Transparency Myanmar

transparency.myanmar@gmail.com

(31 January 2011 ရက်စွဲပါ Yahoo News မှ "ံHow free is Burma's Suu Kyi? Ask Former White House Drug Spokesman, Robert Weiner and James Lewis" ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

အမေရိကန်နှင့် ကမ္ဘာ တဝှမ်းလုံးရှိ မီဒီယာများသည် မြန်မာ နိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခဲ့ခြင်းနှင့် ပတ်သက်၍ အဓိပ္ပာယ် လွဲမှားစွာ ကောက်ယူ ခဲ့ကြကြောင်း အိမ်ဖြူတော် အမျိုးသား မူးယစ်ဆေးဝါး မူဝါဒ ဆိုင်ရာ ပြောခွင့်ရ ပုဂ္ဂိုလ်ဟောင်း Robert Weiner နှင့် အမျိုးသား လုံခြုံရေး သုံးသပ်သူ James Lewis တို့က Honolulu Star Advertiser တွင် အခိုင် အမာ ပြောဆိုခဲ့သည်။

Weiner နှင့် Lewis တို့က သူမသည် အမှန် တကယ် လွတ်လပ်ခြင်း မရှိကြောင်း၊ အဘယ်ကြောင့် ဆိုသော် ယခင် ရွေးကောက်ပွဲမှ သူမအား အမျိုးသား ခေါင်းဆောင် အဖြစ် ရွေးကောက်ခဲ့သော်လည်း သူမအား စစ်အစိုးရက နေရာ မပေးခဲ့ပေ။

မြန်မာ နိုင်ငံတွင် အမှန်တကယ် ပြောင်းလဲမှုများမှာ မူးယစ်ဆေးဝါး ငွေများဖြင့် ရပ်တည်နေသော စစ်အစိုးရကို ဖြုတ်ချပြီး ဟာဝိုင်ယီကို အဓိက ထားကာ ရောင်းဝယ် နေသော မူးယစ်ဆေးဝါး တင်ပို့မှုကြီးကို နှိမ်နင်းနိုင်မှသာ ဖြစ်ပေါ်လိမ့်မည် ဖြစ်သည်ဟု ဆိုကြသည်။

Weiner နှင့် Lewis တို့က မေးခွန်း ထုတ်ထားရာတွင် ဒေါ်အောင်ဆန်း စုကြည် မည်မျှ အထိ လွတ်လပ်ခွင့် ရမည်နည်းဟု ပါဝင်သည်။

မသမာမှုများ မရှိသော ရွေးကောက်ပွဲဖြင့် သူမကို ဝန်ကြီးချုပ် ရာထူး ပေးနိုင်မည်လော၊ အရပ်သား အစိုးရ တစ်ခုကို လွတ်လွတ် လပ်လပ် ခေါ်ယူခွင့် ရှိမည်လော၊ တရားဝင် ထုတ်လုပ်မှု အခြေခံသော စီးပွားရေး ရှိမည်လော၊ မြန်မာ နိုင်ငံနှင့် နိုင်ငံတကာတွင် လူများစွာကို သတ်နေသော မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို ရပ်တန့် နိုင်မည်လော ဟူ၍ ဖြစ်သည်။

Weiner နှင့် Lewis တို့က ထောက်ပြရာတွင် "သူမကို အာဏာလည်း မပေးပါဘူး၊ လွတ်လွတ် လပ်လပ်လည်း ပြောဆိုခွင့် မရှိပါဘူး၊ အစိုးရက သူမကို ဖမ်းလိုက် လွှတ်လိုက်နဲ့ ပြဇာတ် တစ်ပုဒ် ကနေတာနဲ့ တူတယ်၊ ဖမ်းလိုက် လွတ်လိုက်နဲ့ သူမဟာ ၁၅ နှစ်လောက် ကြာခဲ့ ရပါတယ်" ဟု ဆိုသည်။

"ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရရဲ့ ခေါင်းဆောင်မှုကို နှုတ်အားဖြင့် စိန်မခေါ် မိအောင် သတိထား နေပါတယ်၊ သူမ ပြောခဲ့ပါတယ်၊ အမှန် တကယ် လွတ်လပ်ခြင်း ဆိုတာ အကြောက်တရားကနေ လွတ်မြောက်ခြင်းပဲ ဖြစ်ပါတယ်လို့ ၊ ဒီတော့ သူမ အခု ကြောက်ပြီး နေရတော့ သူမ အမှန်တကယ် လွတ်လပ်ရဲ့လား ဆိုတာ မေးရမလိုပါပဲ" ဟု ၎င်းတို့က ပြောသည်။

Weiner နှင့် Lewis တို့က ဒေါ်အောင်ဆန်းစုကြည်အား အခြား သမိုင်းဝင် ခေါင်းဆောင်များ ထံမှ သင်ခန်းစာ ယူ၍ မြန်မာပြည်၏ ဒလိုင်းလားမား ကဲ့သို့ ပြုလုပ်ရန် အားပေးခဲ့သည်။

"မူးယစ် ဆေးဝါး ရောင်းဝယ်ရာမှ ရသော ငွေကို ဟာဝိုင်ယီမှ တစ်ဆင့် သွားကာ ငွေကြေး ခဝါချခြင်းဖြင့် စစ်အစိုးရ အာဏာကို ခိုင်မြဲအောင် ပြုလုပ်ပေးလေသည်၊ ကမ္ဘာ တဝှမ်း ဘိန်းရောင်းဝယ် ရာမှ ရသော ငွေများသည် Sanction ကြောင့် ငွေမရမှုကို အစားထိုး ပေးပြီး အစိုးရ ခေါင်းဆောင်များသည် ဘဝတွင် ဇိမ် အပြည့်နှင့် နေထိုင်နိုင်ကြသည်" ဟု ၎င်းတို့ကို ပြောကြားခဲ့သည်။

"ဟာဝိုင်ယီသည် Ice မက်သာ ဖက်တမင်းကို တစ်ဆင့် ပြန်လည် တင်ပို့ရာ အဓိက ဆိပ်ကမ်း ဖြစ်ပါသည်" ဟု အစိုးရ အစီရင်ခံစာများကို ကြည့်၍ ၎င်းတို့ နှစ်ဦးက ရှင်းပြခဲ့သည်။

"မြန်မာ နိုင်ငံသည် မူးယစ်ဆေးဝါး၊ အကျင့်ပျက် ခြစားမှုနှင့် အရေးယူ ပိတ်ဆို့မှုများ ပါဝင်သော ပုံပြင် တစ်ပုဒ်ပင် ဖြစ်ပြီး ဟာဝိုင်ယီသည် အဆိုပါ ပုံပြင် အတွက် ပင်မပင် ဖြစ်သည်။"

"မြန်မာ နိုင်ငံတွင် အမှန် တကယ် ပြောင်းလဲမှုများ အောင်မြင်စေလိုလျှင် ဒေါ်အောင်ဆန်း စုကြည်နှင့် အခြား အတိုက်အခံ ခေါင်းဆောင်များကို အာဏာ ပေးရမည် ဖြစ်သည်၊ မူးယစ်ဆေးဝါး ငွေများဖြင့် ရပ်တည်နေသော စစ်အစိုးရနှင့် ဟာဝိုင်ယီမှ တစ်ဆင့် မူးယစ်ဆေးဝါး ရောင်းဝယ်နေမှု များကို နှိမ်နင်း ပစ်ရမည် ဖြစ်သည်။"

အဖြေရှာရေး၊ ဒေါ်အောင်ဆန်း စုကြည်အား အစိုးရက လွတ်လပ်ခြင်း အချို့ ပေးနိုင်ရေး အတွက် Weiner နှင့် Lewis တို့က ပြောကြားရာတွင် "အမေရိကန် အနေဖြင့် လိုအပ်နေသော မြန်မာ နိုင်ငံ အတွက် အထူး ကိုယ်စားလှယ် တစ်ဦး ထား၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ပစ်မှတ် ထား၍ မူးယစ် ဆေးဝါး ကိစ္စ အကူ အညီပေးရေးကို အာရုံ ပြုသင့်ပါသည်၊ အခြား ကိစ္စများ အတွက် အကူ အညီ မပေးရပေ၊ ရန်ကုန်ရှိ အမေရိကန် နိုင်ငံရေးနှင့် စီးပွားရေး အရာရှိချုပ်ဟောင်း Leslie Hayden က မြန်မာ နိုင်ငံတွင် မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အကူ အညီ ပေးခြင်းဖြင့် အစိုးရအား မူးယစ် ဆေးဝါး တိုက်ဖျက် ရေးနှင့် ပတ်သက်၍ ရလဒ်ကောင်းများ ရရန် ဖိအား ပေးသလို ဖြစ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်မှုလည်း လျော့ကျ သွားနိုင်ပါသည် ဟု ဆိုသည်။ စီးပွားရေးနှင့် ပတ်သက်သော အရေးယူမှုများ အပြည့်အဝ ရုတ်သိမ်းပေးရေးမှာမူ မထိုက်တန်သေးပေ၊"

"အမေရိကန် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည် မဖမ်းဆီးရေးနှင့် အမေရိကန် နှင့် ဥရောပ လမ်းများပေါ်တွင် မြန်မာ မက်သာဖက်တမင်းနှင့် ဟီးရိုးအင်းများ ပျောက်ကွယ် သွားရေးတို့ကို အကူအညီ ပေးရေး ဖိအား ပေးနိုင်ပါသည်၊ အမေရိကန်သည် မူးယစ် ဆေးဝါး အစားထိုး စိုက်ပျိုးရေး လေ့ကျင့် သင်ကြားမှုများ၊ ထောက်လှမ်းရေး ဖလှယ်မှု၊ ၂၀၀၅ ခုနှစ်က ရပ်ဆိုင်း ထားသော ဘိန်းစိုက်ပျိုးမှု တိုင်းတာခြင်းများ အတွက် အကူ အညီ ပေးနိုင် ပါသည်၊ အသိပညာသည် ပါဝါပင် ဖြစ်သည်" Weiner နှင့် Lewis တို့က ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Christian Science Monitor မှ 31 January 2011 ရက်စွဲပါ "Burma Opens Parliament but Junta Retains Strong Grip" ကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံတွင် နှစ် ငါးဆယ် နီးပါး စစ်တပ်က အုပ်ချုပ် ခဲ့ပြီးနောက် ယခု အခါ တစ်ဝက် တစ်ပျက် ရွေးကောက် တင်မြှောက်သော လွှတ်တော် သစ်ကို ခေါ်ယူ စည်းဝေးခြင်း နှင့် အတူ အရပ်ဘက် အုပ်ချုပ်မှု စနစ်သို့ ဦးတည်သည့် နောက်ထပ် ခြေလှမ်းကို တနင်္လာနေ့တွင် စတင်လိုက်သည်။

သို့သော်လည်း တပ်မတော်က ၎င်း၏ အာဏာ ခြေကုပ်ကို ဆက်လက် ထိန်းသိမ်းရန် စီစဉ် ထားပုံ ရသဖြင့် အစိုးရအပေါ် ဝေဖန် ဆန်းစစ်သူ များကို စိတ်ပျက် လက်ပျက် ဖြစ်စေခဲ့သည်။ နေပြည်တော်တွင် တနင်္လာနေ့က ကျင်းပသော လွှတ်တော် အစည်း အဝေးများသည် နိုဝင်ဘာလ ပါတီစုံ ရွေးကောက်ပွဲများ အပြီး ပထမဆုံး ပြုလုပ်ခြင်း ဖြစ်သည်။ စစ်အစိုးရ နောက်ခံ ပါတီက ရက်ရက် စက်စက် လိမ်ညာ လှည့်ဖြားကာ အနိုင် ရယူ ခဲ့သော အဆိုပါ ရွေးကောက်ပွဲကို အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံ အစိုးရများက ပြင်းထန်စွာ ဝေဖန် ခဲ့ကြသည်။ အမျိုးသားနှင့် ပြည်သူ့ လွှတ်တော် နှစ်ရပ်လုံး၏ ကိုယ်စားလှယ် နေရာ လေးပုံ တစ်ပုံကိုလည်း တပ်မတော် အရာရှိငယ်များ အတွက် သီးသန့် ကြိုတင် ရယူခဲ့ပြီး ဖြစ်သည်။

လွှတ်တော် ကိုယ်စားလှယ် ခြောက်ရာခန့်သည် လုံခြုံရေး တင်းကြပ်ထားသော လွှတ်တော် အဆောက်အဦးတွင် တနင်္လာနေ့က စုဝေးခဲ့ကြသည်။ သတင်းထောက်များနှင့် အခြား အကဲခတ် လေ့လာသူများလည်း အနားကပ်ခွင့် မရပါ။ လွှတ်တော် ကိုယ်စားလှယ်များသည် ကင်မရာ၊ လက်ကိုင်ဖုန်းနှင့် အခြား အသံသွင်း ကိရိယာ မှန်သမျှ လွှတ်တော်တွင်းသို့ ယူဆောင်ခြင်း မပြုရဟု ပြည်ပ မြန်မာ မီဒီယာ တစ်ခုက သတင်း ဖော်ပြသည်။ ယင်းကဲ့သို့ လျှို့ဝှက် သိုသိပ်မှုသည် မြန်မာ နိုင်ငံရေး၏ အစဉ် အလာ ထုံးစံ တစ်ခု ကဲ့သို့ ဖြစ်နေသည်။

ရွေးကောက်ပွဲ ဝင်ရန် ငြင်းပယ်ခဲ့သော NLD ပါတီမှ ကိုယ်စားလှယ်များ ယခု လွှတ်တော်တွင် မပါဝင်ပါ။ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် ရွေးကောက်ပွဲ အပြီး တစ်ပတ်ခန့် အကြာတွင် အကျယ်ချုပ်မှ လွတ်မြောက်လာ ခဲ့ပြီးနောက် မြို့တော်ဟောင်း ရန်ကုန်တွင် သူမ၏ နိုင်ငံရေး အုတ်မြစ်ကို ပြန်လည် တည်ဆောက်လျက် ရှိသည်။

၁၉၉၀ ခုနှစ်က နောက်ဆုံး ကျင်းပခဲ့သော ရွေးကောက်ပွဲများတွင် NLD ပါတီ အနိုင် ရရှိ ခဲ့သော်လည်း စစ်ဖက် အစိုးရက ၎င်းရလဒ်ကို ပယ်ဖျက် ခဲ့သည်။

မြန်မာ နိုင်ငံ၏ ၂၀၀၈ အခြေခံ ဥပဒေ အရ သမ္မတနှင့် ဒုတိယ သမ္မတ နှစ်ဦး ရွေးချယ်ခြင်းကို ပူးတွဲ လွှတ်တော် နှစ်ရပ်က လုပ်ဆောင်ရမည် ဖြစ်သော်လည်း ၎င်းကိစ္စနှင့် ပတ်သက်သော အချိန် ဇယားကို တိတိ ကျကျ မသိရသေးပါ။ ၁၉၈၈ ခုနှစ်က အာဏာ သိမ်းယူ ခဲ့သော လက်ရှိ စစ်အစိုးရက တရားဝင် အာဏာ လွှဲပြောင်းပေးမည်ဟု ယူဆရသည့် အစိုးရ အဖွဲ့သစ်တွင် ယခင် စစ်ဗိုလ်ချုပ် ဟောင်းများကို ခန့်အပ်မည့် အလား အလာ ရှိသည်။

လက်ရှိ အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမ္မတ ရာထူးကို ယူလိမ့်မည်ဟု ပြည်ပရောက် အတိုက်အခံ အုပ်စုများက ခန့်မှန်းကြသည်။ လွှတ်တော် ကိုယ်စားလှယ် နေရာ ၈၀ % အနိုင် ရရှိသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ၏ မဟာမိတ် ဖြစ်သော လွှတ်တော်တွင်းမှ တပ်မတော် အုပ်စုက ၎င်းတို့ လိုလားသော သမ္မတလောင်း အမည်ကို တင်သွင်းခွင့် ရှိသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အခြား သမ္မတလောင်း တစ်ဦးကို သမ္မတ အဖြစ် ထောက်ခံ ပံ့ပိုးရန် ပို၍ အလား အလာ ရှိသည်ဟု လွတ်လပ်သော မြန်မာ့ ရေးရာ အကဲခတ် လေ့လာသူ Richard Horsey က ဆိုသည်။ ဗိုလ်ချုပ်မှူးကြီးသည် နောက်ထပ် အာဏာရှင် တစ်ဦး ပေါ်ထွက်မလာအောင် တားဆီးရန် အတွက် နိုင်ငံ ခေါင်းဆောင် သမ္မတက ကာကွယ်ရေး ဦးစီးချုပ်ကို အာဏာ ခွဲဝေ ပေးရမည့် နိုင်ငံရေး စနစ်ကို ဒီဇိုင်း ထုတ်ထားခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းလင်း ပြောကြားသည်။

"သူက အကုန် စီစဉ် ထားပြီးပါပြီ၊ ဒါကြောင့် ကန့်လန့်ကာ နောက်ကို တစ်လှမ်း ဆုတ်ပြီး သူ့မျက်နှာကို မီးခိုး မရိုက်အောင် လီဗာပေါ်က သူ့လက်ကို ဖယ်လိုက်တော့မှာပါ" ဟု လတ်တလော ဘန်ကောက်တွင် ရောက်ရှိနေသော Horsey က ပြောကြားသည်။

နိုဝင်ဘာ ရွေးကောက်ပွဲကို ယှဉ်ပြိုင်ခဲ့ကြသော အတိုက်အခံ ပါတီများမှာ မြန်မာ နိုင်ငံ၏ အာဏာ အသွင် ပြောင်းမှုကို တရား မဝင်အောင် ဟန့်တား လိုသော ပြည်ပရောက် မြန်မာ အုပ်စုများနှင့် NLD ပါတီတို့၏ ဝေဖန်မှုကို ရင်ဆိုင်ခဲ့ရသည်။ မြန်မာ နိုင်ငံ၌ ပိုမို သိသာသော ဒီမိုကရေစီ ပြောင်းလဲမှုများ ပြုလုပ် လာသည် အထိ အရေးယူ ပိတ်ဆို့မှုများကို ဖြေလျော့ပေးခြင်း မပြုရန် အနောက်နိုင်ငံ အစိုးရများကို အထက်ပါ အုပ်စုများက တောင်းဆိုထားသည်။

NLD ပါတီမှ ခွဲထွက်၍ ရွေးကောက်ပွဲ ဝင်ခဲ့သော (ကိုယ်စားလှယ်နေရာ ၁၆ နေရာသာ အနိုင် ရရှိသည့်) အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ တာဝန် ရှိသူ ဦးခင်မောင်ဆွေမှ ယခု ရလဒ်မှာ သေးငယ် သော်လည်း ရွေးကောက်ပွဲကို သပိတ် မှောက်ခြင်း ကမူ မည်သည့် ရလဒ်မျှ ရမည် မဟုတ်ဟု ပြောကြားခဲ့သည်။ ၎င်းက သူ၏ ပါတီသည် ဥပဒေသစ်များကို အဆိုပြုမည် ဖြစ်ပြီး သဘောထား ပျော့ပျောင်းသော လွှတ်တော် ကိုယ်စားလှယ်များနှင့် မဟာမိတ် ဖွဲ့ရန် ကြိုးစား သွားမည် ဖြစ်သည်ဟု ဆိုသည်။ "ကျွန်တော်တို့ သည်းခံ စိတ်ရှည်ရမှာပါ" ဟု ၎င်းက ရန်ကုန်မှ တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းဌာနမှ 31 January 2011 ရက်စွဲပါ "Somali Pirates arrive in Malaysia" ကို ဘာသာ ပြန်ဆိုသည်)

အေဒင် ပင်လယ်ကွေ့မှ ရေနံတင် သင်္ဘော အပိုင်စီး ခံရမှုကို စီးနင်း ကယ်တင်စဉ် မလေးရှား တပ်ဖွဲ့များက ဖမ်းဆီး ရမိခဲ့သော ဆိုမာလီ ပင်လယ် ဓားပြ ၇ ဦးကို တရား စွဲဆိုမည် ဖြစ်ရာ တနင်္လာနေ့တွင် မလေးရှားသို့ ရောက်ရှိလာပြီ ဖြစ်သည်။

လက်ထိပ် ခတ်ထားသော လိမ္မော်ရောင် အကျဉ်းသား ဝတ်စုံဝတ် ပင်လယ် ဓားပြ ၇ ဦး ကွာလာလမ်ပူ တောင်ဘက် ပို့ကလန် ဆိပ်ကမ်းသို့ ရောက်ရှိလာရာ တင်းကြပ်သော လုံခြုံရေး အစောင့် အရှောက်များဖြင့် ရဲဌာနသို့ ခေါ်ဆောင်သွား ပြီးနောက် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ကို AFP သတင်းထောက်က မြင်တွေ့ခဲ့သည်။

မော်တော်ယာဉ် ၁၀ စီး ကျော်သည့် လုံခြုံရေး ယာဉ်တန်းဖြင့် ခေါ်ဆောင် လာသော ပင်လယ် ဓားပြများကို ဆေးရုံ၌ တစ်နာရီကြာ ကျန်းမာရေး စစ်ဆေးမှု  ပြုလုပ်စဉ် အရေးပေါ် ဌာန အပြင်၌ လက်နက် အပြည့်အစုံ တပ်ဆင် ထားသော ရဲတပ်ဖွဲ့ဝင် ငါးဆယ်ခန့် စောင့်ကြပ်ခဲ့သည်ဟု သိရသည်။

ဆိုမာလီ ပင်လယ် ဓားပြ ပြဿနာ၏ ဗဟိုချက် အေဒင် ပင်လယ်ကွေ့တွင် ဇန်နဝါရီ ၂၀ ရက်၌ ပြန်ပေးဆွဲ ခံရစဉ် ကယ်တင်နိုင်ခဲ့သော MT Burga Laurel ဖြင့် ပင်လယ် ဓားပြများ ရောက်ရှိ လာကြတော့မည်ဟု မလေးရှား အာဏာပိုင် များက ပြောကြားထား ခဲ့ပြီး ဖြစ်သည်။

အမေရိကန် ဒေါ်လာ ၁၀ သန်း တန်ဖိုးရှိ စက်ဆီ၊ ချောဆီများ တင်ဆောင်လာသော အဆိုပါ သင်္ဘောသည် စင်ကာပူသို့ ဦးတည် ခုတ်မောင်းစဉ် အေကေ ၄၇ ရိုင်ဖယ် သေနတ် ကိုင်ဆောင်သော ပင်လယ် ဓားပြများ၏ အပိုင်စီးမှုကို ခံခဲ့ရခြင်း ဖြစ်သည်။

ဟယ်လီကော့ပတာတင် ရေတပ် အစောင့်သင်္ဘောမှ မလေးရှား ကွန်မန်ဒိုများက အဆိုပါ သင်္ဘောကို နာရီပိုင်း အတွင်း ပြန်လည် တိုက်ခိုက် စီးနင်း ကယ်တင် နိုင်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံတွင် နှိပ်စက် ညှင်းပန်းမှု၊ ခွဲခြား ဆက်ဆံမှုတို့ ခံခဲ့ရသည် ဟူသော အကြောင်း ပြချက်ဖြင့် ထွက်ပြေး လွတ်မြောက် ရောက်ရှိလာသော မွတ်စလင် ဘာသာဝင် ရိုဟင်ဂျာ တိုင်းရင်းသား အုပ်စုနှင့် ဆွေးနွေး ညှိနှိုင်းရန် ထိုင်းအာဏာပိုင်များ ညှိနှိုင်းလျက် ရှိကြောင်း CNN သတင်းအရ သိရသည်။ အဆိုပါ ရိုဟင်ဂျာ မွတ်စလင် အုပ်စုတွင် လူပေါင်း ၆၇ ဦး ပါဝင်ပြီး ၎င်းတို့သည် ထိုင်းနိုင်ငံသို့ လှေတစ်စင်းဖြင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။

ယခု ဆိုက်ရောက်လာသော ရိုဟင်ဂျာ အုပ်စုသည် ထိုင်းနိုင်ငံသို့ ယခုနှစ်များအတွင် အစုလိုက် အပြုံလိုက် ရောက်ရှိလာသော ရိုဟင်ဂျာများ အနက် နောက်ဆုံး ဖြစ်သည်။ ရိုဟင်ဂျာများက ၎င်းတို့သည် မြန်မာနိုင်ငံတွင် ညှင်းပန်း နှိပ်စက်ခံရသောကြောင့် ထွက်ပြေးလာခြင်း ဖြစ်သည်ဟု ဆိုသည်။ ယခုလို ဒုက္ခဘေးမှ လွတ်မြောက်အောင် ထွက်ပြေးလာသည့် ဖြစ်ရပ်က ထိုင်းနိုင်ငံ၏ နိုင်ငံတကာ ကတိကဝတ် တစ်ခု ဖြစ်သော ရိုဟင်ဂျာများ အပေါ် လူသားချင်း စာနာစွာ ဆက်ဆံပါမည် ဟူသည့် ကိစ္စကို စမ်းသပ်လိမ့်မည် ဖြစ်သည်။ ထိုင်းနိုင်ငံသည် ယခင်က ရိုဟင်ဂျာများအပေါ် လျှို့ဝှက်သည့် မူဝါဒ တစ်ရပ် ကျင့်သုံးခဲ့သည်။ ယင်းမူဝါဒမှာ ရိုဟင်ဂျာများကို အစားအစာ အနည်းငယ် ပါဝင်သော လှေငယ်များပေါ်တွင် တင်ကာ ပင်လယ်ပြင်ဆီသို့ မောင်းထုတ်ခြင်းပင် ဖြစ်သည်။

လူ့အခွင့်အရေး အုပ်စုများက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်မှုများ ပြုလုပ်လာပြီးနောက် နှစ်နှစ်ခန့် အကြာတွင် ထိုင်းအစိုးရက ရိုဟင်ဂျာများအပေါ် လူသားချင်း စာနာစွာ ဆက်ဆံပါမည်ဟု နိုင်ငံတကာကို ကတိကဝတ် ပြုခဲ့သည်။

လူပေါင်း ၆၇ ဦး ပါသော ရိုဟင်ဂျာ မွတ်စလင် အုပ်စုက ထိုင်းနိုင်ငံသို့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ဆိုက်ရောက် လာကြခြင်း ဖြစ်ပြီး အခြားသော ရိုဟင်ဂျာ ၉၁ ဦးက ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းသတင်း ဌာနများက ဆိုသည်။ ဒုတိယ အုပ်စုကို ဆာတွန် ပြည်နယ် ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု အာဏာပိုင်များက ဆိုသည်။

"ကျွန်တော့် အနေနဲ့ မြန်မာနိုင်ငံက လွဲလို့ ဘယ်နိုင်ငံမှာမဆို နေထိုင်နိုင်ပါတယ်။ တကယ်လို့ ကျွန်တော် မြန်မာပြည် ပြန်ရမယ်ဆိုရင် သေမှာပါပဲ" ဟု ရိုဟင်ဂျာ တစ်ဦး ဖြစ်သော Norri Shalom က တယ်လီဖုန်းဖြင့် အင်တာဗျူးတွင် ပြောဆိုသည်။ မိမိ အနေဖြင့် ဇနီးဖြစ်သူနှင့် ကလေး နှစ်ဦးကို ထားရစ်ကာ မောင်းတောမြို့မှ ထွက်ပြေးလာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အကယ်၍ အခြေအနေများ ကောင်းမွန်ပြီး နေထိုင်စရာ နေရာသစ် တစ်ခု ရှာဖွေနိုင်မည် ဆိုပါက မိသားစုကို ပြန်ခေါ်မည်ဟု ၎င်းက ကတိပြုခဲ့သည်။

အလားတူ ရိုဟင်ဂျာ တစ်ဦးမှာ အသက် ၁၀ နှစ်အရွယ် Muhammad Fariq ဆိုသူ ဖြစ်ပြီး ၎င်းသည် လှေဖြင့် လိုက်ပါရန် မြန်မာငွေ ကျပ်လေးသောင်း ပေးခဲ့ရသည်။ Fariq သည် လှေငယ်ပေါ်တွင် ၁၅ ရက်မျှ ကြာမြင့်ခဲ့ပြီး မွတ်စလင် နိုင်ငံတစ်ခု ဖြစ်သော မလေးရှားသို့ သွားရောက်ကာ အလုပ် အကိုင် ရှာဖွေရန် ရည်မှန်းထားသည်။

နောက်ဆုံး ရောက်ရှိလာသော ရိုဟင်ဂျာ အုပ်စုသည် ယခုအခါ သောင်မတင် ရေမကျ အခြေအနေဖြင့် ရင်ဆိုင်နေရသည်။ အကြောင်းမှာ ၎င်းတို့၏ ရှေ့ကံကြမ္မာကို အဆုံးအဖြတ် ပေးမည့် ထိုင်းအာဏာပိုင်များကို စောင့်ဆိုင်း နေရသောကြောင့် ဖြစ်သည်။

ဆာတွန်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေး ဌာနမှ ဗိုလ်မှူးကြီး Chayawut Chansomboon က ရိုဟင်ဂျာ အုပ်စု နှစ်စုစလုံးအား မြန်မာနိုင်ငံသို့ ပြန်ပို့ရဖွယ် ရှိကြောင်း ပြောကြားသည်။ သို့ရာတွင် ရိုဟင်ဂျာများကို မြန်မာနိုင်ငံက အသိအမှတ် မပြုသောကြောင့် ၎င်းတို့အား မိခင်နိုင်ငံသို့ ပြန်ပို့မည့် ကိစ္စမှာ ရှုပ်ထွေးမှုများ ဖြစ်လျက် ရှိကြောင်း ဗိုလ်မှူးကြီး Chayawut Chansomboon က ဆိုသည်။ လက်ရှိ အနေအထားတွင် ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဌာနတွင် ခိုလှုံ နေထိုင်လျက် ရှိသော ရိုဟင်ဂျာ မွတ်စလင် တစ်ထောင်ခန့် ရှိသည်ဟု ဆိုသည်။ "အခြေခံ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကျွန်တော်တို့ ကောင်းကောင်း နားလည်ပါတယ်။ လောလောဆယ် ရိုဟင်ဂျာတွေ အတွက် လိုအပ်တဲ့ အစားအစာ၊ ခိုလှုံစရာတွေကို ကျွန်တော်တို့ ထောက်ပံ့ ပေးထားပါတယ်" ဟု ၎င်းက ပြောကြားသည်။

ရိုဟင်ဂျာ ဟူသော အရေးကိစ္စမှာ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုစဉ်က ရိုဟင်ဂျာများကို ပင်လယ်ဆီသို့ လှေများဖြင့် ဖိအားပေး နှင်လွှတ်ခဲ့သည့် ထိုင်းစစ်တပ်မှာ များစွာ ပြစ်တင် ပြောဆိုခံခဲ့ရသည်။

CNN သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(The Straits Times မှ 30 January 2011 ရက်စွဲပါ "Protest in India Against Government Corruption" ကို ဘာသာ ပြန်ဆိုသည်)

နယူးဒေလီနှင့် အိန္ဒိယ မြို့ကြီးများစွာတွင် တနင်္ဂနွေနေ့က လူ ထောင်ပေါင်း များစွာ ချီတက်ကာ ဗဟို အစိုးရနှင့် ပြည်နယ် အစိုးရများ၏ အဂတိ လိုက်စားမှုများကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။

ဝန်ကြီးချုပ် မန်မိုဟန်ဆင်း အစိုးရကို ထိခိုက်စေသော ငွေကြေး ဆိုင်ရာ လွဲမှား ခန့်ခွဲမှုများကို ဖော်ထုတ်ခြင်းနှင့် အများသိ သိက္ခာမဲ့သော လုပ်ရပ်များ တသီတတန်း ပေါ်ပေါက် ခဲ့ပြီးနောက်တွင် အိန္ဒိယ နိုင်ငံ၏ အဂတိ လိုက်စားမှု ရေရှည် ပြဿနာ အပေါ် ပြည်သူ လူထု၏ ဒေါသများ ပိုမို ကြီးထွား လာခဲ့ခြင်း ဖြစ်သည်။

နယူး ဒေလီ၊ မွန်ဘိုင်း၊ ဘန်ဂလော နှင့် အခြား မြို့တော်များတွင် ချီတက် ဆန္ဒ ပြခဲ့ကြသော လူထုက အိန္ဒိယ လူမျိုးတို့၏ နေ့စဉ် ဘဝအပေါ် သက်ရောက်မှု ရှိနေသည့် တံစိုး လက်ဆောင် ယူမှုနှင့် အဂတိ လိုက်စားမှု ယဉ်ကျေးမှု ပုံစံကို တိုက်ဖျက်ရေး အတွက် ထိရောက်မှု ရှိသော အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဌာနကို ဖွဲ့စည်းရန် တောင်းဆိုခဲ့ကြသည်။

"ဒီလှုပ်ရှားမှုဟာ ဘယ်နိုင်ငံရေး ပါတီကိုမှ ထောက်ခံတာ ကန့်ကွက်တာ မဟုတ်ပါဘူး" ဟု ဆန္ဒပြပွဲများကို စည်းရုံး လှုပ်ရှားသော အုပ်စု တစ်စုက ကြေညာချက် ထုတ်ပြန် ခဲ့သည်။

"နိုင်ငံရေး ပါတီတိုင်းဟာ သူတို့ အာဏာ ရတဲ့ အချိန်မှာ ဖြစ်စေ၊ အခြား အချိန်မှာ ဖြစ်စေ သူတို့ရဲ့ နေရာကို အလွဲ သုံးစား လုပ်နေတယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်၊ ဒါကြောင့် စနစ် တစ်ခုလုံး ပြောင်းလဲအောင် တောင်းဆိုဖို့ အတွက် ဒီတိုင်းပြည်က နိုင်ငံသားတွေ ညီညွတ်ကြဖို့ အလွန် အမင်း အရေးကြီးပါတယ်" ဟု အဆိုပါ အုပ်စုက ဆက်လက် ပြောသည်။

လတ်တလော အဂတိ လိုက်စားမှု လုပ်ရပ်များတွင် ဘဏ္ဍာငွေ အမေရိကန် ဒေါ်လာ ၄၀ ဘီလျံခန့် နစ်နာဖွယ် ရှိသည့် မိုဘိုင်းဖုန်း လိုင်စင်များ တန်ဖိုးဖြတ် ရောင်းချမှုနှင့် ၂၀၁၀ ဓနသဟာယ နိုင်ငံများ အားကစား ပြိုင်ပွဲနှင့် ဆက်စပ်သည့် ကျယ်ကျယ် ပြန့်ပြန့် လာဘ်စားမှုများ ပါဝင်သည်ဟု သိရသည်။

၁၉၄၈ ခုနှစ်က သေနတ် ထိမှန် ကွယ်လွန်ခဲ့သော လွတ်လပ်ရေး ခေါင်းဆောင် မဟတ္တမ ဂန္ဓီ ကွယ်လွန်ခြင်း နှစ်စဉ် အထိမ်းအမှတ် အဖြစ် နယူးဒေလီ ချီတက်ပွဲတွင် လူငါးထောင်ခန့် တက်ရောက် ခဲ့ပြီး အိန္ဒိယ နိုင်ငံ တလွှား အခြား မြို့ကြီးများ တွင်လည်း အလားတူ စုဝေး ချီတက် ခဲ့ကြသည်ဟု သတင်း ရရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းဌာနမှ 31 January 2011 ရက်စွဲပါ "Seoul Rejects N.Korea Bid to Bring Talks Forward" ကို ဘာသာ ပြန်ဆိုသည်)

ကိုရီးယား ကျွန်းဆွယ်တွင် လပေါင်းများစွာ တင်းမာနေမှုကို လျှော့ချရန် ရည်ရွယ်သည့် စစ်ဖက် ဆွေးနွေးပွဲများကို ရှေ့တိုး ကျင်းပရန် မြောက်ကိုရီးယားက အဆိုပြုလာခြင်းကို တောင်ကိုရီးယားက တနင်္လာနေ့တွင် ပယ်ချလိုက်သည်ဟု ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြား လိုက်သည်။

ပြီးခဲ့သော သတင်းပတ် အကုန်တွင် မြောက်ကိုရီးယားက ဆွေးနွေးပွဲ ရက်ကို ရှေ့သို့ တိုးကာ ဖေဖော်ဝါရီ ၁ ရက်တွင် ပြုလုပ်ရန် အဆိုပြုခဲ့ပြီးနောက် ဆိုးလ် ကာကွယ်ရေး ဝန်ကြီးဌာနက "မူလ အဆိုပြု ထားသည့် ဖေဖော်ဝါရီ ၁၁ ရက်ကိုသာ ကနဦး ဆွေးနွေးပွဲများ ကျင်းပရန် သဘောတူသည်" ဟု ပြန်လည် ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၃ ရက်နေ့က အရပ်သားများ အပါအဝင် လေးဦး သေဆုံး ခဲ့ရသော "တောင်ကိုရီးယား ကျွန်းအား မြောက်ကိုရီးယားက အမြောက်ဖြင့် ပစ်ခတ်မှု" နောက်ပိုင်း ယခု အစည်း အဝေးသည် ပထမဆုံး နယ်စပ် ဖြတ်ကူး ဆွေးနွေးပွဲ ဖြစ်လာမည်ဟု သိရသည်။

ဗိုလ်မှူးကြီး အဆင့်များ အကြား ပြုလုပ်မည့် လုပ်ငန်း အဆင့် ဆွေးနွေးပွဲသည် ထိပ်ပိုင်း အဆင့် စစ်ဖက် ဆွေးနွေးပွဲများ အတွက် အချိန်၊ နေရာနှင့် အစီအစဉ် သတ်မှတ်ရန် ဖြစ်သည်ဟု ဆိုသည်။

သို့သော်လည်း ပြုံယမ်း အနေဖြင့် ယခင် နှစ်က ရန်စ တိုက်ခိုက်မှု နှစ်ခုကို တာဝန်ယူကာ နောက်ထပ် မပြုလုပ်ရန် ကတိပြုမှသာ ထိပ်ပိုင်း အဆင့် ဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်နိုင်မည်ဟု ဆိုးလ်က ပြောကြားထားသည်။

အထက်ပါ အမြောက်ဖြင့် ပစ်ခတ်မှု အပြင် ပြီးခဲ့သော မတ်လက ရေတပ်သား ၄၆ ဦး နှင့်အတူ တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုတွင် မြောက်ကိုရီးယားက တော်ပီဒိုဖြင့် ပစ်ခတ်ကြောင်း တောင်ကိုရီးယားက စွပ်စွဲထားပြီး ပြုံယမ်းကလည်း ၎င်းတို့ မပစ်ခတ်ဟု ငြင်းဆိုထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဇန်န၀ါရီလ ၃၀ ရက် ၂၀၁၁ ရက်စွဲပါ Egyptian troubles paralleled in Burma သတင်းကို တိုက်ရိုက် ဘာသာ ပြန်ဆိုသည်)

တန်းစီနေသော သတင်းထူးများတွင် ၂ ပတ် ဆက်တိုက် ပါဝင်နေသော သတင်းမှာ အရှေ့ အလယ်ပိုင်းမှ အာဏာရှင် စနစ် ပြိုလဲမှုပင် ဖြစ်သည်။ အီဂျစ် သမ္မတ ဟော့စနီမူဘာရတ် သည် တူနီးရှား အာဏာရှင် ဇိုင်အယ်အဘီဒင်း ဘင်အလီ၏ ကံကြမ္မာနှင့် တစ်ထပ်တည်း တူလိမ့်မည်ဟု ပြောရန် အနည်းငယ် စောသေးသော်လည်း ဆန္ဒပြသူများက ကိုင်ရိုမြို့ နေရာ အတော်များများကို မနေ့က ထိန်းချုပ် ထားလိုက်ကြပြီ ဖြစ်သည်။ မစ္စတာ မူဘာရတ်ကမူ သူ အဖယ်ရှား ခံရမည် မဟုတ်ဟု ယုံကြည်ထားကာ သူ့ဖက်က စစ်တပ် ရပ်တည် နေသ၍ လဲပြိုဦးမည် မဟုတ်ပေ။

ယခု အနေအထားသည် အစိုးရ၏ ပြောင်းလဲမှုကို မြင်တွေ့ရမည့် အခွင့်အလမ်းများ အလှမ်း ဝေးကွာလွန်းလှသော မြန်မာနိုင်ငံမှ ဖြစ်ရပ်နှင့် တစ်ထပ်တည်း တူညီနေသည်။ သို့သော်လည်း မြန်မာ နိုင်ငံမှ နိုင်ငံရေး အခြေအနေမှာ ပို၍ စိတ်ဆင်းရဲစရာ ကောင်းသည်။ မြန်မာနိုင်ငံတွင် ပြီးခဲ့သော နိုဝင်ဘာလက ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ အတုမှတဆင့် အရပ်ဖက် အစိုးရထံ အာဏာ လွှဲပြောင်း သကဲ့သို့ ဟန်ဆောင်နေသော်လည်း အမှန်တကယ် အာဏာ ရှိသူမှာ တပ်မတော် ခေါင်းဆောင်များသာ ဖြစ်သည်။

ရွေးကောက် တင်မြှောက်ခံ လွှတ်တော်က မနက်ဖြန် နေပြည်တော်တွင် လွှတ်တော် လုပ်ငန်းများ စတင်တော့မည်ဟု ဆိုသော်လည်း တပ်မတော် ခေါင်းဆောင်များက ယင်းတို့ အဆိုပြု သမျှ အားလုံးကို တံဆိပ်တုံး ထုပေးရမည့် အဆင့်၌သာ သေချာပေါက် ကန့်သတ် ထားပါလိမ့်မည်။

အီဂျစ်တွင် လည်းကောင်း၊ မြန်မာနိုင်ငံတွင် လည်းကောင်း အစိုးရ အပြောင်းအလဲ ပြုလုပ်ရေး ကို တောင်းဆိုသော လူထု တော်လှန်ရေးတွင် စစ်တပ် အောက်ခြေ အဆင့်များ၊ စစ်တပ်ကို ကျောခိုင်းကာ အစုလိုက် အပြုံလိုက် ပါဝင်လာကြဖွယ် ရှိနေပါသည်။ သို့သော်လည်း ယခုတစ်ပတ် Spectrum ကဏ္ဍတွင် ဖော်ပြခဲ့သည့် အတွင်း "ယခု ရုပ်ရှင်တွင် မြန်မာ့ တပ်မတော် အတွင်းမှ သဘောထား ကွဲလွဲ ဆန့်ကျင်မှုကို ဖြတ်ကနဲ တွေ့မြင်နိုင်ပါလိမ့်မည်" လူအများ ယူဆနေသကဲ့သို့ အလှမ်း မဝေးလှတော့ပါ။

မြန်မာနှင့် အီဂျစ် နိုင်ငံရေး အနေအထားများတွင် အခြားတူညီချက်များလည်း ရှိနေ ပါသေးသည်။ နိုဘယ်ဆုရှင် ဒီမိုကရေစီ ခေါင်းဆောင် မိုဟာမက် အယ်ဘာရာဒေး မိခင် အီဂျစ်သို့ ပြန်လာကာ ဆန္ဒပြပွဲများတွင် ပါဝင်၍ အကျယ်ချုပ် ထိန်းသိမ်းခြင်း မခံရမှီ သြစတြေးလျား၌ အင်တာဗျူး တွင် ပြောကြားခဲ့သည့် အတိုင်း မြန်မာနိုင်ငံမှ နိုဘယ်ဆုရှင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် များစွာ တူညီလျက် ရှိသည်။ အီဂျစ်တွင် လွန်ခဲ့သော နှစ်လခန့်က လွှတ်တော် ရွေးကောက်ပွဲများ ပြုလုပ်ခဲ့သော်လည်း အစ အဆုံး လိမ်ညာလှည့်ဖြား ထားခြင်း ဖြစ်သည် ဟု ဘာရာဒေးက ပြောကြားခဲ့သည်။ သမ္မတ ဟော့ဇနီမူဘာရတ် ၏ ပါတီသည် အတိုက်အခံ ပါတီကို ၃%မျှသာ အသာရရှိခဲ့သည်ကို စဉ်းစားကြည့်ပါ။ အမေရိကန် ပြည်ထောင်စု အစိုးရက ယင်းရွေးကောက်ပွဲကို စိတ်ပျက် အံ့အားသင့်ရသည်ဟု ပြောကြားခဲ့သည်။ "ပွင့်ပွင့်လင်းလင်း ပြောရလျှင် စိတ်ပျက် တုန်လှုပ်မိသည်ဟု သာ ပြောနိုင်ကြခြင်းကိုပင် စိတ်ပျက်မိပါသည်။ ဤစကားလုံးသည် အီဂျစ် ပြည်သူများ ခံစားနေရသော ဒုက္ခများကို လုံလုံ လောက်လောက် ဖော်ပြ နိုင်ခြင်း မရှိပါ" ဟု ယင်းက ပြောကြားခဲ့သည်။

အကယ်၍ မြန်မာ နေရာကို အီဂျစ်၊ အာဆီယံ နေရာကို အမေရိကန်ဖြင့် အစားထိုး ကြည့်ပါက ဆင်တူသော ဇာတ်လမ်း တစ်ခုကို မြင်တွေ့ ရပါမည်။

အမေရိကန် ပြည်ထောင်စုနှင့် အခြား အနောက်နိုင်ငံများ ကဲ့သို့ပင် ထိုင်းနိုင်ငံသည် ပျော့ပြောင်း သော ဝေဖန်မှု အချို့ကို မကြာခဏ ဖိနှိပ်သော မြန်မာ အစိုးရနှင့် စီးပွားရေး လုပ်ရန် အတွက် နိုင်ငံရေးနှင့် ငွေကြေးဆိုင်ရာ သိက္ခာ အပွန်းခံ ရေတို လုပ်ငန်းများကို ယခင်ကပင် လုပ်ဆောင် ခဲ့သည်။

ပြီးခဲ့သော အောက်တိုဘာလက ၀န်ကြီးချုပ် အဘီဆစ် ပဲ့ဂျာဂျီဗား နေပြည်တော်သို့ သွားရောက်ကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် လက်ဆွဲ နှုတ်ဆက်နေပုံကို ဓာတ်ပုံ အရိုက်ခံခဲ့စဉ်က ယင်းသည် ဓာတ်ပုံ၌ အသက် ၀င်ခြင်း မရှိပဲ စိတ်နှင့်လူ တစ်ခြားစီ ရှိပုံကို ၀န်ကြီးချုပ်၏ မျက်နှာတွင် ရှင်းလင်းစွာ မြင်နိုင်သည်။

သို့သော်လည်း ၀န်ကြီးချုပ် အဘီဆစ်သည် စိတ်မသိုးမသန့် ဖြစ်မှု မှန်သမျှကို ဘေးဖယ်ထားကာ ဤအစား မြန်မာနိုင်ငံ၏ ကျယ်ပြန့်သော အင်ဒါမန် ပင်လယ်မှ ထားဝယ် ရေနက် ဆိပ်ကမ်း တည်ဆောက် လုပ်ကိုင်ရေး ကန်ထရိုက် အပါအ၀င် မြန်မာနိုင်ငံ၌ ကြီးမားစွာ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုတို့မှ ထိုင်းကုမ္ပဏီများထံ ဆောင်ကြဉ်းပေးမည့် အကျိုး ကျေးဇူးများကိုသာ ခေါင်းထဲ ထည့် ထားခဲ့သည်။ မစ္စတာ အဘီဆစ်သည် အလားတူ စီးပွားရေးအရ ဈေးတွက်တွက်ခဲ့သော ယခင် ထိုင်း ၀န်ကြီးချုပ်များနှင့် ကွာခြားခြင်း မရှိသကဲ့သို့ ဘားရက် အိုဘားမားသည်လည်း အီဂျစ် အရေးနှင့် ပတ်သက်၍ ကိုယ့်ကိုကိုယ် တန်ဖိုးချခဲ့သည့် ယခင် သမ္မတ ဟောင်းများနှင့် ခြားနားခြင်း မရှိပါ။ သို့သော်လည်း အမေရိကန်ပြည်ထောင်စု ၏ ကဏ္ဍတွင်မူ စဉ်းစား သုံးသပ် ဆင်ခြင်မှုများမှာ စီးပွားရေး အရသာမကပဲ လုံခြုံရေး အရပါ များစွာ ထည့်သွင်း စဉ်းစားရသည့် သဘောရှိသည်။

ပြောလိုသည့် အချက်မှာ ထိုင်းနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့် လုံးလုံးလျားလျား ဆက်ဆံရေး ဖြတ်တောက်ရမည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ တွေ့ဆုံ ညှိနှိုင်းမှုမှတဆင့် အပြောင်းအလဲ ဖြစ်ပေါ်အောင် ကြိုစားလျှင် ထိုင်း ရင်းနှီးမြှုပ်နှံမှု စီမံကိန်း မှန်သမျှအတွက် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာနှင့် လူ့အခွင့်အရေး ဆိုင်ရာ စံညွှန်းများ ကိုက်ညီအောင် တောင်းဆိုလျှင် ပို၍ ကောင်းမွန်မည်ဟု ဆိုလိုခြင်းသာ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သည်လည်း မြန်မာနိုင်ငံသို့ ပြည်ပမှ လာရောက် ရင်းနှီး မြှုပ်နှံမှုများကို ပြစ်တင် ရှုတ်ချခဲ့ခြင်း မရှိပဲ အမှန်အမှား ခွဲခြားသိသည့် စိတ်ဓာတ်ဖြင့် လုပ်ကိုင် ဆောင်ရွက်ကြရန် ဆွစ်ဇာလန် ဒါဗို့စ် ကမ္ဘာ့စီးပွားရေး ဖိုရမ် တက်ရောက်သူများထံ အသံသွင်း နှုတ် ဆက်လွှာ ပေးပို့ တိုက်တွန်းခဲ့သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံသူများ၊ လာရောက် ရင်းနှီးမြှုပ်နှံမည့် သူများကို တောင်းဆိုလိုသည့် အချက်မှာ ဥပဒေ လေးစားရေးကိစ္စ၊ သဘာဝ ပတ်ဝန်းကျင် လူမှုဆိုင်ရာ ကိစ္စရပ်များ၊ အလုပ်သမား အခွင့်အရေးကိစ္စများ၊ အလုပ်အကိုင် ဖန်တီးရေးနှင့် နည်းပညာ ကျွမ်းကျင်မှု မြှင့်တင်ပေးရေး ကိစ္စများ အပေါ် ဦးစားပေး အလေးထားကြဖို့ ဖြစ်ပါတယ် ဟု သူမက ပြောဆိုခဲ့သည်။

ထိုင်းအစိုးရက "ယင်းတို့သည် ဤနယ်ပယ်များကို ဦးစားပေး အလေးထားရန် သတ်မှတ် ထားကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံနှင့် ပတ်သက်သည့် တရားဝင် ရင်းနှီးမြှုပ်နှံမှုများ၊ ကန်ထရိုက် လုပ်ငန်းများ မှန်သမျှ အတွက် ပြောကြားခြင်း ဟုတ်၊ မဟုတ်ကို မသဲကွဲ" ဟု ပြောကြားခဲ့ သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းဌာနမှ 29 January 2011 ရက်စွဲပါ Secrecy swirls as Myanmar prepares new parliament သတင်းကို ဘာသာ ပြန်ဆိုသည်)

တနင်္လာနေ့ မနက် ၈ နာရီ ၅၅ မိနစ် အချိန်တွင် မြန်မာ နိုင်ငံ၏ ပွင့်သစ်စ လွှတ်တော်ကို တရားဝင် ဖွင့်လှစ်ရန် အတွက် ယူနီဖောင်းဝတ် စစ်သား ရာဂဏန်းနှင့် ရွေးချယ် တင်မြှောက်ခံ လွှတ်တော် ကိုယ်စားလှယ် တစ်ထောင်ကျော်တို့  နိုင်ငံ အလယ်ပိုင်း အုပ်ချုပ်ရေး မြို့တော်တွင် အတူတကွ စုဝေးကြတော့မည် ဖြစ်သည်။

မြန်မာ အစိုးရ ယုံကြည်လွန်းသော ဗေဒင် နက္ခတ် ပညာ၏ ထွက်ကုန် တစ်ခု ဖြစ်သည့် အချိန် တိုင်မင် ကိုက်မှုသည် ၁၉၆၂ ခုနှစ်က စတင်ခဲ့သော စစ်အုပ်ချုပ်ရေး အောက်တွင် နာလံ မထူ နိုင်လောက်အောင် ညှိုးရော်နေသော မြန်မာ နိုင်ငံ အတွက် ထူးခြားမှု တစ်ခုဟု ဆိုနိုင်သည့် လွှတ်တော်သစ်၏ သွင်ပြင် လက္ခဏာ တစ်ခုပင် ဖြစ်သည်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်ခြင်းနှင့် လိမ်ညာမှု၊ ခြိမ်းခြောက်မှု အထောက် အထားများကြောင့် နာမည် ပျက်ခဲ့ရသော နိုဝင်ဘာ ရွေးကောက်ပွဲ အပြီးတွင် လွှတ်တော် သစ်အတွင်းမှ အမည်ခံ လူတစ်အုပ်နှင့် အတူ စစ်အစိုးရက ဆက်လက် စံစား ပျော်မွေ့ဦးမည် ဖြစ်သည်။

လွှတ်တော် ကိုယ်စားလှယ် နေရာ လေးပုံ တစ်ပုံကို မဲပေးပွဲ မတိုင်မီကပင် တပ်မတော် အတွက် သီးသန့် ဖယ်ထားပြီး ဖြစ်သည့် အပြင် တပ်မတော် နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကလည်း ကိုယ်စားလှယ် နေရာပေါင်း ၁၁၅၄ နေရာတွင် ၈၈၂ ဦး အနိုင် ရရှိကာ အောင်ပွဲခံ ထားသည်ဟု ဆိုသည်။

အမျိုးသား လွှတ်တော်နှင့် ဒေသလွှတ်တော် ၁၄ ခုကို နေပြည်တော်တွင် ခေါ်ယူ စည်းဝေးခြင်းသည် စစ်အစိုးရက ၂၀၀၃ ခုနှစ်တွင် ချမှတ်ခဲ့သော "စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ စနစ်သို့ လမ်းညွှန်မြေပုံ" ၏ နောက်ဆုံး အဆင့်သို့ နိုင်ငံကို ဦးလှည့်လိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း လက်ရှိ အာဏာရ စစ်ဖက် အစိုးရက နှစ်ပေါင်း များစွာ ကြိုတင် စီစဉ် ပြင်ဆင် နေခဲ့ချိန်တွင် လွှတ်တော် အမတ်များ ကိုယ်တိုင်မှာမူ လွှတ်တော် အမတ် တစ်ဦး ဖြစ်လာလျှင် လုပ်ရမည့် လုပ်ငန်းနှင့် ပတ်သက်၍ "ပျောက်သော လမ်းမှာ စမ်းတဝါးဝါး" ဖြစ်နေကြဆဲပင် ဖြစ်ချေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းဌာနမှ 30 January 2011 ရက်စွဲပါ China Blocks Egypt Online ကို ဘာသာ ပြန်ဆိုသည်)

တရုတ် နိုင်ငံက တိုင်းပြည် အနှံ့ ကျယ်ပြန့်စွာ လူကြိုက်များ အသုံးပြုကြသည့် Twitter ကဲ့သို့ အွန်လိုင်း ဝန်ဆောင်မှုများတွင် "Egypt" ဟူသော စကားလုံးကို ပိတ်ထားလိုက် သည့်အပြင် အီဂျစ် နိုင်ငံရေး အကျပ်အတည်းနှင့် ပတ်သက်သည့် သတင်း ဖော်ပြမှုကို နိုင်ငံပိုင် မီဒီယာတွင် တင်းတင်း ကြပ်ကြပ် တားမြစ်ထားသည်။

တရုတ် အာဏာရ ကွန်မြူနစ် ပါတီသည် လူထု အုံကြွမှုကို လှုံ့ဆော်နိုင်သည့် အလား အလာ မှန်သမျှကို ဆတ်ဆတ် ထိမခံ အကဲဆတ် လွန်းသည့် အဖွဲ့အစည်း ဖြစ်သည်။

တရုတ် နိုင်ငံ၏ Micro-Blogging service တွင် အီဂျစ် ဟူသော စာလုံးကို ရိုက်နှိပ် ရှာဖွေ ပါက "သက်ဆိုင်ရာ ဥပဒေများ၊ စည်းကမ်းများနှင့် မူဝါဒများ အရ ရှာဖွေသည့် အကြောင်း အရာကို ဖော်ပြခြင်း မပြု" ဟူသော စာတမ်း ထွက်ပေါ်လာသည်။ တရုတ် နိုင်ငံတွင် Twitter ကို အသုံး ပြုသူ အရေအတွက် သန်းငါးဆယ် ကျော်သည်ဟု သိရသည်။

သမ္မတ ဟော့စနီ မူဘာရက် အာဏာရှင် အစိုးရကို ဆန့်ကျင်သည့် သွေးစွန်းသော ဆန္ဒပြပွဲများ နှင့် ပတ်သက်၍ နိုင်ငံပိုင် CCTV နှင့် Xinhua စင်ဟွာ သတင်းဌာနများက သတင်း ဖော်ပြခဲ့သော်လည်း အဓိက သတင်း Website များတွင် အီဂျစ် ဆန္ဒပြပွဲ သတင်းများကို စာပိုဒ် အနည်းငယ်နှင့် ဓာတ်ပုံ အနည်းငယ် မျှသာ ထည့်သွင်းရန် ကန့်သတ် ထားသည်။

အီဂျစ် အရေးအခင်းကို မှတ်ချက် ပေးရန် ယမန်နေ့က တောင်းဆိုမှုကို တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာနက တုံ့ပြန်ခြင်း မရှိခဲ့ပါ။

အီဂျစ် အာဏာပိုင်များက နိုင်ငံတွင်း အင်တာနက်နှင့် လက်ကိုင်ဖုန်း အသုံးပြုမှုများကို သောကြာနေ့က စ၍ ကန့်သတ် ပိတ်ပင်ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဇန်န၀ါရီလ ၃၀ ရက် ၂၀၁၁ ရက်စွဲပါ www.haveer.com.mv တွင် David Stephens ရေးသားသော Maldives condemns Burma's rights record at UNHRC review ကို တိုက်ရိုက် ဘာသာပြန်သည်)

ဂျီနီဗာရှိ ကုလသမဂ္ဂ ဆိုင်ရာ မော်လ်ဒိုက် အမြဲတမ်း ကိုယ်စားလှယ် Iruthisham Adam က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ မြန်မာနိုင်ငံ အပေါ် ပြန်လည် သုံးသပ်ရေး ဆွေးနွေးပွဲတွင် မြန်မာ စစ်အစိုးရ၏ လူ့အခွင့်အရေး မှတ်တမ်းများ အပေါ် ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး သိသာ၍ ပွင့်လင်း မြင်သာသော ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

ပြောင်းလဲရန် အဆိုပြု တင်ပြသော အချက်များတွင် နှိပ်စက် ညှင်းပမ်းမှု ဆန့်ကျင်ရေး၊ ကွန်ဗင်းရှင်း ကဲ့သို့သော အဓိက ကုလသမဂ္ဂ လူ့အခွင့်အရေး စာချုပ်များ လက်မှတ် ရေးထိုးရန် ဒီမိုကရေစီ ပြောင်းလဲမှုအတွက် အတိုက်အခံနှင့် အပြုသဘော ဆောင်သော ဆွေးနွေးမှု လမ်းများ ဖွင့်ပေးရန် နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့မှ ထောင်များသို့ သွားရောက် ကြည့်ရှုနိုင်ရေး သဘော တူညီ ချက်အသစ် ပြန်လည် ပြုလုပ်ရန်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နှင့် လွတ်လပ် စွာ ပူးပေါင်း ဆောင်ရွက်ရန်တို့ ပါဝင်သည်။

Ms. Adam က မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတခြင်း မရှိသဖြင့် လက်မခံကြောင်း ပြောကြားခဲ့ပြီး ဒီမိုကရေစီ လမ်းညွှန် မြေပုံ (၇)ချက်သည် လမ်းဖွင့်ပေးခြင်း၊ ပွင့်လင်း မြင်သာမှု ရှိခြင်းနှင့် အားလုံး ပါဝင်နိုင်မှု ရှိခြင်းတို့ မရှိပါက အောင်မြင်မှု မရနိုင်ကြောင်း ခန့်မှန်းခဲ့သည်။

သို့သော် သူမသည် မြန်မာ စစ်အစိုးရက လူ့အခွင့်အရေး လှုပ်ရှားသူနှင့် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခဲ့ခြင်းအတွက် ကောင်းချီး ပေးခဲ့သည်။

Ms. Adam က မြန်မာနိုင်ငံ၏ လက်ရှိ အားကောင်းသော ဒီမိုကရေစီ ဖြစ်ပေါ်ရေးနှင့် လူ့အခွင့် အရေး ကာကွယ် စောင့်ရှောက်မှုများ အတွက် ရည်မှန်းချက်များကို ထောက်ခံ အသိအမှတ် ပြုခဲ့သည်။

နိုင်ငံခြားရေး ၀န်ကြီးဌာန ဆက်သွယ်ရေး ဒါရိုက်တာ Irushada Sattar က ပြောကြားရာတွင် မော်လဒိုက်၏ လူ့အခွင့်အရေး လေးစား လိုက်နာရန် နှင့် ဒီမိုကရေစီ အတွက် ပြင်းထန်သော ရပ်တည်ချက်သည် အာရှအတွက် သာမက ကမ္ဘာတစ်ဝှမ်းလုံး အတွက်ပါ ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

Mrs. Saltar က မြန်မာ ကိုယ်စားလှယ်များ၏ ပြောကြားချက်များကို အစည်းအဝေး အပြီး တနင်္လာနေ့တွင် တုန့်ပြန်မှုများ ပြုလုပ်နိုင် လိမ့်မည်ဟု ဆိုသည်။

မော်လ်ဒိုက်သည် မြန်မာအတွက် သုံးသပ်ချက် အတွက်သာ ကြီးကြပ်သူ အဖြစ် ဆောင်ရွက်ခဲ့ခြင်း မဟုတ်ပဲ St.Kitts and Nevis, Australia, Nauru, နီပေါ၊ ရ၀မ်ဒါ တို့အပေါ် သုံးသပ်ချက်များကို ပြီးခဲ့သည့် အပတ်က ပြုလုပ်ရာတွင် ကြီးကြပ်သူအဖြစ် ဆောင်ရွက်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.