Transparency Myanmar

transparency.myanmar@gmail.com

AFP, 25th August 2010

အရှေ့တောင် အာရှနိုင်ငံများ အတွင်း ဆင်းရဲ ချမ်းသာမှု ကွာဟချက် ကြီးမားမှုသည် ဒေသတွင်း ဈေးကွက်ကြီး တစ်ဦးတည်း ဖြစ်လာအောင် ပြုလုပ်ရာတွင် ခြိမ်းခြောက်လာနိုင်ကြောင်း အာဆီယံ ခေါင်းဆောင်များက ဗုဒ္ဓဟူးနေ့က သတိပေး ပြောကြားလိုက်သည်။

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့တွင် တိုးတက်မှုနှုန်း မြင့်လာသည်ဟု ဆိုသော်လည်း အာဆီယံ ၁၀ နိုင်ငံကြားတွင် GDP အနိမ့်ဆုံး ရှိသော နိုင်ငံများ ဖြစ်နေဆဲ ဖြစ်သည်။

"ဖွံ့ဖြိုတိုးတက်မှု ကွာဟချက် ကြီးမားလာခြင်းဟာ အာဆီယံရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုမှာ အဓိက အတားအဆီး ဖြစ်နေဆဲပါပဲ။ အထူးသဖြင့် အာဆီယံ စီးပွားရေးကို တစ်စု တစ်စည်းတည်း ပြုလုပ်ရန် လုပ်ဆောင်မှုတွင် အတားအဆီး ဖြစ်ပါတယ်'' ဟု အာဆီယံ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးများ နှစ်ပတ်လည် အစည်းအဝေးတွင် ဗီယက်နမ် ဝန်ကြီးချုပ် Nyuyen Tan Dung က ပြောကြားခဲ့သည်။

အာဆီယံသည် ၎င်း၏ သန်း (၆၀၀) ရှိသော လူဦးရေကို အခြေခံ၍ ၂၀၁၅တွင် တစ်ခုတည်းသော ထုတ်လုပ်မှုနှင့် ရောင်းဝယ်ရေး ဈေးကွက်ကြီး ဖြစ်လာအောင် ဖော်ဆောင်လျက် ရှိသည်။ ထိုသို့ ရည်မှန်းရခြင်းမှာ အိန္ဒိယနှင့် တရုတ်တို့၏ ပြိုင်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အာဆီယံ၏ ဆင်းရဲသော နိုင်ငံများနှင့် ချမ်းသာသော နိုင်ငံများကြား ကွာဟမှု မြင့်မားလာခြင်းသည် ဈေးကွက် တစ်ခုတည်း စုစည်းရာတွင် သတိထားရမည့် အချက်ဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ် Surin Pitsuwan က သတင်းထောက်များသို့ ပြောကြားခဲ့သည်။ "ဒီလို ကွာဟချက်နဲ့ လုပ်ထားရင် တည်ငြိမ်မှု မရနိုင်ပါဘူး'' ဟု ၎င်းက သတင်းထောက်များသို့ ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Fox News, By George Russell, 24th August 2010

ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) က မြန်မာနိုင်ငံတွင် ဒေါ်လာသန်း (၁၀၀) အကူအညီ ပေးရေးကိစ္စအား ဝမ်းနည်းဖွယ် ကောင်းပြီး၊ ကျေနပ်မှု မရှိကြောင်း လွတ်လပ်သော အကဲဖြတ် မှတ်တမ်းတစ်ခုက ပြောကြားခဲ့ပြီး လာမည့်နှစ် ထိုအစီအစဉ်၏ အဓိက အစိတ်အပိုင်းများကို ဆက်လက် မလုပ်ရန် အကြံပြုခဲ့သည်။ UNDP အနေဖြင့် မည်သည့် နေရာတွင် အသုံးပြုမည်ကို မသတ်မှတ် ရသေးသော်လည်း အဆိုပါ အစီအစဉ်ကို ဆက်လက် ရှင်သန်နေစေရန် UNDP ဒါရိုက်တာက ရည်မှန်းချက်ထားသည်။

UNDP ၏ ပံ့ပိုးမှု ရရှိသော မြန်မာကျေးရွာများနှင့် မရသော ကျေးရွာများကြား ကြီးမားသော ကွာဟမှု မရှိကြောင်း UNDP ၏ လူသား ဖွံ့ဖြိုး တိုးတက်ရေး အစပြုမှု (Human Development Initiative) ကို အကဲဖြတ်သော မှတ်တမ်းတွင် အကြံပြုထားသည်။

စစ်တပ် အုပ်ချုပ်သော မြန်မာနိုင်ငံတွင် လျစ်လျူရှု ခံထားရသော ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနှင့် စားနပ်ရိက္ခာ လုံခြုံရေးများတွင် အဆင်းရဲဆုံး လူများသည် စားသောက်ကုန် ထုတ်လုပ် စုဆောင်းနိုင်ခြင်း ရှိမရှိမှာ အရေးကြီးသော ကိစ္စ ဖြစ်သည်။

သို့သော် အဆိုပါ အကဲဖြတ် အစီရင်ခံစာတွင် တဖြည်းဖြည်း ပိတ်သိမ်းရန်ကိုမူ ဖော်ပြထားခြင်း မရှိပါ။ အစီရင်ခံစာကို သြဂုတ်လ (၃၀) ရက်နေ့ နယူးယောက်မြို့တွင် ကျင်းပမည့် UNDP ၏ (၃၆) နိုင်ငံ ကြီးကြပ်မှု အမှုဆောင် ဘုတ်အဖွဲ့ ပုံမှန် အစည်းအဝေးတွင် တင်သွင်း သွားမည် ဖြစ်သည်။(အမေရိကန် ပြည်ထောင်စုသည် ဘုတ်အဖွဲ့ဝင် ဖြစ်သည်)

UNDP ဌာနမှူး Helen Clark က ဘုတ်အဖွဲ့သို့ သူမ၏ မှတ်ချက် တင်ပြရာတွင် အကူအညီ ပေးရေး အစီအစဉ်အပေး အဝေဖန် ခံရဆုံး အစိတ်အပိုင်းများအား ခံယူချက် ပြန်လည် သုံးသပ်ရန်နှင့် ဆင်းရဲ မွဲတေမှုကို အမှန်တကယ် ကူညီနိုင်ရေး ရှိမရှိ ဆန်းစစ်ရန် လိုအပ်သည်ဟု ဆိုထားသည်။ Clark က ချမှတ်ထားသော မဟာဗျူဟာနှင့် ပတ်သက်၍ ကာကွယ် ပြောဆိုရာတွင် အစီအစဉ်များတွင် အနည်းငယ်သော ပြောင်းလဲလာမှုများသာ လုပ်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ ရက်စက်သော မြန်မာ အစိုးရ၏ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပိုမို နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေး လိုအပ်ကြောင်း ဆိုသည်။

Clark က ဘုတ်အဖွဲ့ အနေဖြင့် သူမကို Human Development Initiative အစီအစဉ်နှင့် ပတ်သက်၍ သင့်တော်သလို ပြောင်းလဲမှုများ ပြုလုပ်ရန် ခွင့်ပြုရေးကို အာမခံထားသည်။

မြန်မာနိုင်ငံအပေါ် အကူအညီ ပေးရေး ကိစ္စမှာ ယခု လတ်တလော သွေးဆူနေသော ကိစ္စဖြစ်လာသည်။ အကြောင်းမှာ Obama အစိုးရက မြန်မာနိုင်ငံ၏ ရာဇဝတ်မှုများအတွက် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်အား ထောက်ခံကြောင်း ပြီးခဲ့သည့် အပတ်က ကြေညာခဲ့ခြင်းကြောင့် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် နိုင်ငံတကာက မြန်မာနိုင်ငံသည် မြောက်ကိုးရီးယားနှင့် ပူးပေါင်း၍ နျူကလီယာ အစီအစဉ်များ လုပ်ဆောင်နေမည်ကို တိုး၍ စိုးရိမ်နေသည်။

UNDP ၏ ရန်ပုံငွေများ စစ်တပ် အုပ်ချုပ်သော မြန်မာနိုင်ငံ အစိုးရ လက်ဝယ် မရောက်ရေး သေချာအောင် ပြုလုပ်နေခြင်းမှာလည်း UNDP ၏ အမှုဆောင် ဘုတ်အဖွဲ့အတွက် မျက်ခြေမပြတ် လုပ်နေရပါသေးသည်။ ထို့ကြောင့် လက်တကမ်းတွင် စောင့်ကြည့်နိုင်ရေးအတွက် လွတ်လပ်သော အကဲဖြတ်သူများကို နှစ်စဉ် တာဝန်ပေးထားသည်။ ၎င်းတို့သည် တိုင်းပြည်တွင် UNDP ၏ ကြိုးစားမှုများ ထိရောက်မှု ရှိမရှိ စစ်ဆေးရန်ပါ အခွင့်အလမ်း ရရှိသည်။

အကဲဖြတ်သူများသည် နှစ်ပေါင်းများစွာကပင် UNDP ၏ အစီအစဉ်များအနက် ကျန်းမာရေးတွင် အစိုးရ၏ ပါဝင်ပတ်သက်မှုကို တင်ပြခဲ့သည်။ UNDP ၏ အောက်ခြေ ဒေသန္တရ တိုးတက်မှု အစီအစဉ်တွင် ထိရောက်ရေးအတွက် အစိုးရ ပါဝင်မှုသည် အရေးကြီးသည်။ ယခုအခါ မြန်မာနိုင်ငံတွင် မြို့နယ် (၃၂၅) မြို့နယ် ရှိသည့်အနက် မြို့နယ် (၆၀) တွင် အကောင်အထည် ဖော်လျက်ရှိရာ အစိုးရ၏ ပိုမိုပါဝင်မှု လိုအပ်လျက် ရှိနေသည်။

ယမန်နှစ် အကဲဖြတ်သူများက UNDP သို့ ပြောကြားခဲ့ရာတွင် UNDP အနေဖြင့် အကူအည ချပေးသည့် အချိန်နှင့် သက်ရောက်မှုများ စတင် ရရှိသည့် အချိန်ကို စစ်ဆေးသင့်ကြောင်း ပြောခဲ့ရာ ယခုနှစ်တွင် ကိစ္စရပ် အတော်များများတွင် သက်ရောက်မှုများမှာ အရေးကြီးသည့် အဆင့်အောက်တွင် ရှိသဖြင့် ကောက်ချက် မဆွဲနိုင်သေးပဲ ရှိနေသည်။

အကဲဖြတ်သူများက သံသယဖြင့် အဓိက အာရုံပြုသော ကိစ္စမှာ UNDP ၏ အစီအစဉ်များအနက် အစိတ်အပိုင်း နှစ်ခုဖြစ်သော Integrated Community Development Project (ICDP) နှင့် Community Development in Remote Township (CDRT) တို့ဖြစ်ပြီး ၎င်းတို့သည် အောက်ခြေတွင် အုပ်ချုပ်ရေး အပိုင်း ပူးပေါင်းလုပ်ဆောင်သည်။

ဒေသန္တရ ဖွံ့ဖြိုးမှု အစပြုရေး လုပ်ငန်းများတွင် မူလ ရည်မှန်းချက်များအပြင် အလှူငွေ ထည့်ဝင်သူများက အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု၊ ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများ၊ HIV/AIDS ကယ်ဆယ်ရေး၊ လေ့ကျင့်ရေးနှင့် ပညာရေး၊ စားနပ်ရိက္ခာ လုံခြုံရေး လုပ်ငန်းများတွင်ပါ အာရုံပြုလာကြသည်။

အကဲဖြတ်သူများက အကြီးတန်း UNDP တာဝန်ရှိသူ တစ်ဦးက Human Development Initiative က ၎င်း၏ ခေါင်းစဉ်အောက်တွင် အားလုံး သွတ်သွင်းရန် ကြိုးစားနေသည်ဟု ဝန်ခံခြင်းကို ကိုးကား ပြောဆိုခဲ့သည်။

UNDP သည် အစီအစဉ်များကို ရုတ်တရက် ချဲ့ထွင်ခြင်းကြောင့် ကိစ္စရပ်များကို ပိုမို ဆိုးရွားစေသည်ဟု အစီရင်ခံစာက ဆိုသည်။ နောက်ထပ် ပြဿနာ တစ်ခုမှာ ၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုံး ကိစ္စတွင် ဖြစ်သည်။ နောက်ပိုင်း အကူအညီပေးရေး ကြိုးစားမှုများကို လွှဲပေးခဲ့ရသည်။ သို့သောာ် အစီရင်ခံစာကမူ ၎င်း၏ HID အစီအစဉ်အရ လူ ၅၀၀ နှင့် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း၊ UNDP နာဂစ်ကို ကူညီရာတွင် အခြားအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ရာ၌ အခြေအနေ ကောင်းမွန်ခဲ့သည်ဟု ဆိုသည်။ နောက်ဆုံးတွင် မြန်မာအစိုးရ၏ သဘောထား တင်းမာမှုကြောင့် HID အတွက် အလှူငွေများ ရပ်ဆိုင်းသွားခဲ့သည်။

HID အတွက် မြန်မာနိုင်ငံ၏ ဝန်းကျင်သည် ခက်ခဲပြီး ခန့်မှန်းရခက်သည်ဟု ဝန်ခံခဲ့သော်လည်း၊ အကဲဖြတ်သူများက UNDP ၏ ဒေသန္တရ ဖွံ့ဖြိုးရေး  အစီအစဉ်အတွက် ပြဿနာများကသာ အရေးကြီးဆုံး ဖြစ်ကြောင်း ခိုင်မာစွာဖော်ပြခဲ့သည်။ ပြဿနာများမှာ ရှင်းလင်း ပြတ်သားသော ရည်မှန်းချက် မရှိခြင်း၊ ဓါတ်မြေသြဇာ ကဲ့သို့သော လက်ဆုပ်လက်ကိုင် ပြနိုင်သော ပစ္စည်းများ ဖြန့်ဝေရာ၌ ပြီးမြောက်ခြင်း ရှိမရှိ မပြသနိုင်ခြင်း၊ ဝန်ထမ်းများ လေ့ကျင့်ပေးမှု မရှိခြင်းနှင့် အားလုံးတွင် အရေးအကြီးဆုံး ဖြစ်သည့် ၎င်းတို့ ကူညီနေသော ပြည်သူများ ကိုယ့်အားကိုယ်ကိုး လာအောင် ပြုလုပ်ရေးအတွက် ရှင်းလင်း ပြတ်သားသော  မဟာဗျူဟာ မရှိခြင်းပင် ဖြစ်သည်။

ကုလသမဂ္ဂ၏ ရှေးရိုးကျသော ဗျူရိုကရေစီကလည်း နှစ်ပေါင်းများစွာကပင် ဆိုးရွားသော သက်ရောက်မှုကို ဖြစ်စေပေသည်။ အကဲဖြတ်သူများ၏ မှတ်သားထားမှုများတွင် ဒေသဆိုင်ရာအဆင့် UNDP  အကူအညီ ပေးသူများသည် လစဉ် များပြားလှသော အစီရင်ခံများ ပြင်ဆင်ရကြောင်း၊ အချို့ နည်းပညာ ကျွမ်းကျင်သူများသည် ၎င်းတို့၏ ၂၀ % မှ ၃၀ % အချိန်များကို စာရွက်စာတမ်း များနှင့်သာ အချိန်ကုန်ရကြောင်း တွေ့ရှိရသည်။

အကဲဖြတ်သူများက အကူအညီ ရယူသူများ၏ HID အပေါ် အမြင်များကို စနစ်တကျ ကောက်ယူသော ပြည့်စုံသည့် ယန္တရား မရှိဟု ဆိုသည်။ သို့သော် UNDP က အကဲဖြတ်သူများကို ပြောရာတွင် လက်ရှိအားဖြင့် HDI အစီအစဉ်အတွက် ရှေ့ပြေး ပရောဂျက်များ လုပ်နေဆဲတွင်ပင် ရှိသေးကြောင်း ပြောသည်။

UNDP ၏ ဒေသန္တရ ဖွံ့ဖြိုးမှု လုပ်ငန်းများ အနေဖြင့် မြန်မာနိုင်ငံတွင် UNDP ၏ ကြိုးပမ်းမှု အားလုံး မှားယွင်းသည်ဟု အကဲဖြတ်သူများက မမြင်ကြပါ။ ၎င်း၏ မြန်မာနိုင်ငံ အသေးစား ငွေချေး လုပ်ငန်း (micro-finance) များတွင် အမှတ်ကောင်းကောင်း ရခဲ့သည်။ သို့သော် အကဲဖြတ်သူများကမူ တိုင်းပြည်၏ အဆင်းရဲဆုံး လူများမှာ အကျိုး မခံစားရကြောင်း မှတ်သားထားသည်။

အကဲဖြတ်သူများက ၎င်းတို့၏ UNDP ၏ သက်ရောက်မှုများကို လေ့လာမှု အစီရင်ခံစာမှာ UNDP ၏ ပြည်စုံခြင်း မရှိသော ကောက်ချက်ချမှုများကို အခြေခံရသည် ဆိုသည်ကိုမူ ဝန်ခံထားသည်။ သို့သော် ၎င်းတို့၏ တိုင်းတာမှု နည်းပညာမှာမူ ပညာရှင်များက စုံစမ်းစစ်ဆေးမှု အတွက် အသေအချာ ရေးဆွဲထားသော ခိုင်မာသည့်နည်း ဖြစ်ကြောင်း ပြောသည်။

နိဂုံးချုပ် ပြောရာတွင် လွတ်လပ်သော ပညာရှင်များက UNDP ကိုယ်၌က လာမည့်နှစ်တွင် ကုန်ဆုံးမည့် အကူအညီ ပေးရေး အစီအစဉ်များ မပြီးမချင်း မည်သည့် ပြောင်းလဲမှုမျှ ပြုလုပ်လိုဟန် မရှိကြောင်း ဝန်ခံထားသည်။ သို့သော် အဓိက ပြန်လည် သုံးသပ်ရမည်မှာ အစီအစဉ်သည် ဆင်းရဲမွဲတေမှုကို အမှန်တကယ် ထိရောက်စွာ အကူအညီ ပေးနိုင်သလော ဟူသည့် အချက် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြောက်ကိုရီးယား နိုင်ငံ၊ မြို့တော်ပြုံယမ်း အနီးတွင် ကွန်မြူနစ်အစိုးရက တပ်ဖွဲ့များ၊ အမြောက် တပ်ရင်းများနှင့် တင့်ကားများဖြင့် လုံခြုံရေး တင်းကြပ်စွာ ချထားကြောင်း သိရသည်။ ယင်းသို့ လုံခြုံရေး တင်းကြပ်ထားခြင်းမှာ ယခုနှစ်ကုန်ပိုင်း ပြုံယမ်းတွင် ကြီးကျယ် ခမ်းနားစွာ ကျင်းပရန် ရှိသည့် စစ်ရေးပြ အခမ်းအနားကြောင့် ဖြစ်သည်ဟု တောင်ကိုရီးယားက ဆိုသည်။

ကိုရီးယား ကျွန်းဆွယ်တွင် ဖြစ်ပေါ်လျက် ရှိသော တင်းမာမှုများကြောင့် ဇူလိုင် လလယ်လောက်မှ စ၍ ယခုကဲ့သို့ မြို့တော် ပြုံယမ်းအနီး ပတ်ပတ်လည်တွင် စစ်တပ်အင်အား အပြည့်ချထားခြင်း ဖြစ်သည်ဟု တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပါလီမန် လွှတ်တော် ကော်မတီသို့ တင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြသည်။

"မြောက်ကိုရီးယား မြို့တော်ပြုံယမ်းတွင် အမျိုးသား လှုပ်ရှားမှုကြီး တစ်ရပ်ကို အုံနှင့်ကျင်းနှင့် ကြီးကျယ်ခမ်းနားစွာ ကျင်းပရန် ပြင်ဆင်နေပြီ ဖြစ်သည်။ အဆိုပါ လှုပ်ရှားမှုသည် အာဏာရ အလုပ်သမား ပါတီကြီး၏ အရေးကြီးသော ညီလာခံနှင့်လည်း ပတ်သက်မှု ရှိသလို မြောက်ကိုရီးယား နိုင်ငံတော် ထူထောင်သည့် နှစ်ပေါင်း ၆၅ နှစ်ပြည့် အထိမ်းအမှတ် တစ်ခုလည်း ဖြစ်သည်" ဟု တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန၏ အစီရင်ခံစာက ဆိုသည်။

မြောက်ကိုရီးယားသည် အဆိုပါ စစ်ချီ အခမ်းအနားကြီးတွင် စစ်အင်အား အပြည့်အဝ  ထုတ်ဖော် ပြသဖွယ် ရှိသည်ဟု တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ အမည် မဖော်လိုသူ အရာရှိ တစ်ဦးက ပြောကြားသည်။

မြောက်ကိုရီးယားသည် အရေးကြီးသော အမျိုးသား အထိမ်းအမှတ် နေ့ရက်များကို မကြာခဏ ဆိုသလို ပြုလုပ်လေ့ ရှိသည်။ ထို့အတူ အသစ် တီထွင် ထုတ်လုပ်ထားသည့် ဒုံးကျည်များနှင့် အခြားသော စစ်လက်နက်များကိုလည်း ထုတ်ပြလေ့ ရှိသည်။

လာမည့် စက်တင်ဘာ လဆန်းပိုင်းတွင် ပြုလုပ်မည့် အလုပ်သမားပါတီ ကွန်ဖရင့်တွင် ပါတီ ခေါင်းဆောင်သစ်များကို ရွေးချယ် တင်မြှောက်မည်ဟု ကွန်မြူနစ် အစိုးရက ပြီးခဲ့သည့် ဇွန်လတွင် သတင်း ထုတ်ပြန်သည်။ အဆိုပါ ကွန်ဖရင့်တွင် လက်ရှိ ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်၏ အငယ်ဆုံး သားဖြစ်သူအား အာဏာ လွှဲပြောင်းမည့် ကိစ္စ တရားဝင် ထုတ်ဖော် ပြောဆိုမည် ဟူသော ထင်ကြေးပေး ပြောဆိုမှုများလည်း ထွက်ပေါ်လျက် ရှိသည်။

ကင်ဂျုံအီလ်၏ အငယ်ဆုံး သားဖြစ်သူမှာ Kim Jong Un ဖြစ်ပြီး ၎င်းအား ပါတီ ကွန်ဖရင့်တွင် အရေးကြီးသည့် လုပ်ငန်း တာဝန်များ လွှဲပြောင်းပေးမည်ဟု ယူဆရသည်။ ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်မှာ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်မှ စ၍ လေသင်တုန်း ဖြတ်သည့် ရောဂါဝေဒနာ ခံစားခဲ့ရပြီး ယခု အခါတွင်လည်း ကျန်းမာရေး ညံ့ဖျင်းလျက် ရှိသည်ဟု ပြောဆိုမှုများလည်း ရှိသည်။ ကင်၏ ကျန်းမာရေးကြောင့် နျူကလီယာ ပိုင်ဆိုင်သော ကွန်မြူနစ် မြောက်ကိုရီးယား တည်ငြိမ် အေးချမ်းမှုနှင့် ပတ်သက်၍ စိုးရိမ်မကင်း ဖြစ်မှုများလည်း ခေါင်းဆောင်များအကြား ဖြစ်ပေါ်လျက် ရှိသည်။ သို့အတွက်ကြောင့် ကင်ဂျုံအီလ်က အငယ်ဆုံး သားဖြစ်သူအား ဖြစ်နိုင်ပါက အမြန်ဆုံး အာဏာ လွှဲပြောင်းရန် စီစဉ်နေခြင်း ဖြစ်သည်ဟု လေ့လာ သုံးသပ်သူများက ဆိုသည်။

ယခုအခါ မြောက်နှင်တောင် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးမှာ မတ်လ ၂၆ ရက် ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားပြီး နောက်ပိုင်း လွန်စွာ တင်းမာလျက် ရှိသည်။ အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့က စစ်သင်္ဘော နစ်မြုပ်မှုသည် မြောက်ကိုရီးယား တော်ပီတို ဒုံးကျည် တိုက်ခိုက်ခံရခြင်းကြောင့် ဖြစ်သည်ဟု ဆိုသော်လည်း မြောက်ကိုရီးယား အစိုးရက လုံးဝ မဟုတ်မှန်ကြောင်း ငြင်းပယ်ထားသည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Strait Times, 25th August 2010

အထိန်းသိမ်း ခံထားရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ ပြည်သူများ အနေဖြင့် လာမည့် ရွေးကောက်ပွဲကို အနီးကပ် စောင့်ကြည့်ရန် လိုလားပြီး၊ လွတ်လပ်၍ တရား မျှတမှု မရှိပါက ထုတ်ပြောကြရန် ဖြစ်ကြောင်း သူမ၏ ရှေ့နေ့က အင်္ဂါနေ့က ပြောကြားခဲ့သည်။

"NLD က မပါဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ ကျွန်မတို့ အနေနဲ့ ရွေးကောက်ပွဲကို မျက်နှာလွှဲခဲပစ် မလုပ်သင့်ပါဘူး'' ဟု နိုဘယ်ဆုရှင်က ပြောသည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက    ဆိုသည်။

"တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ အစိုးရမှာတင် တာဝန်ရှိတာ မဟုတ်ပါဘူး။ ပြည်သူတွေမှာလည်း တာဝန်ရှိပါတယ်။ မမျှတရင် ဖြစ်ဖြစ်၊ ရွေးကောက်ပွဲဥပဒေနဲ့မညီရင် ဖြစ်ဖြစ် ပြည်သူတွေအနေနဲ့ ဖော်ထုတ်ရပါမယ်။ ပြည်သူတွေကလည်း ဖော်ထုတ်ရမယ်။ NLD ကလည်း ဖော်ထုတ်ရပါမယ်'' ဟု သူမက ပြောသည်ဟု ဆိုသည်။

"ပြည်သူတွေ နိုင်ငံရေး စိတ်ဝင်စားတာကို သူမက ဝမ်းသာနေပါတယ်။ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲကသာ နိုင်ငံရေး မဟုတ်ပါဘူး။ သူက နိုင်ငံရေးရဲ့ အစိတ်အပိုင်း တစ်ခုပါ'' ဟု ဦးဥာဏ်ဝင်းက ပြောသည်။

"သူမက ပြောပါတယ်။ လူတိုင်းဟာ ရွေးကောက်ပွဲကို စိတ်ဝင်စားသင့်ပါတယ်တဲ့။ NLD အဖွဲ့ဝင်တွေကလည်း ကိုယ်မပါလို့ မျက်နှာ မလွဲသင့်ပါဘူးလို့ ပြောပါတယ်'' ဟု ဦးဥာဏ်ဝင်းက ဆက်လက် ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Xinhua, 24th August 2010

မြန်မာ အာဏာပိုင်များသည် ၂၀၀၉ စက်တင်ဘာမှ ၂၀၁၀ သြဂုတ်လအထိ ကျရောက်သော ၂၀၀၉-၂၀၁၀ ဘိန်းစိုက် ရာသီတွင် နိုင်ငံအတွင်း တရားမဝင် ဘိန်းစိုက်ပျိုး ဧက စုစုပေါင်း ၈၂၅၆ ဟက်တာကို ဖျက်ဆီးခဲ့ကြသည်ဟု နိုင်ငံပိုင် သတင်းစာက အင်္ဂါနေ့တွင် သတင်း ထုတ်ပြန်သည်။

အဆိုပါ စာရင်းတွင် ရှမ်းပြည် တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် ယခုနှစ် သြဂုတ်လ ၁၄ ရက်မှ ၂၀ ရက်အတွင်း ဖျက်ဆီးခဲ့သော ၁.၂၁ ဟက်တာလည်း ပါဝင်သည်ဟု သိရသည်။

ယခင်နှစ် ဘိန်းစိုက်ရာသီ အတွင်း နိုင်ငံအနှံ့ ဘိန်းစိုက် ဧရိယာ ၈၁၃၈ ဟက်တာကို ရှင်းလင်းခဲ့ပြီး ဖြစ်သည်။

၂၀၀၉ ဒီဇင်ဘာလ အတွင်းကလည်း ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံတွင် အမေရိကန် ဒေါ်လာ ၉၃သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည်။ ဖျက်ဆီးခဲ့သော မူးယစ်ဆေးများတွင် စိတ်ကြွဆေးပြား ၆.၉၉ သန်း၊ ဟီးရိုးအင်း ၈၁၉ ကီလိုဂရမ်၊ ဘိန်း ၁၅၆ ကီလိုဂရမ်နှင့် ice ၁၈ ကီလိုဂရမ်တို့ ပါဝင်သည်။

ထို့အပြင် မြန်မာ အာဏာပိုင်များက ယခုနှစ် ဇွန်လအတွင်း မူးယစ်ဆေးဝါး ဆက်စပ်အမှု ၁၈၉ မှုကို ဖော်ထုတ်နိုင်ကာ အမျိုးသမီး ၇၃ ဦး အပါအဝင် တရားခံ ၃၁၇ ဦးကို အပြစ် ပေးခဲ့သည် ဟုလည်း သိရှိရသည်။

အဆိုပါ မူးယစ်ဆေးဝါး ဆက်စပ် မှုခင်းများတွင် စိတ်ကြွဆေးပြား အမှုများက ၅၈ မှုဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေပြီး ဟီးရိုးအင်း ၄၆ မှု၊ ဘိန်း ၃၄ မှု၊ ဆေးခြောက် ၁၃ မှု တို့ ပါဝင်သည်ဟု ဆိုသည်။

အဆိုပါ လအတွင်း ဘိန်း ၂၃.၃ ကီလိုဂရမ်၊ ဟီးရိုးအင်း ၁.၁ ကီလိုဂရမ်၊ ဆေးခြောက် ၂.၈ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား ၁၇၆၅၀၂ ပြားကို အာဏာပိုင်များက သိမ်းဆည်း ရမိခဲ့သည်။

မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးမှု လုံးဝ ဖယ်ရှားရန်အတွက် ၅ နှစ် အဆင့် ၃ ဆင့် ပါဝင်သည့် ၁၅ နှစ် စီမံကိန်း (၁၉၉၉-၂၀၁၄) ကို အကောင်အထည် ဖော်လျက် ရှိရာ ယခုအခါ နောက်ဆုံး ငါးနှစ် စီမံချက် အဆင့်သို့ ဝင်ရောက်လာခဲ့ပြီဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ်နှင့် မြောက်ကိုရီးယား နယ်စပ်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဆိုပါဒေသရှိ ရာလူ(Yalu) မြစ်ရေလျှံပြီး တစ်ဖက်တစ်ချက်စီမှ ကမ်းပါးများ ပြိုကျမှု ဖြစ်ပွားရာ ဒေသခံပြည်သူ ငါးသောင်းကျော်ကို အန္တရာယ် ကင်းဝေးရာသို့ ကယ်ထုတ်ခဲ့ရကြောင်း တရုတ် သတင်းဌာနများက ရေးသားသည်။

တရုတ် နိုင်ငံပိုင် မီဒီယာ အဆိုအရ မြေနိမ့်ပိုင်း ဒေသတွင် တည်ရှိသည့် Dandong တရုတ် ဆိပ်ကမ်းမြိ့မှ စီးပွားရေး ဖွံ့ဖြိုးမှုဇုန်နှင့် ရာလူမြစ် အကြားရှိ ရေနုတ်မြောင်းများ ပေါက်ထွက်ခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေလွှမ်းမိုးမှုတို့ကြောင့် Dandong မြို့နှင့် ဆက်သွယ်သည့် မီးရထားလမ်းများ ပြတ်တောက်ခဲ့ပြီး နေအိမ် ၂၀၀ ကျော် ပျက်စီးခဲ့ကာ လူ ၃ ဦး ပျောက်ဆုံးလျက် ရှိသည်ဟု အာဏာပိုင်များက ဆိုသည်။

မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန ဖြစ်သော KCNA က ကိုရီးယား ဘာသာဖြင့် အမ်နွတ်ဟု ခေါ်ဆိုသော ရာလူမြစ်ရေ လျှံတက်မှုကြောင့် Dandong မြို့နှင့် မျက်နှာချင်းဆိုင် ဘက်တွင် ရှိသော Sinuiju မြို့နယ်ရှိ ကျေးရွာပေါင်း ငါးရွာကျော်မှ နေအိမ်များ၊ ပြည်သူပိုင် အဆောက်အအုံများ၊ လယ်ကွင်းများ ရေမြုပ်ခဲ့ကြောင်း သတင်း ပေးပို့သည်။

Sinuiju မြို့သည် နိုင်ငံတကာတွင် အထီးကျန် ဖြစ်နေသည့် မြောက်ကိုရီးယား နိုင်ငံ အတွက် ကုန်သွယ်ရေး ပြုလုပ်ရာတွင် အဓိက အချက်အခြာ ကျသော မြို့တစ်မြို့ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်များက မြောက်ကိုရီးယားတွင် အလားတူ ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ရာ ကောက်ပဲသီးနှံများ ပျက်စီးပြီး တိုင်းပြည် အငတ်ဘေး ဆိုက်ခဲ့ရသည်။ သို့အတွက်ကြောင့် မြောက်ကိုရီးယားမှာ နိုင်ငံတကာမှ ပေးပို့သော စားနပ်ရိက္ခာ အကူအညီများကို လုံးလုံးလျားလျား မှီခိုခဲ့ရသည်။

တရုတ်နိုင်ငံ အတွက်မူ Dandong မြို့ရေ လွှမ်းမိုးမှုသည် နောက်ဆုံး ဖြစ်ပေါ်သည့် သဘာဝ ဘေးအန္တရာယ် ဆိုးကြီးတစ်ခု ဖြစ်သည်။ တရုတ်နိုင်ငံ၊ အနောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပွားရာ လူပေါင်း ၂၅၀၀ ခန့် သေဆုံးခဲ့ရဖူးသည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC news, 23rd August 2010

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာက ကမ္ဘောဒီးယား စီးပွားရေး အကြံပေး အဖြစ်မှ နုတ်ထွက်မှုကို ဖနွမ်းပင်က ကြေညာခဲ့ပြီးနောက် ထိုင်းနိုင်ငံက ကမ္ဘောဒီးယားနှင့်  သံတမန် ဆက်ဆံမှု ပြန်လည် စတင်တော့မည်ဟု ပြောကြားလိုက်သည်။

ဖနွမ်းပင်၏ အငြင်းပွားဖွယ်ရာ အကြံပေး ခန့်အပ်မှုကြောင့် ၂ဝဝ၉ နိုဝင်ဘာတွင် ၂ နိုင်ငံစလုံးက ၎င်းတို့၏ သံအမတ်များကို ပြန်လည် ခေါ်ယူခဲ့ကြသည်။

၂ဝဝ၆ အာဏာ သိမ်းမှုတွင် ထိုင်းစစ်တပ်က သက်ဆင်ကို ဖယ်ရှားခဲ့ပြီးနောက် ထိုင်းတရားရုံးက ၎င်းအား အဂတိ လိုက်စားမှုအတွက် မျက်ကွယ် ထောင်ဒဏ် ချမှတ်ခဲ့သည်။

ယခုနှစ် အစောပိုင်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် နောက်ကွယ်မှ သက်ဆင်က ကြိုးကိုင်ခဲ့သည်ဟု ထိုင်း အာဏာပိုင်များက မကျေမချမ်း စွပ်စွဲပြောဆိုခဲ့သည်။

လူပေါင်း ၉၁ ဦးသေဆုံးကာ မြို့တော် ဘန်ကောက်ကို နှစ်လခန့် မလှုပ်ရှားနိုင်အောင် ဖြစ်စေခဲ့သည့် ဆန္ဒပြပွဲများတွင် မိမိပါဝင် ပတ်သက်မှု မရှိဟု သက်ဆင်က ငြင်းဆိုထားသည်။

"သက်ဆင်နဲ့ ဘယ်လို ပတ်သက်မှုမှ မရှိတော့ဘူးလို့ သူတို့ (ဖနွမ်းပင်အစိုးရ) က ကြေညာခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သံတမန် ရုတ်သိမ်းမှုလည်း ပြီးဆုံးသွားပါပြီ" ဟု ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ကာဆစ် ပီရိုမြက ရိုက်တာ သတင်းဌာနသို့ ပြောကြားသည်။

"မနက်ဖြန်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ သံတမန် အပြန်အလှန် စေလွှတ်ကြတော့မှာပါ" ဟု ၎င်းက ဆိုသည်။

၎င်းတို့ နှစ်နိုင်ငံ အကြား ဆက်ဆံရေးမှာ မဖြေရှင်းနိုင်သည့် နယ်စပ် အငြင်းပွားမှုကြောင့် လက်ရှိနှစ်များ အတွင်း ခပ်တန်းတန်း ဖြစ်နေခဲ့သည်။ နှစ်နိုင်ငံ စလုံးက ၎င်းတို့ ပိုင်သည်ဟု ပြောနေကြသော ဗရာဗီဟာ ဘုရားကျောင်း အနီးတဝိုက်တွင် နှစ်နိုင်ငံ လုံခြုံရေး တပ်ဖွဲ့များ မကြာခဏ အခြေအတင် ဖြစ်ပွားခဲ့ဖူးသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံသို့ နှစ်စဉ် ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှုနှုန်းမှာ ဆိုက်ရောက်ဗီဇာ ထုတ်ပေးသည့် စနစ်သစ်ကြောင့် ၂၀၁၀ ပြည့်နှစ် ပထမ ခုနစ်လအတွင်း ၃၇ ဒဿမ ၄ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း မီဒီယာ သတင်းပေးပို့ချက် တစ်ရပ်က ဖော်ပြသည်။

မည်သို့ပင် ကမ္ဘာလှည့် ဝင်ရောက်မှု ရှိနေစေကာမူ လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲကြောင့် ယခုနှစ်ပထမ သုံးလပတ်အတွင်း ရှိခဲ့သည့် နှုန်းထားကို ဆိုးဆိုးရွားရွား လျော့ကျသွားစေနိုင်သည်ဟု မြန်မာ့ ခရီးသွားလုပ်ငန်းမှ သတင်း ရင်းမြစ်များက ဆိုသည်။

မြန်မာ့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းဇယားများအရ ယခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအတွင်း ဝင်ရောက်ခဲ့သော ကမ္ဘာလှည့် ခရီးသည် ဦးရေ ၁၆၁၃၂၂ ရှိသည်ဟု မြန်မာတိုင်းမ် သတင်းဂျာနယ်က ရေးသား ဖော်ပြသည်။ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်ရာတွင် ထိုင်းနိုင်ငံသည် အကြီးမားဆုံးသော ရင်းမြစ်တစ်ခု ဖြစ်ပြီး အဆိုပါ ကာလအတွင်း ထိုင်းနိုင်ငံမှ တစ်ဆင့် ဝင်ရောက်လာသူ ဦးရေ ၃၁၇၉၅ ဦး ရှိခဲ့သည်။ တရုတ်နိုင်ငံမှ ၁၉၅၈၀ ဦး၊ တောင်ကိုရီးယားမှ ၁၀၂၀၆ ဦး၊ ပြင်သစ်မှ ၇၃၈၀ ဦး၊ ဂျာမနီမှ ၅၆၇၈ ဦး နှင့် အီတလီမှ ၃၉၂၅ ဦး ဝင်ရောက်ခဲ့သည်။

ခရီးသွားလုပ်ငန်း သတင်းရင်းမြစ်များ အဆိုအရ မေလ ၁ ရက်နေ့မှ စတင်ကျင့်သုံးခဲ့သော ဆိုက်ရောက် ပြည်ဝင်ခွင့် ဗီဇာသစ်ကြောင့် မြန်မာနိုင်ငံသို့ တစ်ဦးချင်း ဝင်ရောက်လာသော ကမ္ဘာလှည့် ခရီးသည် ဦးရေ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ အဖွဲ့လိုက် မဟုတ်ဘဲ တစ်ဦးချင်းစီ ဝင်ရောက်လာသူ နိုင်ငံခြား ခရီးသည် ဦးရေမှာ ၈၉၆၄၅ ဦးရှိပြီး ၅၃ ဒဿမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် စစ်အစိုးရက လုံခြုံရေး တင်းကြပ်မှုများ ပြုလုပ်ရမည် ဖြစ်ရာ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ဆိုက်ရောက်ဗီဇာ ထုတ်ပေးမှုကို ရပ်ဆိုင်းတော့မည်ဟု သိရသည်။ အဆိုပါ ရွေးကောက်ပွဲသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်လာမည် ဖြစ်သည်။

လွယ်ကူစွာ ရရှိနိုင်သော ဗီဇာစနစ် ဖျက်သိမ်းလိုက်ခြင်းသည် ရွေးကောက်ပွဲ ကာလအတွင်း မတည်မငြိမ်မှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်သောကြောင့်ဟု ယူဆရသည်။

"လာမယ့် အောက်တိုဘာနဲ့ နိုဝင်ဘာလအတွင်း လာမယ့် ဂျာမန် ကမ္ဘာလှည့် ခရီးသည်တွေရဲ့ ခရီးစဉ် ဖျက်သိမ်းပေးဖို့ ပြောလာတာတွေ ရှိပါတယ်။ အဲလို လှမ်းပြောတဲ့ အချိန်က ပြီးခဲ့တဲ့ ဇွန်နဲ့ ဇူလိုင်လ အတွင်းကပါ။ အဲဒီ အချိန်တုန်းက ဆိုရင် ရွေးကောက်ပွဲ ဘယ်နေ့ဘယ်ရက် ကျင်းပမယ်ဆိုတာ မသိရသေးပါဘူး" ဟု ရန်ကုန် အခြေစိုက် ထိပ်တန်း ခရီးသွား ကုမ္ပဏီကြီး တစ်ခုမှ ပြောခွင့်ရ ပုဂ္ဂိုလ်က မြန်မာတိုင်းမ်သို့ ပြောကြားသည်။

"ဘယ်လိုပဲဖြစ်ဖြစ် အောက်တိုဘာလအတွက် ဘွတ်ကင် လုပ်ထားတာတွေ အများကြီး ရှိထားပါတယ်။ လာမယ့် ခရီးသွားရာသီအတွက် အခြေအနေ ကောင်းမှာပါ" ဟု Chatrium Hotel မှ Sale Directior မမေမြတ်မွန်ဝင်းက ပြောကြားသည်။

"မနှစ်က စာရင် ဒီနှစ် စီးပွားရေးနဲ့ ကော်ပိုရိတ် ခရီးသွားတွေ ပိုလာတာကို တွေ့ရပါတယ်။ ဟိုတယ်ကို နိုင်ငံခြားဧည့်သည် ဝင်ရောက်မှုဟာ မနှစ်ကထက် ၂၀ ရာခိုင်နှုန်း မြင့်တက်လာပါတယ်" ဟု သူမက ဆက်လက် ပြောဆိုသည်။

Monster Sand Critics မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 25th August 2010

တရုတ် အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေး နယ်မြေ (Cafta) သည် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင် အကျုံးဝင် သက်ရောက်ခဲ့သည်။ Cafta ၏ အောက်တွင် အာဆီယံ နိုင်ငံများမှ ကုန်စည် ၉၁.၅ % ကို အခွန် သုညအဆင့် သတ်မှတ်ခဲ့ပြီး တရုတ်နိုင်ငံကလည်း ပျမ်းမျှ အခွန်နှုန်းထားကို ၉.၈ % မှ ၀.၁ % အထိ လျှော့ချခဲ့သည်။ အာဆီယံ အဖွဲ့ဝင်သစ် ၄ နိုင်ငံ ဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် တို့မှာမူ ၎င်းတို့၏ လက်ရှိ စီးပွားရေး ဖွံ့ဖြိုးမှု အဆင့်အရ တရုတ် ကုန်စည်များ အပေါ် အခွန် လျှော့ချမှုကို ၂၀၁၅ အထိ ပြုလုပ်နိုင်ဦးမည် မဟုတ်သော်လည်း တရုတ်နိုင်ငံနှင့် သုည အခွန်နှုန်း မူဝါဒ၏ အကျိုးကျေးဇူးကို ယခုမှစ၍ ၅ နှစ် ကြိုတင် ခံစားနိုင်ကြမည် ဖြစ်သည်။

အပြန်အလှန် ကုန်သွယ်ရေး ဝန်ဆောင်မှုများကို WTO စည်းကမ်းများအရ ဆက်လက် တိုးချဲ့ကြမည် ဖြစ်သည်။ တရုတ်နှင့် အာဆီယံ အဖွဲ့ဝင်များ၏ ဥပဒေ ပြဋ္ဌာန်းမှု တိုးတက်လာသည် နှင့်အမျှ ရင်းနှီး မြှုပ်နှံမှု မူဝါဒများလည်း ပိုမို တည်ငြိမ် ပွင့်လင်းလာမည်။ တရုတ်နှင့် အာဆီယံ နိုင်ငံများ အကြား လွတ်လပ်သော ကုန်သွယ်ရေးမှာ အများစု ပြီးမြောက်နေပြီ ဖြစ်ကာ မတည် ရင်းနှီးငွေ၊ သယံဇာတ၊ နည်းပညာနှင့် လူသားရင်းမြစ်တို့ အပါအဝင် ထုတ်လုပ်မှု အင်အားစုများ၏ စုစည်း ထိရောက်မှုကို တိုးတက်စေလိမ့်မည်။ Cafta ပြီးစီး အောင်မြင်မှုသည် အပြန်အလှန် စီးပွားရေး ပေါင်းစည်းမှုကို မမျှော်လင့်ထားသည့် အဆင့်ထိ ရောက်ရှိစေခဲ့ပြီး အာရှ၏ အကြီးဆုံး ကုန်သွယ်ရေး လွတ်လပ်ဇုန်ကို ထူထောင် နိုင်ခဲ့သည်။

Cafta စတင် အကောင်အထည် ဖော်ပြီး ၆ လ အတွင်း အပြန်အလှန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လျင်မြန်စွာ ကြီးထွားလာခြင်း၊ စီးပွားရေး ပေါင်းစည်းမှု နက်ရှိုင်းလာခြင်း၊ ကုမ္ပဏီ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကများ နှစ်ဦးနှစ်ဖက် အကျိုးရလဒ်များ ရရှိခြင်း စသည်တို့ကို တွေ့ရှိရသည်။

ပထမဦးစွာ သတိပြုမိသည့် ရလဒ်မှာ တရုတ်နှင့် အာဆီယံ အကြား အပြန်အလှန် ကုန်သွယ်ရေး သိသိသာသာ တိုးတက်လာခြင်း ဖြစ်သည်။ လွတ်လပ်သော ကုန်သွယ်ရေး စာချုပ်၏ တွန်းအားကြောင့် ၂၀၀၃ မှ ၂၀၀၇ အတွင်း နှစ်စဉ် ကုန်သွယ်မှု နှုန်းထား ၃၀ % တိုးတက် လာခဲ့ပြီး၊ ၂၀၀၈ မှ ၂၀၀၉ တွင် ကမ္ဘာ့ငွေကြေး အကျပ်အတည်း ဖြစ်ပေါ်နေသည့် ကြားမှ ၃ % ဆက်လက် တိုးတက်ခဲ့သည်။ ၂၀၁၀ ပထမ နှစ်ဝက် အတွင်း အပြန်အလှန် ကုန်သွယ်မှု ဒေါ်လာ ၁၃၆.၅ ဘီလျံသို့ ရောက်ရှိကာ ယခင်နှစ်ကထက် ၅၅ % တိုးတက်လာပြီး၊ အလားတူ ကာလအတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်း နိုင်ငံခြား ကုန်သွယ်မှု တိုးတက်နှုန်းထက် ၁၁ % မြင့်နေသည်။ တရုတ်နိုင်ငံက အာဆီယံထံမှ ဒေါ်လာ ၇၁.၉ ဘီလျံ တန်ဖိုး တင်သွင်းခဲ့ရာ ယခင်နှစ် အလားတူ ကာလကထက် ၆၄ % ပိုများလာခြင်း ဖြစ်ပြီး အာဆီယံသို့ ဒေါ်လာ ၆၄.၆ ဘီလျံ တန်ဖိုး တင်ပို့ခဲ့ရာ ယခင်နှစ်ကထက် ၄၅ % တိုးတက်လာခြင်း ဖြစ်သည်။ တရုတ်၏ အာဆီယံသို့ ပို့ကုန်ထက် သွင်းကုန်က ဒေါ်လာ ၇.၃ ဘီလျံခန့် ပိုများသည်။

ဒုတိယ ရလဒ်မှာ နှစ်ဖက်စလုံးမှ ကုမ္ပဏီ လုပ်ငန်းစုများကို အကျိုး ဖြစ်ထွန်းစေခဲ့ခြင်း ဖြစ်သည်။ Cafta သည် နှစ်ဖက် အခွန်နှုန်းထားများ လျှော့ချခြင်းဖြင့် ကုမ္ပဏီများ၏ အခွန် ပေးဆောင်မှု လျှော့နည်းသွားအောင် အထောက်အကူ ပြုသည်။ တရုတ်သည် ၂၀၀၉ တွင် အာဆီယံ သွင်းကုန်များ အပေါ် အခွန် ဒေါ်လာ သန်း ၉၀၀ ခန့် ဖယ်ရှား ပေးခဲ့ပြီး၊ ယခုနှစ် ပထမ နှစ်ဝက်တွင် အခွန် ဒေါ်လာ သန်း ၇၀၀ ဆက်လက် လျှော့ချခဲ့သည်။ တစ်နှစ်ပြီး တစ်နှစ် အခွန် လျှော့ချမှုမှာ ၉၈ % သို့ ရောက်ရှိခဲ့သည်။ တရုတ်သည် အာဆီယံထံမှ ပလပ်စတစ် ပစ္စည်း၊ လျှပ်စစ် ပစ္စည်း၊ ရာဘာ ထုတ်ကုန်များနှင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို သိသိသာသာ ပိုမို တင်သွင်းခဲ့သည်။

တတိယ ရလဒ်မှာ အပြန်အလှန် ရင်းနှီး မြှုပ်နှံမှု အဆက်မပြတ် ကြီးထွား ကျယ်ပြန့်လာခြင်း ဖြစ်သည်။ တရုတ် နိုင်ငံတွင် အာဆီယံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၀၃ တွင် ဒေါ်လာ ၂.၉၃ ဘီလျံမှ ၂၀၀၉ တွင် ဒေါ်လာ ၄.၆၈ ဘီလျံသို့ မြင့်တက် လာခဲ့ပြီး အာဆီယံ နယ်မြေတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ သန်း ၂၃၀ မှ ဒေါ်လာ ၃ ဘီလျံသို့ ၁၃ ဆ မြင့်တက်ခဲ့သည်။ ၂၀၁၀ ပထမ နှစ်ဝက် အတွင်း တရုတ်နိုင်ငံ၌ အာဆီယံ၏ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှာ ယခင်နှစ်ကထက် ၂၄.၉ % မြင့်တက်ကာ ဒေါ်လာ ၃.၁၃၁ ဘီလျံသို့ ရောက်ရှိခဲ့ပြီး အာဆီယံ နယ်မြေ၌ တရုတ်၏ ငွေကြေးမပါ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှာ ၁၂၅.၇ % မြင့်တက်ကာ ဒေါ်လာ ၁.၂၂၁ ဘီလျံသို့ ရောက်ရှိခဲ့သည်။ ၂၀၁၀ ဇွန်လကုန်တွင် အာဆီယံ၏ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅၉.၈ ဘီလျံ နှင့် တရုတ်၏ ရင်းနှီးမြှုပ်နှံမှု ၉.၆ ဘီလျံ တို့နှင့်အတူ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆၉.၄ ဘီလျံသို့ ရောက်ရှိခဲ့သည်။

စတုတ္တ ရလဒ်မှာ ကမ္ဘာ့ ငွေကြေး အကျပ်အတည်း၏ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော ကုမ္ပဏီများ၏ စိတ်ဖိစီးမှုကို Cafta လျှော့ချပေးခဲ့ခြင်း ဖြစ်သည်။ ၂၀၀၉ တွင် မလေးရှားမှ အမေရိကန် ပြည်ထောင်စု၊ ဥရောပ၊ ဂျပန်သို့ ပို့ကုန်များ ၂၇ %၊ ၁၉ %၊ ၂၃ % စီ အသီးသီး ကျဆင်းခဲ့ချိန်တွင် တရုတ်သို့ တင်ပို့မှုမှာ ၆ % မြင့်တက်ခဲ့သည်။ အလားတူပင် ထိုင်းနိုင်ငံမှ အမေရိကန် ပြည်ထောင်စု၊ ဥရောပ၊ ဂျပန်သို့ ပို့ကုန်များ ၁၈ %၊ ၂၃ %၊ ၂၂ % စီ အသီးသီး လျှော့ကျသွားချိန်တွင် တရုတ်သို့ ပို့ကုန်မှာ ၁% မျှသာ လျှော့နည်း ခဲ့သည်။

အားလုံး ခြုံငုံ ကြည့်ပါက Cafta အနေဖြင့် အပြန်အလှန် ကုန်သွယ်မှုနှင့် စီးပွားရေး ဆက်ဆံမှုများကို အားပေးရာတွင် အောင်မြင်မှု ရရှိခဲ့သည်။ သို့သော်လည်း Cafta ကို အချိန်တို အတွင်း အကျုံးဝင် သက်ရောက် စေခဲ့ခြင်းနှင့် ပြည်သူလူထု၏ သဘောပေါက် သိရှိမှု အားနည်းခြင်း တို့ကြောင့် ဒေသတွင်း ကုမ္ပဏီ များစွာမှာ Cafta ၏ ဦးစားပေး မူဝါဒများကို အကျွမ်းတဝင် မရှိကြသေးသလို ကောင်းစွာ အသုံးချနိုင်ခြင်းလည်း မရှိကြသေးပါ။ ထို့အပြင် အာဆီယံ နိုင်ငံများနှင့် တရုတ်နိုင်ငံ အကြား ဆက်သွယ် ချိတ်ဆက်မှု မလုံလောက်ခြင်း၊ သယ်ယူ ပို့ဆောင်ရေးနှင့် ဖြည့်တင်းရေး စနစ်များ လုံလောက် ထိရောက်မှု မရှိခြင်း တို့ကြောင့် Cafta ၏ အကျိုး ကျေးဇူးများမှာ အကန့်အသတ် ရှိနေသေးသည်။ အပြန်အလှန် ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးကို အားကောင်း မောင်းသန် ဖြစ်အောင် ပြုလုပ်ရာတွင် Cafta အနေဖြင့် ပိုမို ကြီးမားသော ကဏ္ဍမှ ပါဝင် နိုင်စေရန် တရုတ်နှင့် အာဆီယံ နှစ်ဖက်စလုံးမှ အစိုးရများ၊ ကုမ္ပဏီများ၏ တညီတညွတ်တည်း အားထုတ် ကြိုးပမ်းမှုကို လိုအပ်နေသည်။

Cafta အောင်မြင် ပြီးစီးမှုသည် လွတ်လပ်သော ကုန်သွယ်ရေး လုပ်ငန်းစဉ် ပြီးဆုံးသွားခြင်းဟု မဆိုလိုပါ။ ၎င်းနှင့် ဆန့်ကျင်စွာပင်၊ ထိရောက်သော စီးပွားရေး ပေါင်းစည်းမှု ပြီးမြောက်စေရန် အတွက် စင်္ကြန်တစ်ခု အဖြစ် အသုံးတော်ခံသော စတင်မှတ် အသစ် တစ်ခု ဖြစ်သည်။ တရုတ်နှင့် အာဆီယံတို့ အနေဖြင့် ကုန်သွယ်ရေးတွင် အခွန် သုည အဆင့်သို့ လျှော့ချခြင်း အပြင် လုပ်ငန်းစဉ် အတားအဆီးများကို ဖယ်ရှားခြင်း၊ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေးကို အားပေးခြင်း၊ အပြန်အလှန် ခရီးသွား စီးပွားလုပ်ငန်းကို မြှင့်တင်ခြင်းနှင့် နည်းပညာ ဖလှယ်မှု ချောမွေ့ လွယ်ကူစေခြင်းတို့ကို လုပ်ဆောင်ခြင်းအားဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အပြည့်အဝ လွတ်လပ်မှု ရရှိရန်နှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးကို အဖက်ဖက်မှ အားပေးရန် အတွက် လွတ်လပ်သော ကုန်သွယ်ရေး စီမံ ခန့်ခွဲမှု၏ အကူအညီဖြင့် ရှေ့သို့ ဆက်လက် ချီတက် သင့်ပါကြောင်း တင်ပြလိုက်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြောက်ကိုရီးယား နိုင်ငံသည် စစ်သင်္ဘောများ၊ တင့်ကားများ သို့မဟုတ် ဂျက်တိုက် လေယာဉ်များကို ကွယ်ဖျောက်ထားနိုင်သည့် ကိုယ်ပျောက်ဆေး ကဲ့သို့သော ဓာတုပစ္စည်း တစ်မျိုးကို တီထွင် ဆန်းသစ်ထားပြီး ဖြစ်ကြောင်း သတင်းပေးပို့ချက် တစ်ရပ်က ဆိုသည်။ နိုင်ငံခြားမှ ဆက်သွယ်ရေး ဂြိုလ်တုများ၊ ထောက်လှမ်းရေး လေယာဉ်များ အစရှိသည်တို့ ဖမ်းမမိနိုင်သည့် အနေအထားမျိုး ရောက်အောင် ကွယ်ဖျောက်ပေးနိုင်သည့် ဓာတုပစ္စည်းကို တီထွင်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ကွန်မြူနစ် မြောက်ကိုရီးယား စစ်တပ်တွင်း ထုတ်ဝေသော လျှို့ဝှက် လမ်းညွှန်ချက် တစ်ရပ်အရ အထီးကျန်ဖြစ်နေသော မြောက်ကိုရီးယားသည် တစ်ယောက်ပစ် ကျင်းများ၊ လိုဏ်ဂူများ တည်ဆောက်ထားပြီး ဖြစ်သည်ဟု Chosun Ilbo သတင်းစာက ရေးသား ဖော်ပြသည်။

အဆိုပါ လျှို့ဝှက် လမ်းညွှန်ချက်တွင် "ခေတ်မီသည့် စစ်ပစ္စည်း ဟူသည်မှာ အများ မမြင်နိုင်သည့် ကိုယ်ပျောက်ပစ္စည်းပင် ဖြစ်သည်။  စစ်အောင်ပွဲ သို့မဟုတ် တိုက်ခိုက် ချေမှုန်းမှု တစ်ရပ်ဟူသည် ငါတို့ အနေဖြင့် ကိုယ်ပျောက်ပစ္စည်များ မည်သို့ တီထွင်နိုင်သည် ဟူသော အချက်ပေါ်တွင် မူတည်သည်" ဟူသော ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်၏ ပြောဆိုချက်ကို ကိုးကား ဖော်ပြထားသည်။

၂၀၀၅ ခုနှစ်တွင်  ရိုက်နှိပ်ခဲ့သော အဆိုပါ လျှို့ဝှက် လမ်းညွှန်ချက် စာအုပ်ကို တောင်ကိုရီးယား ခရစ်ယာန် အသင်းအဖွဲ့တစ်ခုမှ တစ်ဆင့် လျှို့ဝှက်စွာ မှောင်ခို ထုတ်ယူလာခြင်း ဖြစ်သည်။

ကိုယ်ပျောက် ဓာတုဆေး မည်သို့မည်ပုံ ထုတ်လုပ်ရမည် ဟူသော လမ်းညွှန်ချက်များလည်း အဆိုပါ စာအုပ်တွင် ပါဝင်ကြောင်း၊ အဆိုပါ ဓာတုဆေးသည် ရေဒါလှိုင်းများကို စုပ်ယူ နိုင်ကြောင်း Chousun Ilbo သတင်းစာက ရေးသားဖော်ပြသည်။

အဆိုပါ သတင်းပေးပို့ချက်နှင့် ပတ်သက်၍ တောင်ကိုရီးယား စစ်ဘက် အရာရှိများက အတည်ပြု ပြောဆိုခြင်း မရှိသေးပေ။ အဆိုပါ တပ်တွင်း လျှို့ဝှက် လမ်းညွှန်စာအုပ်တွင် စစ်ပစ္စည်းများ၊ အသုံးအဆောင်များ ကွယ်ဖျောက်နိုင်သည့် နည်းလမ်းများနှင့် စစ်တပ်စိပ်တစ်ခု မည်သို့မည်ပုံ ဖွဲ့စည်းရမည် ဟူသော အချက်အလက်များလည်း ဖော်ပြပါရှိသည်။ တောင်ကိုရီးယားနှင့် အမေရိကန် လျှို့ဝှက် ထောက်လှမ်းရေး ကိရိယာများ ဖမ်းမမိနိုင်အောင် ရှောင်ကွင်းနိုင်သည့် နည်းလမ်းများဟု ဆိုသည်။

အမည် မဖော်လိုသော ထောက်လှမ်းရေး သတင်းရင်းမြစ်က မြောက်ကိုရီးယား စစ်တပ်အနေဖြင့် ယခုလို နည်းပညာမျိုး လုပ်ဆောင်နိုင်ခဲ့သည် ဟူသော အချက်အပေါ် လွန်စွာ အံ့အားသင့်မိကြောင်း၊ မြောက်ကိုရီးယားသည် မိမိတို့ ထင်ထားသည်ထက်ပင် လျှို့ဝှက် ဆန်းကြယ်သည့် လုပ်ရပ်များ ပြုလုပ်နေကြောင်း ပြောကြားသည်။ Yonhap သတင်းဌာနကလည်း အလားတူ သတင်း ပေးပို့ချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။

BBC သတင်းကို ဘာသာ ပြန်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.