Transparency Myanmar

transparency.myanmar@gmail.com

(ဖေဖော်ဝါရီလ ၈ ရက် ၂၀၁၁ ရက်စွဲပါ Asahi Shimbun မှ အယ်ဒီတာ့ အာဘော် Myanmar's Parliament ကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံ၏ အသစ် စတင် ဖွဲ့စည်းလိုက်သော လွှတ်တော်ကို အုပ်ချုပ်ရေး မြို့တော်သစ် နေပြည်တော်တွင် ယခင် အပတ်က ခေါ်ယူ စည်းဝေးခဲ့သည်။ အဆိုပါ လွှတ်တော် အစည်း အဝေးသည် ကြီးမားသော လွှတ်တော် အဆောက်အဦးသစ် တရားဝင် ဖွင့်လှစ်ခြင်း အခမ်း အနား ဖြစ်သော်လည်း မီဒီယာများ အနားကပ်ခွင့် မရခဲ့ကြပါ။ အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးချယ် တင်မြှောက်သော လွှတ်တော်၏ ဆုံးဖြတ်ချက်များကို ညပိုင်းရောက်မှသာ နိုင်ငံပိုင် ရုပ်သံ သတင်း အစီအစဉ်မှ တစ်ဆင့် ပြည်သူများ သိရှိကြရသည်။

ပြီးခဲ့သော ရက်သတ္တပတ် အတွင်း မြန်မာနိုင်ငံ၏ တာထွက်မှု အသစ် များစွာ ရှိခဲ့သော်လည်း ဒီမိုကရေစီနှင့် နီးစပ်သည့် ဆောင်ရွက်ချက် တစ်ခု တစ်လေမှ ပြသစရာ မရှိပါ။

ပြီးခဲ့သော နိုဝင်ဘာလက ရွေးချယ်ခဲ့သည့် လွှတ်တော်သစ်က စစ်ဖက် အစိုးရ၏ ၀န်ကြီးချုပ် ဦးသိန်းစိန်ကို သမ္မတ အဖြစ် ရွေးချယ်ခဲ့ကြသည်။ အစိုးရသစ်ကို မကြာမှီ ဖွဲ့စည်းတော့မည် ဖြစ်ရာ "ဒီမိုကရေစီ စနစ်သို့ အသွင်ကူးပြောင်းခြင်း" ဟု စစ်ဖက် အစိုးရက လေသံပစ် ပေလိမ့်ဦးမည်။

အခြေခံ ဥပဒေ(သို့) လွှတ်တော် မရှိသော စစ်ဖက် အစိုးရထက် ရွေးချယ် တင်မြှောက်သော အစိုးရက များစွာ ပိုကောင်းသည့် သဘော ရှိသော်လည်း လွှတ်တော်သစ်၏ ကိုယ်စားလှယ် နေရာ လေးပုံ တစ်ပုံကို တပ်မတော် အရာရှိများ အတွက် သီးသန့် နေရာ ယူထားပြီး ဖြစ်နေသည်။ ရွေးချယ် တင်မြှောက်သော ကိုယ်စားလှယ်များ ထဲ၌ပင် စစ်ဖက် အရာရှိဟောင်းများက အများစု လွှမ်းမိုး ထားသည်။

လွန်ခဲ့သော ၃ နှစ်က စစ်ဖက် အစိုးရမှ ရေးဆွဲခဲ့သော လက်ရှိ အခြေခံ ဥပေဒကို ပြင်ဆင်မည် ဆိုပါက လွှတ်တော်၏ လေးပုံ သုံးပုံ (၇၅%) ကျော် ထောက်ခံမှု ရရန် လိုအပ်သည်။ သို့ဖြစ်ရာ ဖိနှိပ် ချုပ်ချယ် အုပ်စိုးမှုကို တရားဝင် ဆက်လက် တည်မြဲစေရန်အတွက် အစိုးရ အဖွဲ့သစ်ကို စီစဉ်ဖန်တီး ထားသည့် သဘောကို တွေ့မြင်နိုင်သည်။

နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမ္မတ ရာထူး မယူထားသောကြောင့် မြန်မာ့ရေးရာ လေ့လာ စောင့်ကြည့်သူ အချို့က ယခု လွှတ်တော်သစ်သည် တိုးတက်မှု အနည်းငယ်ကို ပြသနေသည်ဟု ပြောဆိုထားသည်။

သို့သော်လည်း ယခု သမ္မတ ဖြစ်လာသူ ဦးသိန်းစိန်သည် တပ်မတော် အစိုးရ၏ နံပါတ် (၄) အဆင့် ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သစ္စာရှိ နောက်လိုက် တစ်ဦး ဖြစ်သည့် အပြင် တပ်မတော် အစိုးရ၏ ရှေ့ထွက် မင်းသား တစ်ဦးအဖြစ် ကပြ ခဲ့သူ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဇာတ်ဝင်ခန်းသစ်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် နိုင်ငံတော် သမ္မတထက် ပို၍ အာဏာ ရှိနေသည်။ ကာကွယ်ရေးဦးစီးချုပ်သည် ကာကွယ်ရေး၊ ပြည်ထဲရေး နှင့် အခြား ၀န်ကြီးများ ခန့်အပ်မှုကို စွက်ဖက် နိုင်သည့်အပြင် အရေးပေါ် အခြေအနေတွင် သမ္မတ၏ သဘော တူညီချက်ဖြင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာ အရပ်ရပ်ကို ထိန်းချုပ်ခွင့် ရထားသည်။

လက်ရှိ အချိန်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကို ယူထားသည်။ လာမည့် အစိုးရသစ်၏ အမျိုးသား လုံခြုံရေးကောင်စီက ကာကွယ်ရေးဦးစီးချုပ် အသစ်ကို ခန့်အပ်မည် ဖြစ်သော်လည်း အကယ်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြန်လည် ခန့်အပ်ပါက အပြောင်းအလဲ နတ္ထိဟု ဆိုရပါမည်။

အကယ်၍ အစိုးရ အဖွဲ့သစ်က ဒီမိုကရေစီ စနစ်ကို ဦးတည်ချက် ထားသည် ဆိုပါက ယင်း၏ ရိုးသားမှုကို ပြည်တွင်း၌ သာမက ပြည်ပ၌ပါ ပြသရပါလိမ့်မည်။ ထို့အတွက် စစ်မှန်သည့် စမ်းသပ်မှု မှာ အရေးကြီး အစိုးရ ရာထူးများကို မည်သူအား ခန့်အပ်သည် ဆိုသည့် အချက်ပေါ်တွင် မူတည်နေသည်။ အကယ်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာကွယ်ရေး ဦးစီးချုပ်နေရာကို ဆက်ခံခွင့် (သို့) အာဏာကို ဆက်လက် ကြိုးကိုင်ခွင့် ရရှိခဲ့သည် ဆိုပါက မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်သို့ ဦးတည် ချီတက်နေသည် ဆိုသည်ကို အခြားနိုင်ငံများ ယုံကြည်အောင် စည်းရုံးရန် ခက်ခဲ သွားပါလိမ့်မည်။

မြန်မာနိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပခဲ့ခြင်းနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ် အကျယ်ချုပ်မှ လွှတ်ပေးခဲ့ခြင်း စသော လက်တွေ့ လုပ်ဆောင်မှု များကြောင့် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ တိုင်းပြည်များက မြန်မာအစိုးရအပေါ် ချမှတ်ထား သည့် စီးပွားရေး ပိတ်ဆို့မှု အစီအစဉ်များကို ရုတ်သိမ်းပေးရန် အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံက တောင်းဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးခဲ့ခြင်းနှင့် အထွေထွေ ရွေးကောက်ပွဲများ အတွက် ဂျပန် အစိုးရကလည်း အတော် အတန် အသိအမှတ် ပြုသည် ဟု နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဂျီ မီဟာရာ ၏ အဆိုအရ သိရှိရသည်။

သို့သော်လည်း ဂျပန်နိုင်ငံ အတွက် ပိတ်ဆို့မှု ရုတ်သိမ်းဖို့ တောင်းဆိုရန်နှင့် မြန်မာနိုင်ငံအပေါ် အပြည့်အ၀ အကူအညီ ပေးမှု ပြန်လည် စတင်ရန် အချိန် စောလွန်း နေသည်။ ဂျပန်နိုင်ငံ အနေဖြင့် မြန်မာ အစိုးရသစ်၏ ထူးထူးခြားခြား ဆောင်ရွက်မှုများကို စောင့်ကြည့် ရဦးမည် ဖြစ်သည်။

လွန်ခဲ့သော ၂၁ နှစ်က ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ် အနိုင် ရရှိခဲ့သော NLD ပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ယခုအချိန်အထိ သူမ၏ တိုင်းပြည်တွင် ရေပန်း အစားဆုံး ခေါင်းဆောင် အဖြစ် ရပ်တည်နေဆဲ ဖြစ်သည်။ အစိုးရ အဖွဲ့သစ်သည် မှန်ကန်သော စိတ်ရင်းဖြင့် သူမနှင့် တွေ့ဆုံ ဆွေးနွေးမှုကို လျှင်မြန်စွာ လုပ်ဆောင်ခြင်း မရှိပါက အမျိုးသား ပြန်လည် စေ့စပ် ညှိနှိုင်းမှု ရှိလာနိုင်မည် မဟုတ်ပါ။

မြန်မာ နိုင်ငံတွင် နိုင်ငံရေး အကြောင်း ပြချက်ဖြင့် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် ကိုလည်း အစိုးရသစ်က အမြန်ဆုံး လွှတ်ပေးရ ပါမည်။

မြန်မာအစိုးရ အဖွဲ့သစ်က အဆိုပါ ဆောင်ရွက်မှုများကို ပြုလုပ် လာအောင် ဖိအားပေးရန် အတွက် ဂျပန် အစိုးရ အနေဖြင့် အိမ်နီးခြင်း နိုင်ငံများနှင့် စိတ်ရှည် လက်ရှည် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဖေဖော်ဝါရီလ ၉ ရက် ၂၀၁၁ ရက်စွဲပါ The Straits Times မှ "S.Korea agrees to talks with North on reunions" သတင်း ကို ဘာသာ ပြန်ဆိုသည်)

ကိုးရီးယား ကျွန်းဆွယ်မှ ကွဲကွာနေသော မိသားစုများ ပြန်လည် ဆုံစည်းရေးနှင့် အခြား လူသားခြင်း စာနာ ထောက်ထားသော ကိစ္စရပ်များနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများကို မြောက် ကိုးရီးယားနှင့် ကျင်းပရန် တောင်ကိုးရီးယားက သဘောတူခဲ့သည်ဟု တာဝန်ရှိသူ တစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

နိုဝင်ဘာ ၂၃ ရက်က တောင်ကိုးရီးယားပိုင်ကျွန်းကို မြောက်ကိုးရီးယားက အမြောက်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် သိသိသာသာ ကြီးထွားခဲ့သည့် နယ်စပ် တင်းမာမှုများ ပြေလျော့ လာခြင်းကို ပြန်လည် ပေါင်းစည်းရေး ၀န်ကြီးဌာန၏ ကြေညာချက်က ညွှန်ပြနေသည်။

အင်္ဂါနေ့က စတင်ခဲ့သော တောင်နှင့်မြောက် ကိုးရီးယား ၂နိုင်ငံအကြား သီးခြား စစ်ဖက် ဆွေးနွေးမှုများ ကိုလည်း ဗုဒ္ဓဟူးနေ့တွင် ဆက်လက် ပြုလုပ်ခဲ့သည်။

ကွဲကွာနေသော မိသားစုများ ပြန်လည်ဆုံစည်းရေး အပါအ၀င် လူသားခြင်း စာနာ ထောက်ထားသော ကိစ္စရပ်များကို ဆွေးနွေးရန် အတွက် ကြက်ခြေနီ ဆွေးနွေးပွဲများ ပြုလုပ်ရန် မြောက်ကိုးရီးယားက ဇန်န၀ါရီ ၁၀ ရက်တွင် တစ်ကြိမ်၊ ဖေဖော်ဝါရီ ၁ရက်တွင် နောက် တစ်ကြိမ် အဆိုပြု ခဲ့သည်ဟု ဆိုးလ်မှ ၀န်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီး လီဂျောင်ဂျူးက ပြောကြားသည်။

"လူသားခြင်း စာနာ ထောက်ထားမှုနှင့် သက်ဆိုင်တဲ့ ကိစ္စရပ် တွေဟာ မြောက်ကိုးရီးယား အတွက် အရေးကြီးပြီး တောင်ကိုးရီးယားက လည်း ဆွေးနွေး ဖြေရှင်းပေးမှာ ဖြစ်လို့ ကြက်ခြေနီ ဆွေးနွေးပွဲတွေ ကျင်းပဖို့ ဆိုးလ်က သဘောတူတယ်လို့ ကျွန်မတို့ အကြောင်းပြန်ခဲ့ ပါတယ်" ဟု သူမက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဖေဖော်ဝါရီလ ၉ ရက် ၂၀၁၁ ရက်စွဲပါ AFP သတင်းဌာန မှ "Thai PM eves election in first half of 2011" သတင်း ကို ဘာသာ ပြန်ဆိုသည်)

ထိုင်းနိုင်ငံတွင် နိုင်ငံရေး အကြမ်းဖက် ဖြစ်ရပ်များ ထပ်မံ ဖြစ်ပွားခြင်း မရှိပါက ယခုနှစ် ပထမ နှစ်ဝက် အတွင်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဟု ၀န်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗားက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

"လက်ရှိ အစိုးရက ၂၀၁၁ နှစ်ကုန်တဲ့ အထိ သက်တမ်းပြည့် တာဝန် ယူမှာ မဟုတ်ပေမယ့် တကယ်လို့ ကိစ္စ ၃ ရပ်ကို ဖြေရှင်းနိုင်တယ် ဆိုရင် ရွေးကောက်ပွဲကို ဒီနှစ် ပထမနှစ်ဝက် အတွင်း စီစဉ် ကျင်းပ ပေးမှာပါ" ဟု ဘန်ကောက်တွင် ပြုလုပ်သည့် ရင်းနှီး မြှုပ်နှံသူများ ဖိုရမ်တွင် ၀န်ကြီးချုပ်က ပြောကြား ခဲ့ကြောင်း ယင်း၏ ရုံးမှ ထုတ်ပြန်သည့် ကြေညာချက်အရ သိရှိရသည်။ အဆိုပါ ဖိုရမ်တွင် မီဒီယာများကို ပိတ်ပင် ထားသည်။

အဆိုပါ ကိစ္စ ၃ရပ် အနက် ၂ ခုဖြစ်သည့် အားကောင်း မောင်းသန် စီးပွားရေးနှင့် အခြေခံ ဥပဒေ ပြင်ဆင်မှု တို့မှာ အောင်မြင် ပြီးမြောက်မည့် အသွင် ရှိနေသောကြောင့် နောက်ဆုံး ကျန်သည့် ကိစ္စမှာ ရွေးကောက်ပွဲကို ငြိမ်းချမ်းသည့် အခြေအနေတွင် ကျင်းပရမည့် အချက် ဖြစ်သည်ဟု ယင်းက ပြောကြားခဲ့သည်။ ဗြိတိန်ဖွား၊ အောက်စဖို့ တက္ကသိုလ်ထွက်၊ ဒီမိုကရက် ပါတီ အစိုးရ အကြီးအကဲသည် ရွေးကောက်ပွဲများ အတွက် ယခုနှစ်ကုန် မတိုင်မှီ ပါလီမန်ကို ဖျက်သိမ်းပေးရမည် ဖြစ်သည်။

အကယ်၍ လုံခြုံရေး အနေအထားသာ ကောင်းမွန်ပါက ၂၀၁၁ အစောပိုင်းတွင် ရွေးကောက်ပွဲ များ ကျင်းပ နိုင်ဖွယ် ရှိသည်ဟု ၀န်ကြီးချုပ်က ယခင်ကပင် ဖြေကြားထားခဲ့ပြီး ဖြစ်သည်။

ပြည်ပြေး ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ အပေါ် သစ္စာ စောင့်သိကြသည့် "ရှပ်နီ" တို့၏ လှုပ်ရှားမှုကြောင့် ဧပြီလနှင့် မေလက ကြီးမားသော ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ရာ ဆန္ဒပြသူများနှင့် စစ်တပ်အကြား လမ်းပေါ် ပဋိပက္ခများအတွင်း လူ ၉၀ ခန့် သေဆုံးခဲ့ရသည်။

ရွေးကောက်ပွဲများ ချက်ခြင်း ကျင်းပပေးရန် တောင်းဆို လှုပ်ရှားနေသော "ရှပ်နီ" များက လက်ရှိ သီတင်းပတ်များ အတွင်း ဘန်ကောက်မြို့တော်၌ "ငြိမ်းချမ်းစွာ တစ်ရက်တာ ဆန္ဒပြ ချီတက်ပွဲ" များကို အဆက်မပြတ် ဆင်နွှဲခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Associated Press မှ 9 February 2011 ရက်စွဲပါ "Oil Rises Above $ 87 After US Crude Supply Drop" ကို ဘာသာ ပြန်ဆိုသည်)

ယခင် အပတ်က အမေရိကန် ပြည်ထောင်စု၏ ရေနံစိမ်း ရောင်းချမှု မမျှော်လင့်ဘဲ ကျဆင်း သွားကြောင်း ဖော်ပြထားသည့် သတင်း ထွက်ပေါ် လာပြီးနောက် အာရှ တိုက်တွင် ဗုဒ္ဓဟူးနေ့က ရေနံဈေးနှုန်း တစ်စည်လျှင် ၈၇ ဒေါ်လာ အထက်သို့ တက်သွားခြင်းသည် ဝယ်လိုအား တက်လာသည်ကို ပြသနေသည်။

စင်ကာပူ စံတော်ချိန် ညနေပိုင်းတွင် နယူးယောက် ကုန်စည်ဒိုင် အီးထရိတ်ဒင်း၌ ဖော်ပြသည့် မတ်လ အတွက် ရေနံစိမ်း ဈေးနှုန်းမှာ ၄၇ ဆင့် တက်ကာ တစ်စည်လျှင် ၈၇.၉၄ ဒေါ်လာသို့ ရောက်ရှိ သွား၍ အင်္ဂါနေ့က ၈၆.၉၄ ဒေါ်လာဖြင့် ချုပ်ဆိုသော ကန်ထရိုက် စာချုပ်မှာ တစ်စည်လျှင် ၅၄ ဆင့် ဆုံးရှုံး သွားသည်။

လန်ဒန်တွင်မူ ICE Futures Exchange ၌ ရေနံ တစ်စည်လျှင် ၄၂ ဆင့် တက်ကာ ၁၀၀.၉၄ ဒေါ်လာသို့ ရောက်ရှိခဲ့သည်။

ယခင်တစ်ပတ်က ရေနံစိမ်း ထုတ်လုပ်မှု စည်ပေါင်း ၅၅၈၀၀၀ သို့ ကျဆင်း သွားသည်ဟု The American Petroleum Institute (API) က အင်္ဂါနေ့ ညနေတွင် ပြောကြား ခဲ့စဉ် Mc Graw Hill Cos ၏ စွမ်းအင် သတင်း အဖွဲ့ Platts မှ ပညာရှင်များက စည်ပေါင်း ၂.၄ သန်းသို့ မြင့်တက် နိုင်သည်ဟု ခန့်မှန်း ထားခဲ့သည်။ ဓာတ်ဆီ ထုတ်လုပ်မှု စည်ပေါင်း ၃.၂ သန်းသို့ မြင့်တက်လာမည် ဆိုသော်လည်း ချက်လုပ်မှု စည်ပေါင်း ၅၃၈၀၀၀ သို့ ကျဆင်း သွားသည်ဟု API က ဆိုသည်။

စွမ်းအင် ဌာန၏ စွမ်းအင် သတင်း အချက် အလက် အစီရင်ခံစာက ၎င်း၏ အပတ်စဉ် အချက် အလက်ကို ဗုဒ္ဓဟူးနေ့ ညနေက ထုတ်ပြန်ခဲ့သည်။

"API ရဲ့ အစီရင် ခံစာကတော့ အားတက်စရာပါပဲ" ဟု စွမ်းအင် အတိုင်ပင်ခံ The Schork Report က ဆိုသည်။ "API က အခုတလော ထုတ်တဲ့ အစီရင်ခံစာတွေ ထဲမှာတော့ လေသံ အမြင့်ဆုံးပဲလို့ အားလုံးက ပြောနေကြပါတယ်" ဟု ၎င်းတို့က ဆိုသည်။

Nymex Trading ၏ ဖေဖော်ဝါရီ ကန်ထရိုက် စာချုပ်များတွင်လည်း ရေနံစိမ်း တစ်ဂါလံလျှင် ၂.၇၄ ဒေါ်လာသို့ ၀.၅ ဆင့် တက်သွားကာ ဓာတ်ဆီ တစ်ဂါလံလျှင် ၂.၅ ဒေါ်လာသို့ ၁.၀ ဆင့် တက်သွားခဲ့သည်။ မတ်လအတွက် ရောင်းချမည့် သဘာဝ ဓာတ်ငွေ့မှာမူ ၁၀၀၀ ကုဗပေလျှင် ၀.၅ ဆင့် တက်ကာ ၄.၀၅ ဒေါ်လာသို့ ရောက်ရှိသွားသည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ အကြား ဖြစ်ပေါ်နေသည့် တင်းမာမှုများ လျှော့ချရန် ရည်ရွယ်သော စစ်ဘက် ဆိုင်ရာ ဆွေးနွေးပွဲတွင် မြောက်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့က မကျေမနပ် ဖြစ်ကာ ထွက်ခွာ သွားကြသည့် အတွက် ဆွေးနွေးပွဲ အထမြောက် အောင်မြင်မှု မရရှိခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုသည်။

အဆိုပါ ဒိုင်ယာလော့ခ် ဆွေးနွေးပွဲသည် နိုဝင်ဘာလ ၂၃ ရက်နေ့ တောင်ကိုရီးယားပိုင် ကျွန်းတစ်ခုသို့ မြောက်ကိုရီးယားက အမြောက်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားပြီး နောက်ပိုင်း ပထမဆုံး ဖြစ်သည်။ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက မြောက်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့မှ စေ့စပ် ညှိနှိုင်းသူများသည် ဆွေးနွေးပွဲတွင် မကျေနပ်၍ ၎င်းတို့ နိုင်ငံဘက်သို့ ပြန်လည် ဝင်ရောက်သွားကြကြောင်း AFP သတင်းဌာနသို့ ပြောကြားသည်။

"ဘယ်တော့ ဆွေးနွေးပွဲ ပြန်လုပ်မယ် ဆိုတဲ့ ကိစ္စကိုတောင် သူတို့ မဆွေးနွေး နိုင်ခဲ့ပါဘူး။ လက်ရှိ အနေအထား အရ ပြောရရင် ဆွေးနွေးပွဲ ပျက်သွားပါတယ်လို့ ဆိုနိုင်ပါတယ်" ဟု ၎င်းက ဆိုသည်။

တောင်-မြောက်ကိုရီးယား စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲ ပျက်ပြားခဲ့ရသည့် အကြောင်းရင်း အသေးစိတ်ကို မသိရှိရသေးဟု ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။ နှစ်နိုင်ငံ တင်းမာမှုများ ဖြစ်ပွားရသည့် အကြောင်းရင်း နှစ်ရပ် ဖြစ်သော ချိုနန် စစ်သင်္ဘော တိုက်ခိုက်ခံရမှုနှင့် အမြောက်များဖြင့် ပစ်ခတ်မှု အတွက် တောင်းပန်မှု ပြုရန် တောင်ကိုရီးယားက တောင်းဆိုလျက် ရှိသည်။ နှစ်နိုင်ငံ နယ်စပ်ဒေသတွင် ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ် နှစ်ခုကြောင့် တောင်ကိုရီးယား နိုင်ငံသား ၅၀ သေဆုံးခဲ့ရသည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ မတ်လအတွင်း ချိုနန်စစ်သင်္ဘော နစ်မြုပ်ခဲ့ရခြင်းမှာ မြောက်ကိုရီးယားက တော်ပီတိုဒုံးကျည်ဖြင့် ပစ်ခတ်သောကြောင့် ဖြစ်သည်ဟု တောင်ကိုရီးယားက စွပ်စွဲ ပြောဆိုခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့သည်။ နှစ်နိုင်ငံ နယ်နိမိတ် ပိုင်နက်ဆိုင်ရာ အငြင်းပွားနေသော ပင်လယ်ဝါအနီးရှိ ယောင်ပြွန်ကျွန်းသို့ မြောက်ကိုရီးယားက အမြောက်များဖြင့် ပစ်ခတ်မှုတွင်လည်း အပြစ်မဲ့ အရပ်သား ၄ ဦး သေဆုံးခဲ့ရသည်။

ယခု နယ်စပ်ဒေသ Panmunjom ကျေးရွာတွင် ပြုလုပ်သော စစ်ဘက် ဆွေးနွေးပွဲမှာ အဆင့်မြင့် စစ်ဘက် အရာရှိကြီးများ ဒိုင်ယာလော့ခ် ပြုလုပ်နိုင်ရေးအတွက် ဦးတည်ခဲ့ခြင်း ဖြစ်သည်။

"အဆင့်မြင့် အရာရှိကြီးတွေ ဒိုင်ယာလော့ခ် ဆွေးနွေးပွဲ အာဂျင်ဒါ ရေးဆွဲတာနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲကြတာကြောင့် ဒီဆွေးနွေးပွဲ ပျက်ပြားခဲ့ရတာပါ" ဟု တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦး၏ ပြောဆိုချက်ကို ကိုကားပြီး Yonhap သတင်း အေဂျင်စီက ဆိုသည်။ YTN ရုပ်သံ သတင်းဌာနက အရာရှိ တစ်ဦး၏ ပြောဆိုချက်ကို ကိုးကား ဖော်ပြရာတွင် "ဆွေးနွေးပွဲသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်" ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ အစောပိုင်း ကာလတွင် တောင်ကိုရီးယားက မိမိတို့ အနေဖြင့် နှစ်နိုင်ငံ ကွဲကွာနေသော မိသားစုများ ပြန်လည် ဆုံစည်းရေး ဆိုင်ရာ ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ရန် သဘောတူကြောင်း ထုတ်ဖော်ခဲ့သေးသည်။ သို့သော စစ်ဘက် ဆိုင်ရာ ဆွေးနွေးပွဲ တိုးတက်မှုရှိမှ ယင်းဆွေးနွေးပွဲ ပြုလုပ်မည်ဟု ဆိုသည်။ စစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ ဆွေးနွေးပွဲတွင် သင်္ဘော နစ်မြုပ်မှုနှင့် အမြောက်များဖြင့် ပစ်ခတ်မှုတို့ကို ထည့်သွင်း ဆွေးနွေးမည်ဟု အဆိုပြု ထားသည်။

"မြောက်ကိုရီးယား ဘက်က တောင်းပန်မှုများ ပြုလုပ်ပြီး ဖြစ်ရပ်များ အတွက် တာဝန်ရှိသူ များကို အပြစ်ပေး အရေးယူမှု ပြုလုပ်ခြင်းသည် သာလျှင် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ကောင်းမွန် လာလိမ့်မည် ဖြစ်သည်" ဟု တောင်ကိုရီးယား ကာကွယ်ရေးဌာနက ကြေညာချက် ထုတ်ပြန် ထားသည်။ သို့သော် မြောက်ကိုရီးယားက ဆွေးနွေးပွဲ အာဂျင်ဒါတွင် "ရန်စသည့် အပြုအမူဟု ယူဆရမည့် စစ်ရေး ဆောင်ရွက်ချက်များ ရပ်တန့်ရေး" ကို အဓိက ဖိုးကပ်စ်လုပ်ရန် အဆိုပြုခဲ့သည်။

မြောက်ကိုရီးယားက တောင်ကိုရီးယား ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုတွင် ပါဝင် ပတ်သက်မှု မရှိကြောင်း ငြင်းပယ်ခဲ့သည်။ ယောင်ပြွန်ကျွန်းသို့ အမြောက်များဖြင့် ပစ်ခတ်ရခြင်းမှာ တောင်ကိုရီးယားက အဆိုပါ နေရာတွင် အစစ်အမှန် လက်နက် ပစ်ခတ်မှုများ ပါဝင်သည့် စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခဲ့ခြင်းကို တုံ့ပြန်သည့် သဘော ဖြစ်ကြောင်း ပြောဆိုသည်။ တောင်ကိုရီးယား၏ စစ်ရေး လေ့ကျင့်မှုတွင် မြောက်ကိုရီးယားက ၎င်းပိုင်ဆိုင်သည်ဟု တောင်းဆိုထားသော ရေပိုင်နက် အတွင်းသို့ လက်နက်ကြီး ကျည်ဆံများ ကျရောက်ခဲ့သည်။

တောင်ကိုရီးယား ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာနကမူ ကွဲကွာနေသော မိသားစုများ ပြန်လည် ဆုံစည်းရေးနှင့် အခြားသော လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အရေး ကိစ္စများ အတွက် ဆွေးနွေးပွဲ ကျင်းပရန် မြောက်ကိုရီးယား၏ အဆိုပြုချက်ကို လက်သင့်ခံကြောင်း ထုတ်ဖော် ပြောဆိုထားသည်။ ၁၉၅၀ မှ ၁၉၅၃ ခုနှစ်အတွင်း ဖြစ်ပွား ခဲ့သော ကိုရီးယား စစ်ပွဲတွင် ကိုရီးယား လူမျိုး ထောင်ပေါင်းများစွာ မိသားစုများနှင့် ကွဲကွာခဲ့ကြရသည်။ ရံဖန်ရံခါ ကျင်းပ ပြုလုပ်သော ကွဲကွာနေသည့် မိသားစုများ ပြန်လည် ဆုံစည်းမှု အစီအစဉ် ဟူသည်မှာလည်း တွေ့ဆုံလိုသူ များစွာအနက် အနည်းငယ်ကိုသာ ဆုံတွေ့ ခွင့်ပြုခြင်း ဖြစ်သည်။

ပြန်လည် ဆုံစည်းရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူက သင်္ဘော နစ်မြုပ်မှုနှင့် အမြောက်များဖြင့် ပစ်ခတ်မှု တို့အတွက် မြောက်ကိုရီးယား အနေဖြင့် တာဝန်ယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးရန် ထပ်မံ ပြောဆိုသည်။ တောင်ကိုရီးယားသည် ယောင်ပြွန်ကျွန်း တိုက်ခိုက် ခံရပြီးနောက် စစ်ရေး လေ့ကျင့်မှုများကို စီးရီးလိုက် ပြုလုပ်ခဲ့သည်။ မြောက်ကိုရီးယားကမူ နျူကလီးယား စစ်ပွဲ ဖြစ်ပွားနိုင်သည်ဟု သတိပေး ပြောဆိုခဲ့သည်။ သို့သော် ပြီးခဲ့သည့် ဇန်နဝါရီလမှ စ၍ တောင်ကိုရီးယားနှင့် ဒိုင်ယာလော့ခ် လုပ်လိုကြောင်း မြောက်ကိုရီးယားက အဆိုပြုမှုများ ဆက်တိုက် ပြုလုပ်ခဲ့သည်။

ကွန်မြူနစ် မြောက်ကိုရီးယား၏ အဓိက မဟာမိတ် ဖြစ်သော တရုတ် နိုင်ငံကမူ မြောက်ကိုရီးယား နိုင်ငံ စီးပွားရေးနှင့် သံတမန် ရေးရာ အကျိုးအမြတ် ရရှိရေးအတွက် ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်ရန် ကြိုးပမ်းလျက် ရှိသည်။ မည်သို့ပင်ဆိုစေ ခြောက်နိုင်ငံ ဆွေးနွေးပွဲ အဖွဲ့ဝင် တစ်ဦး ဖြစ်သော အမေရိကန် ပြည်ထောင်စုက မြောက်ကိုရီးယား အနေဖြင့် ဆွေးနွေးပွဲ ပြန်လည် မစတင်မီ တောင်ကိုရီးယားနှင့် ဆက်ဆံရေး တိုးတက် ကောင်းမွန်အောင် မဖြစ်မနေ ပြုလုပ်ရမည် ဖြစ်ကြောင်း အသိပေး ပြောဆိုထားသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီက မြန်မာနိုင်ငံပေါ် ဒဏ်ခတ် အရေးယူသည့် မူဝါဒများ ပြန်လည် ပြင်ဆင် ပြဋ္ဌာန်းရေးအတွက် အမေရိကန် အပါအဝင် အနောက် နိုင်ငံများနှင့် တွေ့ဆုံ ဆွေးနွေး လိုကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အဓိက အတိုက်အခံ ပါတီကြီး တစ်ခု ဖြစ်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ထုတ်ပြန်လိုက်သော ကြေညာချက် တစ်ရပ်မှာ စစ်အစိုးရ အပါအဝင် အထီးကျန် ဖြစ်နေသော မြန်မာနိုင်ငံ၏ အဖိုးတန် သဘာဝ ဓာတ်ငွေ့များကို ရယူလိုသည့် အနောက် ကမ္ဘာမှ ရင်းနှီး မြှုပ်နှံရေး လုပ်ငန်းကြီးများ အတွက် ထိခိုက် နစ်နာမှု ပိုမို ရှိစေလာမည်ဟု Reuters သတင်းက ရေးသားသည်။

"ဒဏ်ခတ် အရေးယူမှုတွေက စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းတွေကိုပဲ ထိခိုက် နစ်နာစေပြီး မြန်မာ ပြည်သူ အများစုအပေါ် ထိခိုက် နစ်နာမှု မရှိဘူး ဆိုတာကို ကျွန်တော်တို့ တွေ့ရပါတယ်" ဟု NLD ဒုတိယ ဥက္ကဌ ဦးတင်ဦးက Reuters သတင်း ဌာနသို့ ပြောကြားသည်။

NLD ပါတီက ကြေညာချက် ထုတ်ပြန်ရာတွင် ပါတီအနေဖြင့် ပိတ်ဆို့ အရေး ယူမှုများနှင့် ပတ်သက်ပြီး အနောက် နိုင်ငံများနှင့် တွေ့ဆုံ ဆွေးနွေးလိုကြောင်း၊ အနောက် နိုင်ငံများ အနေဖြင့် ယင်းမူဝါဒများကို မည်သို့မည်ပုံ ပြုပြင် မွမ်းမံပေးနိုင်မည် ဟူသော အချက်ကို ဆွေးနွေးလိုခြင်း ဖြစ်ကြောင်း ဆိုထားသည်။ မြန်မာနိုင်ငံ၏ စီးပွားရေး အခက် အခဲများနှင့် ပြဿနာများကို လျှော့ချ ပေးနိုင်မည့် ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ လမ်းညွှန်ချက်များ လိုအပ်သည်ဟုလည်း NLD က တိုက်တွန်း ပြောဆိုသည်။

မြန်မာ စစ်အစိုးရ၏ ညှန်းပန်း နှိပ်စက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများက မြန်မာအပေါ် ပိတ်ဆို့ အရေးယူသည့် မူဝါဒများကို ဆက်လက် ကျင့်သုံးနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးသည် များစွာ နောက်ကျ ကျန်ရစ်ခဲ့ပြီ ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် လိုအပ်သည်ဟု ဆိုသည်။

"ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ကောင်းမွန်သော စီးပွားရေး ဝန်းကျင်မျိုး ထွက်ပေါ် လာရေး အတွက် ပိတ်ဆို့ အရေးယူများကို မည်သည့် အချိန်၊ မည်သည့် အနေအထား အောက်တွင် မည်သို့ ပြုပြင် ပြဋ္ဌာန်းမည် ဟူသော သဘော တူညီချက် ရယူရန် NLD အနေဖြင့် အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ သြစတြေးလျ နိုင်ငံတို့နှင့် တွေ့ဆုံ ဆွေးနွေးလိုသည်" ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အငြင်းပွားစရာ ဖြစ်ခဲ့သော နိုဝင်ဘာလ ၇ ရက် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီး ရက်ပိုင်းမျှတွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာသည်။ အဆိုပါ ရွေးကောက်ပွဲကို အတိုက်အခံ နိုင်ငံရေး အုပ်စုများနှင့် အနောက်နိုင်ငံများက များစွာ ပြစ်တင် ဝေဖန်ခဲ့ကြသည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် လက်ခံပြုလုပ်ခဲ့သော အင်တာဗျူးများတွင် ဒေါ်အောင်ဆန်းစုကြည်က ပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှားပေးနှင့် ပတ်သက်၍ စဉ်းစားကောင်း စဉ်းစားမည် ဟူသော အရိပ်အမြွက်များ ပြောဆိုခဲ့သည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံနိုင်ရေး အတွက် အနောက်ကမ္ဘာမှ လုပ်ငန်းကြီးများ အာရုံ စိုက်လာကြသလို သံခင်းတမန်ခင်း ဆိုင်ရာ လုပ်ကိုင် ဆောင်ရွက်ချက် များစွာလည်း ဖြစ်ပေါ်ခဲ့သည်။

လေ့လာ သုံးသပ်သူများ အဆိုအရ အနောက်ကမ္ဘာ၏ ပိတ်ဆို့ အရေးယူမှုများသည် မြန်မာ နိုင်ငံတွင်း ပြုပြင် ပြောင်းလဲမှုများ ပေါ်ထွန်အောင် ဆောင်ရွက် ပေးနိုင်စွမ်း မရှိဘဲ မြန်မာ စစ်ဗိုလ်ချုပ်ကြီး များနှင့် ၎င်းတို့၏ စီးပွားရေး အပေါင်းအပါများ အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့် တရုတ်၊ ထိုင်း အစ ရှိသည်တို့နှင့် ပိုမို မဟာမိတ် ဖွဲ့ရန်သာ တွန်းအား ပေးခဲ့သလို ဖြစ်သည်ဟု ဆိုသည်။

အနောက်ကမ္ဘာ၏ ပိတ်ဆို့ အရေးယူမှုမူ ဝါဒများမှာ မြန်မာနိုင်ငံနှင့် လက်နက်ရောင်းဝယ်မှု၊ ရင်းနှီးမြှုပ်နှံမှု အသစ်ပြုလုပ်မှု၊ စစ်အစိုးရ အရာရှိကြီးများ ခရီး သွားလာခွင့်နှင့် ၎င်းတို့၏ ပြည်ပ ဘဏ်စာရင်းများ ပိတ်ပင်မှုတို့ဖြစ်ရာ မြန်မာစီးပွားရေးကို ထိခိုက် နစ်နာစေပြီး ပြည်သူလူထုလည်း ထိခိုက်ရသည်ဟု လေ့လာ သုံးသပ်သူများက ဆိုသည်။

Reuters နှင့် BBC သတင်းကို ပူးတွဲ ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ကုလသမဂ္ဂမှ နျူကလီးယား ရေးရာ ကျွမ်းကျင်သူများ အဆိုအရ မြောက်ကိုရီးယားတွင် ဖုံးကွယ်ထားသော နျူကလီးယား အလုပ်ရုံ အနည်းဆုံး တစ်ခု ရှိကြောင်း သိရသည်။

ကုလသမဂ္ဂ၏ လျှို့ဝှက် သတင်း ပေးပို့ချက် တစ်ရပ်တွင် မြောက်ကိုရီးယားမှ အဆိုပါ လျှို့ဝှက် နျူကလီးယား စက်ရုံ နယ်မြေထဲသို့ သွားရောက် လည်ပတ်ခဲ့သူ အမေရိကန် သိပ္ပံပညာရှင် Siegfried Hecker ၏ သက်သေ အထောက် အထားများကို အခြေခံကာ ရေးသား ဖော်ပြထားသည်။

သိပ္ပံပညာရှင် Siegfried Hecker က မြောက်ကိုရီးယားတွင် တွေ့မြင်ခဲ့ရသော စက်ဒလက်များမှာ အခြား လျှို့ဝှက်ထားသော နျူကလီးယား စက်ရုံများမှ ဖြစ်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ နျူကလီးယား ကျွမ်းကျင်သူများ အဖွဲ့သို့ အသိပေး ပြောဆိုခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ နျူကလီးယား ကျွမ်းကျင်သူများက ရေးသားသော အစီရင်ခံစာကို ထုတ်ဝေခြင်း မရှိသေးကြောင်း၊ သို့သော် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ ပေးပို့လိုက်ပြီ ဖြစ်ကြောင်း BBC သတင်းက ဆိုသည်။

မစ္စတာ Hecker သည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် မြောက်ကိုရီးယား နိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့ရာ အာဏာပိုင်များက ၎င်းအား ယုံဗြွန် နျူကလီးယား စက်ရုံနယ်မြေထဲမှ ယူရေနီယံ သန့်စင်မှု အပြည့်အဝ လုပ်ဆောင်နိုင်သော စက်ရုံတစ်ခုကို ပြသခဲ့ကြသည်။ မစ္စတာ Hecker က လုံခြုံရေး ကောင်စီသို့ မြောက်ကိုရီးယားတွင် ဖုံးကွယ်ထားသော နျူကလီးယား စက်ရုံများ ရှိကြောင်း အကျဉ်းချုံး တင်ပြခဲ့ပြီးနောက် ကုလသမဂ္ဂ နျူကလီးယား ကျွမ်းကျင်သူများ အနေဖြင့် အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ရန် တိုက်တွန်း ပြောဆိုခဲ့သည်။

သံတမန်ကြီးများ အဆိုအရ လျှို့ဝှက် သတင်း ပေးပို့ချက်တွင် ပါရှိသော ယုံဗြွန်စက်ရုံမှ စက်ဒလက်များနှင့် အခြားသော ပစ္စည်းများသည် လျှို့ဝှက် ဖုံးကွယ်ထားသော နျူကလီးယား စက်ရုံများတွင် လည်ပတ် လုပ်ကိုင်ပြီး ဖြစ်သော ပစ္စည်းများ ဖြစ်ကြောင်း သိရသည်။

အခြားသော သံတမန်တစ်ဦးကမူ "လျှို့ဝှက် နျူကလီးယား စက်ရုံ တစ်ခုခုမရှိဘဲ ၂၀၀၉ ခုနှစ်ကနေ အခုအချိန်အထိ စက်ဒလက်တွေ တပ်ဆင် ထုတ်လုပ်နိုင်တယ် ဆိုတဲ့ ကိစ္စဟာ မဖြစ်နိုင်ပါဘူး" ဟု Reuters သတင်းဌာနသို့ ပြောကြားသည်။

သို့သော် မစ္စတာ Hecker က နျူကလီးယား ကျွမ်းကျင်သူများသို့ ပြောကြားရာတွင် မြောက်ကိုရီးယားသည် အဆိုပါ ပစ္စည်းကိရိယာများ အားလုံးကို ထုတ်လုပ်နိုင်ခဲ့ပုံ မရကြောင်း ပြောဆိုသည်။ ဖြစ်နိုင်ခြေ ရှိသော အချက်မှာ မြောက်ကိုရီးယားသည် အချို့သော ပစ္စည်းများကို ပြည်ပမှ တင်သွင်းပြီး နိုင်ငံတွင်း တပ်ဆင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

ကုလသမဂ္ဂ နျူကလီးယား ကျွမ်းကျင်သူများ အဖွဲ့သည် မြောက်ကိုရီးယား နျူကလီးယား ဆိုင်ရာ အရာရှိကြီးများကို ပိတ်ဆို့ အရေးယူသည့် မူဝါဒများ ချမှတ်ခဲ့သည့် အဖွဲ့လည်း ဖြစ်ကြောင်း သတင်း ပေါက်ကြားချက်အရ သိရသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဖေဖော်ဝါရီလ ၈ ရက် ၂၀၁၁ ရက်စွဲပါ Monsters and Critics မှ Myanmar opposition calls for review of sanctions ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့် အရေးများကို အားပေးနိုင်ရန် စီးပွားရေးအရ အရေးယူ မှုများကို မည်သို့ ပြုပြင်နိုင်မည် ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စု၊ ဥရောပ သမဂ္ဂ၊ သြစတြေးလျ၊ ကနေဒါ တို့အား မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီက အင်္ဂါနေ့က တောင်းဆိုခဲ့သည်။

မြန်မာ နိုင်ငံ၏ စီးပွားရေး အခြေအနေမှာ sanction ကြောင့် သိသိ သာသာ အတိုင်းအတာ တစ်ခုအထိ ထိခိုက်ခြင်း မရှိကြောင်း၊ ရနိုင်သော သက်သေ အထောက် အထားများက ညွှန်းဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယင်း၏ လေးမျက်နှာရှိ ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာ နိုင်ငံ၏ အတိအကျ ပြောဆိုရန် ခက်ခဲသော လက်ရှိ စီးပွားရေး ပြဿနာများသည် စစ်အစိုးရ၏ စီးပွားရေး မူဝါဒများကြောင့် ဖြစ်ကြောင်း NLD က အပြစ်တင်ခဲ့ပြီး စီးပွားရေး မူဝါဒများသည် ဈေးကွက် အင်အားစုများကို ဘာမျှ မလုပ်နိုင်အောင် တားဆီး ထားပြီး ခရိုနီ ဦးစားပေး ၀ါဒ (Cronyism) ကိုသာ အသုံးပြုကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံကို နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) တို့ အားလုံးသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုတွင် စစ်တပ်၏ နှိမ်နှင်းမှုကြောင့် ၁၉၈၈ မှစ၍ အကူအညီ ပေးရေး အစီအစဉ်များ ရပ်ဆိုင်း သွားခဲ့သည်။

အနောက်နိုင်ငံ အများစုသည် ထိုစဉ်ကတည်းက အကူအညီများ ရပ်ဆိုင်းခဲ့ပြီး၊ အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင် နိုင်ငံသားများ ရင်းနှီး မြှုပ်နှံမှုကို တားမြစ်ခဲ့သည်။

အမေရိကန်နှင့် အီးယူတို့သည် အုပ်ချုပ်သူ ဗိုလ်ချုပ်များနှင့် ယင်းတို့၏ စီးပွားရေး ခရိုနီများ အပေါ် ငွေကြေး ဆိုင်ရာ အရေးယူမှုများ ချမှတ်ခဲ့သည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေး အပြီးတွင် sanction များ ရုတ်သိမ်းရေးနှင့် ပတ်သက်၍ ငြင်းခုန်မှုများ ရှိလာခဲ့သည်။

NLD ပါတီသည် ရွေးကောက်ပွဲဝင်ရန် ငြင်းဆန်မှုကြောင့် တရားဝင် နိုင်ငံရေး ပါတီအဖြစ် ရပ်တည်ရေး ဆုံးရှုံးခဲ့ရသော်လည်း နိုင်ငံတကာက ယင်း၏ ခေါင်းဆောင်အပေါ် လေးစားမှုကြောင့် ပါဝါ ရှိသော အတိုက်အခံ အဖြစ် ဆက်လက် ရပ်တည်လျက် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ကလည်း သူမ လွတ်မြောက်ပြီးနောက် စီးပွားရေး sanction များနှင့် ပတ်သက်၍ NLD ၏ ရပ်တည်ချက်ကို ပြန်လည် သုံးသပ်မည်ဟု ပြောခဲ့သည်။

"NLD အနေနဲ့ sanction များနှင့် ပတ်သက်၍ အမြင်များ သဘော တူညီမှု ရရှိရေး အတွက် အမေရိကန်၊ အီးယူ၊ ကနေဒါ နှင့် သြစတြေးလျ တို့နှင့် ဆွေးနွေးရန် တောင်းဆိုခဲ့သည်။ ဒီမိုကရေစီ၊ လူ့အခွင့် အရေးနှင့် သန်စွမ်းသော စီးပွားရေး ၀န်းကျင်များ ပေါ်ပေါက်ရေးအတွက် sanction များကို မည်သို့ ပြန်လည် ပုံစံသွင်း ပြင်ဆင်မည် ဆိုသည်ကို လည်း ဆွေးနွေး လိုပါသည်"ဟု ကြေညာချက်တွင် ဖော်ပြ ထားသည်။

အနောက် နိုင်ငံများ၏ sanction ရုပ်သိမ်းရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ သြဇာ လွှမ်းမိုး မှုကို သူမ အနေဖြင့် စစ်အစိုးရနှင့် လည်းကောင်း၊ အစိုးရသစ်နှင့် လည်းကောင်း ဆွေးနွေးရေး အတွက် ဖဲတစ်ချပ် အဖြစ် အသုံးပြု နိုင်သည်။

လက်ရှိတွင် မြန်မာပြည်၏ အစိုးရသစ်ကို စစ်တပ်မှ ထွက်သော ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းလိမ့်မည်ဟု မျှော်လင့်ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဖေဖော်ဝါရီလ ၇ ရက် ၂၀၁၁ ရက်စွဲပါ Reuters ၏ Sanctions on Myanmar ကို ဘာသာ ပြန်ဆိုသည်)

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ပါတီက မြန်မာနိုင်ငံ အပေါ် ချမှတ်ထား သော အရေး ယူမှုများ ဆက်ရှိနေ သင့်သည်ဟု ထောက်ခံ ပြောဆိုလိုက်ရာ စစ်အစိုးရနှင့် မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံရန် စိတ်အား ထက်သန်သော အနောက်နိုင်ငံ ကုမ္ပဏီများအဖို့ လေစိမ်း အတိုက်ခံရ သလို ရှိပေလိမ့်မည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ကုန်သွယ်ရေးနှင့် ခရီး သွားလာရေး တားမြစ်ချက် များသည် လူဦးရေ အများစုအား သိပ် မထိခိုက်သဖြင့် sanction များ ဆက်ရှိ နေသင့်ပြီး အရပ်သား အစိုးရ သစ်နှင့် ဥပဒေပြုရေးတွင် ဆက်လက် ချုပ်ကိုင်ရန် ကြိုးစားနေသော ဗိုလ်ချုပ်များကို အထီးကျန်အောင် ပြုလုပ်ရမည်ဟု ဆိုသည်။

ယခု လက်ရှိ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော sanction များကို အောက်တွင် ဖော်ပြထားသည်။

အီးယူ၏ ပိတ်ဆို့ အရေးယူမှုများ

-      ဥရောပ သမဂ္ဂသည် ၁၉၉၆ ခုနှစ်တွင် ယင်း၏ အဖွဲ့ဝင်များ လိုက်နာရမည့် စည်းကမ်းများ (Common Position on Myanmar) ကို ချမှတ်ခဲ့ရာ အီးယူမှ လက်နက်များ၊ လက်နက် နည်းပညာများ မြန်မာနိုင်ငံသို့ ရောင်းချခြင်း၊ လွှဲပြောင်းခြင်း တားမြစ်ခြင်း၊ ပြည်တွင်း ဖိနှိပ် မည့် ပစ္စည်း ကိရိယာများ တင်ပို့ခြင်းများကို တားမြစ်ခြင်းများ ပါဝင်သည်။

-      အီးယူ အစိုးရများသည် ၂၀၀၇ စက်တင်ဘာလက ဘုန်းတော်ကြီး အရေးအခင်းတွင် နှိမ်နှင်းမှု များကြောင့် အရေးယူမှုများအား ပိုမို တင်းကြပ်ခဲ့ပြီး၊ ကုမ္ပဏီ ၁၂၀၇ ခုအား ဗီဇာ ပိတ်ပင်ခြင်း၊ ပိုင်ဆိုင်မှုများ ပိတ်ဆို့ခြင်းများ ပါဝင်သည်။

၂၀၀၉ ဧပြီလတွင် အီးယူသည် စစ်အစိုးရ အဖွဲ့ဝင်များနှင့် ယင်းတို့ကို ပံ့ပိုး ကူညီ သူများအား ပိတ်ပင်မှုနှင့် ပိုင်ဆိုင်မှုများ ပိတ်ပင် ထားမှုကို သက်တမ်း တစ်နှစ် တိုးမြှင့် ခဲ့သည်။ မြန်မာ နိုင်ငံရှိ နိုင်ငံရေး အကျဉ်းသား (၂၁၀၀)ခန့်အား လွှတ်ပေးရန် ကာလ ရှည်ကြာ ကပင် တောင်းဆိုခဲ့သည်။

-      မြန်မာ နိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းဝယ်မှု ပိတ်ပင်ရေးနှင့် စီးပွားရေး sanction များတွင် အဓိက ပို့ကုန်များ ဖြစ်သော သစ်နှင့် ပတ္တမြားတို့ ကဲ့သို့သော ပစ္စည်းများ ပေါ်တွင် အာရုံပြုရန် သြဂုတ်လ (၁၁) ရက်နေ့က ပြင်သစ်က ပြောကြားခဲ့သည်။ ဗြိတိန် နိုင်ငံကလည်း မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းဝယ်မှု ကန့်သတ်ရေး ပြုလုပ်ရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအား တောင်းဆို ခဲ့သည်။

-      အီးယူသည် ၂၀၀၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ် အကျယ်ချုပ် သက်တမ်း တိုးရာတွင် တာဝန်ရှိသော တရားသူကြီးများအား စစ်အစိုးရ တာဝန်ရှိသူများအား ချမှတ် ထားသော အရေးယူမှု စာရင်းတွင် ထပ်တိုးခဲ့သည်။

အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုများ

-      အမေရိကန် ပြည်ထောင်စု သည် ၁၉၈၈ ခုနှစ် ကျောင်းသားများ ခေါင်းဆောင်သော ဆန္ဒပြ ပွဲအား စစ်အစိုးရက နှိမ်နှင်းမှုများကြောင့် ထိုနှစ်မှ စ၍ ကျယ်ပြန့်သော အရေးယူ ပိတ်ဆို့မှု များ ပြုလုပ်ခဲ့သည်။ ယင်းသည် ၁၉၉၇ ခုနှစ်တွင် အမေရိကန်များ မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှု အသစ်များ မပြုလုပ်ရန် တားမြစ်ခဲ့သည်။

-      ၀ါရှင်တန်သည် မြန်မာ ဗိုလ်ချုပ်များ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် နိုင်ငံရေးအရ ဆွေးနွေးမှုများ ပြုလုပ်ရန် တွန်းအားပေးသည့် အနေဖြင့် sanction များကို ပိုမို၍ တဖြည်းဖြည်း တင်းကြပ်ခဲ့သည်။

-      သမ္မတ Obama သည် ပြီးခဲ့သည့် မေလက အမေရိကန်၏ အရေးယူမှုကို ပြန်လည် သုံးသပ် ခဲ့သည်။ အစိုးရသစ်သည် တိုင်းပြည်၏ ဆိုးရွားလှသော လူ့အခွင့်အရေး အခြေ အနေများ တိုးတက်ရေး အတွက် သိသာသော ကြိုးစား အားထုတ်မှုများ ပြုလုပ်မှုကို ပြသပါက အရေးယူမှုများကို ပြန်လည် စီစစ်မည်ဟု ၀ါရှင်တန်က ပြောခဲ့သည်။

-      ၂၀၀၈ ခုနှစ် ဇူလိုင်လတွင် အမေရိကန် ငွေတိုက်ဌာနသည် မြန်မာ့စီးပွားရေး ဦးပိုင် လိမိတက် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း နှင့် ယင်းတို့၏ လက်အောက်ခံများ၏ ပိုင်ဆိုင် မှုများနှင့် ငွေစာရင်း လွှဲပြောင်းမှုများကို ပိတ်ပင် ကန့်သတ်ခဲ့သည်။

-      ထိုသို့ ပြုလုပ်ခဲ့ခြင်းကြောင့် အမေရိကန် ပုဂ္ဂိုလ်များနှင့် စီးပွားရေး လုပ်ငန်းများသည် အဆိုပါ ကုမ္ပဏီများနှင့် ငွေကြေးဆိုင်ရာ စာရင်း လွှဲပြောင်းမှုများ မပြုလုပ်ရန်နှင့် ပိုင်ဆိုင်မှု များ ပိတ်ပင်ထားပြီး အမေရိကန် တရားစီရင်ရေး အောက်တွင် ထားရှိရန် ဖြစ်သည်။

-      Burma Freedom and Democracy ဥပဒေ (၂၀၀၃)အရ မြန်မာနိုင်ငံမှ သွင်းကုန် အားလုံး ပိတ်ပင်ခဲ့သည်။ ငွေစာရင်း လွှဲပြောင်းမှုများ ကန့်သတ်ခြင်း၊ မြန်မာငွေကြေး အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုများ ချုပ်ကိုင်ထားခြင်း၊ အစိုးရ အဖွဲ့ဝင်များအပေါ် ဗီဇာ ပေးခြင်းများကို ကန့်သတ်ထားခြင်းများ ပါဝင်သည်။

အခြား ပိတ်ဆို့ အရေးယူမှုများ

-       သြစတြေးလျ နိုင်ငံက မြန်မာ အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ၏ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်မှုကို ဆက်လက် ချမှတ်ထားပြီး ၁၉၈၈ ခုနှစ်မှ စ၍ ကာကွယ်ရေး ပစ္စည်း တင်ပို့မှုကို တားမြစ်ထားသည်။

-      ၂၀၀၇ အောက်တိုဘာတွင် မြန်မာ စစ်ဖက်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးများနှင့် မိသားစုဝင်များ အပေါ် ငွေကြေးဆိုင်ရာ တားမြစ် ပိတ်ပင်မှု အစီအစဉ်ကို ကြေညာခဲ့ရာ အဆိုပါ စာရင်းတွင် လူ ၄၀၀ ကျော် ပါဝင်သည်။

-      ကနေဒါ နိုင်ငံသည် ၂၀၀၇ နိုဝင်ဘာလတွင် လူသားခြင်း စာနာသော အကူအညီ ပစ္စည်းများမှ လွဲ၍ မြန်မာ နိုင်ငံသို့ ပို့ကုန် မှန်သမျှကို တားမြစ်ခဲ့ပြီး တင်သွင်းမှုကိုလည်း ပိတ်ပင် ခဲ့သည်။ စစ်ဖက် အစိုးရနှင့် အဆက်အသွယ် ရှိသော မြန်မာ နိုင်ငံသားများ၏ ကနေဒါရှိ ပိုင်ဆိုင်မှုများ ကိုလည်း ထိန်းချုပ်ထားသည်။ မြန်မာနိုင်ငံသို့ ငွေကြေး ၀န်ဆောင်မှု ဖြည့်ဆည်းခြင်း၊ နည်းပညာ အချက် အလက် တင်ပို့ခြင်း တို့ကိုလည်း ကနေဒါက တားမြစ်ထားသည့် အပြင် ကနေဒါ နိုင်ငံသားတို့ ထပ်မံ ရင်းနှီး မြှုပ်နှံမည့် အစီ အစဉ်သစ် များကိုလည်း တားမြစ်ထားသည်။

-      နယူးဇီလန် နိုင်ငံကလည်း မြန်မာ စစ်ဖက် ခေါင်းဆောင်များနှင့် မိသားစုဝင်များ၏ ပြည်ဝင်ခွင့် ဗီဇာကို ယခင် ကတည်းက ပိတ်ပင်ထားခဲ့သည်။

-      ဂျပန် နိုင်ငံက ၂၀၀၇ အောက်တိုဘာလတွင် မြန်မာနိုင်ငံအပေါ် အကူအညီ ပေးနေခြင်းကို ဖြတ်တောက် လိုက်သည်။

-      အာရှ နိုင်ငံ အများစုကမူ မြန်မာ အစိုးရနှင့် တွေ့ဆုံ ညှိနှိုင်းရေး မူဝါဒကို ဦးစား ပေးလျက် ရှိပြီး အရှေ့တောင် အာရှ နိုင်ငံများကလည်း မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံများ၏ အရေးယူ ဒဏ်ခတ်မှုများ ရုတ်သိမ်းပေးရန် တောင်းဆိုထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းဌာနမှ 8 February 2011 ရက်စွဲပါ "Two Koreas Start First Talks Since Attack" ကို ဘာသာ ပြန်ဆိုသည်)

နိုဝင်ဘာလက နှစ်နိုင်ငံ နယ်ခြား အနီး တောင်ကိုရီးယား ကျွန်းကို မြောက်ကိုရီးယားက အမြောက်ဖြင့် ပစ်ခတ်ခဲ့ ပြီးနောက်ပိုင်း တောင်နှင့် မြောက် ကိုရီးယား နှစ်နိုင်ငံ၏ ပထမဆုံး အကြိမ် ဆွေးနွေးပွဲကို အင်္ဂါနေ့တွင် စတင် ခဲ့သည်ဟု တောင်ကိုရီးယား ယွန်ဟတ် သတင်း ဌာနက သတင်း ထုတ်ပြန်သည်။

စစ်ဖက် ဆွေးနွေးပွဲများကို လုံခြုံရေး ထူထပ်သော ရှေ့တန်း နယ်စပ် ပန်မွန်ဂျုံ ကျေးရွာတွင် ဒေသ စံတော်ချိန် မနက် ၁၀ နာရီ ခန့်တွင် စတင် ကျင်းပ ခဲ့သည်ဟု အမည် မဖော် လိုသူ အရာရှိ တစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ သတင်း ဌာနက ဖော်ပြ ခဲ့သည်။

မီဒီယာများကို ပိတ်ပင် ထားသည့် အဆိုပါ ဆွေးနွေးပွဲများကို စီစဉ် ထားသည့် အတိုင်း ကျင်းပ ခဲ့သည် ဟူသော သတင်းကို ကာကွယ်ရေး ဝန်ကြီး ဌာနက ချက်ချင်း အတည်ပြု နိုင်ခြင်း မရှိပေ။ အင်္ဂါနေ့က ဆွေးနွေးပွဲများကို ယခုတိုင် ရက် သတ်မှတ် ရခြင်း မရှိသေးသည့် ထိပ်ပိုင်း အဆင့် စစ်ဖက် ဆွေးနွေးပွဲများ ကြိုတင် ပြင်ဆင်ရေး အတွက် အဓိက ရည်ရွယ် ပြုလုပ် ခြင်း ဖြစ်သည်။

သို့သော်လည်း ယခု ဆွေးနွေးပွဲကို လပေါင်း အတန်ကြာ ကြီးထွား ခဲ့သော တင်းမာမှုများ အပြီး ငြိမ်းချမ်းရေး ကမ်းလှမ်း လာသည့် အိမ်နီးချင်း နိုင်ငံ၏ ရိုးသားမှုကို စမ်းသပ် ရမည့် အခွင့် အရေး တစ်ခု အဖြစ် ဆိုးလ်က ရှုမြင် ထားသည်။

တောင်ကိုရီးယားက ၎င်း၏ ရေတပ်သား ၄၆ ဦးနှင့် အတူ နစ်မြုပ် သွားခဲ့သည့် စစ်သင်္ဘောကို မြောက်ကိုရီးယားက တော်ပီဒိုဖြင့် ပစ်ခတ် ခဲ့ခြင်း ဖြစ်ကြောင်း မေလက စွပ်စွဲခဲ့ပြီးချိန်မှ စ၍ ဆက်ဆံရေး အေးစက် သွားခဲ့ခြင်း ဖြစ်သည်။ ယင်းစွပ်စွဲမှုကို ပြုံယမ်းကမူ ငြင်းဆန်ထားသည်။

ထို့အပြင် နိုဝင်ဘာ ၂၃ က အငြင်းပွား ပင်လယ်ဝါ ရေပြင် အနီးမှ တောင်ကိုရီးယားပိုင် ယွန်ပြောင်းကျွန်းကို မြောက်ကိုရီးယားက အမြောက်ဖြင့် ရန်စ ပစ်ခတ် ခဲ့ခြင်းကြောင့် အရပ်သား ၂ ဦးနှင့် ရေတပ်သား ၂ ဦး သေဆုံးရကာ ကိုရီးယား ကျွန်းဆွယ်တွင် စစ်ငွေ့သန်း ခဲ့သည်။ သို့ရာတွင် ယခု နှစ်ဆန်း၌ ပြုံယမ်းက နည်းဗျူဟာ ရုတ်တရက် ပြောင်းလဲ သွားခဲ့ပြီး တွေ့ဆုံ ဆွေးနွေးစဉ် အဆက်မပြတ် မေတ္တာ ရပ်ခံမှုများ စတင် ပြုလုပ် လာခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.