Transparency Myanmar

transparency.myanmar@gmail.com

The Gulf Times, 6th October 2010

စွမ်းအင် ဆာလောင်နေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လျှပ်စစ် ဓာတ်အား ၅၇၅ မဂ္ဂါဝပ်ခန့် တင်ပို့ ရောင်းချရန် ရည်ရွယ်ထားသော ရေအားလျှပ်စစ် စီမံကိန်း ၂ ခု တည်ဆောက်ရန် မြန်မာနိုင်ငံက သဘော တူလိုက်သည်ဟု ဒါကာမှ ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ်များက ယမန်နေ့တွင် ပြောကြားခဲ့သည်။

အဆင့်မြင့် ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ် အဖွဲ့၏ လတ်တလော မြန်မာနိုင်ငံ ခရီးစဉ် အတောအတွင်း နယ်စပ် ဖြတ်ကူး လျှပ်စစ်ဓာတ်အား တင်ပို့ရောင်းချမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘော တူညီမှုကို လက်ခံ ရရှိခဲ့သည်ဟု စွမ်းအင် ၀န်ကြီးဌာန ထိပ်တန်း တာဝန်ရှိသူက ပြောကြားသည်။

အိမ်နီးချင်း ၂ နိုင်ငံအကြား လျှပ်စစ်ဓာတ်အား ရောင်းချမှုနှင့် နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးရန်အတွက် မြန်မာ ကိုယ်စားလှယ် အဖွဲ့ ဒါကာသို့ မကြာမီ အတွင်း လာရောက်လိမ့်မည် ဟုလည်း ယင်းက ဆိုသည်။

နောက်ဆုံး အဆင့် စာချုပ် လက်မှတ် မထိုးမီ ဘင်္ဂလားဒေ့ရှ်ထဲမှ ငွေပေးချေမှု အာမခံချက် ရရှိရန် မြန်မာက ကြိုးစားခဲ့သည်ဟု မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်သူ တာဝန်ရှိ ပုဂ္ဂိုလ်က ပြောကြားသည်။

လျှပ်စစ် ဓာတ်အား ၅၀၀ မဂ္ဂါဝပ်နှင့် ၇၅ မဂ္ဂါဝပ် အသီးသီး ထုတ်လုပ်နိုင်ရန် စီစဉ်ထားသော မီချောင်းနှင့် လေးမြို့ စီမံကိန်းများမှာ ဘင်္ဂလားဒေ့ရှ် ကောဘဇား ခရိုင်နှင့် နီးကပ်သော ရခိုင်ပြည်နယ် အတွင်း တည်ရှိသည်။

ဘင်္ဂလားဒေ့ရှ်သည် ပြည်ပ နိုင်ငံများထံမှ လျှပ်စစ်ဓာတ်အား ၀ယ်ယူခြင်းကို ယခင်က မပြုလုပ် ခဲ့ဘူးဘဲ ယခု အကြိမ် ပထမဆုံး ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, AFP, 6th October 2010

ဘရပ်ဆဲတွင် ကျင်းပသော နှစ်ရက်ကြာ ထိပ်သီးညီလာခံ ပိတ်ပွဲ၌ ထုတ်ပြန်သော ကြေညာချက်တွင် ဥရောပနှင့်အာရှ ခေါင်းဆောင်များက မြန်မာ အစိုးရအား နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်နှင့် နိုဝင်ဘာလ ရွေးကောက်ပွဲများ လွတ်လပ်၊ မျှတမှု ရှိစေရန် တိုက်တွန်းခဲ့ကြသည်။

"အာရှ-ဥရောပ အစည်းအဝေး (Asem) သို့ တက်ရောက်လာကြသည့် ယင်းနိုင်ငံ ခေါင်းဆောင်များက မြန်မာ စစ်ဖက် အစိုးရအား အဆိုပါ ရွေးကောက်ပွဲများ၏ လွတ်လပ်၊ မျှတမှုနှင့် အားလုံး ပါဝင်နိုင်မှုကို သေချာစေမည့် လိုအပ်သော အစီအစဉ်များ လုပ်ဆောင်ရန် အားပေး တိုက်တွန်းခဲ့ကြသည်ဟု" ထိပ်သီး ညီလာခံတွင် လက်ခံ ချမှတ်သော ကြေညာချက်တွင် ဖော်ပြထားပြီး အထက်ပါ ညီလာခံသို့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းလည်း တက်ရောက်ခဲ့သည်။

ဖမ်းဆီး ထိန်းသိမ်းထားသော နိုင်ငံရေး အကျဉ်းသားများကို အချိန်ကိုက် လွှတ်ပေးခြင်းသည် ရွေးကောက်ပွဲများ၏ ပိုမို ပွင့်လင်းမြင်သာမှု၊ အားလုံးနှင့် သက်ဆိုင်မှု၊ ပါဝင်နိုင်မှုတို့ကို ဖြစ်ပေါ်စေလိမ့်မည်ဟု ကြေညာချက်က ဆိုသည်။ နိုင်ငံတွင်း အကျဉ်းထောင်များ၌ ဖမ်းဆီး ထိန်းသိမ်းထားသော နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော် ရှိသည်ဟု Amnesty International က ပြောကြားသည်။

နိုဝင်ဘာ ၇ ရက် မဲပေးပွဲများအတွက် မြန်မာ အစိုးရက ကြိုတင် ပြင်ဆင်နေသော်လည်း အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဓိက အတိုက်အခံ ပါတီ NLD တို့ကို ဖယ်ထုတ်ထားမှုကြောင့် ရွေးကောက်ပွဲ အတုသာ ဖြစ်သည်ဟု ဝေဖန် ဆန်းစစ်သူများက ကန့်ကွက် ဝေဖန်လျက် ရှိသည်။

အနှစ် (၂၀) တွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲများ အပြီးတွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟု စစ်ဖက် အစိုးရက ပြီးခဲ့သော အပတ်တွင် လေသံပစ်ခဲ့သည်။

ဘရယ်ဆဲ ညီလာခံအတွက် စည်းဝေးကြသည့် Asem ခေါင်းဆောင်များအား "မြန်မာ ပြည်သူများ အပေါ် ရက်ရက်စက်စက် မတရားပြုမှု ဆက်ဆံနေမှုများကို ဆန့်ကျင်သည့် သဘောထား တစ်ခုတည်းကိုသာ ကိုင်စွဲ ပြောကြားရန်" ဗြိတိသျှ ဒုတိယ ၀န်ကြီးချုပ် Nick Clegg က တိုက်တွန်းခဲ့သည်။ "'ဒီရွေးကောက်ပွဲတွေဟာ လွတ်လပ်မှုကော၊ မျှတမှုကော ရှိမှာ မဟုတ်ပါဘူး။ ဒီအချက်ကတော့ စဉ်းစားစရာတောင် လိုမယ် မထင်ပါ။ ရွေးကောက်ပွဲ ရလဒ်တွေကို အားလုံးက ကြိုတင် သိရှိနေကြပါတယ်" ဟု Nick Clegg က International Herald Tribune သတင်းစာတွင် ဆောင်းပါး ရေးသားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 5th October 2010

ဘန်ကောက် ဆင်ခြေဖုံးရှိ လူနေ တိုက်ခန်း တစ်ခုတွင် ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူသုံးဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာ ရရှိကြောင်း သိရှိရသည်။ ရဲများက ပြောကြားရာတွင် ဗုံးအကြီးကြီးမှ ပေါက်ကွဲမှု ဖြစ်နိုင်ပြီး အသေးစိတ်ကို အတည်ပြု ပြောကြားရန် မဖြစ်နိုင်သေးဟု ဆိုသည်။

Nonthaburi ရှိ ခြောက်ထပ်တိုက်ကို မည်သည့်အတွက် ပစ်မှတ်အဖြစ် ရွေးချယ်ရခြင်း ဖြစ်ကြောင်း မသိရှိနိုင်သေးဟုလည်း ဆိုသည်။

ထိုင်းနိုင်ငံတွင် အစိုးရအား ဖြုတ်ချရန် ဆန္ဒပြမှုများ မအောင်မမြင် ဖြစ်ပြီးနောက် မကြာသေးမီ လများအတွင်း ဗုံးကွဲမှုများ ဆက်တိုက် ဖြစ်ခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ကာလရှည် သူပုန်ထမှုများလည်း ရှိနေသေးသည်။

Nonthaburi ပြည်နယ်သည် ဘန်ကောက် ဆန္ဒပြမှုများ အပြီးတွင် ထိုင်းဝန်ကြီးချုပ် ထုတ်ပြန် ထားသော အရေးပေါ်အခြေအနေ ကြေညာထားသော ဒေသများတွင် တစ်ခု အပါအ၀င် ဖြစ်သည်။

ဘန်ကောက်တွင် ထိုင်းလုံခြုံရေး တပ်ဖွဲ့များ (စစ်တပ်နှင့် ရဲများ) နှင့် အစိုးရ ဆန့်ကျင်ရေး ရှပ်နီ ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့စဉ်က ၉၁ ဦး သေဆုံးခဲ့သည်။

လက်ရှိ ပြဌာန်းထားသော အရေးပေါ် ဥပဒေများက လူ ၅ ဦးထက် ပို၍ စုဝေးခွင့်ကို တားဆီးထားပြီး သံသယ ရှိသူများကို တရားစွဲဆိုခြင်း မရှိဘဲ ရက် ၃၀ ဖမ်းဆီးထားခွင့်ကို လုံခြုံရေး တပ်ဖွဲ့များကို ပေးအပ်ထားသည်။

ယင်းသို့ အရေးပေါ် ဥပဒေ ပြဌာန်းထားသော်လည်း မြို့တော် တစ်ဝှမ်း အသေးစား ဗုံးကွဲမှုများ ပုံမှန် ဖြစ်ပွားနေပြီး အင်္ဂါနေ့ ဗုံးပေါက်ကွဲမှုမှာမူ ယခင်လို မဟုတ်ဘဲ ပြင်းထန်သည်ဟု သတင်းထောက်များက ပြောကြားသည်။

"ဗုံးလို့ အတိအကျ ပြောနိုင်ပါတယ်၊ ဒါပေမယ့် ဗုံးအမျိုးအစား ကိုတော့ အခုထိ မသိရသေးပါဘူး" ဟု ဗိုလ်ချုပ် ပရာဝပ်တ၀မ်ဆီရီ က AFP သို့ ပြောကြားသည်။ "ဗုံးအကြီးစား တစ်ခုပါ။ ပျက်စီးသွားတဲ့ ဧရိယာက ကြီးပါတယ်" ဟု ယင်းက ဆက်လက် ပြောကြားသည်။

အစောပိုင်း ရရှိသော သတင်းများအရ ပေါက်ကွဲမှုမှာ လွန်စွာ ကြီးမားပြီး ယမ်းအား ၅၀ ကီလို ဂရမ် ပေါက်ကွဲမှုနှင့် ညီမျှသည်ဟု သိရှိရသည်။

ရဲတပ်ဖွဲ့က အဆောက်အဦး ပြိုကျနိုင်မှု အန္တရာယ်ရှိ၊ မရှိ အကဲဖြတ်လျက် ရှိပြီး မနက်က မတော်တဆ ပေါက်ကွဲမှု မှတဆင့် ပေါက်ကွဲသွားခြင်း ဖြစ်နိုင်၊ မဖြစ်နိုင်ကို စုံစမ်းလျက် ရှိသည်ဟု သတင်းများ ရရှိသည်။ "ဖြစ်နိုင်တာကတော့ စီမံချက် တစ်ခုအတွက် ဗုံးကို သိမ်းထားတဲ့ အချိန်မှာ မတော်တဆ ပေါက်ကွဲသွားခဲ့ပုံ ရပါတယ်" ဟု ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.