Transparency Myanmar

transparency.myanmar@gmail.com

Associated Press, 6th Sept 2010

အမေရိကန် အလုပ် လက်မဲ့ ပြဿနာကို ဖြစ်ပေါ်စေသည်ဟု အချို့က သတ်မှတ်ထားသော  တရုတ်တို့၏ စီးပွားရေး မူဝါဒများ အပေါ် တင်းမာစွာ တုန့်ပြန်ရန် တောင်းဆိုမှုများ ရှိနေသည့် ကြားမှပင် ငွေကြေး၊ ကုန်သွယ်ရေး၊ စစ်ရေးဆိုင်ရာ အငြင်းပွားမှုများကြောင့် ကမောက်ကမ ဖြစ်နေသည့် ဆက်ဆံရေးကို ပုံမှန် ပြန်ဖြစ်အောင် ကြိုးစားသည့် အနေဖြင့် အမေရိကန်နှင့် တရုတ် အဆင့်မြင့် အရာရှိကြီးများ တနင်္လာနေ့က တွေ့ဆုံခဲ့ကြသည်။

ကွန်ကရက် လွှတ်တော် ရွေးကောက်ပွဲများကို ၂ လအတွင်း ပြုလုပ်တော့မည် ဖြစ်ရာ သမ္မတ အိုဘားမား အနေဖြင့် စီးပွားရေး အင်ဂျင်ကို နှိုးရန် ဖိအားများ အောက်တွင် ကျရောက်နေပြီး သမ္မတသည် တရုတ်တို့ တဖက်စောင်းနင်း အသာစီးရနေသော ကုန်သွယ်ရေး နှင့် ငွေကြေးမူဝါဒ ပြဿနာများကို ဦးစွာ စတင် ဖြေရှင်း လုပ်ဆောင်သင့်သည်ဟု လွှတ်တော် အမတ် အများစုက ပြောကြားကြသည်။

ဤအတောအတွင်း တရုတ်နိုင်ငံပိုင် မီဒီယာက အမေရိကန်-တောင်ကိုးရီးယား ပင်လယ်ဝါ ရေတပ် လေ့ကျင့်မှုများနှင့် တောင်တရုတ် ပင်လယ် ရေပိုင်နက် အငြင်းပွားမှု အပေါ် အမေရိကန် အစိုးရ၏ ကြေညာချက်တို့ကို ပြစ်တင် ဝေဖန်လိုက်ပြီး တရုတ်နိုင်ငံ လုံခြုံရေး အပေါ် ခြိမ်းခြောက်မှုများကို ကိုယ်စား ပြုနေကြသည်ဟု ပြောကြားခဲ့သည်။

အမေရိကန် ပြည်ထောင်စု အမျိုးသား စီးပွားရေး ကောင်စီ ဒါရိုက်တာ Lawrence Summers နှင့် အမျိုးသား လုံခြုံရေး ဒုတိယ အကြံပေး Thomas Donilon စသော အမေရိကန် တာဝန် ရှိသူများနှင့် ဆွေးနွေးပွဲများ စတင်ရာတွင် တရုတ်တာဝန် ရှိသူများလာ အပြုသဘော ဆောင်သော လေသံ ပေါက်အောင် ကြိုးစားခဲ့ကြပြီး ပူးပေါင်း ဆောင်ရွက်မှု ရှိသော ဆက်ဆံရေး အတွက် လိုအပ်ချက်များကို အလေးပေး ပြောကြားခဲ့ကြသည်။

ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုး တိုးတက်ရေး စသော မိမိတို့ နှစ်နိုင်ငံ၏ အကျိုးစီးပွားများကို ဖြစ်ပေါ်စေမည့် အပြုသဘော ဆောင်ကာ ကျယ်ပြန့်သည့် တရုတ်-အမေရိကန် ဆက်ဆံရေးကို တိုးတက်အောင် ဆက်လက် လုပ်ဆောင်သွားမည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီး ယန်ကျားချီက ပြောကြားသည်။

အမေရိကန် ပြည်ထောင်စုနဲ့ တရုတ် နိုင်ငံ အကြား အလွန် ခိုင်မာတဲ့ ဆက်ဆံရေး ရရှိဖို့ ကိစ္စကိုပဲ စိတ်စွဲနေတယ်လို့ သမ္မတ အိုဘားမားက အလေးပေး မှာကြားလိုက်ပါတယ် ဟု Lawrence Summers က တရုတ် ဒုတိယ ဝန်ကြီးချုပ် ဝမ်ကျိရှန်ကို ပြောကြားခဲ့သည်။

အစည်းအဝေး အစီအစဉ်ပါ ကိစ္စများအနက် တရုတ် သမ္မတ ဟူကျင်းတောင်၏ ဝါရှင်တန် ခရီးစဉ် စီစဉ်ရေး ကိစ္စလည်း ပါဝင်သည်ဟု Summers ကဆိုသည်။

လပေါင်းများစွာ လူသိရှင်ကြား သဘောကွဲလွဲ စကားများ ခဲ့ကြပြီး နောက်တွင် ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒ ရှိကြောင်း အချက်ပြရန် ယခု ဆွေးနွေးပွဲကို ပြုလုပ်ပုံ ရသည်ဟု လေ့လာသူများက ပြောကြားသည်။ ကီဂျင်း Renmin University မှ အမေရိကန် ရေးရာ ကျွမ်းကျင်သူ ရှီယင်ဟုန်က ၂ နိုင်ငံ ဆက်ဆံရေးတွင် ပြဿနာများ ရှိခဲ့သော်လည်း အဆိုးဆုံး အခြေအနေကို ကျော်လွန်သွားပြီ ဖြစ်ပြီး၊ ၂ ဖက်စလုံးက လိုက်လျော ညှိနှိုင်းရေးသို့ ဦးတည်နေကြသည်ဟု သုံးသပ်လိုက်သည်။

"အခု ဆွေးနွေးပွဲတွေရဲ့ အဓိ ရည်ရွယ်ချက်က အရေးပါတဲ့ သဘော တူညီချက်တွေ ရရှိဖို့ မဟုတ်ပဲ တစ်ယောက် သဘောထားကို တစ်ယောက် နားလည်မှု တိုးတက်စေဖို့ပဲ ဖြစ်ပါတယ်၊ တကယ်လို့ တင်းမာမှုတွေကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်ပြီး ယုံကြည် စိတ်ချမှု မြင့်မားမယ်ဆိုရင် အောင်မြင်မှု ရှိတယ်လို့ ဆိုရမှာပါ" ဟု ၎င်းက ပြောကြားသည်။

ကမ္ဘာ့နံပါတ် (၁) ဆူပါ ပါဝါ အမေရိကန်နှင့် တရှိန်ထိုး ဖွံ့ထွားလာသော နံပါတ် (၂) စီးပွားရေး အင်အားကြီး တရုတ်နိုင်ငံတို့၏ အစိုးရများသည် ကမ္ဘာ့ စီးပွားရေး ပြန်လည် နာလံထူရန်နှင့် အခြားနိုင်ငံတကာ ကိစ္စရပ်များကို ဖြေရှင်း နေကြရသဖြင့် လွန်ခဲ့သည့် တစ်နှစ်လုံး နှစ်နိုင်ငံ အကြား တင်းမာမှုများကို ကောင်းစွာသည်းခံ ချုပ်ထိန်းခဲ့ကြသည်။ သို့သော်လည်း ကိုပင်ဟေဂင်တွင် ကျင်းပသော ညီလာခံတွင် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ သဘော တူညီချက် ရရှိရန် ကြိုးစားမှု မအောင်မြင်ခဲ့သည့် နောက်တွင် တရုတ်၏ ပြိုက်ဖက် ထိုင်ဝမ်သို့ အမေရိကန် လက်နက်များ ရောင်းချပေးမှုနှင့် တရုတ်တို့အတွက် နတ်ဆိုး ဒလိုင်လားမားနှင့် အိုဘားမား တွေ့ဆုံခဲ့မှုတို့ကြောင့် ဆက်ဆံရေး ပျက်ပြားခဲ့ရသည်။

နွေရာသီ အတောအတွင်း ဆက်ဆံရေး ဆက်တိုက် ကျဆင်းနေခဲ့ပြီး နောက်တွင် အမေရိကန်က ဖိအားများစွာ ပေးခဲ့ခြင်းကြောင့် တရုတ်က ၎င်း၏ ငွေကြေးမူဝါဒ ပြောင်းလဲမှုကို ဇွန်လတွင် ကြေညာခဲ့သည်။ တရုတ် ပို့ကုန်ပစ္စည်းများ ဈေးမကြီးစေရန် ပြုလုပ်ထားသည်ဟု ဝေဖန် ဆန်းစစ်သူများက အပြစ်တင်ခဲ့ကြသော ယွမ်ငွေနှင့် အမေရိကန် ဒေါ်လာ အသေ ချည်နှောင်ထားမှုကို ဖြေလျော့ပေးလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ငွေလဲလှယ်နှုန်း ပိုမို၍ ပြောင်းလွယ် ပြင်လွယ် ဖြစ်စေရန် ကတိပေးထားသည့် အစား ယွမ်ငွေတန်ဖိုး ၀.၆ % ခန့် တက်သွားခဲ့ခြင်းကြောင့် တရုတ်တို့၏ ကုန်သွယ်ရေး အသာစီးရမှုမှာ ဇူလိုင်လတွင် ၁၈ လ အတွင်း အမြင့်ဆုံး အဖြစ် ဒေါ်လာ ၂၈.၇ ဘီလျံ အထိ ရောက်ရှိသွားခဲ့ရာ စိတ်အနှောင့်အယှက် ဖြစ်သွားသော ဝါရှင်တန်က ၎င်းကိစ္စအပေါ် အသစ်တဖန် ပြန်လည် သတိထားလာခဲ့သည်။

အမေရိကန် စီးပွားရေး ထိပ်တန်း တာဝန်ရှိသူ Summers က ငွေလဲလှယ်နှုန်း ကိစ္စကို အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ရန် တရုတ်ကို တွန်းအားပေးလိမ့်မည်ဟု မျှော်လင့်ရသည်။ ယခု ရက်ပိုင်းများ အတွင်း ဆီနိတ်တာ Charles Schymer နှင့် ကွန်ဂရက် လွှတ်တော်တွင်း ဝေဖန် ဆန်းစစ်သူများက ပြောကြားရာ၌ တရုတ်နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် ဒဏ်ငွေ တိုးမြှင့်ခြင်းဖြင့် တရုတ်နိုင်ငံအား ငွေကြေး မူဝါဒနှင့် ပတ်သက်၍ ဒဏ်ခတ်မည့် ဥပဒေ ပြဋ္ဌာန်းနိုင်ရန် အသစ် တဖန် တွန်းအားပေး ဆောင်ရွက်ကြမည်ဟု ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြောက်ကိုရီးယား နိုင်ငံတွင် နှစ်ပေါင်း ၃၀ အတွင်း အကြီးကျယ် အခမ်းနားဆုံး နိုင်ငံရေး ဆွေးနွေးပွဲကြီး တစ်ရပ် ကျင်းပရန် စီစဉ်လျက် ရှိပြီး အဆိုပါ ဆွေးနွေးပွဲတွင် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်က ၎င်း၏ သားဖြစ်သူအား အလုပ်သမား ပါတီမှ အရေးပါသော ရာထူး နေရာ၌ ခန့်အပ်ထားမည်ဟု ခန့်မှန်းရသည်။ အဆိုပါ ရာထူးသည် မြောက်ကိုရီးယား ခေါင်းဆောင် ရာထူး လွှဲအပ်နိုင်ရေးအတွက် အလွန် ခိုင်မာသော နေရာ တစ်နေရာလည်း ဖြစ်သည်။

ယင်းဆွေးနွေးပွဲသည် ၁၉၈၀ ပြည့်နှစ် ကွန်ဂရက် ဆွေးနွေးပွဲတွင် လက်ရှိ ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်သည် သူ၏ ဖခင် ကင်အီဆွန်း၏ အရိုက်အရာကို ဆက်ခံမည့်သူ ဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့ပြီးနောက် ပထမဆုံးသော ပါတီ ဆွေးနွေးပွဲ တစ်ခု ဖြစ်သည်။ ယခု ရက်သတ္တပတ်တွင်လည်း ယခင် သမိုင်းကြောင်း အတိုင်းပင် သားဖြစ်သူက ဖခင်ဖြစ်သူ၏ အရိုက်အရာကို ဆက်ခံမည့် သဘောမျိုး တွေ့ရမည်ဟု မျှော်လင့်ရသည်။

အသက် ၆၈ နှစ် အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သော ကင်ဂျုံအီလ်သည် ကျန်းမာရေး ညံ့ဖျင်းလျက် ရှိပြီး အငယ်ဆုံး သားဖြစ်သူ ကင်ဂျွန်အန်ကို ပါတီတွင် အရေးပါသော ရာထူး ခန့်အပ်ဖွယ် ရှိသည်။

အလုပ်သမား ပါတီ တွေ့ဆုံ ဆွေးနွေးပွဲကို စက်တင်ဘာ အစောပိုင်း ရက်သတ္တပတ် အတွင်း ပြုလုပ်ရန် လျာထားသော်လည်း နေ့ရက် အတိအကျကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။ သို့သော် လေ့လာ သုံးသပ်သူများ အဆိုအရ စက်တင်ဘာလ ၆ ရက်နေ့တွင် ပြုလုပ်ဖွယ် ရှိသည်ဟု ဆိုသည်။ ဒေသခံ ပါတီ အဖွဲ့ဝင် အရာရှိကြီးများမှာ အဆိုပါ အလုပ်သမား ပါတီ တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်မည့် ကိုယ်စားလှယ်များ ရွေးချယ်မှုများဖြင့် အလုပ်ရှုပ်လျက် ရှိသည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက ဆိုသည်။

ယင်းကွန်ဖရင့် ဆွေးနွေးပွဲသည် ၁၉၈၀ ပြည့်နှစ်တွင် ကျင်းပခဲ့သလို ထိပ်ပိုင်း ခေါင်းဆောင်ကြီးများ ဆွေးနွေးပွဲ မဟုတ်သည့်တိုင် အလုပ်သမား ပါတီ၏ အရေးကိစ္စကြီးများ ဖြေရှင်းရန် လွန်စွာ အရေးကြီးသည့် ဆွေးနွေးပွဲ တစ်ရပ် ဖြစ်ကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။

မြောက်ကိုရီးယား နိုင်ငံကို ၁၉၉၄ ခုနှစ် မှစ၍ တစ်ဦးတည်း ချုပ်ကိုင်မှုဖြင့် အုပ်ချုပ်ခဲ့သူ ကင်ဂျုံအီလ်သည် ၂၀၀၈ ခုနှစ် လေသင်တုန်းဖြတ် ရောဂါဝေဒနာ ခံစားခဲ့ရသည့် အချိန် နောက်ပိုင်း သူ၏ အငယ်ဆုံးသားကို အာဏာ လွှဲပြောင်းရန် လျာထားခဲ့သည်ဟု လေ့လာသူ အများစုက ရှုမြင်ကြသည်။

တောင်ကိုရီးယား လျှို့ဝှက် ထောက်လှမ်းရေး အေဂျင်စီ အဆိုအရ မြောက်ကိုရီးယား ကွန်မြူနစ် အစိုးရသည် ခေါင်းဆောင် ရာထူး ဆက်ခံမည့် ကိစ္စနှင့် ပတ်သက်ပြီး ဝါဒဖြန့်မှုများကို ပြုလုပ်လျက် ရှိကြောင်း၊ ထို့အတူ ဖခင်ကြီး နေရာကို ဆက်ခံယူမည့် ကင်ဂျွန်အန်အပေါ် ထုတ်ဖော် ချီးမွမ်းခန်း ဖွင့်သည့် ကဗျာများလည်း ဖြန့်ဝေလျက် ရှိကြောင်း သိရသည်။ သို့သော် အာဏာ လွှဲပြောင်းလည့် ကိစ္စ အသေးစိတ်ကို ကွန်မြူနစ် အစိုးရက လျှို့ဝှက်ထားကြသည်။

ယခုအခါ မည်သည့် နိုင်ငံတကာ မီဒီယာတွင်မှ ကင်ဂျွန်အန်၏ လတ်တလော ဓာတ်ပုံများ ဖော်ပြနိုင်ခြင်း မရှိသေးပေ။ ၎င်း၏ ဆယ်ကျော်သက် အရွယ် ဓာတ်ပုံကိုသာ တွင်တွင် ကျယ်ကျယ် အသုံးပြုနေခြင်းသာ ဖြစ်သည်။ ကင်ဂျွန်အန်နှင့် ပတ်သက်သော မေးမြန်းမှုများကိုလည်း မြောက်ကိုရီးယား အစိုးရ အရာရှိများက ဖြေဆိုမှု မပြုကြပေ။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Economist, 6th Sept 2010

မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီသည် ၎င်း၏ ယခင် တရုတ်ခရီးစဉ်နှင့် လေးလပင် မခြားဘဲ ဒုတိယ အကြိမ်အဖြစ် သြဂုတ်လ ၂၆ ရက်တွင် ၎င်း၏ ကျည်ကာ ရထားနှင့် တရုတ်နိုင်ငံသို့ ထပ်မံ၍ ခရီးထွက်လာခြင်းသည် အရေးပေါ် မစ်ရှင်ပင် ဖြစ်ရလိမ့်မည်။ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ပြုံယမ်းသို့ ရောက်ရှိနေခြင်း၊ မြောက်ပိုင်းတွင် ပျက်စီးဆုံးရှုံးမှု ကြီးမားသော ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ခြင်း၊ ၎င်း၏ ကွန်မြူနစ်ပါတီ ရှားရှားပါးပါး အစည်းအဝေး ပြုလုပ်ရန်မှာ ရက်ပိုင်းမျှသာ လိုတော့ခြင်း စသော အကြောင်းများသည် ယခု အချိန်၌ ကင်ဂျုံအီး ပြုံယမ်း အိမ်တော်တွင် ရှိနေရန် လုံလောက်သော အကြောင်းများပင် ဖြစ်သည်။ သို့သော်လည်း တရုတ် နိုင်ငံသို့ အူလျားဖားလျား အပြေးသွားခဲ့ခြင်းသည် အရေးတကြီး ဦးစားပေး ကိစ္စတစ်ခု ရှိနေသည့် လက္ခဏာပင် ဖြစ်သည်။

တရုတ်နှင့် မြောက်ကိုးရီးယား ၂ နိုင်ငံ စလုံးသည် ၎င်းတို့၏ အမူအကျင့်အတိုင်း ကင်ဂျုံအီး ပြန်သွားသည့် သြဂုတ်လ ၃၀ ရက် အထိ အဆိုပါ ခရီးစဉ်ကို လျှို့ဝှက်ထားခဲ့ကြသည်။ ထို့နောက်တွင်မူ ဂျင်မီကာတာသည် အမေရိကန်လူမျိုး Aijalon Gomes နှင့်အတူ ပြန်လည် ထွက်ခွာသွားခဲ့သည်။ Gomes သည် မြောက်ကိုးရီးယား နိုင်ငံတွင်းသို့ ဇန်နဝါရီလက တရားမဝင် ဝင်ရောက်ခဲ့ခြင်းကြောင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၈ နှစ် ကျခံနေရသူ ဖြစ်သည်။ Gomes အား လွှတ်ပေးလိုက်ခြင်းသည် မတ်လက တောင်ကိုးရီးယား စစ်သင်္ဘော နစ်မြုပ်မှုကြောင့် လအတန်ကြာ တင်းမာမှု ကြီးထွားခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စုအား ရှားရှားပါးပါး လိုက်လျောသည့် လက္ခဏာ တစ်ခုပင် ဖြစ်သည်။

သို့သော်လည်း အမေရိကန်ကမူ ကင်ဂျုံအီးနှင့် မြောက်ကိုးရီးယား အထက်လွှာများအတွက် ဇိမ်ခံပစ္စည်းများ တင်သွင်းခြင်း၊ လက်နက်နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း စသော တရားမဝင် လုပ်ကိုင်မှုများ အတွက် သံသယ ရှိသော မြောက်ကိုးရီးယား လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများစွာ အပေါ် အရေးယူ ပိတ်ဆို့မည့် အစီအစဉ် အသေးစိတ်ကို ထုတ်ပြန်ခြင်းဖြင့် တုန့်ပြန်ခဲ့သည်။ ယင်းသို့ အရေးယူမည့် ဆုံးဖြတ်ချက်ကို ဇူလိုင်လက ကြေညာခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံကလည်း အမေရိကန် ပြည်ထောင်စု၏ လတ်တလော အကြောလျှော့ သွေးပူ လေ့ကျင့်ခန်းများကို ကျယ်ကျယ် လောင်လောင် ကန့်ကွက်ခဲ့ပြီး အထူးသဖြင့် တောင်ကိုးရီးယားနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်မှုများကို ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။ ယမန်နေ့က ပူးတွဲ ရေတပ် လေ့ကျင့်မှုများ ပြန်လည် စတင်ခဲ့သည့် ပင်လယ်ဝါသည် တရုတ်ကမ်းခြေနှင့် နီးကပ်သဖြင့် စိတ်မသက်မသာ ဖြစ်ရသည်ဟု တရုတ်တို့က အကြောင်းပြသည်။ 

တရုတ်တို့က ၎င်း၏ ကိုယ်ပိုင် လေ့ကျင့်ခန်းများကို ပင်လယ်ဝါတွင် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည်။ တရုတ်အစိုးရ သတင်းဋ္ဌာန Xinhua က ပုံမှန် ပြုလုပ်နေကျ လေ့ကျင့်မှုသာ ဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း အမှန်တကယ်မှာ အမေရိကန်နှင့် တောင်ကိုးရီးယားတို့၏ လှုပ်ရှားမှုများကို ရင်ဆိုင်ရန် ခိုင်မာစွာ ဆုံးဖြတ်ထားမှုကို ပြသလိုသည့် ၎င်းတို့အပေါ် သတိပြုမိစေရန် ဆုံးဖြတ်ခဲ့ခြင်းသာ ဖြစ်သည်။ တောင်ကိုးရီးယား စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ မြောက်ကိုးရီးယားကို အပြစ်တင်ထားသည့် နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့၏ စုံစမ်းမှု ရလဒ်များကို "ကင်" ၏ နောက်ဆုံး တရုတ်ခရီးစဉ် အပြီးတွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ရလဒ်များကို လက်ခံရန် တရုတ်က ငြင်းဆန်ခဲ့သည်။ ယခု တဖန် ကင်ဂျုံအီးအား ကော်ဇောနီ ဖြန့်ခင်း ကြိုဆိုခြင်းဖြင့် ပြန်လည် စဉ်းစား သုံးသပ်ရန် အစီအစဉ် မရှိကြောင်း တရုတ်တို့က ပြသလိုက်ပြီ ဖြစ်သည်။

အဘယ်ကြောင့် ကင်ဂျုံအီ တရုတ်နိုင်ငံသို့ အချိန်တိုအတွင်း ထပ်မံ သွားရောက်ခဲ့သည် ဆိုသည်ကိုမူ ရှင်းလင်းစွာ မသိရသေးပါ။ ၁၉၈၀ နောက်ပိုင်း ပထမဆုံးအကြိမ် ကျယ်ပြန့်စွာ ကျင်းပမည့် ပါတီ ညီလာခံနှင့် ပတ်သက်ဖွယ် ရှိသည်ဟု အများစုက ခန့်မှန်းချက် ပေးကြသည်။ စက်တင်ဘာ လဆန်းပိုင်းတွင် ကျင်းပမည်ဟု မြောက်ကိုးရီးယားက ကြေညာထားသော ကွန်မြူနစ် အလုပ်သမား ပါတီ ညီလာခံသည် ကင်၏ သားဖြစ်သူ ကင်ဂျုံအန်အား ပါတီတွင်း အဆင်မြင့် ခန့်အပ်ခြင်းကို ထောက်ခံမှု ရစေရန် စုဝေးခြင်း ဖြစ်သည် ဟူသော ခန့်မှန်းမှုမှာလည်း ရေပန်းစားလျက် ရှိသည်။ ၎င်းအကြံဥာဏ်သည် ကျန်းမာရေး မကောင်းတော့သော ဖခင်၏ နေရာအား သားဖြစ်သူက ဆက်ခံနိုင်ရန် စင်တင်ပေးသည့် သဘော ဖြစ်ဖွယ် ရှိသည်။ အသက် ၂၀ ကျော် ၃၀ နီးနီး ရှိပြီ ဖြစ်သော သားငယ် ကင်ဂျုံအန်သည် အလုပ်အကိုင် မရှိသေးဟု ယူဆရသည်။ ၎င်းရာထူး ဆက်ခံမည့် ကောလာဟလများမှာ အချိန် အတန်ကြာကပင် ထွက်ပေါ်နေခဲ့ပြီး အကယ်၍ ထိုအစီအစဉ်သာ ဖြစ်အံ့ဆဲဆဲ ဆိုပါက ၎င်း၏ ဖခင်က တရုတ်နိုင်ငံအား သတင်းပို့ရန် သွားရောက်ခြင်း ဖြစ်ဖွယ် ရှိသည် ဆိုသော အချက်မှာ မှန်ကန်ဖွယ် ရှိနေသည်။

တရုတ်နှင့် မြောက်ကိုးရီးယား တရားဝင် သတင်း ထုတ်ပြန်မှုများတွင် အာဏာ ဆက်ခံရေး ကိစ္စ (သို့) ကင်ဂျုံအန် အကြောင်း ဖော်ပြခြင်း မရှိပါ၊ ခရီးစဉ်တွင် ၎င်းလိုက်ပါခြင်း ရှိ/မရှိ ကိုလည်း မသိရသေးပါ။ သို့သော်လည်း ကင်ဂျုံအီးသည် ၎င်း၏ ကွယ်လွန်သူ ဖခင်ကြီး ကင်အီဘွန်း တရုတ်နိုင်ငံတွင် နေထိုင် ပတ်သက်ခဲ့ဖူးသော နေရာများသို့ ကြည့်ရှုကာ အချိန် ဖြုန်းနေသည်ဟု သိရှိရသည်။ ၂ နိုင်ငံ အကြား အစဉ်အလာ ချစ်ခင် ရင်းနှီးမှုကို မျိုးဆက်သစ်များအား လက်ဆင့် ကမ်းရန် လိုအပ်သည်ဟု ကင်ဂျုံအီးက ပြောကြားခဲ့ကြောင်း သိရှိရသည်။

ပြုံယမ်းတွင် ကျင်းပမည့် ပါတီ ညီလာခံကို အောင်မြင်စေရန် တရုတ် သမ္မတ ဟူကျင်းတောင်က ဆုတောင်းပေးခဲ့သည်။ မြောက်ကိုးရီးယား နျူကလီယာ ဖျက်သိမ်းရေး ဆွေးနွေးပွဲများ စောစီးစွာ ပြန်လည် စတင်ရေးအတွက် ကင်နှင့် သဘောတူညီမှု ရထားသော တရုတ်နိုင်ငံ အိမ်ရှင် အနေအထားကို တရုတ် မီဒီယာက အလေးပေး ရေးသားလျက်ရှိသည်။  ၆ နိုင်ငံ ဆွေးနွေးပွဲများ ပြန်လည် စတင်ရေး အလားအလာမှာ မှေးမှိန်နေဆဲ ဖြစ်သော်လည်း မြောက်ကိုးရီးယားသည် စီးပွားရေး ပိတ်ဆို့ခံရမှု ဖိအားများမှ သက်သာရာ ရရန် နည်းလမ်း အဖြစ် စေ့စပ် ဆွေးနွေးမှုများ ပြန်လည် စတင်ရန် ကြိုးစားနေသည်ဟု အကဲခတ် အချို့က ယုံကြည်ထားကြသည်။ လတ်တလော အချိန်တွင် တရုတ်နိုင်ငံသည် မြောက်ကိုးရီးယား၏ သက်သယ် ကြိုးတစ်ချောင်းပင် ဖြစ်သည်။ နှစ်နိုင်ငံ အကြား ကုန်သွယ်ရေးမှာ လတ်တလောလများ အတွင်း တိုးတက်လာခဲ့သည်ဟု သံတမန်များက ဆိုသည်။ စားနပ်ရိက္ခာ ပြတ်လပ်နေသော မြောက်ကိုးရီးယားက အပြန်အလှန် အားဖြင့် အရှေ့မြောက် ဆိပ်ကမ်းမြို့ ရာဂျင်တွင် ဆိပ်ကမ်း အဆောက်အအုံများကို တရုတ်အား ငှားရမ်းခဲ့သည်။

မြောက်ကိုးရီးယား၏ အာဏာလွှဲပြောင်းမှု အလားအလာသည် တရုတ်နိုင်ငံအား စိုးရိမ် ပူပန်စေသည်။ ဘေဂျင်းထုတ် အင်္ဂလိပ်ဘာသာ သတင်းစာ Global Times က အမေရိကန်နှင့် တောင်ကိုးရီးယားသည် မြောက်ကိုးရီးယားတွင် အကျပ်အတည်း ဖန်တီးရန် ဆန္ဒ ရှိနေကြသည်ဟု စွပ်စွဲလိုက်ပြီး ချောမွေ့စွာ အသွင် ကူးပြောင်းမှုသည် အရှေ့မြောက် အာရှဒေသ တည်ငြိမ်ရေးအတွက် အလွန် အရေးကြီးသည်ဟု ဖော်ပြခဲ့သည်။

ဝါရှင်တန် အခြေစိုက် ဥာဏ်ကြီးရှင် အုပ်စု Centre for Strategic and Tnternational Studies မှ Victor Cha က "တရုတ် နိုင်ငံသည် ၎င်း၏ မဟာမိတ် ပြုံယမ်းအား ခါးသီးသော အဆုံးသတ်ဆီသို့ ပို့ရန် ဆန္ဒ ရှိနေဆဲ ဆိုသော အချက်ကို ကင်၏ ယခု လျှို့ဝှက် ခရီးစဉ်က အနည်းဆုံး ထင်ဟပ် ပေါ်လွင် စေခဲ့သည်" ဟု ပြောကြားလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယခုအခါ ပြိုကွဲသွားပြီ ဖြစ်သည့် အမျိုးသား ဒီမိုကရေစီပါတီ (NLD) အနေဖြင့် ပါတီ ပျက်ပြားသွားအောင် ဖိအား ပေးခံရသည့်အတွက် မြန်မာ စစ်အစိုးရကို တရားစွဲဆိုရန် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။

ယခုအခါ နေအိမ် အကျယ်ချုပ် ၁၈ လ ပြစ်ဒဏ် ကျခံနေရသူ ဒေါ်အောင်ဆန်းစုကြည်က NLD အနေဖြင့် စစ်အစိုးရကို တရားစွဲဆိုရန် သူမ၏ ဥပဒေ အကျိုးဆောင် အဖွဲ့ဝင်များ ဖြစ်သော ရှေ့နေ ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်းနှင့် ဒေါ်ခင်ဌေးကြွယ်တို့ကို အကြံပေး ပြောဆိုခဲ့သည်။

"ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ ပျက်အောင် ဖိအား ပေးခဲ့တဲ့ ကိစ္စဟာ တရားမဝင်တဲ့ လုပ်ရပ် ဖြစ်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ စစ်အစိုးရကို တရား စွဲဆိုသင့်တယ်လို့ ပြောပါတယ်" ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

စစ်အစိုးရက ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေများသည် သူမနှင့် သူမ၏ ပါတီကို မလို မုန်းတီးသော သဘောမျိုးဖြင့် ရေးဆွဲခဲ့ခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ဦးဉာဏ်ဝင်းက ပြန်လည် ပြောပြသည်။ မြန်မာ စစ်အစိုးရသည် လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်လျက် ရှိသည်။ အဆိုပါ NLD ပါတီ အနိုင် ရရှိခဲ့သည့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ နောက်ပိုင်း နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ဖြစ်သည်။ သို့သော် စစ်အစိုးရက NLD ကို အာဏာ လွှဲပြောင်းပေးခဲ့ခြင်း မရှိဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နှစ်ပေါင်း ၁၅ နှစ်တာကြာမျှ ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။

ယခု လာမည့် ရွေးကောက်ပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီ ပါဝင်ခွင့် မရရှိအောင် စစ်အစိုးရက တစ်ဖက်သတ် ဥပဒေများ ရေးဆွဲခဲ့သည်။ ယင်းဥပဒေများအရ ဖမ်းဆီး ပြစ်ဒဏ် ကျခံနေရသူ ပါတီဝင်များ ရှိသည့် ပါတီများ အနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက်မည် ဆိုပါက ၎င်းတို့အား ပါတီအဖွဲ့ဝင် အဖြစ်မှ ထုတ်ပယ် ရမည် ဖြစ်သည်။ သို့အတွက်ကြောင့် NLD အနေဖြင့် နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည် ဆိုပါက ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ် ပစ်ရမည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။

ပြီးခဲ့သည့် ဧပြီလတွင် NLD ပါတီက ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မှု မပြုဘဲ သပိတ်မှောက်မည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

Monster Sand Critics မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Asean, 26th August 2010

၂၀၀၈ မေလ ၂ရက်နှင့် ၃ရက်တွင် ဘင်္ဂလား ပင်လယ်အော်မှ နာဂစ်ဆိုက်ကလုံးသည် မြန်မာနိုင်ငံ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းကို ဖြတ်သန်း၍ ကုန်းတွင်း ဝင်ရောက်သွားခဲ့ရာ လူ့အသက်များစွာ ဆုံးရှုံးခြင်း၊ အခြေခံ အဆောက်အဦးများ ၊ လူနေအိမ်ခြေများ၊ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ ပျက်စီးခြင်း တို့ကို ဖြစ်ပေါ်စေခဲ့သည်။

ဆိုင်ကလုံး အပြီးတွင် လူပေါင်း ၁၄၀,၀၀၀ နီးပါး သေဆုံးခဲ့ကြပြီး ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း အတွင်း နေထိုင်သူများ၏ သုံးပုံတစ်ပုံ အရေအတွက် ရှိသော လူပေါင်း ၂.၄ သန်းခန့်မှာ အိုးမဲ့၊ အိမ်မဲ့ ဒုက္ခများကို ခံစားခဲ့ကြရသည်။ ဆိုက်ကလုံး မုန်တိုင်း တိုက်ခတ်သွားသည့် ၃၇ မြို့နယ်၏ ဧရိယာ အကျယ်အဝန်းမှာ ၂၃၅၀၀ စတုရန်း ကီလိုမီတာခန့် ရှိရာ ဟေတီနိုင်ငံ အကျယ်အဝန်းထက် အနည်းငယ်မျှသာ လျော့နည်းသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာ အနေဖြင့် နာဂစ်စ် ဆိုင်ကလုံးသည် မှတ်တမ်း တင်ထားသမျှ လူသေ ပျောက်မှု အများဆုံး ဆိုင်ကလုံးများတွင် အဋ္ဌမ နေရာတွင် ရှိနေပြီး မြန်မာ့သမိုင်း တစ်လျှောက်တွင် အဆိုးဝါးဆုံး သဘာဝ ကပ်ဘေး အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဆိုင်ကလုံး နာဂစ်ကြောင့် လမ်းများ၊ ဆိပ်ခံတံတားများ၊ လောင်စာဆီ ဖြန့်ဖြူးမှုများ၊ လျှပ်စစ်ဓါတ်အား၊ ရေနှင့် သန့်ရှင်းရေး စနစ်များစသည့် အခြေခံ အဆောက်အဦးများနှင့် နေအိမ်များ ပျက်စီးမှု အပါအဝင် ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှု ကြီးမားစွာ ပေါ်ခဲ့ရပြီး ပြည်သူများ၏ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများအပေါ် ကြီးမားသော ရေရှည် ထိခိုက်မှု ဖြစ်ပေါ်ခဲ့ရသည်။ ရေဖြန့်ဖြူးမှု ကဏ္ဍ၏ အပိုင်း တော်တော်များများမှာ ညစ်ညမ်းသွားခဲ့သလို စားနပ်ရိက္ခာ သိုလှောင်မှုများ မှာလည်း ပျက်စီး ဆုံးရှုံးခဲ့ရသည်။

လယ်မြေများ ပျက်စီးကာ မရေတွက်နိုင်သော ရွာများ နစ်မြုပ်စေခဲ့သည့် လှိုင်းလုံးများ ၉ပေမှ ၁၂ပေခန့် အထိ တက်လာခြင်းနှင့်အတူ ပြင်းထန်လွန်းသော လေမုန်တိုင်း ဒဏ်ကို ခံခဲ့ရသည့် မြန်မာ နိုင်ငံ၏ ဆန်အိုးကြီး ဧရာဝတီတိုင်းမှာ ထိခိုက် ပျက်စီးမှု အများဆုံး ဖြစ်ပွားခဲ့သည်။

ယခုကဲ့သို့ နာဂစ် ဆိုင်ကလုံးက မြစ်ဝကျွန်းပေါ် လယ်သမားများအား အလဲထိုးခဲ့သည့် အချိန်မှာ ဘေးဒဏ်သင့် ဒေသများ၌ တစ်နှစ်ပတ်လုံး ထုတ်လုပ်မှု ပမာဏ၏ ၂၅ % ရှိသော နွေစပါး ရာသီ၏ နောက်ဆုံး အဆင့် ဖြစ်သည်။ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ၏ စုစုပေါင်း ပျက်စီးမှုနှင့် ဆုံးရှုံးမှု ခန့်မှန်း တန်ဖိုးမှာ ကျပ်သန်းပေါင်း ၅၇၀,၀၀၀ မှ ၇၀၀,၀၀၀ အတွင်း ရှိသည်ဟု ဆိုသည်။

ဆိုင်ကလုံးက ဖျက်ဆီခဲ့သည့် မိသားစုများနှင့် လူ့အသိုင်းအဝိုင်း၏ လူမှုရေး၊ စီးပွားရေး ဆုံးရှုံးမှု ဒုက္ခများမှာ ကြီးမား လွန်းသောကြောင့် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန် အတွက် ချက်ခြင်း တုန့်ပြန် လှုပ်ရှားမှု လိုအပ်နေသည်။ ထို့အပြင် ဆင်းရဲ နွမ်းပါးသူများ၏ အသက်မွေး ဝမ်းကျောင်းနှင့် ပိုင်ဆိုင်မှုများ ပြန်လည် ရရှိရေး၊ မရှိမဖြစ် ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးရေးတို့ အပေါ် အာရုံ စိုက်ရမည့် အလယ်အလတ်နှင့်  ရေရှည် ပြန်လည် ထူထောင်ရေး လုပ်ငန်းများသို့ သေချာစွာ အသွင် ကူးပြောင်းပေးနိုင်သည့် ကနဦး ပြန်လည် ထူထောင်ရေး အစီအစဉ် အတွက်လည်း ချက်ချင်း တုန့်ပြန် ဆောင်ရွက်မှု လိုအပ်နေသည်ဟု သုံးသပ် တင်ပြလိုက်ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Economist, 2nd September 2010

"ပြီးပြည့်စုံခြင်း ဆိုတာ သူသေပြီးရင် ဖြစ်ရမယ်" ဟု W.H.Auden က ၎င်း၏ စာအုပ် "Epitaph on a Tyrant" (အာဏာရှင်၏ အုတ်ဂူတွင် ထွင်းမည့်စာ) တွင် ရေးသားခဲ့သည်။ ထို ရည်ရွယ်ချက်ဖြင့်ပင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လုပ်ကိုင်လာခဲ့ရာ ၎င်းသည် မြန်မာနိုင်ငံကို မြေကြီးထဲသို့ စုန်းစုန်းမြှုပ် စေခဲ့သောသူ ဖြစ်သည်။ သူသည် ရှင်းပြ၍ မရနိုင်သော မဟာ အမှားကြီး ဖြစ်သော ရန်ကုန်နှင့် ကီလိုမီတာ ၃၂၀ (မိုင် ၂၀၀) ခန့် ကွာဝေးသော ငှက်ဖျား ရှိရာ ဝေးလံသည့် အရပ်တွင် မြို့တော်သစ် တည်ဆောက်ခဲ့သည်ကို ရှင်းပြပေလိမ့်မည်။

သူ၏ ခေါင်းထဲတွင် ထိုပရောဂျက်ကိုသာ တချိန်လုံး စဉ်းစားနေဟန် ရှိသည်။ Benedict Rogers က သန်းရွှေ၏ အတ္ထုပ္ပတ္တိတွင် တစ်ချိန်က မြန်မာနိုင်ငံတွင် အမေရိကန် စစ်သံမှူး လုပ်ခဲ့သူ တစ်ဦး ပြောပြသော အဖြစ်အပျက် ကလေး တစ်ခုကို ရေးပြထားသည်။ တစ်ခါက ဧည့်ခံပွဲ တစ်ခုတွင် အဆိုပါ စစ်သံမှူးသည် သန်းရွှေထံသို့ ကပ်၍ မိတ်ဆက် စကားပြောခဲ့ရာ၊ ၎င်း စကား မဟနိုင်မီမှာပင် သန်းရွှေက "ကင်ဘာရာနဲ့ ဆစ်ဒနီ၊ ဝါရှင်တန် ဒီစီနဲ့ နယူးယောက်၊ The Hague နဲ့ အမ်စတာဒမ်၊ အော့တဝါနဲ့ တိုရန်တို၊ နိုင်ငံ အများစုမှာ အဓိက လူဦးရေ ထူထပ်တဲ့ စီးပွားရေး စင်တာတွေနဲ့ သီးခြား အုပ်ချုပ်ရေး မြို့တော် ရှိကြတယ်" ဟု ကျက်မှတ်ထားသည်များကို ရွတ်သွားသည့်နှယ် ပြောပြီး ဖြေးညှင်းစွာ ထွက်သွားခဲ့သည် ဟု ဖော်ပြထားသည်။

အနည်းဆုံးတော့ အမေရိကန်သည် ဗိုလ်ချုပ်မှူးကြီးကို အသိအမှတ် ပြုခဲ့သည်။ အကယ်၍ သန်းရွှေသည် စစ်ရာဇဝတ်မှုများနှင့် အာဏာဖြင့် မတရားပြုခဲ့မှု အတွက် ရှေ့ဆုံးတန်းမှ အပြစ်ပေးခံမည် ဆိုလျှင်တောင် မြန်မာနိုင်ငံ ပြင်ပမှ နိုင်ငံ အနည်းငယ်ကသာ ၎င်း၏ နာမည်သော် လည်းကောင်း၊ မျက်နှာကို သော်လည်းကောင်း သိပေလိမ့်မည်။ သို့သော်ငြားလည်း သန်းရွှေသည် သန်းငါးဆယ် ကျော်သော လူများအပေါ် ဆယ်စုနှစ် နှစ်ခုခန့် မှားယွင်းစွာ အုပ်ချုပ်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် Mr Rogers သည် လိုအပ်နေသော ၎င်း၏ ဘဝ ဇာတ်ကြောင်းကို ခွဲခြမ်း စိတ်ဖြာ ရေးသားခြင်းသည် ရဲဝံ့သော လုပ်ဆောင်မှုပင် ဖြစ်သည်။

သို့သော် ဝမ်းနည်းဖွယ် ကောင်းသည်မှာ ၎င်း၏ အမှန်တရား ရှာဖွေမှုမှာ အလုပ်မဖြစ်ခဲ့ပေ။ စာရေးဆရာလည်းဖြစ်၊ လူ့အခွင့်အရေး လှုပ်ရှားသူလည်း ဖြစ်သူ Mr Rogers သည် မြန်မာတွေ အကြောင်း သိပါသည် ဆိုသော်ငြားလည်း လျှို့ဝှက်လွန်းသော မြန်မာ အစိုးရနှင့် နဖူးတွေ့ ဒူးတွေ့ တွေ့ရလေတော့သည်။ ထို့ကြောင့် ၎င်းသည် အတင်းအဖျင်းများ၊ အဖြစ်အပျက်များ၊ အရေး မပါလှသော တရားဝင် သတင်းများ၊ ခန့်မှန်းချက်များ အပေါ်တွင်သာ အခြေခံ၍ ရေးသားခဲ့ရသည်။ ဗိုလ်ချုပ်မှူးကြီး မွေးသော နေရာနှင့် ပတ်သက်၍တောင် သန်းရွှေနှင့် ရင်းနှီးသော စီးပွားရေးသမား၏ ခင်မင် ရင်းနှီးသူထံမှ သေချာစွာ မေးမြန်းယူရသည့် အဖြစ်တွင် ရှိသည်။

ပိုဆိုးသည်မှာ သန်းရွှေသည် သာမန် လူများနှင့် ကွဲပြားသော အချက် အတော်များများ ရှိဟန် တူသည်။ ကုလသမဂ္ဂ အကြီးတန်း ကိုယ်စားလှယ် တစ်ဦးက ကောင်းမွန်စွာ ဝတ်စားပြီး၊ မတ်မတ်ထိုင်၍ ကြည့်ကောင်းသော သန်းရွှေသည် သူ့ကိုယ်သူ အလွန် ဂုဏ်ယူနေ ပုံပေါက်သည်ဟု ထင်မြင်သည်ဟု ဆိုသည်။ ထိုင်း သံတမန်ဟောင်း တစ်ဦး၏ အဆိုအရမူ တောင့်တင်းပြီး မျက်မှန်နှင့် ကွမ်းချိုး (ဂျိုး) ရှိသော သွားများနှင့် ပုဂ္ဂိုလ်ဟု သိရသည်။

၎င်းနှင့် ပတ်သက်သော အချို့ အရာများမှာ သိရှိပြီး ဖြစ်သည်။ ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး နိုင်ငံ၌ သမီးတော်၏ ကြီးကျယ် ခမ်းနားသော မင်္ဂလာဆောင် ဗွီဒီယို အပြင်သို့ ထွက်ခဲ့ရာ ပြည်သူ၏ အမြင်နှင့် ပတ်သက်၍ သန်းရွှေကြီး အလွန် ဒေါသထွက်သည် ဆိုသော အကြောင်းများ ဖြစ်သည်။ အခြား လျှို့ဝှက် မထားသော ကိစ္စတစ်ခုမှာ သူသည် ဗေဒင် ယတြာများကို ယုံကြည်ခြင်းပင် ဖြစ်သည်။ သူ အနှစ်သက်ဆုံး အကြားအမြင် ဆရာမှာ ရုပ်ရှင် ဇာတ်ကောင် ET နှင့် တူ၍ ET ဟု အမည် ပေးထားသော အသက် လေးဆယ်ကျော် ဝန်းကျင်ရှိ လူကောင် သေးသေး ရှေ့ဖြစ်ဟော ဆရာမ ဖြစ်သည်။ လယ်သမားများအား ဇီဝလောင်စာ အတွက်ဟု ဆိုကာ ကြက်ဆူပင်များ အတင်း အကြပ် စိုက်ခိုင်းခြင်း ကဲ့သို့သော အမှားမျိုး အတွက် ရှင်းလင်းချက်မှာ ဗဟုသုတ ကြွယ်ဝ၍ဟု ပြော၍ မရနိုင်ပေ။ ဗေဒင် ဆရာ၏ ဒေါ်အောင်ဆန်းစုကြည် အပေါ် ယတြာ ချေခိုင်းခြင်းကြောင့် ဖြစ်သည်။

သို့သော် စာအုပ်တွင် သန်းရွှေနှင့် ပတ်သက်သော ကျွန်ုပ်တို့ သေချာစွာ သိရှိသည့် အကြောင်းအရာ အနည်းငယ် ဖြည့်စွက်ခဲ့မည် ဆိုပါက သန်းရွှေ ခေါင်းဆောင်သော အစိုးရ၏ စိတ်မချမ်းသာဖွယ်များကို အချိန်မီ သိရှိကြရမည် ဖြစ်သည်။ အစိုးရ ခေါင်းဆောင်များသည် နိုဝင်ဘာ ရွေးကောက်ပွဲ အပြီးတွင်လည်း အာဏာ ဆက်လက် ကိုင်ထားရန် သေချာနေသည် ဆိုသည့် ကိစ္စမျိုး ဖြစ်သည်။ Mr Rogers က သန်းရွှေ ဆက်ခံခဲ့သည့် နေဝင်း လက်ထက်ကလည်း ၎င်း၏ အာဏာရှင် စနစ်ကို အရပ်သား မျက်နှာဖုံး တပ်ခဲ့သည်ဟု ညွှန်ပြထားသည်။

သို့သော် သန်းရွှေသည် သူကိုယ်တိုင်၏ အကြောင်းများကိုမူ သိုသိုဝှက်ဝှက် ရှိသည်။ အနည်းငယ်မျှပင် မသိရှိရသည့် အတွက် အချို့က သူ့ကို အလွန် ဥာဏ်ကောင်းသည်ဟု ထင်နေပုံ ရသည်။ သူ၏ ပုံမှန် ဗျူဟာများနှင့် အာဏာ ဆက်လက် ချုပ်ကိုင်ထားမှုများကို အများက အမြဲတမ်း လျော့တွက်ခဲ့ကြသည်။ Mr. Rogers က ၎င်းရေးသားသော အတ္ထုပ္ပတ္တိ စာအုပ်တွင် စာရင်းဇယား ကောက်ယူထားသော သန်းရွှေ၏ အကျင့် စရိုက်အရ ဖြစ်သည်။ အဆိုပါ စာအုပ်တွင် အနောက်တိုင်း သံတမန် တစ်ဦးက ပြောသော စကားကို ကိုးကားထားရာ သန်းရွှေသည် ရက်စက် ကြမ်းကြုတ်သော လူဆိုး တစ်မျိုး (thug) ဖြစ်သည် ဟူ၏။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံသို့ တရုတ် စစ်သင်္ဘောများ ပထမဆုံး အကြိမ် လာရောက် လည်ပတ်မှု ခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရှိရသည်။

ပင်လယ်ဓားပြ နှိမ်နင်းရေး တပ်ဖွဲ့များ ဦးဆောင်သည့် တရုတ် စစ်သင်္ဘော နှစ်စင်း၏ ငါးရက်တာ မြန်မာနိုင်ငံ ခရီးစဉ်သည် တရုတ်-မြန်မာ အနီးကပ် ချစ်ကြည် ရင်းနှီးမှုနှင့် တရုတ် ရေတပ်၏ ခြေတံ လက်တံ ဆန့်နိုင်မှုကို ပြသနိုင်ခဲ့သည်။ ထို့အတူ မကြာမီ ရက်ပိုင်းတွင် တရုတ်နိုင်ငံသို့ မြန်မာ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လာရောက် လည်ပတ်ရန်လည်း ရှိကြောင်း ဘေဂျင်း အစိုးရက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လေးရက်တာ ခရီးစဉ်အတွင်း တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်နှင့် တွေ့ဆုံပြီး ဘေဂျင်း၊ ရှန်ဟိုင်းနှင့် ဇီကျန်းမြို့များသို့ သွားရောက်မည် ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အဆိုပါ ခရီးစဉ်သည် တရုတ်နှင့် အိမ်နီးချင်း မြန်မာ အကြား ချစ်ကြည် ရင်းနှီးမှု တိုးပွားလာခြင်းကို ထပ်မံ ဖော်ကျူးပြရာ ရောက်သလို အာရှ အစိုးရ အများစု၏ သံသယဖြင့် ရှုမြင်ခြင်းကို ခံရမည် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ပြီးခဲ့သည့် လပိုင်းအတွင်း အိမ်နီးချင်း အိန္ဒိယ နိုင်ငံများသို့ သွားရောက် လည်ပတ်ခဲ့သေးသည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Jiang Yu က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ်သည် စက်တင်ဘာလ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဖြစ်သည်ဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လာရောက် လည်ပတ်မှုကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ အစဉ်အလာ ချစ်ကြည် ရင်းနှီးမှုကို ပိုမို ခိုင်မာ တောင့်တင်းစေမည် ဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးရေးကိုလည်း မြှင့်တင် ပေးနိုင်မည် ဖြစ်သည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောဆိုသည်။ နိုဝင်ဘာလ ၇ ရက်နေ့ မြန်မာ နိုင်ငံတွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မေးမြန်းရာတွင် ၎င်းက "မြန်မာ နိုင်ငံ ရွေးကောက်ပွဲကို ချောချောမွေ့မွေ့ ကျင်းပပေးနိုင်ပြီး ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးတွေကို ဆက်လက် လုပ်ကိုင်သွားနိုင်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်မိပါတယ်" ဟု ဆိုသည်။

မဟာမိတ်နိုင်ငံ

မြန်မာ နိုင်ငံသို့ လာရောက်ခဲ့သော Guangzhou နှင့် Caogu စစ်သင်္ဘော နှစ်စီးမှာ ရန်ကုန်မြို့ အနီးရှိ သီလဝါ ဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့ပြီး အခမ်းအနားဖြင့် ကြိုဆိုခြင်း ခံခဲ့ရသည်။ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (ရေ) သည် နိုင်ငံတကာ ပင်လယ်ဓားပြ နှိမ်နင်းရေး ဆောင်ရွက်ချက်များတွင် ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး အခြားသော ဆိပ်ကမ်းများသို့လည်း စစ်သင်္ဘောများ ထပ်မံ စေလွှတ်ရန် အစီအစဉ် ရှိသည်။

အဆိုပါ စစ်သင်္ဘော နှစ်စီးသည် အီတလီ၊ ဂရိနှင့် အီဂျစ် နိုင်ငံများသို့ သွားရောက်ခဲ့ပြီး ယခုအခါ တရုတ်ပြည်သို့ ပြန်သွားပြီ ဖြစ်သည်။ ယင်းသင်္ဘော နှစ်စီးအတွက် မြန်မာပြည် ခရီးစဉ်မှာ ပထမဆုံး ဖြစ်ပြီး တရုတ်က မြန်မာကို မဟာမိတ် နိုင်ငံ တစ်နိုင်ငံအဖြစ် သတ်မှတ် ရှုမြင်သည်ကို ဖော်ကျူးရာလည်း ရောက်သည် ဟု ဟောင်ကောင် စီးတီး တက္ကသိုလ်မှ ပေါမောက္ခ Nick Thomas က BBC သတင်းဌာနသို့ ပြောကြားသည်။

"မြန်မာနိုင်ငံမှာ မကြာမီ ကာလအတွင်း ရွေးကောက်ပွဲ ကျင်းပတော့မှာ မို့လို့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေ ရှိလာတော့မှာပါ။ အဲဒီ အချိန်မှာ မြန်မာနိုင်ငံကို တရုတ်က ထောက်ပံ့ပေးနေတယ် ဆိုတဲ့ အချက်ကို ပေါ်လွင်စေချင်တာမျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အထီးကျန် ဖြစ်နေတယ်လို့ မရှုမြင်သင့်ပါဘူး" ဟု ၎င်းက ဆိုသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ နိုင်ငံ၏ အခွန် ပေးဆောင်မှု စနစ်တွင် ပွင်လင်း မြင်သာမှုနှင့် တာဝန်ခံမှုတို့ များစွာ လျော့နည်းနေပြီး အခွန်ထမ်း ပြည်သူများ ပေးသော အခွန်ငွေ အများစုမှာ အဂတိ လိုက်စားသူ အရာရှိများထံသို့သာ ရောက်ရှိလျက် ရှိကြောင်း အစီရင်ခံစာ တစ်ရပ် ထွက်ပေါ်လာသည်။ လူ့အခွင့်အရေး လှုပ်ရှားသူများ အဆိုအရ မြန်မာနိုင်ငံတွင်း တစ်ဖက်သတ် အခွန် ကောက်ခံမှုများကြောင့် စီးပွားရေး ဝန်ထုပ်ဝန်ပိုးများနှင့် အလွဲ သုံးစားမှုများ ဖြစ်ပေါ်စေလျက် ရှိသည်ဟု သိရသည်။

လူ့အခွင့်အရေး ဆိုင်ရာ အသင်းအဖွဲ့များ ကွန်ယက် အဖွဲ့က ဘန်ကောက်မြို့တွင် အဆိုပါ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ စစ်အစိုးရသည် အခွန် ကောက်ခံမှု စနစ်ကို ခြိမ်းခြောက် ငွေညှစ်မှုနှင့် ဖိနှိပ် ချုပ်ခြယ်မှု လုပ်၍ရသော လက်နက်တစ်ခု သဖွယ် အသွင် ပြောင်းလဲပစ်ခဲ့သည်ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။ မြန်မာ အစိုးရနှင့် စစ်တပ်သည် ငွေသား၊ မြေယာ၊ ကုန်ပစ္စည်းနှင့် လုပ်သား အင်အားများကို အခွန်ပုံစံဖြင့် တစ်ဖက်သတ် ကောက်ခံလျက် ရှိသည်။

မြန်မာ ပြည်သူများသည် စစ်ဆေးရေး စခန်းများတွင် တစ်ဖက်သတ်ငွေ ကောက်ခံမှုများနှင့် ကြုံတွေ့ရပြီး ပွဲလမ်းသဘင်များ၊ ကျောင်း ဆောက်လုပ်မှုများ၊ ကျောင်းဝင်ရောက်ခွင့် လျောက်ထားမှုများ အတွက်လည်း အလှူငွေ ပေးရန် ဖိအာပေး ခံနေကြရသည်။

Macquarie တက္ကသိုလ်၊ မြန်မာ့ စီးပွားရေး လေ့လာ စောင့်ကြည့်မှု ဌာနမှ ဘောဂဗေဒ ပညာရှင် Alison Vicary က မြန်မာနိုင်ငံ၏ အခွန်စနစ်သည် ဖိနှိပ် ချုပ်ခြယ်မှု တစ်ခု ဖြစ်ပြီး တရားဝင်မှု မရှိကြောင်း ပြောသည်။ "အစိုးရ အေဂျင်စီတွေရဲ့ အခွန် ကောက်ခံနေတဲ့ ပုံစံဟာ မြန်မာ ပြည်သူလူထုကို ဖိနှိပ် ထိန်းချုပ်မှုတွေ လုပ်နေသလိုပါပဲ။ အောက်ခြေ အဆင့်မှာ ကောက်ခံနေတဲ့ အခွန်ငွေ အတော်များများဟာ ဗဟို အစိုးရအတွက် မဟုတ်ဘဲ အောက်ခြေအဆင့် အရာရှိတွေရဲ့ ဝင်ငွေတွေပဲ ဖြစ်သွားပါတယ်" ဟု Alison Vicary က ပြောသည်။

လူ့အခွင့်အရေး လှုံ့ဆော်သူများ အဆိုအရ စစ်တပ် ကျောထောက်နောက်ခံ ပေးမှု ရထားသော အဖွဲ့အစည်းများသည် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ မတိုင်မီ မြန်မာ ပြည်သူ လူထုထံမှ ငွေညှစ်မှုများ ပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။

အခွန် ကောက်ခံမှုစနစ် အပေါ် အလွဲ သုံးစား ပြုမှုတို့ကြေင့် မြန်မာ့ စီးပွားရေး ဆုတ်ယုတ် ကျဆင်းမှုများ ဖြစ်ပေါ်စေသည်ဟု Alison Vicary က ပြောသည်။ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ နောက်ပိုင်း ကာလတွင် အခွန်စနစ်နှင့် ပတ်သက်၍ အနည်းငယ် ပြောင်းလဲမှု ရှိလာမည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။

မြန်မာ နိုင်ငံတွင်း တာဝန်ခံမှု လျော့နည်းနေခြင်းကြောင့် များစွာသော ပြည်သူလူထုမှာ အခက်အခဲများနှင့် ကြုံတွေ့ရကြောင်း Human Rights Education Institute of Burma မှ Coordiantor ဖြစ်သူ Cheery Zahau က ပြောကြားသည်။

"တာဝန်ခံမှု လျော့နည်းနေတာကြောင့် အခြေခံကျတဲ့ ကိစ္စတွေမှာ ပြဿနာတွေ ဖြစ်ကြရတယ်။ မြန်မာ ပြည်သူတွေ အနေနဲ့ ငွေမစုနိုင်ကြဘူး။ ကလေး သူငယ်တွေကိုလည်း ကျောင်း မထားနိုင်ကြဘူးဟု ၎င်းက ဆိုသည်။

"အစိုးရမှာ ဆေးရုံတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ အတွက် ငွေအလုံအလောက် မရှိဘူး။ အဲဒါကြောင့် လူထု တစ်ရပ်လုံးအတွက် လူမှု ဖူလုံရေး စနစ်ကြီး ပြိုလဲနေပါတယ်။ အဲဒါတွေ အားလုံးဟာ နောက်ဆုံးတော့ ပြည်သူလူထု အပေါ်မှာပဲ ဝန်ထုပ်ဝန်ပိုး သွားဖြစ်ပါတယ်" ဟု ဆိုသည်။

မြန်မာ နိုင်ငံ၏ အခွန် ကောက်ခံမှု စနစ်သည် ပြည်သူလူထု အတွက် အဆင့်အတန်း ပြည့်မီသော နေထိုင်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အိမ်ယာမြေ ထူထောင်မှု၊ အစားအသောက် နှင့် ပညာရေး စသည်တို့ကို ဖန်တီး မပေးနိုင်ကြောင်း အဆိုပါ အစီရင်ခံစာက ဆိုသည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံတွင်း အုပ်ချုပ်ရေး စနစ် ကောင်းမွန်မှု၊ လူ့အခွင့်အရေး အပြည့်အဝ ရရှိမှုတို့ ပေါ်ထွန်းမှသာ နိုင်ငံတကာ အလှူရှင်များ (ဖွံ့ဖြိုးရေး ဘဏ်များ) အနေဖြင့် အကူအညီများ ပေးအပ်သင့်ကြောင်း အစီရင်ခံစာက ဆက်လက် တိုက်တွန်းသည်။

VOA သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အီရန် နိုင်ငံ နျူကလီယာ အစီအစဉ်နှင့် ပတ်သက်ပြီး ဂျပန်နိုင်ငံက အီရန်အပေါ် ပိတ်ဆို့ အရေးယူမှုသစ်များ ထပ်မံ ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ပြီးနောက် ဂျပန်နိုင်ငံက အီရန်အပေါ် ယင်းသို့ မူဝါဒသစ်များ သတ်မှတ် ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။ ပိတ်ဆို့ အရေးယူမှု အစီအစဉ်သစ်က အီရန် ဘဏ်များနှင့် ပြုလုပ်သော ငွေလွှဲပြောင်းမှုများ၊ စွမ်းအင်ဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုများကို အဓိက ပစ်မှတ်ထားသည်ဟု ဆိုသည်။

ဂျပန်အစိုးရက အီရန်အပေါ် ပိတ်ဆို့ အရေးယူမှုကို ပြီးခဲ့သည့် သြဂုတ်လတွင် အတည်ပြုခဲ့သည်။ သို့သော် အီရန်အပေါ် ပိုမို တင်းကြပ်သည့် မူဝါဒတို့ဖြင့် ပိတ်ဆို့ အရေးယူသင့်သည်ဟု အမေရိကန် အစိုးရ အရာရှိများက ဂျပန် အစိုးရကို တိုက်တွန်းခဲ့ကြသည်။

အီရန်နိုင်ငံ၏ နျူကလီယာ အစီအစဉ်အရ အဏုမြူ လက်နက်များ ထုတ်လုပ် တပ်ဆင်လျက် ရှိသည်ဟု နိုင်ငံအများစုက စိုးရိမ်လျက် ရှိသော်လည်း အီရန် အစိုးရကမူ မိမိတို့၏ အစီအစဉ်သည် ငြိမ်းချမ်းရေး အတွက်သာ ဖြစ်သည်ဟု အာမခံ ပြောဆိုသည်။

ဂျပန်သည် အီရန်နိုင်ငံမှ ရေနံ အဓိက တင်သွင်းသည့် နိုင်ငံတစ်ခု ဖြစ်သည်။ သို့သော် ယခု ပိတ်ဆို့ အရေးယူသည့် အစီအစဉ်တွင် ရေနံ တင်သွင်းမှုအပေါ် ကန့်သတ် ပိတ်ပင်မှုများ မပါဝင်ပေ။

"အီရန်အနေနဲ့ နျူကလီယာ မပြန့်ပွားရေး လုပ်ကိုင်လာဖို့နဲ့ နျူကလီယာ ဖွံ့ဖြိုးမှု ကာကွယ်နိုင်ဖို့ ကျွန်တော်တို့ အခုလို လုပ်ကိုင်ရတာ ဖြစ်ပါတယ်" ဟု ဂျပန် ကက်ဘိနက် အတွင်းရေးမှူးချုပ် ယိုရှိတိုဆန်ဂိုကူက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

အမေရိကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂ၊ ကနေဒါ နှင့် သြစတြေးလျ တို့က အီရန်အပေါ် ထပ်တိုး ပိတ်ဆို့ အရေးယူမှုများ ကြေညာခဲ့ပြီ ဖြစ်သည်။ အဆိုပါ ပိတ်ဆို့ အရေးယူမှုသစ်များကို တရုတ်နှင့် ရုရှားတို့က ဆန့်ကျင် ကန့်ကွက်သည်။

တရုတ်သည် အီရန်နှင့် လွန်စွာ ရင်းနှီး ကျွမ်းဝင်သော ကုန်သွယ်ဘက် နိုင်ငံတစ်ခု ဖြစ်သကဲ့သို့ အီရန်၌ တရုတ်အတွက် လွန်စွာ အရေးပါသော စွမ်းအင် အကျိုးစီးပွားများ ရှိနေသည်။

ဘဏ်များထိခိုက်

ဂျပန်နိုင်ငံ၏ ပိတ်ဆို့ အရေးယူမှုသစ်များကြောင့် အီရန် နျူကလီယာ အစီအစဉ်နှင့် ချိတ်ဆက်နေသည့် ပုဂ္ဂိုလ်များ၊ စီးပွားရေး အုပ်စုများ၏ ပိုင်ဆိုင်မှုများ အပေါ် များစွာ ထိခိုက် နစ်နာစေမည် ဖြစ်သကဲ့သို့ အဆိုပါ အုပ်စုများ အနေဖြင့် ငွေကြေး လွှဲပြောင်းမှုများလည်း လုပ်ကိုင်နိုင်မည် မဟုတ်ပေ။ ပိတ်ဆို့ အရေးယူမှုသစ်က အီရန်နိုင်ငံအတွက် ဝန်ဆောင်မှု ပေးသော အာမခံ လုပ်ငန်းများအပေါ် ပိတ်ပင်ထားပြီး ဂျပန်နိုင်ငံ ငွေကြေး အဖွဲ့အစည်းများ အနေဖြင့်လည်း အီရန် ဗဟိုဘဏ်မှ ထုတ်သော ငွေတိုက်စာချုပ်များ ဝယ်ယူမှုကို တားမြစ်သည်။

ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်များအပေါ် ပိတ်ဆို့ရာတွင် နျူကလီယာ လုပ်မှုများကို အထောက်အပံ့ ပေးနိုင်သည့် အီရန်ဘဏ်ပေါင်း ၁၅ ခုပါဝင်ပြီး ဂျပန် ဘဏ်ကြီး အချို့ အပေါ်လည်း ထိခိုက်မှုများ ရှိလာနိုင်သည်ဟု လေ့လာ သုံးသပ်သူများက ဆိုသည်။ သတင်းများအရ တိုယိုတာ မော်တော် ကော်ပိုရေးရှင်း အနေဖြင့် အီရန် နိုင်ငံအပေါ် မော်တော်ယာဉ်များ တင်ပို့မှုကို ပြီးခဲ့သည့် ဇွန်လ အတွင်းက ပိတ်ပင်ခံလိုက်ရသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဇွန်လအတွင်း လေးကြိမ်မြောက် ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ပြီးနောက် အမေရိကန် ပြည်ထောင်စုကလည်း ဇူလိုင်လတွင် ထပ်မံ တင်းကြပ်သော ပိတ်ဆို့ အရေးယူမှုများကို တစ်ဖက်သတ် ပြုလုပ်ခဲ့သည်။ ထို့အတူ အီးယူကလည်း အလားတူ တစ်ဖက်သတ် တင်းကြပ်သော ပိတ်ဆို့ အရေးယူမှု သစ်များကို ပြဋ္ဌာန်းခဲ့သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 4th Sept 2010

တောင်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီး Yu Myyng-hwan သည် သမီးဖြစ်သူအား ၎င်း၏ ဝန်ကြီးဋ္ဌာနတွင် အလုပ်လုပ်ရန် ကမ်းလှမ်းခဲ့မှု ပေါ်သွားသောကြောင့် ရာထူးမှ နုတ်ထွက်ရန် အဆိုပြုခဲ့သည်။

 ဝန်ကြီးသည် ၎င်း၏ သမီးဖြစ်သူ အသက် (၃၅) နှစ်ရှိ Yu Hyun-sun အား အလယ်အလတ် အဆင့်ရှိ အစိုးရ ဝန်ထမ်း ရာထူး ပေးခဲ့ခြင်းကြောင့် မိမိ ရာထူးအား အလွဲသုံးစား ပြု၍ မိသားစုအား စံစားစေခြင်း nepotism ဟု စွပ်စွဲမှုများ ပေါ်ပေါက်ခဲ့၍ ဤသို့ နုတ်ထွက်စာ တင်ခဲ့ခြင်း ဖြစ်သည်။

၎င်း၏ သမီးမှာ ပထမ လျှောက်ထားစဉ်က ငြင်းပယ်ခံခဲ့ရပြီး၊ နောက်ပိုင်းတွင် အခြား ရာထူး တစ်ခု၌ ပေးခဲ့ခြင်း ဖြစ်သည်။ သူမက အမှား မလုပ်ခဲ့ကြောင်း ငြင်းဆိုခဲ့သော်လည်း ထိုသို့ ထင်မြင် ခံရခြင်းအတွက် တောင်းပန်ခဲ့သည်။

အဆိုပါ အဖြစ်အပျက်အား စုံစမ်း စစ်ဆေးရန် အစိုးရက အမိန့်ထုတ်ထားသည်။

BBC သတင်းထောက် John Sudworth က ဆိုးလ်မှ သတင်း ပေးပို့ချက်အရ ထိုသို့ နာမည်ကြီးသူများ မရိုးမသား ပြုလုပ်မှုများနှင့် ပတ်သက်၍ အစိုးရအား လိုက်နာ စောင့်ထိန်းရမည့် စံများ အပေါ် ဝေဖန်မှုများနှင့် ကြုံတွေ့နေရသည်။

ပြီးခဲ့သည့် လက ကက်ဘိနက် နေရာ (၃) နေရာအတွက် အစိုးရက အမည်စာရင်း တင်သွင်းသော ပုဂ္ဂိုလ် သုံးဦးသည် ၎င်းတို့အပေါ် မရိုးမသား ပြုမှုမှုများအတွက် စွပ်စွဲမှုများကြောင့် နုတ်ထွက် စေခဲ့ရကြောင်းလည်း BBC သတင်းထောက်က သတင်း ပေးပို့သည်။

အလားတူပင် ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ရန် လျာထားခြင်း ခံရသူ Kim Tae-ho သည် အကျင့်ပျက် ခြစားသော စီးပွားရေးသမား တစ်ဦးနှင့် ပတ်သက်မှုများ ရှိသည်ဟု စွပ်စွဲခံခဲ့ရသည်။

ယဉ်ကျေးမှု ဝန်ကြီး အဖြစ် လျာထားခြင်း ခံရသူသည်လည်း နေထိုင်ခွင့် ဥပဒေများကို ချိုးဖောက်ပြီး သူ၏ ကလေးများအား ကျောင်းကောင်းများသို့ သွားရောက် တက်စေသည်ဟု စွပ်စွဲခံထားရသည်။

ထို့အတူ အသစ် ခန့်အပ်သော စီးပွားရေး ပညာရှင် တစ်ဦး၏ အမျိုးသမီးသည်လည်း အခြေပစ္စည်း ရောင်းဝယ်မှုတွင် အတွင်း သတင်းများ ပေး၍ အမြတ်ငွေ ရယူခဲ့မှု အတွက် စွပ်စွဲခံခဲ့ရသည်ဟု BBC သတင်းထောက်က ဖြည့်စွက် သတင်း ပေးပို့ခဲ့သည်။

သမ္မတ Lee Myung-bak သည် မကြာသေးမီက ပိုမို၍ တရား မျှတသော လူ့အဖွဲ့အစည်း ဖြစ်အောင် ဖန်တီးမည်ဟု ကတိ ပြုထားရာ ယခုကဲ့သို့ အစိုးရအဖွဲ့ အတွင်း မရိုးမသား ပြုမူမှုများသည် သမ္မတအား ထိခိုက်မှုများ ဖြစ်စေခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.