Transparency Myanmar

transparency.myanmar@gmail.com

(20,Feb 2011 ရက်စွဲပါ Associated Press မှ Egypt Revolt become global case study ကိုဘာသာပြန်ပါသည်။)

အရှေ့အလယ်ပိုင်းနှင့်အာဖရိကမြောက်ပိုင်းမှ အဖြစ်အပျက်များသည် ဒေသတွင်းကိုကျော်လွန်ပြီး၊ ယဉ်ကျေးမှုချင်း၊ ဆက်နွယ်မှုချင်းမရှိသည့် ဝေးလံသော ဒေသများသို့တိုင် ကူးစက်သွားနိုင်ကြောင်း မျှော်လင့်နေခြင်းမှာ အတွေ့အကြုံ နည်းသူတစ်ဦးစဉ်းစားပုံနှင့် တူလှပါသည်။ သို့သော် အီဂျစ်နှင့်တူနီးရှားတို့မှ အောင်မြင်သော အုံကြွမှုများသည် ကမ္ဘာတဝှမ်းမှ အစိုးရဆန့်ကျင်သူ၊လှုပ်ရှားတက်ကြွသူများသည် ကမ္ဘာတဝှမ်းမှ အစိုးရဆန့်ကျင်သူ၊ လှုပ်ရှားတက်ကြွသူ များကို ဆွဲဆော်လျှက်ရှိပါသည်။အချို့မှာပြောင်းလဲမှုအတွက် လုပ်ဆောင်ရင်းနစ်နာမှုများစွာ ရှိသူများ ဖြစ်သည့်အပြင် အချို့မှာဆယ်စုနှစ်များစွာ ကြိုးစားနေသူများဖြစ်သည်။

ယခုအပတ်တောင်ကိုရီးယားလှုပ်ရှားသူများသည် လေထဲသို့ဟီလီယမ်ဘောလုံးများ လွှတ်တင်ရာ၊ဘောလုံးတွင် သင်တို့၏ခေါင်းဆောင်များကို ဖြုတ်ပစ်ပါဟု ရေးသား၍မြောက်ကိုရီးယားဘက်သို့ ကျရောက်စေခဲ့သည်။ "အီဂျစ်ပြည်သူ များသည် နှစ်သုံးဆယ်သက်တမ်းရှိအာဏာရှင်စနစ်ကို တွန်းလှန်ရန်အုံကြွခဲ့သည်။ မြောက်ကိုရီးယားများ သည်လည်း နှစ်ခြောက်ဆယ်သက်တမ်းရှိ အာဏာရှင်စနစ်ကိုတော်လှန်ရမည်"ဟု ကိုရီးယားနှစ်နိုင်ငံကြား စစ်မဲ့ဇုန်တွင် လွှတ်တင်သော ဘောလုံးတစ်ခု၌ရေး၍ ချိတ်ဆွဲထားပါသည်။

မြောက်ကိုရီးယားနိုင်ငံ၏ဆင်းရဲမွဲတေမှု၊ နိုင်ငံတကာ Sanctionများ ချမှတ်ခြင်းခံရသော စွမ်းရည်မပြည့်သော အစိုးရသည် အာရပ်ကမ္ဘာမှအာဏာရှင်များနှင့်အတူတူ (သို့မဟုတ်) သာလျှင် တောင်သာဦးမည်ဖြစ်သည်။ ယခု အာရပ်ကမ္ဘာမှ အာဏာရှင်များသည် လမ်းပေါ်ဆန္ဒပြပွဲများ၏ လှုပ်ရမ်းမှုကိုခံနေရပြီဖြစ်သည်။မြောက်ကိုရီးယား၏ လူ့အခွင့်အရေးမှတ်တမ်းများသည် မြန်မာနိုင်ငံ၊ဇင်ဘာဘွေနိုင်ငံများနှင့်အတူ နိုင်ငံတကာဖိုရမ်များတွင် မှန်မှန်ရှုတ်ချခံနေရပြီ ဖြစ်သည်။ သို့သော် အဆိုပါနိုင်ငံများသည် ဘာရိန်း၊ယီမင်၊လစ်ဗျားနှင့်အခြားနေရာများကဲ့သို့ အုံကြွမှုမျိုး ကြုံတွေ့ရလိမ့်မည်ဟူသော ထင်ရှားသည့်လက္ခဏာ မရှိသေးပေ။

"အရာရာဟာ သက်ဆိုင်ရာဒေသရဲ့ အခြေအနေပေါ်မှာပဲ မှုတည်ပါတယ်"ဟုမကြာသေးမီက ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးတွင် ရုံးထိုင်ပြီး စီးပွားရေးကိစ္စများကြီးကြပ်ခဲ့သူ အမေရိကန်အခြေစိုက် RAND ကော်ပိုရေးရှင်းမှ အကြီးတန်းဖဲလိုး Charles Ries ကပြောကြားသည်။

မြောက်ကိုရီးယားနိုင်ငံသည် တောင်ကိုရီးယားနှင့်ခွဲထွက်သော ဒုတိယကမ္ဘာစစ်ကာလကတည်းက ခေါင်းဆောင်ကို ကိုးကွယ်သောစနစ်က အမြစ်တွယ်နေပြီဖြစ်သည်။မြန်မာနိုင်ငံတွင်၁၉၈၈နှင့်၂၀၀၇ ခုနှစ်က တော်လှန်မှုများကို သွေးထွက်သံယို နှိပ်ကွက်ခဲ့ပါသည်။ဇင်ဘာဘွေသည် မတည်ငြိမ်သော ညွှန့်ပေါင်းအစိုးရရှိပြီး၊ ယခုနှစ်နှောင်းပိုင်းတွင် ရွေးကောက်ပွဲပြုလုပ်ရန်စီစဉ်လျှက်ရှိပါသည်။

အခြားတိုက်ကြီးများရှိ အစိုးရဆန့်ကျင်သူများ၊ အာဏာရှင်အစိုးရများသည် အရှေ့အလယ်ပိုင်းမှ အဖြစ်အပျက်များ၏ မဟာဗျူဟာနှင့်အစီအစဉ်များကို သုံးသပ်နေမည်မှာ သံသယဖြစ်ဖွယ်ရာမရှိပါချေ။ဆန္ဒပြသူများ၏ ဆိုရှယ်မီဒီယာကွန်ရက်များ၊ အမြန်ဆုံးပြုပြင်ပြောင်းလဲရေးအစီအစဉ်များ၊ ခေါင်းဆောင်များအတွက် အရပ်ဝတ်ဖြင့် လူသတ်ပေးမည့်သူများ စသည်ဖြင့်သုံးသပ်နေကြပါလိမ့်မည်။ မငြိမ်သက်မှုများသည် ယီမင်မှဧဒင်ပင်လယ်ကွေ့သို့ ဖြတ်သွားရမည့် မြို့တော်နိုင်ငံ Djibouti သို့ပင် ပြန့်နှံ့သွားပြီး၊ဆန္ဒပြသူများသည် လုံခြုံရေးတပ်ဖွဲ့များနှင့်သောကြာနေ့က ပဋိပက္ခဖြစ်ခဲ့ကြောင်း သတင်းများကဆိုပါသည်။

သွေးထွက်သံယိုလက်တုန့်ပြန်မှုကို ကြောက်ရွံခြင်း၊သတင်းအချက်အလက်များကို ထိန်းချုပ်ထားခြင်း၊ရန်ပွဲများကို ရှောင်ရန်နှင့်အစာရေစာပြတ်လပ်ခြင်း၊လောင်စာဆီဈေးနှုန်း မြှင့်ခြင်းစသော မီးပွားများကို မဖြစ်စေရန် နည်းစနစ်များ ချမှတ်၍၊ ဖိနှိပ်သော စနစ်ကိုတော်လှန်မှု မဖြစ်စေရန် ဆောင်ရွက်နေကြပါသည်။

အီဂျစ်နှင့်ဒေသတွင်းမှ ဆန္ဒပြသူများသည် Twitter၊Facebook နှင့် Youtube တို့ကိုသုံး၍ စုစည်းကြပြီး၊ Pan_Arab မီဒီယာဖြစ်သော Al_Jazeera ကလည်းအုံကြွမှုများကို ပျံ့နှံစေပါသည်။

သို့သော် မြောက်ကိုရီးယားတွင် ပြည်သူများသည် ပြင်ပရေဒီယိုရုပ်မြင်သံကြား ကြည့်ရှုခွင့် မရှိသည့်အပြင် အင်တာနက်လည်း မရှိသည့်အတွက် စုစည်းထားသော အတိုက်အခံဖြစ်ပေါ်ရန် လမ်းစမရှိပေ။ မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းကလည်း ဖြုတ်ချခံရသော အီဂျစ်သမ္မတမူဘာရက်နှင့်နှစ်ပေါင်းများစွာကပင် ဆက်ဆံမှုများ ရှိခဲ့ပါသည်။ အီဂျစ်တွင် ဆန္ဒပြမှုများ မဖြစ်မှီ နှစ်ရက်အလို ဇန်နဝါရီလ(၂၃)က နိုင်ငံခြားသားများကိုတွေ့ခဲလှသော အာဏာရှင် ကင်ဂျုံအီသည် ကိုင်ရိုအခြေစိုက် Orascom Telecomမှ အကြီးအကဲအားလက်ခံတွေ့ဆုံခဲ့ပါသည်။Orascom Telecom သည် မြောက်ကိုရီးယား တွင် 3G တယ်လီဖုန်းစနစ်ကို တည်ဆောက်လျှက်ရှိပါသည်။

စစ်တပ်အုပ်ချုပ်သော မြန်မာနိုင်ငံမှ အစိုးရဆန့်ကျင်သူများသည် အီဂျစ်နိုင်ငံတွင် ဖြစ်ပျက်နေသည်များကို အစိုးရက ပိတ်ထားလင့်ကစား သိလိုလှပေသည်။

"လူတိုင်းက သတင်းကိုစိတ်ဝင်စားပြီး၊ရှာဖွေနေကြတယ်။ ဒီအဖြစ်အပျက်ကနေ လေ့လာနိုင်မယ့်အရာတွေ၊ ဥပမာယူစရာတွေ အကြောင်းကိုပဲပြောနေကြတယ်"ဟု လန်ဒန်အခြေစိုက် Burma Campagin UK မှMark Farmaner ကပြောကြားပါသည်။

သို့သော် အီဂျစ်တွင် (၁၈)ရက်တော်လှန်ရေး ဖြစ်သကဲ့သို့ တော်လှန်ရေးတစ်ရပ်ဖြစ်ရန် လက္ခဏာ မရှိကြောင်း၊ စစ်တပ်က အာဏာကိုကိုင်ထားပြီး၊ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလကို  ကြီးကြပ်မည်ဟု ကတိပေးထားကြောင်း Farmaner ကပြောကြားပါသည်။အီဂျစ်တွင် မှုဘာရက်အားဖြုတ်ချရန် စစ်တပ်သည် ဆန္ဒပြသူများဘက်မှ ရပ်တည်ခဲ့ သည်။

"မြန်မာနိုင်ငံမှာ စစ်တပ်ကအမိန့်ရတာနဲ့ ပစ်ဖို့ အဆင်သင့်ပါပဲ။ သမ္မတနဲ့စစ်တပ်က တသားတည်းပါပဲ" ဟု Farmaner က ပြောကြားသည်။

မြန်မာနိုင်ငံတွင် အုံကြွမှုများသည် သွေးထွက်သံယိုဖြင့် သာ အဆုံးသတ်ရမည်ဖြစ်၍ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခဲ့သည်။

"အီဂျစ်မှာ ဖြစ်ပျက်တာတွေက ဗမာပြည်နဲ့တူလို့ စိတ်ဝင်စားပါတယ်။ဒါပေမယ့် ဖြစ်ပျက်ပုံကတော့ အတိအကျ မတူဘူးပေါ့လေ။ ကျွန်မထင်တယ် အပြောင်းအလဲအတွက် ဆန္ဒပြမှုတွေဟာ နည်းလမ်းတခုပါပဲ။ဒါပေမယ့် အကောင်းဆုံး နည်းလမ်းတော့ မဟုတ်ပါဘူး"ဟု ဒေါ်အောင်ဆန်းစုကြည်က မူဘာရက် မထွက်မှီ ဖေဖော်ဝါရီလဆန်းက BBC သို့ပြောကြားသည်။

တိုက်ကြီးများတွင် ပျံ့နှံ့နေသော နိုင်ငံရေးအရထိရောက်သော အိုင်ဒီယာများများပေးသောဥပမာပြုလောက်သည့် နိုင်ငံရေး အဖြစ်အပျက်များ ရှိပါသည်။ အမေရိကန်သံတမန်ဟောင်း Ries ကပြောကြားသည်။ ဥရောပအတွေးအခေါ် သမားများသည် အမေရိကန်တော်လှန်ရေး အတွက်အရေးကြီးသော အချက်အလက်များကို ဖြည့်ဆည်းပေးခဲ့ပါသည်။ ပြင်သစ်တော်လှန်ရေးကိုလည်း ထိုနည်းလည်းကောင်း ပြုခဲ့ပါသည်။

"ဒီနည်းစနစ်အသစ်တွေကို သုံးပြီး၊ကြီးမားလှတဲ့ လူထုကြီးဟာ ဆုံးရှုံးမှုနည်းနည်းနဲ့စုစည်းနိုင်ခဲ့တဲ့ နေရာတွေ ကိုလည်း တွေ့နိုင်ပါတယ်။ဒီတော့ လူထုကြီးကို ဖိနှိပ်ခြင်းဟာ ပါဝါမရှိဘူးလို့ မှတ်ယူနိုင်ပါတယ်"ဟု ယနေ့ ဖြစ်ပျက်နေသော အုံကြွမှုများနှင့်ပက်သက်၍ Ries ကပြောပါသည်။

အချို့အာရပ်နိုင်ငံများတွင် ဆန္ဒပြမှုများကို အင်အားသုံးတုန့်ပြန်နေခြင်းကြောင့် အောင်မြင်မှု မရသေးပေ။ ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်ရှိ ဗဟိုဥရောပတက္ကသိုလ်မှ နိုင်ငံတကာဥပဒေပညာရှင် ပါမောက္ခ Hurst Hannum  က ဒီမိုကရေစီအတွက် ကမ္ဘာအနှံ့အုံကြွမှုများအား ခန့်မှန်း ပြောဆိုမှုများ ကိုသတိထားကြရန် ပြောခဲ့ပါသည်။

ပါမောက္ခ Hannum က၎င်း၏ email တွင် ၁၉၉၂ ခုနှစ်က အမေရိကန်ပညာရှင် ဖရန်စစ်ဖူကူယားမား၏ ကျမ်းပြုစာတမ်း The End of History and the Last Man တွင် အချိန်မတန်သေးသော အယူအဆကို ပြန်လည်ဖော်ပြခဲ့ရာ "ဥရောပစတိုင် ဒီမိုကရေစီသည် ကွန်မြူနစ်ဝါဒကျဆုံးပြီးချိန်တွင် အခြားစနစ်များကို လွှမ်းမိုးသွားလိမ့်မည်"ဟု ဆိုခဲ့ခြင်းကို ဖော်ပြခဲ့ပါသည်။

ဖေဖော်ဝါရီလ(၃)ရက်နေ့က ဇင်ဘာဘွေနိုင်ငံပိုင်ရေဒီယိုက အတိုက်အခံခေါင်းဆောင်ဟောင်းဖြစ်သူ ဝန်ကြီးချုပ် Morgan Tsvangirai အားအီဂျစ်နှင့်တူနီးရှားကဲ့သို့ အစိုးရဆန့်ကျင်ရေးအုံကြွမှုများ ဖြစ်စေရေး မီးမွှေးရန် ကြိုးစားနေသည်ဟု စွပ်စွဲခဲ့ပါသည်။Tsvangirai ကပြောကြားရာတွင် ၎င်းညွှန့်ပေါင်းအစိုးရသို့မဝင်ရောက်မှီကလည်း ၎င်း၏နောက်လိုက်များမှာ အန္တာရာယ်များသောလမ်းကို မရွေးစေဘဲ၊ငြိမ်းချမ်းသော ပြောင်းလဲမှုအတွက်သာ ရပ်တည်ခဲ့သည်ဟု ရှင်းပြခဲ့ပါသည်။

နိုင်ငံပိုင်ရေဒီယိုများကို နှစ်ပေါင်းသုံးဆယ်ခန့် အာဏာယူထားသော သမ္မတ Robert Mugabe ၏သစ္စာခံများက ထိန်းချုပ်ထားပါသည်။နိုင်ငံရေးသိပ္ပံပညာရှင် John Makumbe ကဇင်ဘာဘွေတွင်လည်း အီဂျစ်တွင်ကဲ့သို့ ဖြစ်လာနိုင်မလားဟူသော ခေါင်းစဉ်ဖြင့် အက်ဆေးရေးခဲ့ရာတွင် ၎င်းက စစ်တပ်သည် တော်လှန်မှုကို နှိမ်နင်းမည်ဖြစ်ကြောင်း ခန့်မှန်းခဲ့ပါသည်။သို့သော် မြောက်ဖက်မှ အုံကြွမှုများအတွက် ဆွဲဆောင်နိုင်ခဲ့ပါသည်။

"ပြည်သူများ၏ပါဝါဟာ မည်မျှအထိရှိသည်ဆိုသည်ကို ကျွန်ုပ်တို့အားပြသခဲ့သည့်။အီဂျစ်နှင့်တူနီးရှားကို ကျေးဇူးတင်ပါသည်။"ဟု၎င်းကထွက်ပေါ်လာသော Nehanda ရေဒီယိုဝက်ဆိုက်တွင် ရေးသားခဲ့ပါသည်။

မြောက်ကိုရီးယား၏စနစ်သည် ၁၉၉၀ နှစ်များကအစာရေစာ ငတ်မွတ်ခေါင်းပါးမှုကြောင့် ပြိုလဲတော့မည်ဟု အများကသတ်မှတ်ခဲ့ကြပါသည်။ခေါင်းဆောင်ကင်ဂျုံအီသည် ၎င်း၏ဖခင်ထံမှ အာဏာဆက်ခံသူဖြစ်ပြီး၊စစ်တပ်ကို ခံစားခွင့်များပိုပေးပြီး၊အာဏာကို ဆက်လက်ဆုပ်ကိုင်ခဲ့ပြီး၊ရန်သူများကို အန္တာရာယ်ရှိသည်ဟု ဝါဒဖြန့်၍ အမျိုးသားရေးစိတ်ဓာတ်တက်ကြွအောင် ဝါဒဖြန့်ယန္တရား အဖြစ်အသုံးပြုခဲ့ပါသည်။

မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာများသည် အီဂျစ်ရှိအဖြစ်အပျက်များ ကိုလွှင့်ထုတ်မပေးပါ။တောင်ကိုရီးယားတို့၏ စာရွက်စာတမ်းများ၊လှိုင်းတိုရေဒီယို လွှင့်ထုတ်မှုများဖြင့် ပေးပို့မှုများကို မြောက်ကိုရီးယားပြည်သူများလက်ခံရရှိမှု ရှိမရှိ မသေချာပေ။မှုဘာရက်ကလည်း တချိန်ကသားဖြစ်သူ Gamalအား အာဏာဆက်ခံရန် စဉ်းစားခဲ့သလို ကင်ဂျုံအီကလည်း သားဖြစ်သူ  Kim Jong Un  ကို အာဏာဆက်ခံရန်စီစဉ်ထားရာ တူညီသော မင်းဆက်ပြုမှုရှိသည်မှာ ထင်ရှားပါသည်။

ဆိုလ်းအနီး ဆီဂျုံးတက္ကသိုလ်သုတေသနစင်တာမှ ပညာရှင်ပတ်ဟာဆွန်က "မြောက်ကိုရီးယားမှ အစိုးရနှင့် ကုန်သွယ်ရေး ခေါင်းဆောင်များသည် အီဂျစ်မှအဖြစ်အပျက်နှင့်ပက်သက်၍ အတိအကျ နားလည်သဘောပေါက် သိရှိထားကြသည်။" ဟုခန့်မှန်း သော်လည်း ထိုကဲ့သို့ အလားတူ အုံကြွမှုဖြစ်ပေါ်ရန် အလားအလာမရှိဟု သူကဆိုပါသည်။

"ဒါပေမယ့်လည်း အယူအဆရေးရာ၊အာဏာဖွဲ့စည်းပုံဆိုင်ရာ ပြည်တွင်း၊ပြည်ပ ဆက်ဆံရေး ဆိုင်ရာကိစ္စ တွေမှာတော့ သဘောကွဲလွဲမှုတွေ အများကြီးရှိနေပါတယ်။ မြောက်ကိုရီးယားကို အခြေခံကျကျပစ်ပယ်ခံထားရတဲ့ ဆိုရှယ်လစ် အာဏာရှင်အစိုးရကို ကာကွယ်ပေးနေတာကတော့ သူရဲ့အယုံကြည်ရဆုံး၊အားထားရဆုံး၊အင်အားကြီး တရုတ်နိုင်ငံပါ။"ဟုပြောကြားသည်။

တရုတ်နိုင်ငံ ကိုယ်တိုင်ကလည်း ဆန္ဒပြပွဲများကို အနောက်ဒီမိုကရေစီပုံစံနှင့်တွဲပါလာသော ဗရမ်းဗတာ ဖြစ်စဉ်တစ်ခု အဖြစ်သတ်မှတ်ရှုမြင်ထားပြီး၊၎င်းတို့၏ အာဏာကို ခြိမ်းခြောက်နိုင်သည့် မငြိမ်သက်မှုများကို ဖြစ်ပေါ်စေသည်။ အကြောင်းရင်းမြစ် မှန်သမျှကို အလွန်စိုးရိမ်ပူပန်နေသော နိုင်ငံဖြစ်သည်။မှုဘာရက် ခြေချော်လက်ချော် ဖြစ်သွားခဲ့သည် အတွက် အင်တာနက် မိုက်ခရိုဘလော့ဆိုက်များတွင် "အီဂျစ်"ဟူသော စကားလုံးကို ရှာမရအောင် တရုတ်အာဏာပိုင်များက ပိတ်ပင်လိုက်သည့်အပြင် အင်တာနက်ဖိုရမ်များပေါ်မှ "တရုတ်၊အီဂျစ်" နှိုင်းယှဉ်ဝေဖန်ချက် များကိုလည်း ပယ်ဖျက် ပစ်ခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း အီဂျစ်မှသမိုင်းဝင် ဖြစ်ရပ်များ အပြီးတွင် လူအများက ဂြိုလ်တုစလောင်းများ တပ်ဆင် လာကြကာ အလားတူဖြစ်ရပ်မျိုးပေါ်ပေါက်စေရန် တိတ်တဆိတ်ကျိတ်၍မျှော်လင့်နေကြသည်။

"မူဘာရက် နှုတ်ထွက်သွားလို့ အပျော်လွန်နေကြတဲ့ အီဂျစ်ပြည်သူတွေကို ကြည့်ပြီးတော့ ကျွန်တော် မျက်ရည်တောင်လည်မိတယ်ဗျာ"ခင်ဗျားတို့ တိုက်ပွဲကတော့ အောင်မြင်သွားပြီလို့ သူတို့ကို ပြောခြင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနာဂတ်ကတော့ ဘယ်ဆီရောက်နေမှန်း မသိတော့ပါဘူးဗျာ"ဟု မြန်မာနိုင်ငံ၏ အထင်ကရ ရန်ကုန် မြို့တော်ကြီးမှ အသက် ၅၃ နှစ် အရွယ် ပုဂ္ဂလိက ကျူရှင်ဆရာတစ်ဦးက ပြောကြားသည်။ မြန်မာအာဏာပိုင်များက ဖမ်းဆီးနှိပ်စက်မည်ကို စိုးရိမ်သဖြင့် အဆိုပါ ကျူရှင်ဆရာက နာမည်မဖော်ပြရန် တောင်းပန်သည်။ 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာဒုက္ခသည်များအား စစ်ဆေးသုံးသပ်ရန် အီးယူ ကိုယ်စားလှယ် ထိုင်းသို့လာမည်

(Monsters and Criticsမှ 21 Feb 2011 ရက်စွဲပါ " EU officials to visit Thailand to review Myanmar refugees" သတင်းကို ဘာသာပြန်ဆိုသည်။)

      ထိုင်း- မြန်မာ နယ်စပ်တလျှောက်ရှိ အီးယူ ထောက်ပံ့ထားသော ဒုက္ခသည်စခန်းများမှ လက်ရှိအခြေအနေကို သုံး သပ်ရန်အတွက် ဥရောပ သမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး ထိုင်းနိုင်ငံသို့ လာမည့်လတွင် လာရောက်ရန် စီစဉ်နေသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

      အိမ်နီးချင်း မြန်မာနိုင်ငံတွင်းမှ တိုက်ပွဲများကို ရှောင်ရှားသည့်အနေဖြင့် ကရင်လူမျိုး ဒုက္ခသည်များ ၁၅၀,၀၀၀ ခန့် ဆယ်စုနှစ် အတန်ကြာနေထိုင်လျက်ရှိသည့် နယ်စပ် ဒုက္ခသည်စခန်းများသို့ သွားရောက်ရန်အတွက် ကော်မရှင်နာ ခရစ် တယ် လီနာဂျော်ဂျီဗျာသည် ထိုင်းနိုင်ငံသို့ မတ်လ ၁၀ ရက်နှင့် ၁၁ရက် တွင် လာရောက်ရန် စီစဉ်လျက်ရှိသည်ဟု ထိုင်း၊ မြန်မာ၊ လာအို ဆိုင်ရာ အီးယူ သံအမတ်ကြီး ဒေးဗစ်လစ်မင်းက ပြောကြားသည်။

      လွန်ခဲ့သော ဆယ်စု ၂ စုအတွင်း အီယူသည် မြန်မာနိုင်ငံအရှေ့ပိုင်းမှ  ကရင်လူမျိုး ဒုက္ခသည်များ သိန်းဂဏန်း အတွက် နယ်စပ် ဒုက္ခသည်စခန်း တစ်ဒါဇင်ခန့်တွင် လူသားခြင်းစာနာသော ကူညီထောက်ပံ့မှုများကို အဓိက ကူညီပေးခဲ့ သော အဖွဲ့အစည်းဖြစ်သည်။

      မြန်မာနိုင်ငံ ဗဟိုအစိုးရထံမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန်အတွက် ၁၉၄၉ခုနှစ်မှ စတင်ကာ တိုက်ခိုက်ခဲ့သော ကရင် လက်နက်ကိုင်များသည် ကမ္ဘာ့သက်တမ်းရှည် တော်လှန်ပုန်ကန်သူအဖွဲ့များထဲတွင် တစ်ဖွဲ့ အပါအဝင်ဖြစ်သည်။

      ဒုက္ခသည်စခန်းများ၌ ၁၉၉၅ မတိုင်မှီကစ၍ နေထိုင်ခဲ့ကြသော ကရင်ဒုက္ခသည်များမှာမူ အမေရိကန်နှင့် သြစတြေး လျတွင် တရားဝင် အခြေစိုက်နေထိုင်ခွင့်ရရန်အတွက် သတ်မှတ်စည်းကမ်းနှင့် ညီညွတ်သည်ဟု သိရသည်။သို့ရာတွင် လွန်ခဲ့သော ၁၀နှစ်အတွင်း တတိယနိုင်ငံများသို့ ကရင်ဒုက္ခသည်များ ပုံမှန်ထွက်ခွာမှုရှိနေသော်လည်း စခန်းတွင်း လူဇဦးရေမှာ လျှော့သွားခြင်းမရှိဘဲ ၁၅၀,၀၀၀ခန့်တွင် အမြဲ ရှိနေသည်။

      တတိယနိုင်ငံများသို့ ပြောင်းရွှေ့ အခြေစိုက်ခွင့် ရအောင် ဒုက္ခသည်စခန်းများသို့ ဝင်ရန်အတွက် ကရင်များက အာဏာပိုင်များကို ပိုက်ဆံပေးရသည်ဟူသော သတင်းများ လည်း ထွက်ပေါ်နေသည်။

      ဒုက္ခသည်စခန်းများအတွက် သန်းခေါင်စာရင်းအသစ် ကျွန်တော်တို့ ပြုစုနေပါတယ်ဟု ဒေးဗစ်လစ်မင်းကဆို သည်။

      မြန်မာနိုင်ငံဆိုင်ရာ အီးယူ အထူးကိုယ်စားလှယ် ပီယာရို ဖာစီနို သည်လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ် ပီရိုမြနှင့် အသေးစိတ် တွေ့ဆုံဆွေးနွေးရန်အတွက် ဘန်ကောက်သို့ မတ်လ ၈ရက်နေ့တွင် ရောက်ရှိမည်ဖြစ်သည်။

      မြန်မာတပ်မတော် ခေါင်းဆောင်များနှင့်တကွ စစ်အစိုးရနှင့် ရင်းနှီးသော ရိုက်စားစီးပွားရေးလုပ်ငန်းရှင် ၂,၀၀၀ခန့် အပေါ်ချမှတ်ထားသော စီးပွားရေးနှင့် ကုန်သွယ်ရေး ပိတ်ဆို့အရေးယူခြင်း မူဝါဒအပေါ် ပြန်လည်အကဲဖြတ်သည့် လုပ်ငန်းစဉ်ကိုလည်း အီးယူက လတ်တလော ဆောင်ရွက်နေသည်။

      အဆိုပါ အရေးယူဒဏ်ခတ်မှု sanction များသည် ဧပြီလကုန်တွင် အီးယူ၏ ပြန်လည်သုံးသပ်မှုကို ခံယူရမည် ဖြစ်သည်။

      မြန်မာနိုင်ငံတွင် အထွေထွေ ရွေးကေက်ပွဲကို နိုဝင်ဘာ(၇)ရက်နေ့က ကျင်းပခဲ့ပြီးနောက် လာမည့် မတ်လတွင် အစိုးရ အဖွဲ့သစ်နှင့် အစားထိုးမည်ဟု သိရသည်။

      ထို့အပြင် တပ်မတော် အစိုးရက ဒီမိုကရေစီခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်ကိုလည်း နိုဝင်ဘာ (၁၃)ရက် နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။

      အနောက် ဒီမိုကရေစီနိုင်ငံများ မြန်မာစစ်ဖက်အုပ်ချုပ်သူများအား ရွေးကောက်ပွဲများ ကျင်းပရန်နှင့် ဒေါ်အောင် ဆန်းစုကြည်အား လွှတ်ပေးရန် အချိန်ကြညမြင့်စွာကပင် တောင်းဆိုထားခဲ့ကြသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံတွင် ဆန္ဒပြပွဲများ ဘာကြောင့် မပေါ်ပေါက်သလဲ

(Dictator Watch မှ 20 feb 2011 ရက်စွဲပါ Roland Watson ၏ Why are There no protests in Burma ဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

            ယခုအခါ တူနီးရှား၊ အီဂျစ်၊ အီရန်၊ ဘာရိန်း၊ လစ်ဗျား၊ ယီမင်၊ ကူဝိတ်၊ အိုမန်၊ အယ်ဂျီးရီးယား၊ မော်ရိုကို၊ အီရတ်၊ ဂျော်ဒန်၊ ဆော်ဒီအာရေးဗီးယား၊ ဆီးရီးယား စသော နိုင်ငံများအပါအဝင် အရှေ့အလယ်ပိုင်း အနှံ့အပြား၌ ဆန္ဒပြမှုများရေပန်းစားနေပါသည်။ ဤမျှမကသေးပါ၊ အယ်ဘယ်နီးယား၊ ဆီနီဂေါ၊ အိုင်ဗရီကို့စ်၊ ဟေတီနှင့် နေရာတကာတွင် ပြည်သူများ ဆန္ဒပြလျက်ရှိကြသည်။

           ဆန္ဒပြမှုအားလုံး၏ တူညီသောအချက်မှာ ဒီမိုကရေစီကိုလိုလားတောင်းဆိုကြခြင်းပင်ဖြစ်သည်။ ရည်မှန်းချက်မှာ အာဏာရှင် အုပ်ချုပ်သူများကို ဖြုတ်ချကာ ထိုမှတစ်ဆင့် လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးတို့ ရရှိရေးဖြစ်သည်။

            ယခုအချိန်အထိ ဆန္ဒပြမှုများတွင် တူနီးရှားနှင့် အီဂျစ်၌ အောင်မြင်မှုရရှိခဲ့ကြပြီး ဇိုင်အယ်အဘီဒင်ဘင် အလီနှင့် ဟောစနီမူဘာရတ် အာဏာရှင်နှစ်ဦးကို ဖြုတ်ချနိုင်ခဲ့သည်။ လာမည့်သီတင်းပတ်များလပိုင်းများ အတွင်း ထိုသို့သော အောင်ပွဲများအခြားနိုင်ငံများတွင် ပွားများလာည့် အလားအလာရှိနေပါသည်။ ရေပန်းစား လာသော ဖိအားကို လွှတ်ပေးလိုက်ရပြီး ပုလင်းထဲမှ မှော်ဝိဥာဉ်သည် အပြင်သို့ထွက်နိုင်ခဲ့ပြီ။

            ကမ္ဘာတစ်လွှားမှာ အာဏာရှင်များမှာမူ စိုးရိမ်ကြောက်ရွံ့နေကြပြီးဖြစ်သည်။ သတင်း၊ အချက် အလက်စီးဆင်းမှုကို ထိန်းချုပ်ရန် ကြိုးစားခြင်းဖြင့်စတင်ကာ နည်းအမျိုးမျိုးဖြင့် ခုခံကာကွယ်ရန် ညှိနှိုင်းစီမံနေကြသည်။ ဆက်သွယ်ရေးနည်းပညာသစ်များ၏ အကျိုးသက်ရောက်မှုကြောင့် သတင်းများကို ပိတ်ပင်၍ မရတော့သော်လည်း မြောက်ကိုရီးယားကဲ့သို့ နိုင်ငံတွင်မူ ထိုသို့ပြုလုပ်၍ရနိုင်ပါသေးသည်။ အကြောင်းမှာ သူတို့၏ ပင်ကိုယ်သဘာဝနှင့် အမြဲစောင့်ကြည့်၊ ဖိအားပေးကာ ဆန္ဒပြသူများကို တိုက်ခိုက် သတ်ဖြတ်သည့် ဦး စားပေးနည်းလမ်းများကြောင့်ဖြစ်ပါသည်။

            ယင်းသို့ ရက်စက်ကြမ်းကြုပ်မှုမှာ ထိရောက်သည့် နည်းလမ်းတစ်ခုဖြစ်သော်လည်း အီဂျစ်မှအထောက် အထားအရ ပြည်သူလူထုက ဆုံးဖြတ်ပြီးသွားလျှင်မူ အလုပ်မဖြစ်နိုင်တော့ကြောင်းတွေ့ရှိရသည်။ မည်သို့ဆိုစေ တပ်မတော်၏ စိတ်ရှည်သည်းခံမှုကလည်း အီဂျစ်ပြည်သူများကို အထောက်အကူပြုခဲ့ပါသည်။ ကိုင်ရိုနှင့် နေရာတကာရှိ အကြမ်းဖက်မှုများမှာ အစိုးရလက်သပ်မွေးလူမိုက်များနှင့် ရဲတပ်ဖွဲ့စသော ပြည်တွင်းဖိနှိပ်ရေးယန္တရား ကကျူး လွန်ခဲ့ခြင်းဖြစ်သည်။

ကျန်ကမ္ဘာ့နိုင်ငံများအားလုံးကလည်း အသင့်အနေအထားဖြင့် စောင့်ကြည့်ခဲ့ကြသည့် ဥရောပနိုင်ငံ များနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ကမ္ဘာတစ်လွှားမှ အာဏာရှင်များနှင့် စီးပွားရေးအရဆက်ဆံရေးရှိနေ မှုကြောင့် သူတို့၏ ကနဦးတုန့်ပြန်မှုမှာ ပြည်သူများကို ထောက်ခံခြင်းမဟုတ်ပဲ သူတို့အတွက်သာဖြစ်ခဲ့သည်။

ယင်းအခြေအနေသည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကိုပင် ကောင်းစွာထိန်းထားခဲ့သည်။ ဤအနေအထားကို မီဒီယာများက မေးခွန်းများစ၍ထုတ်လာသောအခါမှသာ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နှင့် သာဓကအိုဘားမားကဲ့သို့သော ခေါင်းဆောင်များက ဆန္ဒပြသူများကို အမှန်တကယ်စတင်၍ ထောက်ခံခဲ့ကြခြင်းဖြစ်သည်။

ဂရုဏာသက်အောင်လုပ်နေသလား၊ သမိုင်းကတော့ ကြင်နာလိမ့်မည်မဟုတ်ပါ

သင့်အနေနှင့် နောက်ထပ်ဆန္ဒပြမှုများကို မျှော်လင့်မိမည့် နေရာတစ်ခုမှာ မြန်မာနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံကို အုပ်ချုပ်သည့် တပ်မတော်အစိုးရခေါင်းဆောင်များသည် ကမ္ဘာပေါ်ရှိ အဆိုးဝါးဆုံးဖိနှိပ် ချုပ်ချယ်အုပ်စိုးသူများထဲတွင် ပါဝင်သည်။ ပြည်သူများ ပိပြားနေအောင်နှိပ်ကွပ်သည့် နည်းလမ်းအားလုံးမှာ အစွန်းရောက်လွန်းသည်။ တိုင်းရင်းသားအုပ်စုများအပေါ်တွင်လည်း လူမျိုးစုမျိုးဖြုတ်သုတ်သင်မှုများ ကျူးလွန် လျက်ရှိသည်။ တပ်မတော်အစိုးရ၊ အစိုးရရောင်းရင်းစီးပွားရေးသမားများနှင့် နိုင်ငံတကာစီးပွားဖက်များက တိုင်းပြည်၏ သဘာဝသယံဇာတများကို နှိုက်ယူနေမှုမှာလည်း အလွန်ပြင်းထန်ဆိုးဝါးကာ ငွေကြေးအာဂတိလိုက်စား မှုတွင် ပထမအဆင့်ဖြင့် ဗိုလ်စွဲနေသည်။

ထို့ကြောင့်ပင်လျှင် ဤသို့သော တိုင်းပြည်မျိုး၌ ဆန္ဒပြမှုများပေါ်ပေါက်မလာခြင်းကို အံအားသင့်ကြရခြင်း ဖြစ်သည်။

အထက်တွင် ဖေါ်ပြထားသည့် ခေါင်းစဉ်သည် လေလုံးထွားသည့် သဘောမဟုတ်ပါ။ တရားဝင်မေးခွန်း တစ်ခုသာဖြစ်ပါသည်။ မြန်မာ့အရေးလေ့လာသူအဖြစ် ကာလများစွာလှုပ်ရှားခဲ့သည့် ကျွန်တော့်အနေဖြင့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ မလှုပ်မယှက်ငြိမ်သက်မှုကို လူကြိုက်များနေခြင်းအား နားမလည်နိုင်အောင်ဖြစ်မိပါသည်။ လူအများ၏ ကြောက်ရွံ့မှုမှာ သိသာထင်ရှားလှပြီး အခြားအကြောင်းရင်းများ စွာလည်းရှိပါလိမ့်မည်။ သို့သော်လည်း တုန့်ပြန်မှုတစ်ခုခုကို မျှော်လင့်နေသူများလည်း ရှိပါလိမ့်မည်။

၂၀၀၇ ခုနှစ်တွင် ရွှေဝါရောင် တော်လှန်ရေးဖြစ်ပွားခဲ့စဉ်က နယ်စပ်ဒေသမှ အစိုးရတပ်ဖွဲ့များကို ရန်ကုန်သို့ခေါ်ယူပြီးမှ သာလျှင် နှိမ်နှင်းဖြိုခွဲမှုကို စတင်ပြုလုပ်ခဲ့ခြင်းကိုတွေ့ရှိရသည်။ ထိုစဉ်က ဒေသခံတပ်မှူးများက ဆန္ဒပြသူများကို ပစ်ခတ်လိုခြင်းမရှိခဲ့ပါ။ တိုင်းသူပြည်သားများအား အကြမ်းဖက်နှိပ်နင်းသည်ကို တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တစ်ချို့က သဘောမူခြင်းကို ဤဖြစ်ရပ်ကထုတ်ဖော်ပြသခဲ့သည်။

လက်ရှိအာဏာရတပ်မတော်အစိုးအတွင်း၌ သဘောထားကွဲလွဲမှုများ၊ အုပ်စုကွဲမှုများရှိနေသည်မှာ လည်း အထင်အရှားပင်ဖြစ်သည်။ အမှန်တကယ်တွင် လက်ရှိအာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေမရှိတော့သည့် အချိန်၌ အာဏာရရန်အတွက် အားလုံးက တန်းစီနေကြသည်။ သို့ဖြစ်ရာ အသစ်ဖြစ်ပွားနိုင်သည့် ဆန္ဒပြမှုများအပေါ် တပ်မတော်အစိုးရ၏ တုန့်ပြန်မှုအားလျော့သွားဖွယ်ရှိသည်ဟု ယုံကြည်ရန် အကောင်းဆုံး အကြောင်းပြချက်ရှိနေသည်ဟု ဆိုရမည်။ အထူးသဖြင့် အီဂျစ်တပ်မတော်က ဦးဆောင်လမ်းပြလုပ်ပြခဲ့သည့် ပုံစံမျိုးပင်ဖြစ်သည်။

နောက်တစ်ချက်မှာ ပြည်သူများအပေါ် အသစ်ထပ်မံအကြမ်းဖက်နှိမ်နင်းလိုက်မည်ဆိုပါက တပ်မတော် အစိုးရအပေါ်စစ်ရာဇဝတ်မှုများဖြင့် တရားစွဲဆိုရန် နိုင်ငံတကာက နှောင့်နှေးနေမှုကို အဆုံးသတ်လိုက်သလိုဖြစ် သွားနိုင်ခြင်းကြောင့်ဖြစ်သည်။

ယခုအခါ နိုင်ငံတွင်းမှ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများကလည်း ပြည်ထောင်စုစစ်တပ်ဖွဲ့ စည်းထူထောင်ရန် စိုင်းပြင်းလျက်ရှိကြသည်။ ၎င်းတို့အား မြန်မာ့တပ်မတော်တစ်ဦးတည်းအနေဖြင့် တိုက်ခိုက် နိုင်စွမ်းမရှိကြောင်း ဗိုလ်ချုပ်ကြီးများက ပြသခဲ့ကြပြီးဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများသာ ပူးပေါင်း တပ်ဦးအသွင်ဖွဲ့စည်းလိုက်ပါက ယခုထက်များစွာအင်အားပိုကြီးလာပါလိမ့်မည်။

ဆန္ဒပြပွဲများအတွက် လိုအပ်နေသည်မှာ ပြည်သူလူထု၏ ကျယ်ကျယ်ပြန့်ပြန့်စုစည်းမှုပင်ဖြစ်သည်။ သို့မှသာ အသစ်တစ်ဖန်ဆန္ဒပြမှုများ ပြန့်နှံသွားနိုင်ပါလိမ့်မည်။ ယခုအချိန်တွင် တရားဝင်လှုပ်ရှားဆောင် ရွက်မှုများမှ တစ်ဆင့် စနစ်တစ်ခုအတွင်း အလုပ်လုပ်ဖို့ ကြိုးစားရန် တပ်မတော်အစိုးရ၏ ရုပ်သေးလွှတ်တော်ကို ဖက်တွယ်ထား ဖို့မလိုအပ်တော့ပါ။ တော်လှန်ရေးသည် လေထုထဲတွင် စိမ့်ဝင်ပျံနှံနေသည်။ ကမ္ဘာကြီး၏ ပြောင်းလဲနေသည့် ယခုအချိန်သည် လမ်းများပေါ်သို့ထွက်လာရမည့်အချိန်ကောင်းပင်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ မြန်မာပြည်သူများအနေဖြင့် ၂၀၀၇ ခုနှစ်က လုပ်ခဲ့သည့် ချီတက်ပွဲများကို ရှောင်ရှားကြရမည်။ အီဂျစ်မှဆန္ဒပြသူများညွှန်ပြခဲ့သည့်အတိုင်း ဗဟိုစုရပ်တစ်ခုကို ရွေးချယ်ခြင်းက ပို၍ကောင်းသည်။ နေရာများစွာမှလာ၍စုရုံးနိုင်သည့် ပတ်ပတ်လည်အဆောင်အဦးများရှိနေခြင်းက ဗီဒီယိုအထောက်အထားရိုက်ကူးရန် အလွန်သင့်တော်သည်။ ခုခံကာကွယ်ရန်ဖြစ်စေ၊ ထိုနေရာမှတစ်ဆင့်ချီတက်လျှင်ဖြစ်စေအဆင် ပြေသည်။ ထိုသို့သော နေရာကို ရန်ကုန်တွင် လက်ညှိုးညွှန်ရမည်ဆိုလျှင် မဟာန္ဓုလပန်းခြံပင်ဖြစ်သည်။

ဗိုလ်ချုပ်ကြီးများကမူ နေပြည်တော်တွင် ပုန်းနေနိုင်ပါသည်။ မြန်မာပြည်သူများကသာ ရန်ကုန်မြို့တော်ကို ထိန်းချုပ်လိုက်ပြီဆိုလျှင် သူတို့၏ အုပ်ချုပ်မှုသည် အတုအယောင်ဖြစ်သွားလိမ့်မည်။ ထို့နောက်တွင် ဗိုလ်ချုပ်မှူးကြီးအား အာဏာသိမ်းဖယ်ရှားမှုဖြစ်ပေါ်လာနိုင်သည်။ သို့မဟုတ်ပါက သူနှင့်သူမိသားစု တရုတ်(သို့)စင်္ကာပူသို့ ထွက်ပြေးပါ လိမ့်မည်။

မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ ပွဲတော်ကြီး၏ ပြေးလမ်းပေါ်ရောက်နေသော တိုင်းပြည်တစ်ခုဖြစ်သည်။ ဒုက္ခသုက္ခပေါင်းစုံကို လုံလုံလောက်လောက် ခါးစည်းခံခဲ့ရသော ပြည်သူတို့၏ တော်လှန်မှုများက တစ်နိုင်ငံပြီးတစ်နိုင်ငံပေါ်ပေါက်လျက်ရှိသည့် ထိန်းထိန်းသိမ်းသိမ်းပြောရလျှင် ယခုအတိုင်းဆိုပါက အခြားနိုင်ငံများထက် ဒုက္ခတာရှည်ပါလိမ့်မည်။ ဘွင်းဘွင်းပြောရမည်ဆိုလျှင် စွန့်လွှတ်ခြင်း များရရှိနိုင်ပါသည်။ ဒီမိုကရေစီတွင် ပေးဆပ်ရသည့် တန်းဖိုးရှိသည်။ လျှိုဝှက်ချက်မှာ တော်လှန်ရေးဖြန့်ကျက်ရ မည့်အချိန်ကို နားလည်သိရှိဖို့ပင်ဖြစ်သည်။ ထိုအချိန်သည် ယခုချက်ခြင်းပင်ဖြစ်ပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.