Transparency Myanmar

transparency.myanmar@gmail.com

BBC News, 7th September 2010

မြန်မာ နိုင်ငံ၌ လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအား ကမ္ဘာကြီး တစ်ခုလုံးက ထောက်ခံ အားပေးကြရန် တရုတ်က တိုက်တွန်းလိုက်သည်။ အနောက် နိုင်ငံများက ရွေးကောက်ပွဲအား အတုအယောင်သာ ဖြစ်လိမ့်မည်ဟု ကျယ်ကျယ် ပြန့်ပြန့် ထင်မြင်နေကြသည့် အချိန်တွင် ဤသို့သော တိုက်တွန်းချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားရာတွင် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏  ပြည်တွင်းရေး ကိစ္စ ဖြစ်ကြောင်း၊ အခြား နိုင်ငံများ အနေဖြင့် အပြုသဘော ဆောင်သော အကူအညီများ ပေးလိမ့်မည်ဟု တရုတ်က မျှော်လင့်ကြောင်း ပြောသည်။

တရုတ်သည် မြန်မာနိုင်ငံ၏ အဓိက ရင်းနှီး မြှုပ်နှံသူနှင့် ကုန်သွယ်ဖက် နိုင်ငံ ဖြစ်ပြီး၊ ယခုအခါ မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တရုတ် နိုင်ငံတွင် အလည်အပတ် ရောက်ရှိနေသည်။

၎င်းသည် သမ္မတ ဟူကျင်းတောင် နှင့်လည်းကောင်း၊ အခြား အကြီးတန်း ခေါင်းဆောင်များ နှင့်လည်းကောင်း ဆွေးနွေးရန် ရှိနေသည်။

မြန်မာ ခေါင်းဆောင်၏ ခရီးစဉ် ပထမနေ့တွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Jiang Yu က မြန်မာ ရွေးကောက်ပွဲ အပေါ် တရုတ်၏ ရပ်တည်ချက်ကို ရှင်းပြခဲ့သည်။

"ကျွန်တော်တို့ အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို အပြုသဘော ဆောင်တဲ့ အကူအညီများ ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လမ်းစဉ်၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေမယ့် အပြုအမှုများကို ရှောင်ရှားလိမ့်မယ်လို့ ထင်မြင်ပါတယ်" ဟု ၎င်းက ပြောသည်။

ယခု ရွေးကောက်ပွဲသည် ၁၉၉၀ ခုနှစ်က ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရခဲ့သော ရွေးကောက်ပွဲ အပြီးတွင် ပထမဆုံး အကြိမ် ပြုလုပ်သော ရွေးကောက်ပွဲ ဖြစ်သည်။

ဝေဖန်သူများက ရွေးကောက်ပွဲ ဥပဒေများသည် အာဏာပိုင်များ ဖက်ကိုသာ ဘက်လိုက် ထားသဖြင့် ရွေးကောက်ပွဲသည် အတုအယောင်သာ ဖြစ်လိမ့်မည်ဟု ဆိုသည်။

ကုန်သွယ်ဖက်များ

မြန်မာ အစိုးရအား နိုင်ငံ အများစုက ၎င်း၏ လူ့အခွင့်အရေး ကိစ္စများကြောင့် နိုင်ငံ အများစုက အဖက် မလုပ်ကြပေ။

သို့သော် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်း အားကောင်းသော ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့ကြောင်း BBC မှ Michael Bristow က  ဘဲဂျင်းမှ ပြောကြားခဲ့သည်။

နှစ်နိုင်ငံ စလုံးသည် အဓိက ကုန်သွယ်ဖက်များ ဖြစ်ပြီး၊ တရုတ်သည် မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အဦ ကဏ္ဍတွင် ဒေါ်လာ သန်းပေါင်း များစွာ ရင်းနှီးမြှုပ်နှံ ထားသည်။

ယခုအခါ ဘေဂျင်းသည် ရေနံပိုက်လိုင်းနှင့်  ဓာတ်ငွေ့ ပိုက်လိုင်းကို တည်ဆောက်လျက် ရှိသည်။ ထိုပရောဂျက်သည် တရုတ်ပြည်သို့ စွမ်းအင် အတွက် လွယ်ကူစွာ ဖြည့်ဆည်းနိုင်မည် ဖြစ်သည်။

အဆိုပါ ရင်းနှီး မြှုပ်နှံမှုများကို ကာကွယ်နိုင်ရန် တရုတ်က မြန်မာ နိုင်ငံ တည်ငြိမ်ရေးကိုသာ လိုလားခြင်း ဖြစ်ကြောင်း BBC သတင်းထောက်က ပြောကြားသွားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

People's Daily, 7th September 2010

မြန်မာ အစိုးရ ထိပ်တန်း ခေါင်းဆောင် နှစ်ဦး ဖြစ်သော ဗိုလ်ချုပ်ကြီး သူရရွှေမန်း နှင့် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးတို့သည် ရွေးကောက်ပွဲ မတိုင်မီ ၎င်းတို့၏ စစ်ဖက် ရာထူးများကို စွန့်လွှတ်ခဲ့ကြကြောင်း နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မီဒီယာက အင်္ဂါနေ့တွင် အတည်ပြုခဲ့သည်။

နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်နိုင်ငံ ခရီးစဉ်တွင် အထက်ပါ ပုဂ္ဂိုလ် နှစ်ဦးသည် SPDC အဖွဲ့ဝင် သူရ ဦးရွှေမန်းနှင့် SPDC အတွင်းရေးမှူး (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ အဖြစ် ၎င်းတို့၏ အရပ်ဖက် နာမည်များဖြင့် အင်္ဂါနေ့က ထွက်ပေါ်လာခဲ့ကြခြင်း ဖြစ်သည်။

နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်များ အဖြစ် ၎င်းတို့ နှစ်ဦး ပါဝင် ယှဉ်ပြိုင်ကြလိမ့်မည်ဟု မျှော်လင့်ရသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် အစိုးရ အဖွဲ့ ဝန်ကြီးများသည်လည်း လွန်ခဲ့သော ဧပြီလက ၎င်းတို့၏ စစ်ဖက် ရာထူးများမှ နှုတ်ထွက်ကာ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို ဦးဆောင် ဖွဲ့စည်းခဲ့ကြသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း USDA ကို အသွင်ပြောင်းလိုက်သည့် USDP ပါတီသည် မြန်မာနိုင်ငံတွင် လက်ရှိ အကြီးဆုံး နိုင်ငံရေး ပါတီအဖြစ် အခိုင်အမာ ရပ်တည်လျက် ရှိသည်။

စက်တင်ဘာ ၇ ရက်နေ့ အထိ စုစုပေါင်း နိုင်ငံရေး ပါတီ ၄၇ ခုတို့သည် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့် ဆိုင်ရာ ဥပဒေသစ် အရ နိုင်ငံရေး ပါတီများ အဖြစ် ဖွဲ့စည်းရန် (သို့) မှတ်ပုံတင်ရန် လျှောက်ထားခဲ့ကြသည်ဟု သိရှိရပြီး ၎င်းတို့အနက် နိုင်ငံရေး ပါတီ ၄၂ ခုကို ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု  ခွင့်ပြုခဲ့သည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြောက်ကိုရီးယားက ဖမ်းဆီးထားသော တောင်ကိုရီးယား ငါးဖမ်းသင်္ဘော တစ်စင်းမှ သင်္ဘောသား ၇ ဦး (တရုတ် ၃ ဦး အပါအဝင်) အား ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ပြုံးယမ်း အစိုးရက သတင်း ထုတ်ပြန် ကြေညာသည်။ ထိုသင်္ဘောသည် မြောက်ကိုရီးယား ရေပိုင်နက် အတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ပြီးခဲ့သည့် သြဂုတ်လအတွင်း ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန KCNA အဆိုအရ ဖမ်ဆီး ထိန်းသိမ်းခံခဲ့ရသူ သင်္ဘောသားများက ၎င်းတို့ ကျူးလွန်ခဲ့သော လုပ်ရပ်သည် မည်မျှ ကြီးလေးသည် ဟူသော အချက်ကို လက်ခံ နားလည်ပြီး နောက်ထပ် အလားတူ ဖြစ်ရပ်မျိုး ထပ်မံ မကျူးလွန်ရန် အာမခံ ပြောဆိုခဲ့သော အကြောင်းကြောင့် ကွန်မြူနစ် အစိုးရက တောင်ကိုရီးယားသို့ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်လအတွင်း ဖြစ်ပေါ်ခဲ့သော တောင်ကိုရီးယား ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်ပြီး ယခုအခါ ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ အဆက်မပြတ် ဖြစ်ပေါ်နေသည်။ တောင်ကိုရီးယားက ချိုနန်သင်္ဘောသည် မြောက်ကိုရီးယား တော်ပီတို ဒုံးကျည် ပစ်ခတ်ခံရခြင်းကြောင့် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုထားပြီး အမေရိကန် ပြည်ထောင်စုနှင့် ပူးပေါင်း စစ်ရေး လေ့ကျင့်မှုများကို စီးရီးအလိုက် ပြုလုပ်ခဲ့သည်။

တောင်ကိုရီးယား ငါးဖမ်း သင်္ဘောသည် မြောက်ကိုရီးယား အရှေ့ဘက်ကမ်း ဒေသ ပင်လယ်ပြင် ပိုင်နက်အတွင်း သြဂုတ်လ ၈ ရက်နေ့တွင် ဝင်ရောက် ငါးဖမ်းခဲ့သောကြောင့် ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်ဟု ပြုံးယမ်း အစိုးရက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ အတွင်းကလည်း တရုတ် နိုင်ငံသား သုံးဦးကို မှောင်ခိုကူးသည် ဟူသော သံသယဖြင့် မြောက်ကိုရီးယား နယ်စပ် ဒေသစောင့် တပ်ဖွဲ့များက ပစ်ခတ် သတ်ဖြတ်ခဲ့မှု အပေါ် ဘေဂျင်း အစိုးရက လူသိရှင်ကြား ပြစ်တင် ဝေဖန်ခဲ့သည်။

တရုတ် နိုင်ငံသားများကို မြောက်ကိုရီးယားက ဖမ်းဆီး ထိန်းသိမ်းမှုအပေါ် လွန်စွာ မကျေမနပ် ဖြစ်ကြောင်း တရုတ်အစိုးရက သဘောထား ထုတ်ပြန်ထားသည်။ ချုံးချုံး ကျနေသော မြောက်ကိုရီးယား နိုင်ငံ စီးပွားရေးမှာ တရုတ်နိုင်ငံအပေါ် များစွာ မှီခိုနေရသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီလ်သည် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း တရုတ်နိုင်ငံသို့ ရုတ်တရက် သွားရောက်ခဲ့သည်။ အထီးကျန် ဖြစ်နေသော မြောက်ကိုရီးယားအား တရုတ်နိုင်ငံက သံတမန် နည်းအရ ထောက်ပံ့မှုများ ပေးရန်၊ ကင်ဂျုံအီလ် နေရာကို ဆက်ခံမည့် သားဖြစ်သူ ကင်ဂျွန်အန်ကို တရုတ်နိုင်ငံက ဆက်လက် ပံ့ပိုးသွားရန် ခရီးသွားခဲ့ခြင်း ဖြစ်ကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။

ဤကာလများအတွင်း တောင်ကိုရီးယားနှင့် အမေရိကန်တို့ စစ်ရေး လေ့ကျင့်မှုများ စီးရီးလိုက် ပြုလုပ်ကြရာ ကိုရီးယား ကျွန်းဆွယ်တွင်း တင်းမာမှုများ အထွပ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ တောင်ကိုရီးယားက ချိုနန် စစ်သင်္ဘော တိုက်ခိုက်ခံရမှုကို တုံ့ပြန်သည့် အနေဖြင့် ယင်းသို့ စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ စစ်ရေး လေ့ကျင့်မှု ပြုလုပ်သည့် နေရာမှာ တောင်-မြောက် ရေပိုင်နက် နယ်စပ်ဒေသတွင် ဖြစ်ကြောင်း ပြောသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

By Nirmal Ghosh, 6th September 2010

မကြာသေးမီက The Straits Times အပါအဝင် ထင်ရှားသော သတင်းစာများတွင် ဖော်ပြခဲ့သော Noeleen Heyzer ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော ခေါင်းကြီးပိုင်းသည် မြန်မာ အစိုးရက နိုင်ငံရေး လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးကို တိုးတက်အောင် မလုပ်ပါက အစိုးရအား အဖက် မလုပ်ရန် ဆောင်ရွက်နေကြသော ဒီမိုကရေစီ ဘက်တော်သားများနှင့် ပြည်ပရောက် အုပ်စုများကို မျက်ခုံး မြင့်တက်စေသည်။

သို့သော် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် လက်အောက်၊ ကုလသမဂ္ဂ၏ အာရှ ပစိဖိတ် စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (ESCAP) အမှုဆောင် အတွင်းရေးမှူး အနေဖြင့် ကြမ်းတမ်းသော လမ်းအတွက် အထူးအဆန်း မဟုတ်တော့ပေ။

ကျွန်ုပ်သည် သူမအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် တွေ့ဆုံရန် မထွက်ခွာမီ ညနေက တွေ့ရှိခဲ့ရသည်။ အတွင်းရေးမှူးချုပ်နှင့် အမြင်တောင်းခံရန် ကိစ္စများစွာ ပါရှိသွားသည်။

"ကျွန်မတို့ အခြေအနေက လွယ်ကူမှပဲ အလုပ်လုပ်ရတော့မှာလား" ဟု သူမက ပြောသည်။

သူမ၏ စာတွင် ပြောကြားရာ၌ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲလွန် ကာလသည် နိုင်ငံ၏ နိုင်ငံရေး အုပ်ချုပ်မှုကောင်း တိုးတက်လာရေး အတွက် အခွင့်အလမ်း ဖြစ်လိမ့်မည် ဖြစ်ကြောင်း ဆိုခဲ့သည်။

အစိုးရသစ်သည် တိုင်းပြည် တိုးတက်ရေး လမ်းကြောင်း အတွက် ဆုံးဖြတ်နိုင်မည့် သီးသန့် အခွင့်အလမ်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်ကြောင်း ဆိုသည်။

အရေးကြီးသော ရွေးစရာများတွင်

-      ရေနံနှင့် ဓာတ်ငွေ့မှ ရသော ဝင်ငွေများကို စီးပွားရေးနှင့် လူမှုရေး ရင်းနှီး မြှုပ်နှံမှုများတွင် အသုံးပြုရန်

-      အောက်ခြေ လူတန်းစားများအတွက် စီးပွားရေး ဖွင့်ပေးခြင်းအားဖြင့် တိုးတက်မှု ကွာဟမှုအား ကျဉ်းမြောင်းစေရန်

-      ပြိုင်ဆိုင်မှုကို အားပေးပြီး၊ လူလတ် တန်းစားများ ပေါ်ပေါက်လာစေရန်

-      စိုက်ပျိုးရေးနှင့် ကျေးလက် စီးပွားရေးတွင် မဟာဗျူဟာ ကျသော ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်၍ အငယ်စား လယ်သမားများနှင့် ကုန်သည်များအား ကူညီရန်တို့ ပါဝင်သည်။

အထက်ပါ စာရင်းသည် ကျယ်ပြန့် နက်နဲသော ဆန္ဒများကို စာရင်းပြုထားခြင်း ဖြစ်ပြီး၊ ပြောင်းလဲရန် အတွက် အခက်အခဲများမှာ အမြစ်တွယ်နေပြီး ဖြစ်သည်။ သို့သော် Ms Heyzer သည် စိတ်ဝင်စားမှု အပြည့်၊ စွမ်းအား အပြည့် ရှိနေသူ တစ်ဦး ဖြစ်ပြီး၊ ဆွပေးနေပြီ ဖြစ်သည်။

"အိုင်ဒီယာကတော့ တိုးတက်မှု ဆိုတဲ့ အကြောင်းအရာကို စားပွဲပေါ်ချ ပြလိုက်တာပါပဲ။ ဒါမှပဲ အဲဒီ အရေးကြီးတဲ့ ကိစ္စတွေကို ကြည့်ပြီး၊ မူဝါဒ ပြောင်းလဲဖို့ ဖြစ်လာမှာပေါ့" ဟု သူမက ပြောသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး ကိစ္စကို လုပ်နေကြသော သူများ၏ စိတ်မကျေမနပ် ဖြစ်မှုများကို နားလည် ပေးနိုင်သည့် တချိန်တည်းမှာပင် သူမ ပြောလိုသည်မှာ နိုင်ငံရေး ပြောင်းလဲမှုသည် အရေးကြီးသလို၊ မည်သည့် အစိုးရ တက်တက် လူမှုရေးနှင့် စီးပွားရေး ကိစ္စသည်လည်း ထပ်တူ အရေးကြီးကြောင်း သူမက ဆိုသည်။

"ကျွန်မတို့ နောက်ထပ် လမ်းကြောင်း တစ်ခု မဖွင့်နိုင်ဘူးလားလို့ မေးရပါမယ်။ ပြည်သူတွေ အကျိုးရှိမယ့် လူမှုရေးနှင့် စီးပွားရေး ပြောင်းလဲမှု အတွက် လမ်းကြောင်းတစ်ခု မဖွင့်နိုင်ဘူးလား။ အဆိုပါ ကိစ္စကို ပုံဖော်ပေးဖို့ လိုအပ်ပါတယ်" ဟု သူမက ပြောသည်။

"အခု အရင်က မလုပ်ခဲ့တဲ့ ဒီကိစ္စကို ပေါ်ထွက်လာအောင် လုပ်ပေးဖို့ အဆင့်ကို ရောက်နေပါပြီ" ဟု သူမက ရှင်းပြသည်။

သို့သော် မြန်မာ နိုင်ငံတွင် စီးပွားရေးနှင့် လူမှုရေး ကိစ္စ အပြောင်းအလဲ ပြုလုပ်ရန် အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် လိုအပ်နေသေးကြောင်း သူမက ဝန်ခံသည်။

"ကျွန်မ ပါးလိုတဲ့ သတင်းစကား ကတော့ လူသားဘဝ လုံခြုံရေးဟာ အမျိုးသား လုံခြုံရေး အတွက် အလွန် အရေးကြီးတယ် ဆိုတာပါပဲ။ အခုထိတော့ ဖွံ့ဖြိုး တိုးတက်မှု လမ်းကြောင်းကို ထိထိရောက်ရောက် ဘယ်သူမှ မလုပ်သေးပါဘူး။ ခွင့်ပြုချက်လည်း မရပါဘူး။ သူတို့ တဖြည်းဖြည်း လုပ်သည် ဖြစ်စေ၊ မလုပ်သည် ဖြစ်စေ၊ အနည်းဆုံးတော့ ပြင်ပ ကမ္ဘာကတော့ ကြိုးစားပေးရမှာပဲ။ မြန်မာ နိုင်ငံဟာ ကုလသမဂ္ဂရဲ့ ESCAP အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ နှစ်စဉ် တစ်ဦးချင်း ဖွံ့ဖြိုး တိုးတက်မှု အတွက် အကူအညီ အမေရိကန် ဒေါ်လာ (၃) ဒေါ်လာသာ ရပါတယ်။ နှိုင်းယှဉ် ကြည့်ရင် လာအိုတွင် ၆၃ ဒေါ်လာ၊ ကမ္ဘောဒီးယားတွင် ၃၇ ဒေါ်လာ ရရှိပါတယ်။" ဟု သူမက ပြောသည်။

ပြောင်းလဲမှုကို အထောက်အကူ ဖြစ်စေမည့် အရာများကို ထောက်ခံ အားပေးရမည် ဖြစ်ပြီး၊ အဖွဲ့အစည်းများ တာဝန် ယူတတ်မှုများကို တည်ဆောက်ပေးရမည် ဖြစ်ကြောင်း သူမက ဆိုသည်။ "ကျွန်မတို့ တတ်နိုင်သလောက် တွန်းအား ပေးရပါမယ်။ အခုအချိန်မှာ မမျှမတ၊ အားမကောင်း သေးဘူး ဆိုရင်တောင်၊ လက်မလျော့သင့်ပါဘူး" ဟု သူမက ပြောသည်။

သူမသည် ဘန်ကီမွန်းနှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ အကြောင်း ပါဝင်မည် ဖြစ်သည်။ မကြာမီ ရွေးကောက်ပွဲနှင့် ကျင်းပအပြီး ဖြစ်ပျက်မှုများ အပေါ် မူတည်၍ ပြင်ပ ကမ္ဘာက အစိုးရကို အာဏာသိမ်း အစိုးရ (regime) ဟု ခေါ်ဆိုမှု ရပ်ဆိုင်းသွားမည် ဖြစ်ပြီး၊ စကားပြောရန် ကြိုးစားလာကြ လိမ့်မည် ဖြစ်သည်။

Ms. Heyzer သည် အစောပိုင်း ကတည်းက ဤအမြင်ကို အကောင်အထည် ဖော်ရန် ပြောသူ အနည်းငယ်တွင် ပါဝင်ခဲ့သူ ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Xinhua, 6th Sept 2010

မြန်မာ နိုင်ငံတွင်  တောင်ကိုးရီးယား ရင်းနှီး မြှုပ်နှံမှုသည် ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ် ပထမ လေးလတွင် ဆယ်ဆခန့် မြင့်တက်ခဲ့ကြောင်း၊ ၂၀၁၀ ဇူလိုင်လတွင် ဒေါ်လာ (၂.၆၅၈)  ဘီလျံ ရောက်ရှိခဲ့ကြောင်း နိုင်ငံတွင်းထုတ် Weekly Eleven News က တနင်္လာနေ့က သတင်း ရေးသားခဲ့သည်။

တောင်ကိုးရီးယား၏ ရင်းနှီး မြှုပ်နှံမှုသည် ထိုသို့ မြင့်တက်လာမှုကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွင် နံပါတ် (၁၀) နေရာမှ နံပါတ် (၅) နေရာသို့ ခုန်တက်လာသည်။

ပြီးခဲ့သည့် ၂၀၀၉-၁၀ နှစ်ကုန် မတ်လတွင် ကိုးရီးယား၏ ရင်းနှီး မြှုပ်နှံမှုသည် ဒေါ်လာ ၂၃၉.၃၁၈ သန်းသာ ရှိခဲ့သည်။

တောင်ကိုးရီးယားသည် ရေနံ၊ သဘာဝ ဓါတ်ငွေ့နှင့် သတ္တုတွင်း ကဏ္ဍများတွင် ရင်းနှီး မြှုပ်နှံခဲ့သည်။

တရားဝင် စာရင်းဇယားများ အရ ထိုင်း၊ တရုတ်၊ ဟောင်ကောင်၊ ဗြိတိန်၊ တောင်ကိုးရီးယားနှင့် စကာင်္ပူတို့သည် မြန်မာ နိုင်ငံ၏ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု စာရင်းတွင် ထိပ်ပိုင်း၌ ရှိကြသည်။

စာရင်း ဇယားများအရ ၁၉၈၈ ခုနှစ်မှ စတင်၍ ၂၀၁၀ ဇူလိုင်လ အထိ ထိုင်းနိုင်ငံသည် ဒေါ်လာ ၉.၅၆၈ ဘီလျံ၊ တရုတ်နိုင်ငံသည် ဒေါ်လာ ၆.၄၁၅ ဘီလျံ၊ ဟောင်ကောင်သည် ဒေါ်လာ ၅.၉၀၄ ဘီလျံ၊ ဗြိတိန်သည် ဒေါ်လာ ၂.၆၅၉ ဘီလျံ၊ တောင်ကိုးရီးယား ဒေါ်လာ ၂.၆၅၈ ဘီလျံနှင့် စကာင်္ပူသည် ဒေါ်လာ ၁.၅၉၂ အသီးသီး ရင်းနှီး မြှုပ်နှံထားသည်။

မြန်မာ နိုင်ငံသည် ၂၀၁၀-၁၁ ဘဏ္ဍာနှစ်၏ ပထမ လေးလတွင် ဒေါ်လာ ၁၅.၈၄ ဘီလျံ စာချုပ် ချုပ်ဆိုခဲ့ရာ (၂၂)နှစ်အတွင်း နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ကဏ္ဍတွင် တစ်နှစ်အတွင်း အမြင့်ဆုံး ရရှိခြင်း ဖြစ်သည်။

ထိုသို့ ရရှိခဲ့ခြင်းကြောင့် ၁၉၈၈ ခုနှစ်မှ စ၍ ၂၀၁၀ ဇူလိုင်လ အထိ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဒေါ်လာ (၃၁.၈၉၅) ဘီလျံထိ ရောက်ရှိခဲ့သည်။

မတ်လက ကုန်ဆုံးသော ၂၀၀၉-၁၀ ဘဏ္ဍာနှစ် အထိ ရင်းနှီး မြှုပ်နှံမှု တန်ဖိုးမှာ ဒေါ်လာ ၁၆.၀၅ ဘီလျံသာ ရှိခဲ့သည်။

ယနေ့ထိ စုစုပေါင်း နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုကို ကဏ္ဍအလိုက် ခွဲခြား ပြောရလျှင် ရေနံနှင့်  သဘာဝ ဓါတ်ငွေ့ ကဏ္ဍတွင် ဒေါ်လာ ၁၃.၄၄၇ ဘီလျံ၊ လျှပ်စစ် ဓါတ်အား ကဏ္ဍတွင် ဒေါ်လာ (၁၁.၃၄၁) ဘီလျံ၊ သတ္တုတွင်း ကဏ္ဍတွင် ဒေါ်လာ (၁.၆၆၂) ဘီလျံနှင့် ဟိုတယ်နှင့် ခရီးသွား ကဏ္ဍတွင် ဒေါ်လာ (၁.၆၆၂) ဘီလျံ အသီးသီး ရှိသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 6th Sept 2010

အမေရိကန် အလုပ် လက်မဲ့ ပြဿနာကို ဖြစ်ပေါ်စေသည်ဟု အချို့က သတ်မှတ်ထားသော  တရုတ်တို့၏ စီးပွားရေး မူဝါဒများ အပေါ် တင်းမာစွာ တုန့်ပြန်ရန် တောင်းဆိုမှုများ ရှိနေသည့် ကြားမှပင် ငွေကြေး၊ ကုန်သွယ်ရေး၊ စစ်ရေးဆိုင်ရာ အငြင်းပွားမှုများကြောင့် ကမောက်ကမ ဖြစ်နေသည့် ဆက်ဆံရေးကို ပုံမှန် ပြန်ဖြစ်အောင် ကြိုးစားသည့် အနေဖြင့် အမေရိကန်နှင့် တရုတ် အဆင့်မြင့် အရာရှိကြီးများ တနင်္လာနေ့က တွေ့ဆုံခဲ့ကြသည်။

ကွန်ကရက် လွှတ်တော် ရွေးကောက်ပွဲများကို ၂ လအတွင်း ပြုလုပ်တော့မည် ဖြစ်ရာ သမ္မတ အိုဘားမား အနေဖြင့် စီးပွားရေး အင်ဂျင်ကို နှိုးရန် ဖိအားများ အောက်တွင် ကျရောက်နေပြီး သမ္မတသည် တရုတ်တို့ တဖက်စောင်းနင်း အသာစီးရနေသော ကုန်သွယ်ရေး နှင့် ငွေကြေးမူဝါဒ ပြဿနာများကို ဦးစွာ စတင် ဖြေရှင်း လုပ်ဆောင်သင့်သည်ဟု လွှတ်တော် အမတ် အများစုက ပြောကြားကြသည်။

ဤအတောအတွင်း တရုတ်နိုင်ငံပိုင် မီဒီယာက အမေရိကန်-တောင်ကိုးရီးယား ပင်လယ်ဝါ ရေတပ် လေ့ကျင့်မှုများနှင့် တောင်တရုတ် ပင်လယ် ရေပိုင်နက် အငြင်းပွားမှု အပေါ် အမေရိကန် အစိုးရ၏ ကြေညာချက်တို့ကို ပြစ်တင် ဝေဖန်လိုက်ပြီး တရုတ်နိုင်ငံ လုံခြုံရေး အပေါ် ခြိမ်းခြောက်မှုများကို ကိုယ်စား ပြုနေကြသည်ဟု ပြောကြားခဲ့သည်။

အမေရိကန် ပြည်ထောင်စု အမျိုးသား စီးပွားရေး ကောင်စီ ဒါရိုက်တာ Lawrence Summers နှင့် အမျိုးသား လုံခြုံရေး ဒုတိယ အကြံပေး Thomas Donilon စသော အမေရိကန် တာဝန် ရှိသူများနှင့် ဆွေးနွေးပွဲများ စတင်ရာတွင် တရုတ်တာဝန် ရှိသူများလာ အပြုသဘော ဆောင်သော လေသံ ပေါက်အောင် ကြိုးစားခဲ့ကြပြီး ပူးပေါင်း ဆောင်ရွက်မှု ရှိသော ဆက်ဆံရေး အတွက် လိုအပ်ချက်များကို အလေးပေး ပြောကြားခဲ့ကြသည်။

ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုး တိုးတက်ရေး စသော မိမိတို့ နှစ်နိုင်ငံ၏ အကျိုးစီးပွားများကို ဖြစ်ပေါ်စေမည့် အပြုသဘော ဆောင်ကာ ကျယ်ပြန့်သည့် တရုတ်-အမေရိကန် ဆက်ဆံရေးကို တိုးတက်အောင် ဆက်လက် လုပ်ဆောင်သွားမည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီး ယန်ကျားချီက ပြောကြားသည်။

အမေရိကန် ပြည်ထောင်စုနဲ့ တရုတ် နိုင်ငံ အကြား အလွန် ခိုင်မာတဲ့ ဆက်ဆံရေး ရရှိဖို့ ကိစ္စကိုပဲ စိတ်စွဲနေတယ်လို့ သမ္မတ အိုဘားမားက အလေးပေး မှာကြားလိုက်ပါတယ် ဟု Lawrence Summers က တရုတ် ဒုတိယ ဝန်ကြီးချုပ် ဝမ်ကျိရှန်ကို ပြောကြားခဲ့သည်။

အစည်းအဝေး အစီအစဉ်ပါ ကိစ္စများအနက် တရုတ် သမ္မတ ဟူကျင်းတောင်၏ ဝါရှင်တန် ခရီးစဉ် စီစဉ်ရေး ကိစ္စလည်း ပါဝင်သည်ဟု Summers ကဆိုသည်။

လပေါင်းများစွာ လူသိရှင်ကြား သဘောကွဲလွဲ စကားများ ခဲ့ကြပြီး နောက်တွင် ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒ ရှိကြောင်း အချက်ပြရန် ယခု ဆွေးနွေးပွဲကို ပြုလုပ်ပုံ ရသည်ဟု လေ့လာသူများက ပြောကြားသည်။ ကီဂျင်း Renmin University မှ အမေရိကန် ရေးရာ ကျွမ်းကျင်သူ ရှီယင်ဟုန်က ၂ နိုင်ငံ ဆက်ဆံရေးတွင် ပြဿနာများ ရှိခဲ့သော်လည်း အဆိုးဆုံး အခြေအနေကို ကျော်လွန်သွားပြီ ဖြစ်ပြီး၊ ၂ ဖက်စလုံးက လိုက်လျော ညှိနှိုင်းရေးသို့ ဦးတည်နေကြသည်ဟု သုံးသပ်လိုက်သည်။

"အခု ဆွေးနွေးပွဲတွေရဲ့ အဓိ ရည်ရွယ်ချက်က အရေးပါတဲ့ သဘော တူညီချက်တွေ ရရှိဖို့ မဟုတ်ပဲ တစ်ယောက် သဘောထားကို တစ်ယောက် နားလည်မှု တိုးတက်စေဖို့ပဲ ဖြစ်ပါတယ်၊ တကယ်လို့ တင်းမာမှုတွေကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်ပြီး ယုံကြည် စိတ်ချမှု မြင့်မားမယ်ဆိုရင် အောင်မြင်မှု ရှိတယ်လို့ ဆိုရမှာပါ" ဟု ၎င်းက ပြောကြားသည်။

ကမ္ဘာ့နံပါတ် (၁) ဆူပါ ပါဝါ အမေရိကန်နှင့် တရှိန်ထိုး ဖွံ့ထွားလာသော နံပါတ် (၂) စီးပွားရေး အင်အားကြီး တရုတ်နိုင်ငံတို့၏ အစိုးရများသည် ကမ္ဘာ့ စီးပွားရေး ပြန်လည် နာလံထူရန်နှင့် အခြားနိုင်ငံတကာ ကိစ္စရပ်များကို ဖြေရှင်း နေကြရသဖြင့် လွန်ခဲ့သည့် တစ်နှစ်လုံး နှစ်နိုင်ငံ အကြား တင်းမာမှုများကို ကောင်းစွာသည်းခံ ချုပ်ထိန်းခဲ့ကြသည်။ သို့သော်လည်း ကိုပင်ဟေဂင်တွင် ကျင်းပသော ညီလာခံတွင် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ သဘော တူညီချက် ရရှိရန် ကြိုးစားမှု မအောင်မြင်ခဲ့သည့် နောက်တွင် တရုတ်၏ ပြိုက်ဖက် ထိုင်ဝမ်သို့ အမေရိကန် လက်နက်များ ရောင်းချပေးမှုနှင့် တရုတ်တို့အတွက် နတ်ဆိုး ဒလိုင်လားမားနှင့် အိုဘားမား တွေ့ဆုံခဲ့မှုတို့ကြောင့် ဆက်ဆံရေး ပျက်ပြားခဲ့ရသည်။

နွေရာသီ အတောအတွင်း ဆက်ဆံရေး ဆက်တိုက် ကျဆင်းနေခဲ့ပြီး နောက်တွင် အမေရိကန်က ဖိအားများစွာ ပေးခဲ့ခြင်းကြောင့် တရုတ်က ၎င်း၏ ငွေကြေးမူဝါဒ ပြောင်းလဲမှုကို ဇွန်လတွင် ကြေညာခဲ့သည်။ တရုတ် ပို့ကုန်ပစ္စည်းများ ဈေးမကြီးစေရန် ပြုလုပ်ထားသည်ဟု ဝေဖန် ဆန်းစစ်သူများက အပြစ်တင်ခဲ့ကြသော ယွမ်ငွေနှင့် အမေရိကန် ဒေါ်လာ အသေ ချည်နှောင်ထားမှုကို ဖြေလျော့ပေးလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ငွေလဲလှယ်နှုန်း ပိုမို၍ ပြောင်းလွယ် ပြင်လွယ် ဖြစ်စေရန် ကတိပေးထားသည့် အစား ယွမ်ငွေတန်ဖိုး ၀.၆ % ခန့် တက်သွားခဲ့ခြင်းကြောင့် တရုတ်တို့၏ ကုန်သွယ်ရေး အသာစီးရမှုမှာ ဇူလိုင်လတွင် ၁၈ လ အတွင်း အမြင့်ဆုံး အဖြစ် ဒေါ်လာ ၂၈.၇ ဘီလျံ အထိ ရောက်ရှိသွားခဲ့ရာ စိတ်အနှောင့်အယှက် ဖြစ်သွားသော ဝါရှင်တန်က ၎င်းကိစ္စအပေါ် အသစ်တဖန် ပြန်လည် သတိထားလာခဲ့သည်။

အမေရိကန် စီးပွားရေး ထိပ်တန်း တာဝန်ရှိသူ Summers က ငွေလဲလှယ်နှုန်း ကိစ္စကို အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ရန် တရုတ်ကို တွန်းအားပေးလိမ့်မည်ဟု မျှော်လင့်ရသည်။ ယခု ရက်ပိုင်းများ အတွင်း ဆီနိတ်တာ Charles Schymer နှင့် ကွန်ဂရက် လွှတ်တော်တွင်း ဝေဖန် ဆန်းစစ်သူများက ပြောကြားရာ၌ တရုတ်နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် ဒဏ်ငွေ တိုးမြှင့်ခြင်းဖြင့် တရုတ်နိုင်ငံအား ငွေကြေး မူဝါဒနှင့် ပတ်သက်၍ ဒဏ်ခတ်မည့် ဥပဒေ ပြဋ္ဌာန်းနိုင်ရန် အသစ် တဖန် တွန်းအားပေး ဆောင်ရွက်ကြမည်ဟု ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြောက်ကိုရီးယား နိုင်ငံတွင် နှစ်ပေါင်း ၃၀ အတွင်း အကြီးကျယ် အခမ်းနားဆုံး နိုင်ငံရေး ဆွေးနွေးပွဲကြီး တစ်ရပ် ကျင်းပရန် စီစဉ်လျက် ရှိပြီး အဆိုပါ ဆွေးနွေးပွဲတွင် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်က ၎င်း၏ သားဖြစ်သူအား အလုပ်သမား ပါတီမှ အရေးပါသော ရာထူး နေရာ၌ ခန့်အပ်ထားမည်ဟု ခန့်မှန်းရသည်။ အဆိုပါ ရာထူးသည် မြောက်ကိုရီးယား ခေါင်းဆောင် ရာထူး လွှဲအပ်နိုင်ရေးအတွက် အလွန် ခိုင်မာသော နေရာ တစ်နေရာလည်း ဖြစ်သည်။

ယင်းဆွေးနွေးပွဲသည် ၁၉၈၀ ပြည့်နှစ် ကွန်ဂရက် ဆွေးနွေးပွဲတွင် လက်ရှိ ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်သည် သူ၏ ဖခင် ကင်အီဆွန်း၏ အရိုက်အရာကို ဆက်ခံမည့်သူ ဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့ပြီးနောက် ပထမဆုံးသော ပါတီ ဆွေးနွေးပွဲ တစ်ခု ဖြစ်သည်။ ယခု ရက်သတ္တပတ်တွင်လည်း ယခင် သမိုင်းကြောင်း အတိုင်းပင် သားဖြစ်သူက ဖခင်ဖြစ်သူ၏ အရိုက်အရာကို ဆက်ခံမည့် သဘောမျိုး တွေ့ရမည်ဟု မျှော်လင့်ရသည်။

အသက် ၆၈ နှစ် အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သော ကင်ဂျုံအီလ်သည် ကျန်းမာရေး ညံ့ဖျင်းလျက် ရှိပြီး အငယ်ဆုံး သားဖြစ်သူ ကင်ဂျွန်အန်ကို ပါတီတွင် အရေးပါသော ရာထူး ခန့်အပ်ဖွယ် ရှိသည်။

အလုပ်သမား ပါတီ တွေ့ဆုံ ဆွေးနွေးပွဲကို စက်တင်ဘာ အစောပိုင်း ရက်သတ္တပတ် အတွင်း ပြုလုပ်ရန် လျာထားသော်လည်း နေ့ရက် အတိအကျကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။ သို့သော် လေ့လာ သုံးသပ်သူများ အဆိုအရ စက်တင်ဘာလ ၆ ရက်နေ့တွင် ပြုလုပ်ဖွယ် ရှိသည်ဟု ဆိုသည်။ ဒေသခံ ပါတီ အဖွဲ့ဝင် အရာရှိကြီးများမှာ အဆိုပါ အလုပ်သမား ပါတီ တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်မည့် ကိုယ်စားလှယ်များ ရွေးချယ်မှုများဖြင့် အလုပ်ရှုပ်လျက် ရှိသည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက ဆိုသည်။

ယင်းကွန်ဖရင့် ဆွေးနွေးပွဲသည် ၁၉၈၀ ပြည့်နှစ်တွင် ကျင်းပခဲ့သလို ထိပ်ပိုင်း ခေါင်းဆောင်ကြီးများ ဆွေးနွေးပွဲ မဟုတ်သည့်တိုင် အလုပ်သမား ပါတီ၏ အရေးကိစ္စကြီးများ ဖြေရှင်းရန် လွန်စွာ အရေးကြီးသည့် ဆွေးနွေးပွဲ တစ်ရပ် ဖြစ်ကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။

မြောက်ကိုရီးယား နိုင်ငံကို ၁၉၉၄ ခုနှစ် မှစ၍ တစ်ဦးတည်း ချုပ်ကိုင်မှုဖြင့် အုပ်ချုပ်ခဲ့သူ ကင်ဂျုံအီလ်သည် ၂၀၀၈ ခုနှစ် လေသင်တုန်းဖြတ် ရောဂါဝေဒနာ ခံစားခဲ့ရသည့် အချိန် နောက်ပိုင်း သူ၏ အငယ်ဆုံးသားကို အာဏာ လွှဲပြောင်းရန် လျာထားခဲ့သည်ဟု လေ့လာသူ အများစုက ရှုမြင်ကြသည်။

တောင်ကိုရီးယား လျှို့ဝှက် ထောက်လှမ်းရေး အေဂျင်စီ အဆိုအရ မြောက်ကိုရီးယား ကွန်မြူနစ် အစိုးရသည် ခေါင်းဆောင် ရာထူး ဆက်ခံမည့် ကိစ္စနှင့် ပတ်သက်ပြီး ဝါဒဖြန့်မှုများကို ပြုလုပ်လျက် ရှိကြောင်း၊ ထို့အတူ ဖခင်ကြီး နေရာကို ဆက်ခံယူမည့် ကင်ဂျွန်အန်အပေါ် ထုတ်ဖော် ချီးမွမ်းခန်း ဖွင့်သည့် ကဗျာများလည်း ဖြန့်ဝေလျက် ရှိကြောင်း သိရသည်။ သို့သော် အာဏာ လွှဲပြောင်းလည့် ကိစ္စ အသေးစိတ်ကို ကွန်မြူနစ် အစိုးရက လျှို့ဝှက်ထားကြသည်။

ယခုအခါ မည်သည့် နိုင်ငံတကာ မီဒီယာတွင်မှ ကင်ဂျွန်အန်၏ လတ်တလော ဓာတ်ပုံများ ဖော်ပြနိုင်ခြင်း မရှိသေးပေ။ ၎င်း၏ ဆယ်ကျော်သက် အရွယ် ဓာတ်ပုံကိုသာ တွင်တွင် ကျယ်ကျယ် အသုံးပြုနေခြင်းသာ ဖြစ်သည်။ ကင်ဂျွန်အန်နှင့် ပတ်သက်သော မေးမြန်းမှုများကိုလည်း မြောက်ကိုရီးယား အစိုးရ အရာရှိများက ဖြေဆိုမှု မပြုကြပေ။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Economist, 6th Sept 2010

မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီသည် ၎င်း၏ ယခင် တရုတ်ခရီးစဉ်နှင့် လေးလပင် မခြားဘဲ ဒုတိယ အကြိမ်အဖြစ် သြဂုတ်လ ၂၆ ရက်တွင် ၎င်း၏ ကျည်ကာ ရထားနှင့် တရုတ်နိုင်ငံသို့ ထပ်မံ၍ ခရီးထွက်လာခြင်းသည် အရေးပေါ် မစ်ရှင်ပင် ဖြစ်ရလိမ့်မည်။ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ပြုံယမ်းသို့ ရောက်ရှိနေခြင်း၊ မြောက်ပိုင်းတွင် ပျက်စီးဆုံးရှုံးမှု ကြီးမားသော ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ခြင်း၊ ၎င်း၏ ကွန်မြူနစ်ပါတီ ရှားရှားပါးပါး အစည်းအဝေး ပြုလုပ်ရန်မှာ ရက်ပိုင်းမျှသာ လိုတော့ခြင်း စသော အကြောင်းများသည် ယခု အချိန်၌ ကင်ဂျုံအီး ပြုံယမ်း အိမ်တော်တွင် ရှိနေရန် လုံလောက်သော အကြောင်းများပင် ဖြစ်သည်။ သို့သော်လည်း တရုတ် နိုင်ငံသို့ အူလျားဖားလျား အပြေးသွားခဲ့ခြင်းသည် အရေးတကြီး ဦးစားပေး ကိစ္စတစ်ခု ရှိနေသည့် လက္ခဏာပင် ဖြစ်သည်။

တရုတ်နှင့် မြောက်ကိုးရီးယား ၂ နိုင်ငံ စလုံးသည် ၎င်းတို့၏ အမူအကျင့်အတိုင်း ကင်ဂျုံအီး ပြန်သွားသည့် သြဂုတ်လ ၃၀ ရက် အထိ အဆိုပါ ခရီးစဉ်ကို လျှို့ဝှက်ထားခဲ့ကြသည်။ ထို့နောက်တွင်မူ ဂျင်မီကာတာသည် အမေရိကန်လူမျိုး Aijalon Gomes နှင့်အတူ ပြန်လည် ထွက်ခွာသွားခဲ့သည်။ Gomes သည် မြောက်ကိုးရီးယား နိုင်ငံတွင်းသို့ ဇန်နဝါရီလက တရားမဝင် ဝင်ရောက်ခဲ့ခြင်းကြောင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၈ နှစ် ကျခံနေရသူ ဖြစ်သည်။ Gomes အား လွှတ်ပေးလိုက်ခြင်းသည် မတ်လက တောင်ကိုးရီးယား စစ်သင်္ဘော နစ်မြုပ်မှုကြောင့် လအတန်ကြာ တင်းမာမှု ကြီးထွားခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စုအား ရှားရှားပါးပါး လိုက်လျောသည့် လက္ခဏာ တစ်ခုပင် ဖြစ်သည်။

သို့သော်လည်း အမေရိကန်ကမူ ကင်ဂျုံအီးနှင့် မြောက်ကိုးရီးယား အထက်လွှာများအတွက် ဇိမ်ခံပစ္စည်းများ တင်သွင်းခြင်း၊ လက်နက်နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း စသော တရားမဝင် လုပ်ကိုင်မှုများ အတွက် သံသယ ရှိသော မြောက်ကိုးရီးယား လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများစွာ အပေါ် အရေးယူ ပိတ်ဆို့မည့် အစီအစဉ် အသေးစိတ်ကို ထုတ်ပြန်ခြင်းဖြင့် တုန့်ပြန်ခဲ့သည်။ ယင်းသို့ အရေးယူမည့် ဆုံးဖြတ်ချက်ကို ဇူလိုင်လက ကြေညာခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံကလည်း အမေရိကန် ပြည်ထောင်စု၏ လတ်တလော အကြောလျှော့ သွေးပူ လေ့ကျင့်ခန်းများကို ကျယ်ကျယ် လောင်လောင် ကန့်ကွက်ခဲ့ပြီး အထူးသဖြင့် တောင်ကိုးရီးယားနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်မှုများကို ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။ ယမန်နေ့က ပူးတွဲ ရေတပ် လေ့ကျင့်မှုများ ပြန်လည် စတင်ခဲ့သည့် ပင်လယ်ဝါသည် တရုတ်ကမ်းခြေနှင့် နီးကပ်သဖြင့် စိတ်မသက်မသာ ဖြစ်ရသည်ဟု တရုတ်တို့က အကြောင်းပြသည်။ 

တရုတ်တို့က ၎င်း၏ ကိုယ်ပိုင် လေ့ကျင့်ခန်းများကို ပင်လယ်ဝါတွင် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည်။ တရုတ်အစိုးရ သတင်းဋ္ဌာန Xinhua က ပုံမှန် ပြုလုပ်နေကျ လေ့ကျင့်မှုသာ ဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း အမှန်တကယ်မှာ အမေရိကန်နှင့် တောင်ကိုးရီးယားတို့၏ လှုပ်ရှားမှုများကို ရင်ဆိုင်ရန် ခိုင်မာစွာ ဆုံးဖြတ်ထားမှုကို ပြသလိုသည့် ၎င်းတို့အပေါ် သတိပြုမိစေရန် ဆုံးဖြတ်ခဲ့ခြင်းသာ ဖြစ်သည်။ တောင်ကိုးရီးယား စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ မြောက်ကိုးရီးယားကို အပြစ်တင်ထားသည့် နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့၏ စုံစမ်းမှု ရလဒ်များကို "ကင်" ၏ နောက်ဆုံး တရုတ်ခရီးစဉ် အပြီးတွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ရလဒ်များကို လက်ခံရန် တရုတ်က ငြင်းဆန်ခဲ့သည်။ ယခု တဖန် ကင်ဂျုံအီးအား ကော်ဇောနီ ဖြန့်ခင်း ကြိုဆိုခြင်းဖြင့် ပြန်လည် စဉ်းစား သုံးသပ်ရန် အစီအစဉ် မရှိကြောင်း တရုတ်တို့က ပြသလိုက်ပြီ ဖြစ်သည်။

အဘယ်ကြောင့် ကင်ဂျုံအီ တရုတ်နိုင်ငံသို့ အချိန်တိုအတွင်း ထပ်မံ သွားရောက်ခဲ့သည် ဆိုသည်ကိုမူ ရှင်းလင်းစွာ မသိရသေးပါ။ ၁၉၈၀ နောက်ပိုင်း ပထမဆုံးအကြိမ် ကျယ်ပြန့်စွာ ကျင်းပမည့် ပါတီ ညီလာခံနှင့် ပတ်သက်ဖွယ် ရှိသည်ဟု အများစုက ခန့်မှန်းချက် ပေးကြသည်။ စက်တင်ဘာ လဆန်းပိုင်းတွင် ကျင်းပမည်ဟု မြောက်ကိုးရီးယားက ကြေညာထားသော ကွန်မြူနစ် အလုပ်သမား ပါတီ ညီလာခံသည် ကင်၏ သားဖြစ်သူ ကင်ဂျုံအန်အား ပါတီတွင်း အဆင်မြင့် ခန့်အပ်ခြင်းကို ထောက်ခံမှု ရစေရန် စုဝေးခြင်း ဖြစ်သည် ဟူသော ခန့်မှန်းမှုမှာလည်း ရေပန်းစားလျက် ရှိသည်။ ၎င်းအကြံဥာဏ်သည် ကျန်းမာရေး မကောင်းတော့သော ဖခင်၏ နေရာအား သားဖြစ်သူက ဆက်ခံနိုင်ရန် စင်တင်ပေးသည့် သဘော ဖြစ်ဖွယ် ရှိသည်။ အသက် ၂၀ ကျော် ၃၀ နီးနီး ရှိပြီ ဖြစ်သော သားငယ် ကင်ဂျုံအန်သည် အလုပ်အကိုင် မရှိသေးဟု ယူဆရသည်။ ၎င်းရာထူး ဆက်ခံမည့် ကောလာဟလများမှာ အချိန် အတန်ကြာကပင် ထွက်ပေါ်နေခဲ့ပြီး အကယ်၍ ထိုအစီအစဉ်သာ ဖြစ်အံ့ဆဲဆဲ ဆိုပါက ၎င်း၏ ဖခင်က တရုတ်နိုင်ငံအား သတင်းပို့ရန် သွားရောက်ခြင်း ဖြစ်ဖွယ် ရှိသည် ဆိုသော အချက်မှာ မှန်ကန်ဖွယ် ရှိနေသည်။

တရုတ်နှင့် မြောက်ကိုးရီးယား တရားဝင် သတင်း ထုတ်ပြန်မှုများတွင် အာဏာ ဆက်ခံရေး ကိစ္စ (သို့) ကင်ဂျုံအန် အကြောင်း ဖော်ပြခြင်း မရှိပါ၊ ခရီးစဉ်တွင် ၎င်းလိုက်ပါခြင်း ရှိ/မရှိ ကိုလည်း မသိရသေးပါ။ သို့သော်လည်း ကင်ဂျုံအီးသည် ၎င်း၏ ကွယ်လွန်သူ ဖခင်ကြီး ကင်အီဘွန်း တရုတ်နိုင်ငံတွင် နေထိုင် ပတ်သက်ခဲ့ဖူးသော နေရာများသို့ ကြည့်ရှုကာ အချိန် ဖြုန်းနေသည်ဟု သိရှိရသည်။ ၂ နိုင်ငံ အကြား အစဉ်အလာ ချစ်ခင် ရင်းနှီးမှုကို မျိုးဆက်သစ်များအား လက်ဆင့် ကမ်းရန် လိုအပ်သည်ဟု ကင်ဂျုံအီးက ပြောကြားခဲ့ကြောင်း သိရှိရသည်။

ပြုံယမ်းတွင် ကျင်းပမည့် ပါတီ ညီလာခံကို အောင်မြင်စေရန် တရုတ် သမ္မတ ဟူကျင်းတောင်က ဆုတောင်းပေးခဲ့သည်။ မြောက်ကိုးရီးယား နျူကလီယာ ဖျက်သိမ်းရေး ဆွေးနွေးပွဲများ စောစီးစွာ ပြန်လည် စတင်ရေးအတွက် ကင်နှင့် သဘောတူညီမှု ရထားသော တရုတ်နိုင်ငံ အိမ်ရှင် အနေအထားကို တရုတ် မီဒီယာက အလေးပေး ရေးသားလျက်ရှိသည်။  ၆ နိုင်ငံ ဆွေးနွေးပွဲများ ပြန်လည် စတင်ရေး အလားအလာမှာ မှေးမှိန်နေဆဲ ဖြစ်သော်လည်း မြောက်ကိုးရီးယားသည် စီးပွားရေး ပိတ်ဆို့ခံရမှု ဖိအားများမှ သက်သာရာ ရရန် နည်းလမ်း အဖြစ် စေ့စပ် ဆွေးနွေးမှုများ ပြန်လည် စတင်ရန် ကြိုးစားနေသည်ဟု အကဲခတ် အချို့က ယုံကြည်ထားကြသည်။ လတ်တလော အချိန်တွင် တရုတ်နိုင်ငံသည် မြောက်ကိုးရီးယား၏ သက်သယ် ကြိုးတစ်ချောင်းပင် ဖြစ်သည်။ နှစ်နိုင်ငံ အကြား ကုန်သွယ်ရေးမှာ လတ်တလောလများ အတွင်း တိုးတက်လာခဲ့သည်ဟု သံတမန်များက ဆိုသည်။ စားနပ်ရိက္ခာ ပြတ်လပ်နေသော မြောက်ကိုးရီးယားက အပြန်အလှန် အားဖြင့် အရှေ့မြောက် ဆိပ်ကမ်းမြို့ ရာဂျင်တွင် ဆိပ်ကမ်း အဆောက်အအုံများကို တရုတ်အား ငှားရမ်းခဲ့သည်။

မြောက်ကိုးရီးယား၏ အာဏာလွှဲပြောင်းမှု အလားအလာသည် တရုတ်နိုင်ငံအား စိုးရိမ် ပူပန်စေသည်။ ဘေဂျင်းထုတ် အင်္ဂလိပ်ဘာသာ သတင်းစာ Global Times က အမေရိကန်နှင့် တောင်ကိုးရီးယားသည် မြောက်ကိုးရီးယားတွင် အကျပ်အတည်း ဖန်တီးရန် ဆန္ဒ ရှိနေကြသည်ဟု စွပ်စွဲလိုက်ပြီး ချောမွေ့စွာ အသွင် ကူးပြောင်းမှုသည် အရှေ့မြောက် အာရှဒေသ တည်ငြိမ်ရေးအတွက် အလွန် အရေးကြီးသည်ဟု ဖော်ပြခဲ့သည်။

ဝါရှင်တန် အခြေစိုက် ဥာဏ်ကြီးရှင် အုပ်စု Centre for Strategic and Tnternational Studies မှ Victor Cha က "တရုတ် နိုင်ငံသည် ၎င်း၏ မဟာမိတ် ပြုံယမ်းအား ခါးသီးသော အဆုံးသတ်ဆီသို့ ပို့ရန် ဆန္ဒ ရှိနေဆဲ ဆိုသော အချက်ကို ကင်၏ ယခု လျှို့ဝှက် ခရီးစဉ်က အနည်းဆုံး ထင်ဟပ် ပေါ်လွင် စေခဲ့သည်" ဟု ပြောကြားလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယခုအခါ ပြိုကွဲသွားပြီ ဖြစ်သည့် အမျိုးသား ဒီမိုကရေစီပါတီ (NLD) အနေဖြင့် ပါတီ ပျက်ပြားသွားအောင် ဖိအား ပေးခံရသည့်အတွက် မြန်မာ စစ်အစိုးရကို တရားစွဲဆိုရန် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။

ယခုအခါ နေအိမ် အကျယ်ချုပ် ၁၈ လ ပြစ်ဒဏ် ကျခံနေရသူ ဒေါ်အောင်ဆန်းစုကြည်က NLD အနေဖြင့် စစ်အစိုးရကို တရားစွဲဆိုရန် သူမ၏ ဥပဒေ အကျိုးဆောင် အဖွဲ့ဝင်များ ဖြစ်သော ရှေ့နေ ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်းနှင့် ဒေါ်ခင်ဌေးကြွယ်တို့ကို အကြံပေး ပြောဆိုခဲ့သည်။

"ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ ပျက်အောင် ဖိအား ပေးခဲ့တဲ့ ကိစ္စဟာ တရားမဝင်တဲ့ လုပ်ရပ် ဖြစ်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ စစ်အစိုးရကို တရား စွဲဆိုသင့်တယ်လို့ ပြောပါတယ်" ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

စစ်အစိုးရက ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေများသည် သူမနှင့် သူမ၏ ပါတီကို မလို မုန်းတီးသော သဘောမျိုးဖြင့် ရေးဆွဲခဲ့ခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ဦးဉာဏ်ဝင်းက ပြန်လည် ပြောပြသည်။ မြန်မာ စစ်အစိုးရသည် လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်လျက် ရှိသည်။ အဆိုပါ NLD ပါတီ အနိုင် ရရှိခဲ့သည့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ နောက်ပိုင်း နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ဖြစ်သည်။ သို့သော် စစ်အစိုးရက NLD ကို အာဏာ လွှဲပြောင်းပေးခဲ့ခြင်း မရှိဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နှစ်ပေါင်း ၁၅ နှစ်တာကြာမျှ ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။

ယခု လာမည့် ရွေးကောက်ပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီ ပါဝင်ခွင့် မရရှိအောင် စစ်အစိုးရက တစ်ဖက်သတ် ဥပဒေများ ရေးဆွဲခဲ့သည်။ ယင်းဥပဒေများအရ ဖမ်းဆီး ပြစ်ဒဏ် ကျခံနေရသူ ပါတီဝင်များ ရှိသည့် ပါတီများ အနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက်မည် ဆိုပါက ၎င်းတို့အား ပါတီအဖွဲ့ဝင် အဖြစ်မှ ထုတ်ပယ် ရမည် ဖြစ်သည်။ သို့အတွက်ကြောင့် NLD အနေဖြင့် နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည် ဆိုပါက ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ် ပစ်ရမည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။

ပြီးခဲ့သည့် ဧပြီလတွင် NLD ပါတီက ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မှု မပြုဘဲ သပိတ်မှောက်မည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

Monster Sand Critics မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Asean, 26th August 2010

၂၀၀၈ မေလ ၂ရက်နှင့် ၃ရက်တွင် ဘင်္ဂလား ပင်လယ်အော်မှ နာဂစ်ဆိုက်ကလုံးသည် မြန်မာနိုင်ငံ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းကို ဖြတ်သန်း၍ ကုန်းတွင်း ဝင်ရောက်သွားခဲ့ရာ လူ့အသက်များစွာ ဆုံးရှုံးခြင်း၊ အခြေခံ အဆောက်အဦးများ ၊ လူနေအိမ်ခြေများ၊ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ ပျက်စီးခြင်း တို့ကို ဖြစ်ပေါ်စေခဲ့သည်။

ဆိုင်ကလုံး အပြီးတွင် လူပေါင်း ၁၄၀,၀၀၀ နီးပါး သေဆုံးခဲ့ကြပြီး ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း အတွင်း နေထိုင်သူများ၏ သုံးပုံတစ်ပုံ အရေအတွက် ရှိသော လူပေါင်း ၂.၄ သန်းခန့်မှာ အိုးမဲ့၊ အိမ်မဲ့ ဒုက္ခများကို ခံစားခဲ့ကြရသည်။ ဆိုက်ကလုံး မုန်တိုင်း တိုက်ခတ်သွားသည့် ၃၇ မြို့နယ်၏ ဧရိယာ အကျယ်အဝန်းမှာ ၂၃၅၀၀ စတုရန်း ကီလိုမီတာခန့် ရှိရာ ဟေတီနိုင်ငံ အကျယ်အဝန်းထက် အနည်းငယ်မျှသာ လျော့နည်းသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာ အနေဖြင့် နာဂစ်စ် ဆိုင်ကလုံးသည် မှတ်တမ်း တင်ထားသမျှ လူသေ ပျောက်မှု အများဆုံး ဆိုင်ကလုံးများတွင် အဋ္ဌမ နေရာတွင် ရှိနေပြီး မြန်မာ့သမိုင်း တစ်လျှောက်တွင် အဆိုးဝါးဆုံး သဘာဝ ကပ်ဘေး အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဆိုင်ကလုံး နာဂစ်ကြောင့် လမ်းများ၊ ဆိပ်ခံတံတားများ၊ လောင်စာဆီ ဖြန့်ဖြူးမှုများ၊ လျှပ်စစ်ဓါတ်အား၊ ရေနှင့် သန့်ရှင်းရေး စနစ်များစသည့် အခြေခံ အဆောက်အဦးများနှင့် နေအိမ်များ ပျက်စီးမှု အပါအဝင် ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှု ကြီးမားစွာ ပေါ်ခဲ့ရပြီး ပြည်သူများ၏ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများအပေါ် ကြီးမားသော ရေရှည် ထိခိုက်မှု ဖြစ်ပေါ်ခဲ့ရသည်။ ရေဖြန့်ဖြူးမှု ကဏ္ဍ၏ အပိုင်း တော်တော်များများမှာ ညစ်ညမ်းသွားခဲ့သလို စားနပ်ရိက္ခာ သိုလှောင်မှုများ မှာလည်း ပျက်စီး ဆုံးရှုံးခဲ့ရသည်။

လယ်မြေများ ပျက်စီးကာ မရေတွက်နိုင်သော ရွာများ နစ်မြုပ်စေခဲ့သည့် လှိုင်းလုံးများ ၉ပေမှ ၁၂ပေခန့် အထိ တက်လာခြင်းနှင့်အတူ ပြင်းထန်လွန်းသော လေမုန်တိုင်း ဒဏ်ကို ခံခဲ့ရသည့် မြန်မာ နိုင်ငံ၏ ဆန်အိုးကြီး ဧရာဝတီတိုင်းမှာ ထိခိုက် ပျက်စီးမှု အများဆုံး ဖြစ်ပွားခဲ့သည်။

ယခုကဲ့သို့ နာဂစ် ဆိုင်ကလုံးက မြစ်ဝကျွန်းပေါ် လယ်သမားများအား အလဲထိုးခဲ့သည့် အချိန်မှာ ဘေးဒဏ်သင့် ဒေသများ၌ တစ်နှစ်ပတ်လုံး ထုတ်လုပ်မှု ပမာဏ၏ ၂၅ % ရှိသော နွေစပါး ရာသီ၏ နောက်ဆုံး အဆင့် ဖြစ်သည်။ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ၏ စုစုပေါင်း ပျက်စီးမှုနှင့် ဆုံးရှုံးမှု ခန့်မှန်း တန်ဖိုးမှာ ကျပ်သန်းပေါင်း ၅၇၀,၀၀၀ မှ ၇၀၀,၀၀၀ အတွင်း ရှိသည်ဟု ဆိုသည်။

ဆိုင်ကလုံးက ဖျက်ဆီခဲ့သည့် မိသားစုများနှင့် လူ့အသိုင်းအဝိုင်း၏ လူမှုရေး၊ စီးပွားရေး ဆုံးရှုံးမှု ဒုက္ခများမှာ ကြီးမား လွန်းသောကြောင့် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန် အတွက် ချက်ခြင်း တုန့်ပြန် လှုပ်ရှားမှု လိုအပ်နေသည်။ ထို့အပြင် ဆင်းရဲ နွမ်းပါးသူများ၏ အသက်မွေး ဝမ်းကျောင်းနှင့် ပိုင်ဆိုင်မှုများ ပြန်လည် ရရှိရေး၊ မရှိမဖြစ် ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးရေးတို့ အပေါ် အာရုံ စိုက်ရမည့် အလယ်အလတ်နှင့်  ရေရှည် ပြန်လည် ထူထောင်ရေး လုပ်ငန်းများသို့ သေချာစွာ အသွင် ကူးပြောင်းပေးနိုင်သည့် ကနဦး ပြန်လည် ထူထောင်ရေး အစီအစဉ် အတွက်လည်း ချက်ချင်း တုန့်ပြန် ဆောင်ရွက်မှု လိုအပ်နေသည်ဟု သုံးသပ် တင်ပြလိုက်ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.