Transparency Myanmar

transparency.myanmar@gmail.com

The Jakarta Post, 8th Sept 2010

      နိုဝင်ဘာ ၇ရက်တွင် ကျင်းမမည့် ရွေးကောက်ပွဲများမတိုင်မီ နိုင်ငံတကာ၏ ဖိအားများ ကြီးထွားလာခြင်းကြောင့် မြန်မာစစ်ဖက် အစိုးရသည် ၎င်း၏မဟာမိတ် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို တောင့်တင်းအောင် ပြုလုပ်သည့်အနေဖြင့် အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်နိုင်ငံသို့ အင်္ဂါနေ့တွင် သွားရောက်ခဲ့သည်။

      ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၅ရက်ကြာ နိုင်ငံတော် ခရီးစဉ် အဖြစ် တရုတ်နိုင်ငံသို့ အင်္ဂါနေ့က ရောက်ရှိခဲ့သည်ဟု ရိုက်တာက သတင်းဖော်ပြသည်။

      မြန်မာစစ်ဖက် အစိုးရသည် အနှစ် ၂၀အတွင်း ပထမဆုံး အကြိမ် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေခြင်းဖြစ်ရာ တရုတ်၏ ထောက်ခံမှုကိုရရှိရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရသော ရွေးကောက်ပွဲသည် အတုအယောင်သာ ဖြစ်လိမ့်မည်ဟု နိုင်ငံတကာ အကဲခတ် လေ့လာသူများက ပြစ်တင်ရှုံ့ချထားသည်။

       တရုတ်နှင့် မြန်မာသည် ရင်းနှီးသော စီးပွားရေး ဆက်ဆံမှုကို ထူထောင်လျက် ရှိခြင်းကြောင့် စီးပွားရေး အင်အားကြီး တရုတ်နိုင်ငံက နိုင်ငံတကာ ပြစ်တင် ဝေဖန်မှုများကို ရင်ဆိုင်နေရသည့် မြန်မာစစ်ဖက်အစိုးရကို ထောက်ခံအားပေးလိမ့်မည်ဟု အများစုက မျှော်လင့်ထားကြသည်။

      မြန်မာနိုင်ငံ အဖွဲ့ဝင် အဖြစ်ပါဝင်နေသော အရှေ့တောင်အာရှ ၁၀နိုင်ငံ အာဆီယံ အဖွဲ့ကိုလည်း အထီးကျန် မြန်မာနိုင်ငံအပေါ် တင်းမာသော သဘောထား ပြသရန် မလိုလားသော အဖွဲ့အဖြစ် အများစုက သတ်မှတ်ထားကြသည်။

      အမေရိကန်ပြည်ထောင်စု ဦးဆောင်သော နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဝိုင်းဝန်း ဖိအားပေးမှု ပြင်းထန်လာသည်ဟု မြန်မာအစိုးရက ယူဆသဖြင့် ကုလလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် တရုတ်မိတ်ဆွေကြီးထံ ခြေဦးလှည့်ခြင်းဖြစ်သည်ဟု လွှတ်တော်တွင်း မြန်မာ့ရေးရာ ကော်မတီ အကြီးအကဲ Eva K. Sundari ကပြောကြားသည်။

      ၁၉၉၀ ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် အောင်ပွဲခံခြင်းကို စစ်အစိုးရက အသိအမှတ်ပြုရန် ငြင်းပယ်ခဲ့ပြီး နောက်ပိုင်း သွေးစွန်းသော ဖြစ်ရပ်များစွာကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည့် မြန်မာနိုင်ငံမှ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် အတွက် ကုလသမဂ္ဂ ကော်မရှင် ဖွဲ့စည်းရေး ကိစ္စကို အမေရိကန် ပြည်ထောင်စုက လတ်တလော တွန်းအားပေးလျက် ရှိသည်။

        "စစ်အစိုးရက သူ့ရဲ့ ရွေးကောက်ပွဲတွေ တရားဝင် အသိအမှတ် ပြုခံရအောင် ဘာမဆို လုပ်မှာဖြစ်သလို၊ တရုတ်ကလည်း သူရဲ့ ကိုယ်ပိုင်အကျိုးစီးပွားအတွက် မြန်မာအစိုးရနဲ့ ဆက်ဆံရေး ကောင်းအောင် ထိန်းသိမ်းမယ်ဆိုရင် သိသိသာသာ မြင်နေရတယ်၊ ဒါကြောင့် ၂ နိုင်ငံစလုံးအတွက် အံဝင်သွားတာပါ'' ဟု သူမကဆိုသည်။

      ရွေးကောက်ပွဲနှင့် နီးကပ်လာသော အချိန်တွင် အာဆီယံကလည်း ၁၆နိုင်ငံ အရှေ့အာရှ ထိပ်သီး ညီလာခံ (EAS) သို့လာမည့် နှစ်တွင် ပူးပေါင်းမည့် အမေရိကန် ပြည်ထောင်စုနှင့် တိုးတက်မှုများ ရရှိရေးကို ရှုမျှော်လျက်ရှိသည်။

      နိုင်ငံရေး လှုပ်ရှားသူများနှင့် အစိုးရဆန့်ကျင်သူ ထောင်ပေါင်းများစွာကို အကျဉ်းချထားသော မြန်မာနိုင်ငံကို စီးပွားရေးအရ အရေးယူပိတ်ဆို့ရန် အမေရိကန်ပြည်ထောင်စုက တွန်းအားပေး လုပ်ဆောင်နေချိန်တွင် တရုတ်နိုင်ငံက ၎င်း၏ သယံဇာတ ကြွယ်ဝသော အိမ်နီးချင်းနိုင်ငံထဲသို့ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက် လောင်းထည့်လျက်ရှိသည်။

      အရှေ့အာရှ ထိပ်သီးညီလာခံ EAS တွင် အဖွဲ့ဝင်သစ်ဖြစ်လာသည့် အမေရိကန်ကြောင့် စိတ်ပင်ပန်းမှု ကြီးထွားနေသည့်ကြားမှ တရုတ်နိုင်ငံသည် ၎င်း၏ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် တရုတ်အားကိုးဖြင့် လီဗာတင်နိုင်ရန် အခွင့်အရေးရလိမ့်မည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

      မြန်မာနိုင်ငံကိစ္စ အဓိကအရေးကြီးသည့် အနေအထားတွင် ရောက်ရှိနေခြင်းနှင့်အတူ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံအကြား ပြင်းထန်နေသော ဆက်ဆံရေးကို အာဆီယံအနေဖြင့် ကိုင်တွယ်ရာတွင် အောင်မြင်မည် မဟုတ်သည့် အချက်ကို စိုးရိမ်ပူပန်ကြောင်း ဝေဖန်ဆန်းစစ်သူများက ထုတ်ဖော် ပြောကြားခဲ့ကြသည်။ လက်ရှိတွင် အာဆီယံအဖွဲ့၏ သြဇာတက်နေသော်လည်း အသစ်ဖွဲ့စည်းသည့် EAS မှာမူ ကမ္ဘာ့အင်အားကြီး ပြိုင်ဖက် ၂နိုင်ငံ ပါဝင်လာခြင်းကြောင့် သာမကပဲ အခြား အဖွဲ့ဝင်နိုင်ငံများ၏ မတူညီသော အကျိုးစီးပွားများကြောင့် စိမ်ခေါ်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။

      လွန်ခဲ့သောနှစ်များစွာအတွင်း နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် မြန်မာနိုင်ငံသည် အာဆီယံ၏ ထီးရိပ်ကို အချိန်အတန်ကြာ ခိုလှုံခဲ့သော်လည်း ယခုအခါ တရုတ်၏ အရိပ်ကို ခိုရန် ကြိုးစားနေပြီ ဖြစ်သည်။

      ထိုင်းနိုင်ငံ အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားသူ Phil Robertson က "အာဆီယံသည် တရုတ်က မြန်မာနိုင်ငံအပေါ် ဒလဟော ကူညီနေမှုကို သိသိသာသာ မျက်စိမှိတ်နေခဲ့ပြီး ဤအစား ခေါင်းဆောင်များကလည်း မြန်မာနိုင်ငံ၏ လာမည့် ရွေးကောက်ပွဲအပေါ် ကျိုးကြောင်းမခိုင်လုံသော အကောင်းမြင်ဝါဒဖြင့် အာရုံစိုက်ခဲ့ကြသည်'' ဟု ပြောကြားလိုက်သည်။

      မြန်မာနိုင်ငံမှာ တင်းကြပ်လွန်းတဲ့ ရွေးကောက်ပွဲ စည်းကမ်းနှင့် ဥပဒေတွေ၊ စစ်တပ်နဲ့ မပတ်သက်တဲ့ ပါတီတွေအပေါ် နှောက်ယှက်မှုတွေ၊ လွတ်လပ်စွာပြောဆိုခွင့် စည်းရုံးခွင့်ကို ထင်ထင်ရှားရှား ကန့်သတ်ထားတာတွေနဲ့ ပါတ်သက်ပြီး နေ့စဉ်လိုလို ပိုမို ထင်ရှားလာတဲ့အချိန်မှာ ရွေးကောက်ပွဲတွေ လွတ်လပ် မျှတပါလိမ့်မယ်လို့ ဆိုလိုရာရောက်တဲ့ အာဆီယံ ကြေညာချက်ကို ထုတ်ပြန်တာကတော့ အမိုက်မဲဆုံး အရာပါပဲ ဟု ၎င်းက ဝေဖန်သုံးသပ်လိုက်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CNN News, 7th September 2010

      မြန်မာနိုင်ငံမှ စစ်အာဏာရှင် လာရောက် တောင်းဆိုနေချိန်တွင် ဘီဂျင်းက အသေးစိတ် အချက်အလက်များကို များများစားစား ထုတ်ဖော် ပြောကြားလိုပုံ မရပါ။

      သို့ဖြစ်၍ မြန်မာနိုင်ငံမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဘာကြောင့် ၄ ရက် ခရီးစဉ် လာရောက် လည်ပတ်ပါသလဲဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကို မေးမြန်းခဲ့ရာ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဂျန်ယုက  တရုတ်နှင့် မြန်မာသည် အလွန် ရင်းနှီးသော အိမ်နီးချင်းများ ဖြစ်ကြပြီး ယခုနှစ်သည် သံတမန် ဆက်ဆံရေး အနှစ် ၆၀ ပြည့်သော အထိမ်းအမှတ်နှစ် ဖြစ်သည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

      ဥပါဒ်ဒါန် အစွဲအလမ်းကြီး၍ ဖုံးကွယ် သိုဝှက်တတ်သော ဗိုလ်ချုပ်ကြီး သန်းရွှေ၏ ထုံးစံကြောင့် ယခု ခရီးစဉ် အပေါ် မှန်းဆ ပြောကြားမှုများသာ ရှိနေပြီး တရုတ် သမ္မတ ဟူကျင်းတောင်၊ ဝန်ကြီးချုပ် ဝမ်ကျားပေါင်တို့ထံ အဘယ်ကြောင့် လာရောက် တွေ့ဆုံသည် ဆိုသည်ကိုပင် တိကျသော သတင်းများ မရရှိသေးပါ။ ရှန်ဟိုင်း ကုန်စည်ပြပွဲ၊ တရုတ်၏ အံ့ဘွယ်မခန်း စီးပွားရေးကို မွေးထုတ်ရာ ရှန်ဇင်းနှင့် စက်မှုလုပ်ငန်း အချက်အချာ ကွမ်ရိုး စသည့် နေရာများသို့ သွားရောက်ရန် ခရီးစဉ်များ ရှိသေးသည်ဟုသာ သိရှိရသည်။

      "နိုဝင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် လုပ်ဆောင်စရာ များစွာ ယခု ခရီးစဉ်တွင် ပါဝင်သည်ဟု အကဲခတ် လေ့လာသူများက မှန်းဆလျက် ရှိသည်။ ရွေးကောက်ပွဲ မကျင်းပမှီ တရုတ်နိုင်ငံ၏ ထောက်ခံမှုကို ဗိုလ်ချုပ်မှူးကြီးက သက်သေ ပြလိုခြင်း ဖြစ်လိမ့်မည်" ဟု ၎င်းတို့က ပြောကြားသည်။

      မြန်မာနိုင်ငံတွင် နောက်ဆုံး ရွေးကောက်ပွဲကို ၁၉၉၀ ခုနှစ်က ကျင်းပခဲ့ပြီး ထိုစဉ်က ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အပြတ်အသတ် အနိုင် ရရှိသွားခဲ့ခြင်းကြောင့် ရွေးကောက်ပွဲ ရလဒ်ကို လက်ခံရန် စစ်ဖက် အုပ်ချုပ်သူများက ငြင်းဆန်ခဲ့ကြကာ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်တွင် အကျယ်ချုပ် ထိန်းသိမ်းထားခဲ့ရာ  ယခုအချိန် တိုင်အောင် ဖြစ်သည်။

      ယခုနှစ် အစိုးရက ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေသစ်အရ ပါတီဝင်များ ပြစ်ဒဏ် ကျခံနေရသော ပါတီ အနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခွင့်ရမည် မဟုတ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ရွေးကောက်ပွဲကို သပိတ်မှောက် ခဲ့သည်။

      "မြန်မာနိုင်ငံက စစ်အစိုးရဟာ သူ့ရဲ့ ပြည်သူတွေကို လုံးဝဥဿုံ ထိန်းချုပ်ထားတဲ့ လူရမ်းကားတွေပါ" ဟု Burma Campaign မှ အမှုဆောင် ဒါရိုက်တာ Anna Roberts က ပြောကြားလိုက်သည်။ "လွှတ်တော် ကိုယ်စားလှယ်နေရာ လေးပုံတစ်ပုံကို စစ်အစိုးရ အတွက် သီးသန့် ဖယ်ထားပြီး ဖြစ်၍ လာမည့် ရွေးကောက်ပွဲမှာ လုံးဝဥဿုံ အတုအယောင်ပဲ ဖြစ်လိမ့်မည်" ဟု သူမက သုံးသပ် ပြောကြားသည်။

      "တကယ်လို့ ရွေးကောက်ပွဲက လွတ်လပ်တယ်၊ မျှတတယ် ဆိုရင်တောင် အာဏာရှင် စနစ်ကို တရားဝင် ဖြစ်အောင် လုပ်ထားတဲ့ အခြေခံ ဥပဒေအရ ကျင်းပတာဖြစ်လို့ ဘာမှ ပြောင်းလဲ ခြားနားသွားမှာ မဟုတ်ပါဘူး" ဟု သူမက CNN သို့ ပြောကြားခဲ့သည်။

      ရွေးကောက်ပွဲနှင့် အလွန် နီးကပ်လာသည့် အချိန်တွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ၎င်း၏မူလ သဘောထားကို မပြောင်းလဲကြောင်း ထပ်မံ ထုတ်ဖော် ပြသခဲ့သည်။

      "မြန်မာနိုင်ငံရဲ့ အထွေထွေ ရွေးကောက်ပွဲဟာ မြန်မာတွေရဲ့ ပြည်တွင်းရေး ကိစ္စပါ။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ အပြုသဘောဆောင်တဲ့ အကူအညီကို ဖြည့်ဆည်းပေး နိုင်လိမ့်မယ်။ မြန်မာ့ နိုင်ငံရေးနဲ့ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး အပေါ် ဆိုးကျိုး သက်ရောက်မှု မဖြစ်အောင် ရှောင်ရှားနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ဖော် ပြောကြားခဲ့သည်။

      ဝေဖန် ဆန်းစစ်သူများကမူ တရုတ်နိုင်ငံ အနေဖြင့် မြန်မာ့ ဒီမိုကရေစီ အရေးတွင် များစွာ ပါဝင် လုပ်ဆောင်သင့်သည်ဟု ပြောကြားခဲ့ကြသည်။

      "တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ သြဇာကို အသုံးပြုပြီး စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာအောင် လုပ်သင့်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ စစ်အစိုးရရဲ့ တေးသွားအတိုင်း လိုက်ပြီး ကနေရတာပါ။ နိုင်ငံတကာရဲ့ ကြိုးပမ်းမှု အဆင့်တိုင်းကို စစ်အာဏာရှင်က ပယ်ချခဲ့ပါတယ်" ဟု Burma Campaign မှ Roberts က ဆိုသည်။

      သို့ရာတွင် ဘီဂျင်းက မြန်မာနိုင်ငံ၌ ဒေါ်လာ ဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံလျက်ရှိပြီး အထူးသဖြင့် ကျွန်းသစ်၊ ကျောက်မျက်ရတနာများနှင့် စွမ်းအင်ရင်းမြစ် စသော သဘာဝ သယံဇာတများ ရရှိရေးနှင့် တရုတ်ရေတပ် အတွက် မြန်မာ ဆိပ်ကမ်းများကို မဟာဗျူဟာမြောက် အသုံးပြုခွင့် ရရှိရေး အတွက် ကြိုးပမ်း အားထုတ်လျက်ရှိရာ တရုတ်နိုင်ငံက မြန်မာ စစ်အစိုးရ အပေါ် လိုလိုလားလား တွန်းအားပေးမည့် လက္ခဏာ မရှိပါ။

      မည်သို့ပင် ဆိုစေကာမူ နောက်ဆုံး၌ စစ်အစိုးရ ပြိုလဲကာ တနောက် ပုံစံ ဒီမိုကရေစီ စနစ်ဖြင့် အစားထိုးနိုင်မည့် အလားအလာက ဖြစ်နိုင်ချေများနေရာ တရုတ်နိုင်ငံက ၎င်း၏အိမ်ရှေ့ လှေကားထစ် မြန်မာနိုင်ငံ၌ ထိုသို့ ပြောင်းလဲ သွားစေချင်မည် မဟုတ်ပါ။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

By Gerry Abbott; The Guardian Article, 9th Sept 2010

      မြန်မာစစ်ဖက်အစိုးရကို ဆန့်ကျင်သည့် ကြီးကျယ်သော ပြည်လုံးကျွတ် ဆန္ဒပြပွဲကြီးများ ပေါ်ပေါက်ခဲ့သည့်ကာလ အတောအတွင်း ၁၉၈၈ ခုနှစ်တွင် ကျွန်တော် မြန်မာနိုင်ငံ၌ နေထိုင်လျက် ရှိသည်။

      ကျွန်တော်၏ ဒိုင်ယာရီ မှတ်တမ်းများအရ ၁၉၉၀ ကာလ မန္တလေးမြို့ကို ပြန်ပြောင်း သုံးသပ်ကြည့်သောအခါ ပြည်သူလူထုက မြန်မာ့အသံ (BBS) ၏ သတင်း ထုတ်လွှင့်မှုများကို အရေးမထား၊ ဂရုမစိုက်ကြပုံနှင့် BBC သတင်းများကို ပို၍ပို၍ ယုံကြည် လက်ခံလာကြပုံကို သတိရမိသည်။

      သို့ဖြစ်ရာ မနက်ခင်း ၇း၁၅ နှင့် ညပိုင်း ၈း၁၅ အချိန်များတွင် မန္တလေးမြို့၏ ညံ့သက် နွေးထွေးသော လေထုထဲ၌ BBC ၏ မှန်ကန်ခိုင်မာသော လေလှိုင်းသံများသာ ပြည့်လျှံနေပါတော့သည်။

      BBC ကို ရက်အနည်းငယ် အကြာတွင်မူ မြန်မာ့အသံ (BBS)သည် BBC ကို သိက္ခာချရန် ကြိုးစားသည့်အနေဖြင့် ပုတ်ခတ်ပြောဆိုမှုများ စတင် ပြုလုပ်လာကြောင်း သိရှိရသည်။

      သို့သော်လည်း တစ်ခုတည်းသော ရလဒ်မှာ BBC ကို ယခုအချိန်တွင် အားလုံးက မက်မက်မောမော နားဆင်နေကြခြင်းပင် ဖြစ်သည်။

      ထိုညက ၈း၁၅ အချိန်တွင် တစ်ရပ်ကွက်လုံးမှ ရေဒီယိုများက BBC မြန်မာပိုင်းအစီအစဉ် သတင်းများကို ကျယ်လောင်စွာ ဖွင့်နေကြခြင်းကို ကျွန်တော် မှတ်တမ်းတင်ထားခဲ့သည်။ BBC သည် ထိုအနေအထားကို ယခုအချိန်အထိ ရရှိနေဆဲဖြစ်သည်။

      "နိုင်ငံတစ်ခုသည် နိုင်ငံသားများအား အမှန်ကိုသာ ပြောဆိုသင့်သည်"ဟူသော အဆိုအမိန့်တစ်ခုအရ အကြံပြုလိုသည်မှာ "BBC မြန်မာပိုင်း အစီအစဉ်သည် ကုန်ကျစရိတ် ကြီးမားသော အစီအစဉ်ဖြစ်နေခဲ့လျှင် ယခုအချိန်၌ ရန်ပုံငွေ ထပ်မံ ဖြည့်တင်းပေးကြရမည်" ဟူ၍ပင်ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 9th Sept 2010

      မြန်မာနိုင်ငံတွင် ကျင်းမတော့မည့် ရွေးကောက်ပွဲများ လွတ်လပ်မှုနှင့် တရားမျှတမှုရှိစေရန် နိုင်ငံတကာအနေဖြင့် အစွမ်းကုန် သတိထား နိုးကြားကြရမည်ဟု ကုလသမဂ္ဂ ထိပ်တန်း လူ့အခွင့် အရေး အရာရှိက ပြောကြားလိုက်သည်။

      ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Navi Pillay က "ပိတ်ပင်တားဆီးမှု၊ ခြိမ်းခြောက်မှုနှင့် တိုက်ခိုက်မှုများစသည့် အန္တရာယ်များနှင့် ကြုံတွေ့ဖွယ်ရှိသူများကို အကာအကွယ် ပေးကြရမည်" ဟု ပြောကြားခဲ့သော်လည်း မည်သို့ ပြုလုပ်ရမည်ကို သူမက အသေးစိတ် ပြောကြား ခဲ့ခြင်းမရှိပါ။

      စစ်ဖက်က အုပ်ချုပ်လျက်ရှိသော အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် အနှစ်၂၀ အတွင်း ပထမဆုံး ပြည်လုံးကျွတ် မဲပေးပွဲကို နိုဝင်ဘာလဆန်းတွင် ကျင်းပရန် စီစဉ်ထားသည်။

      ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော Ms Pillay ၏ မှတ်ချက်များမှာ ဂျီနီဗာတွင် တနလာင်္နေ့၌ စတင်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၃ပတ်ကြာ အစည်းအဝေးတွင် သူမပြောကြားသည့် အဖွင့် မိန့်ခွန်း၏ တစိတ်တဒေသ ဖြစ်သည်။

      အဆိုပါ မိန့်ခွန်းတွင် တရုတ်၊ ပြင်သစ်၊ အီရန်၊ အမေရိကန်ပြည်ထောင်စု စသော ကမ္ဘာတလွှားမှ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများစွာကို ရည်ညွှန်းပြောကြားခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Weekly Business Roundup, 4th Sept 2010

      မြန်မာအစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ရှန်ဟိုင်း ကမ္ဘာ့ပို့ကုန် ကုန်စည်ပြပွဲသို့ သွားရောက်လည်ပတ်သည့် အချိန်တွင် အာရှနိုင်ငံများနှင့် စီးပွားရေး ဆက်ဆံမှုများ တိုးမြှင့်ရန် ကြိုးစားလိမ့်မည်ဟု သိရှိရသည်။

      ၎င်းသည် ဘီဂျင်း အစိုးရ၏ ဧည့်သည်တော် အဖြစ် တရုတ်နိုင်ငံသို့ ရောက်ရှိစဉ်အတွင်း အလွန်ကြီးမားသော ၆လကြာ နိုင်ငံတကာ ကုန်စည်ပြပွဲသို့ သွားရောက်မည်ဟု ဆိုသည်။

      ဇွန်လအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်၏ ဖိတ်ကြားမှုကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်ခြင်းဖြစ်သည်။

      ၎င်းတို့ ခေါင်းဆောင် ၂ ဦး ဇွန်လက အစပျိုးခဲ့ကြသော ကုန်သွယ်ရေးနှင့် စီးပွားရေး အစီအစဉ်များကို ယခု ဗိုလ်ချုပ် မှူးကြီး၏ တရုတ်ခရီးစဉ်တွင် အချောသတ် ဆွေးနွေးကြမည်ဖြစ်ပြီး အခြား အကြောင်းအရာများလည်း ပါဝင်လိမ့်မည်ဟု အကဲခတ် လေ့လာသူများက ပြောကြားသည်။

      မြန်မာခေါင်းဆောင်ဟာ တရုတ်နိုင်ငံပိုင် ကုမ္ပဏီတွေက ထိပ်တန်းတာဝန်ရှိသူ အတော်များများနဲ့ တွေ့ဆုံဖို့ သေချာသလောက်ရှိပါတယ်၊ ဆောက်လုပ်ရေး၊ စွမ်းအင်နဲ့ သတ္တုတွင်း ကဏ္ဍတွေကို ဦးစားပေး ဆွေးနွေးကြလိမ့်မယ်လို့ ယူဆရတယ်ဟု ဘန်ကောက်၊ အနောက် နိုင်ငံသံရုံးတစ်ခု အမည်မဖော်လိုသူ ကုန်သွယ်ရေး ကောင်စစ်ဝန်တစ်ဦးက သောကြာနေ့တွင် ပြောကြားခဲ့သည်။

      အမှတ်တကယ်ကတော့ ဘီဂျင်းနဲ့ ရှန်ဟိုင်းကို သွားရောက်လည်ပတ်တဲ့ ခရီးစဉ်မှာ မြန်မာရွေးကောက်ပွဲတွေ မကျင်းမခင် ဘီဂျင်းနဲ့ နိုင်ငံရေးအရ အခိုင်အမာ ထောက်ခံမှုကို ပြသမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအစီအစဉ်မှာ စီးပွားရေး ကိစ္စတွေလည်း မလွဲမသွေ ပါဝင်ပါတယ်ဟု ၎င်းက သုံးသပ်ပြောကြားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irishtimes.com , 8th Sept 2010

      နိုင်ငံတကာက သံတမန်ရေးအရ ပစ်ပယ်ထားသော မြန်မာနိုင်ငံအား အငြင်းပွားဖွယ် နိုဝင်ဘာလ ရွေးကောက်ပွဲများ မတိုင်မီ ဘီဂျင်းက ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ ပုန်းရှောင်တတ်သော ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား တရုတ်သမ္မတ ဟူကျင်းတောင်က ယနေ့ အခိုင်အမာ ပြောကြားခဲ့သည်။

      ဘီဂျင်း ပြည်သူ့ မဟာခန်းမဆောင်တွင် ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံနှုတ်ဆက်စဉ် ဟူကျင်းတောင်က "မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို အထူးပင် အလေးထားမှုကို တရုတ်နိုင်ငံက ပြသမည်'' ဟု ပြောကြားခဲ့ခြင်းကို နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့် ပြသသွားခြင်း ဖြစ်သည်။

      "တရုတ်မြန်မာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ချစ်ကြည်ရင်းနှီးမှု ခိုင်မာရေးနဲ့တိုးတက်ရေးဟာ ကျွန်တော်တို့ တသမတ်တည်း ချမှတ်ထားတဲ့ မူဝါဒပါ၊ နိုင်ငံတကာ အနေအထား ဘယ်လိုပဲ ပြောင်းလဲသွားပေမယ့် ကိစ္စမရှိပါဘူး၊ ဒီမူဝါဒကို ပြောင်းလဲမှာ မဟုတ်ပါဘူး'' ဟု ဟူကျင်းတောင်က ဆက်လက် ပြောကြားခဲ့သည်ဟု ဆိုသည်။

      တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် စီးပွားရေး၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ဆန္ဒရှိကြောင်း၊ အထူးသဖြင့် စွမ်းအင် ကဏ္ဍတွင် ဖြစ်ကြောင်း မစ္စတာဟူ က ထုတ်ဖော် ပြေကြားခဲ့သော်လည်း အသေးစိတ် ပြောကြားခြင်း မရှိပါ။

      နှစ်နိုင်ငံ ပြည်သူများ အကျိုးဖြစ်ထွန်းစေမည့် စွမ်းအင်နှင့် အခြားစီမံကိန်းများကို တရုတ်နှင့် မြန်မာတို့ ကြိုးစား လုပ်ဆောင်ကြရမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

      စစ်ဖက်က အုပ်ချုပ်လျက်ရှိသော မြန်မာနိုင်ငံသည် ၁၉၈၈ ခုနှစ်တွင် ဒီမိုကရေစီ ဆန္ဒပြသူများအား သွေးစွန်းသော နှိမ်နှင်းမှုနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ဖမ်းဆီးထားမှုတို့ကြောင့် ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့က စီးပွားရေး အရေးယူ ပိတ်ဆို့မှုများကို ကျယ်ကျယ်ပြန့်ပြန့် ချမှတ် ဒဏ်ခတ်ခဲ့ခြင်းဖြစ်သည်။

      သို့သော်လည်း တရုတ်က မြန်မာနှင့် ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းထားလိုခြင်းမှာ မြန်မာနိုင်ငံမှ ရေနံနှင့် ဓါတ်ငွေ့ကို မက်မောနေခြင်းနှင့် ယူနန်ပြည်နယ် အပါအဝင် ဆင်းရဲသော ကုန်းတွင်းပိတ် အနောက်တောင်ပိုင်း ပြည်နယ်များအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ကို ရရှိလိုခြင်းကြောင့် ဖြစ်သည်။ ယခုအချိန်ထိမူ နယ်စပ်တစ်လျှောက် လှုပ်ရှားနေသော မူးယစ်ရာဇာများနှင့် သူပုန်စစ်တပ်များနှင့် ပတ်သက်၍လည်း စိုးရိမ်သောက ရောက်နေရသည်။

      ၂၀၀၉ သြဂုတ်လ အတွင်းက နယ်စပ်အနီး မြန်မာဖက်ခြမ်းတွင် အစိုးရစစ်တပ်နှင့် ကိုးကန့်တပ်ဖွဲ့များ တိုက်ခိုက်ခဲ့ကြခြင်းကြောင့် ဒုက္ခသည်များ သောင်းဂဏန်း အရေအတွက် နယ်စပ်ကို ကျော်ကာ တရုတ်နယ်မြေတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းကြောင့် ဘီဂျင်းကို ဒေါသထွက်စေခဲ့သည်။

      ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၎င်း၏ အစိုးရသည် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုကို ကာကွယ်သွားရန် ယခင်ကပင် မူဝါဒချမှတ်ထားသည့် အားလျော်စွာ နယ်စပ်ဒေသ တည်ငြိမ်ရေးကို သေချာအောင် ပြုလုပ်ရန် ကတိပြုကြောင်း ဟူကျင်းတောင်အား ပြောကြားခဲ့သည်။ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် အေးချမ်းရေးသည် ၂နိုင်ငံ စလုံးအတွက် အရေးကြီးဆုံး ဖြစ်သည်ဟု ၎င်းကပြောဆိုခဲ့သည်။

      စစ်ဖက်အုပ်ချုပ်သူများ ကျောထောက် နောက်ခံပေးထားသော အရပ်သား ကိုယ်စားလှယ်များ ကျယ်ကျယ်ပြန့်ပြန့် အနိုင်ရရှိလိမ့်မည်ဟု မျှော်လင့်ရသော နိုဝင်ဘာ ၇ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲများကို နိုင်ငံပိုင် ရုပ်မြင်သံကြားက တိုက်ရိုက် ရည်ညွှန်းဖော်ပြခြင်း မပြုလုပ်သေးပါ။ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများကမူ ၎င်းရွေးကောက်ပွဲမှာ အတုအယောင်သာ ဖြစ်သည်ဟု ပြစ်တင် ရှုတ်ချထားကြသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံသည် ၂၀၁၀-၂၀၁၁ ခုနှစ်၊ ဘဏ္ဍာရေးနှစ်၏ ပထမ လေးလပတ် အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ မြောက်မြားစွာ ရရှိခဲ့ကြောင်း ဗဟို စာရင်းစစ်ချုပ်ရုံး (CSO) က ထုတ်ပြန်သော စာရင်းဇယားများ အရ သိရသည်။ အဆိုပါ ပမာဏသည် မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၂၂ နှစ်တာ ကာလ နှစ်စဉ် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု နှုန်းတွင် အမြင့်မားဆုံး ဖြစ်သည်ဟု ဆိုသည်။

CSO ၏ စာရင်းဇယားအရ အဆိုပါ ပထမ လေးလပတ် အတွင်း ရရှိခဲ့သော ပမာဏကြောင့် ၁၉၈၈ ခုနှစ် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ တံခါး ဖွင့်ပေးခဲ့သည့် အချိန်မှ စ၍ ၂၀၁၀ ဇူလိုင်လ အထိ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု တန်ဖိုး စုစုပေါင်းမှာ ဒေါ်လာ ၃၁ ဒဿမ ၈၉၅ ဘီလီယံအထိ ရောက်ရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း နောက်ဆုံး ထုတ်ပြန်ခဲ့သည့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၁၆ ဒဿမ ၀၅ သန်း ဖြစ်သည်။

CSO အဆိုအရ ၁၉၈၈ ခုနှစ်မှ စ၍ ၂၀၁၀ ဇူလိုင်အထိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ဆိုင်ရာ အခန်းကဏ္ဍတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု တန်ဖိုး ဒေါ်လာ ၁၃ ဒဿမ ၄၄၇ ဘီလီယံ၊ လျှပ်စစ်စွမ်းအား ထုတ်လုပ်ရေး ကဏ္ဍတွင် ၁၁ ဒဿမ ၃၄၁ ဘီလီယံ၊ သတ္တု တူးဖော်ရေး လုပ်ငန်းများတွင် ၁ ဒဿမ ၃၉၅ ဘီလီယံ ဖိုးအထိ ရရှိခဲ့ကြောင်း၊ ကုန်ပစ္စည်း ထုတ်လုပ်မှု အခန်းကဏ္ဍတွင် ၁ ဒဿမ ၆၆၂ ဘီလီယံ၊ ဟိုတယ်နှင့် ခရီး သွားလာရေး အခန်းကဏ္ဍတွင် ၁ ဒဿမ ၀၆၄ ဘီလီယံ ရရှိခဲ့ကြောင်း ပြည်တွင်း သတင်းဂျာနယ် ဖြစ်သော The Weekly Eleven က ကိုးကား ဖော်ပြသည်။

ထိုင်း၊ တရုတ်၊ ဗြိတိန်၊ ဟောင်ကောင်နှင့် တောင်ကိုရီးယားတို့၏ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုမှာ ထိပ်ဆုံးမှ ဦးဆောင်လျက် ရှိသည် ဟု အဆိုပါ ဂျာနယ်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၀၂ ဒဿမ ၃၅ သန်း ရရှိခဲ့ရာ မလေးရှား နိုင်ငံမှ ၂၃၇ ဒဿမ ၆ သန်း၊ အာရပ် စော်ဘွားများ ပြည်ထောင်စု နိုင်ငံများမှ ဒေါ်လာ ၄၁ သန်းတို့ ဖြစ်ပြီး ရေနံနှင့် သဘာဝ ဓာတ်ငွေ့ အခန်းကဏ္ဍ၌ ရင်းနှီး မြှုပ်နှံခဲ့ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံက  ၁၅ ဒဿမ ၂၅ သန်း (ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများတွင်) တရုတ်က ဒေါ်လာ ၁၅ သန်း (သတ္တု တူးဖော်ရေး ကဏ္ဍ)၊ ဟောင်ကောင်က ၆ သန်း (ကုန်ပစ္စည်း ထုတ်လုပ်ရေး) အစရှိသဖြင့် ရင်းနှီး မြှုပ်နှံခဲ့ကြသည်။

Xinhua သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စက်တင်ဘာလ ၇ ရက်နေ့တွင် အိမ်နီးချင်း တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် ထွက်ခွာသွားကြောင်း နိုင်ငံပိုင် မီဒီယာများနှင့် သတင်း ပေးပို့ချက်များ အရ သိရသည်။ မြန်မာနိုင်ငံ၏ အနီးကပ် မဟာမိတ် နိုင်ငံ ဖြစ်နေသော တရုတ် နိုင်ငံ ခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် တရုတ်နိုင်ငံ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးပြီး လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပရန် ရှိသည့် မြန်မာ့ ဒီမိုကရေစီ ရွေးကောက်ပွဲ အပေါ် တရုတ်နိုင်ငံက အထောက်အပံ့ ပေးလာရန် ကြိုးပမ်းလိမ့်မည်ဟု ယူဆရသည်။

မြန်မာ စစ်အစိုးရသည် နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဖယ်ကျဉ်ခြင်း ခံထားရသည်။ သို့သော် အာရှ အင်အားကြီး တရုတ်က မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု မြောက်များစွာ ပြုလုပ်ထားရာ နှစ်နိုင်ငံ ဆက်ဆံရေးသည် လွန်စွာ ခိုင်မာလျက် ရှိသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်ပြည်သို့ သွားရသည့် အသေးစိတ် အကြောင်းအရင်းကို အနည်းငယ်သာ သိရသည်။ သို့သော် ၎င်းအနေဖြင့် တရုတ် သမ္မတ ဟူဂျင်ထောင်း အပါအဝင် အခြားသော စီနီယာ ခေါင်းဆောင်များနှင့် တွေ့ဆုံလိမ့်မည်ဟု မျှော်လင့်ရသည်။ လေ့လာ သုံးသပ်သူများ အဆိုအရ မြန်မာနိုင်ငံတွင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ကိစ္စနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တရုတ် ခေါင်းဆောင်များကို ပြောဆိုလိုသောကြောင့် ဖြစ်သည်။

ကုန်သွယ်ဘက်များ

မြန်မာနှင့် တရုတ် နှစ်နိုင်ငံသည် လက်ရှိ ဆယ်စုနှစ်များအတွင်း ခိုင်မာသော သံတမန် ဆက်ဆံရေး တစ်ရပ်ကို ထူထောင်နိုင်ခဲ့ကြသည်။ ဆိုးရွားသော လူ့အခွင့်အရေး မှတ်တမ်းများကြောင့် ကမ္ဘာ့နိုင်ငံ အတော်များများက မြန်မာ နိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှု မပြုလုပ်လိုသော်လည်း တရုတ် နိုင်ငံက အကြီးအကျယ် ဝင်ရောက် လုပ်ကိုင်ပြီး ဟနေသော ကွက်လပ်ကို ဖြည့်ဆည်းပေးခဲ့သည်။

တရုတ်နှင့် မြန်မာတို့သည် အဓိက ကျသော ကုန်သွယ်ရေး မဟာမိတ်ဘက်များ ဖြစ်ကြပြီး မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အဦ တည်ဆောက်ရေး အခန်းကဏ္ဍတွင် တရုတ်က ဒေါ်လာသန်းပေါင်း မြောက်မြားစွာ ဝင်ရောက် ရင်းနှီး မြှုပ်နှံထားသည်။ တရုတ်နိုင်ငံသို့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တင်သွင်းနိုင်ရေး အတွက် မြန်မာ နိုင်ငံတွင် စွမ်းအင် ပိုက်လိုင်း သွယ်တန်းရေးကိုလည်း အစွမ်းကုန် လုပ်ကိုင်လျက် ရှိသည်။

အဆိုပါ ပိုက်လိုင်းများ သွယ်တန်း ပြီးစီးသွားပါက တရုတ်အနေဖြင့် ပြည်တွင်းသို့ လောင်စာ တင်သွင်းရာ၌ များစွာ လွယ်ကူ ချောမွေ့သွားတော့မည် ဖြစ်သည်။ အဆိုပါ ရင်းနှီး မြှုပ်နှံမှုများ ကာကွယ်ရေးအတွက် မြန်မာနိုင်ငံ အတွင်း တည်ငြိမ် အေးချမ်းမှုကိုသာ တရုတ် ခေါင်းဆောင်များ အလိုရှိကြလိမ့်မည် ဖြစ်သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Kangla online, 7th Sept 2010

မိုရေး နယ်စပ်မှ တဆင့် အိန္ဒိယ နိုင်ငံတွင်းသို့ ဝင်ရောက်လျက် ရှိသော မြန်မာ နိုင်ငံသားများ အတွက် တရားဝင် ခွင့်ပြု ပါမစ်များကို ယခုနှစ် စက်တင်ဘာ ၈ ရက်မှ စ၍ ထုတ်ပေးသွားမည် ဟု သိရသည်။

CO 31 အာသံ သေနတ်ကိုင် တပ်ရင်းနှင့် မိုရေး ခရိုင်ခွဲမှ အရာရှိများ၊ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည့် လတ်တလော ပူးတွဲ အစည်းအဝေးတွင် မြန်မာ နိုင်ငံသားများ အတွက် ခွင့်ပြု ပါမစ် စနစ် တရားဝင် စီစဉ် ပြင်ဆင်မှုကို အချောသတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအစည်းအဝေးကို ပြည်ထဲရေး ဝန်ကြီးဋ္ဌာနနှင့် လူဝင်မှု ကြီးကြပ်ရေး ဋ္ဌာန၏ ညွှန်ကြားချက်များအရ ကျင်းပခဲ့ခြင်း ဖြစ်သည်။

အသစ် ချမှတ်လိုက်သော တရားဝင် စည်းကမ်းများအရ မိုရေး နယ်စပ် ဝင်ပေါက် ဂိတ်အမှတ် (၁) နှင့် ဂိတ်အမှတ် (၂) မှ ဝင်ရောက်လာသော မြန်မာ နိုင်ငံသားများအား CO 31  အာသံ သေနတ်ကိုင် တပ်ရင်းမှ အမှုထမ်းများက စစ်ဆေးခြင်း ပြုလုပ်မည် ဖြစ်ပြီး ထို့နောက်တွင် ဝင်ကြေး တစ်ရက်လျှင် ရူပီး ၁၀ နှုန်း ပေးဆောင်ကာ မိုရေးသို့ ဝင်ရောက်ခွင့် ရရှိကြမည်ဟု တရားဝင် သတင်းများက ဆိုသည်။ အဆိုပါ နယ်စပ် ဝင်ခွင့် ပါမစ် မနက် ၇ နာရီမှ ညနေ ၄ နာရီ အထိသာ တရားဝင်မည် ဖြစ်ပြီး ပါမစ် ရရှိသူ မြန်မာများ အနေဖြင့် နယ်စပ်မှ ၁၆ ကီလိုမီတာ အတွင်း သွားလာခွင့် ရှိသည်ဟု သိရှိရသည်။

SDC/SDO Morch၊ Addl SP Morch၊ SDPO Morch နှင့် Morch ရဲဋ္ဌာနမှ အရာရှိများသည် မြန်မာ နိုင်ငံသားများအား ဝင်ခွင့် ပါမစ် ထုတ်ပေးမည့် အာဏာပိုင် အဖွဲ့အစည်းတွင် ပါဝင်ကြသည် ဟုလည်း တရားဝင် သတင်းများအရ သိရှိရသည်။ အသစ် ချမှတ်သော စည်းကမ်းများအရ ပါမစ် လျှောက်ထားစဉ် အတွင်း ပြည်ပ နိုင်ငံသားများအား တရားဝင် အသိအမှတ်ပြု ကတ်ပြားများ ထုတ်ပေးထားရန် လိုအပ်သည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 7th Sept 2010

အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်များ တရုတ်သို့ ရောက်ရှိနေချိန်တွင် တရုတ်က ငွေလဲလှယ်မှု နှုန်းထား ပြုပြင် ပြောင်းလဲမှုအတွက် အနှေးအမြန်နှုန်းကို ဘေဂျင်းက သတ်မှတ်မည် ဖြစ်ကြောင်း ပြောကြားလိုက်ခြင်းဖြင့် ငွေကြေးနှင့် ပတ်သက်သော ဖိအားများကို အင်္ဂါနေ့က ပယ်ချခဲ့သည်။

အမေရိကန် ခေါင်းဆောင်များသည် နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်မီ အလုပ်အကိုင်များ ဖန်တီးပေးရန် ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရရာ ငွေကြေး စနစ်သည် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် စိတ်အနှောင့်အယှက် ဖြစ်စရာ အဖြစ် ပြန်လည် ထွက်ပေါ်လာသည်။ နှစ်နိုင်ငံ အစိုးရသည် ကမ္ဘာ့ စီးပွားရေး မကျပ်အတည်းကို ရပ်ဆိုင်းသွားရေး ပူးပေါင်း လုပ်နေသောကြောင့် တရုတ်အပေါ် ကုန်သွယ်ရေး အရေးယူမှု ပြုလုပ်လိုသော အမတ်များသည် ၎င်းတို့၏ တောင်းဆိုမှုကို မြိုသိပ်ထားခဲ့သော်လည်း ယခုအခါ ၎င်းတို့၏ တောင်းဆိုမှုကို တဖန် ပြုလုပ်လာကြသည်။

"ငွေကြေး လဲလှယ်မှုနှုန်း ပြုပြင် ပြောင်းလဲရေးကို ပြင်ပ ဖိအားပေးပြီး အတင်း လုပ်လို့ မရပါဘူး'' ဟု နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Jiang Yu က ပြောကြားခဲ့သည်။

အဆိုပါ ငွေကြေးကိစ္စကို တရုတ် တာဝန်ရှိသူများနှင့် တရုတ် နိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် အမျိုးသား စီးပွားရေး ကောင်စီ ဒါရိုက်တာ Lawrence Summers နှင့် အမျိုးသား လုံခြုံရေး ဒုတိယ အကြံပေး ပုဂ္ဂိုလ် Thomas Donilon  တို့ တွေ့ဆုံ ဆွေးနွေးရာတွင် ထည့်သွင်း ဆွေးနွေးလိမ့်မည်ဟု မျှော်လင့်ရသည်။

ဝေဖန်သူများက ပြောကြားရာတွင် ဘေဂျင်းသည် ယွမ်ကို ရှိသင့်သည့် တန်ဖိုး အောက်တွင် ထိန်းသိမ်းထားခြင်းကြောင့် ကုန်ပစ္စည်း တင်ပို့သူများ ဈေးနှုန်းတွင် မတရား အသာစီးရပြီး၊ ကုန်သွယ်ရေး ပိုငွေ အကြီးအကျယ် ပြခဲ့ကြောင်း ဆိုသည်။

ဘေဂျင်းသည် ယွမ်ငွေနှင့် ဒေါ်လာကြားရှိ (၁၈) လကြာ ထိန်းသိမ်းထားသော လဲလှယ်မှုနှုန်းကို ဇွန်လတွင် ပြောင်းလဲခဲ့ပြီး ပိုမို ပြုပြင်လွယ်သော နှုန်းထားကို ခွင့်ပြုမည်ဟု ပြောကြားခဲ့သည်။ သို့သော် ငွေကြေးနှုန်းထားသည် ၁ % သာ တက်လာခဲ့ခြင်းကြောင့် အမေရိကန် အမတ်များသည် တရုတ်အား မြန်မြန် အရေးယူ ဆောင်ရွက်ရန်နှင့် မဟုတ်ပါက ကုန်သွယ်ရေး အရေးယူမှုများ ပြုလုပ်မည် ဖြစ်ကြောင်း တောင်းဆိုလာကြသည်။

ဘေဂျင်း အနေဖြင့် ပြုပြင် ပြောင်းလဲမှုကို ဦးစွာ ပြုလုပ်မည် ဖြစ်ကာ ငွေလဲလှယ်နှုန်းနှင့် ပတ်သက်၍ တက်ကြွသော အင်တိုက်အားတိုက် စီမံ ခန့်ခွဲမှုများကို ခွင့်ပြုသွားမည်ဟု Jiang က ပြောကြားခဲ့သော်လည်း အချိန်ဇယားကို ထုတ်ပြန် ပြောကြားခြင်း မရှိသေးပေ။

ထို့အပြင် အင်္ဂါနေ့ကလည်း တရုတ် အစိုးရ တာဝန်ရှိသူ တစ်ဦးက Summers နှင့်  Donilon တို့အား "ဘေဂျင်းသည် ဝါရှင်တန်နှင့် ပူးပေါင်း ဆောင်ရွက်မှုကို တိုးတက် စေလိုသော ဆန္ဒ ရှိကာ လူသိရှင်ကြား ပြစ်တင် ဝေဖန်မှုများကို လျှော့နည်းစေလိုသည်'' ဟု ပြောကြားခဲ့သည်။

"တိတ်တိတ် ဆိတ်ဆိတ်၊ စေ့စေ့ စပ်စပ် ဆွေးနွေး ပြောဆိုတာက ကျယ်ကျယ်လောင်လောင် ဝေဖန် ပြောဆိုတာထက် ပိုပြီး ကောင်းပါတယ်" ဟု နိုင်ငံတော် ကောင်စီဝင် Dai Bingguo က ပြောကြားလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.