နယ် အစိုးရများသည် အမြဲ အသင့်ရှိနေကြောင်း ဆိုသည်။

Kumar Deepak Das ၏ ISI သည် သူပုန် ပူးပေါင်းအဖွဲ့နှင့် အဆက်အသွယ် ထူထောင်နေကြောင်း မေးမြန်းမှုအား ပြည်နယ် ပြည်ထဲရေး ဝန်ကြီး M Ramachandran က သီးခြား ဖြေကြားရာတွင် NER တွင် လှုပ်ရှားနေသော မြေအောက်အဖွဲ့ အချို့သည် ပါကစ္စတန်၏ ISI နှင့် ဆက်သွယ်ရေး လမ်းကြောင်း ထူထောင်ပြီး ဖြစ်ကြောင်း သတင်းများ ရရှိခဲ့သည်ဟု ဆိုသည်။

သတင်းများ၏ အဆိုအရ Tripura တွင် ISI အေးဂျင့်ဟု သံသယရှိသူ ပါကစ္စတန် နိုင်ငံသား တစ်ဦးကို အခြား ခြောက်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု သိရှိရသည်။ အာသံတွင် ISI ဆဲလ်တစ်ဦးအား ဇူလိုင်လ (၁၀) ရက်နေ့က ဖမ်းဆီးရမိသည်ဟု ၎င်းက သတင်းပေးသည်။

သို့သော် ဝန်ကြီးက ပြောကြားရာတွင် အကြမ်းဖက် ပူးပေါင်းအဖွဲ့မှ ကေဒါများသည် အရှေ့မြောက် ဒေသတွင် ပြဿနာ ဖန်တီးရန် အိန္ဒိယသို့ စိမ့်ဝင်လာခြင်း ရှိသည် ဟူသော သတင်းများကို မည်သည့် နိုင်ငံခြား ထောက်လှမ်းရေး အေဂျင်စီထံမှမျှ မရရှိခဲ့ကြောင်း ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Council on Foreign Relation, By Joshua Kurlantzick, 3rd August 2010

အမေရိကန် ပြည်ထောင်စု သမ္မတ Barack Obama သည် ၎င်း စတင် တာဝန်ယူသည့် ၂၀၀၉ ခုနှစ်မှ စ၍ ယခင် Bush အစိုးရ မူဝါဒကို ပြောင်းပစ်ရာ၌ အာရှတိုက်တွင် မြန်မာနိုင်ငံကို စမ်းသပ်ရန် ဆုံးဖြတ်ခဲ့သည်။ အီရန်နှင့် ဆူဒန်တို့ကို ပြုလုပ်ခဲ့သကဲ့သို့ပင် Obama အစိုးရသည် မြန်မာ အစိုးရနှင့် ဆက်ဆံရေး ပြုလုပ်ခဲ့သည်။ သို့သော် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ယခင်က ကွန်ဂရက်က ချမှတ်ထားခဲ့သော အရေးယူမှုများ အဆုံးသတ်ရေးကိုမူ မပြုလုပ်ခဲ့ပေ။ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell သည် ပြီးခဲ့သည့် နှစ်အတွင်း မြန်မာနိုင်ငံသို့ နှစ်ခေါက် သွားရောက်ခဲ့ပြီး၊ ယခုနှစ် နှောင်းပိုင်းတွင် ကျင်းပတော့မည့် ရွေးကောက်ပွဲ ကဲ့သို့သော အရေးကြီးသည့် ကိစ္စများ စကားပြောရန် ကြိုးစားခဲ့သည်။

မြန်မာနိုင်ငံကို ဆက်ဆံခဲ့ခြင်းအားဖြင့် ရလဒ် အချို့ ရရှိခဲ့သည်။ မြန်မာနိုင်ငံနှင့် စကားပြောရန် စိတ်ပါဝင်စားမှု ရှိခဲ့ခြင်းကြောင့် အခြား အာဆီယံ အဖွဲ့ဝင် နိုင်ငံများကလည်း ဝါရှင်တန်သည် အရှေ့တောင်အာရှနှင့် ဆက်ဆံရေးကို အဆင့်မြှင့်ရန် ကတိပြုလိုက်သလို အချက်ပေးလိုက်ခြင်းပင် ဖြစ်သည်။ ယခင် အမေရိကန် အစိုးရသည် မြန်မာနိုင်ငံနှင့် ဆိုးရွားသော ဆက်ဆံရေးကြောင့် အခြား အာဆီယံ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ခက်ခဲလျက် ရှိခဲ့သည်။

မြန်မာနိုင်ငံနှင့် ဆက်ဆံရန် ကြိုးစားခြင်းအားဖြင့် အိမ်ဖြူတော်သည် သူ၏ အခြား အာရှ မဟာမိတ်များ၏ ပြောစကားကို နားထောင်သည်ဟု ပြလိုဟန် ရှိသည်။ အရှေ့တောင် အာရှနိုင်ငံ အတော်များများက မြန်မာ အစိုးရအား ဆက်ဆံရေးဖြင့် ချဉ်းကပ်ရန် အချိန် အတော်ကြာကပင် အကြံပေး ခဲ့ကြဖူးသည်။

သို့သော် Campbell ၏ ကြိုးစား အားထုတ်မှုများ ရှိခဲ့သော်လည်း အရေးယူမှုများက ရလဒ် အနည်းငယ်သာ ရခဲ့သလိုပင် ယခု ဆက်ဆံရေး မူဝါဒကလည်း အနည်းငယ်သာ အလုပ် ဖြစ်ခဲ့သည်။ Campbell ၏ မေလ ခရီးစဉ်တွင် မြန်မာ အစိုးရသည် ၎င်းအား အဆင့်နိမ့် တာဝန်ခံများနှင့်သာ ပေးတွေ့ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် မြန်မာ အစိုးရသည် တွေ့ဆုံ ဆွေးနွေးမှုကို အလေး မထားကြောင်း ပြသလိုက်ခြင်း ဖြစ်သည်ဟု မှတ်ယူရမည် ဖြစ်သည်။ အစိုးရသည် တင်းကြပ်သည့် မတရားသော ဥပဒေများ ထုန်ပြန်ခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် တားဆီးထားသည့်ပြင် NLD အားလည်း သပိတ်မှောက်ရန် လမ်းကိုသာ ရွေးရန် တွန်းပို့သလို ဖြစ်ပြီး၊ နောက်ဆုံး အစိုးရက ပါတီကို ဖျက်သိမ်းခဲ့သည်။

စိုးရိမ်စရာ အကောင်းဆုံး အချက်မှာ မြန်မာ အစိုးရသည် သတင်းထွက်ပေါ်ခဲ့သည့် နျူကလီယာ အစီအစဉ်များကို တွန်းအားပေးသည်ဟု ယူဆနေရသည်။ မြန်မာ အစိုးရသည် ပြီးခဲ့သော နှစ်များအတွင်း မြောက်ကိုရီးယားနှင့် စစ်ရေးအရ ပိုမို နီးကပ်စွာ ဆက်ဆံလာရာ၊ ယခု မကြာသေးမီက မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးသည် မြန်မာနိုင်ငံသို့ လေးရက်ကြာ ခရီးစဉ် ပြီးဆုံးကာစပင် ရှိသေးသည်။ ပြီးခဲ့သည့် ဇန်နဝါရီလက Institute of Science and Interanational Security ၏ အစီရင်ခံစာတွင် မြန်မာ အစိုးရသည် အရပ်သုံး အတွက် အနည်းငယ်သာ ဖြစ်ပြီး၊ နျူကလီယာ သို့မဟုတ် ဒုံးကျည် နည်းပညာတွင် သုံးရန် ပစ္စည်း အတော်များများ တင်သွင်းခဲ့ကြောင်း ဖော်ထုတ်ခဲ့သည်။ နောက်လ အတန်ကြာသောအခါ al-Jazeera နှင့် ဒီမိုကရက်တစ် မြန်မာ့အသံတို့သည် မြန်မာနိုငငံမှ ထွက်ပြေးလာသူများနှင့် နျူကလီယာ မပြန့်ပွားရေး ပညာရှင်များနှင့် ပူးပေါင်း၍ သတင်း ထုတ်ပြန်ရာတွင် မြန်မာ အစိုးရသည် ယူရေနီယံများ တူးဖော်လျက် ရှိပြီး နျူကလီယာ လက်နက် ထုတ်လုပ်ရန် နည်းပညာများ စုဆောင်းနေသည်ဟု ဖော်ပြထားသည်။

သို့သော် အမေရိကန် အစိုးရ တာဝန်ရှိသူ အတော်များများက မြန်မာနိုင်ငံသည် နျူကလီယာ လက်နက် အတွက် ထုတ်လုပ်ရန်နှင့် ပိုင်ဆိုင်ရန် အရေးကြီးသော ခြေလှမ်း လှမ်းနေသည် ဆိုသည်ကို သံသယ ရှိနေဆဲ ဖြစ်သည်။ အကယ်၍သာ နျူကလီယာ လက်နက် ထုတ်လုပ်နိုင်ခဲ့လျှင် နိုင်ငံခြားသား ကြောက်သည့် မြန်မာ အစိုးရအား ပြင်ပ ဖိအားကို မဖြုံသည့် အဖြစ်ကို ရောက်စေမည် ဖြစ်သည်။ ယခင်က မြန်မာနိုင်ငံ၏ နျူကလီယာ အရေးကို ခေါင်းထဲ မထည့်ခဲ့သော အမေရိကန် အစိုးရ တာဝန်ရှိသူများပင် သံသယဖြစ်ဖွယ် အထောက်အထားများ အပြည့်အစုံ ရှိကြောင်း ဝန်ခံခဲ့ကြပြီး၊ မြောက်ကိုရီးယားနှင့် ပူးပေါင်းနေမှုများကို ပိုမို ဖော်ထုတ်ရန် မြန်မာ အစိုးရအား ပြင်းပြင်းထန်ထန် ဖိအားပေးရမည်ဟု ဆိုသည်။ မြန်မာနိုင်ငံသည် အရှေ့တောင် အာရှ နျူကလီယာ ကင်းမဲ့ဇုန် ဖြစ်ရေး ကြေညာ စာတမ်းတွင် လက်မှတ် ရေးထိုးခဲ့သော်လည်း အဘယ်ကြောင့် နျူကလီယာ နည်းပညာများကို ဝယ်ယူ စုဆောင်းနေသည်ကို ဖော်ထုတ်ရန် ဖိအားပေးရမည်ဟု ဆိုသည်။

မြန်မာ အစိုးရသည် အမေရိကန် ပြည်ထောင်စု နှင့်ပတ်သက်၍ သဘောထား ပြောင်းလဲရန် ခဲယဉ်းသော်လည်း ယခုနှစ်နှင့် နောက်နှစ်တွင် မြန်မာနိုင်ငံ၌ အမေရိကန်သည် ယခုထက် ပိုမိုသော အခန်းကဏ္ဍ ရရှိရန် ရှားရှားပါးပါး အခွင့်အလမ်း ရှိနေဆဲ ဖြစ်သည်။ အစိုးရ အပေါ် သြဇာလွှမ်းမိုးမှု အနည်းငယ် ရရှိနိုင်ရန် ဖြစ်နိုင်သေးသည်။

အချို့ အတိုက်အခံ နိုင်ငံရေးသမားများက ရွေးကောက်ပွဲသည် နိုင်ငံ၏ အခက်အခဲများ ကြုံနေရသည့် နိုင်ငံရေးနှင့် စီးပွားရေး အတွက် လမ်းကြောင်း ပြောင်းရန် အကောင်းဆုံး တကယ့် အခွင့်အရေး ရှိလာနိုင်သည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။

နောက်တစ်ခုမှာ မြန်မာနိုင်ငံသည် ဒေသတွင်း ပါဝါများ တက်လာမှုတွင် ပြိုင်ဘက် တစ်ဦး အနေဖြင့် အရေးကြီးစွာ ထွက်ပေါ်လာနေပြီ ဖြစ်သည်။ မြန်မာနိုင်ငံသည် အာရှတိုက်တွင် မဟာဗျူဟာ အရ အရေးပါသော နေရာတွင် ရှိနေပြီး ဒေသတွင်း အကြီးဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပိုင်ဆိုင်နေသည်။ ကောက်ချက်ချရမည် ဆိုလျှင် မြန်မာနိုင်ငံ၏ အနာဂတ် လမ်းကြောင်းသည် ဒေသတွင်းတွင် အရေးပါလှပြီး၊ အမေရိကန်၏ မဟာမိတ်များ ဖြစ်သော အိန္ဒိယနှင့် ထိုင်းနိုင်ငံ တို့အတွက် မရှိမဖြစ် အရေးပါလှသည်။

ဝါရင့် စစ်ဗိုလ်ချုပ်များသည် ကန့်လန့်ကာ နောက်ကွယ်မှ သြဇာ လွှမ်းမိုးနိုင်ရေး အတွက် ၎င်းတို့ သတ်မှတ်ထားသော ပါတီများ အာဏာရရှိရေး အတွက် ရွေးကောက်ပွဲအား အစိုးရက တင်းကြပ်စွာ ထိန်းချုပ်ထားမည်မှာ သံသယ ဖြစ်ဖွယ် မရှိပေ။ သို့သော် International Crisis Group မှ ရေးသားသော အစီရင်ခံစာတွင် ရွေးကောက်ပွဲ ကျင်းပသော နေ့တွင်မူ အစိုးရ ၁၉၉၀ တုန်းကကဲ့သို့ လွတ်လွတ်လပ်လပ် တရားမျှတစွာ မဲပေးခွင့် ပေးကောင်းပေးလိမ့်မည်ဟု ရေးသားထားသည်။

အစိုးရက ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်သည့် ပါတီများအား မဲရေတွက်ရာတွင် ကြည့်ရှု ခွင့်ပြုမည် ဖြစ်သည်။ NLD ပါတီအနေဖြင့် ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် ကန့်သတ်မှုများကြောင့် သင့်တော်သော ဆုံးဖြတ်ချက် အဖြစ် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ရွေးချယ်ခဲ့သော်လည်း၊ ပါတီ အချို့ ငယ်ရွယ်သော အဖွဲ့ဝင်များက ကန့်သတ်ချက်များ ရှိသော်လည်း NLD အနေဖြင့် ရွေးကောက်ပွဲ ဝင်သင့်ကြောင်း၊ မဲဆန္ဒရှင်များနှင့် အစိုးရကို ၎င်း၏ ပေါ်ပြူလာ ဖြစ်ဆဲ အင်အားကို ပြသင့်သည်ဟု ယုံကြည် နေကြသည်။ ထို့ကြောင့် အချို့ NLD အဖွဲ့ဝင်ဟောင်းများသည် ရွေးကောက်ပွဲ ဝင်ကြမည် ဖြစ်သည်။

ရွေးကောက်ပွဲ ဝင်မည့် ပါတီများသည် ပါလီမန်တွင် လက်တဆုတ်စာ ရှိမည် ဖြစ်သော်လည်း လွတ်လပ်သော စိတ်ရှိသော ဥပဒေပြု အမတ်များ အဖြစ် ထွက်ပေါ်လာမည် ဖြစ်သည်။ ထိုအမတ်များ၏ လွတ်လပ်ခွင့်ကို ပါလီမန်တွင် စစ်တပ်က ကန့်သတ်မှုများ ပြုလုပ်လိမ့်ဦးမည် ဖြစ်သော်လည်း ၎င်းတို့သည် နိုင်ငံရေး စနစ် ပိုမို လမ်းပွင့်လာရေးနှင့် ယဉ်ကျေးသော နိုင်ငံ ဖြစ်လာရေး အတွက် အခြေခံ အုတ်မြစ်ချသွားနိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေး စနစ်တွင် အရပ်သားများ၏ ကဏ္ဍပိုမို ပါဝင်လာသည်နှင့်အမျှ အမေရိကန်နှင့် ပိုမို ကျယ်ပြန့်စွာ ဆက်ဆံလာနိုင်မည် ဖြစ်သည့်အပြင် အခြား ဒေသတွင်း ပါဝါရှိ နိုင်ငံများနှင့် ဆက်ဆံရေး ကောင်းလာနိုင်သည်။ ထို့အပြင် မြန်မာ အစိုးရ၏ လျှို့ဝှက်တတ်ခြင်းနှင့် နိုင်ငံခြားသား ကြောက်ခြင်း အရေခွံများကို ခွာချနိုင်မည် ဖြစ်ကာ အမေရိကန်၏ သြဇာ လွှမ်းမိုးရေး ကြိုးစားမှု အတွက် လမ်းပွင့်လာနိုင်မည် ဖြစ်သည်။

ပို၍ အရေးကြီးသော အချက်မှာ မြန်မာနိုင်ငံ၏ တိုင်းရင်းသားများဒေသ၊ အထူးသဖြင့် မြောက်ဖက်နှင့် အရှေ့ဖက်တွင် လူသားချင်း စာနာဖွယ် ပဋိပက္ခများ ပြင်းပြင်းထန်ထန် တိုးပွားလာခြင်း ဖြစ်သည်။ ထိုဒေသများကို တိုင်းရင်းသားတပ်များက ထိန်းချုပ်ထားသည်။ ထိုအထဲတွင် အင်အား အကောင်းဆုံးမှာ စစ်သား အင်အား နှစ်သောင်းကျော် ရှိသော ညီညွတ်သော ဝ ပြည်ထောင်စုတပ် (UWSA) ဖြစ်ပြီး၊ ၎င်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံး မူးယစ်ဆေးဝါး ရောင်းဝယ်ရေး အဖွဲ့ ဖြစ်သည်။ အစိုးရသည် အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်များအား အစိုးရ လက်အောက်ခံ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် လိုလားလျက် ရှိပြီး၊ လက်ရှိအားဖြင့် အစိုးရနှင့် ၎င်းတို့ကြားတွင် အချိန်မရွေး ပျက်သွားနိုင်သော အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်သာ ရှိသည်။ လက်နက်ကိုင် တိုင်းရင်းသား အများစုသည် လက်နက် မချလိုကြပဲ၊ အချို့သည် လက်နက် အင်အား ဖြည့်တင်းလျက် ရှိနေကြသည်။ ထိုအတွက် ငွေကို မူးယစ်ဆေးဝါး ပိုမို ရောင်းချခြင်းဖြင့် ရှာဖွေလျက် ရှိသည်။

ယခုအခါ အဆိုပါ နယ်စွန်နယ်ဖျား ဒေသများတွင် စစ်ဖြစ်ရန် အလားအလာ များနေပြီး၊ ထိုသို့ ဖြစ်ပွားပါက စစ်ပြေး ဒုက္ခသည်များ၊ HIV/AIDS ဖြစ်ပွားမှုများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ အတွက် မီးများပင် ဖြစ်သည်။ အဆိုပါ ပဋိပက္ခများသည် ဒေသတွင်းကိုပါ မတည်မငြိမ် ဖြစ်စေမည် ဖြစ်ရာ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံ တို့ကို သက်ရောက်မည် ဖြစ်ရာ၊ အမေရိကန်က စိုးရိမ်စွာ ပတ်သက်လာရေး အတွက် လုံလောက်သော အကြောင်းပြချက်ပင် ဖြစ်သည်။

စိုးရိမ်ဖွယ် အကောင်းဆုံး အချက်မှာ ထိုသို့ မတည်မငြိမ် ဖြစ်ပွားမှုများ ပျံ့နှံ့လာပါက အစိုးရ၏ နျူကလီယာ အစိတ်အပိုင်းများ၊ လောင်စာ စသည်များသည် သူပုန်များ၊ ထိုဒေသများတွင် ကျက်စားနေသော အကြမ်းဖက်သမားများ၏ ရာဇဝတ်မှု ကွန်ရက်အတွင်း ကျရောက်သွားမည်ကို စိုးရိမ်ရသည်။

ရွေးချယ်စရာ မူဝါဒ

အမေရိကန် အနေဖြင့် နေပြည်တော်ရှိ မြန်မာ အစိုးရ အပေါ် ရွေးစရာ လမ်းကြောင်းမှာ အကန့်အကွက်များ ရှိနေပြီး၊ မြန်မာ အစိုးရအား အထီးကျန် ပစ်ပယ်ထားပြီး ဖြစ်နေသဖြင့် နှစ်နိုင်ငံ ဝေးကွာလွန်း နေသည်။ တချိန်တည်းတွင် အခြား ဒေသတွင်း နိုင်ငံများ ဖြစ်သော တရုတ်၊ အိန္ဒိယ၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့ အတွက်မူ မြန်မာနိုင်ငံသည် အရေးကြီးလျက် ရှိသည်။ မြန်မာ အစိုးရသည် တရုတ်၏ သြဇာ လွှမ်းမိုးမှုကို လျော့ချရေး အတွက် အမေရိကန်ကို အသုံးပြုနိုင်ရန် အမေရိကန်၏ အသိအမှတ်ပြုမှုကို ရယူလိုဟန် ရှိသည်။ မြန်မာနိုင်ငံ၏ လက်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ အမေရိကန် ကွန်ဂရက် အတွက် အကြောင်းပြချက်ကောင်း ဖြစ်နေသဖြင့်၊ အမေရိကန် အစိုးရ အတွက် ရွေးစရာလမ်းမှာ အကန့်အသတ်များနှင့် ရှိနေဆဲ ဖြစ်သည်။ ကွန်ဂရက်သည် ပြင်းထန်သော အရေးယူမှုများ ချမှတ်နေသည် ဆိုသော်လည်း စင်္ကာပူနှင့် ဒူဘိုင်းရှိ မြန်မာ အစိုးရ၏ ဘဏ်စာရင်းများကို မထိမတို့ရသေးသဖြင့်၊ အစိုးရကို ပြစ်ဒဏ်ခတ်ရန် ကွန်ဂရက် အနေဖြင့် အနည်းငယ် ပိုမို လုပ်နိုင်သေးသည်။

အဆိုပါ ငွေကြေးကိစ္စများကို အသာထား၊ အမေရိကန် ပြည်ထောင်စု အနေဖြင့် Beijing ဖြင့် နီးကပ်စွာ ပူးပေါင်း၍ နယ်စပ် တည်ငြိမ်ရေး အတွက် ဖြစ်လာနိုင်သည့် မြန်မာ တိုင်းရင်းသား ပဋိပက္ခများကို အသုံးပြု ကိုင်တွယ်နိုင်သည်။ ဝါရှင်တန်နှင့် Beijing တို့သည် မြန်မာနိုင်ငံတွင် လုံခြုံရေး ဆိုင်ရာ ပဋိပက္ခ အနည်းငယ်သာရှိရာ၊ ကိုရီးယား ကျွန်းဆွယ်နှင့် မတူပဲ မြန်မာနိုင်ငံ အနေဖြင့် အမေရိကန် - တရုတ် ပူးပေါင်းမှုကို တကယ့် အခွင့်အလမ်း အဖြစ် ကမ်းလှမ်း နိုင်သည်။ မြန်မာနိုင်ငံက တရုတ်နိုင်ငံသို့ ဖြစ်စေနိုင်သည့် အန္တရာယ်များမှာ ကြီးမားလှသည်။ မူးယစ်ဆေးဝါး၊ HIV ကူးစက်မှုနှင့် မြန်မာနိုင်ငံမှ ဒုက္ခသည်များ ကိစ္စများသည် တရုတ်နိုင်ငံ အတွက် အန္တရာယ် အလွန် ကြီးသည်။ တရုတ်သည် မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ရန် စိတ်အား ထက်သန်မှုအား ပြသပြီး ဖြစ်ရာ အမေရိကန်ကို မြန်မာ အစိုးရနှင့် တွေ့ဆုံရေးကို ပံ့ပိုး ကူညီပေးပြီး၊ ပြုံးယမ်းနှင့် အလုပ်လုပ်နေခြင်း ထက်စာလျှင် နေပြည်တော်၏ မတည်ငြိမ်မှုကို ဖန်တီးမှု အတွက် လူသိရှင်ကြား ရှုတ်ချသင့်ပေသည်။

ဝါရှင်တန်နှင့် ဘေဂျင်းတို့သည် ပူးပေါင်း၍ တိုင်းရင်းသား ဒေသများတွင် လူသားချင်း စာနာသော အကူအညီများ တိုးတက်ပေးနိုင်သည်။ ထိုအကူအညီများကို တရုတ် သို့မဟုတ် ထိုင်းနိုင်ငံ နယ်စပ်မှ တဆင့် ပေးပို့သင့်သည်။ အဘယ်ကြောင့်ဆိုသော်  အဆိုပါ နယ်စပ်များတွင် မြန်မာနိုင်ငံတွင်းသို့ သယ်ယူရန် ကောင်းမွန်သော အခြေခံ အဆောက်အဦးများ ရှိပြီး ဖြစ်သည်။ သို့မဟုတ် မြန်မာပြည်တွင်းမှ တဆင့် နယ်စပ် ဒေသများသို့ ပို့ဆောင်နိုင်သည်။ ထို့အပြင် ဝါရှင်တန်နှင့် ဘေဂျင်းတို့သည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြင်ပ အဆက်အသွယ်များ ရှာဖွေကာ နိုင်ငံ ပြင်ပသို့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို စောင့်ကြည့်ပြီး၊ အကူအညီ ပိုမိုပေးနိုင်ရေး အတွက်နှင့် တည်ငြိမ်မှု ထိန်းသိမ်းနိုင်ရေး အတွက် အဆိုပါ ပွဲစားများကို ကူညီသင့်သည်။ နောက်ဆုံးတွင် အမေရိကန်နှင့် တရုတ်တို့သည် မြန်မာနိုင်ငံ၏ အလားအလာရှိသော နျူကလီယာ အစီအစဉ်များကို စောင့်ကြည့်နိုင်ပြီး၊ တဖြည်းဖြည်းနှင့် နေပြည်တော်အား ၎င်း၏ ရည်ရွယ်ချက်များ ဖော်ထုတ်ပြရေး ဖိအား ပိုမို ပေးရမည် ဖြစ်သည်။ ဘေဂျင်း အနေဖြင့်လည်း မြန်မာနိုင်ငံတွင် နျူကလီယာ အဆောက်အဦးများ ဆောက်လုပ်နေမှုကို အလို မရှိသည်မှာ သေချာသည်။

တရုတ် အမေရိကန် ဆက်ဆံရေးသည် အထူးသဖြင့် အရှေ့တောင် အာရှ ကိစ္စနှင့် ပတ်သက်၍ မပြေလည်မှု တိုးပွားလာသည့် အချိန်တွင် ဘေဂျင်း၏ ပူပန်မှုသည် ပူးပေါင်း ဆောင်ရွက်ရေး ပြတင်းတံခါးကို ဖွင့်ပေးနိုင်မည် ဖြစ်သည်။ ဝါရှင်တန် အနေဖြင့်မူ ရလာမည့် အခွင့်အလမ်းကို အမိအရ ယူနိုင်ရန် အသင့် ဖြစ်နေသင့်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ရန်သူ ပတ်လည် အဝိုင်းခံထားရသကဲ့သို့ ဖြစ်နေသည့် မြန်မာ အတိုက်အခံ နိုင်ငံရေး အင်အားစုအပေါ် ယခင် လေဘာ အစိုးရထက် အကူအညီ အထောက်အပံ့များ ပိုမို ပေးသွားမည် ဖြစ်ကြောင်း ဗြိတိန် ဝန်ကြီးချုပ်သစ် David Cameron က သြဂုတ်လ ၃ ရက်နေ့တွင် ပြောကြားလိုက်သည်။

ဝန်ကြီးချုပ် David Cameron ၏ အဆိုပါ မှာကြားချက်ကို မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Andrew Heyn မှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီပါတီ (NLD) သို့ သြဂုတ်လ ၄ ရက်နေ့တွင် ပန်ကြားလိုက်ကြောင်း သိရသည်။ ထိုနေ့တွင်ပင် မြန်မာနိုင်ငံအပေါ် ခိုင်မာပြီး ထိရောက်မှု ရှိသော နိုင်ငံတကာ ဖိအားပေးမှုများနှင့် အရေးယူ ဆောင်ရွက်ချက်များ ထွက်ပေါ်လာရေးအတွက် ဗြိတိန်အစိုးရက ဦးစီး ဦးဆောင် လုပ်ကိုင်ပေးရန် နိုင်ငံရေး လှုပ်ရှားသူအုပ်စုများက အဆိုပြု ရေးသားထားသည့် စာအစောင် ၁၆၀၀ ခန့်ကို ဒေါင်းနင်းလမ်း (ဗြိတိန်အစိုးရ) သို့ ပေးပို့လိုက်သည်။

NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက ၎င်းနှင့် စီနီယာ အဖွဲ့ဝင်နှစ်ဦး ဖြစ်သည့် ဦးဝင်းတင်နှင့် ဦးဉာဏ်ဝင်း တို့သည် ဗြိတိန် သံအမတ်ကြီး Andrew Heyn နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ကြောင်း ပြောကြားသည်။

"မြန်မာပြည်တွင်းက ဒီမိုကရေစီ အင်အားစုတွေ လှုပ်ရှားမှုတွေ ဆက်လုပ်နေတဲ့ ကိစ္စကို ဗြိတိန် အစိုးရက သဘောတူထောက်ခံပြီး အတိုက်အခံတွေရဲ့ လုပ်ဆောင်ချက်တွေ  အားလုံးကို ကျောထောက်နောက်ခံ ပေးသွားမယ် ဆိုတဲ့ ဗြိတိန် ဝန်ကြီးချုပ်ရဲ့ မှာကြားချက်ကို ပြောပါတယ်" ဟု ဦးတင်ဦးက ဆိုသည်။

"Andrew က ဗြိတိန်အစိုးရ အဖွဲ့သစ်ဟာ အရင် လေဘာ အစိုးရထက် အထောက်အပံ့တွေ ပိုလုပ်ပေးသွားမှာ ဖြစ်တယ်ဆိုတဲ့ အချက်ကို ပြောသွားပါတယ်" ဟု ၎င်းက ပြောကြားသည်။

ယခင် ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်းက ရာထူးသက်တမ်း မကုန်ခင် ရက်ပိုင်းများအတွင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ အားပေးသည့် အကြောင်း စာတစ်စောင် ရေးသား ပေးပို့ခဲ့မှုများ ပြုလုပ်ခဲ့သော်လည်း မြန်မာ စစ်အစိုးရအပေါ် ဗြိတိန်အစိုးရ၏ ပြစ်တင် ဝေဖန်မှု၊ ဖိအာားပေးမှုများမှာ တစ်သတ်မတ်တည်း မဟုတ်ဘဲ ပြတ်တောင်း ပြတ်တောင်း ဖြစ်နေခဲ့သည်ကို တွေ့ရသည်။

"ဒေါ်အောင်ဆန်းစုကြည်ကို ကျောထောက်နောက်ခံ ပေးဖို့ ကျွန်တော် လုပ်နိုင်သမျှ အရာအားလုံးကို လုပ်သွားမှာပါ။ ကျွန်တော့်အတွက် ဒေါ်စုကြည်ဟာ ရဲစွမ်းသတ္တိ တစ်ခုပါပဲ၊ ခင်ဗျား လွတ်မြောက်ဖို့နဲ့ မြန်မာပြည်သူတွေ လွတ်မြောက်ဖို့ အတွက် ကျွန်တော် တိုက်ပွဲဝင်သွားမှာပါ" ဟု ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒန်ဘရောင်းက ဒေါ်အောင်ဆန်းစုကြည်ထံသို့ လက်ရေးဖြင့် စာတစ်စောင် ရေးသား ပေးပို့ခဲ့ဖူးသည်။

ဗြိတိန်သည် အမေရိကန် ပြည်ထောင်စုကဲ့သို့ပင် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှု မူဝါဒ ကျင့်သုံးသည်။ သို့သော် လူ့အခွင့်အရေး စောင့်ကြည့်သည့် အုပ်စုများက အနောက် နိုင်ငံများသည် အခြား ဦးစားပေးရမည့် အရေးကိစ္စများကို အာရုံစိုက်လျက် ရှိရာ မြန်မာ့အရေးသည် ၎င်းတို့အတွက် လွန်စွာ အရေးမကြီးသည့် အနေအထားတွင် ရှိသည်ဟု သုံးသပ်ကြသည်။

လန်ဒန် အခြေစိုက် Burma Campaign UK(BCUK) က ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးတော်ပုံ ၂၂ နှစ်မြောက် အထိမ်းအမှတ်အဖြစ် သြဂုတ်လ ၄ ရက်နေ့တွင် ဗြိတိန် အစိုးရထံသို့ စာအစောင် ၁၆၅၇ စောင် ပေးပို့ခဲ့သည်။

မြန်မာနိုင်ငံကို လက်နက် ရောင်းချမှုများ ကမ္ဘာလုံး အတိုင်းအတာဖြင့် ပိတ်ပင်ရေး၊ နိုင်ငံတွင်း လူ့ကျင့်ဝတ် ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ အစရှိသည်တို့ကို ကုလသမဂ္ဂ ဦးဆောင်၍ စုံစမ်း စစ်ဆေးရေး၊ စစ်အစိုးရအနေဖြင့် ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား လူနည်းစု အုပ်စုများနှင့် စစ်မှန်သော ဒိုင်ယာလော့ခ် ပြုလုပ်အောင် တွန်းအားပေးရေး အစရှိသည် တို့ကို အဆိုပါ စာများတွင် ရေးသား တောင်းဆိုထားသည်။

"မြန်မာ့အရေးကို ဦးစားပေးကိစ္စ တစ်ခုအဖြစ် ရှုမြင်တယ် ဆိုတဲ့ အချက်ကို ဗြိတိန်ဝန်ကြီးချုပ် David Cameron က ထုတ်ဖော် ပြသလိုက်ပြီး ဖြစ်ပါတယ်" ဟု BCUK မှ Campaign Officer ဒေါ်မေရီလှက ဆိုသည်။

"BCUK အနေဖြင့် လက်တွေ့ကျသော အဆင့်သို့ ရောက်ရှိရေးအတွက် ထောက်ပံ့မှုများ ရရှိအောင် ဦးစီး ဆောင်ရွက်သွားမည် ဖြစ်သည်။ လာမည့် စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ ဗြိတိန် ဝန်ကြီးချုပ် တက်ရောက်သည့်အခါ ၎င်းအနေဖြင့် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ အစရှိသည်တို့ကို စုံစမ်း ဖော်ထုတ်နိုင်ရေးအတွက် အထူး စုံစမ်းစစ်ဆေးရေး ကော်မရှင် တစ်ရပ် ဖွဲ့စည်းရန် ဖိအားပေး ပြောခွင့်ရမည် ဖြစ်သည်" ဟု BCUK က ကြေညာချက် စာတစ်စောင် ထုတ်ပြန်သည်။

DVB သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Straits Times, 5th August 2010

မြန်မာနိုင်ငံမှ ဒီမိုကရေစီ လိုလားသော ပါတီ တစ်ခုမှ ခေါင်းဆောင်က ယခုနှစ်အတွင်း ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ကြသည့် ရွေးကောက်ပွဲများသည် တိုင်းပြည်၏ စစ်ဖက် အုပ်ချုပ်သူများ ကတိ ပြုထားသည့်အတိုင်း လွတ်လပ်၊ မျှတမှု ရှိမည် မဟုတ်ဟု သံသယ ရှိသဖြင့် ကြာသပတေးနေ့တွင် ရွေးကောက်ပွဲမှ နုတ်ထွက်သွားခဲ့သည်။

ပြည်ထောင်စု ဒီမိုကရေစီ ပါတီ UDP ဥက္ကဋ္ဌ ဖြိုးမင်းသိန်းက "ရွေးကောက်ပွဲ ဥပဒေများသည် တင်းကျပ်လွန်းကြောင်း၊ စစ်အစိုးရ ကိုယ်စားပြု ပါတီကသာ လွှတ်တော်နေရာ အများစု အနိုင်ရစေရန် ရည်ရွယ် ရေးဆွဲထားခြင်း ဖြစ်ကြောင်းနှင့် စစ်အစိုးရ၏ အာဏာ ချုပ်ကိုင်မှုသာလျှင် တာရှည်လိမ့်မည်'' ဟု ရိုက်တာသို့ ပြောကြားခဲ့သည်။

"မြန်မာပြည်သူ တစ်ရပ်လုံးကို နိုင်ငံရေးမှာ ပါဝင်ခွင့် ပြုလိမ့်မယ်၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးလိမ့်မယ်၊ သူတို့ကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ရမယ်၊ လွတ်လပ်စွာ မဲဆွယ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်တွေ ရမယ် လို့ ကျွန်တော်က မျှော်လင့်ခဲ့တာပါ" ဟု ၎င်းက ဆိုသည်။

"ဒါပေမယ့် အခုထိ တစ်ခုမှ ဖြစ်မလာပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲနဲ့ နိုင်ငံရေးကို စွန့်လွှတ်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာပါ" ဟု ပြောကြားခဲ့သော ဖြိုးမင်းသိန်းသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေးအတွက် တောက်ပသော မျှော်လင့်ချက်များထဲမှ တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခြင်း ခံရသူ ဖြစ်သည်။ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများကြောင့် ထောင်ဒဏ် ၄ နှစ် ကျခံခဲ့ရသူ ကျောင်းသားဟောင်း နိုင်ငံရေးသမားသည် ၎င်း၏ သြဇာ တိက္ကမကြောင့် မြန်မာပြည်သူများ အကြား ရေပန်းစားသူ တစ်ဦး ဖြစ်သည်။

မမျှတသည့် ရွေးကောက်ပွဲ ဥပဒေနှင့် NLD ပါတီဝင်များစွာကို ဖမ်းဆီး အကျဉ်းချထားမှုတို့ကြောင့် အထိန်းသိမ်းခံ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD (ယခု ဖျက်သိမ်းပြီး) က ရွေးကောက်ပွဲများကို သပိတ်မှောက်ခဲ့ပြီးနောက် ယခု ၎င်းက ထပ်မံ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် နှစ်၂၀ အတွင်း ပထမဆုံး ကျင်းပမည့် ပါတီစုံ ရွေးကောက်ပွဲများအတွက် ယခုတိုင်အောင် ရက်သတ်မှတ်ခြင်း မရှိသေးသော်လည်း ရွေးကောက်ပွဲများကို ယခုနှစ် ကျင်းပမည့်၊ လွတ်လပ် မျှတမည်၊ လူတိုင်း ပါဝင်ခွင့် ရှိသည်ဟု အသံလွှင့်လျက် ရှိသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Yahoo News, 4th August 2010

အမေရိကန် ဘီလျံနာ ၃၈ ဦးသည် Warren Buffett နှင့် Bill Gates တို့ စတင်ခဲ့သော စီမံချက်မှ တဆင့် ၎င်းတို့ ချမ်းသာ ကြွယ်ဝမှု၏ ၅၀ % ကို လှူဒါန်းရေး ရန်ပုံငွေ အဖွဲ့သို့ ထည့်ဝင်သွားရန် စီစဉ်ထားကြသည်ဟု သိရသည်။

၎င်းတို့တွင် နယူးယောက် မြို့တော်ဝန် Michael Bloomberg၊ CNN တည်ထောင်သူ Ted Turner နှင့် ဖျော်ဖြေရေး လုပ်ငန်း အမှုဆောင် Barry Diller တို့လည်း ပါဝင်သည်။

အဆိုပါ အစီအစဉ် The Giving Pledge တွင် ပရောဂျက်တွင် ပါဝင်ရန် ကတိပြုထားသူ မိသားစုများနှင့် တစ်ဦးချင်းကို စာရင်းပြုစုထားသည်။

လှူဒါန်းရေး အစီအစဉ်မှာ တရားဝင် စာချုပ်ဖြင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ သဒ္ဓါ ထက်သန်မှု ကတိကဝတ်သာ ဖြစ်ကြောင်း ဆိုသည်။

ထိုစီမံချက်ကို ဇွန်လက စတင်ခဲ့ပြီး အမေရိကန် ဘီလျံနာများအား ၎င်းတို့ အသက်ရှိစဉ်တွင် လည်းကောင်း၊ သေဆုံးပြီးသော် လည်းကောင်း ၎င်းတို့၏ ငွေများထဲမှ အနည်းဆုံး တစ်ဝက်ကို လှူဒါန်းရန် စည်းရုံးနေသည်။

"ကျွန်တော်တို့ အခုမှ စတာပါ။ ဒါပေမယ့် အလွန် ကောင်းမွန်တဲ့ တုန့်ပြန်မှုတွေကို ရရှိနေပါတယ်" ဟု Mr.Buttett က ကြေညာချက်တွင် ပြောကြားခဲ့သည်။

"The Giving Pledge ဆိုတာကတော့ ချမ်းသာကြွယ်ဝတဲ့ မိသားစုတွေကို သူတို့ရဲ့ ကြွယ်ဝမှုတွေနဲ့ ဒါတွေကို ဘယ်လို အသုံးပြုရမလဲဆိုတာကို အရေးကြီးတဲ့ တွေ့ဆုံ စကားပြောတဲ့ အစီအစဉ်ပါပဲ" ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

မိမိ၏ ငွေများကို လူများအား ကူညီပေးရန်နှင့် လှူဒါန်းရေး အဖွဲ့များသို့ ပေးရန် စီစဉ်သူများသည် ရှင်းလင်းချက်ပေးသည့် စာဖြင့် မိမိ၏ ရည်ရွယ်ချက်များကို လူသိရှင်ကြား ထုတ်ပြန်ရမည် ဖြစ်သည်။

ထိုသို့ လှူဒါန်းရန် စီစဉ်သူ ဘီလီယံနာများတွင် ရုပ်ရှင် ထုတ်လုပ်သူ George Lucas၊ အလှူကြီးပေးလေ့ ရှိသူ David Rockefeller၊ ရေနံတွင်း ရင်းနှီးမြှုပ်နှံသူ T Boone Pickens တို့လည်း ပါဝင်သည်။

"ကျွန်ုပ်သည် ကျွန်ုပ် ချမ်းသာမှု အများစုကို ပညာရေး တိုးတက်ရေး ကိစ္စများတွင် အသုံးပြုရန် လှူဒါန်းမည်ဟု ရည်ရွယ်ထားသည်။ ပညာရေးသည် လူသားမျိုးနွယ် ဆက်လက် ရှင်သန်ရေး အတွက် အရေးကြီးသည့် အရာဖြစ်သည်" ဟု Mr Lucas က ၎င်း၏ လှူဒါန်းရေး အစီအစဉ် ကြေညာစာတွင် ဖော်ပြထားသည်။

လှူဒါန်းရေး ရန်ပုံငွေ အဖွဲ့မှ ပြောကြားရာတွင် အလှူရှင်များသည် အနိမ့်ဆုံး ၅၀ % သတ်မှတ်ချက်ထက် ပိုမို များပြားစွာ လှူဒါန်းရန် ကတိပြုထားကြသည်ဟု ဆိုသည်။

"Giving Pledge သည် ဘီလျံနာများကို ပစ်မှတ်ထားလျက် ရှိရာ၊ ထိုသို့ ဖြစ်မြောက်လာရေး အတွက် ယခင်ကရော ယခုပါ ငွေရေးကြေးရေး အရရော အခြားကိစ္စများတွင်ပါ ပါဝင်ခဲ့သူများကို အသိအမှတ် ပြုရမည် ဖြစ်သည်" ဟု Givingpledge.org တွင် ရေးသားထားသည်။

Mr Buffett သည် Mr Gates နှင့် ဇနီး Melinda တို့နှင့်အတူ ပြီးခဲ့သည့်နှစ်က အမေရိကန် ဘီလျံနာများနှင့် အကြိမ်ပေါင်းများစွာ ညစာစားပြီး စီမံချက် ဖြစ်မြောက်ရေးနှင့် လှူဒါန်းရေး အတွက် အမေရိကန် ငွေကြေးအီလစ်များကို တိုက်တွန်းခဲ့သည်။

"ကျွန်ုပ် အရင်ကတည်းက ဖော်ပြခဲ့သကဲ့သို့ ကျွန်ုပ်သည် ငွေရှာရသည်ကို သဘောကျပါသည်။ ထိုငွေများကို လှူရသည်ကိုလည်း သဘောကျပါသည်။ ငွေပိုရှာရတာကို နှစ်သက်ပါသည်။ သို့သော် လှူဖို့ကတော့ နောက်တွင် ကပ်လျက် တွဲပါနေပါသည်" ဟု Mr Pickens က ကြေညာစာတမ်းတွင် ဖော်ပြထားသည်။

ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သော Berkskire Hathaway မှ အမှုဆောင်ချုပ် Mr Buffett သည် ၎င်းပိုင်ဆိုင်မှု၏ ၉၉ % ကို Bill and Melinda Gates ဖောင်ဒေးရှင်းနှင့် မိသားစု လှူဒါန်းရေး ရန်ပုံငွေ အဖွဲ့သို့ ပေးရန် ၂၀၀၆ ခုနှစ်က စီစဉ်ခဲ့သည်။

Mr. Buffett ၏ ချမ်းသာမှုသည် ဒေါ်လာ ၄၇ ဘီလီယံ (ပေါင်စတာလင် ၂၉ ဘီလီယံ) ရှိမည်ဟု Forbes မဂ္ဂဇင်းက မတ်လက ခန့်မှန်းခဲ့သည်။

Forbes မဂ္ဂဇင်းက သတ်မှတ်ချက်အရ ကမ္ဘာပေါ်တွင် ဒုတိယ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သူ Bill Gates သည် သူ၏ ဖောင်ဒေးရှင်းသို့ ဒေါ်လာ ၂၈ ဘီလျံကျော်ကို လှူဒါန်းခဲ့ပြီး ဖြစ်သည်။

Forbes မဂ္ဂဇင်း၏ အဆိုအရ အမေရိကန် ပြည်ထောင်စုတွင် ဘီလျံနာ ၄၀၃ ဦး နေထိုင်လျက် ရှိသည်ဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Hindustan Times, 3rd August 2010

ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် ဆန့်ကျင်ဘက် ရပ်တည်လိုက်သူ နိုဘယ်ဆုရှင် ပါမောက္ခ Amardya Sen က "မိမိအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အိန္ဒိယ၏ မူဝါဒကို ထောက်ခံခဲ့ခြင်း မရှိ" ဟု ယနေ့ ပြောကြားလိုက်သည်။

"မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ခင်ဗျားရဲ့ မူဝါဒကို ကျွန်တော် သဘောမတူပါဘူး။ အိန္ဒိယလို ဒီမိုကရေစီနိုင်ငံမှာ ဝန်ကြီးချုပ်ကို ဒီလိုပြောလို့ ရပါတယ်" ဟု ၎င်းက နယူးဒေလီတွင် စာတတ်မြောက်မှု၏ အဓိက ကျပုံနှင့် ပတ်သက်၍ ဟောပြောစဉ် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုဘယ်ဆုရှင်က အထက်ပါအတိုင်း မှတ်ချက်ပေးလိုက်ချိန်တွင် Sen ကဲ့သို့ပင် စီးပွားရေး ပညာရှင်တစ်ဦး ဖြစ်သည့် ဝန်ကြီးချုပ် Sen က ပြုံးလိုက်သည်။

အထက်ပါ ဟောပြောပွဲကို ဝန်ကြီးချုပ်က ဖွင့်လှစ်ပေးပြီးနောက် Sen က နေရာမှထ၍ ဟောပြောစဉ် မြန်မာနိုင်ငံနှင့် အိန္ဒိယ၏ ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်း မှတ်ချက် ပေးလိုက်ခြင်း ဖြစ်သည်။

ယခင် အပတ်က မြန်မာ စစ်ဖက် အုပ်ချုပ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား အိန္ဒိယနိုင်ငံက ကြိုဆို ဧည့်ခံခဲ့ခြင်းကို အကြောင်းပြုရန် ၎င်းမှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တိုင်းပြည်အတွင်း ဒီမိုကရေစီ ထွန်းကားခြင်းကို ခွင့်မပြုဘဲ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲများတွင် မပါဝင်နိုင်အောင် တားဆီးထားခြင်းကြောင့် တစ်ကမ္ဘာလုံး၏ ဝိုင်းဝန်း ဝေဖန်မှုကို ရင်ဆိုင်နေရသည်။ အိန္ဒိယနိုင်ငံကမူ ၎င်းတို့၏ အရေးပါသော အကျိုးစီးပွား အဖြစ် ခံယူကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အစိုးရ၏ တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိသည်။

တရုတ် သမ္မတဟောင်း မော်စီတုန်း နှင့် အိန္ဒိယမှ မော်ဝါဒီ လှုပ်ရှားမှုတို့၏ အကောင်းဆုံး စံနှုန်းများ အကြားမှ ခြားနားမှုကိုလည်း Sen က ဆွဲထုတ်ပြသည်။

တရုတ်နိုင်ငံတွင် တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးမှုကို တိုးတက်စေမည့် အခြေခံ ပညာရေးကို "မော်" က အားပေး မြှင့်တင်ခဲ့သည်။ သို့သော် အိန္ဒိယမှ မော်ဝါဒီတို့ကမူ အနောက် ဘင်္ဂလားကဲ့သို့ ပြည်နယ်များတွင် အခြေခံ ပညာရေး အဆောက်အအုံကို ထိခိုက် ပျက်ပြား စေခဲ့သည်ဟု Sen က ပြောကြားသည်။

လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု၏ အချက်အခြာသည် အတတ်မြောက်မှုပင် ဖြစ်သည်ဟု ဝန်ကြီးချုပ် Sen က ပြောဆိုသည်။ စာတတ်မြောက်မှုနှုန်း ၈၀ ရာခိုင်နှုန်းထက် လျော့နည်းသော ခေတ်မီ စက်မှုနိုင်ငံ ဟူ၍ မရှိဟု ၎င်းက ဆိုသည်။

ဝန်ကြီးချုပ်က ၎င်း၏အစိုးရ အတွက် ပန်းတိုင်မှာ အိန္ဒိယနိုင်ငံ စာတတ်အောင် ပြုလုပ်ရန်နှင့် စာတတ်မြောက်မှုတွင် ကျား/မ ကွာဟချက်ကို လျှော့ချရန် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

India Times, 5th August 2010

မြန်မာ စစ်ဖက် အုပ်ချုပ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လတ်တလော နယူးဒေလီ ခရီးစဉ်နှင့် ၎င်းစစ်ဖက် အစိုးရ အပေါ် အိန္ဒိယ၏ ဆက်လက် ဆွေးနွေး ဆက်ဆံနေမှုတို့က နိုဘယ်ဆုရှင် Amartya Sen ထံမှ ပြစ်တင် ဝေဖန်မှုကို ထွက်ပေါ်စေခဲ့သည်။

ဤကိစ္စတွင် ပါမောက္ခကြီး သိရန် ပြောရမည် ဆိုပါက အိန္ဒိယကဲ့သို့ ဒီမိုကရေစီ နိုင်ငံတွင် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ပြဿနာများကြောင့် နိုင်ငံတကာ၏ ပြစ်တင် ရှုတ်ချမှုကို ခံနေရသော အစိုးရနှင့် စီးပွားရေး စောင်းပေးသော ဆက်ဆံမှုမျိုး မရှိဟု ဆိုချင်သည်။ သို့သော် အဆိုပါ ရပ်တည်ချက်ကို နယူးဒေလီ၏ နိုင်ငံခြားရေး မူဝါဒကို ပြဋ္ဌာန်းနေသည့် အမှန်တရားများတွင် ထည့်သွင်း စဉ်းစားရန် မဖြစ်နိုင်ခဲ့ပါ။

၂၀ ရာစု ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ကပြခဲ့သော စိတ်ကူးယဉ် ဝါဒနှင့် လက်တွေ့ ဝါဒ  တို့အကြားမှ ဤအငြင်းပွားမှုကို အားလုံး မြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။ ဝုဒ်ရိုးဝီလ်ဆင် မှသည် ဂျဝါဟာလာနေရူး အထိ ခေါင်းဆောင်များသည် စိတ်ကူးယဉ် ဝါဒ၏ အနားသတ်မှုများကို နိုင်ငံခြားရေး မူဝါဒ၏ လမ်းညွှန် စည်းမျဉ်းအဖြစ် အခြေခံ ချမှတ်ခဲ့ကြသည်။ အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေး ရပြီး ကာလများတွင် နေရူး စိတ်ကူး ဝါဒကြောင့် နယူးဒေလီသည် အခွင့်အလမ်းနှင့် အားသာချက် မျိုးစုံကို လက်လွှတ် ဆုံးရှုံးခဲ့ ရသည်။ အိန္ဒိယအနေနှင့် ကိုယ့်တွင်း ကိုယ်တူးခဲ့ပြီး နေရူး၏ ပုဂ္ဂိုလ်ရေး ရပ်တည်မှုကိုပင် မကယ်တင် နိုင်ခဲ့ပေ။ နောက်ဆုံးတွင်မူ ဘက်မလိုက် အဖွဲ့ကို ဝင်နှောက်နေသော မော်စကို ဖက်သို့ ယိမ်းသွားခဲ့သည်။ ဤသို့သော နိုင်ငံခြားရေး မူဝါဒမျိုးသည် အလုပ်မဖြစ်နိုင် ဆိုသည်ကို ပြသခဲ့ခြင်းဟု ဆိုနိုင်သည်။

ပြည်ပမှ ဒီမိုကရေစီ တည်ဆောက်မှု စီမံကိန်းများနှင့် တွေ့ဆုံ ညှိနှိုင်းရန် နယူးဒေလီတွင် ပါဝါ အကန့်အသတ် ရှိနေသည်။ ဤနေရာတွင် မြန်မာ အစိုးရ၏ ဒုစရိုက်များကို မမြင်ချင်ဟန်ဆောင် ရမည်ဟု ဆိုလိုခြင်း မဟုတ်သော်လည်း ၎င်းတို့နှင့် ဆွေးနွေး ဆက်ဆံမှုကို ကျင့်ဝတ် သဘောအရ ငြင်းပယ်ခဲ့မည် ဆိုပါက မြန်မာနိုင်ငံမှာ ဘေဂျင်းက ရယူနေသော အထူး အခွင့်အရေးများကို နယူးဒေလီက လုံးဝ ရနိုင်တော့မည် မဟုတ်ပေ။ သမ္မတ ဂျော့ဘွတ်ရှ် လက်ထက်တွင် အီရန် အပေါ် ဒီမိုကရေစီ စည်းရုံးရေး ဆင်းခဲ့သော အမေရိကန်၏ နည်းလမ်းများသည် ဆန့်ကျင်ဘက် ရလဒ် ရခဲ့သည်ကို တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ လက်တွေ့ကျသော မြန်မာနှင့် ဆွေးနွေးရေး မူဝါဒကော၊ ဒီမိုကရေစီ စံနှုန်းများဆီသို့ ရွေ့အောင် တွန်းမည့် မူဝါဒကော၊ လက်တွေ့ကျသော နည်းလမ်းဖြစ်ရန် အလှမ်းဝေးနေဆဲ ဖြစ်သည်။ ထို့ကြောင့် ကိုယ်ကျိုးစီးပွား မူဝါဒကော၊ ဒီမိုကရေစီကို အားပေးမည့် မူဝါဒကော နှစ်ခုစလုံးမှ ထွက်ပေါ်လာသော လက်တွေ့ကျသော နိုင်ငံခြားရေး မူဝါဒသည် အထိရောက်ဆုံး ကိရိယာ တစ်ခုဖြစ်ရန် ယခုထိ အလှမ်းဝေး နေဆဲဟု ဆိုချင်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB, 3rd August 2010

ကုလသမဂ္ဂသည် မြန်မာနိုင်ငံနှင့် ပတ်သက်သော ၎င်း၏ လုပ်ဆောင်မှု မှတ်တမ်းကို ကာကွယ်ရန် ဖိအားပေးခြင်း ခံနေရပြီး ပျော့ပြောင်းသည့် လက္ခဏာ ပြသခြင်း မရှိသည့် အပစ်ပယ်ခံ နိုင်ငံအပေါ် ဘန်ကီမွန်း၏ သြဇာ သက်ရောက်နိုင်မှုကို မှတ်ကျောက် တင်ထားသည့် အစီရင်ခံစာ ပေါက်ကြားခဲ့သဖြင့် အဖွဲ့တွင်း၌ စကားများ ရန်ဖြစ်လျက် ရှိသည်။

Inga Brittt Ahlenius ရေးသားသည့် ယခုနာမည်ကြီးနေသော စာမျက်နှာ ၅၀ ပါ အစီရင်ခံစာသည် ဇူလိုင်လလယ်က ဝါရှင်တန်ပို့စ်သို့ ပေါက်ကြားသွားခဲ့ခြင်း ဖြစ်ပြီး "ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရုံးသည် ဘန်ကီမွန်း၏ လက်အောက်တွင် မဟာဗျူဟာမြောက် လမ်းညွှန်မှုနှင့် ဦးဆောင်မှုတို့ ၃ နှစ်ကြာ ပျောက်ဆုံးခဲ့ပြီးနောက် ယိုယွင်းမှု လမ်းကြောင်းပေါ် ရောက်ရှိနေသည်'' ဟုဖော်ပြထားသည်။

အထက်ပါ မှတ်ချက်များမှာ Ahlenius ထံမှ ခွဲခွာချိန် ထိုးနှက်မှု  ဖြစ်ပြီး သူမသည် ကုလသမဂ္ဂ၏ အဖွဲ့တွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဌာန UNOIOS ၏ အကြီးအကဲ ရာထူးမှ မကြာမီ အချိန်လေးတွင် အနားယူခဲ့သူ ဖြစ်သည်။

"ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းရေးမှာ အရေးကြီးတဲ့ လုပ်ဖော်ကိုင်ဖက် အဖြစ်ကနေ ကျသထက် ကျဆင်းခဲ့တာကို ကျွန်မတို့ တွေ့နေရပါတယ်။ မြန်မာမှာ၊ ဒါဖာမှာ၊ အာဖဂန်နစ္စတန်မှာ၊ ဆိုက်ပရပ်စ်မှာ၊ G20 မှာ လက်နက် လျှော့ချဖို့၊ ဖျက်သိမ်းဖို့နဲ့ ပတ်သက်ပြီး ကျွန်မတို့ ဘာများ လုပ်နိုင်ခဲ့သလဲ" ဟု သူမက ပြောကြားကာ အရပ်သားများကို ပဋိပက္ခများ၊ ဘေးအန္တရာယ်များမှ ကာကွယ်ပေးမည့် ကုလသမဂ္ဂ၏ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်လိုက်သည်။

အထွေထွေ အတွင်းရေးမှူးချုပ်သည် ကုလသမဂ္ဂ အကြီးအကဲ အဖြစ် ၎င်း၏ ပထမဆုံး မိန့်ခွန်းကို ၂၀၀၇ ဇန်နဝါရီတွင် အသုံးပြုကာ မြန်မာနိုင်ငံမှ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် တိုက်တွန်းခဲ့သော်လည်း မနှစ်က ဇွန်လက ဝိုင်းဝန်း ဝေဖန်ခံခဲ့ရသော ၎င်း၏ နောက်ဆုံး မြန်မာခရီးစဉ် အပြီးတွင် ထိုနိုင်ငံ၏ အကြောင်းကို မနည်းငယ် ဖော်ပြခြင်းမျှသာ ပြုလုပ်တော့သည်ကို တွေ့ရသည်။

ထို့အပြင် ထပ်တူထပ်မျှ အန္တရာယ် များလှသော မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးအရာရှိ အဖြစ်မှ ၂၀၀၉ ခုနှစ်တွင် ဆူဒန်သို့ ပြောင်းလဲ ခန့်အပ်ခြင်း ခံရသူ အီဘရာဟင် ဂမ်ဘာရီ၏ နေရာအား ဆက်ခံမည့်သူကိုလည်း ကုလသမဂ္ဂက ယခုတိုင် ခန့်အပ်ခြင်း မရှိသေးပါ။ ယခုနှစ် ဇန်နဝါရီလတွင် ဂမ်ဘာရီက အဆိုပါ အထူးအရာရှိ ရာထူးကို ပြန်လည် ခန့်အပ်စေလိုသဖြင့် နေရာ လွတ်နေကြောင်း ကာကွယ် ပြောကြားရာတွင် "ကုလရုံးအဖွဲ့မှူး ဗီဂျေနမ်ဘီယား" မှာ ယာယီ တာဝန် ယူထားခြင်းသာ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

မြန်မာအစိုးရအား ပြုပြင်ပြောင်းလဲစေရန် ဖိအားပေးရာတွင် လျော့ရဲလွန်းသည်ဟု ဝေဖန်ထားသော အစီရင်ခံစာ မကြာသေးမီက ပေါက်ကြားမှု ဖြစ်ပွားခဲ့သဖြင့် အဆိုပါ စွပ်စွဲချက်များကို ကာကွယ်ရန် ထပ်မံ ဖိအားပေးခံနေရသည်။ ကျယ်ပြန့်စွာ ဝိုင်းဝန်း ဝေဖန်နေသည့် ရွေးကောက်ပွဲများကို ယခုနှစ် ကျင်းပရန် ဦးတည်နေသော မြန်မာနိုင်ငံ အပေါ် ကုလသမဂ္ဂ အနေဖြင့် အမှန်တကယ် တစ်စုံတစ်ရာ  လုပ်ဆောင်ခဲ့ခြင်း ရှိ/မရှိ ကို သတင်းထောက် တစ်ဦးက ဘန်ကီမွန်း၏ ပြောရေးဆိုခွင့်ရှိသူ မာတင်နီဆာကီကို ဇူလိုင် ၂၃ ရက်တွင် မေးမြန်းခဲ့သည်။

"ကျွန်တော်တို့ ဆက်လုပ်နေပါတယ်၊ အရင်က ပြောခဲ့သလိုပါပဲ၊ အသင်းတစ်ခု၊ ဋ္ဌာန တစ်ခု ကောင်းဖို့ဆိုတာ တစ်ဦးတစ်ယောက်နဲ့ မရပါဘူး၊ ကန့်လန့်ကာ နောက်ကွယ်မှာ ကျွန်တော်တို့ လူတွေ လှုပ်ရှားနေကြပါတယ်'' ဟု ၎င်းက ဖြေကြားသည်။  "အရာရာတိုင်းဟာ အများပြည်သူ ရှေ့မှောက်မှာ ဖြစ်ပျက်နေတာ မဟုတ်ပါဘူး၊ တစ်ခါတလေ ရလဒ်တွေ မြန်တာကို တွေ့နိုင်သလို တစ်ခါတလေလည်း ကြာတတ်ပါတယ်။ သေချာတာကတော့ မြန်မာနိုင်ငံမှာ လက်ခံယုံကြည် လေးစားထိုက်တဲ့ ရွေးကောက်ပွဲတွေ လိုအပ်တယ် ဆိုတာကို ကျွန်တော်တို့ လူသိရှင်ကြား အများကြီး ပြောခဲ့ပြီးပါပြီ'' ဟု ၎င်းက ဆက်လက် ပြောကြားသည်။

နမ်ဘီယားကလည်း Ahlenius ၏ အစီရင်ခံစာကို တုန့်ပြန်သည့် အနေဖြင့် "အထွေထွေ အတွင်းရေးမှူးချုပ် အနေနဲ့ 'ဘန်' ရဲ့ လုပ်ငန်းဟာ အမျှော်အမြင် ကြီးရပါတယ်။ 'ဘန်' က မှန်ကန်တဲ့ နိုင်ငံတကာ ဦးဆောင်မှုကို ပေးပြီး ကုလသမဂ္ဂရဲ့ ကဏ္ဍကို ထိန်းညှိနိုင်ခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

သို့သော်လည်း မြန်မာအစိုးရ အတွက် တရုတ်၏ ပံ့ပိုးထောက်ခံမှုနှင့် ပတ်သက်၍ အနောက်နိုင်ငံများက ထပ်တိုက် ရင်ဆိုင်နေကြချိန်တွင် ဘန်ကီမွန်း၏ 'ပါဝါ အပျော့' နည်းလမ်းကြောင့် ကုလသမဂ္ဂအတွင်း တရုတ်လွမ်းမိုးမှု ကြီးထွားအောင် အားဖြည့်ပေးသလို ဖြစ်စေခဲ့သည်ဟု ဝေဖန် ဆန်းစစ်သူများက အငြင်းပွားလျက် ရှိသည်။

Ahlenius က "ဘန်ကီမွန်းသည် သတ္တိမရှိသူ၊ အရည်အချင်း မရှိသူ၊ ခေါင်းဆောင်မှု အတွက် ရုန်းကန် နေရသူ ဖြစ်သည်'' ဟု ပြောကြားခဲ့ရာ အဆိုပါ စွပ်စွဲချက်ကြောင့် ကုလသမဂ္ဂ ဋ္ဌာနချုပ်တွင် သိသိသာသာ တုန်လှုပ် ချောက်ခြားသွားသည့် လက္ခဏာရှိသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, By AP, 4th July 2010

မြန်မာနိုင်ငံတွင် အနှစ်နှစ်ဆယ်အတွင်း ပထမဦးဆုံး အကြိမ် ကျင်းပမည့် ရွေးကောက်ပွဲကို နှောင့်ယှက် ဖျက်ဆီးမည့် သူများသည် ထောင်အနှစ် (၂၀) ကျခံရနိုင်ကြောင်း ဗုဒ္ဓဟူးနေ့က နိုင်ငံပိုင် သတင်းစာများတွင် သတိပေးလိုက်သည်။

ရွေးကောက်ပွဲ မတိုင်မီ၊ မြန်မာနိုင်ငံ အစိုးရသည် ဥပဒေများ၊ စည်းမျဉ်းများစွာကို ထုတ်ပြန်ခဲ့ရာ ထိန်းသိမ်းခံထားရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ထိုဥပဒေ စည်းမျဉ်းများသည် ဒီမိုကရေစီ မကျကြောင်း၊ တရားမျှတမှု မရှိကြောင်း ဝေဖန်ခဲ့ကြသည်။

ဥပဒေသစ်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား (၂၀၀၀) ကျော်အား ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် ထိရောက်စွာ တားဆီးထားသည်။ ပါတီများ စည်းရုံးရေး ဆင်းရာတွင် တင်းကြပ်သော စည်းမျဉ်းများ ချထားပြီး၊ ကြွေးကြော်ခြင်း၊ ချီတက်ခြင်း မပြုရန်နှင့် စုဝေးရာတွင် တိုင်းပြည်ပုံရိပ် ပျက်စီးစေသော အကြောင်းအရာများ မပြောရန် တားဆီးထားသည်။ ဝေဖန် သုံးသပ်သူများက ရွေးကောက်ပွဲများသည် အတုအယောင်သာ ဖြစ်ပြီး နှစ်ငါးဆယ်ကြာ စစ်တပ်မှ အုပ်ချုပ်မှုအား ပိုမို ခိုင်မာအောင် ရေးဆွဲထားခြင်းသာ ဖြစ်သည်ဟု ဆိုကြသည်။

အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များက The New Light of Myanmar တွင် ရေးသားထားသော အခန်းဆက် ဆောင်းပါးတွင် အစိုးရသည် တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် အောင်မြင်သော ရွေးကောက်ပွဲ ဖြစ်စေရန် ကြိုးစား အားထုတ်လျက် ရှိကြောင်း၊ ရွေးကောက်ပွဲကို ဖျက်လို ဖျက်ဆီး လုပ်လိုသူများ ရှိနေခြင်းကြောင့် အဆိုပါ ဥပဒေများ လိုအပ်ကြောင်း ရေးသားထားသည်။ ဆောင်းပါး ရေးသားသူက "ဥပဒေ လေ့လာသူ တစ်ဦး'' ဟုသာ အမည်တပ်ထားသည်။ မြန်မာ သတင်းစာများကို အစိုးရက တင်းကြပ်စွာ ထိန်းချုပ်ထားသည့် အလျောက် အဆိုပါ ဆောင်းပါးများသည် အစိုးရ၏ အာဘော်ကို ထင်ဟပ်သည်ဟု ဆိုရမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ပါတီဖျက်သိမ်းခဲ့ရသည်။ ပြည်တွင်းပြည်ပရှိ နိုင်ငံရေးသမားများကမူ တိတ်ဆိတ်စွာဖြင့် မဲမပေးရေး (no vote) စီမံချက်ကို စတင်နေကြပြီ ဖြစ်ပြီး၊ no vote ဟု ကြွေးကြော်ထားသော စာရွက်များလည်း ဖြန့်ဝေလျက် ရှိသည်။

အဆိုပါ ဆောင်းပါးတွင် ရွေးကောက်ပွဲ ဥပဒေသစ်များ အရ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများသည် ထောင်ဒဏ်တစ်နှစ် အပြင် ဒဏ်ငွေလည်း ပေးဆောင်ရနိုင်သည်ဟု ဆိုသည်။ ၁၉၉၆ ခုနှစ်က ထုတ်ပြန်ခဲ့သော တိုင်းပြည်တာဝန်ကို စနစ်တကျနှင့် ငြိမ်းချမ်းစွာ လွှဲပြောင်းရေးအတွက် ကာကွယ်သော ဥပဒေသည် သက်ဝင်ဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။ ဥပဒေအရ တရားဥပဒေ စိုးမိုးရေး၊ လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ တိုင်းပြည် တည်ငြိမ်ရေးကို ဖျက်ဆီးရန် ရည်ရွယ် မြှောက်ပင့်မှုများ၊ မိန့်ခွန်းပြောခြင်း၊ နှုတ်ဖြင့် ပြောခြင်း သို့မဟုတ် စာရေးသားခြင်းများ ပြုလုပ်ပါက မည်သူမဆို ထောင်ငါးနှစ်မှ အနှစ်နှစ်ဆယ် အထိ ကျခံရနိုင်သည်ဟု ဆိုသည်။ ဥပဒေ ချိုးဖောက်သော မည်သည့် အဖွဲ့အစည်းမဆို ဖျက်သိမ်းခံရမည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.