Transparency Myanmar

transparency.myanmar@gmail.com

နယ်နိမိတ် ပိုင်ဆိုင်မှု ဆိုင်ရာ အငြင်းပွားမှုကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုများကို အဆုံးသတ်ရန် လုပ်ကိုင်လျက် ရှိကြောင်း ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံက ထုတ်ဖော် ပြောဆိုသည်။ နှစ်နိုင်ငံ နယ်စပ်ဒေသရှိ ပရာဗီဟာရာ ဘုရားကျောင်းအတွင်းရှိ နယ်နိမိတ် ပိုင်ဆိုင်မှုကြောင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူငါးဦး သေဆုံးခဲ့သည်။ ယင်းပစ်ခတ်မှုများ အဆုံးသတ်ရန် အိမ်နီးချင်း နှစ်နိုင်ငံ သဘော တူညီခဲ့ကြပြီးနောက် နယ်စပ်ဒေသ ဆိုင်ရာ တင်းမာမှုများ ရပ်တန့်နိုင်ရေး အတွက် လုပ်ဆောင်လျက် ရှိကြောင်း ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြဿနာကို ကိုင်တွယ် ဖြေရှင်းမှုနှင့် ပတ်သက်၍ ပြည်တွင်း၌ ရှပ်ဝါနိုင်ငံရေး အင်အားစုများ၏ ဖိအားပေးမှု ခံနေရသော ဝန်ကြီး အဖိဆစ်ဝိချာချီဝက နှစ်ဖက်သော နိုင်ငံမှ စစ်တပ်များနှင့် နိုင်ငံရေး ဝန်ကြီးဌာနများ ပူးပေါင်းပြီး အခြေအနေ ပုံမှန် ပြန်ဖြစ်အောင် ကြိုးစား လုပ်ကိုင် နေကြကြောင်း ပြောကြားသည်။ လွန်ခဲ့သည့် ၁၁ ရာစုနှစ်က လက်ရာ ဖြစ်သော ပရာဗီဟာရာ ဘုရားရှိခိုးကျောင်း အနီးတစ်ဝိုက် အကြီးစား ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် နယ်စပ်ဒေသ အခြေအနေမှာ စိုးရိမ် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

အဆိုပါဖြစ်ရပ်ကို ကြည့်လျှင် မိမိတို့အနေဖြင့် ထိုင်းနိုင်ငံ အချုပ်အခြာ အာဏာပိုင်နက် ကာကွယ်ရေးနှင့် ပတ်သက်၍ မည်သည့်အခါမျှ ပျက်ကွက်ခဲ့ခြင်း မရှိကြောင်း အပတ်စဉ် ရုပ်သံ မိန့်ခွန်း အစီအစဉ်မှ တစ်ဆင့် ဝန်ကြီးချုပ် အဖိဆစ်က ပြောဆိုသည်။

ပရာဗီဟာရာ ဘုရားကျောင်းတွင် စခန်းချထားသော ထိုင်းစစ်တပ်မှ စစ်ဗျူဟာမှူးက အခြေအနေမှာ တင်းမာခဲ့ကြောင်း ပြောဆိုသည်။ "နှစ်ဖက်စလုံး အခု အချိန်အထိ သတိရှိရှိနဲ့ စောင့်ကြည့်နေကြတယ်" ဟု ၎င်းက ဆိုပြီး ထိုင်းနှင့် ကမ္ဘောဒီးယား စစ်တပ်တို့ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဆွေးနွေးခဲ့ကြကြောင်း၊ အခြေအနေ တိုးတက် ကောင်းမွန်အောင် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း အသိပေး ပြောဆိုသည်။

ပရာဗီဟာရာမှာ ဟိန္ဒူဘုရားကျောင်း ဖြစ်ပြီး အဆိုပါ ဘုရားကျောင်း ပရဝုဏ် အနီးတစ်ဝိုက် ဒေသကို နှစ်နိုင်ငံစလုံးက သူပိုင်ထိုက်၊ ကိုယ်ပိုင်ထိုက် အငြင်းပွားခဲ့ကြခြင်း ဖြစ်သည်။ နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများတွင် အမြောက်များ၊ မော်တာများ၊ ရော့ကက်များ အသုံးပြုခဲ့ကြပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ လေ့လာ သုံးသပ်သူများ အဆိုအရ အဆိုပါ နယ်စပ်ဒေသ အရေးကိစ္စကို နှစ်နိုင်ငံစလုံးက ပြည်တွင်း အမျိုးသားရေး နှိုးကြားမှု အတွက် အသုံးချနေကြခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဖြစ်ပွားသော တိုက်ပွဲကြောင့် ကမ္ဘောဒီးယား စစ်သားနှစ်ဦးနှင့် အရပ်သား တစ်ဦး သေဆုံးခဲ့ရပြီး ထိုင်းနိုင်ငံဘက်တွင် နယ်စပ်ဒေသမှ ရွာသားတစ်ဦး သေဆုံးခဲ့ကြောင်း နှစ်ဖက်စလုံးက ထုတ်ဖော် ပြောဆိုသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ်မှုများ ခဏတာမျှ ဖြစ်ပွားခဲ့ရာ ထိုင်းစစ်သား တစ်ဦး ထပ်မံ သေဆုံးခဲ့ရသည်။ နှစ်နိုင်ငံ မီဒီယာများက ထိခိုက် သေဆုံးမှုများ ပိုမို များပြားနိုင်ကြောင်း ရေးသားကြသော်လည်း ထိုင်းသတင်းစာများက ကမ္ဘောဒီးယား စစ်သား ၆၄ ဦး ကျဆုံးခဲ့ရသည်ဟု သတင်း ပေးပို့သည်။ နယ်စပ်ဒေသ တစ်လျှောက်တွင် သေဆုံးခဲ့သော ထိုင်းစစ်သား ဦးရေ အနည်းဆုံး ၃၀ ခန့် ရှိသည်ဟု လည်း ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားမှုကြောင့် နယ်စပ်ဒေသ ကျေးရွာများတွင် နေထိုင်သူများအား အရေးပေါ် ကယ်ဆယ် ပြောင်းရွှေ့ပေးခဲ့ရသည်။ ထိုင်းနိုင်ငံ တစ်ဖက်တည်းတွင် ဒုက္ခသည်များ အဖြစ် အိုးအိမ်ပစ်ကာ ထွက်ပြေးရသူ ၈၀၀၀ ဝန်းကျင် ရှိကြောင်း Sri Sa Ket ပြည်နယ် အုပ်ချုပ်ရေးမှူး အဆိုအရ သိရသည်။ သို့သော် တိုက်ပွဲများ ဖြစ်ပွားပြီး နှစ်ရက် အကြာခန့်တွင် စစ်ရှောင်သူ ရွာသားများ နေအိမ် အသီးသီးသို့ ပြန်သွားကြသည်ဟု ဆိုသည်။ "အခြေအနေက တိုးတက် ကောင်းမွန်နေပါတယ်" ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

ယင်းနယ်စပ်ပြဿနာနှင့် ပတ်သက်၍ နှစ်ဖက်စလုံးက ၂ နှစ်တာ ကာလအတွင်း အပြန်အလှန် ပြစ်တင် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ ကုလသမဂ္ဂက ပရာဗီဟာရာ ဘုရားကျောင်းကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ၂၀၀၈ ခုနှစ်၊ ဇူလိုင်လတွင် သတ်မှတ်ခဲ့ပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယား ဆက်ဆံရေးမှာ ခပ်တင်းတင်း ဖြစ်လာခဲ့သည်။

ကမ္ဘာ့တရားရုံးက အဆိုပါ ဘုရားကျောင်း၏ ပင်မဝင်ပေါက်မှာ ထိုင်းနိုင်ငံဘက်တွင် ရှိသော်လည်း ကမ္ဘောဒီးယား နိုင်ငံကသာ ပိုင်ဆိုင်ကြောင်း ၁၉၆၂ ခုနှစ်တွင် ဆုံးဖြတ်ချက် ချမှတ်ပေးခဲ့သည်။ အဆိုပါ ဘုရားကျောင်း ပရဝုဏ် အနီးတဝိုက်မှ ၄ ဒဿမ ၆ စတုရန်း ကီလိုမီတာ အကျယ် နယ်မြေကို နှစ်ဖက်စလုံးက သူပိုင်ထိုက် ကိုယ်ပိုင်ထိုက် အငြင်းပွားနေကြခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံ၏ ရှပ်ရောင်စုံ နိုင်ငံရေးတွင် ပါဝင်သော ရှပ်ဝါအင်အားစု ၅၀၀၀ ခန့်က အဆိုပါ နယ်စပ်ပြဿနာ ကိုင်တွယ် ဖြေရှင်းရာတွင် ညံ့ဖျင်းသည်ဟု စွပ်စွဲကာ ဝန်ကြီးချုပ် အဖိဆစ်ဝိချာချီဝအား ရာထူးမှ နုတ်ထွက်ပေးရန် ဘန်ကောက်မြို့ရှိ အစိုးရရုံး ပရဝုဏ် အပြင်ဘက်၌ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

အဆိုပါ အရေးကိစ္စတွင် အရှေ့တောင် အာရှ နိုင်ငံများ (အာဆီယံ) က ကြားဝင် ဖြေရှင်းသင့်သည် ဟူသော အကြံပြု ပြောဆိုချက်များလည်း ထွက်ပေါ်လျက် ရှိသည်။ ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန အဆိုအရ လက်ရှိ အာဆီယံ ဥက္ကဌ ရာထူး ရယူထားသော အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa လာရောက် လည်ပတ်မည်ဟု သိရသည်။ သို့သော် ခရီးစဉ်အတွင်း ဆွေးနွေးမည့် အကြောင်းကိစ္စကို မသိရှိရသေးပေ။ ထိုင်းဝန်ကြီးချုပ် အဖိဆစ်ကမူ အာဆီယံ ကြားဝင် ဖြေရှင်းရန် မလိုအပ်ဟု ပြောဆိုလိုက်သည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဖေဖော်ဝါရီလ ၇ ရက် ၂၀၁၁ ရက်စွဲပါ The New York Times သတင်းစာပါ Thomas Fuller ၏ Aung San Suu Kyi's Party weighs support of Myanmar Sanctions ကို ဘာသာ ပြန်ဆိုသည်)

          တရားဝင် ဖျက်သိမ်း ခံရသော်လည်း လက်ခံခြင်း မရှိသည့် ပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ အရေးယူ ပိတ်ဆို့မှုများကို ဆက်လက် ထားရှိရေး အတွက် ထောက်ခံမှုကို အတည်ပြု ပြောကြားခဲ့ကြောင်း ပါတီ ထိပ်တန်း တာဝန်ရှိသူ တစ်ဦးက တနင်္လာနေ့က ပြောကြားခဲ့သည်။

          အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦးက ရန်ကုန်မြို့တွင် Reuters သတင်းဌာနသို့ ပြောကြားရာတွင် ကုန်သွယ်ရေး ဆိုင်ရာ တားမြစ်ချက်များနှင့် စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုများသည် လက်ရှိ အုပ်ချုပ်သူ ခေါင်းဆောင်များနှင့် ယင်းတို့နှင့် ပတ်သက်သော စီးပွားရေး သမားများကိုသာ ထိခိုက်ပြီး ပြည်သူ အများစုကို မထိခိုက်ဟု ဆိုသည်။

          အခြား သတင်းများက ပါတီသည် ယခု ချမှတ်ထားသော သတ်သတ် မှတ်မှတ် မရှိသည့် စီးပွားရေး အရေးယူမှုများ အစား သတ်မှတ် ရည်ရွယ်သော အရေးယူမှုများကိုသာ ထောက်ခံ သွားမည်ဟု ဖော်ပြထားသည်။

          ပါတီ၏ sanction များအပေါ် ထောက်ခံမှုသည် အရေးကြီးသည်။ အဘယ်ကြောင့် ဆိုသော် ဝေဖန် သုံးသပ် သူများ၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည် မီးစိမ်းမပြပဲ အနောက်နိုင်ငံ အရေးယူမှု များ ဆိုသည်မှာ မဖြစ်နိုင်သော ကိစ္စ ဖြစ်သည်ဟု ဆိုသည်။ သူမအား ဆယ်စုနှစ် နှစ်ခုနီးပါး နေအိမ် အကျယ်ချုပ် ချထားခြင်းသည် အနောက်နိုင်ငံ sanction များကို ဖြစ်ပေါ်စေခြင်း အကြောင်း ဖြစ်သည်။

          Sanction များကြောင့် အနောက်နိုင်ငံများမှ ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ် မရပေ။ ထို့ကြောင့် တရုတ်၊ ထိုင်း နှင့် အိမ်နီးချင်း နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများ အတွက် နေရာရ လမ်းပွင့်သွားခဲ့ပြီး မြန်မာနိုင်ငံ၏ များပြားလှသော သယံဇာတများကို အမြတ်ထုတ် နိုင်ခဲ့ပေသည်။

          အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောကြားရာတွင် အင်္ဂါနေ့တွင် အစီရင်ခံစာ မထုတ်ပြန်မချင်း ယင်းအနေဖြင့် ပါတီ၏ ရပ်တည်မှုနှင့် ပတ်သက် မှတ်ချက် မပေးလိုကြောင်း ပြောကြားခဲ့သည်။ ပါတီ၏ Sanction များကို ပြန်လည် သုံးသပ်ခြင်းကို နိုဝင်ဘာလ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး ထိုကိစ္စအား သူမက ပြန်လည် သုံးသပ်မည်ဟု ပြောခဲ့ပြီး နောက်ပိုင်း ဖြစ်သည်။

          မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ပြုလုပ်ပြီး နှစ်ပေါင်း နှစ်ဆယ် အတွင်း ပါလီမန် အစည်းအဝေး စတင် ကျင်းပ နေပြီ ဖြစ်သော်လည်း မြန်မာ နိုင်ငံသည် ဒေသတွင်း ဖိနှိပ်မှု အများဆုံးနိုင်ငံ ဖြစ်နေဆဲ ဖြစ်သည်။

          မြန်မာနိုင်ငံမှ လူ့အခွင့်အရေးများကို စောင့်ကြည့်သော ထိုင်းနိုင်ငံ အခြေစိုက် The Assistance Association for Political Prisoners က တနင်္လာနေ့က ပြောကြားရာတွင် မြန်မာ အစိုးရသည် နိုင်ငံရေး အကျဉ်းသား (၂၁၈၉) ဦး ဖမ်းဆီးထားရာ ဘုန်းတော်ကြီး (၂၅၄)ပါးနှင့် ဒေါ်အောင်ဆန်းစုကြည် ၏ ပါတီမှ အဖွဲ့ဝင် (၃၉၇)ဦး ပါဝင်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် အပတ်က စစ်တပ် လွှမ်းမိုးသော ပါလီမန်သည် သမ္မတ ရွေးချယ်ပေးခဲ့ပြီး ၁၉၆၂ အာဏာ သိမ်းရာမှ စတင်ခဲ့သော စစ်တပ်၏ ချုပ်ကိုင်မှုကို ဆက်လက် ဖြစ်ပေါ်စေခဲ့သည်။

Obama အစိုးရ၏ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ပြန်လည် သုံးသပ်သော ၀ါရှင်တန် မူဝါဒသည် ထင်ရှားသော ရလဒ်များ ထွက်ပေါ်ခြင်း မရှိခဲ့ပေ။ Obama က နိုဝင်ဘာလ ရွေးကောက်ပွဲ အား လွတ်လပ် တရားမျှတမှု မရှိဟု ဆိုခဲ့သည်။

"အမေရိကန် အမတ်တွေ လျို့ဝှက် ညှိနှိုင်းမှုတွေ ကလည်း ဘာမှ ဖြစ်မလာပါဘူး။ အနောက် နိုင်ငံတွေကို တစိမ်း တရံစာလို ဆက်လက် ဆက်ဆံနေတုန်းပဲ။ တံခါးက ဖွင့်လာပြီး ပြန်ပိတ်သွား ပြန်ပြီဗျ"ဟု သြစတြေးလျ နိုင်ငံ ဆစ်ဒနီမှ Macquarie တက္ကသိုလ်မှ မြန်မာ့ စီးပွားရေး ပညာရှင် Sean Turnell က ပြောကြားခဲ့သည်။

Sanction များကို ဆက်လက် ထားရှိခြင်းသည် မြန်မာ နိုင်ငံတွင် စီးပွားရေး လုပ်နေသော တရုတ် ကုမ္ပဏီများကို အကျိုး ဖြစ်ထွန်းစေသည်။ အထူးသဖြင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းတွင် တရုတ်တို့ များစွာ အကျိုးရှိသည်ဟု Mr. Turnell က ပြောသည်။

"Beijing မှာ ရှိတဲ့ ရေနံ ကုမ္ပဏီတွေကတော့ ပျော်နေမှာပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံဟာ တရုတ် အစိုးရကို ပြဿနာ ပေးနေဆဲ ဖြစ်ပါတယ်။ တရုတ် အစိုးရက ပုံမှန် တိုင်းပြည် တစ်ခုဖြစ်ဖို့ အားပေးနေ ပေမယ့် စစ်အစိုးရက လိုက်လိုက် လျောလျော တုန့်ပြန်မှု မရှိပါဘူး"ဟု Turnell က ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ နိုင်ငံအပေါ် ဒဏ်ခတ် အရေးယူမှုများ ဖယ်ရှားပေးရန် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ (အီးယူ) တို့အား အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့(အာဆီယံ)၏ နောက်ဆုံး တောင်းဆိုချက်မှာ ၎င်းတို့၏ ပြည်တွင်း နိုင်ငံရေး အခြေအနေများကြောင့် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက အင်ဒိုနီးရှား နိုင်ငံ၊ အနောက် နူဆာတန်ဂါရာ ဒေသ လွန်းမ်ဘွတ်ကျွန်း (Lombok Island) ၌ ကျင်းပ ပြုလုပ်ခဲ့သော အာဆီယံ ဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကို ဒဏ်ခတ် အရေးယူမှုများ ဖယ်ရှားပေးရန် အာဆီယံအဖွဲ့က ထုတ်ဖော် တောင်းဆိုခဲ့သည်။

သို့သော် ယခုလို ဒဏ်ခတ် အရေးယူမှုများ ဖယ်ရှားမည့် ကိစ္စသည် မြန်မာနိုင်ငံအတွက် အကောင်းဆုံးသော အဖြေတစ်ခုဖြစ်သည် ဟူသော အချက်ကို အာဆီယံဝန်ကြီးများ အနေဖြင့် အမေရိကန်ပြည်ထောင်စု အပါအဝင် အီးယူ အဖွဲ့ဝင်နိုင်ငံများမှ အဆင့်တူ ဝန်ကြီးများ၊ အရာရှိကြီးများ ယုံကြည် လက်ခံလာအောင် ပြောဆိုရန် လိုအပ်သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်တွင်းမှ နိုင်ငံရေးသမားများ နှင့် ထိပ်တိုက် ရင်ဆိုင်ဖြေရှင်းမည် သို့မဟုတ် နိုင်ငံရေးသမားများ နားလည် လက်ခံအောင် ပြောဆိုနိုင်မည် ဟူသော အချက်မှာလည်း ၎င်းတို့အပေါ်တွင်သာ မူတည်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

"တကယ်လို့ အမေရိကန် ပြည်ထောင်စုကသာ အာဆီယံအဖွဲ့ရဲ့ တောင်းဆိုချက်ကို မလိုက်ရောနိုင်ခဲ့ဘူး ဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်မှုတွေ အမြန်ဆုံး ပြုလုပ်လာတာ မြင်တွေ့ရဖို့ လွန်းမ်ဘွတ် ဆွေးနွေးပွဲမှာ အဆိုပြုလိုက်တဲ့ ကိစ္စဟာ သေးသိမ်သွားမှာ ဖြစ်ပါတယ်" ဟု အင်ဒိုနီးရှား တက္ကသိုလ်မှ နိုင်ငံတကာ ဆက်ဆံရေးပညာရှင် Hariyadi Wirawan က Jakarta Post သတင်းစာသို့ ပြောကြားသည်။

"မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဒဏ်ခတ် အရေးယူမှုတွေ ဖယ်ရှားပေးမယ့် ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် လွှတ်တော် နှစ်ရပ်ကို ယုံကြည် လက်ခံလာအောင် ပြောဖို့ဆိုတာ အမေရိကန် အစိုးရရဲ့ တာဝန်ပဲ ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

မြန်မာနိုင်ငံသည် အမေရိကန်ပြည်ထောင်စုက အလို ရှိနေသည့် ဒီမိုကရေစီ နိုင်ငံပုံစံမျိုး ဖြစ်လာဖွယ် မရှိကြောင်း၊ သို့သော် မလေးရှား သို့မဟုတ် စင်ကာပူ ကဲ့သို့သော နိုင်ငံများကဲ့သို့ ဖြစ်လာနိုင်ကြောင်း နိုင်ငံတကာ ဆက်ဆံရေး ပညာရှင် Hariyadi Wirawan က သုံးသပ်သည်။

အကယ်၍ အမေရိကန်ပြည်ထောင်စုက အာဆီယံ၏ တောင်းဆိုချက်ကို ပယ်ချရန် ဆုံးဖြတ်ခဲ့မည် ဆိုလည်း မြန်မာနိုင်ငံအနေဖြင့် ထိခိုက်နစ်နာစရာ တစ်စုံတရာ ရှိလာမည် မဟုတ်ဟု ဆိုသည်။ အကြောင်းမှာ မြန်မာသည် ဒီမိုကရေစီ ဖော်ဆောင်ရေးကို အစောတလျှင် အကောင်အထည် ဖော်နေသည့် နိုင်ငံ မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ပြင် မြန်မာကို အနီးကပ် ကျောထောက်နောက်ခံ ပြုမည့် အာရှအင်အားကြီးနှင့် အိမ်နီးချင်း တရုတ်နိုင်ငံလည်း ရှိနေသောကြောင့် ဖြစ်သည်ဟု ၎င်းက ထောက်ပြသည်။ မြန်မာနိုင်ငံကို အထီးကျန် ဖြစ်အောင် ပြုလုပ်မှုသည် နောက်ဆုံးတွင် အရှေ့တောင် အာရှဒေသ မတည်မငြိမ်မှုကိုသာ ဖြစ်ပေါ်စေမည် ဖြစ်သည် ဟုလည်း ဆိုသည်။

Parahyangan တက္ကသိုလ်မှ နိုင်ငံတကာ ဆက်ဆံရေး ပညာရှင် Bantarto Bandoro ကမူ ယခု အာဆီယံအဖွဲ့၏ အဆိုပြုချက်ကို ကြည့်လျှင် မြန်မာ့ အရေးကိစ္စများ ဖြေရှင်းရန် အခြားသော နည်းလမ်း မရှိတော့သည်မှာ ရှင်းလင်းနေကြောင်း၊ ဒဏ်ခတ်အရေးယူမှု ဖယ်ရှားရေး အပေါ်တွင်သာ မှီခိုနေရကြောင်း ပြောကြားသည်။

"တိကျထိရောက်တဲ့ ရလဒ်တွေ ထွက်ပေါ်လာဖို့ ဆိုရင် ဒဏ်ခတ် အရေးယူမှုတွေဟာ အပြုသဘော ဆောင်တဲ့ အရာတွေပါ။ ဒါပေမဲ့ အဲဒီမူဝါဒတွေဆိုတာ အချိန်နဲ့လိုက်ပြီး ပြန်လည် စိစစ် သုံးသပ်ဖို့ လိုပါတယ်။ နောက်ပြီး အပြုသဘော ဆောင်တဲ့ အပြောင်းအလဲတွေ ရှိလာတဲ့အခါ ဖယ်ရှားသင့်ရင် ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်" ဟု ၎င်းက Jakarta Post သို့ ပြောကြားသည်။ "အဲဒါကြောင့် အမေရိကန် ပြည်ထောင်စုက မြန်မာအပေါ် ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုတွေ နောက်ဆုံးမှာ ဖယ်ရှား ပေးလာရေးအတွက် အာဆီယံ အနေနဲ့ နိုးနိုးကြားကြားနဲ့ လုပ်ဆောင် သွားသင့်တယ်" ဟုလည်း ဆိုသည်။

လွန်းမ်ဘွတ် ဆွေးနွေးပွဲတွင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပ ပြီးဆုံးသွားပြီ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်လည်း နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီ ဖြစ်သောကြောင့် အမေရိကန် ပြည်ထောင်စု၊ အီးယူနှင့် ကနေဒါနိုင်ငံတို့ အနေဖြင့် မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားရေးကို စဉ်းစားရန် လိုအပ်နေပြီ ဖြစ်ကြောင်း တူညီစွာ ပြောဆိုခဲ့ကြသည်။

"မြန်မာနိုင်ငံရဲ့ လက်ရှိ ဖွံ့ဖြိုး တိုးတက်မှုတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက တုံ့ပြန်မှုပေးဖို့ လိုအပ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွေ ဖြစ်ထွန်းအောင် ဖန်တီးနိုင်သလား ဆိုတာကို သိအောင် လုပ်ရပါမယ်" ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က ဆွေးနွေးပွဲ အပြီးတွင် ပြောဆိုခဲ့သည်။

"မည်သို့ပင်ဆိုစေ ပိတ်ဆို့ အရေးယူမှုတွေ ဖယ်ရှားရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ရမယ် ဆိုတာကို သိထားသင့်ပါတယ်" ဟုလည်း ပြောကြားခဲ့သည်။

အာဆီယံ အဖွဲ့၏ အဆိုပြုချက်နှင့် ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ ဒုတိယ လက်ထောက် ဖြစ်သူ Joseph Y Yun က "အဲဒီ တောင်းဆိုချက်တွေဟာ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အကောင်းဆုံး အဆိုပြုချက်တွေပဲ ဖြစ်ပါတယ်။ မြန်မာ အာဏာပိုင်တွေ အနေနဲ့ အာဆီယံက ထောက်ပြ ပြောဆိုတဲ့ အချက်တွေကို အလေးအနက် ထားပြီး လက်တွေ့ အကောင်အထည် ဖော်နိုင်အောင် လုပ်ဆောင်သင့်ပါတယ်" ဟု မကြာသေးခင် ရက်ပိုင်းအတွင်း သုံးသပ် ပြောဆိုသည်။

အကယ်၍ နိုင်ငံတကာ အသိုင်းအဝိုင်း၏ အဆိုပြု တောင်းဆိုချက်များ အားလုံးကို မြန်မာ အစိုးရက လုပ်ဆောင်မည် ဆိုပါက အပြုသဘော ဆောင်သည့် တုံ့ပြန်မှု ရှိလာမည် ဖြစ်ကြောင်း အရှေ့အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ကျွမ်းကျင်သူ Joseph Y Yun က ဆက်လက် ပြောဆိုသည်။

"ဒီကိစ္စက ရှင်းပါတယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်စဉ် တိုးတက် ဖြစ်ထွန်းမှု ရှိလာနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း တုံ့ပြန်မှုတွေ အသေအချာ လုပ်လာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု ယင်းက ဆက်လက် ပြောခဲ့သည်။

Jakarta Post မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နာမည်ကျော် အမေရိကန် စွမ်းအင် ကော်ပိုရေးရှင်းကြီး တစ်ခုဖြစ်သည့် BP ၏ ရုရှား အခြေစိုက် ကုမ္ပဏီခွဲက စီးပွားရေး ဒဏ်ခတ် အရေးယူခြင်း ခံထားရသည့် နိုင်ငံများတွင် စွမ်းအင်ဆိုင်ရာ လုပ်ငန်းများ လည်ပတ် လုပ်ကိုင်ရန် နည်းလမ်း ရှာဖွေလျက် ရှိကြောင်း လျှို့ဝှက် သတင်းပေါက်ကြားမှု တစ်ရပ်ကို ကိုးကားကာ Telegraph သတင်းစာက ရေးသား ဖော်ပြသည်။

အမေရိကန် သံတမန်များ၏ လျှို့ဝှက်ကြေးနန်း တစ်ခုကို နာမည်ကျော် WikiLeaks က ထုတ်ဖော်ချက် အရ ရုရှား TNK-BP ဘုတ်အဖွဲ့က ခြွင်းချက်များ ပါဝင်သော အဆိုပြုချက်များကို ဗီတို အာဏာသုံး၍ ပယ်ချလိုက်ပြီးနောက် CEO  Bob Dudley အား ရုရှားမှ ထွက်သွားရန် ဖိအားပေး ခံခဲ့ရကြောင်း သိရသည်။ TNK-BP မှ ရုရှား ဒါရိုက်တာများက မြန်မာ၊ ကျူးဘားနှင့် ဆူဒန်နိုင်ငံများတွင် စွမ်းအင် လုပ်ငန်းများ လုပ်ကိုင်ရန် ဖိအား ပေးခဲ့ကြသည်ဟု မစ္စတာ Bob Dudley က အမေရိကန် အစိုးရ အရာရှိကြီးများအား ပြောဆိုခဲ့ကြောင်း ကြေးနန်းတွင် ဖော်ပြထားသည်။

အမေရိကန် BP ကော်ပိုရေးရှင်း၏ ကမ္ဘာလုံး အတိုင်းအတာ စွမ်းအင် ထုတ်လုပ်မှု၏ ၂၅ ရာခိုင်နှုန်းကို TNK-BP က လုပ်ကိုင် ဆောင်ရွက်ကြောင်း၊ ရုရှား နိုင်ငံရေးတွင် ပါဝင်သူ လူနည်းစုများ၏ Alfa-Access-Renova (AAR) နှင့် ဗြိတိန် ကုမ္ပဏီ တစ်ခုတို့ သဘော တူညီချက် တစ်ရပ် ရယူခဲ့ကြသည့် ၂၀၀၃ ခုနှစ်တွင် ထူထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လျှို့ဝှက် ကြေးနန်း မှတ်တမ်းကို ရုရှားနိုင်ငံ၊ မော်စကို အခြေစိုက် အမေရိကန် သံရုံးမှ ဝါရှင်တန်သို့ ၂၀၀၈ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် ပေးပို့ခဲ့သည်။ "AAR နှင့် German Khan တို့သည် ယင်းစီမံကိန်းများကို စိစစ်နိုင်ရေး အတွက်TNK-BP ၏ အရင်းအမြစ်များကို စနစ်တကျ အသုံးချ ခဲ့ကြသည်ဟု မစ္စတာ Bob Dudley က ဆိုသည်။ ၂၀၀၈ ခုနှစ်၊ ဇွန်လ ၁၆ ရက်စွဲဖြင့် ထွက်ပေါ်လာသော သံတမန် မှတ်တမ်း တစ်ခုတွင်လည်း TNK-BP မှ ဒုတိယ ဥက္ကဌ နှင့် အမေရိကန် အရာရှိကြီးများ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ အသေးစိတ်ကို ဖော်ပြထားသည် ဟု ဆိုသည်။

"AAR ၏ စီးပွားရေး မိတ်ဖက်များ၊ အထူးသဖြင့် German Khan တို့သည် BP ကော်ပိုရေးရှင်းက ရင်းနှီးမြှုပ်နှံမှု မပြုလုပ်နိုင်သော ကာဒစ္စတန်၊ ကျူးဘား၊ မြန်မာ အစရှိ သကဲ့သို့သော နိုင်ငံများမှ စီမံကိန်းများတွင် ရင်းနှီး မြှုပ်နှံရန် TNK-BP ၏ အရင်းအမြစ်များကို အသုံးချလျက် ရှိသည်" ဟု သံတမန် ကြေးနန်းတွင် ဖော်ပြထားသည်။

"TNK-BP ဘုတ်အဖွဲ့က အဆိုပြု ချက်များကို ပယ်ချလိုက်ချိန်တွင် German Khan က အဆိုပါ အဆိုပြုချက်များကို AAR ၏ ထိန်းချုပ်မှု လက်၌ ရှိသော သီးခြား ကုမ္ပဏီတစ်ခုသို့ လွှဲပေး လိုက်ကြောင်း၊ ယင်းအစီအစဉ် ကြာင့် German Khan နှင့် AAR၏ မိတ်ဖက် ကုမ္ပဏီများ အခြေအနေ ကောင်းမွန်ခဲ့ခြင်း ဖြစ်ကြောင်း" ဆက်လက် ဖော်ပြသည်။ German Khan ကုမ္ပဏီသည် သဘောထား မတည်ငြိမ်သော စီးပွားရေး အဖွဲ့အစည်း တစ်ခု ဖြစ်သည်ဟု မစ္စတာ Bob Dudley က စွပ်စွဲ ပြောဆိုကြောင်း အလားတူ မှတ်တမ်း တစ်ရပ်က ဆိုသည်။

ခရင်မလင် အစိုးရ အေးဂျင့်များသည် မိမိ ရုရှား နိုင်ငံတွင်းမှ အလုပ်သမား ဥပဒေ ချိုးဖောက်မှုဖြင့် ထွက်ခွာသွားအောင် ဖိအားပေးမှုများ၊ ညှင်းပန်း နှိပ်စက်မှုကို ဆက်တိုက် လုပ်ဆောင်ခဲ့သည် ဟုလည်း မစ္စတာ Bob Dudley က စွပ်စွဲပြောဆိုသည်။ အမေရိကန် သံတမန် ကြေးနန်း ပေါက်ကြားချက်အရ ရုရှား အစိုးရသည် TNK-BP ၏ စီးပွားရေး အုပ်စု နှစ်ခု အချင်းချင်း တိုက်ခိုက်မှုများ ဖြစ်ပေါ်စေရန် ဦးတည်ချက် ရှိခဲ့သည်ဟု မစ္စတာ Dudley က ယုံကြည်ခဲ့သည်။ အချင်းချင်း ယှဉ်ပြိုင် တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ဆက်လက် ရပ်တည်နိုင်သူအား ရုရှားနိုင်ငံ၏ တတိယမြောက် အကြီးဆုံး ရေနံ ကုမ္ပဏီကြီး တစ်ခု ထူထောင်ပေးရန် ခိုင်းစေမည်ဟုလည်း ၎င်းက ယုံကြည်သည်။ "အချင်းချင်း ဆားဘီးယား ကျားများကဲ့သို့ အပြန်အလှန် ကိုက်ခိုင်းပြီး အသက်ရှင်သော ကျားကို မိမိလိုရာ စေခိုင်းမည့် သဘော ဖြစ်သည်" ဟု ၎င်းက တင်စား ပြောဆိုခဲ့သည်။

အခြားသော သတင်း ပေါက်ကြားမှု တစ်ရပ်အရ မစ္စတာ Dudley နှင့် နိုင်ငံတကာပိုင်း ဆိုင်ရာ CEO Tony Hayward တို့အကြား ပါဝါယှဉ်ပြိုင်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ရုရှား စွမ်းအင် ဒုတိယဝန်ကြီး Vlamidir Milov က ထုတ်ဖော် အသိပေးခဲ့သည်။ မစ္စတာ Tony Hayward မှာ ရေနက်ပိုင်းတွင် သွယ်တန်းထားသော ပိုက်လိုင်းမှ ရေနံ ယိုစိမ့်မှုကြောင့် ရာထူးမှ နုတ်ထွက် ပေးလိုက်ရသူ ဖြစ်သည်။ (မှတ်ချက်- ၎င်းမှာ ယခုအခါ ရုရှားအခြေစိုက် TNK-BP ၏ CEO အဖြစ် လုပ်ကိုင်နေသည်။)

BP သည် လတ်တလော ကာလတွင် နိုင်ငံပိုင် Rosneft နှင့် စီးပွားရေး မဟာမိတ်အဖြစ် ပူးပေါင်းကာ အာတိတ်ဒေသ ရေနံ ရှာဖွေရေး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည်။

Rosneft ၏ ဥက္ကဌ Igor Sechin သည် မိမိအားထိုးစစ်ဆင်တိုက်ခိုက်ရန် နိုင်ငံရေး သြဇာအာဏာ ရှိသူ လူနည်းစုများကို ကျောထောက် နောက်ခံ ပေးခဲ့သည်ဟု မစ္စတာ Dudley က စွပ်စွဲ ပြောဆိုခဲ့ကြောင်း သံတမန် ကြေးနန်းများက ဆိုသည်။

အဆိုပါ ပြဿနာများနှင့် ပတ်သက်၍ BP ကုမ္ပဏီ ပြောရေးဆိုခွင့် ရှိသူကို AFP သတင်းဌာနက ဆက်သွယ် မေးမြန်းရာ ထင်မြင် သုံးသပ်ချက် မပြုလုပ်လိုကြောင်း တုံ့ပြန်ခဲ့သည်။ "BP နှင့် Rosneft တို့သည် ခိုင်မာသော ဆက်ဆံရေး ရှိကြပြီး တစ်ဦးနှင့် တစ်ဦး အပြန်အလှန် အလေးထားသူများ ဖြစ်သည်" ဟုသာ ပြောဆိုသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ထိုင်းပင်လယ်ကွေ့နှင့် မြန်မာနိုင်ငံ ဘက်မှ လာသော သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းများ ယာယီ ပိတ်ဆို့မည့် ကိစ္စများကြောင့် ယခုနှစ် ထိုင်းနိုင်ငံတွင်း လျှပ်စစ် ဓာတ်အားခများ မြင့်တက်လာဖွယ် ရှိကြောင်း The Nation သတင်းစာက ရေးသား ဖော်ပြလိုက်သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် ထိုင်းလျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးဌာန (Egat) အနေဖြင့် ပိုမို စရိတ်စက ကုန်ကျမည့် ရေနံလောင်စာကို အသုံးပြုရလာရမည် ဖြစ်သည်။

Egat က ခန့်မှန်း တွက်ချက်မှုအရ ထိုင်းပင်လယ်ကွေ့ရှိ Arthit၊ JDA- B17 လုပ်ကွက်များ အပါအဝင် မြန်မာနိုင်ငံမှ သွယ်တန်း ပေးပို့သော သဘာဝ ဓာတ်ငွေ့များကို အစားထိုးရန် ယခုနှစ် အတွင်း သိုလှောင်ရေနံ လီတာပေါင်း ၂၁၆ သန်းခန့် လိုအပ်မည် ဖြစ်သည်။ ထိုင်းပင်လယ်ကွေ့မှ တစ်နေ့လျှင် သဘာဝ ဓာတ်ငွေ့ သန်း ၇၀၀ ကုဗလက်မ ပေးပို့မှုသည် ယခုနှစ် ဧပြီလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အကြား ရပ်ဆိုင်းမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ တစ်နေ့လျှင် ၁ ဒဿမ ၂ ဘီလီယံ ကုဗလက်မ ပေးပို့မှုမှာ ဒီဇင်ဘာလ ၅ ရက်နေ့မှ ၂၉ ရက်နေ့များတွင် လျော့ကျသွားမည် ဖြစ်သည်။

"သိုလှောင်ထားတဲ့ ရေနံ အသုံးစရိတ်က ဓာတ်ငွေ့ အသုံးစရိတ်ထက် ပိုမိုမြင့်မားပါတယ်။ စရိတ်စကတွေ ထဲမှာ လောင်စာဆီ အခွန် ကောက်ခံမှုတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်" ဟု Egat အုပ်ချုပ်ရေးမှူး Sutas Patamasiriwat က ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပြောကြားသည်။

"ဓာတ်ငွေ့ သွယ်တန်းပေးပို့မှု ယာယီပိတ်တဲ့ ကိစ္စကြောင့် ထိခိုက်နစ်နာမှုတွေ အများကြီး ဖြစ်လာမှာ မဟုတ်ပါဘူး။ အဲဒါနဲ့ ပတ်သက်ပြီး ကြိုတင် စီစဉ်ထားပြီး ဖြစ်ပါတယ်။ ယာယီပိတ်မယ့် ကိစ္စကို ဆောင်ကရန် (ထိုင်းသင်္ကြန်) နဲ့ နှစ်သစ်ကူး (New Year) ရုံးပိတ်ရက်ရှည် ကာလ တွေမှာ လုပ်မှာပါ။ အဲဒီအချိန်တွေမှာ ဓာတ်အား သုံးစွဲမှုက ပုံမှန်ထက် ၃၀ ကနေ့ ၃၅ ရာခိုင်နှုန်းလောက်ထိ လျော့နည်း တတ်ပါတယ်" ဟု ၎င်းက ဆိုသည်။

Egat က သဘာဝဓာတ်ငွေ့ စွမ်းအင်သုံး ဓာတ်အား ထုတ်လုပ်ရေး စက်ရုံများ ဖြစ်ကြသော Chana နှင့် Khon Kaen တို့ကို ပြန်လည် ပြုပြင် ထိန်းသိမ်းမှုများ ပြုလုပ်နိုင်ရေး အတွက် သဘာဝ ဓာတ်ငွေ့ ပေးပို့မှုများ ရပ်ဆိုင်းရန် စီစဉ်ခြင်း ဖြစ်သည်။ Chana ဓာတ်အားထုတ် စက်ရုံကို မတ်လမှ ဇွန်လအတွင်း၊ Khon Kaen ဓာတ်အားထုတ် စက်ရုံကို စက်တင်ဘာလ အတွင်း ပြုပြင် ထိန်းသိမ်းမှုများ ပြန်လည် လုပ်ဆောင်မည် ဖြစ်သည်။

ထိုင်းတစ်မျိုးသားလုံး ဆိုင်ရာ လျှပ်စစ် ဓာတ်အား သုံးစွဲမှုမှာ ယခုနှစ် အတွင်း ၄ ဒဿမ ၁၅ ရာခိုင်နှုန်းခန့် မြင့်တက်လာသည်ဟု Egat က ခန့်မှန်းသည်။ ယင်းသို့ ခန့်မှန်းရာတွင် ထိုင်းအမျိုးသား စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေး ဘုတ်အဖွဲ့၏ စီးပွးရေး တိုးတက်မှု ဟောကိန်းကို အခြေခံ၍ တွက်ချက်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်အားသုံးစွဲမှု အမြင့်ဆုံး ၅ ဒဿမ ၄၉ ရာခိုင်နှုန်း( ၂၅၃၂၇ မီဂါဝပ်) အထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။

ယခုနှစ်အတွက် ထိုင်းအရန် လျှပ်စစ် ဓာတ်အားနှင့် ပတ်သက်၍ စိုးရိမ် ပူပန်စရာ မရှိဟု လည်း မစ္စတာ Sutas Patamasiriwat က ဆိုသည်။ သို့သော် ၎င်းအနေဖြင့် စိုးရိမ် ပူပန်နေသည့် အချက်မှာ ရေလှောင်တမံများမှ ရေပမာဏပင် ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်း ကာလများတွင် ထိုင်းနိုင်ငံတစ်ဝန်း ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ရေလှောင်တမံများရှိ ရေပမာဏမှာ လွန်ခဲ့သော နှစ်များထက် ၅ ရာခိုင်နှုန်းခန့် လျော့နည်းသွားသည် ဟု ဆိုသည်။

ထိုင်းနိုင်ငံ အနောက်ဘက် ဒေသများမှ ရေလှောင် တမံများတွင်ရေ ၄ ဒဿမ ၃ ဘီလီယံ ကုဗမီတာ လျော့နည်းသွားသည်။ အဆိုပါ ရေလှောင်တမံများမှ ရေ ၅ ဒဿမ ၃ ဘီလီယံ ကုဗမီတာမျှသာ ထုတ်ယူ သုံးစွဲနိုင်မည်ဟု ဆိုသည်။ ထို့ပြင် မိုးရေချိန် လျော့နည်းမှုကြောင့် လာအို နိုင်ငံတွင်းရှိ Huay Ho ရေလှောင်တမံ တွင်လည်း ရေများ သိသိသာသာ လျော့နည်း ကျဆင်းသွားသည့် ကိစ္စနှင့် ပတ်သက်၍ Egat က စိုးရိမ် ပူပန်လျက် ရှိသည်။ Huay Ho ရေအား လျှပ်စစ် ဓာတ်အားထုတ် စက်ရုံမှ ထွက်ရှိသည့် ဓာတ်အားများကို ထိုင်းမြောက်ပိုင်း ဒေသများတွင် အဓိက မှီခို အသုံးပြု နေရသည်။ လျှပ်စစ်ဓာတ်အား အမြင့်ဆုံး အသုံးပြု ချိန်များတွင် တချို့တစ်ဝက် မီးပြတ်တောက်မှု နှင့် လုံးလုံးလျားလျား မီးပြတ်တောက်မှုများ ဖြစ်ပေါ်လာဖွယ် ရှိသည်ဟု Egat က ခန့်မှန်းသည်။

"ထိခိုက်နစ်နာမှုတွေ လျော့နည်းသွားစေရေး အတွက် ထိုင်းနိုင်ငံရဲ့ နေရာဒေသ တချို့က ဓာတ်အားတွေကို ခွဲဝေ အသုံးပြုဖို့ ကျွန်တော်တို့ စဉ်းစားသွားမှာပါ" ဟု Egat အုပ်ချုပ်ရေးမှူး Sutas Patamasiriwat က ဆိုသည်။

The Nation မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့မှုကြောင့် ဖမ်းဆီး ထိန်းသိမ်းခံထားရသော ရိုဟင်ဂျာ မွတ်စလင် ၂၀၀ ခန့်အား ကူညီ ထောက်ပံ့နိုင်ရေး အတွက် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး နှင့် ၎င်းတို့ကို တွေ့ဆုံခွင့် ပေးသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်သည့် အဖွဲ့တစ်ဖွဲ့က ထိုင်းအစိုးရကို တိုက်တွန်း ပြောဆိုလိုက်သည်။ အဆိုပါ ရိုဟင်ဂျာ မွတ်စလင် လူနည်းစုများမှာ မြန်မာနိုင်ငံတွင် ညှင်းပန်း နှိပ်စက်မှုများနှင့် ကြုံတွေ့ခဲ့ရသောကြောင့် ထိုင်းနိုင်ငံသို့ လှေငယ်များဖြင့် ထွက်ပြေးလာခဲ့ကြခြင်း ဖြစ်ပြီး ၎င်းတို့ကို ပြန်လည် နှင်လွှတ်မည် ဆိုပါက ဆိုးရွားသော ဖိနှိပ် ချုပ်ခြယ်မှုများနှင့် ထပ်မံ ကြုံတွေ့ရနိုင်ကြောင်း ယင်းအဖွဲ့က ဆိုသည်။

နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) အဆိုအရ လူပေါင်း ၁၅၈ ဦး ပါဝင်သည့် ရိုဟင်ဂျာမွတ်စလင်အုပ်စုသည် ခိုလှုံခွင့် ရယူနိုင်ရန် အလို့ငှာ ထိုင်းနိုင်ငံ ကမ်းခြေ ဒေသသို့ ပြီးခဲ့သည့် ဇန်နဝါရီလတွင် ရောက်ရှိလာကြောင်း၊ နောက်ထပ် လူ ၆၈ ဦးပါ ရိုဟင်ဂျာ အုပ်စုမှာလည်း ဖူးခက်ကမ်းခြေသို့ လှေငယ်ဖြင့် ဆိုက်ရောက်လာစဉ် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး ယခုအခါ ၎င်းတို့အား ပြန်လည် နှင်လွှတ်ရန် ထိုင်းအစိုးရက စီစဉ်လျက် ရှိကြောင်း သိရသည်။

ထိုင်းအစိုးရသည် ယင်းရိုဟင်ဂျာ မွတ်စလင်များ အရေးကိစ္စကို ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ကြားဝင် ဖြေရှင်းမည့် ကိစ္စအား ထပ်ခါတလဲလဲ ငြင်းဆန်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မွတ်စလင်များ ညှင်းပန်း နှိပ်စက်ခံနေရကြောင်း သိသော်လည်း ထိုင်းအစိုးရက မသိကျိုးနွံပြုလျက် ရှိကြောင်း HRW က စွပ်စွဲပြောဆိုသည်။

UNHCR နှင့် ဖမ်းဆီး ထိန်းသိမ်းခံထားရသော ရိုဟင်ဂျာများ တွေ့ဆုံမေးမြန်းခွင့် ရှိမှသာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ပေးနိုင်မည့် အရေအတွက်ကို ဆုံးဖြတ်နိုင်မည် ဖြစ်သည်ဟု HRW ၏ အာရှဒေသ ဆိုင်ရာ ဒါရိုက်တာ Brad Adams က ထိုင်းအစိုးရကို တိုက်တွန်း ပြောဆိုသည်။

အတိတ်ကာလကို ကြည့်ပါက ထိုင်းရေတပ်သည် ရိုဟင်ဂျာ ဒုက္ခသည်များကို လှေငယ်ဖြင့် မြန်မာပြည်သို့ ဖိအားပေး နှင်လွှတ်မိခဲ့သည့် အတွက် လူ့အခွင့်အရေး အုပ်စုများ၏ ပြင်းပြင်းထန်ထန် ဝေဖန် ကန့်ကွက်မှု ခံခဲ့ရသည်။ လူ့အခွင့်အရေး လှုပ်ရှားသူများ အဆိုအရ မြန်မာ အာဏာပိုင်များသည် ရိုဟင်ဂျာ မွတ်စလင်များကို နှစ်ပေါင်း ၃၀ တာမျှ ဖိနှိပ်ချုပ်ခြယ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ရိုဟင်ဂျာ အရေးကိစ္စကို အနည်းငယ်သာ အာရုံစိုက်ကြကြောင်း သိရသည်။

မှတ်တမ်းများအရ ရိုဟင်ဂျာမွတ်စလင် သုံးသိန်းခန့်မှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြပြီး ဖြစ်သည်။ ၎င်းတို့သည် ယခုအခါ တရားဝင် သို့မဟုတ် ယာယီ ဒုက္ခသည် စခန်းများတွင် ဆင်းရဲ ချို့တဲ့စွာဖြင့် နေထိုင်လျက် ရှိကြောင်း၊ ဖမ်းဆီး ထိန်းချုပ်ခံရမှု၊ မြန်မာနိုင်ငံသို့ ပြန်လည် နှင်လွှတ်မှု အစရှိသော ကိစ္စများနှင့် ကြုံတွေ့ရမည်ကို ထိတ်လန့် နေကြရကြောင်း လူ့အခွင့်အရေး အဖွဲ့များက ဆိုသည်။

Thai-ASEAN News Network မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ နိုင်ငံတွင် ညှဉ်းပန်း နှိပ်စက်မှုများ ဆိုးရွားစွာ ခံခဲ့ရသောကြောင့် ထိုင်းနိုင်ငံသို့ လှေဖြင့် ထွက်ပြေး ဝင်ရောက်လာသူ ၂၀၀ ကျော်အတွက် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီအား ထိုင်းအစိုးရ အနေဖြင့် အရေးပေါ် ဝင်ရောက်ခွင့် ပြုသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်သည့် အဖွဲ့ တစ်ခုက ဆိုသည်။

ထိုင်းနိုင်ငံသို့ လှေများဖြင့် ဝင်ရောက်လာသူများ အုပ်စုတွင် လူပေါင်း ၁၅၈ ဦး ပါဝင်သည်။ ၎င်းတို့သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ မွတ်စလင်များ ဖြစ်ပြီး မြန်မာ အစိုးရ၏ နှိပ်စက် ညှင်းပန်းမှုများကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလတွင် လှေဖြင့် ထွက်ပြေး လာကြခြင်း ဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (HRW) က ဆိုသည်။

ထို့အတူ လူပေါင်း ၆၈ ဦး ပါဝင်သည့် မြန်မာနိုင်ငံမှ အခြားသော တိုင်းရင်းသား အုပ်စု တစ်စုသည်လည်း ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်ကျွန်းသို့ လှေဖြင့် ဆိုက်ရောက်လာကြရာ ထိုင်းရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။ အဆိုပါ တိုင်းရင်းသား အဖွဲ့အား ကုလသမဂ္ဂက ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး နှိပ်စက် ညှင်းပန်းခံရသည့် တိုင်းရင်းသား လူနည်းစုများအဖြစ် သတ်မှတ်ဖော်ပြသည်။ ၎င်းတို့အား ထိုင်းရဲတပ်ဖွဲ့က မြန်မာပြည်သို့ နှင်လွှတ်ရန် ပြင်ဆင်လျက် ရှိသည်ဟု AFP သတင်းဌာနက ဆိုသည်။

အမေရိကန် ပြည်ထောင်စု၊ နယူးယောက် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ (HRW) အဆိုအရ ဖမ်းဆီး ထိန်းသိမ်းထားသော ပြည်ပြေး ဒုက္ခသည်များနှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဝန်ထမ်းများ တွေ့ဆုံခွင့်ကို ထိုင်းနိုင်ငံက ထပ်ခါ တလဲလဲ ငြင်းပယ် ခဲ့ကြောင်း သိရသည်။

"မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်တွေ ညှင်းပန်းနှိပ်စက်ခံရတာ အတော့်ကို ဆိုးရွားတဲ့ အခြေအနေမှာ ရှိပါတယ်။ ထိုင်းအစိုးရက အဲဒီကိစ္စကို ဘာမှမဟုတ်တဲ့ ပုံစံမျိုးဖြစ်အောင် ဟန်ဆောင် ဖုံးကွယ်မှုတွေ ဆက်လုပ်နေပါတယ်" ဟု HRW မှ အာရှ ဒေသ ဆိုင်ရာ ဒါရိုက်တာ Brad Adams က ပြောကြားသည်။

ထိုင်းအစိုးရ အနေဖြင့် ဖမ်းဆီး ထိန်းသိမ်းထားသော ရိုဟင်ဂျာ မွတ်စလင်များနှင့် UNHCR ကို အမြန်ဆုံး တွေ့ဆုံ မေးမြန်းခွင့် ပြုသင့်ကြောင်း ၎င်းက တိုက်တွန်း ပြောဆိုသည်။ သို့မှသာ ဒုက္ခသည် အဖြစ် ခံယူလိုသူများကို ကောင်းမွန်စွာ ဖော်ထုတ်နိုင်မည် ဖြစ်သည် ဟုဆိုသည်။ ထိုင်းနိုင်ငံသည် ရိုဟင်ဂျာ မွတ်စလင်များနှင့် ပတ်သက်၍ နာမည်ဆိုး ထွက်ခဲ့ဖူးသည်။ ထိုင်းရေတပ် သည်လည်း တစ်ချိန်က ရိုဟင်ဂျာ မွတ်စလင်များကို ပင်လယ်ပြင်သို့ လှေဖြင့် ဖိအားပေး နှင်လွှတ်ခဲ့သည့် အတွက် လူ့အခွင့်အရေး လှုပ်ရှားသူများ၏ ပြစ်တင်ဝေဖန်မှု ခံခဲ့ရသည်။

လူ့အခွင့်အရေး လှုပ်ရှားသူများ အဆိုအရ မြန်မာ အာဏာပိုင်များသည် လွတ်ခဲ့သည့် ဆယ်စုနှစ် သုံးခုအတွင်း ရိုဟင်ဂျာ မွတ်စလင်များကို စနစ်တကျ ညှင်းပန်း နှိပ်စက်ခဲ့ကြကြောင်း သိရသည်။ မှတ်တမ်းများအရ ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ် အနောက်ပိုင်း ဒေသတွင် နေထိုင်သူများ ဖြစ်ကြောင်း၊ ယင်းတို့အနက်မှ လူပေါင်း သုံးသိန်းခန့်မှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြကြောင်း သိရသည်။ လက်ရှိ အနေအထားတွင် ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားဝင် သို့မဟုတ် ယာယီ ဒုက္ခသည် စခန်းများတွင် ဆင်းရဲ ကျပ်တည်းစွာ နေထိုင်လျက် ရှိကြပြီး ဖမ်းဆီး ထိန်းသိမ်းမှု၊ ပြည်နှင်ဒဏ် ပေးမှုတို့ ဖြစ်ပေါ်လာမည်ကို ကြောက်ရွံ့လျက် ရှိသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဖေဖော်ဝါရီလ ၄ ရက် ၂၀၁၁ ရက်စွဲပါ Reuters သတင်းဌာနမှ Martin Petty ၏ "Q+A Will Myanmar is strongman fade from political scene?"  အမေးအဖြေ ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

ဝန်ကြီးချုပ် ဦးသိန်းစိန်အား မြန်မာနိုင်ငံ၏ အရပ်ဖက် ဦးဆောင် နိုင်ငံရေး ဖွဲ့စည်းပုံ အသစ်တွင် သမ္မတအဖြစ် သောကြာနေ့က ရွေးချယ်လိုက်ပြီ ဖြစ် စစ်ဖက်အစိုးရ ရပ်နားသွားပြီး အနည်းဆုံး နာမည်ခံ နိုင်ငံ့ ခေါင်းဆောင် ဖြစ်လာပြီ ဖြစ်သည်။

လတ်တလေ အရေးကြီးဆုံး မေးခွန်းမှာ "စစ်ဖက် အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အခု ဘာလုပ်မလဲ" ဆိုသည့် မေးခွန်းပင် ဖြစ်သည်။

Q       ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရိုးသားစွာ နေရာ ဖယ်ပေးသလား?

A        မဖြစ်နိုင်ပါ။ သမ္မတ ရာထူးသည် တပ်မတော် အကြီးအကဲ အမှန်တကယ် လုံးဝ မလိုချင်သော ရာထူးသာ ဖြစ်နိုင်ပါသည်။ အယောင်ဆောင် ဖန်တီးထားသော လွှတ်တော် ရွေးချယ်မှုမှ တဆင့် ယင်း၏ သစ္စာ အရှိဆုံး တပည့်တစ်ဦး ပေါ်ထွက် လာခြင်းသည် ဗိုလ်ချုပ်မှူးကြီး အာဏာကို ဆက်ကိုင်ထားမည် ဖြစ်သော်လည်း ကန့်လန့်ကာ နောက်ကွယ်တွင် နေမည် ဆိုသော အချက်ကို ညွှန်ပြ နေသည်။

အိမ်တွင်းပုန်း တပ်မတော် အကြီးအကဲသည် သမ္မတ တစ်ဦး၏ မဖြစ်မနေ လူထုရှေ့သို့ ထွက်ရခြင်း လုပ်ငန်းကို မနှစ်သက်ပါ။ သူသည် လူထု အခမ်းအနား တက်ရောက်ခြင်း (သို့) မိန့်ခွန်း ပြောကြားခြင်း မရှိသလောက် ရှားပါးသလို မီဒီယာများနှင့်လည်း တွေ့ဆုံခြင်း မရှိခဲ့ပါ။ သူ၏ နိုင်ငံတော် ခရီးစဉ်များမှာလည်း အိမ်နီးခြင်း အိန္ဒိယ နှင့် တရုတ်နိုင်ငံ တို့သာ ဆုံးခန်းတိုင်ခဲ့သည်။

Q       ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမ္မတ မလုပ်ခြင်းသည် အံ့အားသင့်စရာ တစ်ခုလား?

A        အတိုင်း အတာ တစ်ခုအထိ မှန်ပါသည်။ မြန်မာ့ရေးရာ ကျွမ်းကျင်သူ အများစုက အသက် ၇၈ နှစ် အရွယ် ဗိုလ်ချုပ်မှူးကြီးသည် သူနှင့် သူ့မိသားစု အပေါ် ဖြစ်ပျက်လာနိုင်သော ကံကြမ္မာကို အလွန် အမင်း စိုးရိမ် ပူပန်လျက် ရှိသည်ဟု ပြောကြားခဲ့ကြပြီး သူသည် တစ်စုံ တစ်ယောက်ကို မဆိုထားနှင့် သူ၏ သစ္စာခံများ လက်သို့ပင် အာဏာ လွှဲပေးရန် လိုလားခြင်း မရှိဟု ယူဆ ထားကြသည်။

ဗိုလ်ချုပ်မှူးကြီးသည် ရန်သူ များစွာ ပတ်လည် ၀ိုင်းအောင် ပြုလုပ်ခဲ့ပြီး သူကိုယ်တိုင်လည်း အချက်ကို သိရှိထားသည်။ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် (သို့) ပြည်သူလူထုနှင့် ပတ်သက်မူ သူက များစွာ ပူပန်ခြင်း မရှိပါ။ သူ အမှန်တကယ် ကြောက်ရွံ့သည်မှာ ရာထူး ချခြင်း၊ အနား ပေးခြင်းတို့ဖြင့် တပ်မတော် အတွင်းမှ သူ ဖယ်ရှား ရှင်းလင်း ပစ်ခဲ့ သူများသာ ဖြစ်သည်။

အတွင်းသိ အစင်းသိ များက "သူသည် တချိန်ချိန်တွင် ဖယ်ရှားခံရခြင်း (သို့) လုပ်ကြံ ခံရခြင်းကိုပင် ကြုံတွေ့ ရဖွယ်ရှိကြောင်း စိုးရိမ် ပူပန်လျက် ရှိပြီး နိုင်ငံရေး စနစ်သစ်အား သူ၏ သစ္စာခံများက ထိန်းချုပ်ခြင်းကို အသေအချာ လိုအပ်ခဲ့သည်" ဟု ပြောကြားကြသည်။

ဗိုလ်ချုပ်မှူးကြီးသည် သုတ်သင် ဖယ်ရှားမှုနှင့် ပတ်သက်လျှင် ကောင်းစွာ သိရှိ နားလည်သူ ဖြစ်သည်။ အတိတ်က အာဏာ ကြိုးကိုင် နှစ်ဦး ဖြစ်သော ခေါင်းဆောင်ဟောင်း ဦးနေ၀င်းနှင့် ၀န်ကြီးချုပ်ဟောင်း ခင်ညွန့်တို့၏ "အကျ" ကို သူကိုယ်တိုင် စီမံခဲ့ခြင်း ဖြစ်ပြီး ထိုသူ နှစ်ဦး စလုံးကို အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်း ထားခဲ့သည်။

Q       နောက်တစ်ဆင့် သူဘာလုပ်မလဲ ?

A        လေ့လာ ဆန်းစစ်သူများ၏ အဆိုအရ သေချာသည့် အချက် တစ်ခုမှာ တပ်မတော်၊ လွှတ်တော် နှင့် အစိုးရ အဖွဲ့၏ နောက်ကွယ်မှ နေ ဆက်လက် ကြိုးကိုင်မည့် အချက်ဖြစ်သည်။

          တရုတ် နိုင်ငံ၏ ပေါလစ် ဗျူရိုကဲ့သို့ အလားတူ အဖွဲ့သစ် အဖြစ် ပေါ်ထွက် လာနိုင်သည်ဟု အကဲခတ်များက ပြောကြားသော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီတွင် လက်ဆုပ် လက်ကိုင် နိုင်ငံရေး ရာထူး တစ်နေရာ ရရှိမည့် သြဇာကြီး ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ရယူ ထားခြင်းဖြင့် တပ်မတော် ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဆက်လက် ရပ်တည်ဖွယ် ရှိနေသည်။

ပြဿနာ အကျပ်အတည်း ကြုံလာလျှင် ကာကွယ်ရေး ဦးစီးချုပ်သည် နိုင်ငံတော် သမ္မတ၏ ထောက်ခံ မှုဖြင့် တိုင်းပြည်ကို အရေးပေါ် အခြေအနေ ကြေညာကာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေး အာဏာ အရပ်ရပ်ကို ချုပ်ကိုင် နိုင်ခွင့် ရှိသည်။

          သို့သော်လည်း သူ့နေရာ ဆက်ခံသူကို ခန့်အပ် ထားပြီး ဖြစ်ဖွယ် ရှိသည်ဟု သတင်းများ ပြန့်နှံ့ နေသည်။ ကြာသပတေးနေ့က နိုင်ငံပိုင် သတင်းစာတွင် "တပ်မတော် အစု အဖွဲ့ဝင်များ၏ လွှတ်တော် အစည်း အဝေးသို့ ကာကွယ်ရေး ဦးစီးချုပ် တက်ရောက်ခဲ့သည်" ဟု သတင်း ဖော်ပြခဲ့ရာတွင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေ ၏ နာမည်ကို မဖော်ပြသည့် အဖြစ်မျိုး ယခင်က မရှိခဲ့ဖူးပါ။

Q       ဒီလိုဆို သူအနားယူမှာလား ?

A        ကိစ္စမှာ ရွေးချယ်စရာ တစ်ခုသာ ဖြစ်သည်။ သူ့အသက် ၇၈ နှစ် ရှိနေပြီ ဖြစ်ကာ ကျန်းမာရေးလဲ ယိုယွင်းနေပါပြီ။ မြို့တော်သစ် နေပြည်တော်တွင် နန်းတော်ကဲ့သို့ စံအိမ်ကြီး ကိုလည်း ပိုင်ဆိုင်ထားသည်။ သို့သော်လည်း လွှတ်တော်နေရာ ၇၆ % ကို ထိန်းချုပ်ထားသော စစ်အစိုးရ နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ နာယက ဖြစ်လာဖွယ် ရှိသည် ဟုလည်း အချို့က ခန့်မှန်း ကြသည်။

အဆိုပါ ပါတီသည် တပ်မတော်၏ ရှေ့မတိုး နောက်မဆုတ် အနေအထားကို ပြန်လည် စိန်ခေါ် သည့် အစီအစဉ်များ လုပ်ဆောင် နိုင်ဖွယ် ရှိကြောင်း စိုးရိမ် ရသောကြောင့် ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ပါတီဝင်များကို စောင့်ကြည့် စစ်ဆေးကာ ပါတီကို တရားမ၀င် ထိန်းချုပ်ဖွယ် ရှိသည်။

Q       ဦးသိန်းစိန် အကြောင်း ဘာတွေ သိထားသလဲ ?

A        ဦးသိန်းစိန် သည် စစ်အစိုးရ၏ နံပါတ် ၄ အဆင့်ရှိ ပုဂ္ဂိုလ်ဖြစ်ပြီး တပ်မတော် အတွင်းမှ သစ္စာရှိ၊ ကြားနေ ခေါင်းဆောင် တစ်ဦးဟု သတ်မှတ် ထားကြသည်။ အသက် ၆၅ နှစ်အရွယ် သမ္မတ သစ်သည် နိုင်ငံရေး ရည်မှန်းချက် မရှိခြင်းနှင့် တကယ့် အာဏာ အတွက် ရည်မှန်းချက် မထားခြင်း တို့ကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အယောင်ပြ ရှေ့ထွက် ပုဂ္ဂိုလ် တစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

          တပ်မတော် အစိုးရ အတွင်းမှ ကြွယ်ဝ ချမ်းသာ သွားကြသော သူ၏ လုပ်ဖော် ကိုင်ဖက်များနှင့် ကွဲပြား ခြားနားစွာပင် ဦးသိန်းစိန်သည် စီးပွားရေး လုပ်ငန်းများ ပိုင်ဆိုင်ခြင်း မရှိသလို ၀န်ထမ်းဘ၀ သက်တမ်းတွင် သန့်ရှင်းသော ပုံရိပ် ရှိသူ ဖြစ်သည်။ ရှက်တတ်၊ ကြောက်တတ်သော အဆိုပါ အငြိမ်းစား ဗိုလ်ချုပ်ကြီးကို မနှစ်သက်စရာ အကြောင်း မရှိပါဟု တပ်မတော် အတွင်းလူများက ပြောကြားသည်။

          သက်တမ်း တစ်လျှောက် တပ်မတော်သား အဖြစ် အသက် မွေးခဲ့သူ ဦးသိန်းစိန်သည် ၁၉၉၇ တွင် အသိ အမှတ် ပြုခံရကာ စစ်ဖက် အစိုးရ အဖွဲ့ဝင် တစ်ဦး ဖြစ်လာခဲ့သည်။ ၂၀၀၇ အောက်တိုဘာ တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ကွယ်လွန်သောအခါ ၀န်ကြီးချုပ် ရာထူးကို ရရှိသွားခဲ့ပြီး ၂၀၁၀ အစောပိုင်းတွင် စစ်တပ်မှ အနား ယူခဲ့သောကြောင့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အရပ်သား တစ်ဦး အဖြစ် ပါဝင် ယှဉ်ပြိုင် နိုင်ခဲ့သည်။

          စစ်ဖက် အစိုးရ၏ နိုင်ငံတကာ မျက်နှာစာ ရှေ့ထွက် ပုဂ္ဂိုလ် ဖြစ်သော ဦးသိန်းစိန်သည် ထိပ်သီး ဆွေးနွေးပွဲများ ကိုလည်း တက်ရောက် ရသူ ဖြစ် အခြား ခေါင်းဆောင်များနှင့် သိကျွမ်းသူ တစ်ဦး ဖြစ်သည့် သူ သမ္မတ ဖြစ်လာခဲ့ခြင်းသည် ရှေ့မတိုး နောက်မဆုတ် အနေ အထားဖြင့် ဆက်သွားမည် ဖြစ်ကြောင်း ထင်ဟပ် ပြသနေသည်။

Q       ယခု ပြောင်းလဲမှု အားလုံးသည် ဟန်ပြ သက်သက်ပဲလား?

A        သို့သော သတ်မှတ် ရပါလိမ့်မည်။ အကယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ယင်း၏ လက်ထောက် ဗိုလ်ချုပ်ကြီး မောင်အေးတို့ နေရာ ဖယ်ပေးမည် ဆိုလျှင် ရွေးကောက်ပွဲများနှင့် လွှတ်တော်ကို အနှစ် ၅၀ သံလက်သီးဆုပ် စစ်အုပ်ချုပ်ရေး အပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်း အလိုကျ နိုင်ငံတကာ အသိုင်းအ၀ိုင်း အလိုကျ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ဖြစ်ပေါ် စေသည့် သဘော ပိုမို သက်ဝင် စေပါလိမ့်မည်။

အမှန် စင်စစ်မှာမူ စစ်ဖက် အစိုးရက အာဏာကို လုံးဝ လက်ဆင့်ကမ်း လွှဲပြောင်းပေးခြင်း မရှိပါ။

ပြောင်းလဲမှုများမှာ အလွန်အကျွံ လှည့်ဖြားထား ခြင်းသာ ဖြစ်ပြီး  စစ်အစိုးရ ထိပ်ပိုင်း ပုဂ္ဂိုလ် များကို အသာအယာ အနားပေးကာ အခြား နိုင်ငံရေး ရာထူးများတွင် ပြန်လည် ထိုးသွင်းခဲ့ခြင်း ဖြစ်သည်။

လွှတ်တော် အမတ် အများစုမှာ လက်ရှိ စစ်သားများနှင့် အငြိမ်းစား စစ်သားများသာ ဖြစ်ကြ သည်။ အခြား ထိပ်ပိုင်း ရာထူးများစွာကိုလည်း စစ်ဖက် ပုဂ္ဂိုလ်များကသာ ရယူသွားကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Asia Times Online မှ 5 Feruary 2011 ရက်စွဲပါ Marwaan Macan- Marker ၏ "Equal Opportunity abuse in Myanmar" ကို ဘာသာ ပြန်ဆိုသည်)

လွတ်လပ်သော သုတေသန ပြုသူများ၏ မြန်မာ နိုင်ငံ၏ ချင်းတောင်တန်း တနံတလျားတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ စာရင်း ပြုစုနိုင်ရေး အတွက် ခရီးထွက်ရာတွင် ၎င်းတို့သည် ကြားနေကျ အတိုင်း အစိုးရ စစ်သား များသည် တိုင်းရင်းသား အမျိုး သမီးများအား အဓမ္မ ပြုသည့် အဖြစ် အပျက်များသာ ကြားရလိမ့်မည်ဟု မျှော်လင့် ခဲ့သည်။ သို့သော် သုတေသန ပြုမှုက လူ့အခွင့် အရေး ချိုးဖောက်မှု ပုံစံသစ် တစ်ခုကို ဖော်ထုတ် နိုင်ခဲ့သည်။ ချင်းတောင်တန်းတွင် မြန်မာ စစ်သား များသည် တိုင်းရင်းသား ချင်းအမျိုးသားများကိုပါ လိင်ဆိုင်ရာ ကျူးလွန်မှုများ ပြုလုပ် ခဲ့သည်ဟု တွေ့ရသည်။

"ဒါမျိုးကို တွေ့ရလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့် မထားပါဘူး၊ အမျိုးသားများကို အဓမ္မ ပြုကျင့်ခြင်းကို အရင်က အစီရင်ခံစာတွေမှာ မတွေ့ဖူးပါဘူး၊ ဒါ ဘာကို ပြသလဲ ဆိုရင် စစ်တပ် အုပ်ချုပ်တဲ့ မြန်မာ နိုင်ငံက လူတွေရဲ့ ဘဝကို ပြဆိုပါတယ်" ဟု အမေရိကန် အခြေစိုက် အစိုးရ မဟုတ်သော လူ့အခွင့် အရေး အဖွဲ့ ဖြစ်သော Physicians for Human Rights (PHR) မှ ထုတ်ပြန်သော အစီရင်ခံစာ သစ်တွင် ပူးတွဲ ရေးသားသူ Vit Suwanvanichkij က ပြောကြားခဲ့သည်။

"Life Under the Junta: Evidence of Crimes Against Humanity in Burma's China State" ခေါင်းစဉ်ဖြင့် စာမျက်နှာ (၆၃) မျက်နှာပါ အစီရင်ခံစာတွင် မတူသော အိမ်ထောင်စု ငါးခုမှ အမျိုးသား ငါးဦးသည် ၂၀၀၉ မှ ၂၀၁၀ အတွင်း မြန်မာ စစ်သား များက ကလေး ငါးယောက် ဖခင် တစ်ဦးသည် အစီရင်ခံစာ အရ ၂၀၀၉ ခုနှစ် ဇူလိုင်လ (၂၀) ရက်နေ့က သတ်ပစ်မည်ဟု ခြိမ်းခြောက်ခံရပြီး အဓမ္မ ပြုခံရသည်ဟု သိရသည်။

PHR ၏ သုတေသန ပြုမှု အရ မြန်မာ စစ်တပ်က ချင်းတောင်တန်းတွင် ချုပ်ကိုင် နိုင်ရေး အတွက် အမျိုးသား အမျိုးသမီးများနှင့် ကလေးများကို အဓမ္မ ပြုကျင့်ခြင်းမှာ မြန်မာ စစ်တပ်၏ ကျူးလွန်သော လူ့အခွင့် အရေး ချိုးဖောက်မှုများ၏ အစိတ်အပိုင်း ဖြစ်ကြောင်း သိရှိရသည်။ အစီရင်ခံစာတွင် ကျူးလွန် ခံရသော အမျိုးသား တစ်ဦး၏ ပြောဆိုချက် အရ မြန်မာ စစ်သားများက တမင် ရည်ရွယ် ပြုလုပ်သည်ဟု ၎င်းက ယုံကြည်ကြောင်း ဆိုသည်။

မြို့နယ် ၉ မြို့နယ်တွင် အိမ်ထောင်စု ပေါင်း (၆၀၀) ကျော်အား စစ်တမ်း ကောက်ယူမှု များအရ အဓမ္မ လုပ်အား ပေးစေခြင်း အထောက် အထားများကို ၄၇ % က တင်ပြနိုင်ခဲ့သည်။ လုပ်အားပေး စေခိုင်းရာတွင် လမ်းဖောက်ခြင်း၊ စစ်သုံး ပစ္စည်းများ သယ်ယူစေခြင်း၊ မိုင်းရှင်းစေခြင်းများ ပါဝင်သည်။ သို့သော် အမျိုးသားများ အဓမ္မ ပြုကျင့်ခံရနှင့် ပတ်သက်၍ ပြည့်စုံစွာ ဖော်ပြ နိုင်ခြင်း မရှိပေ။ အဘယ်ကြောင့် ဆိုသော် တိကျသော သတင်း အချက်အလက် ကောက်ယူရန် အခက်အခဲ ရှိသောကြောင့် ဖြစ်သည်။

အစီရင် ခံစာ ပူးတွဲ ရေးသားသူ တစ်ဦး ဖြစ်သူ Parveen Parmar က ပြောကြားရာတွင် လိင်ဆိုင်ရာ ကျူးလွန်မှုများမှာ မှတ်တမ်း ပြုရာတွင် ခက်ခဲသော အမျိုးအစားများ ဖြစ်ကြောင်း၊ PHR ၏ သုတေသန အဖွဲ့ဝင် (၂၂)ဦး အဖွဲ့ဝင်များသည် အင်တာဗျူးများကို လျှို့ဝှက် ထားပါမည်ဟု အာမခံ၍ မေးမြန်း ခဲ့ရခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

မြန်မာ နိုင်ငံ၏ ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်၍ အထောက် အထားများ ကောင်းမွန်စွာ ရှိသည်။ အဓမ္မ စစ်သား စုဆောင်းခြင်း၊ နှိပ်စက်ခြင်း၊ အိမ်များ မီးရှို့ ဖျက်ဆီးခြင်း၊ မြေများနှင့် စားနပ်ရိက္ခာများ သိမ်းယူခြင်းများသည် တပ်မတော်မှ အသုံးပြုနေသော နည်းလမ်းများ ဖြစ်ပြီး တိုင်းပြည်တွင် ဆယ်စုနှစ်ပေါင်း များစွာ ရှိနေခဲ့သော တိုင်းရင်းသား သူပုန်များကို နှိမ်နင်းရန် အသုံး ပြုခဲ့သည်။

အမျိုးသမီးများအား အဓမ္မ ပြုကျင့်ခြင်း ကိစ္စကို စစ်လက်နက် သဖွယ် အသုံးပြုခြင်းအား ၂၀၀၂ ခုနှစ်က Shan Women's Action Network က ပုံနှိပ် ထုတ်ဝေသော "License to Rape" စစ်ဆေးချက် အစီရင်ခံစာတွင် ပထမဆုံး စတင် ဖော်ထုတ် ခဲ့သည်။ အဆိုပါ အစီရင်ခံစာတွင် အုပ်စုလိုက် ပြုကျင့်ခြင်း အပါအဝင် အဖြစ်အပျက် (၆၂၅) ခုအား မှတ်တမ်းပြုထားရာ ရှမ်းတိုင်းရင်းသား အမျိုးသမီးများအား မြန်မာ စစ်တပ်မှ စနစ်တကျ ပစ်မှတ် ထားပုံကို ပြသ သကဲ့သို့ ဖြစ်သည်။

သို့သော် ထိုစဉ်က ရှမ်းအမျိုးသားများ အပေါ်တွင် ကျူးလွန်မှုများ ရှိခဲ့ကြောင်း SWAN သုတေသန ပြုသူများက ဖော်ထုတ် ထားခြင်း မရှိပေ။ "ကျွန်မတို့က ၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ အထိ အဖြစ် အပျက်တွေကိုပဲ မှတ်တမ်း တင်ထားတာပါ၊ အဓမ္မ ပြုကျင့် မှုကတော့ မြန်မာ စစ်သားတွေနဲ့ စစ်အရာရှိကြီးတွေပါ ကျယ်ကျယ် ပြန့်ပြန့် ကျူးလွန်နေကြတာပါ" ဟု SWAN အဖွဲ့မှ Charm Tong က တယ်လီဖုန်းနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

၂၀၀၅ ခုနှစ်က အသက် (၂၉) နှစ်ရှိ Charm Tong သည် သမ္မတ George W. Bush လက်ထက်က အိမ်ဖြူတော်တွင် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ အပေါ် SWAN အဖွဲ့ အစီရင်ခံစာ အပေါ် အလှူငွေ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက် ခဲ့သည်။ အဆိုပါ အစီရင်ခံစာသည် မြန်မာ နိုင်ငံ အပေါ် အမေရိကန်၏ အရေးယူမှုများ သက်တမ်းတိုးရေး အပါအဝင် အမေရိကန်၏ ရပ်တည်မှု တင်းမာရေး အတွက် များစွာ အထောက် အကူ ပြုခဲ့သည်။

PHR ၏ ဖော်ထုတ်မှုမှာ မြန်မာ နိုင်ငံ အပေါ် အရေးယူမှုအား ဆက်လက် ထိန်းသိမ်း ထားသော EU အတွက် အနည်းငယ် စိတ် အနှောင့် အယှက် ဖြစ်ရပေသည်။ သို့သော် ယခု အခါ အီးယူ၏ အချို့ အဖွဲ့ဝင် နိုင်ငံများက ပြီးခဲ့သည့် နှစ်က စစ်တက်က မတရား ပြုလုပ်သည့် ရွေးကောက်ပွဲ အပြီးတွင် ၎င်းတို့၏ ရပ်တည်ချက်ကို ပြန်လည် သုံးသပ်ရန် ဖိအား ပေးခဲ့ကြသည်။ အီးယူကလည်း ၎င်း၏ လုပ်နေကျ ပုံစံကို ပြန်လည် သုံးသပ်ရန် မျှော်လင့် ထားသည်။

တစ်ချိန်တည်းမှာပင် ကုလသမဂ္ဂသည်ပင် လူ့အခွင့် အရေး ချိုးဖောက်သော စစ်အစိုးရ အပေါ် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် ဖိအားပေးခံရလျက် ရှိသည်။ အဆိုပါ ကိစ္စကို အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ထောက်ခံ ထားသည်။ အထက်ပါ စုံစမ်းမှုများတွင် အမျိုးသမီးများ အပြင် အမျိုးသားများကိုပါ စနစ်တကျ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု များအတွက် စုံစမ်း စစ်ဆေးမှုများတွင် ပါဝင်ရန် လိုအပ်နေပြီ ဖြစ်သည်။

"လိင်ပိုင်း ဆိုင်ရာ ကျူးလွန်မှု များဟာ အမျိုးသမီးတွေ အတွက်သာ အဖြစ်များတော့ လူ့အခွင့် အရေး မှတ်တမ်း ပြုသူများ ကတောင် ဒီကိစ္စ အမျိုးသားများ အပေါ်မှာလည်း ရှိတယ် ဆိုတာ သတိ မပြုမိကြပါဘူး" ဟု ချင်းမိုင်ရှိ Human Rights Education Institute of Burma မှ ဒါရိုက်တာ အောင်မျိုးမင်းက ပြောသည်။

"ဒီကိစ္စက တစ်ခုခုကို ကြောက်လို့ ခံရတာ ဖြစ်ပြီး ပြန်ပြောဖို့လည်း အရှက် ရစေတဲ့ ကိစ္စ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။ "ဒါပေမဲ့ မကြာသေးမီက ဖော်ထုတ်မှု အရ လူ့အခွင့်အရေး သုတေသန ပြုသူတို့ဟာ ဒီ သတိမပြုမိတဲ့ ကိစ္စကို ချက်ချင်း ထပ်မံ ဖော်ထုတ်ရပါမယ်၊ ဒီလို ကိစ္စတွေ အများကြီး ရှိနေနိုင်ပါတယ်" ဟု အောင်မျိုးမင်းက ပြောသည်။

မြန်မာ စစ်အစိုးရသည် ယခင် စွပ်စွဲချက် ဖြစ်သော အဓမ္မ ပြုကျင့်မှုအား စစ်လက်နက် သဖွယ် အသုံးပြုသည် ဟူသော စွပ်စွဲ ချက်အား မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။ SWAN ၏ အစီရင်ခံစာ ကိုလည်း အကွက်ဆင်သော လုပ်ကြံ ပြောဆိုမှု အဖြစ် ငြင်းဆိုခဲ့သည်။

ချင်းမိုင်တွင် အခြေစိုက်သော မြန်မာ စစ်တပ်နှင့် ပတ်သက်၍ ကျွမ်းကျင်သူ ပညာရှင် ဝင်းမင်းက စစ်ပွဲ ဖြစ်သော ရှေ့တန်း ဒေသများတွင် စစ်သုံ့ပန်းများအား ဂျနီဖာ ကွန်ဗင်းရှင်းနှင့် အညီ မပြုမူကြောင်း သတ်ပစ်လိုက် ကြသည်ဟု များကြောင်း ပြောသည်။ အဆိုပါ လုပ်ရပ်သည် တရားဝင် သဖွယ် ဖြစ်ပြီး ပတ်ဝန်းကျင်ကိုလည်း လိင်ပိုင်း ဆိုင်ရာ ကျူးလွန်မှုများ ဖြစ်စေသည်။

"မြန်မာ စစ်တပ်ထဲမှာ တိုင်းရင်းသား လူမျိုး ဒေသတွေမှာ အမျိုးသမီးများအား အဓမ္မ ပြုကျင့်မှုကို ပြင်းပြင်း ထန်ထန် အရေးယူမှု မရှိပါဘူး" ဟု ဝင်းမင်းက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းဌာနမှ 4 Feruary 2011 ရက်စွဲပါ "Strong Quake Hits India- Myanmar Border" ကို ဘာသာ ပြန်ဆိုသည်)

အင်အား ပြင်းထန်သော ၆.၄ မဂ္ဂနီကျု အဆင့်ရှိ မြေငလျင် တစ်ခု အိန္ဒိယ - မြန်မာ နယ်စပ်တွင် သောကြာနေ့က လှုပ်သွား ခဲ့ခြင်းကြောင်း ထပ်လန့် တကြား ဖြစ်စေခဲ့ သော်လည်း လတ်တလောတွင် ထိခိုက် ပျက်စီးမှုနှင့် အသေ အပျောက် သတင်းများ မရရှိသေးဟု သိရသည်။

သောကြာနေ့ ညနေ ငလျင်သည် အချင်းဝက် ၈၈ ကီလိုမီတာ ရှိကာ အိန္ဒိယ အရှေ့မြောက် မဏိပူရ ပြည်နယ် အင်ဖာမြို့ အရှေ့ဘက် ၈၅ ကီလိုမီတာ အကွာ လူနေကျဲပါးသော ဒေသကို ဗဟိုပြု၍ လှုပ်သွားခဲ့သည်ဟု အမေရိကန် ဘူမိ ဗေဒ တိုင်းတာရေး ဌာန USGS က ပြောကြားသည်။

ငလျင် အင်အား ပြင်းထန်မှုကြောင့် အင်ဖာ ဒေသခံများ ကြောက်ရွံ့ကာ လမ်းများပေါ်သို့ ထွက်လာ ကြသည်ဟု ဆိုသည်။

"ကျွန်တော်တို့ အဆောက်အဦးက တော်တော်လေး ဆိုးဆိုး ဝါးဝါး လှုပ်ခါသွားခဲ့တာပါ၊ တစ်မိနစ် ကျော်ကျော် ကြာပါတယ်" ဟု ဒေသခံ သတင်းထောက် ပရာဒစ် ပန်ဂျိုဆန်က AFP သို့ တယ်လီဖုန်းဖြင့် ပြောကြားသည်။

စောင်ရေများ အင်္ဂလိပ် ဘာသာ နေ့စဉ် သတင်းစာ Imphal Free Press မှ အယ်ဒီတာ ပန်ဂျိုဆန်က "လူတွေက အိမ်အပြင်ကို ထွက်ပြေး ကြပါတယ်၊ ကျွန်တော် တို့လည်း ရုံးအပြင်ဘက်ကို ပြေးကြတယ်" ဟု ဆိုသည်။

မြို့တော် ရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲအရာရှိ တီဆင်းက ၎င်းတို့ အနေဖြင့် အခြေအနေကို စောင့်ကြည့်လျက် ရှိသော်လည်း ငလျင် ဗဟိုချက် နေရာ တစ်ဝိုက်မှ ထူးခြားသော သတင်းများ မရရှိသေးဟု ပြောကြားသည်။ "လောလောဆယ်တော့ လူအသေ အပျောက် သတင်းတွေ မရရှိသေးပါဘူး" ဟု ၎င်းက ဆက်လက် ပြောသည်။

ကီလိုမီတာ ၄၅၀ ခန့် ဝေးကွာသော အနီးအနား အာသံ ပြည်နယ် အဓိက မြို့တော် ဂူဝါဟာတီ တွင်လည်း ပြင်းထန်သော ငလျင်၏ တုန်ခါမှုကို ကြုံတွေ့လိုက်ရသည်ဟု သိရသည်။ ငလျင် ဗဟိုချက် အနီး နယ်ခြား၏ တစ်ဖက် မြန်မာ နိုင်ငံတွင်မူ လူအနည်းငယ်နှင့် အဆောက်အဦး အနည်းငယ်သာ ရှိသည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.