Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယား နိုင်ငံသည် စစ်သင်္ဘောများ၊ တင့်ကားများ သို့မဟုတ် ဂျက်တိုက် လေယာဉ်များကို ကွယ်ဖျောက်ထားနိုင်သည့် ကိုယ်ပျောက်ဆေး ကဲ့သို့သော ဓာတုပစ္စည်း တစ်မျိုးကို တီထွင် ဆန်းသစ်ထားပြီး ဖြစ်ကြောင်း သတင်းပေးပို့ချက် တစ်ရပ်က ဆိုသည်။ နိုင်ငံခြားမှ ဆက်သွယ်ရေး ဂြိုလ်တုများ၊ ထောက်လှမ်းရေး လေယာဉ်များ အစရှိသည်တို့ ဖမ်းမမိနိုင်သည့် အနေအထားမျိုး ရောက်အောင် ကွယ်ဖျောက်ပေးနိုင်သည့် ဓာတုပစ္စည်းကို တီထွင်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ကွန်မြူနစ် မြောက်ကိုရီးယား စစ်တပ်တွင်း ထုတ်ဝေသော လျှို့ဝှက် လမ်းညွှန်ချက် တစ်ရပ်အရ အထီးကျန်ဖြစ်နေသော မြောက်ကိုရီးယားသည် တစ်ယောက်ပစ် ကျင်းများ၊ လိုဏ်ဂူများ တည်ဆောက်ထားပြီး ဖြစ်သည်ဟု Chosun Ilbo သတင်းစာက ရေးသား ဖော်ပြသည်။

အဆိုပါ လျှို့ဝှက် လမ်းညွှန်ချက်တွင် "ခေတ်မီသည့် စစ်ပစ္စည်း ဟူသည်မှာ အများ မမြင်နိုင်သည့် ကိုယ်ပျောက်ပစ္စည်းပင် ဖြစ်သည်။  စစ်အောင်ပွဲ သို့မဟုတ် တိုက်ခိုက် ချေမှုန်းမှု တစ်ရပ်ဟူသည် ငါတို့ အနေဖြင့် ကိုယ်ပျောက်ပစ္စည်များ မည်သို့ တီထွင်နိုင်သည် ဟူသော အချက်ပေါ်တွင် မူတည်သည်" ဟူသော ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်၏ ပြောဆိုချက်ကို ကိုးကား ဖော်ပြထားသည်။

၂၀၀၅ ခုနှစ်တွင်  ရိုက်နှိပ်ခဲ့သော အဆိုပါ လျှို့ဝှက် လမ်းညွှန်ချက် စာအုပ်ကို တောင်ကိုရီးယား ခရစ်ယာန် အသင်းအဖွဲ့တစ်ခုမှ တစ်ဆင့် လျှို့ဝှက်စွာ မှောင်ခို ထုတ်ယူလာခြင်း ဖြစ်သည်။

ကိုယ်ပျောက် ဓာတုဆေး မည်သို့မည်ပုံ ထုတ်လုပ်ရမည် ဟူသော လမ်းညွှန်ချက်များလည်း အဆိုပါ စာအုပ်တွင် ပါဝင်ကြောင်း၊ အဆိုပါ ဓာတုဆေးသည် ရေဒါလှိုင်းများကို စုပ်ယူ နိုင်ကြောင်း Chousun Ilbo သတင်းစာက ရေးသားဖော်ပြသည်။

အဆိုပါ သတင်းပေးပို့ချက်နှင့် ပတ်သက်၍ တောင်ကိုရီးယား စစ်ဘက် အရာရှိများက အတည်ပြု ပြောဆိုခြင်း မရှိသေးပေ။ အဆိုပါ တပ်တွင်း လျှို့ဝှက် လမ်းညွှန်စာအုပ်တွင် စစ်ပစ္စည်းများ၊ အသုံးအဆောင်များ ကွယ်ဖျောက်နိုင်သည့် နည်းလမ်းများနှင့် စစ်တပ်စိပ်တစ်ခု မည်သို့မည်ပုံ ဖွဲ့စည်းရမည် ဟူသော အချက်အလက်များလည်း ဖော်ပြပါရှိသည်။ တောင်ကိုရီးယားနှင့် အမေရိကန် လျှို့ဝှက် ထောက်လှမ်းရေး ကိရိယာများ ဖမ်းမမိနိုင်အောင် ရှောင်ကွင်းနိုင်သည့် နည်းလမ်းများဟု ဆိုသည်။

အမည် မဖော်လိုသော ထောက်လှမ်းရေး သတင်းရင်းမြစ်က မြောက်ကိုရီးယား စစ်တပ်အနေဖြင့် ယခုလို နည်းပညာမျိုး လုပ်ဆောင်နိုင်ခဲ့သည် ဟူသော အချက်အပေါ် လွန်စွာ အံ့အားသင့်မိကြောင်း၊ မြောက်ကိုရီးယားသည် မိမိတို့ ထင်ထားသည်ထက်ပင် လျှို့ဝှက် ဆန်းကြယ်သည့် လုပ်ရပ်များ ပြုလုပ်နေကြောင်း ပြောကြားသည်။ Yonhap သတင်းဌာနကလည်း အလားတူ သတင်း ပေးပို့ချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။

BBC သတင်းကို ဘာသာ ပြန်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Office of United Nations Resident and Humanitatian coordinator for Myanmar, 17th August, 2010

၃ နှစ်ဆက်တိုက် မိုးခေါင်မှုဒဏ်ကို ခံစားနေရသော ဒေသများတွင် စားနပ်ရိက္ခာ ဖူလုံမှုနှင့် ဝင်ငွေ အခွင့်အလမ်းများ တိုးတက်လာစေရန် မြန်မာအစိုးရ အားထုတ်နေမှုကို အထောက်အကူ ပြုရန် ရည်ရွယ်ပြုလုပ်သော မြန်မာနိုင်ငံ လူသားချင်း စာနာ ထောက်ထားသော လုပ်ဖော်ကိုင်ဖက် အုပ်စု လပတ် အစည်းအဝေးတွင် အပူပိုင်း ခြောက်သွေ့ဇုံအတွက် အဖွဲ့ပေါင်းစုံ လက်တွေ့ စီမံချက်ကို ယနေ့ တင်ပြခဲ့သည်။

မကွေးတိုင်း ဧရိယာ အများစု၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း အောက်ပိုင်းတို့ ပါဝင်သော မြန်မာနိုင်ငံ အလယ်ပိုင်း ခြောက်သွေ့ဇုံသည် နိုင်ငံတွင်း စားနပ်ရိက္ခာ အရှားပါးဆုံး ဒေသများအနက် တစ်ခု အပါအဝင် ဖြစ်သည်။ မိုးရွာသွန်းမှု မမှန်ကန်ခြင်း၊ နည်းပါးခြင်းတို့ကြောင့် ဆိုးဆိုးဝါးဝါး၊ ရေပြတ်လတ်ကာ ကျေးလက် အသက်မွေးမှု လုပ်ငန်း၏ ရှင်သန်နိုင်မှုကို အဆက်မပြတ် ခြိမ်းခြောက်နေသည်။

အလှူရှင်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ ၊ NGO အဖွဲ့များ၊ မြန်မာနိုင်ငံ လူသားချင်း စာနာ ထောက်ထားသော အသိုင်းအဝိုင်းမှ သူများ တက်ရောက်ကြသည့် မြန်မာနိုင်ငံ လူသားချင်း စာနာ ထောက်ထားသော လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းကို ယနေ့ ကျင်းပရာ အထက်ပါ စိန်ခေါ်မှုများ၊ စိန်ခေါ်မှုများအပေါ် တုန့်ပြန်မည့် မဟာဗျူဟာများကို ဆွေးနွေးခဲ့ကြသည်။

စားနပ်ရိက္ခာ ဖူလုံမှုနှင့် လယ်ယာ စိုက်ပျိုးရေးဆိုင်ရာ အဖွဲ့ (FSATG) ၏ လှုပ်ရှားမှုတစ်ခု ဖြစ်သည့် အဖွဲ့ပေါင်းစုံ အပူပိုင်း ခြောက်သွေ့စုံ လက်တွေ့လုပ်ငန်း စီမံချက်သည် စားနပ်ရိက္ခာ ဖူလုံမှုနှင့် ဝင်ငွေ အခွင့်အလမ်း တိုးတက်လာစေရန် အစိုးရ၏ ကြိုးပမ်းမှုများကို လွယ်ကူ ရှင်းလင်းသော လုပ်ငန်းစဉ်မှတဆင့် ကူညီပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်။ အစိုးရ၏ နှစ်လယ်ကာလ ဦးစားပေး လုပ်ငန်းစဉ်တွင် ဖော်ပြထားသော အစီအစဉ်ကို ပံ့ပိုးရန် အကူအညီပေးမည့် အသိုင်းအဝိုင်း အနေဖြင့် စွမ်းရည်နှင့် ကျွမ်းကျင်မှုကို မည်သည့်နေရာတွင် အသုံးပြုနိုင်မည်ကို ရည်ညွှန်းကာ အဓိက စိန်ခေါ်မှုများကိုလည်း မီးမောင်းထိုးပြခဲ့ကြသည်။

"မနှစ်က ပြုလုပ်ခဲ့သည့် အကဲဖြတ်ချက်တွေအရ တွေ့ရှိခဲ့တဲ့ စားနပ်ရိက္ခာ အလွန်အမင်း ပြတ်တောက်မှု၊ ကျေားလက် ဆင်းရဲသားတွေအတွက် အကူအညီ အပူတပြင်း လိုအပ်နေမှုတွေ အပေါ်မှာ အခြေပြုပြီး လုပ်ငန်းစဉ်ကို တည်ဆောက်ထားတယ်။ ဒီဒေသတွေကို ကောင်းကောင်း ကူညီနိုင်ဖို့အတွက် အခြေခံတွေကို ဖြည့်ဆည်းဖို့ စတင်လုပ်ဆောင်နေတာပါ" ဟု FSATG ပူးတွဲ ဥက္ကဋ္ဌ၊ FAO ဋ္ဌာနေ ကိုယ်စားလှယ် Mr. Shin Imai က အစည်းအဝေးတွင် ပြောကြားသွားသည်။

၂၀၀၉ ဒီဇင်ဘာတွင် ပြုလုပ်ခဲ့သော စားနပ်ရိက္ခာ ဖူလုံမှု အကဲဖြတ်ချက်တွင် မကွေးတိုင်းအတွင်း တိုင်းထွာမှု ၆၅ % မှာ စားနပ်ရိက္ခာ မလုံလောက်ကြောင်း တွေ့ရှိထားပြီး ၂၀၀၉ သြဂုတ်လက မန္တလေးတိုင်းတွင် ပြုလုပ်သော အာဟာရ စစ်တမ်းတွင် အသက် ၂ နှစ်အောက် ကလေးများ အာဟာရ ချို့တဲ့မှုမှာ ၁၂.၁ % အထိ ဖြစ်ပွားနေသောကြောင့် အရေးပေါ် အဆင့်ထက် ကျော်နေသည်ကို တွေ့ရှိရသည်။

ရေလိုအပ်ချိန်တွင် အကန့်အသတ်ဖြင့်သာ ရရှိမှုကြောင့် လယ်ယာ အထွက်နှုန်း ကျဆင်းလာခြင်း၊ အစာရေစာ မလုံလောက်ခြင်း၊ ကျေးလက် ဆင်းရဲသားများ အကြွေးလည်ပင်း မြုပ်နေခြင်းတို့ကြောင့် အပူပိုင်း ခြောက်သွေ့ဇုံ၏ အခြေအနေမှာ အန္တရာယ်ရှိသည့် အဆင့်သို့ ရောက်ရှိနေသည်။

၂၀၀၉ ဒီဇင်ဘာလက နိုဘယ်ဆုရ စီးပွားရေးပညာရှင် ပါမေက္ခ ဂျိုးဇက်စတစ်ဂလစ် လာရောက်စဉ် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးမှု အခြေခံစီးပွားရေး အပေါ် စိမ်ခေါ်မှုများ ကြီးထွားလာခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ရာ ဒုတိယ ဖိုရမ်တွင် အပူပိုင်း ခြောက်သွေ့ဇုံကို သီးခြား ဆွေးနွေးသွားခဲ့သည်။

ခြောက်သွေ့မြေ ရေသွင်းစိုက်ပျိုးမှု၊ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှု၊ ချေးငွေရ ပိုင်ခွင့်၊ နှင့် စွမ်းရည် တည်ဆောက်မှု စသော လက်တွေ့ စီမံချက် ၅ ရပ်ကို လုပ်ဆောင်ရာတွင် အဖွဲ့အစည်း ၃၅ ခုကျော် ပါဝင် ဆောင်ရွက်ကြမည် ဖြစ်သည်။

လူပေါင်း ၆၈ ဦး အသက် ဆုံးရှုံးကာ အခြေခံ အဆောက်အဦးများ၊ အသက်မွေးမှု လုပ်ငန်းများ ဆိုးဝါးစွာ ထိခိုက် ပျက်စီးခဲ့သော မကြာသေးမီက ရခိုင်မြောက်ပိုင်း မြေပြို၊ ရေလွှမ်းမှု အပေါ် လက်ရှိ တုန့်ပြန် ဆောင်ရွက်နေမှုကိုလည်း ယနေ့ကျင်းပသည့် မြန်မာနိုင်ငံ လူသားချင်း စာနာ ထောက်ထားသော လုပ်ဖော်ကိုင်ဖက် အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးခဲ့သည်။ ကုလသမဂ္ဂ ဗဟိုအရေးပေါ် ကယ်ဆယ်ရေး ရန်ပုံငွေ အဖွဲ့မှ ထောက်ပံ့သော စားနပ်ရိက္ခာများ၊ ရွက်ဖျင်တဲများ၊ အခြား အကူအညီများကို လုပ်ဖော်ကိုင်ဖက်များနှင့် အတူတကွ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနှင့် အနီးကပ် ညှိနှိုင်းကာ ကုလသမဂ္ဂက ဆက်လက် ဖြန့်ဝေနေသည်။

အရေးပေါ် လိုအပ်ချက်နှင့် ရေရှည် ရည်မှန်းချက် ၂ ခု စလုံးကို အစီအစဉ် တစ်ခု အဖြစ် စုစည်း တုန့်ပြန်ရာတွင် လတ်တလော ရခိုင်မြောက်ပိုင်း၌ လုပ်ကိုင်နေသည့် လူသားချင်း စာနာသော အဖွဲ့အစည်းများကို အတူတကွ စုစည်းမည့် ရခိုင်မြောက်ပိုင်း ဆိုင်ရာ လူသားချင်း စာနာသော ပူးတွဲလုပ်ငန်း အစီအစဉ်ကိုလည်း တက်ရောက် လာကြသူများက အသေးစိတ် ဆွေးနွေးခဲ့ကြသည်။

"မြန်မာနိုင်ငံက လူသားချင်း စာနာမှု လိုအပ်ချက်တွေကို ကျွန်တော်တို့ တုန့်ပြန် ဆောင်ရွက်နေမှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက တညီတညွတ်တည်း ရပ်တည်နေတယ် ဆိုတဲ့ အချက်ကို ခြောက်သွေ့ရပ်ဝန်း လက်တွေ့လုပ်ငန်းစီမံချက်နဲ့ နိုင်ငံတွင်း အခြားဒေသတွေက အလားတူ မဟာဗျူဟာတွေ၊ ဆောင်ရွက်ချကိတွေက ညွှန်ပြနေတယ်။ မြန်မာအစိုးရရဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်မှုနဲ့ နိုင်ငံတကာ အလှူရှင်တွေဆီက အကူအညီ ထပ်ရဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေပါတယ်" ဟု ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်၊ လူသားချင်း စာနာ ထောက်ထားမှု ညှိနှိုင်းရေး အရာရှိ Bishow Parajuli က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Economic Times, Rajeev Jayaswal and ET Bureau, 24th August 2010

နိုင်ငံပိုင် ရေနံ ကုမ္ပဏီများ ဖြစ်ကြသော Indian Oil (IOC) နှင့် Oil Indian (OIL) တို့သည် မြန်မာနိုင်ငံရှိ ဓါတ်ငွေ့လုပ်ကွက်တွင် တစ်ဦးလျှင် ၂၀ % ပါဝင်ခွင့် ရရှိရန် Essar အုပ်စုနှင့် စကားပြောလျက် ရှိသည်။ ယခု ဓါတ်ငွေ့ လုပ်ကွက်သည် Reliance Industries ၏ KG-D6 အကွက်တွင် ရှိသော ဓါတ်ငွေ့သိုက်ထက် များပြားသော အနေအထားတွင် ရှိမည်ဟု ခန့်ထားသည်။

Essar အုပ်စုက ၂၀၀၅ ခုနှစ်တွင် ဝယ်ယူထားသော ရေတိမ် ဓါတ်ငွေ့လုပ်ကွက် A2 သည် ဓါတ်ငွေ့ ၁၃ ထရီလျံ ကုဗပေ (tcf) ရှိမည် ခန့်မှန်းရာ KG-D6 လုပ်ကွက်ရှိ ၁၀.၀၃ tcf ဓါတ်ငွေ့တိုက်ထက် ပိုကြီးသည်။

"IOC နဲ့ OIL ကုမ္ပဏီ နှစ်ခုစလုံးဟာ Essar ရဲ့  မြန်မာနိုင်ငံမှာ A2 ရေတိမ် ဓါတ်ငွေ့ လုပ်ကွက်နဲ့ ကုန်းတွင်း လုပ်ကွက် L တို့မှာ အဆိုပြုချက်တွေကို စဉ်းစားနေပါတယ်'' ဟု ကုမ္ပဏီ နှစ်ခုစလုံး၏ အကြံပေး ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

Essar ၏ လုပ်ကွက် L တွင် ရေနံစိမ်းစည် သန်း ၃၃၀ နှင့် ညီမျှသော ဟိုက်ဒရို ကာဗွန်များ တွေ့ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

ရေနံ ဝန်ကြီးဌာန တာဝန်ရှိ ပုဂ္ဂိုလ်က အထက်ပါ ကိစ္စများအတွက်  အတည်ပြုသည့် အနေဖြင့် ပြောကြားရာတွင် IOC နှင့် OIL တို့သည် Essar ၏ အချက်အလက်များ ထားရှိရာ အခန်းသို့ ရောက်ရှိပြီး ဖြစ်ကြောင်း ဆိုသည်။

"သူတို့ဟာ အကွက် L မှာ မဟုတ်ဘဲ၊ Essar ရဲ့ ဓါတ်ငွေ့လုပ်ကွက်မှာ ၄၀ % ပါဝင်ဖို့ စဉ်းစားနေပါတယ်'' ဟု ၎င်းက ပြောသည်။ Essar အုပ်စုသည်  Essar Exploration & Production အရှေ့တောင် အာရှ အမည်ဖြင့် ယခင် မရှိခဲဖူးသော အမည်ဖြင့် မြန်မာနိုင်ငံတွင် လုပ်ကွက် (၂) ခုကို ရရှိထားသည်။

ET မှ IOC နှင့် OIL ထံမေးခွန်းများ ပေးပို့မေးမြန်းခဲ့သော်လည်း တုန့်ပြန်မှု မရခဲ့ပါ။ Essar အုပ်စုမှ ပြောခွင့်ရ ပုဂ္ဂိုလ်ကလည်း ထိုကိစ္စကို မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

ကုမ္ပဏီ နှစ်ခုအား အကြံပေးနေသော ပုဂ္ဂိုလ်ကမူ ရောင်းသူနှင့် ဝယ်သူများသည် မကြာမီသေးမီက ရောင်းဝယ်ရေး ကိစ္စများကို အသေးစိတ် ဆွေးနွေးခဲ့သည်ဟု ပြောကြားခဲ့သည်။

သို့သော် OIL မှ တာဝန်ရှိသူက သဘောတူညီချက် အပြီး မသတ်ရသေးကြောင်း ပြောသည်။

Essar သည် ရောင်းဝယ်ရေး ဆိုင်ရာ အဆိုပြုချက်ကို OIL နှင့် IOC သို့ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက ပေးခဲ့ခြင်း ဖြစ်သည်။ ဧည့်သည် ပညာရှင်အဖွဲ့၏ အကြို အစီရင်ခံစာ အရ ကုမ္ပဏီ နှစ်ခုစလုံးသည် ဓါတ်ငွေ့ ပိုင်ဆိုင်မှု ရှိကြသည်ဟု သိရှိရသည်။

Essar သည် အဆိုပါ လုပ်ကွက် နှစ်ခုတွင် 2D နှင့် 3D  ဆိုက်စမစ် တိုင်းထွာမှုများ အပြီးတွင် တွင်းတစ်တွင်းစီ တူးလျက် ရှိသည်။

လုပ်ကွက် နှစ်ခုလုံးသည် ရှာဖွေဆဲ အဆင့်တွင်သာ ရှိသေးပြီး ဓါတ်ငွေ့ရှိမှု ပမာဏကိုလည်း ခန့်မှန်းမှု အတည်မပြုနိုင်သေးကြောင်း အဆိုပါ ပရောဂျက်တွင် အလုပ်လုပ်နေသော အတတ်ပညာရှင် တစ်ဦးက ပြောသည်။

Essar သည် ၂၀၀၅ ခုနှစ်က မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ လုပ်ကွက် (၂) ခု ရရှိသော ပထမဆုံး အိန္ဒိယ ကုမ္ပဏီ ဖြစ်သည်။ ကုမ္ပဏီသည် မြန်မာ အစိုးရနှင့် ထုတ်လုပ်မှု ဆိုင်ရာ မျှဝေခံစားခြင်း စာချုပ်ကို ၂၀၀၅ ခုနှစ် မေလတွင် လက်မှတ် ရေးထိုးခဲ့သည်။

Essar သည် လုပ်ကွက် A2 နှင့် ၎င်းနှင့် ဆက်စပ်နေသော ကုန်းတွင်းပိုင်း လုပ်ကွက် L တို့ကို ၂၀၀၅ ဇန်နဝါရီလတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါ လုပ်ကွက်များသည် ဓါတ်ငွေ့ သေချာပေါက် ထွက်မည့် အကွက်များနှင့် ဘင်္ဂလားဒေ့ရှ် တောင်ပိုင်း ဓါတ်ငွေ့ တွေ့ရှိသော နေရာကြားတွင် ကပ်လျက် တည်ရှိနေသည်။ ဘင်္ဂလားဒေ့ရှ်တွင် အလွန် ထွက်ရှိသော Sangu ဓါတ်ငွေ့ လုပ်ကွက်သည် ၎င်းဒေသတွင် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံနှင့် အိန္ဒိယ အရှေ့မြောက်ပိုင်း ဒေသ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သီးသန့် ဆွေးနွေးပွဲများကို ရန်ကုန်နှင့် မန္တလေးမြို့တွင် လာမည့် စက်တင်ဘာလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ ထိုဆွေးနွေးပွဲကို မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများ အသင်းနှင့် အိန္ဒိယ စက်မှုလုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများ အသင်းတို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ကျင်းပပေးခြင်း ဖြစ်သည်။

အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု ပိုမို တိုးတက် ကောင်းမွန်လာရေး ဟူသော ဦးတည်ချက်ဖြင့် ကျင်းပမည့် အဆိုပါ သီးသန့် ဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်း ပြည်နယ်များမှ ကုန်သည်ကြီးများ၊ ဝန်ကြီးများနှင့် အရာရှိကြီးများ တက်ရောက်ကြမည် ဖြစ်သည်။ မဏိပူရ ပြည်နယ် ကိုယ်စားလှယ်အဖွဲ့ကို ပြည်နယ် ဖွံ့ဖြိုးရေး စီမံကိန်းဘုတ်အဖွဲ့ ဥက္ကဋ္ဌက Bijoy Koijam က ဦးဆောင်မည် ဖြစ်ကြောင်း၊ အတွင်းရေးမှူး Nabakishore လည်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

စာရင်းဇယားများအရ မိုးရေးနှင့် တမူးပြည်နယ် တို့မှတစ်ဆင့် ဖြတ်သန်း ကုန်သွယ်လျက် ရှိသည့် ကုန်သွယ်ရေး အမျိုးအစားမှ ယခင် ၂၂ မျိုးသာ ရှိရာမှ ယခုအခါ ၄၄ ခုအထိ တိုးမြင့်လာသည်။

ကုန်သွယ်ရေး သဘော တူညီချက်၌ ပါဝင်သည့် ကုန်ပစ္စည်း အမျိုးအစားသစ်များတွင် စက်ဘီး အပိုပစ္စည်းများ၊ အသက်ကယ် ဆေးဝါးများ၊ ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးများ၊ ချည်ထည်များ၊ စတီးပစ္စည်းများ၊ အလှကုန်များ၊ သရေထည် ဖိနပ်များ၊ သကြား၊ဆား၊ ခြင်ဆေးခွေ၊ မီးသီး၊ ဘရိတ်ဓား၊ ဓာတ်မှန်နှင့် ဓာတ်ပုံ ဖလင်များ ပါဝင်သည်။

ဤအတောအတွင်း မဏိပူရသို့ အရှေ့တောင် အာရှနိုင်ငံများမှ သံအမတ်ကြီးများ သွားရောက် လည်ပတ်ရန် စီစဉ်ထားမှုကို စက်တင်ဘာလသို့ ပြောင်းလဲ ရွှေ့ဆိုင်းလိုက်သည်။ မြန်မာနိုင်ငံမှ ယဉ်ကျေးမှု အဖွဲ့တစ်ဖွဲ့အား အိန္ဒိယ အနောက်မြောက်ပိုင်း ဒေသသို့ လေ့လာရေး ခရီးအဖြစ် အိန္ဒိယ အရှေ့မြောက်ပိုင်း ဆိုင်ရာ ပြည်နယ် ဝန်ကြီးဌာနက စပွန်ဆာ ပေးကာ ခေါ်ယူခဲ့ပြီး ဖြစ်သည်။

မဏိပူရ ပြည်နယ် အနေဖြင့် မြန်မာနိုင်ငံမှ ဆန်မက်ထရစ် တန်ချိန် ၃၀၀၀၀ တင်သွင်းရန် အိန္ဒိယ အစိုးရ၊ စားသုံးသူ ပြည်သူ့ရေးရာ၊ အစားအသောက်နှင့် ဖြန့်ဝေရေး ဝန်ကြီးဌာနက မဏိပူရ စက်မှုဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း လီမိတက် (MANIDCO) ကို ခြွင်းချက်မရှိ ဝယ်ယူခွင့် လက်မှတ် 'No Objection Certificate' ထုတ်ပေးလိုက်ပြီးနောက် အဆိုပါ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ သီးသန့် ဆွေးနွေးပွဲ ထွက်ပေါ်လာခြင်း ဖြစ်သည်။

The Sangai Express မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Washington Post, David I. Steinberg, 21st August 2010

အမေရိကန် ပြည်ထောင်စုသည် ယခု အပတ်တွင် ကုလသမဂ္ဂက မြန်မာအစိုးရ ကျူးလွန်သော လူသားချင်း မစာနာသည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို စုံစမ်းရန် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရန် ကိစ္စအား ထောက်ခံရန် ဆုံးဖြတ်ခဲ့သည်။ အစိုးရ၏ လူ့အခွင့်အရေး ရက်စက်မှုများသည် ထင်ရှားသည်။ ထို့အပြင် မြန်မာ အစိုးရ၏ ရွေးကောက်ပွဲအပေါ် ကန့်သတ်မှုများသည် ဗိုလ်ချုပ်များ အာဏာ ဆက်လက် ဆုပ်ကိုင်နိုင်ရန် သေချာရေး အတွက် ဖြစ်သည်။ ဝေခွဲမရသော အချက်တစ်ခုမှာ အစိုးရသစ် အောက်တွင် တဖြည်းဖြည်း ပြောင်းလဲမှုများ ဖြစ်လာနိုင်မည်ဟု ယူဆလျက် အဆိုပါ ရာဇဝတ်မှုများအတွက် သည်းမခံနိုင်မှုကို ထုတ်ဖော်ရသည်မှာ ပိုကောင်းမည်လား။ မြိုသိပ်ထားရမည်လား ဆိုသည်ပင် ဖြစ်သည်။

နိုင်ငံအများစုသည် သည်းမခံနိုင်မှုအား အရေးယူမှုများ၊ စစ်ရာဇဝတ်မှုများကို စစ်ဆေးခြင်း၊ ပိတ်ဆို့မှုများဖြင့် ဖော်ပြခဲ့ကြပြီး ဖြစ်သည်။ အဆိုပါ နည်းဗျူဟာများသည် သဘောထား ပျော့ပြောင်းလာရေး၊ လူ့အခွင့်အရေးများ တိုးတက်လာရေး၊ အစိုးရ ပြောင်းလဲရေး သို့မဟုတ် အခြားတိုးတက်မှု ညွှန်းကိန်းများ ထွက်ပေါ်လာရေးအတွက် စီမံကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုဝင်ဘာလ (၇) ရက် ရွေးကောက်ပွဲမတိုင်မီ အမေရိကန် အစိုးရ တာဝန်ရှိသူများကို မေးရမည့် အဓိက မေးခွန်းမှာ အရေးယူမှု အသစ်များ ချမှတ်ခြင်း၊ စုံစမ်းရေး ကော်မရှင် အတွက် ထောက်ခံခြင်းစသည် ဆောင်ရွက်မှုများသည် မြန်မာများအတွက် တိုးတက်မှုများ ရှိသလော။ အစိုးရသစ် လက်ထက်တွင် အမေရိကန်၏ မဟာဗျူဟာနှင့် လူသားချင်း စာနာသော ရည်မှန်းချက်များအတွက် အထောက်အကူ ပြုသလော ဟူသော မေးခွန်းပင် ဖြစ်သည်။

မြန်မာနိုင်ငံ အခြေခံဥပဒေတွင် ပါလီမန်၏ ၂၅ % ကို စစ်တပ်အတွက် နေရာ ပေးထားရခြင်းကြောင့် စစ်တပ်သည် ဆက်လက် ချုပ်ကိုင်နေနိုင်ဦးမည် ဖြစ်သည်။ ရွေးကောက်ပွဲသည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ်မှ မလွှတ်မီ ကျင်းပခြင်း ဖြစ်သည်။ သူမ၏ ယခု မရှိတော့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် အဆိုပါ ဘက်လိုက်သော ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် ဗိုလ်ချုပ်များသည် ၎င်းတို့၏ တရားဝင် လုပ်ပိုင်ခွင့်အတွင်းမှ ကျူးလွန်ထားသော ကိစ္စများအတွက် ပြည်တွင်းတွင် အရေးယူ မခံရအောင် တရားဝင် ခွင့်ပြုချက်ရထားသည်။

ထိုအချက်များ ရှိသော်လည်း လာမည့် နှစ်ပါလီမန် အဆင့်ဆင့်တွင် အချို့ အတိုက်အခံများသည် အရေအတွက် မများသော်လည်း နေရာယူနိုင်ဖွယ် ရှိသည်။ ဤသည်ပင်လျှင် ၁၉၆၂ ကတည်းက စ၍ မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် အတိုက်အခံတို့ ပြောရေးဆိုခွင့် ရလာမည် ဖြစ်သည်ဆိုသည်ကို မှတ်တမ်း ပြုရလိမ့်မည် ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများမှာလည်း ရွေးကောက်ပွဲ ပတ်ဝန်းကျင် အချိန်တွင် လွှတ်ပေးဖွယ်ရှိရာ ၎င်းတို့ စီမံထားသော လုပ်ငန်းစဉ်တွင် ဝင်ရောက် စွက်ဖက်နိုင်ဖွယ် မရှိပေ။ နောက်ထပ် ညွှန်ပြနေသော အချက်တစ်ခုမှာ ဆိုးရွားစွာ လိုအပ်နေသော စီးပွားရေး ပြုပြင် ပြောင်းလဲမှုများကို နောင်တက်လာမည့် အစိုးရ အဖွဲ့တွင် အရေးကြီးသော ကဏ္ဍမှ ပါဝင်ရလိမ့်မည် ဖြစ်သည်။ မကြာတော့သည့် အနာဂတ် ကာလတွင် မြန်မာနိုင်ငံ၌ ဖြစ်နိုင်ဖွယ် ရှိပြီး၊ လိုလည်း လိုအပ်လျက် ရှိသော တရားဝင်အချို့ အတိုက်အခံ ဥပဒေပြု အမတ်များ ပါဝင်လာသော ပျော့ပြောင်းသော အာဏာရှင် စနစ်သို့ အသွင်ပြောင်းနေသည်ကို တွေ့ရလိမ့်မည် ဖြစ်သည်။ မြန်မာ စစ်အစိုးရ ပြောနေကျ စကားလုံး အရ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ ဖြစ်မည် ဖြစ်သည်။

မြန်မာပြည်သူများသည် စိတ်ဆင်းရဲမှု ပေါင်းများစွာနှင့် ရင်ဆိုင် နေထိုင်ခဲ့ရသော  ကာလ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ မြန်မာ အစိုးရအပေါ် အရေးယူမှုများ တိုး၍ ချမှတ်ခြင်း ကော်မရှင်များ တိုးချဲ့ ဖွဲ့စည်းခြင်း စသည်များသည် ကျွန်ုပ်တို့၏ စိတ်ကို ဖြေစရာ လုပ်ရပ်များသာ ဖြစ်သည်။ ထိုလုပ်ဆောင်ချက်များသည် မြန်မာ ပြည်သူများကိုလည်း အထောက်အကူလည်း မဖြစ်၊ အစိုးရက ပြည်သူအပေါ် ချုပ်ကိုင်ထားမှုများ ဖြေလျော့ရေး အတွက်လည်း မဆွဲဆောင်နိုင်။ အမေရိကန် ကိုယ်၌က၎င်း၏ မဟာဗျူဟာ အောင်မြင်ရေးနှင့် လူသားချင်း စာနာမှုဆိုင်ရာ ရည်မှန်းချက်များကို အထောက်အကူမဖြစ်ပေ။ အဆိုပါ လုပ်ဆောင်မှုများသည် အစိုးရသစ်နှင့် ဆက်ဆံရေးနှင့် ညှိနှိုင်းရေးတွင် နှောင့်နှေးမှုများကို ဖြစ်စေနိုင်သည်။ အုပ်ချုပ်မှုအစိုးရ စံပြဖြစ်ရန် ဝေးသေးသည် ဆိုသည့်တိုင် မြန်မာပြည်သူများ ရာစုနှစ် တစ်ဝက်ခန့် မရခဲ့သော နိုင်ငံရေးအရ ပြောရေးဆိုခွင့်နှင့် လွတ်လပ်ခွင့်များ ပေးနိုင်လိမ့်မည်ဟု ယူဆရပေသည်။ အကယ်၍ ကျွန်ုပ်တို့၏ စိတ်ဝင်စားမှုမှာ မြန်မာပြည်သူများ ကောင်းစားရေးနှင့် ဒေသတွင်း အမေရိကန်၏ အမျိုးသားရေး စိတ်ဝင်စားမှု ဖြစ်သည်ဟု ဆိုလျှင် ကျွန်ုပ်တို့သည် ရွေးကောက်ပွဲကို စောင့်၍ မည်သို့သော အစိုးရ အာဏာ ရလာမည် ဆိုသည်ကို ကြည့်သင့်သည်။ ထိုမှသာ ရှေ့လမ်းရန်နှင့် ရည်မှန်းချက် မည်သို့ အောင်မြင်အောင် လုပ်ရမည်ကို အကဲဖြတ်ရမည့် အချိန်ရောက်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Business Standard, By Ajay Modi, 24th August 2010

မဏိပူရတွင် ရေနံထွက် ပစ္စည်းများ ပြတ်လပ်မှုကို ကြုံတွေ့နေရသည် ဖြစ်ရာ၊ ဗဟို အစိုးရအား အိမ်နီးချင်း ဖြစ်သော မြန်မာနိုင်ငံမှ လောင်စာဆီ တင်သွင်းရန် ခွင့်ပြုချက် တောင်းခံလျက် ရှိသည်။

ပြည်နယ် အစိုးရက ထိုသို့ ဆောင်ရွက်ရခြင်းမှာ United Naga Council က လေးလ အတွင်း ဒုတိယ အကြိမ်မြောက် အဖြစ် သြဂုတ်လ ၃ ရက်နေ့မှစ၍ စီးပွားရေး ပိတ်ဆို့မှုကို ရက်နှစ်ဆယ်ကြာ ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

"ပြည်နယ် အစိုးရက မြန်မာနိုင်ငံက ဓာတ်ဆီနဲ့ ဒီဇယ် တင်သွင်းဖို့ ကျွန်တော်တို့ကို လျှောက်ထား လာပါတယ်။ ပြည်တွင်း လမ်းကြောင်းတွေက သူတို့ ပြည်နယ်ကို မရောက်ဘူး ဖြစ်နေတယ်။ ဒါပေမယ့် ကျွန်တော်တို့က သိပ်ခွင့်မပြုချင်ဘူး။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံက လောင်စာဆီဟာ Euro III စံကို မမီလို့ပါပဲ။ ကျွန်တော်တို့ အောက်တိုဘာ ၁ ရက်နေ့ ကစပြီး Euro III စံပြည့်အောင် လုပ်ဖို့ စီစဉ်ထားပါတယ်" ဟု ဗဟို အစိုးရ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ဝန်ကြီးဌာနမှ အကြီးတန်း တာဝန်ရှိသူက ပြောကြားခဲ့သည်။

အစောပိုင်းက နာဂအုပ်စုများသည် မဏိပူရကို ပြည်မကြီးနှင့် ဆက်သွယ်သော အဝေးပြေး လမ်းမကြီး အမှတ် ၃၉ နှင့် ၅၃ ကို ဧပြီလ ၁၁ ရက်မှစ၍ နှစ်လခန့် ပိတ်ထားခဲ့သည်။ အကြောင်းမှာ NSCN (I-M) ခေါင်းဆောင် Thuingaleng Muivah အား ဇာတိရွာသို့ လာရောက် ခွင့်မပြုရန် မဏိပူရ အစိုးရက ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုသို့ စီးပွားရေးအရ ပိတ်ဆို့မှုများသည် လောင်စာဆီ အပါအဝင် မရှိမဖြစ် အသုံးအဆောင်များ ဆိုးရွားစွာ ပြတ်လပ်မှုကို ဖြစ်စေသည်။

မြို့ကြီး ၁၃ မြို့ ဖြစ်သော Delhi၊ မွန်ဘိုင်း၊ ကိုးလ်ကတ္တား၊ ချန်ဒိုင်း၊ ဟိုက်ဒရာဘတ်၊ ဘန်ဂလော၊ Lucknow၊ Kanpur၊ Agra၊ Surat၊ Ahmedahad၊ Pune နှင့် Sholapur တို့တွင် လောင်စာဆီ အဆင့်ကို Euro III မှ Euro IV သို့ ဧပြီလ ၁ ရက် မှစ၍ မြှင့်တင်ခဲ့ပြီး ဖြစ်သည်။ တိုင်းပြည်၏ ကျန်အစိတ်အပိုင်းများတွင် Euro II မှ Euro III သို့ အောက်တိုဘာလ ၁ ရက် မှစ၍ မြှင့်တင်ရန် စီစဉ်ပြီး ဖြစ်သည်။

ထိုသို့ ပို၍ သန့်ရှင်းသော မော်တော်ယာဉ် လောင်စာဆီများကို သတ်မှတ်ရခြင်းမှာ ဆိလ်ဖာနှင့် ဘင်ဇင်း တို့ကဲ့သို့ ပတ်ဝန်းကျင် အန္တရာယ် ဖြစ်စေမည့် ဓာတ်ငွေ့ ထုတ်လွှတ်မှုများကို လျှော့ချနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

မဏိပူရတွင် နာဂ အုပ်စုများက စီးပွားရေး ပိတ်ဆို့ထားမှုကြောင့် Lok Sabha တွင် ပိုမို အရေးပေး ဂရုစိုက်ရန် တောင်းဆိုမှုနှင့် ပတ်သက်၍ ပြည်ထဲရေး ဝန်ကြီး P Chidambaram က ဖြေကြားရာတွင် အစိုးရ အနေဖြင့် မရှိမဖြစ် လိုအပ်သော အသုံးအဆောင်များ ပြည့်စုံ လုံလောက်ရေး အတွက် ပိုမို ကြိုးစားပေးလိမ့်မည် မဟုတ်ကြောင်း ဆိုသည်။ Indian Oil မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားရာတွင် ၎င်းတို့ကုမ္ပဏီသည် မဏိပူရသို့ ရေနံထွက် ပစ္စည်းများ ပေးပို့ရေး အတွက် အခြား လမ်းကြောင်းများ ရှာ၍ ကြိုးစားနေကြောင်း ဆိုသည်။

အဝေးပြေးလမ်း ၃၉ နှင့် ၅၃ မှာ လူအများ ခရီးသွားရန်သာ ဖွင့်ပေးထားခြင်း ဖြစ်၍ မရှိမဖြစ် အသုံးအဆောင်များ သယ်ယူ ပို့ဆောင်ရေးကို မထိခိုက်နိုင်ကြောင်း Chidambaram က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 21st August 2010

အီရန်သည် ရုရှား အစိုးရ တာဝန်ရှိသူများ တက်ရောက်သော ၎င်း၏ ပထမဆုံး နျူကလီယာ ဓါတ်အားပေး စက်ရုံ အတွက် အခမ်းအနားတွင် လောင်စာများ စတင် ဖြည့်ဆည်းခဲ့သည်။

အီရန်နိုင်ငံ တောင်ပိုင်း Bushehr  စက်ရုံကို ရုရှားတို့က တာဝန်ယူ လည်ပတ်မည် ဖြစ်ပြီး၊ လိုအပ်သော နျူကလီယာ လောင်စာကို ပေးမည်ဖြစ်ပြီး ထွက်ရှိသော နျူကလီယာ စွန့်ပစ် ပစ္စည်းများကို ပြန်လည် သယ်ဆောင်သွားမည် ဖြစ်သည်။

အီရန်သည် ကုလသမဂ္ဂ၏ လေးကြိမ်မြောက် အရေးယူ ပိတ်ဆို့မှုကို ခံရရာ ၎င်း၏ သီးခြား ယူရေနီယံ သန့်စင်မှု အစီအစဉ်ကြောင့် ဖြစ်သည်။

ပညာရှင်များက ပြောကြားရာတွင် အဆိုပါ စက်ရုံအား ရုရှားက လည်ပတ်နေသ၍ လောင်စာကို နျူကလီယာဗုံးတွင် သုံးရန် အသွင်ပြောင်းမှုအတွက် ခြိမ်းခြောက်မှု အနည်းငယ်သာ ရှိနိုင်မည်ဟု ဆိုသည်။

အနောက်က တီဟီရန်အား နျူကလီယာ လက်နက် ပြုလုပ်လိုမည်ကို ကြောက်နေသော်လည်း အီရန်က ၎င်းတို့သည် ငြိမ်းချမ်းသော စွမ်းအင် ထုတ်လုပ်ရေးကိုသာ အစီအစဉ် ရှိသည်ဟု ဆိုသည်။

Bushehr အဆောက်အဦးများ ဆောက်လုပ်ရာ၌ နှောင့်နှေး ကြန့်ကြာမှုများကြောင့် ၃၅ နှစ်ခန့် ကြာမြင့်ခဲ့သည်။

"အနောက်နိုင်ငံတွေက ချမှတ်တဲ့ ဖိအားတွေ၊ အရေးယူမှုတွေ ရှိပေမယ်လို့ ကျွန်တော်တို့ အခု အီရန်ရဲ့ ငြိမ်းချမ်းတဲ့ နျူကလီယာ ဆောင်ရွက်မှုရဲ့ အကြီးဆုံး ပြယုဂ်ကို တွေ့နေရပါပြီ'' ဟု အီရန် နျူကလီယာ တာဝန်ခံ Ali Akbar Salehi က သတင်းထောက်များသို့ အဆိုပါ စက်ရုံတွင် ပြောကြားခဲ့သည်။

BBC ၏ Jon Leyne က ပြောကြားရာတွင် အီရန်အစိုးရ တာဝန်ရှိ သူများသည် ရန်သူများကို အောင်နိုင်သော အစ္စလာမ် နိုင်ငံ၏ အောင်ပွဲအဖြစ် ခံယူပြီး၊ တစ်ပြည်လုံး အတိုင်းအတာနှင့် အောင်ပွဲခံရန် စီစဉ်ထားသည်။

သို့သော် စကော့တလန်ရှိ St Andrews တက္ကသိုလ်မှ အီရန်အရေး ကျွမ်းကျင်သူ ပါမေက္ခ Ali Ansari က ပြောကြားရာတွင် Bushehr ၏ စတင်နိုင်မှုကို လိုအပ်သည်ထက် ပိုမိုချဲ့ကား ထားဖွယ် ရှိသည်ဟု ဆိုသည်။

"ဖွင့်ပွဲကို လူသိအောင် လုပ်တာ ရှင်းပါတယ်။ ဒါပေမယ့် စက်ရုံဆောက်တာ ကြာပြီဆိုတော့ စက်တွေက မော်ဒယ်အဟောင်းကြီး ဖြစ်ပြီး၊ နိုင်ငံတော် မဟာ ဓါတ်အားလိုင်းထဲကို ပမာဏ နည်းနည်းပဲ ထည့်ပေးနိုင်မှာပါ'' ဟု ၎င်းက ဆိုသည်။

ရုရှား-အမေရိကန် သဘောတူညီမှု

Bushehr စက်ရုံသည် တစ်လအတွင်း လျှပ်စစ်ဓါတ်အား စတင် ထုတ်လုပ်နိုင်မည်ဟု ပညာရှင်များက ပြောသည်။

၎င်းတွင် အရေးကြီးသော နျူကလီယာ ပြန့်ပွားမှု အန္တရာယ်မရှိဟု ခွဲခြမ်းစိတ်ဖြာ သုံးသပ်သူများက မြင်သည်။

၎င်းတွင် အသုံးပြုသည့် ယူရေနီယံ လောင်စာသည် နျူကလီယာ လက်နက်အတွက် လိုအပ်သော သန့်စင်မှု အဆင့်အောက်တွင် အများကြီးရှိသည်။ နျူကလီယာ လက်နက်တွင် အသုံးပြုမည့် ယူရေနီယံတွင် သန့်စင်မှု ၉၀ % ကျော် ရမည်ဖြစ်ပြီး၊ Bushehr တွင် သုံးသည့် ယူရေနီယံသည် သန့်စင်မှု ၃.၅ % သာ ရှိသည်။

အီရန်သည် ဓါတ်အားပေး စက်ရုံ လောင်စာအတွက် သုံးမည့် ယူရေနီယံ သန့်စင်မှု အဆင့်ကို ကိုယ်တိုင် ထုတ်လုပ်နိုင်သော်လည်း ယခု Bushehr အတွက် ယူရေနီယံ လောင်စာကို ရုရှားမှ ရယူပါသည်။

အီရန်သည် ယူရေနီယံကို ၂၀ % ထိ သန့်စင်နိုင်သော ရှေ့ပြေးအစီအစဉ် စတင်နေပြီး ဖြစ်ရာ၊ ၎င်းကို ဆေးသုတေသန ဓါတ်ပေါင်းဖိုတွင် လိုအပ်သည်ဟု ဆိုသည်။

ထိုအစီအစဉ်သည် အနောက်နိုင်ငံနှင့် အစ္စရေးကို အချက်ပေး ခေါင်းလောင်း မြည်စေခဲ့သည်။

အမေရိကန်သည် Bushehr စက်ရုံ ပြီးစီးမှုကို ကန့်ကွက်ထားမှုအား ရုတ်သိမ်းပေးခြင်းမှ အီရန်အား နောက်ဆုံး အရေးယူမှုတွင် ရုရှား၏ မဲပေး ထောက်ခံမှုအား အလဲအလှယ် လုပ်ပေးရခြင်း ဖြစ်သည်ဟု ဝါရှင်တန် သတင်းများက ယူဆသည်။

ဥရောပ တာဝန်ရှိသူများသည် မကြာသေးမီက အီရန်အပေါ် ၎င်းတို့၏ ကကြိုး ပြောင်းသွားကြောင်း၊ BBC သတင်းထောက်က အီရန် ခေါင်းစဉ်တပ်သလို နျူကလီယာ စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချသော Bushehr ကို ဥပမာပေး၍ ပြောကြားခဲ့သည်။

သောကြာနေ့က ထုတ်ပြန်သော အာခံသည့် ကြေညာချက်တွင် အီရန် နျူကလီယာ စွမ်းအင် အဖွဲ့အကြီးအကဲ Ali Akbar Salehi က ပြောကြားရာတွင် အီရန်အနေဖြင့် ယူရေနီယံ သန့်စင်မှုကို ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း အီရန်တရားဝင် သတင်းအေဂျင်စီ IRNA သတင်းတွင် ဖော်ပြထားသည်။

Bushehr စက်ရုံကို ညွှန်း၍ ၎င်းက ပြောကြားရာတွင် "ဒီစက်ရုံအတွက် နျူကလီယာ လောင်စာကို ရုရှားက နောက်ဆယ်နှစ်ပဲ ပေးမယ်ဆိုပါစို့။ နောက်နှစ် (၃၀) ကနေ (၅၀) အတွင်း ကျွန်တော်တို့ ဘာလုပ်ရမှာလဲ'' ဟု ၎င်းကဆိုသည်။

အီရန်အနေဖြင့် Natanz စက်ရုံတွင် လိုအပ်သော ခွဲထုတ် သန့်စင်ပေးသည့် ကိရိယာများ တပ်ဆင်ပြီးပါက သန့်စင်ပြီး ယူရေနီယံ တန်(၃၀) ခန့် အထိ ထုတ်လုပ်နိုင်မည်ဟု ၎င်းက ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မဏိပူရ ပြည်နယ် အနေဖြင့် မြန်မာနိုင်ငံမှ ဆန်မက်ထရစ် တန်ချိန် ၃၀၀၀၀ တင်သွင်းရန် အိန္ဒိယ အစိုးရ၊ စားသုံးသူ ပြည်သူ့ရေးရာ၊ အစားအသောက်နှင့် ဖြန့်ဝေရေး ဝန်ကြီးဌာနက မဏိပူရ စက်မှုဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း လီမိတက် (MANIDCO) ကို ခြွင်းချက်မရှိ ဝယ်ယူခွင့် လက်မှတ် 'No Objection Certificate' ထုတ်ပေးလိုက်ကြောင်း သိရသည်။ အဆိုပါ လက်မှတ် ထုတ်ပေးမှုကို အိန္ဒိယနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု မူဝါဒ ၂၀၀၉-၁၄ အရ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

MANIDCO မှ အမှုဆောင် ဒါရိုက်တာက ထုတ်ပြန်သော ကြေညာချက်အရ မဏိပူရပြည်နယ် စီးပွားရေးနှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဌာနက နိုင်ငံခြား ကုန်သွယ်မှု ဌာနကို အဆို တင်သွင်းခဲ့ကြောင်း၊ အကောက်ခွန် ကြေညာချက် အမှတ် နံပါတ် -၁၁၈/၂၀၀၉ နှင့်အညီ မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၃၀၀၀၀ တင်သွင်းခွင့် ပါမစ် ထုတ်ပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။

ယခု တင်သွင်းခွင့် ပြုသည့် ဆန်ပမာဏမှာ အလွန်ပင် များပြားပြီး အကောက်ခွန် ကင်းလွတ်ခွင့် ပေးထားသည့် ကန့်သတ်အချိန် ကာလလေးအတွင်း အပြီးသတ် လုပ်ဆောင် ရမည် ဖြစ်ကြောင်း၊ MANIDCO မှ ဦးဆောင် ညွှန်ကြားရေးမှူးက မဏိပူရ ပြည်နယ်မှ စိတ်ဝင်စားမှု ရှိသော ဆန်လုပ်ငန်းရှင်များ အနေဖြင့် တင်သွင်းခွင့် လျှောက်လွှာ တင်နိုင်သည်ဟု ဖိတ်ခေါ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဆန်လုပ်ငန်းများနှင့် အဆက်အသွယ် ရှိပြီး ဆန်တင်သွင်းလိုသော မဏိပူရ စီးပွားရေး လုပ်ငန်းများ အနေဖြင့် MANIDCO မှတစ်ဆင့် ဆန်တင်သွင်းရမည် ဖြစ်ပြီး စပေါ်ငွေ ထားရှိရန် လိုအပ်သည်။

အဆိုပါငွေများကို ဆန်ဝယ်ယူမည့် နိုင်ငံမှ လုပ်ငန်းများသို့ ငွေလွှဲပြောင်းပေးမည် ဖြစ်ကြောင်း၊ အသေးစိတ် အချက်အလက်များကို MANIDCO ရုံး၊ ကုန်သွယ်မှု ဌာနသို့ ဆက်သွယ် ရယူနိုင်ကြောင်း သိရသည်။

Kanglaoline.com မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 23rd August 2010

တရုတ်နိုင်ငံ၏ စီးပွားရေး မြန်နှုန်းမြင့် ကြီးထွားနေမှုကို ထိန်းသိမ်းရန် အတွက် နိုင်ငံရေးစနစ်ကို ပြုပြင် ပြောင်းလဲရန် လိုအပ်သည်ဟု တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက သတင်းထုတ်ပြန်ခဲ့သည်။

"စီးပွားရေး ပြုပြင်ပြောင်းလဲမှုကိုပဲ တွန်းနေလို့ မရပါဘူး။ နိုင်ငံရေးစနစ် ပြုပြင် ပြောင်းလဲဖို့ကိုလည်း တွန်းအားပေးဖို့ လိုပါတယ်" ဟု ဝမ်ကျားပေါင်က ဖွံ့ဖြိုးနေသော တောင်ပိုင်း ရုန်ဇန်း ခရီးစဉ်တွင် ပြောကြားခဲ့ခြင်းကို ဆင်ဟွာ သတင်းဌာနက ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။

"တကယ်လို့ နိုင်ငံရေးစနစ် ပြောင်းလဲဖို့ အာမခံချက် မရှိဘူးဆိုရင် စီးပွားရေး ပြုပြင် ပြောင်းလဲမှုက ထွက်ပေါ်လာတဲ့ ရလဒ်တွေ ဆုံးရှုံးသွားနိုင်သလို ခေတ်မီ တိုးတက်ရေး ရည်မှန်းချက်လည်း အောင်မြင်မှာ မဟုတ်ပါဘူး" ဟု ဝမ်က ပြောကြားခဲ့ကြောင်း သိရှိရသည်။

ပြည်သူများ၏ ဒီမိုကရေစီ အခွင့်အရေးများ၊ ဥပဒေအရ ရပိုင်ခွင့်များ၊ အကျိုးစီးပွားများကို အာမခံနိုင်ရန် အရေးကြီးသည်ဟုလည်း ဝမ်က ဆိုသည်။

"အာဏာကို အလွန်အကျွံ ချုပ်ကိုင်မှု ပြဿနာကို ကျွန်တော်တို့ ဖြေရှင်းရမယ်။ အစိုးရကို ဝေဖန်၊ အကြံပေးနိုင်အောင် ခွင့်ပြုတဲ့ အခြေအနေတွေကို ပြည်သူတွေ အတွက် ဖန်တီးရမယ်။ အဂတိ လိုက်စားမှုကို တင်းတင်းကျပ်ကျပ် အရေးယူမယ်" ဟု ဝမ်က ပြောကြားခဲ့သည်။

ဝမ်က အသေးစိတ် ပြောဆိုခြင်း မရှိသော်လည်း အဂတိ လိုက်စားမှုနှင့် အာဏာ အလွဲသုံးစား ပြုမှုများက အာဏာရ ကွန်မြူနစ်ပါတီ အပေါ် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာသည်ကို ခေါင်းဆောင်ပိုင်းက များစွာ စိုးရိမ် ပူပန်နေကြောင်း ၎င်း၏ မှတ်ချက်များက ထင်ဟပ်နေသည်။

စကားပြော ညင်သာသည့် ဝန်ကြီးချုပ်ကို နိုင်ငံခေါင်းဆောင် ရာထူး အတွက် တဖြည်းဖြည်း ရေပန်းစားလာသူ အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်လျက် ရှိကြသည်။

၁၉၈၉ ခုနှစ်တွင် တရုတ်စစ်တပ်က ရက်အနည်းငယ် အတွင်း ရက်ရက်စက်စက် ကြိတ်ချေ ပစ်ခဲ့သော ဒီမိုကရေစီ ဆန္ဒပြပွဲများ အတွင်း တီယန်မင် ရင်ပြင်တွင် ယခင်ပါတီ ခေါင်းဆောင် ကျောက်ကျီယန် နှင့်အတူ ပေါ်ထွက်လာခဲ့ပြီးနောက် ဝမ်ကျားပေါင်သည် လူသိများ ထင်ရှားလာခြင်း ဖြစ်သည်။

သို့သော်လည်း ကျောက်ကျီယန် အထုတ်ပယ် ခံရပြီးနောက် ဝမ်ကျားပေါင် ပိုမို ထင်ရှားလာကာ ၂၀၀၃ တွင် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 20th August 2010

ကမ္ဘာတစ်ဝှမ်းရှိ သူပုန် အုပ်စုများသို့ လက်နက်များ ရောင်းချသည်ဟု သံသယရှိသော ရုရှား လူမျိုး တစ်ဦးအား အမေရိကန် ပြည်ထောင်စုသို့ ပြန်ပို့မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ တရားရုံးက အမိန့်ထုတ်ခဲ့သည်။

အသက် ၄၃ နှစ်ရှိ Viktor Bout သည် ကိုလံဘီယာ သူပုန်များကို လက်နက် ရောင်းရန် လျှို့ဝှက် ကြံစည်ကြောင်း အမေရိကန်၏ စွဲချက်တင်မှုကို အပြစ်မရှိကြောင်း အသနားခံခဲ့သည်။

သေမင်း ကုန်သည် (Merchant of Death) ဟု အမည်ပေးခြင်း ခံထားရသော Mr Bout သည် ၂၀၀၈ ခုနှစ် မတ်လက ထိုင်း-အမေရိကန် ပူးပေါင်း စစ်ဆင်ရေး တစ်ခုတွင် အဖမ်းခံခဲ့ရသည်။

ရုရှားက ဆုံးဖြတ်ချက်ကို ကန့်ကွက် ရှုတ်ချခဲ့ပြီး၊ ၎င်းလွတ်မြောက်ရေး အတွက် ကြိုးပမ်း သွားမည်ဟု ဆိုသည်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov က အဆိုပါ အမိန့်အား ဥပဒေနှင့် မညီကြောင်း၊ အလွန် အားကောင်းသော ပြင်ပ ဖိအားပေးမှုကြောင့် ဤသို့ ဆုံးဖြတ်ရခြင်း ဖြစ်သည်ဟု ရုရှား အစိုးရက ယုံကြည်ကြောင်း ပြောသည်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ထိုင်း သံအမတ်အား ခေါ်ယူ၍ ဆုံးဖြတ်ချက် အပေါ် လွန်စွာ ဝမ်းနည်းကြောင်းနှင့် မည်သို့ပြောရမှန်း မသိအောင် နားမလည် ဖြစ်ရကြောင်း ပြောဆိုခဲ့သည်ဟု Agence France – Presse သတင်း အေဂျင်စီက သတင်း ပေးပို့သည်။

အမေရိကန်ကမူ အဆိုပါ သတင်းအား လွန်စွာ သဘောကျကြောင်း ပြောသည်။

"Mr Bout ကို အမေရိကန်ကို ပြန်ပို့ဖို့ ဆုံးဖြတ်ရလောက်တဲ့ ရှင်းလင်းတဲ့ အချက်တွေ ရှိပါတယ်" ဟု ခေတ္တ အမေရိကန် ဒုတိယ ရှေ့နေချုပ် Gary Grindler က ကြေညာချက်တွင် ပြောသည်။

အမေရိကန်က ၎င်းကို အမေရိကန်သို့ ပြန်ပို့ရန် တောင်းဆိုချက်ကို ထိုင်းတရားရုံးက ယခင်က ငြင်းပယ်ခဲ့သည်။ သို့သော် အမေရိကန်က ထပ်မံ  အသနားခံခဲ့သည်။

အမိန့်ချအပြီး Mr. Bout က ရုရှား သတင်းထောက်များသို့ ပြောကြားရာတွင် ၎င်းသည် အမေရိကန် တရားရင်ဆိုင်ပြီး အနိုင်ရမည်ဟု ပြောခဲ့သည်ဟု ရုရှား၏ RIA Novosti သတင်း အေဂျင်စီ သတင်းတွင် ဖော်ပြခဲ့သည်။

Mr. Bout သည် ဆိုဗီယက် လေတပ်မှ အရာရှိဟောင်း တစ်ဦး ဖြစ်ပြီး၊ အမေရိကန်က ၎င်းကို အမေရိကန်များအား သတ်ဖြတ်ရန် ကြံစည်ခြင်း၊ အကြမ်းဖက်သမားများကို ပစ္စည်းများ ဖြည့်ဆည်းပေးခြင်းနှင့် လေယာဉ်ပစ် ဒုံးကျည်များ ရောင်းဝယ် အသုံးပြုရန် ကြံစည်မှု စွဲချက်များကို ရင်ဆိုင်ရမည် ဖြစ်သည်။

၎င်းသည် အမေရိကန်တွင် တရားရင်ဆိုင်ပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနိုင်ဖွယ် ရှိသည်။

သောကြာနေ့ ဆုံးဖြတ်ချက် မချမီက အမေရိကန်တို့သည် ၎င်းတို့၏ အသနားခံမှု ပယ်ချခံရပါက၊ Mr. Bout အား ထောင်ထဲတွင် ဆက်နေရစေရန် နောက်ထပ် စွဲချက်နှစ်ခု ဖြစ်သော ငွေမည်း ခဝါချမှုနှင့် အီလက်ထရွန်နစ်နှင့် ပတ်သက်သော လိမ်လည်မှုများဖြင့် ထပ်မံ စွဲချက်တင်ရန် ပြင်ဆင်ထားခဲ့သည်။

တရားရုံးသည် အာဏာပိုင်များကို ၎င်းတို့နှင့် ညှိနှိုင်းရန် သုံးလအချိန် ပေးထားသည်။ သို့သော် အမေရိကန်တို့ကို နောက်ထပ် ဒုတိယ စွဲချက်မတင်စေလိုဘဲ၊ ပြန်ပို့ရေး အစီအစဉ်ကိုသာ အမြန်ဆုံး အကောင်အထည် ဖော်ရန် မျှော်လင့်သည်။

"တရားရုံးကတော့၊ သူ့ကို အမေရိကန် ပြန်ပို့ဖို့ပဲ ထိန်းသိမ်းထားတာပါ" ဟု တရားသူကြီး Jitakorn Patanasiri က ပြောသည်။

Viktor Bout နှင့် ပတ်သက်၍ ၎င်းသည် မည်သူမည်ဝါ ဖြစ်သည်။ ၎င်းဘာတွေ လုပ်ခဲ့သည် ဆိုသည်များမှာ ဇာတ်လမ်း နှစ်မျိုး ဖြစ်နေသည်။

"၎င်းသည် အမေရိကန် အာဏာပိုင်များ ပုံဖော်ထားတဲ့ စီးပွားရေးသမား တစ်ဦး ဖြစ်ပါတယ်" ဟု ၎င်း၏ ရှေ့နေက ပြောသည်။

တစ်ဖက်တွင်လည်း ၎င်းသည် အာဖရိက တလွှားနှင့် အရှေ့အလယ်ပိုင်းတွင် ၎င်း၏ လက်နက် ရောင်းဝယ်မှုဖြင့် ပြည်တွင်းစစ်များ ဖြစ်စေရန် လောင်စာပင့်ပေးသူ ဖြစ်သောကြောင့် သေမင်းကုန်သည် (Merchant of Death) အဖြစ် အမည်တွင်သော နာမည်ဆိုးဖြင့် ကျော်ကြားသူ လက်နက် မှောင်ခိုတစ်ဦး ဖြစ်သည်။

Nicholas Cage ၏ Lord of Wars ရုပ်ရှင်သည် ၎င်း၏ လက်နက် မှောင်ခိုရာဇာ၏ ဘဝကို ရိုက်ပြခြင်း ဖြစ်သည်။

အထက်ပါ စွပ်စွဲချက်များကို အမေရိကန် တရားရုံးတွင် ၎င်းရင်ဆိုင်ရဖွယ် ရှိနေသည်။

ယခု ဆုံးဖြတ်ချက် ပြုလုပ်ရန်လည်း ချေပမည့် ရှေ့နေများ ပြောင်းမှုကြောင့် ကြန့်ကြာခဲ့ရသည်။

Mr Bout ၏ ရှေ့နေများက အမေရိကန်တွင် ၎င်းသည် တရားမျှတသော တရားစီရင်မှု ရလိမ့်မည် မဟုတ်ကြောင်း ငြင်းချက် ထုတ်ပါသည်။ အမေရိကန်က ၎င်းသည် စစ်ဘုရင်များ၊ အယ်ကိုင်ဒါနှင့် တာလီဘန် တို့သို့ လက်နက်များ ရောင်းသည်ဟု ပြောနေသည်။

ကုလသမဂ္ဂ အေဂျင်စီများနှင့် အနောက်နိုင်ငံ အစိုးရ အချို့က Mr Bout သည် အာဖရိကနှင့် အာဖကန် နစ္စတန်ရှိ သူပုန်များသို့ လက်နက်များ ဖြန့်ဝေကြောင်း၊ ကုလသမဂ္ဂ၏ လက်နက် ရောင်းဝယ်မှု ပိတ်ပင်ထားခြင်းကို ချိုးဖောက်ကြောင်း စွပ်စွဲသည်။

"Viktor ဟာ စီးပွားရေးသမား တစ်ဦးပါ။ သူလုပ်ခဲ့တာတွေဟာ အကောင်းတွေပါ" ဟု ၎င်း၏ ရှေ့နေ Nittiwattanawichan က ပြောသည်။

"သူဟာ လက်နက်မှောင်ခို ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ၊ တရားရုံးမှာ ဖြေရှင်းရပါမယ်" ဟု ၎င်းက ဆိုသည်။

Mr Bout အား ဖမ်းသော စစ်ဆင်ရေးတွင် ကိုလံဘီယာမှ Farc သူပုန်အုပ်စု အဖွဲ့ဝင် ဟန်ဆောင်ထားသော အမေရိကန် အရာရှိများ ပါဝင်သည်။

"ဒါဟာ နိုင်ငံရေး အမှုပါ။ Farc ဟာ နိုင်ငံရေးအရ တိုက်ပွဲဝင် နေသူတွေပါ။ သူတို့ဟာ ရာဇဝတ် ကျူးလွန်တဲ့ဂိုဏ်း မဟုတ်ပါဘူး။ ထိုင်းနိုင်ငံနဲ့ Farc ကို အကြမ်းဖက် အုပ်စုလို့ မသတ်မှတ်သင့်ပါဘူး" ဟု ယမန်နှစ်က အမေရိကန်၏ တရားခံအား ပို့ပေးရန် တောင်းဆိုမှုကို ပယ်ချစဉ်က လျှောက်လဲချက် ပေးခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.