Transparency Myanmar

transparency.myanmar@gmail.com

BBC News, 9th August 2010

မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနှင့် ၎င်း၏ နယ်နိမိတ်အနီး ပင်လယ်ဝါ ရေပြင်ထဲသို့ အမြောက်များဖြင့် ပစ်ခတ်ခဲ့သည်ဟု တောင်ကိုရီးယား သတင်းများက ဖော်ပြသည်။

မြောက်ကိုရီးယား အမြောက်တပ်က ၎င်းပိုင်ရေပြင် ပိုင်နက် အတွင်းသို့ ဒေသစံတော်ချိန် ၁၇း၃၀ တွင် အမြောက်ကျည်များ တိုက်ရိုက် ပစ်ခတ်ခဲ့သည်ဟု သိရှိရသည်။

မြောက်ကိုရီးယား၏ ရန်စ လှုံဆော်မှုများကို တုန့်ပြန် သတိပေးသည့် အနေဖြင့် ပြုလုပ်ခဲ့သော တောင်ကိုရီးယား အမေရိကန် ရေတပ် စစ်ရေး လေ့ကျင့်မှု ပြီးဆုံးပြီး အချိန် အနည်းငယ် အကြာတွင် ယင်းသို့ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် အတွင်း တောင်ကိုရီးယား စစ်သင်္ဘော တစ်စင်း နစ်မြုပ်ခဲ့ပြီးနောက် အဆိုပါ နှစ်နိုင်ငံ အကြား တင်းမာမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

မတ်လ အတွင်းက ရေတပ်သား ၄၆ ဦး အသက်ဆုံးရှုံးခဲ့ရသော စစ်သင်္ဘော နစ်မြုပ်ရခြင်းသည် မြောက်ကိုရီးယား၏ လက်ချက်ဟု တောင်ကိုရီးယားက စွပ်စွဲထားသည်။

သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးမှုအသစ် ပြုလုပ်ရန် မြောက်ကိုရီးယားက သဘောတူခဲ့သည်ဟု ကုလသမဂ္ဂက အစောပိုင်းတွင် သတင်း ထုတ်ပြန်ခဲ့သည်။

နှစ်နိုင်ငံ နယ်နမိတ်ကို ခွ၍ တည်ရှိသော ပန်မွန်ဂျုံ အပစ်ရပ် ကျေးရွာတွင် နှစ်ဖက် ဗိုလ်မှူးကြီးများ အင်္ဂါနေ့၌ တွေ့ဆုံကြရန် ရှိသည်ဟု သိရှိရပြီး ယခုအကြိမ်သည် ၄ ကြိမ်မြောက် တွေ့ဆုံခြင်းဟု ဆိုသည်။

ယခုပုံစံအတိုင်း မြောက်ကိုရီးယားတို့၏ အမြောက်ပစ်ခတ်မှုသည် ပထမဆုံးအကြိမ် မဟုတ်ပဲ ပြီးခဲ့သော ဇန်နဝါရီလကလည်း ယခုအရေအတွက်နှင့် အလားတူ အမြောက်ဆံများကို ယခု ရေပြင်သို့ပင် ပစ်ခတ်ခဲ့ဖူးသည်ဟု ဆိုးလ်မှ BBC သတင်းထောက် John Sudworth က ဆိုသည်။

ထိုအချိန်က တောင်ကိုရီးယားနှင့် အမေရိကန်တို့က စိတ်ဆိုးမာန်ဆိုး တုန့်ပြန်ခဲ့သည်။

ယခုအကြိမ် ပစ်ခတ်မှုတွင်မူ တောင်ကိုရီးယား ပြည်သူတို့ထံမှ ကြီးမားသော သတိပေး တပ်လှန့်မှု တစုံတရာ ဖြစ်ပေါ်ပုံမရသော်လည်း အနာဂါတ်တွင် အန္တရာယ်ကြီးသည့် တင်းမာမှုများ ဖြစ်စေနိုင်သည်ဟု စိုးရိမ်ပူပန်သူ အချို့ရှိသည်ဟု BBC သတင်းထောက်က ပြောကြားသည်။

ငါးဖမ်းစက်လှေ ဖမ်းဆီးပြီ

တောင်ကိုရီးယားနှင့် အမေရိကန် ရေတပ် လေ့ကျင့်မှု ပြီးဆုံးပြီး နာရီဝက်ခန့် အကြာတွင် အမြောက်များဖြင့် စတင် ပစ်ခတ်ခဲ့ပုံ ရသည်။

"ကျွန်တော်တို့ သိရသမျှကတော့ မြောက်ကိုရီးယားက သူ့ရဲ့ အနောက်ဖက်ကမ်းလွန် ပင်လယ်ပြင်ထဲကို အမြောက်ကျည်တွေ ပစ်ခတ်ခဲ့တာပါပဲ။ ဒီ့ထက် ပိုပြီး အသေးစိတ် မသိရသေးပါဘူး" ဟု တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်များ ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး ယူဂျေအီးလ်က ရိုက်တာသို့ ဆိုးလ်မှ ဖုန်းဖြင့် ပြောကြားခဲ့သည်။

အချက်ပေါင်း ၁၀၀ ခန့် ပစ်ခတ်ခဲ့သော်လည်း ပင်လယ်ပြင်တွင် ထိခိုက်မှု အန္တရာယ် မရှိဟု သိရှိရသည်။

တနင်္ဂနွေနေ့တွင် တောင်ကိုရီးယားက ၎င်း၏ ငါးဖမ်းစက်လှေ Dae seung ကို မြောက်ဖက်ကက ဖမ်းဆီးခဲ့သည်ဟု စွပ်စွဲခဲ့သည်။

ကိုရီးယားတွင် အရှေ့ဖက် ပင်လယ်ဟု ခေါ်ဝေါ်သည့် ဂျပန် ပင်လယ်ပြင်သို့ စနေနေ့က ငါးဖမ်း ထွက်သွားခဲ့ပြီးနောက် ငါးဖမ်းသင်္ဘောမှ အချက်ပြမှုများ ရပ်ဆိုင်းသွားခဲ့သည်ဟု သိရှိရသည်။

ငါးဖမ်းသင်္ဘောကို မြောက်ကိုရီးယား အရာရှိများက စုံစမ်း စစ်ဆေးနေသည်ဟု ကြားသိရကြောင်း တောင်ကိုရီးယား ကမ်းခြေစောင့် တပ်ဖွဲ့က ပြောကြားသည်။

လိုရင်းကိစ္စကို အမြန်ဆုံး စစ်ဆေး၍ သင်္ဘောနှင့် သင်္ဘောသား အဖွဲ့ကို ဘေးကင်းစွာ ပြန်ပို့ရန် တောင်ကိုရီးယားက တောင်းဆိုထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 10th August 2010

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာ စစ်အစိုးရကို စိတ်ပျက်လက်ပျက် ဖြစ်မှုအား တနင်္လာနေ့က ဖော်ပြလိုက်သည်။ ၎င်းက ရွေးကောက်ပွဲ မတိုင်မီ မြန်မာ အစိုးရနှင့် ဆက်ဆံရေး ပြုလုပ်ရန် ကြိုးစားမှုများကို အစိုးရက လစ်လျူရှုခဲ့ကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ပြီးခဲ့သည့် မတ်လက တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲ ဥပဒေများနှင့် နိုင်ငံရေး အကျဉ်းသား အများအပြား ဖမ်းဆီးထားမှုကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ရာ၊ ယခုအခါ ပါတီ မရှိတော့ပြီ ဖြစ်သည်။

"မြန်မာနိုင်ငံမှာ ကျွန်တော်နဲ့ ကျွန်တော့်အထူး အကြံပေး Vijay Nambiar တို့ဟာ အာဏာပိုင်တွေနဲ့ ဆက်ဆံရေး ဆက်လက် ပြုလုပ်ဖို့ အဆက်မပြတ် လုပ်နေတာပါပဲ" ဟု ဘန်ကီမွန်းက သတင်းထောက်များအား လစဉ် သတင်း ကွန်ဖရင့်တွင် ပြောကြားခဲ့သည်။

၎င်းက ပြောကြားရာတွင် ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲ အပေါ် စိုးရိမ်ပူပန်မှုများ ရှိကြောင်း၊ အတိုက်အခံ ခေါင်းဆောင်များ၊ လူ့အခွင့်အရေး အုပ်စုများနှင့် မြန်မာ့ အိမ်နီးချင်းများ စိုးရိမ်သလို မရိုးသားမှုများ ဖြစ်သွားမည်ကို စိုးရိမ်ကြောင်း ပြောခဲ့သည်။

"မြန်မာနိုင်ငံဟာ သူ့ကို ဆက်ဆံဖို့ ကြိုးစားမှုတွေကို အခုထိ တုန့်ပြန်မှု မရှိခြင်းဟာ စိတ်ပျက်စေတာပါပဲ။ အခုလို အရေးကြီးတဲ့ အချိန်မှာ ပူးပေါင်း ဆောင်ရွက်မှု မရှိခြင်းဟာ မြန်မာနိုင်ငံ အတွက် အခွင့်အလမ်းတွေ ပျောက်ဆုံးတာပါပဲ" ဟု ဘန်ကီမွန်းက ပြောသည်။

ပြီးခဲ့သည့် အပတ်က ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) မှ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းသည် ယခုနှစ် ကြာရှည်စွာ စောင့်စားနေရသော ရွေးကောက်ပွဲ အတွက် စိုးရိမ် ပူပန်ရမှုများကြောင့် ရာထူးမှ နုတ်ထွက်ခဲ့သည်။

၎င်းက ပြောကြားရာတွင် ရွေးကောက်ပွဲ ဥပဒေများသည် အလွန် တင်းကြပ်ပြီး၊ အစိုးရ နောက်ခံပြုသော ပါတီကသာ အနိုင်ရသွားမည်မှာ သေချာပြီး၊ အာဏာ သက်ရှည်မည် ဖြစ်သောကြောင့်ဟု ဆိုသည်။

ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို မသတ်မှတ်ရသေးသော်လည်း အစိုးရကမူ ယခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည် ဖြစ်ပြီး၊ လွတ်လပ်၍ တရားမျှတမည်ဟု ပြောခဲ့သည်။

ဝေဖန် သုံးသပ်သူများက ယခုနှစ် ရွေးကောက်ပွဲသည် နှစ်ပေါင်း ငါးဆယ် စစ်တပ်မှ အုပ်ချုပ်ထားခဲ့ခြင်းကို အမြစ်တွယ်အောင် လိမ်ညာမည့် ရွေးကောက်ပွဲ အဖြစ် ပြောခဲ့ကြပြီး၊ ၂၀၀၈ အခြေခံ ဥပဒေအရ အစိုးရ ဘက်တော်သား မဟုတ်သည့် နိုင်ငံရေးသမားများသည့် အကန့်အသတ် နှင့်သာ ကဏ္ဍတစ်ခုမှ ပါဝင်ရမည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

GMA News, 9th August 2010

စစ်ဖက် အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံ၌ ယခုနှစ် ပြုလုပ်မည့် ရွေးကောက်ပွဲများတွင် အကယ်၍ အတိုက်အခံ ပါတီဝင်များကို ပါဝင်ခွင့် ရပါက အတုအယောင်ဟုသာ သတ်မှတ်ရလိမ့်မည်ဟု ဖိလစ်ပိုင် နိုင်ငံခြားရေး ဋ္ဌာနဝန်ကြီး အယ်ဘာတိုရိုမြူလိုက ပြောကြားလိုက်သည်။

၁၉၉၀ နောက်ပိုင်း ပထမဆုံးအဖြစ် ကျင်းပမည့် ရွေးကောက်ပွဲများတွင် အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ ပါတီဝင်များကို ပါဝင်ခွင့် မပြုပါက အဆိုပါ ရွေးကောက်ပွဲများမှာ ရယ်ရွှင်ဖွယ်ရာသာ ဖြစ်လိမ့်မည်ဟု ရိုမြူလိုက တနင်္လာနေ့တွင် ပြုလုပ်သော အင်တာဗျူးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ပါတီတွေ အားလုံး ရွေးကောက်ပွဲ ဝင်သင့်ပါတယ်၊ ဝင်ရုံတင် မကသေးဘူး။ မဲဆွယ်ခွင့်နဲ့ မဲရေခွင့်ကိုလည်း ခွင့်ပြုရမှာပါ။ ဒီမိုကရေစီနဲ့ ပတ်သက်သမျှ အားလုံးကို ခင်ဗျားတို့ အသိပါပဲလေ" ဟု ရိုမြူလိုက ဆိုသည်။

ရိုမြူလိုသည် မြန်မာနိုင်ငံမှ နိုင်ငံရေး အခြေအနေများ အပေါ် ၎င်း၏ စိုးရိမ်ပူပန်မှုများကို များစွာ ပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်၊ ၎င်းတို့အား  ရွေးကောက်ပွဲ ဝင်ခွင့်ပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အပြတ် အနိုင်ရခဲ့သော်လည်း အာဏာ လွှဲပြောင်းယူခွင့် မရခဲ့ပါ။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မဝင်နိုင်အောင် တားမြစ်သည့် ဥပဒေကို စစ်ဖက် အစိုးရက ချမှတ်ထားသည်။

သူမ၏ ပါတီက ရွေးကောက်ပွဲကို အလိမ်အညာသာ ဖြစ်လိမ့်မည်ဟု ပြောကြားကာ ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်ခဲ့ပြီး ပါတီကို ဖျက်သိမ်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ကန်စောင်း နေအိမ်သို့ အမေရိကန် တစ်ဦး တရားမဝင် ရေကူး ဝင်ရောက်လာခြင်းကို လက်ခံခဲ့မှုကြောင့် နေအိမ် အကျယ်ချုပ် သက်တမ်းအတွင်း ဥပဒေ ချိုးဖောက်သည်ဟု အစိုးရက စွပ်စွဲ၍ မနှစ်က ပြစ်ဒဏ် ချမှတ်ခဲ့ပြီး သူမအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ပြီးနောက် နေအိမ် အကျယ်ချုပ် ၁၈ လ ကျခံရန် လျှော့ပေါ့ပေးခဲ့သည်။

အသက် ၆၃ နှစ်ရှိ ဒီမိုကရေစီ ခေါင်းဆောင်သည် လွန်ခဲ့သော အနှစ် ၂၀ အတွင်း ၁၄ နှစ်ခန့် ထိန်းသိမ်းထားခြင်း ခံခဲ့ရသည်။

ရွေးကောက်ပွဲများ၏ သမာသမတ်ကျမှုအပေါ် သံသယရှိ

မြန်မာနိုင်ငံအပေါ် စိုက်လိုက်မတ်တပ် ဝေဖန်ခဲ့ကြသော အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံမှ ရွေးကောက်ပွဲများ၏ သမာသမတ်ကျမှု အပေါ် သံသယ ရှိသည်ဟု ထုတ်ဖော် ပြောကြားခဲ့ကြသည်။

လက်ရှိတွင် အတိုက်အခံ ပါတီများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ ရွေးကောက်ပွဲတွင် ပါဝင်လာအောင် ခွင့်ပြုရန် ၎င်းတို့က မြန်မာအစိုးရကို တိုက်တွန်းထားလျက် ရှိသည်။

အဖွဲ့ဝင်များ၏ ပြည်တွင်းရေးကို ကြားဝင် စွက်ဖက်ခြင်း မပြုရန် မူဝါဒ ချမှတ်ထားသော အာဆီယံက မြန်မာပြည်သူတို့၏ လူ့အခွင့်အရေးကို ကာကွယ်ပေးရန် စိတ်မပါ၊ လက်မပါ အားထုတ်ခဲ့သည်။

အာဆီယံသည် မြန်မာ အစိုးရအပေါ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် တွန်းအားပေးရာတွင် ဖိအားပေးခြင်း မရှိသည့်အတွက် နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုကို ခံနေရသည်။

အနောက်နိုင်ငံများက ကန့်ကွက်နေသည့် ကြားမှ ၁၉၉၇ ခုနှစ်တွင် အာဆီယံ အဖွဲ့၏ ၁၀ ဦးမြောက် အဖွဲ့ဝင် အဖြစ် အာဆီယံ နိုင်ငံများက ဝင်ခွင့်ပြုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 9th August 2010

တရုတ် Everbright ဘဏ်က စတော့ ဈေးကွက်အတွင်း အစုရှယ်ယာ ရောင်းချမှုကို ယွမ်ငွေ ၂၁.၇ ဘီလျံ (ဒေါ်လာ ၃.၂ ဘီလျံ) သို့ မြှင့်တင်ရန် မျှော်လင့်ထားသည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။ ယခုကဲ့သို့ လူထုထံ ကနဦး ရှယ်ယာ ရောင်းချမှု (IPO) သည် ယခုနှစ်အတွက် တရုတ် ပြည်မတွင် ဒုတိယ အကြီးဆုံး ဖြစ်လာဖွယ် ရှိသည်။

ယခင်လက ရှန်ဟိုင်းနှင့် ဟောင်ကောင်တွင် တရုတ်လယ်ယာ စိုက်ပျိုးရေးဘဏ်က ရှယ်ယာ ရောင်းချမှုကို ခန့်မှန်းခြေ ဒေါ်လာ ၁၇ ဘီလျံ အထိ မြှင့်တင်ခဲ့သည်။

အလယ်အလတ် ငွေချေးလုပ်ငန်း Everbright ဘဏ်က "ရှယ်ယာများ ရောင်းချရန် ပြင်းထန်စွာ တောင်းဆိုမှုများ ရှိခဲ့ပြီး ရင်းနှီး မြှုပ်နှံသူ အဖွဲ့အစည်းများအား ထည့်ဝင်ငွေ ကျော်လွန် တောင်းခံမှု ၁၇ ကြိမ် အထိ ရှိခဲ့သည်'' ဟု ပြောကြားခဲ့သည်။

၎င်း၏ နောက်ဆုံးရှယ်ယာ ရောင်းချမှု IPO ဈေးနှုန်းများကို ဗုဒ္ဓဟူးနေ့တွင် အတည်ပြုနိုင်မည် ဖြစ်သော်လည်း ရှယ်ယာ တစ်ယူနစ်လျှင် ၂.၈၅ ယွမ်မှ ၃.၁၀ ယွမ်အကြား သတ်မှတ်ထားသည်ဟု ဟိုင်းစတော့ အိပ်ချိန်းမှ ရရှိသော အထောက်အထားများ အရ သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု၊ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုနှင့် ငါးဖမ်းသင်္ဘော ဖမ်းဆီး ထိန်းသိမ်းခံရမှု တို့ကြောင့် ကိုရီးယား ကျွန်းဆွယ် ဒေသတွင် တင်းမာမှုများ တိုးမြင့်လျက် ရှိရာ အမေရိကန် ဦးဆောင်သော ကုလသမဂ္ဂ ညွှန်ကြားမှုအဖွဲ့နှင့် မြောက်ကိုရီးယား စစ်ဘက် အရာရှိများ စတုတ္ထအကြိမ်အဖြစ် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ ညွှန်ကြားရေးမှုအဖွဲ့ အဆိုအရ မြောက်ကိုရီးယား စစ်ဘက် အရာရှိများသည် သြဂုတ်လ ၁၀ ရက်နေ့ အပစ်အခတ် ရပ်စဲထားသော Panmunjom ကျေးရွာ၌ တွေ့ဆုံ ဆွေးနွေးမည့် အစီအစဉ်ကို သဘောတူညီ ထားပြီး ဖြစ်သည်။ အဆိုပါ ကျေးရွာသည် တောင်-မြောက် ကိုရီးယား နယ်စပ်ဒေသ၌ တည်ရှိသည်။

ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုနှင့် ဆက်နွှယ်သည့် စစ်မက် ရပ်ဆိုင်းရေး ကိစ္စများကို ဗိုလ်ချုပ်ကြီးများ အဆင့် ဆွေးနွေးပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ကျင်းပမည့် နေ့ရက်၊ ဆွေးနွေးပွဲ အာဂျင်ဒါနှင့် သံတမန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ညှိနှိုင်းလျက် ရှိကြောင်း ကုလသမဂ္ဂက ဆိုသည်။

အမေရိကန် ပြည်ထောင်စု၏ ကျောထောက်နောက်ခံ ရယူထားသော တောင်ကိုရီးယားက ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုသည် မြောက်ကိုရီးယား တော်ပီတို ဒုံးကျည် တိုက်ခိုက်ခြင်း ခံရသောကြောင့် ဖြစ်သည်ဟု ဆိုသည်။ သို့သော် မြောက်ကိုရီးယားက မဟုတ်မမှန်ကြောင်း ငြင်းပယ်ထားသည်။

လတ်တလော ရက်သတ္တပတ်များတွင် ပြုလုပ်သော အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို မြောက်ကိုရီးယား၏ အင်အားကြီး မဟာမိတ် ဖြစ်သည့် တရုတ်နိုင်ငံက ပြစ်တင် ဝေဖန်ခဲ့သည်။ အမေရိကန်- တောင်ကိုရီးယား ပူးတွဲ စစ်ရေး လေ့ကျင့်မှုများသည် နှစ်နိုင်ငံစလုံး၏ လုံခြုံရေးနှင့် ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်ရာ ရောက်သည်ဟု ဘေဂျင်း အစိုးရက ဆိုသည်။ တရုတ်နိုင်ငံက တစ်ချိန်တည်းမှာပင် စစ်ရေး လေ့ကျင့်မှုများကို လျှို့ဝှက်စွာ လုပ်ကိုင်ခဲ့သည်ဟု သိရသည်။

ယခုလို ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများ ဖြစ်ပေါ်လျက် ရှိချိန်တွင် မြောက်ကိုရီးယားက တောင်ကိုရီးယား ငါးဖမ်းသင်္ဘော တစ်စီးကို ဂျပန် ပင်လယ်ပြင်အတွင်း ဖမ်းဆီးလိုက်ပြီး သင်္ဘောသား ခုနစ်ဦးကိုလည်း ထိန်းသိမ်းထားလိုက်သည်။

တောင်ကိုရီးယား နိုင်ငံမှ ပြန်လည် ညီညွတ်ရေး ကြီးဌာနက အဆိုပါ ငါးဖမ်းသင်္ဘော ကိစ္စနှင့် ပတ်သက်၍ မြောက်ကိုရီးယားထံမှ အကြောင်းကြားမှု တစ်စုံတစ်ရာ မရရှိသေးကြောင်း ပြောကြားသည်။

"အဲဒီ ငါးဖမ်းသင်္ဘော ကိစ္စကို မြောက်ကိုရီးယား အနေနဲ့ အမြန်ဆုံး ဖြေရှင်းပေးပြီး ဖမ်းဆီးထားတဲ့ သင်္ဘောတွေကို ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ တောင်ကိုရီးယား အစိုးရက တိုက်တွန်းထားပါတယ်၊ အဲဒီကိစ္စကို ဖြေရှင်းတဲ့ နေရာမှာ နိုင်ငံတကာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေ အတိုင်း လုပ်ဖို့လည်း ပြောထားပါတယ်" ဟု အဆိုပါ ဝန်ကြီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ်က သတင်းထောက်များကို ပြောကြားသည်။

Reuters သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 8th August 2010

မြန်မာ စစ်တပ်က ရက်စက်စွာ နှိမ်နင်းခဲ့သော ၁၉၈၈ လူထုအုံကြွမှု၏ တနင်္ဂနွေနေ့တွင် ကျရောက်သော နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဒီမိုကရေစီ လှုပ်ရှားသူများ၊ နိုင်ငံရေး သမားများက အစိုးရ ပိတ်ပင်ထားသော ဘာသာရေး အခမ်းအနားများကို ယနေ့ ပြုလုပ်ခဲ့ကြသည်။

၁၉၈၇ ခုနှစ်က တရားမဝင် ငွေသတ်မှတ် ကြေညာကာ ပြည်သူတို့၏ စုဆောင်းငွေများကို ဖျက်ဆီးခဲ့သော ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သည့် စစ်တပ် ကျောထောက် နောက်ခံပြု အစိုးရကို ဆန္ဒပြရန် အတွက် ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်တွင် လူတစ်သန်းကျော် လမ်းများပေါ် ထွက်လာကာ အုံကြွ တော်လှန်ခဲ့ကြသည်။

ဆန္ဒပြပွဲများကို ကြိတ်ချေပစ်ခဲ့သည့် စက်တင်ဘာလ မတိုင်မီအထိ လူပေါင်း ၃၀၀၀ ခန့် သေဆုံးခဲ့ရသည်။ အဆိုပါ လူထု အုံကြွမှုတွင် လက်ရှိ ထိန်းသိမ်းခံနေရသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စတင် ထင်ရှားလာခဲ့သည်။

"၁၉၈၈ ခုနှစ် ဆန္ဒပြပွဲတွေမှာ အသက်ကို စွန့်လွှတ်ခဲ့ကြသူတွေကို သတိရတဲ့ အနေနဲ့ ယုံကြည်ချက် အတွက် ထောင်ထဲမှာ ဘဝကို ပေးဆပ်နေရသူတွေကို ဂုဏ်ပြုတဲ့ အနေနဲ့၊ လွန်ခဲ့တဲ့ ၂၂ နှစ်က ပြည်လုံးကျွတ် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြသူတွေကို ရည်ရွယ်တဲ့ အနေနဲ့ ကျွန်တော်တို့ ဒီအခမ်းအနားကို ကျင်းပတာပါ" ဟု အခမ်းအနား စီစဉ်သူ ကျောင်းသား နိုင်ငံရေးသမားဟောင်း တင့်ဆန်းက ပြောကြားသည်။

ရန်ကုန် အရှေ့ပိုင်း ဆင်ခြေဖုံးတွင် ပြုလုပ်သော အခမ်းအနားသို့ လတ်တလော ထောင်မှ လွတ်လာသော ဘုန်းတော်ကြီးအချို့ အပါအဝင် နိုင်ငံရေးသမားများ၊ ဒီမိုကရေစီ လှုပ်ရှားသူများ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်မြို့လမ်းများမှာ ငြိမ်သက်နေပြီး၊ မြို့သူမြို့သားများမှာ ၎င်းတို့၏ ပုံမှန် တနင်္ဂနွေ အစီအစဉ်အတိုင်း သွားလာ လှုပ်ရှားခဲ့ကြသည်ကို တွေ့ရသည်။ အချို့က ဆန္ဒပြပွဲများ အထိမ်းအမှတ် အဖြစ် သံဃာတော်များအား ဆွမ်းကပ် လှူဒါန်းခဲ့ကြသလို အချို့ကလည်း နှစ်ပတ်လည်နေ့ကို မေ့လျော့နေကြသည်။

သံဃာတော်များ ဦးဆောင်သည့် ၂၀၀၇ အုံကြွမှုတွင် ၈၈ မျိုးဆက်မှ ကျောင်းသား နိုင်ငံရေးသမားများ၏ အသံ ထပ်မံ ပေါ်ထွက်လာခဲ့သော်လည်း အဆိုပါ ရွှေဝါရောင် တော်လှန်ရေးမှာ စစ်တပ်၏ အကြမ်းဖက် နှိမ်နင်းမှုကို ခံခဲ့ရသည်။ ပါဝင် လှုပ်ရှားခဲ့သူများမှာလည်း ထောင်ဒဏ် ၆၅ နှစ် အထိ အပြစ်ပေးခြင်း ခံရသည်။

"ပြည်သူတွေ လမ်းပေါ်ထွက်လာလို့ အသတ်ခံရတာ၊ ထောင်ချခံရတာမျိုးတွေ ထပ်ပြီး မဖြစ်စေချင်တော့ပါဘူး။ အစိုးရရဲ့ အပြောင်းအလဲကို ရွေးကောက်ပွဲတွေက တဆင့် ဆောင်ကြဉ်း နိုင်လိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်ထားပါတယ်" ဟု အသစ် မှတ်ပုံတင်ထားသော ဒီမိုကရက်တစ် ပါတီမှ အထွေထွေ အတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းက ပြောကြားခဲ့သည်။

စစ်ဖက် အုပ်ချုပ်သူများက အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် အဖြစ် ယခုနှစ်နှောင်းတွင် ရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု အသံလွှင့် ထားသော်လည်း ယခုတိုင် ရက်သတ်မှတ်ခြင်း မရှိသေးပါ။ ဝေဖန် ဆန်းစစ်သူများက "လာမည့် ရွေးကောက်ပွဲများသည် မြန်မာနိုင်ငံတွင် အနှစ် ၅၀ နီးပါး အမြစ်တွယ်နေသည့် စစ်အုပ်ချုပ်ရေးကို သက်ဆိုးရှည်အောင် ရည်ရွယ် ပြုလုပ်သည့် အတုအယောင်သာ ဖြစ်သည်" ဟု စွပ်စွဲထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက အစိုးရ ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေများသည် ဒီမိုကရေစီ မရှိ၊ မျှတမှု မရှိဟု ပြောကြားကာ ရွေးကောက်ပွဲများကို သပိတ်မှောက်ခဲ့သည်။ ပါတီကို မှတ်ပုံတင်ရန် ငြင်းဆန်ခဲ့ခြင်းကြောင့် မေလက ဖျက်သိမ်းခြင်း ခံခဲ့ရသည်။

NLD သည် ၁၉၉၀ ရွေးကောက်ပွဲကို အနိုင်ဖြင့် ပွဲသိမ်းနိုင်ခဲ့သော်လည်း အာဏာ လွှဲပြောင်းယူခွင့် မရခဲ့ပါ။ နိုဘယ်ဆုရှင် ပါတီခေါင်းဆောင်ကိုလည်း စစ်အစိုးရက ထိုအချိန်မှစ၍ ၁၄ နှစ် နီးပါး နေအိမ် အကျယ်ချုပ် ထိန်းသိမ်းထားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ဂျပန် ပင်လယ်ပြင်အတွင်း သွားလာနေသော တောင်ကိုရီးယား ငါးဖမ်းသင်္ဘော တစ်စီးကို မြောက်ကိုရီးယားက ဖမ်းဆီးခဲ့ပြီး အဆိုပါသင်္ဘောမှ သင်္ဘောသား ခုနစ်ဦးကိုပါ ထိန်းသိမ်းထားကြောင်း ဆိုးလ်မှ လာသော သတင်းပေးပို့ချက်များက ဆိုသည်။

မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက သင်္ဘောသားတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သတင်းပေးပို့သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မီဒီယာ သတင်းပေးပို့မှု အနည်းငယ်သာ ထွက်ပေါ်ခဲ့သည်။ သတင်းများအရ အဆိုပါ ငါးဖမ်းသင်္ဘော ကိစ္စသည် မတ်လအတွင်း ဖြစ်ပွားခဲ့သော တောင်ကိုရီးယား ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုကြောင့် ဖြစ်ပေါ်နေသည့် တောင်-မြောက် နှစ်နိုင်ငံ တင်းမာမှုများနှင့် ဆက်နွှယ်လျက် ရှိသည်။

မတ်လ ၂၆ ရက် တောင်ကိုရီးယားပိုင် ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုတွင် သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့ပြီး ယင်းဖြစ်ရပ်သည် မြောက်ကိုရီးယား တော်ပီတိုဒုံးကျည် တိုက်ခိုက်ခံရမှုကြောင့် ဖြစ်သည်ဟု တောင်ကိုရီးယားက စွပ်စွဲ ပြောဆိုခဲ့သည်။ သို့သော် မြောက်ကိုရီးယား ကွန်မြူနစ် အစိုးရက အဆိုပါ စွပ်စွဲချက်များသည် လုပ်ကြံရန်စမှု သက်သက်သာ ဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။

ယခု ငါးဖမ်းသင်္ဘော ဖမ်းဆီးခံရမှုသည် တောင်ကိုရီးယား စစ်တပ်က နှစ်နိုင်ငံနယ်နိမိတ် ပိုင်ဆိုင်မှု ဆိုင်ရာ အငြင်းပွားမှုများ ဖြစ်ပေါ်နေသည့် ပင်လယ်ဝါ (Yellow Sea) အတွင်း ငါးရက်တာ စစ်ရေး လေ့ကျင့်မှု စတင်လိုက်ပြီးနောက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စစ်ရေး လေ့ကျင့်မှုကို ကာကွယ်ရေး ဝန်ကြီးဌာနက တောင်ကိုရီးယား၏ အကြီးဆုံးသော လေ့ကျင့်မှုအဖြစ် သတ်မှတ် ဖော်ပြသည်။

တောင်ကိုရီးယား ကြည်းတပ်၊ ရေတပ် နှင့် လေတပ်တို့ ပူးပေါင်းကာ မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည်၊ ရေငုပ်သင်္ဘောနှင့် တိုက်လေယာဉ် ဖြိုခွင်းတိုက်ဖျက်ရေး စစ်ရေး လေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။

တောင်ကိုရီးယား Yonhap သတင်းဌာန အဆိုအရ စစ်ရေး လေ့ကျင့်မှုတွင် သင်္ဘောအစင်း ၂၀ နှင့် စစ်သည်အင်အား ၄၅၀၀ ပူးပေါင်း ပါဝင်ခဲ့သည်။ တောင်ကိုရီးယား၏ စစ်ရေး လေ့ကျင့်မှုနှင့် ပတ်သက်ပြီး မြောက်ကိုရီးယားက "အနောက်ဘက် ပင်လယ်တွင်း သစ္စာဖောက်အုပ်စုများ ပြုလုပ်သော ရေငုပ်သင်္ဘော ဖြိုခွင်းရေး လေ့ကျင့်မှုများကို ပြင်းထန်စွာ တုံ့ပြန်သွားမည်" ဟု သတိပေးချက် ထုတ်ပြန်ခဲ့သည်။

"ကျွန်ုပ်တို့၏ သတိပေးချက်သည် လေတစ်လုံး မိုးတစ်လုံး ခြိမ်းခြောက်ရုံ သက်သက် လုံးဝမဟုတ်" ဟု မြောက်ကိုရီးယား အလုပ်သမား ပါတီထုတ် Rodong Sinmun သတင်းစာက ရေးသား ဖော်ပြသည်။

CNN သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ဆယ်စုနှစ်တစ်ခု နီးပါးအတွင်း တဖြည်းဖြည်းချင်း တိုးတက် လာသည်ကို တွေ့ရသည်။ သို့သော် ယခုအခါ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုမှာ ပိုမို ခိုင်မာလာသည့် သဘောတွင် ရှိရာ မြန်မာနိုင်ငံတွင်း စစ်မှန်သော ဒီမိုကရေစီ စနစ် ဖော်ဆောင် လာစေရေးအတွက် အိန္ဒိယအနေဖြင့် ၎င်း၏ သြဇာ လွှမ်းမိုးမှုကို အသုံးချပြီး စစ်အစိုးရကို တွန်းအားပေးရန် အနောက်အင်အားကြီး နိုင်ငံများက မသိမသာ အားပေး အားမြှောက် ပြုလုပ်လာသည်။

မြန်မာ-တရုတ် ဆက်ဆံရေးမှာ လွန်စွာ နီးကပ်မှု ရှိသည်ဟု ယူဆရပြီး ဘေဂျင်းအစိုးရက နေပြည်တော် စစ်အစိုးရအပေါ် သိသိသာသာ လွှမ်းမိုးနိုင်မှုများ ရှိထားသည့်တိုင် အိန္ဒိယကို တရုတ်ပြီးလျှင် မြန်မာနိုင်ငံနှင့် အကောင်းဆုံး ဆက်ဆံရေး ရရှိထားသော ပါဝါအဖြစ် ရှုမြင်နိုင်သည်။

သို့သော် မကြာသေးခင် ဇူလိုင်လ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိန္ဒိယနိုင်ငံသို့ သွားရောက် လည်ပတ်လိုက်ရာ နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေးမှာ ပိုမို ကြီးထွားသွားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အဆိုပါ အိန္ဒိယ ခရီးစဉ်သည် ဒုတိယအကြိမ် ဖြစ်သည်။ ၎င်းသည် ၂၀၀၄ ခုနှစ် အောက်တိုဘာတွင် ပထမအကြိမ်အဖြစ် သွားရောက်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး၏ ဘာသာရေး ခရီးစဉ်လည်းဟုတ်၊ တရားဝင် နိုင်ငံတော်ခရီးစဉ်လည်း ဟုတ်သည့် အဆိုပါခရီးစဉ်၏ ပထဝီအနေအထား တိုးချဲ့ဖြန့်ကားမှုမှာ လွန်စွာပင် ထင်ထင်ရှားရှား ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ၏ နံပါတ်-၁ တပ်မတော် ခေါင်းဆောင်ကြီးသည် ငါးရက်တာ ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံမှ မြို့ ငါးမြို့ ဖြစ်သော Bodh Gaya၊ Varanasi၊ Hyderabad၊ Jamshedpur နှင့် New Delhi တို့ကို သွားရောက် လည်ပတ်ခဲ့သည်။ နယူးဒေလီတွင် အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် ကိုယ်စားလှယ်အဆင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗိုလ်ချုပ်မှူးကြီးနှင့် မစ္စတာ မန်မိုဟန်ဆင်းတို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပြီးနောက် အသေးစိတ် စီစဉ်ထားသော ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည့်တိုင် နှစ်ဖက်စလုံးက မည်သို့သော သတင်းစာ ရှင်းလင်းပွဲ တစ်ခုမျှ မပြုလုပ်ခဲ့သည့် အတွက် ယင်းခရီးစဉ်မှာ ခပ်လျှိုလျှိုဖြင့် သာမန်သဘောမျှသာ ဖြစ်ခဲ့သည်။

ခရီးစဉ်တွင် အိန္ဒိယက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ဆောင်ချက်များမှ အခန်းကဏ္ဍ သုံးခုတွင် ပါဝင်ကူညီသွားမည်ဟု သဘောတူညီခဲ့သည်။ ယင်းအခန်းကဏ္ဍ သုံးခုမှာ သတင်း အချက်အလက် နည်းပညာ၊ စက်မှုလုပ်ငန်းနှင့် အခြေခံ အဆောက်အအုံ စသည်တို့ ဖြစ်သည်။ သို့သော် ဗိုလ်ချုပ်မှူးကြီး၏ အဆိုပါခရီးစဉ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက နိုင်ငံရေးဆိုင်ရာ ရှုထောင့်မှ လေ့လာ စောင့်ကြည့်နေခဲ့ကြသည်။

ယနေ့အချိန်အထိ နေ့ရက် အတိအကျကို ထုတ်ပြန်ခြင်း မရှိသေးသော်လည်း မြန်မာနိုင်ငံ၌ ယခုနှစ်ကုန်ပိုင်းတွင် ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ပေးရန် စီစဉ်ထားသည်။ မည်သို့ဆိုစေ မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ နိုင်ငံရေး အင်အားစုက ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်သောကြောင့် ဒီမိုကရေစီ ရွေးကောက်ပွဲသည် မလွဲမသွေ အတုအယောင်မျှသာ ဖြစ်နေပေလိမ့်မည်။

မြန်မာနိုင်ငံတွင်း စစ်မှန်သော ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးအတွက် ဖွံ့ဖြိုးပြီးနိုင်ငံများ ဖြစ်သော အမေရိကန်၊ အီးယူ နှင့် ဂျပန်တို့က စစ်အစိုးရကို ဖိအားပေးရန် ကြိုးစားခဲ့ကြသော်လည်း အောင်မြင်မှု မရရှိခဲ့ကြပေ။ သို့အတွက်ကြောင့် နယူးဒေလီနှင့် နေပြည်တော်မှ ထိပ်ပိုင်း ခေါင်းဆောင်များ အပြန်အလှန် တွေ့ဆုံဆက်ဆံမှု ပြုလုပ်သည့်အခါတိုင်း အိန္ဒိယအနေဖြင့် စစ်အစိုးရအပေါ် ဖိအားပေးမှုများ ပြုလုပ်မည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းက မျှော်လင့်ကြခြင်း ဖြစ်သည်။

သို့သော် အိန္ဒိယသည် မဟာဗျူဟာအရေး၊ လုံခြုံရေး၊ စီးပွားရေး အကျိုးအမြတ် ရရှိရေး အစရှိသည်တို့ အပါအဝင် ကီလိုမီတာ ၁၆၄၀ ရှည်လျားသော နယ်နိမိတ်ကို မျှဝေ ပိုင်ဆိုင်ထားသည် ဖြစ်ရာ မြန်မာနိုင်ငံနှင့် စေ့စပ် ဆွေးနွေးရေး ကိစ္စကို နိုင်ငံတကာ အသိုင်းအဝိုင်း၏ တွန်းအားပေးမှု မပါဝင်သော်ငြား စိတ်ဝင်စားမှု ရှိထားပြီး ဖြစ်သည်။

အိန္ဒိယအစိုးရ ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံတွင်း အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ် စတင်နိုင်ရေး အထူးပင် လိုအပ်သည်ဟူသော ကိစ္စနှင့်ပတ်သက်ပြီး စစ်အစိုးရကို အလေးအနက်ထား ပြောဆိုခဲ့သည်။ ယခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခရီးစဉ်တွင်လည်း အဆိုပါကိစ္စကို ထပ်မံပြောဆိုခဲ့သည်။ သို့သော် သတိပြုရမည့် အချက်မှာ အိန္ဒိယသည် ဒီမိုကရေစီ အရေးကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စစ်အစိုးရအပေါ် ညှပ်ပူးညှပ်ပိတ် ဖြစ်အောင် ပြုလုပ်မှု လုံးဝမရှိ ဟူသောအချက်ပင် ဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အကြောင်းမှာ မြန်မာနိုင်ငံအပေါ် ထားရှိသည့် အိန္ဒိယ မူဝါဒသည် ဒီမိုကရေစီ သို့မဟုတ်
လူ့အခွင့်အရေး ဟူသော အယူအဆက် အစစ်အမှန် နိုင်ငံရေး (Realpolitik) အယူအဆက ပိုမို များပြားနေသောကြောင့်ပင် ဖြစ်၏။

Indian Times မှ ဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အမေရိကန် ပြည်ထောင်စု စီးပွားရေး ကျဆင်းမှုသည် မျှော်မှန်းထားသည်ထက် အလုပ်လက်မဲ့ ဖြစ်မှုများ ပိုမို ပေါ်ပေါက်စေခဲ့ရာ အပြည့်အဝ ပြန်လည် နာလန် ထူနိုင်ရေးအတွက် နှစ်အတန်ကြာ အချိန်ယူရဦးရမည် ဟူသော အချက်ကို ဖော်ကျူးရာ ရောက်ကြောင်း အလုပ်သမား ဝန်ကြီးဌာနက သြဂုတ်လ ၆ ရက်နေ့တွင် ပြောကြားလိုက်သည်။

အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်နှင့် ပြည်နယ် အစိုးရများက အလုပ်အကိုင် လျှော့ချခဲ့သောကြောင့် အလုပ်အကိုင်ပေါင်း ၁၃၁၀၀၀ ပျောက်ဆုံးခဲ့ရပြီး အလုပ်လက်မဲ့နှုန်းမှာ ၉ ဒဿမ ၅ ရာခိုင်နှုန်းအထိ တိုးမြင့်ခဲ့သည်ဟု အလုပ်သမားဌာနက သတင်း ထုတ်ပြန်သည်။ ပုဂ္ဂလိက ကဏ္ဍက အစိုးရဌာနမှ အလုပ်ပြုတ်သူ ၁၄၃၀၀၀ အတွက် ခုသာခံသာ ဖြစ်အောင် လုပ်ကိုင်ပေးနိုင်ခဲ့ခြင်း မရှိကြောင်း၊ အချို့သော ပုဂ္ဂလိက လုပ်ငန်းများကသာ အလုပ်အကိုင်ပေါင်း ၇၁၀၀၀ ခန့်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သတင်းက ဆိုသည်။

အလုပ်သမားဌာနက ထုတ်ပြန်သော စာရင်းဇယားများအရ အမေရိကန်ပြည်ထောင်စု စီးပွားရေး နာလန်ထူမှု တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေပြီး အလုပ်အကိုင် ဈေးကွက် ပုံမှန်အတိုင်း ပြန်ဖြစ်ရန် နှစ်အတန်ကြာ အရှိန်ယူရဦးမည် ဟူသော အချက်ကို ဖော်ပြရာ ရောက်သည်။

"အလုပ်အကိုင် ရရှိမှုနဲ့ ပတ်သက်တဲ့ ခြေလှမ်းဟာ လတ်တလောမှာ နှေးကွေးနေပါတယ်။ အဲဒီတော့ စီးပွားရေး ပျက်ကပ် ဖြစ်တုန်းက အလုပ်အကိုင်ပေါင်း ၈ သန်းလောက် ပျောက်ဆုံးသွားတာကို အစားပြန်ထိုးဖို့ ဆိုတာ နောက်တစ်နှစ်၊ နှစ်နှစ်နဲ့ မရပါဘူး။ နောက် ငါးနှစ် အတွင်းမှာတောင် မဖြစ်နိုင်လောက်ဘူးလို့ မြင်ပါတယ်" ဟု အမေရိကန် စီးပွားရေး သုတေသန လုပ်ငန်းတစ်ခု ဖြစ်သော The Conference Board မှ Chief Economist ဖြစ်သူ Bart van Ark က ပြောသည်။

"ဆောက်လုပ်ရေးနဲ့ ကုန်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းတွေ အနေနဲ့ စီးပွားရေး ကျဆင်းမှု မဖြစ်ခင်အချိန်က ရှိခဲ့တဲ့ အလုပ် ခေါ်ယူနိုင်တဲ့ အဆင့်မျိုးကို ပြန်ရောက်ဖို့ မလွယ်လှပါဘူး" ဟု ၎င်းက ပြောသည်။ ယခုနှစ် အစောပိုင်း ကာလများတွင် အလုပ်သမား ဝန်ကြီးဌာနက အလုပ်အကိုင် ၁၂၅၀၀ ခန့် ပျောက်ဆုံးခဲ့ရသည်ဟု သတင်း ထုတ်ပြန်ခဲ့သော်လည်း ဇွန်လအတွင်းသို့ ရောက်သောအခါ ၂၂၁၀၀၀ ခန့်အထိ ရောက်ရှိလာသည်ဟု ဆိုပြန်ရာ အလုပ်အကိုင်နှင့် ပတ်သက်၍ စိုးရိမ်စရာများ ဖြစ်ပေါ်ခဲ့ရသည်။

ယင်းကိစ္စကြောင့် သမ္မတ ဘားရက်အိုဘားမား အနေဖြင့် ၎င်း၏ စီးပွားရေး မူဝါဒများ အလုပ်ဖြစ်ပါသည် ဟူသောအချက်ကို သက်သေထူရန် ဖိအားများလည်း ဖြစ်ပေါ်စေခဲ့သည်။ ထို့ပြင် လာမည့် နိုဝင်ဘာတွင် သမ္မတ သက်တမ်းနှစ်ဝက် ရွေးကောက်ပွဲ ကျင်းပရန် ရှိရာ ရီပတ်ဘလစ်ကန်များ အနေဖြင့် ယခု စာရင်းဇယားများကို အကြောင်းပြုပြီး အိုဘားမား၏ စီးပွားရေး နာလန်ထူနိုင်ရေးအတွက် ဧရာမသုံးစွဲမှုများ အလုပ်မဖြစ်ဟု သက်သေ ထူပြလာနိုင်သည်။

"သမ္မတ အိုဘားမားရဲ့ စီးပွားရေး ပေါ်လစီတွေက စဉ်ဆက်မပြတ် အလုပ်အကိုင် တိုးပွားမှုကို ဖန်တီး မပေးနိုင်ခဲ့ပါဘူး" ဟု ရီပတ်ဘလစ်ကန် အမျိုးသားကော်မတီ ဥက္ကဋ္ဌ Michael Steele က ပြောကြားသည်။

ယခုနှစ် ဇူလိုင်လလောက်တွင် အလုပ် လုပ်ကိုင်နေသော အမေရိကန် နိုင်ငံသား ၈၇၀၀၀ ခန့် အလုပ်အကိုင် ပျောက်ဆုံးလာဖွယ် ရှိပြီး အလုပ်လက်မဲ့ ဦးရေ ၉ ဒဿမ ၆ ရာခိုင်နှုန်း အထိ မြင့်တက်လာဖွယ် ရှိကြောင်း ပညာရှင်များက ဟောကိန်း ထုတ်ခဲ့ကြသည်။ အမေရိကန် စီးပွားရေး လမ်းကြောင်း မည်သည့်ဘက်သို့ ဦးတည်မည် ဟူသော အချက်ကို ရင်းနှီးမြှုပ်နှံသူများက လအတန်ကြာ စိုးရိမ်တကြီး စောင့်စားခဲ့ကြသော်လည်း ယခု အလုပ်သမားဌာနက ထုတ်ပြန်သော စာရင်းဇယားများ၊ ကိန်းဂဏန်းများကြောင့် ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်စေသည်။

အမေရိကန် စီးပွားရေး တုံ့ဆိုင်းမှုမှာ ဆက်လက် ဖြစ်နေဦးမည့် သဘောတွင် ရှိရာ အိုဘားမား အပါအဝင် မူဝါဒ ရေးဆွဲသူများ အနေဖြင့် နောက်ထပ် စီးပွားရေး အကျပ်အတည်း ဖြေရှင်းရေး ဆောင်ရွက်ချက်များ လုပ်ကိုင်ရန် လိုအပ်မှု ရှိ၊ မရှိ ဟူသော အချက်ကို ခက်ခက်ခဲခဲ ဆုံးဖြတ်ရမည့်ကိန်း ဆိုက်နေသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တောင်ကိုရီးယားရေတပ်၏ အရေးကြီးသော စစ်ရေး လေ့ကျင့်မှုများကို သြဂုတ်လ ၇ ရက်နေ့တွင် တတိယနေ့အဖြစ် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားသည်။ မြောက်ကိုရီးယား နိုင်ငံက တောင်ကိုရီးယား၏ စစ်ရေး လေ့ကျင့်မှုများသည် 'စစ်မက်ဖြစ်ပွားရန် ရန်စသည့် ပဏာမ လုပ်ရပ်' အဖြစ် သတိပေး ကြေညာခဲ့ပြီးနောက် ယင်းသို့ ရေတပ် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လေ့ကျင့်မှုများကို တောင်-မြောက် နှစ်နိုင်ငံ နယ်နိမိတ် ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေသည့် ပင်လယ်ဝါ (Yellow Sea) အတွင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး မြောက်ကိုရီးယား၏ ပဲ့ထိန်း ဒုံးကျည်များနှင့် ရေငုပ်သင်္ဘောများ အန္တရာယ် ကာကွယ်ရေးအတွက် အဓိက ဖိုးကပ်စ် လုပ်ခဲ့ကြောင်း ကာကွယ်ရေးဌာနက ပြောသည်။

လာမည့်လများအတွင်း တောင်ကိုရီးယား အနေဖြင့် မြောက်ကိုရီးယားကို စစ်အင်အား ပြသမှု ပြုလုပ်ရန် စီစဉ်ထားရာ ယခု စစ်ရေး လေ့ကျင့်မှုသည်လည်း တစ်စိတ်တစ်ပိုင်း အဖြစ် ပါဝင်သည်။ တောင်ကိုရီးယားသည် မတ်လအတွင်း ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်ပြီး မြောက်ကိုရီးယားကို စွပ်စွဲပြောဆိုထားသည်။ ကာကွယ်ရေး ဝန်ကြီးဌာန အဆိုအရ ယခု လေ့ကျင့်မှုတွင် စစ်သင်္ဘော ၂၉ စီး၊ လေယာဉ် အစင်း ၅၀ ပါဝင်ပြီး ငါးရက်တာမျှ လေ့ကျင့်မည်ဟု ဆိုသည်။

"တချို့ ရေတပ် စစ်သင်္ဘောတွေက ပင်လယ်ဝါထဲမှာ ဒုံးခွင်းဒုံး စမ်းသပ်လေ့ကျင့်မှုတွေ လုပ်ကြပါတယ်" ဟု တောင်ကိုရီးယား စစ်ဘက် အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး Yonhap သတင်းဌာနက ရေးသား ဖော်ပြသည်။ သြဂုတ်လ ၇ ရက်စစ်ရေး လေ့ကျင့်မှု၌ လေယာဉ်နှင့် ရေငုပ်သင်္ဘော ဖျက်ဆီး တိုက်ခိုက်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး ပင်လယ်ဝါအနီးရှိ ကျွန်းတစ်ခုပေါ်တွင် အခြေစိုက်သော တပ်ဖွဲ့များကလည်း အမှန်တကယ် ပစ်ခတ် လေ့ကျင့်မှုများ ပြုလုပ်ကြသည်။

သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့ရသော ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုသည် မြောက်ကိုရီးယား တော်ပီတို ဒုံးကျည် တိုက်ခိုက်ခံရသောကြောင့်ဟု တောင်ကိုရီးယားက စွပ်စွဲ ပြောဆိုထားသော်လည်း ပြုံယမ်းက လုံးဝ မှန်ကန်မှုမရှိကြောင်း ငြင်းပယ်ထားသည်။ သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားပြီးနောက် တောင်-မြောက် နှစ်နိုင်ငံမှာ တင်းမာမှုများ တစ်ရှိန်ထိုး မြင့်တက်လာသည်။ တင်းမာမှုများ ဖြစ်ပွားစေသည့် ပင်လယ်ဝါအတွင်း တောင်ကိုရီးယား ရေတပ် စစ်ရေး လေ့ကျင့်မှုများသည် နှစ်ဦးနှစ်ဖက် စစ်မက်ပဋိပက္ခ စတင်ရန် ဦးတည်ခြင်းသာ ဖြစ်သည်ဟု မြောက်ကိုရီးယား ကွန်မြူနစ် အစိုးရ အာဘော် Rodong Sinmun သတင်းစာက ရေးသားသည်။

"ရေငုပ်သင်္ဘော ဖြိုခွင်းရေး စစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယားနှစ်နိုင်ငံ စစ်မက် စတင်ရန် ရန်စမှုတစ်ခု ဖြစ်သည်" ဟု သတင်းစာက ဆိုသည်။ အကယ်၍ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်စဉ်အတွင်း တောင်ကိုရီးယားဘက်က ပဋိပက္ခများ ဖြစ်ပေါ်စေခဲ့ပါက အပြင်းထန်ဆုံးသော လက်တုံ့ပြန်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြောက်ကိုရီးယား စစ်တပ်က ကြေညာထားသည်။ "ကျွန်ုပ်တို့၏ သတိပေးချက်သည် အလ္လာပသလ္လာပ ပြောခြင်း လုံးဝမဟုတ်" ဟု မြောက်ကိုရီးယား သတင်းစာက အစိုးရအာဘော်ကို ဖော်ပြသည်။

Straits Times သတင်းစာမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.