Transparency Myanmar

transparency.myanmar@gmail.com

ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် အမတ်လောင်းများ ကော်မရှင်သို့ သြဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ တင်ပြနိုင်ရေးအတွက် မှတ်ပုံတင်ကြေးငွေ ရှာဖွေရန် အချိန် အလုံအလောက် မရရှိသောကြောင့် နိုင်ငံရေး ပါတီများက မြန်မာစစ်အစိုးရကို မကျေမနပ် ဖြစ်လျက် ရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် သူများ မှတ်ပုံတင်နိုင်ရန် ရက်သတ္တပတ်လုံး ရုံးခွဲများ ဖွင့်လှစ်ပေးထားကြောင်း ထုတ်ပြန် ကြေညာထားသည်။ သို့ရာတွင် ကော်မရှင်က မှတ်ပုံတင်ရန် နောက်ဆုံး သတ်မှတ်ထားသည့် အချိန်ကာလမှာ အလွန် တိုတောင်းပေရာ အမတ်လောင်းများ အနေဖြင့် မှတ်ပုံတင်ကြေး ကျပ်ငါးသိန်း (ဒေါ်လာ ၅၀၀) ရှာဖွေရန် လွယ်ကူမည် မဟုတ်ပေ။

"မှတ်ပုံတင်ကြေး ငါးသိန်း မရှိတဲ့ အမတ်လောင်း တစ်ယောက် အနေနဲ့ မှတ်ပုံတင်ဖို့ နှစ်ရက်လောက် ထပ်တိုးပေးရင်တောင် ဘာမှ အကျိုးထူးမှာ မဟုတ်ပါဘူး" ဟု ဒီမိုကရက်တစ် ပါတီ (မြန်မာနိုင်ငံ) ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းက ပြောကြားသည်။

အချို့သော အမတ်လောင်းများက ၎င်းတို့ ပိုင်ဆိုင်သည့် မော်တော်ကားများ၊ သို့မဟုတ် အခြား ပစ္စည်းများ ထုခွဲ ရောင်းချပြီး မှတ်ပုံတင်ကြေး ငါးသိန်း ရရှိနိုင်ရေး အတွက် စဉ်းစားလျက် ရှိသော်လည်း အချိန် အနည်းငယ်သာ ကျန်တော့ကြောင်း ဒေါ်ချိုချိုကျော်ငြိမ်းက ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ အတွင်းရေးမှူး ဦးစိုးဝင်းက အဆိုပါ မှတ်ပုံတင်ကြေးသည် ပါတီသစ်များနှင့် ပါတီငယ်လေးများအတွက် အခက်အခဲ တစ်ခု ဖြစ်ကြောင်း သုံးသပ် ပြောဆိုသည်။

နိုင်ငံသား တစ်ဦးချင်းစီ ဝင်ငွေ တစ်နှစ်လျှင် ဒေါ်လာ ၆၀၀ အောက်တွင် ရှိသော နိုင်ငံ တစ်ခုအတွက် မှတ်ပုံတင်ကြေး ငါးသိန်း ဟူသည်မှာ လွန်စွာ များပြားကြောင်း နိုင်ငံရေးပါတီ အများစုက မကျေမနပ် ပြောဆိုလျက် ရှိသည်။

လွတ်လပ်ပြီး တရားမျှတမှု ရှိလာလိမ့်မည်ဟု မျှော်လင့်ရသော ၂၀၁၀ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားသော နိုင်ငံရေး ပါတီပေါင်း ၄၀ ခန့် ရှိသည်။

ပေါ်ပေါက်လာမည့် လွှတ်တော် သုံးရပ်အတွက် စစ်အစိုးရ ကျောထောက် နောက်ခံ ရယူထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) မှ ဝင်ရောက် ယှဉ်ပြိုင်မည့် အမတ်လောင်း ၁၁၀၀ ကျော်ရှိသည်။ မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမကို ထောက်ခံသော မြန်မာ ပြည်သူများ အနေဖြင့် ရွေးကောက်ပွဲတွင် မဲမပေးရန် ပြီးခဲ့သည့် ရက်သတ္တပတ်က တိုက်တွန်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် အဆိုပါ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မှု ပြုမည် မဟုတ်ဟု သပိတ်မှောက်ထားသည်။ အကြောင်းမှာ စစ်အစိုးရက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေများ မျှတမှု မရှိသောကြောင့်ဟု ဆိုသည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများအရ ဖမ်းဆီး အကျဉ်းချ ခံထားရသူများ (တစ်နည်းအားဖြင့် ပြစ်ဒဏ် ကျခံနေရသူ) အနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိသလို အဆိုပါ ပုဂ္ဂိုလ်များအား အဖွဲ့ဝင်အဖြစ် သတ်မှတ်ထားသော နိုင်ငံရေး ပါတီများ အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည် ဆိုပါက ၎င်းတို့အား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရမည် ဖြစ်သည်။

၁၉၉၀ ပြည့်နှစ်က နောက်ဆုံး ကျင်းပခဲ့သော ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အနိုင် ရရှိခဲ့သည်။ သို့သော် စစ်အစိုးရက NLD အား အာဏာ လွှဲပြောင်း ပေးခဲ့ခြင်း မရှိသလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နှစ်ပေါင်း ၁၄ နှစ်တာမျှ ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

Monster Sand Critics မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 27th August 2010

လတ်တလော မြန်မာ့ရေးရာ သတင်းလောကကို လှုပ်ခတ်သွားစေခဲ့သော မြန်မာ့တပ်မတော် စစ်ဖက်ရာထူး အပြောင်းအလဲများတွင် ပါဝင်သည့် စစ်ဋ္ဌာနချုပ် တိုင်းမှူးများမှာ အထူးစစ်ဆင်ရေး အဖွဲ့မှူး ရာထူးများနှင့် စစ်ရုံးရှိ အခြားရာထူးများကို ရရှိသွားကြသည်ဟု သိရှိရသည်။

အရှေ့ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ရာပြည့်အား အမှတ်(၁) အထူးစစ်ဆင်ရေး အဖွဲ့မှူး အဖြစ်လည်းကောင်း၊ မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းအား အမှတ်(၂) အထူး စစ်ဆင်ရေး အဖွဲ့မှူးအဖြစ် လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်စိုးအား အမှတ် (၃) အထူးစစ်ဆင်ရေး အဖွဲ့မှူးအဖြစ် လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သက်နိုင်ဦးအား အမှတ်(၄) အထူးစစ်ဆင်ရေး အဖွဲ့မှူး အဖြစ် လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်ငွေအား အမှတ်(၅) အထူးစစ်ဆင်ရေး အဖွဲ့မှူး အဖြစ်လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမင်းအား အမှတ် (၆) အထူး စစ်ဆင်ရေး အဖွဲ့မှူးအဖြစ် လည်းကောင်း အသီးသီး ရာထူး တိုးမြှင့် ခန့်ထားခဲ့သည်ဟု သိရှိရသည်။

သောကြာနေ့တွင် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ရုံးမှ ထုတ်ပြန်သော အမိန့်စာတွင် ပါဝင်သော အခြား တိုင်းမှူးများမှာ အနောက်တောင်တိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေ၊ အနောင်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းအေး၊ ကမ်းရိုးတန်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်ဇော်ဦးနှင့် ရန်ကုန်တိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်တို့ ဖြစ်သည်။

တပ်မတော်အတွက် မဟာဗျူဟာမြောက် အရေးပါသည့် ဧရာဝတီတိုင်းမှ အနောက်တောင်တိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး နေရာကို အမှတ် (၂၂) တပ်မမှူး ဗိုလ်မှူးချုပ် တင်မောင်ဝင်းက ရရှိသည်ဟု သတင်းများအရ သိရှိရသည်။

အမှတ် (၈၈) တပ်မမှူး ဗိုလ်မှူးချုပ် စိုးထွဋ်က တောင်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူးအဖြစ် လည်းကောင်း၊ အမှတ် (၉၉) တပ်မမှူး ဗိုလ်မှူးချုပ် သိန်းဝင်းက ကမ်းရိုးတန်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူးအဖြစ် လည်းကောင်း၊ အမှတ် (၇၇) တပ်မမှူး ဗိုလ်မှူးချုပ် ထွန်းသန်းက ရန်ကုန်တိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူးအဖြစ် လည်းကောင်း၊ ဗိုလ်မှူးချုပ် မောင်မောင်လေးက နေပြည်တော်တိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး အဖြစ် လည်းကောင်း၊ ဗိုလ်မှူးချုပ် ရဲအောင်က အလယ်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး အဖြစ် လည်းကောင်း ရာထူး တိုးမြှင့် ရရှိကြသည်ဟု သတင်းများအရ သိရှိရသည်။

အကြာသေးမီက စစ်ဖက် ရာထူးများ စွန့်လွှတ်ခဲ့ကြသည့် အစိုးရအဖွဲ့ ဝန်ကြီးများကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနပိုင် အိမ်များမှ ရွှေ့ပြောင်းကြရန် ညွှန်ကြားထားပြီး လတ်တလော အနားယူခဲ့ကြသည့် အထူးစစ်ဆင်ရေး အဖွဲ့မှူးများဖြင့် ကြားဖြတ်အစိုးရ ဖွဲ့စည်းမည် မျှော်လင့်ရကြောင်း နေပြည်တော်မှ စစ်ဖက် အရာရှိများက ပြောကြားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB News, 25th August 2010

မြန်မာနိုင်ငံ မတည်ငြိမ်သော နယ်စပ်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၂ ဖွဲ့မှာ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရန် ဆက်လက် ငြင်းဆန်နေပါက ၎င်းတို့အား မြန်မာအစိုးရက တိုက်ခိုက်တော့မည် ဖြစ်သည်။

KNU/KNLA ငြိမ်းချမ်းရေး ကောင်စီသည် စက်တင်ဘာ ၁ ရက် နောက်ဆုံးထား၍ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် ပြောင်းလဲရမည် ဖြစ်ပြီး အကယ်၍ ငြင်းဆန်နေပါက အစိုးရတပ်ဖွဲ့များက ကရင်ပြည်နယ် အရှေ့ပိုင်း ဋ္ဌာနချုပ် အခြေစိုက်ရာ ဒေသမှ တိုက်ထုတ်တော့မည်ဟု သိရှိရသည်။

တပ်ဖွဲ့ဝင် အင်အား ၃၀,၀၀၀ ရှိသော ဝတပ်ဖွဲ့ UWSA မှာလည်း နယ်ခြားစောင့်တပ်အဖြစ် ကူးပြောင်းရန် အတင်းအကျပ် ဖိအားပေးခံရမည် ဖြစ်ပြီး သို့မဟုတ်ပါက အစိုးရတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရမည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ၂ ဖွဲ့စလုံးက ငြင်းဆန်နေကြခြင်းကြောင့် ဆယ်စုနှစ် ၂ စု နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သော အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်များမှာ ယခုအခါ စိုးရိမ်စရာ အခြေအနေသို့ ရောက်ရှိနေသည်။ KNU အဖွဲ့မှ ခွဲထွက်ကာ လွန်ခဲ့သော ၃ နှစ်က အစိုးရနှင့် အပစ်အခတ် ရပ်စဲရန် ညှိနှိုင်းခဲ့သူ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်မှူးချုပ် တင်မိုသီက ၎င်း၏ တပ်ဖွဲ့များကို တိုက်ခိုက်ခြင်းသည် ကရင်ပြည်သူ တစ်ရပ်လုံးကို စစ်ကြေညာခြင်းသာ ဖြစ်သည်ဟု ပြောကြားလိုက်သည်။

"ငြိမ်းချမ်းမှု ရှိအောင် ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ တတ်နိုင်သလောက် သည်းခံပြီး စေ့စပ်ညှိနှိုင်းမှာပါ" ဟု ပြောကြားခဲ့သော တင်မိုသီက အကယ်၍ မြန်မာ စစ်အစိုးရက ကရင်ပြည်သူများကို ခြိမ်းခြောက်နေပါက ကရင်ငြိမ်းချမ်းရေး ကောင်စီသည် ကရင် ပိုင်နယ်မြေများကို ကာကွယ်ရန် တုန့်ဆိုင်းနေမည် မဟုတ်ကြောင်း၊ ဗမာများ၊ တရုတ်များ၊ မူဆလင်များ အပါအဝင် မြန်မာနိုင်ငံတွင်းမှ တိုင်းရင်းသား မျိုးနွယ်စုများ အားလုံး အလားတူပင် ဖြစ်ကြောင်း ဆက်လက် ပြောဆိုခဲ့သည်။

သဘောထား ကွဲလွဲမှုများကြောင့် အုပ်စု ကွဲသွားခဲ့သော်လည်း DKBA တပ်ဖွဲ့မှာ နယ်ခြားစောင့် တပ်ဖွဲ့ ဖွဲ့စည်းသည့် အထိမ်းအမှတ် အခမ်းအနားကို ယခင်အပတ်က ပြုလုပ်ခဲ့သည်။ DKBA မှ ခွဲထွက်သွားခဲ့သော တပ်မှူး နှုတ်ခမ်ေးမွှးနှင့် ၎င်း၏ တပ်ဖွဲ့ဝင် ၁၅၀၀ ခန့်ကို မြန်မာ စစ်တပ်က လိုက်လံ တိုက်ခိုက်နေသည်ဟု သိရှိရသည်။

ထိုင်းနိုင်ငံနှင့် နယ်စပ်ခြင်း ထိစပ်နေသည့် ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်သည် များစွာ ဖိအားပေးခံရမည် ဖြစ်ပြီး တိုက်ပွဲများ ဖြစ်ပွားပါက စစ်ပြေး ဒုက္ခသည်များ အစုလိုက်အပြုံလိုက် အိမ်နီးချင်း နိုင်ငံများသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးမှုများ ဖြစ်ပေါ်လာလိမ့်မည်ဟု လူ့အခွင့်အရေး အဖွဲ့များက သတိပေး ပြောကြားထားသည်။

ရှမ်းပြည်နယ် အတွင်း နယ်မြေ အချို့ကို ထိန်းချုပ်ထားသည့် ဝ တပ်ဖွဲ့မှ အရာရှိတစ်ဦးက "မိမိတို့ ဝတပ်ဖွဲ့ အနေဖြင့် စက်တင်ဘာ ၄ ရက် နောက်ဆုံးထား၍ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ပျက်ကွက်ခဲ့ပါက တရားမဝင် သောင်းကျန်းသူ အဖွဲ့အစည်း အဖြစ် သတ်မှတ်ခံရမည် ဖြစ်ကြောင်းနှင့် ၁၉၈၈ ခုနှစ် မတိုင်မီ အခြေအနေသို့ ပြန်ရောက်သွားလိမ့်မည် ဟု သတိပေးခံရကြောင်း ပြောကြားခဲ့သည်။

"ကျွန်တော်တို့မှာ ခွဲထွက်ဖို့ အစီအစဉ် မရှိသလို၊ အစိုးရကိုလည်း တိုက်ခိုက်မှာ မဟုတ်ပါဘူး၊ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် စေ့စပ်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်တဲ့ အနေအထားကိုပဲ ထိန်းသိမ်း ထားချင်တာပါ" ဟု ၎င်းက ဆိုသည်။

လွန်ခဲ့သောရက် အတန်ကြာက ရှမ်းပြည်နယ် တန့်ယန်းတွင် မြန်မာအစိုးရ အရာရှိများနှင့် ဝ ခေါင်းဆောင်များ တွေ့ဆုံစဉ် နောက်ဆုံး သတ်မှတ်ရက်ကို သတိပေးခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။ ဖြစ်လာနိုင်ခြေ ရှိသော ပဋိက္ခ အတွက် UWSA က မည်သည့် အထူး ကြိုတင် ပြင်ဆင်မှုကိုမျှ မပြုလုပ်ဟု ပြောကြားခဲ့သော ဝ တပ်ဖွဲ့ အရာရှိက "ကျွန်တော်တို့ကို အစိုးရက တိုက်ခိုက်လိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး၊ အကယ်၍ သူတို့ဖက်က တကယ် တိုက်လာပြီဆိုရင် တစ်မျိုး စဉ်းစားရမှာပေါ့'' ဟု ပြောကြားခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 27th August 2010

မြန်မာ စစ်ဖက် အုပ်ချုပ်သူ အကြီးအကဲ ၃ ဦးသည် သောကြာနေ့တွင် ၎င်းတို့၏ စစ်ဖက် ဆိုင်ရာ ရာထူးများကို စွန့်လွှတ်ခဲ့ကြပြီး နိုဝင်ဘာလ လွှတ်တော် ရွေးကောက်ပွဲ အပြီးတွင် တိုင်းပြည်၏ အာဏာ အရှိဆုံး ရာထူးများကို ရယူရန်အတွက် ၎င်းတို့၏ လမ်းကို ၎င်းတို့ ဖောက်ခဲ့ခြင်း ဖြစ်သည်ဟု စစ်ဖက် အရာရှိကြီး တစ်ဦးက ပြောကြားသည်။

လွှတ်တော်တွင် သမ္မတလောင်း ၃ ဦး၏ အမည်စာရင်းကို တင်သွင်းပြီးနောက်တွင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်က ရွေးချယ်ပေးသော အရပ်သား သမ္မတက အစိုးရကို ဖွဲ့စည်းမည် ဖြစ်သည်။ အရွေး မခံရသော သမ္မတလောင်း ၂ ဦးမှာ ဒုတိယ သမ္မတများ ဖြစ်လာကြမည် ဖြစ်သည်။

တပ်မတော်အတွင်း လတ်တလော ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းမှုများအရ ဖြစ်နိုင်ချေ အများဆုံးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (၇၈နှစ်) သာလျှင် သမ္မတအဖြစ် ရွေးချယ်ခံရဖွယ် ရှိနေပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး (၇၂နှစ်) နှင့် ဗိုလ်ချုပ်ကြီး သူရရွှေမန်း (၆၂နှစ်) တို့မှာ ဒုတိယ သမ္မတများ ဖြစ်လာနိုင်သည်။

မြန်မာနိုင်ငံတွင် အာဏာ တည်ဆောက်ပုံကို ပြောင်းလဲခြင်း မရှိဘဲ ထိပ်ပိုင်း ဗိုလ်ချုပ်မှူးကြီးများက စစ်ယူနီဖောင်းချွတ် အရပ်ဝတ်လဲကာ ရွေးကောက်ပွဲများဖြင့် ဟန်ပြ လှည့်စားလျက် ရှိသည်ဟု နိုင်ငံရေး အကဲခတ်များက ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ် ယူဆထားမှုကို ယခု အပြောင်းအလဲများက ပိုမို ခိုင်မာသွားစေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 26th August 2010

ရွေးကောက်ပွဲ သပိတ်မှောက်မှုများ၊ အလွန်အကျွံ တင်းကြပ်လွန်းသည့် ရွေးကောက်ပွဲ ဥပဒေများနှင့် အတိုက်အခံ ခေါင်းဆောင်တို့ နုတ်ထွက်မှုများကြောင့် ရွေးကောက်ပွဲရက် သတ်မှတ် ကြေညာပြီး နှစ်ပတ်မျှသာ ရှိသေးသော အချိန်၌ပင် မြန်မာ စစ်ဖက် အုပ်ချုပ်သူများ အတွက် အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများကို အနိုင်ရရှိရန် အလွယ်တကူ အခွင့်အရေး ရရှိစေခဲ့ပြီ ဖြစ်သည်။

၄၈ နှစ်ကြာ အာဏာ ချုပ်ကိုင်မှုကို စွန့်လွှတ်ရန် ရည်ရွယ်ချက် မရှိသော စစ်ဖက် အစိုးရ၏ လက်ထဲတွင် ချုပ်ကိုင်ထားသည်ဟု ကျွမ်းကျင်သူများက ပြောကြားလျက် ရှိသော များစွာ အဝေဖန် ခံနေရသည့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲများ နီးကပ်လာသည် နှင့်အမျှ နိုင်ငံရေးအရ ကန့်သတ် ချုပ်ချယ်ခြင်း ခံနေရသော မြန်မာ အတိုက်အခံများမှာ လုံးဝ ဖရိုဖရဲ ဖြစ်နေသည့် လက္ခဏာ ရှိသည်။

သြဇာ ကြီးမားသော ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က လာမည့် ရွေးကောက်ပွဲတွင် မဲမပေးဘဲ နေကြရန် သူမ၏ ယခု ဖျက်သိမ်းထားသော NLD ပါတီ ထောက်ခံသူများအား အင်္ဂါနေ့က တိုက်တွန်းခဲ့သလို၊ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေကလည်း လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ပါဝင် ယှဉ်ပြိုင်တော့မည် မဟုတ်ဟု ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

များပြားလွန်းသော မှတ်ပုံတင်ကြေးများ၊ မဲဆွယ် စည်းရုံးမှုကို တင်းကြပ်ထားသော ဥပဒေများ၊ စစ်ဖက် အရာရှိများ၏ ခြိမ်းခြောက်မှုများနှင့် ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်လောင်းများ စုဆောင်း ရှာဖွေရန် အချိန်ပေးမည် ဆိုရုံမျှသာ ခွင့်ပြုခြင်း စသော ပြဿနာများနှင့် နိုင်ငံရေး ပါတီများ နပန်းလုံး နေရသဖြင့် အထက်ပါ တုန့်ပြန်မှုများ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ယခင် အပတ်က ထုတ်ပြန် ကြေညာသော ဥပဒေများအရ မဲဆွယ် စုဝေးမှုများနှင့် သတင်း ထုတ်ပြန်မှုများ အတွက် တရားဝင် ခွင့်ပြုချက် လိုအပ်ပြီး၊ တပ်မတော် အပေါ် ဝေဖန်မှုများကိုလည်း ဥပဒေအရ ခွင့်မပြုဟု သိရှိရသည်။ ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့်လည်း ပါတီ အလံများ ကိုင်ဆောင်မှု၊ ပါတီဆောင်ပုဒ်များ ကြွေးကြော်မှုတို့ကို တားမြစ်ရန် လုပ်ပိုင်ခွင့် အာဏာ ရရှိထားသည်ဟု ဆိုသည်။

"စစ်အစိုးရက သူတို့ လုပ်ချင်သလို လုပ်ဖို့ စီစဉ်ထားတဲ့ အထဲမှာ ဒါက သဘောလောက်ပဲ ရှိပါသေးတယ်" ဟု ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ ပညာရှင် ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 27th August 2010

မြန်မာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဒုတိယ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့သည် အခြား ထိပ်တန်း စစ်ဖက် အကြီးအကဲ ၆ ဦး နှင့်အတူ စစ်ဖက် ရာထူးများ စွန့်လွှတ်ခဲ့ကြကြောင်း နေပြည်တော် သတင်း ရပ်ကွက်မှ သိရှိရသည်။

အထက်ပါ ထိပ်တန်း အရာရှိ ၈ ဦးသည် ၎င်းတို့၏ အစိုးရ အဖွဲ့ ရာထူးများကိုမူ ဆက်လက် ရယူထားမည် ဖြစ်၍ အသက် ၇၇ နှစ်ရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ၊ အစိုးရ အကြီးအကဲ အဖြစ် ဆက်လက် ရှိနေမည် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၁၉၉၂ ဧပြီလက စ၍ ရယူခဲ့သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို လက်ရှိ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်အောင်အား လွှဲပြောင်း ပေးလိုက်သည်ဟု သိရှိရသည်။

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို လက်ရှိ အမှတ် ၃ အထူး စစ်ဆင်ရေး အဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုထံ လွှဲပြောင်း ပေးလိုက်သည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် အစိုးရ အဖွဲ့ ဒုတိယ အကြီးအကဲ အဖြစ် ဆက်ရှိနေမည်ဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ရွေးချယ် တင်မြှောက်ခံ သမ္မတထံ အာဏာ လွှဲပြောင်းပေးမည့် ၂၀၁၁ ဘဏ္ဍာရေး နှစ်ကုန်အထိ နိုင်ငံ့ခေါင်းဆောင် ရာထူးကို ဆက်လက် ရယူထားလိမ့်မည်ဟု မျှော်လင့်ရသည်။ အဆိုပါ ရာထူးကို လက်ရှိ အစိုးရ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရွှေမန်း ရရှိလိမ့်မည်ဟု ခန့်မှန်းထားကြသည်။

ဗိုလ်ချုပ်ကြီး ရွှေမန်း နှင့်အတူ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးလည်း စစ်ဖက် ရာထူး စွန့်လွှတ်ကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်လောင်းများ အဖြစ် နေပြည်တော် မဲဆန္ဒနယ်များတွင် ပါဝင် ယှဉ်ပြိုင်ကြမည်ဟု သိရှိရသည်။

ဗိုလ်ချုပ်ကြီး ရွှေမန်းနှင့် ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးတို့ အပါအဝင် ထိပ်တန်း စစ်ဖက် အရာရှိ ၁၀ ဦးကျော်လည်း တပ်မတော်မှ အနားယူကြမည်ဟု AP သတင်းဌာနက သောကြာနေ့တွင် သတင်း ထုတ်ပြန်သည်။

ဗိုလ်ချုပ်ကြီး ရွှေမန်း၏ ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ရာထူးကို လက်ရှိ အမှတ် ၂ အထူး စစ်ဆင်ရေး အဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ရရှိသည်ဟု သတင်း ရပ်ကွက်က ဆိုသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို ခေါင်းဆောင်ရန် အတွက် စစ်ဖက် ရာထူး စွန့်လွှတ် ခဲ့ကြပြီးသော ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် အစိုးရ အဖွဲ့ ဝန်ကြီးများသည်လည်း ၎င်းတို့၏ လက်ရှိ အစိုးရ ရာထူးများကို လာမည့် လတွင် စွန့်လွှတ်ကြမည်ဟု သိရှိရသည်။

ယခု သီတင်းပတ် အစောပိုင်းတွင် အစိုးရ ဝန်ကြီး အားလုံးအား အစိုးရပိုင် အိမ်များကို ပြန်လည် အပ်နှံရန် အကြောင်းကြားခဲ့သည်ဟု သိရှိရပြီး၊ ယာယီ ကြားဖြတ် အစိုးရကို မကြာမီ အတောအတွင်း ဖွဲ့စည်း လိမ့်မည်ဟုလည်း မျှော်လင့်ရသည်။

စစ်အစိုးရ ခေါင်းဆောင်ပိုင်း အတွင်းမှ နောက်ဆုံး အပြောင်းအလဲများကို သတင်း ရပ်ကွက် များစွာမှ ရရှိခဲ့ခြင်း ဖြစ်ပြီး ရွေးကောက်ပွဲ မတိုင်မှီ ကပ်၍ ပေါ်ထွက်လာသော သတင်းများ၏ အသေးစိတ် အချက်အလက်များမှာမူ ကျန်ရှိနေဆဲ ဖြစ်ပြီး အဆိုပါ သတင်းများကို အတည်ပြုနိုင်ရန် ဧရာဝတီက ကြိုးစားနေသည်။

လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲသည် လက်ရှိ စစ်ဖက် အစိုးရ၏ အာဏာ ဆက်လက် ခိုင်မြဲစေရန် အားထုတ်မှု အဖြစ် ကမ္ဘာတစ်ဝှမ်းက ရှုမြင်ကြသည်။

အကယ်၍ ယခု စစ်ဖက် ရာထူး အပြောင်းအလဲ သတင်းများကို အတည်ပြု နိုင်ခဲ့ပါက ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၎င်း၏ စစ်တပ် အတွင်းမှ သစ္စာခံများ၊ သြဇာ ညောင်းသူများနှင့် ရောင်းရင်းများထံ အောင်မြင်စွာ အာဏာ လွှဲပြောင်း ပေးနိုင်ခဲ့ခြင်း ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ အနာဂတ် ရွေးချယ်ခံ အစိုးရတွင် သြဇာလွှမ်းမည့် အဆိုပါ သစ္စာခံများကို ကန့်လန့်ကာ နောက်ကွယ်မှ ဆက်လက် ကြိုးကိုင် သွားလိမ့်မည်ဟု အကဲခတ် လေ့လာသူများက သုံးသပ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Xinhua News, 27th Aug 2010

          မြန်မာနိုင်ငံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လာမည့် လွှတ်တော် ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ခြင်း လုပ်ငန်းကို စနေ၊ တနင်္ဂနွေ ရုံးပိတ်များတွင် မနားဘဲ တက်သုတ်ရိုက် လုပ်ဆောင်လျက် ရှိကြောင်း သောကြာနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြသော ရွေးကောက်ပွဲ ကော်မရှင် ကြေညာချက်အရ သိရှိရသည်။

          နိုင်ငံရေးပါတီများ အနေဖြင့် လာမည့် နိုဝင်ဘာ ၇ ရက် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်များနှင့် လွှတ်တော် အရပ်ရပ်အတွက် ပါဝင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ စာရင်းကို သြဂုတ်လ ၁၆ ရက်မှ ၃၀ ရက်အတွင်း တင်သွင်းကြရန် ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားသည်။

          လွှတ်တော် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ၎င်းတို့နှင့် သက်ဆိုင်သော လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကို ဆောင်ရွက်နိုင်ရန် တရားရုံးများနှင့် ဘဏ်တိုက်များကို စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွင် ဖွင့်ပေးထားမည်ဟု New Light of Myanmar သတင်းစာတွင် ဖွင့်ပေး ထားမည်ဟု New Light of Myanmar သတင်းစာက ဖော်ပြသော ကြေညာချက်က ဆိုသည်။

          ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား လွှတ်တော် ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ် ၃၃၀ နှင့် ဒေသကြီး လွှတ်တော် ရွေးကောက်ပွဲအတွက် ဒေသ တစ်ခုတိုင်းတွင် မဲဆန္ဒနယ် ၁၂ နယ် စီစဉ် သတ်မှတ်ထားသည်။

          ရွေးကောက်ပွဲ ဝင်ကြမည့် ပါတီ ၄၇ ခု အနက် ၄၂ ခုကို ကော်မရှင်က ခွင့်ပြုခဲ့ပြီး ဖြစ်ကာ ကျန်ပါတီ ၅ ခုမှာ ခွင့်ပြုချက် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။

          ခွင့်ပြုချက် ရပြီးသော နိုင်ငံရေး ပါတီ ၄၂ ခုအနက် အသစ် ဖွဲ့စည်းသော ပါတီ ၃၇ ခု ပါဝင်ပြီး ကျန်ပါတီ ၅ ခုမှာ ၁၉၉၀ ရွေးကောက်ပွဲ ကာလက ဖွဲ့စည်းခဲ့သော ပါတီဟောင်းများ ဖြစ်သည်။

          မြန်မာ စစ်ဖက်အစိုးရက ၂၀၀၃ သြဂုတ်လတွင် ကြေညာခဲ့သော အဆင့် ၇ ဆင့် ဒီမိုကရေစီ လမ်းညွှန် မြေပုံတွင် အမျိုးသား ညီလာခံ ပြန်လည် ကျင်းပခြင်း၊ အခြေခံ ဥပဒေသစ် မူကြမ်း ရေးဆွဲခြင်း၊ အခြေခံ ဥပဒေ မူကြမ်းအတွက် ပြည်သူ့ဆန္ဒ ခံယူပွဲ ကျင်းပခြင်း၊ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးခြင်းနှင့်၊ အရပ်ဖက် အစိုးရသစ် ဖွဲ့စည်းခြင်းတို့ ပါဝင်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 26th August 2010

၂၀၀၈ ခုနှစ်က ဘန်ကောက် လေဆိပ် ၂ ခုကို စီးနင်း သိမ်းပိုက်မှုနှင့် ပတ်သက်ပြီး ဒါဇင်နှင့် ချီသော ဘုရင့် သစ္စာခံ ရှပ်ဝါများကို ထိုင်း ရဲတပ်ဖွဲ့က ကြာသပတေးနေ့တွင် တရားစွဲဆိုခဲ့ပြီး ၎င်းတို့ အနက် ထက်ဝက်ခန့်မှာ အကြမ်းဖက် ကျူးကျော်မှုဖြင့် တရားစွဲ ခံရခြင်း ဖြစ်သည်ဟု PAD ပြောရေးဆိုခွင့် ရှိသူက ပြောကြားလိုက်သည်။

ယခင်က ရှပ်ဝါများဟု ခေါ်ကြသော People's Alliance for Democracy PAD အဖွဲ့ဝင် ၆၀ ခန့်မှာ ဘန်ကောက် မြို့တော် ရာဇဝတ် မှုခင်း နှိမ်နင်းရေး ဗျူရို၌ ၎င်းတို့၏ အမှုများကို ကြားနာနေချိန်တွင် ၎င်းတို့အား ထောက်ခံသူများက အဆောက်အအုံ၏ အပြင်ဖက်တွင် စုဝေးကာ ဆူပူ အော်ဟစ် ခဲ့ကြသည်ဟု သိရှိရသည်။

အဆိုပါ PAD အဖွဲ့၏ နိုင်ငံရေး ပါတီဖြစ်သော New Politics Party မှ ပြောရေးဆိုခွင့် ရှိသူ ဆာမာရမ်ရော့ပက်ခ်ျက ပြောကြားရာ၌ အကြမ်းဖက် ဥပဒေ ချိုးဖောက်ကြောင်း စွပ်စွဲချက်ဖြင့် ရင်ဆိုင် နေရသော အဖွဲ့ဝင် ၃၀ အနက် ဆန္ဒပြ ခေါင်းဆောင် ၂ ဦး ဖြစ်သော ဆွန်ဒီလင်သွန်ကူးနှင့် ဆွမ်ဆပ်ကိုဆိုင်ဆပ်တို့ ပါဝင်သည်ဟု ဆိုသည်။

"ရဲတပ်ဖွဲ့က တရား စွဲဆိုချက်တွေကို ကျွန်တော်တို့ကို ပြောပါတယ်။ ကျွန်တော်တို့က ငြင်းဆိုထားပါတယ်" ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့ပြီး တရားစွဲ ခံရသူများ အားလုံးသည် ရက်ပေါင်း ၃၀ အတွင်း သက်သေ တွက်ချက် တင်သွင်းရမည်ဟု ဆိုသည်။

ရှပ်ဝါများ၏ ၂၀၀၈ ခုနှစ် ဘန်ကောက် လေဆိပ် ၂ ခု သိမ်းပိုက်မှုသည် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်ပေါင်း သိန်းနှင့်ချီ၍ သောင်တင် သွားစေခဲ့သလို ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာ ဝပ်ထရာ၏ ဘက်တော်သား အစိုးရကို ဖြုတ်ချရာတွင် အထောက်အကူ ဖြစ်စေခဲ့သည်။

ရုပ်ဝါများ၏ ဆန္ဒပြ ချီတက်ပွဲများက တစ်စိတ်တစ်ပိုင်း အစပျိုးခဲ့သော ၂၀၀၆ စစ်တပ် အာဏာ သိမ်းမှုကြောင့် ဝန်ကြီးချုပ် သက်ဆင် ပြည်ပသို့ တိမ်းရှောင်သွား ခဲ့ရခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

News Wires, 26th August 2010

          တရုတ်နိုင်ငံပိုင် ရေနံလုပ်ငန်း CNPC ၏ လက်အောက် ပြည်တွင်း ကုမ္ပဏီခွဲသည် ယူနန်ပြည်နယ် မြို့တော် ကူမင်းနှင့် အခြား မြို့တော်များ ဖြစ်သော အန်နင်း၊ ကျူတင်း၊ ချူဇောင်း၊ ဒါလီ၊ ယူဇီ၊ ပေါင်ရုန်းတို့ကို ဆက်သွယ်မည့် ရေနံထွက်ကုန် ပိုက်လိုင်း ၃ ခု ကွန်ယက်အတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အကဲဖြတ် လုပ်ငန်းကို ဆောင်ရွက် ပြီးစီးသွားပြီဟု Yunan International Daily က သတင်း ဖော်ပြခဲ့သည်။

          ကုမ္ပဏီ အရာရှိ တစ်ဦးကို ကိုးကားထားသော သတင်းအရ ပိုက်လိုင်း တည်ဆောက်မှုကို လာမည့် နှစ်တွင် စတင်ဖွယ် ရှိပြီး ၃ နှစ်အတွင်း ပြီးစီးမည်ဟု သိရှိရသည်။

          CNPC သည် မြန်မာနိုင်ငံကို ဖြတ်သန်း ရောက်ရှိလာမည့် ကုန်စိမ်းများကို သန့်စင် ချက်လုပ်ရန် အတွက် နေ့စဉ် ၂၀၀၀၀၀ bpd ချက်လုပ်နိုင်မည့် ရေနံချက်စက်ရုံ တစ်ခုကိုလည်း အန်နင်း မြို့တော်တွင် တည်ဆောက်လျက် ရှိပြီး လာမည့် ၃ နှစ်အတွင်း ပြီးစီးမည် ဖြစ်သည်။

          ရေနံစိမ်း သိုလှောင်ကန်များကို ယူနန်ပြည်နယ် တစ်ဝှမ်း ၁၆ နေရာတွင် ဆောက်လုပ် နေသည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။

          CNPC သည် မြန်မာနိုင်ငံ အနောက်ဖက် ကမ်းရိုးတန်း မဒေးကျွန်းပေါ်တွင် ရေနံဆိပ် ကမ်းတစ်ခုကို ၂၀၀၉ နိုဝင်ဘာမှ စ၍ တည်ဆောက်နေပြီး ၎င်းဆိပ်ကမ်းနှင့် ရွှေလီမြို့ကို ဆက်သွယ်မည့် ရေနံပိုက်လိုင်း တည်ဆောက်မှုကို ယခုနှစ် ဇွန်လက စတင်ခဲ့သည်။

          အဆိုပါ ပိုက်လိုင်းကို ၂၀၁၂ တွင် အပြီးသတ် သွယ်တန်းရန် စီစဉ်ထားပြီး တရုတ်နိုင်ငံသို့ တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် ၁၂ သန်း ပို့ဆောင်ရန် ဒီဇိုင်း ရေးဆွဲထားသည်။

          လက်ရှိ အချိန်တွင် တရုတ်နိုင်ငံ၏ သွင်းကုန် ၈၀% ကို ဖြတ်သန်းသယ်ဆောင် လျက်ရှိသော မလေးရှားနှင့် အင်ဒိုနီးရှား အကြားရှိ ရေကြောင်းကျပ်သော မလက္ကာ ရေလက်ကြားမှ မဟာဗျူဟာအရ အန္တရယ်ပွိုင့် ဖြစ်နေသဖြင့် ရှောင်ရှားရန်နှင့် တရုတ်၏ ဖြည့်တင်းရေး လမ်းကြောင်းများကို ခွဲဖြာထားရန်အတွက် တရုတ်တို့၏ ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်း အဖြစ် အထက်ပါ စီမံကိန်းကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

          မြန်မာပြည်ဖြတ် ရေနံပိုက်လိုင်းနှင့် ယှဉ်လျှက် သဘာဝ ဓာတ်ငွေ့ ၁၂ ဘီလျံ ကုဗမီတာ ပို့လွှတ်မည့် ဓာတ်ငွေ့ ပိုက်ကိုလည်း တည်ဆောက်လျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

PTI, 26th August 2010

မြန်မာနိုင်ငံကို စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း စစ်ဆေးရန် အိုဘားမား အစိုးရက ဆုံးဖြတ်ခြင်း၊ မနှစ်က စတင်ခဲ့သော နှစ်နိုင်ငံ အကြား ဆွေးနွေးပွဲများနှင့် ပတ်သက်၍ များစွာ ဝေဖန် ပြောဆိုနေကြခြင်းတို့သည် လက်တွေ့ကျသည့် အစီအစဉ် အားလုံး အတွက် အတားအဆီး ဖြစ်လာခဲ့သည်။

"မကြာမီ အတောအတွင်း မြန်မာနိုင်ငံနဲ့ ဆွေးနွေးပွဲတွေ ရှိ/မရှိကို ကျွန်တော် မခန့်မှန်း နိုင်ပါဘူး။ ရက်သတ်မှတ်ဖို့ အတွက် အချိန် လိုဦးမယ်လို့လည်း မပြောနိုင်ပါဘူး" ဟု သတင်းထောက်များအား ယမန်နေ့က ပြောကြားခဲ့သူ ဝါရင့် အစိုးရ အရာရှိက တွေ့ဆုံ ညှိနှိုင်းရေး မူဝါဒမှာ အသက်ဝင်နေဆဲ ဟူသော အချက်ကိုမူ အခိုင်အမာ ပြောဆိုခဲ့သည်။

"မြန်မာနိုင်ငံနဲ့ ကျွန်တော်တို့ ဆက်လက် ဆွေးနွေး ညှိနှိုင်းမှာပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဖိအားပေးဖို့ နည်းလမ်းတွေကိုလည်း ဆက်ပြီး ရှာဖွေမှာပါ" ဟု အမည် မဖော်လိုသော အရာရှိက ဆိုသည်။

ယမန်နှစ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ အဝန်းအဝိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ကြေညာခဲ့သော တွေ့ဆုံ ညှိနှိုင်းရေး မူဝါဒသည် မည်သည့် ရလဒ်မှ ထွက်ပေါ်ခဲ့ခြင်း မရှိဘဲ နိုင်ငံတကာ အသိုင်းအဝိုင်း၏ စိတ်ပျက်လက်ပျက် ဖြစ်မှုသာ အမှန်တကယ် မြင့်တက်လာခဲ့ခြင်းကြောင့် ဖိအားပေးမည့် အစီအစဉ်ကို အားကိုးရန် သိသိသာသာ လက်ခံလာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအား စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း စစ်ဆေးမည့် အပေါ် အခြားနိုင်ငံများက ၎င်းတို့၏ သဘောထား အမြင်ကို တင်ပြလာပါက အမေရိကန် ပြည်ထောင်စု အနေဖြင့် ၎င်းတို့နှင့် တိုင်ပင် ညှိနှိုင်းကာ ဆုံးဖြတ်မည်ဟု အဆိုပါ အရာရှိက ပြောကြားခဲ့သည်။

ထိုနေ့ အစောပိုင်းတွင် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့် ရှိသူက "မြန်မာ စစ်ဖက် အစိုးရ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရန် နိုင်ငံတကာ ကော်မရှင် ဖွဲ့စည်းမှုကို အမေရိကန် ပြည်ထောင်စုက ထောက်ခံကြောင်း" ထပ်မံ ပြောဆိုခဲ့သည်။

"နိုင်ငံတကာ ဥပဒေကို မြန်မာနိုင်ငံမှာ ဆိုးဆိုးဝါးဝါး ချိုးဖောက်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို စစ်ဆေးဖို့ အတွက် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်ကို သေသေချာချာ ဖွဲ့စည်းတာဟာ ကြောင်းကျိုး ခိုင်လုံပြီး သင့်လျော် မှန်ကန်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒီအစီအစဉ်ကို ဘယ်လို အကောင်းဆုံး ဆောင်ရွက်မလဲ ဆိုတာကို ကျွန်တော်တို့ လေ့လာ သုံးသပ် နေပါတယ်" ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ PJ Crowley က ၎င်း၏ နေ့စဉ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုအတောအတွင်း ထင်ရှားသော မြန်မာ့ အရေး ကျွမ်းကျင်သူ Reynaud Egreteau က "လွန်ခဲ့သော ၁၅ နှစ် အတွင်း မြန်မာနိုင်ငံသည် ဖြတ်ကျော်ရန် ခက်ခဲသော ပတ်ဝန်းကျင်တွင် တရုတ်နှင့် အာဆီယံ သံတမန် ဆက်ဆံမှုတို့ကိုသာ လက်ကိုင်ထား၍ ၎င်း၏ နိုင်ငံခြားရေး မူဝါဒကို ကျကျနန ထိန်းကျောင်း သွားခဲ့သည်" ဟု East West Center အတွက် ရေးသားသော ဆောင်းပါးတွင် တင်ပြခဲ့သည်။

ထို့အပြင် နယူးဒေလီသည် ၎င်းအတွက် ခက်ခဲ၍ အများကို စိတ်ပျက် စေခဲ့သည့်တိုင်၊ ပြည်တွင်း၊ ပြည်ပ အကြောင်းရင်း များစွာကြောင့် မြန်မာနိုင်ငံနှင့် ရင်းနှီးစွာ ဆက်ဆံရန် ကြိုးစားနေခြင်း ဖြစ်လိမ့်မည်ဟု ဟောင်ကောင် University မှ သုတေသန လက်ထောက် ပါမောက္ခ Egreteau က ဆိုသည်။

"၂၀၁၀ ဇူလိုင် လကုန်က မြန်မာ အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ကြိုဆိုဖို့ အိန္ဒိယနိုင်ငံက ဆုံးဖြတ်ခဲ့တာဟာ ဆက်ဆံရေး ပြန်လည် ကောင်းမွန်နေခြင်းရဲ့ ဝင်းပမှုကို ပြခဲ့သလို ဖြစ်ပုံရပေမယ့် အိန္ဒိယနိုင်ငံက သူ့ရဲ့ အရှေ့ဖက် အိမ်နီးချင်းနဲ့ ဘာတွေများ တိုးတက်အောင် လုပ်ဆောင်ခဲ့သလဲ ဆိုတာကို ဂရုတစိုက် စဉ်းစား သုံးသပ်ကြည့်မယ် ဆိုရင် အိန္ဒိယ-မြန်မာ ဆက်ဆံရေးဟာ အဆင် မချောသေးဘူး ဆိုတဲ့ အချက်ကို တွေ့ရပါလိမ့်မယ်" ဟု ၎င်းက ရေးသားထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.