Transparency Myanmar

transparency.myanmar@gmail.com

The Washington Times, 2nd Sept 2010

မြန်မာနိုင်ငံ၌ လာမည့် နိုဝင်ဘာ ၇ တွင် ကျင်းပရန် စီစဉ်ထားသော အထွေထွေ ရွေးကောက်ပွဲများ မတိုင်မီ ၂ လကျော်မျှသာ လိုတော့သော အချိန်တွင် မြန်မာ စစ်ဖက် အစိုးရ ကျူးလွန်သည်ဟု စွပ်စွဲထားကြသော စစ်ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရန် ကုလသမဂ္ဂ ဦးဆောင်သော ကော်မရှင် ဖွဲ့စည်းရေး အတွက် သြစတြေးလျ၊ ဗြိတိန်၊ ချက်ရီပတ်ဘလစ်၊ စလိုဗက်ကီးယား စသော နိုင်ငံများနှင့် အမေရိကန် ပြည်ထောင်စုတို့ ပူးပေါင်းခဲ့ကြသည်။

အိမ်ဖြူတော်က သြဂုတ်လ ၁၈ တွင် ထုတ်ပြန်သော ကြေညာချက်၌ စုံစမ်းရေး ကော်မရှင်သည် မြန်မာ အစိုးရ အဖွဲ့ဝင်များ တာဝန်ရှိသည့် ကိစ္စများကို ဖော်ထုတ်ခြင်းဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေကို တိုးတက်စေနိုင်လိမ့်မည်ဟု ဖော်ပြထားသည်။ မြန်မာ နိုင်ငံအပေါ် ဆက်လက် အရေးယူ ဒဏ်ခတ်မည့် အလားအလာကိုလည်း အိုဘားမား အစိုးရက အရိတ်အမြွက် ပြောကြားခဲ့သည်။

 မြန်မာ့ တပ်မတော် ခေါင်းဆောင်များအား စုံစမ်း စစ်ဆေးရန် ကော်မရှင် ဖွဲ့စည်းရေး ကိစ္စကို မြန်မာ လူ့အခွင့်အရေး အုပ်စုများကလည်း ကြိုးစားခဲ့ကြသည်။

မြန်မာနိုင်ငံ ဆိုင်ရာ ကုလ လူ့အခွင့်အရေး အရာရှိ Tomas Ojea Quintana ၏ အစီရင်ခံစာကို မတ်လ အတွင်းက လူ့အခွင့်အရေး ကောင်စီသို့ တင်ပြခဲ့သော အချိန်တွင် အဆိုပါ ကိစ္စ ပို၍ လူသိများ ကျယ်ပြန့် သွားခဲ့ခြင်း ဖြစ်သည်။

တသမတ်တည်း ထုတ်ပြန်ခဲ့ကြသော အစီရင်ခံစာများအရ အဆိုပါ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးမှ ပြဋ္ဌာန်းထားသော ဥပဒေများက သတ်မှတ်သည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု အမျိုးအစားများနှင့် အကျုံးဝင် ငြိစွန်းနေဖွယ် ရှိသည့် ဖြစ်နိုင်ခြေ ထွက်ပေါ်လာခဲ့သည်ဟု Mr.Quintana  က ဆိုသည်။

၂၀၀၉ စက်တင်ဘာလက စတင်ခဲ့သည့် အိုဘားမား အစိုးရ၏ သံတမန်ရေး တွေ့ဆုံ ဆွေးနွေးမှုများမှ ရလဒ်ကောင်းများ ထွက်ပေါ်လာခြင်း မရှိသည့် အချိန်တွင် အခြား ရွေးချယ်စရာ နည်းလမ်း အနည်းငယ်မျှသာ ရှိတော့သည်။ ပြီးခဲ့သော ၁၁ လအတွင်း တွေ့ဆုံ ညှိနှိုင်းမှု ပြုလုပ်ခဲ့ရာတွင် အိုဘားမား အစိုးရ အနေဖြင့် မြန်မာ စစ်အစိုးရ၏ ရည်ရွယ်ချက်နှင့် စိတ်နေ သဘောထားကို ပိုမို သိရှိ သဘောပေါက်သွားသည့် လက္ခဏာ ရှိသည်။ ထိုအချက်ကြောင့်ပင် အိမ်ဖြူတော် အနေဖြင့် ထော်လော် ကန့်လန့် တိုက်တတ်သော မြန်မာ အစိုးရ ခေါင်းဆောင်များနှင့် ထိရောက်စွာ ဆက်ဆံနိုင်ရေးအတွက် မဟာဗျူဟာကို ပြန်လည် ရေးဆွဲရန် အခွင့်အလမ်း ရရှိခဲ့ခြင်း ဖြစ်သည်။

ဝါရှင်တန်သည် အဆင့်မြင့် သံတမန် ခရီးစဉ်များမှ တဆင့် မြန်မာ အစိုးရ ခေါင်းဆောင်များနှင့် ဆက်ဆံ ဆွေးနွေးရန် ကြိုးစားခဲ့ပြီး ဖြစ်သည်။ အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell မြန်မာနိုင်ငံသို့ ၂၀၀၉ နိုဝင်ဘာလနှင့် မေလ အတွင်းက လာရောက်ခဲ့သော်လည်း မည်သည့် ခရီးစဉ်တွင်မှ ၎င်းတို့ လိုလားသော ရလဒ်များ မရရှိခဲ့ပါ။

 အိုဘားမား အစိုးရသည် မြန်မာ အစိုးရထံမှ အပြုသဘော ဆောင်သော တုန့်ပြန်မှုများကို မျှော်လင့်ခဲ့ပုံ ရသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ ရွေးကောက်ပွဲ မကျင်းပမီ လွတ်လပ် မျှတသော နိုင်ငံရေး ဝန်းကျင် ဖန်တီးရေး စသော အမေရိကန် အစိုးရ၏ ကနဦး တောင်းဆိုချက်များ အကောင်အထည် မပေါ်ခဲ့ပါ။

ထို့အပြင် မြောက်ကိုးရီးယား၏ အကူအညီဖြင့် မြန်မာ အစိုးရက နျူကလီယာ လက်နက် ထုတ်လုပ်ရန် ကြိုးစားနေသည့် သတင်း အစီရင်ခံစာများကြောင့် အမေရိကန် အစိုးရ၏ စိတ်အနှောင့်အယှက် ဖြစ်မှုကို ပိုမို ဆိုးဝါးသွားစေခဲ့သည်။ အကျိုးကြောင်း ခိုင်လုံနေသည့် တင်းကျပ်သော ပိတ်ဆို့မှုများကိုလည်း အိုဘားမား အစိုးရက ရုတ်သိမ်းပေးခဲ့ခြင်း မရှိပါ။

ဝါရှင်တန် အနေဖြင့် ၎င်း၏ ညှိနှိုင်းရေး မူဝါဒမှ လိုလားသော ရလဒ်ကောင်းများ ထွက်ပေါ်လာခြင်း မရှိသည့်အတွက် မြန်မာနိုင်ငံ အပေါ် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံရန် ဆုံးဖြတ်ခဲ့ရသည်။

အဆိုပါ စုံစမ်းရေး ကော်မရှင်ကို ကုလ လူ့အခွင့်အရေး ကောင်စီ၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်၊ ကုလအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (သို့) ကုလလုံခြုံရေး ကောင်စီ မဲခွဲ ဆုံးဖြတ်မှုတို့ဖြင့် အကောင်အထည် ဖော်ဖွယ် ရှိနေပြီး နောက်ဆုံးတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်မှုဖြင့် တရားစွဲဆိုသည့် အဆင့်သို့ ရောက်ရှိနိုင်သည်။

ကုလ လုံခြုံရေး ကောင်စီ၌ ကြိုးပမ်းမှု မှန်သမျှကို ဗီတို အာဏာ သုံးစွဲခွင့် ရှိသူ တရုတ်နှင့် ရုရှားတို့က ကန့်ကွက်ဖွယ် ရှိနေသည်။ ၁၉၉၀ ခုနှစ်များ အစောပိုင်းက ဘော့စနီးယား စစ်ရာဇဝတ်မှုများ စုံစမ်းရေး ကော်မရှင်မှာ သာဓက တစ်ခုပင် ဖြစ်သည်။

မြန်မာ အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား တရား စွဲဆိုရန် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး အလားအလာများမှာ မသေချာသေးသော်လည်း ယခု ဆောင်ရွက်မှုကြောင့် မြန်မာ စစ်အစိုးရ မျိုးဆက်သစ် ခေါင်းဆောင်များ ၎င်းတို့၏ ပြည်သူများ အပေါ် ရာဇဝတ်မှုများ ထပ်မံ ကျူးလွန်စေရန် တားဆီး ပေးနိုင်ဖွယ် ရှိနေသည်။

လိုက်ဘေးရီးယား သမ္မတဟောင်း ချားစ်တေလာသည် ဟိဂ်မြို့တွင် စစ်ရာဇဝတ်မှု ကျူးလွန်မှုများနှင့် ပတ်သက်၍ တရားစွဲဆိုခြင်း ခံနေရသည်။ ဆူဒန် ခေါင်းဆောင် အိုမာဟတ်ဆန် အာမက်အယ်ဘာရှားသည်လည်း ၂၀၀၈ ခုနှစ်က တရားစွဲဆိုခြင်း ခံရပြီး ၎င်းကိုမူ ဖမ်းဆီးမိခြင်း မရှိသေးပါ။ ဆားဘီးယား ခေါင်းဆောင်ဟောင်း ဆလိုဘိုဒန်မီလိုဆီဗစ်သည်လည်း ရာထူးမှ အနားယူ အပြီး အဖမ်းခံရကာ တရားစွဲဆိုထားစဉ် အတွင်း သေဆုံးသွားခဲ့သည်။

စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံရန် ဆုံးဖြတ်ခဲ့သော အိုဘားမား အစိုးရ အနေဖြင့် ထိုအစီအစဉ် ပြီးဆုံးသည်အထိ တွန်းအားပေးရလိမ့်မည် ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၊ လူ့အခွင့်အရေး ကောင်စီနှင့် ကုလ အထွေထွေ ညီလာခံတို့၏ တာဝန်သိသိ ဆောင်ရွက်မှု၊ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဝိုင်းဝန်း ထောက်ခံမှုတို့သည်လည်း ကော်မရှင် ဖွဲ့စည်းရေး ကိစ္စ အောင်မြင်ရန် အတွက် မရှိမဖြစ် လိုအပ်သည့် အရာများ ဖြစ်သည်။

ဤအတော အတွင်း၌ အမေရိကန် ပြည်ထောင်စု အနေဖြင့် ၎င်း၏ ညှိနှိုင်းရေး မူဝါဒကို စွန့်လွှတ်၍ မရသေးပါ။ ၂၀၀၈ ခုနှစ်တွင်း ကွန်ဂရက် လွှတ်တော်က ခန့်အပ်ခဲ့ဖူးသော မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် ရာထူးကို အိုဘားမား အစိုးရ အနေဖြင့် ပြန်လည် ခန့်အပ်ရန် လိုအပ်နေသည်။

အဆိုပါ အထူး ကိုယ်စားလှယ် အနေဖြင့် တရုတ်၊ ဂျပန်၊ ရုရှား၊ အိန္ဒိယ၊ အာဆီယံနှင့် အီးယူ စသော သက်ဆိုင်ရာ အင်အားကြီး အုပ်စုများနှင့် တိုင်ပင် ညှိနှိုင်းကာ မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာ တွန်းအား ပေးမှုများကို ညှိနှိုင်း လုပ်ဆောင်သွားရန် လိုအပ်သည်ဟု တင်ပြလိုက်ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Democracyfor burma.wordpress.com, 3rd Sept 2010

မြန်မာ နိုင်ငံ၌ လာမည့် ရွေးကောက်ပွဲ မတိုင်မီ ကြိုတင် ပြင်ဆင်မှု အပါအဝင် ပြည်တွင်းရေး ပြဿနာသည် ထိုင်း-မြန်မာ နယ်စပ် ပိတ်ထားခြင်း အကြောင်းရင်း ဖြစ်သည် ဟူ၍ မှတ်ချက် ထွက်ပေါ်လာသည်။

တပ်ခ်ပြည်နယ် မဲဆောက်မြို့ရှိ Centara Mae Sot Hill Resort တွင် ပြုလုပ်သော ဒေသတွင်း နယ်စပ် ကော်မတီ အစည်းအဝေး (RBC meeting) တွင် ထိုင်းတပ်မတော် တတိယ အကြီးအကဲ သာနောင်ဆပ် အပီရာကျိုသင်က "ထိုင်း-မြန်မာ နယ်စပ် ပြန်လည် ဖွင့်လှစ်ရေးကို စေ့စပ် ဆွေးနွေးရန် ရည်ရွယ်၍ ယခု အစည်းအဝေးကို ကျင်းပခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံ မြောက်ပိုင်း တခွင်မှ RBC အဖွဲ့ဝင်များ၊ ဋ္ဌာန ပေါင်းစုံမှ ကိုယ်စားလှယ်များ ပါဝင် ဆွေးနွေးခဲ့ကြသည်" ဟု ပြောကြားသည်။

ထိုင်းတပ်မတော် စတုတ္ထ အကြီးအကဲ ပရာဆန်ဆောင်ဆီရီရပ်၏ အဆိုအရ ယခု နယ်စပ် ပိတ်ထားခြင်းသည် မြန်မာ နိုင်ငံ၌ လာမည့် ရွေးကောက်ပွဲ မတိုင်မီ ကြိုတင် ပြင်ဆင်မှု၏ အကျိုးဆက် တစ်ခု ဖြစ်ပြီး နယ်ခြား သောင်ရင်းမြစ်၏ မြန်မာ ဖက်ကမ်းတွင် ရေတိုက်စားမှု ဖြစ်စေသည်ဟု အကြောင်း ပြကာ မြန်မာဖက်မှ ၉ ကြိမ် တိုင်တိုင် ကန့်ကွက်ခဲ့သော သောင်ရင်းမြစ် ထိုင်းနိုင်ငံ ဖက်ခြမ်း ကွန်ကရစ် ကမ်းပါး တည်ဆောက်မှုသည်လည်း အကြောင်းရင်း တစ်ခု ဖြစ်သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 4th Sept 2010

ယခု လကုန် နယူးယောက်၌ ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ အဝန်းအဝိုင်းတွင် သမ္မတ အိုဘားမား စီစဉ် စုဝေးမည့် အမေရိကန် - အာဆီယံ ထိပ်သီး အစည်းအဝေးသို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်း တက်ရောက်လိမ့်မည်ဟု သိရှိရသည်။

အာဆီယံ ခေါင်းဆောင်များနှင့် ပြုလုပ်မည့် အစည်းအဝေးကို သမ္မတ အိုဘားမားက လက်ခံ ကျင်းပလိမ့်မည်ဟု အိမ်ဖြူတော်က သောကြာနေ့တွင် ကြေညာခဲ့သည်။ အမေရိကန်-အာဆီယံ ခေါင်းဆောင်များ၏ ဒုတိယ အကြိမ်မြောက် အစည်းအဝေးသို့ အာဆီယံ ခေါင်းဆောင်များနှင့် အတူ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်ကိုလည်း တက်ရောက်ရန် အိုဘားမားက ဖိတ်ကြားခဲ့သည်ဟု ဆိုသည်။

အစည်းအဝေးသို့ မြန်မာအစိုးရ ခေါင်းဆောင် တက်ရောက်မည် မဟုတ်ဟု အတည်ပြု ပြောကြားခဲ့သည့် အမေရိကန် အရာရှိကြီးက မြန်မာနိုင်ငံအား တိုက်ရိုက် ဖိတ်ကြားခဲ့ခြင်း မရှိဟု ပြောဆိုခဲ့သည်။

"အာဆီယံ ဥက္ကဋ္ဌ ဗီယက်နမ် နိုင်ငံကို ဖိတ်စာ ပို့ခဲ့တာပါ။ မြန်မာနိုင်ငံကို ကျွန်တော်တို့ တိုက်ရိုက် ဖိတ်ကြားခြင်း မရှိပါဘူး။ မြန်မာ အစိုးရက နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းကို စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်" ဟု အဆိုပါ အရာရှိကြီးက ဧရာဝတီ သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။

ယခုကဲ့သို့ အစည်းအဝေးမျိုးကို ၂၀၀၉ နိုဝင်ဘာလ စကာင်္ပူတွင် ကျင်းပခဲ့ရာ ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှု၊ ဒေသတွင်း လုံခြုံမှု၊ ရာသီဥတု ပြောင်းလဲလာမှုများ အပါအဝင် နှစ်ဖက်စလုံးနှင့် သက်ဆိုင်သော နယ်ပယ်များ၌ ထိထိရောက်ရောက် ပူးပေါင်း ဆောင်ရွက်သွားကြရန် အိုဘားမားနှင့် အာဆီယံ ခေါင်းဆောင်များက သဘောတူ ကတိ ပြုခဲ့ကြသည်ဟု အိမ်ဖြူတော်က ပြောကြားသည်။

အဆိုပါ ကိစ္စရပ်များ၏ တိုးတက်မှုကို အကဲဖြတ်ရန်၊ အမေရိကန်-အာဆီယံ ဆက်ဆံရေး ခိုင်မြဲစေမည့် အနာဂတ် ကြိုးပမ်း အားထုတ်မှုများကို စိစစ် သတ်မှတ်ရန်၊ ဒေသတွင်း ကြီးမားစွာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် နိုင်ငံ အားလုံးက ဦးတည် ဆောင်ရွက်မှုကို ဆွေးနွေးရန် အတွက် အာဆီယံ ခေါင်းဆောင်များနှင့် အတူတကွ လုပ်ဆောင်သွားရန် သမ္မတကြီးက မျှော်လင့် စောင့်စားနေသည်ဟု အိမ်ဖြူတော်က ထုတ်ပြန် ပြောဆိုသည်။

ယုံကြည် လက်ခံနိုင်ခြင်း မရှိဟု အမေရိကန် ပြည်ထောင်စုက သတ်မှတ်ထားသော လာမည့် မြန်မာ ရွေးကောက်ပွဲများ ကိစ္စကို သမ္မတ အိုဘားမားက ဆွေးနွေးလိမ့်မည် ဆိုသည်ကိုမူ အားလုံး နားလည်ထားကြပြီ ဖြစ်သည်။

မြန်မာနိုင်ငံ အပေါ် ဆွေးနွေး ညှိနှိုင်းမှုနှင့် စီးပွားရေး ပိတ်ဆို့မှုများကို တပြိုင်တည်း ကျင့်သုံးသွားမည့် မူဝါဒသစ်ကို လွန်ခဲ့သည့် တစ်နှစ်ခန့်က ချမှတ်ခဲ့သည့် အိုဘားမား အစိုးရသည် မြန်မာနိုင်ငံ အပေါ် ပြင်းပြင်းထန်ထန် ဖိအားပေး ရပ်တည်သွားမည့် လက္ခဏာများကို မကြာမီက ပြသခဲ့သည်။

အမေရိကန် ပြည်ထောင်စုသည် မြန်မာ စစ်ဖက်အစိုးနှင့် နှစ်ကြိမ်ခန့် ဆွေးနွေးခဲ့ပြီး ဖြစ်သော်လည်း လက်ခံ ယုံကြည်ဖွယ် ပွင့်လင်း မြင်သာသည့် ရွေးကောက်ပွဲ ဖြစ်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး ကိစ္စများအပေါ် မြန်မာအစိုးရ၏ တုန့်ပြန် ဆောင်ရွက်မှုနှင့် ပတ်သက်၍ စိတ်အနှောင့်အယှက် ဖြစ်ရသည်ဟု နိုင်ငံခြားရေး ဝန်ကြီး ကလင်တန် အပါအဝင် အမေရိကန် ထိပ်တန်း အရာရှိကြီးများက ထုတ်ဖော် ပြောဆိုထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, 4th Sept 2010

မြောက်ကိုးရီးယားသည် နှစ်ပေါင်း သုံးဆယ်အတွင်း အကြီးဆုံးသော နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ရန် ပြင်ဆင်လျက် ရှိပြီး ကင်ဂျုံအီသည် ၎င်း၏ သားအား အလုပ်သမား ပါတီတွင် အဓိက နေရာ တစ်ခုတွင် ခန့်အပ်လိမ့်မည်ဟု မျှော်လင့်ရသည်။ သို့သော် လျှို့ဝှက်သော အဆိုပါ ကွန်မြူနစ် တိုင်းပြည်တွင် နေရာ ဆက်ခံမှုအတွက် ထင်ရှားသော လက္ခဏာ ပြသခြင်း မရှိသေးပေ။

ယခု အစည်းအဝေးသည် ၁၉၈၀ ခုနှစ်က မှတ်တိုင် ဖြစ်ခဲ့သော ကင်ဂျုံအီသည် ၎င်းဖခင်ထံမှ အာဏာ ဆက်ခံမည့်သူ ဖြစ်ကြောင်း သေချာစေခဲ့သော ကွန်ဂရက် အပြီးတွင် ပထမဆုံး ပါတီ၏ စုဝေးမှုကြီး တစ်ခု ဖြစ်လိမ့်မည် ဖြစ်သည်။

ယခု အပတ်တွင် ရာဇဝင်ဘီး တစ်ပတ် ပြန်လည်တော့မည် ဖြစ်သည်။ ယခုအခါ အသက် ၆၈ နှစ် ရှိပြီ ဖြစ်ပြီး ကျန်းမာရေးလည်း သိပ်မကောင်းဟု ယူဆရသော ကင်ဂျုံအီသည် ၎င်း၏ အငယ်ဆုံးသားအား ပါတီ၏ အဓိက နေရာတွင် ခန့်အပ်လိမ့်မည်ဟု မျှော်လင့်ရသည်။

အဆိုပါ အစည်းအဝေးကို စက်တင်ဘာလ အစောပိုင်းတွင် ကျင်းပရန် လျာထားသော်လည်း ကျင်းပမည့်ရက် အတိအကျကို ကြေညာခြင်း မရှိသေးပေ။ ဝေဖန်သူများကမူ တနင်္လာနေ့တွင် စတင်နိုင်သည်ဟု ပြောခဲ့သည်။ ဒေသဆိုင်ရာ ပါတီ တာဝန်ခံများသည် ကွန်ဖရင့် တက်ရောက်မည့် ကိုယ်စားလှယ် ရွေးချယ်ရေးဖြင့် အလုပ်များလျက်ရှိကြောင်း မြောက်ကိုးရီးယား အစိုးရပိုင် ကိုးရီးယား ဗဟို သတင်း အေဂျင်စီ (KCNA) ၏ သတင်းများအရ သိရှိရသည်။

ယခု ကွန်ဖရင့်သည် ၁၉၈၀ ခုနှစ်ကကဲ့သို့ ထိပ်တန်းအဆင့် ပုဂ္ဂိုလ်များသာ တက်ရောက်မည့် ကွန်ဖရင့် မဟုတ်ဘဲ၊ အလုပ်သမား ပါတီ၏ အကြီးဆုံး အစည်းအဝေးကြီး ဖြစ်လာမည် ဖြစ်ပြီး အလျင်အမြန် လုပ်ဆောင်ရမည့် ကိစ္စများ ဆွေးနွေးမည်ဟု ယူဆရပြီး အာဏာ လွှဲပြောင်းမှုလည်း အလွန် ဖြစ်နိုင်ကြောင်း ဝေဖန်သူများက ပြောသည်။

၁၉၉၄ မှ စ၍ လူဦးရေ ၂၄ သန်းရှိသော နိုင်ငံအပေါ် အကြွင်းမဲ့ အာဏာဖြင့် အုပ်ချုပ်လာခဲ့သော ကင်ဂျုံအီသည် ၂၀၀၈ ခုနှစ်က နှလုံးရောဂါ ခံစားရပြီးကတည်းက ၎င်း၏ တတိယနှင့် အငယ်ဆုံးသား Kim Jong Un ကို ၎င်းအား ဆက်ခံမည့်သူ အဖြစ် ရွေးချယ်ထားကြောင်း သတင်းများက ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လာမည့် ရက်သတ္တပတ် အတွင်း အိမ်နီးချင်း တရုတ် ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း တရုတ် အစိုးရက သတင်း ထုတ်ပြန်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်ပြည် ခရီးစဉ်သည် စက်တင်ဘာလ ၇ ရက်နေ့တွင် စတင်မည် ဖြစ်ပြီး လေးရက်တာမျှ ကြာမြင့်မည် ဖြစ်ကြောင်း၊ ၎င်းသည် ဘေဂျင်း မြို့တော်နှင့် ကမ္ဘာ့ ကုန်စည်ပြပွဲ ကျင်းပရာ ရှန်ဟိုင်းမြို့တွင် တည်းခိုမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Jiang Yu က စက်တင်ဘာလ ၂ ရက်နေ့တွင် ထုတ်ဖော် ပြောဆိုသည်။

မြန်မာ နိုင်ငံပိုင် သတင်းစာများကမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့သည် တရုတ်နိုင်ငံ သမ္မတ ဟူဂျင်တောင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သို့ သွားရောက် လည်ပတ်မည်ဟု စက်တင်ဘာလ ၄ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် ပြီးခဲ့သည့် ဇွန်လအတွင်းက မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့သည်။ အဆိုပါ ခရီးစဉ်သည် ဆယ်စုနှစ် တစ်ခုအတွင်း တရုတ်အစိုးရ စီနီယာ ခေါင်းဆောင် တစ်ဦး၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်ခဲ့သည်။

ယခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်ပြည် ခရီးစဉ်သည် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲ မတိုင်မီ ဖြစ်သည်။ ထိုရွေးကောက်ပွဲသည် နှစ်ပေါင်း ၅၀ တာမျှ ကြာမြင့်ခဲ့သော စစ်အုပ်ချုပ်ရေး စနစ်မှ အရပ်ဘက် အုပ်ချုပ်ရေး စနစ်သို့ ပြောင်းလဲရန် လွန်စွာ အရေးကြီးသည့် အဆင့်တစ်ခု ဖြစ်သည်။

အစိုးရ ဆန့်ကျင်ရေး အုပ်စုများနှင့် နိုင်ငံရေး လေ့လာသူ အများစုက ယင်းရွေးကောက်ပွဲသည် စစ်အုပ်ချုပ်ရေးကို အရပ်ဘက် အုပ်ချုပ်ရေး အသွင် ပြောင်းလဲရုံသာ ဖြစ်ပြီး စစ်အာဏာရှင် စနစ် သက်ဆိုး ရှည်ရန်သာ ရည်ရွယ်ကြောင်း ထောက်ပြ ပြောဆိုကြသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အနီးကပ် မဟာမိတ် တစ်ဦး ဖြစ်ပြီး စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမေရိကန်နှင့် အနောက် နိုင်ငံများက စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်နေချိန်တွင် တရုတ်နိုင်ငံက သံတမန်နှင့် စီးပွားရေးအရ အထောက်အပံ့ မျိုးစုံ ပေးခဲ့သည်။ အနောက် နိုင်ငံများက နှစ်ကာလ ကြာရှည်စွာ မည်သို့ပင် ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့သော်ငြား တရုတ်နိုင်ငံ၏ အဓိက ထောက်ပံ့ ပေးမှုကြောင့် ထိရောက် အောင်မြင်မှု မရှိခဲ့ပေ။

တရုတ်သည် ထိုင်းနှင့် စင်ကာပူပြီးလျှင် မြန်မာနိုင်ငံ၏ တတိယ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် ဖြစ်သည်။ တရုတ်-မြန်မာ အပြန်အလှန် ကုန်သွယ်မှု တန်ဖိုးမှာ ၂၀၀၉ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒဿမ ၉ ဘီလီယံသို့ ရောက်ရှိခဲ့သည်။  ယခုနှစ် ဇန်နဝါရီလတွင် တရုတ်က မြန်မာ နိုင်ငံတွင် အမေရိကန် ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံဖိုး ရင်းနှီး မြှုပ်နှံခဲ့သည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ်နိုင်ငံ အနေဖြင့် ကုန်ပစ္စည်း အတုများ ထုတ်လုပ် တင်ပို့မှု အပါအဝင် မှောင်ခို ဈေးကွက်ကို တိုက်ဖျက်သွားရန် အီးယူ (ဥရောပ သမဂ္ဂ) က တိုက်တွန်းလိုက်ကြောင်း ဘီဘီစီ သတင်းက ရေးသား ဖော်ပြသည်။ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် တရုတ် အရာရှိကြီးများနှင့် အတူ ပူးတွဲ ကျင်းပသော အကောက်ခွန် ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးပွဲ၌ ဥရောပ သမဂ္ဂ အကောက်ခွန် ဆိုင်ရာ မဟာမင်းကြီး Algirdas Semeta က အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။

တရုတ် စီးကရက် အတုများကြောင့် အီးယူအနေဖြင့် နှစ်စဉ် အခွန်ငွေ ယူရိုငွေ ၁၀ ဘီလီယံခန့် မရရှိဘဲ ဖြစ်နေကြောင်း ၎င်းကဆိုပြီး "အီးယူတွင် စီးကရက် အတုများ တွေ့ရှိရခြင်း၏ အဓိက ရင်းမြစ်မှာ တရုတ်ဖြစ်သည်" ဟု သတ်မှတ် ဖော်ပြသည်။ ယမန်နှစ်က အီးယူတွင် သိမ်းဆည်း ရမိသော ကုန်ပစ္စည်း အတုများနှင့် မူပိုင်ခွင့် ချိုးဖောက်ထားသော ကုန်ပစ္စည်းများ အားလုံးသည် တရုတ်နိုင်ငံ ထုတ်ကုန်များ ဖြစ်ကြောင်း၊ သိမ်းဆည်း ရမိသော ပစ္စည်း အတုများ အားလုံး၏ ၆၄ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှ ဖြစ်ကြောင်း အီးယူ ကော်မရှင်က ဆိုသည်။ စီးကရက် အတုများ နှင့်အတူ အခြား အတု ဖြစ်သော တံဆိပ်များ၊ အဝတ်အထည်များ၊ အပိုပစ္စည်းများ၊ ဖိနပ်များ၊ အရုပ်များ၊ စီဒီ နှင့် ဒီဗီဒီများကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း အီးယူ အကောက်ခွန် ဆိုင်ရာ မဟာမင်းကြီး Algirdas Semeta က ပြောသည်။ တရုတ်လုပ် စီးကရက် အတုများကြောင့် အခွန်ငွေ ယူရို ၁၀ ဘီလီယံခန့် နှစ်စဉ် ဆုံးရှုံးကာ တရားဝင် စီးပွားရေး အကျိုးအမြတ် အပေါ်လည်း များစွာ ထိခိုက် နစ်နာစေသည်ဟု
၎င်းက ဆိုသည်။

တရုတ်သည် အမေရိကန် ပြီးလျှင် အီးယူ၏ ဒုတိယ အကြီးဆုံး ကုန်သွယ်ဘက် နိုင်ငံဖြစ်ပြီး အီးယူ-တရုတ် ကုန်သွယ်မှုမှာ ၂၀၀၉ ခုနှစ်တွင် ယူရို ၁၃၃ ဘီလီယံသို့ ရောက်ရှိခဲ့သည်။ ထို့ပြင် တရုတ်သည် အီးယူအတွက် ပို့ကုန် တင်ပို့မှု လျင်မြန်စွာ ကြီးထွားနေသည့် ဈေးကွက်ကြီး တစ်ခု ဖြစ်သည်။

"ကမ္ဘာ့ ဈေးကွက်ထဲမှာ ကျွန်တော်တို့က ပလေယာတွေ ဖြစ်ကြတဲ့ အတွက် ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ တာဝန်ယူမှု ဆိုတာလည်း ကျွန်တော်တို့မှာ ရှိပါတယ်။ အဲဒီ တာဝန်ယူမှုဟာ တရုတ်မှာလည်း ရှိသလို အီးယူမှာလည်း ရှိပါတယ်" ဟု မစ္စတာ Algirdas Semeta က ပြောကြားသည်။ ၂၀၀၉ ခုနှစ်တွင် ရေးထိုးခဲ့သော အသိဉာဏ် မူပိုင်ခွင့် ကာကွယ် ပေးရေး အစီအစဉ်မှ လက်တွေ့ ကျသော ရလဒ်များ ထုတ်ဖော် ပေးနိုင်ရန် ၎င်းက အီးယူကို တိုက်တွန်းသည်။

ထို့ပြင် အီးယူက အဆင်ပြေ ချောမွေ့ပြီး လုံခြုံမှု ရှိသော ကုန်သွယ်ရေး လမ်းကြောင်း (SSTL) ပိုင်းလော့ စီမံကိန်းကို တိုးချဲ့သွားရန် ဆန္ဒ ရှိသည်။ အဆိုပါ စီမံကိန်းမှာ တရုတ်-အီးယူ အကောက်ခွန် ဌာနများ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဆိပ်ကမ်းရှိ ကွန်တိန်နာများ လုံခြုံမှု တိုးမြှင့်ရေးတို့ ပါဝင်သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 4th September 2010

အမေရိကန် ပြည်ထောင်စု သမ္မတ Barack Obama သည် အရှေ့တောင် အာရှ ခေါင်းဆောင်များအား စက်တင်ဘာလ ၂၄ ရက်၌ နယူးယောက်တွင် တွေ့ဆုံမည် ဖြစ်ပြီး ဒေသတွင်း လုံခြုံရေး အပါအဝင် ပိုမို ကျယ်ပြန့်သော ပူးပေါင်း ဆောင်ရွက်မှုများ ရှာဖွေသွားမည် ဖြစ်ကြောင်း အိမ်ဖြူတော်က သောကြာနေ့က ပြောကြားလိုက်သည်။

အဆိုပါ ထိပ်သီး အစည်းအဝေး ကျင်းပမည့် ရက်ကို အကြီးတန်း တာဝန်ရှိသူ တစ်ဦးက AFP သို့ အစောပိုင်းကပင် အတည်ပြု ပြောကြားခဲ့ပြီး၊ အဆိုပါ ဆန်းမစ်သည် ယခင် သမ္မတ George W.Bush လက်ထက်က လျစ်လျူရှု ထားခဲ့သော စွမ်းအားများ ပြည့်နေသည့် ဒေသအပေါ် အမေရိကန်၏ မူဝါဒ ပြန်လည် အသက်ဝင်လာရေး Obama ၏ လတ်တလော ကြိုးစားမှုပင် ဖြစ်သည်။

စက်တင်ဘာ ၂၄ ရက် နယူးယောက်တွင် တွေ့ဆုံမှုသည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ နှစ်ပတ်လည် အစည်းအဝေး အချိန်နှင့်လည်း ကိုက်ညီကြောင်း အိမ်ဖြူတော်က ပြောသည်။

ယခု နယူးယောက် တွေ့ဆုံမှုမှာ  ပြီးခဲ့သည့်နှစ် စင်္ကာပူတွင် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံမှ ခေါင်းဆောင်များနှင့် Obama တွေ့ဆုံခဲ့မှု၏ နောက်ဆက်တွဲ ဖြစ်သည်။

စင်္ကာပူတွင် သမ္မတကြီးနှင့် အာဆီယံ ခေါင်းဆောင်များသည် ကူးသန်း ရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ဒေသတွင်း လုံခြုံရေး၊ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု၊ စားနပ်ရိက္ခာနှင့် စွမ်းအင် လုံခြုံမှုနှင့် ရာသီဥတု ပြောင်းလဲရေး အပါအဝင် နှစ်ဘက် တူညီသော ကိစ္စများတွင် ပိုမို နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်ရေးကို စီစဉ်ခဲ့ကြောင်း အိမ်ဖြူတော် ကြေညာချက်တွင် ပြောကြားခဲ့သည်။

သမ္မတကြီး အနေဖြင့် အဆိုပါ ကိစ္စရပ်များ၏ တိုးတက်မှုကို ပြန်လည် ဆန်းစစ်ရန် ခေါင်းဆောင်များနှင့် အလုပ်လုပ်ရန် မျှော်မှန်းထားကြောင်း၊ အမေရိကန်-အာဆီယံ အနာဂတ် ဆက်ဆံရေး ခိုင်မာရေး ကြိုးစားမှုအား သေချာစေရေး ပြုလုပ်ရန်နှင့် ဒေသတွင်း ပိုမိုကောင်းမွန်သော ပူးပေါင်း ဆောင်ရွက်မှု အတွက် ဘက်ပေါင်းစုံမှ ချဉ်းကပ်ရေး ဆွေးနွေးရန် အိမ်ဖြူတော် ကြေညာချက်တွင် ဖော်ပြထားသည်။

ယခု လာမည့် အစည်းအဝေးတွင် အာဆီယံတွင် ကြုံတွေ့ခဲ့ရဖူး သကဲ့သို့ မြန်မာနိုင်ငံ အပေါ် အမြင် မကြည်မှုများက အရိပ်မည်းသဖွယ် ဖြစ်နေမည်ကို စိုးရိမ်ရသည်။ အများက လက်ခံနိုင်မှု အတွက် စိုးရိမ်နေကြသော်လည်း မြန်မာ အစိုးရသည် ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပတော့မည် ဖြစ်သည်။

"ဝါရှင်တန် အခြေစိုက် သံတမန်များက ပြောကြားရာတွင် အိမ်ဖြူတော်သည် အာဆီယံ ခေါင်းဆောင်များနှင့် ဆန်းမစ် ကျင်းပမည့် နေရာနှင့် ပတ်သက်၍ အချိန် ကြာမြင့်စွာ ညှိနှိုင်း ခဲ့ရသည်" ဟု ဆိုသည်။

အချို့ အရှေ့တောင် အာရှမှ တာဝန်ရှိသူများက ဆန်းမစ်ကို ဝါရှင်တန်တွင် ပြုလုပ် လိုကြသည်။ ယခု ဆန်းမစ်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ အရန် ဆွေးနွေးပွဲ တစ်ခု အဖြစ် မမြင်ကြစေလိုပေ။

သို့သော် သံတမန်များက ပြောကြားရာတွင် အိမ်ဖြူတော်ကမူ မြန်မာ အစိုးရကို တရားဝင် အသိအမှတ် ပြုမှု အလွန်အကျွံ မဖြစ်စေရေး အတွက် နယူးယောက်တွင် တွေ့ဆုံကြခြင်းသည်သာ ပိုမို လက်တွေ့ ကျသည်ဟု ယူဆခဲ့သည်ဟု ဆိုသည်။

စင်္ကာပူတွင် တွေ့ဆုံခဲ့စဉ်က Obama သည် မြန်မာ ဝန်ကြီးချုပ် ဦးသိန်းစိန်အား ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် တိုက်တွန်း ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။

Obama အစိုးရသည် ယမန်နှစ်က မြန်မာနိုင်ငံကို အထီးကျန် ပစ်မထားရေးကို ဦးတည်၍ ထိတွေ့ ဆက်ဆံရေး ပြုလုပ်ရန် ကြိုးစားခဲ့သည်။ သို့သော် အမေရိကန် အစိုးရ တာဝန်ရှိသူများသည် တိုးတက်မှု မရရှိခဲ့ခြင်းကြောင်း တိုး၍သာ စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။

Obama အစိုးရသည် ကမ္ဘာပေါ်တွင် မူစလင် ဦးရေ အများဆုံးရှိသည့် အင်ဒိုနီးရှားနှင့် ဆက်ဆံရေး တည်ဆောက်ရန် စတင်ခဲ့ပြီး၊ သမိုင်းကြောင်း အရ ရန်သူများ ဖြစ်ခဲ့သော ကွန်မြူနစ် ဗီယက်နမ်နှင့် လာအိုနိုင်ငံများနှင့် ခိုင်မာသော ဆက်ဆံရေး ထူထောင်ရန် ကြိုးစားလျက် ရှိသည်။

နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် ပြီးခဲ့သည့် ဇူလိုင်လက ဗီယက်နမ်သို့ ရောက်ရှိစဉ် ယခု ဒုတိယအကြိမ် ဆန်းမစ် အတွက် စီစဉ်ထားမှုများကို ကြေညာခဲ့သည်။ ထို့အပြင် အာဆီယံနှင့် သက်ဆိုင်သော ဒေသတွင်း ဖိုရမ်များသည် အာရှတိုက် လုံခြုံရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အားကောင်းပြီး ထိရောက်သော ဗိသုကာများပင် ဖြစ်ကြောင်း သူမက ပြောခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Daily Star, By Pallab Bhattacharya, 4th September 2010

အိန္ဒိယ အရှေ့မြောက် သူပုန်များအား ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် ပူးပေါင်း နှိမ်နင်းမှုကြောင့် အစွန်းရောက်များသည် ၎င်းတို့၏ အခြေစိုက်မှုများကို မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းသွား ကြကြောင်း ရဲထိပ်တန်း ခေါင်းဆောင် တစ်ဦးက မနေ့က ပြောကြားခဲ့သည်။

သူပုန်ထမှုများမှာ တဖြည်းဖြည်း အားနည်းသွားပြီဟု ဆိုရမည် ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်တွင် ရှိသော သူပုန်များကို ဘင်္ဂလားဒေ့ရှ် လုံခြုံရေး တပ်ဖွဲ့များ၏ နှိမ်နင်းမှုကြောင့် အရောင်အသွေး မတူသော သူပုန်များသည် ၎င်းတို့၏ အခြေစိုက် စခန်းများကို မြန်မာနိုင်ငံသို့ ရွှေ့ပြောင်း နေကြကြောင်း Tripura ပြည်နယ် ရဲညွှန်ကြားရေးမှူးချုပ် Pranay Sahaya က သတင်းထောက်များကို Agartala တွင် ပြောကြားခဲ့သည်။

အဆိုပါ အရေးကိစ္စသည် နယူးဒေလီတွင် သြဂုတ်လ ၂၅ မှ ၂၈ ထိ ပြုလုပ်သော ရဲညွှန်ချုပ်များ၏ ကွန်ဖရင့်တွင် ထွက်ပေါ်လာခဲ့ပြီး၊ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၊ ပြည်ထောင်စု ပြည်ထဲရေး ဝန်ကြီး P Chidamharam နှင့် ပြည်ထဲရေး အတွင်းရေးမှူး GK Pillaic တို့က ထိုကိစ္စကို ပြောခဲ့သည်ဟု ၎င်းက ပြောသည်။

"ULFA အပါအဝင် မြေအောက် အုပ်စု အားလုံးဟာ ဘင်္ဂလားဒေ့ရှ်မှာ ဖိအား အရမ်း ပေးခံရတော့ မြန်မာနိုင်ငံကို သူတို့ ရွှေ့ကြရတယ်။ မြန်မာနဲ့က လွယ်ကူစွာ ဝင်ထွက်လို့ ရပြီး ရှည်လျားတဲ့ ခြံစည်းရိုး ခတ်မထားတဲ့ နယ်စပ် ရှိတယ်၊ ရဲတွေလည်း မရှိဘူးလေ" ဟု Sahaya က ပြောသည်။

အဖွဲ့မျိုးစုံ ဖြစ်သော ULFA၊ KNLF နှင့် UNLF တို့သည် ၎င်းတို့၏ အခြေစိုက် စခန်းများကို အိန္ဒိယနှင့် ၁၆၅၀ ကီလိုမီတာ ရှည်သော နယ်စပ်ရှိ မြန်မာနိုင်ငံသို့ ရွှေ့ပြောင်း သွားကြပြီး ဖြစ်သည်။

Sahaya က မေးခွန်းများကို ပြန်လည် ဖြေကြားရာတွင် အိန္ဒိယသည် အရှေ့မြောက် သူပုန်များက မြန်မာ့မြေအား အသုံးပြုနေမှု ကိစ္စအား မြန်မာ အစိုးရနှင့် စကားပြောခဲ့ကြောင်း ဆိုသည်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် မကြာသေးမီက National Liberation Front of Tripura (NLFT) စခန်း သုံးခုအား စစ်တကောင်း တောင်လမ်းတွင် ဖျက်ဆီးခဲ့ပြီး၊ ရဟတ်ယာဉ် ဆင်းသည့် ကွင်းအဖြစ် တည်ဆောက်ခဲ့သည်။

DVB News, 2nd September 2010

ပြင်းထန်သော တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေသည့် ကရင်ပြည်နယ် မြောက်ပိုင်း တောင်ပေါ် ဒေသများတွင် လူသားချင်း စာနာ ထောက်ထားသော အရေးပေါ် ကယ်ဆယ် ကူညီမှုများ လိုအပ်နေသည်ဟု ပြည်တွင်း လူ့အခွင့်အရေး အုပ်စုက ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဖာပွန်ခရိုင် မြောက်ပိုင်း ထိုင်းနိုင်ငံနှင့် နယ်စပ်ဒေသများတွင် ကရင် လူ့အခွင့်အရေး အုပ်စု KHRG က ၂၀၀၉ ဇန်နဝါရီမှ ၂၀၁၀ ဧပြီလ အတွင်း လေ့လာ ပြုစုခဲ့သော အစီရင်ခံစာအရ လွန်ခဲ့သော အနှစ် ၂၀ အတွင်း တပ်မတော်၏ တိုက်ခိုက်မှု အကျိုးဆက် အဖြစ် နှိပ်စက် ညှဉ်းပန်းမှုများနှင့် ရင်ဆိုင်နေရသော လူးထော်မြို့နယ် အတွင်းရှိ အရပ်သားများ၏ ကိစ္စမှာ ကရင် ပြည်နယ်တွင် အဆိုးဝါးဆုံး ပြဿနာ တစ်ခု ဖြစ်သည်ဟု သိရသည်။

"မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသ တစ်ခုတည်းတွင်ပင် မြန်မာ စစ်တပ်များက ရွာပေါင်း ၃၃၀၀ ခန့် ဖျက်ဆီးခဲ့ကြခြင်းကြောင့် အာရှတိုက်၏ အဆိုးဝါးဆုံး ပြည်တွင်း အိမ်မဲ့ယာမဲ့ ပြဿာနာဇုံ တစ်ခု ဖြစ်ပေါ်စေခဲ့သည်" ဟု အစီရင်ခံစာက ထောက်ပြထားသည်။

"လူးထော်မြို့နယ် ဧရိယာသည် ၂၀၀၅ မှ ၂၀၀၈ အတွင်း ပြင်းထန်သော ထိုးစစ်များ ဆင်နွှဲခဲ့သည့် နေရာတစ်ခု ဖြစ်ပြီး ယခုအခါ ဒေသခံ ၂၇,၀၀၀ ခန့်မှာ တောထဲ၊ တောင်ထဲတွင် ဆက်လက် ပုန်းအောင်းနေရဆဲ ဖြစ်သည်။ အချို့မှာ မြို့ပေါ်တွင် အိမ်မဲ့ယာမဲ့များ အဖြစ် လည်းကောင်း၊ အချို့မှာ အဓမ္မ မောင်းထုတ်ခံရသဖြင့် မြေနိမ့်ပိုင်းသို့ လည်းကောင်း၊ အချို့မှာလည်း ထိုင်းနိုင်ငံတွင်း ဒုက္ခသည် စခန်းများတွင် လည်းကောင်း နေထိုင်လျက် ရှိကြသည်" ဟု KHRG မှ ပြောရေး ဆိုခွင့် ရှိသူ Matt Finch က DVB သို့ ပြောကြားသည်။

လူးထော် မြို့နယ် တဝိုက် ပြီးခဲ့သော နှစ် ၂၀ နီးပါး ထိုးစစ် ဆင်နွှဲခဲ့သော မြန်မာ တပ်မတော်၏ နည်းဗျူဟာများတွင် ကျေးရွာများအား ပစ်ခတ်ခြင်း၊ အိမ်များ၊ စာသင်ကျောင်းများ၊ ဘုရားကျောင်းများကို မီးရှို့ခြင်း၊ စားနပ်ရိက္ခာ သိုလှောင်သော နေရာများကို ဖျက်ဆီးခြင်း၊ မြေမြှုပ်မိုင်းများ မြှုပ်ခြင်း စသည်တို့ ပါဝင်ခြင်းကြောင့် စစ်ပြေး ဒုက္ခသည် ရွာသားများအား အိမ်သို့ ပြန်နိုင်ခြင်း မရှိကြပါ။

ယင်းကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် ပြည်သူအများ အိုးမဲ့အိမ်မဲ့ ဖြစ်ခြင်း၊ လူသားချင်း စာနာသော အနေအထားများ ယိုယွင်း ပျက်စီးခြင်း၊ ကျန်းမာရေး၊ စားနပ်ရိက္ခာ ဖူလုံရေး၊ ပညာ သင်ခွင့် ရရှိရေး တို့အပေါ် ဆိုးဝါးစွာ ထိခိုက်ခြင်း စသည်တို့ကို ဖြစ်ပေါ်စေခဲ့သည်။

"ဒီနယ်မြေတွေမှာ အရပ်သားတွေ တိုက်ခိုက်ခံရတဲ့ ကိစ္စအတွက် ဆက်စပ်နေတဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ ဒီက အရပ်သားတွေက ဗမာ စစ်တပ်ရဲ့ ထိန်းချုပ်မှုကို လွတ်အောင် ရှောင်တတ်၊ ရှားတတ်ကြတယ်။ ဒါ့ကြောင့် ဗမာ စစ်တပ်က သူတို့ ကောင်းစွာ ထိန်းချုပ်ချင်တဲ့ နယ်မြေတွေမှာ အရပ်သားတွေကို မောင်းထုတ်တဲ့ နည်းဗျူဟာကို သုံးတာပါ" ဟု Finch က ပြောကြားသည်။

အဆိုပါ ဒေသများမှ ကရင်လူမျိုးများမှာ မြန်မာ စစ်တပ်အား အတင်းအကျပ် ခိုင်းစေခံ လုပ်သားများ၊ အခွန်အကောက်များ၊ ထောက်လှမ်းရေး သတင်းများ ဖြည့်ဆည်း ပေးရသည်ဟုလည်း Finch ၏ အဆိုအရ သိရသည်။

သာပွန်ခရိုင် အတွင်းမှ အရပ်သားများအား ပစ်မှတ်ထားသည့် အခြား အကြောင်းရင်း တစ်ခုမှာ မြန်မာ အစိုးရနှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်နေသည့် KNLA တပ်ဖွဲ့နှင့် အဆက်အသွယ် ရှိခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် အရပ်သားများကို KNLA က လက်လှမ်း မမှီအောင် ဖယ်ရှားရေးမှာ တပ်မတော်၏ ဦးစားပေး ကိစ္စ ဖြစ်နေသည်။

ယခု လက်ရှိ ဖာဖွန် ခရိုင် တောင်ပေါ်ဒေသများတွင် နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားသော ကူညီမှုများ လုံးဝ မရှိဘဲ ထိုင်းနိုင်ငံ အခြေစိုက် ပြည်တွင်း အဖွဲ့အစည်းများ၏ အကူအညီများကိုသာ အရပ်သားများ လက်ခံ ရရှိကြသည်ဟု ဆိုသည်။

"လူးထော်မြို့နယ် အတွင်းမှာ လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး အဖွဲ့တွေ ဆက်ပြီး အလုပ် မလုပ်နိုင်အောင် ကယ်ဆယ်ရေး လုပ်သားတွေကို စစ်တပ်က တမင်တကာ တိုက်ခိုက်ပါတယ်။ သာဓက အနေနဲ့ ဒီနှစ် ဇူလိုင် အစောပိုင်းမှ နယ်လှည့် ဆေးကုအဖွဲ့ တစ်ဖွဲ့ကို စစ်တပ်က ပစ်ခတ်လို့ အသက် ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဒီနယ်မြေမှာ လှုပ်ရှားမယ့် ကယ်ဆယ်ရေး အဖွဲ့တွေ အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေပါတယ်" ဟု Finch က ရှင်းလင်း ပြောကြားသည်။

စစ်အစိုးရက တင်းကြပ်သော စည်းးကမ်းများ ချမှတ်ထားမှုကြောင့် နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သားများ အနေဖြင့် လုပ်ငန်း ဆောင်ရွက်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ရသည်။ အရပ်သားများနှင့် တွေ့ထိနိုင်ခြင်း မရှိစေရန် မြန်မာ အစိုးရ ပြင်းထန်စွာ တားမြစ် ချုပ်ချယ်မှုကြောင့် ၂၀၀၇ တွင် ထိုနယ်မြေမှ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ (ICRC) ၏ လုပ်ငန်းများကို ရပ်ဆိုင်းခဲ့ရသည်။

"နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ နီးကပ်လာခြင်းကြောင့် အရပ်သားများကို မဲဆွယ်ရန် နွေးထွေးမှု ပြသသည့် အနေဖြင့် ထိုးစစ်များ လျော့နည်းသွားမည်ဟု မှန်းဆမှု တချို့ ရှိနေသော်လည်း ကရင်ပြည်နယ် အထက်ပိုင်း ဒေသများတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်မည်ဟု မိမိတို့ အနေဖြင့် မျှော်လင့် မထားကြောင်း၊ သို့ဖြစ်၍ ရွေးကောက်ပွဲ ကာလနှင့် ရွေးကောက်ပွဲ အပြီးတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေလိမ့်မည်" ဟု Finch က မှတ်ချက်ပေးသည်။

"လူးထော် ကျေးရွာတွင် လူသားချင်း စာနာသော အကူအညီများ အရေးပေါ် လိုအပ်နေသည်" ဟု အစီရင်ခံစာက အကြံပြု ထားသော်လည်း ရွေးကောက်ပွဲ နီးလာသည် နှင့်အမျှ ကယ်ဆယ်ရေး လုပ်သားများအား မောင်းထုတ်နေသည့် မြန်မာ အစိုးရ၏ မထီမဲ့မြင် အပြုအမူများကြောင့် လက်တွေ့ အကောင်အထည် ဖော်နိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။