Transparency Myanmar

transparency.myanmar@gmail.com

AFP, 11th October 2010

စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံတွင် ကျင်းပတော့မည့် ရွေးကောက်ပွဲများသည် ဒီမိုကရေစီ စနစ်သို့ ဦးတည်သည့် ပထမအဆင့် ခြေလှမ်း ဖြစ်လာလိမ့်မည်ဟု အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယခင် ပါတီဝင်ဟောင်းများ ဖွဲ့စည်းထားသော နိုင်ငံရေး ပါတီက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက တနင်္လာနေ့တွင် ဖော်ပြထားသည်။

အင်္ဂလိပ် ဘာသာ သတင်းစာ New Light Of Myanmar တွင် ဖော်ပြထားသော ပါတီမူဝါဒ ကြေညာချက်တွင် အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဌ ဒေါက်တာသန်းငြိမ်းက "အခု ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီကို အသွင် ကူးပြောင်းနေတဲ့ ကာလပါ" ဟု ပြောကြားခဲ့သည်။

"လာမယ့် ရွေးကောက်ပွဲဟာ ပြည်သူတွေ ဆန္ဒ ပြင်းပြနေတဲ့ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းရာ မှာ ပထမ အဆင့် ဖြစ်တယ်လို့ ကျွန်တော် ယူဆပါတယ်" ဟု ယင်းက ဆက်လက် ပြောကြားသည်။

နိုင်ဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မည့် NDF ၏ ဆုံးဖြတ်ချက်သည် ရွေးကောက်ပွဲ ဥပဒေများ တရား မျှတမှု မရှိသဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အခြား NLD ပါတီဝင်များနှင့် သဘော ကွဲလွဲမှု ဖြစ်ပေါ်စေခဲ့သည်။

နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကျင်းပမည့် ရွေးကောက်ပွဲသည် နှစ်ပေါင်း ၅၀ စစ် အုပ်ချုပ်ရေးကို ကျားကန်ရန် ရည်ရွယ်သည့် အတုအယောင် လှည့်စားမှု တစ်ခုသာ ဖြစ်သည်ဟု ဒီမိုကရေစီ လှုပ်ရှားသူများနှင့် အနောက်နိုင်ငံ အစိုးရများက ပြစ်တင် ဝေဖန်ထားသည်။

လူပေါင်း ထောင်နှင့် ချီ သေဆုံးရသည့် စစ်အစိုးရ ဆန့်ကျင်ရေး လူထု တော်လှန်မှု အပြီး ၁၉၈၈ တွင် စတင် တည်ထောင်ခဲ့သည့် NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲများတွင် အပြတ် အသတ် အောင်ပွဲ ခံနိုင်ခဲ့သော်လည်း စစ်ဖက် အုပ်ချုပ်သူများက တားဆီး ပိတ်ပင်ခဲ့ကြသည်။

"လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အတွက် ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ စီးပွားရေး အကျပ်အတည်းနဲ့ လူမှုရေး ဒုက္ခတွေကို ကိုင်တွယ် ဖြေရှင်းဖို့အတွက် ဈေးကွက် စီးပွားရေး စနစ်၊ အခမဲ့ အလယ်တန်း ပညာရေး စနစ်၊ ပိုမို ကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေကို အကောင်အထည် ဖော်နိုင်အောင် လုပ်ဆောင်သွားမှာပါ" ဟု NDF ပါတီက ထုတ်ပြန် ကြေညာခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AP, By Tini Tran, 11th October 2010

တရုတ် အစိုးရသည် Liu Xiaobo အား ငြိမ်းချမ်းရေး နိုဘယ်ဆု ပေးခြင်းအား စိတ်ဆိုးကြောင်း ပြသသည့် အနေဖြင့် ၎င်း၏ အမျိုးသမီးထံသို့ ဥရောပ တာဝန်ရှိသူများ သွားရောက် တွေ့ဆုံခြင်းကို တားမြစ်ထားပြီး၊ သူမ၏ တယ်လီဖုန်း ဆက်သွယ်ရေးကို ဖြတ်တောက်ထားကာ သူမအား နေအိမ် အကျယ်ချုပ် ချထားခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ပညာရှင်များက ဒီမိုကရေစီရေး လှုံ့ဆော်သူ Liu Xiaobo အား ထောင်မှ လွှတ်ပေးရန် Beijing အား တောင်းဆိုခဲ့သည်။ Liu သည် အသက် (၅၄) နှစ်ရှိပြီး အစိုးရအား စာရေးသား ဝေဖန်သူ ဖြစ်ကာ အစိုးရအား ပျက်စီးစေရန် လျှို့ဝှက်ကြံစည်မှုဖြင့် ထောင်ဒဏ် (၁၁) နှစ် ချမှတ်ခံရပြီး၊ ပြစ်ဒဏ်၏ ဒုတိယနှစ်ကို ခံစားနေရသူ ဖြစ်သည်။

၎င်းအား တနင်္ဂနွေနေ့က ထောင်ထဲတွင် ၎င်း၏ ဇနီးနှင့် ခေတ္တ တွေ့ဆုံခွင့် ပြုရာ ၎င်းက ၁၉၈၉ ခုနှစ်က ကျောင်းသားများ ဆန္ဒပြမှုတွင် စစ်တပ်၏ နှိမ်နင်းမှုကြောင့် အသက် ဆုံးရှုံးရသူများအတွက် အသိအမှတ် ပြုသောဆု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နော်ဝေး အခြေစိုက် နိုဘယ်ဆု ကော်မတီသည် Liu အား အမည်တပ်၍ ၁၉၈၉ Tiananmen ရင်ပြင် ဒီမိုကရေစီ ဆန္ဒပြပွဲ မှစ၍ ၎င်းအား ထောင်ကျစေခဲ့သော ၂၀၀၈ ခုနှစ်က ၎င်းက ပူးတွဲ ရေးသားခဲ့သည့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ငြိမ်းချမ်းစွာ ဖြစ်ပေါ်ရေးအတွက် နှစ်ပေါင်း နှစ်ဆယ်ခန့် လုပ်ဆောင်မှု အတွက် ဂုဏ်ပြုခဲ့သည်။

အမေရိကန် တာဝန်ရှိသူများက ၎င်းတို့သည် Liu ၏ ဇနီး အခြေအနေအား အနီးကပ် လိုက်လံ ကြည့်ရှုနေကြောင်း အင်္ဂါနေ့က ပြောကြားခဲ့သည်။ "ကျွန်တော်တို့ဆီကို ရောက်လာတဲ့ အကျယ်ချုပ် ခံနေရတယ်ဆိုလို့ စိုးရိမ်မှုများ ရှိနေပါတယ်" ဟု အမေရိကန် သံရုံး ပြောခွင့်ရ ပုဂ္ဂိုလ် Richard Buangan  က စာရေးသား တုန့်ပြန်ခဲ့သည်။ "သူမရဲ့ ရပိုင်ခွင့်ကိုတော့ လေးစားသင့်ပါတယ်။ သူမကို လွတ်လွတ်လပ်လပ် သွားလာခွင့် ပြုသင့်ပါတယ်" ဟု ရေးသားထားသည်။

Beijing ပြည်သူ့ လုံခြုံရေး ဗျူရိုနှင့် နိုင်ငံခြားရေး ဝန်ကြီး ဌာနတို့ကမူ သူမအား မည်သည့် စွဲချက်မျှ မရှိပဲ အာဏာပိုင်များက သူမအပေါ် ကန့်သတ်မှုများ ပြုလုပ်ထားခြင်းအတွက် ချက်ခြင်း မည်သည့် မှတ်ချက်မျှ ပြောကြားခြင်း မရှိသေးပေ။ ယခုကဲ့သို့ လျော့လျော့ပေါ့ပေါ့ ထိန်းသိမ်းထားမှုများမှာ နိုင်ငံရေး သမားများနှင့် ဝေဖန်သူများအပေါ် ကြောက်ရွံ့အောင်နှင့် နောင်မလုပ်ရဲအောင် တရုတ် အစိုးရ၏ အသုံးပြုနေကျ သာမန် နည်းဗျူဟာများပင် ဖြစ်သည်။

Beijing သည် သောကြာနေ့က Liu အား ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခဲ့ခြင်းအပေါ် စိတ်ဆိုးစွာ တုန့်ပြန်ခဲ့ပြီး၊ ၎င်းမှာ ရာဇဝတ်မှု ကျူးလွန်သူ ဖြစ်ကြောင်း သတိပေးခဲ့သည်။ အမှန်တကယ်တွင်မူ နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီသည် လွတ်လပ်သော အဖွဲ့အစည်းတစ်ခုသာ ဖြစ်သည်။ တနင်္လာနေ့က တရုတ် အစိုးရသည် ဗုဒ္ဓဟူးနေ့တွင် နော်ဝေး ရေလုပ်ငန်း ဝန်ကြီး Lisbeth Berg-Hansen နှင့် တရုတ် ဝန်ကြီးတို့ တွေ့ဆုံရန် စီစဉ်ထားမှုကို ရုတ်တရက် ဖျက်သိမ်းခဲ့သည်။

Liu ၏ ဇနီးဖြစ်သူ Liu Xia ကိုလည်း သောကြာနေ့ ကတည်းက နေအိမ် အကျယ်ချုပ် ချထားခဲ့ပြီး၊ ဥရောပ သံတမန်များ သူမထံ သွားရောက် လည်ပတ်ခြင်းမှ ကာကွယ်ခဲ့သည်။ သူမ နေအိမ်မှ ထွက်ခွာလိုပါက၊ ရဲကား အစောင့်အရှောက်ဖြင့်သာ သွားရန် မှာကြားထားကြောင်း တရုတ်နိုင်ငံရှိ နယူးယောက် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့က ပြောကြားခဲ့သည်။

သူမ၏ တယ်လီဖုန်းနှင့် အင်တာနက်ကို ဖြတ်တောက်ခဲ့ပြီး၊ သူမနှင့် သူမ၏ အစ်ကို မိုဘိုင်းဖုန်းများကိုလည်း ကြားဖြတ် နားထောင်လျက် ရှိကြောင်း HRIC က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံရှိ EU ကိုယ်စားလှယ် အဖွဲ့ နိုင်ငံရေးရာ ပထမအတွင်းဝန် Simon Sharpe  က ဥရောပ ကော်မရှင် ဥက္ကဋ္ဌ Jose Manuel Barroso ၏ ဂုဏ်ပြုလွှာအား ကိုယ်တိုင် ပေးအပ်ရန် Beijing  ရှိ သူမ၏ နေအိမ်သို့ သွားရောက်ခဲ့ကြောင်း ဆိုသည်။ ၎င်းနှင့် အတူ ဆွစ်ဇာလန်၊ ဆွီဒင်၊ ပိုလန်၊ ဟန်ဂေရီ၊ ချက်၊ ဘယ်လ်ဂျီယံ၊ အီတလီနှင့် သြစတြေးလျတို့မှ သံတမန်များလည်း လိုက်ပါ ခဲ့ကြသည်ဟု ဆိုသည်။

ထိုသို့ သွားရောက်ရာတွင် ယူနီဖောင်း ဝတ်ထားသော အစောင့်သုံးဦးမှ ၎င်းတို့အား တားဆီးခဲ့ပြီး၊ "ကျွန်တော်တို့ အထဲဝင်ချင်ရင် အိမ်ထဲက တစ်ဦးဦး ထွက်လာမှ တွေ့ခွင့်ရမယ်လို့ ပြောပါတယ်။ အထဲကို ပြောဖို့လဲ မလွယ်ဘူး၊ ဖုန်းလဲ ဆက်ဖို့ မလွယ်ခဲ့ပါဘူး" ဟု Sharpe က သတင်းထောက်များအား သူမအိမ်ဝင်း အဝင်တွင် ပြောကြားခဲ့သည်။

နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီသည် ဆုနှင့် ပတ်သက်သော စာရွက်စာတမ်းများ၊ ဒီဇင်ဘာလ (၁၀) ရက်နေ့ အခမ်းအနား ဖိတ်စာတို့ကို အော်စလိုရှိ တရုတ် သံရုံးသို့ ပို့ပေးခဲ့ပြီး၊ Liu ထံ ပို့ ပေးပို့ပါရန် ပြောကြားခဲ့သည်ဟု နိုဘယ် ကော်မတီ အတွင်းရေးမှူး Geir Lundestad က ပြောကြားခဲ့သည်။

ယခု ရက်ပိုင်းအတွင်း Beijing သည် အခြား နိုင်ငံရေး လှုပ်ရှားသူများကို တိုး၍ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပြီး၊ Liu ၏ နိုဘယ်ဆုရှင် အတွက် ဂုဏ်ပြုရန် ညစာ စားပွဲ ပြုလုပ်ရေး စည်းရုံးသူများမှ အချို့ကို ဖမ်းဆီးလျက် ရှိသည်။

အင်တာနက်တွင် နိုင်ငံရေး ကိစ္စများ အတွက် ဖိုရမ် ရေးသားသူ တစ်ဦး ဖြစ်သူ Zhang Jiannan က Associated Press သို့ ပြောကြားရာတွင် သောကြာနေ့က ၎င်းနှင့်အခြား လှုပ်ရှားသူများသည် Liu ၏ အောင်မြင်မှုအတွက် ဂုဏ်ပြုခဲ့ကြကြောင်း၊ စနေနေ့တွင် ၎င်းအား နေအိမ် အကျယ်ချုပ် ချထားခဲ့ပြီး နိုင်ငံရေး လှုပ်ရှားမှုများတွင် မပါဝင်ရန် ရဲမှ ပြောကြားခဲ့သည်ဟု ဆိုသည်။

တနင်္လာနေ့က ရှေ့နေ Pu Zhiqiang အား ထိန်းသိမ်းမှုမှာ နောက်ဆုံး သတင်း ဖြစ်ကြောင်း အမည် မဖော်လိုသူ ၎င်း၏ လက်ထောက်က ပြောကြားခဲ့သည်။ Pu သည် တနင်္ဂနွေနေ့က Twitter မှတဆင့် လုံခြုံရေး တာဝန်ရှိသူများက ၎င်းအား နိုင်ငံခြား မီဒီယာများနှင့် လက်ခံ တွေ့ဆုံခြင်း မပြုလုပ်ရန် ပြောခဲ့ကြောင်း သတင်း လွှတ်တင်ခဲ့သည်ဟု ဆိုသည်။

တစ်ချိန်တည်းမှာပင် ဒလိုင်းလားမားကလည်း နိုဘယ် ငြိမ်းချမ်းရေးဆုနှင့် ပတ်သက်၍ တရုတ်၏ တုန့်ပြန်မှုကို ဝေဖန်ခဲ့ရာ တရုတ်အစိုးရ အနေဖြင့် ပြောင်းလဲရမည် ဖြစ်ကြောင်း ပြောခဲ့သည်ဟု ကျိုဒို သတင်းဌာနက သတင်း ပေးပို့ခဲ့သည်။ ၁၉၈၉ ခုနှစ်က ငြိမ်းချမ်းရေး နိုဘယ်ဆု ရခဲ့သော တိဗက်ခေါင်းဆောင်က ပြောကြားရာတွင် လူ့အဖွဲ့အစည်းကို တံခါး ဖွင့်ပေးခြင်းသည်သာ တရုတ် ပြည်သူများကို ကယ်တင်ရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်ကြောင်း Beijing အနေဖြင့်  အသိအမှတ် ပြုသင့်သည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 12th October 2010

ထိုင်းနိုင်ငံနှင့် မြန်မာ နိုင်ငံတို့သည် စီးပွားရေး ဇုံသစ် အဖြစ် အန်ဒမန် ပင်လယ် ကမ်းရိုးတန်း ဖြစ်သော မြန်မာနိုင်ငံရှိ ထားဝယ် ဆိပ်ကမ်းကို ရေနက် ဆိပ်ကမ်း အဖြစ် ပူးတွဲ တည်ဆောက်ရန် သဘော တူခဲ့ကြောင်း ဝန်ကြီးချုပ် Abhisit က ပြောကြားသည်။

မနေ့က နေပြည်တော်တွင် ထိုင်းဝန်ကြီးချုပ် Abhisit နှင့် မြန်မာ ဝန်ကြီးချုပ် ဦးသိန်းစိန်တို့ ဆွေးနွေးစဉ်တွင် အဆိုပါ သဘော တူညီချက်ကို ရရှိခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ Prachuap Khiri Khan's Muang နယ်ရှိ Simgkhon နယ်စပ် စစ်ဆေးရေး စခန်းကို မြန်မာနိုင်ငံ တောင်ပိုင်းတွင် စီးပွားရေး ဗဟိုဌာနသစ် အဖြစ် အဆင့် မြှင့်တင်ရေးကို စီစဉ်လျက် ရှိကြောင်း ထိုင်းဝန်ကြီးချုပ်၏ ပြောကြားချက်ကို ကိုးကား၍ ထိုင်း သတင်း ဌာနက ဖော်ပြခဲ့သည်။

Abhisit သည် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ကတည်းက  မြန်မာ နိုင်ငံသို့ ပထမဦးဆုံး ခရီးစဉ်တွင် မြန်မာ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သန်းရွှေနှင့် တွေ့ဆုံခဲ့သည်။

အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်အဖြစ် ခေတ္တ တာဝန် ထမ်းဆောင်နေသော Panitan Wattanayagorn  က ဘန်ကောက်တွင် ပြောကြားခဲ့ရာ၌ ထိုင်းဈေးကွက်၏ အနောက်ဖက် တံခါးပေါက်အဖြစ် ကချာနာမူရီနှင့် ထားဝယ် ဆက်သွယ်သော လမ်းကြောင်းကို ဖောက်လုပ်သွားရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်သမားများ ဝင်ရောက်မှု ရပ်ဆိုင်းသွားရေး အတွက်၊ အလုပ်သမားများ နိုင်ငံသား စိစစ်ရေးနှင့်  မှတ်ပုံတင်ရေး ကိစ္စတွင် မြန်မာနိုင်ငံမှ ပါဝင် ပူးပေါင်းမှု လိုအပ်ပုံကိုလည်း Abhisit က ပြောကြားခဲ့သည်။ ယခု အချိန်အထိ မြန်မာ အလုပ်သမား (၁၅၀၀၀၀) ခန့်သာ မှတ်ပုံ တင်ထားပြီး၊ ထိုင်းအစိုးရက မြန်မာနိုင်ငံမှ အလုပ်သမား (၈၀၀၀၀၀) ခန့်ကို မှတ်ပုံ တင်စေလိုသည်။

ထိုင်းဝန်ကြီးချုပ်သည် နိုဝင်ဘာ (၇) ရက်တွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် ရွေးကောက်ပွဲ အတွက် ထိုင်း၏ အကူအညီ ပေးရေးကို အဆိုပြုရန် စီစဉ်ထားသည်ဟု Panitan က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ အပါအဝင် အခြား အာဆီယံ အဖွဲ့ဝင် နိုင်ငံများသည် အဖွဲ့ဝင်များ၏ ပြည်တွင်းရေး ကိစ္စများကို ဝင်ရောက် မစွက်ဖက်ရေး ပေါ်လစီကို ကာလ ရှည်ကြာကပင် လိုက်နာ လာကြသည် ဖြစ်ရာ၊ ထိုမူဝါဒသည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား (၂၁၀၀) ခန့်အား လွှတ်မြောက်ရန် မစွမ်းဆောင်နိုင်မှုကြောင့် အနောက် နိုင်ငံများက ဝေဖန်လျက် ရှိကြသည်။

"ရွေးကောက်ပွဲဟာ တိုးတက်မှုနဲ့ ပွင့်လင်း မြင်သာမှုအတွက် ပထမ ခြေလှမ်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ သူ့ပြည်တွင်းရေးပါ" ဟု Panitan  က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ အနေဖြင့် ရွေးကောက်ပွဲကို ကူညီရန် အဆိုပြုလိမ့်မည်ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

"မြန်မာ နိုင်ငံကသာ အလိုရှိတယ် ဆိုရင် ကျွန်တော်တို့ ကူညီနိုင်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သော်လည်း၊ မည်သို့ ကူညီမည် ဆိုသည်ကို ပြောကြားခြင်း မရှိပေ။ "ဒါကတော့ သူတို့ ဘာကူညီ စေချင်သလဲ ဆိုတာပေါ် မူတည်ပါတယ်။ ဘာပဲဖြစ်ဖြစ် ထိုင်းနိုင်ငံရဲ့ ချစ်ကြည်ရေးကိုတော့ အိမ်နီးချင်း တစ်ဦးအနေနဲ့ မြန်မာနိုင်ငံက အသိအမှတ် ပြုနိုင်ပါတယ်" ဟု ၎င်းက ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

11th October 2010

ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဗဲ့ ဂျာဂျီဗားသည် ရွှေ့ပြောင်း အလုပ်သမားများ ကိစ္စ၊ နယ်စပ် ပိတ်ထားမှု ကိစ္စ စသော ၂ နိုင်ငံ ပြဿနာများကို ဆွေးနွေးရန်အတွက် အိမ်နီးချင်း မြန်မာနိုင်ငံသို့ ၁ ရက် ခရီးစဉ်အဖြစ် တနင်္လာနေ့က ထွက်ခွာသွားသည်။

အဘီဆစ်သည် ထိုင်းလေတပ်မှ C-130 လေယာဉ်ဖြင့် မြန်မာ အုပ်ချုပ်ရေး မြို့တော်သစ် နေပြည်တော်သို့ တိုက်ရိုက်ပျံသန်း ထွက်ခွာသွားသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

ယင်းသည် မြန်မာ အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ၀န်ကြီးချုပ် ဦးသိန်းစိန်တို့နှင့် တွေ့ဆုံရန် စီစဉ်ထားသည်ဟုလည်း သိရှိရသည်။

"မြန်မာ ရွေ့ပြောင်း အလုပ်သမားများ ကိစ္စ၊ မဲဆောက် နယ်စပ် ပိတ်ထားတဲ့ ကိစ္စတွေ အပါအ၀င် ၂ နိုင်ငံ ကိစ္စရပ် များစွာကို ကျွန်တော်တို့ ဆွေးနွေးကြမှာပါ"ဟု အဘီဆစ်က မြန်မာနိုင်ငံသို့ မထွက်ခွာမှီ သတင်းထောက်များအား ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ဘက်ခြမ်း သောင်ရင်းမြစ် ကမ်းပါး ပြင်ဆင်ခြင်းကို အကြောင်းပြကာ ပြီးခဲ့သော ဇူလိုင်လ နှောင်းပိုင်းမှစ တပ်ခ်ပြည်နယ် မဲဆောက် နယ်စပ် ၀င်ပေါက်ကို မြန်မာနိုင်ငံဖက်မှ ပိတ်ထားခဲ့သည်။

ထိုင်းမြန်မာ နယ်စပ်မှ မြ၀တီ မဲဆောက် ၀င်ပေါက်သည် ထိုင်းကုန်စည်များ မြန်မာနိုင်ငံသို့ စီးဝင်ရာ အဓိက ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သည်။ အဆိုပါ နယ်စပ်ဂိတ် ပိတ်ထားမှုကြောင့် မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ရန်ကုန်တွင် လူသုံးကုန် ပစ္စည်းများ ပြတ်လပ်မှု ဖြစ်ပေါ်ခဲ့သည်ဟု သိရှိရသည်။

၁၉၆၂ မှစ စစ်ဖက်က အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံသည် စီးပွားရေးနှင့် နိုင်ငံရေး တိုးတက်မှု ဆိုင်ရာ ကိစ္စများတွင် ထိုင်းနိုင်ငံ၏ နောက်တွင် ပြတ် ကျန်နေခဲ့ပြီ ဖြစ်သည်။

ဖွံ့ဖြိုး တိုးတက်မှု အနည်းဆုံး နိုင်ငံအဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားသော မြန်မာနိုင်ငံသည် အရှေ့တောင် အာရှဒေသ အထူးသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံအပေါ် လုံခြုံရေး၊ ကျန်းမာရေး နှင့် လူမှုရေး ဆိုင်ရာ စိမ်ခေါ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

ခန့်မှန်းခြေ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်းခန့် ထိုင်းနိုင်ငံတွင် နေထိုင်နေကြသည့် အနက် ထက်ဝက် ကျော်ခန့်မှာ တရားမ၀င် နေထိုင် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

၂၀၀၄ ခုနှစ်အထိ နိုင်ငံ၏ မြို့တော် ဖြစ်ခဲ့ပြီး သံတမန် မစ်ရှင်အားလုံးနှင့် စီးပွားရေး လုပ်ငန်း အများစု ယခုတိုင် ဌာနချုပ် ရုံးစိုက်လျက် ရှိသော ရန်ကုန် မြို့တော်သို့လည်း အဘီဆစ်က ၀င်ရောက် လည်ပတ်မည်ဟု ဆိုသည်။

မြန်မာနိုင်ငံ အရှေ့ဖက် ကမ်းရိုးတန်း ထားဝယ် ဒေသတွင် ထိုင်းကုမ္ပဏီများ အတွက် ရေနက် ဆိပ်ကမ်းနှင့် စက်မှုဇုန်ကို ရင်းနှီး မြှုပ်နှံ လုပ်ကိုင်ရန် ထိုင်းနိုင်ငံက မျှော်လင့်လျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

10th October 2010

မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲများ မတိုင်မီ အာဏာပိုင်များက အကျဉ်းသား ၁၁,၀၀၀ ကျော်ကို လွှတ်ပေးမည် ဖြစ်သော်လည်း နိုင်ငံရေး အကျဉ်းသားများ ပါဝင်ခြင်း ရှိ/မရှိကိုမူ အသေအချာ မသိရဟု တနင်္ဂနွေနေ့ သတင်းများက ဆိုသည်။

ရွေးကောက်ပွဲများ မကျင်းပမီ အကျဉ်းသား ၃၀၀၀ ကျော်၏ ပြစ်ဒဏ်များကို လျှော့ပေါ့ပေးရန် အကျဉ်း ဦးစီးဌာနက စီစဉ်နေပြီး အခြားအကျဉ်းသား ၈၀၀၀ မှာ ပြစ်ဒဏ် ပြီးဆုံး လွတ်မြောက်လိမ့်မည်ဟု မျှော်လင့်ရကြောင်း မြန်မာတိုင်းမ် ဂျာနယ်က ဖော်ပြထားသည်။

"ထောင်က လွတ်လာတဲ့ သူတွေ နိုဝင်ဘာ ၇ ရက်နေ့မှာ မဲပေးနိုင်ပါတယ်။ ဒါက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက်ပါ" ဟု အမည် မဖော်လိုသော ဌာနဆိုင်ရာ တာဝန်ရှိသူက အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော အပတ်စဉ် စာစောင်သို့ ပြောကြားသည်။

လွှတ်ပေးမည့် အကျဉ်းသားများ၏ အမည်စာရင်းကို အကျဉ်း ဦးစီးဌာနက ထုတ်ပြန်ခြင်း မရှိသဖြင့် မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်းမှ  နိုင်ငံရေးအကျဉ်းသား ၃၂၀၀ ခန့် လွတ်မြောက်ဖွယ် ရှိ/မရှိကို အတိအကျ မသိရပါ။

လတ်တလော မြန်မာ အကျဉ်းထောင် ၄၃ ခုနှင့် အလုပ်ကြမ်း အကျဉ်းစခန်း ၁၀၀ တွင် ပြစ်ဒဏ် ကျခံနေရသူ ၅၀,၀၀၀ ကျော် ရှိနေသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ် အထွေထွေ ရွေးကောက်ပွဲများကို နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည် ဖြစ်သော်လည်း အဓိက အတိုက်အခံ NLD  ပါတီ ရွေးကောက်ပွဲ ဝင်ရောက် မယှဉ်ပြိုင် နိုင်စေရန် အတွက် ရွေးကောက်ပွဲ ဥပဒေများက ထိထိရောက်ရောက် ပိတ်ဆို့ထားသည်။

NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လတ်တလောတွင် နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ၁၈ လ ကျခံနေရပြီး နိုဝင်ဘာ ၁၃ ရက်တွင် သူမ၏ ပြစ်ဒဏ် သက်တမ်း ပြီးဆုံးမည် ဖြစ်သည်။

သူမ၏ NLD ပါတီသည် ၁၉၉၀ နောက်ဆုံး ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင် ရရှိခဲ့သော်လည်း ၁၉၆၂ ကပင် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သော စစ်အစိုးရက အာဏာ လွှဲပြောင်း မပေးဘဲ သူမကို အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်မှာ ယခု အချိန် တိုင်အောင် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ စစ်အစိုးရ၏ ကျောထောက် နောက်ခံ ပေးမှုကို ရရှိထားသည့် နိုင်ငံရေး ပါတီကြီး ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) က ပါတီစုံ ဒီမိုကရေစီ စနစ်နှင့် ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးသွားမည် ဖြစ်ကြောင်း ကတိကဝတ်ပြု ပြောကြားသည်။

အောက်တိုဘာလ ၇ ရက်နေ့၊ နိုင်ငံပိုင် ရုပ်သံနှင့် ရေဒီယို မှတစ်ဆင့် ၁၅ မိနစ်ကြာ ထုတ်လွှင့်သော မဲဆွယ် စည်းရုံးမှု အစီအစဉ်တွင် USDP အကြီးအကဲ ဦးဌေးဦးက ၎င်း၏ ပါတီ သဘောထားကို အထက်ပါ အတိုင်း ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

USDP အနေဖြင့် မြန်မာ နိုင်ငံသားများ၏ ဘာသာရေး လွတ်လပ်ခွင့်ကို အကာအကွယ် ပေးသွားမည် ဖြစ်ပြီး လွတ်လပ်သော၊ တက်ကြွမှု ရှိသော နိုင်ငံခြားရေး မူဝါဒများ ကိုလည်း ကျင့်သုံးသွားမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲသည် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ပထမဆုံး ကျင်းပမည့် ရွေးကောက်ပွဲ တစ်ခု ဖြစ်သည်။ ယခုအခါ တရားဝင် ဖျက်သိမ်း ခံလိုက်ရပြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အနိုင် ရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် မြန်မာ စစ်ခေါင်းဆောင်များက NLD ကို အာဏာ လွှဲပြောင်း ပေးခဲ့ခြင်း မရှိပေ။

လေ့လာ အကဲခတ်သူများကမူ နိုဝင်ဘာလ ၇ ရက် နေ့တွင် ကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲသည် အရပ်သားဝတ် ခေါင်းဆော်ငများဖြင့် စစ်အုပ်ချုပ်ရေး စနစ်ကို ဆက်လက် ကျင့်သုံးနိုင်ရေး အတွက်သာ ရည်ရွယ်သည်ဟု ဆိုကြသည်။

ရုပ်သံနှင့် ရေဒီယို မှတစ်ဆင့် မဲဆွယ် စည်းရုံးရာ၌ ဦးဌေးဦးက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို ထည့်သွင်း ပြောဆိုမှု မပြုပေ။ USDP သည် တရားဝင် မှတ်ပုံ တင်ထားသော အခြား နိုင်ငံရေး ပါတီများနှင့် တစ်သီး ပုဂ္ဂလ ပါတီများ အပေါ် မိမိ၏ လုပ်ဖော်ကိုင်ဖက် အနေဖြင့် ရှုမြင် သဘောထားပါကြောင်း ဦးဌေးဦးက ဆိုသည်။

၎င်း၏ မဲဆွယ် စည်းရုံးမှုကို တနင်္ဂနွေနေ့ထုတ် The New Light of Myanmar နိုင်ငံပိုင် သတင်းစာတွင် ပုံနှိပ် ဖော်ပြခဲ့သည်။

USDP သည် မြန်မာ နိုင်ငံသားများ၏ အခွင့်အရေးနှင့် တာဝန် ဝတ္တရားများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့်အညီ အကာအကွယ် ပေးသွားမည် ဖြစ်သည်ဟုလည်း ဆိုသည်။

အတိုက်အခံ ပါတီဟောင်း ဖြစ်သော NLD က ၎င်း၏ နောက်လိုက်များအား ရွေးကောက်ပွဲတွင် မဲမပေးဘဲ နေကြရန် တိုက်တွန်းထားသည်။ NLD သည် ပြီးခဲ့သည့် မေလ နောက်ဆုံး ထား၍ ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ခြင်း မရှိသောကြောင့် တရားဝင် ပါတီအဖြစ်မှ ဖျက်သိမ်းခြင်း ခံလိုက်ရသည်။ ယခု နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲတွင် USDP အပါအဝင် နိုင်ငံရေး ပါတီ စုစုပေါင်း ၃၇ ပါတီ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

VOA သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ နိုင်ငံတွင် မီးရထားလမ်း ဖောက်လုပ်ရေး စီမံကိန်း ၁၃ ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ အချို့သော လမ်းပိုင်းများမှာ ပြီးဆုံးသွားပြီ ဖြစ်ပြီး ရထား ခရီးစဉ်များပင် စတင် ပြေးဆွဲပေးနေပြီ ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရေးသား ဖော်ပြသည်။

လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော မီးရထားလမ်းများသည် အရှေ့နှင့် အနောက် ဒေသများကို ဆက်သွယ်ပေးမည် ဖြစ်ပြီး တောင်ကုန်း တောင်တန်း ဒေသများကို ဖြတ်သန်း ဖောက်လုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

"အမျိုးသား မီးရထားလမ်း ကွန်ယက်ကြီး ပြီးဆုံးသွားပါက ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ လူမှု-စီးပွားရေး ဘဝများ ပိုမို တိုးတက် မြင့်မားလာမည် ဖြစ်သည်" ဟု နိုင်ငံပိုင် သတင်းစာ The New Light of Myanmar က ဆိုသည်။

အတိတ် ကာလက မြန်မာနိုင်ငံ မီးရထားလမ်းများမှာ မြောက်ဘက် မြစ်ကြီးနားမှ ရန်ကုန်၊ တောင်ဘက်တွင် ရေး၊ အရှေ့ဘက်တွင် လားရှိုး နှင့် အနောက်ဘက်တွင် ပြည်အထိသာ ဆက်သွယ် ရောက်ရှိနိုင်ခဲ့သော်လည်း ယနေ့ခေတ် အခါတွင်မူ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်ဒေသ အသီးသီးသို့ ဆက်သွယ် ဖောက်လုပ်ထားသော မီးရထားလမ်းများ ပေါ်ထွက်လာပြီ ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ အရှေ့ပိုင်း ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့သို့ ဆက်သွယ် ဖောက်လုပ်ထားသည့် လမ်းပိုင်း၊ တောင်ဘက် စွန်းပိုင်း မြိတ်မြို့အထိ ဆက်သွယ်သည့် ရထားလမ်းများလည်း ဖောက်လုပ်ခဲ့ကြောင်း သတင်းစာက ဆိုသည်။

မြန်မာ တပ်မတော် အစိုးရ လက်ထက်တွင် ရထားလမ်း အရှည် ၂၄၀၀ ကီလိုမီတာအထိ ဖောက်လုပ်နိုင်ခဲ့ရာ ယခုဆိုလျှင် မြန်မာနိုင်ငံ၏ စုစုပေါင်း မီးရထားလမ်း အရှည်မှာ ၄၈၀၀ ကီလိုမီတာအထိ ရောက်ရှိခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။

ယခင်က ဘူတာရုံပေါင်း ၄၈၇ ခုသာ ရှိခဲ့ရာမှ တပ်မတော် အစိုးရ လက်ထက်တွင် ၄၀၆ ခု တည်ဆောက်နိုင်ခဲ့ရာ ယခုဆိုလျှင် ဘူတာရုံပေါင်း ၉၈၃ ခုအထိ ရှိလာပြီ ဖြစ်သည်။

လက်ရှိ အနေအထားတွင် ခရီးသည် ၇၃ သန်း နှင့် ကုန်ပစ္စည်း တန်ချိန် သုံးသန်းအား နှစ်စဉ် မီးရထားဖြင့် ပို့ဆောင်ပေးနိုင်ပြီ ဖြစ်သည်။ အတိတ် ကာလတွင် ခရီးသည် ၃၆ သန်းနှင့် ကုန်ပစ္စည်းတန် တစ်သန်းကျော်သာ ပို့ဆောင်ပေးနိုင်ခဲ့သည် ဟု နိုင်ငံပိုင် သတင်းစာက ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် မော်တော် ကားလမ်း အရှည် ၁၂၈၀၀၀ ကီလိုမီတာခန့် ရှိပြီ ဖြစ်ကြောင်း၊ အတိတ် ကာလတွင် ၁၆၀၀၀ ကီလိုမီတာသာ ရှိခဲ့ကြောင်း၊ ယခင်က တံတား အစင်းပေါင်း ၉၀၀၀ ခန့်သာ ရှိရာမှ ယခုအခါ ၂၁၀၀၀ အထိ ရှိလာပြီ ဖြစ်ကြောင်း The New Light of Myanmar က ဆက်လက် ရေးသားသည်။

Xinhua သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 8th October 2010

မြန်မာနိုင်ငံမှ အာဏာ တပ်မက်သော စစ်ဗိုလ်ချုပ်ကြီးများသည် သက်တမ်းလွန် စစ်အုပ်ချုပ်ရေးကို တရားဝင်စေရန် ရွေးကောက်ပွဲများ ကျင်းပခြင်းအားဖြင့် ယင်းတို့ ထိန်းချုပ်နိုင်စွမ်း ရှိပုံ မရသော ဒီမိုကရေစီ စနစ်အတွက် ပုံသဏ္ဍာန်တစ်ခုကို မရည်ရွယ်ဘဲ ဖန်တီးမိကြတော့မည် ဖြစ်သည်။

စစ်တပ် သြဇာခံ နိုင်ငံရေး လုပ်ငန်းစဉ် ပြီးဆုံးတော့မည့် နိုဝင်ဘာလ ရွေးကောက်ပွဲများကို "ဗိုလ်ချုပ်များအား ရွေးကောက်ပွဲ"ဟု နာမည်ပြောင်ပေးခြင်း၊ ရွေးကောက်ပွဲ အတုဟု ၀ိုင်းဝန်း ဝေဖန် ခြင်းများ ရှိနေသော်လည်း ပြုပြင် ပြောင်းလဲရေးကို လှုံ့ဆော်ပေးနိုင်မှုနှင့် အာဏာရှင် စစ်ခေါင်းဆောင် များထံမှ အာဏာကို တဖြည်းဖြည်း ပြန်လည် ရယူမှုအတွက် မျှော်လင့်ချက် ရှိနေသည်။

လောလောဆယ်တွင်မူ နိုင်ငံရေး အကျပ်အတည်းတွင် ပြောင်းလဲမှု တစ်စုံတစ်ရာ၊ အရပ်ဖက် ၀တ်စုံများ လာရုံနှင့် စစ်ဝတ်စုံ နည်းသွားခြင်းတို့ကို မျှော်လင့်သူ အနည်းငယ်သာ ရှိသည်။

အရပ်သားများထံ အာဏာ လွှဲပြောင်းရန် ရည်ရွယ်သည် ဖြစ်စေ၊ မရည်ရွယ်သည် ဖြစ်စေ၊ အနည်းဆုံး ၁၀ နှစ်ခန့် ကြာမည့် အဆင့်ဆင့် ပြောင်းလဲမှု လုပ်ငန်းစဉ် တစ်ခုအဖြစ် ပေါ်ထွက်လာလိမ့်မည်ဟု အကဲခတ် လေ့လာသူများက သုံးသပ်ကြသည်။

"ရွေးကောက်ပွဲကတော့ လွတ်လပ်၊ မျှတမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် အခွင့်အရေး ရှိလာမယ်၊ နိုင်ငံရေး နယ်ပယ်ကို ပိုပြီး ဖန်တီးလာနိုင်မယ်" ဟု Georgetown University မှ စစ်မှုထမ်းဟောင်း၊ မြန်မာ့အရေး လေ့လာသူ David Steimberg က ဆိုသည်။

"စီးပွားရေး တိုးတက်မှုအတွက် အလားအလာ ရှိနေပါတယ်။ နှစ်ပေါင်း များစွာအတွင်း ပထမဆုံး အကြိမ်အဖြစ် လွှတ်တော်ကို ခေါ်ယူနိုင်ပါလိမ့်မယ်။ ဒါ့အပြင် သာမန် ပြည်သူတွေလည်း ပြောရေးဆိုခွင့် အနည်းငယ် ရလာပါလိမ့်မယ်" ဟု ယင်းက ဆိုသည်။

သို့သော်လည်း ပထမပိုင်းတွင် ပြည်သူတို့၏ အသံ တိတ်ဆိတ်နေမည်မှာ သေချာသလောက်ပင် ဖြစ်သည်။

မြန်မာအချို့ မဖတ်ဖူးကြောင်း ၀န်ခံထားကြသည့် ရှုပ်ထွေး၍ အပိုဆာဒါးများ လွန်းသည့် အခြေခံ ဥပဒေသည် တာဝန်ထမ်းဆဲ စစ်သားများအတွက် လွှတ်တော်နေရာ ၂၅%သီးသန့်ဖယ်ထား ပေးခြင်း၊ လတ်တလော အငြိမ်းစား ယူထားသည့် ဗိုလ်ချုပ်များ၊ အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်တွင် နေရာအများစု အနိုင်ရရန် မျှော်မှန်းနိုင်ခြင်း တို့နှင့်အတူ စစ်တပ် အာဏာ ခိုင်မြဲစေမည့် နမူနာ ပုံကြမ်း တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။

တင်းကြပ် ချုပ်ချယ်လွန်းသည့် ရွေးကောက်ပွဲ ဥပဒေနှင့် ကိုယ်စားလှယ်လောင်း၊ မှတ်ပုံတင် ကြေးကြီးမြင့်မှုတို့ကြောင့် ဒီမိုကရေစီ လိုလားသော ပါတီများ အနေဖြင့် အခြေခိုင်နေသော စစ်တပ် နောက်ခံပါတီ ၂ ခုကို စိန်ခေါ်နိုင်လိမ့်မည် မဟုတ်ပါ။ လွှတ်တော်ကို ကျော်လွန်၍ မူဝါဒ ချပိုင်ခွင့်၊ ၀န်ကြီး ရာထူးခန့်ပိုင်ခွင့် ရှိသော အင်အားကြီး စစ်တပ် နောက်ခံ သမ္မတကို ယင်းပါတီ ၂ခုမှ ကိုယ်စားလှယ် အမတ်များက ရွေးချယ်ကြမည်မှာ သေချာသလောက်ပင် ဖြစ်သည်။

သို့သော်လည်း စစ်ဗိုလ်ချုပ်များက တိုင်းပြည် အာဏာကို ပဲ့ကိုင်ထားကြသည့် တိုင်အောင် နှစ်ပေါင်းများစွာ စီမံခန့်ခွဲမှု အလွဲများ၊ အကျင့်ပျက်ခြစားမှုများ၊ အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုကြောင့် ယိုယွင်းနေသည့် သယံဇာတ ကြွယ်ဝသော တိုင်းပြည်၏ စီးပွားရေး ကဏ္ဍတွင် ပြုပြင် ပြောင်းလဲမှု အချို့ကို စတင် ပြုလုပ်နိုင်လိမ့်မည်ဟု အကဲခတ် လေ့လာသူများက မျှော်လင့်ထားကြသည်။

"ရွေးကောက်ပွဲရဲ့ အကူအညီနဲ့ အစိုးရ တစ်ဖွဲ့လုံး အရပ်သား ဖြစ်လာပါလိမ့်မယ်၊ ဒါဆိုရင် အနည်းငယ် ပညာသားပါတဲ့ စီးပွားရေး မူဝါဒတွေ ဖြစ်ပေါ်လာနိုင်ပါတယ်" ဟု အမေရိကန် အခြေစိုက် Council on Foreign Relations ဥာဏ်ကြီးရှင် အုပ်စုမှ အရှေ့တောင် အာရှ ရေးရာ ကျွမ်းကျင်သူ Josh Kurlantzick က ပြောကြားသည်။ သို့သော်လည်း အချိန်တိုအတွင်း ကြီးမားစွာ ပြောင်းလဲရန် မဖြစ်နိုင်ဟု ယင်းက ဆိုသည်။

ပုဂ္ဂလိကပိုင် ပြုလုပ်ရေး လုပ်ငန်းစဉ်မှာလည်း ဆွေမျိုးသားချင်း ကောင်းစားရေး မူဝါဒကြောင့် အလွန်အကျွံ ဖုံးကွယ်ကာ ဗရုတ်သုတ်ခ ဆန်လွန်းနေသော်လည်း ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ပြီး စစ်အစိုးရနှင့် လာမည့် နှစ်များအတွင်း စီးပွားရေး ပါဝါပွဲစားများ ဖြစ်လာမည့် ကြွယ်ဝသည့် အရပ်ဖက် လူ့မလိုင်များ အကြားမှ အစိုးရ ရောင်းရင်းများကို အကျိုး ဖြစ်ထွန်းစေလျက် ရှိသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် (၁၉) ခု ရှိသည့် အနက် အနောက်နိုင်ငံများက ပစ်မှတ်ထား ပိတ်ဆို့ထားသည့် စစ်အစိုးရ ရောင်းရင်းများ ပိုင်သော ဘဏ် ၄ ခုကို သြစတြေးလျ စီးပွားရေး ပညာရှင် မြန်မာ့အရေး ကျွမ်းကျင်သူ Jean Turnell က "ပိုင်ရှင် သူဌေးများ၏ စုဗူးများ၊ ကစားစရာများ" အဖြစ် ရှုတ်ချထားသော်လည်း ယင်းတို့က ဘဏ်ခွဲများ၊ ငွေထုတ်စက်များ၊ အသေးစား ချေးငွေများကို ဖြည့်ဆည်းပေးလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ယခုနှစ်အတွင်း ဘဏ်လုပ်ငန်း၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ ပို့ဆောင်ရေးနှင့် ရေကြောင်း ပို့ဆောင်ရေး လုပ်ငန်း နယ်ပယ်များမှ နိုင်ငံပိုင် လုပ်ငန်းပေါင်း ၃၀၀ ခန့်ကို စုပြုံ ရောင်းချခဲ့ခြင်းကို အားလုံး အဆိုးဟု မဆိုနိုင်ပါ။ အကြောင်းမှာ နာမည်ပျက်၊ အကျင့်ပျက်အသုံး မကျသော စစ်ဗိုလ်ချုပ်များ၏ တိုက်ရိုက် ထိန်းချုပ်မှု အောက်မှ အရေးကြီးသော လုပ်ငန်းကဏ္ဍများ အရပ်ဖက်သို့ လွှဲပြောင်းသွားခြင်းကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ % ပါဝင် လုပ်ကိုင်နေပြီး တိုင်းပြည် စီးပွားရေး၊ ထက်ဝက်ကျော် ထုတ်လုပ်ပေးနေသည့် လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ တိုးတက်ရေး အစီအစဉ်များမှာ ပြည်သူလူထုကို ပိုမို အကျိုး ဖြစ်ထွန်းစေမည့် အလားအလာ ရှိသည်။ ဗြိတိသျှ အုပ်ချုပ်မှု လက်အောက်တွင် ရှိစဉ်က ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူ ဖြစ်ခဲ့ဖူးသော မြန်မာနိုင်ငံသည် နောက်တစ်ကြိမ် ထိပ်တန်း တင်ပို့သူ ဖြစ်လာရန် ရည်မှန်းလျက် ရှိပြီး ၂၀၀၉ ခုနှစ်အတွင်း ဆန်တန်ချိန် တစ်သန်းကျော် ပြည်ပသို့ တင်ပို့ခဲ့သည်။

လက်ရှိတွင် လယ်ယာ စိုက်ပျိုးရေး ကဏ္ဍသည် ချေးငွေ ပမာဏ၏ ၄ % မျှသာ ရရှိသေးသော်လည်း တပ်မတော်၏ လူကြိုက်များရေး အဦးဆုံး အစီအစဉ်များ ဖြစ်ဖွယ် ရှိသည့် လယ်ယာ စိုက်ပျိုးနည်း တိုးတက်ရေး၊ အထွက်နှုန်း တိုးရေး၊ လယ်သမားများ ၀င်ငွေ တိုးရေးတို့ကို အားထုတ် ပြုလုပ်နေမှုကြောင့် ပြောင်းလဲလာမည်ဟု မျှော်လင့်ရသည်။

လေ့လာသူ အများစုက တိုင်းဒေသကြီး လွှတ်တော် ၁၄ ခု ဖွဲ့စည်းမှုကို "အပြောင်းအလဲ အတွက် အကောင်းဆုံး မျှော်လင့်ချက် အဖြစ် ထောက်ပြကြပြီး တပ်မတော်က ဗဟိုအာဏာကို ဆက်လက် ထိန်းချုပ်ထားသည့်တိုင် ဒေသ အဆင့်ဆင့်တွင် ချုပ်ကိုင်မှု ဖြေလျှော့ကာ အရပ်သားများကို ပါဝင်ခွင့် ပြုမည့် ဆန္ဒလည်း ဖြစ်နိုင်ပါသည်" ဟု ရှုမြင်ကြသည်။

အချို့ကမူ တချိန်ချိန်တွင် ပညာတတ်၊ ပညာရှင်များကို လက်ခံကာ စနစ် တစ်ခုလုံးကို အရပ်ဖက် အုပ်ချုပ်မှုသို့ စတင် ပြောင်းလဲမည့် (သို့မဟုတ်) အင်အားကြီး လူထု ခေါင်းဆောင်များနှင့် နိုင်ငံရေး မဟာမိတ် ဖွဲ့စည်းကာ ကိုယ်ပိုင် အစီအစဉ်များဖြင့် ဆောင်ရွက်မည့် အလယ်အလတ် သဘော ထားရှိသူများ တပ်မတော်တွင် ပေါ်ထွက်လာရန် မျှော်လင့်နေကြသည်။

သို့သော်လည်း စစ်အစိုးရ၏ ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ မရုတ်သိမ်းမီ ကြီးမားသော ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်လိမ့်မည်ဟု အနောက်နိုင်ငံများက ထောက်ပြ ပြောဆိုလျက် ရှိသည်။

စစ်အုပ်ချုပ်ရေးကို ဆန့်ကျင် ရုန်းကန်မှု၏ ပြယုဂ် ဖြစ်သော ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားသော အတိုက်အခံ နိုင်ငံရေး သမားများ၊ နိုင်ငံရေး လှုပ်ရှားသူများ၊ ခန့်မှန်းခြေ ၂၂၀၀ ခန့်ကို လွှတ်ပေးရေးမှာ ပထမဦးဆုံး ပြုလုပ်ရမည့် အဆင့် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ဖမ်းဆီးမှု ကာလမှာ ရွေးကောက်အပြီး ၆ ရက် အကြာတွင် ကုန်ဆုံးမည် ဖြစ်သည်။ စစ်ဗိုလ်ချုပ်များက သူတို့ ကိုယ်သူတို့ အာဏာ ပြန်လွှဲသည့် အပေါ်တွင် ခြိမ်းခြောက်နိုင်ခြင်း မရှိတော့ဟု ယူဆနိုင်သည့် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား အချို့ကို လွှတ်ပေးလိမ့်မည်ဟု အချို့ အကဲခတ် လေ့လာသူများက ယုံကြည်လျက် ရှိသည်။

သို့သော်လည်း ဥာဏ်များစဉ်းလဲသော အသက် ၇၈ နှစ်အရွယ် Wily သန်းရွှေနှင့် အလစ်တွင် တွယ်တတ်သော Side Kick မောင်အေးတို့ သမ္မတနှင့် ဒုတိယသမ္မတ သို့မဟုတ် ကန့်လန်ကာ နောက်မှ ကြိုးကိုင်များအဖြစ် ဆက်လက် ကြီးစိုးနေချိန်မျိုးတွင် ကြီးမားသော အပြောင်းအလဲများ ရှိလာမည်ဟု မျှော်လင့်သူ အနည်းငယ်သာ ရှိသည်။

"ဒီပုဂ္ဂိုလ် နှစ်ဦး ရှိနေသရွေ့ကတော့ ဆုံးဖြတ်ချက် ချတဲ့နေရာမှာ ၀င်ပြောရဲတဲ့သူ တစ်ယောက်မှ ရှိမှာ မဟုတ်ပါဘူး"ဟု အမည် မဖော်လိုသော မြန်မာပညာရှင် တစ်ဦးက ပြောကြားသည်။

"ဒါပေမယ့် ဒါပြီးသွားရင်တော့ အရာရာဟာ အကောင်းဖက်ကို ပြောင်းလဲလာပါလိမ့်မယ်၊ မရည်ရွယ်တဲ့ အကျိုးဆက် ဖြစ်လာနိုင်ပါတယ်။ တပ်မတော်က ဒီမိုကရေစီကို မဖန်တီးနိုင်ပါဘူး။ ဒါကြောင့် အားလုံး (အားလုံး) ကို လွှဲယူရတဲ့ အခြေအနေ ပေါ်ပေါက် လာပါလိမ့်မယ်" ဟု ယင်းက သုံးသပ် ပြောကြားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 10th October 2010

ဘေဂျင်း၏ တင်းမာသော ပြောဆိုမှုများကြောင့် တင်းမာမှုများ ကြီးထွားနေသည့် အာရှဒေသတွင် ကျင်းပနေကျ ထိပ်တန်းအဆင့် လုံခြုံရေး ဆွေးနွေးပွဲများအတွက် အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံမှ ကာကွယ်ရေး ဝန်ကြီးများသည် အရေးပါသော အာရှနိုင်ငံများမှ ကာကွယ်ရေး ဝန်ကြီးများနှင့် အင်္ဂါနေ့တွင် တွေ့ဆုံမည် ဖြစ်သည်။

တရုတ်နှင့် ဂျပန် ၂ နိုင်ငံအကြား လက်ရှိ နှစ်များအတွင်း ဆက်ဆံရေး အဆိုးဝါးဆုံး ကျဆင်းခဲ့ခြင်းနှင့် တောင်တရုတ် ပင်လယ်တွင် တရုတ်နိုင်ငံ၏ လှုပ်ရှားမှုများကြောင့် စိုးရိမ်မှု ကြီးထွားလာသည့် အရှေ့တောင် အာရှဒေသတွင် အမေရိကန်က အသစ်တဖန် သံတမန်ရေး ဖိအားပေးခြင်းတို့ကြောင့် အာဆီယံ ဦးဆောင်သော လုံခြုံရေး အစည်းအဝေးကို ဗီယက်နမ်တွင် ကျင်းပခြင်း ဖြစ်သည်။

ဂျပန် ကာကွယ်ရေး ဝန်ကြီး တိုရှီမီ ကီတာဇာဝါက တရုတ်နိုင်ငံ၏ ရေတပ် တိုးချဲ့ ဖြန့်ကျက်လာမှုအား မည်သို့ ကိုင်တွယ်မည်ကို ဆွေးနွေးရန် အမေရိကန် ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်စ်နှင့် ဟနွိုင်းတွင် တွေ့ဆုံမည်ဟု သောကြာနေ့တွင် ပြောကြားသည်။

တရုတ် ငါးဖမ်းသင်္ဘော ကပ္ပတိန်ကို ဂျပန်က စက်တင်ဘာ ၈ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီးနောက် တိုကျိုနှင့် အဆင့်မြင့် သံတမန် ဆက်သွယ်မှု အားလုံးကို ဘေဂျင်းက ဖြတ်တောက်လိုက်ပြီး ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ ဂျပန်တွင် ဆင်ကာကူ၊ တရုတ်တွင် ဒိုယု ဟုခေါ်ကြသော အငြင်းပွား အရှေ့ တရုတ်ပင်လယ် ကျွန်းစုများ အနီးတွင် တရုတ် ငါးဖမ်းသင်္ဘောနှင့် ဂျပန် ကမ်းခြေစောင့် သင်္ဘော ၂ စင်းတို့ တိုက်မိကြခြင်း ဖြစ်သည်။

စက်တင်ဘာ လကုန်တွင် ဂျပန်က တရုတ် ကပ္ပတိန်ကို လွှတ်ပေးလိုက်သော်လည်း အခင်းဖြစ် ရေပြင်သို့ လွှတ်ထားသည့် တရုတ် ကင်းလှည့်ရေယာဉ် ၂စင်းမှာ ပြီးခဲ့သော ဗုဒ္ဓဟူးနေ့ တိုင်အောင် ဆုတ်ခွာသွားခြင်း မရှိသေးဟု တိုကျိုက ပြောကြားသည်။

ဂျပန် ကာကွယ်ရေး ဝန်ကြီး ကီတာဇာဝါက ၎င်းအနေဖြင့် တရုတ် ကာကွယ်ရေး ဝန်ကြီး လျှန်ဂွမ်လိုင်နှင့် ဟနွိုင်း လုံခြုံရေး ဖိုရမ် အဝန်းအဝိုင်းတွင် တွေ့ဆုံရန် မျှော်လင့်ထားသည်ဟု ပြောကြားထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပြန်လည် နာလန်ထူအောင် ရုန်းကန်နေရသည့် ဂျပန်နိုင်ငံ စီးပွားရေးအတွက် ဒေါ်လာ ၆၀ ဘီလီယံ သုံးစွဲမည့် အစီအစဉ်ကို အစိုးရ ကက်ဘိနက် အဖွဲ့က သဘော တူညီလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်၏ အဓိက ဦးတည်ချက်မှာ စီးပွားရေး တိုးတက်မှု မြှင့်တင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွက်ရေးနှင့် သုံးစွဲမှု မြင့်တက်ရေးတို့ ဖြစ်ကြောင်း၊ သို့သော် ပါလီမန်၏ အတည်ပြုချက် ရယူရန် လိုအပ်နေသေးကြောင်း BBC သတင်းက ဆိုသည်။

ဂျပန် စီးပွားရေးသည် အထွေထွေ ကုန်ဈေးနှုန်းများ ကျဆင်းခြင်း၊ ကုန်ထုတ်လုပ်မှု ကျဆင်းခြင်း နှင့် အလုပ်လက်မဲ့ ဦးရေ တိုးတက်မှုတို့ ဖြစ်ပေါ်နေပြီး ပြည်တွင်းသုံး ယန်းငွေကြေး တန်ဖိုးမှာလည်း မြင့်တက်လျက် ရှိသည်။

စီးပွားရေး ကျွမ်းကျင်သူများ အဆိုအရ ယန်းငွေ တန်ဖိုးသည် ၁၅ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ရာ ပြည်ပသို့ ကုန်ပစ္စည်း တင်ပို့သည့် အခန်းကဏ္ဍကို များစွာ ထိခိုက်လျက် ရှိသည်။

ယခု ရက်သတ္တပတ် အစောပိုင်းတွင် ဂျပန် ဗဟိုဘဏ်က အတိုးနှုန်းထားကို ပြင်ဆင် သတ်မှတ်ခဲ့ကြောင်း၊ ယခု စီးပွားရေးတွင် အစိုးရက ငွေကြေး စိုက်ထုတ်ပေးမည့် အစီအစဉ်သည် ဂျီဒီပီ တိုးတက်မှုနှုန်းကို ၀ ဒဿမ ၆ ရာခိုင်နှုန်း အထိ ရောက်ရှိလာအောင် ပြုလုပ်ပေးနိုင်ကြောင်း၊ အလုပ်လက်မဲ့ ဖြစ်သည့် ပြဿနာများကိုလည်း အကာအကွယ် ပေးနိုင်ကြောင်း The Nikkei သတင်းစာက ရေးသား ဖော်ပြသည်။

စီးပွားရေး နာလန်ထူမည့် အဆိုပါ အစီအစဉ် အတွက် ပါလီမန်က ပေးမည့် အပို ဘတ်ဂျက်ငွေ လိုအပ်လျက် ရှိသည်။ သို့အတွက်ကြောင့် လာမည့် အောက်တိုဘာလတွင် ပါလီမန် အတွင်း အငြင်းပွားမှုများ ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက အလုပ်အကိုင်ပေါင်း နှစ်သိန်းခန့် ဖန်တီးပေးရန် ရည်ရွယ်သည့် ပြန်လည် နာလန်ထူရေး အစီအစဉ် တစ်ရပ်ကို ဂျပန် အစိုးရက ကြေညာခဲ့သည်။ သို့သော် မျှော်မှန်းထားသလောက် ဖြစ်မလာသည့် အတွက် များစွာ ပြစ်တင် ဝေဖန် ခံလိုက်ရသည်။

လက်ရှိ လုပ်ကိုင်နေသော ဂျပန် စီးပွားရေး ပြန်လည် နာလန်ထူရေး အစီအစဉ်၏ အဓိက ပစ်မှတ်မှာ အဆမတန် မြင့်တက်သွားသော ယန်းငွေတန်ဖိုး ပြန်လည် တည်ငြိမ်မှု ရရှိရေးပင် ဖြစ်သည်။ ဂျပန် ယန်းငွေသည် ၂၀၀၇ ခုနှစ် မှစ၍ ၅၀ ရာခိုင်နှုန်းမျှ မြင့်တက်လာခြင်း ဖြစ်သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.