Transparency Myanmar

transparency.myanmar@gmail.com

CNN, 12th October 2010

တရုတ် နိုင်ငံသည် ယင်း၏ အိမ်နီးချင်းနိုင်ငံ များအပေါ် စစ်ရေးအရ ခြိမ်းခြောက်မှုများ မရှိကြောင်း အာဆီယံ လုံခြုံရေးဆိုင်ရာ ဖိုရမ်တွင် တရုတ် ကာကွယ်ရေး ၀န်ကြီးက ပြောကြားခဲ့သည်။

အမေရိကန် ကာကွယ်ရေး ၀န်ကြီး Robert Gates သည် ဗီယက်နမ်တွင် ကျင်းပသော အဆိုပါ အစည်းအဝေးတွင် အင်္ဂါနေ့က နယ်မြေ အငြင်းပွားမှုများနှင့် ရန်လိုမှုများကို အနည်းငယ်မျှ ညွှန်းဆို ပြောကြား သွားခဲ့သော်လည်း တရုတ်ကို တိုက်ရိုက် ဝေဖန်ခြင်းအား ရှောင်ရှားသွားခဲ့သည်။

"အမေရိကန် ပြည်ထောင်စု အနေနဲ့ တောင်တရုတ် ပင်လယ် ကကဲ့သို့ နယ်မြေ ပိုင်ဆိုင်မှု အငြင်း ပွားမှုများမှာ ဘယ်ဖက်ကမှ ရပ်တည်ပေးမှာ မဟုတ်ပါဘူး။ ဒီကိစ္စတွေကို သံတမန် လုပ်ငန်းစဉ်များနဲ့ ပူးပေါင်းပြီး ဘေးပယောဂတွေ မပါပဲ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းသင့်ပါတယ်။ အများနဲ့ ဆိုင်တဲ့ နိုင်ငံတကာ ဥပဒေများကိုလည်း ထိန်းသိမ်းရပါမယ်"ဟု ယင်းက ပြောသည်။

Beijing က တောင်တရုတ် ပင်လယ်၏ အစိတ်အပိုင်း အတော်များများအား တရုတ်မှ ပိုင်ဆိုင်ကြောင်း ပြောခဲ့သော်လည်း အိမ်နီးချင်း နိုင်ငံများကလည်း ပိုင်ဆိုင်မှုအတွက် တောင်းဆိုခဲ့သဖြင့် အငြင်းပွားလျက် ရှိသည်။ အဆိုပါ ရေပိုင်နက်နှင့် ကျွန်းများ အငြင်းပွားမှုတွင် ယင်းတို့ရှိ  သဘာဝ သယံဇာတများလည်း ပါဝင်ရာ အရှ ပစိဖိတ်ဒေသတွင် အချိန်မရွေး ပြင်းထန်သော ပြဿနာများ ဖြစ်ပွားလာနိုင်သည်။

"တရုတ်ရဲ့ ကာကွယ်ရေး ပေါ်လစီဟာ မိမိကိုယ်မိမိ ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်" ဟု တရုတ် ကာကွယ်ရေးဝန်ကြီး Liang Guanglie က ပြောကြားခဲ့သည်။ "တရုတ်ရဲ့ ကာကွယ်ရေးဆိုင်ရာ တိုးတက်မှုများဟာ ဘယ်သူ့ကိုမှ စိန်ခေါ်ဖို့ ခြိမ်းခြောက်ဖို့ မရည်ရွယ်ပါဘူး ဒါပေမယ့် မိမိလုံခြုံရေးကို သေချာစေဖို့ရယ်၊ ဒေသတွင်းနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး တိုးတက်စေဖို့ပဲ ဖြစ်ပါတယ်" ဟု ယင်းက ပြောသည်။

Liang ၏ သတင်း ထုတ်ပြန်ချက်မှာ စက်တင်ဘာလက တရုတ် ငါးဖမ်းသင်္ဘော ကပ္ပတိန်အား ဖမ်းဆီးမှုကြောင့် ဂျပန်နိုင်ငံနှင့် သံတမန်ရေးအရ အငြင်းပွားမှုများ ဖြစ်ပြီး နောက်ပိုင်းတွင် ထွက်ပေါ် လာခြင်း ဖြစ်သည်။ ယင်းသည် East China Sea ရှိ အငြင်းပွားနေသော Diaoyu ကျွန်းများ အနီးတွင် အဖမ်းခံရခြင်း ဖြစ်သည်။

နောက်ပိုင်း တရုတ်မှ သံတမန်ရေးအရ ခြိမ်းခြောက်မှုများ ပြုလုပ်လာခဲ့ပြီး သံတမန်ရေးအရ စကားပြောမှုများ ရပ်ဆိုင်းခြင်း၊ ဂျပန်သို့ သွားရောက်မည့် ခရီးစဉ်များ ဖျက်သိမ်းခြင်းများ ပြုလုပ်လာခဲ့သည်။ ဂျပန်နိုင်ငံတွင် ထိုကျွန်းများကို Senkaku ဟု လူသိများသည်။

ဂျပန်က ပြီးခဲ့သည့် လနှောင်းပိုင်းတွင် ထိုကပ္ပတိန်အား လွှတ်ပေးခဲ့ရာ တရုတ်က သူရဲကောင်း တစ်ဦးပမာ ကြိုဆိုခဲ့သည်။

အဆိုပါ အငြင်းပွားမှု အပြီး ပြီးခဲ့သည့် အပတ် ဘယ်ဂျီယံတွင် အာရှ ဥရောပ အစည်းအဝေး၏ အရန် တွေ့ဆုံမှုအဖြစ် တရုတ်နှင့် ဂျပန် ခေါင်းဆောင်များ တွေ့ဆုံခဲ့ရာ ဆက်ဆံရေးတွင် နွေးထွေးသည့် လက္ခဏာ ပြခဲ့သည်။

တရုတ်နှင့် အမေရိကန် ပြည်ထောင်စု တို့သည်လည်း ယခုအပတ် ဟနွိုင်းရှိ အာဆီယံတွင် ထိုနည်းအတိုင်း အဆင်ပြေခဲ့သည်။

အမေရိကန် ကာကွယ်ရေး ၀န်ကြီးသည် လာမည့်နှစ်တွင် Beijing သို့ သွားရောက် လည်ပတ်ရန် ဖိတ်ခေါ်ခြင်းကို လက်ခံခဲ့ပြီး စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုများ ပြန်လည် တည်ဆောက်မည် ဖြစ်သည်။

ယခုနှစ် အစောပိုင်းက Obama အစိုးရသည် ထိုင်ဝမ်သို့ လက်နက် ရောင်းမည့် အစီအစဉ်ကို ကြေညာခဲ့ရာ Beijing သည် အမေရိကန် ပြည်ထောင်စုနှင့် စစ်ရေးဆိုင်ရာ ဆွေးနွေးမှုများကို ဖြတ်တောက်ခဲ့သည်။

အာဆီယံသည် အဖွဲ့ဝင် (၁၀) နိုင်ငံ ပါဝင်သော နိုင်ငံရေးနှင့် စီးပွားရေး အဖွဲ့အစည်း ဖြစ်သည်။ ယခု ဗီယက်နမ်တွင် ပြုလုပ်သော အစည်းအဝေးတွင် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုးရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့ ပါဝင်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 13th October 2010

ကမ္ဘာ့ အကြီးဆုံး ဆန်တင်ပို့သူ ထိုင်းနိုင်ငံသည် လာမည့် ၂၀၁၁ တွင် အနည်းဆုံး ဆန်တန်ချိန် ၈.၅ သန်း တင်ပို့နိုင်ဖွယ် ရှိပြီး ဝယ်လိုအား ဆက်လက် ကြီးထွားနေမည်ဟု မျှော်လင့်ရကြောင်း ထိုင်း ဆန်တင်ပို့သူများ အသင်းက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

"တန်ချိန် ၈.၅ သန်းကို ပစ်မှတ်ထားတာက သမားရိုးကျ ခန့်မှန်းချက် တစ်ခုပါ။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စတဲ့ အဓိက ဝယ်လက်တွေက ဆက်ပြီး ဝယ်ယူ တင်သွင်းကြမယ် ဆိုတော့ ဝယ်လိုအား ဆက်ပြီး ကြီးထွားနေဦးမယ်လို့ မျှော်လင့်ရလို့ပါပဲ" ဟု ဆန်တင်ပို့သူများ အသင်း ဥက္ကဋ္ဌ ကော့ဆွတ်လမ်ဆူရီ က ရိုက်တာသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"တကယ်လို့ လာမယ့်နှစ်မှာ ဘတ်ငွေ အရမ်း မမာဘူးဆိုရင် တန်ချိန် ၈.၅ သန်းထက် ပိုပြီး ရောင်းနိုင်ဦးမှာပါ" ဟု သူမက ဆက်လက် ပြောဆိုသည်။

ထိုင်းနိုင်ငံသည် ယေဘုယျ အားဖြင့် တစ်နှစ်လျှင် ဆန်တန်ချိန် ၈.၅ သန်းနှင့် ၉.၅သန်း အကြား တင်ပို့ ရောင်းချလျက် ရှိပြီး အထက်ပါ ပမာဏမှာ ယခုနှစ်အတွက် မျှော်လင့်ထားခြင်း ဖြစ်သည်။ ၂၀၀၉ ခုနှစ်က တန်ချိန် ၈.၆ သန်း တင်ပို့ ရောင်းချခဲ့သည်ဟုလည်း သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်၏ အကြီးဆုံးသားက ဆွေစဉ်မျိုးဆက် ရာထူး ဆက်ခံစေမည့် အစီအစဉ်ကို ဆန့်ကျင် ကန့်ကွက်ကြောင်း အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထုတ်ဖော် ပြောဆိုလိုက်သည်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီလ်၏ အစီအစဉ်အရ အငယ်ဆုံး သားဖြစ်သူ ကင်ဂျွန်အန်က ၎င်း၏ ရာထူး ရရှိလိမ့်မည် ဖြစ်သည်။ ထိုသို့ ထီးနန်း ဆက်ခံမှု ပုံစံကို ဆန့်ကျင်လိုက်သူ အကြီးဆုံးသားမှာ ကင်ဂျွန်နမ် (၃၉ နှစ်) ဖြစ်ပြီး ၎င်းသည် ကင်ဂျွန်အန်နှင့် ဖအေတူ မအေကွဲ ညီအကို တော်စပ်ကာ ယခုအခါ တရုတ် ပြည်မကြီးနှင့် မကာအိုတို့တွင် နေထိုင်လျက် ရှိသည်။

ကင်ဂျွန်နမ်သည်လည်း ယခင်က ဖခင်ကြီး ကင်ဂျုံအီလ်၏ အရိုက်အရာကို ဆက်ခံမည့်သူ အဖြစ် ထင်ကြေး ပေးခံခဲ့ရသူ ဖြစ်ခဲ့သည်။ သို့သော် ၂၀၀၁ ခုနှစ်တွင် နိုင်ငံကူး လက်မှတ်အတုဖြင့် ဂျပန် နိုင်ငံသို့ ထွက်ပြေးရန် ကြိုးစားစဉ် ဖမ်းမိခဲ့ပြီးနောက် ၎င်းအပေါ် အရိုက်အရာ ဆက်ခံမည့် သူအဖြစ် ကြိုက်နှစ်သက်မှု လျော့ကျသွားခြင်း ဖြစ်သည်။

"ပုဂ္ဂိုလ်ရေးအရ ပြောရရင် ကင်တတိယ မျိုးဆက် ရာထူး ဆက်ခံမယ့် ကိစ္စကို ကျွန်တော် မကြိုက်ပါဘူး၊ ဆန့်ကျင်ပါတယ်" ဟု ကင်ဂျွန်နမ်၏ ပြောဆိုချက်ကို ကိုးကား၍ ဂျပန် ရုပ်သံ သတင်းဌာန Asahi က ဖော်ပြသည်။ "ဒါပေမဲ့ အတွင်းရေးနဲ့ ပတ်သက်တဲ့ ဖက်တာတွေ ရှိနေတယ်လို့ ကျွန်တော် ထင်တယ်။ တကယ်လို့သာ အတွင်းရေး ကိစ္စတွေ ပါဝင် ပတ်သက်နေမယ် ဆိုရင် ကျွန်တော်တို့ အနေနဲ့ အဲဒီ အစီအစဉ်ကို လိုက်နာ စောင့်ထိန်း ပေးသင့်တယ်လို့ ထင်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

လျှို့ဝှက်လွန်းသည့် ကွန်မြူနစ် မြောက်ကိုရီးယား နိုင်ငံအပေါ် ကင်ဂျုံအီလ်၏ သားဖြစ်သူက ယခုကဲ့သို့ ဝေဖန် ပြောဆိုခြင်းမှာ ပုံမှန် ဖြစ်ရိုးဖြစ်စဉ် တစ်ခု မဟုတ်ပေ။ သို့သော် ၎င်း၏ သုံးသပ် ပြောဆိုချက်များသည် မြောက်ကိုရီးယား ပြည်တွင်းရေးအပေါ် လွှမ်းမိုးနိုင်ဖွယ် မရှိဟု လေ့လာ သုံးသပ်သူများက ဆိုသည်။

"ကျွန်တော့် အပိုင်းကတော့ ကျွန်တော်ရဲ့ ညီဖြစ်သူ ဘာပဲ လိုအပ် လိုအပ် အကူအညီပေးဖို့ အသင့် ပြင်ထားပါတယ်" ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ တရုတ်နိုင်ငံ အတွင်း ပြုလုပ်သော အင်တာဗျူး တစ်ခုတွင် ကင်ဂျွန်နမ်က ဖခင်ဖြစ်သူ မြောက်ကိုရီးယား ခေါင်းဆောင်ကြီး၏ နိုင်ငံရေး အာဏာ ရယူရန် စိတ်ဝင်စားခြင်း မရှိပါကြောင်း ပြောဆိုခဲ့ဖူးသည်။

ယခုအခါ နာမကျန်း ဖြစ်လျက် ရှိသော ကင်ဂျုံအီလ်သည် မြောက်ကိုရီးယား ကွန်မြူနစ် နိုင်ငံတော်၏ ခေါင်းကိုင် ဖခင်ကြီး ကင်အီဆွန်း ကွယ်လွန်ပြီးနောက် ၁၉၉၄ ခုနှစ်တွင် ၎င်း၏ အရိုက်အရာကို ဆက်ခံခဲ့သည်။ ယခု ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာ လကုန်ပိုင်း မှစ၍ ကင်ဂျုံအီလ်က အငယ်ဆုံး သားဖြစ်သူ ကင်ဂျွန်အန်အား အာဏာရ အလုပ်သမား ပါတီ၏ ဒုတိယ ဥက္ကဌ အဖြစ် ခန့်အပ်ခဲ့သလို ကြယ်လေးပွင့် အဆင့်ရှိ ဗိုလ်ချုပ်ကြီး အဖြစ်လည်း ရာထူး တိုးမြှင့်ပေးခဲ့သည်။ မကြာသေးခင်က ပြုလုပ်ခဲ့သော မြောက်ကိုရီးယား နိုင်ငံ ထူထောင်ခြင်း ၆၅ ကြိမ်မြောက် အထိမ်းအမှတ် ပွဲတွင် ဖခင်ကြီး ကင်ဂျုံအီလ်က အငယ်ဆုံး သားဖြစ်သူကို လူသိရှင်ကြား ပွဲထုတ်ခဲ့ကြောင်း မီဒီယာများက ရေးသား ဖော်ပြသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Yahoo News, 13th October 2010

မြန်မာ အာဏာပိုင်များက ၎င်းတို့ စီစဉ်နေသည့် ရွေးကောက်ပွဲများကို အထောက်အကူ ပေးမည့် ထိုင်း၏ အကူအညီ မှန်သမျှကို ပယ်ချခဲ့ကြသည်ဟု ထိုင်းဝန်ကြီးချုပ်က ပြောကြားသည်။

ဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗားက "မြန်မာနိုင်ငံသို့ တနင်္လာနေ့က သွားရောက်ခဲ့သော ခရီးစဉ်တွင် ထိုင်းနိုင်ငံ၏ အကူအညီများကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်" ဟု အင်္ဂါနေ့တွင် ပြောကြားသည်။ ၎င်းသည် အဆိုပါ ခရီးစဉ်တွင် မြန်မာ ဝန်ကြီးချုပ် ဦးသိန်းစိန်၊ အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့နှင့် တွေ့ဆုံခဲ့သည်ဟု သိရှိရသည်။

၁၉၉၀ ရွေးကောက်ပွဲ ရလဒ်များကို မြန်မာ စစ်ဖက် အစိုးရက ငြင်းပယ်ခဲ့ပြီးနောက် လာမည့် နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲများသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ် ဖြစ်ဖွယ် ရှိသည်။ စစ်အစိုးရက ၎င်းတို့ အာဏာ ခိုင်မြဲစေရန် အတွက် ၎င်းရွေးကောက်ပွဲများကို တရား မမျှတသော၊ ဒီမိုကရေစီ နည်းမကျသော အခြေအနေတွင် ကျင်းပရန် စီစဉ်နေသည်ဟု ဝေဖန် ဆန်းစစ်သူများက ပြောကြားကြသည်။

အထက်ပါ ကိစ္စအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း၏ စိုးရိမ် ပူပန်နေမှုကို မိမိထည့်သွင်း ဆွေးနွေးခဲ့သည်ဟု အဘီဆစ်က ဘန်ကောက်တွင် သတင်းထောက်များအား ပြောကြားသည်။ မြန်မာ ခေါင်းဆောင်များက နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုကို သိရှိ နားလည်သော်လည်း ပြည်ပ အကူအညီကို လက်ခံလိုခြင်း မရှိဟု ပြန်လည် ပြောဆိုခဲ့ကြောင်း သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Japan Today, 13th October 2010

အထိန်းသိမ်းခံ မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမအား အစိုးရက ကမ်းလှမ်းသည့် ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးမည် မဟုတ်ဟု အင်္ဂါနေ့က ပြောကြားခဲ့ကြောင်း သူမ၏ ရှေ့နေထံမှ သိရှိရသည်။

"ဥပဒေနဲ့ မညီညွတ်တဲ့ ရွေးကောက်ပွဲကို မဲမပေးဘူးလို့ သူမက ပြောပါတယ်။ ဒီလို လုပ်ဖို့ တရားဝင် ကြေညာပြီး အခွင့်အရေး ပေးရင်တောင် ရွေးကောက်ပွဲကို မဲမပေးဘူးလို့ သူမက ပြောတာပါ။ အကြောင်းကတော့ NLD ပါတီ ရွေးကောက်ပွဲ မဝင်လို့ပါပဲ" ဟု ရှေ့နေ ဦးဥာဏ်ဝင်းက ဆိုသည်။

နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ သူမအား ဆန္ဒမဲပေးခွင့် ပြုကြောင်း ဒေါ်အောင်ဆန်းစုကြည်အား အာဏာပိုင်များက စက်တင်ဘာ ၂၄ ရက်တွင် အသိပေး အကြောင်း ကြားခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 13th October 2010

ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဗဲ့ ဂျာဂျီဗားသည် မြန်မာ အာဏာပိုင်များထံမှ နယ်စပ် ကုန်သွယ်ရေး အတွက် မဲဆောက် နယ်စပ်ဂိတ်ကို မကြာမီ ပြန်လည် ဖွင့်ပေးမည့် အာမခံချက် ရရှိခဲ့သည်ဟု သိရှိရသည်။

နယ်စပ်ဂိတ် မြ၀တီ ဘက်ခြမ်းကို ပြည်တွင်း လုံခြုံရေး ပြဿနာများကြောင့် ပိတ်ထားခဲ့ခြင်း ဖြစ်သော်လည်း မျှော်လင့်ထားသည်ထက် ပို၍ စောကာ မကြာမီ ပြန်လည် ဖွင့်လှစ်ရန် အလားအလာ ရှိသည် ဟု မြန်မာတို့က ပြောကြားခဲ့ကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့် ရှိသူ ဆူပါချိုင်း ဂျိုင်ဆာမွတ်က အဘီဆစ်ကို ကိုးကားကာ ထုတ်ဖော် ပြောဆိုခဲ့သည်။

သို့သော် ၀န်ကြီးချုပ်သည် နယ်စပ် ပြန်လည် ဖွင့်လှစ်မည့်ရက် အတိအကျကို မသိရှိခဲ့ရဟု ဆူပါချိုင်းက ဆိုသည်။

ထိုင်းဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ တစ်နေ့တာ ခရီးစဉ် သွားရောက်ကာ မြန်မာ ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီးနောက် အပြန်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းပို့ကုန် အမျိုးအစား ၅၀ ခန့်အပေါ် အခွန်နှုန်းထား လျှော့ပေါ့ရေး အတွက် မြန်မာ အာဏာပိုင်များနှင့် ဆွေးနွေးရန် ကုန်သွယ်ရေး ၀န်ကြီးဌာနကို ညွှန်ကြားထားကြောင်း ၀န်ကြီးချုပ်က ကက်ဘိနက်သို့ ပြောကြားခဲ့သည်ဟု ဆူပါချိုင်းက ဆိုသည်။

မြန်မာနိုင်ငံ တောင်ပိုင်း ထားဝယ်တွင် ရေနက် ဆိပ်ကမ်း တစ်ခု ပူးတွဲ အကောင်အထည် ဖော်ရေးကိုလည်း ၂ နိုင်ငံ သဘော တူခဲ့ကြသည်ဟု အဘီဆစ်က ပြောကြားသည်။

မြန်မာ အာဏာပိုင်များနှင့် ထိုင်းပုဂ္ဂလိက ကဏ္ဍမှ ကုမ္ပဏီများက အဆိုပါ မဟာစီမံကိန်းကို ပူးတွဲ လေ့လာမှု ပြုလုပ်နေသည်ဟုလည်း သိရှိရသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုံသစ်များ ဖွံ့ဖြိုးရေး စီမံကိန်းသည် တရားမ၀င် အလုပ်သမားများနှင့် တရားမ၀င် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း အပါအ၀င် နယ်စပ်ဖြတ်ကူး၊ နိုင်ငံဖြတ်ကျော်၊ ရာဇ၀တ် မှုခင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းရာတွင် အကူအညီ ရလိမ့်မည်ဟု ၀န်ကြီးချုပ် အဘီဆစ်က ပြောကြားသည်။

တစ်ချိန်တည်းတွင် တနင်္ဂနွေနေ့ မနက် (၆) နာရီမှ စ၍ နယ်စပ် မြန်မာ ဖက်ခြမ်းမှ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာခြင်းကို ချင်းမိုင်၊ မဲအိုက်မြို့နယ်မှ ကြားရသည် ဟုလည်း သတင်း ရရှိပါသည်။

မြန်မာ မျက်မြင် သက်သေများကို ကိုးကား၍ ချင်းမိုင် အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းစာက သတင်း ထုတ်ပြန်ရာတွင် မြန်မာဖက်မှ အမှတ် ၆၄၂ ခဲယမ်းမီးကျောက် တပ်ဝင်းအတွင်း ရှိသော ခဲယမ်း မီးကျောက် ဂိုဒေါင် ၂ လုံး တနင်္ဂနွေနေ့ မနက်က ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး တစ်နာရီ ကြာခန့် ဆက်တိုက် ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

ခဲယမ်းမီးကျောက် တပ်ရှိသော မိုင်းဆတ်မြို့သည် ချင်းမိုင် ခရိုင် မဲအိုက်နှင့် ကီလိုမီတာ ၅၀-၆၀ ခန့် ကွာဝေးသည်။

"လက်နက်တွေ သိုလှောင်ထားတဲ့ အဆောက်အဦတွေကို မီးတောက်တွေက ၀ါးမြို ပစ်လိုက်တယ်" ဟု မျက်မြင် သက်သေများက ပြောကြားကြောင်း သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Asian Tribune, By Daya Gamage, 12th October 2010

ယမန်နှစ်မှစ၍ အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင် နိုင်ငံရေး လုပ်ငန်းစဉ် တစ်ခု ဖွင့်လှစ်ရေးနှင့် အလုပ်ဖြစ်မည့် တွေ့ဆုံ ဆွေးနွေးမှု ထူထောင်ရန် ရည်ရွယ်၍ မြန်မာအစိုးရနှင့် ဆက်ဆံရေး ပြုလုပ်ခဲ့သည်။ မြန်မာ စစ်အစိုးရကို နှစ်အတန်ကြာ ပစ်ပယ်ထားခဲ့ခြင်းသည် ပြောပ လောက်သည့် ရလဒ်များ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။

အရေးယူ ပိတ်ဆို့မှုများသည် ဆက်လက် တည်ရှိနေပြီး ဆက်ဆံရေးသည် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးရန်၊ တိုင်းရင်းသား အုပ်စုများ အပေါ် ပိုမို လုပ်ဆောင်မှုများ လုပ်ပေးရန်၊ အားလုံး ပါဝင်သည့် အဓိပ္ပာယ် ရှိသည့် အမျိုးသား တွေ့ဆုံ ဆွေးနွေးရေးအတွက် အားပေးရန် ရည်ရွယ်ခဲ့ပါသည်ဟု အမေရိကန် အစိုးရ၏ တရားဝင် မီဒီယာ တစ်ခု ဖြစ်သော VOA က မှတ်ချက် ပြောကြားခဲ့သည်။

အဆိုပါ မှတ်ချက်တွင် ဆက်လက် ဖော်ပြထားသည်မှာ အမေရိကန် အစိုးရ၏ ဆက်ဆံရေး အပေါ် စစ်အစိုးရ၏ တုန့်ပြန်မှုမှာ စိတ်ပျက်ဖွယ် ဖြစ်ကြောင်း၊ နိုဝင်ဘာ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှု ခြေလှမ်းများကို ကြည့်ခြင်းအားဖြင့် စစ်အစိုးရသည် အမှန်တကယ် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများကို မပြုလုပ်ရုံမျှမက၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များသည်လည်း အခြေခံ နိုင်ငံတကာစံများနှင့် ကိုက်ညီခြင်း မရှိကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ချိုင့်ခွက် ပေါသော တိုးတက်မှု လမ်းကြမ်းကို VOA ၏ မှတ်ချက်တွင် ကောက်ကြောင်း ဖော်ထားရာ၌ "စစ်အစိုးရနှင့် ညှိနှိုင်း ဆက်ဆံရမှုများသည် ခက်ခဲသည်ဟု ဆိုသော်လည်း ထိတွေ့ ဆက်ဆံရေးသည်သာ ပြုပြင် ပြောင်းလဲရေးကို အားပေးပြီး၊ စစ်အစိုးရ၏ အပြုအမူများကို ပြောင်းလဲစေနိုင်သော လုပ်ငန်းစဉ်တစ်ခု ဖြစ်နေဆဲဖြစ်ပါသည်။ ရွေးကောက်ပွဲမှ ပလေယာ အသစ်များ နိုင်ငံရေး အင်အားစု အသစ်များ ပေါ်ထွက်ကောင်း ပေါ်ထွက်လာမည် ဖြစ်ရာ၊ အမေရိကန် ပြည်ထောင်စု အနေဖြင့် အပေါင်း လက္ခဏာ ဆောင်သော ပြောင်းလဲမှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ အစိုးရသစ်နှင့် ဆက်ဆံရန် ပြင်ဆင်ထားပါကြောင်း" ဖော်ပြထားသည်။

မြန်မာ စစ်အစိုးရသည် နိုဝင်ဘာ ရွေးကောက်ပွဲအတွက် ဆက်လက် ပြင်ဆင်လျက် ရှိသည်။ ယခု ရွေးကောက်ပွဲမှာ ၁၉၉၀ ရွေးကောက်ပွဲပြီးနောက် ပထမဆုံး ဖြစ်သည်။ 1990 ရွေးကောက်ပွဲတွင် အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင် ရရှိခဲ့သော်လည်း အစိုးရက အာဏာ လွှဲပေးခဲ့ခြင်း မရှိပေ။ ယခုအချိန်ထိ နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲအတွက် ခြေလှမ်းများတွင် အတိုက်အခံ နိုင်ငံ ရေးပါတီများ ပယ်ဖျက်ခြင်း၊ ပါလီမန်တွင် စစ်တပ်အတွက် လေးပုံတစ်ပုံ နေရာ သေချာ စေခြင်းများသည် နိုင်ငံတကာတွင် တရားဝင်မှုကို ဖြစ်စေလိမ့်မည် မဟုတ်ပေ။

မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေး ပါတီ (၃၇) ခုကို အတည်ပြု၍ ကိုယ်စားလှယ်များ တင်သွင်းရန် ကြေညာချိန်တွင် NLD အား ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။ အတည်ပြုခဲ့သော ပါတီများတွင် အစိုးရ၏ ပါတီများ၊ သီးခြား ရပ်တည်သော ဒီမိုကရက်တစ် အတိုက်အခံ အုပ်စုများ ပါဝင်သည်။ သို့သော် အသွင်သဏ္ဍာန် တစ်မျိုးစီဖြင့် ထွက်ပေါ်လာသော ပါတီ အုပ်စုများတွင် အဓိက ပါတီကြီး နှစ်ခုသာ ရှိရာ အစိုးရ လက်ခံသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီတို့ ဖြစ်သည်။ ယင်းတို့သည် ကိုယ်စားလှယ် (၁၀၀၀) ကျော်စီ ပါဝင်ကြပြီး စည်းရုံးရေး အင်အား ကောင်းကြသည်။

တစ်ချိန်တည်းမှာပင် မြန်မာစစ်တပ်မှ စစ်သားများနှင့် ယင်းတို့၏ မိသားစုဝင်များသည် အတိုက်အခံများအား မဲမပေး နိုင်ရေးအတွက် အစိုးရမှ ချုပ်ကိုင်ထားနိုင်ရန် သာမန်လူများနှင့် ခွဲထားပြီး သီးသန့် မဲရုံများ ထားရှိထားမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bernama, 12th October 2010

တနင်္လာနေ့က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ခရီးစဉ်တွင် ဆက်ဆံရေးနှင့် ပတ်သက်၍ ခြုံကြည့်လျှင် အပေါင်း လက္ခဏာ ဆောင်ကြောင်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး အထူးသဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုများတွင် ရှေ့တွင် အလားအလာ ကောင်းကြောင်း ထိုင်းဝန်ကြီးချုပ် Abhisit Vejjajiva က အင်္ဂါနေ့က ဖော်ပြခဲ့သည်ဟု ထိုင်းသတင်း အေဂျင်စီ (TNA)  က သတင်း ပေးပို့ခဲ့သည်။

နေပြည်တော်တွင် Abhisit သည် မြန်မာ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး အားကောင်း အဓွန့်ရှည်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး နှိမ်နင်းရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေး၊ ခရီးသွားကဏ္ဍ မြှင့်တင်ရေး၊ ထားဝယ်တွင် ရေနက် ဆိပ်ကမ်း ဆောက်လုပ်ရေးနှင့် ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံ၏ အလုပ်သမားများ အကြောင်း တို့ကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

မဲဆောက်-မြဝတီ နယ်စပ် ပိတ်ထားသော ကိစ္စနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်က အဆိုပါ ကိစ္စမှာ မဖြေရှင်းနိုင်သေးကြောင်း၊ မြန်မာနိုင်ငံက နယ်စပ် စစ်ဆေးရေး စခန်းကို ပြန်မဖွင့်မီ ပြည်တွင်း ပြဿနာအချို့ကို ညှိနှိုင်း သဘောတူရန် လိုအပ်ကြောင်း ပြောခဲ့သည်ဟု ဆိုသည်။

မဲဆောက်-မြဝတီ နယ်စပ်ကို ဇူလိုင်လ (၁၂) ရက်နေ့ ကတည်းက ပိတ်ထားရာ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးကို များစွာ နစ်နာစေပြီး၊ တယ်လီဖုန်း ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရေး၊ နှစ်နိုင်ငံ အလုပ်သမားများ စေလွှတ်မှုများအတွက် နစ်နာမှုများ ရှိသည်။

ထိုင်းဝန်ကြီးချုပ်က ပြောကြားရာတွင် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ  Prachuap Khiri Khan နယ်ရှိ Dan Singkhon တွင် အမြဲတမ်း နယ်စပ် စစ်ဆေးရေး စခန်း တစ်ခု ဖွင့်လှစ်ရေး ကိစ္စကို ဆွေးနွေးခဲ့ရာ မြန်မာဖက်မှ အဆိုပါ ကိစ္စကို စဉ်းစားပေးမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ထို့အပြင် ထားဝယ်တွင် ရေနက် ဆိပ်ကမ်း ဖွံ့ဖြိုးရေးအတွက် အကူအညီ လိုအပ်ပုံကိုလည်း ကတိပြုခဲ့သည်ဟု ဆိုသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များသည် ရွှေ့ပြောင်း လုပ်သားများ ထိုင်းနိုင်ငံတွင်း ဝင်ရောက်ခြင်းကို သက်သေစေရန် နယ်စပ်တွင် ထုတ်လုပ်မှု အခြေခံသော သီးသန့် စီးပွားရေးဇုံ ထူထောင်ရန် လိုအပ်ပုံကို သဘော တူခဲ့ကြသည်ဟု Abhisit ကပြောသည်။

မြန်မာနိုင်ငံ၏ နိုဝင်ဘာ (၇)ရက် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မြန်မာ ခေါင်းဆောင်က ၎င်းတို့ အနေဖြင့် နိုင်ငံတကာ၏ စိုးရိမ် ပူပန်မှုများကို သဘောပေါက်ကြောင်း၊ သို့သော် ပြည်တွင်းရေးကို ပြင်ပဝင်ရောက် စွက်ဖက်မှုများ မပါဘဲ ကိုင်တွယ်ရေးကိုသာ ရပ်တည်မည် ဖြစ်ကြောင်း ပြောခဲ့သည်ဟု Abhisit က ပြောသည်။

ထိုင်းဝန်ကြီးချုပ်သည် SPDC  ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး သန်းရွှေအား သွားရောက် တွေ့ဆုံခဲ့သည်။

Abhisit က ပြောကြားရာတွင် အနာဂတ်တွင် မြန်မာခေါင်းဆောင် ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်ရေးအတွက် ဆွေးနွေးမှုများ မရှိခဲ့ကြောင်း၊ သို့သော် ယခုလ နှောင်းပိုင်း ဟနွိုင်းတွင် ပြုလုပ်မည့် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် တွေ့ဆုံနိုင်ကြောင်း ခေါင်းဆောင် နှစ်ဦးက မှတ်သားခဲ့သည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြောက်ကိုရီးယား နိုင်ငံသည် နျူကလီယာ လက်နက် တပ်ဆင်နိုင်ရေး အတွက် ယူရေနီယံ သန့်စင်မည့် အစီအစဉ် တစ်ရပ်ကို လုပ်ဆောင်နေဖွယ် ရှိကြောင်း နိုင်ငံတကာ သိပ္ပံနှင့် လုံခြုံရေး အင်စတီကျု (ISIS) က ပြောကြားသည်။

မြောက်ကိုရီးယားသည် ယူရေနီယံ သန့်စင်နိုင်ရေး အတွက် ဓာတ်ခွဲခန်း စမ်းသပ်မှုများပင် လုပ်ကိုင် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပြီး ပဏာမ အဆင့် လုပ်ဆောင်မှုများ စတင်နေပြီ ဖြစ်သည် ဟု ISIS ၏ အစီရင်ခံစာက ဆိုသည်။

အဆိုပါ အစီရင်ခံစာတွင် မြောက်ကိုရီးယား နိုင်ငံမှ နျူကလီယာနှင့် ဆက်နွယ်သော ပစ္စည်းများ အခြား နိုင်ငံများက ဝယ်ယူမှုများ ကိုလည်း ဖော်ပြထားသည်။

ယခု လုပ်ဆောင်နေသည့် အစီအစဉ်သည် မြောက်ကိုရီးယား နိုင်ငံတွင်း နျူကလီယာ လက်နက်များ တိုးမြှင့် ပိုင်ဆိုင်နိုင်ရေးနှင့် အခြားသော နျူကလီယာ အစီအစဉ် လုပ်ဆောင်လိုသော နိုင်ငံများအတွက် အထောက်အပံ့ ပြုနိုင်ရေးကို အဓိက ဦးတည်ထားကြောင်း အစီရင်ခံစာ ရေးသားသူ David Albright နှင့် Paul Brannan က ပြောကြားသည်။

"အဲဒီတော့ ဦးစားပေး လုပ်ရမှာက မြောက်ကိုရီးယားရဲ့ အစီအစဉ် ရပ်တန့်သွားအောင် ဒါမှမဟုတ် နှေးကွေးသွားအောင် စေ့စပ် ညှိနှိုင်းမှုနဲ့ ပိတ်ဆို့ အရေးယူမှုတွေ ပူးပေါင်း လုပ်ကိုင်ဖို့ပဲ ဖြစ်ပါတယ်" ဟု David Albright က ပြောသည်။ မြောက်ကိုရီးယားရှိ ယုံဗြွန် နျူကလီယာ ဓာတ်ပေါင်းဖို ပြန်လည် လည်ပတ်နေသည့် အနေအထားများကို ဂြိုလ်တု မှတစ်ဆင့် ဓာတ်ပုံ ရိုက်ယူနိုင်ခဲ့ကြောင်း ISIS က ယခု လဆန်းပိုင်းတွင် ဖော်ပြခဲ့သေးသည်။ အဆိုပါ ယုံဗြွန်သည် ကွန်မြူနစ် အစိုးရက ပလူတိုနီယံ အဓိက ထုတ်လုပ်သော စက်ရုံတစ်ခု ဖြစ်သည်။

တောင်ကိုရီးယား သမ္မတ၏ ဒုတိယ အမျိုးသား လုံခြုံရေး အကြံပေး ကင်တေးဟိုက မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်သည် လွန်စွာ အန္တရာယ် ရှိသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယခု ရက်သတ္တပတ် အတွင်း သတိပေး ပြောကြားသည်။

မြောက်ကိုရီးယားသည် ယူရေနီယံ သန့်စင်နိုင်ရေး အတွက် လိုအပ်သော ပစ္စည်းများကို တရုတ်ပြည်တွင် ဝယ်ယူလျက် ရှိသည် သို့မဟုတ် တရုတ်ပြည်ကို ကြားခံ ကုန်ပစ္စည်း တင်ပို့ပေးသည့် နိုင်ငံ တစ်ခုအဖြစ် အသုံးပြုလျက် ရှိသည်ဟု ISIS ၏ အစီရင်ခံစာက ဆိုသည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

၂၀၁၀ ပြည့်နှစ်အတွက်  ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိသွားသော တရုတ် လူ့အခွင့်အရေး လှုပ်ရှားသူ Liu Xiaobo ၏ ဇနီးဖြစ်သူ Liu Xia မှာ နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်း ခံထားရကြောင်း အမေရိကန် အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားသူများက ဆိုသည်။

မစ္စ Liu Xia သည် ၎င်း၏ ခင်ပွန်းဖြစ်သူအား နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိသည့် သတင်းစကား ပြောရန် သွားရောက် တွေ့ဆုံပြီးနောက် နေအိမ် အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်း ခံလိုက်ရခြင်း ဖြစ်ကြောင်း Freedom Now အဖွဲ့မှ ဥပဒေ အကြံပေး Beth Schwanke က ပြောကြားသည်။ Freedom Now အဖွဲ့၏ အဆိုအရ မစ္စတာ Liu Xiaobo သည် ၎င်း ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရသည့် သတင်း ကြားရသောအခါ မျက်ရည်ကျ ငိုကြွေးခဲ့ကြောင်း၊ ထို့နောက် ယင်းဆုသည် ၁၉၈၉ ခုနှစ် တန်ယန်မင် ရင်ပြင် ဆန္ဒပြပွဲ၌ ပါဝင်ခဲ့သူ အာဇာနည် သူရဲကောင်းများ အတွက်ဖြစ်သည်ဟု ညွှန်းဆိုခဲ့ကြောင်း သိရသည်။

ဟောင်ကောင် အခြေစိုက် Inormation Center for Human Rights and Democracy အဖွဲ့က "မစ္စတာ Liu တို့ ဇနီးမောင်နှံသည် အောက်တိုဘာလ ၁၀ ရက် နေ့ခင်းပိုင်းတွင် တွေ့ဆုံခဲ့ကြကြောင်း" မစ္စ Liu ၏ မိခင်ဖြစ်သူ ပြောဆိုချက်ကို ကိုးကား၍ သတင်း ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသော မစ္စတာ Liu (၅၄ နှစ်) သည် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ပထမဆုံး ရရှိသူ တရုတ်နိုင်ငံသား တစ်ဦး ဖြစ်သည်။ ၎င်းသည် 'ချာတာ ၂၀၀၈' အမည်ရ လူ့အခွင့်အရေး ကြေညာစာတမ်း တစ်စောင် ရေးသားခဲ့ပြီးနောက် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ ကြေညာ စာတမ်းတွင် တရုတ် ကွန်မြူနစ် တိုင်းပြည်၌ လူ့အခွင့်အရေး ပေါ်ထွန်းရေးအတွက် လူပေါင်း ထောင်ကျော်က လက်မှတ် ရေးထိုးခဲ့ကြသည်။

မစ္စတာ Liu Xiaobo နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိသည့် သတင်း ကြားသိလျှင် ကြားသိချင်း မိမိအား ရဲတပ်ဖွဲ့ဝင်များက ခင်ပွန်းဖြစ်သူနှင့် သွားရောက် တွေ့ဆုံရန် စီစဉ် ပေးခဲ့ကြကြောင်း မစ္စ Liu က AFP သတင်းသို့ ပြောကြားသည်။ ထိုအချိန် မှစ၍ မစ္စ Liu ၏ မိုဘိုင်းလ်ဖုန်းမှာ ပိတ်ပင်ထားပြီး သူမ မည်သည့်နေရာတွင် ရောက်ရှိနေသည် ဟူသည်ကိုလည်း မသိရတော့ပေ။

မစ္စတာ Liu Xiaobo ၏ ရှေ့နေများကလည်း ဘေဂျင်းမြို့တော်တွင် နေထိုင်သည့် ဇနီးဖြစ်သူ မစ္စ Liu အား မည်သို့မျှ ဆက်သွယ်၍ မရကြောင်း ပြောကြားသည်။ "ကျွန်တော်တို့ မစ္စ Liu ကို ဘယ်လိုမှ ဆက်သွယ်လို့ မရဘူး။ အဲတော့ သူမ ဘယ်မှာ ရှိနေတယ် ဆိုတာလဲ မသိဘူး ဖြစ်နေတယ်" ဟု ရှေ့နေ Ding Xikui က ပြောကြားသည်။ "မစ္စ Liu ရဲ့လုံခြုံရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စိုးရိမ်မိပါတယ်" ဟုလည်း ၎င်းက ဆိုသည်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မစ္စတာ Liu သည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ Jinzhou အကျဉ်းထောင်တွင် ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ်ကျခံနေရသည်။ ယခုအခါ အဆိုပါ အကျဉ်းထောင်သို့ သွားသည့် လမ်းများကို တရုတ် ရဲတပ်ဖွဲ့ဝင်များက ပိတ်ပင်ထားပြီး အာဏာပိုင်များ သို့မဟုတ် အဆိုပါ ဒေသတွင် နေထိုင်သူများသာ ဝင်ထွက် သွားလာခွင့် ရှိသည်ဟု ဆိုသည်။

Radia Australia News မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.