Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံသည် ယခုနှစ် ဇူလိုင်လတွင် ပြီးခဲ့သည့်နှစ်ကထက် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု(FDI)  ၂၉ ရာခိုင်နှုန်း တိုးမြင့် ရရှိခဲ့ကြောင်း ရိုက်တာသတင်းက ရေးသားဖော်ပြသည်။ တရုတ်နိုင်ငံတွင် အလုပ်သမား ပြဿနာများ ဖြစ်ပွားလျက် ရှိသည့်တိုင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး လုပ်ငန်းကြီးများ ဝင်ရောက်ကာ စက်ရုံ အလုပ်ရုံများ တည်ဆောက်ခြင်း၊ သုတေသန စင်တာများ တည်ထောင်ခြင်း တို့ကြောင့် FDI နှုန်း မြင့်မားလာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သည့် ၂၀၀၁ ခုနှစ် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့သို့ ဝင်ရောက်လိုက်ပြီး နောက်ပိုင်း နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အကျပ်အတည်း ရိုက်ခတ်မှုကြောင့် တရုတ်ပြည် စီးပွားရေး ဆိုးဆိုးရွားရွား ထိခိုက်ခဲ့သည့်တိုင် ယခုလို FDI နှုန်း မြင့်တက်မှုကြောင့် ပုံမှန် အနေအထားဖြင့် စီးပွားရေး နာလန်ထူအောင် လုပ်ဆောင် လာနိုင်သည်။

လတ်တလော ကာလတွင် တရုတ်ပြည်၌ အလုပ်သမား အရေးကိစ္စနှင့် ဆက်နွယ်သော ပြဿနာများ ဖြစ်ပေါ်လျက် ရှိသော်လည်း ကုန်ထုတ်လုပ်မှု အစီအမံများ ပြုလုပ်ပြီး နိုင်ငံခြား စီးပွားရေး လုပ်ငန်းကြီးများကို ကောင်းစွာ ဆွဲဆောင်နိုင်လျက် ရှိသည်။

ယခု ၂၀၁၀ ဇူလိုင်လ တစ်လတည်းတွင် တရုတ်နိုင်ငံသည် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ဒေါ်လာ ၆ ဒဿမ ၉ ဘီလီယံအထိ ရရှိခဲ့သည်။ အဆိုပါ ပမာဏသည် ၂၀၀၉ ခုနှစ် ဇူလိုင်လကထက် ၂၉ ဒဿမ ၂ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်ဟု စီးပွားရေး ဝန်ကြီးဌာနက ဆိုသည်။ ၂၀၁၀ ပထမ ၇ လအတွင်း နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ဒေါ်လာ ၅၈ ဒဿမ ၃၅ သန်းခန့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၀၉ ခုနှစ် ပထမ ၇ လအတွင်း ရရှိခဲ့သော ပမာဏထက် ၂၀ ဒဿမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဌာနက ဆိုသည်။

ပမာဏ အတိုင်းအတာ များပြားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တစ်ခုကို ဥပမာဖြင့် ပြရလျှင် ဂျာမန် ဓာတုဗေဒ လုပ်ငန်းကြီး တစ်ခု ဖြစ်သော BASF က ဂွမ်ဒေါင်း ပြည်နယ် တောင်ပိုင်းတွင် စက်ရုံသစ်ကြီး တစ်ခု တည်ဆောက်ခြင်းပင် ဖြစ်သည်ဟု စီးပွားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

တရုတ်နိုင်ငံ၏ လုပ်အား စရိတ်စခမှာ မြင့်တက်လျက် ရှိသလို ကုန်ထုတ်လုပ်မှုမှာလည်း အလွန်လျင်မြန်စွာ မြင့်တက်လျက် ရှိသည်။ သို့သော် အလုပ်သမား စရိတ်စကသည် အခြားသော ဖွံ့ဖြိုးပြီး နိုင်ငံများထက် လျော့နည်းလျက်ပင် ရှိသေးသည်။ နိုင်ငံတွင်း ရှိထားသော ခေတ်မီ အခြေခံ အဆောက်အအုံနှင့် အဆမတန် ကြီးထွားလာနေသည့် ပြည်တွင်း ဝယ်လိုအားတို့က နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ကောင်းစွာ ဆွဲဆောင်ထားနိုင်သည်။

ယခင်ကာလက ရရှိခဲ့သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အတော်များများမှာ ကုန်ပစ္စည်း တင်ပို့မှု အခန်းကဏ္ဍသို့သာ ဝင်ရောက်သွားခဲ့သော်လည်း ယခုအခါ ရင်းနှီး မြှုပ်နှံငွေများသည် စရိတ်စက နည်းပါးသော ပြည်တွင်း လုပ်ငန်းများဆီသို့ စတင် ဝင်ရောက်နေပြီ ဖြစ်သည်ဟု စီးပွားရေး ဝန်ကြီးဌာနမှ Yao Jian က ပြောကြားသည်။

"တရုတ်နိုင်ငံ အနောက်ဘက် ဒေသတွေက နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအတွက် အလား အလာတွေကို အစွမ်းကုန် ထုတ်ပြနေကြပါတယ်" ဟု ၎င်းက ပြောဆိုသည်။

ပထမ ၇ လအတွင်း တရုတ်ပြည် အနောက်ဘက်ဒေသတွင် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒဿမ ၈၉ ဘီလီယံ ရရှိခဲ့ကြောင်း၊ အဆိုပါ ပမာဏသည် ယမန်နှစ်ကထက် ၁၉ ဒဿမ ၂ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

လာမည့် လများအတွင်း ကုန်ပစ္စည်း တင်ပို့မှုနှုန်း နှေးကွေးလာဖွယ်ရှိပြီး ကုန်သွယ်ရေး ပိုလျှံမှုမှာ ယမန်နှစ်ကထက် လျော့နည်းနိုင်သည်ဟု Yao Jian က ပြောသည်။

Reuters သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Nation, 17th August 2010

အာဆီယံ၏ စီးပွားရေး ဝန်ကြီးများသည် ၂၀၁၅ တွင် တစ်ခုတည်းသော စီးပွားရေး ဈေးကွက် ထူထောင်ရေး အတွက် ပြင်ဆင်ရာတွင် ကုန်သွယ်ရေး မူဝါဒများနှင့် အညီ ဖြစ်စေရန်၊ ကုန်သွယ်ဖက်များ ဖြစ်သော တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျား၊ နယူးဇီလန် နိုင်ငံများနှင့် လက်မှတ်ထိုးခဲ့သော လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်များ FTAs အကောင်အထည် ဖော်နေမှုကို အကဲဖြတ်ကြမည် ဖြစ်သည်။

လာမည့် အပတ် ဒါနန်းတွင် ပြုလုပ်မည့် အာဆီယံ စီးပွားရေး ဝန်ကြီးများ အစည်းအဝေးသည် အာဆီယံ အဖွဲ့ဝင်များ ၂၀၁၀ အတွက် ချမှတ်ထားသော ရည်မှန်းချက်များ ပြီးမြောက်ရေး အတွက် အလွန် အရေးပါလိမ့်မည်ဟု ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေး ဒုတိယ ဝန်ကြီး ငုယင်ကမ်တူက ပြောကြားခဲ့သည်။

ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ချောမွေ့ လွယ်ကူစေရန် အတွက် တစ်ခုတည်းသော စီးပွားရေး ဈေးကွက်ကို ၂၀၁၅ နောက်ဆုံးထား၍ ထူထောင်သွားရန် အာဆီယံ အဖွဲ့က ရည်မှန်း ထားသည်။

အာဆီယံကို သန်စွမ်းသော၊ နာလံထူ နိုင်စွမ်းရှိသော ဒေသဆိုင်ရာ အဖွဲ့တစ်ခု အဖြစ် ထူထောင်ရန် အတွက် အဖွဲ့ဝင် နိုင်ငံများ၏ စီးပွားရေး တည်ဆောက်ပုံကို ပြိုင်ဆိုင်မှု ပုံစံမှ အပြန်အလှန် အကျိုးပြုမှု ပုံစံသို့ ပြောင်းလဲပစ်ရန် အာဆီယံ စီးပွားရေး ကော်မတီက ရည်မှန်းချက် ထားရှိသည်။

သြဂုတ်လ ၂၂ ရက်မှ ၂၇ ရက် အထိ ပြုလုပ်မည့် အစည်းအဝေးတွင် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံမှ စီးပွားရေး ဝန်ကြီးများ စုဝေးကြမည် ဖြစ်ပြီး တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ သြစတြေးလျား၊ နယူးဇီလန်၊ အိန္ဒိယ၊ ဥရောပ သမဂ္ဂ၊ ရုရှား စသော ဆွေးနွေးဖက် ၈ နိုင်ငံမှ ဝန်ကြီးများအပြင် စီးပွားရေး လောက ခေါင်းဆောင်များ၊ သုတေသန ပညာရှင် အဖွဲ့များလည်း တက်ရောက်ကြမည် ဖြစ်သည်။

ယခုနှစ် အာဆီယံ အစည်းအဝေးများ အတွက် အိမ်ရှင် တာဝန် ယူထားသော ဗီယက်နမ် နိုင်ငံမှ စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီး ဗူဟွိုင်ဟောင်က ဒါနန်း AEM အစည်းအဝေးတွင် သဘာပတိ အဖြစ် ဆောင်ရွက်မည် ဖြစ်သည်။

"အင်အားပြည့်၊ အဆက်မပြတ် ကြီးထွားမှု အတွက် အသိုင်းအဝိုင်း တစ်ခု ဖြစ်သည့် AEC" ဟူသော ခေါင်းစဉ် အောက်တွင် စီးပွားရေး၊ ကြီးထွားမှုနှင့် ဟန်ချက်ညီမှု၊ တည်ငြိမ်မှု၊ အဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုတို့ကို ရည်ရွယ်သည့် အာဆီယံ၏ ကတိကဝတ်များကို အာဆီယံ စီးပွားရေး ဝန်ကြီးများက အတည်ပြုကြမည် ဖြစ်သည်။ ယခု ခေါင်းစဉ်သည် ၂၀၁၀ အာဆီယံ ခေါင်းစဉ် ဖြစ်သော "အာဆီယံ အသိုင်းအဝိုင်း ဆီသို့ ဦးတည်သော အမြင်မှသည် လက်တွေ့သို့" ခေါင်းစဉ်နှင့် လည်းကောင်း၊ ဧပြီလ ဟနွိုင်း အာဆီယံ ထိပ်သီး ညီလာခံတွင် အာဆီယံ ခေါင်းဆောင်များ ထုတ်ပြန်ခဲ့သော အဆက်မပြတ် နလံထူ ဖွံ့ဖြိုးရေးဆိုင်ရာ ကြေညာချက်များ နှင့်လည်းကောင်း လိုက်ဖက်မှု ရှိသည်။

၂၀၁၅ တွင် အာဆီယံ စီးပွားရေး အသိုက်အဝန်း ထူထောင်ရန် ရည်ရွယ်သော စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများကို အားပေး မြှင့်တင်ရန် သီးသန့် ကိစ္စရပ်များကို ဆွေးနွေးကြမည့် အာဆီယံ စီးပွားရေး ခေါင်းဆောင်များ အတွက် ယခု စီးပွားရေး ဝန်ကြီးများ အစည်းအဝေးက အခွင့်အလမ်းကောင်း ဖြည့်ဆည်း ပေးမည်ဟု ငုယင်ကမ်တူက ဆိုသည်။

ယခု အစည်းအဝေးတွင် အာဆီယံ အပါအဝင် ဆွေးနွေးဖက် နိုင်ငံများမှ စီးပွားရေး ဝန်ကြီးများက လွတ်လပ်သော ကုန်သွယ်ရေး သဘော တူညီချက် အကောင်အထည် ဖော်မှုကို အကဲဖြတ်ခြင်း၊ ကုန်သွယ်ရေး သဘောတူညီချက် အသစ်များ စေ့စပ် ဆွေးနွေးမှု အရှိန်မြင့်ရန် ကိစ္စများ ဆွေးနွေးခြင်း၊ အာဆီယံနှင့် ကုန်သွယ်ဖက်များ အကြား လာမည့်နှစ်များ အတွင်း အနာဂတ် ပူးပေါင်း ဆောင်ရွက်ရေးကို သတ်မှတ်ခြင်း စသည်တို့ကို ပြုလုပ်ကြမည်ဟု ငုယင်ကမ်တူက ကြေညာချက်တွင် ပြောကြားသည်။

၂၀၁၀ အာဆီယံ အစည်းအဝေးများ၏ အိမ်ရှင် အဖြစ် ဗီယက်နမ်က ဒေသတွင်း မူဝါဒ ချမှတ်ခြင်း လုပ်ငန်းစဉ် အတွင်း စီးပွားရေးဆိုင်ရာ ဒိုင်ယာလော့များ တိုးချဲ့ရေး ကဲ့သို့သော ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ် အချို့ကို အဆိုပြုခဲ့သည်ဟု သိရှိရသည်။ အာဆီယံ အတွင်း ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ဖွံ့ဖြိုးမှု နိမ့်ကျသော နိုင်ငံများ အကြား ကွာဟမှု ကျဉ်းမြောင်းစေရန် အတွက် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် နိုင်ငံများမှ စီးပွားရေး ဝန်ကြီးများနှင့် ပထမ အကြိမ် တိုင်ပင် ညှိနှိုင်းမှုကို ပြုလုပ်ရန် ကိစ္စကိုလည်း ဗီယက်နမ်က အဆိုပြုခဲ့သည်။

ချမ်းသာသော ဥရောပ ဈေးကွက်များသို့ အာဆီယံ ထုတ်ကုန်များ ပိုမို တင်ပို့ရန် ရည်ရွယ်၍ စင်္ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း စသော အဖွဲ့ဝင်များသည် ဥရောပ သမဂ္ဂနှင့် အပြန်အလှန် FTA သဘော တူညီချက်များကို စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိသည်။

နိုင်ငံတွင်း ရက်စက်သော လူ့အခွင့်အရေး ညှဉ်းပန်းမှုများ ပြုလုပ်နေသော မြန်မာ စစ်ဖက် အစိုးရကြောင့် ရိုင်းစိုင်းသော အာဆီယံ နိုင်ငံ အဖြစ် အီးယူက သတ်မှတ်ထားသော မြန်မာနိုင်ငံ အရေးကိစ္စများ အပါအဝင် မူဝါဒ ကွဲလွဲမှုများကို ပြေလည်အောင် ညှိနှိုင်းနိုင်ခြင်း မရှိသောကြောင့် ၂၀၀၇ က စတင်ခဲ့သော Comprehensive FTA အတွက် စေ့စပ် ညှိနှိုင်းမှုများကိုမူ အီးယူနှင့် အာဆီယံတို့ စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။

ထို့အပြင် အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ဝင် နိုင်ငံများ အတွက် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် ရရှိရန် စေ့စပ် ညှိနှိုင်းမှုများတွင်လည်း အာဆီယံ အဖွဲ့ဝင်များ ပါဝင် ပတ်သက်နေသည်။

ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ကာတာ၊ အိုမန်၊ ကာရိန်း ကူဝိတ်တို့ အဖွဲ့ဝင် အဖြစ် ပါဝင်သော ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီ အောက်ရှိ ချမ်းသာသော အာရပ်နိုင်ငံများနှင့် အလားအလာ ရှိသည့် လွတ်လပ်သော ကုန်သွယ်ရေး သဘော တူညီချက်များကို လေ့လာ စူးစမ်းရန် လေ့လာရေးအဖွဲ့ တစ်ခုကို အာဆီယံ အဖွဲ့က တာဝန် ပေးထားသည်ဟုလည်း သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, By Alistair Scrutton, 17th August 2010

ပါကစ္စတန် နိုင်ငံတွင် ရေဘေးကြောင့် သန်းပေါင်း များစွာသော လူများသည် ရောဂါဆိုးများ အန္တရာယ်ရှိကြောင်း နိုင်ငံတကာ အေဂျင်စီများက သတိပေးမှုကြောင့် ကမ္ဘာ့ဘဏ်သည် ကယ်ဆယ်ရေး လုပ်ငန်းများ အတွက် ဒေါ်လာ သန်း ၉၀၀ ထုတ်ပေးမည် ဖြစ်သည်။

မသန့်ရှင်းသော ရေများကြောင့် ၃.၅ သန်းသော ကလေးငယ်များသည် သေစေနိုင်သော ရောဂါများ၏ အန္တရာယ်ကို ကန်ထရိုက် ဆွဲထားသလို ဖြစ်မည် ဖြစ်ကြောင်း ကုလသမဂ္ဂက သတိ ပေးခဲ့သည်။ ထို့အပြင် ပါကစ္စတန်၏ သန်း ၁၇၀ သော လူများ၏ အနည်းဆုံး ဆယ်ပုံတစ်ပုံမှာလည်း ပိုးမွှား အန္တရာယ်ကို စိုးရိမ်ရကြောင်း ပြောသည်။

ဆယ်စုနှစ်များစွာ အတွင်း အဆိုးဆုံး ဖြစ်ခဲ့သော ပါကစ္စတန် ရေကြီးမှုတွင် လူပေါင်း ၁၆၀၀ ခန့် သေဆုံးခဲ့ပြီး၊ လူနှစ်သန်းခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်ရသည်။

အာရှတွင် အဆင်းရဲဆုံး နိုင်ငံ တစ်ခုဖြစ်သော ပါကစ္စတန် တနံတလျားတွင် ရွာပေါင်း ရာချီ၍ ကယ်ဆယ်သူမဲ့ ဖြစ်ခဲ့ရသည်။ အဝေးပြေး လမ်းများ ထက်ဝက် ပြတ်ကျိုးပြီး၊ အိမ်ရာမဲ့ လူထောင်ပေါင်း များစွာသည် လမ်းဘေးတွင် တာပေါ်လင် မိုးကာတဲများ ထိုး၍ နေကြရသည်။

ကမ္ဘာ့ဘဏ် ရန်ပုံငွေကို စီစဉ်ပြီး ဖြစ်သော ပရောဂျက်များကို ပြန်လည် ရေးဆွဲပြီး အသုံးပြုမည် ဖြစ်သည်။ မခွဲဝေရသေးသော ရန်ပုံငွေများကို ပြန်လည် နေရာချမည် ဖြစ်သည်။ သို့သော် ထိုရန်ပုံငွေများကို ရေဘေး ဒုက္ခသည်များ အတွက် မည်သို့ အသုံးပြုမည်ကို ပြောကြားခြင်း မရှိပေ။

"ကျွန်တော်တို့ဟာ ရန်ပုံငွေတွေကို ချက်ချင်း အသုံးပြုနိုင်အောင် ဦးစားပေး စီစဉ်နေပါတယ်" ဟု ကမ္ဘာ့ဘဏ် ပြောခွင့်ရ ပုဂ္ဂိုလ် Mariam Altaf က ပြောကြားခဲ့သည်။

ရေကြီးမှု နှစ်ပတ်ခန့် ကြာပြီးနောက် အစိုးရက အကူအညီပေးရန် နောက်ကျမှုကြောင့် လူထုက စိတ်ဆိုးလာပြီး နိုင်ငံရေးအရ ဒုက္ခရောက်လာနိုင်သည်။

တနင်္လာနေ့က ပါကစ္စတန် ရေဘေးဒုက္ခသည်များသည် အဝေးပြေး လမ်းမကို ပိတ်ဆို့၍ အစိုးရအား အကူအညီ တောင်းခံကြရာ ရေ၊ အစားအစာနှင့် နေအိမ်မဲ့နေသော သန်းပေါင်း များစွာသော လူများ အတွက် အကူအညီများ ရောက်ရှိမှု နောက်ကျကြောင်း အကူအညီပေးရေး အေဂျင်စီများက သတိပေးသည်။

ယဲ့ယဲ့သာ ရှိတော့သော တည်ငြိမ်မှု

ရေလွှမ်းမိုးကြောင့် ပျက်စီးမှုများနှင့် ပြန်လည် ထူထောင်ရေး အတွက် ကုန်ကျငွေများသည် ပါကစ္စတန်၏ ရေရှည် စီးပွားရေး တိုးတက်မှုနှုန်း ၁% ထက်ပို၍ နှောင့်နှေးမည်ဟု ဝေဖန် သုံးသပ်သူများက ဆိုသည်။

ပါကစ္စတန် စတော့သည် တနင်္လာနေ့က ၂.၉% ကျဆင်းပြီး ပိတ်သွားခဲ့ရာ၊ ထိခိုက်မှုမှာ ပထမ ခန့်မှန်းသည်ထက် ပိုမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ဗြိတိန်နိုင်ငံဆိုင်ရာ ပါကစ္စတန် ကော်မရှင်နာ မင်းကြီး Wajid Shamsul Hasan က Reuters သို့ ပြောကြားရာတွင် ပြန်လည် တည်ဆောက်ရေး အတွက် ဒေါ်လာ ၁၀ သန်းမှ ၁၅ သန်း ကျော်ကျော် ကုန်ကျနိုင်ကြောင်း ဆိုသည်။

၎င်းက နိုင်ငံတကာ အသိုင်းအဝိုင်းသို့ အသနားခံရာတွင် ကယ်ဆယ်ရေးနှင့် ပြန်လည် တည်ဆောက်ရေး အတွက် ရန်ပုံငွေများ ပေးကြရန်နှင့် အစ္စလာမ်မစ် စစ်သွေးကြွများအား တိုက်ခိုက်ရန် ရန်ပုံငွေများ ပေးကြရန် ပြောခဲ့သည်။ သို့မဟုတ်ပါက ဒေသတွင်း တစ်ခုလုံးကို မတည်ငြိမ်မှု ဖြစ်လာနိုင်ကြောင်း ပြောခဲ့သည်။

အစိုးရသည် ၎င်း၏ မပြည့်စုံသော ဖြည့်ဆည်းမှုများကြောင့် ခေါင်းမီးတောက်လျက် ရှိသည်။ စစ်သွေးကြွ အုပ်စုများနှင့် ဆက်စပ်နေသော အစ္စလာမ်မစ် အလှူရှင်များသည် ရေဘေး ဒုက္ခသည်များကို အကူအညီ ပေးလျက်ရှိရာ ထောက်ခံသူများ တိုးပွားလာမည် ဖြစ်သည်။

ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီး Shah Mehmood Qureshi က ပါကစ္စတန်၏ တည်ငြိမ်မှု အတွက် စိုးရိမ် ပူပန်မှုကို ဖော်ပြခဲ့ရာ၊ အစိုးရ မတူညီနိုင်သည့် ကွက်လပ်ကို အစ္စလာမ်မစ်များက နေရာယူသွားမည်မှာ အန္တရာယ်ကြီးသည်ဟု ဆိုသည်။

"ဆာနေတဲ့ လူတစ်ဦးကို စားစရာ သွားပေးရင်၊ သူက လာပေးသူကို သဘောထား ပျော့ပြောင်းသူလား။ အစွန်းရောက်လား မေးနေမှာ မဟုတ်ဘူး" ဟု Qureshi က BBC သို့ ပြောသည်။ "သူကတော့ ပေးတာ ယူမှာပဲ။ ဒီတော့ ဒီစိန်ခေါ်မှုကို သတိထား ရပါမယ်" ဟု ဆိုသည်။

ယခုအခါ ကယ်ဆယ်ရေး အစပျိုးမှု အတွက် လိုအပ်သော ရန်ပုံငွေ ဒေါ်လာ ၄၅၉ သန်း၏ လေးပုံတစ်ပုံသာ ရောက်ရှိပါသေးသည်ဟု ကုလသမဂ္ဂ၏ အဆိုအရ သိရှိရသည်။ ထိုငွေမှာ ယမန်နှစ်က စစ်သွေးကြွများကို တိုက်ခိုက်ရန် အမေရိကန်က ပါကစ္စတန်သော ပေးသော ဒေါ်လာ ၁ ဘီလီယံနှင့်စာလျှင် လွန်စွာ ခြားနားလှသည်။

ကုလသမဂ္ဂက ဝမ်းရောဂါမှာ ပထမဆုံး ဖြစ်ပွားနိုင်သည်ဟု သတင်း ပေးပို့ခဲ့သည်။ နယူးယောက်တွင် ထုတ်ပြန်သော သတင်း ကြေညာချက်တွင် အကြီးဆုံး ခြိမ်းခြောက်မှုမှာ ကာလဝမ်း ရောဂါဖြစ်ကြောင်း၊ အသဲရောဂါ A နှင့် E တိုက်ဖွိုက်တို့ အန္တရာယ်မှာလည်း အရေးကြီးကြောင်း ဖော်ပြထားသည်။

ဒုက္ခသည်များသည် ပါကစ္စတန်တွင် အာဏာ အရှိဆုံး အဖွဲ့အစည်း ဖြစ်သည့် စစ်တပ်ပေါ်တွင်သာ မှီခိုမှုများပြီး၊ နိုင်ငံခြား အကူအညီပေးရေး အေဂျင်စီများကို အကူအညီ တောင်းလျက် ရှိသည်။

မည်သို့ဆိုစေ၊ အာဏာသိမ်းဖို့မူ ဖြစ်လာမည် မထင်ပေ။ စစ်တပ်၏ ဦးစားပေး အစီအစဉ်မှာ တာလီဘန် သူပုန်များကို တိုက်ခိုက်ရန်သာ ဖြစ်ပြီး၊ သဘာဝဘေး အန္တရာယ် ကျရောက်နေချိန်တွင် အာဏာရယူရန် ကိစ္စမှာ အဓိပ္ပာယ် မရှိကြောင်း၊ သုံးသပ်သူများက ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 17th August 2010

တောင်ကိုရီးယားထံမှ ပြန်လည် ပေါင်းစည်းရေး အဆိုပြုချက် အသစ်ကို မြောက်ကိုရီးယားက အင်္ဂါနေ့တွင် ပယ်ချလိုက်ပြီး အမေရိကန် ကူညီမည့် ဝင်ရောက် ကျူးကျော် သိမ်းပိုက်မှု အတွက် ကြိုတင် ပြင်ဆင်ရာတွင် မြောက်ကိုရီးယား အားနည်းသွားစေရန် ရည်ရွယ်သည့် ရူးနှမ်း မိုက်မဲသော အစီအစဉ်သာ ဖြစ်သည်ဟု ပြောဆိုလိုက်သည်။

တနင်္ဂနွေနေ့က တောင်ကိုရီးယား သမ္မတ လီမြောင်ဘက် အဆိုပြုခဲ့သော အဆင့် ၃ ဆင့်ပါ ပေါင်းစည်းရေး လုပ်ငန်းစဉ်တွင် ငြိမ်းချမ်းရေးနှင့် နျူကလီယာ ဖျက်သိမ်းမှု၊ စီးပွားရေး ပေါင်းစည်းမှု၊ နောက်ဆုံးတွင် ကိုရီးယားနိုင်ငံ လူ့အဖွဲ့အစည်း ထူထောင်မှုတို့ ပါဝင်သည်။ ပေါင်းစည်းမှု ကုန်ကျစရိတ်ကို ရန်ပုံငွေ ထောက်ပံ့မည့် အထူး အခွန် အစီအစဉ်ကိုလည်း သမ္မတလီက အဆိုပြုခဲ့သည်။

ပေါင်းစည်းမှုတွင် မြောက်ကိုရီးယား နျူကလီယာ ဖျက်သိမ်းရမည့် ကြိုတင် စည်းကမ်း သတ်မှတ်ချက်ကြောင့် မြောက်ကိုရီးယားက ၎င်းအဆိုပြုချက်ကို ပြစ်တင် ဝေဖန်ခဲ့ခြင်း ဖြစ်သည်။ "ဒီကိစ္စက ဘာမှမဟုတ်ဘူး ဆိုပေမယ့် မြောက်ကိုရီးယား လက်နက်ချအောင် ဖိအားပေးတဲ့ ရူးနှမ်းတဲ့ ဝါဒဖြန့်မှု တစ်ခုပါ။ အမေရိကန်နဲ့ အတူ မြောက်ကိုရီးယားကို ကျူးကျော်ဖို့ အတွက် ရည်မှန်းချက် ရှိနေတယ် ဆိုတာ သိသာပါတယ်" ဟု ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းရေး ဆိုင်ရာ မြောက်ကိုရီးယား ကော်မတီက ကြေညာချက်တွင် ဖော်ပြသည်။

"ဒီအဆိုပြုချက်ဟာ မြောက်ကိုရီးယား အစိုးရကို ဖြုတ်ချဖို့ အတွက် မီးကုန်ယမ်းကုန် ထိပ်တိုက် လုပ်ဆောင်မယ်လို့ ကြေညာတာနဲ့ အတူတူပါပဲ" ဟု ဖော်ပြထားသော ကြေညာချက်ကို မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ပေါင်းစည်းမှု စရိတ် ကျခံရန် အဆိုပြုသည့် သမ္မတလီကိုလည်း မြောက်ကိုရီးယားက ဝေဖန် ပြစ်တင်လိုက်ပြီး မြောက်ကိုရီးယားတွင် အကျပ်အတည်း ပြဿနာများ ဖြစ်ပေါ်အောင် ရည်ရွယ် ပြင်ဆင်ထားသည့် အကြံဥာဏ် ဖြစ်သည့် အတွက် ပြုံးယမ်း၏ သိက္ခာပိုင်းအရ လက်ခံနိုင်ဖွယ် မရှိဟု ပြောဆိုခဲ့သည်။

ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ ကြီးထွားနေသည့် အတွက် ယခု အဆိုပြုချက်သည် လုံးဝ အဓိပ္ပာယ် မရှိဟုလည်း ကြေညာချက်တွင် ပြောကြားသည်။

မတ်လက တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်ကာ ရေတပ်သား ၄၆ ဦး အသက် ဆုံးရှုံးခဲ့ရခြင်း အတွက် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်က မြောက်ကိုရီးယားကို အပြစ်တင်ခဲ့ပြီးနောက် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး အနိမ့်ဆုံး အဆင့်သို့ ရောက်နေသည့် ကြားမှ သမ္မတလီက ပြန်လည် ပေါင်းစည်းရေး အဆိုပြုချက်ကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

တနင်္လာနေ့တွင် တောင်ကိုရီးယားနှင့် အမေရိကန် တပ်ဖွဲ့များ ကွန်ပြူတာ အသုံးချမှု ဆိုင်ရာ စစ်ရေး လေ့ကျင့်မှုများ စတင်ခဲ့ပြီးနောက် တင်းမာမှုများ ပိုမို နက်ရှိုင်း လာခဲ့သည်။ အမေရိကန်နှင့် တောင်ကိုရီးယားတို့က ကာကွယ်ရေး လေ့ကျင့်ခန်း စစ်စစ်သာ ဖြစ်သည်ဟု ပြောကြားသော်လည်း ကျူးကျော်ရန် အစမ်း လေ့ကျင့်မှုဟု မြောက်ကိုရီးယားက ခေါ်ဝေါ်လိုက်ပြီး လက်တုန့် ပြန်မည်ဟုလည်း ကတိပြုလိုက်သည်။

၁၁ ရက်ကြာ စစ်ရေး လေ့ကျင့်ခန်းများကို "အူလ်ချီ လွတ်လပ်ခွင့် ကာကွယ်သူ" ဟု အမည် ပေးထားကာ တောင်ကိုရီးယား တပ်ဖွဲ့ဝင် ၅၆၀၀၀ နှင့် တောင်ကိုရီးယား ပြည်တွင်း၊ ပြည်ပမှ အမေရိကန် တပ်ဖွဲ့ဝင် ၃၀၀၀၀ တို့ ပါဝင် ဆင်နွှဲလျက် ရှိသည်။

ယခု စစ်ရေး လေ့ကျင့်မှုသည် သင်္ဘော နစ်မြုပ်မှု အပေါ် တုန့်ပြန်သည့် အနေဖြင့် ယခင်လက ကိုရီးယား ကျွန်းဆွယ် အရှေ့ဖက် ကမ်းရိုးတန်းတွင် ပြုလုပ်ခဲ့သော ရေတပ် လေ့ကျင့်ခန်းများ အပြီးတွင် နောက်ဆက်တွဲ ဆက်လက် ပြုလုပ်ခြင်း ဖြစ်သည်။ လာမည့်လများ အတွင်း စစ်ရေး လေ့ကျင့်မှုများ ပိုမို ပြုလုပ်သွားကြရန် ဝါရှင်တန်နှင့် ဆိုးလ်က စီစဉ်ထားသည်။

၁၉၅၀-၅၃ ကိုရီးယား စစ်ပွဲကို ငြိမ်းချမ်းရေး စာချုပ် မချုပ်ဘဲ အပစ်ရပ် စာချုပ်ဖြင့် အဆုံးသတ်ခဲ့ခြင်းကြောင့် ကိုရီးယား ကျွန်းဆွယ်မှာ စစ်ပွဲ မပြီးဆုံးသေးသည့် သဘော သက်ရောက်နေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ စစ်အစိုးရက ရှမ်းပြည်နယ်ထဲသို့ အရှည် ၃၆၁ ကီလိုမီတာ ရှည်လျားသော မီးရထားလမ်း ဖောက်လုပ်နေခြင်းသည် သူပုန်တပ်ဖွဲ့များကို ရှင်းလင်း ပထုတ်လိုသော ရည်ရွယ်ချက်ကြောင့် ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေး အုပ်စုများက သြဂုတ်လ ၁၇ ရက်နေ့တွင် ပြောကြားသည်။

ရှမ်းအမျိုးသမီးများ လှုပ်ရှားမှု ကွန်ယက်အဖွဲ့ (SWAN) နှင့် ရှမ်းလူ့အခွင့်အရေး ဖောင်ဒေးရှင်း (SHRF) တို့က ထုတ်ပြန်သော အစီရင်ခံစာ တစ်ရပ်အရ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသ အကြား မီးရထားလမ်း ဖောက်လုပ်မှုသည် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်များထက် အဆိုပါဒေသရှိ သူပုန်အုပ်စုများကို ထိန်းချုပ်လို၍သာ ဖြစ်သည်ဟု သိရသည်။

"တသီးတခြား ဖြစ်နေသော နယ်စပ်ဒေသတွင် အရှိန်အဟုန်ဖြင့် မီးရထားလမ်း သွယ်တန်း ဖောက်လုပ်နေခြင်းသည် အဆိုပါဒေသအား ရန်ပြုမည့် အရိပ်အယောင်ကို ဖော်ကျူးရာ ရောက်သည်" ဟု အစီရင်ခံစာက ဆိုသည်။ ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းကို မြန်မာစစ်အစိုးရ၏ စစ်ရေးတိုးချဲ့မှု တစ်ရပ်အဖြစ် သတ်မှတ် ဖော်ပြသည်။

အဆိုပါ ရှမ်းအခွင့်အရေး အဖွဲ့နှစ်ခု၏ အစီရင်ခံစာကို ထိုင်းနိုင်ငံထုတ် The Nation သတင်းစာ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းနှင့်အတူ မြေယာ ဟက်တာပေါင်း များစွာကို စစ်အစိုးရက ပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့ကြောင်း၊ ရထားလမ်းသည် တပ်ဖွဲ့ဝင် အင်အား ၂၅၀၀၀ ခန့်ရှိပြီး မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး သူပုန်အုပ်စု ဖြစ်သော ဝ ပြည်နယ် ညီညွတ်ရေး တပ်ဖွဲ့ ထိန်းချုပ်ထားသည့် နယ်မြေကို ဖောက်ထွက်သွားမည် ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

ဝ ပြည်နယ် ညီညွတ်ရေး တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် မြန်မာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ် ချုပ်ဆိုခဲ့သော်လည်း ယခုနှစ်အတွင်း နယ်ခြားဒေသ စောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် အဆိုပြုချက်ကို ငြင်းပယ်ထားသည်။

နယ်ခြားဒေသ စောင့်တပ် ဖွဲ့ရန် ငြင်းပယ်မှုကြောင့် မကြာမီကာလအတွင်း တိုက်ခိုက်မှုများ ဖြစ်ပွားလာနိုင်သည်။ အကြောင်းမှာ သူပုန်အုပ်စုများ အားလုံးအနေဖြင့် ယခုနှစ်အတွင်း ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ချကာ နယ်ခြားဒေသ စောင့်တပ်ဖွဲ့အဖြစ် အမြန်ဆုံး ပြောင်းလဲ ဖွဲ့စည်းရန် စစ်အစိုးရက အမိန့်ထုတ် ထားသောကြောင့် ဖြစ်သည်။

အဆိုပါ ဒေသမှ အခြားသော သူပုန်အုပ်စု တစ်ခု ဖြစ်သည့် ရှမ်းပြည်နယ် တပ်ဖွဲ့ (SSA) သည်လည်း စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ် ချုပ်ဆိုထားခြင်း မရှိပေ။

"စစ်အစိုးရက ဒီ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်တာကြောင့် မြန်မာနိုင်ငံထဲမှာ အပြောင်းအလဲတွေ ဖြစ်တော့မယ်လို့ တစ်ကမ္ဘာလုံးကို ယုံအောင် ပြောနေတယ်။ ဒါပေမဲ့ တကယ့် လက်တွေ့မှာ သူတို့ဟာ စစ်တိုက်ဖို့ ကတုတ်ကျင်း တူးနေတာ ဖြစ်ပါတယ်" ဟု SHRF အဖွဲ့မှ သုတေသီ Puen Kham က ပြောကြားသည်။

ကျိုင်းတုံ မီးရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းကို ပြီးခဲ့သည့် ဇူလိုင်လ အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ဆိုင်းထားခဲ့ကြောင်း Shan Herald  သတင်းစာက ရေးသား ဖော်ပြသည်။

ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းကို ဖောဖော်ဝါရီလအတွင်း စတင်ခဲ့သည်။ အဆိုပါ စီမံကိန်းသည် Langkher၊ Mongpan၊ Mongton၊ Monghsat နှင့် Mongphyak တို့ကို ဖြတ်သန်းသွားမည်ဟု သိရသည်။

Monster Sand Critics မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 17th August 2010

မြန်မာနိုင်ငံတွင် ယခုနှစ် နှောင်းပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် ဖိနှိပ်မှု များသော အခြေအနေတွင် ကျင်းပမည်ကို ကနေဒါ နိုင်ငံ အနေဖြင့် လွန်စွာ စိုးရိမ်မိကြောင်း နိုင်ငံခြားရေး ဝန်ကြီး Lawrence Cannon က တနင်္လာနေ့က ပြောကြားခဲ့သည်။

"ကနေဒါ နိုင်ငံ အနေနဲ့ မြန်မာ အစိုးရက ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပေးမယ် ဆိုလို့ ကြိုဆိုပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ဖိနှိပ်မှုများတဲ့ အခြေအနေမှာ ကျင်းပပေးမှာ ကိုတော့ အလွန်အမင်း စိုးရိမ်ပါတယ်။ နိုင်ငံတကာ စံတွေနဲ့ မကိုက်ညီမှာကိုလည်း စိုးရိမ်ပါတယ်" ဟု Cannon က ကြေညာချက်တွင် ပြောကြားခဲ့သည်။

"မြန်မာ ပြည်သူတွေဟာ ခြိမ်းခြောက်မှုနဲ့ ရက်စက်မှုတွေကို မကြောက်ရဘဲ သူတို့ အသံကို သူတို့ ပြန်ကြားနိုင်ဖို့ ထိုက်တန်ပါတယ်" ဟု ၎င်းက ဆိုသည်။

"မြန်မာ အစိုးရဟာ သူကတိပြုထားတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ် ဆိုတဲ့ အချက်ကို ထိန်းသိမ်းတဲ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားတွေနဲ့ ဒီမိုကရက်တစ် အတိုက်အခံတွေ အားလုံး ပါဝင်တဲ့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ဖို့၊ လုပ်ငန်းစဉ်မှာ ဒီမိုကရေစီအရ အပြည့်အဝ ပါဝင် ခွင့်ပြုရေးကို တောင်းဆိုပါတယ်" ဟု ဖော်ပြထားသည်။

မြန်မာ အစိုးက ရွေးကောက်ပွဲများကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု သောကြာနေ့က ကြေညာခဲ့ရာ၊ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိ နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ကုန်ဆုံးမည့် နိုဝင်ဘာ ၁၃ ရက် မတိုင်မီ တစ်ပတ် အလိုတွင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် အနှစ် နှစ်ဆယ် အတွင်း အချိန် အတော်များများ ထိန်းသိမ်းခံနေရပြီး၊ အစိုးရ အပေါ် အကြီးမားဆုံးသော ခြိမ်းခြောက်မှု ပြုနိုင်နေဆဲ ဖြစ်သည်။

သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိဆိုကာ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ထိုင်းနိုင်ငံတွင် လအတန်ကြာ ထုတ်ပြန်ထားသည့် နိုင်ငံတော် အရေးပေါ် အခြေအနေ အမိန့်ကို ဘန်ကောက်မြို့တွင် ဆက်လက် ပြဋ္ဌာန်းထားဆဲ ဖြစ်သော်လည်း ပြည်နယ် သုံးခုတွင် ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သြဂုတ်လ ၁၆ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

အဆိုပါ အရေးပေါ် အမိန့် ဆက်လက် ပြဋ္ဌာန်းထားဆဲ ဖြစ်သည့် ပြည်နယ် စုစုပေါင်း ၇ ခု ကျန်ရှိသေးကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန၏ ဒုတိယ ပြောရေးဆိုခွင့် ရှိသူ Thani Thongpakdi က ပြောကြားသည်။

နိုင်ငံတော် အရေးပေါ် အခြေအနေ ဥပဒေအရ စစ်တပ်အနေဖြင့် လုံခြုံရေး ဆောင်ရွက်ချက်များကို တာဝန်ယူ လုပ်ကိုင်နိုင်ခွင့် ရှိသည်။ ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ဧပြီလအတွင်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ အုပ်စုများက ပါလီမန် အဆောက်အအုံထဲသို့ ချိုးဖောက် ဝင်ရောက်မှု ဖြစ်ပွားပြီးနောက် အစိုးရက ယင်းဥပဒေ အမိန့်ကို ထုတ်ပြန်ခဲ့သည်။

ထိုင်းဝန်ကြီးချုပ် အဘီဇစ် ဝိဇ္ဇာဝီရက နိုင်ငံတွင်း တရား ဥပဒေ စိုးမိုးရေးနှင့် အေးချမ်း သာယာရေးတို့ ပြန်လည် ရရှိနိုင်ရေး၊ ထိုင်း ပြည်သူလူထုထံသို့ လွဲမှားသော သတင်းများ ပျံ့နှံ့ ရောက်ရှိမှုများ ရပ်တန့်နိုင်ရေးအတွက် ယင်းအမိန့် ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နိုင်ငံရေး ပဋိပက္ခ ဖြစ်ပွားမှုများ၊ ရုန်းရင်းဆန်ခတ်မှုများ ရပ်ဆိုင်းသွားပြီး နောက်ပိုင်း အစိုးရက ပြည်နယ် အသီးသီးတွင် ပြဋ္ဌာန်းထားသော အရေးပေါ် အခြေအနေ အမိန့်ကို တဖြည်းဖြည်းချင်း ရုပ်သိမ်းပေး လာခဲ့သည်။

လူ့အခွင့်အရေးကိစ္စ

ပြီးခဲ့သည့် ဇွန်လအတွင်း နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ (AI) က ထိုင်းဝန်ကြီးချုပ်ထံသို့ စာတစ်စောင် ရေးသား ပေးပို့ခဲ့သည်။ "ပြဋ္ဌာန်းထားသော နိုင်ငံတော် အရေးပေါ် အခြေအနေ အမိန့်ကြောင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်များ ကန့်သတ် ပိတ်ပင် ခံထားရသည်။ အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖောက်သော အရာရှိကြီးများ တရားစွဲဆို အပြစ်ပေးနိုင်မည့် လုပ်ရပ်များလည်း ရပ်ဆိုင်းထားရသည်။ ယင်းအရေးပေါ် အခြေအနေအမိန့် ထုတ်ပြန်ထားသေးသရွေ့ အာဏာပိုင်များ အနေဖြင့် အလွဲသုံးစားမှုများ၊ အဂတိ လိုက်စားမှုများ ကျူးလွန်နိုင်သည် ဖြစ်ရာ အမြန်ဆုံး ရုပ်သိမ်းပေးစေလိုသည်" ဟု AI က ရေးသားသော စာတွင် ဖော်ပြပါ ရှိသည်။

မြို့တော် ဘန်ကောက်တွင် ဖြစ်ပွားခဲ့သော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ အုပ်စုများနှင့် အစိုးရ တပ်ဖွဲ့များ အကြား အပြန်အလှန် တိုက်ခိုက်မှုကြောင့် လူပေါင်း ၈၀ ကျော် သေဆုံးခဲ့ပြီး ၁၅၀၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်။ ထို့ပြင် ဘန်ကောက်ရှိ ဘဏ်တစ်ခု၊ ရဲစခန်းတစ်ခု၊ ပြည်တွင်း ရုပ်သံဌာန တစ်ခုနှင့် အကြီးဆုံး ရှော့ပင်းမောလ် တစ်ခု အပါအဝင် အဆောက်အအုံ ၃၀ ကျော် မီးရှို့ခံခဲ့ရသည်။

ယင်း ဆန္ဒပြပွဲကို ယခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို လိုလားသူ ရှပ်နီဝတ် အုပ်စုများက ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ ရှပ်နီ အုပ်စုများက လက်ရှိ ထိုင်းအစိုးရ အဖွဲ့နှင့် ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲသစ် တစ်ရပ် ပြန်လည် ကျင်းပပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

CNN သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

englishnews@chosun.com, 16th August 2010

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီသည် ၎င်း၏ ဆင်းရဲ မွဲတေနေသော တိုင်းပြည်တွင် နိုင်ငံတကာ၏ အရေးယူ ပိတ်ဆို့မှုနှင့် နိုင်ငံခြားငွေ ပြတ်လပ်မှု တို့ကြောင့် ဒုက္ခရောက် နေရာ စီးပွားရေးကို ဦးစားပေး လုပ်ဆောင်နေကြောင်း၊ သူ၏ နေရာတွင်ပင် ချက်ချင်း လမ်းညွှန်မှု ပေးသော ခရီးစဉ်များ အပေါ် သုံးသပ်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကင်သည် ယခုနှစ် နှစ်ဝက် အတွင်း အဆိုပါ ခရီးစဉ် ၇၇ ခု သွားရောက်ခဲ့ပြီး ဖြစ်ရာ ယမန်နှစ် ကလည်း ထိုအရေအတွက်ခန့် ခရီးသွားခဲ့သည်ဟု ဆိုသည်။ ၎င်းတို့အနက် ၃၃ ခုသည် စီးပွားရေးနှင့် သက်ဆိုင်သည်ဟု ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာန၏ သုံးသပ်ချက်အရ သိရှိရသည်။ ယမန်နှစ်က စီးပွားရေး လုပ်ငန်း ခရီးစဉ် ၂၇ ခု ထွက်ခဲ့သည်။ ယမန်နှစ်က စစ်တပ် ဆိုင်ရာ ခရီးစဉ် ၂၁ ခု ထွက်ခဲ့သည်။

ကင်ဂျုံအီနှင့် အမြဲတမ်း လိုက်ပါသော အကြီးတန်း အရာရှိမှ ၎င်း၏ နှမ ဖြစ်သူ အလုပ်သမား ပါတီ၏ အပေါ့စား စက်မှုဌာနမှ အကြီးအကဲ Kim Kyong-hee ဖြစ်ပြီး ၅၆ ကြိမ် လိုက်ပါခဲ့သည်။ သူမနှင့်အတူ အမျိုးသား ကာကွယ်ရေး ကော်မရှင် ဒုတိယ ဥက္ကဌ Jang Song-taek (၄၅ ကြိမ်)၊ ပါတီ ဗဟို ကော်မတီ အတွင်းရေးမှူး Kim Ki-nam (အကြိမ် ၄၀) နှင့် ပါတီ အတွင်းရေးမှူး Choe Thae-bok တို့လည်း လိုက်ပါကြသည်။

Kim Kyong-hee မှာ ယမန်နှစ်က ကင်ဂျုံအီကို အကူအညီ ပေးသော ထိပ်တန်း ပုဂ္ဂိုလ် ၁၀ ဦးတွင် မပါဝင်ပေ။ ကင်ဂျုံအီက စီးပွားရေးကို ဦးစားပေး လုပ်ဆောင်သည့် အချိန်မှသာ သူမ၏ ကဏ္ဍမှာ တိုးတက်လာသည်ဟု ဆိုရမည် ဖြစ်သည်ဟု တောင်ကိုရီးယား လုံခြုံရေး ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မြောက်ကိုရီးယား မီဒီယာသည် Stakhanovite အောင်မြင်မှု ပုံပြင်များကို နေ့တိုင်း ထုတ်လွှင့်သည်။ ကိုရီးယား ဗဟို အသံလွှင့် ဌာနသည် ပါဝါ ထုတ်လုပ်မှုကို ယခုနှစ် ပထမနှစ်ဝက်တွင် ထုတ်လွှင့်မှုမှာ ယမန်နှစ် ယခုလို အချိန်ကထက် ၁.၂ ဆ ပို၍ များသည်။ KCNA ကလည်း အချို့ စက်ရုံများသည် မျှော်မှန်းသည်ထက် ပိုမို ထုတ်လုပ်နေသည်ဟု ဆိုသည်။

"မြောက်ကိုရီးယားသည် မကြာခဏ အံ့သြစရာ ကောင်းလောက်အောင် မတူတဲ့ အစွန်း နှစ်ဖက် အယူအဆတွေနဲ့ စီးပွားရေး ပြဿနာတွေကို ရည်ညွှန်းလေ့ ရှိပါတယ်" ဟု chungang တက္ကသိုလ်မှ ပါမောက္ခ Kim Young-soo က ပြောသည်။ "ဒါပေမယ့် ကင်ဂျုံအီကတော့ ပြဿနာများကို မိမိကိုယ်ကို အားကိုးပြီး ဖြေရှင်းရန်သာ လက်ကိုင်ထားပါတယ်" ဟု ဆိုသည်။ ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ခန့်မှန်းရာတွင် မြောက်ပိုင်းတွင် ရာသီဥတု အေးခြင်းကြောင့် အစာရေစာ ပြတ်လပ်မှု ဖြစ်ပေါ်ကြောင်းနှင့် ယမန်နှစ်က မှားယွင်းသော ငွေကြေး ပြုပြင် ပြောင်းလဲမှုကြောင့် မငြိမ်မသက်မှုများသည် ပြည်သူများ ကြားတွင် ယုံကြည်မှု မရှိအောင် ပိုလုပ်သလို ဖြစ်ရကြောင်း ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Andrew Batson, Daisuke Wakaba Yashi and Mark Whitehouse, 16th August 2010

တရုတ်နိုင်ငံသည် ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး နိုင်ငံအဖြစ် ယခုနှစ်အတွင်း ဂျပန်ကို ကျော်တက်မည်ဟု မျှော်လင့်ရသဖြင့် ခက်ခဲ ပင်ပန်းမှုများ နှင့်အတူ အောင်ပွဲများပါ ရရှိနေသည့် ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်ခု အတွက် ယခင်က မရှိခဲ့ဖူးသော အနေအထား တစ်ရပ်ပင် ဖြစ်သည်။

တနင်္လာနေ့ မနက်က ထုတ်ပြန်သော ဂျပန်၏ ဒုတိယ လေးလပတ် ဂျီဒီပီမှာ ဒေါ်လာ ၁.၂၈၈ ထရီလီယံသာ ရှိသဖြင့် တရုတ်နိုင်ငံ၏ ဒုတိယ လေးလပတ် ဂျီဒီပီ ဒေါ်လ ၁.၃၃၉ ထရီလီယံထက် လျော့နည်းနေသည်။

ဤအချက်မှာ တရုတ်သည် ဂျပန်ကို တစ်ကြိမ်တည်းနှင့် တစ်နှစ်ပတ်လုံး အတွက် ကျော်ဖြတ်သွားမည့် လက္ခဏာကို ညွှန်ပြနေသည်။ တရုတ် စီးပွားရေး ပိုမို သွက်လက်လာသည့် ယခင်နှစ် နောက်ဆုံး လေးလပတ် ကာလကပင် တရုတ် ထုတ်ကုန် တန်ဖိုးက ဂျပန်ကို ကျော်တက်ခဲ့ပြီး ဖြစ်သည်။ ဂျပန်ကို အစောပိုင်း လေးလပတ်များတွင် ကျော်ဖြတ်ခဲ့ခြင်းသည် ဂျပန်ကို တစ်နှစ်ပတ်လုံး ဖြတ်ထားနိုင်သည့် အရှိန်အဟုန် တရုတ်တွင် ရှိနေသည်ကို ညွှန်ပြနေသည်။ ၂၀၁၀ အတွက် ကိန်းဂဏန်းများ အားလုံးကို စုစည်းပြီးသည်နှင့် တပြိုင်နက် တရုတ်သည် ဂျပန်ကို ကျော်ကာ ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး နိုင်ငံ အဆင့်ကို ရယူတော့မည်ဟု စီးပွားရေး ပညာရှင် အများစုက မျှော်လင့်နေကြသည်။

တရုတ်၏ စီးပွားရေး ထုတ်လုပ်မှု ဒေါ်လာ ၅ ထရီလီယံနှင့် အမေရိကန်၏ စီးပွားရေး ထုတ်လုပ်မှု ဒေါ်လာ ၁၅ ထရီလီယံ အကြားတွင် ကွာဟချက် ကြီးမားလွန်းသည့် အပြင် တရုတ်၏ လက်ရှိ ကြီးထွားနှုန်းမှာလည်း အစဉ်မပြတ် ရနိုင်မည် မဟုတ်သောကြောင့် တရုတ် အနေဖြင့် အမေရိကန် ပြည်ထောင်စုကို မှီရန် ဆယ်စုနှစ် တစ်စု (သို့) ထို့ထက် ပို၍ အချိန် လိုအပ်လိမ့်မည်။

"ဒီအပြောင်းအလဲက ကမ္ဘာ့စီးပွားရေး အတွက် မှတ်တိုင် တစ်ခု ဖြစ်လာပါလိမ့်မယ်" ဟု နယူးယောက် J.P Morqan Chase & Co မှ စီးပွားရေး ပညာရှင် အကြီးအကဲ Bruce Kasman က ပြောကြားသည်။ "တခြားနိုင်ငံ အများစု တကယ်ကို အခက်အခဲ တွေ့နေချိန်မှာ တရုတ်နိုင်ငံက ကောင်းကောင်း ဖြတ်သန်းပြီး သန်စွမ်း ကြီးထွားခဲ့တာကတော့ ချီးကျူးစရာပါပဲ" ဟု ၎င်းက ဆက်လက် ပြောသည်။

လွန်ခဲ့သော ၁၀ နှစ် ကျော်ခန့်ကမူ တရုတ်နိုင်ငံသည် ကမ္ဘာ့ သတ္တမ အကြီးဆုံး စီးပွားရေး အဆင့်တွင် ရှိခဲ့သည်။ ၎င်းသည် ၂၀၀၇ တွင် ဂျာမနီကို ကျော်ဖြတ်ကာ နံပါတ် (၃) ဖြစ်လာသည်။ ယခု ၂၀၁၀ တွင်မူ ဂျာမနီက အဆင့် ၄၊ ပြင်သစ်က အဆင့် ၅၊ ဗြိတိန်က အဆင့် ၆ ရရှိကာ အဆင့် ၇ အီတလီ၏ နောက်တွင် ဘရာဇီးက အဆင့် ၈ အဖြစ် ပေါ်ထွက်လာမည်ဟု မျှော်လင့်ရသည်။

တရုတ်၏ စီးပွားရေး အဆင့်ကို အတိအကျ သတ်မှတ်ခြင်းသည် စီးပွားရေး ကဏ္ဍများကို မည်သို့ မည်ပုံ တိုင်းတာသည် ဟူသော လုပ်ငန်းတစ်ခု ဖြစ်သည်။ တရုတ်နိုင်ငံသည် အမေရိကန်၏ နောက်တွင် ဒုတိယ အဖြစ် ဂျပန်ကို ကျော်ဖြတ်နိုင်ခဲ့သည့်တိုင် တရုတ်နိုင်ငံ၏ တစ်ဦးချင်း ထုတ်လုပ်မှု တန်ဖိုးမှာ ဒေါ်လာ ၄၀၀၀ ခန့်သာ ရှိ၍ ဂျပန်၏ ဆယ်ပုံတစ်ပုံခန့်သာ ရှိသည်။

လေထိုးသကဲ့သို့ ကြီးထွားနေသော တရုတ်နှင့် သိသိသာသာ ခြားနားစွာပင် ဂျပန် စီးပွားရေးမှာ ဆယ်စု နှစ်စုခန့် နှေးကွေး လေးလံကာ ကမောက်ကမ ဖြစ်နေသဖြင့် တရုတ်နိုင်ငံ၏ အဆင့် ပြောင်းလဲမှု ပေါ်ထွက်လာခြင်း ဖြစ်သည်။

ဂျပန် နိုင်ငံမှာမူ လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း အာရှ၏ စီးပွားရေး ဦးဆောင် နိုင်ငံ အဆင့်ကို ဆုံးရှုံးခဲ့ခြင်းအား မလွဲမရှောင်သာ လက်ခံလိုက်သည့် လက္ခဏာ ရှိသည်။ ပြီးခဲ့သော ဧပြီလတွင် ဂျပန် နာမည်ကြီး သတင်းစာ အဆာဟီ ရှင်ဘွန်းက လူပေါင်း ၂၃၉၂ ယောက်ကို စစ်တမ်း ကောက်ယူခဲ့ရာ ၅၀ % က ဂျပန် စီးပွားရေးကို တရုတ်က ကျော်တက်သွားပြီး၊ အဆင့် ၃ သို့ ကျသွားခြင်းကို အဓိက ပြဿနာ တစ်ခုဟု ယူဆကြ၍ ၄၆ % ကမူ ယင်းသို့ မယူဆကြဟု သိရှိရသည်။

အနာဂတ် ကံကြမ္မာ အပေါ် သဘော ကွဲလွဲမှုများ အနက် တိုကျိုမှ တက္ကစီ ဒရိုင်ဘာ ကိုအိချိယာမာတာက ကုန်ကျစရိတ် ထောင်းနေသော ဂျပန်များမှာ တက္ကစီ ငှားရမ်းမှု နည်းလာပြီး တရုတ် ကမ္ဘာလှည့် ခရီးသည်များကိုသာ ပို၍ အားထား နေရသည်ဟု ပြောကြားခဲ့ခြင်းမှာ ထင်ရှားသည့် သာဓက တစ်ခုပင် ဖြစ်သည်။ "ဒါဟာ ဂျပန်နိုင်ငံ ဘယ်လောက်တောင် ကျဆင်းသွားတယ် ဆိုတာကို စိတ်မကောင်းစရာ သတိပေးမှု တစ်ရပ်ပါ" ဟု ၎င်းက ဆိုသည်။ "ဒီလို ပြောဖို့ မသင့်ပေမဲ့ ကျွန်တော်တို့ ဂျပန်တွေ တချိန်က စီးပွားရေး စန်းထခဲ့တဲ့ ပုံစံကို တရုတ်တွေ ခံစားနေတာကို ကြည့်ရတာ နည်းနည်းတော့ စိတ်အနှောင့်အယှက် ဖြစ်မိတယ် ဆိုတာကို ကျွန်တော် ရိုးရိုးသားသာ ဝန်ခံပါရစေ" ဟု ယာမာတာက ပြောကြားခဲ့သည်။

၁၉၈၀ ခုနှစ်များတွင် ဂျပန် စီးပွားရေး စန်းထကာ စီးပွားရေး ဟဲဗီးဝိတ် ဖြစ်လာပြီးနောက် ဂျပန် ကုမ္ပဏီများက အာရှတစ်လွှား စက်ရုံများ တည်ဆောက်မှု အတွင်းသို့ ငွေများ လောင်းထည့်ခဲ့သည့် လမ်းကြောင်း အတိုင်း ယခု တရုတ်က လိုက်ပါနေသည်။ တရုတ်နိုင်ငံသည် ၎င်း၏ အနေအထား အပေါ် ထောက်ခံမှု ရရှိရန် အတွက် ၎င်း၏ ငြိမ်းချမ်းသော ဖွံ့ဖြိုးမှု အစီအစဉ်များနှင့် ပတ်သက်၍ အိမ်နီးချင်းများကို အာမခံရန် အာရုံစိုက်နေပြီး အနောက်နိုင်ငံများလောက် စည်းကမ်း သတ်မှတ်ချက် မထားဘဲ အထောက်အပံ့ ပေးအပ်ခြင်း၊ ရင်းနှီး မြှုပ်နှံခြင်းများကို ပြုလုပ်လျက် ရှိသလို ယဉ်ကျေးမှု လက်တံ ဆန့်ခြင်းကိုလည်း ပထမဆုံး အကြိမ် အသည်းအသန် ပြုလုပ်နေသည်။

ယခုအခါ တရုတ် စီးပွားရေး ကြီးထွားလာခြင်းသည် ဆွဲဆောင်မှု အဖြစ်သာမကပဲ ခြိမ်းခြောက်မှုလည်း ဖြစ်လာနိုင်သည့် အပြင် သတိထား ကိုင်တွယ်ရန် လိုအပ်သည် ဆိုသော အချက်ကို နိုင်ငံခြားရေး မူဝါဒ စည်းဝိုင်းများ အတွင်း ပိုမို သိရှိ သဘောပေါက် လာကြသည်။ "တရုတ်နိုင်ငံက သူ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ သူ့ရဲ့ သဘောထား အမာ/အပျော့ကို စဉ်းစား ဆင်ခြင်ဖို့ ရှိပါတယ်။ ဒါ့ကြောင့် တရုတ်နိုင်ငံရဲ့ တရုတ် လူမျိုးတွေဟာ နှစ်သက်စရာ ကောင်းတယ်လို့ ကမ္ဘာက အသိအမှတ်ပြုနေပါပြီ" ဟု ဘေဂျင်းရှိ ရှင်းဟွာ တက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ ပါမောက္ခ လူဂျန်ယောင်က ပြောကြားသည်။

တရုတ်နိုင်ငံ စီးပွား ကြွယ်ဝလာခြင်းသည် နိုင်ငံရေး ပြဿနာ အဖြစ်သို့ စတင် ပြောင်းလဲ နေသော်လည်း နိုင်ငံတကာ ခေါင်းဆောင်များ၏ ဝေဖန်စရာ ပစ်မှတ်တစ်ခု အဖြစ်ကိုလည်း ရောက်ရှိနေသည်။ တရုတ်နိုင်ငံ၏ ပို့ကုန် ဦးဆောင် ဖွံ့ဖြိုးရေး မူဝါဒကို ကမ္ဘာ့ ကုန်သွယ်ရေး ဟန်ချက် မညီမှု၏ အကြောင်းရင်း အဖြစ် အနောက်နိုင်ငံ တာဝန်ရှိ ပုဂ္ဂိုလ် အများစုက ရှုမြင်နေကြသည်။ တရုတ် စီးပွားရေး သန်စွမ်းမှုသည် အာဏာသြဇာနှင့် လွှမ်းမိုးမှုကို ပေးစွမ်းသလို မိတ်ဆွေများကိုလည်း ဆုံးရှုံးနိုင်ခြေ ရှိနေသည်။

စီးပွားရေး သန်စွမ်းမှုကို ပါဝါ အပျော့ အဖြစ်သို့ ပြောင်းလဲမည့် တရုတ်၏ စွမ်းရည်မှာ အကန့်အသတ်များ ရှိနေသည်ဟု ဆစ်ဒနီရှိ Lowy Institute of International Studies မှ ဝါရင့် သုတေသန ပညာရှင် Andrew Shearer က ပြောကြားသည်။ "တရုတ်နိုင်ငံဟာ လိုထာထက် ပိုမို အားထုတ်တဲ့ အတွက် မအောင်မြင်တဲ့ လက္ခဏာတွေကို တွေ့ရပါတယ်" ဟု ၎င်းက ပြောဆိုခဲ့ပြီး၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ သြစတြေးလျ စသော လုပ်ဖော်ကိုင်ဖက်များနှင့် လတ်တလော ဖြစ်ပွားခဲ့သော သံတမန်ဆိုင်ရာ အငြင်းပွားမှုများကို ထောက်ပြ ရည်ညွှန်းသည်။

မတ်လက တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုသည်လည်း တရုတ်နှင့် တောင်ကိုရီးယား ဆက်ဆံရေး အလှည့်အပြောင်းကို ဖြစ်ပေါ်စေခဲ့သည်။ ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု ဖြစ်ရပ် အပြီးတွင် တရုတ်သည် ဆိုးလ်၏ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်သလို ပြုံးယမ်း၏ အဓိက မဟာမိတ်လည်း ဖြစ်သည်ကို တောင်ကိုရီးယား တို့အတွက် သတိပြုစရာ ဖြစ်လာခဲ့သည်။

မေလတွင် တောင်ကိုရီးယား၊ အမေရိကန်၊ ဗြိတိန်၊ ဆွီဒင်နှင့် သြစတြေးလျားတို့ ပါဝင်သော နိုင်ငံစုံ စစ်ဆေးရေး အဖွဲ့က ချိုနန် သင်္ဘော နစ်မြုပ်ခြင်းသည် မြောက်ကိုရီးယား တိုပီဒို ပစ်ခတ်မှုကြောင့် ဖြစ်သည်ဟု အစီရင်ခံစာ တင်ပြခဲ့ကြသည်။ သို့သော် တရုတ်နိုင်ငံသည် ရေတပ်သား ၄၆ ဦး သေဆုံးသော သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်၍ တောင်ကိုရီးယားအား ဝမ်းနည်းစကား ပြောကြားရန် တစ်လခန့် နှောင့်နှေးခဲ့သည့် အပြင် စုံစမ်း စစ်ဆေးမှု ရလဒ်များကို သုံးသပ်ရန် တောင်ကိုရီးယားက ဖိတ်ခေါ်ခဲ့ခြင်းကိုလည်း တုန့်ပြန်မှု မပြုလုပ်ခဲ့ပါ။ ထို့အပြင် အခင်းဖြစ်ရက် နောက်ပိုင်း တောင်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့၏ ပူးတွဲ စစ်ရေး လေ့ကျင့်မှုများကိုလည်း လူသိရှင်ကြား ကန့်ကွက်ခဲ့ပြန်သည်။

"တရုတ်ရဲ့ အပြုအမူကတော့ တောင်ကိုရီးယားတွေ မျှော်လင့်ထားတာနဲ့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ" ဟု ဆိုးလ် Yonxi University တရုတ်ရေးရာ လေ့လာမှု ပါမောက္ခ ဟန်ဆွတ်ဟီးက ပြောဆိုသည်။

"ခိုင်မာတဲ့ စီးပွားရေး ဆက်ဆံမှုတွေကနေ ကောင်းမွန်တဲ့ သံတမန် ဆက်ဆံရေး၊ စစ်ဖက် ဆက်ဆံရေးကို အသွင်းပြောင်းလိမ့်မယ်လို့ တချို့ တောင်ကိုရီးယားတွေက မျှော်လင့်ထားကြပါတယ်။ အခုတော့ စိတ်ပျက်စရာပါပဲ" ဟု ၎င်းက ဆိုသည်။ ယခုနှစ် အစောပိုင်းတွင် Pew Global Attitudes Project က ပြုလုပ်သော သဘောထား ကောက်ယူမှုတွင် တောင်ကိုရီးယား ၅၆ % က တရုတ် အပေါ် မနှစ်သက်သည့် သဘောထားရှိပြီး ၃၉ % ကသာ နှစ်သက်သည့် သဘောထား ပေးခဲ့သည်ကို တွေ့ရှိရသည်။

အရှေ့တောင် အာရှ နိုင်ငံများ အတွက်လည်း တရုတ်သည် အဓိက စီးပွားဖက် ဖြစ်နေပြီး၊ အချိန် ကြာမြင့်စွာ ဦးဆောင်ခဲ့သော ဂျပန်ကို မနှစ်က ကျော်တက်ကာ အာဆီယံ ၁၀ နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်လာခဲ့သည်။ သို့သော်လည်း တောင်တရုတ် ပင်လယ်တွင်းရှိ ရေပြင်နှင့် ကျွန်းများနှင့် ပတ်သက်၍ အချိန်ကြာမြင့်စွာ အငြင်းပွား နေမှုများအပေါ် တရုတ်နိုင်ငံ၏ လတ်တလော ကိုင်တွယ်ပုံကြောင့် အဆိုပါ ဒေသတွင် သတိပေး ခေါင်းလောင်း မြည်လာခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, By Anne Flaherty, 16th August 2010

တရုတ်နိုင်ငံသည် အဓိက စစ်ရေး အင်အားကြီး နိုင်ငံ ဖြစ်လာရေး အတွက် လျှို့ဝှက်စွာ ပြုပြင် ပြောင်းလဲလျက် ရှိကြောင်း၊ လျှို့ဝှက်စွာ လုပ်ဆောင်နေခြင်းကြောင့် အခြားနိုင်ငံများနှင့် နားလည်မှု လွဲခြင်းများ၊ စစ်ရေး ပဋိပက္ခများ ဖြစ်လာနိုင်ကြောင်း ပင်တဂွန်က အစီရင်ခံစာသစ်တွင် ပြောကြားသည်။

တနင်္လာနေ့က ထုတ်ပြန်သော ကာကွယ်ရေး ဌာန၏ နှစ်ပတ်လည် အကဲဖြတ် အစီရင်ခံစာတွင် Beijing သည် ၎င်း၏ မြေပြင် အခြေစိုက် ဒုံးကျည် လက်နက်ကြီးများကို အဆင့်မြှင့်ခြင်း၊ နျူကလီယာ အင်အားကို ခေတ်မီအောင် ပြုလုပ်ခြင်း၊ ရေတပ်အုပ်စုအား ရေငုပ် သင်္ဘောများအား တိုက်ခိုက်နိုင်အောင် တိုးချဲ့ခြင်းများ ပြုလုပ်နေသည်ဟု ဖော်ပြထားသည်။

ထိုသို့ ကြိုးပမ်းမှုများမှာ တရုတ်သည် အမေရိကန်နှင့် စစ်တပ်ခြင်း ဆက်သွယ်မှု ရပ်ဆိုင်းသွား ပြီးနောက် ပြုလုပ်ခြင်း ဖြစ်ပြီး၊ ထိုသို့ တည်ဆောက်ခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်များကို အမေရိကန်အား သိစေလိုသည့် သဘော ရှိသည်။

အမေရိကန်နှင့် တရုတ်တို့၏ ဆက်ဆံရေးမှာ မကြာသေးမီသော လများက နွေးထွေးမှု မရှိခဲ့ပေ။ တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်ခြင်းနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးရေး အဖွဲ့က မြောက်ကိုရီးယားအား အပြစ်ဖို့ထားခြင်းအား တရုတ်က ပယ်ချခဲ့သည်။ တရုတ်၏ စစ်ရေးအရ တည်ဆောက်မှုများမှာ ထိုင်ဝမ်ကို အမေရိကန်က အကာအကွယ် ပေးခြင်းကို ခြိမ်းခြောက်ရန်လည်း ဖြစ်သည်။

ကွန်ဂရက်မှ ခွင့်ပြုပြီးသော အဆိုပါ အစီရင်ခံစာသည် အံ့သြစရာတော့ မကောင်းလှပေ။ ထိုကိစ္စမှာ အချိန် အတော်ကြာကပင် သတိပြုမိပြီး ဖြစ်သည်။ တရုတ်သည် ကမ္ဘာ့ စီးပွားရေးအရ အင်အားကြီးသော နိုင်ငံအဖြစ် ထွက်ပေါ်လာ အပြီးတွင် ၎င်း၏ ဒေသတွင်း စိတ်ပါဝင်စားမှုများကို အကာအကွယ် ပေးနိုင်ရန် စစ်ရေးအရ တိုက်ခိုက်ရေး၊ ကာကွယ်ရေး အတွက် ဒေါ်လာ ဘီလီယံပေါင်း များစွာ အသုံးပြုခဲ့သည်။

သို့သော် အမေရိကန် အစိုးရ တာဝန်ရှိသူများက ပြောကြားရာတွင် လျှို့ဝှက်စွာ လုပ်ဆောင်နေခြင်းကြောင့် Beijing ၏ ရည်ရွယ်ချက်များကို တိုင်းတာရန် ခက်ခဲသည်ဟု ဆိုသည်။

တရုတ်သည် ယခုနှစ် အတွင်း ကာကွယ်ရေး ဝန်ကြီး Robert Gates အပါအဝင် ပင်တဂွန်မှ အကြီးတန်း တာဝန်ရှိသူများနှင့် တွေ့ဆုံရန် ငြင်းပယ်ခဲ့သည်။ Robert Gates မှာမူ ဇွန်လက အာရှတိုက်သို့ လာရောက်စဉ် တရုတ်သို့ပါ ဝင်ရောက်ရန် ကမ်းလှမ်းမှုအား ငြင်းပယ် ခံရခြင်း ဖြစ်သည်။

"လွန်ခဲ့တဲ့လ အနည်းငယ် ကတည်းက အဓိပ္ပာယ် အမျိုးမျိုး ကောက်ယူနိုင်သလို ဖြစ်နေပါတယ်" ဟု ပင်တဂွန်၏ တရုတ်နှင့် ဆက်ဆံရေး အပေါ် အမြင်အား အကြီးတန်း ကာကွယ်ရေး တာဝန်ရှိ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ စစ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ ကိစ္စများတွင် ပွင့်လင်း မြင်သာမှု၌ အကန့်အသတ်များ ရှိခြင်းကြောင့် မသေချာ မရေရာမှုများနှင့် အထင်အမြင် မှားမှုများ၊ မှားယွင်း တွက်ချက်မှုများ ပိုမို ဖြစ်လာစေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ စစ်တပ်ကို ကြီးမားအောင်နှင့် ခေတ်မီအောင် ပြုလုပ်ခြင်းများသည် ခြိမ်းခြောက်မှု ဖြစ်ကြောင်း အမေရိကန်၏ စွပ်စွဲချက်ကို တရုတ်က အလေးအနက် ထားခြင်း မရှိပေ။

အမေရိကန် အစိုးရ တာဝန်ရှိသူများက ပြောကြားရာတွင် တရုတ်သည် ဒေသတွင်း တည်ငြိမ်ရေး တိုးတက်ရန်နှင့် အီရန်နှင့် မြောက်ကိုရီးယားတို့၏ နျူကလီယာ ရည်မှန်းချက်များကို အနောက်နိုင်ငံများနှင့် ပူးပေါင်း ကန့်ကွက်ရန် လုပ်ဆောင်နိုင်ကြောင်း ဆိုသည်။

"Beijing က တစ်ခါ တစ်ခါ လုပ်မယ်လို့ ပြောလိုက်၊ တစ်ခါ တစ်ခါ မလုပ်ဘူးလို့ ပြောလိုက်နဲ့" ဟု ပူးတွဲ စစ်ဦးစီး အရာရှိချုပ်များ ဥက္ကဋ္ဌ ရေတပ် ဗိုလ်ချုပ် Mike Mullen က ယခုနှစ် အစောပိုင်းက ပြောခဲ့သည်။

ပင်တဂွန်၏ အစီရင်ခံစာတွင် တရုတ်နိုင်ငံ၌ တာတိုပစ် အားကောင်းသော ဒုံးကျည် ၁၁၅၀ နှင့် တာလတ်ပစ် ဒုံးကျည် အရေအတွက် သိရှိခြင်း မရှိသော်လည်း ရှိနေကြောင်း ဖော်ပြထားသည်။

ထို့အပြင် တရုတ်သည် တိုင်ဝမ် ရေလက်ကြားကို ဖြတ်ပစ်နိုင်သော လက်နက်ကြီး အမြောက်အများကို ထုတ်လုပ်နေကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.