Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပွားရာ နိုင်ငံနေရာ အတော်များများတွင် မြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းဌာနများက ရေးသား ဖော်ပြသည်။ မြေပြိုမှု အဆိုးရွားဆုံး ဖြစ်ပေါ်သည့် နေရာမှာ Zhouqu ကောင်တီ ပြည်နယ်တွင် ဖြစ်ပြီး ကယ်ဆယ်ရေး လုပ်သားများမှာ ဆိုးရွားသော ရာသီဥတုကို အံတုပြီး ခဲရာခဲဆစ် လုပ်ကိုင်နေရသည်ဟု ဆိုသည်။

ဝေးလံခေါင်သီသော ဒေသတစ်ခု ဖြစ်သည့် Gansu ပြည်နယ်တွင်လည်း ကယ်ဆယ်ရေး အဖွဲ့များက လူသေ အလောင်းများကို ရှာဖွေ တွေ့ရှိခဲ့ကြကြောင်း၊ သြဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားသော မြေပြိုမှုတွင်လူပေါင်း ၁၇၀၀ ခန့် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း သတင်း ပေးပို့သည်။

ထို့ပြင် Gansu ပြည်နယ်တွင်လည်း မြေပြိုမှုများ ဖြစ်ပွားရာ လူပေါင်း ၂၄ ဦး သေဆုံးခဲ့သည်။ Sichuan ပြည်နယ် တောင်ပိုင်း ဒေသတွင် ငါးဦး သေဆုံးသည်။ မြေပြိုမှုများ ဖြစ်ပွားပြီး နောက်ပိုင်း ရက်အတော်ကြာ မိုးသည်းထန်စွာ ရွာသွန်းမှုများ ဆက်လက် ဖြစ်ပွားခဲ့သည်။

တရုတ် အာဏာပိုင်များ အဆိုအရ Zhouqu ပြည်နယ်တွင် ရွှံ့နွံများ၊ ကျောက်တုံး ကျောက်ခဲများ ပြိုကျမှုကြောင့် နေအိမ် အဆောက်အအုံ ရာနှင့် ချီ၍ ပိမိခဲ့ကာ လူပေါင်း ၁၁၄၄ ဦးခန့် သေဆုံးသည်ဟု ယူဆရသည်။

တရုတ်နိုင်ငံသို့ ရောက်ရှိနေသော BBC သတင်းထောက် Chris Hogg က လတ်တလော အနေအထားတွင် နိုင်ငံတွင်း ဖြစ်ပေါ်ခဲ့သည့် သဘာဝ ဘေးအန္တရာယ် ဆိုးကြီးကို ကာကွယ်နိုင်ခဲ့ခြင်း ရှိ၊ မရှိ မေးခွန်းများ ထွက်ပေါ်နေသည်ဟု ဆိုသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုမှာ တရုတ်နိုင်ငံ၊ အလယ်ပိုင်းနှင့် အနောက်ပိုင်း ဒေသ တစ်လျှောက်တွင် ဖြစ်ပေါ်ခဲ့ပြီး ရက်အတော်ကြာ မြင့်ခဲ့သည်။ Zhouqu ပြည်နယ်နှင့် နီးကပ်သော Longnan စီတီ နှင့် Tianshui ကောင်တီတို့တွင်လည်း မြေပြိုမှုများ ထပ်မံ ဖြစ်ပွားခဲ့ရာ လူပေါင်း ၂၄ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ပျောက်ဆုံးနေကြောင်း Xinhua သတင်းဌာနက ဆိုသည်။

Sichuan ပြည်နယ်၊ Maianzhu ကောင်တီတွင်မူ ရွှံ့မြေ ပြိုကျမှုများကြောင့် ငါးဦး သေဆုံးပြီး လူ ၅၀၀ ခန့် ကျေးလက် ဒေသများတွင် ပိတ်မိလျက် ရှိသည်ဟု Xinhua က ဆိုသည်။

Zhouqu မြောက်ပိုင်းတွင်မူ ယခုကဲ့သို့ ဆိုးဆိုးရွားရွား အဆင့် ရှိသည့် အခြေအနေမျိုးကို ဖန်တီးလိုက်သည့် မြေပြိုမှု ဖြစ်ပေါ်အောင် မည်သည့် အရာများက ဖန်တီးခဲ့သနည်း ဟူသော ကိစ္စကို မေးခွန်းထုတ် ပြောဆိုလျက် ရှိသည်။

BBC သတင်းထောက် Chris Hogg အဆိုအရ တရုတ် ပြည်သူများသည် အဆိုပါ မြေပြိုမှုများသည် အလွန်အမင်းသစ် ထုတ်လုပ်မှုနှင့် မြို့ပြ စီမံကိန်း ညံ့ဖျင်းမှုတို့ကြောင့် ဖြစ်ပေါ်ခဲ့သည်ဟု ပြောဆိုလျက် ရှိသည်။

၁၉၇၀ ပြည့်နှစ်များတွင် တစ်ကြိမ်၊ ၁၉၉၀ ပြည့်နှစ်များတွင် တစ်ကြိမ် ပြုလုပ်ခဲ့သော သုတေသန ပြုချက်များက ယခုမြေပြိုမှု ဖြစ်ပွားသော ဒေသများသည် သဘာဝ ဘေးအန္တရာယ် ဆိုးကြီးများ ဒဏ်ကို ခံနိုင်ရည်မရှိဟု ထုတ်ဖော်ခဲ့ကြောင်း တရုတ်မီဒီယာ သတင်း ပေးပို့ချက်များက ဆိုသည်။ တရားဝင် သို့မဟုတ် တရားမဝင် သစ်ခုတ်မှုများကြောင့် အခြေအနေ အရပ်ရပ်ကို ပိုမို ဆိုးရွားစေခဲ့ခြင်း ဖြစ်သည်။

မြေပြိုမှု ဖြစ်ပွားသည့် ဒေသများသည် ဖွံ့ဖြိုးမှု လွန်စွာ နိမ့်ကျသည်။ အဆိုပါ ဒေသတွင်း သစ်ခုတ်မှုကို တရုတ် အစိုးရက လွန်ခဲ့သည့် ၁၂ နှစ်မှ စ၍ ပိတ်ပင်ခဲ့သည့်တိုင် ဒေသခံ ပြည်သူများက သစ်ခုတ်မှုများကို ဆက်လက် လုပ်ကိုင်နေဆဲပင် ဖြစ်သည်။ ဝင်ငွေ ရရှိမှုနှင့် လူမှုဘဝ ရပ်တည်ရေး တို့အတွက် တောင်ကုန်းဒေသများရှိ သစ်ပင်များကို ရောင်းချကြသည်။

လွန်ခဲ့သည့် ၂ နှစ်တာကာလက Sichuan ပြည်နယ် ငလျင်နှင့် မကြာသေးမီက ဖြစ်ပွားသော မိုးခေါင်မှုတို့ကြောင့် မြေသားများ ကျစ်လစ် မာကျောမှုကို လျော့ကျစေခဲ့သည်။ သို့သော် BBC သတင်းထောက်က သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး လုပ်ဆောင်ချက်များ၊ သတိပေးချက်များ ရှိခဲ့ပါက လူပေါင်းများစွာ၏ အသက်ကို ကယ်ဆယ်နိုင်ခဲ့မည်သာ ဖြစ်ကြောင်း ပြောကြားသည်။

တရုတ်အစိုးရက မြေပြိုမှု ဖြစ်ပွားခဲ့သည့် ဒေသများတွင် နေအိမ် အဆောက်အအုံများ ပြန်လည် တည်ဆောက်ပေးမည်ဟု ကတိပေး ပြောဆိုခဲ့သော်လည်း လေ့လာ အကဲခတ်သူများက ပညာသားပါပါ လုပ်ဆောင်ရမည့် ကိစ္စဖြစ်ကြောင်း ဝေဖန်ကြသည်။

"Zhouqu ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဘေးဒုက္ခဆိုးကြီးက စီးပွားရေး တိုးတက်မှု ဘေးအန္တရာယ်တွေနဲ့ စိန်ခေါ်မှုတွေရဲ့ ဂယက် ရိုက်ခတ်မှု ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှု နိမ့်ကျတဲ့ နေရာတွေကို ဂယက် ရိုက်ခတ်မှု တစ်ခုလို့ ပြောရင်လည်း ရပါတယ်" ဟု Greenpeace China မှ ရာသီဥတု ပြောင်းလဲမှုနှင့် စွမ်းအင် ကာကွယ်ရေး ဆိုင်ရာ ပညာရှင် Li Yan က ပြောကြားသည်။

"ပြည်နယ် အစိုးရတွေ ဖိအားပေး ခံနေရပါတယ်။ ဆင်းရဲ မွဲတေမှု လျှော့ချဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးအောင် လုပ်ဖို့ ဖိအားပေးခံရတာ ဖြစ်ပါတယ်၊ အခု ဖြစ်ရပ်ကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

Gansu ပြည်နယ် မြေပြိုမှုတွင် အသက်ရှင်လျက် ကျန်ရစ်သူများမှာ ယခုအခါ မြေသား အတည်တကျ မဖြစ်သေးသော ဆင်ခြေလျှော နေရာများ၌ ယာယီတဲများဖြင့် နေထိုင်လျက် ရှိသည်။ မြေပြိုမှုများကြောင့် လမ်းပန်း ဆက်သွယ်မှုများလည်း ပိတ်ဆို့ခဲ့ရာ ဒုက္ခသည်များအတွက် ကယ်ဆယ်ရေး ပစ္စည်းများ၊ ဆေးဝါးနှင့် အစားအသောက်များ ထောက်ပံ့ ပေးပို့ရာတွင်လည်း အခက်ကြုံလျက် ရှိသည်။ အရေးပေါ် ကွန်းခိုရန် စီစဉ်ထားသည့် နေရာအချို့မှာလည်း မိုးများ ဆက်လက် ရွာသွန်းခြင်းကြောင့် ရေမြုပ်ခဲ့ရသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေနှင့် ပတ်သက်၍ စင်ကာပူနိုင်ငံ အစိုးရ အာဏာပိုင်များနှင့် တွေ့ဆုံ ဆွေးနွေးရန် ကုလသမဂ္ဂ စီနီယာ အရာရှိတစ်ဦး စင်ကာပူသို့ ရောက်ရှိလာကြောင်း ကုလသမဂ္ဂက သတင်း ထုတ်ပြန်သည်။

အဆိုပါ စီနီယာ အရာရှိမှာ Vijay Nambiar ဖြစ်ပြီး ၎င်းသည် ကုလသမဂ္ဂ၏ Chef de Cabinet အဖြစ် တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။ ယခု စင်ကာပူ ခရီးစဉ်ကို အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်အဖြစ် လာရောက်ခြင်း ဖြစ်သည်။

မစ္စတာ Vijay Nambiar သည်  နယူးဒေလီမြို့တွင် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး Nirupama Rao၊ အမျိုးသား လုံခြုံရေး အကြံပေး Shiv Shankar Menon အပါအဝင် အစိုးရ အရာရှိကြီးများနှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် စင်ကာပူနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

မစ္စတာ Vijay Nambiar သည် လာမည့် သောကြာနေ့တွင် တရုတ်နိုင်ငံသို့ သွားရောက်ပြီး ဘေဂျင်းအစိုးရ အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးဦးမည်ဟု ဆိုသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက မြန်မာနိုင်ငံတွင် လွတ်လပ် မျှတပြီး ပွင့်လင်းမြင်သာမှု ရှိကာ ယုံကြည် စိတ်ချရသော ဒီမိုကရေစီ ရွေးကောက်ပွဲများ ကျင်းပရန် ယခု နှစ်ဆန်းပိုင်းတွင် စစ်အစိုးရကို တိုက်တွန်းခဲ့သည်။ ထိုသို့ ရွေးကောက်ပွဲ ကျင်းပရာတွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားသော နိုင်ငံရေး အကျဉ်းသားများ၊ တိုင်းရင်းသား လူမျိုးစုများ အားလုံး ပါဝင်နိုင်ရန်လည်း ဘန်ကီမွန်းက တိုက်တွန်းသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရက အစီအစဉ် ရေးဆွဲကာကျင်းပပေးမည့်ရွေးကောက်ပွဲများသည် နှစ်ပေါင်း ၂၀ တာ ကာလအတွင်း ပထမဆုံး ဖြစ်ပြီး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများဆီသို့ ဦးတည်နိုင်မည်ဟု ယူဆရသည်။

မီဒီယာ သတင်း ပေးပို့ချက်များနှင့် အစိုးရက ထုတ်ပြန်သော ဥပဒေများအရ နိုင်ငံရေးပါတီများ အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်လိုပါက ဖမ်းဆီး အကျဉ်းချခံထားရသော နိုင်ငံရေး အကျဉ်းသားများကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရမည် ဖြစ်သည်။

UN News Center မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 15th August 2010

လအတန်ကြာ စောင့်စားခဲ့ရာမှ မြန်မာ စစ်အစိုးရသည် ၁၉၉ဝ ကတည်းက ပထမဆုံး အကြိမ် ကျင်းပမည့် ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်ကို အစိုးရ ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်တို့မှ ကြေညာခဲ့ပြီး နိုင်ငံရေး ပါတီများကို လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းရန် ယခု လကုန် အထိ အချိန် ပေးထားသည်။

ယခု ရွေးကောက်ပွဲ လုပ်ငန်းစဉ်များသည် လွတ်လပ်၍ တရား မျှတလိမ့်မည်ဟု မည်သူကမျှ ယုံကြည်မှု မရှိကြပေ။ သို့သော် ရွေးကောက်ပွဲကြောင့် တိုင်းပြည်တွင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ တဖြည်းဖြည်း ဖြစ်လာမည်ဟု ငြင်းခုံနေဆဲ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား NLD ခေါင်းဆောင်များမှာ ၎င်းတို့၏ မူပေါ်တွင် ရပ်တည်လျက် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ ထို့ကြောင့် မေလ ၆ ရက်တွင် ရွေးကောက်ပွဲ အတွက် မှတ်ပုံတင်ရန် မပြုလုပ်ခဲ့သဖြင့် ပါတီမှာ ဖျက်သိမ်းခံခဲ့ရသည်။

သို့သော် NLD မှ ခွဲထွက်လာသော အမျိုးသား ဒီမိုကရက်တစ် အင်အားစု (NDF) သည် ဇူလိုင်လတွင် ပါတီအဖြစ် ခွင့်ပြုချက် ရရှိခဲ့သည်။

NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ၎င်းတို့ ပါတီသည် ဒီမိုကရေစီအတွက် ဆက်လက် ရုန်းကန်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ပါတီ၏ မူဝါဒ အသေးစိတ်ကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

အဆိုပါ NLD အတွင်း သဘောထား ကွဲမှုများနှင့် ပတ်သက်၍ နိုင်ငံရေး အရ ဝေဖန်သူများ၊ ခွဲခြမ်း စိတ်ဖြာ လေ့လာသူများနှင့် မြန်မာနိုင်ငံ ပြင်ပရှိ ဒီမိုကရေစီ ခေါင်းဆောင်များ ကြားတွင် ကျယ်ပြန့်သော အမြင် ကွဲပြားမှုများ ရှိခဲ့ရာ ကန့်သတ်မှု များပြားလွန်းသော ရွေးကောက်ပွဲသည် ပြောင်းလဲမှု လုပ်ရန် အလွန်လိုအပ်နေသော တိုင်းပြည်အတွက် မည်သို့မျှ လုပ်ဆောင်ပေးနိုင်မည် မဟုတ်ဟု ပြောဆိုနေခဲ့သည်။ မြန်မာ့ လူ့အဖွဲ့အစည်းသည် သိုသိုသိပ်သိပ် နေတတ်သောကြောင့် အထက်ပါ အယူအဆသည် မှန်ကန်သည်ဟု ပြောရန် ခက်ခဲနေပါသေးသည်။ သို့သော် ထိုအယူအဆကို မြန်မာ လူထု၏ စိတ်ထဲတွင် ရှေးဦးမဆွကပင် အရေးကြီးသော ကိစ္စရပ်ဖြစ်သည်ဟု ခံယူထားကြပြီး ဖြစ်လိမ့်မည် ဖြစ်သည်။

ဝေဖန် သုံးသပ်သူများက ရွေးကောက်ပွဲ လုပ်ငန်းစဉ်များသည် အရပ်သား အုပ်ချုပ်မှု အသွင်သစ်ဖြင့် စစ်တပ်၏ အုပ်ချုပ်မှုကို တရားဝင်အောင် အသေအချာ အကွက်ချထားခြင်း ဖြစ်ကြောင်း ဆိုကြသည်။

ပါလီမန်၏ (၄၄ဝ) သော နေရာအနက် လေးပုံတစ်ပုံကို စစ်တပ်မှ လူအများအတွက် နေရာ ပေးထားရသည်။ ကျန်သော အမတ်နေရာများ အနက် အများစုကိုလည်း ဧပြီလက စစ်တပ်မှ ထွက်ထားသော ဝန်ကြီးချုပ်နှင့် ဝန်ကြီး (၂၂) ဦးတို့ကဲ့သို့သော စစ်တပ်မှ ယူနီဖောင်းချွတ်များကသာ နေရာယူမည် ဖြစ်သည်။

ထို့အပြင် စစ်အစိုးရ ရေးဆွဲသော အခြေခံဥပဒေအရ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဦးဆောင် ဖွဲ့စည်းမည် ဖြစ်ပြီး ထိုအဖွဲ့သည် အရပ်သား အစိုးရကို အာဏာ လွှမ်းမိုးနိုင်သည်။

ထိုမျှသာ မကသေး။ အစိုးရ ခိုင်းသမျှ လုပ်သော နိုင်ငံရေး ပါတီသစ်များကို အထူး အခွင့်အရေးများ ပေးပြီး အခြားပါတီများမှာမူ ပြင်းထန်သော ကန့်သတ်မှုများနှင့် ကြုံတွေ့လျက် ရှိသည်။

ထို့သို့ ကန့်သတ်မှုများ ကြုံတွေ့နေရသော ပါတီများတွင် ဒီမိုကရေစီ ပါတီများနှင့် တိုင်းရင်းသား အုပ်စုများ အရေး ဆောင်ရွက်မည့် ပါတီများ ပါဝင်သည်။

ရွေးကောက်ပွဲ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား (၂ဝဝဝ) ကျော်ကို ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် တားဆီးထားသည်။

လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရေး အတွက် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားသော အတားအဆီးများ ရှိနေသောကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို ယုံကြည်သူများက ဟန်ဆောင် လုပ်ရပ်ကြီးတွင် အသုံးတော်ခံမည့်အစား သပိတ်မှောက်ရန် ရွေးချယ်ခြင်းသည် မှန်ကန်သည်ဟု ယူဆရပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြောင်းလဲမှုများ၊ အထူးသဖြင့် အရေးကြီးသော လူ့အခွင့်အရေး ကိစ္စများအတွက် တစ်စုံတစ်ခုဖြစ်စေ မည်သည့်အရာက လုပ်ပေးနိုင်သနည်း ဟူသော မေးခွန်းကိုသာ မေးရတော့မည် ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းသည် တညီတညွတ်တည်း အစိုးရ၏ ငွေရပေါက်ကို အကြပ်ကိုင်၍ တိုက်ရိုက် ဖိအား မပေးနိုင်မချင်း ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်ရန် မလွယ်ကူပေ။

အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်ခု အနေဖြင့် ထိုင်းနိုင်ငံသည် ယခင်က မြန်မာနိုင်ငံတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရန် လေနှင့် အလွန်ပြောဆိုခဲ့ဖူးသည်။ သို့သော် ယခုအခါ ထိုင်းအစိုးရပိုင် PTTEP သည် မကြာသေးခင်က မြန်မာအစိုးရပိုင် MOGE နှင့် မုတ္တမ ပင်လယ်ကွေ့တွင် ရေနံနှင့် ဓာတ်ငွေ့လုပ်ကွက် (၅) ခု တွင် ဝင်ရောက်ရန် ကြေညာခဲ့သည်။ ထို့အပြင် ထားဝယ် ရေနက် ဆိပ်ကမ်း တည်ဆောက်ရေးကိုလည်း စကားပြောလျက် ရှိသည်။

တစ်ချိန်တည်းမှာပင် အမေရိကန် အစိုးရသည် မြန်မာ အစိုးရအပေါ် ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး ကျယ်ပြန့်သော အရေးယူမှုများ ပြုလုပ်ခဲ့သည်။ သို့သော် အမေရိကန် အခြေစိုက် Chevron ကော်ပိုရေးရှင်းသည် မြန်မာ အစိုးရကို ဝင်ငွေများစွာ ဖြည့်ဆည်းပေးနေပြီး အများ၏ သတိမူမှုကို လွတ်အောင် ရှောင်နိုင်ခဲ့သည်။

တဖန် ဇူလိုင်လကုန်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အိန္ဒိယနိုင်ငံသို့ ငါးရက်ကြာ ခရီးသွားခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး စာချုပ် အချို့ ချုပ်ဆိုနိုင်ခဲ့သည်။ အထက်ပါ ဖော်ပြမှုများမှာ နိုင်ငံတကာ အသိုင်းအဝိုင်းမှ နိုင်ငံအချို့အနေဖြင့် အမြတ် ရရှိရေးထက် မူဝါဒ ခိုင်မာရေးကို ဦးစားပေးပြီး ၎င်းတို့၏ စီးပွားရေးအရ ဩဇာ လွှမ်းမိုးမှုကို မြန်မာနိုင်ငံတွင် အမှန်တကယ် ပြောင်းလဲရေးအတွက် တွန်းအားပေးရန် အသုံးပြုနိုင်သည်ဟု ဆိုချင်ပေသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

လတ်တလော ကာလများ အတွင်း တောင်ကိုရီးယား နိုင်ငံအပေါ် မြောက်ကိုရီးယားက ရန်စမှုများ ပြုလုပ်နေခြင်းသည် ကျန်းမာရေး ညံ့ဖျင်းနေသည့် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်၏ အငယ်ဆုံး သားဖြစ်သူက ၎င်းအတွက် စစ်ရေးရာထူး အရှိန်အဝါများ ရရှိရန် ကြိုးပမ်းမှုနှင့် ဆက်နွယ်ကောင်း ဆက်နွယ်နိုင်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က ပြောကြားလိုက်သည်။

တောင်ကိုရီးယား နိုင်ငံသို့ ဇူလိုင်လအတွင်း သွားရောက်ခဲ့သူ မစ္စတာ ရောဘတ်ဂိတ်စ်က မြောက်ကိုရီးယားနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု အဖြစ်ရဆုံး ကိစ္စမှာ ကျန်းမာရေး ညံ့ဖျင်းလျက် ရှိသော ကင်ဂျုံအီလ်က ၎င်း၏အငယ်ဆုံး သားဖြစ်သူအား အာဏာ လွှဲပြောင်းပေးရန် စီစဉ်နေသည့် အနေအထားမျိုးတွင် ရှိရာ အိမ်နီးချင်း နိုင်ငံများအပေါ် ရန်စမှုများ ပိုမို ထွက်ပေါ်လာမည် ဟူသော အချက်ပင် ဖြစ်ကြောင်း ပြောဆိုသည်။

တောင် နှင့် မြောက်ကိုရီးယား ဟူ၍ နှစ်ခြမ်းကွဲလျက် ရှိသော ကိုရီးယား ကျွန်းဆွယ်တွင် ပြီးခဲ့သည့် မတ်လ တောင်ကိုရီးယားပိုင် ချိုနန်စစ်သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားပြီးနောက်ပိုင်း တင်းမာမှုများ၊ ရန်လိုမှုများ ပြင်းထန်စွာ ထွက်ပေါ်လျက် ရှိသည်။

"ကျွန်တော့်မှာ မတင်မကျ ဖြစ်နေတဲ့ အတွေးတစ်ခု ရှိပါတယ်။ အဲဒါကတော့ ကင်ဂျုံအီလ်ရဲ့ အရိုက်အရာကို ဆက်ခံမယ့် အငယ်ဆုံးသားက စစ်ဘက်ရေးရာမှာ ရာထူး အရှိန်အဝါတွေ ရအောင် လုပ်လာနိုင်တဲ့ ကိစ္စပါပဲ" ဟု ဆန်ဖရန် စစ္စကိုမြို့၊ အမေရိကန် မရိန်းတပ်ဖွဲ့၏ Memorial Club တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က ပြောကြားသည်။

ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုနောက်ပိုင်း မြောက်ကိုရီးယား၏ ခန့်မှန်း တွက်ဆ၍ မရနိုင်သော အပြုအမူများ ပိုမို ထွက်ပေါ်လာသည့် ကိစ္စနှင့် ပတ်သက်၍ အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းနှင့် ပင်တဂွန် စစ်ဌာနချုပ်တို့ စိုးရိမ် ပူပန်မှုများ တိုးပွားလျက် ရှိသည်။

ကမ္ဘာပေါ်တွင် အထီးကျန် အဖြစ်ဆုံး နိုင်ငံတစ်ခု၏ ခေါင်းဆောင် ရာထူးအား သားဖြစ်သူကို လွှဲပြောင်းသည့် ကိစ္စအပေါ် ကင်ဂျုံအီလ်က အသေးစိတ် အစီအစဉ် ရေးဆွဲထားဖွယ် ရှိသည်။ အမေရိကန် ပြည်ထောင်စု၏ ရန်စမှုကို တုံ့ပြန်ရာတွင် နျူကလီယာဖြင့် ဟန့်တားမှုများ ပြုလုပ်ရုံမှ တစ်ပါး အခြား ရွေးချယ်စရာ မရှိကြောင်း မြောက်ကိုရီးယား ကွန်မြူနစ် အစိုးရက အကြိမ်ကြိမ် ပြောဆိုခဲ့သည်။

Reuters သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံမှ မှောင်ခို တင်သွင်းလျက် ရှိသော မီသာ အဖက်တမင်း အမည်ရ စိတ်ကြွ ရူးသွပ် ဆေးပြားများ ဒလဟော ဝင်ရောက်မှုကို တိုက်ဖျက်ရန် ထိုင်းအာဏာပိုင်များက အရှိန်မြှင့် လုပ်ကိုင်နေပြီ ဖြစ်ကြောင်း သိရသည်။

ထိုင်း၊ မြန်မာ နှင့် တရုတ်နိုင်ငံ တစ်ဝန်းတို့၌ မီသာအဖက်တမင်း စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရရှိမှုမှာ သိသိသာသာ မြင့်တက်လာကြောင်း၊ လွန်ခဲ့သည့် ၂ နှစ် တွင် ဆေးပြား သန်း ၃၀ ခန့် ဖမ်းဆီးရမိခဲ့ရာမှ ယမန်နှစ် အရောက်တွင် ဆေးပြားသန်း ၉၀ အထိ ရောက်ရှိလာကြောင်း စုံစမ်း သိရှိရသည်။

ယခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်ရာ အဆိုပါ ကာလ မတိုင်မီ စစ်တပ်က တိုက်ခိုက် နှိမ်နင်းမှု ပြုလုပ်လာမည်ကို စိုးရိမ် ပူပန်လျက် ရှိသော လက်နက်ကိုင် သူပုန်များက လက်နက် ဝယ်ယူရေး အလို့ငှာ စိတ်ကြွ ရူးသွပ်ဆေးပြားများ တိုးမြှင့် ထုတ်လုပ်လာသည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသ တစ်လျှောက်တွင် ထိုင်းနိုင်ငံ အပါအဝင် အခြားသော နိုင်ငံများ အတွက် မှောင်ခို တင်ပို့မှုများ မြင့်တက်လာသည်ကို စစ်ဆေးတွေ့ရှိရသောကြောင့် အဆိုပါဒေသတွင် ကင်းလှည့် စောင့်ကြပ်မှုများ တိုးမြှင့်ထားသည် ဟု ထိုင်းစစ်တပ်မှ ဗိုလ်ကြီး Non Puthirang က ပြောကြားသည်။

"ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်ဖွဲ့ (ဒီကေဘီအေ) လိုမျိုး မြန်မာပြည်ဘက်က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အခြား အုပ်စုတွေက ဝင်ငွေ ရဖို့အတွက် အဲဒီ မီသာ အဖက်တမင်း ဆေးပြားတွေ ထုတ်လုပ် ရောင်းချကြပါတယ်၊ ပြီးတော့ ရတဲ့ ပိုက်ဆံနဲ့ လက်နက် ဝယ်ကြတယ်" ဟု ၎င်းက ဆိုသည်။

သို့ရာတွင် နယ်စပ်ဒေသ ထိန်းသိမ်း ကြပ်မတ်မှု ပြုလုပ်ရေးမှာ အခက်အခဲ ဖြစ်လျက် ရှိသည်။ အကြောင်းမှာ မြန်မာစစ်အစိုးရ အာဏာပိုင်များက သောင်းရင်းမြစ်ကို ဖြတ်စီးဆင်းနေသည့် နေရာနှင့် နီးကပ်သော နယ်မြေထဲသို့ ထိုင်းစစ်တပ် ဝင်ရောက်ကာ မီသာအဖက်တမင်း ထုတ်လုပ်သူများအား ဖမ်းဆီးခွင့် မပြုသောကြောင့် ဖြစ်သည်။ အဆိုပါ နယ်မြေသည် မည်သည့် နိုင်ငံ၏ ထိန်းချုပ်မှု အောက်တွင်မျှ မရှိပေ။

သို့သော် ထိုင်းစစ်ဘက် အာဏာပိုင်များက ယင်းနယ်မြေထဲသို့ ကြိုကြားကြိုကြား ဝင်ရောက် ကင်းလှည့်မှုများ၊ ရုတ်တရက် ဝင်ရောက် စီးနင်းမှုများ ပြုလုပ်ပြီး တရားမဝင် မြန်မာ ရွှေ့ပြောင်း လုပ်သားများ၊ နယ်စပ်ဖြတ်ကျော် မှောင်ခိုကူးသူများကို နှိမ်နင်းလျက် ရှိသည်။ မော်တော်ယာဉ် စစ်ဆေးရေး စခန်းများတွင်လည်း မူးယစ်ဆေးဝါး သုံးစွဲသူ ဟုတ်၊ မဟုတ် သိရှိရန် ဆီးစစ်ဆေးမှုများ ပြုလုပ်သည်။

ထိုင်းအာဏာပိုင်များ နောက်ဆုံး ဖမ်းဆီးရမိခဲ့သူမှာ အမျိုးသမီးတစ်ဦး ဖြစ်ပြီး ၎င်းသည် စိတ်ကြွ ရူးသွပ်ဆေးပြား ၂၈၀၀၀ ခန့် သယ်ဆောင် ဝင်ရောက်လာသည်ဟု ဆိုသည်။ အဆိုပါ အမျိုးသမီးသည် အစားအသောက် ပုံးများတွင် အထုပ် ထုပ်ထားသည့် ဆေးပြားများ လျှို့ဝှက် ထည့်သွင်းကာ လှေငယ် တစ်စီးဖြင့် သောင်းရင်းမြစ်ကို ဖြတ်ကျော် ဝင်ရောက်လာသည်ဟု ထိုင်း အာဏာပိုင်များက ဆိုသည်။ ထိုဆေးပြားများသည် ကာလ ပေါက်ဈေးအရ အမေရိကန် ဒေါ်လာ ၅၀၀၀၀၀ ခန့် တန်ဖိုး ရှိသည်။

မြန်မာ၊ ထိုင်း နှင့် လာအို သုံးနိုင်ငံ ထိစပ်နေသည့် ရွှေတြိဂံ နယ်မြေသည်လည်း ကမ္ဘာပေါ်ရှိ ဘိန်းဖြူထက်ဝက်ခန့် ထွက်ရှိရာ ဒေသတစ်ခု ဖြစ်သည်။ ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် မီတာအဖက်တမင်း စိတ်ကြွ ရူးသွပ်ဆေးပြား သုံးစွဲမှုနှုန်း အမြင့်မားဆုံးသော နိုင်ငံတစ်ခု ဖြစ်သည့် အားလျော်စွာ ယခုအခါ အာဏာပိုင်များက လူငယ်များ ဆေးသုံးသည့် အလေ့အထ ကွယ်ပျောက်ရန် စေတနာ့ ဝန်ထမ်းများအား ဆော်သြခိုင်းထားသည်။

Radio Australia News မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မကြာသေးမီက ကျင်းပသော ကမ္ဘာကျော် အီဒင်ဘတ်ဂ် အနုပညာပွဲတော် (Edinburgh Festival) ကြီးသို့ တက်ရောက်လာသော နာမည်ကျော် လူရွှင်တော်များနှင့် ပရိသတ်များအား နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) က မြန်မာနိုင်ငံတွင် ဖမ်းဆီး ထိန်းသိမ်း ခံထားရသော ထိပ်တန်း လူရွှင်တော်၊ သရုပ်ဆောင်၊ ဒါရိုက်တာနှင့် စာရေးဆရာ ဖြစ်သူ ဇာဂနာ (ဦးသူရ) လွတ်မြောက်ရေးအတွက် ပြောဆိုခဲ့ကြောင်း သိရသည်။

အသက် ၄၉ နှစ် အရွယ်ရှိ (ဦး)ဇာဂနာသည် ယခုအခါ မြန်မာနိုင်ငံ မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနား အကျဉ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်း ခံထားရသည်။ ၎င်းသည် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး စစ်အစိုးရကို ဝေဖန် ပြောဆိုခဲ့ခြင်းကြောင့် ၂၀၀၈ ခုနှစ် နိုဝင်ဘာတွင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

အီဒင်ဘတ်ဂ် အနုပညာ ပွဲတော်သို့ တက်ရောက်ခဲ့ကြသော အနုပညာရှင်များနှင့် ပရိသတ်များ အနေဖြင့် (ဦး)ဇာဂနာ အမြန်ဆုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် org.uk/zarganar အင်တာနက် စာမျက်နှာသို့ ဝင်ရောက်ပြီး စာများ Download ဆွဲယူကာ မြန်မာစစ်အစိုးရ အာဏာပိုင်များထံသို့ ပေးပို့ရန် AI အဖွဲ့က တိုက်တွန်း ပြောဆိုခဲ့သည်။

နာမည်ကျော် လူရွှင်တော်တစ်ဦး ဖြစ်သူ Josie Long က "(ဦး)ဇာဂနာနဲ့ ပတ်သက်တဲ့ မယုံနိုင်စရာ ကောင်းတဲ့ ကိစ္စကတော့ သူဟာ မရှိ ဆင်းရဲသားတွေကို၊ ဒုက္ခရောက်သူတွေကို အကူအညီပေး၊ အလှူအတန်းပေးတဲ့ အလုပ်ကို လုပ်မိတဲ့အတွက် အစိုးရရဲ့ ဖမ်းဆီး အကျဉ်းချခံရတာပါပဲ" ဟု ပြောသည်။ ယခုအခါ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ဝင်များသည် (ဦး)ဇာဂနာ လွတ်မြောက်ရေးအတွက် အများပြည်သူ၏ ထောက်ပံ့မှု ရရှိအောင် ပိုမို လုပ်ဆောင်သွားမည်ဟု သိရသည်။ ထို့ပြင် အနုပညာ ပွဲတော်သို့ လာရောက်သူများ လက်ဖဝါးတွင် ဦး(ဇာဂနာ) သို့မဟုတ် မြန်မာ့နိုင်ငံရေး အကျဉ်းသားများဟု ရေးသားပြီး လက်မြှောက် ပြထားသည့် ဓာတ်ပုံများ ရိုက်ကူးရန်လည်း AI က စီစဉ်ထားသည်။ အဆိုပါ ဓာတ်ပုံများကို လာမည့် အောက်တိုဘာတွင် ကျင်းပမည့် အာရှ-ဥရောပ ဆွေးနွေးပွဲ (အာဆမ်-ASEM) သို့ ပေးပို့ရန်လည်း စီစဉ်ထားသည်ဟု ဆိုသည်။

Edinburgh Evening News မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Channel News Asia, 15th August 2010

နယ်စပ်တွင် တင်းမာမှုများ မြင့်တက်နေချိန်တွင် မြောက်ကိုရီးယား၏ စစ်ရေးအရ ရန်စမှုများကို သည်းခံတော့မည် မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ Lee Myung-Bak က တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

"မြောက်ကိုရီးယား အနေနဲ့ နောက်ထပ် ရန်စမှုမျိုး မပြုလုပ်ဖို့ လိုအပ်သလို ကျွန်တော်တို့ကလည်း သည်းခံလိမ့်မယ်လို့ မထင်စေလိုပါ" ဟု Lee က ၁၉၄၅ ခုနှစ်တွင် ဂျပန် ကိုလိုနီမှ ကိုးရီးယားတို့ လွတ်မြောက်ခြင်း အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသော မိန့်ခွန်း၌ ထည့်သွင်း ပြောကြားသွားခဲ့သည်။

ပြီးခဲ့သည့် မေလကုန် တောင်ကိုးရီးယားနှင့် အမေရိကန်တို့ ပါဝင်သော နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့က တောင်ကိုရီးယား စစ်သင်္ဘောကို မြောက်ကိုရီးယား တော်ပီဒိုက ပစ်ခတ်သည်ဟု စွပ်စွဲခဲ့ပြီးကတည်းက တင်းမာမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားကမူ အဆိုပါ သင်္ဘော နစ်မြုပ်မှုတွင် ၎င်းပါဝင်မှု မရှိကြောင်း ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့သည်။

လွန်ခဲ့သော တစ်ပတ်ကျော်က တောင်ကိုရီးယား ငါးဖမ်းသင်္ဘောအား အရှေ့ဖက် ကမ်းခြေတွင် မြောက်ကိုရီးယားက ဖမ်းဆီးခြင်းနှင့် အငြင်းပွားနေသော ပင်လယ်ဝ အစပ်တွင် မြောက်ကိုရီးယားတို့က ရေထဲသို့ အမြောက်ပစ်ခြင်း တို့ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ပိုမို ဆိုးရွားလာခဲ့သည်။

Lee က ဆက်ဆံရေးတွင် ပါရာဒိုင်းအသစ် အဆိုပြုခဲ့ပြီး ပြောင်းလဲမှုကို ရဲရဲဝံ့ဝံ့ ပြုသင့်ကြောင်း ပြောခဲ့သည်။

"ကျွန်တော်တို့ ကိုရီးယားတွေဟာ တစ်ဦးကို တစ်ဦး မယုံကြည်မှုကြောင့် ထိပ်တိုက် ရင်ဆိုင်ပြီး ကွဲခဲ့ရတဲ့ အတိတ်က ကံမကောင်းတဲ့ အဖြစ်တွေကို ပြန်မသွားချင်တော့ပါဘူး" ဟု ၎င်းက ဆက်လက် ပြောသည်။

"ပြုံးယမ်းအနေနဲ့ အမှန်တရားကို ဖြောင့်ဖြောင့်မတ်မတ် ကြည့်ဖို့ အချိန် ရောက်ပါပြီ။ ရဲဝံ့တဲ့ ပြောင်းလဲမှု လုပ်ပြီး ဆုံးဖြတ်ချက်ကို ပြောင်းလိုက်ပါ။ အပြောင်းအလဲ လုပ်ဖို့ ကြောက်မနေသင့်ပါဘူး" ဟု ၎င်းက ပြောသည်။

ဂျပန်သည် ကိုရီးယား ကျွန်းဆွယ်ကို နယ်ချဲ့မှုအား ၁၉၄၅ ဩဂုတ်လ (၁၅) ရက်က ဒုတိယ ကမ္ဘာစစ်တွင် အမေရိကန် ဦးဆောင်သော မဟာမိတ်များကို တိုကျိုက လက်နက်ချ အပြီးတွင် ရပ်ဆိုင်းခဲ့သည်။ ကိုရီးယားကျွန်းဆွယ်မှာလည်း ကွန်မြူနစ် မြောက်ကိုရီးယားနှင့် အရင်းရှင် တောင်ကိုရီးယား အဖြစ် ခွဲခြား ခံလိုက်ရသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 15th August 2010

စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံတွင် အနှစ်နှစ်ဆယ် အတွင်း ပထမဆုံး ရွေးကောက်ပွဲများကို နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်တော့မည် ဖြစ်သော်လည်း အရပ်ဖက် အစိုးရထံ ကြီးကြီးမားမား အာဏာ လွှဲပြောင်းပေးခြင်း မရှိသည့် အတုအယောင် ရလဒ်သာ ထွက်ပေါ် လာလိမ့်မည်ဟု ဝေဖန် ဆန်းစစ်သူများက ဆိုသည်။

လူဦးရေ ၄၈ သန်းနေထိုင်သော၊ သယံဇာတ ကြွယ်ဝသည့် နိုင်ငံသည် အနှစ် ၅ဝ စစ်အုပ်ချုပ်ရေး အောက်တွင် ယိုယွင်းခဲ့ပြီးနောက် စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှုအပေါ် စိုးရိမ် ပူပန်မှုများ နှင့်အတူ မရေရာသော ကာလတစ်ခုဆီ ဦးတည်လျက် ရှိသည်။

ဖြစ်နိုင်ခြေ ရှိသော ရွေးကောက်ပွဲ အလွန် မြင်ကွင်းများကို အောက်တွင် ဖော်ပြလိုက်သည်။

အပေါ်ယံ ရုပ်ပြောင်းခြင်းသာ ဖြစ်၍ စစ်တပ်က အာဏာ ဆက်ယူမည်

တပ်မတော်က အရပ်ဖက်အစိုးရထံ အစစ်အမှန် အာဏာ လွှဲပြောင်းမည်ဟု ယုံကြည်သူ အနည်းငယ်သာ ရှိသည်။ အခြေခံ ဥပဒေသစ်အရ လွှတ်တော်နေရာ ၂၅ % ကို တပ်မတော်အတွက် သီးသန့် ဖယ်ထားပြီး စစ်အစိုးရာ ကိုယ်စားပြုသူများက ရွေးကောက်ပွဲ ဝင်ကာ အများစု အနိုင်ရမည်ဟု မျှော်လင့်ရသည်။ အဓိက အရေးကြီး ဝန်ကြီးဌာနများကို စစ်တပ်က ထိန်းချုပ်ဖွယ် ရှိသည်။

စစ်ဖက် အစိုးရက ကျောထောက် နောက်ခံ ပေးထားသော အနည်းဆုံး စိစစ်မှု ပြုလုပ်ထားသော အရပ်သားများ အစိုးရ ရာထူးအချို့ကို ရရှိနိုင်သော်လည်း စစ်တပ်က အဓိက မူဝါဒနှင့်  ဘတ်ဂျက် အသုံးစရိတ် ဆုံးဖြတ်ချက်များကို ဆက်လက် ထိန်းချုပ်ဦးမည် ဖြစ်သည်။

ဤသည်မှာ ဖြစ်နိုင်ခြေ အရှိဆုံး ဇာတ်ညွှန်း ဖြစ်သည်။ တပ်မတော်သည်သာ တိုင်းပြည်ကို စုစည်း အုပ်ချုပ်နိုင်သော အဖွဲ့အစည်း ဖြစ်သည်ဟု စစ်ဗိုလ်ချုပ်များက ရှင်းရှင်းလင်းလင်း ယုံကြည်နေသဖြင့် ဆက်လက် အုပ်ချုပ်လိုကြခြင်း ဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။

ရေရှည်တွင်မူ မြန်မာနိုင်ငံ၌ စစ်တပ် စွက်ဖက်မှု ကင်းလွတ်သည့် အရပ်ဖက် အစိုးရထံ အာဏာ တဖြည်းဖြည်း ကူးပြောင်း ရောက်ရှိလာနိုင်သည်။ ဤကိစ္စသည် တစတစ ပြောင်းလဲမည့် လုပ်ငန်းစဉ်သာ ဖြစ်ဖွယ် ရှိသည်။

လာမည့် ရွေးကောက်ပွဲများ၊ အခြေခံဥပဒေ ပြင်ဆင်မှုများ၊ အာဏာပုံစံ ပြောင်းရွှေ့မှုများသည် တပ်မတော်အတွင်း အုပ်စုကွဲများ ထွက်ပေါ်လာနိုင်စေသည်။ ဥပမာအားဖြင့် စီးပွားရေးကို ကိုင်တွယ် နိုင်မည်ဟု ယူဆရသော အတွေ့အကြုံရင့်၊ ပညာတတ်၊ ပညာရှင် လူတန်းစားကို အချို့က ဦးစားပေး၊ နေရာပေး လာကြဖွယ် ရှိသည်။

စစ်ဗိုလ်ချုပ်များက ၎င်းတို့သည် နိုင်ငံရေး ကိုယ်စားလှယ်များ၊ ရောင်းရင်း စီးပွားရေး လုပ်ငန်းရှင်များ၊ စစ်ဖက် လုပ်ဖော်ကိုင်ဖက်များ၊ တိုင်းရင်းသား အုပ်စုကွဲများကို ထိန်းချုပ်နိုင်သည်ဟု ယုံကြည်နေပုံ ရသော်လည်း ၎င်းအုပ်စုများသည် လွတ်လပ်သော အစီအစဉ်များဖြင့် လုပ်ကိုင်လာဖွယ် ရှိသည် ဟုလည်း တမျိုးစဉ်းစား ကြည့်နိုင်သည်ဟု International Crisis Group က အစီရင်ခံစာတွင် ဖော်ပြထားသည်။

တပ်မတော် ထိန်းချုပ်သော အစိုးရကို လူထုက ငြင်းပယ်ခြင်း

ဆယ်စုနှစ်ပေါင်းများစွာ စီးပွားရေး မှားယွင်းစွာ ခန့်ခွဲမှုများ၊ လူ့အခွင့်အရေး ညှဉ်းပန်း နှိပ်စက်မှုများ၊ ပညာရေး၊ ကျန်းမာရေး၊ လူထု ဝန်ဆောင်မှု ကဏ္ဍများတွင် လုံလောက်စွာ ရင်းနှီးမြှုပ်နှံရန် ပျက်ကွက်ခဲ့မှုများကြောင့် စစ်တပ်အပေါ် လူထု၏ မကျေချမ်းမှု နက်ရှိုင်းစွာ အမြစ်တွယ်ခဲ့သည်။

လောင်စာဆီနှင့် ဓာတ်ငွေ့ဈေးနှုန်း တက်မှုမှ အစပြုလိုက်သော ၂ဝဝ၇ သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများက အစိုးရအပေါ် လူထု၏ ဒေါသကို မီးထိုးပေးခဲ့သည်။ အစိုးရက ၎င်းတို့အပေါ် ဆန့်ကျင်မှု မှန်သမျှကို အင်အားသုံး ဖြိုခွဲရန် ဝန်လေးခြင်း မရှိသည့် အချက်ကို သွေးစွန်းသော နှိမ်နင်း ဖြိုခွဲမှုများက သက်သေ ပြနေသည်။ မည်သို့ပင် ဖြစ်စေ သာမန် အရပ်သား ပြည်သူများက ထိုအန္တရာယ်ကို မမှုသည့် အချက်ကို အထည်ချုပ်စက်ရုံ အလုပ်သမားများ၏ ဆန္ဒပြမှုများကို ကြည့်ခြင်းအားဖြင့် တွေ့မြင်နိုင်သည်။

ရွေးကောက်ပွဲ အပြီးတွင်မူ ကြီးမားသော ကတိကဝတ်များကို မြန်မာပြည်သူများ ရရှိဦးမည် ဖြစ်သည်။ အစိုးရသစ်က ကောင်းမွန်သော အရာများကို ဆောင်ကြဉ်းပေးရန် ပျက်ကွက်ပါက ပြည်သူလူထုက တော်လှန်ဖွယ် ရှိသည်ဟု လေ့လာသူများက ပြောကြားသည်။

ဒီမိုကရေစီ မအောင်မြင်ဘဲ စစ်တပ်က အာဏာ ပြန်ယူခြင်း

၁၉၉ဝ ရွေးကောက်ပွဲများ ကျင်းပစဉ်က ရလဒ်ကို စစ်ဗိုလ်ချုပ်များက မလိုလားသည့်အတွက် အာဏာ လွှဲပေးရန် ငြင်းဆန်ခဲ့ကြသည်။ ထိုဖြစ်ရပ်တွင် သင်ခန်းစာ ရခဲ့သော စစ်ဖက် အုပ်ချုပ်သူများက ရွေးချယ် တင်မြှောက်ခံ အတိုက်အခံ အုပ်စုများ၏ အာဏာကို ကန့်သတ်မည့် ရွေးကောက်ပွဲ ဥပဒေများကို ရေးဆွဲခဲ့ခြင်း ဖြစ်ပုံ ရသည်။

သို့ရာတွင် အကယ်၍သာ ၂ဝ၁ဝ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် ပြဿနာများ ပေါ်ထွက်လာပါက စစ်အစိုးရက နိုင်ငံတော် လုံခြုံရေးနှင့် တည်ငြိမ်ရေးကို အကြောင်းပြကာ ရွေးကောက်ပွဲများကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းဖွယ် ရှိသည်။

အကယ်၍ အစိုးရသစ်နှင့် အမျိုးသား လွှတ်တော်တို့ ထွက်ပေါ်လာသည့် တိုင်အောင် ကာကွယ်ရေး ဦးစီးချုပ်က အရေးပေါ် အခြေအနေတွင် လွှတ်တော် ဖျက်သိမ်းကာ အာဏာ သိမ်းရန် အခြေခံ ဥပဒေပါ အချက်များက ခွင့်ပြုထားသည်။ အကယ်၍ စစ်တပ်၏ လွှမ်းမိုးမှု မှေးမှိန်သွားပါက ဤအချက်ကို အကြောင်းပြကာ အာဏာ ပြန်သိမ်းသည့် ပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။

သို့သော်လည်း စစ်ဗိုလ်ချုပ်များသည် ဤသို့ လုပ်ရန် လိုအပ်မည် မဟုတ်ပါ။ လက်ရှိ ရှေ့မတိုး နောက်မဆုတ် အခြေအနေအပေါ် ခြိမ်းခြောက်မှု မရှိစေနိုင်ရန် အတွက် တပ်မတော်က အဓိက ရေးဆွဲသော စည်းမျဉ်းစည်းကမ်းများကို အခြေခံဥပဒေ အတွင်း ထည့်သွင်း ရေးသားထား ကြခြင်းကြောင့် ဖြစ်သည်။

 

       

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ်နိုင်ငံ၏ ငွေကြေးပံ့ပိုးမှု ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံဖြင့် တည်ဆောက်ခဲ့သော ဆိပ်ကမ်း စီမံကိန်း ပထမပိုင်းကို ဖွင့်လှစ်ရန် သီရိလင်္ကာ အစိုးရက ပြင်ဆင်လျက် ရှိကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကြောင့် တောင်အာရှ ဒေသတွင်း တရုတ်နိုင်ငံ၏ မဟာဗျူဟာ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး အိန္ဒိယနိုင်ငံအတွက် စိုးရိမ်ပူပန်မှုများကို တိုးပွားစေသည်။

အဆိုပါ ဆိပ်ကမ်းအမည်မှာ ဟန်ဘန်တိုတာ (Hambantota) ဖြစ်ပြီး ရှေးယခင် ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သော ပိုးသားလမ်း (Silk Road) နှင့် ကမ္ဘာပေါ်တွင် သင်္ဘော သွားလာမှု အများဆုံး ရေကြောင်း လမ်းမပေါ်တွင် တည်ရှိကာ သီရိလင်္ကာနိုင်ငံ၏ စီးပွားရေး ပြန်လည် နာလန်ထူနိုင်ရေး အတွက် အဓိက မောင်းနှင်မည့် အင်ဂျင်ကြီး တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

တရုတ်နိုင်ငံ၏ အတိုးနှုန်း မပါဝင်သော ချေးငွေ ဒေါ်လာသန်း ၃၀၀ ဖြင့် တည်ဆောက်ခဲ့သော အဆိုပါ ရေနက်ဆိပ်ကမ်း ပထမအဆင့်ကို လာမည့် နိုဝင်ဘာလတွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်။ ဆိပ်ကမ်း၏ ဒုတိယပိုင်းကို လာမည့် ၂၀၁၄ ခုနှစ်တွင် အပြီးသတ် တည်ဆောက်သွားနိုင်မည်ဟု သီရိလင်္ကာ အစိုးရက မျှော်မှန်းထားသည်။ အဆိုပါ ကာလ နောက်ပိုင်းတွင် သီရိလင်္ကာ နိုင်ငံသည် ကုန်ပစ္စည်း ဖြတ်ကျော် တင်ပို့မှု အခန်းကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် ဆွဲဆောင်မှု ရှိသည့် နိုင်ငံတစ်ခု ဖြစ်လာမည် ဖြစ်ပြီး စီးပွားရေး အခွင့်အလမ်းများလည်း ပေါများလာမည်ဟု ခန့်မှန်းရသည်။

သီရိလင်္ကာ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ Priyath Wickrama က "ဒီဆိပ်ကမ်းကြီး ပြီးသွားရင် နှစ်စဉ် အရှေ့-အနောက် ပင်လယ် ရေကြောင်းလမ်းမှာ ခေါက်တုံ့ခေါက်ပြန် သွားလာနေတဲ့ ကုန်တင်သင်္ဘော အစီး ၇၀၀၀၀ လောက်ထဲက အစီး ၂၅၀၀ လောက်ကို ဝန်ဆောင်မှု ပေးနိုင်မှာပါ" ဟု ပြောကြားသည်။

"ဒုတိယပိုင်း အပြီးသတ် ဆောက်လုပ်ပြီး နောက်ထပ် ၁၀ နှစ်လောက်ဆိုရင် တစ်နှစ်ကို သင်္ဘောအစီး ၈၀၀၀ လောက်ကို ဝန်ဆောင်မှု ပေးသွားနိုင်မယ်လို့ ရည်မှန်းထားပါတယ်" ဟု ၎င်းက ဆိုသည်။ သီရိလင်္ကာ နိုင်ငံ၏ အိမ်နီးချင်းလည်းဖြစ်၊ အကြီးဆုံးသော ကုန်သွယ်ဘက် နိုင်ငံလည်း ဖြစ်သည့် အိန္ဒိယနိုင်ငံအနေဖြင့် ဟန်ဘန်တိုတာ ဆိပ်ကမ်း ပေါ်ထွန်းလာမှုသည် တရုတ်နိုင်ငံ၏ မဟာဗျူဟာ တစ်ရပ်အဖြစ် ရှုမြင်ကာ မလွဲမသွေ စိုးရိမ်ပူပန်မှုများ ဖြစ်နေမည် ဖြစ်သည် ဟု လေ့လာ အကဲခတ်သူများက ဆိုသည်။

တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နှင့် ပါကစ္စတန်နိုင်ငံ တို့တွင်လည်း ဆိပ်ကမ်း တည်ဆောက်မှုများ ဝင်ရောက် လုပ်ကိုင်ပေးလျက် ရှိသကဲ့သို့ နီပေါနိုင်ငံတွင်း မီးရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းများ လုပ်ကိုင်ရန် အစီအစဉ်လည်း ရှိသေးသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တောင်ကိုရီးယား နိုင်ငံဖွား အသက် ၁၃ နှစ်အရွယ် အမေရိကန် နိုင်ငံသား ကလေး တစ်ဦးက လာမည့် ရက်သတ္တပတ် (သြဂုတ်လ တတိယပတ်) အတွင်း မြောက်ကိုရီးယား နိုင်ငံသို့ သွားရောက်ပြီး ငြိမ်းချမ်းရေး ဆောင်ရွက်ချက် တစ်ရပ် လုပ်ကိုင်မည် ဖြစ်ကြောင်း Associated Press သတင်းဌာနက ရေးသား ဖော်ပြသည်။ အဆိုပါ ကလေးငယ်၏ အမည်မှာ ဂျော်နသန်လီ ဖြစ်ပြီး ၎င်းသည် စစ်မက် မဖြစ်ပွားရေးဇုန်အတွင်း "ကလေးသူငယ်များ ငြိမ်းချမ်းရေး သစ်တော" တစ်ခု ထူထောင်ရန် မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်နှင့် တွေဆုံကောင်း တွေဆုံမည် ဖြစ်သည်ဟု ဆိုသည်။

ဂျော်နသန်လီသည် အမေရိကန် ပြည်ထောင်စု၊ မစ္စစပီပြည်နယ်တွင် နေထိုင်သူ ဖြစ်ကြောင်း၊ သူသည် မိဘများနှင့်အတူ တရုတ်နိုင်ငံ မြို့တော်ဘေဂျင်းမှ မြောက်ကိုရီးယား နိုင်ငံ မြို့တော်ပြုံယမ်းသို့ လေကြောင်းခရီးစဉ်ဖြင့် သွားရောက်ရန် စီစဉ်ထားကြောင်း ၎င်း၏ မိသားစုဝင်များက AP သတင်းဌာနသို့ပြောဆိုသည်။ ဘေဂျင်းမြို့ အခြေစိုက် မြောက်ကိုရီးယား အရာရှိကြီးများက ဂျော်နသန်လီတို့ မိသားစုကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခဲ့ပြီး ဖြစ်သည်။

ဂျော်နသန်လီက ၎င်းအနေဖြင့် အဆိုပါ ခရီးစဉ်အတွင်း မြောက်ကိုရီးယား အစိုးရ အရာရှိကြီးများနှင့် တွေ့ဆုံကာ စစ်မက် မဖြစ်ပွားရေးဇုန်၌ ကလေးသူငယ်များ ငြိမ်းချမ်းရေး သစ်တောတစ်ခု ဖန်တီးရန် အဆိုပြုမည် ဖြစ်သည်ဟု ဆိုသည်။

"သစ်သီးဝလံပင်တွေ၊ သစ်အယ်ပင်တွေ စိုက်လို့ ရမယ့် နေရာမျိုးမှာ ငြိမ်းချမ်းရေး တောအုပ်တစ်ခု ထူထောင်ခွင့် ပေးဖို့ တောင်းဆိုပါမယ်။ ကလေးတွေ ပျော်ပျော်ရွှင်ရွှင် ကစားလို့ရမယ့် နေရာမျိုးပေါ့" ဟု ဂျော်နသန်လီက ပြောသည်။

အဆိုပါ စစ်မက် မဖြစ်ပွားရေးဇုန်သည် တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံကို ရာစုနှစ်ဝက်ကျော်မျှ ပိုင်းခြားထားသည့် နေရာ ဖြစ်ပြီး ကမ္ဘာပေါ်တွင် အစောင့်အကြပ်များ အထူထပ်ဆုံး တင်းကြပ်စွာ ချထားသည့် နယ်မြေလည်း ဖြစ်သည်။ တိုက်ပွဲဝင်ရန် အသင့် အနေအထားတွင် ရှိသော တပ်ဖွဲ့များ နှစ်ဖက်စလုံးတွင် ရှိနေပြီး မြေမြှုပ်မိုင်းများလည်း ပြန့်ကျဲနေကာ သံစူးကြိုးကြီးများလည်း ခတ်ထားသည်။

"အခုကိစ္စက ရူးကြောင်ကြောင် နိုင်တဲ့အလုပ်ဆိုတာ ကျွန်မတို့ သိပါတယ်။ ဂျော်နသန်က 'သားတို့ မြောက်ကိုရီးယားကို သွားဖို့ လိုတယ်' လို့ ပြောတော့ ကျွန်မအမျိုးသားကို ကြည့်ပြီး 'ဘာလဲဟဲ့' ဆိုပြီး ပြောလိုက်မိတယ်။ ပြောရရင် ဂျော်နသန်ပြောတဲ့ ကိစ္စဟာ ဆန်းသစ်တဲ့ အိုင်ဒီယာ တစ်ခု ဖြစ်ပါတယ်" ဟု ဂျော်နသန်လီ၏ မိခင်က ပြောကြားသည်။

အမေရိကန် ပြည်ထောင်စုသည် မြောက်ကိုရီးယား နိုင်ငံနှင့် သံတမန် ဆက်ဆံရေး မရှိပေ။ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း နျူကလီယာ လက်နက် အစီအစဉ်များ လုပ်ဆောင်နေခြင်းကြောင့် မြောက်ကိုရီးယားအပေါ် တင်းကြပ်သည့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ လုပ်ဆောင်လျက် ရှိသည်။ မြောက်ကိုရီးယားကလည်း တစ်နှစ်အတွင်း လောက်မှာပင် နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်သူ အမေရိကန်နိုင်ငံသား လေးဦးကို ဖမ်းဆီး အရေးယူခဲ့သည်။
တစ်ဦးမှာမူ ယနေ့အထိ ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။

မြောက်ကိုရီးယားသို့ သွားရောက် လည်ပတ်သော နိုင်ငံခြားသားများ အနေဖြင့် တရားမဝင် ဘာသာရေး လုပ်ကိုင် ဆောင်ရွက်မှု၊ နိုင်ငံရေး လှုပ်ရှားမှု၊ ခွင့်ပြုချက် မပါဘဲ ခရီးသွားလာမှု၊ ဒေသခံပြည်သူများနှင့် အပေါင်းအသင်း ပြုလုပ်မှု အစရှိသည် တို့ဖြင့် ဖမ်ဆီးခံရနိုင်သည် သို့မဟုတ် ပြည်နှင်ဒဏ်ပေးခြင်း ခံရနိုင်သည် ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အင်တာနက် ဝက်ဘ်ဆိုက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။

ယခု ဂျော်နသန်လီတို့ မိသားစု၏ မြောက်ကိုရီးယား ခရီးစဉ်သည် တောင်ကိုရီးယားပိုင် ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ အမြင့်ဆုံးသို့ ရောက်ရှိနေချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ မတ်လအတွင်း ဖြစ်ပေါ်ခဲ့သော ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုသည် မြောက်ကိုရီးယား တော်ပီတို ဒုံးကျည် တိုက်ခိုက်ခံရခြင်းကြောင့် ဖြစ်သည်ဟု စွပ်စွဲပြောဆိုမှုများ ရှိခဲ့ပြီး အဆိုပါ ကိစ္စကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုများ မကြာသေးခင်က ပြုလုပ်ခဲ့ကြသည်။ မြောက်ကိုရီးယားကမူ သင်္ဘောနစ်သည့် ကိစ္စ မိမိတို့တွင် တာဝန်မရှိကြောင်း ငြင်းပယ်ခဲ့သည်။

ဂျော်နသန်လီ၏ မိသားစု အဆိုအရ ၎င်းတို့သည် ယခုနှစ် နွေရာသီတွင် မြောက်ကိုရီးယားသို့ အထူး ကိုယ်စားလှယ် အဖွဲ့အဖြစ် သွားရောက် လည်ပတ်ခွင့် ပြုရန် နယူးယောက် အခြေစိုက် မြောက်ကိုရီးယား ဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီးထံသို့ လျှောက်ထားခဲ့ရာမှ ခွင့်ပြုချက် ရရှိခဲ့ခြင်း ဖြစ်သည်။

ဂျော်နသန်လီတို့ မိသားစုခရီးစဉ်နှင့် ပတ်သက်၍ မြောက်ကိုရီးယားဘက်မှ သုံးသပ်ချက် ရရှိရန်မှာ မလွယ်ကူပေ။ မြောက်ကိုရီးယားသည် အစိုးရသဘောထား ကြေညာချက်များကို နိုင်ငံပိုင် မီဒီယာများမှ တစ်ဆင့် ပုံမှန် ထုတ်ပြန်လေ့ ရှိသည်။

"ခရီးစဉ် လုံခြုံချောမွေ့မယ်လို့ ထင်ရတာပဲ။ ဒါပေမဲ့ ကျွန်တော် နည်းနည်းတော့ စိတ်လှုပ်ရှားမိတယ်။ မြောက်ကိုရီးယားက ကွန်မြူနစ် နိုင်ငံလေ" ဟု ဂျော်နသန်က ပြောကြားသည်။

တောင်ကိုရီးယား Yonhap သတင်းအေဂျင်စီ အဆိုအရ ဂျော်နသန်လီသည် လွန်ခဲ့သည့် သုံးနှစ်က တောင်ကိုရီးယား သမ္မတဟောင်း ကင်ဒေးဂျုံနှင့် တွေ့ဆုံပြီး ကိုရီးယား ကျွန်းဆွယ်တွင် သစ်အယ်ပင်များ စိုက်ပျိုးရန် အကြံပြုခဲ့ကြောင်း၊ ထို့နောက် ၂ နှစ်အကြာ (ပြီးခဲ့သည့်နှစ်) တွင် ကျန်းမာရေး ညံ့ဖျင်းနေပြီ ဖြစ်သော ကင်ဒေးဂျုံကို ထပ်မံ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဂျော်နသန်က မြောက်ကိုရီးယား ခေါင်းဆောင်ကြီးထံသို့ ရေးသားသော စာတွင် ၎င်းအနေဖြင့် တောင်ကိုရီးယား သမ္မတဟောင်း ကင်ဒေးဂျုံနှင့် တွေ့ဆုံပြီး သူ၏ "နေခြည်ဖြာသော ပေါ်လစီ" (မြောက်နှင့်တောင် ကိုရီးယား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ပေါ်လစီ) နှင့် ပတ်သက်၍ ပြောဆိုခဲ့ကြောင်း ရေးသားထားသည်။

"မစ္စတာ ကင်ဒေးဂျုံက သူနောက်တစ်ခေါက် မြောက်ကိုရီးယားကို အလည်အပတ် သွားရင် ကျွန်တော့်ကို ခေါ်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာပါပဲ။ သူ (ကင်ဒေးဂျုံ) မနှစ်က ကွယ်လွန်သွားခဲ့ပါတယ်။ သူ့ရဲ့အိပ်မက်ကို ကျွန်တော် အကောင်အထည် ဖော်ချင်ပါတယ်" ဟု စာထဲတွင် ရေးသားထားသည်။

ဂျော်နသန်လီ မြောက်ကိုရီးယားသို့ သွားရောက် လည်ပတ်မည့် အိုင်ဒီယာကြောင့် ဖခင်ဖြစ်သူ ကေယောင်လီမှာ လွန်စွာ ထိတ်လန့်သွားခဲ့ရသည်ဟု ဆိုသည်။ မစ္စတာ ကေယောင်လီသည် တောင်ကိုရီးယား နိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ပြီး ယခုအခါ အမေရိကန် ပြည်ထောင်စု မစ္စစ္စပီပြည်နယ်၊ ရစ်ဒ်ခ်ျလန်းမြို့တွင် နေထိုင်လျက် ရှိသည်။

"ကျွန်တော် အရွယ် ရောက်လာတော့ အမြဲတမ်း စဉ်းစားမိတာ တစ်ခု ရှိတယ်။ မြောက်ကိုရီးယား ပြည်သူတွေနဲ့ ဘယ်တော့မှ မပတ်သက်ဘူး၊ စကားလည်း မပြောဘူးလို့ တွေးခဲ့တယ်။ အခု ကျွန်တော့်သားက မြောက်ကိုရီးယား နိုင်ငံထဲကို သွားရောက် လည်ပတ်ချင်တယ် ဆိုတော့ ကျွန်တော် တော်တော့်ကို ရှော့ဖြစ်သွားခဲ့ရပါတယ်" ဟု မစ္စတာ ကေယောင်လီက ပြောပြသည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.