Transparency Myanmar

transparency.myanmar@gmail.com

The Straits Times, 28th September 2010

၃ နှစ်ကြာ နေရာ ပြန်လည် ချထားရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် မြန်မာနိုင်ငံမှ ဒုက္ခသည် ၉၀ ဂျပန်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်ဟု ကုလ သမဂ္ဂ ဒုက္ခသည် အေဂျင်စီက ပြောသည်။

ဇနီးမောင်နှံ စုံတွဲ ၃ တွဲနှင့် ယင်းတို့၏ ကလေး ၁၂ ဦးသည် ဒုက္ခသည် နေရာ ချထားရေး အစီအစဉ်၏ တစ်စိတ် တစ်ပိုင်းအဖြစ် ဂျပန်နိုင်ငံက လက်ခံသော ပထမဆုံး ဒုက္ခသည်များ ဖြစ်သည်ဟု  ကုလသမဂ္ဂ ဒုက္ခသည်ဆိုရာ မဟာမင်းကြီး၏ ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။

အခြား အာရှနိုင်ငံများ လိုက်ပါလာရန် အတွက် ဂျပန်နိုင်ငံက စံနမူနာပြ လုပ်ဆောင်ပြမည်ဟု UNHCR က မျှော်လင့်ထားကြောင်း Andrej Maheai က အင်္ဂါနေ့တွင် ဂျနီဗာ၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံသည် အမေရိကန် ပြည်ထောင်စု ပြီးလျှင် ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီအတွက် ဒုတိယ အများဆုံး လှူဒါန်းသူ ဖြစ်သည်။

ယခု ပထမအသုတ် ရောက်ရှိလာသူများကို ထိုင်းနိုင်ငံ ဒုက္ခသည် စခန်းရောက် မြန်မာ နိုင်ငံအား စစ်ပြေး ကရင်လူမျိုး တစ်သိန်းခန့် အနက်မှ ရွေးချယ် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ကရင်လူမျိုး ၅ သိန်းခန့်မှာ ၁၉၄၉ ခုနှစ် နောက်ပိုင်း မြန်မာ စစ်တပ်၏ မောင်းထုတ်ခြင်း ခံရသည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 28th September 2010

တရုတ်အစိုးရ ဆန့်ကျင်သူ နာမည်ကြီး လူကျားပေါင်အား နိုဘယ်ဆု ချီးမြှင့်ခြင်း မပြုရန် တရုတ် နိုင်ငံက ငြိမ်းချမ်းရေး နိုဘယ်ဆု ကော်မတီကို သတိပေးလိုက်သည်။ ယင်းအား ဆုချီးမြှင့်ခြင်းသည် နိုဘယ်ဆု စည်းမျဉ်း စည်းကမ်း မူဝါဒများနှင့် မညီညွတ်ဟု တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဆိုသည်။

လူကျားပေါင်သည် တရုတ်နိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို တောင်းဆိုခဲ့ခြင်း ကြောင့် နှစ်ရှည် ထောင်ဒဏ် ကျခံနေရသူ ဖြစ်သည်။

လူကျားပေါင်သည် တရုတ် ဥပဒေများကို ချိုးဖောက်ခဲ့ခြင်းကြောင့် ထောင်ဒဏ် ကျခံနေရခြင်း ဖြစ်ပြီး ယင်းအား ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခြင်းသည် ကမ္ဘာကြီးထဲ မှားယွင်းသော သတင်းကို ပေးပို့ရာ ရောက်လိမ့်မည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက ဘေဂျင်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ယခုကိစ္စသည် နိုင်ငံတကာ ချစ်ကြည်ရေးနှင့် လက်နက် ဖျက်သိမ်းရေးကို အားပေး မြှင့်တင်ရန် ပြည်သူများ အကြား ငြိမ်းချမ်းရေးကို အားပေး မြှင့်တင်ရန် စသော နိုဘယ်ဆု တည်ထောင်သူ၏ ရည်မှန်း ချက်များနှင့် ဆန့်ကျင်ဖက် ဖြစ်နေသည်ဟု သူမက ဆက်လက် ပြောကြားသည်။

လူကျားပေါင်သည် တရုတ်နိုင်ငံတွင် လူ့အခွင့်အရေးကို လေးစားရန်နှင့် ပါတီစုံ ဒီမိုကရေစီ စနစ် ကျင့်သုံးရန် တောင်းဆိုထားသော ၂၀၀၈ ကြေညာစာတမ်းကို ဖြန့်ဝေခဲ့ခြင်းကြောင့် ယင်းအား တရုတ် အစိုးရက ထောင်ဒဏ် ၁၁ နှစ် အပြစ်ပေးခဲ့သည်။

ယခုကိစ္စကို တရုတ် အာဏာရ ကွန်မြူနစ်ပါတီက ယင်းအပေါ် ခြိမ်းခြောက်မှုအဖြစ် ယူဆလျက် ရှိသည်။

တရုတ် ပညာရှင်များ၊ ရှေ့နေများ စည်းရုံး လှုပ်ရှားသူများ ၁၀၀ ကျော်က လူကျားပေါင်အား ယခုနှစ်အတွက် ဂုဏ်ပြု ချီးမြှင့်ရန် ငြိမ်းချမ်းရေး နိုဘယ်ဆု ကော်မတီကို တိုက်တွန်းထားကြသည်။

ချက်သမ္မတဟောင်း Vaclar Havel ကလည်း ယခု လှုပ်ရှားမှုကို ထောက်ခံကြောင်း ပြောကြား ခဲ့သည်။

လူကျားပေါင်အား နိုဘယ်ဆု ချီးမြှင့်ပါက အော်စလိုနှင့် ဘေဂျင်းအကြား ဆက်ဆံရေးကို ထိခိုက်စေလိမ့်မည်ဟု တရုတ် ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက မိမိကို ပြောကြားခဲ့ကြောင်း၊ နော်ဝေး နိုင်ငံ နိုဘယ်ဆု အဖွဲ့အစည်း အကြီးအကဲ Geir Lundestad က တနင်္လာနေ့တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

တရုတ်နှင့် နော်ဝေးသည် နှစ်နိုင်ငံ ကုန်သွယ်ရေး သဘော တူညီချက်များ ရရှိရန်အတွက် လတ်တလော ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နေပြီး ယင်းဆွေးနွေးမှုသည် တရုတ်နှင့် ဥရောပ သမဂ္ဂ အကြား သဘော တူညီမှုအတွက် အကြို ရှေ့ပြေး ပုံစံတစ်ခု ဖြစ်နိုင်သည်ဟု အချို့က ထင်မြင်ချက် ပေးသည်။

စွမ်းအင် ကြွယ်ဝသော နော်ဝေးသည် ယင်း၏ ကမ်းလွန် သယံဇာတ ရှာဖွေမှု နည်းပညာ ဗဟုသုတများကို တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချရန် လိုလားလျက် ရှိသည်။

နော်ဝေး ရေနံ ကုမ္ပဏီ Statoil က တရုတ်နိုင်ငံတွင် သက်နု ကျောက်လွှာ ဓာတ်ငွေ့ ရှာဖွေရန် မျှော်လင့်နေကြောင်း ယခင်လက ပြောကြားခဲ့သည်။

ဒီမိုကရေစီ ဆန္ဒပြသူများကို တီအန်မင် ရင်ပြင်တွင် တရုတ် အာဏာပိုင်များက ရက်စက်စွာ ကြိတ်ချေပစ်ခဲ့သော ၁၉၈၉ ခုနှစ်တွင် ပြည်ပရောက် တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမား ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့ခြင်းကို တရုတ် ကွန်မြူနစ် အစိုးရက ဒေါသ ထွက်ခဲ့ဖူးသည်။

နောက်ထပ် တရုတ်အစိုးရ ဆန့်ကျင်သူ တစ်ဦးဖြစ်သည့် ဟူကျားကို ယခင်နှစ်က နိုဘယ်ဆု အတွက် အမည်စာရင်း တင်သွင်းစဉ်ကလည်း တရုတ်နိုင်ငံက ဖိအားပေးရန် ကြိုးစားခဲ့သည်။

ယခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကို ဆုချီးမြှင့်ရေး ကော်မတီက ၁၀ ရက်အတွင်း ကြေညာမည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AP, 28th September 2010

Coca-Cola က အင်္ဂါနေ့က ပြောကြားရာတွင် လျင်မြန်စွာ တိုးတက်နေသော ဈေးကွက် ရှိရာ ဖိလစ်ပိုင်တွင် နောက်ငါးနှစ်အတွင်း ဒေါ်လာ (၁) ဘီလီယံ သုံးစွဲမည် ဖြစ်ကြောင်း ပြောကြားခဲ့ရာ၊ ၎င်းကိစ္စမှာ ကမ္ဘာ့ အကြီးဆုံး အဖျော်ယမကာ ကုမ္ပဏီ အနေဖြင့် တိုးထွက်လာသော ဈေးကွက်များအပေါ် အာရုံပြုသော နောက်ထပ် ခြေလှမ်းပင် ဖြစ်သည်။

Coca-Cola သည် ဖိလစ်ပိုင်တွင် ဖြန့်ဖြူးနိုင်မှု စွမ်းအား တိုးတက်ရန်နှင့် ဈေးကွက် မြှင့်တင်ရန် အာရုံပြု လုပ်ဆောင်မည် ဖြစ်သည်။ ၂၀၁၀ ပထမ နှစ်ဝက်တွင် ပစ္စည်းသစ်များ အချို့ ထုတ်လုပ်မှုကို ကြည့်၍ ဖိလစ်ပိုင်တွင် ယင်း၏ လုပ်ဆောင်နိုင်မှုသည် သန်မာစွာ ကြီးထွားလာကြောင်း ဆိုသည်။

Coca-Cola နှင့် ပြိုင်ဘက် Pepsi Co Inc တို့သည် နိုင်ငံတကာ ဈေးကွက်ကို တိုးမြှင့်လျက် ရှိကြသည်။ လူအများသည် ကိုယ်ပိုင်ဝင်ငွေ ပိုမို ရရှိလာမှုကြောင့် အဆိုပါ ကုမ္ပဏီများသည် အချိုရည် ပိုမို ရောင်းချ လာနိုင်ကြသည်။

အဆိုပါ အချိုရည် ကုမ္ပဏီမှာ ပြည်တွင်း ဈေးကွက် အားနည်းလာမှုကြောင့် ထိုသို့ နိုင်ငံတကာ ဈေးကွက်ကို မြှင့်တင်၍ ကျားကန်ရခြင်းပင် ဖြစ်သည်။ အမေရိကန်နှင့် ဥရောပမှ သောက်သုံးသူများသည် စီးပွားရေး မကောင်းချိန်တွင် အချိုရည်နှင့် အခြား အဖျော်ယမကာ ၀ယ်ယူ သုံးစွဲမှုများကို လျှော့ချလာကြသည်။ ယင်းတို့သည် ကျန်းမာရေး အတွက် သစ်သီး ဖျော်ရည်နှင့် လက်ဖက်ရည် အမျိုးမျိုးသို့ ပြောင်းသောက်လာကြ၍ ဖြစ်သည်။

ပြီးခဲ့သည့်လက Pepsico ကပြောကြားရာတွင် ဗီယက်နမ်တွင် လာမည့် သုံးနှစ်အတွင်း ယင်း၏ အစားအသောက်နှင့် ဖျော်ရည် လုပ်ငန်းများအတွက် ဒေါ်လာသန်း (၂၅၀) ရင်းနှီး မြှုပ်နှံမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Pepsico သည် မေလက ပြောကြားရာတွင် ယင်းသည် တရုတ်ပြည်တွင် နောက်ထပ် သုံးနှစ်အတွင်း ဒေါ်လာ (၂.၅) ဘီလီယံ ထပ်တိုး ရင်းနှီး မြှုပ်နှံမည် ဖြစ်ကြောင်း ဆိုသည်။ ယင်းသည် ၂၀၀၈ ခုနှစ်က ဒေါ်လာ (၁) ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ကြေညာထားရာ ယခုနှစ်တွင် ပြီးစီးမည် ဖြစ်၍ ထပ်တိုး ရင်းနှီးရန် ကြေညာခဲ့ခြင်း ဖြစ်သည်။

Coca-Cola ၏ အင်္ဂါနေ့က ကြေညာချက်မှာ အတ္တလန်တာ အခြေစိုက် ကုမ္ပဏီအတွက် အာရှ-ပစိဖိတ်ဒေသတွင် ယင်း၏ စီးပွားရေး ချဲ့ထွင်မှုအတွက် ယခုနှစ်အတွင်း ဒုတိယ အကြိမ်မြောက် ကြိုးပမ်းမှု ဖြစ်သည်။ ပြီးခဲ့သည့် မတ်လက ယင်းသည် မလေးရှားတွင် ဈေးကွက် မြှင့်တင်ရန် ဒေါ်လာသန်း (၃၀၀) သုံးမည်ဟု ပြောခဲ့သည်။

"ဒီရင်းနှီး မြှုပ်နှံမှုဟာ ဖိလစ်ပိုင်အတွက် ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ ကတိက၀တ်တွေကို သက်သေ ပြလိုက်တာပါပဲ။ ဘာကို ပြသလဲ ဆိုတော့ ဖိလစ်ပိုင် စီးပွားရေးရဲ့ အလားအလာ ကောင်းများနဲ့ ပိုမိုတောက်ပလာမည့် ဖိလစ်ပိုင်ရဲ့ လူလတ်တန်းစားတွေ တိုးတက်လာမှုအတွက် ကျွန်တော်တို့ ယုံကြည်မှု အပြည့်ရှိတယ် ဆိုတာ ပြလိုက်တာပါပဲ" ဟု Coca-Cola ပစိဖိတ် အုပ်စု ဥက္ကဌ Glenn Jordan က ပြောကြားခဲ့သည်။ အဆိုပါ ရင်းနှီး မြှုပ်နှံမှုအတွက် ကြေညာချက်မှာ ဖိလစ်ပိုင် သမ္မတ Benigno Aquino ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွက် နယူးယောက်သို့ ရောက်ရှိနေစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

Coca-Cola သည် ဖိလစ်ပိုင်တွင် စက်ရုံ (၂၃) ခုနှင့် အရောင်းဌာန (၄၂) ခုတွင် လူပေါင်း (၇၈၀၀) ကျော်ကို အလုပ်အကိုင် ပေးထားသည်။ လက်ရှိအားဖြင့် Misamis Oriental တွင် ပုလင်း သွတ်နိုင်သော စက်ရုံ ဆောက်လုပ်လျက် ရှိရာ လာမည့် နှစ်တွင် စတင် လည်ပတ်မည် ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။ အဆိုပါ စက်ရုံသည် ဒေသတွင်း အကြီးဆုံး စက်ရုံများတွင် တစ်ခု အပါအ၀င် ဖြစ်လာမည် ဖြစ်သည်။

Coca-Cola သည် လွန်ခဲ့သည့် ခြောက်လ အတွင်းအားဖြင့် အချိုရည်သစ် တစ်မျိုးနှင့် Green-tea အချိုရည် တစ်မျိုး စတင် ထုတ်လုပ်ခဲ့ပြီး ယခု ထပ်မံ၍ အရည်နှင့် အဖတ်ပါ သစ်သီးဖျော်ရည် "Minute Maid" ကို ထပ်မံ တိုးချဲ့ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

Coca-Cola သည် ဖိလစ်ပိုင်တွင် ၂၀ ရာစု အစကတည်းက စတင် မိတ်ဆက်ခဲ့ရာ ၁၉၁၂ ခုတွင် ၎င်းနိုင်ငံ၌ စတင် ထုတ်လုပ်နိုင်ခဲ့သည်။ ဖိလစ်ပိုင်သည် Coca-Cola ဗူးသွပ်နှင့် ဖြန့်ဖြူးမှု ဖရန်ချိုက်ကို မြောက်အမေရိက ပြင်ပတွင် ပထမဆုံး ရရှိသူဖြစ်ပြီး ယင်း၏ ဗူးသွပ် လည်ပတ်မှုမှာ ကမ္ဘာပေါ်တွင် အကြီးဆုံး ဆယ်ခု၌ အပါအ၀င် ဖြစ်သည်။

Coca-Cola ၏ ရှယ်ယာသည် ၅၀ ဆင့် မှ (၅၉.၁၀) ဒေါ်လာသို့ ရောက်ရှိလာပြီး Pepsi ၏ ရှယ်ယာမှာ ၄၁ ဆင့် မှ (၆၆.၇၈) ဒေါ်လာသို့ ရောက်ရှိလာသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

United Nations Press Release, 28th September 2010

လာမည့် လများသည် ဆယ်စုနှစ် နှစ်ခုအတွင်း ပထမဆုံး အကြိမ် ရွေးကောက်ပွဲအတွက် ပြင်ဆင်လျက် ရှိရာ မြန်မာနိုင်ငံ အတွက် အရေးကြီးလှကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ယနေ့ ပြောကြားလိုက်သည်။ ထို့အပြင် ရွေးကောက်ပွဲများသည် တတ်နိုင်သမျှ အားလုံး ပါဝင်ရန်၊ ပါဝင်နိုင်ရန်နှင့် ပွင့်လင်း မြင်သာစေရန် အတွက် မြန်မာ အာဏာပိုင်များအား တောင်းဆိုခဲ့သည်။

မြန်မာ နိုင်ငံ၏ မိတ်ဆွေများ အုပ်စု၏ အဆင့်မြင့် ပုဂ္ဂိုလ်များ ဆွေးနွေးပွဲ အပြီးတွင် Mr. Ban က ပြောကြားရာတွင် ပါဝင်သူများက နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲအတွက် အားပေးမှု၊ စိုးရိမ်မှုနှင့် မျှော်လင့်ချက်များကို ဖော်ထုတ်ခဲ့ကြကြောင်း ဆိုသည်။

နယူးယောက်တွင် ကျင်းပသော အဆိုပါ နိုင်ငံခြားရေး ၀န်ကြီး အဆင့် အစည်းအဝေးတွင် မြန်မာ အစိုးရနှင့် ပြည်သူများသည် ဒီမိုကရက်တစ် အစိုးရနှင့် အများ လက်ခံသော အရပ်သား အစိုးရ ဖြစ်ပေါ်ရေး အတွက် အောင်မြင်သော ကူးပြောင်းရေး ဖြစ်ရန် အတွက် ပူးပေါင်း အားထုတ်မှုဖြင့် ကူညီရန် နည်းလမ်းများကို ဆွေးနွေးခဲ့သည်ဟု ဘန်ကီမွန်းက သတင်းစာ ဆရာများသို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ မိတ်ဆွေများ အဖွဲ့သည် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် အာဏာပိုင်များအား တောင်းဆိုခဲ့သည်။

"ရွေးကောက်ပွဲကို အများက လက်ခံပြီး မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို ဖြစ်စေဖို့ အတွက် ဆိုရင် ဒါဟာ မရှိမဖြစ် လုပ်ရမှာပါ" ဟု အတွင်းရေးမှူးချုပ်က ပြောသည်။

"အခုလို အသွင် ကူးပြောင်းရေး ကာလ အသက်တမျှ အရေးကြီးတဲ့ အချိန်မှာ ပိုအရေးကြီးတဲ့ အချက်က မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေဟာ မြန်မာနိုင်ငံက ကုလသမဂ္ဂ အဖွဲ့ရဲ့ လက်အောက်ခံ ရုံးများနဲ့ အဓိပ္ပာယ် ရှိစွာ ဆက်ဆံဖို့ အားပေးရပါမယ်။ ဒါ့အပြင် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ဆက်ဆံမှုကို အပြုသဘော ဆောင်ပြီး ရှေ့ဆက်နိုင်မည့် ချဉ်းကပ်မှုတွေ ပြုလုပ်နိုင်တဲ့ စိတ်ဓာတ်မွေးဖို့ အားပေးကြရပါမယ်" ဟု ယင်းက ပြောသည်။

မိတ်ဆွေများ အုပ်စုသည် မြန်မာနိုင်ငံ အပေါ် နိုင်ငံရေး၊ လူသားချင်း စာနာမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုများ ကိုင်တွယ်ရာမှာ ကူညီပေးရေးနှင့် တိုင်းပြည်၏ နောက်ထပ် ခြေလှမ်းများ ဖြစ်သော အမျိုးသား ရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီ အတွက် အားပေးရေးတို့ကို ယင်းတို့ ပူးပေါင်း လုပ်ဆောင်ရင်း ကူညီကြမည်ဟု ထပ်မံ ကတိပြုခဲ့ကြသည်။

မိတ်ဆွေများ အုပ်စုကို ၂၀၀၇ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး နိုင်ငံပေါင်း တစ်ဒါဇင်ကျော်နှင့် ဒေသတွင်း အဖွဲ့ကြီးတို့သည် အတွင်းရေးမှူးချုပ်၏ ရုံးများက မြန်မာနိုင်ငံအပေါ် လုပ်ဆောင်ရန် ကိစ္စကို အပြုသဘော ဆောင်သော ဖိုရမ်နှင့် ပူးပေါင်း ချဉ်းကပ်မှုများ ဖြစ်ပေါ်ရေးအတွက် ရည်ရွယ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Mr. Ban က မေးခွန်းများကို ပြန်လည် ဖြေကြားရာတွင် ယင်းသည် လာမည့် အပတ်များတွင် မြန်မာ အာဏာပိုင်များနှင့် စကားပြောမှုများ ဆက်လုပ် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဟနွိုင်းတွင် လာမည့်လ အာဆီယံ အစည်းအဝေးတွင်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း ပြောခဲ့သည်။

ယင်းသည် မြန်မာ နိုင်ငံအပေါ် ပြင်းပြသော ဆန္ဒများ ဖြစ်သော ရွေးကောက်ပွဲ တရား မျှတရေး၊ ပွင့်လင်း မြင်သာရေးနှင့် အားလုံး ပါဝင်ရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးတို့ကို ပြောပြထားပြီး ဖြစ်ကြောင်း ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 27th September 2010

မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီသည် ယင်း၏သားဖြစ်သူ Kim Jong-un အား ဗိုလ်ချုပ်ကြီး အဖြစ် ခန့်အပ်ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ပြောကြားခဲ့သည်။

အာဏာရ ပါတီ၏ ဆယ်စုနှစ်အတွင်း အကြီးဆုံး အစည်းအဝေးအဝေးကို စတင်သည်နှင့် ယင်းသို့ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ကင်ဂျုံအီသည် ယင်းတို့၏ မိသားစု မင်းဆက် ပိုမို ခိုင်မြဲအောင် ပြုလုပ်သည့် အနေဖြင့် ယင်း၏ သားအား အာဏာ ဆက်ခံသူအဖြစ် ပြင်ဆင်နေကြောင်း မတိုင်မီက ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။

ယခု ကြေညာချက်သည် ကင်ဂျုံအီ၏ တတိယသားအား နိုင်ငံပိုင် တရားဝင် မီဒီယာတွင် အမည် တပ်၍ ပထမဦးဆုံး အကြိမ် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

အသက် (၆၈) နှစ်ရှိ ခေါင်းဆောင်သည် မကြာခဏ ကျန်းမာရေး မကောင်းကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ယင်းသည် လွန်ခဲ့သည့် နှစ်နှစ်က နှလုံးရောဂါ ခံစားခဲ့ရဟန် ရှိပြီး ဆေးကုသရန် တရုတ်ပြည်သို့ ကြိမ်ဖန်များစွာ သွားရောက်ခဲ့ရသည်။

ယင်း၏ ကျန်းမာရေးနှင့် ပတ်သက်သော ကောလာဟလများကို Beijing က သော်လည်းကောင်း ပြုံးယမ်းက သော်လည်းကောင်း လူသိရှင်ကြား မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။

အလုပ်သမား ပါတီ၏ ညီလာခံကို အင်္ဂါနေ့တွင် စတင်မည်ဟု ခန့်မှန်းရပြီး ခေါင်းဆောင်မှု အဖွဲ့သစ်ကို စတင် ဖွဲ့စည်းရန် ရည်ရွယ်ပုံ ရသည်။

ကင်ဂျုံအီအား ကြည့်ရသည်မှာ ပိန်၍ အားနည်းပြီး နေမကောင်းသည့် ပုံပေါက်နေရာ ယခု အစည်းအဝေးပွဲကြီးသည် ယင်း၏ နေရာ ဆက်ခံမည့် နေရာတွင် Kim Jong-un အား တရားဝင် ဘိသိက် သွန်းလောင်းရန် ဖြစ်ကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့သည်။

အထက်ပါ ယူဆချက် မှန်ကန်ကြောင်း သက်သေထူသည့် အချက်တစ်ခုမှာ Kim Jong-Il ကိုယ်တိုင်က ၁၉၈၀ ခုနှစ် အဓိကပါတီ အစည်းအဝေးတွင် ယင်း၏အဖေထံမှ အာဏာ အမွေ ဆက်ခံရန် လျာထားခြင်း ခံခဲ့ရခြင်းကြောင့် ဖြစ်သည်။

အကယ်၍သာ Kim Jong-un ကို ယခုစစ်တပ် ရာထူးသစ်အပြင် ပါတီတွင် လူကြီးနေရာ ခန့်အပ် ခဲ့ပါက အာဏာရှင် နိုင်ငံသည် ယင်း၏ ခေါင်းဆောင်အား ဘာသာတရားသဖွယ် ကိုးကွယ်မှုအား မျိုးဆက်တစ်ခုသို့ ဆက်လက် ဖြစ်တည်စေရန် ခိုင်မာသော လက္ခဏာပင် ဖြစ်သည်။

အကယ်၍ နားလည်ရခက်သော လူငယ်၏ ဓာတ်ပုံများသည် ယင်း၏ အဖေ၊ အဖိုး တို့၏ ဓာတ်ပုံ များနှင့် ယှဉ်၍ အိမ်တိုင်း၊ ရုံးတိုင်းတွင် ချိတ်ဆွဲလာပါက ယင်းသည် နောက်ဆုံး အတည်ပြုချက်ပင် ဖြစ်လိမ့်မည် ဖြစ်သည်။

ကင်ဂျုံအီ၏ ညီမဖြစ်သူ Kyong-Hui မှာလည်း ဗိုလ်ချုပ်ကြီးအဖြစ် ကိုးရီးယား ဗဟိုသတင်း အေဂျင်စီ (KCNA) က ကြေညာခဲ့သည်။

အမေရိကန် အစိုးရ တာဝန်ရှိသူ တစ်ဦးက မြောက်ကိုးရီးယား ခေါင်းဆောင်ပိုင်းအတွင်း မည်သို့ ဖြစ်ပျက်နေသည်ကို ပြောရန် စောလွန်းသေးကြောင်း၊ အမေရိကန် အနေဖြင့် မြောက်ကိုးရီးယား၏ ဖြစ်ပေါ် တိုးတက်မှုများကို သေချာစွာ စောင့်ကြည့်နေသည်ဟု ဆိုသည်။

တောင်ကိုးရီးယားမှ တနင်္လာနေ့က လာသော သတင်းများအရ စစ်တပ်သည် Kim Jong-un ကို ယင်း၏ ကိုယ်စားလှယ်အဖြစ် ကွန်ဖရင့်သို့ တက်ရောက်ရန် အမည်စာရင်း ပေးခဲ့သည်ဟု ဆိုသည်။

အမည် မဖော်နိုင်သော မြောက်ကိုးရီးယား သတင်းရင်းမြစ် တစ်ခု အဆိုအရ Kim Jong-un ၏ အကြောင်းကို ၀ါဒဖြန့် အစီအစဉ်များ စတင်နေပြီ ဖြစ်ကြောင်း ကိုးကား၍ Chosun Ilbo သတင်းစာက ဖော်ပြခဲ့သည်။

ဆွစ်ဇာလန်တွင် ပညာ သင်ကြားခဲ့သော Kim Jong-un အကြောင်း သိရှိသူ နည်းပါးပြီး ယင်းသည် နှစ်ဆယ်ကျော် အစိတ်ပိုင်း ရှိမည်ဟု ခန့်မှန်းရသည်။

ယင်းသည် လျှို့ဝှက်သော တိုင်းပြည်တွင် ယင်း၏ဖခင်က ဆက်ခံသူအဖြစ် ရွေးချယ်ခြင်း ခံရသူ ဖြစ်ကြောင်း ယမန် နှစ်ကတည်းက သတင်းများ ထွက်ပေါ်ခဲ့သည်။

လေ့လာသူများက ပြောကြားရာတွင် အတွေ့အကြုံ အနည်းငယ်မျှသာ ရှိရုံဖြင့် ယင်းဖခင်၏ တာဝန်ကို လွှဲပြောင်းယူခြင်းသည် ကြီးမားသော တာဝန်ကြီး ဖြစ်ကြောင်း ဆိုသည်။

မြောက်ကိုးရီးယား နိုင်ငံပိုင် မီဒီယာများက တနင်္လာနေ့က ဓာတ်ပုံများ ဖော်ပြရာတွင်  ကိုယ်စားလှယ်များသည် အချို့ ၀တ်စုံများ၊ စစ်ယူနီဖောင်းများဖြင့် ပြုံးယမ်းသို့ ရောက်ရှိလာပုံကို ပြသ ထားသည်။

မြို့တော်တစ်ခွင်တွင် အလံများ၊ ဆိုင်းဘုတ်များဖြင့် အစည်းအဝေးကို ကြေညာထားပြီး အလှဆင်ထားကြောင်း Associated Print က သတင်းပေးပို့ခဲ့သည်။

ပိုစတာ တစ်ခုတွင် "ကိုးရီးယား အလုပ်သမားပါတီ ကိုယ်စားလှယ်များ၏ အစည်းအဝေးကို နွေးထွေးစွာ ဂုဏ်ပြု" ဟု ရေးသားထားသည်။

ပါတီ ကိုယ်စားလှယ်များသည် တနင်္လာနေ့က Kumsuson အောက်မေ့ဖွယ် နန်းတော်သို့ သွား၍ ကင်ဂျုံအီ၏ ဖခင် မြောက်ကိုးရီးယား တည်ထောင်သူ ကင်အီဆွန်းအား သွားရောက် ဂါရ၀ပြုကြသည်ဟု KCNA က သတင်း ဖော်ပြခဲ့သည်။

ကင်အီဆွန်းအား ထာဝရ သမ္မတအဖြစ် လူသိများပြီး ကင်ဂျုံအီကမူ သူ့ကိုယ်သူ ခေါင်းဆောင် ကြီး (dear leader) အဖြစ်သာ ဖော်ပြသည်။

ကင်ဂျုံအီသည် ယင်း၏ ဖခင် သေဆုံးသော ၁၉၉၄ တွင် ခေါင်းဆောင် ဖြစ်လာသည်။

ကင်ဂျုံအီ၏ လက်ထက်တွင် တိုင်းပြည်သည် ပြင်ပကမ္ဘာနှင့် အထီးကျန်မှုမှာ ပို၍ အမြစ်တွယ် လာသည်။

ကင်ဂျုံအီသည် ယင်း၏ မိသားစုအပေါ် ကိုးကွယ်မှုကို ပိုမို အလေးပေး တည်ဆောက်ခဲ့ရာ တိုင်းပြည်၏ စီးပွားရေးမှာ ရပ်သလောက် ဖြစ်သွားပြီး ပြည်သူများမှာ အစာရေစာ ပြတ်လပ်မှုကို မကြာခဏ ကြုံကြရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ စစ်အစိုးရအပေါ် ဝေဖန်မှုများနှင့် မြန်မာ့အရေး သတင်းများ ရေးသား ဖော်ပြလျက် ရှိသော ထိုင်းအခြေစိုက် ဧရာဝတီ (The Irrawaddy) မဂ္ဂဇင်း၏ အင်တာနက် ဝက်ဘ်ဆိုက်မှာ Hacker များ၏ ထိုးနှက် တိုက်ခိုက်မှု ခံနေရပြီး ပိတ်ပင်ခံ လိုက်ရကြောင်း ဧရာဝတီ၏ အယ်ဒီတာ ဦးအောင်ဇော်က စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပြောကြားသည်။

ဧရာဝတီ အင်တာနက် ဝက်ဆိုက်သည် စက်တင်ဘာလ ၂၆ ရက်နေ့ည သန်းခေါင်ယံ ကျော်တွင် စတင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ ယခုတစ်ကြိမ် တိုက်ခိုက်ခံရမှုသည် ယခင် လွန်ခဲ့သော နှစ်နှစ်က ယာယီ တိုက်ခိုက်ခံရမှု ပုံစံထက် ပိုမို ရှုပ်ထွေးကြောင်း သိရသည်။

ယခု ဆိုက်ဘာ တိုက်ခိုက်မှုသည် မြန်မာနိုင်ငံထဲမှ သို့မဟုတ် မြန်မာနိုင်ငံ၏ အနီးကပ် မဟာမိတ် တရုတ်နိုင်ငံမှ တိုက်ခိုက်ခြင်း ဟုတ်၊ မဟုတ် ဟူသော အချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးဟု ဦးအောင်ဇော်က ဆိုသည်။ www.irrawaddy.org ဝက်ဆိုက်သို့ ဝင်ရောက် ကြည့်ရှုသူများ အနေဖြင့် ပင်မ စာမျက်နှာကို ဖွင့်၍ မရဘဲ ဖြစ်နေပြီး Mirror Site (နည်းပညာ အခေါ်အဝေါ်) သို့သာ ရောက်ရှိနေသည်ကို တွေ့ရကြောင်း ဧရာဝတီက ဆိုသည်။

"ဒါဟာ စစ်အစိုးရက သူ့ကို ဆန့်ကျင်တဲ့ သူတွေအပေါ် တန်ပြန် ပြုလုပ်လိုက်တဲ့ ဂိမ်းအသစ် တစ်ခု၊ စစ်မျက်နှာပြင် တစ်ခုပါပဲ။ ကျွန်တော်တို့ ဘယ်လောက် ခံနိုင်ရည် ရှိသလဲ ဆိုတာကိုလည်း ဖော်ပြပါတယ်" ဟု ဦးအောင်ဇော်က ပြောသည်။

The New York Times မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 28th Sept 2010

မြန်မာနိုင်ငံမှ စစ်ဖက် အုပ်ချုပ်သူများ အနေဖြင့် နိုဘယ်ဆုရှင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်း မရှိပါက ၎င်းတို့ စီစဉ်နေသော ရွေးကောက်ပွဲမှာ လက်ခံ ယုံကြည်ဖွယ် ရှိမည် မဟုတ်ကြောင်း ကုလသမဂ္ဂ ညီလာခံရောက် ဝန်ကြီးများ အုပ်စုက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

ကုလ သမဂ္ဂ အကြီးအကဲ ဘန်ကီမွန်းက အစည်းအဝေး အပြီး ပြောဆိုရာတွင် "တရုတ်၊ အိန္ဒိယ စသော အိမ်နီးချင်းများ အပါအဝင် ဗြိတိန်၊ အမေရိကန် ပြည်ထောင်စု စသော နိုင်ငံများမှ ဝန်ကြီးများ ပါဝင်သော အုပ်စုသည် မြန်မာနိုင်ငံ ရွေးကောက်ပွဲ လုပ်ငန်းစဉ် အတွက် လိုအပ်ချက် ဖြစ်သည့် ယခုထက် ပို၍ အားလုံး ပါဝင်နိုင်ရေး၊ ပိုမို ပွင့်လင်း မြင်သာရေးတို့ကို ရှင်းလင်းစွာ ထပ်မံ ပြောကြားခဲ့ကြသည်" ဟု ဆိုသည်။

"ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ အဖွဲ့ဝင်တွေက တောင်းဆိုခဲ့ပါတယ်။ ရွေးကောက်ပွဲကို လက်ခံ ယုံကြည်နိုင်ဖို့၊ မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုး တိုးတက်မှုကို ဖြစ်ပေါ်စေဖို့ ဆိုရင် ဒါကို မဖြစ်မနေ လုပ်ရမှာပါ'' ဟု မြန်မာဆိုင်ရာ မိတ်ဆွေများ အဖွဲ့အစည်း အပြီးတွင် ဘန်ကီမွန်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ညီလာခံ အဝန်းအဝိုင်းတွင် ပြုလုပ်သော အစည်းအဝေးသို့ မြန်မာ အစိုးရ ကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိပါ။

တိုင်းပြည်၏ နှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီနှင့် အခြား အတိုက်အခံ ပါတီ ၉ ခုတို့ မပါဝင်နိုင်အောင် အစိုးရက တားဆီးထားသည်။ အတိုက်အခံများက ၎င်းရွေးကောက်ပွဲကို အတုအယောင်သာ ဖြစ်သည်ဟု ဝေဖန် ပြောဆိုလျက် ရှိသည်။

သို့သော်လည်း အတိုက်အခံ ခေါင်းဆောင် အနေဖြင့် မဲပေးခွင့် ရလိမ့်မည်ဟု အစိုးရက ပြောကြားသည်။

ဘန်ကီမွန်းသည် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းနှင့် ရွေးကောက်ပွဲ ကိစ္စများကို တနင်္ဂနွေနေ့က ကုလ သမဂ္ဂ ဌာနချုပ်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု ကုလ ပြောရေးဆိုခွင့် ရှိသူက အတည်ပြု ပြောကြားသော်လည်း အသေးစိတ် ပြောဆိုခြင်း မရှိပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 28th Sept 2010

မြန်မာနိုင်ငံမှ အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား လွတ်ပေးရေး ကိစ္စသည် လာမည့် ရွေးကောက်ပွဲများကို လက်ခံ အသိအမှတ် ပြုနိုင်ရန် အတွက် မရှိမဖြစ် လိုအပ်ချက် ဖြစ်ကြောင်း အဓိက နိုင်ငံကြီးများမှ နိုင်ငံရေး ဝန်ကြီးများက မြန်မာစစ်ဖက် အစိုးရကို ပြောကြားလျက် ရှိသည်။

တနင်္လာနေ့ တံခါးပိတ် အစည်းအဝေး အပြီးတွင် ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက "မြန်မာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် လူတိုင်း ပါဝင်ခွင့် ရှိရန်၊ ပိုမို ပွင့်လင်း မြင်သာမှု ရှိရန် လိုအပ်ကြောင်းကို ဝန်ကြီးများက ထပ်မံ ဖော်ပြခဲ့ကြသည်" ဟု ပြောကြားခဲ့သည်။

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲများသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ် အဖြစ် ကျင်းပမည် ဖြစ်သော်လည်း နှစ်ပေါင်း ၅၀ နီးပါး သက်တမ်းရှိ စစ်အုပ်ချုပ်ရေးကို ခိုင်မာအောင် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဝေဖန် ဆန်းစစ်သူများက သုံးသပ် ပြောကြားသည်။

ဖျက်သိမ်းခြင်း ခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ပါတီ၏ ၂၂ နှစ်မြောက် အထိမ်းအမှတ်နေ့ကို အစိုးရက တင်းကြပ်စွာ စောင့်ကြည့် နေသည့်ကြားမှ တနင်္လာနေ့တွင် ပြုလုပ်ခဲ့သည်။

လာမည့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ယခုနှစ် အစောပိုင်းတွင် အတိုက်အခံ ပါတီကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Monsters and Critics, 27th Sept 2010

မြန်မာနိုင်ငံတွင် ဆယ်စုနှစ် နှစ်စုအတွင်း ပထမဦးဆုံး အကြိမ် ပြုလုပ်မည့် နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲတွင် နိုင်ငံသားများ အနေဖြင့် ပါဝင်ကြရန် ဒီမိုကရေစီ လိုလားသော နိုင်ငံရေး ပါတီ တစ်ခုက တနင်္လာနေ့က တိုက်တွန်းခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ခေါင်းဆောင် ဦးခင်မောင်ဆွေက လူ (၂၅၀) ခန့်အား စုဝေး၍ ပြောကြားရာတွင် ရွေးကောက်ပွဲတွင် ဆန္ဒမဲ မပေးခြင်းသည် နိုင်ငံရေး ပြစ်မှုကို ကျူးလွန်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ NDF ခေါင်းဆောင်က သန့်ရှင်းသော အစိုးရ အတွက် မဲပေးကြရန် မဲဆန္ဒရှင်များကို တိုက်တွန်းခဲ့သည်။

အဓိက အတိုက်အခံ ပါတီများ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အင်အားစုနှင့် ဒီမိုကရေစီ ပါတီ (မြန်မာ) တို့သည် ကိုယ်စားလှယ်လောင်း ၁၆၀ နှင့် ၄၉ ဦးမျှသာ အသီးသီး မှတ်ပုံတင် နိုင်ခဲ့ကြသည်။

အစိုးရ လိုလားသော ပါတီများ ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီတို့မှာမူ ကိုယ်စားလှယ်လောင်း ၁၁၆၀ နှင့် ၉၉၀ စီ အသီးသီး ပါဝင် ယှဉ်ပြိုင်ကြမည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော ပါတီ ၃၇ ခု ရှိသော်လည်း စစ်တပ်က လိုလားသော ပါတီများ သာလျှင် အမျိုးသားလွှတ်တော၊် ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်များတွင် အများစု အနိုင်ရရန် ကိုယ်စားလှယ်လောင်း လုံလုံလောက်လောက် ကွင်းဆင်း စည်းရုံးနိုင်ခဲ့သည်။

လူတစ်ဦး၏ တစ်နှစ် ပျှမ်းမျှဝင်ငွေ ဒေါ်လာ ၆၀၀ ပင် မပြည့်သော တိုင်းပြည်တွင် ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး ဒေါ်လာ ၅၀၀ မှာ ကြီးမားသော အတားအဆီး တစ်ခု ဖြစ်သည်ဟု အများစုက စောဒက တက်ခဲ့ကြသည်။

မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကမူ လာမည့် ရွေးကောက်ပွဲတွင်  မဲမပေးကြရန် သူမ၏ ထောက်ခံသူများကို တိုက်တွန်းလျက် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အဖျက်သိမ်းခံ NLD ပါတီတို့က ၎င်းတို့ ရွေးကောက်ပွဲ မဝင်နိုင်အောင် တားမြစ်ရန် ရည်ရွယ်ထားပုံ ရသည့် အစိုးရ ပြဋ္ဌာန်းသော ရွေးကောက်ပွဲ ဥပဒေများကို ဆန္ဒပြသည့် အနေဖြင့် လာမည့် ရွေးကောက်ပွဲများကို သပိတ်မှောက်ထားသည်။

၁၉၉၀ ခုနှစ်က နောက်ဆုံး ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင် ရရှိခဲ့စဉ်က အနိုင်ရ ပါတီအား အာဏာ လွှဲပြောင်းပေးရန် စစ်အုပ်ချုပ်သူများက ငြင်းဆန်ခဲ့ကြသည်။

ရွေးကောက်ခံ ဝန်ကြီးချုပ် ဦးနုအား ဗိုလ်ချုပ်ကြီး နေဝင်းက အာဏာ သိမ်းခဲ့သည့် ၁၉၆၂ နောက်ပိုင်း ပထမဆုံး ကျင်းပသော ၁၉၉၀ ဒီမိုကရေစီ ရွေးကောက်ပွဲများတွင် ပါတီပေါင်း ၉၃ ခု ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

အကယ်၍ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဒီမိုကရေစီ လိုလားသော ပါတီများ အနိုင် ရရှိခဲ့သည့် တိုင်အောင် လက်ရှိ စစ်အုပ်ချုပ်သူများက ၂၅ % ကြိုတင်နေရာယူထားသည့် အထက် လွှတ်တော်တွင် ဥပဒေ ပြဋ္ဌာန်းမှုကို တပ်မတော်က ပိတ်ဆို့နိုင်စေရန် အခြေခံ ဥပဒေသစ်က အခွင့်အရေး ပေးထားပြီး ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြောက်ကိုရီးယား နိုင်ငံ၊ ပြုံယမ်း မြို့တော်တွင် စက်တင်ဘာလ ၂၈ ရက်နေ့က ကျင်းပ ပြုလုပ်သော ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲသည် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်၏ သားသုံးဦး အနက် တစ်ဦးနှင့် အခြား မိသားစုဝင်များအား ပါတီ၏ ခေါင်းဆောင်ပိုင်း ရာထူး အပ်နှင်းရန် ဖြစ်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။

ထို့ပြင် အဆိုပါ အစီအစဉ်သည် ကင်ဂျုံအီလ်၏ နေရာကို ဆက်ခံမည့်သူ ရွေးချယ်မည့် အစီအစဉ် တစ်စိတ် တစ်ပိုင်းလည်း ဖြစ်သည်။ မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန ဖြစ်သော KCNA က အာဏာရ အလုပ်သမား ပါတီသည် ပါတီ၏ အရေးကြီးသော ခေါင်းဆောင်ပိုင်း နေရာ ရွေးချယ် ခန့်အပ်နိုင်ရေး အတွက် ကွန်ဖရင့်ကြီး တစ်ရပ်ကို စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်က ကြေညာချက် ထုတ်ပြန်သည်။ မူလက အဆိုပါ ဆွေးနွေးပွဲကို စက်တင်ဘာ လဆန်းပိုင်းတွင် ကျင်းပမည်ဟု ဇွန်လ အတွင်းက ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း မည်သည့် အကြောင်းကြောင့် နှောင့်နှေးခဲ့ရသည် ဟူသော အချက်ကို KCNA က ထုတ်ပြန်မှု မပြုပေ။

ပြုံယမ်းမြို့တော် ဘူတာရုံသို့ အလုပ်သမား ပါတီ ကိုယ်စားလှယ်များ စက်တင်ဘာလ ၂၈ ရက်နေ့က ရောက်ရှိလာပုံကို APTN သတင်းဌာနက ထုတ်လွှင့် ပြသသည်။ "ကိုရီးယား အလုပ်သမား ပါတီ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကိုယ်စားလှယ်များကို နွေးထွေးစွာ ကြိုဆိုသည်" ဟူသော ပိုစတာဖြင့် ကြိုဆိုခဲ့ကြပုံကိုလည်း ထုတ်လွှင့်ပြသည်။

မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနက ကိုယ်စားလှယ်များ ရောက်ရှိလာမှုကို သတင်း အကျဉ်းချုံး ထုတ်ပြန် ကြေညာသော်လည်း ဆွေးနွေးပွဲနှင့် ပတ်သက်၍ အသေးစိတ် သတင်း ထုတ်ပြန်မှု မပြုပေ။

မြောက်ကိုရီးယား ထိပ်တန်း သတင်းစာ တစ်စောင် ဖြစ်သော Rodong Sinmun က အလုပ်သမား ပါတီကို ချီးကျူး ဂုဏ်ပြုသော ဆောင်းပါးတစ်ပုဒ် ရေးသား ဖော်ပြသည်။ ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်အပေါ် ပါတီ၏ သစ္စာ စောင့်သိမှုကိုလည်း ထုတ်ဖော်ခဲ့သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.