Transparency Myanmar

transparency.myanmar@gmail.com

ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီက မြန်မာနိုင်ငံပေါ် ဒဏ်ခတ် အရေးယူသည့် မူဝါဒများ ပြန်လည် ပြင်ဆင် ပြဋ္ဌာန်းရေးအတွက် အမေရိကန် အပါအဝင် အနောက် နိုင်ငံများနှင့် တွေ့ဆုံ ဆွေးနွေး လိုကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အဓိက အတိုက်အခံ ပါတီကြီး တစ်ခု ဖြစ်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ထုတ်ပြန်လိုက်သော ကြေညာချက် တစ်ရပ်မှာ စစ်အစိုးရ အပါအဝင် အထီးကျန် ဖြစ်နေသော မြန်မာနိုင်ငံ၏ အဖိုးတန် သဘာဝ ဓာတ်ငွေ့များကို ရယူလိုသည့် အနောက် ကမ္ဘာမှ ရင်းနှီး မြှုပ်နှံရေး လုပ်ငန်းကြီးများ အတွက် ထိခိုက် နစ်နာမှု ပိုမို ရှိစေလာမည်ဟု Reuters သတင်းက ရေးသားသည်။

"ဒဏ်ခတ် အရေးယူမှုတွေက စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းတွေကိုပဲ ထိခိုက် နစ်နာစေပြီး မြန်မာ ပြည်သူ အများစုအပေါ် ထိခိုက် နစ်နာမှု မရှိဘူး ဆိုတာကို ကျွန်တော်တို့ တွေ့ရပါတယ်" ဟု NLD ဒုတိယ ဥက္ကဌ ဦးတင်ဦးက Reuters သတင်း ဌာနသို့ ပြောကြားသည်။

NLD ပါတီက ကြေညာချက် ထုတ်ပြန်ရာတွင် ပါတီအနေဖြင့် ပိတ်ဆို့ အရေး ယူမှုများနှင့် ပတ်သက်ပြီး အနောက် နိုင်ငံများနှင့် တွေ့ဆုံ ဆွေးနွေးလိုကြောင်း၊ အနောက် နိုင်ငံများ အနေဖြင့် ယင်းမူဝါဒများကို မည်သို့မည်ပုံ ပြုပြင် မွမ်းမံပေးနိုင်မည် ဟူသော အချက်ကို ဆွေးနွေးလိုခြင်း ဖြစ်ကြောင်း ဆိုထားသည်။ မြန်မာနိုင်ငံ၏ စီးပွားရေး အခက် အခဲများနှင့် ပြဿနာများကို လျှော့ချ ပေးနိုင်မည့် ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ လမ်းညွှန်ချက်များ လိုအပ်သည်ဟုလည်း NLD က တိုက်တွန်း ပြောဆိုသည်။

မြန်မာ စစ်အစိုးရ၏ ညှန်းပန်း နှိပ်စက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများက မြန်မာအပေါ် ပိတ်ဆို့ အရေးယူသည့် မူဝါဒများကို ဆက်လက် ကျင့်သုံးနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးသည် များစွာ နောက်ကျ ကျန်ရစ်ခဲ့ပြီ ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် လိုအပ်သည်ဟု ဆိုသည်။

"ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ကောင်းမွန်သော စီးပွားရေး ဝန်းကျင်မျိုး ထွက်ပေါ် လာရေး အတွက် ပိတ်ဆို့ အရေးယူများကို မည်သည့် အချိန်၊ မည်သည့် အနေအထား အောက်တွင် မည်သို့ ပြုပြင် ပြဋ္ဌာန်းမည် ဟူသော သဘော တူညီချက် ရယူရန် NLD အနေဖြင့် အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ သြစတြေးလျ နိုင်ငံတို့နှင့် တွေ့ဆုံ ဆွေးနွေးလိုသည်" ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အငြင်းပွားစရာ ဖြစ်ခဲ့သော နိုဝင်ဘာလ ၇ ရက် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီး ရက်ပိုင်းမျှတွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာသည်။ အဆိုပါ ရွေးကောက်ပွဲကို အတိုက်အခံ နိုင်ငံရေး အုပ်စုများနှင့် အနောက်နိုင်ငံများက များစွာ ပြစ်တင် ဝေဖန်ခဲ့ကြသည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် လက်ခံပြုလုပ်ခဲ့သော အင်တာဗျူးများတွင် ဒေါ်အောင်ဆန်းစုကြည်က ပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှားပေးနှင့် ပတ်သက်၍ စဉ်းစားကောင်း စဉ်းစားမည် ဟူသော အရိပ်အမြွက်များ ပြောဆိုခဲ့သည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံနိုင်ရေး အတွက် အနောက်ကမ္ဘာမှ လုပ်ငန်းကြီးများ အာရုံ စိုက်လာကြသလို သံခင်းတမန်ခင်း ဆိုင်ရာ လုပ်ကိုင် ဆောင်ရွက်ချက် များစွာလည်း ဖြစ်ပေါ်ခဲ့သည်။

လေ့လာ သုံးသပ်သူများ အဆိုအရ အနောက်ကမ္ဘာ၏ ပိတ်ဆို့ အရေးယူမှုများသည် မြန်မာ နိုင်ငံတွင်း ပြုပြင် ပြောင်းလဲမှုများ ပေါ်ထွန်အောင် ဆောင်ရွက် ပေးနိုင်စွမ်း မရှိဘဲ မြန်မာ စစ်ဗိုလ်ချုပ်ကြီး များနှင့် ၎င်းတို့၏ စီးပွားရေး အပေါင်းအပါများ အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့် တရုတ်၊ ထိုင်း အစ ရှိသည်တို့နှင့် ပိုမို မဟာမိတ် ဖွဲ့ရန်သာ တွန်းအား ပေးခဲ့သလို ဖြစ်သည်ဟု ဆိုသည်။

အနောက်ကမ္ဘာ၏ ပိတ်ဆို့ အရေးယူမှုမူ ဝါဒများမှာ မြန်မာနိုင်ငံနှင့် လက်နက်ရောင်းဝယ်မှု၊ ရင်းနှီးမြှုပ်နှံမှု အသစ်ပြုလုပ်မှု၊ စစ်အစိုးရ အရာရှိကြီးများ ခရီး သွားလာခွင့်နှင့် ၎င်းတို့၏ ပြည်ပ ဘဏ်စာရင်းများ ပိတ်ပင်မှုတို့ဖြစ်ရာ မြန်မာစီးပွားရေးကို ထိခိုက် နစ်နာစေပြီး ပြည်သူလူထုလည်း ထိခိုက်ရသည်ဟု လေ့လာ သုံးသပ်သူများက ဆိုသည်။

Reuters နှင့် BBC သတင်းကို ပူးတွဲ ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ကုလသမဂ္ဂမှ နျူကလီးယား ရေးရာ ကျွမ်းကျင်သူများ အဆိုအရ မြောက်ကိုရီးယားတွင် ဖုံးကွယ်ထားသော နျူကလီးယား အလုပ်ရုံ အနည်းဆုံး တစ်ခု ရှိကြောင်း သိရသည်။

ကုလသမဂ္ဂ၏ လျှို့ဝှက် သတင်း ပေးပို့ချက် တစ်ရပ်တွင် မြောက်ကိုရီးယားမှ အဆိုပါ လျှို့ဝှက် နျူကလီးယား စက်ရုံ နယ်မြေထဲသို့ သွားရောက် လည်ပတ်ခဲ့သူ အမေရိကန် သိပ္ပံပညာရှင် Siegfried Hecker ၏ သက်သေ အထောက် အထားများကို အခြေခံကာ ရေးသား ဖော်ပြထားသည်။

သိပ္ပံပညာရှင် Siegfried Hecker က မြောက်ကိုရီးယားတွင် တွေ့မြင်ခဲ့ရသော စက်ဒလက်များမှာ အခြား လျှို့ဝှက်ထားသော နျူကလီးယား စက်ရုံများမှ ဖြစ်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ နျူကလီးယား ကျွမ်းကျင်သူများ အဖွဲ့သို့ အသိပေး ပြောဆိုခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ နျူကလီးယား ကျွမ်းကျင်သူများက ရေးသားသော အစီရင်ခံစာကို ထုတ်ဝေခြင်း မရှိသေးကြောင်း၊ သို့သော် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ ပေးပို့လိုက်ပြီ ဖြစ်ကြောင်း BBC သတင်းက ဆိုသည်။

မစ္စတာ Hecker သည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် မြောက်ကိုရီးယား နိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့ရာ အာဏာပိုင်များက ၎င်းအား ယုံဗြွန် နျူကလီးယား စက်ရုံနယ်မြေထဲမှ ယူရေနီယံ သန့်စင်မှု အပြည့်အဝ လုပ်ဆောင်နိုင်သော စက်ရုံတစ်ခုကို ပြသခဲ့ကြသည်။ မစ္စတာ Hecker က လုံခြုံရေး ကောင်စီသို့ မြောက်ကိုရီးယားတွင် ဖုံးကွယ်ထားသော နျူကလီးယား စက်ရုံများ ရှိကြောင်း အကျဉ်းချုံး တင်ပြခဲ့ပြီးနောက် ကုလသမဂ္ဂ နျူကလီးယား ကျွမ်းကျင်သူများ အနေဖြင့် အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ရန် တိုက်တွန်း ပြောဆိုခဲ့သည်။

သံတမန်ကြီးများ အဆိုအရ လျှို့ဝှက် သတင်း ပေးပို့ချက်တွင် ပါရှိသော ယုံဗြွန်စက်ရုံမှ စက်ဒလက်များနှင့် အခြားသော ပစ္စည်းများသည် လျှို့ဝှက် ဖုံးကွယ်ထားသော နျူကလီးယား စက်ရုံများတွင် လည်ပတ် လုပ်ကိုင်ပြီး ဖြစ်သော ပစ္စည်းများ ဖြစ်ကြောင်း သိရသည်။

အခြားသော သံတမန်တစ်ဦးကမူ "လျှို့ဝှက် နျူကလီးယား စက်ရုံ တစ်ခုခုမရှိဘဲ ၂၀၀၉ ခုနှစ်ကနေ အခုအချိန်အထိ စက်ဒလက်တွေ တပ်ဆင် ထုတ်လုပ်နိုင်တယ် ဆိုတဲ့ ကိစ္စဟာ မဖြစ်နိုင်ပါဘူး" ဟု Reuters သတင်းဌာနသို့ ပြောကြားသည်။

သို့သော် မစ္စတာ Hecker က နျူကလီးယား ကျွမ်းကျင်သူများသို့ ပြောကြားရာတွင် မြောက်ကိုရီးယားသည် အဆိုပါ ပစ္စည်းကိရိယာများ အားလုံးကို ထုတ်လုပ်နိုင်ခဲ့ပုံ မရကြောင်း ပြောဆိုသည်။ ဖြစ်နိုင်ခြေ ရှိသော အချက်မှာ မြောက်ကိုရီးယားသည် အချို့သော ပစ္စည်းများကို ပြည်ပမှ တင်သွင်းပြီး နိုင်ငံတွင်း တပ်ဆင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

ကုလသမဂ္ဂ နျူကလီးယား ကျွမ်းကျင်သူများ အဖွဲ့သည် မြောက်ကိုရီးယား နျူကလီးယား ဆိုင်ရာ အရာရှိကြီးများကို ပိတ်ဆို့ အရေးယူသည့် မူဝါဒများ ချမှတ်ခဲ့သည့် အဖွဲ့လည်း ဖြစ်ကြောင်း သတင်း ပေါက်ကြားချက်အရ သိရသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဖေဖော်ဝါရီလ ၈ ရက် ၂၀၁၁ ရက်စွဲပါ Monsters and Critics မှ Myanmar opposition calls for review of sanctions ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့် အရေးများကို အားပေးနိုင်ရန် စီးပွားရေးအရ အရေးယူ မှုများကို မည်သို့ ပြုပြင်နိုင်မည် ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စု၊ ဥရောပ သမဂ္ဂ၊ သြစတြေးလျ၊ ကနေဒါ တို့အား မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီက အင်္ဂါနေ့က တောင်းဆိုခဲ့သည်။

မြန်မာ နိုင်ငံ၏ စီးပွားရေး အခြေအနေမှာ sanction ကြောင့် သိသိ သာသာ အတိုင်းအတာ တစ်ခုအထိ ထိခိုက်ခြင်း မရှိကြောင်း၊ ရနိုင်သော သက်သေ အထောက် အထားများက ညွှန်းဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယင်း၏ လေးမျက်နှာရှိ ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာ နိုင်ငံ၏ အတိအကျ ပြောဆိုရန် ခက်ခဲသော လက်ရှိ စီးပွားရေး ပြဿနာများသည် စစ်အစိုးရ၏ စီးပွားရေး မူဝါဒများကြောင့် ဖြစ်ကြောင်း NLD က အပြစ်တင်ခဲ့ပြီး စီးပွားရေး မူဝါဒများသည် ဈေးကွက် အင်အားစုများကို ဘာမျှ မလုပ်နိုင်အောင် တားဆီး ထားပြီး ခရိုနီ ဦးစားပေး ၀ါဒ (Cronyism) ကိုသာ အသုံးပြုကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံကို နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) တို့ အားလုံးသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုတွင် စစ်တပ်၏ နှိမ်နှင်းမှုကြောင့် ၁၉၈၈ မှစ၍ အကူအညီ ပေးရေး အစီအစဉ်များ ရပ်ဆိုင်း သွားခဲ့သည်။

အနောက်နိုင်ငံ အများစုသည် ထိုစဉ်ကတည်းက အကူအညီများ ရပ်ဆိုင်းခဲ့ပြီး၊ အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင် နိုင်ငံသားများ ရင်းနှီး မြှုပ်နှံမှုကို တားမြစ်ခဲ့သည်။

အမေရိကန်နှင့် အီးယူတို့သည် အုပ်ချုပ်သူ ဗိုလ်ချုပ်များနှင့် ယင်းတို့၏ စီးပွားရေး ခရိုနီများ အပေါ် ငွေကြေး ဆိုင်ရာ အရေးယူမှုများ ချမှတ်ခဲ့သည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေး အပြီးတွင် sanction များ ရုတ်သိမ်းရေးနှင့် ပတ်သက်၍ ငြင်းခုန်မှုများ ရှိလာခဲ့သည်။

NLD ပါတီသည် ရွေးကောက်ပွဲဝင်ရန် ငြင်းဆန်မှုကြောင့် တရားဝင် နိုင်ငံရေး ပါတီအဖြစ် ရပ်တည်ရေး ဆုံးရှုံးခဲ့ရသော်လည်း နိုင်ငံတကာက ယင်း၏ ခေါင်းဆောင်အပေါ် လေးစားမှုကြောင့် ပါဝါ ရှိသော အတိုက်အခံ အဖြစ် ဆက်လက် ရပ်တည်လျက် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ကလည်း သူမ လွတ်မြောက်ပြီးနောက် စီးပွားရေး sanction များနှင့် ပတ်သက်၍ NLD ၏ ရပ်တည်ချက်ကို ပြန်လည် သုံးသပ်မည်ဟု ပြောခဲ့သည်။

"NLD အနေနဲ့ sanction များနှင့် ပတ်သက်၍ အမြင်များ သဘော တူညီမှု ရရှိရေး အတွက် အမေရိကန်၊ အီးယူ၊ ကနေဒါ နှင့် သြစတြေးလျ တို့နှင့် ဆွေးနွေးရန် တောင်းဆိုခဲ့သည်။ ဒီမိုကရေစီ၊ လူ့အခွင့် အရေးနှင့် သန်စွမ်းသော စီးပွားရေး ၀န်းကျင်များ ပေါ်ပေါက်ရေးအတွက် sanction များကို မည်သို့ ပြန်လည် ပုံစံသွင်း ပြင်ဆင်မည် ဆိုသည်ကို လည်း ဆွေးနွေး လိုပါသည်"ဟု ကြေညာချက်တွင် ဖော်ပြ ထားသည်။

အနောက် နိုင်ငံများ၏ sanction ရုပ်သိမ်းရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ သြဇာ လွှမ်းမိုး မှုကို သူမ အနေဖြင့် စစ်အစိုးရနှင့် လည်းကောင်း၊ အစိုးရသစ်နှင့် လည်းကောင်း ဆွေးနွေးရေး အတွက် ဖဲတစ်ချပ် အဖြစ် အသုံးပြု နိုင်သည်။

လက်ရှိတွင် မြန်မာပြည်၏ အစိုးရသစ်ကို စစ်တပ်မှ ထွက်သော ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းလိမ့်မည်ဟု မျှော်လင့်ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဖေဖော်ဝါရီလ ၇ ရက် ၂၀၁၁ ရက်စွဲပါ Reuters ၏ Sanctions on Myanmar ကို ဘာသာ ပြန်ဆိုသည်)

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ပါတီက မြန်မာနိုင်ငံ အပေါ် ချမှတ်ထား သော အရေး ယူမှုများ ဆက်ရှိနေ သင့်သည်ဟု ထောက်ခံ ပြောဆိုလိုက်ရာ စစ်အစိုးရနှင့် မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံရန် စိတ်အား ထက်သန်သော အနောက်နိုင်ငံ ကုမ္ပဏီများအဖို့ လေစိမ်း အတိုက်ခံရ သလို ရှိပေလိမ့်မည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ကုန်သွယ်ရေးနှင့် ခရီး သွားလာရေး တားမြစ်ချက် များသည် လူဦးရေ အများစုအား သိပ် မထိခိုက်သဖြင့် sanction များ ဆက်ရှိ နေသင့်ပြီး အရပ်သား အစိုးရ သစ်နှင့် ဥပဒေပြုရေးတွင် ဆက်လက် ချုပ်ကိုင်ရန် ကြိုးစားနေသော ဗိုလ်ချုပ်များကို အထီးကျန်အောင် ပြုလုပ်ရမည်ဟု ဆိုသည်။

ယခု လက်ရှိ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော sanction များကို အောက်တွင် ဖော်ပြထားသည်။

အီးယူ၏ ပိတ်ဆို့ အရေးယူမှုများ

-      ဥရောပ သမဂ္ဂသည် ၁၉၉၆ ခုနှစ်တွင် ယင်း၏ အဖွဲ့ဝင်များ လိုက်နာရမည့် စည်းကမ်းများ (Common Position on Myanmar) ကို ချမှတ်ခဲ့ရာ အီးယူမှ လက်နက်များ၊ လက်နက် နည်းပညာများ မြန်မာနိုင်ငံသို့ ရောင်းချခြင်း၊ လွှဲပြောင်းခြင်း တားမြစ်ခြင်း၊ ပြည်တွင်း ဖိနှိပ် မည့် ပစ္စည်း ကိရိယာများ တင်ပို့ခြင်းများကို တားမြစ်ခြင်းများ ပါဝင်သည်။

-      အီးယူ အစိုးရများသည် ၂၀၀၇ စက်တင်ဘာလက ဘုန်းတော်ကြီး အရေးအခင်းတွင် နှိမ်နှင်းမှု များကြောင့် အရေးယူမှုများအား ပိုမို တင်းကြပ်ခဲ့ပြီး၊ ကုမ္ပဏီ ၁၂၀၇ ခုအား ဗီဇာ ပိတ်ပင်ခြင်း၊ ပိုင်ဆိုင်မှုများ ပိတ်ဆို့ခြင်းများ ပါဝင်သည်။

၂၀၀၉ ဧပြီလတွင် အီးယူသည် စစ်အစိုးရ အဖွဲ့ဝင်များနှင့် ယင်းတို့ကို ပံ့ပိုး ကူညီ သူများအား ပိတ်ပင်မှုနှင့် ပိုင်ဆိုင်မှုများ ပိတ်ပင် ထားမှုကို သက်တမ်း တစ်နှစ် တိုးမြှင့် ခဲ့သည်။ မြန်မာ နိုင်ငံရှိ နိုင်ငံရေး အကျဉ်းသား (၂၁၀၀)ခန့်အား လွှတ်ပေးရန် ကာလ ရှည်ကြာ ကပင် တောင်းဆိုခဲ့သည်။

-      မြန်မာ နိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းဝယ်မှု ပိတ်ပင်ရေးနှင့် စီးပွားရေး sanction များတွင် အဓိက ပို့ကုန်များ ဖြစ်သော သစ်နှင့် ပတ္တမြားတို့ ကဲ့သို့သော ပစ္စည်းများ ပေါ်တွင် အာရုံပြုရန် သြဂုတ်လ (၁၁) ရက်နေ့က ပြင်သစ်က ပြောကြားခဲ့သည်။ ဗြိတိန် နိုင်ငံကလည်း မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းဝယ်မှု ကန့်သတ်ရေး ပြုလုပ်ရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအား တောင်းဆို ခဲ့သည်။

-      အီးယူသည် ၂၀၀၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ် အကျယ်ချုပ် သက်တမ်း တိုးရာတွင် တာဝန်ရှိသော တရားသူကြီးများအား စစ်အစိုးရ တာဝန်ရှိသူများအား ချမှတ် ထားသော အရေးယူမှု စာရင်းတွင် ထပ်တိုးခဲ့သည်။

အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုများ

-      အမေရိကန် ပြည်ထောင်စု သည် ၁၉၈၈ ခုနှစ် ကျောင်းသားများ ခေါင်းဆောင်သော ဆန္ဒပြ ပွဲအား စစ်အစိုးရက နှိမ်နှင်းမှုများကြောင့် ထိုနှစ်မှ စ၍ ကျယ်ပြန့်သော အရေးယူ ပိတ်ဆို့မှု များ ပြုလုပ်ခဲ့သည်။ ယင်းသည် ၁၉၉၇ ခုနှစ်တွင် အမေရိကန်များ မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှု အသစ်များ မပြုလုပ်ရန် တားမြစ်ခဲ့သည်။

-      ၀ါရှင်တန်သည် မြန်မာ ဗိုလ်ချုပ်များ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် နိုင်ငံရေးအရ ဆွေးနွေးမှုများ ပြုလုပ်ရန် တွန်းအားပေးသည့် အနေဖြင့် sanction များကို ပိုမို၍ တဖြည်းဖြည်း တင်းကြပ်ခဲ့သည်။

-      သမ္မတ Obama သည် ပြီးခဲ့သည့် မေလက အမေရိကန်၏ အရေးယူမှုကို ပြန်လည် သုံးသပ် ခဲ့သည်။ အစိုးရသစ်သည် တိုင်းပြည်၏ ဆိုးရွားလှသော လူ့အခွင့်အရေး အခြေ အနေများ တိုးတက်ရေး အတွက် သိသာသော ကြိုးစား အားထုတ်မှုများ ပြုလုပ်မှုကို ပြသပါက အရေးယူမှုများကို ပြန်လည် စီစစ်မည်ဟု ၀ါရှင်တန်က ပြောခဲ့သည်။

-      ၂၀၀၈ ခုနှစ် ဇူလိုင်လတွင် အမေရိကန် ငွေတိုက်ဌာနသည် မြန်မာ့စီးပွားရေး ဦးပိုင် လိမိတက် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း နှင့် ယင်းတို့၏ လက်အောက်ခံများ၏ ပိုင်ဆိုင် မှုများနှင့် ငွေစာရင်း လွှဲပြောင်းမှုများကို ပိတ်ပင် ကန့်သတ်ခဲ့သည်။

-      ထိုသို့ ပြုလုပ်ခဲ့ခြင်းကြောင့် အမေရိကန် ပုဂ္ဂိုလ်များနှင့် စီးပွားရေး လုပ်ငန်းများသည် အဆိုပါ ကုမ္ပဏီများနှင့် ငွေကြေးဆိုင်ရာ စာရင်း လွှဲပြောင်းမှုများ မပြုလုပ်ရန်နှင့် ပိုင်ဆိုင်မှု များ ပိတ်ပင်ထားပြီး အမေရိကန် တရားစီရင်ရေး အောက်တွင် ထားရှိရန် ဖြစ်သည်။

-      Burma Freedom and Democracy ဥပဒေ (၂၀၀၃)အရ မြန်မာနိုင်ငံမှ သွင်းကုန် အားလုံး ပိတ်ပင်ခဲ့သည်။ ငွေစာရင်း လွှဲပြောင်းမှုများ ကန့်သတ်ခြင်း၊ မြန်မာငွေကြေး အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုများ ချုပ်ကိုင်ထားခြင်း၊ အစိုးရ အဖွဲ့ဝင်များအပေါ် ဗီဇာ ပေးခြင်းများကို ကန့်သတ်ထားခြင်းများ ပါဝင်သည်။

အခြား ပိတ်ဆို့ အရေးယူမှုများ

-       သြစတြေးလျ နိုင်ငံက မြန်မာ အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ၏ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်မှုကို ဆက်လက် ချမှတ်ထားပြီး ၁၉၈၈ ခုနှစ်မှ စ၍ ကာကွယ်ရေး ပစ္စည်း တင်ပို့မှုကို တားမြစ်ထားသည်။

-      ၂၀၀၇ အောက်တိုဘာတွင် မြန်မာ စစ်ဖက်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးများနှင့် မိသားစုဝင်များ အပေါ် ငွေကြေးဆိုင်ရာ တားမြစ် ပိတ်ပင်မှု အစီအစဉ်ကို ကြေညာခဲ့ရာ အဆိုပါ စာရင်းတွင် လူ ၄၀၀ ကျော် ပါဝင်သည်။

-      ကနေဒါ နိုင်ငံသည် ၂၀၀၇ နိုဝင်ဘာလတွင် လူသားခြင်း စာနာသော အကူအညီ ပစ္စည်းများမှ လွဲ၍ မြန်မာ နိုင်ငံသို့ ပို့ကုန် မှန်သမျှကို တားမြစ်ခဲ့ပြီး တင်သွင်းမှုကိုလည်း ပိတ်ပင် ခဲ့သည်။ စစ်ဖက် အစိုးရနှင့် အဆက်အသွယ် ရှိသော မြန်မာ နိုင်ငံသားများ၏ ကနေဒါရှိ ပိုင်ဆိုင်မှုများ ကိုလည်း ထိန်းချုပ်ထားသည်။ မြန်မာနိုင်ငံသို့ ငွေကြေး ၀န်ဆောင်မှု ဖြည့်ဆည်းခြင်း၊ နည်းပညာ အချက် အလက် တင်ပို့ခြင်း တို့ကိုလည်း ကနေဒါက တားမြစ်ထားသည့် အပြင် ကနေဒါ နိုင်ငံသားတို့ ထပ်မံ ရင်းနှီး မြှုပ်နှံမည့် အစီ အစဉ်သစ် များကိုလည်း တားမြစ်ထားသည်။

-      နယူးဇီလန် နိုင်ငံကလည်း မြန်မာ စစ်ဖက် ခေါင်းဆောင်များနှင့် မိသားစုဝင်များ၏ ပြည်ဝင်ခွင့် ဗီဇာကို ယခင် ကတည်းက ပိတ်ပင်ထားခဲ့သည်။

-      ဂျပန် နိုင်ငံက ၂၀၀၇ အောက်တိုဘာလတွင် မြန်မာနိုင်ငံအပေါ် အကူအညီ ပေးနေခြင်းကို ဖြတ်တောက် လိုက်သည်။

-      အာရှ နိုင်ငံ အများစုကမူ မြန်မာ အစိုးရနှင့် တွေ့ဆုံ ညှိနှိုင်းရေး မူဝါဒကို ဦးစား ပေးလျက် ရှိပြီး အရှေ့တောင် အာရှ နိုင်ငံများကလည်း မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံများ၏ အရေးယူ ဒဏ်ခတ်မှုများ ရုတ်သိမ်းပေးရန် တောင်းဆိုထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းဌာနမှ 8 February 2011 ရက်စွဲပါ "Two Koreas Start First Talks Since Attack" ကို ဘာသာ ပြန်ဆိုသည်)

နိုဝင်ဘာလက နှစ်နိုင်ငံ နယ်ခြား အနီး တောင်ကိုရီးယား ကျွန်းကို မြောက်ကိုရီးယားက အမြောက်ဖြင့် ပစ်ခတ်ခဲ့ ပြီးနောက်ပိုင်း တောင်နှင့် မြောက် ကိုရီးယား နှစ်နိုင်ငံ၏ ပထမဆုံး အကြိမ် ဆွေးနွေးပွဲကို အင်္ဂါနေ့တွင် စတင် ခဲ့သည်ဟု တောင်ကိုရီးယား ယွန်ဟတ် သတင်း ဌာနက သတင်း ထုတ်ပြန်သည်။

စစ်ဖက် ဆွေးနွေးပွဲများကို လုံခြုံရေး ထူထပ်သော ရှေ့တန်း နယ်စပ် ပန်မွန်ဂျုံ ကျေးရွာတွင် ဒေသ စံတော်ချိန် မနက် ၁၀ နာရီ ခန့်တွင် စတင် ကျင်းပ ခဲ့သည်ဟု အမည် မဖော် လိုသူ အရာရှိ တစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ သတင်း ဌာနက ဖော်ပြ ခဲ့သည်။

မီဒီယာများကို ပိတ်ပင် ထားသည့် အဆိုပါ ဆွေးနွေးပွဲများကို စီစဉ် ထားသည့် အတိုင်း ကျင်းပ ခဲ့သည် ဟူသော သတင်းကို ကာကွယ်ရေး ဝန်ကြီး ဌာနက ချက်ချင်း အတည်ပြု နိုင်ခြင်း မရှိပေ။ အင်္ဂါနေ့က ဆွေးနွေးပွဲများကို ယခုတိုင် ရက် သတ်မှတ် ရခြင်း မရှိသေးသည့် ထိပ်ပိုင်း အဆင့် စစ်ဖက် ဆွေးနွေးပွဲများ ကြိုတင် ပြင်ဆင်ရေး အတွက် အဓိက ရည်ရွယ် ပြုလုပ် ခြင်း ဖြစ်သည်။

သို့သော်လည်း ယခု ဆွေးနွေးပွဲကို လပေါင်း အတန်ကြာ ကြီးထွား ခဲ့သော တင်းမာမှုများ အပြီး ငြိမ်းချမ်းရေး ကမ်းလှမ်း လာသည့် အိမ်နီးချင်း နိုင်ငံ၏ ရိုးသားမှုကို စမ်းသပ် ရမည့် အခွင့် အရေး တစ်ခု အဖြစ် ဆိုးလ်က ရှုမြင် ထားသည်။

တောင်ကိုရီးယားက ၎င်း၏ ရေတပ်သား ၄၆ ဦးနှင့် အတူ နစ်မြုပ် သွားခဲ့သည့် စစ်သင်္ဘောကို မြောက်ကိုရီးယားက တော်ပီဒိုဖြင့် ပစ်ခတ် ခဲ့ခြင်း ဖြစ်ကြောင်း မေလက စွပ်စွဲခဲ့ပြီးချိန်မှ စ၍ ဆက်ဆံရေး အေးစက် သွားခဲ့ခြင်း ဖြစ်သည်။ ယင်းစွပ်စွဲမှုကို ပြုံယမ်းကမူ ငြင်းဆန်ထားသည်။

ထို့အပြင် နိုဝင်ဘာ ၂၃ က အငြင်းပွား ပင်လယ်ဝါ ရေပြင် အနီးမှ တောင်ကိုရီးယားပိုင် ယွန်ပြောင်းကျွန်းကို မြောက်ကိုရီးယားက အမြောက်ဖြင့် ရန်စ ပစ်ခတ် ခဲ့ခြင်းကြောင့် အရပ်သား ၂ ဦးနှင့် ရေတပ်သား ၂ ဦး သေဆုံးရကာ ကိုရီးယား ကျွန်းဆွယ်တွင် စစ်ငွေ့သန်း ခဲ့သည်။ သို့ရာတွင် ယခု နှစ်ဆန်း၌ ပြုံယမ်းက နည်းဗျူဟာ ရုတ်တရက် ပြောင်းလဲ သွားခဲ့ပြီး တွေ့ဆုံ ဆွေးနွေးစဉ် အဆက်မပြတ် မေတ္တာ ရပ်ခံမှုများ စတင် ပြုလုပ် လာခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(The Straits Times မှ 8 February 2011 ရက်စွဲပါ "UN Willing to Meet on Cambodia-Thai Clashes" ကို ဘာသာ ပြန်ဆိုသည်)

ကမ္ဘောဒီးယားနှင့် ထိုင်း နိုင်ငံ တို့ အကြား လေးရက်ကြာ အပြန် အလှန် နယ်စပ် ဖြတ်ကျော် ပစ်ခတ်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက စိုးရိမ် ပူပန်ကြောင်း တနင်္လာနေ့တွင် ထုတ်ဖော် ပြောဆိုခဲ့ပြီး အငြင်းပွားမှုနှင့် ပတ်သက်၍ အစည်းအဝေး ကျင်းပရန် ဆန္ဒ ရှိသည်ဟု ပြောကြားလိုက်သည်။

နယ်စပ် တင်းမာမှု ကြီးထွား လာခြင်းကို အလွန် အမင်း စိုးရိမ် ပူပန်ကြောင်း လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များက ထုတ်ဖော် ပြောဆို ခဲ့ကြသည်ဟု ဖေဖော်ဝါရီ လအတွက် အလှည့်ကျ လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသူ ဘရာဇီး သံအမတ်ကြီး Maria Luiza Ribeiro Viotti က ပြောကြားသည်။

လူ ၇ ဦး သေဆုံးကာ ဒေသခံ နေထိုင်သူများ ထောင်နှင့် ချီ၍ တိမ်းရှောင် နေကြရသည့် တိုက်ခိုက်မှု နှင့် ပတ်သက်၍ သူမက ပြောကြား ရာတွင် လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များက အပစ် အခတ် ရပ်စဲရေးကို တောင်းဆို ခဲ့ပြီး လက်ရှိ အနေအထားကို ငြိမ်းချမ်းစွာ ဖြေရှင်း ကြရန် နှစ်နိုင်ငံ စလုံးကို တိုက်တွန်း လိုက်သည်ဟု ဆိုသည်။

"အဖွဲ့ဝင်တွေက လုံခြုံရေး ကောင်စီ အစည်း အဝေး ကျင်းပဖို့ ဆန္ဒ ရှိကြောင်း ထုတ်ဖော် ပြောဆို ထားကြပြီး လက်ရှိ အနေအထားကို အနီးကပ် စောင့်ကြည့် နေကြမှာပါ" ဟု သူမက ဆက်လက် ပြောကြားသည်။ မကြာသေးမီက ကမ္ဘောဒီးယားက ထိုင်းနိုင်ငံနှင့် နယ်စပ် ပဋိပက္ခကို အားချင်း အရေးယူ ဆောင်ရွက်ရန် လုံခြုံရေး ကောင်စီကို တောင်းဆိုသည့် စာတစ်စောင် ပေးပို့ခဲ့သည်။

"အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သူ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ဝင်ရောက် စေ့စပ် ဖြန်ဖြေ ပေးနေတဲ့ အစီအစဉ်ကို လုံခြုံရေး ကောင်စီ အဖွဲ့ဝင်တွေက ထောက်ခံ ကြပါတယ်" ဟု ဖြေကြားခဲ့သော သံအမတ်ကြီး Viotti က လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံမှ ကိုယ်စားလှယ် များက တံခါးပိတ် တိုင်ပင် ဆွေးနွေးပွဲများ ပြုလုပ် ခဲ့သည်ဟု ဆက်လက် ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့က အပြင်းအထန် တိုက်ခိုက် မှုများကြောင့် ယခင် တစ်ရက်က သဘော တူခဲ့သည့် အပစ် အခတ် ရပ်စဲမှု ပျက်ပြား သွားခဲ့ပြီးနောက် တနင်္လာနေ့တွင် ၄ ရက်မြောက် အဖြစ် ကမ္ဘောဒီးယားနှင့် ထိုင်းတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။ ယခု တိုက်ပွဲသည် နှစ်ပေါင်း များစွာ အတွင်း အိမ်နီးချင်း နှစ်နိုင်ငံ အကြား အဆိုးဝါးဆုံး ပဋိပက္ခ ဖြစ်ပြီး နှစ်ဖက် စလုံးက အပြန် အလှန် တိုက်ပွဲကို အစပျိုးကြောင်း စွပ်စွဲလျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Reuters မှ 7 February 2011 ရက်စွဲပါ "North Korea Fishing Boat Drifts South, 31 Quizzed: report" ကို ဘာသာ ပြန်ဆိုသည်)

မြောက်ကိုရီးယား လူမျိုး ၃၁ ဦး တင်ဆောင် လာသော ငါးဖမ်းလှေ တစ်စီးသည် ပြီးခဲ့သည့် နှစ်က မြောက်ကိုရီးယားက အမြောက်ဖြင့် ပစ်ခတ် ခဲ့သော တောင်ကိုရီးယား ကျွန်း အနီး အငြင်း ပွားနေသော ရေပိုင်နက်တွင် မျောနေကြောင်း တောင်ကိုရီးယား မီဒီယာက တနင်္လာနေ့က ဖော်ပြခဲ့သည်။

ငါးဖမ်း လှေပေါ်တွင် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၂၀ ပါဝင်လာပြီး Yeonpyeong ကျွန်းအနီးတွင် ခြေရာ ခံမိခဲ့ပြီး အနောက်ဘက် ဆိပ်ကမ်းမြို့ အင်ချွန်းသို့ ဦးတည် နေသည်ဟု ယွန်ဟတ် (Yonhap) သတင်း အေဂျင်စီက ပြောသည်။ မြောက်ကိုရီးယား လူမျိုးများအား စစ်မေးဆဲ ဖြစ်ကြောင်း သတင်းက ဆိုသည်။

"အခုထိတော့ သူတို့က ထွက်ပြေးလာတဲ့ သဘောကို ထုတ် မပြောသေးပါဘူး" ဟု စစ်တပ်မှ တာဝန် ရှိသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ယွန်ဟတ်က ပြောကြား ခဲ့သည်။

အခြား စစ်တပ် တာဝန် ရှိသူ တစ်ဦးက ပြောကြား ရာတွင် အဆိုပါ ငါးဖမ်းလှေကို ကျွန်းပေါ်ရှိ တောင်ကိုရီးယား တပ်က မြူများ ထူထဲစွာ ကျနေသည့် ကြားမှ တွေ့ရှိ ခဲ့ကြောင်း၊ ထိုနေရာမှာ မြောက် ကိုရီးယား ကမ်းခြေမှ ၁၁ ကီလိုမီတာ (၇ မိုင်) အကွာတွင် ဖြစ်ကြောင်း ပြောခဲ့သည်ဟု ယွန်ဟတ်က သတင်း ဖော်ပြ ခဲ့သည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ အစိုးရ တာဝန် ရှိသူများက မှတ်ချက် ပေးရန် ငြင်းဆန်ခဲ့သည်။

ယခု ကိစ္စမှာ အင်္ဂါနေ့တွင် ကိုရီးယား နှစ်နိုင်ငံ တာဝန် ရှိသူများ တွေ့ဆုံ ဆွေးနွေးရန် ရှိသည့် အချိန်တွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ယခု ဆွေးနွေးခြင်းမှာ နိုဝင်ဘာလ Yeonpyeong ကျွန်းကို မြောက်ကိုရီးယားက တိုက်ခိုက် ခဲ့ပြီးနောက် ပထမဆုံး အကြိမ် ဖြစ်သည်။

နှစ်နိုင်ငံ ဗိုလ်မှူးကြီးများသည် ခြံစည်းရိုး ခတ်ထားသော နယ်စပ်ရှိ ငြိမ်းချမ်းရေး ယူထားသော ရွာတွင် တွေ့ဆုံမည် ဖြစ်ရာ မြောက်ကိုရီးယား၏ တင်းမာမှု လျော့သွားစေလိုသည့် သဘောထားကို စမ်းသပ်ခြင်းလည်း ဖြစ်သည်။

တောင်ကိုရီးယားသည် ပြီးခဲ့သည့် မတ်လက ၎င်း၏ ရေတပ် သင်္ဘောကို တော်ပီဒို ထိမှန်၍ သင်္ဘောသား ၆ ဦး သေဆုံး ရခြင်း အတွက် မြောက်ကိုရီးယားအား စွပ်စွဲ ခဲ့သည်။ အဆိုပါ ကိစ္စအား ပြုံယမ်းက ငြင်းဆိုခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလက မြောက်ကိုရီးယားသည် အငြင်းပွားနေသော ရေပြင်အနီးရှိ တောင်ကိုရီးယား ကျွန်းအား ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦး အပါအဝင် လေးဦး သေဆုံး ခဲ့သည်။ မြောက်ကိုရီးယားကမူ တောင်ကိုရီးယား၏ လက်နက်ကြီး လေ့ကျင့်ခန်းများကို အဆိုပါ ဒေသတွင် ပြုလုပ်ခြင်းကြောင့် လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း ပြောသည်။

အင်္ဂါနေ့ စစ်ဖက်ဆိုင်ရာ အကြို ဆွေးနွေးပွဲသည် ကာကွယ်ရေး ဝန်ကြီးများ ကဲ့သို့သော အဆင့်မြင့် ဆွေးနွေးပွဲ အတွက် အချိန်နှင့် အကြောင်းအရာ သတ်မှတ်ရန် ဆွေးနွေးကြမည် ဖြစ်သည်။

ဒေသတွင်း အင်အားကြီး နိုင်ငံများက ကိုရီးယား နှစ်နိုင်ငံအား ပဋိပက္ခများ ပြေလည်အောင် ညှိ၍ မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်များအတွက် နိုင်ငံတကာ ဆွေးနွေးပွဲများ ပြန်စနိုင်ရန် တိုက်တွန်းလျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Associated Press မှ 6 February 2011 ရက်စွဲပါ "Indian Navy Captures 28 Pirates From Thai Vessel" ကို ဘာသာ ပြန်ဆိုသည်)

တနင်္ဂနွေနေ့က အိန္ဒိယ သမုဒ္ဒရာ အတွင်း အပြန်အလှန် ပစ်ခတ်မှု ခဏတာ ဖြစ်ပွားပြီးနောက် ထိုင်းငါးဖမ်း သင်္ဘော တစ်စီးပေါ်မှ သံသယ ဖြစ်ဖွယ် ဆိုမာလီ ပင်လယ် ဓားပြ ၂၈ ဦးကို အိန္ဒိယ ရေတပ်က ဖမ်းဆီး ရမိခဲ့သည်ဟု တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

ဂရိ အလံတင် ကုန်သင်္ဘော တစ်စီးကို ပင်လယ် ဓားပြများက တိုက်ခိုက်ရန် ပြင်ဆင်နေခြင်း ကြောင့် မိမိတို့ ရေတပ်က ဝင်ရောက် လှုပ်ရှား ခဲ့ခြင်း ဖြစ်သည်ဟု ရေတပ် ပြောရေး ဆိုခွင့် ရှိသူ ကပ္ပတိန် နမ်ဘီယာက ပြောကြား ခဲ့သည်။

ချဉ်းကပ်လာသော အိန္ဒိယရေတပ်နှင့် ကမ်းခြေစောင့် ရေယာဉ် နှစ်စီးကို ပင်လယ် ဓားပြများက ပစ်ခတ် ခဲ့သော်လည်း အလံဖြူထောင်ကာ လက်နက်ချ အညံ့ခံခဲ့သည်။ အခင်း ဖြစ်နေရာမှာ လပ်ရှ် ဝါဒီ ကျွန်းစုများ၏ အနောက်ဘက် ကီလိုမီတာ ၁၆၀ အကွာတွင် ဖြစ်သည်ဟု ကပ္ပတိန် နမ်ဘီယာက ဆိုသည်။

ပင်လယ် ဓားပြများက သိမ်းယူကာ အာရေဗျ ပင်လယ် အတွင်း နေရာ ပေါင်းစုံ၌ မိခင် ရေယာဉ် အဖြစ် အသုံး ပြုနေသော ပရန်တလေ - ၁၁ သဘောင်္ပေါ်မှ ရေယာဉ် အဖွဲ့သား ၂၄ ဦးကို ရေတပ်က ဖမ်းဆီး ခဲ့သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

တနင်္ဂနွေနေ့က ဖမ်းဆီး ရမိသော အဆိုပါ သင်္ဘောနှင့် ပင်လယ် ဓားပြများကို စစ်ဆေး မေးမြန်းရန် အတွက် မွန်ဘိုင်းသို့ ခေါ်ဆောင်သွားမည်ဟု သိရှိရသည်။

ယခု ဖမ်းဆီးမှုသည် ရက်သတ္တနှစ်ပတ် အတွင်း အဆိုပါ ဒေသ၌ အိန္ဒိယ ရေတပ်က လုပ်ဆောင် ခဲ့သော ဒုတိယမြောက် ပင်လယ် ဓားပြ တိုက်ဖျက် စစ်ဆင်ရေး ဖြစ်သည်ဟု ဆိုသည်။

ယခင်နှစ် ဧပြီလမှ စ၍ ပင်လယ် ဓားပြများက မိခင် ရေယာဉ် အဖြစ် အသုံး ပြုနေသော နောက်ထပ် ငါးဖမ်း သင်္ဘော တစ်စီး ဖြစ်သည့် ပရန်တလေ ကိုလည်း ဇန်နဝါရီ ၂၈ တွင် အိန္ဒိယ ရေတပ်က ကြားဖြတ် တိုက်ခိုက် ဖမ်းဆီး နိုင်ခဲ့သည်။ အပြန် အလှန် တိုက်ခိုက် ပစ်ခတ် ကြပြီးနောက် ပင်လယ် ဓားပြ ၁၅ ဦးကို ရေတပ်က ဖမ်းဆီးခဲ့သည်။ အဆိုပါ ငါးဖမ်း သင်္ဘောပေါ်တွင် ပင်လယ် ဓားပြများက ဓားစာခံ အဖြစ် ဖမ်းဆီးထားသည့် မူလ ရေယာဉ် အဖွဲ့သားများ ဖြစ်သော ထိုင်းနှင့် မြန်မာ ရေလုပ်သား ၂၀ ကိုလည်း ကယ်တင် နိုင်ခဲ့သည်။

ပြီးခဲ့သော နှစ်ပတ် အတွင်း ဖမ်းဆီးမိခဲ့သော ရေယာဉ်များသည် ပရန်တလေ မိသားစုပိုင် ငါးဖမ်း သင်္ဘော အုပ်စုမှ ဖြစ်ပြီး လွန်ခဲ့သော ခြောက်လ အတွင်း ၎င်းတို့၏ ရေယာဉ် အများ အပြားကို ပင်လယ် ဓားပြများက အပိုင် စီးခြင်း ခံခဲ့ရသည်ဟု Press Trust of India သတင်းဌာနက ဖော်ပြ ခဲ့သည်။

ပင်လယ်နီနှင့် အိန္ဒိယ သမုဒ္ဒရာကို ဆက်သွယ် နေသည့် အေဒင် ပင်လယ်ကွေ့သည် ကမ္ဘာ့ သွားလာမှု အများဆုံး ရေလမ်းကြောင်း တစ်ခု ဖြစ်ပြီး ဆိုမာလီ ပင်လယ် ဓားပြများ၏ ထိပ်တန်း ပစ်မှတ် နေရာ တစ်ခု ဖြစ်နေသည်။

အိန္ဒိယ ရေတပ်က ယခု ဒေသတွင် ၂၀၀၈ ခုနှစ်မှ စ၍ ပင်လယ်ဓားပြ တိုက်ဖျက်ရေး စောင့်ကြပ်မှု အဖြစ် ကုန်သင်္ဘောများကို လိုက်ပါ စောင့်ရှောက် ခဲ့သည်။

ထိုနှစ်အတွင်းက ပင်လယ် ဓားပြများ သိမ်းယူထားကာစ ထိုင်း ငါးဖမ်းသင်္ဘော တစ်စီးကို နှစ်မြှုပ်ခဲ့သည့် အတွက် အိန္ဒိယ ရေတပ်မှာ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ အိန္ဒိယ ရေတပ်က ၎င်းတို့၏ လုပ်ရပ်ကို ကာကွယ်သည့် အနေဖြင့် "မိမိကိုယ် မိမိ ကာကွယ်ရန် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်" ဟု ပြောကြား ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဖေဖော်ဝါရီလ ၆ ရက် ၂၀၁၁ ရက်စွဲပါ AFP သတင်းဌာနမှ "Egyptian government in talks with key opposition group" သတင်းကို ဘာသာ ပြန်ဆိုသည်)

          သမ္မတ မူဘာရတ်၏ အာဏာရ ပါတီမှ ထိပ်ပိုင်း အဖွဲ့ဝင်များ နုတ်ထွက်သွားခြင်းနှင့် အာဏာ အမြန် လွှဲပြောင်းရန်အတွက် ၀ါရှင်တန်က အရှိန်မြှင့် ကြိုးပမ်းခြင်းတို့ကြောင့် အီဂျစ်အာဏာပိုင်များနှင့် ပြုလုပ်မည့် အရေးပါသော ဆွေးနွေးပွဲများကို စတင်တော့မည်ဟု အီဂျစ်အတိုက်အခံ အုပ်စု Muslim Brotherhood က တနင်္ဂနွေနေ့တွင် ပြောကြားသည်။

          ဆယ်စုနှစ် ၃ စုတိုင်တိုင် အာဏာ ချုပ်ကိုင်ခဲ့သော မူဘာရတ် အစိုးရကို ကြီးမားစွာ ခြိမ်းခြောက်နေသည့် ကျယ်ပြန့် ကြီးကျယ်လွန်းသော ဆန္ဒပြပွဲများမှ အမြတ်ထုတ်ရန် ကြိုးစားနေသည် ဟု အစိုးရက စွပ်စွဲထားသော Brotherhood အုပ်စုမှ တာဝန်ရှိသူ တစ်ဦးက "မိမိတို့ အုပ်စုနှင့် အီဂျစ် ဒုတိယ သမ္မတသစ် အိုမား ဆူလေမန် တို့အကြား ဆွေးနွေးပွဲများ ကျင်းပတော့မည်"ဟု ဖြေကြားခဲ့သည်။

          အစိုးရနှင့် ခြိမ်းခြောက်နေသော အတိုက်အခံ အုပ်စုတို့အကြား ပထမဦးဆုံး ဖြစ်လာမည့် ဆွေးနွေးပွဲများ ကျင်းပမည့်ရက်ကိုမူ အဆိုပါ တာဝန်ရှိသူက ပြောကြားခြင်း မရှိပါ။

          "နိုင်ငံနဲ့ တိုင်းကျိုးပြည်ပြု အဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားတွေ၊ တိုင်းပြည်ရဲ့ လွတ်လပ်မှု ထိန်းသိမ်းဖို့ ပူပန်မှုတွေကို စိတ်ထဲမှာ ထားပြီး လောလောဆယ် ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို လက်ခံဖို့ အတွက် သူတို့ ဘယ်လောက် အဆင်သင့် ရှိသလဲ ဆိုတာကို လေ့လာဖို့ ဆွေးနွေးပွဲတွေကို စတင်တော့မှာပါ"ဟု အမည် မဖော်လိုသော တာဝန်ရှိသူက AFP သို့ ပြောကြားသည်။

          အီဂျစ်တွင် အစ္စလာမ်ဝါဒီ အစိုးရ ဖွဲ့စည်းရေးကို တောင်းဆိုထားသည့် အီရန်မှ အုပ်စုကို ခွာထုတ်ရန် ကြိုးပမ်းသည့် အနေဖြင့် ယခု ဆွေးနွေးပွဲများသည် အီဂျစ် ပြည်တွင်းရေးအပေါ် ပြည်ပနှင့် ဒေသတွင်း ၀င်ရောက် စွက်ဖက်မှုများကို ရှင်းလင်း ဖယ်ရှားရန် ရည်ရွယ်သည်ဟုလည်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

အီဂျစ်တွင် တရားဝင် ပိတ်ပင်ခံထားရသော်လည်း ခံနိုင်ရည်အား မြင့်မားသည့် Brotherhood သည် ကြီးမားသော လူမှု ကယ်ဆယ်ရေး ကွန်ယက်ကို တည်ထောင်နေသည့် အကောင်းဆုံး ဖွဲ့စည်းထား သော အတိုက်အခံ အုပ်စု ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဖေဖော်ဝါရီလ ၆ ရက် ၂၀၁၁ ရက်စွဲပါ AFP သတင်းဌာနမှ "Thai-Cambodian border ceasefire agreed" သတင်းနှင့် ဆက်စပ် သတင်းများကို ဘာသာ ပြန်ဆိုသည်)

ထိုင်းနယ်စပ် အနေအထားကို ကုလသမဂ္ဂသို့ ကမ္ဘောဒီးယား တင်ပြ

          နှစ်ရက်ကြာ တိုက်ခိုက် မှုများအတွင်း လူသုံးဦး သေဆုံးခဲ့ရသော ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မှ ပေါက်ကွဲလု အနေအထားကို အရေးတယူ ရှိစေရန် အတွက် ကမ္ဘောဒီးယား နိုင်ငံခြားရေး ၀န်ကြီးက စနေနေ့တွင် ကုလသမဂ္ဂသို့ စာတစ်စောင် ပေးပို့ခဲ့သည်။

          ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဥက္ကဌ Maria Luiza Ribeiro Viotti ထံ လိပ်မူထားသော ပေးစာတွင် "ကမ္ဘောဒီးယား နယ်စပ်မှ ပေါက်ကွဲလု အနေအထားကို လုံခြုံရေး ကောင်စီက အရေးတယူ သတိပြု စေလိုပါသည်" ဟု ဖော်ပြထားသည်။

          ထိုင်းနိုင်ငံက စတင် တိုက်ခိုက်ခဲ့သည်ဟု ပေးစာက စွပ်စွဲထားသော်လည်း ကုလသမဂ္ဂ ကြားဝင်ရေးကို ရှင်းရှင်းလင်းလင်း တောင်းဆိုထားခြင်း မရှိပါ။

          "ယခုကဲ့သို့ ဗြောင်ကျကျ ရန်စမှုကို ရင်ဆိုင်ရသည့် ကမ္ဘောဒီးယား တပ်ဖွဲ့များအနေဖြင့် မိမိ ကိုယ်မိမိ ကာကွယ်သည့် အနေဖြင့် တုန့်ပြန်ရန်မှ တစ်ပါး အခြား ရွေးချယ်စရာ မရှိခဲ့ပါ" ဟု ပေးစာတွင် ရေးသားထားသည်။

          ကမ္ဘောဒီးယား စစ်သား တစ်ဦးနှင့် ထိုးအရပ်သား တစ်ဦး သေဆုံးခဲ့ရသော  အစောပိုင်း တိုက်ပွဲ လေးများအပြီး နာရီပိုင်းအကြာတွင် အငြင်းပွား ၁၁ ရာစု ဘုရားကျောင်းအနီး၌ အိမ်နီးခြင်း ၂ နိုင်ငံအကြား စနေနေ့က ထပ်မံ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ထိုင်းစစ်သား တစ်ဦး သေဆုံးခဲ့သည်။

          ထိုင်းနှင့် ကမ္ဘောဒီးယားတို့က ယခု ပဋိပက္ခများကို အစပျိုးသူအဖြစ် အပြန်အလှန် စွပ်စွဲလျက် ရှိသည်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ် အရေးနှင့် ပတ်သက်၍ သည်းခံကြရန် အမေရိကန် တိုက်တွန်း

          အနည်းဆုံး ၂ဦး သေဆုံးခဲ့သော ၂နိုင်ငံ နယ်စပ်မှ အပြန်အလှန် ပစ်ခတ်မှုများ အပြီးတွင် အမေရိကန် ပြည်ထောင်စုက ထိုင်းနှင့် ကမ္ဘောဒီးယားတို့ အနေဖြင့် အမြင့်ဆုံး စိတ်ရှည် သည်းခံမှုကို ပြသကြရန် သောကြာနေ့တွင် တိုက်တွန်းလိုက်သည်။

          ၂ဖက်စလုံးအနေဖြင့် အမြင့်ဆုံး သည်းခံမှုကို ပြသကာ တင်းမာမှု လျှော့ချရေးအတွက် ဆောင်ရွက် ရမည့် အရာအားလုံးကို လုပ်ဆောင်ကြရန်နှင့် နောက်ထပ် ပဋိပက္ခ ဖြစ်ပွားမှုကို ရှောင်ရှား ကြရန် အမေရိကန် ပြည်ထောင်စုက တိုက်တွန်းခဲ့သည်ဟု အမေရိကန် နိုင်ငံခြားရေး ဌာန ပြောရေးဆိုခွင့် ရှိသူက AFP သို့ ပြောကြားသည်။ "အနေအထားကို ကျွန်မတို့ အနီးကပ် စောင့်ကြည့် နေပါတယ်"ဟု သူမက ဆက်လက် ပြောဆိုသည်။

          ၂ နိုင်ငံအကြား ကာလကြာရှည် အငြင်းပွားခဲ့သော ၁၁ ရာစု ရှေးဟောင်း ပရာဗီယာ ဘုရားကျောင်း အနီးမှ ပဋိပက္ခများကို အစပျိုးသူအဖြစ် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ အပြန်အလှန် စွပ်စွဲ လျက်ရှိသည်။

          ယခု အခင်းဖြစ်ရပ်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ တင်ပြရန် စီစဉ်လျက် ရှိသည်ဟု ကမ္ဘောဒီးယားက ပြောကြားထားသည်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ် အပစ်အခတ် ရပ်စဲရေးသဘောတူ

          ထိုင်း နှင့် ကမ္ဘောဒီးယား နယ်စပ်မှ အငြင်းပွား ပရာဗီယာ ဘုရားကျောင်းအနီး အနည်းဆုံး ၄ ဦး သေဆုံးရသော တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် နယ်စပ်မှ အပြန်အလှန် ပစ်ခတ်မှုများကို အဆုံးသတ်ရန် စေ့စပ် ညှိနှိုင်း ခဲ့ကြသည်ဟု ၂ နိုင်ငံ စစ်တပ်များက ပြောကြားလိုက်သည်။

          ၂ နိုင်ငံစလုံးမှ စစ်ဖက် တပ်မှူးများ နယ်စပ်မြို့လေးတွင် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် "ထိုင်းနှင့် ကမ္ဘောဒီးယား အကြား အပစ်အခတ် ရပ်စဲကြဖို့ သဘော တူညီမှု ရခဲ့ပါတယ်။ ၂ ဖက် စလုံးက အင်အား ထပ်ဖြည့်မှာ မဟုတ်တော့ပါဘူး"ဟု ထိုင်း စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆန်ဆန်းကွေကမ်နတ် က AFP သို့ ပြောကြားသည်။

          ကမ္ဘောဒီးယား ဗိုလ်ချုပ်ကလည်း "ပစ်ခတ်မှုများ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း အတည်ပြု ခဲ့သော်လည်း လတ်တလော အနေအထားမှာ တင်းမာနေဆဲဖြစ်သည်"ဟု ဆက်လက် ပြောဆိုခဲ့သည်။

          ထိုင်း အရပ်သား တစ်ဦးနှင့် ကမ္ဘောဒီးယား စစ်သား တစ်ဦး သေဆုံးခဲ့ရသော သောကြာနေ့က ၂နာရီကြာ တိုက်ပွဲ အပြီးတွင် ပရာဗီယာ ဘုရားကျောင်း အနီး၌ စနေနေ့ မနက်က ထပ်မံ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ထိုင်းစစ်သား တစ်ဦး သေဆုံးခဲ့သည်ဟု သိရှိရသည်။

          သောကြာနေ့က ပဋိပက္ခတွင် ဘုရားကျောင်း၌ ဓာတ်ပုံရိုက် အသက်မွေးသော ကမ္ဘောဒီးယား အရပ်သား တစ်ဦးလည်း သေဆုံးသွားခဲ့သည်ဟု စစ်ဖက်က ပြောကြားခဲ့သော်လည်း ကမ္ဘောဒီးယား အစိုးရက အတည်ပြုရန် ငြင်းဆိုခဲ့သည်။

          အပစ်ရပ် ဆွေးနွေးပွဲများ အပြီးတွင် ဖမ်းဆီးရမိထားသော ထိုင်း စစ်သား ၄ဦးကို ပြန်လွှတ်ပေး ခဲ့သည်ဟု နယ်စပ်မှ ရရှိသော သတင်းများအရ သိရှိရသည်။ နှစ်ဖက်စလုံးရှိ ထိခိုက်ဒဏ်ရာ ရမှုများ ရှိသည် ဟုလည်း ကြားသိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.