Transparency Myanmar

transparency.myanmar@gmail.com

(Bangkok Posts မှ 6 February 2011 ရက်စွဲပါ Songdes Praditsmanont ၏ "Capitalism may sink Junta" ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

"မြန်မာနိုင်ငံနှင့် အပြိုင် ထပ်တူ လိုက်နေသော အီဂျစ်တို့၏ အခက်အခဲများ" ဆောင်းပါး ရေးသူနှင့် အခြား သူမျာစွာလိုပင် ကျွန်တော် မျှော်လင့် နေသော အချက် မှာ တူနီးရှားနှင့် အီဂျစ် မှ အနေအထားမျိုး မြန်မာ နိုင်ငံတွင် တစ်ထပ်တည်း ဖြစ်လာနိုင်သော အချက် ဖြစ်သည်။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဘီဆစ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကိုယ်ပေါင်း စိတ်ခွာ လက်ဆွဲ နှုတ်ဆက်ခဲ့သည် ဟူသည့် အရေးအသားကမူ အဆိုပါ ဆောင်းပါးကို ဖတ်ပြီး ရရှိလိုက်သော အကြီးမားဆုံး ကျေနပ် နှစ်သိမ့်မှု တစ်ခု ဖြစ်သည်။ ကျွန်တော် ကိုယ်တိုင်လည်း အာဆီယံနှင့် ပတ်သက်သော ထိုင်း အကျိုး စီးပွား ကိစ္စရပ်များကို ကိုယ်စား ပြုခဲ့သော အချိန်က မြန်မာဗိုလ်ချုပ် အချို့နှင့် လက်ဆွဲ နှုတ်ဆက် ခဲ့ဖူးသည်။ ယခုမူ ထိုပုံရိပ်များကို အလွယ် တကူ မေ့ပျောက် ထားလိုက်နိုင်ပြီ ဖြစ်သည်။

အထက် ဖော်ပြပါ ဆောင်းပါးသည် မြန်မာနိုင်ငံ၏ အနာဂတ်ကို အတွေးနယ်ချဲ့ရန် ကျွန်တော့်ကို လှုံ့ဆော် ပေးပါသည်။ အရှေ့ အလယ်ပိုင်းမှ အမေရိကန်၏ ပါဝါ တည်ဆောက်မှုတွင် အီဂျစ်နှင့် တူနီးရှားသည် မရှိမဖြစ် အစိတ်အပိုင်းများ ဖြစ်သည်။ ထို နှစ်နိုင်ငံမှ ပြည်သူများသည် အာဏာရှင် အစိုးရများ၏ လက်အောက်တွင် လွတ်လပ်ခွင့် အကန့်အသတ်နှင့် နေထိုင်ကြရသည်ကို အမေရိကန်က အပြည့်အဝ သွယ်ဝိုက် သဘော တူထားခဲ့ပုံ ရသည်။ လတ်တလော အီဂျစ်နှင့် တူနီးရှားမှ လူထု အုံကြွ တော်လှန်မှုများကို အင်တာနက်ပေါ်မှ လူမှုကွန်ရက် ဝက်ဘ်ဆိုက်များက စေ့ဆော်ပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာ နိုင်ငံ၏ အနေအထားကမူ တမူ ကွဲပြားသည်။ အမေရိကန် အရေးယူ ဒဏ်ခတ်မှု အစီအစဉ် အောက်မှ ဖိအား ပေါင်းအိုးကြီးထဲတွင် ပိတ်မိနေသော မြန်မာ နိုင်ငံသည် ပြင်ပ ကမ္ဘာနှင့် အဆက် အဆံ ပြတ်တောက်နေသည်။ ဗိုလ်ချုပ်ကြီးများ၏ အမြင်တွင် ၎င်းတို့၏ ရွေးကောက်ပွဲများသည် ဧရာမ အောင်မြင်မှုကြီး တစ်ခုပင် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ဒီမိုကရေစီ ကင်းမဲ့မှု အပေါ် အတိုက်အခံများ၏ ဝေဖန်မှုကို တုံ့ပြန်ရန် အတွက် အယောင်ပြ လွတ်လပ်ခွင့်ကို အသုံး ချနိုင်ခဲ့၍ ဖြစ်သည်။

မြန်မာ နိုင်ငံ၏ ရွေးကောက်ပွဲနှင့် အာဆီယံ၏ အကန့် အသတ် ဖိအားပေးနေမှုသည် မြန်မာ နိုင်ငံတွင် အနာဂတ် အုံကြွ တော်လှန်မှုများ ဖြစ်လာရန် အတွက် အထောက် အကူ ကိရိယာများ ဖြစ်လာဖွယ် ရှိနေသည်။ ဤနည်းဖြင့် အပြောင်းအလဲကို အမြန် ဖော်ဆောင်သော အခွင့်အလမ်းသည် ယခင်က အငြင်းပယ် ခံနေရသော တွေ့ဆုံ ညှိနှိုင်းရေး အခွင့် အလမ်းထက် ပို၍ ကြီးမားသည်။

အမေရိကန် အတွက်လည်း ကုန်သွယ်ရေး ပိတ်ဆို့မှုများကို ရုတ်သိမ်းပေးရန် အချိန်ကောင်း ဖြစ်နိုင်သည်။ မြန်မာ အစိုးရကို အရင်းရှင် စနစ်နှင့် ဗျာများနေစေရန် ပြုလုပ် ပေးလိုက်ခြင်းဖြင့် တိုင်းသူ ပြည်သားများကို ထိန်းချုပ်နေသော စစ်ဖက် အစိုးရ၏ အာရုံကို ပြောင်းသွားစေမည် ဖြစ်သည်။ အာဏာရှင် ကြိုးကိုင် အုပ်ချုပ်မှုထဲကို အရင်းရှင် စနစ် ဝင်ရောက်လာသော အချိန်တွင် ပြည်သူများကို ပြင်ပ ကမ္ဘာနှင့် ထိတွေ့ခွင့် ပေးရန်၊ လွတ်လပ်ခွင့် ပေးရန် ကိစ္စများ ပေါ်ပေါက်လာမည် ဖြစ်သည်။

ပြင်ပကမ္ဘာနှင့် ချိတ်ဆက်မိသည်နှင့် တပြိုင်နက် ပေါင်းအိုးက စတင် အလုပ် လုပ်မည်ဖြစ်၍ တွန်းကန် ထွက်လာသော ရေနွေးငွေ့အားသည် အဖုံးပိတ်ထားချင်သော စစ်ဖက် အစိုးရကို အကြီး အကျယ် လွှမ်းမိုးသွားရန် ရှိသည် ဟု တင်ပြလိုက်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဖေဖော်ဝါရီလ ၇ ရက် ၂၀၁၁ ရက်စွဲဖြင့် Scoop World တွင် ကုလသမဂ္ဂ၏ သတင်း ထုတ်ပြန်ချက် အပေါ် Burma: Ban hopes election leads to 'inclusive' civilian gov. ကို ဘာသာ ပြန်ဆိုသည်)

          ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မြန်မာ ပါလီမန်သစ်နှင့်အတူ သမ္မတ၊ ဒုတိယ သမ္မတများ ရွေးချယ် တင်မြှောက်ခြင်းများကို ကြေညာချက်နှင့် ပတ်သက်၍ လိပ်ခဲ တည်းလည်း ဖြစ်နေသော အရှေ့တောင် အာရှ တိုင်းပြည်တွင် ပြောင်းလဲခြင်းအတွက် အစဖြစ်မည်ဟု မျှော်လင့်ကြောင်း ပြောခဲ့သည်။

          "သူက အားလုံး ပိုမို ပါဝင်တဲ့ အရပ်သား အစိုးရ တစ်ခု ဖြစ်စေဖို့ မျှော်လင့်ပါတယ်။ အဲဒီအစိုးရ ဟာ ပါတီအားလုံးနဲ့ ဆက်နွယ်ပြီး အမျိုးသား ပြန်လည် စည်းလုံးရေးကို ကိုယ်စားပြုပြီး၊ မြန်မာ ပြည်သူများရဲ့ လိုလား တောင့်တချက်တွေအတွက် ပိုမို တုန့်ပြန် လုပ်ပေးနိုင်မယ့် အစိုးရကို မျှော်လင့် ပါတယ်" ဟု အထွေထွေ အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ကြေညာချက်တွင် ဖော်ပြထားသည်။

          ကုလသမဂ္ဂ အနေဖြင့် အစိုးရသစ်နှင့် အလုပ်လုပ်ရန် အသင့် စောင့်ကြိုနေပြီ ဖြစ်ကြောင်း၊ အခြား ပါဝင် ပတ်သက်သူများနှင့်လည်း တိုင်းပြည် ဒီမိုကရေစီ တည်ဆောက်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး နှင့် တည်ငြိမ်ရေးအတွက် မြှင့်တင်ပေးရန် အတူ အလုပ် လုပ်လိုကြောင်း ကြေညာချက်တွင် ဖော်ပြ ထားသည်။

          မြန်မာ နိုင်ငံတွင် ပါလီမန်သစ်မှ ယခင် ၀န်ကြီးချုပ် ဦးသိန်းစိန် အား သမ္မတသစ် အဖြစ် လည်းကောင်း၊ ဦးတင်အောင်မြင့်ဦး နှင့် စိုင်းမောက်ခမ်း တို့အား ဒုတိယ သမ္မတများအဖြစ် လည်းကောင်း ရွေးချယ်ခဲ့ကြောင်း မီဒီယာ သတင်းများအရ သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(The Straits Times မှ 7 February 2011 ရက်စွဲပါ "Don't Try Egypt Style Power Grab in Malaysia, Says Najib" ကို ဘာသာ ပြန်ဆိုသည်)

မလေးရှား ဝန်ကြီးချုပ် ဒါတွတ် ဆရီ နာဂျစ် တွန်ရာဇတ်က အီဂျစ်မှာ ကဲ့သို့ ဆန္ဒ ပြပွဲများကို အသုံး ပြုကာ မလေးရှားတွင် အာဏာ လုသည့် ကိစ္စကို မကြိုးစားကြရန် သတိပေး ပြောကြား လိုက်သည်။

"အဲဒီမှာ ဖြစ်ပျက် နေသလိုမျိုး မလေးရှား မှာလည်း ဖြစ်ရမယ်လို့တော့ မထင်လိုက်ပါနဲ့၊ ဒီမှာတော့ ကျွန်တော်တို့ ဒါမျိုးတွေကို ခွင့်ပြုမှာ မဟုတ်ဘူး" ဟု မီရီတွင် ပြုလုပ်သော နိုင်ငံတော် အဆင့် တရုတ် နှစ်သစ်ကူး တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က ပြောကြား ခဲ့သည်။

အီဂျစ်တွင် သမ္မတ ဟော့စနီ မူဘာရက် နုတ်ထွက် ပေးရန် ဆန္ဒပြမှု များမှာ ၁၃ ရက် တိုင်ခဲ့ပြီ ဖြစ်ရာ လှေခွက်ချည်းကျန် အလံမလှဲသည့် အာဏာရှင် အစိုးရနှင့် အတိုက်အခံ အုပ်စုများ အကြား မနေ့က ပြုလုပ် ခဲ့သော အရေးကြီးသည့် ဆွေးနွေးပွဲ များတွင်လည်း အပေး အယူ မတည့် ခဲ့ပါ။ Muslim Brotherhood အပါအဝင် အတိုက် အခံ အုပ်စု များက နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု အစီအစဉ်များတွင် ၎င်းတို့ကို ထည့်သွင်းမည့် ကမ်းလှမ်းမှုကို လုံလောက်ခြင်း မရှိသည့် အတွက် ပယ်ချ ခဲ့ကြသည်။

ထို့အတွက်ကြောင့် အတိုက် အခံများက တိုင်းပြည် စစ်အာဏာရှင်ကို ဖယ်ရှားရန် လှုပ်ရှားမှု များကို အသစ် ထပ်မံ စတင် လိုက်ကြသည်။ ထိုအတော အတွင်း အီဂျစ်မှ ဆေးပညာတော်သင် ဆိုင်ရာ မလေးရှား အေးဂျင့် Medic Mesir က ကျောင်းသားပေါင်း တစ်ထောင်ခန့်၏ စာမေးပွဲ အဖြေလွှာများကို ယူဆောင်ခွင့် ပြုရန် ဒေသခံ တက္ကသိုလ်နှင့် ဆွေးနွေးလျက် ရှိသည်။ ကျောင်းသားများ အတွက် စာသင်နှစ် တစ်နှစ် နစ်နာ ဆုံးရှုံးမှု မရှိစေရန် ဖြစ်သည်ဟု သိရသည်။

သို့သော်လည်း ကီဒါးမှ ကျောင်းသား ၁၇ ဦးကမူ ၎င်းတို့၏ ပညာ သင်ကြားမှုများ မထိခိုက် လိုသည့် အတွက် အီဂျစ်တွင် ဆက်နေရန် ဆုံးဖြတ်ခဲ့ကြသည်။ အီဂျစ်မှ မလေးရှား နိုင်ငံသား များအား ဂျက်ဒါးသို့ ကယ်ထုတ် ပို့ဆောင်မှု အစီအစဉ်မှာ ယနေ့ မွန်းလွဲပိုင်းတွင် ပြီးစီးမည်ဟု မျှော်လင့် ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Gulf Times မှ 6 February 2011 ရက်စွဲပါ "Bangladesh Wants to Redraw Sea Border with India" ကို ဘာသာ ပြန်ဆိုသည်)

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ဘင်္ဂလား ပင်လယ်အော်တွင် အိန္ဒိယ မြန်မာ တို့နှင့် ထိစပ်နေသော ၎င်း၏ ရေပိုင်နက်အား အတိ အကျ သတ်မှတ်ပေးနိုင်ရန် ကုလသမဂ္ဂသို့ ချဉ်းကပ် သွားမည် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် သည် ဘင်္ဂလား ပင်လယ်အော်တွင် ၎င်း၏ ကမ်းရိုးတန်းမှ ရေမိုင် ၄၅၀ ကျော် သတ်မှတ်ပေးရန် တောင်းဆိုထားသည်။ ဘင်္ဂလားဒေ့ရှ်သည် ကာလရှည်ကြာ ကပင် ၎င်း၏ ရေပိုင်နက် အစပြု အမှတ် အသား ကိစ္စ အတွက် အိန္ဒိယ မြန်မာ တို့နှင့် ပြဿနာ ဖြစ်လျက် ရှိသည်။

ဘင်္ဂလား ပင်လယ်အော်၏ ကမ်းခြေများသည် ကန်တော့ သဖွယ် ဖြစ်နေခြင်း ကြောင့် အထက်ပါ နိုင်ငံ သုံး နိုင်ငံသည် ရေပိုင်နက် အစပြု အမှတ်အသား တောင်းဆိုမှုများမှာ ထပ်လျက် ရှိနေသည်ဟု New Age သတင်းစာက ယမန်နေ့က ဖော်ပြ ခဲ့သည်။

အစောပိုင်းက ဝန်ကြီးချုပ် ရှိတ် ဟတ်ဆီနာသည် ယခု လကုန်ပိုင်းတွင် နယူးယောက်ရှိ UN Convention on the Law of the Sea (UNCLOS) သို့ ပေးပို့မည့် စာအား ကတ်ဘိနက်မှ ပြင်ဆင် ထားမှုကို အတည် ပြုပေးခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန UNCLOS နှင့် ပတ်သက်၍ တာဝန် ယူရသော အတွင်းဝန် M.Khurshed Alam က ပြောကြားရာတွင် "အခုစာဟာ UNCLOS ရဲ့ အပိုဒ် ၇၆ ပါ Gardiner နည်းလမ်းကို လိုက်နာပြီး ပြင်ဆင် ထားတာပါ" ဟု ဆိုသည်။

ကုလသမဂ္ဂ၏ စည်းကမ်းအရ ရေပိုင်နက် တောင်းဆိုမှု များသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ထပ်နေပါက ထိုကိစ္စအား ဖြေရှင်း မပြီးမချင်း နိုင်ငံ တစ်ခု၏ လျှောက်ထားမှုအား အတည် မပြုရန် ချမှတ် ထားသည်။

နိုင်ငံ တစ်ခု သည် ရေမိုင် ၁၂ မှ ၂၄ အတွင်း ငါးဖမ်းခြင်း၊ ရေထွက် ပစ္စည်းများ ထုတ်ယူ ခံစား ပိုင်ခွင့် ရှိပြီး ရေမိုင် ၂၀၀ သည် တစ်ဦးတည်း အတွက် စီးပွားရေး ဇုန် ဖြစ်သည်။ အများဆုံး ရေမိုင် ၃၅၀ သည် ပိုင်နက် အဆုံး ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Reuters မှ 7 February 2011 ရက်စွဲပါ "Police-Opposition Supporters Clash in Bangladesh" ကို ဘာသာ ပြန်ဆိုသည်)

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် လက်ရှိ အာဏာရ ပါတီထံမှ အာဏာ လွှဲပြောင်း ရယူရေး အတွက် လွှတ်တော် ရွေးကောက်ပွဲများ စော၍ ကျင်းပနိုင်ရေး အတွက် တောင်းဆိုရန် တနင်္လာနေ့က လှုံ့ဆော် လှုပ်ရှား ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် အဓိက အတိုက်အခံ ပါတီအား ထောက်ခံသူ ရာပေါင်း များစွာကို လူစု ခွဲရန် အတွက် ရဲတပ်ဖွဲ့က မီးသတ်ပိုက်များ၊ နံပါတ်တုတ်များကို အသုံး ပြုခဲ့သည်ဟု သိရှိရသည်။

ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာတွင် ဆန္ဒပြသူ မြောက်မြားစွာ ထိခိုက် ဒဏ်ရာ ရရှိ ခဲ့သည်ဟု မျက်မြင် သက်သေများက ပြောကြား ခဲ့ပြီး အနည်းဆုံး ဆန္ဒပြသူ ၇၀ ခန့်ကို ဖမ်းဆီး ထိန်းသိမ်း ထားသည်ဟု မီဒီယာများက သတင်း ထုတ်ပြန်သည်။

၂၀၀၉ ခုနှစ် အစောပိုင်းတွင် ဝန်ကြီးချုပ် ရှိတ်ဟတ်ဆီနာ အာဏာ ရလာပြီး နောက်ပိုင်း ၂၀၁၃ အထွေထွေ ရွေးကောက်ပွဲကို ရှေ့တိုး ကျင်းပရန် အတိုက်အခံ Bangladesh Nationalist Party (BNP) က တတိယ အကြိမ်မြောက် လှုံ့ဆော် ကြိုးပမ်း ခဲ့သည်။ ယခု ဆန္ဒပြပွဲကို မျှော်လင့် ထားခြင်း မရှိသည့် လေ့လာ ဆန်းစစ်သူများ အံ့အားသင့် ခဲ့ရသည်။

သို့သော်လည်း ယခု ဆန္ဒပြပွဲသည် မြူနီစပယ် ရွေးကောက်ပွဲများတွင် အောင်မြင်မှု ရရှိခြင်းကြောင့် အားတက် လာသည့် BNP ပါတီ၏ ကြီးမားသော စိန်ခေါ်မှု တစ်ခု ဖြစ်သည်။ ထို့အပြင် ဆင်းရဲ နွမ်းပါးသော တိုင်းသူ ပြည်သား အများစု အတွက် အဓိက ဝင်ငွေ ရင်းမြစ် ဖြစ်သည့် စတော့ ဈေးကွက် ရှယ်ယာများ ထိုးကျခြင်း အပါအဝင် ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများ အားနည်းခြင်း၊ ကုန်ဈေးနှုန်းတက်မှု အပေါ် ပြည်သူတို့၏ ဒေါသ ထွက်မှု များနှင့် ရင်ဆိုင်နေရခြင်း စသည့် ကိစ္စ များနှင့် ရုန်းကန် နေရသည်။ အဆိုပါ ဆန္ဒပြပွဲသည် ရှိတ်ဟတ်ဆီနာ အစိုးရ၏ သောက ဗျာပါဒများ အပေါ် တစ်ပူပေါ် နှစ်ပူ ဆင့်စေခဲ့သည်။

ဒါကာရှိ BNP ပါတီ ဌာနချုပ် အပြင်ဘက်တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များ အကြား ဖြစ်ပွားသော ပဋိပက္ခတွင် အနည်းဆုံး ငါးဦး ဒဏ်ရာ ရရှိပြီး နှစ်ဦးမှာ ဒဏ်ရာ ပြင်းထန်သည်ဟု အခင်း ဖြစ်ပွားရာ နေရာမှ ရိုက်တာ သတင်းထောက်က ပြောကြားသည်။

"ဆန္ဒပြသူတွေကို ပါတီ ဌာနချုပ် ရုံးထဲကို ပြန်မောင်းထုတ်ဖို့ အတွက် ရဲတပ်ဖွဲ့က နံပါတ်တုတ်တွေ၊ မီးသတ်ပိုက် တွေကို အသုံး ပြုခဲ့ပါတယ်၊ ဆန္ဒပြသူ နှစ်ဆယ်လောက် ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်" ဟု သတင်းထောက်က တယ်လီဖုန်းဖြင့် ပြောကြား ခဲ့သည်။

ဒါကာ မြို့တော် အပြင်ဘက်၌ ရဲတပ်ဖွဲ့နှင့် ဖြစ်ပွားသော အဓိကရုဏ်းများတွင် ဆန္ဒပြသူ ၅၀ ကျော် ထိခိုက် ဒဏ်ရာ ရရှိသွားပြီး ဒါဇင် နှင့်ချီကာ ဖမ်းဆီးခြင်း ခံခဲ့ရသည်ဟု မီဒီယာ သတင်းများက ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နယ်နိမိတ် ပိုင်ဆိုင်မှု ဆိုင်ရာ အငြင်းပွားမှုကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုများကို အဆုံးသတ်ရန် လုပ်ကိုင်လျက် ရှိကြောင်း ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံက ထုတ်ဖော် ပြောဆိုသည်။ နှစ်နိုင်ငံ နယ်စပ်ဒေသရှိ ပရာဗီဟာရာ ဘုရားကျောင်းအတွင်းရှိ နယ်နိမိတ် ပိုင်ဆိုင်မှုကြောင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူငါးဦး သေဆုံးခဲ့သည်။ ယင်းပစ်ခတ်မှုများ အဆုံးသတ်ရန် အိမ်နီးချင်း နှစ်နိုင်ငံ သဘော တူညီခဲ့ကြပြီးနောက် နယ်စပ်ဒေသ ဆိုင်ရာ တင်းမာမှုများ ရပ်တန့်နိုင်ရေး အတွက် လုပ်ဆောင်လျက် ရှိကြောင်း ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြဿနာကို ကိုင်တွယ် ဖြေရှင်းမှုနှင့် ပတ်သက်၍ ပြည်တွင်း၌ ရှပ်ဝါနိုင်ငံရေး အင်အားစုများ၏ ဖိအားပေးမှု ခံနေရသော ဝန်ကြီး အဖိဆစ်ဝိချာချီဝက နှစ်ဖက်သော နိုင်ငံမှ စစ်တပ်များနှင့် နိုင်ငံရေး ဝန်ကြီးဌာနများ ပူးပေါင်းပြီး အခြေအနေ ပုံမှန် ပြန်ဖြစ်အောင် ကြိုးစား လုပ်ကိုင် နေကြကြောင်း ပြောကြားသည်။ လွန်ခဲ့သည့် ၁၁ ရာစုနှစ်က လက်ရာ ဖြစ်သော ပရာဗီဟာရာ ဘုရားရှိခိုးကျောင်း အနီးတစ်ဝိုက် အကြီးစား ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် နယ်စပ်ဒေသ အခြေအနေမှာ စိုးရိမ် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

အဆိုပါဖြစ်ရပ်ကို ကြည့်လျှင် မိမိတို့အနေဖြင့် ထိုင်းနိုင်ငံ အချုပ်အခြာ အာဏာပိုင်နက် ကာကွယ်ရေးနှင့် ပတ်သက်၍ မည်သည့်အခါမျှ ပျက်ကွက်ခဲ့ခြင်း မရှိကြောင်း အပတ်စဉ် ရုပ်သံ မိန့်ခွန်း အစီအစဉ်မှ တစ်ဆင့် ဝန်ကြီးချုပ် အဖိဆစ်က ပြောဆိုသည်။

ပရာဗီဟာရာ ဘုရားကျောင်းတွင် စခန်းချထားသော ထိုင်းစစ်တပ်မှ စစ်ဗျူဟာမှူးက အခြေအနေမှာ တင်းမာခဲ့ကြောင်း ပြောဆိုသည်။ "နှစ်ဖက်စလုံး အခု အချိန်အထိ သတိရှိရှိနဲ့ စောင့်ကြည့်နေကြတယ်" ဟု ၎င်းက ဆိုပြီး ထိုင်းနှင့် ကမ္ဘောဒီးယား စစ်တပ်တို့ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဆွေးနွေးခဲ့ကြကြောင်း၊ အခြေအနေ တိုးတက် ကောင်းမွန်အောင် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း အသိပေး ပြောဆိုသည်။

ပရာဗီဟာရာမှာ ဟိန္ဒူဘုရားကျောင်း ဖြစ်ပြီး အဆိုပါ ဘုရားကျောင်း ပရဝုဏ် အနီးတစ်ဝိုက် ဒေသကို နှစ်နိုင်ငံစလုံးက သူပိုင်ထိုက်၊ ကိုယ်ပိုင်ထိုက် အငြင်းပွားခဲ့ကြခြင်း ဖြစ်သည်။ နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများတွင် အမြောက်များ၊ မော်တာများ၊ ရော့ကက်များ အသုံးပြုခဲ့ကြပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ လေ့လာ သုံးသပ်သူများ အဆိုအရ အဆိုပါ နယ်စပ်ဒေသ အရေးကိစ္စကို နှစ်နိုင်ငံစလုံးက ပြည်တွင်း အမျိုးသားရေး နှိုးကြားမှု အတွက် အသုံးချနေကြခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဖြစ်ပွားသော တိုက်ပွဲကြောင့် ကမ္ဘောဒီးယား စစ်သားနှစ်ဦးနှင့် အရပ်သား တစ်ဦး သေဆုံးခဲ့ရပြီး ထိုင်းနိုင်ငံဘက်တွင် နယ်စပ်ဒေသမှ ရွာသားတစ်ဦး သေဆုံးခဲ့ကြောင်း နှစ်ဖက်စလုံးက ထုတ်ဖော် ပြောဆိုသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ်မှုများ ခဏတာမျှ ဖြစ်ပွားခဲ့ရာ ထိုင်းစစ်သား တစ်ဦး ထပ်မံ သေဆုံးခဲ့ရသည်။ နှစ်နိုင်ငံ မီဒီယာများက ထိခိုက် သေဆုံးမှုများ ပိုမို များပြားနိုင်ကြောင်း ရေးသားကြသော်လည်း ထိုင်းသတင်းစာများက ကမ္ဘောဒီးယား စစ်သား ၆၄ ဦး ကျဆုံးခဲ့ရသည်ဟု သတင်း ပေးပို့သည်။ နယ်စပ်ဒေသ တစ်လျှောက်တွင် သေဆုံးခဲ့သော ထိုင်းစစ်သား ဦးရေ အနည်းဆုံး ၃၀ ခန့် ရှိသည်ဟု လည်း ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားမှုကြောင့် နယ်စပ်ဒေသ ကျေးရွာများတွင် နေထိုင်သူများအား အရေးပေါ် ကယ်ဆယ် ပြောင်းရွှေ့ပေးခဲ့ရသည်။ ထိုင်းနိုင်ငံ တစ်ဖက်တည်းတွင် ဒုက္ခသည်များ အဖြစ် အိုးအိမ်ပစ်ကာ ထွက်ပြေးရသူ ၈၀၀၀ ဝန်းကျင် ရှိကြောင်း Sri Sa Ket ပြည်နယ် အုပ်ချုပ်ရေးမှူး အဆိုအရ သိရသည်။ သို့သော် တိုက်ပွဲများ ဖြစ်ပွားပြီး နှစ်ရက် အကြာခန့်တွင် စစ်ရှောင်သူ ရွာသားများ နေအိမ် အသီးသီးသို့ ပြန်သွားကြသည်ဟု ဆိုသည်။ "အခြေအနေက တိုးတက် ကောင်းမွန်နေပါတယ်" ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

ယင်းနယ်စပ်ပြဿနာနှင့် ပတ်သက်၍ နှစ်ဖက်စလုံးက ၂ နှစ်တာ ကာလအတွင်း အပြန်အလှန် ပြစ်တင် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ ကုလသမဂ္ဂက ပရာဗီဟာရာ ဘုရားကျောင်းကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ၂၀၀၈ ခုနှစ်၊ ဇူလိုင်လတွင် သတ်မှတ်ခဲ့ပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယား ဆက်ဆံရေးမှာ ခပ်တင်းတင်း ဖြစ်လာခဲ့သည်။

ကမ္ဘာ့တရားရုံးက အဆိုပါ ဘုရားကျောင်း၏ ပင်မဝင်ပေါက်မှာ ထိုင်းနိုင်ငံဘက်တွင် ရှိသော်လည်း ကမ္ဘောဒီးယား နိုင်ငံကသာ ပိုင်ဆိုင်ကြောင်း ၁၉၆၂ ခုနှစ်တွင် ဆုံးဖြတ်ချက် ချမှတ်ပေးခဲ့သည်။ အဆိုပါ ဘုရားကျောင်း ပရဝုဏ် အနီးတဝိုက်မှ ၄ ဒဿမ ၆ စတုရန်း ကီလိုမီတာ အကျယ် နယ်မြေကို နှစ်ဖက်စလုံးက သူပိုင်ထိုက် ကိုယ်ပိုင်ထိုက် အငြင်းပွားနေကြခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံ၏ ရှပ်ရောင်စုံ နိုင်ငံရေးတွင် ပါဝင်သော ရှပ်ဝါအင်အားစု ၅၀၀၀ ခန့်က အဆိုပါ နယ်စပ်ပြဿနာ ကိုင်တွယ် ဖြေရှင်းရာတွင် ညံ့ဖျင်းသည်ဟု စွပ်စွဲကာ ဝန်ကြီးချုပ် အဖိဆစ်ဝိချာချီဝအား ရာထူးမှ နုတ်ထွက်ပေးရန် ဘန်ကောက်မြို့ရှိ အစိုးရရုံး ပရဝုဏ် အပြင်ဘက်၌ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

အဆိုပါ အရေးကိစ္စတွင် အရှေ့တောင် အာရှ နိုင်ငံများ (အာဆီယံ) က ကြားဝင် ဖြေရှင်းသင့်သည် ဟူသော အကြံပြု ပြောဆိုချက်များလည်း ထွက်ပေါ်လျက် ရှိသည်။ ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန အဆိုအရ လက်ရှိ အာဆီယံ ဥက္ကဌ ရာထူး ရယူထားသော အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa လာရောက် လည်ပတ်မည်ဟု သိရသည်။ သို့သော် ခရီးစဉ်အတွင်း ဆွေးနွေးမည့် အကြောင်းကိစ္စကို မသိရှိရသေးပေ။ ထိုင်းဝန်ကြီးချုပ် အဖိဆစ်ကမူ အာဆီယံ ကြားဝင် ဖြေရှင်းရန် မလိုအပ်ဟု ပြောဆိုလိုက်သည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဖေဖော်ဝါရီလ ၇ ရက် ၂၀၁၁ ရက်စွဲပါ The New York Times သတင်းစာပါ Thomas Fuller ၏ Aung San Suu Kyi's Party weighs support of Myanmar Sanctions ကို ဘာသာ ပြန်ဆိုသည်)

          တရားဝင် ဖျက်သိမ်း ခံရသော်လည်း လက်ခံခြင်း မရှိသည့် ပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ အရေးယူ ပိတ်ဆို့မှုများကို ဆက်လက် ထားရှိရေး အတွက် ထောက်ခံမှုကို အတည်ပြု ပြောကြားခဲ့ကြောင်း ပါတီ ထိပ်တန်း တာဝန်ရှိသူ တစ်ဦးက တနင်္လာနေ့က ပြောကြားခဲ့သည်။

          အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦးက ရန်ကုန်မြို့တွင် Reuters သတင်းဌာနသို့ ပြောကြားရာတွင် ကုန်သွယ်ရေး ဆိုင်ရာ တားမြစ်ချက်များနှင့် စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုများသည် လက်ရှိ အုပ်ချုပ်သူ ခေါင်းဆောင်များနှင့် ယင်းတို့နှင့် ပတ်သက်သော စီးပွားရေး သမားများကိုသာ ထိခိုက်ပြီး ပြည်သူ အများစုကို မထိခိုက်ဟု ဆိုသည်။

          အခြား သတင်းများက ပါတီသည် ယခု ချမှတ်ထားသော သတ်သတ် မှတ်မှတ် မရှိသည့် စီးပွားရေး အရေးယူမှုများ အစား သတ်မှတ် ရည်ရွယ်သော အရေးယူမှုများကိုသာ ထောက်ခံ သွားမည်ဟု ဖော်ပြထားသည်။

          ပါတီ၏ sanction များအပေါ် ထောက်ခံမှုသည် အရေးကြီးသည်။ အဘယ်ကြောင့် ဆိုသော် ဝေဖန် သုံးသပ် သူများ၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည် မီးစိမ်းမပြပဲ အနောက်နိုင်ငံ အရေးယူမှု များ ဆိုသည်မှာ မဖြစ်နိုင်သော ကိစ္စ ဖြစ်သည်ဟု ဆိုသည်။ သူမအား ဆယ်စုနှစ် နှစ်ခုနီးပါး နေအိမ် အကျယ်ချုပ် ချထားခြင်းသည် အနောက်နိုင်ငံ sanction များကို ဖြစ်ပေါ်စေခြင်း အကြောင်း ဖြစ်သည်။

          Sanction များကြောင့် အနောက်နိုင်ငံများမှ ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်၍ မရပေ။ ထို့ကြောင့် တရုတ်၊ ထိုင်း နှင့် အိမ်နီးချင်း နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများ အတွက် နေရာရ လမ်းပွင့်သွားခဲ့ပြီး မြန်မာနိုင်ငံ၏ များပြားလှသော သယံဇာတများကို အမြတ်ထုတ် နိုင်ခဲ့ပေသည်။

          အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောကြားရာတွင် အင်္ဂါနေ့တွင် အစီရင်ခံစာ မထုတ်ပြန်မချင်း ယင်းအနေဖြင့် ပါတီ၏ ရပ်တည်မှုနှင့် ပတ်သက်၍ မှတ်ချက် မပေးလိုကြောင်း ပြောကြားခဲ့သည်။ ပါတီ၏ Sanction များကို ပြန်လည် သုံးသပ်ခြင်းကို နိုဝင်ဘာလ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး ထိုကိစ္စအား သူမက ပြန်လည် သုံးသပ်မည်ဟု ပြောခဲ့ပြီး နောက်ပိုင်း ဖြစ်သည်။

          မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ပြုလုပ်ပြီး နှစ်ပေါင်း နှစ်ဆယ် အတွင်း ပါလီမန် အစည်းအဝေး စတင် ကျင်းပ နေပြီ ဖြစ်သော်လည်း မြန်မာ နိုင်ငံသည် ဒေသတွင်း၌ ဖိနှိပ်မှု အများဆုံးနိုင်ငံ ဖြစ်နေဆဲ ဖြစ်သည်။

          မြန်မာနိုင်ငံမှ လူ့အခွင့်အရေးများကို စောင့်ကြည့်သော ထိုင်းနိုင်ငံ အခြေစိုက် The Assistance Association for Political Prisoners က တနင်္လာနေ့က ပြောကြားရာတွင် မြန်မာ အစိုးရသည် နိုင်ငံရေး အကျဉ်းသား (၂၁၈၉) ဦး ဖမ်းဆီးထားရာ ဘုန်းတော်ကြီး (၂၅၄)ပါးနှင့် ဒေါ်အောင်ဆန်းစုကြည် ၏ ပါတီမှ အဖွဲ့ဝင် (၃၉၇)ဦး ပါဝင်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် အပတ်က စစ်တပ် လွှမ်းမိုးသော ပါလီမန်သည် သမ္မတ ရွေးချယ်ပေးခဲ့ပြီး ၁၉၆၂ အာဏာ သိမ်းရာမှ စတင်ခဲ့သော စစ်တပ်၏ ချုပ်ကိုင်မှုကို ဆက်လက် ဖြစ်ပေါ်စေခဲ့သည်။

Obama အစိုးရ၏ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ပြန်လည် သုံးသပ်သော ၀ါရှင်တန် မူဝါဒသည် ထင်ရှားသော ရလဒ်များ ထွက်ပေါ်ခြင်း မရှိခဲ့ပေ။ Obama က နိုဝင်ဘာလ ရွေးကောက်ပွဲ အား လွတ်လပ်၍ တရားမျှတမှု မရှိဟု ဆိုခဲ့သည်။

"အမေရိကန် အမတ်တွေ လျို့ဝှက် ညှိနှိုင်းမှုတွေ ကလည်း ဘာမှ ဖြစ်မလာပါဘူး။ အနောက် နိုင်ငံတွေကို တစိမ်း တရံစာလို ဆက်လက် ဆက်ဆံနေတုန်းပဲ။ တံခါးက ဖွင့်လာပြီး ပြန်ပိတ်သွား ပြန်ပြီဗျ"ဟု သြစတြေးလျ နိုင်ငံ ဆစ်ဒနီမှ Macquarie တက္ကသိုလ်မှ မြန်မာ့ စီးပွားရေး ပညာရှင် Sean Turnell က ပြောကြားခဲ့သည်။

Sanction များကို ဆက်လက် ထားရှိခြင်းသည် မြန်မာ နိုင်ငံတွင် စီးပွားရေး လုပ်နေသော တရုတ် ကုမ္ပဏီများကို အကျိုး ဖြစ်ထွန်းစေသည်။ အထူးသဖြင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းတွင် တရုတ်တို့ များစွာ အကျိုးရှိသည်ဟု Mr. Turnell က ပြောသည်။

"Beijing မှာ ရှိတဲ့ ရေနံ ကုမ္ပဏီတွေကတော့ ပျော်နေမှာပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံဟာ တရုတ် အစိုးရကို ပြဿနာ ပေးနေဆဲ ဖြစ်ပါတယ်။ တရုတ် အစိုးရက ပုံမှန် တိုင်းပြည် တစ်ခုဖြစ်ဖို့ အားပေးနေ ပေမယ့် စစ်အစိုးရက လိုက်လိုက် လျောလျော တုန့်ပြန်မှု မရှိပါဘူး"ဟု Turnell က ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ နိုင်ငံအပေါ် ဒဏ်ခတ် အရေးယူမှုများ ဖယ်ရှားပေးရန် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ (အီးယူ) တို့အား အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့(အာဆီယံ)၏ နောက်ဆုံး တောင်းဆိုချက်မှာ ၎င်းတို့၏ ပြည်တွင်း နိုင်ငံရေး အခြေအနေများကြောင့် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက အင်ဒိုနီးရှား နိုင်ငံ၊ အနောက် နူဆာတန်ဂါရာ ဒေသ လွန်းမ်ဘွတ်ကျွန်း (Lombok Island) ၌ ကျင်းပ ပြုလုပ်ခဲ့သော အာဆီယံ ဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကို ဒဏ်ခတ် အရေးယူမှုများ ဖယ်ရှားပေးရန် အာဆီယံအဖွဲ့က ထုတ်ဖော် တောင်းဆိုခဲ့သည်။

သို့သော် ယခုလို ဒဏ်ခတ် အရေးယူမှုများ ဖယ်ရှားမည့် ကိစ္စသည် မြန်မာနိုင်ငံအတွက် အကောင်းဆုံးသော အဖြေတစ်ခုဖြစ်သည် ဟူသော အချက်ကို အာဆီယံဝန်ကြီးများ အနေဖြင့် အမေရိကန်ပြည်ထောင်စု အပါအဝင် အီးယူ အဖွဲ့ဝင်နိုင်ငံများမှ အဆင့်တူ ဝန်ကြီးများ၊ အရာရှိကြီးများ ယုံကြည် လက်ခံလာအောင် ပြောဆိုရန် လိုအပ်သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်တွင်းမှ နိုင်ငံရေးသမားများ နှင့် ထိပ်တိုက် ရင်ဆိုင်ဖြေရှင်းမည် သို့မဟုတ် နိုင်ငံရေးသမားများ နားလည် လက်ခံအောင် ပြောဆိုနိုင်မည် ဟူသော အချက်မှာလည်း ၎င်းတို့အပေါ်တွင်သာ မူတည်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

"တကယ်လို့ အမေရိကန် ပြည်ထောင်စုကသာ အာဆီယံအဖွဲ့ရဲ့ တောင်းဆိုချက်ကို မလိုက်ရောနိုင်ခဲ့ဘူး ဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်မှုတွေ အမြန်ဆုံး ပြုလုပ်လာတာ မြင်တွေ့ရဖို့ လွန်းမ်ဘွတ် ဆွေးနွေးပွဲမှာ အဆိုပြုလိုက်တဲ့ ကိစ္စဟာ သေးသိမ်သွားမှာ ဖြစ်ပါတယ်" ဟု အင်ဒိုနီးရှား တက္ကသိုလ်မှ နိုင်ငံတကာ ဆက်ဆံရေးပညာရှင် Hariyadi Wirawan က Jakarta Post သတင်းစာသို့ ပြောကြားသည်။

"မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဒဏ်ခတ် အရေးယူမှုတွေ ဖယ်ရှားပေးမယ့် ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် လွှတ်တော် နှစ်ရပ်ကို ယုံကြည် လက်ခံလာအောင် ပြောဖို့ဆိုတာ အမေရိကန် အစိုးရရဲ့ တာဝန်ပဲ ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

မြန်မာနိုင်ငံသည် အမေရိကန်ပြည်ထောင်စုက အလို ရှိနေသည့် ဒီမိုကရေစီ နိုင်ငံပုံစံမျိုး ဖြစ်လာဖွယ် မရှိကြောင်း၊ သို့သော် မလေးရှား သို့မဟုတ် စင်ကာပူ ကဲ့သို့သော နိုင်ငံများကဲ့သို့ ဖြစ်လာနိုင်ကြောင်း နိုင်ငံတကာ ဆက်ဆံရေး ပညာရှင် Hariyadi Wirawan က သုံးသပ်သည်။

အကယ်၍ အမေရိကန်ပြည်ထောင်စုက အာဆီယံ၏ တောင်းဆိုချက်ကို ပယ်ချရန် ဆုံးဖြတ်ခဲ့မည် ဆိုလည်း မြန်မာနိုင်ငံအနေဖြင့် ထိခိုက်နစ်နာစရာ တစ်စုံတရာ ရှိလာမည် မဟုတ်ဟု ဆိုသည်။ အကြောင်းမှာ မြန်မာသည် ဒီမိုကရေစီ ဖော်ဆောင်ရေးကို အစောတလျှင် အကောင်အထည် ဖော်နေသည့် နိုင်ငံ မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ပြင် မြန်မာကို အနီးကပ် ကျောထောက်နောက်ခံ ပြုမည့် အာရှအင်အားကြီးနှင့် အိမ်နီးချင်း တရုတ်နိုင်ငံလည်း ရှိနေသောကြောင့် ဖြစ်သည်ဟု ၎င်းက ထောက်ပြသည်။ မြန်မာနိုင်ငံကို အထီးကျန် ဖြစ်အောင် ပြုလုပ်မှုသည် နောက်ဆုံးတွင် အရှေ့တောင် အာရှဒေသ မတည်မငြိမ်မှုကိုသာ ဖြစ်ပေါ်စေမည် ဖြစ်သည် ဟုလည်း ဆိုသည်။

Parahyangan တက္ကသိုလ်မှ နိုင်ငံတကာ ဆက်ဆံရေး ပညာရှင် Bantarto Bandoro ကမူ ယခု အာဆီယံအဖွဲ့၏ အဆိုပြုချက်ကို ကြည့်လျှင် မြန်မာ့ အရေးကိစ္စများ ဖြေရှင်းရန် အခြားသော နည်းလမ်း မရှိတော့သည်မှာ ရှင်းလင်းနေကြောင်း၊ ဒဏ်ခတ်အရေးယူမှု ဖယ်ရှားရေး အပေါ်တွင်သာ မှီခိုနေရကြောင်း ပြောကြားသည်။

"တိကျထိရောက်တဲ့ ရလဒ်တွေ ထွက်ပေါ်လာဖို့ ဆိုရင် ဒဏ်ခတ် အရေးယူမှုတွေဟာ အပြုသဘော ဆောင်တဲ့ အရာတွေပါ။ ဒါပေမဲ့ အဲဒီမူဝါဒတွေဆိုတာ အချိန်နဲ့လိုက်ပြီး ပြန်လည် စိစစ် သုံးသပ်ဖို့ လိုပါတယ်။ နောက်ပြီး အပြုသဘော ဆောင်တဲ့ အပြောင်းအလဲတွေ ရှိလာတဲ့အခါ ဖယ်ရှားသင့်ရင် ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်" ဟု ၎င်းက Jakarta Post သို့ ပြောကြားသည်။ "အဲဒါကြောင့် အမေရိကန် ပြည်ထောင်စုက မြန်မာအပေါ် ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုတွေ နောက်ဆုံးမှာ ဖယ်ရှား ပေးလာရေးအတွက် အာဆီယံ အနေနဲ့ နိုးနိုးကြားကြားနဲ့ လုပ်ဆောင် သွားသင့်တယ်" ဟုလည်း ဆိုသည်။

လွန်းမ်ဘွတ် ဆွေးနွေးပွဲတွင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပ ပြီးဆုံးသွားပြီ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်လည်း နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီ ဖြစ်သောကြောင့် အမေရိကန် ပြည်ထောင်စု၊ အီးယူနှင့် ကနေဒါနိုင်ငံတို့ အနေဖြင့် မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားရေးကို စဉ်းစားရန် လိုအပ်နေပြီ ဖြစ်ကြောင်း တူညီစွာ ပြောဆိုခဲ့ကြသည်။

"မြန်မာနိုင်ငံရဲ့ လက်ရှိ ဖွံ့ဖြိုး တိုးတက်မှုတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက တုံ့ပြန်မှုပေးဖို့ လိုအပ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွေ ဖြစ်ထွန်းအောင် ဖန်တီးနိုင်သလား ဆိုတာကို သိအောင် လုပ်ရပါမယ်" ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က ဆွေးနွေးပွဲ အပြီးတွင် ပြောဆိုခဲ့သည်။

"မည်သို့ပင်ဆိုစေ ပိတ်ဆို့ အရေးယူမှုတွေ ဖယ်ရှားရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ရမယ် ဆိုတာကို သိထားသင့်ပါတယ်" ဟုလည်း ပြောကြားခဲ့သည်။

အာဆီယံ အဖွဲ့၏ အဆိုပြုချက်နှင့် ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ ဒုတိယ လက်ထောက် ဖြစ်သူ Joseph Y Yun က "အဲဒီ တောင်းဆိုချက်တွေဟာ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အကောင်းဆုံး အဆိုပြုချက်တွေပဲ ဖြစ်ပါတယ်။ မြန်မာ အာဏာပိုင်တွေ အနေနဲ့ အာဆီယံက ထောက်ပြ ပြောဆိုတဲ့ အချက်တွေကို အလေးအနက် ထားပြီး လက်တွေ့ အကောင်အထည် ဖော်နိုင်အောင် လုပ်ဆောင်သင့်ပါတယ်" ဟု မကြာသေးခင် ရက်ပိုင်းအတွင်း သုံးသပ် ပြောဆိုသည်။

အကယ်၍ နိုင်ငံတကာ အသိုင်းအဝိုင်း၏ အဆိုပြု တောင်းဆိုချက်များ အားလုံးကို မြန်မာ အစိုးရက လုပ်ဆောင်မည် ဆိုပါက အပြုသဘော ဆောင်သည့် တုံ့ပြန်မှု ရှိလာမည် ဖြစ်ကြောင်း အရှေ့အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ကျွမ်းကျင်သူ Joseph Y Yun က ဆက်လက် ပြောဆိုသည်။

"ဒီကိစ္စက ရှင်းပါတယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်စဉ် တိုးတက် ဖြစ်ထွန်းမှု ရှိလာနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း တုံ့ပြန်မှုတွေ အသေအချာ လုပ်လာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု ယင်းက ဆက်လက် ပြောခဲ့သည်။

Jakarta Post မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နာမည်ကျော် အမေရိကန် စွမ်းအင် ကော်ပိုရေးရှင်းကြီး တစ်ခုဖြစ်သည့် BP ၏ ရုရှား အခြေစိုက် ကုမ္ပဏီခွဲက စီးပွားရေး ဒဏ်ခတ် အရေးယူခြင်း ခံထားရသည့် နိုင်ငံများတွင် စွမ်းအင်ဆိုင်ရာ လုပ်ငန်းများ လည်ပတ် လုပ်ကိုင်ရန် နည်းလမ်း ရှာဖွေလျက် ရှိကြောင်း လျှို့ဝှက် သတင်းပေါက်ကြားမှု တစ်ရပ်ကို ကိုးကားကာ Telegraph သတင်းစာက ရေးသား ဖော်ပြသည်။

အမေရိကန် သံတမန်များ၏ လျှို့ဝှက်ကြေးနန်း တစ်ခုကို နာမည်ကျော် WikiLeaks က ထုတ်ဖော်ချက် အရ ရုရှား TNK-BP ဘုတ်အဖွဲ့က ခြွင်းချက်များ ပါဝင်သော အဆိုပြုချက်များကို ဗီတို အာဏာသုံး၍ ပယ်ချလိုက်ပြီးနောက် CEO  Bob Dudley အား ရုရှားမှ ထွက်သွားရန် ဖိအားပေး ခံခဲ့ရကြောင်း သိရသည်။ TNK-BP မှ ရုရှား ဒါရိုက်တာများက မြန်မာ၊ ကျူးဘားနှင့် ဆူဒန်နိုင်ငံများတွင် စွမ်းအင် လုပ်ငန်းများ လုပ်ကိုင်ရန် ဖိအား ပေးခဲ့ကြသည်ဟု မစ္စတာ Bob Dudley က အမေရိကန် အစိုးရ အရာရှိကြီးများအား ပြောဆိုခဲ့ကြောင်း ကြေးနန်းတွင် ဖော်ပြထားသည်။

အမေရိကန် BP ကော်ပိုရေးရှင်း၏ ကမ္ဘာလုံး အတိုင်းအတာ စွမ်းအင် ထုတ်လုပ်မှု၏ ၂၅ ရာခိုင်နှုန်းကို TNK-BP က လုပ်ကိုင် ဆောင်ရွက်ကြောင်း၊ ရုရှား နိုင်ငံရေးတွင် ပါဝင်သူ လူနည်းစုများ၏ Alfa-Access-Renova (AAR) နှင့် ဗြိတိန် ကုမ္ပဏီ တစ်ခုတို့ သဘော တူညီချက် တစ်ရပ် ရယူခဲ့ကြသည့် ၂၀၀၃ ခုနှစ်တွင် ထူထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လျှို့ဝှက် ကြေးနန်း မှတ်တမ်းကို ရုရှားနိုင်ငံ၊ မော်စကို အခြေစိုက် အမေရိကန် သံရုံးမှ ဝါရှင်တန်သို့ ၂၀၀၈ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် ပေးပို့ခဲ့သည်။ "AAR နှင့် German Khan တို့သည် ယင်းစီမံကိန်းများကို စိစစ်နိုင်ရေး အတွက်TNK-BP ၏ အရင်းအမြစ်များကို စနစ်တကျ အသုံးချ ခဲ့ကြသည်ဟု မစ္စတာ Bob Dudley က ဆိုသည်။ ၂၀၀၈ ခုနှစ်၊ ဇွန်လ ၁၆ ရက်စွဲဖြင့် ထွက်ပေါ်လာသော သံတမန် မှတ်တမ်း တစ်ခုတွင်လည်း TNK-BP မှ ဒုတိယ ဥက္ကဌ နှင့် အမေရိကန် အရာရှိကြီးများ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ အသေးစိတ်ကို ဖော်ပြထားသည် ဟု ဆိုသည်။

"AAR ၏ စီးပွားရေး မိတ်ဖက်များ၊ အထူးသဖြင့် German Khan တို့သည် BP ကော်ပိုရေးရှင်းက ရင်းနှီးမြှုပ်နှံမှု မပြုလုပ်နိုင်သော ကာဒစ္စတန်၊ ကျူးဘား၊ မြန်မာ အစရှိ သကဲ့သို့သော နိုင်ငံများမှ စီမံကိန်းများတွင် ရင်းနှီး မြှုပ်နှံရန် TNK-BP ၏ အရင်းအမြစ်များကို အသုံးချလျက် ရှိသည်" ဟု သံတမန် ကြေးနန်းတွင် ဖော်ပြထားသည်။

"TNK-BP ဘုတ်အဖွဲ့က အဆိုပြု ချက်များကို ပယ်ချလိုက်ချိန်တွင် German Khan က အဆိုပါ အဆိုပြုချက်များကို AAR ၏ ထိန်းချုပ်မှု လက်၌ ရှိသော သီးခြား ကုမ္ပဏီတစ်ခုသို့ လွှဲပေး လိုက်ကြောင်း၊ ယင်းအစီအစဉ် ကြာင့် German Khan နှင့် AAR၏ မိတ်ဖက် ကုမ္ပဏီများ အခြေအနေ ကောင်းမွန်ခဲ့ခြင်း ဖြစ်ကြောင်း" ဆက်လက် ဖော်ပြသည်။ German Khan ကုမ္ပဏီသည် သဘောထား မတည်ငြိမ်သော စီးပွားရေး အဖွဲ့အစည်း တစ်ခု ဖြစ်သည်ဟု မစ္စတာ Bob Dudley က စွပ်စွဲ ပြောဆိုကြောင်း အလားတူ မှတ်တမ်း တစ်ရပ်က ဆိုသည်။

ခရင်မလင် အစိုးရ အေးဂျင့်များသည် မိမိ ရုရှား နိုင်ငံတွင်းမှ အလုပ်သမား ဥပဒေ ချိုးဖောက်မှုဖြင့် ထွက်ခွာသွားအောင် ဖိအားပေးမှုများ၊ ညှင်းပန်း နှိပ်စက်မှုကို ဆက်တိုက် လုပ်ဆောင်ခဲ့သည် ဟုလည်း မစ္စတာ Bob Dudley က စွပ်စွဲပြောဆိုသည်။ အမေရိကန် သံတမန် ကြေးနန်း ပေါက်ကြားချက်အရ ရုရှား အစိုးရသည် TNK-BP ၏ စီးပွားရေး အုပ်စု နှစ်ခု အချင်းချင်း တိုက်ခိုက်မှုများ ဖြစ်ပေါ်စေရန် ဦးတည်ချက် ရှိခဲ့သည်ဟု မစ္စတာ Dudley က ယုံကြည်ခဲ့သည်။ အချင်းချင်း ယှဉ်ပြိုင် တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ဆက်လက် ရပ်တည်နိုင်သူအား ရုရှားနိုင်ငံ၏ တတိယမြောက် အကြီးဆုံး ရေနံ ကုမ္ပဏီကြီး တစ်ခု ထူထောင်ပေးရန် ခိုင်းစေမည်ဟုလည်း ၎င်းက ယုံကြည်သည်။ "အချင်းချင်း ဆားဘီးယား ကျားများကဲ့သို့ အပြန်အလှန် ကိုက်ခိုင်းပြီး အသက်ရှင်သော ကျားကို မိမိလိုရာ စေခိုင်းမည့် သဘော ဖြစ်သည်" ဟု ၎င်းက တင်စား ပြောဆိုခဲ့သည်။

အခြားသော သတင်း ပေါက်ကြားမှု တစ်ရပ်အရ မစ္စတာ Dudley နှင့် နိုင်ငံတကာပိုင်း ဆိုင်ရာ CEO Tony Hayward တို့အကြား ပါဝါယှဉ်ပြိုင်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ရုရှား စွမ်းအင် ဒုတိယဝန်ကြီး Vlamidir Milov က ထုတ်ဖော် အသိပေးခဲ့သည်။ မစ္စတာ Tony Hayward မှာ ရေနက်ပိုင်းတွင် သွယ်တန်းထားသော ပိုက်လိုင်းမှ ရေနံ ယိုစိမ့်မှုကြောင့် ရာထူးမှ နုတ်ထွက် ပေးလိုက်ရသူ ဖြစ်သည်။ (မှတ်ချက်- ၎င်းမှာ ယခုအခါ ရုရှားအခြေစိုက် TNK-BP ၏ CEO အဖြစ် လုပ်ကိုင်နေသည်။)

BP သည် လတ်တလော ကာလတွင် နိုင်ငံပိုင် Rosneft နှင့် စီးပွားရေး မဟာမိတ်အဖြစ် ပူးပေါင်းကာ အာတိတ်ဒေသ ရေနံ ရှာဖွေရေး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည်။

Rosneft ၏ ဥက္ကဌ Igor Sechin သည် မိမိအားထိုးစစ်ဆင်တိုက်ခိုက်ရန် နိုင်ငံရေး သြဇာအာဏာ ရှိသူ လူနည်းစုများကို ကျောထောက် နောက်ခံ ပေးခဲ့သည်ဟု မစ္စတာ Dudley က စွပ်စွဲ ပြောဆိုခဲ့ကြောင်း သံတမန် ကြေးနန်းများက ဆိုသည်။

အဆိုပါ ပြဿနာများနှင့် ပတ်သက်၍ BP ကုမ္ပဏီ ပြောရေးဆိုခွင့် ရှိသူကို AFP သတင်းဌာနက ဆက်သွယ် မေးမြန်းရာ ထင်မြင် သုံးသပ်ချက် မပြုလုပ်လိုကြောင်း တုံ့ပြန်ခဲ့သည်။ "BP နှင့် Rosneft တို့သည် ခိုင်မာသော ဆက်ဆံရေး ရှိကြပြီး တစ်ဦးနှင့် တစ်ဦး အပြန်အလှန် အလေးထားသူများ ဖြစ်သည်" ဟုသာ ပြောဆိုသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ထိုင်းပင်လယ်ကွေ့နှင့် မြန်မာနိုင်ငံ ဘက်မှ လာသော သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းများ ယာယီ ပိတ်ဆို့မည့် ကိစ္စများကြောင့် ယခုနှစ် ထိုင်းနိုင်ငံတွင်း လျှပ်စစ် ဓာတ်အားခများ မြင့်တက်လာဖွယ် ရှိကြောင်း The Nation သတင်းစာက ရေးသား ဖော်ပြလိုက်သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် ထိုင်းလျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးဌာန (Egat) အနေဖြင့် ပိုမို စရိတ်စက ကုန်ကျမည့် ရေနံလောင်စာကို အသုံးပြုရလာရမည် ဖြစ်သည်။

Egat က ခန့်မှန်း တွက်ချက်မှုအရ ထိုင်းပင်လယ်ကွေ့ရှိ Arthit၊ JDA- B17 လုပ်ကွက်များ အပါအဝင် မြန်မာနိုင်ငံမှ သွယ်တန်း ပေးပို့သော သဘာဝ ဓာတ်ငွေ့များကို အစားထိုးရန် ယခုနှစ် အတွင်း သိုလှောင်ရေနံ လီတာပေါင်း ၂၁၆ သန်းခန့် လိုအပ်မည် ဖြစ်သည်။ ထိုင်းပင်လယ်ကွေ့မှ တစ်နေ့လျှင် သဘာဝ ဓာတ်ငွေ့ သန်း ၇၀၀ ကုဗလက်မ ပေးပို့မှုသည် ယခုနှစ် ဧပြီလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အကြား ရပ်ဆိုင်းမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ တစ်နေ့လျှင် ၁ ဒဿမ ၂ ဘီလီယံ ကုဗလက်မ ပေးပို့မှုမှာ ဒီဇင်ဘာလ ၅ ရက်နေ့မှ ၂၉ ရက်နေ့များတွင် လျော့ကျသွားမည် ဖြစ်သည်။

"သိုလှောင်ထားတဲ့ ရေနံ အသုံးစရိတ်က ဓာတ်ငွေ့ အသုံးစရိတ်ထက် ပိုမိုမြင့်မားပါတယ်။ စရိတ်စကတွေ ထဲမှာ လောင်စာဆီ အခွန် ကောက်ခံမှုတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်" ဟု Egat အုပ်ချုပ်ရေးမှူး Sutas Patamasiriwat က ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပြောကြားသည်။

"ဓာတ်ငွေ့ သွယ်တန်းပေးပို့မှု ယာယီပိတ်တဲ့ ကိစ္စကြောင့် ထိခိုက်နစ်နာမှုတွေ အများကြီး ဖြစ်လာမှာ မဟုတ်ပါဘူး။ အဲဒါနဲ့ ပတ်သက်ပြီး ကြိုတင် စီစဉ်ထားပြီး ဖြစ်ပါတယ်။ ယာယီပိတ်မယ့် ကိစ္စကို ဆောင်ကရန် (ထိုင်းသင်္ကြန်) နဲ့ နှစ်သစ်ကူး (New Year) ရုံးပိတ်ရက်ရှည် ကာလ တွေမှာ လုပ်မှာပါ။ အဲဒီအချိန်တွေမှာ ဓာတ်အား သုံးစွဲမှုက ပုံမှန်ထက် ၃၀ ကနေ့ ၃၅ ရာခိုင်နှုန်းလောက်ထိ လျော့နည်း တတ်ပါတယ်" ဟု ၎င်းက ဆိုသည်။

Egat က သဘာဝဓာတ်ငွေ့ စွမ်းအင်သုံး ဓာတ်အား ထုတ်လုပ်ရေး စက်ရုံများ ဖြစ်ကြသော Chana နှင့် Khon Kaen တို့ကို ပြန်လည် ပြုပြင် ထိန်းသိမ်းမှုများ ပြုလုပ်နိုင်ရေး အတွက် သဘာဝ ဓာတ်ငွေ့ ပေးပို့မှုများ ရပ်ဆိုင်းရန် စီစဉ်ခြင်း ဖြစ်သည်။ Chana ဓာတ်အားထုတ် စက်ရုံကို မတ်လမှ ဇွန်လအတွင်း၊ Khon Kaen ဓာတ်အားထုတ် စက်ရုံကို စက်တင်ဘာလ အတွင်း ပြုပြင် ထိန်းသိမ်းမှုများ ပြန်လည် လုပ်ဆောင်မည် ဖြစ်သည်။

ထိုင်းတစ်မျိုးသားလုံး ဆိုင်ရာ လျှပ်စစ် ဓာတ်အား သုံးစွဲမှုမှာ ယခုနှစ် အတွင်း ၄ ဒဿမ ၁၅ ရာခိုင်နှုန်းခန့် မြင့်တက်လာသည်ဟု Egat က ခန့်မှန်းသည်။ ယင်းသို့ ခန့်မှန်းရာတွင် ထိုင်းအမျိုးသား စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေး ဘုတ်အဖွဲ့၏ စီးပွးရေး တိုးတက်မှု ဟောကိန်းကို အခြေခံ၍ တွက်ချက်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်အားသုံးစွဲမှု အမြင့်ဆုံး ၅ ဒဿမ ၄၉ ရာခိုင်နှုန်း( ၂၅၃၂၇ မီဂါဝပ်) အထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။

ယခုနှစ်အတွက် ထိုင်းအရန် လျှပ်စစ် ဓာတ်အားနှင့် ပတ်သက်၍ စိုးရိမ် ပူပန်စရာ မရှိဟု လည်း မစ္စတာ Sutas Patamasiriwat က ဆိုသည်။ သို့သော် ၎င်းအနေဖြင့် စိုးရိမ် ပူပန်နေသည့် အချက်မှာ ရေလှောင်တမံများမှ ရေပမာဏပင် ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်း ကာလများတွင် ထိုင်းနိုင်ငံတစ်ဝန်း ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ရေလှောင်တမံများရှိ ရေပမာဏမှာ လွန်ခဲ့သော နှစ်များထက် ၅ ရာခိုင်နှုန်းခန့် လျော့နည်းသွားသည် ဟု ဆိုသည်။

ထိုင်းနိုင်ငံ အနောက်ဘက် ဒေသများမှ ရေလှောင် တမံများတွင်ရေ ၄ ဒဿမ ၃ ဘီလီယံ ကုဗမီတာ လျော့နည်းသွားသည်။ အဆိုပါ ရေလှောင်တမံများမှ ရေ ၅ ဒဿမ ၃ ဘီလီယံ ကုဗမီတာမျှသာ ထုတ်ယူ သုံးစွဲနိုင်မည်ဟု ဆိုသည်။ ထို့ပြင် မိုးရေချိန် လျော့နည်းမှုကြောင့် လာအို နိုင်ငံတွင်းရှိ Huay Ho ရေလှောင်တမံ တွင်လည်း ရေများ သိသိသာသာ လျော့နည်း ကျဆင်းသွားသည့် ကိစ္စနှင့် ပတ်သက်၍ Egat က စိုးရိမ် ပူပန်လျက် ရှိသည်။ Huay Ho ရေအား လျှပ်စစ် ဓာတ်အားထုတ် စက်ရုံမှ ထွက်ရှိသည့် ဓာတ်အားများကို ထိုင်းမြောက်ပိုင်း ဒေသများတွင် အဓိက မှီခို အသုံးပြု နေရသည်။ လျှပ်စစ်ဓာတ်အား အမြင့်ဆုံး အသုံးပြု ချိန်များတွင် တချို့တစ်ဝက် မီးပြတ်တောက်မှု နှင့် လုံးလုံးလျားလျား မီးပြတ်တောက်မှုများ ဖြစ်ပေါ်လာဖွယ် ရှိသည်ဟု Egat က ခန့်မှန်းသည်။

"ထိခိုက်နစ်နာမှုတွေ လျော့နည်းသွားစေရေး အတွက် ထိုင်းနိုင်ငံရဲ့ နေရာဒေသ တချို့က ဓာတ်အားတွေကို ခွဲဝေ အသုံးပြုဖို့ ကျွန်တော်တို့ စဉ်းစားသွားမှာပါ" ဟု Egat အုပ်ချုပ်ရေးမှူး Sutas Patamasiriwat က ဆိုသည်။

The Nation မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.