Transparency Myanmar

transparency.myanmar@gmail.com

ကွန်ယက်ချိတ်သည့် ဗေဒါကျောင်း ပြောင်းရမည်

ရန်ကုန်၊ ဖေဖေါ်ဝါရီလ ၁၁

တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက၊် စိတ္တသုခလမ်း၊ အိမ်အမှတ် ၂၃၊ အထပ် ၅ တွင် ဖွင့်လှစ်ထားသည့် ဗေဒါသင်တန်းကျောင်း BAYDA Institute သည် အာဏာပိုင်များ ဖိအားကြောင့် နေရာပြောင်းပေးရမည်ကြောင်း သိရသည်။

၈၈ ကျောင်းသားခေါင်းဆောင် ဦးမျိုးရန်နောင်သိန်း ဦးဆောင်ဖွင့်လှစ်ထားသော ဗေဒါသင်တန်းကျောင်းအခန်းသို့ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် အခန်းပိုင်ရှင်များက ဖယ်ပေးရန် လာရောက်ပြောကြားခဲ့ခြင်း ဖြစ်သည်။ "ကျနော်တို့က ညှိလိုက်တာ ၁၆ ရက်နေ့နဲ့ တည့်သွားတာ။ သင်ခန်းစာတွေကို နေ့လည်ပိုင်းလောက် အပြီးဖြတ်မယ်။ တနာရီကနေ ၃ နာရီ အထိမှာ သင်တန်းဆင်းပွဲ လုပ်ပြီးတော့ အခန်းထဲက ပစ္စည်းတွေ တခါထဲ ရွှေ့မယ်" ဟု ဦးမျိုးရန်နောင်သိန်းက ဆိုသည်။ နေရာသစ်ကိုမူ ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်လ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် Nation Youth Network နှင့် ချိတ်ဆက်ထားသည့် အစုအဖွဲ့ ၁ဝ၄ ခု၌ ဗေဒါသင်တန်း ကျောင်း BAYDA Institute လည်း တခုအပါအဝင် ဖြစ်သည်။ ဗဒါကျောင်း၌ လူမှုဆက်ဆံရေး Social Science၊ ကမ္ဘာ့ပြဿနာများ သင်ခန်းစာ Global conflict အရှေ့တောင်အာရှနိုင်ငံများကို လေ့လာခြင်း၊ South East Asia Studyနှင့် အခြေခံအင်္ဂလိပ် ဘာသာရပ်များကို နှစ်ပတ်သင်ခန်းစာအဖြစ် သင်ကြားပေးနေပြီး ယခုလ ၁၈ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်သည်။

ဗေဒါသင်တန်းကျောင်းအဖြစ် ပြီးခဲ့သည့်နှစ် နိုဝင်ဘာမှစ၍ ရက်တိုသင်တန်းများ ပေးနေပြီး၊ ပထမဆုံး သင်တန်းကို နိုင်ငံတကာ ဆက်ဆံရေးပညာ မိတ်ဆက်ဘာသာရပ်ဖြင့် စတင်ခဲ့သည်။ လတ်တလော တက်ရောက်နေသည့် ကျောင်းသား ၆ဝ အပါအဝင် ၁ဝဝ ဦးခန့် သင်ကြားပြီးဖြစ်ကြောင်း သိရသည်။                          

____________________________________________________________________________________

အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ အမည်စာရင်း တင်သွင်း

ရန်ကုန်၊ ဖေဖေါ်ဝါရီလ ၁၁ ရက်

နေပြည်တော်၌ ကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၏ စတုတ္ထနေ့ဖြစ်သော ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ ဖွဲ့စည်းရန် အမည်စာရင်းတင်သွင်းမှုများ ပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။ ပုဂ္ဂိုလ် ၉ ဦးပါ ခုံရုံးအဖွဲ့အတွက် သမ္မတ ဦးသိန်းစိန်က ၃ ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၃ ဦးနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ၃ ဦးစီ ရွေးချယ်ပေးခဲ့သည်။

သမ္မတက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၁၇ ဦးထဲမှ ဥက္ကဋ္ဌဖြစ်သူ ဦးသိန်းစိုး၊ အဖွဲ့ဝင်များဖြစ်သည့် စီးပွားရေး ပါမောက္ခချုပ်ဟောင်း ဒေါက်တာတင်အောင်အေးနှင့် တရားရုံးချုပ် ပြစ်မှုဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်လှမြင့် တို့ကို ရွေးချယ်ပေးခဲ့သည်။

သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော်အမတ်များဖြစ်သည့် ဦးထွန်းကြည် (အငြိမ်းစား တရားရုံးချုပ် ညွှန်မှူး)၊ အခြား အငြိမ်းစား ညွှန်မှူးများဖြစ်သည့် ဦးစိုးသိန်းနှင့် ဦးခင်ထွန်းတို့ကိုလည်းကောင်း၊ ဦးခင်အောင်မြင့်က အမျိုးသား လွှတ်တော်အမတ်များဖြစ်သည့် အခွန်အယူခံအဖွဲ့ ရုံး ညွန်မှူး ဦးဆန်းမြင့်၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ညွှန်ကြားရေးမှူး ဦးမြင့်ကြိုင်နှင့် ဒုညွန်မှူး (ငြိမ်း) ဒေါ်မိမိရီတို့ကိုလည်းကောင်း ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။

အဖွဲ့ထဲတွင် ဥပဒေပညာရှင်များ အများဆုံး ပါဝင်နေပြီး၊ လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ခုံရုံးအဖွဲ့ ဥက္ကဋ္ဌ အဖြစ် လျာထားကြောင်း သိရသည်။ အဖွဲ့ဝင် ၉ ဦးကို ဖေဖော်ဝါရီ လ ၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ မဲခွဲဆုံးဖြတ်ကာ အတည်ပြု ဖွဲ့စည်းမည် ဖြစ်သည်။ ကန့်ကွက်လိုပါက လာမည့် တနင်္ဂနွေနေ့ နေ့လည် ၁၂ နာရီအထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ စာတင်နိုင်မည်ဖြစ်သည်။ စတုတ္ထနေ့အဖြစ် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အခြေခံဥပဒေဆိုင်ရာ ခုံရုံးဖွဲ့စည်းရေး အမည်စာရင်း တင်သွင်းခြင်းသာမက သမ္မတ ဦးသိန်းစိန်က အမည်စာရင်းတင်သွင်းခဲ့သည့် ပြည်ထောင်စုဝန်ကြီးများ ဦးရေ ၃ဝ ဦးကို ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ၊ သဘောတူသဖြင့် အတည်ပြု လိုက်ပြီဖြစ်ကြောင်းနှင့် ပြည်နယ်များအတွက် ပြည်နယ်ဝန်ကြီးချုပ် အမည်စာရင်းများ ထုတ်ပြန်လိုက်ကြောင်း သိရသည်။ သို့သော် ဝန်ကြီးဌာန ၃၄ ခုတွင် ခန့်ထားမည့် ၎င်းတို့အမည်ဖြင့် ပူးတွဲဖော်ပြသည့် စာရင်းမှာ ထုတ်ပြန် ခြင်း မရှိသေးချေ။

_________________________________________________________________________________________________

ပြည်ခိုင်ဖြိုးပါတီနှင့် တခြားပါတီတို့ အပြန်အလှန် တရားစွဲမှုများ ရွှေ့ဆိုင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုးပါတီ) နှင့် နိုင်ငံရေးပါတီတချို့၏ အပြန်အလှန် တရားစွဲဆိုမှုများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။ ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်ရှိသည်ဟူသော အကြောင်းပြချက်ဖြင့် ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

              အပြန်အလှန် တရားစွဲဆိုထားသည့်အမှုများနှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်ရုံးက အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီကို ယခုရက်ပိုင်းအတွင်း တယ်လီဖုန်းဖြင့် အကြောင်းကြားခဲ့သည်ဟု NDF ပါတီမှ ရှေ့နေ ဦးမြင့်သွင်က ပြောကြားသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SN DP) ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့အား ပြည်ခိုင်ဖြိုးပါတီက စွဲဆိုထားသည့်အမှုများကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း၊ အမှုနှင့်ပတ်သက်၍ လာမည့် ၂ ပတ်ခန့်အကြာတွင် ရွေးကောက်ပွဲကော်မရှင်က ထပ်မံအကြောင်းကြားမည်ဖြစ်ကြောင်းလည်း သိရသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် အမှုပေါင်း ၂၉ မှုရှိပြီး၊ ၂၇ မှုက ပြည်ခိုင်ဖြိုးက ကန့်ကွက်၍ တရားစွဲထားခြင်းဖြစ်ပြီး ၎င်းတို့ကို ကန့်ကွက်ပြီး အစွဲခံထားရသည်မှာ ၂ မှုသာရှိကြောင်းသိရသည်။

          ပြည်ခိုင်ဖြိုးပါတီကို ကန့်ကွက်ပြီး စွဲဆိုထားသည့် ပါတီများမှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ အထွေထွေ အတွင်းရေးမှူး (၁) ဒေါ်ချိုချိုကျော်ငြိမ်းနှင့် ကချင်ပြည်နယ် ဖားကန့်မြို့နယ် NDF မှ ဒေါ်ဘောက်ဂျာတို့ ဖြစ်သည်။ နိုင်ငံရေး ပါတီအများစုက ပြည်ခိုင်ဖြိုးပါတီအား တရားစွဲဆိုမှုများ ရှိလာပြီးနောက် ပြည်ခိုင်ဖြိုးပါတီကလည်း ပြန်လှန်တရားစွဲဆိုမှုများ ပေါ်ပေါက်လာခဲ့သည်။ တရားစွဲဆိုသူက ကျပ် ၁၀ သိန်း အကုန်ခံကာ တရားစွဲဆိုရမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်က စွဲဆိုခံရသူ၌ အပြစ်မရှိကြောင်း တွေ့ရှိခဲ့လျှင် တရားစွဲသူသည် ဒဏ်ငွေ ကျပ် ၃ သိန်းနှင့် ထောင်ဒဏ် ၃ နှစ် ကျခံရမည် ဖြစ်ကြောင်း သိရသည်။                                                                   

(အထက်ပါ သတင်းများကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ် ပရိတ်သတ်များအတွက် သတင်းများနှင့် ဆောင်းပါးများကို အချိန်ပေးဖတ်ရှုရသည့်အလျှောက် ပေးရသည့်အချိန်နှင့် ထိုက်တန်သည့် ရလဒ် တခုခုကို ရရှိကျေနပ်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဖော်ပြပေးခြင်းသာ ဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ) မဟုတ်ပါကြောင်းအသိပေး ဖော်ပြအပ်ပါသည်။)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အထူးစီးပွားရေးဇုန်ဥပဒေဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာနိုင်မှု အလားအလာ(၁)

(ဘုန်းထက်ဝင်း)

     ၂၀၁၁ ဇန်နဝါရီ ၂၇ နေ့က ထုတ်ပြန်လိုကသော အထူးစီးပွားရေးဇုန်ဥပဒေ (SEZ Law)သည် နိုင်ငံစီးပွားရေး အထောက် အကူဖြစ်၊ မဖြစ်၊ နိုင်ငံခြားရင်းနှီးမြုပ် စွဲဆောင်နိုင်မှု ရှိ၊ မရှိ၊ အလုပ်အကိုင်အခွင့်အလမ်းများကို မြောက်များစွာ ဖော်ဆောင်ပေး နိုင်မည်လော အစရှိသည့် မေးခွန်းများကို စီးပွားရေးပညာရှင်များနှင့် လုပ်ငန်းရှင်များကြား၌ ဝေဖန်ဆွေးနွေးများ မီဒီယာ မျက်နှာမျိုးစုံတွင်ဖော်ပြလာလျက်ရှိပါသည်။

     ယင်းဥပဒေတွင် နိုင်ငံခြားငွေကြေးအသုံးပြုနိုင်ခြင်း၊ ကာလအတိုင်းအတာ တစ်ရပ်အထိ အခွန်ကင်းလွတ်ခွင့်ရရှိခြင်း၊ ပထ မငါးနှစ်သက်တမ်းအပြီး နိုင်ငံသားကျွမ်းကျင်လုပ်သားအနည်းဆုံး ၂၅ ရာခိုင်နှုန်းခန့်ထားရမည်ဟုဆိုထားခြင်း၊ နိုင်ငံသားကန် ထရိုက်ကို ခြွင်းချက်မှအပ ဌားရမ်းရမည်ဟုဆိုထားခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဖော်ပြချက် အနည်းငယ်ပါရှိခြင်းစသော အချက်များသည် ထူးခြားသည်ဟု ဆိုနိုင်ကြောင်းကို လေ့လာသူအချို့ထံမှသိရှိရသည်။  ယခု ဥပဒေထုတ်ပြန်ခြင်းနှင့် ပတ် သက်ပြီး ရေလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင် ဦးလှမောင်ရွှေက 'ဒီစီးပွားရေးဇုန်ဥပဒေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လုပ်ငန်းရှင်တွေဆီက အကြံဉာဏ်တွေလည်းတောင်းတော့ အကြံပြုခဲ့တာတွေရှိတယ်။ အခုဒီမှာ မြန်မာနိုင်ငံ ပြန်တမ်းထဲမှာ ထည့်သွင်းဖော်ပြမယ်လို့တော့ ပြောတယ်။ ကျွန်တော်တို့ စီးပွားရေးလုပ်တာတွေ အားလုံးက ဥပ ဒေနဲ့ အညီ လုပ်တာတွေပါပဲ။ ဘယ်သူပဲဖြစ်ဖြစ် ဥပဒေရဲ့ ဘောင်ထဲမှာပဲ ဈေးကွက်ဆန်ဆန်လုပ်လို့ရမယ်လို့ပဲ မှတ်ယူရမှာပါ။ အရင်က တရုတ်တွေနဲ့ လုပ်မယ်ဆိုတဲ့ အထူးစီးပွားရေးဇုန်တို့ အခုဆိုထားဝယ်မှာ လုပ်မယ့် ရေနက်ဆိပ်ကမ်းတို့ ကျောက်ဖြူ တို့ဘက်မှာလည်း ဖြစ်လာနိုင်သလို၊ နယ်စပ်တွေမှာလည်း ဖြစ်လာနိုင်မယ့် အလားအလာတွေ အများကြီးရှိလာတယ်။ ကျွနတော်တို့ စီးပွားရေးသမားတစ်ယောက်အနေနဲ့ ပြောရင်တော့ မြန်မာအထူးစီးပွားရေးဇုန် ဥပဒေနဲ့အညီ ဘယ်သူမဆို အလုပ်လုပ်ရမယ်ဆိုတာ လူက သတ်မှတ်တာမဟုတ်ဘဲ စနစ်တစ်ခုထည့်လိုက်တာကို ကြိုဆိုတယ်လို့ပြောရမှာပါ" ဟု သုံး သပ်ပြောကြားသွားခဲ့သည်။ ယခုအချိန်အခါသည် သမ္မတမှ ယင်း၏ အစိုးရသစ်တစ်ရပ်ကို ဖွဲ့ပြီးသကာလ လွှတ်တော်နိုင်ငံရေ အခင်းအကျင်းတစ်ခုဆီသို့ပြောင်းလဲသွားလေပြီ။ ယင်းအပြောင်းအလဲသည် နိုင်ငံစီးပွားရေးတိုးတက်ဖို့အတွက် အရေးပါသော အထူးစီးပွားဇုန် တည်ဆောက်ခြင်းပေါ် အကျိုးသက်ရောက်ရှိမည်သာဖြစ်သည်။ " ထွက်လာမယ့် အခင်းအကျင်းကို ဘယ်လို မြင်သလဲဆိုရင် ထွက်လာတဲ့ အခင်းအကျင်းပေါ်မှာ မူတည်တယ်။ ထွက်လာမယ့် အခင်းအကျင်းက လုံးဝကြီး အသစ်အဆန်း ဖြစ်မယ်လို့ မျှော်လင့်မထားဘူး။ အဲဒါကြောင့် အခု အထူးစီးပွားရေးဇုန် ဥပဒေလိုမျိုးကိုဆိုရင် အခုလုပ်လုပ်။ နောက်ကျမှ လုပ် လုပ်၊ လက်ရှိလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဒါတွေလုပ်ထားတာကို ကျွန်တော်ထင်တာ ဆွေးနွေးလည်း လွှတ်တော်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပဲ အဓိကဆွေးနွေးမှာပဲ။ ဒါတွေကို ကျွန်တော်က ဒီ့ထက်တောင် စော စေချင်သေးတယ်။ ဥပမာ မူပိုင်ခွင့် ဥပဒေဆိုပါတော့။ ဉာဏပစ္စည်း မူပိုင်ခွင့်ဥပဒေဆို ထွက်စေချင်လှပြီ။ ကျွန်တော်တို့ဆီမှာ မထွက်သေးဘူး။ ကျွန်တော် ထင်တာကတော့ လွှတ်တော်ရောက်ရင် ဒီကိစ္စမျိုးတွေ ဆွေးနွေးကြမယ် ထင်တယ်။ ဒီဥပဒေမျိုး မြန်မြန် ထွက်ရင်တော့ သဘောကျတယ်" ဟု ဆွေးနွေးအကြံပြု ပြောကြားသွားခဲ့သည်။ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒု တိယဥက္ကဋ္ဌ ဦးတင်မောင်သန်းကလည်း" မူဘောင်အနေနဲ့တော့ ရှိသွားတာပေါ့။ လိုအပ်တာတွေကို လွှတ်တော်မှာ ပြင်ဆင်လို့ ရပါတယ်" အကောင်းမြင် သုံးသပ်သွားခဲ့သည်။

     အဆိုပါ အထူးစက်မှုဇုန်ဥပဒေကို ပြည်တွင်းလုပ်ငန်းရှင်များသာမက နိုင်ငံတကာမှ လုပ်ငန်းရှင်များလည်း လွန်စွာစိတ်ဝင် စားကြောင်းသိရသည်။ " ဒီဥပဒေကို နိုင်ငံတကာက ပြဋ္ဌာန်း စေချင်တာ။ ဥပမာဆိုရင် တရုတ်ပေါ့။ FDI လုပ်ချင်သူတွေ အတွက်အဆင်ပြေသွားတာပေါ့။ ဒီဥပဒေက ပြည်တွင်းလုပ်ငန်းရှင်တွေကို မထိခိုက်ပါဘူး။ စီးပွားရေးဇုန်ဆိုတော့ အများစုက Exportအတွက်ပဲလေ။ မြန်မာ့စီးပွားရေး တိုးတက်ဖို့ဆိုတာက သူတို့Respond လုပ်တဲ့အပေါ်မှာ မူတည်တယ်" ဟု ဆရာ ခင်မောင်ညိုဘောဂဗေဒမှ ထပ်လောင်းပြောကြားသွားခဲ့သည်။ စီးပွားရေးပညာရှင် ဒေါက်တာ တင်စိုးကလည်း "FDIက လုပ်ချင်သူတွေကတော့ နည်းနည်းတော့ လှုပ်လှုပ်ရွရွဖြစ်သွားတာပေါ့။ ဥပဒေပေါ်မူတည်ပြီး စောင့်ကြည့်သွားရမယ်။ စီးပွား ရေးဇုန်တွေ ထပ်ပေါ်လာဖွယ်ရှိတယ်" ဟု မှတ်ချက်ပေးခဲ့သည်။

(ဆက်လက်ဖော်ပြပါမည်)

(အထက်ပါ ဆောင်းပါးကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ် ပရိတ်သတ်များအတွက် သတင်းများနှင့် ဆောင်းပါးများကို အချိန်ပေးဖတ်ရှုရသည့်အလျှောက် ပေးရသည့်အချိန်နှင့် ထိုက်တန်သည့် ရလဒ် တခုခုကို ရရှိကျေနပ်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဖော်ပြပေးခြင်းသာ ဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ) မဟုတ်ပါကြောင်းအသိပေး ဖော်ပြအပ်ပါသည်။)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဖေဖော်ဝါရီလ ၁၀ ရက် ၂၀၁၁ ရက်စွဲပါ The Straits Times မှ "Egypt Protests mount as US Presses Mubarak" သတင်း ကို ဘာသာ ပြန်ဆိုသည်)

ဟော့စနီ မူဘာရတ် အာဏာရှင် အစိုးရ ဖြုတ်ချရေး လှုပ်ရှားမှု စတင်ခဲ့သည့် နောက်ပိုင်း အကြီးကျယ်ဆုံး ဆန္ဒပြသည့်နေ့ ဖြစ်အောင် လှုံ့ဆော် ခဲ့ကြသည့် အီဂျစ် ဒီမိုကရေစီ ထောက်ခံ လှုပ်ရှားသူများက ပါလီမန်ကို ၀ိုင်းပတ် ပိတ်ဆို့ရန် ဗုဒ္ဓဟူးနေ့တွင် ကြိုးစား ခဲ့ကြသည်။

"အားမလျှော့ ကြပါနဲ့။ တောင့်ထားကြပါ။ လွတ်လပ်ခွင့် မရသေးပါဘူး"ဟု အသံချဲ့စက် စပီကာများဖြင့် လှုံ့ဆော်လျက် ရှိသော တာရစ် ရင်ပြင်မှ လွတ်မြောက်ရေး နယ်မြေကို တွယ်ဖတ် ထားကြသည့် ဆန္ဒပြသူ ထောင်ပေါင်း များစွာသည် ပလတ်စတစ် အမိုးအကာများ အောက်နှင့် သံချပ်ကာ တင့်ကားများ၏ အောက်တွင် စခန်းချ တပ်စွဲထားကြဆဲ ဖြစ်သည်။

ယင်းတို့ထဲမှ လူတစ်ထောင်ခန့်က လွှတ်တော် အမတ်များ နှုတ်ထွက်အောင် တောင်းဆိုရန် ပါလီမန်သို့ ချီတက် သွားခဲ့ကြသည်။

ဆန္ဒပြပွဲမှာ အေးအေးချမ်းချမ်း ရှိပြီး လွှတ်တော် အဆောက်အဦးကို အစိုးရ တပ်ဖွဲ့များက စောင့်ကြပ်လျှက် ရှိသော်လည်း လွှတ်တော် မဖျက်သိမ်း မချင်း နေရာမှ ထွက်ခွာမည် မဟုတ်ဟု ဆန္ဒပြသူများက သန္နိာန် ချထားသည်။

အာဏာရှင် သမ္မတကို ဖယ်ရှားကာ ယင်း၏ သက်တမ်းလွန် အနှစ် ၃၀ အစိုးရကို အစားထိုး လဲလှယ်ပစ်ရန် အတွက် ရက်သတ္တပတ် နှစ်ပတ်ကြာ လှုပ်ရှားမှုများ အနက် အကြီးကျယ်ဆုံးသော ချီတက်ပွဲ ညအဖြစ် သိန်းနှင့် ချီသော ဒီမိုကရေစီ ထောက်ခံသူများ ယခင်ညက လာရောက် ပူးပေါင်း ခဲ့ကြသည်ဟု သိရှိရသည်။

တာရစ် ရင်ပြင်တွင် တပ်စွဲထားသည့် တင့်ကား မရွေ့နိုင်အောင် ဇန်န၀ါရီ ၂၈ ရက်က စ တင့်ကား၏ အောက်တွင် အိပ်စက်ခဲ့သူ အသက် ၃၅ နှစ်အရွယ် ရှေ့နေ အက်ဆမ်မက်ဒီ က "မူဘာရတ် မထွက်မချင်း စေ့စပ် ညှိနှိုင်းမှု မရှိနိုင်ပါဘူး။ သူဆင်းပေးပြီး မှသာ အရာ အားလုံးကို ဆွေးနွေး နိုင်မှာပါ"ဟု ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(The Times of India မှ 11 February 2011 ရက်စွဲပါ "Burmese King's Palace Gets Makeover" ကို ဘာသာ ပြန်ဆိုသည်)

ပြည်နယ် အစိုးရသည် မြန်မာ နိုင်ငံ၏ နောက်ဆုံး ဘုရင် သီပေါမင်း နောက်ဆုံး နေထိုင် သွားခဲ့သည့် နန်းတော်အား အကြီးစား မွမ်းမံမှုများ ပြုလုပ်ရန် စီစဉ်လျက် ရှိသည်။ သမိုင်းဝင် နန်းတော်သည် ရတနာဂီရိ၏ အသည်းနှလုံး နေရာတွင် တည်ရှိသည်။ နန်းတော်ကို သီပေါမင်းနှင့် ၎င်း၏ မိသားစုများ နေထိုင်ရန် ဗြိတိသျှတို့က ဆောက်လုပ် ပေးခဲ့သည်။ သီပေါမင်းသည် ဗြိတိသျှတို့က မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် ပြည်ပသို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။

ရှေးဟောင်း သုတေသနနှင့် ပြတိုက်များ ဌာနသည် အဆိုပါ အဆောက် အဦးကို ပြည်နယ် အစိုးရက ထိန်းသိမ်းမည့် အထိမ်း အမှတ် အဆောက် အအုံ အဖြစ် ၂၀၀၀ ခုနှစ် ဇွန်လက ကြေညာခဲ့ပြီး နန်းတော်ကို အသွင် ပြောင်းရန် ဆုံးဖြတ်ခဲ့သည်။ နန်းတော် အတွင်း၌ ပြတိုက် အသွင် ပြောင်းရန် ကြေညာ ခဲ့သည်။ အဆိုပါ ဌာနသည် နန်းတော်ကို ထိန်းသိမ်း စောင့်ရှောက်ရန် တာဝန် ယူထားခြင်း ဖြစ်သည်။

သီပေါ ဘုရင်သည် အဆိုပါ နန်းတော်သို့ ၁၉၁၀ နိုဝင်ဘာလ ၁၃ ရက်တွင် ပြောင်းရွှေ့ နေထိုင် ခဲ့ပြီး ရတနာဂီရိရှိ အဆိုပါ နန်းတော်တွင်ပင် နေထိုင်ပြီး ကွယ်လွန် ခဲ့သည်။

ယခု အခါ ယင်း၏ မိသားစုဝင် တစ်ဦးမျှ မရှိကြတော့ပါ။ နန်းတော်အား လွတ်လပ်ရေးလွန် ကာလတွင် အခွန် ကောက်ခံသူ နေထိုင်ရာ နေအိမ် အဖြစ် တရားဝင် ပြောင်းလဲ ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် မြန်မာ အစိုးရက အိန္ဒိယ ဗဟိုအစိုးရနှင့် ပြည်နယ် အစိုးရတို့ အဆိုပါ သမိုင်းဝင် အဆောက် အဦးကို ထိန်းသိမ်းမှုများ ပြုလုပ် ပေးရန် တောင်းဆိုခဲ့သည်။

ရှေးဟောင်း သုတေသန နှင့် ပြတိုက် ဌာနသည် အစိုးရက ထိန်းသိမ်း စောင့်ရှောက် ရမည့် အထိမ်း အမှတ် အဆောက် အအုံ အဖြစ် ကြေညာ ခဲ့ရာ နန်းတော်၏ တစ်စိတ် တစ်ပိုင်းကို တာဝန် ယူခဲ့ပြီး ကျန် တစ်ပိုင်းကို မွန်ဘိုင်း တက္ကသိုလ် အဖြစ် အသုံး ပြုခဲ့သည်။ သို့သော် လွန်ခဲ့သည့် နှစ်နှစ်က တက္ကသိုလ်က ထိုအပိုင်းကို ဌာနသို့ ပြန်လည် လွှဲပြောင်း ပေးခဲ့သည်။

ဌာနသည် ပြန်လည် ပြင်ဆင်ရေး လုပ်ငန်းများ စတင် လုပ်ဆောင်လျက် ရှိပြီး ဆေးသုတ်ခြင်း ရေမစိမ့်အောင် ပြုလုပ်ခြင်း စသည့် ပြုပြင်ခြင်း လုပ်ငန်းများ လုပ်ဆောင်လျက် ရှိချိန်တွင် ဌာန တာဝန် ရှိသူများသည် Maratha၊ ဥရောပနှင့် မွန်ဂို စစ်သင်္ဘောများ၊ ရှေးဟောင်း ပန်းပုရုပ်များနှင့် ပြည်တွင်း Konkani အနုပညာများ ပြသရန် ပြင်ဆင်လျက် ရှိသည်။

ပြတိုက်မှူး Bhalchandra Kulkarni က ပြောကြားရာတွင် "အမျိုးအစား တစ်ခုချင်း အလိုက် ပြခန်းတွေ သီးသန့် ပြသပါမယ်" ဟု ဆိုသည်။ စစ်သင်္ဘောများကို ပြသရာတွင် Kolhapur မှ ပညာရှင်များက သစ်သားနှင့် ထုထားသော သင်္ဘော အစစ်နှင့် တူအောင် ပြုလုပ် ပြသမည်ဟု ၎င်းက ဆိုသည်။ "သင်္ဘောတွေနဲ့ ပတ်သက်လို့ သမိုင်း အထောက်အထား တွေနဲ့ လွတ်လပ်ရေး မတိုင်မီက ဓာတ်ပုံများနဲ့ အချက် အလက်များ ပါဝင်သော စာအုပ်တွေ စုဆောင်းပြီး လုပ်ထားပါတယ်" ဟု ယင်းက ဆက်လက် ပြောသည်။

စစ်သင်္ဘော ပြခန်း အတွက် အခန်း (၃) ခန်း ထားရှိမည် ဖြစ်သည်။ "Maratha သင်္ဘော ရှစ်စင်း၊ ဥရောပ ဆယ်စင်းနဲ့ Moghul ခေတ်က နှစ်စင်း အပါအဝင် သင်္ဘော (၂၅) စင်း ပြသပါမယ်၊ ကျန်တာတွေ ကတော့ ဒေသခံ ငါးဖမ်းတဲ့ သူတွေ အသုံး ပြုတဲ့ လှေတွေ၊ သင်္ဘောတွေ ဖြစ်ပါတယ်" ဟု Kulkarni က ဆိုသည်။

ပြတိုက်တွင် သီပေါ ဘုရင် အတွက် အမှတ် တရ ပြခန်း တစ်ခုလည်း ပါဝင်မည် ဖြစ်သည်။ ယင်းမှာ အစိုးရသည် ဒေသ အနုပညာ မြှင့်တင်ရေး အတွက် ပြတိုက်ကို အသုံးပြုရန် စီစဉ်ခြင်းလည်း တစ်နည်း ဖြစ်ပါသည်။ Kulkani က ပြောကြား ရာတွင် နန်းတော်၏ အချို့ အစိတ် အပိုင်းများတွင် ဒေသမှ ပန်းချီ ဆရာများ၏ လက်ရာများလည်း ပြသထားမည်ဟု ဆိုသည်။ ရှေးဟောင်း ပန်းပု လက်ရာ များကိုလည်း ပြသ ထားမည် ဖြစ်သည်။ ထို့အပြင် ဒေသရှိ ရှားပါးသော တိရစ္ဆာန်များ၏ အရေခွံများကိုလည်း ပြတိုက်တွင် တစ်နေရာပေး၍ ပြသမည် ဖြစ်သည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Reuters သတင်းဌာနမှ 10 February 2011 ရက်စွဲပါ "Beijing Moves To Tighten Rare Earth Production" ကို ဘာသာ ပြန်ဆိုသည်)

တရုတ် နိုင်ငံသည် တိုင်းပြည်၏ အကြီးဆုံး ရှားပါး တွင်းထွက်မိုင်းများ ပါဝင်သော အစိုးရ စီမံကိန်းဇုံ (State Planning Zone) သတ်မှတ်၍ ထုတ်လုပ်မှု ဖြတ်တောက်ရန် ပြုလုပ်မည် ဖြစ်ကြောင်း ဆင်ဟွာ (Xinhua) သတင်းဌာနက ကြာသပတေး နေ့ညက သတင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ရှားပါးသော တွင်းထွက် သတ္တုများကို အဆင့်မြင့် နည်းပညာသုံး ပစ္စည်း အမျိုးမျိုး ထုတ်လုပ်ရာတွင် အသုံးပြုသည်။ ယင်းဇုန်သည် ၂၅၀၀ စတုရန်း ကီလို ကျယ်သော တရုတ်နိုင်ငံ တောင်ပိုင်းရှိ Jiangxi ပြည်နယ်တွင် ရှိပြီး ၇၆၀၀၀၀ မက်ထရစ် တန်ရှိ ရှားပါး သတ္တုများ မြေထဲ၌ ရှိသည်။ ၎င်းတို့အား ရှာဖွေရေးနှင့် ထုတ်လုပ်ရေးကို ပိုမို တင်းကြပ်သော ပြည်နယ် လုံခြုံရေးနှင့် စည်းမျဉ်းများဖြင့် ထိန်းသိမ်း ထားမည် ဖြစ်ကြောင်း ဘေဂျင်းရှိ မြေနှင့် သယံဇာတ ဝန်ကြီး ဌာန၏ အဆိုအား ကိုးကား၍ ဆင်ဟွာက ပြောသည်။

"တရုတ်နိုင်ငံရဲ့ ရှားပါး တွင်းထွက် ပစ္စည်း တည်ရှိမှုဟာ ကမ္ဘာမှာ တတိယ လိုက်တယ် ဆိုပေမဲ့ တရုတ်ရဲ့ အဆိုပါ တွင်းထွက်များ ကမ္ဘာကို တင်ပို့မှုဟာ ကိုးဆယ် ရာခိုင်နှုန်း ရှိပါတယ်၊ ဒီအတိုင်း ဆက်မသွားပါဘူး" ဟု ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြ ခဲ့သည်။

အဆိုပါ ရှားပါး တွင်းထွက် သတ္တုများကို စမတ်ဖုန်းများ၊ ဟိုင်းဘရစ်ကားများနှင့် အာကာသ စက်မှု ထုတ်လုပ်ရေးများ အပါအဝင် အခြား အဆင့်မြင့် နည်းပညာသုံး ပစ္စည်းများတွင် အသုံး ပြုသည်။

တရုတ်သည် တကမ္ဘာလုံးတွင် အသုံးပြုနေသော သတ္တု ပစ္စည်းများ၏ ၉၇ % ကို တင်ပို့လျက် ရှိခြင်းကြောင့် ၂၀၁၀ ခုနှစ်က ရှားပါး တွင်းထွက် တင်ပို့မှုကို ၄၀ % လျှော့ချခဲ့သည်။ ထို့ကြောင့် ထိုတွင်းထွက် ဝယ်ယူသူများနှင့် ပါတနာများ အကြားတွင် အချက်ပေးသံ ဆူညံ ခဲ့သည်။

သို့သော် တရုတ်၏ ရှားပါး တွင်းထွက် တင်ပို့မှုသည် ၂၀၁၀ ခုနှစ်တွင် ၂၀၀၉ ခုနှစ်ကထက် ၁၀% သာ ကျဆင်းခဲ့သည်။

ဘေဂျင်းသည် ၂၀၁၁ ပထမ နှစ်ဝက်တွင် ယမန်နှစ်က နှစ်ဝက် တင်ပို့မှုထက် ၃၅% လျှော့ချမည် ဖြစ်ပြီး တစ်နှစ်လုံး မည်မျှ လျှော့ချမည် ဆိုသည်ကိုမူ ကြေညာခြင်း မရှိသေးပေ။

တရုတ်က ပြောကြားရာတွင် တင်ပို့မှု ဖြတ်တောက်ပြီး ထုတ်လုပ်မှုကို တင်းကြပ်စွာ ထိန်းချုပ်ခြင်းကြောင့် တွင်းထွက်များကို စည်းကမ်းမဲ့ ထုတ်ယူခြင်းနှင့် မိုင်းလုပ်ငန်းကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချနိုင်မည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဖေဖော်ဝါရီလ ၁၀ ရက် ၂၀၁၁ ရက်စွဲပါ AFP သတင်းဌာန မှ "N.Korea military saysno more meetings with South" သတင်း ကို ဘာသာ ပြန်ဆိုသည်)

မနေ့က ဆွေးနွေးပွဲများ ပျက်ပြား သွားခဲ့ပြီး နောက်တွင် တောင်ကိုးရီးယား လက်နက်ကိုင် တပ်ဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးမှု နောက်ထပ် ရှိမည် မဟုတ်တော့ဟု မြောက်ကိုးရီးယား စစ်ဖက်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

တောင်ကိုးရီးယား စစ်တပ်သည် ကျွန်းဆွယ်တွင် တင်းမာမှု ဆက်လက် ကြီးထွားအောင် ပြုလုပ် လိုသူများသာ ဖြစ်သည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် စစ်ဖက် ကိုယ်စားလှယ်များက ပြောကြားကြောင်း မြောက်ကိုးရီးယား နိုင်ငံပိုင် သတင်းဌာနက သတင်း ထုတ်ပြန်သည်။

ထိပ်ပိုင်း အဆင့် စစ်ဖက် ဆွေးနွေးပွဲများ စီစဉ်ရေးအတွက် နယ်ခြား အပစ်ရပ် ပန်ဖွန်ဂျုံ ကျေးရွာ တွင် ပြုလုပ်ခဲ့သည့် ၂ရက်ကြာ ဗိုလ်မှူးကြီး အဆင့် ဆွေးနွေးပွဲများသည် မြောက်ကိုးရီးယား ကိုယ်စားလှယ် အဖွဲ့ နှုတ်ထွက်သွားခြင်းကြောင့် ဗုဒ္ဓဟူးနေ့တွင် ပျက်ပြား သွားခဲ့ရသည်။ နိုဝင်ဘာလက တောင်ကိုးရီးယား ကျွန်းကို မြောက်ကိုးရီးယားက အမြောက်ဖြင့် ပစ်ခတ် ခဲ့ပြီး နောက်ပိုင်း ယခု ပထမဆုံးအကြိမ် ၂ နိုင်ငံ တွေ့ဆုံ ခဲ့ကြခြင်း ဖြစ်သည်။

ဆိုးလ်က ဗြုံးယမ်းကို စွပ်စွဲထားသည့် မတ်လက စစ်သင်္ဘော နစ်မြှုပ်မှုနှင့် ဟွန်ဗြောင်း ကျွန်းအား အမြောက် ပစ်ခတ်မှုများအတွက် လာမည့် ဆွေးနွေးပွဲများတွင် တောင်းပန်မှု ပြုလုပ် ရမည်ဟု တောင်ကိုးရီးယား ဖက်က ပြောကြားခဲ့သည်။

အငြင်းပွား ပင်လယ်ဝါ ရေပြင် နယ်နိမိတ် အနီးမှ ယွန်ပြောင်းကျွန်းကို အမြောက်ဖြင့် ပစ်ခတ် မှုတွင် အရပ်သား ၂ ဦး အပါအ၀င် ၄ ဦး သေဆုံးခဲ့ရပြီး မြောက်ကိုးရီးယားက ငြင်းဆို ထားသည့် သင်္ဘော နစ်မြုပ်မှုတွင် ရေတပ်သား ၄၆ ဦး သေဆုံးခဲ့ရသည်။

တောင်ကိုးရီးယား၏ စစ်ရေး လေ့ကျင့်မှုမှ အမြောက် ကျည်ဆံများ မြောက်ကိုးရီးယား ရေပြင် သို့ ကျရောက် ခဲ့သည့် အတွက် လက်တုန့်ပြန်သည့် အနေဖြင့် ယွန်ပြောင်းကျွန်းကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု မြောက်ကိုးရီးယားက အကြောင်းပြသည်။ လာမည့် ဆွေးနွေးပွဲများသည် အခင်း ဖြစ်ရပ်များ အပေါ်တွင် သာမကပဲ တစ်ဖက်နှင့် တစ်ဖက် ကျူးကျော် ရန်စမှုကို ရှောင်ရှားနိုင်မည့် နည်းလမ်းများပါ အာရုံ ထားသင့်သည်ဟု ပြုံယမ်းက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဖေဖော်ဝါရီလ ၁၀ ရက် ၂၀၁၁ ရက်စွဲပါ AFP သတင်းဌာန မှ "Thai FM to address UN on Cambodia border dispute" သတင်း ကို ဘာသာ ပြန်ဆိုသည်)

ထိုင်း နိုင်ငံခြားရေး ၀န်ကြီး ကာဆစ် ပီရိုမြသည် ကမ္ဘောဒီးယားနှင့် နယ်စပ် ပြဿနာကို လာမည့် အပတ်တွင် လုံခြုံရေး ကောင်စီ ရှင်းလင်း တင်ပြမည် ဖြစ်ပြီး ကမ္ဘောဒီးယား နိုင်ငံခြားရေး ၀န်ကြီး နှင့်လည်း တွေ့ဆုံဖွယ် ရှိသည်ဟု ယင်း၏ အတွင်းရေးမှူးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

"နယ်စပ် ပြဿနာကို ရှင်းလင်းဖို့ ကုလသမဂ္ဂက ဖိတ်ကြား ထားတဲ့ အတွက် နိုင်ငံခြားရေး ၀န်ကြီး တနင်္လာနေ့မှာ နယူးယောက်ကို သွားမှာပါ" ဟု ယင်း၏ အတွင်းရေးမှူး ချာဗန်နွန် အင်ထရာ ကွန်မာရာဆွပ် က ပြောကြားခဲ့သည်။

နယူးယောက်တွင် ၀န်ကြီး ကာဆစ်နှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေး ၀န်ကြီး ဟော်နမ်ဟောင် တို့အကြား တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန် အလားအလာ ရှိသည်ဟု ယင်းက ပြောကြားသော်လည်း အသေးစိတ် ပြောဆိုခြင်း မရှိပါ။

တိုက်ပွဲများ ဖြစ်ပွားပြီး နာရီပိုင်း အကြာ သောကြာနေ့တွင် ယင်းတို့နှစ်ဦး နောက်ဆုံး တွေ့ဆုံ ခဲ့ကြသည်ဟု သိရှိရသည်။

ဖနွမ်းပင်မှ အစိုးရ ပြောရေးဆိုခွင့် ရှိသူ အက်ကသာ ကလည်း အဆိုပါ ကိစ္စနှင့် ပတ်သက်သည့် လုံခြုံရေး ကောင်စီ အစည်းအဝေးကို တနင်္လာနေ့တွင် ပြုလုပ်မည်ဟု မျှော်လင့်ရကြောင်း ပြောကြား ခဲ့သော်လည်း ကမ္ဘောဒီးယား ကိုယ်စားပြု တက်ရောက်မည့် သူကို ထုတ်ဖော် ပြောဆိုခြင်း မပြုပါ။

"ထိုင်းနိုင်ငံနဲ့ ၂ နိုင်ငံ ဆွေးနွေးပွဲ ပြုလုပ်ဖို့ အတွက်တော့ ကျွန်တော်တို့ ယုံကြည် စိတ်ချမှု မရှိတော့ ပါဘူး" ဟု ယင်းက ဆက်လက် ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နယ်နိမိတ် ပိုင်ဆိုင်မှု ဆိုင်ရာ အငြင်းပွားမှုကြောင့် ကမ္ဘောဒီးယားနှင့် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် နယ်စပ်ဒေသမှ ပရာဗီဟာရာ ဘုရားကျောင်းသို့ ယူနက်စကို၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် သတ်မှတ်ရေး အဖွဲ့ လာရောက် စစ်ဆေးရန် အဆိုပြုချက်ကို ထိုင်းအစိုးရက ပယ်ချလိုက်ကြောင်း အစိုးရ အရာရှိ တစ်ဦးက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြောကြားသည်။

"နယ်စပ်ဒေသရဲ့ လက်ရှိ အခြေအနေတွေ အရ ယူနက်စကို အဖွဲ့ လာရောက်ဖို့ မသင့်လျော်ဘူးလို့ ကျွန်တော်တို့ အစိုးရအဖွဲ့ ယုံကြည်ပါတယ်။ ယူနက်စကို အဖွဲ့ အခုအချိန်မှာ လာရင် အရေးကိစ္စတွေ ပိုမို ရှုပ်ထွေးသွားနိုင်ပါတယ်" ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့် ရှိသူ Thani Thongphakdi က ပြောကြားသည်။

"ဒါပေမဲ့ တကယ်လို့ ယူနက်စကိုအဖွဲ့က အဲဒီကို သွားချင်တယ် ဆိုရင် ထိုင်းနိုင်ငံရဲ့ ခွင့်ပြုချက် ရအောင် လုပ်သင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့အနေနဲ့ ဘုရားကျောင်းကို ရောက်ဖို့ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာ အာဏာ ပိုင်နက်ထဲကနေ ဖြတ်သန်းသွားရမှာ မိုလို့ပါ" ဟု ၎င်းက AFP သတင်းဌာနသို့ ပြောကြားသည်။ ပရာဗီဟာရာ ဘုရားကျောင်းသည် ၁၁ ရာစု လက်ရာ ဖြစ်ပြီး ဟိန္ဒူ နတ်ဘုရားရှီးဗားကို ပူဇော်ပသည့် အထိမ်းအမှတ်အဖြစ် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တွင် ယင်းဘုရားကျောင်းအား ကုလသမဂ္ဂက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် အဖြစ် သတ်မှတ်လိုက်ပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယားတို့ ဘုရားကျောင်း ပရဝုဏ် အနီးရှိ မြေနေရာ ပိုင်ဆိုင်မှု အတွက် ပြင်းပြင်းထန်ထန် အငြင်းပွားခဲ့ကြသည်။

ကမ္ဘာ့ တရားရုံးက အဆိုပါ ဘုရားကျောင်း၏ ပင်မဝင်ပေါက်မှာ ထိုင်းနိုင်ငံဘက်တွင် ရှိသော်လည်း ကမ္ဘောဒီးယား နိုင်ငံကသာ ပိုင်ဆိုင်ကြောင်း ၁၉၆၂ ခုနှစ်တွင် ဆုံးဖြတ်ချက် ချမှတ်ပေးခဲ့သည်။ အဆိုပါ ဘုရားကျောင်း ပရဝုဏ် အနီးတဝိုက်မှ ၄ ဒဿမ ၆ စတုရန်း ကီလိုမီတာ အကျယ် နယ်မြေကို နှစ်ဖက်စလုံးက သူပိုင်ထိုက် ကိုယ်ပိုင်ထိုက် အငြင်းပွား နေကြခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံဘက်က အမြောက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပရာဗီဟာ ဘုရားကျောင်း၏ အဆောက်အအုံတစ်ခု ပြိုကျခဲ့ရကြောင်း ကမ္ဘောဒီးယား နိုင်ငံက ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထုတ်ဖော် ပြောဆိုခဲ့သည်။ ထိုင်းနှင့် ကမ္ဘောဒီးယား အကြား လေးရက်တာ အပြန်အလှန် ပစ်ခတ်မှု ပြုလုပ်ခဲ့ကြသည့် နယ်စပ်ဒေသသို့ သွားရောက်ခဲ့သော AFP သတင်းထောက်က ဗုံများ၊ အမြောက်များဖြင့် ပစ်ခတ်မှုကြောင့် ဘုရားကျောင်း ဗုံးဆံ၊ အမြောက်ဆံ အရာများ ဖြစ်ပေါ်ခဲ့သည်ဟု ယူဆ ရသော်လည်း အဆောက်အအုံ ပြိုကျမှုများ ကြီးကြီးမားမား ဖြစ်ပေါ်မှု မရှိသည်ကို တွေ့ခဲ့ရကြောင်း ပြောသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည် ၉၀ ကျော်အား အိန္ဒိယ နိုင်ငံပိုင် အက်ဒမန် ပင်လယ်နှင့် နီကိုဘာကျွန်းများ အနီးတွင် ရဲတပ်ဖွဲ့များက ရှာဖွေ တွေ့ရှိခဲ့ကြောင်း ကာလကတ္တား အခြေစိုက် BBC သတင်းထောက်က သတင်း ပေးပို့သည်။

အဆိုပါ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည် အားလုံးမှာ အစားအစာ ငတ်မွတ်ခြင်း၊ ရေဓာတ် ကုန်ခန်းခြင်းတို့ ဖြစ်ပေါ်လျက် ရှိပြီး ၎င်းတို့ အနက်မှ ၂၅ ဦးအား ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့က ဆိုသည်။

ရိုဟင်ဂျာများ၏ ပြောပြချက် အရ ၎င်းတို့အား ထိုင်းရေတပ်က အစားအစာ အနည်းငယ်သာ ပါပြီး အင်ဂျင် မပါသော လှေပေါ်သို့ တင်ကာ နှင်လွှတ်လိုက်ခြင်း ဖြစ်သည်။ သို့သော် ထိုင်းအစိုးရက အဆိုပါ စွပ်စွဲချက်များ မှန်ကုန်မှု မရှိဟု ငြင်းပယ်ခဲ့သည်။

ယခုအခါ ရိုဟင်ဂျာ မွတ်စလင် ထောင်ပေါင်း များစွာသည် မြန်မာနိုင်ငံတွင်း ခွဲခြား ဆက်ဆံခံရခြင်း၊ ညှင်းပန်း နှိပ်စက် ခံရခြင်းတို့ကြောင့် အိုးအိမ်ပစ်ကာ အခြား နိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင်လျက် ရှိသည်။

ခန့်မှန်းချက်များအရ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဒုက္ခသည်အဖြစ် ခိုလှုံလျက်ရှိသော ရိုဟင်ဂျာ ဦးရေ နှစ်သိန်းခန့် ရှိသည်။ ၎င်းတို့အများစုမှာ ဒုက္ခသည် စခန်းများတွင် ဆင်းရဲ ကျပ်တည်းစွာ နေထိုင်လျက် ရှိပြီး မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းအပါအဝင် အရှေ့တောင် အာရှ နိုင်ငံများသို့ ထွက်ပြေး လွတ်မြောက်အောင် ကြိုးစားလျက် ရှိသည်။

"နီကိုဘာ ကျွန်းတွေနားက ကျေးရွာတွေမှာ သူတို့ကို တွေ့ရှိခဲ့တာပါ။ သူတို့က အဲဒီမှာ ရေနဲ့ အစားအစာ ရဖို့ အသည်းအသန် လိုက်ရှာနေကြတုန်း ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်" ရဲအရာရှိ ဂျော့လာလူက BBC သတင်းဌာနသို့ တယ်လီဖုန်း အင်တာဗျူးတွင် ပြောဆိုသည်။ ရိုဟင်ဂျာများက ၎င်းတို့သည် မလေးရှား နိုင်ငံသို့ ထိုင်နိုင်ငံမှ တစ်ဆင့် အေးဂျင့် အကူအညီဖြင့် တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းစဉ် ထိုင်းရေတပ်၏ ဖမ်းဆီးမှု ခံလိုက်ရခြင်း ဖြစ်သည်ဟု မိမိကို ရှင်းပြကြောင်း ရဲအရာရှိ ဂျော့လာလူက ပြောသည်။

ဆေးရုံမှ ဆရာဝန်များ အဆိုအရ ရိုဟင်ဂျာများသည် ရက်သတ္တတစ်ပတ် ကျော်ကြာ ရေနှင့် အစားအစာ မပါဘဲ ပင်လယ်ပြင်ကို ဖြတ်ကျော်ခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။ ရိုဟင်ဂျာ တစ်ဦးက ၎င်းတို့သည် အမှောင်ခန်း တစ်ခုအတွင်း အစားအစာ အနည်းငယ်ဖြင့် ရက်သတ္တတစ်ပတ်ခန့် ချုပ်နှောင် ခံခဲ့ရကြောင်း ဆိုသည်။ ထို့နောက် အင်ဂျင်မပါသော လှေပေါ်တွင် အစာရေစာ အနည်းငယ်ဖြင့် နှင်လွှတ်ခြင်း ခံခဲ့ရသည်ဟု ဆက်လက် ပြောသည်။

"သူတို့လို တခြား ရိုဟင်ဂျာတွေ ပင်လယ်ပြင်ထဲမှာ အင်ဂျင်မပါတဲ့ လှေတွေနဲ့ အစားအစာ မပါ၊ ရေမပါဘဲ ရှိနေလိမ့် ဦးမယ်လို့ ပြောကြပါတယ်" ဟု ရဲအရာရှိက ဆိုသည်။ ထိုင်းအာဏာပိုင်များ ကမူ ၎င်းတို့သည် ရိုဟင်ဂျာ များအား အင်ဂျင်မပါသော လှေများ ပေါ်တင်ကာ နှင်လွှတ်လိုက်သည် ဟူသော သတင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။

ထိုင်းအာဏာပိုင်များက ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်း Songkhla ပြည်နယ်တွင် လူပေါင်း ၉၁ ဦး ပါဝင်သော ရိုဟင်ဂျာအုပ်စု တစ်စုအား ဖမ်းမိခဲ့ကြောင်း ပြောကြားသည်။ "သူတို့ကို ကျွန်တော်တို့ လုပ်ရိုးလုပ်စဉ် အတိုင်း စစ်ဆေးမှုတွေ ပြုလုပ်ပြီး ပြည်နှင်ဒဏ် ပေးလိုက်ပါတယ်" ဟု Songkhla ပြည်နယ်မှ အရာရှိ တစ်ဦးက ဆိုသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နိုင်ငံရေးနှင့် ဆက်နွယ်သော အကြမ်းဖက်မှုများ၊ အဓိကရုဏ်းများ ထပ်မံ ဖြစ်ပွားမှု မရှိပါက ယခု ၂၀၁၁ ခုနှစ်၊ ပထမ နှစ်ဝက်အတွင်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အဖိဆစ်ဝိချာချီဝက ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ပြောကြားလိုက်သည်။

"ကျွန်တော့် အစိုးရအဖွဲ့ရဲ့ သက်တမ်းဟာ ယခု ၂၀၁၁ ခုနှစ် မကုန်ဆုံးသေးတဲ့ အချိန်အထိ မပြီးဆုံး သေးပါဘူး။ ဒါပေမဲ့ တကယ်လို့ အရေးကိစ္စကြီး သုံးခုကို ဖြေရှင်းနိုင်တယ် ဆိုရင် ဒီနှစ် ပထမ နှစ်ဝက်ထဲမှာ ကျွန်တော်တို့ အစိုးရ အနေနဲ့ ရွေးကောက်ပွဲ ကျင်းပ ပေးသွားမှာ ဖြစ်ပါတယ်" ဟု မစ္စတာ အဖိဆစ်က ဘန်ကောက်မြို့တွင် ကျင်းပသည့် ရင်းနှီး မြှုပ်နှံသူများ ဖိုရမ်တွင် ပြောကြားကြောင်း ဝန်ကြီးချုပ်ရုံးက သတင်း ထုတ်ပြန်သည်။ အဆိုပါ ဖိုရမ်ကို တံခါးပိတ် ပုံစံ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ မီဒီယာများအား ဖိတ်ကြားခဲ့ခြင်း မရှိပေ။

ထိုင်းဝန်ကြီးချုပ်က အရေးကိစ္စကြီး သုံးခု အနက် နှစ်ခုဖြစ်သော ခိုင်မာ တောင့်တင်းသော စီးပွားရေး ဖြစ်ထွန်းရေး နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး တို့မှာ ပြီးမြောက်သွားသည့် သဘောတွင် ရှိကြောင်း၊ ထို့ကြောင့် နောက်ဆုံးအချက် ဖြစ်သည့် မည်သည့် ရွေးကောက်ပွဲမဆို တည်ငြိမ် အေးချမ်းသည့် အခြေအနေတွင် ကျင်းပရေးသာ ကျန်ရစ်တော့ကြောင်း ဆိုသည်။

ဗြိတိန်နိုင်ငံဖွား၊ အောက်စဖို့ဒ် တက္ကသိုလ်ထွက် ဝန်ကြီးချုပ် အဖိဆစ်သည် အာဏာရ ဒီမိုကရက်တစ် ပါတီအကြီးအကဲ ဖြစ်ပြီး ၎င်းအနေဖြင့် ရာထူး သက်တမ်း ကုန်ဆုံးသည့် ၂၀၁၁ ခုနှစ် နောက်ဆုံး ကာလတွင် ရွေးကောက်ပွဲ တစ်ရပ် မဖြစ်မနေ ခေါ်ယူရမည် ဖြစ်သည်။ မစ္စတာ အဖိဆစ်က လုံခြုံရေး အခြေအနေ တိုးတက် ကောင်းမွန်သွားမည် ဆိုပါက ရွေးကောက်ပွဲကို ၂၀၁၁ ခုနှစ် အစောပိုင်း ကာလတွင် ကျင်းပနိုင်မည် ဖြစ်ကြောင်း ယမန်နှစ် ကုန်ပိုင်းတွင် ပြောကြား ခဲ့သေးသည်။

"အစစ အရာရာ အဆင်သင့် ဖြစ်တဲ့ အချိန်ကျရင် ကျွန်တော့် အနေနဲ့ ရွေးကောက်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံး ဖြစ်အောင် ကျင်းပေးမှာ ဖြစ်ပါတယ်။ ကျွန်တော့် ရာထူး သက်တမ်း ကုန်ဆုံးတာ၊ မကုန်ဆုံးတာတွေ မလိုအပ်ပါဘူး" ဟု မစ္စတာ အဖိဆစ်က ရင်းနှီး မြှုပ်နှံသူများ ဖိုရမ်သို့ ပြောကြားသည်။

ပြီးခဲ့သည့်နှစ် ဧပြီနှင့် မေလတို့တွင် ဖြစ်ပွားခဲ့သော ရှပ်နီအုပ်စုများ၏ နိုင်ငံရေး လှုပ်ရှားမှုတွင် လမ်းမပေါ် ဆန္ဒပြသူများနှင့် စစ်တပ်အကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ လူပေါင်း ၉၀ ခန့် သေဆုံး ခဲ့ရသည်။ အဆိုပါ ကာလအတွင်း မစ္စတာအဖိစစ်က ၂၀၁၀ပြည့်နှစ်၊ နိုဝင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ဆိုခဲ့သည်။ ထိုစဉ်က ၎င်းက နိုင်ငံရေး လိပ်ခဲတည်းလည်း ပြဿနာမှ လွတ်မြောက်ရေး အတွက် ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ရှပ်နီအုပ်စုများက စစ်တပ် မဝင်ရောက်ချိန် အထိ လူစု မခွဲခဲ့ကြသောကြောင့် ယင်းအစီအစဉ်ကို ပြန်လည် ဖျက်သိမ်းခဲ့သည်။

စစ်တပ်က အဆိုပါ နိုင်ငံရေး ရုန်းရင်းဆန်ခတ် ဖြစ်မှုကြီးကို ဖြိုခွဲပြီး နောက်ပိုင်း လအတန်ကြာ၊ အရေးပေါ် အခြေအနေ ကြေညာထားစဉ် ကာလ တစ်လျှောက် ဘန်ကောက် မြို့တော်၌ အသေးစား ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားခဲ့သည်။ လတ်တလော ရက်သတ္တပတ်များတွင် ရှပ်နီအုပ်စုများက ရွေးကောက်ပွဲ အမြန် ကျင်းပနိုင်ရေး အတွက် ဘန်ကောက်မြို့တွင် ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒပြကြသည်။

ပြိုင်ဘက် နိုင်ငံရေး အုပ်စုဖြစ်သော ရှပ်ဝါများကလည်း ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ပဋိပက္ခ ဖြေရှင်းရာတွင် ညံ့ဖျင်းသည် ဟူသော စွပ်စွဲချက်ဖြင့် ဝန်ကြီးချုပ်ကို ရာထူးမှ နုတ်ထွက်ပေးရန် ဆန္ဒပြကြသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.