Transparency Myanmar

transparency.myanmar@gmail.com

၁၄-၃-၂၀၁၁               ဘာသာပြန် သတင်းများ
 
မြန်မာ့ နိုင်ငံရေး သမားများထဲမှ ပြုပြင် ပြောင်းလဲရေး သမားများကို ပျိုးထောင်ရန်လို


(The Australian မှ 12 March 2011 ရက်စွဲပါ Morten B. Pederson ရေးသားသော “Burma have reformers to cultivate” ကို ဘာသာ ပြန်ဆိုသည်)

          မြန်မာ နိုင်ငံတွင် ၂၂ နှစ်ကြာ စစ်တပ်မှ တိုက်ရိုက် အုပ်ချုပ် ပြီးနောက် စစ်သားနှင့် အရပ်သား အရော အစိုးရသစ် တစ်ခု ထွက်ပေါ် လာပြီး အငြိမ်းစား ဗိုလ်ချုပ်ကြီးနှင့် ဝန်ကြီးချုပ် ဖြစ်သူ ဦးသိန်းစိန်က အရပ်သား သမ္မတ အဖြစ် ဦးဆောင်မည် ဖြစ်သည်။ ယမန်နှစ် နိုဝင်ဘာလက ရွေးကောက်ပွဲများ ကျင်းပပြီး အခြေခံ ဥပဒေ အသစ်ဖြင့် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီကို ဖော်ဆောင်မည်ဟု ဆိုသည်။

          စနစ် အသစ်သည် ဒီမိုကရက်တစ် အစိုးရလည်း မဟုတ်၊ အရပ်သား အစိုးရ စစ်စစ်လည်း မဟုတ်ပေ။ လွတ်လပ်သော ပါတီများသည် အာဏာအတွက် ပြိုင်ဆိုင်ရန် အခွင့် အလမ်းများ ရရှိ ခဲ့သော်လည်း၊ အဓိက နေရာများကို အငြိမ်းစား စစ်တပ်မှ ပုဂ္ဂိုလ်များသာ ရရှိသည်။ သို့ဆိုရာတွင် ဦးသိန်းစိန် တစ်ဦးတည်း သာမက ဒုသမ္မတ ဦးတင်အောင်မြင့်ဦးနှင့် အခြား ကက်ဘိနက် စာရင်းတွင် စစ်သားဟောင်းများ အများစု ပါဝင်သည်။

          သို့သော် အစိုးရ သစ်သည် အဟောင်းနှင့် အရေးကြီးသော အချက်များတွင် ခြားနားလျက် ရှိသည်။ ယခင် စစ်ခေါင်းဆောင်များကို အသွင် ခြားနားသော ဖွဲ့စည်းပုံ နှစ်ခု ခွဲပစ်လိုက်သည်။ အဖွဲ့ တစ်ခုကို ကန့်သတ်ချက်များ ရှိသော ရွေးကောက်ပွဲတွင် ဝင်ပြိုင် ခိုင်းခဲ့သည်။ အရေးကြီးသော အချက်မှာ ယခု အရပ်သား ခေါင်းဆောင် သစ်များသည် စစ်တပ်မှ မျိုးဆက်သစ် ခေါင်းဆောင်များ၏ အထက်မှ တာဝန် ထမ်းဆောင် ခဲ့ဖူးသူများ ဖြစ်ပြီး၊ ၎င်းတို့ ထိန်းချုပ် ထားမည် အရပ်သား ဖွဲ့စည်းပုံကို အာဏာ လွှဲပြောင်း ပေးသွားဖွယ် ရှိသည်။ အနည်းဆုံးတော့ ထိုအချက်ကပင် အစိုးရ အဖွဲ့တွင်း အဖွဲ့ လေးများ ဖန်တီးပေး နိုင်မည် ဖြစ်ပြီး၊ တင်းမာမှုကို ဆိုလိုခြင်း မဟုတ်ပေ။

ဦးသိန်းစိန်အား ပါလီမန်သစ်မှ ရွေးချယ်သည် ဆိုသော်လည်း အမှန်တကယ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရွေးချယ်ခြင်း ဖြစ်ပြီး၊ စောင့်ကြည့် နေသူများကို အံ့အားသင့် စေခဲ့သည်။ အများစုက သမ္မတ နေရာကို ၎င်းအတွက် ချန်ထားသည်။ သို့မဟုတ်လျှင်လည်း ၎င်း၏ ညာလက်ရုံး ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းကို ပေးလိမ့်မည်ဟု ငြင်းခုန်နေခဲ့ကြသည်။

လက်ရှိ နိုင်ငံရေး အသွင် ကူးပြောင်းမှုသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကိုယ်ပိုင် အနားယူရေး အစီ အစဉ်၏ မရှိ မဖြစ် အစိတ်အပိုင်း တစ်ခုသာ ဖြစ်သည်။ ၎င်းသည် သမ္မတ နေရာကို မယူပဲ နောက်ကွယ်မှ ၎င်း၏ ယုံကြည်ရသော တပည့်များ မှတဆင့် အာဏာကို ကိုင်ထားပြီး အာဏာ ဆက်ခံရေးကို နေသားတကျ ဖြစ်အောင် ပြုလုပ်ခြင်းသည် ၎င်းအတွက် ပို၍ သင့်တော်ပေသည်။ ဦးသိန်းစိန်သည် ထူးထူး ခြားခြား ရည်မှန်းချက်များ ရှိမနေသည့် အတွက် ဗိုလ်ချုပ်မှူးကြီးအဖို့ ဦးသိန်းစိန်ကို ရွေးချယ် ရသည်မှာ ပို၍ အန္တရာယ် ကင်းပေသည်။ ၎င်းအား အစိုးရ အဖွဲ့ခေါင်းဆောင် အဖြစ် ခန့်ထား၍ စမ်းသပ်ပြီး ဖြစ်ရာ စစ်တပ်ထဲမှလည်း လေးစားမှု ရှိပြီး၊ နိုင်ငံ တကာကလည်း လက်ခံ နိုင်သောကြောင့် ဖြစ်သည်။

ဦးသိန်းစိန်သည် နိုင်ငံရေး သမား တစ်ဦး၊ စစ်သား တစ်ဦးထက် စာလျှင် မန်နေဂျာ တစ်ဦးနှင့် ပိုတူပြီး၊ လက်ရှိ အာဏာ တည်ဆောက်ပုံကို စိန်ခေါ်မည့် သဘော မရှိပေ။ ၎င်းသည် လူကြီး လူကောင်း တစ်ဦးဟု ယေဘူယျ သုံးသပ်ရမည် ဖြစ်ပြီး၊ သန့်ရှင်းသည်ဟု ဆိုရမည် ဖြစ်သည်။ ကက်ဘိနက် အသစ်တွင် ပညာရှင် အချို့ ပါဝင်လာရာ အစိုးရ အုပ်ချုပ်မှုတွင် တိုးတက်မှု အချို့ တွေ့ရနိုင်သည်။ သမ္မတ အသစ်သည် နိုင်ငံခြားသားများ အတွက် ချဉ်းကပ်ရ လွယ်ကူနိုင်ပုံ ရှိပြီး၊ နိုင်ငံခြားရေး ဝန်ကြီး အသစ် ကလည်း နိုင်ငံတကာ အသိုင်း အဝိုင်းနှင့် စကား ပြောရာတွင် ပံ့ပိုးမှုများ ပေးနိုင်မည်။

သို့သော်လည်း မသေချာ မရေရာမှု များစွာ ရှိနေသေးသည်။ အဖွဲ့ အစည်း အသစ်တွင် အစိုးရ အဖွဲ့အတွင်း စစ်တပ် အတွင်း၌ သဘောထား ပျော့ပြောင်းသူနှင့် သဘောထား တင်းမာသူများကို ဟန်ချက် ညီအောင် ထားရှိပြီး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အာဏာဖြင့် နောက်ကွယ်မှ ထိန်းချုပ် ထားမည် ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးသည် ၎င်းဖွင့်ဆို ခဲ့သော ပိုမို လမ်းဖွင့်ပေးသော စနစ်အတွက် အသွင် ကူးပြောင်းရေး (သူ၏ နေရာ သေချာ စေရေး အတွက်ပါ) အဆို မှန်ကန်စေရန် စီးပွားရေးနှင့် နိုင်ငံရေး အရ ဖြေလျော့မှု များကို အကန့် အသတ်များ ပြုထားမည် ဆိုသည်ကို တွေ့နေရပြီ ဖြစ်သည်။ သို့သော် ၎င်းသည် ခြိမ်းခြောက်မှု မရှိသော နိုင်ငံရေး ပတ်ဝန်းကျင်နှင့် ပြုပြင် ပြောင်းလဲ လွယ်သော နိုင်ငံရေး ဝန်းကျင်ကို ဖြစ်စေ နိုင်မည် ဖြစ်ပြီး ၎င်းသည်လည်း လျင်မြန်စွာ ပျက်စီး သွားနိုင်သေးသည်။
မကြာမီက လွတ်မြောက် ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် ယခု အချိန် အထိ အငြင်း အခုန် မပြုလုပ်သည့် သဘောကို တွေ့ရပြီး၊ သူမ၏ အစိုးရ ပြောင်းလဲ လိုသည့် အစီ အစဉ်သည် အစိုးရ သစ်နှင့် ထိပ်တိုက် တွေ့ပြီး ပြင်းထန်သော ဖြစ်ရပ်များနှင့် နိဂုံးချုပ် ရဖွယ် ရှိသည်။

တိုင်းရင်းသား လူမျိုးများ၏ ဒေသများ တွင်လည်း ကာလ ရှည်ကြာ အပစ် အခတ် ရပ်စဲ ထားမှုမှာ ပျက်စီး သွားခဲ့ပြီး တိုက်ခိုက်မှုများ ဖြစ်နိုင်သည့် အန္တရာယ်များ ရှိနေသည်။

နိုင်ငံတကာ အသိုင်း အဝိုင်းတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများက စနစ်သစ်ကို ကြိုဆို ခဲ့ကြပြီး၊ အနောက် နိုင်ငံ အစိုးရ အများစုကလည်း စနစ်သစ်သည် ခြားနားမှု ရှိမရှိ စမ်းသပ်ရန် ပြင်ဆင် ထားကြသည်။ ဗြိတိန်ကမူ အမေရိကန် လက်သစ် ဖြစ်လာပြီး၊ အစိုးရ အဖွဲ့သစ်မှ လူများကို အရေးယူ ပိတ်ဆို့မှု စာရင်းတွင် ချက်ချင်း စာရင်း သွင်းရန် တွန်းအား ပေးလျက် ရှိသည်။ ထိုလုပ်ရပ်သည် အဓိပ္ပာယ် မရှိသော သဘော ရှိပြီး၊ ပြုပြင် ပြောင်းလဲရေး သဘောထား ရှိသူများကို ပစ်ပယ်ရာ ရောက်ပြီး၊ ကမ္ဘာကြီးနှင့် ပြန်လည် ဆက်ဆံရေး လမ်းစကို ပိတ်ပင် သလို ရှိသည်။

သေချာသည့် တစ်ချက်မှာ မြန်မာ နိုင်ငံ၏ အာဏာ အခြေခံ တည်ဆောက်ပုံမှာ မပြောင်းလဲပဲ ရှိနေသည်။ ထို့အတူ ရာစုနှစ် တစ်ဝက်ခန့် ပုံဖော် လာသည့် လက်နက်ကိုင် ပဋိပက္ခများနှင့် စစ်အုပ်ချုပ်ရေးက ပုံဖော်ခဲ့သည့် နိုင်ငံရေး ယဉ်ကျေးမှု အခြေခံ အကြောင်းတရား များကလည်း မပြောင်းလဲပေ။ ထို့ကြောင့် အစိုးရ အဖွဲ့သစ်သည် ပြုပြင် ပြောင်းလဲမှု များကို အချိန်မီ မလုပ်နိုင် ခဲ့လျှင်၊ ပြောင်းလဲမှု အတွက် လမ်းပွင့် လာမှုမှာ ပြန်ပိတ် သွားနိုင်သည်။

၁၉၆၂ မတိုင်မီက အစိုးရနှင့် ၁၉၈၈ မတိုင်မီက အစိုးရ နှစ်ခု ဖြစ်ပျက် ခဲ့ပုံမှာ ဤအကြောင်း ကြောင့် ဖြစ်သည်။ အဆိုပါ အစိုးရ များသည် ပြုပြင် ပြောင်းလဲရေး အစီအစဉ် များနှင့် စတင်ခဲ့ သော်လည်း၊ မကြာမီ အဝေဖန် မခံတော့ပဲ လူမှုရေးနှင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ လုပ်ရန် ငြင်းဆန်လာ ကြတော့သည်။ ထို့ကြောင့် ပြောင်းလဲမှု အတွက် လုပ်ကိုင်နေသူ များသည် ယခုလို အခွင့် အလမ်း ပေါ်ခိုက်တွင် ပြုပြင် ပြောင်းလဲရေး သမား ဖြစ်နိုင်ချေ ရှိသူ များကို အားပေး ကြရေးမှာ အရေးကြီး လှသည်။

ထိုသို့ ပြုလုပ်နိုင်ရန် အစိုးရသစ်တွင် ပြုပြင် ပြောင်းလဲရေး အစီ အစဉ်များ ရှိသည် ဆိုသည်ကို ရဲရဲဝံ့ဝံ့ ယုံကြည် ကြရန်နှင့် ကံကြမ္မာကို အပြည့်အဝ ယုံကြည်ရန် လိုအပ်မည် ဖြစ်ပြီး၊ ထိုစိတ်ဓာတ်ဖြင့် ဆက်ဆံ ကြည့်ကြရန် ဖြစ်သည်။ ယခုအခါ နောက်ထပ် စိတ်ပျက်ဖွယ် အဖြစ်များ၊ ထိပ်တိုက် ရင်ဆိုင်မှုများ ရပ်သင့်ပြီ ဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် ပြောလိုသည်မှာ ဆက်လက် ရှင်သန် နိုင်ရေး အတွက် ပြုစု ပျိုးထောင် ပေးကြပါစို့ ဟုသာ ပြောလိုသည်။

(ဤစာ ရေးသားသူ Morten B. Pedersen သည် သြစတြေးလျ နိုင်ငံ NSW တက္ကသိုလ် Defence Force Academy မှ နိုင်ငံရေး အကြီးတန်း ကထိက တစ်ဦး ဖြစ်ပြီး၊ မြန်မာ နိုင်ငံ၏ International Crisis Group မှ အကြီးတန်း သရုပ်ခွဲ ပညာရှင် ဟောင်း ဖြစ်သည်။)
------------------------------------------------------

ဂျပန်တွင် ငလျင် ကယ်ဆယ်ရေး မစ်ရှင်များစတင်

(11 March 2011 ရက်စွဲပါ BBC News မှ Japan Begins quake relief mission ကို ဘာသာ ပြန်သည်)

          ဂျပန် နိုင်ငံ အရှေ့ မြောက်ဖက်တွင် ရာပေါင်း များစွာသော အသက်များ ဆုံးရှုံး နိုင်သော ဆူနာမီ အပြီးတွင် အလွန် တစ်ရာ ကြီးမားသော ကယ်ဆယ်ရေး မစ်ရှင်သည် စတင် လုပ်ဆောင် နေပြီ ဖြစ်သည်။
          ၈.၉ Magnitude ရှိ ငလျင် လှုပ်ခတ်ခဲ့ရာ၊ ဂျပန် နိုင်ငံတွင် မှတ်တမ်း တင်နိုင်သော ကာလ အတွင်း အကြီး မားဆုံး ဖြစ်ဖွယ် ရှိသည်။
          ဂျပန် နိုင်ငံ၏ စစ်တပ်သည် စစ်သား ထောင်ပေါင်း များစွာ၊ လေယာဉ်နှင့် ချီ၍ သော်လည်းကောင်း၊ သင်္ဘောများ ဒါဇင် ချီ၍ လည်းကောင်း ရွှေ့လျားမှုများ ပြုလုပ်နေပြီ ဖြစ်သည်။
          မြေငလျင်ကြောင့် ရပ်ဆိုင်းသွားသော နျူကလီးယား ဓာတ်ပေါင်းဖိုမှ ရေဒီယို သတ္တိကြွများ စိမ့်ထွက်နိုင် ကြောင်းလည်း အစိုးရက သတိပေးခဲ့သည်။
          သောကြာနေ့က ဂျပန်နိုင်ငံ စံတော်ချိန် နေ့လယ်ခန့်တွင် တိုကျိုမြို့ အရှေ့မြောက် ၄၀၀ ကီလိုမီတာ (၂၅၀) အကွာတွင် ၂၄ ကီလို အနက်ရှိ ငလျင် လှုပ်ခဲ့သည်။
           အဆိုပါ ဘေးဒဏ်ကြောင့် ယခု အချိန် အထိ လူ(၃၀၀) သေဆုံးပြီး (၅၀၀)ခန့် ပျောက်ဆုံးလျက် ရှိသည်ဟု သိရှိ ရသည်။ သေဆုံးမှု မှာ (၁၀၀၀) ခန့်ထိ ရှိနိုင်ကြောင်း ဂျပန် မီဒီယာက ပြောသည်။
          ဝန်ကြီးချုပ် Naoto Kan သည် အဆိုပါ ဒေသသို့ ရဟတ်ယာဉ်ဖြင့် မသွားရောက်မီ၊ စနေနေ့ နံနက် အစောပိုင်းတွင် အရေးပေါ် ကက်ဘိနက် အစည်း အဝေး ကျင်းပရန် ပြင်ဆင်လျက် ရှိသည်။
          ဂျပန် စစ်တပ် အနေဖြင့် လည်း စစ်သားပေါင်း များစွာ၊ လေယာဉ်ပျံ (၃၀၀)၊ သင်္ဘော အစီး (၄၀) ခန့်ဖြင့် ကယ်ဆယ် ရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိသည်။
          ငလျင်ကြောင့် ၁၀ မီတာ၊ ပေ (၃၀) မြင့်ပြီး (၇) မီတာ ရှည်သော ဆူနာမီ လှိုင်းများ ဂျပန် ကမ်းခြေကို ရိုက် ခတ်စေသည်။
          အမေရိကန် သမ္မတ Barack Obama က ပြောကြားရာတွင် အမေရိကန် လေယာဉ်တင် သင်္ဘော တစ်စီးသည် ဂျပန် နိုင်ငံတွင် ရောက်ရှိနေပြီး၊ နောက်တစ်စီးမှာ လမ်းတွင် သွားနေဆဲ ဖြစ်ကြောင်း ပြောသည်။
          ရွံ့များ ပြည့်နေသော ရေများသည် ကားများနှင့် အိမ်များကို ဆွဲယူသွားပြီး၊ လူနေ ရပ်ကွက်များ၊ စပါး ခင်းများကို ပင်လယ် ရေငံများက လွှမ်းမိုးသွားသည်။
          အဆိုးဝါးဆုံး ထိခိုက်သော ဒေသမှာ Miyagi ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ ဆိပ်ကမ်းမြို့ Sendai ဖြစ် ပြီး ရပ်ကွက် တစ်ခုတည်း မှာပင် လူသေ အလောင်း ၃၀၀ ခန့် တွေ့ရသည်။
          ဂျပန် မီးရထား ဌာနက ပြောကြားရာတွင် အရှေ့မြောက် ကမ်းခြေ တစ်လျှောက် ဆွဲသော ရထား လေးစင်း၏ သဲလွန်စ မတွေ့သေးကြောင်း ပြောကြား ခဲ့သည်။ လူတစ်ရာခန့် သယ်ဆောင် လာသော သင်္ဘော တစ်စီးမှာလည်း ပျောက်ဆုံးလျက် ရှိသည်ဟု ဆိုသည်။
          Miyagi ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှ Kesenuma ကျွန်း သုံးပုံ တစ်ပုံမှာ ရေမြှုပ်သွားပြီး ကျန်အပိုင်းများတွင် ညဉ့်နက်သည် အထိ မီးလောင်လျက် ရှိသည်။
          Fukushima ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှ Minamisoma မြို့တွင် အိမ်ခြေ ၁၈၀၀ ခန့် ပျက်စီး ခဲ့သည်။
          Fukushima ဒေသ အရှေ့မြောက် ဒေသတွင် ဆည်ကျိုး ခဲ့သောကြောင့် အိမ်များ ရေထဲ မျောပါခဲ့ကြောင်း ကျိုဒို သတင်း ဌာနက သတင်း ထုတ်ပြန်ခဲ့သည်။
          တချိန်တည်းမှာပင် Fukushima I နှင့် II မှ ဓာတ်ပေါင်းဖို ငါးခုရှိ အအေးပေး စနစ်သည် ငလျင် ကြောင့် ရပ်ဆိုင်း သွားခဲ့ရာ ဂျပန် အာဏာပိုင်များက အရေးပေါ် အခြေအနေ ကြေညာ ခဲ့ရသည်။
          ဓာတ်ပေါင်းဖိုများမှ ထုတ်လွှတ်သော ရေနွေးငွေ့များတွင် ဓာတ်ရောင်ခြည်များ ယိုစိမ့် နိုင်ကြောင်း သတိ ပေးချက်များ ထုတ်ပြန်ခဲ့ပြီး အဆိုပါ စက်ရုံ နှစ်ခု အနီးရှိ လူထောင်ပေါင်း များစွာ ပြောင်းရွှေ့လျက် ရှိကြောင်း  သိရသည်။
          ဂျပန် နိုင်ငံ တဝှမ်းတွင် ၆.၀ Magnitude ကျော်ရှိ ငလျင်အသေး ငါးဆယ်ကျော် ဆက်တိုက် လှုပ်ခဲ့သည်။
          “ကျွန်တော့် ဘဝမှာ အကြီးဆုံး ငလျင်ပါပဲ။ သေပြီ လို့ ပဲ ထင်လိုက်တာ” ဟု Hakodate ဆိပ်ကမ်းသို့ လာရောက် လည်ပတ်သူ အသက် ၂၂ နှစ် အရွယ် ကျောင်းသား တစ်ဦး ဖြစ်သူ Sayaka Umezawa က ပြောကြားခဲ့သည်။
          တိုကျို မြို့လယ်တွင် ရုံးဝန်ထမ်း အတော် များများသည် ဓာတ်လှေကား အလုပ် မလုပ် နိုင်သဖြင့် ရုံးတွင်ပင် ညအိပ်ကြရသည်။
          ရထားများ ရပ်သွားသောကြောင့် လူသန်းပေါင်း များစွာ ပိတ်မိ နေခဲ့ပြီး အချို့မှာ လမ်းလျှောက်၍ အိမ်ပြန် ကြရသည်။
          တိုကျိုရှိ ဘွဲ့ပေးသည့် အခမ်းအနား တစ်ခုတွင်လည်း ခေါင်မိုး ပြိုကျမှုကြောင့် လူနှစ်ဆယ်ခန့် ဒဏ်ရာ ရခဲ့သည်။
          တိုကျို မြို့တော်နှင့် အနီးတဝိုက်တွင် အိမ်ပေါင်း လေးသန်းခန့် လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုနှင့် ကြုံတွေ့ ခဲ့ရသည်။
          ပစိဖိတ် အနှံ့အပြားတွင် ဆူနာမီ လှိုင်းများသည် ဂျက်လေယာဉ် အမြန်နှုန်းဖြင့် ဖြစ်ပေါ် ခဲ့သော်လည်း ဟာဝိုင်ယီနှင့် အမေရိကန် အနောက်ဖက် ကမ်းခြေသို့ မရောက်မီ အားပျော့ သွားခဲ့သည်။
          ကယ်လီဖိုးနီးယား၊ အိုရီဂွန်နှင့် ဝါရှင်တန်ရှိ ကမ်းရိုးတန်း တလျှောက်ရှိ လူထောင်ပေါင်း များစွာကို ပြောင်းရွှေ့ စေခဲ့သည်။
          အိုရီဂွန်ရှိ ဆိပ်ကမ်း တစ်ခုတွင်လည်း လှိုင်းများကြောင့် ကြီးကြီး မားမား ထိခိုက်မှု ရှိခဲ့သည်ဟု ဆိုသည်။
          ငလျင်ပြီးနောက် ဆူနာမီ သတိ ပေးချက်များကို ပစိဖိတ် တစ်လျှောက် မြောက်မှတောင် အမေရိက တစ်လျှောက် ထုတ်ပြန်ခဲ့ပြီး၊ ကမ်းရိုးတန်း တစ်လျှောက် လူများကို ရွှေ့ပြောင်း စေခဲ့သည်။
          သို့သော် နောက်ပိုင်းတွင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ သြစတြေးလျနှင့် တရုတ် နိုင်ငံ တို့တွင် သတိ ပေးချက်ကို ရုတ်သိမ်း ခဲ့သည်။
--------------------------------------------------------------

တရုတ်ထောင်ချောက် အတွင်း သက်ဆင်းခြင်း မရှိဟု ထိုင်ဝမ်ခေါင်းဆောင် ငြင်းဆို

(AFP သတင်းမှ 8 March 2011 ရက်စွဲပါ “Taiwan’s leader denies falling into China trap” သတင်းကို ဘာသာ ပြန်ဆိုသည်)

ထိုင်ဝမ် သမ္မတ မာရင်ကျိုးက သူ့အား ဘီဂျင်း၏ ထောင်ချောက် အတွင်း သက်ဆင်း သွားခဲ့ကြောင်း စွပ်စွဲချက်ကို ပယ်ချ လိုက်ပြီး တရုတ် ပြည်မကြီးနှင့် စီးပွားရေးအရ ပိုမို ပေါင်းစည်းရေး အငြင်း ပွားဖွယ် မူဝါဒကို ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ် ထားသည်ဟု ပြောကြား လိုက်သည်။

          ထိုင်ဝမ်က ရရှိမည့် ကုန်သွယ်ရေး အကျိုး အမြတ် များအတွက် အပြန် အလှန် အားဖြင့် နိုင်ငံရေး အလျော့ ပေးမှုကို ဘီဂျင်းက အမြတ် ထုတ်မည် ဖြစ်၍ ပြန်လည် ပေါင်းစည်းရေးကို မလွှဲ မရှောင်သာ အောင် ပြုလုပ်ရန် ရည်ရွယ် နေသည် ဟူသော ထိုင်ဝမ် အတိုက်အခံ ပါတီ၏ စွပ်စွဲချက် များကို ငြင်းပယ်ကြောင်း သမ္မတ မာရင်ကျိုးက Financial Times နှင့် အင်တာဗျူးတွင် ပြောကြား ခဲ့သည်။

လာမည့် နှစ်တွင် ပြန်လည် အရွေးခံရန် မျှော်လင့် ထားသော သမ္မတ မာရင်ကျိုးက “လုံးဝ မပေါင်းစည်းရေး၊ လွတ်လပ်ရေး မကြေညာရေး၊ အင်အား အသုံးမပြုရေး စသော လက်ရှိ လိပ်ခဲ တည်းလည်း အနေ အထားကို ကျွန်တော်တို့ ထိန်းသိမ်း သွားမှာပါ” ဟု ပြောကြား ခဲ့ကြောင်း အင်္ဂါနေ့ သတင်းတွင် ဖော်ပြ ထားသည်။

          ထိုင်ဝမ် ကျွန်းသည် ပြည်မကြီးသို့ စီးပွားရေး အရ တံခါးဖွင့် ဝင်ရောက်မည့် လမ်းကြောင်းတွင် လေးပုံ တစ်ပုံမှ သုံးပုံ တစ်ပုံခန့်သာ ခရီးပေါက် သေးသည်။ သို့သော် နိုင်ငံရေး ကိစ္စများ ဆွေးနွေးရန် လိုအပ်သည့် ဖိအားများ မရှိပါဟု မာရင်ကျိုးက ပြောကြားကြောင်း သိရှိရသည်။

“အရေးကြီးဆုံး အချက် ကတော့ ပဋိပက္ခ ဖြစ်မယ့် အလား အလာကို သေးငယ် လျော့ပါးအောင် လုပ်ဖို့ပါပဲ” ဟု ဆက်လက် ပြောကြားခဲ့သည့် သမ္မတ မာရင်ကျိုးက ထိုင်ပေသည် ယခင် ခါးသီးသော ပြိုင်ဖက် ဘီဂျင်းအပေါ် အလွန် အကျွံ မှီခိုရသည့် အနေ အထားသို့ ရောက်လာ တော့မည် ဆိုသည့် အချက်ကို ငြင်းဆို လိုက်သည်။

သမ္မတ မာရင်ကျိုးသည် ဘီဂျင်းနှင့် ချစ်ကြည် ရင်းနှီးရေး မူဝါဒဖြင့် ၂၀၀၈ မေလတွင် အာဏာ ရလာခဲ့ပြီး နောက်ပိုင်း ၎င်း၏ အစိုးရက ကုန်သွယ်ရေးနှင့် ခရီးသွား လုပ်ငန်း ကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်သည့် သဘော တူညီချက် တစ်ဒါဇင်ကျော်ကို တရုတ် ပြည်မကြီးနှင့် လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့သည်။
--------------------------------------------------------

မြန်မာမှ ဘိန်းစိုက်ပျိုး ထုတ်လုပ်သူများ တရုတ်အတွက် ပြဿနာတစ်ရပ်ဖြစ်လာ

(China Daily မှ 10 March 2011 ရက်စွဲပါ “ Poppy farmers in Burma a growing problem in China” သတင်းကို ဘာသာ ပြန်ဆိုသည်)

          အိမ်နီးချင်း မြန်မာ နိုင်ငံမှ တရားမဝင် ဘိန်းစိုက်ပျိုးမှုသည် လွန်ခဲ့သည့်၃နှစ်အတွင်း ၂ဆ ပွားလာခဲ့ပြီး တရုတ် နယ်စပ် ဒေသကို ကာကွယ် နေသူများ အတွက် ကြီးမားသော ပြဿနာ တစ်ရပ် ဖြစ်လာသည်ဟု တရုတ် အနောက် တောင်ပိုင်း ယူနန်ပြည်နယ်မှ ရဲအရာရှိကြီး တစ်ဦးက ပြောကြား လိုက်သည်။

          ယူနန် ပြည်နယ် ပြည်သူ့ လုံခြုရေး ဌာန ညွှန်ကြားရေးမှုး မင်ဆုတိုင်က China Daily နှင့် သီးသန့် အင်တာဗျူး တစ်ခုတွင် ပြောကြားရာ၌ အဆိုပါ ဘိန်းစိုက်ပျိုး ထုတ်လုပ်သူ များသည် ၎င်းတို့၏ မူးယစ် ဆေးဝါး အများစုကို နယ်စပ် ဖြတ်ကျော် ခိုးထုတ်ရန် ကြိုးစား နေကြကြောင်း၊ သို့သော်လည်း မြန်မာ နိုင်ငံမှ တရုတ် နိုင်ငံ တွင်းသို့ တရား မဝင် တင်သွင်း နေသော ဓာတ်ခွဲခန်း ထုတ် မူးယစ် ဆေးပြား များ၏ ပမာဏက ဟီးရိုးအင်းနှင့် ဘိန်း ကဲ့သို့သော သမားရိုးကျ မူးယစ် ဆေးများ၏ ပမာဏထက် ကျော်လွန် သွားပြီ ဖြစ်ကြောင်း ပြောဆို ခဲ့သည်။

ယခု အပတ် ကျင်းပသော အမျိုးသား ပြည်သူ့ ကွန်ဂရက် မျက်နှာ စုံညီ အစည်း အဝေး၏ အဝန်း အဝိုင်းတွင် China Daily နှင့် အင်တာဗျူး ပြုလုပ် ခဲ့သည့် မင်ဆုတိုင်က “မြန်မာ နိုင်ငံရဲ့ ဘိန်း စိုက်ပျိုး ဧကဟာ နှစ်သောင်း ခြောက်ထောင် ရှစ်ရာ ဟတ်တာလောက် ရှိနေပါပြီ” ဟု ပြောကြားသည်။

ဘိန်းစိုက်ပျိုးမှု အနေ အထားကို စောင့်ကြည့်ရန် အတွက် ဂြိုလ်တု ထောက်လှမ်းရေး နည်းပညာဖြင့် လည်းကောင်း၊ မြန်မာ ပြည် မြောက်ပိုင်းကို ကွင်းဆင်း သုတေသန ပြုခြင်းဖြင့် လည်းကောင်း နှစ်နိုင်ငံ စလုံးက ကာလ ရှည်ကြာ ကြိုးပမ်း ရာမှ ရရှိသော သတင်း အချက် အလက် များကို အခြေခံကာ ယခု ကဲ့သို့ ခန့်မှန်း ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

မြန်မာ နိုင်ငံ၏ ဘိန်းစိုက် ပျိုးမှု လတ်တလော ကြီးထွား လာသည်ဟု ဆိုသော်ငြားလည်း ၁၉၉၀ ခုနှစ် များက ဘိန်းစိုက် ဧက ၂၀၁၀၀၀ ဟတ်တာနှင့် နှိုင်းယှဉ်လျှင် ၂၀၀၇ ခုနှစ်တွင် ၁၃၄၀၀ ဟတ်တာသို့ ကျဆင်း သွားသည်ကို နှစ်နိုင်ငံ ပူးတွဲ လေ့လာရေး စီမံချက် အဖွဲ့က တွေ့ရှိ ခဲ့သည်ဟု လည်း မင်ဆုတိုင်က ထောက်ပြသည်။

ယူနန် ပြည်နယ်သည် မြန်မာ၊ လာအို၊ ဗီယက်နမ် နိုင်ငံ များနှင့် ၄၀၆၁ ကီလိုမီတာခန့် နယ်စပ်ချင်း ထိစပ် နေသည်။ အဆိုပါ ဒေသမှ မြန်မာ၊ လာအို နှင့် ထိုင်းနိုင်ငံတို့ သုံး နိုင်ငံ နယ်စပ် ဆုံတွေ့သည့် ရွှေတြိဂံ နယ်မြေသည် ဘိန်းစိုက်ပျိုးမှု ကြောင့် ထင်ရှားသည်။
နယ်စပ် ဒေသ ရှည်လျားခြင်း၊ ဘိန်းစိုက်ပျိုး ဒေသများ နှင့် နီးကပ်ခြင်း တို့ကြောင့် မူးယစ်ဆေး တရား မဝင် သယ်ဆောင်သူ တစ်သောင်းကျော်ကို တရုတ် ရဲများက နှစ်စဉ် ဖမ်းမိလေ့ ရှိသည်။

မြန်မာ နိုင်ငံမှ မူးယစ်ဆေး ကုန်သည်များသည် ယူနန် ပြည်နယ်သို့ မူးယစ် ဆေးဝါး အဓိက ဖြန့်ဖြူးသူ များ ဖြစ်သည်။ ပြည်နယ် အတွင်းသို့ တရား မဝင် သွင်းလာသည့် မူးယစ်ဆေးဝါး ၈၀ %မှ ၉၀ % အတွက် တာဝန် ရှိသူများ ဖြစ်သည်ဟု မင်ဆုတိုင်က ပြောသည်။
ပြီးခဲ့သည့် ငါးနှစ်တာ တရုတ် မြန်မာ ပူးပေါင်း ဆောင်ရွက်မှု ကာလ အတော အတွင်း ဘိန်းနှင့် ဆက်စပ် မူးယစ်ဆေးဝါး တရား မဝင် ရောင်းဝယ်မှုကို တိုက်ဖျက်ရန် ကြိုးပမ်း မှုများ ကြီးကြီးမား မား အောင်မြင်မှု ရခဲ့သည် ဟုလည်း မင်ဆုတိုင်က အလေး ထား ပြောကြားသည်။

ယူနန် ရဲတပ်ဖွဲ့က နှစ်စဉ် ကြားဖြတ် ဖမ်းဆီး ရမိသော ဘိန်းနှင့် ဟီးရိုးအင်း စုစုပေါင်း ပမာဏသည် လွန်ခဲ့သော ငါးနှစ်က ခြောက်တန်- ရှစ်တန်ခန့် လက်ရှိ အချိန်တွင် နှစ်တန် - သုံးတန်သို့ ကျဆင်း သွားခဲ့သည်ဟု ၎င်းက ဆိုသည်။

“သမားရိုးကျ မူးယစ်ဆေးဝါး ကီလိုဂရမ် ငါးရာကျော် ဖမ်းမိတဲ့ အမှုတွေ၊ ကီလိုဂရမ် တစ်ရာကျော် ဖမ်းမိတဲ့ အမှုတွေ အရင် တုန်းက ရှိခဲ့ ပေမဲ့ လက်ရှိ နှစ်တွေမှာ ဒီလို အမှုကြီးတွေ မရှိ သလောက် နည်းသွား ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ယင်းသို့ ကျဆင်း လာခြင်းသည် ဘိန်းစိုက် တောင်သူ အများစုကို ဂျုံ အပါအဝင် ဘိန်း အစားထိုး သီးနှံများ စိုက်ပျိုး အောင် စည်းရုံး နိုင်ခဲ့ခြင်း ကြောင့် ဖြစ်သည်။ သို့သော်လည်း ဓာတ်ခွဲခန်းထုတ် ဓာတု မူးယစ် ဆေးဝါးများ အင်အား ကောင်းကောင်းနှင့် ဝင်ရောက် လာနေသည်ဟု မင်ဆုတိုင်က သတိပေး ပြောကြားသည်။

“မီသိုင်းအင်ဖက်တမင်းနှင့် အက်တာဆီလို ဓာတု မူးယစ် ဆေးအမျိုး အစား သစ်တွေက သမား ရိုးကျ မူးယစ်ဆေးဝါး တွေကို အပြတ် အသတ် ကျော်ဖြတ် သွားပြီး ယူနန် ပြည်နယ် ထဲကို အလုံး အရင်းနဲ့ ဝင်ရောက် နေပါတယ်” ဟု ၎င်းက ဆိုသည်။
ယခင်က ယူနန် ရဲများ တစ်နှစ်လျှင် ဓာတု မူးယစ် ဆေးဝါး ကီလို ဂရမ် ရာဂဏန်းမျှသာ ဖမ်းမိ ခဲ့သော်လည်း ၂၀၁၀ တွင် လေးတန် ကျော်ထိ ဖမ်းဆီး ရမိ ခဲ့သည်ဟု သိရှိ ရသည်။

တားမြစ် မထားသည့် ဆေးဝါးများ အပါအဝင် ပေါင်းစပ် ပစ္စည်းများကို အသုံး ပြုကာ သာမန် ဓာတ်ခွဲခန်း လေးများတွင် အဆိုပါ မူးယစ်ဆေး အမျိုး အစား သစ်များကို အလွယ် တကူ ဖော်စပ် ထုတ် လုပ်နိုင် သည်ဟု မင်ဆုတိုင်က ပြောကြားသည်။

ယူနန် လက်နက်ကိုင် တပ်ဖွဲ့ အကြီးအကဲ ဝမ်ဟိုင်လျန်၏ အဆို အရ လွန် ခဲ့သောငါးနှစ် အတွင်း လက်နက်ကိုင် မူးယစ် ကုန်သည်များနှင့် ပစ်ခတ်မှု ဖြစ်စဉ် များတွင် ရဲ အရာရှိ ၂၅ ဦး အသက် ဆုံးရှုံး ခဲ့ရသည်ဟု သိရသည်။ ၂၀၁၀ တစ်နှစ်တည်းမှာပင် လက်နက်များနှင့် ဆက်စပ်နေသည့် မူးယစ် ဆေးဝါး အမှု ၂၈ မှု ရှိသည်ဟု ဆိုသည်။

ယူနန် ပြည်နယ် အတွင်းသို့ မူးယစ် ဆေးဝါးများ တရား မဝင် ခိုးသွင်းသည့် နည်းလမ်း များမှာလည်း အမျိုးမျိုး ပြောင်းလဲ နေသည်။ အချို့ ကုန်သည်များက မူးယစ် ဆေး ပျော်ဝင် နေသည့် ရေထဲသို့ အဝတ် အစားများ နှစ်ကာ စုပ်ယူ ပြီး နယ်စပ်ကို ဖြတ်ကျော် ပြီးချိန်တွင် အဝတ်မှ ဆေးရည်ကို ပြန်ညှစ်ယူကာ ဆေးပြား ပြန်ချက်သည်ဟု မင်ဆုတိုင်က ပြောကြားသည်။

“မူးယစ်ဆေး ပြဿနာကို ကိုင်တွယ်ဖို့ တရုတ် နိုင်ငံက တာဝန် သိသိနဲ့ လုပ်ဆောင် ခဲ့ပါတယ်၊ လမ်းက အချိုး အကွေ့ အလိမ် အကောက်တွေ များပေမဲ့ တောက်ပတဲ့ အနာဂတ်ကို မြင်နေ ရပါပြီ” ဟု မင်ဆုတိုင်က သုံးသပ် ပြောကြားသည်။
----------------------------------------------------------------
 
တရုတ်လွှတ်တော် ဥက္ကဋ္ဌက ပါတီစုံ စနစ်ကို မသင့်တော်ဟု ငြင်းပယ်

(AFP သတင်းမှ 11 Mar 2011 ရက်စွဲပါ China congress chief rules out multi-party system သတင်းကို ဘာသာ ပြန်ဆိုသည်)

          တရုတ် နိုင်ငံ၏ လွှတ်တော် ဥက္ကဌက ကြာသ ပတေးနေ့တွင် မိန့်ခွန်း ပြောကြားရာ၌ ပါတီစုံ ဒီမိုကရေစီ စနစ် သို့ ကူးပြောင်းရန် မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ရာ၊ ယခင်နှစ်က ဝန်ကြီးချုပ် ဝမ်ကျားပေါင်၏ မှတ်ချက်များက အစပျိုး ပေးခဲ့သည့် နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး မျှော်လင့်ချက် များကို ရေအေးဖြင့် ပက်ဖြန်း ငြိမ်းသတ် သကဲ့သို့ ဖြစ်သွားသည်။

          တရုတ်နိုင်ငံ ခေါင်းဆောင်ပိုင်းတွင် သမ္မတ ဟူကျင်းတောင် ပြီးလျင် တရားဝင် နံပါတ်နှစ် အဆင့် ရှိသော ဖူဘန်ရှိက လွှတ်တော် နှစ်ပတ်လည် အစည်း အဝေးတွင် မိန့်ခွန်း ပြောကြားစဉ် “ကွန်မြူနစ် ပါတီ လွှမ်းမိုးသော စနစ်ကို စွန့်လွှတ်ခြင်းသည် ဗရမ်းဗတာ အခြေအနေကို ဖြစ်ပေါ် စေနိုင်ကြောင်း ပြောကြားခဲ့သည်။

          “တကယ်လို့ ကျွန်တော်တို့ ဗျာများနေမယ် ဆိုရင် ရရှိ အောင်မြင် ထားပြီး ဖြစ်တဲ့ ဖွံ့ဖြိုး တိုးတက်မှု အသီး အပွင့်တွေကို ဆုံးရှုံး သွားမှာပါ။ တိုင်းပြည် ကလည်း ပြည်တွင်း ဝိရောဓိ ပဋိပက္ခ ချောက်ကမ်းပါးထဲကို ကျသွား နိုင်ပါတယ်”ဟု ရှုဘန်ဂိုက ၎င်း သဘာပတိအဖြစ် ဆောင်ရွက်သော အမျိုးသား ပြည်သူ့ ကွန်ဂရက် (လွှတ်တော် အစည်းအဝေး) တွင် ပြောကြားလိုက်သည်။

          တရုတ်နိုင်ငံ အတွက် သင့်တော်သည့် တစ်ခုထဲသော စနစ်မှာ အာဏာရှင် အုပ်ချုပ်ရေး စနစ်သာ ဖြစ် သည် ဆိုသော အယူအဆကို တိုင်းပြည်အား သွတ်သွင်းရန် အတွက် ကွန်မြူနစ် ပါတီက ဂူဘန်ဂို၏ နှစ်စဉ် မိန့်ခွန်း ကို အသုံးပြုလေ့ ရှိခဲ့သော်လည်း ကြာသပတေးနေ့က မိန့်ခွန်းကမူ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုကို အားပေးမည် ဟု အများက ယူဆခဲ့သည့် ဝမ်ကျားပေါင်၏ ပြီးခဲ့သော သြဂုတ်လက မှတ်ချက်များ အပေါ် နောက်ဆက်တွဲ အဖြစ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

          မနှစ်က သြဂုတ်လတွင် တောင်ပိုင်း ရန်ဇင်းမြို့တော်၌ ဝမ်ကျားပေါင်က တရုတ် နိုင်ငံသည် နိုင်ငံရေး စနစ် ပြုပြင် ပြောင်းလဲရေးကို တွန်းအား ပေးရမည် ဖြစ်ကြောင်း နိုင်ငံသားများ၏ ဒီမိုကရေစီ အခွင့် အရေးများကို မြှင့်တင်ရမည် ဖြစ်ကြောင်း အစိုးရ၏ အာဏာကို စစ်ဆေး ထိန်းကျောင်း ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။

          အထက်ပါ မှတ်ချက်များ အပါအဝင် CNN နှင့် မရှေးမနှောင်း ပြုလုပ်သော အင်တာဗျူးတွင် ထိပ်ပိုင်း ခေါင်းဆောင်များ အကြား သဘော ကွဲလွဲမှု ရှိနေကြောင်း မှန်းဆမှုများ ပေါ်ထွက် လာခဲ့သည်။ အထူးသဖြင့် အဆိုပါ ကိစ္စအပေါ် နောက်ပိုင်း ပြောဆိုသည့် မှတ်ချက်များ အားတက် သရော မရှိသည့် သမ္မတ ဟူကျင်းတောင်နှင့် ဝန်ကြီးချုပ် ဝမ်ကျားပေါင်တို့ သဘောထား မတိုက် ဆိုင်ကြဟု ယူဆ ခဲ့ကြသည်။
--------------------------------------------------------------
 
တရုတ်က စီးပွားရေး စီမံကိန်းကို အတည်ပြု၊ နိုင်ငံရေး ပြောင်းလဲမှု မလုပ်ဟုဆို

(Associated Press မှ 14 March 2011 ရက်စွဲပါ Christopher Budeen ရေးသားသော “China Approves Economics Plan, No Political Changes” ကို ဘာသာပြန်ဆိုသည်။)

          တရုတ် နိုင်ငံသည် စားသုံး သူများ၏ လိုအပ် ချက်များ ဖြည့်ဆည်း နိုင်ရန် ရည်ရွယ်၍ လာမည့် ငါးနှစ် အတွက် စီးပွားရေး စီမံကိန်းများကို အတည် ပြုခဲ့ပြီး နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု အတွက် လမ်းစ များကိုမူ ပယ်ချ ခဲ့ကြောင်း တနင်္လာနေ့က ၎င်း၏ နှစ်ပတ်လည် ဥပဒေပြု အဖွဲ့ အစည်း အဝေး အပြီးတွင် အတည် ပြု ခဲ့သည်။

          ငါးနှစ် စီမံကိန်းတွင် လျင်မြန်သော စီးပွားရေး တိုးတက်မှုမှ အရည် အသွေး ပိုမို မြင့်မား ရေးကို ဦးတည်ရန် ရည်မှန်း ချက် ပြောင်းရန် ပြုလုပ် ထားသည်။ ထို့အပြင် အဆက် မပြတ် ဖွံ့ဖြိုး တိုးတက်ရန် အထူးသဖြင့် ဝန်ဆောင်မှု လုပ်ငန်းများနှင့် ချမ်းသာမှု ခွဲဝေမှု ပိုမို ကျယ်ပြန့်ရေး များကို အထူး အလေး ပေးမည် ဖြစ်သည်။ အကယ်၍ အကောင် အထည် ဖော်နိုင် ခဲ့ပါက ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေးကို စရိတ် သက်သာသော စက်ရုံက အဓိက စားသုံးသူ ဈေးကွက်သို့ အသွင် ပြောင်း နိုင်မည် ဖြစ်သည်။

စားသုံးသူ ဈေးကွက် ကြီးလာမှသာ သွင်းကုန် တိုးမြင့်ရေးကို အထောက် အကူ ပြုမည် ဖြစ်ပြီး တရုတ် နှင့် အမေရိကန် အခြား စီးပွားရေးများ အကြား ရှိ တရုတ်၏ ကုန်သွယ်မှု ပိုငွေ ကွာဟမှုကို ကျဉ်းမြောင်း သွားစေမည် ဖြစ်သည်။

တရုတ်သည် ငွေများကို ကုမ္ပဏီများ ထံမှ လူတစ်ဦးချင်းဆီသို့ ပြောင်းရွှေ့ရန် လိုအပ် နေပါသေးသည်။ သို့မှသာ တရုတ် နိုင်ငံ၏ ဆင်းရဲသော လူများစုနှင့် ချမ်းသာသော ပညာတတ်များနှင့် တိုးတက် လာနေသော လူလတ် တန်းစားများ အကြား ကွာဟမှု ကျဉ်းမြောင်း လာမည် ဖြစ်သည်။

ကျယ်ပြန့်စွာ ချမှတ် ထားသော စီမံကိန်းတွင် ကျေးလက် ကျန်းမာရေး စောင့်ရှောက်မှုတွင် ပိုမို သုံးစွဲရန်နှင့် အလုပ် မရှိသော လယ်သမား များအတွက် အလုပ်အကိုင် ရှာဖွေပေးရန် ကတိများ ပါဝင်သည်။ ထိုသို့ ပြုလုပ် ခြင်းကြောင့် ဝန်ဆောင်မှု လုပ်ငန်းနှင့် စားသုံးသူ လိုအပ်ချက် ပိုမို တိုးတက် လာရေး အတွက် ခြေလှမ်း တစ်ရပ်ပင် ဖြစ်သည်။

အဖွဲ့ဝင် သုံးထောင် နီးပါးရှိ အမျိုးသား ပြည်သူ့ ကွန်ဂရက်သည် ဆယ်ရက် အကြာ အစည်း အဝေး ပြုလုပ် ပြီးနောက် စီးပွားရေး စီမံကိန်းကို တနင်္လာနေ့က အတည်ပြု ခဲ့သည်။ ယခု ငါးနှစ် စီမံကိန်းသည် ဗဟို စီမံကိန်းနှင့် အတူတူ ပင် ဖြစ်သည်။ သို့သော် ကွန်မြူနစ် ပါတီ၏ ရည်မှန်းချက် ပန်းတိုင် အတွက် အသုံးဝင်မည့် လမ်းပြ မြေပုံ ဖြစ်သည်။

အစိုးရက ပြောကြား ရာတွင် ကွန်ဂရက် အစပိုင်းတွင် ယခုနှစ်၌ ကာကွယ်ရေး အသုံး စရိတ် ၁၂.၇% မြှင့်တင်ရန် စီစဉ် ခဲ့သည်ဟု ဆိုသည်။ ဥပဒေ ရေးရာ ပြောခွင့်ရ ပုဂ္ဂိုလ်က ဘေဂျင်း၏ စစ်တပ် ကြီးထွား လာမှုသည် ၂၀၁၀ တွင် ဂဏန်း နှစ်လုံးသို့ ရောက်ရှိ လာရာ အခြား တိုင်းပြည်များကို ခြိမ်းခြောက်ခြင်း မဟုတ်ဟု ဆိုသည်။

ယခု စီးပွားရေး အသွင် ပြောင်းလဲမှုသည် လာမည့် နှစ်တွင် သမ္မတ ဟူကျင်တောင်နှင့် အခြား ပါတီ ခေါင်းဆောင်များက ငယ်ရွယ်သော မျိုးဆက်သစ်များသို့ အာဏာ လွှဲပြောင်းရန် ပြင်ဆင် နေချိန်တွင် လုပ်ဆောင် လာခြင်း ဖြစ်သည်။ ၎င်းတို့သည် အသွင် ကူးပြောင်းရေးကို ချောမွေ့အောင် ကြိုးစား လုပ်ဆောင် နေကြခြင်း ဖြစ်သည်။

ကျန်းမာရေး စောင့်ရှောက်မှု တိုးချဲ့ရန် စီစဉ်ခြင်းမှာ စားသုံးသူများ အသုံး စရိတ်များ ရရှိရေး အတွက် ငွေများ ဖော်ထုတ် ပေးခြင်း ဖြစ်ပြီး ပိုမို စားသုံးမှုကို ဖြစ်စေသော တွန်းအား ဖြစ်သည်။

တရုတ် နိုင်ငံ၏ ကျေးလက် များတွင် လူဦးရေ သန်း ၈၀၀ ခန့် နေထိုင် ကြရာ စီမံကိန်းတွင် လယ်ယာ စိုက်ပျိုးရေး ခေတ်မီရေးနှင့် သီးနှံ ထုတ်လုပ်မှု တိုးတက်ရေး များအတွက် ပိုမို အသုံး ပြုရန် ကတိ ကဝတ်များ ပါဝင်သည်။ ဘေဂျင်း၏ အဓိက စိုးရိမ် ပူပန်မှုမှာ စားနပ် ရိက္ခာ လုံလောက်မှု အတွက် ဦးစား ပေးရေး ဖြစ်သည်။

၂၀၁၅ နှစ်ကုန် ထိ အကောင် အထည် ဖော်မည့် အဆိုပါ စီမံ ကိန်းတွင် လူမှုရေး အသုံး စရိတ်များ ပိုမို မြင့်မား လာရေး၊ ငွေဖောင်းပွမှု ထိန်းချုပ် နိုင်ရေးနှင့် ဆင်းရဲ ချမ်းသာ ကွာဟမှု မရှိရေး အမြန်ဆုံး ဖြစ်စေရန် လုပ်ဆောင် နိုင်ရေးများကို ဖော်ပြ ထားသည်။ လူနေမှု အဆင့် မြင့်လာခြင်း၊ ပိုမို ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးခြင်းနှင့် ဥပဒေ လိုက်နာ အောင် တင်းတင်း ကြပ်ကြပ် ပြုခြင်း များသည် ပြည်သူက နိုင်ငံရေး ပြောင်းလဲမှု အတွက် မျှော်လင့်ချက် ကြီးထွား လာမှုကို လျော့နည်း သွားစေနိုင်သည်ဟု ဆိုသည်။

တရုတ် ခေါင်းဆောင်များ မကြာ သေးမီက ထပ်တလဲလဲ ပြောခဲ့သော အချက်မှာ အာဏာရှင် အစိုးရသည် လူထုကြား မငြိမ်သက်မှု များကို မဖြစ်စေရန် အရေး ကြီး သဖြင့် မူဝါဒများ ပေါင်းစပ် ကျင့်သုံး ခဲ့ရသော်လည်း ယခု အခါ ပိုမို ချမ်းသာ ကြွယ်ဝရေးနှင့် ပို၍ မျှော်လင့် လာခြင်းကို သဘော ပေါက်လာပြီ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယခု အခါ အစိုးရက တိုး၍ စိုးရိမ် လာရသော အချက် တစ်ခုမှာ အွန်လိုင်းမှ တရုတ် ပြည်သူများ အား တူနီးရှားနှင့် အီဂျစ်တွင် အာဏာရှင် များအား ဖြုတ်ချ သကဲ့သို့ တနင်္ဂနွေ နေ့တိုင်း ငြိမ်းချမ်းစွာ ချီတက်ရန် ဆွဲဆောင် နေမှုများ ဖြစ်သည်။ လွန်ခဲ့သော တစ်လကျော် အင်တာနက်မှ နှိုးဆော်ချက်များ ထွက်ပေါ် ပြီးချိန်မှ စ၍ ဘေဂျင်းတွင် လုံခြုံရေးများ ထူထပ်စွာ ချထား ခဲ့ရသည်။

အစိုးရသည် ပညာရေး၊ အလုပ် အကိုင် ဖန်တီးရေး၊ ဝင်ငွေ နည်းသူများ အတွက် အိမ်ရာများ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပင်စင်နှင့် လူမှုရေး အာမခံများတွင် တိုးတက်၍ ၁၂.၅% တိုး သုံးမည် ဖြစ်သည်။ ရဲ၊ တရားရုံး ရှေ့နေ၊ အခြား ပြည်တွင်း လုံခြုံရေး တို့တွင် စစ်တပ် ဘတ်ဂျက်ထက် ကျော်လွန်၍ ၁၃.၈% တိုးသုံးကာ ဒေါ်လာ ၉၅ ဘီလျံ သုံးစွဲမည် ဖြစ်သည်။
------------------------------------------------------

အသက်အန္တရာယ် စိုးရိမ်ဖွယ် မြန်မာ့အဝေးပြေးလမ်း

(Asia Sentinel မှ 10 March 2011 ရက်စွဲပါ “Burma’s Highway of Death” ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

အဝေးပြေး လမ်းသစ်ကြီး မကျွမ်းကျင်သော ယာဉ်မောင်းများနှင့် ပြုပြင် ထိန်းသိမ်းခြင်း ညံ့ဖျင်းမှုတို့ အားလုံး ပေါင်းဆုံ သွားမှုက ကြေကွဲ ဝမ်းနည်းစရာ များကို ဖြစ်ပေါ် စေသည်။

          နှစ်ပေါင်း များစွာ အတွင်း ကုန်ကျ စရိတ် အကြီးမားဆုံးဖြင့် တည်ဆောက်ခဲ့သော ၃၂၀ ကီလိုမီတာ ရန်ကုန်-နေပြည်တော် အဝေးပြေး ကွန်ကရစ်လမ်းကို မြန်မာ့ ပထမဆုံး နိုင်ငံတကာ အဆင့်မှီ ကားလမ်း အဖြစ် ဖွင့်လှစ် ပေးခဲ့ရာ နောက်ဆုံးတွင် ဆိုက်ကား၊ နွားလှည်းနှင့် လူတစ်ဖက်စာ ကျင်းပေါက်ကြီး များကို ရှောင်စရာ မလိုတော့ပဲ သင်၏ လင်ခရူဆာ ကားသစ်ကို လီဗာတစ်ဆုံး ဖိနင်း နိုင်ပြီပာု ဆိုရပါမည်။

          ရှုပ်ထွေးမှု မရှိခြင်း၊ လူသူ နည်းပါးခြင်းနှင့် လုံလောက်သော ကျယ်ဝန်းမှု တို့ကြောင့် အဆိုပါ လမ်းသည် အထူးသဖြင့် မြို့သစ် တည်သူတို့၏ အမြင်တွင် နေပြည်တော်နှင့် ပတ်သတ် လာလျှင် အားလုံး ကောင်းပါသည်ပာု ယူဆစရာ ဖြစ်စေသည်။ ယခင်က အနည်းဆုံး ၇ နာရီခန့် ကြာသော ခရီးသည် ယခုအခါ ၄ နာရီပင် မောင်းစရာ မလိုတော့ပဲ ယာဉ်ရှုပ်ထွေးမှုလည်း နည်းပါးပြီး တရက်လျှင် မော်တော်ယာဉ် ၅၀၀၀ ခန့်သာ ဖြတ်သန်းသည်ပာု ခန့်မှန်းရသည်။

          သို့သော်လည်း ၂၀၀၉ ခုနှစ် အစောပိုင်း လမ်းဖွင့် ပြီးချိန်မှ စ၍ ယာဉ်မတော်တဆဖြစ် သေဆုံးမှု များက ဒုက္ခ ပေးခဲ့သည်။၂၀၁၀ နှစ်ကုန်တွင် ရရှိသော တရားဝင် ကိန်းဂဏန်းများက ဆိုးဝါးသော ယာဉ်မတော်တဆ ဖြစ်မှု ၁၅၆ မှုတွင် လူ ၈၀ သေဆုံးကာ ၂၇၈ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ဖြစ်နေသော်လည်း အမှန်တကယ် အရေ အတွက်မှာ ပို၍ များပြားဖွယ် ရှိသည်ပာု ဆိုသည်။

          ယာဉ်တစ်စင်းထဲ မတော်တဆ တိမ်းမှောက်မှု တစ်ခုတွင် ရန်ကုန် မြို့တော်ဝန် ဦးအောင်သိန်းလင်း၏ မွေးကင်းစ အရွယ် မြေးကလေး သေဆုံးခဲ့မှု သည် လူသိများသော ဖြစ်ရပ် ဖြစ်သည်။ သေဆုံးသူ တစ်နှစ်သား အရွယ် ဆက်နိုင်လင်း၏ မိဘများ ဖြစ်သော မြို့တော်ဝန်၏ သားနှင့် ချွေးမမှာမူ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာ ရခဲ့သည်ပာု သိရှိ ရသည်။

          မကြာသေးမီက အကယ်ဒမီ ဆုပေးပွဲ ပြုလုပ်သော သီတင်းပတ်တွင် မော်တော်ကားဖြင့် ခရီး သွားခဲ့သော ဂျပန် နိုင်ငံသား တစ်ဦး အပါအဝင် အစိုးရ ဝန်ထမ်း၃ ဦး သေဆုံးခဲ့သည် ပာုလည်း ကြားသိ ရသည်။

          အကျိုးသင့်၊ အကြောင်းသင့် အဖြေများ ရှားပါးလွန်းသော တိုင်းပြည် တစ်ခုတွင် ၂၀၀၅ ခုနှစ်က မြို့တော် ပြောင်းရွှေ့မှုသည် ဗေဒင် အယူ အဆကြောင့်ပာု အကဲခတ် လေ့လာသူများ ယူဆစရာ ဖြစ်စေ သကဲ့သို့ ယခု လူအသေပျောက် များပြား လွန်းသော နေပြည်တော် အဝေးပြေးလမ်း ယာဉ်တိုက်မှုများ အတွက် ကျိုးကြောင်း ခိုင်လုံသည့် ဖြေရှင်းမှု ရရှိရန် အထပ်ထပ် သုံးသပ်မှု ပြုလုပ်ရပါမည်။

          ပထမဦးဆုံးနှင့် အရေးကြီးဆုံးမှာ လမ်းအန္တရာယ် ကင်းရေး စံချိန် စံညွှန်းများကို ထိထိ ရောက်ရောက် လုပ်ဆောင်ရန် ပျက်ကွက်မှု၏ ရလဒ် ဖြစ်သည် ဆိုသော အချက်ပင် ဖြစ်သည်။ မော်တော်ယာဉ် ပြုပြင် ထိန်းသိမ်းမှု ဆိုသည် မှာလည်း ဝေလာဝေးပာု ဆိုရမည်။ မော်တော်ယာဉ် များကို တစ်စစီ ကျိုးပဲ့မှသာ ပြုပြင်ကြပြီး တာယာများ မကွဲထွက်မီ လဲလှယ်ခြင်း သည်လည်း ချမ်းသာသူ အနည်းငယ်သာ တတ်နိုင်သော ကိစ္စတစ်ခု ဖြစ်နေသည်။ ယာဉ်ထိန်းရဲများက  ကားများကို တားကာ   ယာဉ် မှတ်ပုံတင် စစ်ဆေးရာ တွင်လည်း “မောင်းနှင်ရန် သင့်လျှော်မှု” ကိစ္စ လုံးဝ မပါဝင်ပါ။ ဖွံ့ဖြိုးဆဲ နိုင်ငံ အများစု ကဲ့သို့ပင် မြန်မာနိုင်ငံတွင် ပြဋ္ဌာန်း ထားသော လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း ဥပဒေများကိုလည်း လမ်းအသုံးပြုသူ များအား အကာ အကွယ် ပေးခြင်းထက် စားဝတ် နေရေး ပိုက်ဆံရှာရန် အတွက်သာ ယာဉ်ထိန်းရဲများက အသုံးချ နေကြပါသည်။

          WHO ၏ ၂၀၀၉ ခုနှစ် လမ်း အန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြချက် အရ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ ပြီးလျှင် အာဆီယံ ဒေသတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးမှု ဒုတိယ အများဆုံး နိုင်ငံ ဖြစ်ကြောင်း တွေ့ရှိရသည်။ အရက်သောက် မောင်းနှင်မှုနှင့် အရှိန်လွန် မောင်းနှင်မှုများကို တားမြစ် ထားသည့်တိုင် ဥပဒေများကို ထိရောက်စွာ အကောင် အထည် ဖော်မှု အားနည်း ခြင်းကြောင့် မြန်မာ နိုင်ငံ လမ်းများ ပေါ်မှ များပြားသော သေဆုံးမှု များကို ဖြစ်ပွား စေခဲ့သည်။

          အထက်ပါ ပြဿနာ၏ အကျိုးဆက် များမှာ ရန်ကုန် ဆင်ခြေဖုံး လမ်းများ ပေါ်တွင် မရှိသလောက် ရှားပါး သော်လည်း ကျယ်ပြော လွန်းသော အဝေးပြေးလမ်း ပေါ်တွင်မူ တစ်မူ ကွဲပြား နေသည်ပာု ဆိုရမည်။ ယင်းဖြစ်ရပ် များသည် နေပြည်တော် အဝေးပြေး လမ်းကို မကြာခဏ အသုံးပြု နေကြရသော စီးပွားရေး လုပ်ငန်းရှင်များနှင့် အစိုးရ ဝန်ထမ်းများ အတွင်း ဖြစ်ပွားနေခြင်း ဖြစ်သည်။ နောက်ဆုံးပေါ် မော်ဒယ် မော်တော်ယာဉ်၏ တာယာများ ပွင့်ထွက်ကာ မြို့တော်ဝန်၏ မြေးကလေး အသက်ကို နှုတ်ယူသွားခဲ့သည့် ဖြစ်ရပ်မျိုးနှင့် အလားတူ ပုံစံတူ ဖြစ်ရပ်များ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

          သတ်မှတ် အမြန်နှုန်းထက် ကျော်လွန်မှုနှင့် မေးခွန်း ထုတ်စရာ လမ်းဒီဇိုင်းတို့ ပေါင်းလိုက် သောအခါ ကားဘီးများ လေဖိအား ပုံမှန်ထက် ပို၍ မြင့်လာသည်။ ယာဉ်ကြော ရှင်းလင်းနေမှု ကလည်း ယာဉ်မောင်းသူများအား တစ်နာရီလျှင် ၁၅၀ ကီလိုမီတာထက် ကျော်သွားအောင် အားပေး တိုက်တွန်းသလို ဖြစ်နေသည်။ အဝေးပြေး လမ်းပေါ်မှ ကားအများစုတွင် လုံခြုံရေး ခါးပတ် ပါသော်လည်း အသုံးပြုမှု နည်းပါးသည်။ (မြန်မာ မော်တော်ယာဉ် ဥပဒေများတွင် ယာဉ်မောင်းသူနှင့် ခရီးသည်များ လုံခြုံရေး ခါးပတ် အသုံးပြုရန် ကြတ်မတ်ထားခြင်း မရှိပါ။)

          ယခင်နှစ် ပြည်တွင်း မီဒီယာပါ သတင်း တစ်ပုဒ်က ယာဉ်မောင်းသူ အများစု၏ သဘော သဘာဝကို ပြသနေသည်။ ပြီးခဲ့သော နိုဝင်ဘာ လကုန်က  ယာဉ်မတော်ဆမှု တစ်ခုတွင် သေဆုံးခဲ့သည့် ရန်ကုန်မှ မိသားစုဝင် ၄ ဦး၏ ဆွေမျိုး တစ်ယောက်က ပြောကြား ထားသည့် အတိုင်း မီဒီယာများက ဖော်ပြခဲ့ရာ “အဝေးပြေး လမ်းပေါ်တွင် အရှိန်လျှော့ရန် ပြောသည့် အခါ တိုင်းတွင် ထိုမိသားစုထဲမှ ဖခင် ဖြစ်သူက ရန်ကုန် နေပြည်တော် ခရီးကို အချိန် ၃ နာရီ ခွဲမျှနှင့် ရောက်အောင
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

Sanctions များသည် မြန်မာနိုင်ငံအတွက် ဘေးဖြစ်စေသလား၊ ကုထုံးလားဆိုသည်ကို ကျွမ်းကျင်သူများသဘောကွဲလွဲ

(DW.World.DE မှ 10 Mar 2011 ရက်စွဲပါ Experts differ on whether sanctions are a curse or cure for Burma ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

            မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများက အရေးယူဒဏ်ခတ်မှု Sanctions များချမှတ်ထားခဲ့သည်မှာ နှစ်ပေါင်း ၂၀ ရှိခဲ့ပြီဖြစ်သည်။ ယခုအခါ International Crisis Group က ၎င်း၏ နောက်ဆုံးအစီရင်ခံစာတွင် အဆိုပါ Sanctions များ ရုတ်သိမ်းရန် တောင်းဆိုထားသော်လည်း အခြား NGO အုပ်စုများကမူ ယင်းသို့ပြောင်းလဲရန် အရေးကြီးသည် ဆိုသော အချက်ကို သံသယရှိနေကြသည်။

            ပြီးခဲ့သော နိုဝင်ဘာလက မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများ ကျင်းပခဲ့ပြီး ဖြစ်သည်။ Internation Crisis Group က မြန်မာနိုင်ငံမှ ဆောင်ရွက်ဆွဲနိုင်ငံရေးအသွင်ပြောင်းမှုသည် ကြီးမားသော ပြုပြင် ပြောင်းလဲမှုကို တိုက်တွန်းအားပေးရန် အခွင့်အလမ်းကိုဖြည့်ဆည်းပေးလိမ့်မည်ဟု ယူဆ လျက်ရှိသည်။
            ICG အုပ်စု၏ မြန်မာနိုင်ငံဆိုင်ရာ နောက်ဆုံးအစီရင်ခံစာကို ပူးတွဲရေးသားသူ Richard Horsey က မြန်မာ စစ်ဖက်အုပ်ချုပ်သူများအား ပုံစံသစ်ဖြင့် ချဉ်းကပ်ဆက်ဆံရလိမ့်မည်ဟု ယုံကြည်နေပါသည်။ တကယ်လို့ နိုင်ငံတကာက မြန်မာအစိုးရဟောင်းကို တုန့်ပြန်ခဲ့တဲ့ ပုံစံအတိုင်း အခုအစိုးရသစ်ကို ဆက်ဆံမညဆိုရင် သူတို့ဖက်ကလည်း သူတို့ရဲ့ မူဝါဒတွေပြောင်းလဲဖို့ လိုအပ်တယ်လို့ ယူဆစရာအကြောင်းရှိလာမှာမဟုတ်ပါဘူး ဟု ၎င်းက ပြောကြားပါသည်။

            ယခုအချိန်သည် မြန်မာခေါင်းဆောင်သစ်များအား လမ်းကြောင်းသစ်ဖြင့် တွန်းအားပေးရန်၊ အကယ်၍ မြန်မာ အစိုးရကသာ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပိုမိုပြုလုပ်လာပါက အနောက်နိုင်ငံများကလည်း ယခင်နှင့် ကွဲပြားစွာတုန့်ပြန်ဆက်ဆံကြမည်ဆိုသည်ကို စည်းရုံးနားချရန် အချိန်အခါပင်ဖြစ်မည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။ “ဘာကိုပဲလုပ်လုပ်၊ တူညီတဲ့ တုန့်ပြန်မှုရှိလိမ့်မည်ဆိုတာကို အနောက်နိုင်ငံမူဝါ ဒတွေက လက်ရှိပြသနေပါတယ်။ Sanctions တွေဟာ အပြောင်းအလဲကို အားပေးဖော်ဆောင်နိုင်မယ့် နည်း လမ်းမဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားသည်။

Sanctions များကျဆုံးခဲ့ပြီ

            မြန်မာနိုင်ငံမှ လူ့အခွင့်အရေး အနေအထားတိုးတက်လာစေရန် မူလက ရည်ရွယ်ချမှတ်ခဲ့သော Sanctions များ သည် အဆိုပါရည်မှန်းချက်အောင်မြင်အောင်မစွမ်းဆောင်နိုင်ခဲ့ဟု Horsey က စောဒက တက်ပါသည်။ အဆိုပါ Sanctions များတွင် မြန်မာနိုင်ငံအား လက်နက်ရောင်းချမှုပိတ်ပင်ခြင်းနှင့် မြန်မာနိုင်ငံမှ ကျောက်မျက်၊ ကျွန်းသစ်၊ သတ္တုများ ဝယ်ယူမှု ပိတ်ပင်ခြင်းလည်း ပါဝင်သည်။ သို့သော်လည်း Sanctions များ၏ ထိရောက်မှုမှာ မရှိသလောက် အားပျော့ကျဆင်းလာကာ မရည်ရွယ်သော သာမန်ပြည်သူများကိုသာ ပို၍ပို၍ ထိခိုက်နစ်နာစေခဲ့သည်ဟု Horsey က ဆိုပါသည်။ Horsey က မြန်မာ နိုင်ငံ၏ အနေအထားကို ကျူးဘားနိုင်ငံနှင့် နှိုင်းယှဉ်ပြကာ Sanctions များသည် အချိန်ကြာလာသည်နှင့်အမျှ ပြုပြင် ပြောင်းလဲရေးအတွက် ကရိယာ တစ်ခု ဖြစ်မလာပဲ ပိုမိုခက်ခဲသည့် အတားအဆီး တစ်ခုသာဖြစ်လာခဲ့သည်ဟု ပြောကြားခဲ့ သည်။ ထို့အပြင် အနောက်နိုင်ငံများ၏ အရေးယူဒဏ်ခတ်၊ ပစ်ပယ်ထားရေးမူဝါဒသည် လူအများ ရင်းနှီးမြှုပ်နှံရန် ဆန္ဒ မရှိသည့် အခြေအနေတစ်ရပ်ကို ဖန်တီးခဲ့သည်ဟု ၎င်းက ဆိုပါသည်။

အခြားအကြောင်းအရာများ

            သို့သော်လည်း လန်ဒန်အခြေစိုက် Burma Campaign UK အုပ်၏ ဒါရိုက်တာ Marc Farmaner က မူ အထက်ပါ အယူအဆကို သဘောတူခြင်းမရှိပါ။ မြန်မာပြည်သူအများစု မှီခိုအသက်မွေးဝမ်းကျောင်းနေသည့် လယ်ယာစိုက်ပျိုးရေး ကဲ့သို့သော နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံခြင်းကို Sanctions များက တားဆီးထားခြင်း မရှိပါဟု သူက ထောက်ပြပါသည်။

            ပြည်ပရင်းနှီးမြှုပ်နှံမှုချို့တဲ့ခြင်း၏ နောက်ကွယ်မှအကြောင်းရပ်များမှာ နိုင်ငံတွင်း အဂတိလိုက်စားမှု၊ အခြေအနေ မတည်ငြိမ်မှုနှင့် သာမန်ပြည်သူများ၏ စားဝတ်နေရေးကို စစ်ဗိုလ်ချုပ်များက စိတ်ဝင်စားခြင်းမရှိမှု တို့သာဖြစ်သည်ဟု ၎င်းကဆိုပါသည်။

            ICG က အပင်မှား၍ အခေါက်ခွာနေခြင်းသာဖြစ်ပါသည်ဟု Marc Farmaner က ယူဆပါသည်။ “သူတို့က Sanctions တွေကို ကန့်ကွက်ခဲ့တာနှစ်တော်တော်ကြာပါပြီ။ Sanctions တွေရုတ်သိမ်းဖို့အကြောင်းပြချက် အနေနဲ့ မြန်မာ နိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲ တစ်စုံတစ်ရာမရှိတာကို ရှိတယ်လို့ကြိုးစားပြီး သက်သေပြဖို့ ရရာကောက်ရိုးမျှင်ကို လှမ်း ဆွဲပြီး Sanctions တွေ အလုပ်မဖြစ်ဘူးလို့ စောဒက တက်နေတာပါ” ဟု ၎င်းက ပြောဆိုလိုက်သည်။

            Sanctions တွေကို ရုတ်သိမ်းတာဟာ မြန်မာပြည်သူတွေအတွက်ဖြစ်စေ၊ မြန်မာနိုင်ငံရေးအခြေအနေ အတွက် ဖြစ်စေ၊ အပေါင်းလက္ခဏာတိုးတက်မှုတစ်စုံတစ်ရာဆောင်ကြဉ်းပေးနိုင်မယ်လို့ ကျွန်တော်တို့ကတော့ မယုံကြည်ပါဘူး ဟု Marc Farmaner က ခုခံပြောကြားပါသည်။

မည်မည်ရရပြစရာမရှိ

            မြန်မာနိုင်ငံတွင် အာဏာရှင်အုပ်ချုပ်ရေး ဆက်လက်ကျင့်သုံးနေသည့်အချက်ကို ရည်ညွှန်းကာ နိုင်ငံရေး အပြောင်းအလဲ ပြစရာနတ္တိဟု ထောက်ပြခဲ့သည်။ Farmaner က အကယ်၍ စစ်အစိုးရကသာ အပြောင်းအလဲ လုပ်ရန် အမှန်တကယ် တာဝန်ယူသည်ဆိုပါက နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးရမည်ဟု ပြောကြားလိုက်ပါသည်။ ထို့အပြင် ၎င်းက Sanctions များရုတ်သိမ်းရေးကို မြန်မာပြည်သူ များလက်ခံလိမ့်မည်ဟု မယူဆကြောင်း ပြောကြားသည်။ မြန်မာပြည်သူတွေက “ငါတို့ဒီမှာနေခဲ့တာ အနှစ် ၄၀  နီးပါးရှိပြီ။ အစိုးရရဲ့ အလိမ်အညာတွေကို အရင်ကလည်း သိခဲ့ပြီးပြီ၊ အခုလိမ်နေတာကိုလည်း သိနေတယ်။ စစ်ခေါင်းဆောင်တွေက အာဏာကို လိုလိုလားလား လွှဲပြောင်းပေးမှာ မဟုတ်ဘူး” လို့ စဉ်းစားနေကြတာပါ ဟု Farmamer က ဆိုပါသည်။

            မြန်မာစစ်ဖက်အုပ်ချုပ်သူများနှင့် စီးပွားရေးပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့်၊ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာ အောင် နိုင်ငံတကာ အသိုင်းအဝိုင်းက တိုက်တွန်းအားပေးနိုင်မည်ဆိုသည်ကို Farmaner က ယုံကြည်ခြင်းမရှိပါ။ “သူတို့ အပြောင်းအလဲ လုပ်လာအောင် ပိုပြီး ဖိအားပေးရမှာပါ။ လျော့လို့မရပါဘူး”ဟု ၎င်းက မှတ်ချက်ပေးသည်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံးဝှက်ဖဲလား

            တကယ်လို့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက စိတ်ဝင်စားမှု လျော့နည်းလာပြီ၊ ဖိအားနည်းလာပြီ လို့ စစ်ဗိုလ်ချုပ်တွေက ယူဆသွားတယ်ဆိုရင် လူ့အခွင့်အရေးညှင်းပန်းမှုတွေ ပိုများလာပါ လိမ့်မယ်။ ဒီလိုဆိုရင် အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း ပိုပြီး အန္တရာယ်ရှိလာ နိုင်ပါတယ်ဟု Farmaner က ပြောကြားပါသည်။

            ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက သူတို့အတွက် တစ်ခုတည်းသော နိုင်ပဲဖြစ်ဖွယ်ရှိသည့် Sanctions များအပေါ် သုံးသပ်ရန်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆွေးနွေးဖို့ ကြိုးစားခဲ့သလို၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု နှင့် လူ့အခွင့်အရေး တိုးတက်မှုကို အထောက်အပံ့ဖြစ်စေရန်အတွက် Sanctions များကို မရုတ်သိမ်းသေးပဲ အချောကိုင် ပြင်ဆင်သင့်ကြောင်း တင်ပြထားပါသည်။

            ယခင်အပတ်ထုတ်မြန်မာအစိုးရအာဘော်သတင်းစာက ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ပါတီအား Sanctions များရုတ်သိမ်းရေးကို ကန့်ကွက်ခြင်းအတွက် ပြည်သူကို ဝန်ချတောင်းပန်ရမည်ဟု တောင်းဆိုခဲ့ သည်။ ဤဖြစ်ရပ်သည် နေအိမ်အကျယ်ချုပ်မှ လွှတ်မြောက်လာပြီး နောက်ပိုင်းသူမအပေါ် ပထမဆုံးပြောင် ကျကျ ပြစ်တင်ဝေဖန် လိုက်ခြင်းပင် ဖြစ်သည်။

ထိရောက်မှုရှိသည့် Sanctions များ

            Marc Farmaner က အခြားနည်းလမ်းများကို သဘောမတူကြောင်း အငြင်းပွားပါသည်။ “စစ်ဗိုလ်ချုပ်များ၏ ဘဏ်စာရင်းများကို ထိန်းချုပ်ရမည်။ အပြောင်းအလဲကို အားပေးတိုက်တွန်းရန်အတွက် ပစ်မှတ်ထား Sanctions များကို အသုံးပြုရမည်။ ဤနည်းလမ်းကို ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောကျသည်”ဟု ၎င်းက ဆက်လက် ပြောကြားပါသည်။

            ICG မှ Horsey ၏ အယူအဆကမူ Sanctions များကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဖြင့် တစ်ကမ္ဘာလုံးက တညီတညွှတ်တည်း အရေးယူမှသာလျှင် ထိရောက်မှု ရှိနိုင်မည်ဟု ဆိုပါသည်။ ယင်းသို့ လုပ်ဆောင်ရန် အမေရိကန်၏ ကြိုးပမ်းမှုကို ၂၀၀၇ ခုနှစ်တွင် တရုတ်နှင့် ရုရှားက ဗီတိုအာဏာဖြင့် ပယ်ချခဲ့ ကြသည်။

            မြန်မာနိုင်ငံနှင့် Sanctions များအပေါ် နိုင်ငံတကာငြင်းခုန်မှု အပြီးမသတ်သေးပါ။ သို့သော် မြန်မာစစ် ဗိုလ်ချုပ် များမှလွဲ၍ အားလုံးသဘောတူကြသည့်အချက်မှာ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင် ငွေပိုမိုသုံးစွဲ ရေးအပါအဝင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် မဖြစ်မနေ လိုအပ်နေသည့် အချက်ပင်ဖြစ်သည်။

--------------------------------------------------------------------------------------------------------------------------------

တရုတ်တက်ကြွလှုပ်ရှားသူများ ပျောက်ဆုံးနေမှုကို အမေရိကန်စိုးရိမ်

(AFP သတင်းမှ 9 Mar 2011 ရက်စွဲပါ US concerned over disappearance of Chinese activists သတင်းကို ဘာသာပြန်ဆိုသည်)

            တရုတ်နိုင်ငံတွင် လူသိများထင်ရှားသည့် တရုတ်ရှေ့နေများနှင့် ဒီမိုကရေစီ လှုပ်ရှားသူများ ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုက စိုးရိမ်ပူပန်ကြောင်း အင်္ဂါနေ့တွင် ထုတ်ဖော်ပြော ကြားလိုက်သည်။

            အာရပ်ကမ္ဘာမှ ရေပန်းစား လူထုတော်လှန်ရေးများကို ထပ်တူလိုက်မည့် မည်သည့် နိုင်ငံရေးအုံကြွမှု ကိုမဆို ဖယ်ရှားရန် ကြိုးစားသည့်အနေဖြင့် တရုတ်ရဲတပ်ဖွဲ့က နှိမ်နင်းဖြိုခွဲမှုများကို လုပ်ဆောင်လျက်ရှိခြင်း ကြောင့် နာမည်ကြီး လူ့အခွင့်အရေး ရှေ့နေများ၊ လှုပ်ရှားသူများ ၁၀၀ ခန့်ဖေဖော်ဝါရီလလယ်မှ ပျောက်ဆုံးနေ သည်ဟု သိရှိရပါသည်။

            တရုတ်နိုင်ငံရဲ့ အကျော်ကြားဆုံး ရှေ့နေတွေ၊ တက်ကြွလှုပ်ရှားသူတွေ သိသိသာသာ ဥပဒေ ဘောင်ကျော် ထိန်းသိမ်းခံရပြီး ပျောက်ဆုံးနေတာတွေကြောင့် အမေရိကန် ပြည်ထောင်စုက အလွန်အမင်း စိုးရိမ်ပူပန်နေပါတယ်”ဟု နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Philip Crowley က သတင်းထောက်များအား ပြောကြားခဲ့သည်။

            တန်ပေါင်နှင့် ဂျန်တန်ယောင် စသော ပုဂ္ဂိုလ်များ ပျောက်ဆုံးနေမှုကို ကိုးကားကာ Philip Crowley က ပြောကြားခြင်း ဖြစ်သည်။ “ဒီပုဂ္ဂိုလ်တွေနဲ့တစ်ခြားလူ့အခွင့်အရေး လှုပ်ရှားသူတွေအပေါ် ဥပဒေဘောင် ကျော်လွန်ပြီး ပြစ်ဒဏ်ပေး နေတာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ရဲ့ စိုးရိမ်ပူပန်မှုကို တရုတ်အစိုးရဆီ အသိပေးပြောဆို ထားပါတယ်”ဟု ၎င်းကဆို သည်။

            လွတ်လပ်စွာ ပြောဆိုခွင့်၊ အသင်းဖွဲ့စည်းခွင့်၊ စည်းဝေးခွင့်အပါအဝင် အခြေခံလူ့အခွင့်အရေးတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဝတ္တရားတွေကို လိုက်နာစောင့်ထိန်းဖို့ တရုတ်အစိုးရကို ဆက် လက်တိုက်တွန်းသွားမှာပါ ဟု Crowley က ဆက်လက်ပြောကြားသည်။

            အစိုးရဆန့်ကျင်ရေးချီတက်ပွဲများပြုလုပ်ရန် လှုံ့ဆော်မှုများကို လျစ်လျူရှုကြရန် ပြည်သူများအား တရုတ်အစိုးရ အာဘော်သတင်းစာက စနေနေ့တွင် သတိပေးခဲ့ပြီး အရှေ့အလယ်ပိုင်းတစ်ခွင်မှ အလားတူဆန္ဒပြ ပွဲများသည် ဗရမ်းဗတာ အခြေအနေကို ဖန်တီးလျက်ရှိသည်ဟု ဖော်ပြခဲ့သည်။
 
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

၁၄.၃.၂၀၁၁

ပြည်တွင်းသတင်းများ


ထူး ကုမ္ပဏီ၏  ရန်ကုန် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ စီမံကိန်း ဖျက်သိမ်း

ရန်ကုန်၊ မတ် ၁၃။


တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ Huaneng Lancaung River Hydropower Co.Ltd နှင့် ထူး ထရေးဒင်း ကုမ္ပဏီတို့ ပူးပေါင်း တည်ဆောက်မည့် ရန်ကုန် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ တည်ဆောက်ရေး စီမံကိန်းအား ကုန်ကြမ်း ရရှိမှု အခက်အခဲကြောင့် ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံအား ရန်ကုန်တိုင်းဒေသကြီး ထန်းတပင် မြို့နယ်၊ ကုက္ကိုဝ ချောင်း အနီးတွင် တည်ဆောက်ရန် စီစဉ်ထားပြီး ၎င်း စက်ရုံ စတင်လည်ပတ်နိုင်ပါက တစ်နေ့လျှင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၇၀ ဖြန့်ဖြူးနိုင်မည် ဖြစ်ကြောင်း သိရသည်။

စက်ရုံ တည်ဆောက်မည့် အစီအစဉ်ကို ရေးဆွဲပြီးမှ ကျောက်မီးသွေးကုန်ကြမ်းအတွက် ကမ်းလှမ်းထားသည့် နိုင်ငံက  (၂)နှစ်အတွင်းသာ ရောင်းချပေးရန်အတွက်သာ သဘောတူညီမှုရပြီး နောက်ပိုင်း ဆက်လက်မရာင်းနိုင်ဟု ပြောကြားသည့်အတွက် လည်း ကောင်း၊ နိုင်ငံအတွင်း လုပ်ကိုင်ခွင့် ရရှိထားသည့် ကလေးဝ ကျောက်မီးသွေးတွင်းမှ ကျောက်မီးသွေးများအား ရန်ကုန်အထိ သယ်ယူရန် ကုန်ကျစရိတ်သည် ယခင် ကမ်းလှမ်းထားသည့် နိုင်ငံမှ သယ်ယူ စရိတ်ထက် ပိုမိုများပြား နေခြင်းတို့ကြောင့် ယင်း စီမံကိန်းကို ဖျက်သါမ်းလိုက်ရခြင်း ဖြစ်ကြောင်း  ထူး ထရေးဒင်း ကုမ္ပဏီမှ အဆိုပါ စီမံကိန်းအတွက် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်း စီမံကိန်းအား ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် နေပြည်တော်၌ Htoo Group of Companes နှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ Huaneng Lancaung River Hydropower Co.Ltd တို့ ပူးပေါင်းလုပ်ကိုင်ရန် လက်မှတ်ရေးထိုးခဲ့ကြောင်း ၂၀၁၀ ဖေဖော်ဝါရီလ ၁၄ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက်အရ သိရ သည်။

-------------------------------------------------------------------------------------------------------------


အာဆီယံစံနှုန်းအတိုင်းသာ ကုန်တင်ခွင့်ပြုမည်ဆိုသည့်စည်းကမ်းအားပြန်လည်လျှာ့ချပေးမည်ဟုဆို

ရန်ကုန်၊ မတ် ၁၂။


၂၀၁၁ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှ စတင်ပြီး ကုန်တင်ယာဉ်ကြီးများ အာဆီယံစံနှုန်းအတိုင်းသာ ကုန် တင်ဆောင် ခွင့် ပြုမည်ဟု တရားဝင် ချမှတ်ထားသော စည်းကမ်းကို ကုန်သည်များ၏ တောင်းဆိုမှုအရ ပြန်လည် လျှော့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။

လက်ရှိ ကြုံတွေ့နေရသော ဓါတ်ဆီဈေးကြီး မြင့်မှုနှင့် အတူ ကုန်သယ်ဆောင်ခ မြင့်တက်လာသောကြောင့် ကုန်စည် ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ကုန်သည်များနှင့် စားသုံးသူ ပြည်သူများအတွက် အကျပ် တွေ့စေသော အာဆီယံစံနှုန်း စည်ကမ်းအား ပြန်လည် လျှော့ချပေးရန် ကုန်သည်များမှ တာဝန်ရှိသူများကို စာတင်ပြီး တောင်းဆိုခဲ့ရာ ဆောင်လုပ်ရေး ဝန်ကြီးဌာနမှ လက်ခံပြီး တရားဝင် မဟုတ်သော်လည်း ကုန်ပို တင်ဆောင် ခွင့်ပြုခဲ့ကြောင်း ကုန်သည်များနှင့် နီးစပ်သော အသိုင်းဝိုင်းက ဆိုသည်။

“ကုန်တင်တာ လျှော့လိုက်ရလို့ တန်ဆာခ လျှော့ပေးရတာ မရှိပါဘူး။ ဆီဈေးတွေ တက်လာလို့ တန်ဆာခ တက် သွားတာ ပဲ ရှိတယ်။ ကုန်စည်တွေ ဈေးတက်တော့ စားသုံးသူတွေအတွက် အခက်အခဲ တွေ့ရသလို ကျွန်တော်တို့ ကုန်သည် တွေလည်း သိပ်မကိုက်တော့ဘူး လာမယ့် တစ်ရက်နှစ်ရက် လောက်အတွင်းမှာပဲ အကောင်အထည် ပေါ်လာလိမ့်မယ် ထင်ပါတယ်။”ဟု ဘုရင့်နောင် ပွဲရုံရှိ ကုန်သည်တစ်ဦးက ပြောကြားသည်။

အဆိုပါ ကုန်တင်ယာဉ်များ တန်ပို ပြန်လည်တင်ခွင့်မှာ ယခုရက်ပိုင်းများမှ စတင်၍ ပြောင်းလဲ ပေးသွားမည်  ဖြစ်ကြောင်း သိရသည်။ ကုန်ပို  တင်ဆောင်ရာတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ခွင့်ပြုပေး သွားမည် ဖြစ်ပြီး ကုန်သည်များ သည် ဘီအိုတီ ယူထားသော ဆောက်လုပ်ရေး ကုမ္မဏီများနှင့် ညှိုနှိုင်း လုပ်ဆောင် သွားရမည် ဖြစ်ကြောင်း ကုန်သည်များ အသင်းဝင်တစ်ဦးက ဆိုသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ တာဝန်ရှိသူများ ပါဝင်သော လမ်းတံတား လုံခြုံရေး နှင့် စည်းကမ်း ထိမ်းသိန်းရေးအဖွဲ့က မတ်လ ၁ရက်နေ့မှ စတင်ပြီး ကုန်တင်ယာဉ် ဂိတ်များသို့ အာဆီယံ စံနှုန်း အတိုင်း မလိုက်နာပါက ထိရောက်စွာ အရေးယူမည်ဟု အကြောင်းကြားစာများ ပေးပို့ခဲ့ပြီး နောက် ပိုင်း ယခုကဲ့သို့ ပြင်ဆင် ပြောင်းလဲသည့် သတင်းပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

The CJs News


-------------------------------------------------------------------------------------------------------------

စက်သုံးဆီ ဝယ်ယူရန် စာအုပ် လိုအပ်ပြီ

ရန်ကုန်၊ မတ်၁၃။

 
ပုဂ္ဂလိက စက်သုံးဆီဖြန့်ဖြူးရေးဆိုင်များ စတင်ရောင်းချခဲ့သည့် ယမန်နှစ် ဇွန်လ ၁၀ ရက်နေ့ အချိန်မှစတင်၍ မော်တော်ယာဉ်များ ဓါတ်ဆီဝယ်ယူရာတွင် ဝယ်ယူခွင့်စာအုပ် မလိုတော့သော်လည်း ယခုနှစ် မတ်လ ၁၀ရက်နေ့မှ စတင်၍ ရန်ကုန်မြို့ရှိ ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ဓါတ်ဆီဝယ် ယူခွင့် စာအုပ် ပြုလုပ်၍ တစ်ဆိုင်တည်းတွင်ဟာ ဝယ်ယူခွင့် ပြုတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇယ်နှင့် အော့တိန်းဓါတ်ဆီ ခေါ် အဆင့်မြင့် ဓါတ်ဆီ ဝယ်ယူသည့် ကားများ အနေဖြင့် စာအုပ်လုပ်ရန် မလို အပ်သော်လည်း တစ်ဂါလံ ၂၅၀၀ ကျပ်တန် ဓါတ်ဆီဝယ်ယူရာတွင် ဝယ်ယူခွင့်စာအုပ် လုပ်ဖို့လိုအပ်ကြောင်း သိရသည်။

အဆိုပါ ဓာတ်ဆီစာအုပ်ကို ကားအုံနာ စာအုပ်၊ ကားဝှီးတက် (ဘီးခွန်ဆောင်ပြီး အထောက်အထားစာရွက်) တို့ ဖြင့် ပြုလုပ်ရမည် ဖြစ်ကြောင်း၊ ဓာတ်ဆီ ဝယ်ယူမည့် ကားတစ်စီးတွင် ဆီစာအုပ် နှစ်အုပ်တွေ့ရှိပါက ဆီထုတ်ခွင့်အား ၆လ ပိတ်မည်ဟု သက်ဆိုင်ရာက ညွှန်ကြားထားကြောင်း သိရသည်။

ဓာတ်ဆီဂါလံ ကန့်သတ်ချက်ကိုမူ တစ်ဆိုင်နှင့် တစ်ဆိုင် မတူညီသောကြောင့် နှစ်သက်ရာဆိုင်တွင် တစ်နေ့ တစ်ကြိမ် ဝယ်ယူခွင့်ပြုရန် ညွှန်ကြားထားကြောင်း သိရသည်။

ဆိုင်တွင် ဝယ်ယူသည့်ဈေးနှုန်းနှင့် ပြင်ပဈေးကွက်တွင် ပြန်ရောင်းချရသည့် ဈေးသည် တစ်ဂါလံ ကျပ် ၁၀၀၀ ကျော် ကွာဟနေသဖြင့် တနေကုန် တန်းစီထုတ်ရောင်းသည့်ကို အလုပ်တစ်ခု အဖြစ်သတ်မှတ်လုပ်ကိုင်သူများ များပြားလာခဲ့သောကြောင့် အမှန်တကယ် စီးနင်းရန် သုံးစွဲလိုသူ အနေဖြင့်လည်း ဓါတ်ဆီ ဝယ်ယူခွင့် ရရန် အနည်းဆုံး ၂နာရီ ဝန်းကျင်ခန့် တန်းစီစောင့်ရသည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

-------------------------------------------------------------------------------------------------------------


ရန်ကုန်မြို့၏ မြို့နယ် အများအပြားတွင် ဂျိုးဖြူရေ ပြတ်လပ်မှုများ ဖြစ်ပေါ်နေ

ရန်ကုန်၊မတ် ၁၂။


ရန်ကုန်မြို့တွင်း ၆ မြို့နယ် အပါအဝင် မြို့နယ်အများအပြားတွင် မတ်လဆန်းမှ စတင်၍ ဂျိုးဖြူရေ ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။

လသာမြို့နယ်တွင် နေထိုင်သူတစ်ဦးက “အခုတစ်လော ရေပေးချိန်မမှန်ဘူး။ ခါတိုင်းဆို ညနေ၄နာရီနောက်ပိုင်း ရေပုံမှန်လာတယ် အခု မနက်ပိုင်း လာတဲ့အခါ လာတယ် ပြီးခဲ့တပတ်ကဆို တစ်နေ့နဲ့တစ်ည ရေပြတ်သွားသေးတယ်၊ သူတို့ကတော့ မီးမမှန်လို့ ပြောတယ်” ဟု ပြောကြားသည်။

အလားတူ တာမွေ၊ သင်္ဃန်းကျွန်း၊ ကမာရွက်၊ လှိုင်၊ မရမ်းကုန်း၊ အင်းစိန် စသည့် မြို့နယ်များတွင်လည်း ရေပြတ် လပ်မှုများ ဖြစ်ပ်ါခဲ့ရာ အချို့နေရာများတွင် တစ်လခန့်ပင် ကြာမြင့်နေပြီ ဖြစ်ကြောင်း ၎င်းမြို့နယ်များရှိ ရပ်ကွက် အချို့တွင် ကိုယ်ထူကိုယ်ထ အဝီစီ တွင်းများ ပြုလုပ်ခဲ့ရကြောင်း အချို့မှာ ဂျိုးဖြူရေရရှိရေအတွက် တစ်အိမ်ထောင် ကျပ်တစ်သိန်းနှုန်း သက်ဆိုင်ရာ ရယက အားပေးသွင်းခဲ့ရကြောင်း ယင်းကဲ့သို့ရေမလာမှုကြောင့် ကိုယ်ထုကိုယ်ထ အဝီစိ တွင်းများတူုးရာတွင် တစ်တွင်းလျှင် ကျပ်လေးသိန်းခန့် ကုန်ကျကြောင်း ယင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ယခုနှစ်တွင်လုံးဝ ရေပြတ်လပ်မှု မရှိစေရန် ဆောင်ရွက် ပေးလျှက် ရှိကြောင်း ဖေဖော်ဝါရီလ ၂၇ ရက် နေ့ကလည်း မင်္ဂလာဒုံ မြို့နယ် အောင်တံခွန် ရေပေးဝေရေး စီမံကိန်းကြီးကို ဖွင့်လှစ်ပေးခဲ့ကြောင်း ယင်း စီမံ ကိန်းကို ကျပ် သိန်း တစ်သောင်းကျော် အကုန်အကျခံ တည်ဆောက်ခဲ့ပြီး ရွှေသံလွင်၊ မက်စ် မြန်မာ၊ နစ်ပို ဆောက်လုပ်ရေး စသည့်ကုမ္မဏီ ကြီးများ ပါဝင်ကူညီခဲ့သည်ဟု ဆိုကြောင်း နိုင်ငံပိုင် မီဒီယာများ အပါအ၀င် မီဒီယာများတွင် ဖော်ပြပါရှိခဲ့သည်။

လက်ရှိ အာဏာရ ပါတီဖြစ်သော ပြည်ခိုင်ဖြိုးပါတီ၏ အမတ်တစ်ဦးဖြစ်သူ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင် သိန်းလင်းက “လက်ရှိ ရန်ကုန်ရဲ့လူဦးရေနဲ့ နောင်တိုးလာမယ့် လူဦးရေကို ချိန်ဆပြီး ဒီစီိမံကိန်းကို လုပ်တာ အခုဆိုရင် တစ်နေ့ကို ရေဂါလံ ဆယ့်ငါး သန်းလောက် ပိုပေးလာနိုင်တော့မယ် ရန်ကုန်မြို့ထဲကို ရေဖောဖောသီသီပေးနိုင်ပြီ၊ ရေနဲ့ ပတ်သက်ပြီး ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် တွေးပူစရာ မလိုတော့ဘူး”ဟု အောင်တံခွန် ရေပေးဝေရေး စီမံကိန်းတွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ဌာနမှုး ဦးသန်းထိုက်ကလည်း “ရေမလာရင် ကျွန်တော်တို့ဆီကို ချက်ခြင်းအကြောင်းကြားပါ။ ရေနဲ့ ပတ်သက်လို့ စိတ်ပှုစရာ မရှိအောင် ဆောင်ရွက် ပေးထားပါတယ်”ဟု ပြောကြားခဲ့သည်။

ယခုအချိန်တွင် ရန်ကုန်မြို့တော်အတွက် ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကား၊ ငမိုးရိပ်၊ အောင်တံခွန် ရေပေးဝေရေး စီမံ ကိန်းများ အပါအဝင် အဝီစိတွင်း ၆၁၂ တွင်းဖြင့် နေ့စဉ် ရေဂါလံ သန်းတစ်ရာ့ခြောက်ဆယ်ကျော် ပေးဝေလျှက်ရှိကြောင်း ရေနှင့်ပက်သက်၍ အခက်အခဲများ အတင်းအကျပ် ငွေကြေးတောင်းခံမှုများ ရှိပါက ရေနှင့်သန့်ရှင်းမှုဌာန ဖုန်းနံပတ် ၀၁ ၂၄၉၆၅၅၊ ၀၁ ၂၄၈၁၁၂ သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သက်ဆိုင်ရာ ထုတ်ပြန်ချက်များအရ သိရသည်။

The CJs News

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ 

မတ်လ ၁၃ရက်နေ့ ပြည်ပအင်အားစုများ မျှော်မှန်းသလို မဖြစ်ခဲ့

ရန်ကုန်၊ မတ်၁၃။


မတ်လ ၁၃ရက်တွင် ကျရောက်သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့တွင် အနက်ရောင် ကမ်ပိန်း (နှင်းဆီနီ တော် လှန်ရေး) ခေါင်းစဉ်ဖြင့် လူထု ဆူပူအုံကြွမှုများ ပြုလုပ်၍ စစ်အာဏာရှင် အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းသည့် ပြည်ပ အတိုက်အခံ အင်အားစုများ၏ ကြိုးပမ်းမှုမှာ ပြည်သူလူထုမှ စိတ်ပါဝင်စားခြင်း မရှိခဲ့၍ အထမြောက်ခဲ့ခြင်း မရှိဘဲ ရန်ကုန်မြို့တော်တွင် ပုံမှန်အတိုင်းသာ ရှိခဲ့ကြောင်း သိရသည်။

အရှေ့အလယ်ပိုင်း ဒေသတွင် အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ မြင့်တက်လာပြီး လူထု အုံကြွမှုများဖြင့် အစိုးရ အတော်များများကို ဖြုတ်ချနိုင်ခဲ့ရာ ထိုလှုပ်ရှားမှုများကို အတုယူ၍ မြန်မာနိုင်ငံတွင်လည်း လူထုအုံကြွမှုများ ပြုလုပ်ရန် ပြည်ပရှိ မြန်မာစစ်အစိုးရ ဆန့်ကျင်သူများက အင်တာနက်စာမျက်နှာများမှ လှုံဆော်ခဲ့ကြသည်မှာ ရက်ပေါင်း အတော်ကြာ ခဲ့ပြီဟုလည်း သိရသည်။

“ဒီကိစ္စကို ဦးဆောင်လုပ်နေတာ ဖေ့စ်ဘုတ်ခ်စာမျက်နှာပေါ်က စန်းမောင်တို့၊ ဗမာ့သွေးတို့ ဖြစ်ပါတယ်။ သူတို့ဟာ ကနေဒါက ထောက်ပံ့တဲ့ ငွေကြေးနဲ့ မြန်မာနိုင်ငံအတွင်းမှာ လူထုအုံကြွမှု ဖြစ်အောင် လုပ်နေတာဖြစ်တယ်။ ဒါပေမယ့် တကယ်ခံစားရတဲ့ ပြည်သူလူထု က အနာမခံတော့ဘူး။ ပါးနပ်နေပြီ။ ဒါကြောင့် လူထု လှုပ်ရှားမှုက မဖြစ်နိုင်ပါဘူး” ဟု နိုင်ငံရေး လေ့လာသူ လူငယ်တစ်ဦးက ပြောကြားသည်။

“ဘာပဲပြောပြော အပြင်ကလူကတော့ သတ္တိကောင်းလို့ရတာပေါ့ဗျာ၊ ဒီစစ်အစိုးရကလဲ ပြည်သူကို ဘယ်တုန်းကမှ ညှာတာတဲ့အစိုးရမဟုတ်ဘူး၊ တစ်ခါဖြစ်လိုက် ပြည်သူက ပိုခံစားသွားလိုက်ရနဲ့ ဆိုတော့ ပြည်သူက တစ်ခါသေဖိုး ပျဉ်ဖိုး နားလည်သလို ဖြစ်နေပြီလေ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တူနီးရှား၏ စံပါယ်ပန်း တော်လှန်ရေးသည် အာဏာရှင် သမ္မတကို ဖြုတ်ချနိုင်ခဲ့ရာမှ အရှေ့အလယ်ပိုင်း၊ အာဖရိ ကနှင့် တရုတ်နိုင်ငံတို့အထိ ကူးစက်လာပြီး မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့ လမ်းကြောင်းမျိုးကို ရွေးချယ်အသုံးပြုရန် ပြည်ပရောက် အင်အားစုအချို့နှင့် ပြည်တွင်းအင်အားစု အချို့က မျှော်လင့်လျှက် ရှိနေကြသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပင်လျှင် လူထုအုံကြွမှုများသည် အကောင်းဆုံး နည်းလမ်း မဟုတ်ကြောင်း ပြည်ပအသံလွှင့် ဌာနတစ်ခုနှင့် တွေ့ဆုံရာတွင် ဖြေကြားခဲ့ဖူးသည်။

၁၃. ၃. ၁၉၈၈ ခုနှစ်က ရန်ကုန် စက်မှုတက္ကသိုလ်တွင် စစ်တပ်နှင့် ကျောင်းသားများ အဓိကရုဏ်း ဖြစ်ပွားရာမှ ကုန်ထုတ်ဓာတုဗေဒ ကျောင်းသားဖြစ်သူ ကိုဘုန်းမော် သေဆုံးခဲ့ပြီး ထိုနေ့ကို မြန်မာနိုင်ငံ လူ့အခွင့် အရေးနေ့အဖြစ် သတ်မှတ်၍ ယခု ၂၃ ကြိမ်မြောက် နေ့တွင် လူထုအုံကြွမှုများ ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည် ဟုလည်း သိရသည်။
 
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
 
“ပြည်တွင်က ၂၅ မတ် ဆန်ကို အမျိုးအစားကို ပြည်ပကို တင်ပို့နေတာပါ။ ဆန်ချောကတင်ပို့မှု မရှိသလောက် နည်းတယ်။ အာဖရိက နိုင်ငံတွေကလည်း ၂၅ မတ် ဆန်ကိုပဲ အများဆုံးဝယ်တာ၊ ဒီမှာ ပြည်ပ ဆန်တင်ပို့တယ်လို့ရောပြီး ရေးနေကြတော့ ကုန်သည်တွက အခွင့်ကောင်းယူပြီး ဆန်ချောဈေးနှုန်းတွေပါ မြှင့်ပြီး ရောင်းနေကြတာ” ဟု ဆန်တင်ပို့ရောင်းချသည့် ကုမ္ပဏီတစ်ခုမှ ဈေးကွက် မန်နေဂျာ ဦးရန်အောင်က ပြေကြားသည်။

Messenger ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၄၄)တွင် ပါဝင်သော “ ၂၅ မတ်တန် ဆန်ကိုသာ ပြည်ပမှာယူမှု များပြား ” သတင်းမှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

“ဘဏ်တိုးနှုန်း Inflection (ငွေကြေး ဖောင်းပွမှု) ထက်တော့ ပိုသင့်တယ်။ ဖြစ်သင့်တာက Inflaction လေးရာခိုင်နှုန်း ကနေ ငါးရာခိုင်နှုန်း အထိ ဖြစ်သင့်ပြီး ဘဏ်တိုးနှုန်းက ခုနစ်ရာခိုင်နှုန်း၊ ရှစ်ရာခိုင်နှုန်း လောက်ရှိသင့်တယ်” ဟု စီးပွားရေး ပညာရှင် ဒေါက်တာ နေဇင်လတ်က ပြောကြားသည်။

Messenger ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၄၄)တွင် ပါဝင်သော “ ဘဏ်တိုးနှုန်းများ လျော့ချပါက ငွေဖောင်းပွမှုကိုပါ လျော့ချရန် လိုအပ်” သတင်းမှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

“ အခု ပါတီဝင် အသစ် စည်းရုံးတဲ့ အချိန်မှညရော ပါတီ စထောင်တုန်းကပါ ပြညသူဆီကနေ ကြားနေရတာက ဘာအခွင့်အရေး ရမလဲ ဆိုတဲ့ အသံတွေ များနေတယ်။ ဒါကလည်း ပြည်သူတွေရဲ့ စားဝတ်နေရေး ကျပ်တည်း နေမှု ကြောင့်ရယ်၊ အဲဒီအပေါ်မှာ အခွင့်ကောင်းယူပြီး မက်လုံပေး မဲဆွယ်တဲ့ ပါတီကြောင့် အဲဒီလို ဖြစ်နေတာပါ” ဦးသုဝေက ပြောကြားသည်။

TRUE NEWS အတွဲ (၃)၊ အမှတ် (၂၉) ပါ “မက်လုံးပေး၍ နိုင်ငံရေးအရ စည်းရုံခြင်းကြောင့် ပြည်သူများ၏ နိုင်ငံရေး အယူအဆ လွဲမှာနိုင်ဟု ဦးးသုဝေ ပြောဆို” သတင်းမှ ကောက်နှုတ်ချက်
 
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းကဏ္ဍ

နဂါးကြီးရဲ့ မျိုးပြုတ်ဝါးရေး ဗျူဟာသစ်
အပိုင်း(၁)


            မြန်မာနိုင်ငံ၏  ပထဝီ အနေအထားအရ အင်အားကြီး နှစ်နိုင်ငံကြားတွင် ညပ်နေသည့် နိုင်ငံငယ်လေး တစ်ခုသာ ဖြစ်သည်။ အတီအတေတည်းက ထိုနိုင်ငံကြီးနှစ်ခုကြားတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် လွတ်လပ်ခွင့် တို့ဖြင့် ယနေ့တိုင် ရပ်တည် လာခဲ့သည်။ သမိုင်းကြောင်းများအရ အလျဉ်းသင့်လျှင် သင့်သလို ယနေ့ခေတ် အိန္ဒိခေါ် ပိဋိက္ခရား နယ်မြေများကိုပင် မြန်မာဘုရင်တို့ သြဇာပြ သိမ်းပိုက်ခဲ့သေးသည်။ ရာဇဝင် သမိုင်းတို့ အဆိုအရမူ ဘုန်းကြီးလှသော အနော်ရထာမင်းကြီးသည် အင်အား ကြီးမားလှသော တရုတ်မင်း ဥတည်ဘွားကိုပင် ဘုန်းကံပြ၍ ရှိန်ကြောက်စေခဲ့သည်ဟု သိရသည်။ ခေတ်လူတို့ အဆိုအရမူ မြန်မာတို့သည် ပါးရည်နပ်ရည် ရှိလှ၍သာ ထိုအင်အားကြီး နှစ်နိုင်ငံကြားတွင် ယနေ့တိုင် ဝါးမြိုခြင်း မခံရဘဲ တည်ရှိနေနိုင်သေး သည်ဟု သိရသည်။

            ထိုအင်အားကြီး နှစ်နိုင်ငံတွင် အိန္ဒိယသည် မြန်မာနိုင်ငံနည်းတူ ဗြိတိသျှတို့ လက်အောက်သို့ ကျရောက်ခဲ့ခြင်း၊ လွတ်လပ်ပြီးစတွင် ပြည်တွင်းရေး ပြသနာများ၊ ပါကစ္စတန်အရေးအခင်းများနှင့် ချာချာလည် နေခြင်းတို့ကြောင့် မြန်မာ့ ပိုင်နက်များကို ကျူးကျော် ရန် အခွင့်မသာခဲ့ချေ။ တစ်တိုင်းပြည်လုံး အတိုင်းအတာဖြင့် ကိုလိုနီခေတ် မရောက်ခဲ့ဘဲ လူဦးရေနှင့် နိုင်ငံအကျယ်ဝန်း မမျှတတော့သော တရုတ်တို့ကမူ အခါအခွင့် သင့်သည်နှင့် တပြိုင်နက် မြန်မာ့မြေကို ကျူးကျော်သိမ်းပိုက်ရန်၊ ဝါးမြိုရန် ကြံရွယ်လေ့ ရှိခဲ့သည်ကို သမိုင်းများ က ပြဆိုနေပါသည်။

            အနှီ ကြယ်နီကြီးသည် ကျွန်ုပ်တို့နိုင်ငံကို ယနေ့ခေတ်တွင်မှ မဟုတ်ချေ၊  အနော်ရထာမင်း လွန်ပြီး နောက် ပုဂံမင်းများ၊ အင်းဝမင်းများ လက်ထက်တွင် မန်ချူးတရုတ်တို့ လေးကြိမ်တိုင် ဝင်ရောက် ကျူးကျော် ခဲ့ကြသည်။ လေးကြိမ်စလုံးတွင် မန်ချူးတို့ အရေးနိမ့် ဆုတ်ခွာခဲ့ရသည်။ နရသီဟပတေ့မင်း လက်ထက်တွင် မွန်ဂိုတရုတ်တို့ ကျူးကျော်ခဲ့ပြီး မြန်မာတို့ အရေးနိမ့်ခဲ့သော်လည်း  မြန်မာ အမတ်များ၏ စစ်ဗျူဟာ ကြွယ်ဝမှု၊ ပြင်းထန်လှသော ရာသီဥတုတွင် မွန်ဂိုတရုတ်တို့ မနေနိုင်မှု၊ ရှင်ဒိသာပါမောက်၏ သံတမန်ရေး ပြေပြစ်မှုကြောင့် မွန်ဂိုတို့ တပ်ဆုတ်ပြန်ခဲ့ရသည်။ ထိုအဖြစ်ပျက်တို့သည် အတိတ်သမိုင်းတလျှောက် မြန်မာနိုင်ငံကို တရုတ်တို့ မည်သို့မျှ အသာမရခဲ့သည်ကို ဖော်ပြနေပါသည်။

            ခေတ်သစ်သမိုင်းတွင်  တရုတ်ဖြူ ကျူးကျော်မှုကို သိကြပါလိမ့်မည်။ မော်စီတုန်း၏ တပ်နီတော်ကို စစ်ရှုံးလာခဲ့ကြသော ချန်ကေရှိတ်၏ တပ်များသည် မြန်မာ့မြေကို အလုံးအရင်းဖြင့် ဝင်ရောက် ကျူးကျော်ခဲ့ကြ ပါသည်။ တရုတ်ဖြူသည် ဖြစ်စေ၊ နီသည်ဖြစ်စေ ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ် တစ်ခုလုံးကို တရုတ်အင်ပါယာ အောက်သို့ သွတ်သွင်းရန်သာ ဖြစ်ပါသည်။ တရုတ်ဖြူများကို မြန်မာ့တပ်မတော်မှ ချေမှုန်းခဲ့သော်လည်း နောက်ပိုင်းတွင် တရုတ်နီတပ်များက တရုတ်ဖြူများနေရာတွင် အယောင်ဆောင် ဝင်ရောက် တပ်စွဲကာ ရသလောက် နေရာယူခဲ့သည်ကို တွေ့ရမည် ဖြစ်ပါသည်။ ရွှေလီနှင့် ကြူကုတ် တိုက်ပွဲများသည် တရုတ်နီ အစိုးရက ထိုမြို့များကို တရုတ်ပိုင်နက်အတွင်း ထည့်သွင်းရန် ကြံရွယ်ချက်ဖြင့် တရုတ်နီများ ဝင်ရောက်တပ်စွဲခဲ့ ခြင်းဖြစ်သည်။ သို့ရာတွင် ထိုခေတ် က မြန်မာ့တပ်မတော်၏ ရဲရဲတောက် စိတ်ဓာတ်ကြောင့် ရေရှည်တွင် နိုင်အောင် ထိန်းမထားနိုင်၍သာ ရွှေလီကို တရုတ်ပိုင်နက်အတွင်း ထည့်သွင်းပေးရန်နှင့် မြန်မာဘက်သို့ လိုအပ် သည့် အကူအညီ အထောက်အပံ့ ပေးကမ်းခြင်းဖြင့် ညှိနှိုင်းခဲ့ခြင်းသာ ဖြစ်ပါသည်။ ဤသည်မှာ လက်ရှိ တရုတ်နီ အစိုးရနှင့် မြန်မာတို့၏ ခေတ်သစ် သမိုင်းကြောင်းများ ဖြစ်ပါသည်။

            တရုတ်တို့၏ မြန်မာနိုင်ငံကို ဝါးမြိုရေး ဗျူဟာမှာ ဤမျှနှင့်ပင် ပြီးဆုံးမသွားချေ။ နယ်စပ်တလျှောက်တွင် တရုတ်ဖြူလက်ကျန်များကို ဝ၊ ကိုးကန့် တိုင်းရင်းသားများ ဖြစ်စေခဲ့ပြီး မြန်မာအစိုးရကို ပုန်ကန်စေကာ လက်နက် လူသူအင်အား ထောက်ပံ့ပေးခြင်းဖြင့် တရုတ်သြဇာလွမ်းသော နယ်မြေများ ဖြစ်စေကာ တရုတ်လူမျိုး သောင်းချီ၍ မြန်မာ့ပိုင်နက်အတွင်း ဝင်ရောက် နေထိုင်စေခဲ့သည်။ ဤသည်မှာ တရုတ်တို့ မော်စီတုန်း လက်ထက်က ကာဇက်နှင့် ဥဇဘက်အနွယ် မူစလင်များ နေထိုင်ရာ စင်ကိုင်း၊ ဟူဝီ စသော ပြည်နယ်များသို့  အတင်းအဓမ္မ ဝင်ရောက်တပ်စွဲကာ ဟန်တရုတ် လယ်သမား နှစ်သန်းကျော်ကို ဝင်ရောက် အခြေချ နေထိုင်စေပြီး တရုတ်အင်ပါယာ ချဲ့ထွင်စေခဲ့သည့် ပုံစံအတိုင်းပင် ဖြစ်သည်။ ထိုမျှနှင့်ပင် မကသေးပါ။ ဗမာပြည် ကွန်မြူနစ်ပါတီကို သက်ဆိုး ရှည်အောင် မွေးမြူစေခဲ့ပြီး တရုတ်အစိုးရ သြဇာညောင်းသည့် ရုပ်သေး အစိုးရတင်ပေးပြီး မြန်မာပြည်ကို ဝါးမြိုရန် ကြံစည်ခဲ့သေးသည်။

            ဤနေရာတွင် ထိုခေတ် ထိုအခါက မြန်မာ့တပ်မတော်၏ ဂုဏ်ပြောင်ခဲ့မှုကြောင့်သာ မြန်မာနိုင်ငံမှာ တရုတ်အင်ပါယာသို့ စောစီးစွာ မကျရောက်ခဲ့ခြင်းဖြစ်သည်။ တရုတ်နွယ်ဖွားဖြစ်သော ဗိုလ်ချုပ်ကြီးနေဝင်းသည် တရုတ်ကို ပြင်းထန်စွာ ဆန့်ကျင်ခဲ့ပြီး ၎င်း အုပ်ချုပ်စဉ်ကာလများတွင် တရုတ်ဗမာ အရေးအခင်း ဖြစ်ပွားခဲ့ပြီး တရုတ်ကျောင်းသားများ ဆေးတက္ကသိုလ်များသို့ တက်ရောက်ခွင့် မရခဲ့ချေ။  တရုတ်ဗမာ အရေးအခင်း ဖြစ်ရ သည်မှာလည်း တရုတ်နွယ်ဖွား မြန်မာကျောင်းသားများသည် တက္ကသိုလ်ဝင်းအတွင်း မော်စီတုန်းပုံပါ ရင်ထိုးများဖြင့် မြန်မာကျောင်းသားများ မျက်စိနောက်အောင် ပလွှားရာမှ ဖြစ်ပွားခဲ့ရခြင်းပင် ဖြစ်သည်။ ဤသည် မှာ မြန်မာပြည်ကို တရုတ်အတွေးအခေါ် ရိုက်သွင်းရန် သွေးတိုးစမ်းမှုတစ်ရပ် ဖြစ်ခဲ့ပါသည်။ တရုတ်နွယ်ဖွားပင် ဖြစ်သော်ငြားလည်း ကိုယ်တိုင်ကိုယ်ကျ တိုက်ယူခဲ့ရသော မြန်မာ့လွတ်လပ်ရေးကို တန်ဖိုးထားမှုနှင့် အမေကျော်၍ ဒွေးတော် မလွမ်းတတ်သော ဗိုလ်ချုပ်ကြီးနေဝင်းသည် တရုတ်ကို လွန်စွာမုန်းတီးပြီး မြန်မာနိုင်ငံကို တရုတ်လက်အောက်ခံ အဖြစ်မခံခဲ့ပေ။ ဤသည်မှာ မကောင်းသတင်း မြောက်များစွာဖြင့် ကျော်ဇောသည့်  ဗိုလ်ချုပ်ကြီးနေဝင်း၏ ကောင်းကွက်ကလေးတစ်ကွက် ဖြစ်ပြီး ယနေ့ ဗမာစစ်စစ်ဟုခေါ်သော စစ်အစိုးရ ခေါင်းဆောင်များထက်ပင် မြန်မာပြည်ကို ချစ်စိတ်ရှိသည့် ပုဂ္ဂိုလ်ဟုပင် ခေါ်နိုင်ပါသည်။

            သို့ရာတွင် ၈၈ ခုနှစ် လက်ရှိ စစ်အစိုးရ အာဏာသိမ်းပြီးချိန် နောက်ပိုင်းတွင်မူ တရုတ်တို့သည် မြန်မာနိုင်ငံနှင့် စစ်ဖြစ်နေရုံမျှဖြင့် မည်သို့မျှ အကျိုးမရှိခြင်း၊ စီးပွားရေး ကောင်းလာသော တရုတ်ပို့ကုန်များကို တင်ပို့ရောင်းချရန် အကောင်းဆုံး ဈေးကွက် တစ်ခု အဖြစ် မြန်မာနိုင်ငံကို ရှုမြင်လာခြင်းတို့ကြောင့် ၎င်းတို့၏ ဗျူဟာများ ပြောင်းလဲ လာခဲ့သည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံအား လူမျိုးရေးအရ၊  ယဉ်ကျေးမှုအရ ဝါးမျိုခြင်း မပြုနိုင်မီ စီးပွားရေးအရ ဝါးမျိုရန်ကြံစည်လာပြန်သည်။ အာဏာသိမ်းမှုကြောင့် ကမ္ဘာက အသိ အမှတ် မပြုသော မြန်မာစစ်အစိုးရကို ထောက်ခံ အသိအမှတ်ပြုပေးခဲ့ပြီး မြန်မာအစိုးရနှင့် နီးကပ်စွာ ဆက်ဆံလာခဲ့သည်။ ၎င်းတို့ ၏ ပို့ကုန်များ မြန်မာနိုင်ငံသို့ တင်ပို့နိုင်ရန်  နယ်စပ်ဒေသ တည်ငြိမ်ရေး ရှိမှာသာဖြစ်မည်ကို သဘောပေါက်၍ ၎င်းတို့ တလျှောက်လုံး ထောက်ပံ့လာခဲ့သည့် ဗကပ တပ်များကို အထောက်အပံ့ဖြတ်ကာ မြန်မာစစ်တပ်နှင့် ပူးပေါင်း၍ ဖယ်ရှားလိုက်သည်။ ဗကပတို့ ကျဆုံးခဲ့သော ကြူကုတ်တိုက်ပွဲသည် မြန်မာစစ်တပ်၏ အစွမ်းကြောင့် သက်သက် မဟုတ်ဘဲ နယ်စပ်တွင် တရုတ်တပ်များက နောက်ဆုတ်ပေးပြီး မြန်မာစစ်တပ်က တရုတ်နယ်ထဲမှ ပတ်ဝင်ကာ ဗကပကို နောက်မှ ဝင်တိုက်ခိုက်ခြင်းဖြစ်ပြီး မည်သို့မျှရှေ့တည့်တည့် မြန်မာဘက်ခြမ်းမှ ဝင်တိုက်၍ မရနိုင်သော ဗကပ စခန်းကြီးကို ဖြိုဖျက် လိုက်ခြင်းဖြစ်သည်။ ထိုအချက်က တရုတ်တို့သည် ဗမာအချင်းချင်း အိုးမည်းသုတ်ပေး၍ ရန်တိုက်ပေးကာ မလိုအပ်သည့်အချိန်တွင် ၎င်းတို့နှင့် ဝါဒတူသူကိုပင် ကိုယ်ကျိုးအတွက် ချနင်းခဲ့သည်ကို ထင်ရှားစွာ ပြသလိုက်ခြင်းပင်ဖြစ်သည်။

ဆက်လက် ဖော်ပြပါမည်။

             
 
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

၁၃.၃.၂၀၁၁

ပြည်တွင်းသတင်းများ



  မြဝတီလမ်းကြောင်း ပိတ်ထားသော်လည်း ကုန်ပစ္စည်းများ ဆက်လက်ဝင်ဆဲဖြစ်

မတ်၁၂။


သတင်းဌာနတချို့တွင်   မြန်မာနိုင်ငံသို့ ထိုင်းကုန်စည်များ အဓိက တင်ပို့ရာ လမ်းကြောင်းအား မြန်မာ အာဏာပိုင်များက စီမံချက်ဟူသော အကြောင်းပြချက်ဖြင့်  ပိတ်ဆို့ခဲ့သည် ဟူသော သတင်းများ ထွက်လာသော်လည်း ယခုအချိန်ထိ ကယ်ရီများ ဆင်းနေဆဲဖြစ်ကြောင်း ကော့ကရိတ်မြို့နယ်ဒေသခံတစ်ဦးမှ ဆိုသည်။

“စုံတက်၊ မဆင်းလေ၊ တိုက်ပွဲရှိလည်း အတက်၊ အဆင်း ရှိနေတာပဲ။ အာဏာပိုင်တွေကလည်း စစ်တာကတော့ ပုံမှန် ရှိနေတာပဲလေ။ မြဝတီမြို့က အထွက် ကုန်သွယ်ရေးဂိတ်မှာရယ်၊ မြဝတီကနေ တောင်ပေါ်အတက်မှာရှိတဲ့ အဖွဲ့စုံ ဂိတ်လို့ခေါ်တဲ့ တောင်ကြားဂိတ်မှာရယ်၊ ကော့ကရိတ်မြို့ဝင်ဂိတ်မှာရယ်က စစ်ဆေးရေးက တောင်တက်၊တောင်ဆင်း အမြဲရှိနေကြတာပဲလေ။ဒါပေမယ့် အဆင်းနေ့တိုင်း ပစ္စည်းကတော့ ရောက်နေတာပါပဲ”ဟုဆိုသည်။

မြဝတီနှင့် ကော့ကရိတ်လမ်းပိုင်းကြားရှိ စစ်ဆေးရးဂိတ်များတွင် စစ်ဆေးသောစစ်ဆေးမှုများ မည်သို့ပင် ပြင်း ထန်သည် ဖြစ်စေ၊ ပစ္စည်းအဝင်မှာ ပုံမှန်သာ ရှိပြီး၊ ကယ်ရီကြေးလည်း မတက်သွားကြောင်း၊ သံတောင် အမှတ်တံဆိပ် တပ်ဆင်ထားသော ဟိုင်းလပ်ယာဉ်ဖြင့် ကယ်ရီချနေသူယာဉ်မောင်းတစ်ဦးမှဆိုသည်။

“ပိတ်လည်း တစ်ရက်၊ စစ်ဆေးရေး ဝင်လည်းတစ်ရက်၊ စစ်သားနဲ့ငပွေးကလွဲလို့ဘယ်သူမှ ဒီလမ်းဒီခရီးက ဂိတ်တွေမှာ မနေနိုင်ဘူး။ တောင်ကြားဂိတ်ကလူတွေတောင် ညနေစောင်းရင် မြဝတီပြန်ရတယ်။ကျွန်တော်တို့က ဒီလမ်း ပိတ်လည်း၊ နောက်တစ်လမ်းပဲ။ ဒီပတ်ဝန်းကျင်တစ်ခုလုံး ထမင်းစားနေရတာက ဒီလမ်းမှာ ပစ္စည်းချလို့ပဲ၊ အခုက တံတား ပိတ်ထားတော့ ကုန်အဝင်လည်းနည်းတယ်။ကျွန်တော်တို့လည်း ပစ္စည်းရတာနည်းတယ်။ ဒါပေမယ့် ကယ်ရီကြေးတော့ မတက်ဘူး။ ပစ္စည်း သယ်တဲ့သူလည်း အရင်ကထက်စာရင် စီးပွားရေးကျတယ်။ ကျွန်တော်တို့လည်း သူတို့နည်းတူ စီးပွား ရေးကျတယ်။ တစ်ဦးနဲ့ တစ်ဦးက ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဆိုတော့ ကယ်ရီဈေးကို အခုအချိန်တက်ဖို့ စိတ်ကူး မရှိ သေးပါဘူး။”ဟု ဆိုသည်။

“မနေ့က လမ်းပိတ်တယ်လို့တော့ ကြားတယ်။ ဒါပေမယ့် ကျွန်တော် ဒီနေ့ဘားအံကိုဆင်းမှာပါ။ပြီးမှ ကယ်ရီ ကား နဲ့ မြဝတီကို ထပ်တက်မယ်။ လမ်းပိတ်လည်း လမ်းကြောင်းတော့ရှိနေတာပဲ။ ကျွန်တော်က တစ်လကို သုံးခေါက်လောက် တော့ ပုံမှန်ဆင်းတယ်”ဟု ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးဝင်းသို့ ညနေ ၇နာရီထွက်သော ဘားအံကားမှီရန် ပြင် ဆင်နေသည့် ကိုအောင်သူ(အမည်ပြောင်းထား)မှ အထုပ်အပိုးပြင်ဆင်ရင်း ပြောကြားသည်။

 “အဓိကကတော့ ထိုင်းကုန်စည်တွေကို ပိတ်ဆို့နေတာက နိုင်ငံရေးအရပဲဗျ။ ဒီမဲဆောက်မှာရှိတဲ့ မြန်မာ့နိုင်ငံရေး အတိုက်အခံတွေကို ထိုင်းက လက်ခံထားတာကို မြန်မာနိုင်ငံဘက်ကလက်မခံကြောင်းပြချင်လို့ သူတို့တွေရဲ့ ကုန်စည်ကို မြန်မာဘက်က ပိတ်ဆို့နေတာ၊အခုဆို ထားဝယ်ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေး ပရော့ဂျက် ကိုင်ထားတဲ့ အီတာလျံ- ထိုင်း ကုမ္မဏီရဲ့ လုပ်ငန်းတွေကို ခဏနားခိုင်းထားတယ်။ ဒီတော့ဗျာ ထိုင်းမှာကျွန်တော်တို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ရှိနေရင် မြန်မာနိုင်ငံမှာ ထိုင်းနိုင်ငံရဲ့ မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံထားတဲ့ စီးပွားရေးလုပ်ငန်းတွေ လွတ်လွတ်လပ်လပ် လုပ်လို့ မရဘူးဆိုတာကို အသိပေးချင်တဲ့ သဘောပါ”ဟု မဲဆောက်အခြေစိုက် မြန်မာအရေး လှုပ်ရှားသူတစ်ဦးမှ ဆိုသည်။

ထိုင်းနိုင်ငံမှ ထုတ်ကုန်တချို့ကြောင့် ကျန်းမာရေးအား ထိခိုက်စေသည် ဟုဆိုကာ မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၅နှစ်က အားဖြည့်အချိုရည်နှင့် အချိုမှုန့်များအား အခမ်းအနားများ ကျင်းပ၍ ဖျက်ဆီးမှုများ ရှိခဲ့ကြောင်း၊ ယင်းကိစ္စများမှာ မြန်မာနိုင်ငံက ထိုင်းနိုင်ငံအပေါ် ထားရှိသော ပေါ်လစီကြောင့် ဖြစ်ရခြင်းဖြစ်ပြီး ထိုဖြစ်ရပ်များ ဖြစ်ပေါ်ပါက အဓိက ထိခိုက် သူမှာ End User ဟု သတ်မှတ် နိုင်သည့် မြန်မာနိုင်ငံမှ စားသုံးသူများ ဖြစ်ကြောင်း၊ ထိုင်းကုန်စည်များ နေရာတွင် အစားထိုးနိုင်သည့် သွင်းကုန် အစားထိုးလုပ်ငန်းများ မရှိသေးသည့်အတွက် ထိုင်းကုန်စည်များ အားသိသာစွာ မှီခိုနေရခြင်းများ ရှိကြောင်း၊ ထိုင်းကုန်စည်များ ဝင်ရောက်ရာလမ်းကြောင်းအား အမှန်တကယ် ပိတ်ဆို့ထားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ လမ်းပိတ်သည်ဟူသော သတင်းထွက်ပါက ထိုင်း ကုန်စည်ဈေးနှုန်းသည် လက်ရှိ ရောက်ရှိနေသော ဈေးနှုန်းထက် ပိုမို ဈေးတက်နိုင်ကြောင်း ညောင်ပင်လေးဈေးမှ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြသည်။

-------------------------------------------------------------------------------------------------------------

‘ကျောက်ဖြူ’ကို ကန့်ကွက်သော်လည်း ‘ထားဝယ်’ကို လက်ရှောင်နေ

မတ် ၁၂။


မြန်မာ့အရေး လှုပ်ရှားနေသူများသည် တရုတ်နိုင်ငံနှင့် ဖက်စပ် လုပ်ကိုင်သော စီမံကိန်းများကို အပြင်းအထန် ကန့်ကွက်ပြီး ထိုင်းနိုင်ငံနှင့် ဖက်စပ်လုပ်ကိုင်သော စီမံကိန်းကိုမှု အကျိုးစီးပွားအရ မျက်စီမှိတ်နေခြင်းများရှိကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်မှ ထွက်ရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံသို့  ပိုက်လိုင်းဖြင့် သွယ်တန်းကာ ပို့ ဆောင်သော စီမံကိန်းနှင့် အရှေ့အလယ်ပိုင်းမှ ထွက်ရှိသော ရေနံများကို သဘောင်္ဖြင့် သယ်ဆောင်ကာ မလက္ကာရေ လက်ကြားအား ဖြတ်၍ တရုတ်နိုင်ငံသို့ သယ်ပို့နေသည့် လမ်းကြောင်းအစား ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် မဒေး ကျွန်းမှ တဆင့် ပိုက်လိုင်းဖြင့် ရေနံအား တရုတ်ပြည်သို့ တွန်းပို့သည့် စီမံကိန်းများ စတင်ချိန်တွင် ရခိုင်ပြည်နယ်နှင့် ပိုက်လိုင်းဖြတ်သန်းရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူ့အခွင့်အရေး ချိုးဖောက်သည် ဟူသော အကြောင်းပြ ချက်များဖြင့် ကန့်ကွက်ခြင်း၊ ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ကြသော မြန်မာနိုင်ငံအရေး လှုပ်ရှားသူများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများသည် တင်္နသာရီတိုင်း၊ ထားဝယ်မြို့တွင် စတင်နေပြီဖြစ်သော ထားဝယ် ရေနက်စီမံကိန်းနှင့် ပက်သက်၍ မည်သို့မျှ ကန့်ကွက်ခြင်း၊ ဆန္ဒပြခြင်းများ ပြုလုပ်သည်ကို တွေ့ရှိရခြင်း မရှိကြောင်း ပြည်တွင်းသတင်းဂျာနယ် အယ်ဒီတာ တစ်ဦးမှ ဆိုသည်။

“ကျွန်တော်က သတင်းတွေကို စိတ်ဝင်စားသူ တစ်ယောက်မို့လို့ ပြည်ပသတင်းဝက်ဆိုက်တွေကို စောင့်ကြည့်နေတာ လွန်ခဲ့တဲ့နှစ်၂၀၀၉-၂၀၁၀ ကဆို ကျောက်ဖြူနဲ့ မဒေးကျွန်းမှာ အခြေစိုက်တဲ့ တရုတ်က ရင်းနှီးမြုပ်နှံတဲ့ စီမံကိန်းကြောင့် ရလာတဲ့ ဆိုးကျိုးတွေ၊ လူ့အခွင့်အရေးတွေ ချိုးဖောက်ပါတယ်ဆိုပြီး သတင်းတွေ တက်လာတာ ခန့်မှန်းပြောရရင် အဲဒီဒေသတွေနဲ့ ဆိုင်တဲ့ သတင်းတွေကို သတင်းဌာနပေါင်းစုံက တင်ပြတာ တစ်ပတ်ကို၂ ပုဒ်လောက် ရှိတယ်။ ဒီလို တက်လာတဲ့ သတင်းတွေအပြင် ဒီစီမံကိန်းကို တစ်သီးတစ်သန့် ဆန့်ကျင်တဲ့ ထိုင်းနိုင်ငံ အခြေစိုက် ရွှေဂက်(စ်)လို အဖွဲ့တွေ၊ Arakan Oil Watch လိုအဖွဲ့တွေက ရခိုင်ပြည်နယ်မှာ ဆန္ဒပြတာတို့၊ လက်ကမ်းကြော်ငြာ ဝေတာတို့ နိုင်ငံတကာကို သွားပြီး ဒီစီမံကိန်းကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ပိုများလာပါကြောင်းကို လော်ဘီ လုပ်တာတွေ၊ သုတေသနစာတမ်း ထုတ်တာတွေ ရှိတယ်။ မြစ်ဆုံမှာလုပ်တဲ့ ရေကာတာကိစ္စကိုလည်း ကချင်ပြည်နယ်က တက်ကြွလှုပ်ရှားသူတွေကလည်း ပုံစံမျိုးစုံနဲ့ ကန့်ကွက်တာတွေ လုပ်တယ်။ ဒီနေရာမှာက အခုပြောတဲ့ စီမံကိန်းကို ဦးစီးဦးဆောင် လုပ်တာက တရုတ်နိုင်ငံနဲ့ ပြည်တွင်းက ခရိုနီ အုပ်စုဝင် ကုမ္မဏီတွေပဲ။ ဒါပေမယ့် အခုနှစ်မှာ စလုပ် တဲ့ ထားဝယ် ရေနက်စီမံကိန်း လုပ်ငန်းကျတော့ ကန့်ကွက်တာတို့ ဆန္ဒပြတာတို့ ဒီရေနက်ဆိပ်ကမ်းရဲ့ဆိုးကျိုးတွေကို ပြည်သူတွေဆီ ဖြန့်ဝေတာတို့ မလုပ်ကြသေးဘူးဗျ။ ဒီစီမံကိန်းကို ဦးစီးတာက အီတာလျံ-ထိုင်းကုမ္မဏီဗျ။ ပြီးတော့ ဒီကုမ္မဏီရဲ့ ရလာမယ့် အကျိုးစီးပွားကထိုင်း နိုင်ငံအတွက်တော့ တော်တော်လေး အကျိုးအမြတ်ရှိတယ်။ ဒီကုမ္မဏီက မြန်မာစစ်အစိုးရနဲ့ ဒီစီမံကိန်းအတွက် MOU ထိုး လိုက်တာနဲ့ သူ့ရဲ့ ရှယ်ယာက ၂၅ရာခိုင်နှုန်းကို တက်လာတာတွေ့ရတယ်”ဟု ပြောကြားသွားပါသည်။

ထားဝယ် ရေနက်စီမံကိန်းကြောင့် ရရှိလာမည့် အကျိုးရလဒ်များသည် ထိုင်းနိုင်ငံအတွက် အကျိုးအမြတ်များစွာ ရရှိနိုင်ပြီး ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေး ပေါ်လစီဖြစ်သော စစ်ဖြစ်ပွားရာ ဇုန်များကို စီးပွားရေးဇုန်များအဖြစ် အသွင်ပြောင်းရန်အတွက် ခြေလှမ်းအား အရှိန်ပြင်းစွာ လှမ်းခြင်းဖြစ်ကြောင်း၊ ယင်းသို့ ထိုင်းနိုင်ငံအစိုးရနှင့် မြန်မာအစိုးရတို့ ရင်းနှီးစွာ ဆက်ဆံနေခြင်းသည် ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေသူများအတွက် စိုးရိမ်ဖွယ်ရာဖြစ်သည်ဟု တတိယ နိုင်ငံ ရောက် မြန်မာ့အရေး လှုပ်ရှားသူတစ်ဦးမှ ဆိုသည်။

“ကျွန်တော်တို့ ဒီစီမံကိန်းရဲ့ အကျိုးရလဒ်တွေကို အကောင်း၊အဆိုး နှိုင်းယှဉ်ပြီး ပြည်သူတွေကို ပြောဖို့ လုပ်နေ တာတွေ ရှိပါတယ်။ အခုတော့ လေ့လာဆဲကာလမို့ ဘာမှသေချာပြောလို့ မရသေးပါဘူး”ဟု ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအားလေ့လာနေသူတစ်ဦးမှဆိုသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ 

အောင်သိန်းလင်း ကတိ ပျက်ဟု ပြည်သူများပြောကြား

ရန်ကုန်၊ မတ် ၁၂။


 ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ အနိုင်ရခဲ့သည့် ဦးအောင်သိန်လင်း၏ မဲဆွယ်ကတိသည် ပျက်ပြယ်သွားပြီဟု ရန်ကုန်မြို့ခံများက ပြောဆိုနေကြကြောင်း သတင်းရရှိသည်

ပြီးခဲ့သော၂၀၁၀ ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်လောင်းနေရာမှဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်ခိုင်ဖြိုးပါတီအနိုင်ရစေရန် ရှေ့တန်းမှ ဆောင်ရွက်ခဲ့သည် ဟုသိရှိရသော ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း၏ ရွေးကောက်ပွဲ အနိုင်ရရေး မဲဆွယ် ရာတွင် အသုံးပြုခဲ့သော ကတိသည်  “ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရပါက ပြည်သူတွေ၏ဘဝ တိုးတက်မြှင့်တင်ဖို့ ဦးစွာ ကြိုးစား ပေးမယ်။ လမ်းပန်းဆက်သွယ်ရေး လွယ်ကူစေရန် လမ်းတိုင်း ကွန်ကရစ်ခင်းပေးမယ်။ ပြည်သူတွေရဲ့ ဘဝ ရေ၊ မီးစုံလင် စေရမယ်။” ဟူသော ရွေးကောက်ပွဲကတိ ဖြစ်ကြောင်း  သိရသည်။
       
“ကျွန်မတို့လမ်းကို လာမဲဆွယ်တုန်းက ဒီလိုပြောခဲ့တာပါ”ဟု တောင်ဥက္ကလာပမြို့ခံတစ်ဦးက ဆိုသည်။ ရန်ကုန် မြို့၏ ဆင်ခြေဖုံးရပ်ကွက်များတွင် ကွန်ကရစ်လမ်းခင်းရန် မြေသား ဖော်ထုတ်မှုများအား တပိုင်းတစဖြင့် လုပ်ငန်းများ ရပ်တန့်နေမှုများရှိကြောင်း မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက “ရွေးကောက်ပွဲမတိုင်ခင် တစ်လလောက်က တစ်အိမ် ကို ၂၀၀၀၀ ထည့်ခိုင်းပြီး တစ်အိမ်ကို တစ်ယောက် လမ်းခင်းဖို့ လုပ်အားပေးခိုင်းတယ်။ လမ်းကမြေသားတွေက်ု ဖဲ့ချပြီး လမ်းမြေကို ညှိနေတာ အခု ရွေးကောက်ပွဲ ပြီးတာပဲ (၃)လ ကျော်နေပြီ။ လမ်းက မြေသားညှိနေတာနဲ့တင် ရပ်နေတယ်။စည်ပင်က လူတွေလည်း မလာတော့ဘူး။သွားပြောတာလည်း အထက်က ဒီထက်အရေးကြီးတဲ့ အလုပ်တွေ ခိုင်းနေလို့ပါ ဆိုတဲ့ အဖြေပဲရတယ်။ အခု မိုးက တဖြိုက်၊နှစ်ဖြိုက် ရွာနေပြီဆိုတော့ လမ်းမှာမြင်တဲ့ အတိုင်းဗွက်ထနေတယ်”ဟုဆိုသည်။
        
ပြည်ခိုင်ဖြိုးပါတီအား မဲပေးပါက လက်ရှိရနေသည့် လူနေမှု အဆင့်အတန်းထက် အနည်းငယ်ပြောင်းလဲ သွားနိုင်မည်ဟူသော အတွေးနဲ့ ထောက်ခံမဲ ပေးခဲ့သူတစ်ဦးက “ပိုကောင်းလာမလားလို့ မဲပေးလိုက်ပါတယ်။ ဒုံရင်းကဒုံရင်းပါပဲ။ နွေရောက်တာနဲ့ မီးပြတ်တာလည်း ပုံမှန်ပဲ၊ ရေမလာတာလည်း ပုံမှန်ပါပဲ။ အခုတောင် နေအရမ်းပူလာတာနဲ့ ကန်ရေက ခန်း၊ သူတို့ သွယ်ထားတဲ့ ရေပိုက်က ရေပြတ်နေပြီ”ဟု တောင်ဒဂုံမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။
        
ဦးအောင်သိန်းလင်းပေးခဲ့သော ကတိသည် မြို့တော်ဝန်အဖြစ် ၎င်းတာဝန်ယူခဲ့ချိန်က ပေးခဲ့သောဂတိ ဖြစ်ပြီး ယခု သူရောက်ရှိနေသော နေရာသည် လွှတ်တော်အမတ်နေရာဖြစ်သဖြင့် ယခင်သူပေးခဲ့ဖူးသည့် ကတိကို အကောင်အထည်ဖော်ရန် မဖြစ်နိုင်တော့ကြောင်း၊ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မဲဆွယ်ကတိပေါ်မှ ရလာမည့်အကျိုးအမြတ်ကိုသာ ကြည့်ပြီး၊ဖြစ်လာနိုင်မည့် အလား အလာများကို သေချာစွာမစူးစမ်းမည်သည့်အတွက်၊ ဤသို့သော ကတိပျက်မှု ဖြစ်လာရခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ နှစ်ပေါင်း၂၀ အကြာတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ပြည်သူ့မဲဆန္ဒကိုရစေရန် လိမ်လည်မှု၊ ကတိပျက်မှုများကို နောက်၅နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မဖြစ်နိုင်ရန် ပြည်သူများအနေဖြင့် ရွေးချယ်မှု မမှားစေရန် ကိုယ်စားလှယ်လောင်း တစ်ဦးခြင်းစီ၏ အကြောင်း၊ မဲဆွယ်စည်းရုံးစဉ်တွင် ပေးသည့်ကတိများကို လည်းကောင်း တိကျသေချာစွာ ဆန်းစစ်ရန် လိုကြောင်း သတင်းစာဆရာတစ်ဦးက ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီသည် ရွေးကောက်ပွဲတွင် အနိုင်ရစေရန် ရန်ကုန်မြို့တစ်ဝှမ်းလုံး၌ ကွန်ကရစ်လမ်း ခင်းပေးခြင်း၊ ‘ကြံ့ခိုင်ရေးရေ’ဟု ပြည်သူအများက ခေါ်ကြသည့် ငမိုးရိပ်ရေလှောင်ကန်မှ ရေကို ယခင်က အသုံးပြုရသည့် ဂျိုးဖြူရေထက် လျော့သောဈေးဖြင့် ဖြန့်ဖြူးပေးခြင်းများကို ရွေးကောက်ပွဲကျင်းပသောရက်ဖြစ်သည့် နိုဝင်ဘာ(၇)ရက်နေ့ မတိုင်မှီအထိ အင်တိုက်အားတိုက် ပြုလုပ်ပေးခဲ့ ကြောင်း သိရှိရသည်။

-------------------------------------------------------------------------------------------------------------

အမြဲတမ်းကော်မတီများ အဆက်မပြတ်တာဝန်ထမ်းဆောင်နေမည်
 

 ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများ ရပ်နားပြီးနောက် အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော် များတွင် အမြဲတမ်း ကော်မတီ လေးခုစီကို ဖွဲ့စည်းခဲ့ပြီးဖြစ်ရာ အဆိုပါ ကော်မတီများသည် အမြဲတမ်း ကော်မတီများ ဖြစ်သည့်အတွက် လွှတ်တော် ရပ်နားထားချိန်များတွင်ပင် သက်ဝင် လည်ပတ်နေမည် ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် တစ်ဦးဖြစ်သူ ဒေါက်တာမြတ်ဥာဏစိုးမှ ပြောကြားခဲ့သည်။

"လွှတ်တော် အစည်းအဝေးတွေ မရှိချိန်မှာလည်း ဒီကော်မတီတွေဟာ လွှတ်တော်ကြီးရဲ့ လုပ်ငန်းဆောင်တာတွေကို ဆက်ပြီး အကောင်အထည် ဖော်နေမယ်။ ဒါကြောင့် ဥပဒေပြုရေး အပိုင်းဟာ တစ်ချိန်လုံး အသက်ဝင်နေမယ်။ အုပ်ချုပ်ရေး အပိုင်းဟာ သမ္မတတွေ၊ ဝန်ကြီးတွေနဲ့ တစ်ချိန်လုံး အသက်ဝင်နေမယ်"ဟု ဒေါက်တာ မြတ်ဥာဏစိုးမှ ပြောကြား ခဲ့သည်။

ဖွဲ့စည်းလိုက်သော ကော်မတီများတွင် အမျိုးသား လွှတ်တော်ကော်မတီတွင် ဦးအောင်ထွန်း၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီတွင် ဒေါက်တာအေးမောင်၊ပြည်သူ့ လွှတ်တော်ရှိ ကော်မတီကို အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ ဦးသူရိန်ဇော်တို့က တာဝန်ယူထားပြီး လွှတ်တော် အခွင့်အရေး ကော်မတီများကိုမူ လွှတ်တော် ဥပဒေများအရ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌများကသာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

 ကော်မတီများ ဖွဲ့စည်းရာတွင် ကော်မတီတစ်ခုလျှင် အဖွဲ့ဝင် ၁၅ ဦးဖြစ်၍ ပြည်ခိုင်ဖြိုးပါတီက ၁၀ဦးစီ၊ အခြား ပါတီများက ၅ဦးစီ ဖြစ်ရာ ပြည်ခိုင်ဖြိုးက သုံးပံနှစ်ပုံ ရယူထားသည်ကို တွေ့ရသည်။

အဆိုပါ ကော်မတီများ၏ အစီရင်ခံစာများပေါ် မူတည်ကာ လွှတ်တော် ခေါ်ယူသင့်သည်ဟု လွှတ်တော် ဥက္ကဋ္ဌက ယူဆပါက လွှတ်တော်ကို ထပ်မံခေါ်ယူမည် ဖြစ်ပြီး ယခုကော်မတီများတွင်  အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အစိုးရ ၀န်ထမ်းများ အများစု ပါဝင်နေသဖြင့် ထိရောက်စွာ လုပ်ဆောင်ခွင့်ရရန် ကော်မတီဝင်များက မျှော်လင့်လျက်ရှိနေကာ လိုအပ်မှုရှိလျှင် အခြားကော်မတီများကိုလည်း အချိန်ကာလ သတ်မှတ်၍ ဖွဲ့စည်းခွင့်ရှိကြောင်း သိရသည်။


 
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ


အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်တွင် ကျောက်မျက်ရတနာ အရောင်းပြပွဲကို မတ်လ ၁၀ ရက်နေ့၌ စတင်ပြုလုပ်တော့ မည်ဖြစ်ရာ ကျောက်မျက်ကုန်သည်များအား တစ်ခါသုံး GSM ဖုန်းကတ်များအား ပြန်လည်ရောင်းချပေးမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သဖြင့် The Voice Weekly က မတ်လ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင်  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို အတည် ပြုမေးမြန်ခဲ့ရာ “ဈေးကွက် လိုအပ်ချက်အရ ပြန်လည်ရောင်းချဖို့ လူကြီးတွေ ဆုံးဖြတ်လိုက်တာပါ။ ရှေ့အပတ်မှာ FEC 20 တန် ကတ် အရင်ဆုံးထွက်လာပါမယ်။ ငါးသိန်းဖုန်း မလျှောက်နိုင်တဲ့ လူတန်းစားတွေပါမကျန် ဖုန်းအသုံးပြုနိုင်မှာပါ” မြန်မာ့ဆက်သွယ်ရေး ရုံးချုပ် အခြေစိုက် မိုဘိုင်းလ် ဆက်သွယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
 
The Voice Weekly ဂျာနယ် အတွဲ (၇)၊ အမှတ်(၁၄) တွင်ပါရှိသည့် “တစ်ခါသုံး GSM SIM Card များ ပြန်လည်ရောင်းချ မည်” သတင်းမှ ကောက်နှုတ်ဖော်ပြချက်
-------------------------------------------------------------------------------------------------------------

“ကျွန်တော်တို့နိုင်ငံက သဘာယ သယံဇာတ ထွက်ကုန်တွေ Primary Product(ကုန်ကြမ်း)တွေကိုပဲ ပြည်ပ ဈေးကွက်ကို အဓိက တင်ပို့နိုင်သေးတာဆိုတော့ ပြည်ပနိုင်ငံတွေရဲ့ ဝယ်လိုအားပေါ်မှာ အခြေခံပြီး တစ်ချိန်မဟုတ် တစ်ချိန် ပို့ကုန် ဈေးကျလာမှာပဲ။ ဝယလိုအား အကန့်အသတ်ရှိသလို တင်ပို့နိုင်တဲ့ ဈေးကွက်ကလည်း အကန့်အသတ်ပဲရှိတော့ ဝယ်သူက ဈေးကိုင်နိုင်တယ်။ ပို့ကုန်ဈေးကွက် မြှင့်ဖို့ဆိုရင် တစ်ဖက်ရဲ့ ဝယ်လိုအားကို သိရမယ်။ တစ်ဖက်က ဝယ်လိုအားရှိပြီး ဈေးကွက်ထဲမှာ အပြိုင် တင်ပို့တဲ့ နိုင်ငံလည်း မရှိဘူးဆိုရင် ထုတ်လုပ်မှု လျော့တဲ့အတွက် ဈေးတိုးပြီး ဝယ်လာရမှာပဲ။ ဒါပေမယ့် အဲဒီလို မဟုတ်ရင် ကိုယ့်ရဲ့ ဗျူဟာကို ပြောင်းပစ်နိုင်ရမယ်” စီးပွားရေး မူဝါဒရေးရာ ပညာရှင် ဒေါက်တာ အောင်ကိုကိုက လက်ရှိ ရေချိုငါး ပြည်ပဈေးကွက်တွင် ဖြစ်ပေါ်နေမှုနှင့် ပတ်သတ်၍ သုံးသတ်ပြသည်။
 
The Voice Weekly ဂျာနယ် အတွဲ (၇)၊ အမှတ်(၁၄) တွင်ပါရှိသည့် “ရေချိုငါး မွေးမြူမှု ၄၀ ရာခိုင်နှုန်း လျှော့ချလိုက်သောကြောင့် ဘဏ္ဍာနှစ်သစ်တွင် ရေချိုငါး ဈေးမြင့်နိုင် ” သတင်းဆောင်းပါးမှ ကောက်နှုတ်ဖော်ပြချက်

-------------------------------------------------------------------------------------------------------------

  "၁၀၈ ပေါင် ဆန်တစ်အိတ်ကို သယ်ယူပို့ဆောင်ခက ကျပ် ၃,၀၀၀၊ ၄,၀၀၀ လောက် ဖြစ်သွားတော့ ဆန်ဈေးတွေပါ လိုက်တက် သွားခဲ့တယ်။ ပြည်တွင်းမှာ ဆန်ဈေးတွေ တက်တော့ ပြည်ပတင်ပို့မှုလည်း ရပ်ဆိုင်းသွားတယ်။ ဈေးနှုန်း မြင့်တာကြောင့် အရောင်းအဝယ် အေးပြီး တစ်နယ်နဲ့တစ်နယ် ဆန်တင်ပို့မှုကလည်း နည်းသွားတယ်။ ပြည်တွင်း စီးဆင်းမှု နှေးတာကြောင့် တင်ပို့မှု နည်းသွားတာမို့ စက်သုံးဆီဈေး မကျပေမယ့် သယ်ယူပို့ဆောင်ခက တစ်အိတ်ကို ကျပ် ၁,၀၀၀၊ ၂,၀၀၀ ကြား ပြန်ကျသွားတယ်။

သယ်ယူ ပို့ဆောင်ခ ကျလာလို့ ဆန်ဈေး ပြန်ကျလာပေမယ့် အရောင်းအဝယ်က မှန်မှန်ပါပဲ။ လက်ကားရောင်းတဲ့ သူတွေက ကုန်သလောက်ပဲ မှာရောင်းကြသလို၊ စားသုံးသူတွေမှာလည်း တစ်ခါတည်း များများဝယ်ထားတဲ့သူ တော်တော် နည်းလာပြီ"ဟု မန္တလေးမှ ဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။

Myanmar Times ဂျာနယ် အတွဲ ၂၆ ၊ အမှတ် ၅၀၉ တွင်ပါရှိသည့် “ပြည်တွင်းစီးဆင်းမှု နည်းသဖြင့် ဆန်းဈေး ပြန်လည် ကျဆင်း” သတင်းမှ ကောက်နှုတ် ဖော်ပြချက်

 
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
သတင်းဆောင်းပါး

ရွေးချယ်စရာမရှိ၍သာ

            ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံသော ၂၀၁၀ ရွေးကောက်ပွဲ နီးလာချိန်နှင့် ရွေးကောက်ပွဲအပြီး ကာလ ယနေ့အထိတွင် မြန်မာ့နိုင်ငံရေး အိုင်ဒီယိုလိုဂျီ အငြင်းပွားမှုမှာ ကျယ်လောင်စွာ ရှိနေဆဲပင်ဖြစ်သည်။ အထူး သဖြင့် ရွေးကောက်ပွဲ မတိုင်ခင် အချိန်က စတင်ခဲ့သော အငြင်းပွားမှုများ ဖြစ်သည်။ ထိုကဲ့သို့ အငြင်းပွားမှုမျိုးသည် မြန်မာ့နိုင်ငံရေး သမိုင်းတွင် ထုံးစံတစ်ခုလို ဖြစ်နေရာ အဆန်းတကြယ်တော့ မဟုတ်ပါဟု ဆိုရပေလိမ့်မည်။

            ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရန် အမျိုးသား ညီလာခံ ကျင်းပစဉ် ကာလများတည်းက စစ်အစိုးရ ကမကထ ပြုသော ရွေးကောက်ပွဲကို လက်ခံသည့် အုပ်စုနှင့် လက်မခံသည့် အုပ်စုဟူ၍ ကွဲပြားခဲ့သည်။ လက်ခံသည့် အုပ်စုများသည် ရွေးကောက်ပွဲကို ထောက်ခံပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများနှင့် တတိယ အုပ်စုဟု ခေါ်တွင်သော မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို လိုလားသည့် ပါတီနိုင်ငံရေးနှင့် မပတ်သက်သော ပညာရှင်များ၊ စီးပွားရေး အုပ်စုများ အဖြစ် တွေ့မြင်ရသည်။ လက်မခံသည့် အုပ်စုများမှာ NLD နှင့် အခြားသော တိုင်းရင်းသား အဖွဲ့အစည်းအချို့နှင့် ပြည်ပ ရောက် မြန်မာစစ်အစိုးရ ဆန့်ကျင် လှုပ်ရှားသူများ  ဖြစ်ကြသည်။

            ဤနေရာတွင် နိုင်ငံရေး ပါတီတစ်ခုမှ ပုဂ္ဂိုလ်တစ်ဦး၏ မှတ်ချက်ကို ဖော်ပြလိုပါသည်။ NLD သည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီဖြစ်ပြီး ထိုရလဒ်ကို စစ်အစိုးရက လက်မခံ၍ တနည်း NLD ကို စစ်အစိုးရက အသိအမှတ် မပြု၍ NLD ကလည်း စစ်အစိုးရကို အသိအမှတ် မပြုခြင်းမှာ ဖြစ်သင့်ဖြစ်ထိုက်သည်ဟု ဆိုသည်။ ထို့ကြောင့် NLD က လက်ရှိ ရွေးကောက်ပွဲနှင့် လက်ရှိ နိုင်ငံရေး အခင်းအကျင်းကို လက်မခံနိုင်သည့် အကြောင်းအရာသည် လုံလောက်သည်ဟု ဆိုရမည်ဖြစ်သည်။

            တဖန် ပြည်ပရောက် မြန်မာအစိုးရ ဆန့်ကျင်ရေး ပြုလုပ်သည့် အဖွဲ့အစည်းများ အနေဖြင့်လည်း ၎င်းတို့ ရပ်တည်ချက်နှင့် ခံယူချက် ရှိပေလိမ့်မည်ဟု ယူဆမိပါသည်။ အချို့မှာ ဒီမိုကရေစီစံ နှုန်းပြည့် နိုင်ငံကြီးများတွင် နေထိုင်ရသည့် ဘဝကို အသားကျ သွားသည်ဖြစ်ရာ မြန်မာနိုင်ငံတွင် ယခုဖြစ်ပေါ်နေသော အပြောင်းအလဲလေးများကို အားမရခြင်းမျိုး ဖြစ်ကြသလို အချို့ကလည်း ပြည်တွင်းတွင် ရှိစဉ်က စစ်အစိုးရ၏ ဖိနှိပ်ညှဉ်းပန်းမှုများကို ခံခဲ့ရပြီး နာကြည်း ချက်များ ရှိနေကြသည်ဖြစ်ရာ ပြည်ပရောက မြန်မာများ အနေဖြင့် ရွေးကောက်ပွဲကို လက်မခံ နိုင်ကြသည် ကိုလည်း စာနာ နားလည်မိပါသည်။

            တတိယ အင်အားစုများ အကြောင်းကို တင်ပြလိုပါသည်။ ဤလူတန်းစားတွင် အထက်က ဆိုခဲ့သလို ရွေးကောက်ပွဲဝင် ပါတီများနှင့် ပညာရှင် အုပ်စုများ( လွယ်လွယ်ကူကူ အီလစ်များ) ပါဝင်ကြသည်ဖြစ်ရာ ပါတီများကိုမူ ရွေးကောက်ပွဲဝင်သည့် ပါတီနိုင်ငံရေး ဖြစ်သည့် အတွက် များစွာ မဆွေးနွေးလိုပါ။ ထိုပါတီများသည်  ရွေးကောက်ပွဲ ဝင်ရသည့် အိုင်ဒီယိုလိုဂျီကို ကြေညာပြီး ဖြစ်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် တတိယ အင်အားစုများမှ အီလစ်များ အကြောင်းကို ဆွေးနွေးလိုပါသည်။ ၎င်းတို့၏ အဆိုအရ မည်သည့် နိုင်ငံရေး အုပ်စုနှင့်မဆို တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် ပူးပေါင်း လုပ်ဆောင်မည်။ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုကို သီအိုရီများအရ လက်သင့်ခံသင့်သည်။ ပြောင်းလဲမှုများ ရှိနေသည်ဟု သုံးသပ်ပြကြသည်။

            အထက်ပါ အမျိုးအစား သုံးခုလုံးသည် ခံယူချက် ကိုယ်စီဖြင့် မှန်ကန်နေကြသည်ဖြစ်ရာ ထိုအဆင့်အထိသည် ပြသနာ မရှိဟုသာ ဆိုရပါလိမ့်မည်။  ဒီမိုကရေစီတွင် လွတ်လပ်စွာ သဘောထား ကွဲလွဲခြင်းကို လက်ခံသောကြောင့် ဖြစ်သည်။ ပြသနာ အစပြုသည်မှာ ထိုအုပ်စုများသည် တစ်ဖက်နှင့်တစ်ဖက်  အိုင်ဒီယိုလိုဂျီ အငြင်းပွားမှုများမှ အကျိုးအကြောင်းမဲ့ ဝေဖန် တိုက်ခိုက်ကြခြင်း ဖြစ်သည်။ စစ်အစိုးရကို ဆန့်ကျင်သည့် အုပ်စုများနှင့် ရွေးကောက်ပွဲကို လက်ခံသော အုပ်စုများ အပြန်အလှန် စွပ်စွဲ တိုက်ခိုက်ကြခြင်းဖြစ်သည်။ စစ်အစိုးရ၏ အလိုတော်ရိများဟု စွပ်စွဲကြသလို တစ်ဖက်ကလည်း အတွေးအခေါ် မရှိသော တက်ကြွလှုပ်ရှားသူများ၊ ဒေါ်လာစား နိုင်ငံရေးသမား စသည်ဖြင့် အပြန်လှန်ပုတ်ခတ် စွပ်စွဲကြသည်။ ထိုသို့ အပြန်အလှန် စွပ်စွဲကြခြင်းသည် မည်သည့် နိုင်ငံရေး တိုးတက်မှုမှ မဖြစ်ပေါ်စေသည်ကို သတိပြုမိပါသည်။ ရှေးယခင် သမိုင်း အဆက်ဆက်က အငြင်းပွားခဲ့ကြသလိုသာ ရှိပါသည်။

            ဤနေရာတွင် တတိယ အင်အားစုများဘက်မှ ရှေ့နေလိုက်ခြင်းဟု မထင်မှတ်ကြစေလိုပါ။ မြန်မာနိုင်ငံတွင် အကြီးမားဆုံး လူထုအုံကြွမှုဖြစ်သည့် ၈၈  အရေးအခင်း၊ နောက် ၉၆ အရေးအခင်း၊ ထို့နောက် ၂၀၀၇ သံဃာ့ အရေးအခင်း စသည်ဖြင့် ဖြစ်ပွားခဲ့ရာတွင် လူထုအုံကြွမှုများကို စစ်အစိုးရက ပြင်းထန်စွာ နှိမ်နှင်းခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်သူလူထု များစွာမှပင် အထိနာခဲ့သည်။ အကျိုးဆက်မှာ ပြည်သူသည် လူမဆန်သော စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုကို လက်တွေ့ ခံစားခဲ့ရပြီး ၂၀၀၇ တွင် သံဃာကိုပင် ငဲ့ညှာမှုမရှိခဲ့သော စစ်တပ်၏ လုပ်ရပ်သည် မည်သည့် အရေးအခင်းမျိုးကိုမဆို တရားမျှတသည် ဖြစ်စေ တရားမမျှတသည် ဖြစ်စေ ချေမှုန်းတော့မည်ကို လက်တွေ့ ပြသလိုက်ခြင်းပင် ဖြစ်သည်။

            ထို့ကြောင့် စစ်အာဏာရှင် စနစ်ကိုလည်း မလိုလား၊ နိုင်ငံရေး အပြောင်းအလဲကိုလဲ မျှော်လင့်၊ အထိနာခဲ့သော အတွေ့ အကြုံများကိုလည်း ထိတ်လန့်လျှက်ပင် ရှိနေသေးသော ပြည်သူတို့သည် နိုင်ငံရေး အခင်းအကျင်း အသစ်ကို မျှော်လင့်လာကြ သည်။ ထိုအထဲတွင် အထက်က ဆိုခဲ့သော တတိယ အင်အားစု ဆိုသူများက သွေးမြေမကျသော အပြောင်းအလဲကို လုပ်ဆောင်ရန် ကြိုးပမ်းလာကြသည်။ ရည်ရွယ်ချက်မှာ စစ်အာဏာရှင် ကွယ်ပျောက်သွားရေးသာ ဖြစ်ပါသည်။ ပြည်သူကို အထိ မနာစေလိုသော လမ်းကြောင်းဖြင့် ရွေးချယ် ဖြတ်သန်းရခြင်း ဖြစ်သည့်အတွက်  စစ်တပ်နှင့် ထိပ်တိုက်တွေ့မည့် လမ်းကြောင်း မှန်သမျှကို အလျော့ပေး ဆက်ဆံရသဖြင့် ချက်ချင်းပင် အပြောင်းအလဲ လိုလားသော အုပ်စုများ အမြင်တွင် စစ်အစိုးရ အလိုတော်ရိများအဖြစ် မြင်လာကြခြင်း ဖြစ်ပါသည်။ ရှုပ်ထွေးလှသော မြန်မာ့ နိုင်ငံရေး အခြေအနေနှင့် လူမဆန်သော စစ်တပ်၏ သဘောထားတို့ကြောင့် မြန်မာ့ နိုင်ငံရေးသည် ထင်သလောက် ခရီးမပေါက်နိုင်သည်ကို လက်ခံနားလည် ပေးကြစေလိုပါသည်။ 

             မည်သို့ပင် ဆိုစေကာမူ လက်ရှိအခင်း အကျင်းတွင် အားမလို အားမရမှုများ ရှိလင့်ကစား အာဏာရှင်စနစ် အောက်မှ ပါလီမန်စနစ်သို့ ကူးပြောင်းလာပြီ ဖြစ်ပါသည်။ တစ်ဦးတည်း အုပ်ချုပ်သော စနစ်ဟောင်းမှ ပါဝါအပြိုင် အုပ်ချုပ်ပြီး ယခင်အစိုးရဟောင်းမှ လူများပင် အပြန်အလှန် ထိန်းကျောင်းသွားသော စနစ်တစ်ခုကိုလည်း တွေ့မြင်နေရပြီ ဖြစ်ပါသည်။ မာရှယ်လော၊  အကြောင်းမဲ့ ဖမ်းဆီးမှု စသည်တို့ထက် သာလွန်သော စနစ်တစ်ခု ဖြစ်ပေါ်နေပြီဖြစ်ကာ ယခင်မသိခဲ့ရသော အစိုးရ အသုံးစားရိတ်၊ အစိုးရ သဘောထားများကို အပြောင်းအလဲ မပြုနိုင်သည့်တိုင် မေးမြန်းခွင့်၊ ဝေဖန်ခွင့် စသည်ဖြင့် ရရှိလာ ခဲ့ပြီဖြစ်ရာ ထိုအလေ့အကျင့်များ ရင့်ကျက်လာလျှင် ဒီမိုကရေစီနှင့် အရပ်သား အုပ်ချုပ်မှုများ ဖြစ်ပေါ်လာလိမ့်မည် ဖြစ်ပါသည်။

            နိဂုံးချုပ် ဆိုရလျှင် တတိယ အင်အားစုများသည် အခြားသော အင်အားစုများနည်းတူ စစ်အာဏာရှင် စနစ်ကို ပြုတ်ကျစေလိုသည်မှာ ယုံမှားသံသယ မရှိစေလိုပါ။ အခြားသော လမ်းကြောင်းများ ရွေးချယ်စရာ မရှိ၍သာ ဖြစ်သင့် ဖြစ်ထိုက်သော လက်ရှိ အခြေအနေနှင့် ကိုက်ညီသော သီအိုရီများ၊ ဖြစ်တန်ချေများဖြင့် နိုင်ငံရေး လမ်းကြောင်း တစ်ခုကို ဖောက်ထွက်ကြည့်ခြင်း ဖြစ်ပါသည်။ ထိုသို့ လမ်းကြောင်းသစ် ဖောက်ထွက်ရခြင်းပင်လျှင် အခြားရွေးစရာ လမ်း ကြောင်းများ အိုင်ဒီယိုလိုဂျီများ မရှိသောကြောင့်ပင် ဖြစ်ပါသည်။
 
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.


--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

၁၂.၃.၂၀၁၁

ပြည်တွင်းသတင်းများ

8 Days ဂျာနယ် သတင်းထောက်တစ်ဦး ထိမ်းသိမ်းခံရ
ရန်ကုန်၊ မတ် ၁၀။


အင်းစိန်မြို့နယ်တွင် ဖေဖော်ဝါရီင်္လ ၂၇ရက်(တနင်္ဂနွေနေ့)  ညပိုင်းက ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ် နေသည် ဟုဆိုကာ 8 Days ဂျာနယ်မှ သတင်းထောက်တစ်ဦး အထိန်းသိမ်းခံခဲ့ရကြောင်း ၎င်းဂျာနယ် အသိုင်းအဝိုင်းမှ သိရှိရသည်။

ထိန်းသိမ်းခံရသူမှာ စောမြင့်အောင် အမည်ဖြင့်  8 Days  ဂျာနယ်တွင်  ရေးသားနေကြောင်း၊ သို့သော် ပင်တိုင်ရေးသူ မဟုတ်ကြောင်း၊  ဗုံးဖောက်ခွဲသည်ဟု မသင်္ကာသူ ဇော်မင်းသန်းနှင့် အဆက်အသွယ်ရှိကြောင်း သတင်းများကဆို သည်။ 8 Days ဂျာနယ်သည် ရန်ကုန် မီဒီယာဂရုပ်မှ ထုတ်ဝေသော ထင်ရှားသည့် ပေါ့ပ်ဂျာနယ်တစ်စောင်ဖြစ်သည်။

ဇော်မင်းသန်းနှင့် အဆက်အသွယ် ရှိသောသူများကို လိုက်လံ စစ်ဆေးလျှက်ရှိရာ အချို့မှာမူ ထိန်းသိမ်းခံထားရ ကြောင်း၊ အထူးသဖြင့် ၎င်း၏ အဆက်အသွယ်များမှာ အလုံမြို့နယ်၊ အင်းစိန်မြို့နယ်တွင် ရှိနေကြောင်း၊ ထင်ရှားသည့် အီလက်ထရောနစ် သင်တန်းဆရာတစ်ဦးဖြစ်သူ ဦးနေလင်းသည်လည်း စစ်ဆေးခံရကြောင်း၊ ထိုကိစ္စနှင့်ပါတ်သက်၍ ဖမ်းဆီး ထိန်းသိမ်းခံရသူ ၁၀ဦး ထက်မနည်း ရှိနေပြီး အများစုမှာ လျှို့ဝှက် ထိမ်းသိမ်းခံရခြင်းဖြစ်ကြောင်း ထောက်လှမ်းရေး သတင်းရပ်ကွက်များနှင့် နီးစပ်သူများထံမှ စုံစမ်း သိရှိရသည်။

နိုင်ငံသားများကို ဖမ်းဆီးစစ်ဆေးမှုသည် ဥပဒေနှင့်အညီသာ ဖြစ်သင့်ကြောင်း၊ လုံခြုံရေးအရ ပြုလုပ်ရသည်ဟု ဆိုသော်လည်း နိုင်ငံသား အခွင့်အရေးများကို လေးစားသင့်ကြောင်း၊ ဖမ်းဆီး စစ်ဆေးမှုများနှင့်အတူ ပြစ်မှု ထင်ရှားပါက လည်း ပွင့်လင်းမြင်သာသော တရားစီရင်ရေးဖြင့်သာ စစ်ဆေး စီရင်သင့်ကြောင်း၊ အစိုးရ အနေဖြင့် တရားစီရင်ရေးအပေါ် လေးစားမှု ရှိမှသာ ပြည်သူများ၏ ယုံကြည် ကိုးစားမှုကို ရရှိမည်ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။

ဗုံးပေါက်ကွဲမှုအပြီး လုံခြုံရေး တင်းကျပ်ခဲ့ရာ အချို့သော လုံခြုံရေး တာဝန်ရှိသူများ၏ လုပ်ဆောင်မှုများမှာ မင်းမဲ့ စရိုက်ဆန်ကြောင်း၊ အစိုးရ အနေဖြင့် ပြည်သူများ၏ ယုံကြည် ကိုးစားမှုကို ရရှိအောင် လုပ်ဆောင်ရာတွင် အဓမ္မနည်းဖြင့် လုပ်ဆောင်၍ မရကြောင်း ၄င်းတို့က ထပ်လောင်းပြောကြားသည်။

The CJs News

-------------------------------------------------------------------------------------------------------------



အထူးစီးပွားရေးဇုန်၏ အာမခံလုပ်ငန်းများကို မြန်မာ့အာမခံလုပ်ငန်းဖြင့်သာ ဆောင်ရွက်ရပာုဥပဒေ၌ပါရှိ

  အထူး စီးပွားရေးဇုန်အတွင်း စီးပွားရေးလုပ်ငန်းများလုပ်ကိုင်မည့် လုပ်ငန်းရှင်များအနေဖြင့် အာမခံ ထားရှိရန် အတွက် အာမခံလုပ်ငန်းနှင့်ပတ်သတ်သည့် ကိစ္စရပ်များကို မြန်မာ့ အာမခံလုပ်ငန်းဖြင့်သာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 အထူး စီးပွားရေးဇုန်အတွင်း လုပ်ဆောင်မည့် မည်သည့်လုပ်ငန်းမဆို မြန်မာ့ အာမခံလုပ်ငန်းနှင့်သာ အာမခံ လုပ်ဆောင်ထားရမည် ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းများကို စတင် လုပ်ဆောင်မည်ဆိုသည့် အချိန်မှ စတင်၍ အာမခံ ထားသင့်ကြောင်း၊ မြန်မာ့ အာမခံလုပ်ငန်းမှ သတ်မှတ်ထားသည့် အမျိုးအစား အားလုံးမှာ ငွေကြေး အတိုင်းအဆမရှိ ထားနိုင်ကြောင်း မြန်မာ့ အာမခံလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

 အထူး စီးပွားရေးဇုန် ဥပဒေ ပုဒ်မ ၄၀၌လည်း ဖော်ပြထားသည်မှာ နိုင်ငံခြား အာမခံ ကုမ္ပဏီများ၊ ဖက်စပ် အာမခံ ကုမ္ပဏီများသည် အထူး စီးပွားရေးဇုန်အတွင်း ယင်းတို့၏ ကိုယ်စားလှယ်ရုံးများနှင့် အာမခံ လုပ်ငန်းများကို သတ်မှတ်ချက်များနှင့်အညီ လုပ်ကိုင်ခွင့် ရှိကြောင်း အထူး စီးပွားရေးဇုန်ဥပဒေတွင် အတိအလင်း ဖော်ပြထားရှိခဲ့သည်။

-------------------------------------------------------------------------------------------------------------

မြန်မာ-သြစတြေးလျ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးမည်
 

  မြန်မာနိုင်ငံနှင့် သြစတြေးလျ လုပ်ငန်းရှင်များ အကျိုးတူ ပူးပေါင်း ဆောင်ရွက်၍ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ကုန်သည်စက်မှုအသင်းချုပ် UMFCCI ၌ မတ်လ ၁၇ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

   ၂၀၁၀ ရွေးကောက်ပွဲပြီး နောက်ပိုင်းကာလများတွင် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များ မကြာခဏ လာရောက်၍ ဆွေးနွေးလေ့ရှိကြောင်း၊ ယခု သြစတြေးလျ နိုင်ငံကပါ စိတ်ဝင်စားလာ၍ ဆွေးနွေးရန် လာရောက်ခြင်း ဖြစ်မည်ပာု ထင်ကြောင်း UMFCCI  အထွေထွေအတွင်းရေးမှူး ဒေါက်တာမောင်မောင်လေးက ပြောကြားခဲ့သည်။

ယခု သြစတြေးလျ နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးသွားမည့် ကိစ္စရပ်များမှာ ရေအားလျှပ်စစ်၊ စိုက်ပျိုးရေးသုံး စက်ယန္တယား၊ သစ်လုပ်ငန်း၊ ဆက်သွယ်ရေး၊ နည်းပညာ၊ ထောက်ပံ့သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ အီလက်ထရွန်းနစ် နည်းပညာဆိုင်ရာ ထုတ်ကုန်လုပ်ငန်း၊ ဆေးရုံသုံးပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၊ ရေနွေးငွေ့တာဘိုင်စက် ဝန်ဆောင်မှု၊ အီလက်ထရွန်းနစ် ငွေပေးချေမှုစနစ်၊ ဘဏ်လုပ်ငန်း၊ အတိုင်ပင်ခံလုပ်ငန်း၊ မီးရထားလမ်း၊ စက္ကူ၊ ပုံနှိပ်စက်၊ ဆည်မြောင်းနည်းပညာ၊ မီးသတ်ယာဉ်၊ ဆန်ရောင်းဝယ်ရေး၊ သံမဏိ၊ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစသည့် လုပ်ငန်းရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 သြစတြေးလျနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် အယောက် ၃၀ ဝန်းကျင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ၊ ၎င်းဆွေးနွေးပွဲအတွက် ထိုင်းနိုင်ငံအခြေစိုက် သြစတြေးလျသံရုံးမှ စီးပွားရေးသံတမန် ဒေါက်တာမောင်မောင်လေးနှင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကတည်းက UMFCCI တွင် ကြိုတင် ညှိနှိုင်း ဆွေးနွေးထားကြကြောင်း ၎င်းမှပင် ဆက်လက် ပြောကြားခဲ့သည်။

-------------------------------------------------------------------------------------------------------------


ရေးမြို့တွင် ဆိုင်ကယ်များ အုပ်စုဖွဲ့သောင်းကျန်း
ရေး၊ မတ် ၉။


တနင်္သာရီ တိုင်းဒေသကြီး ရေးမြို့တွင် ဆိုင်ကယ်များ မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ သောင်းကျန်းနေကြောင်း ယင်းနယ်ခံများနှင့် ရန်ကုန်-ရေး - ထားဝယ်- မြိတ် ပြေးဆွဲနေသော ယာဉ်မောင်းများထံမှ သိရှိရသည်။

ဆိုင်ကယ်များမှာ မြို့ပြင် ဟိုင်းဝေးလမ်းများနှင့် မြို့တွင်း လမ်းများပေါ်တွင် အုပ်စုဖွဲ့ မောင်းနှင်နေကြကြောင်း၊ အချို့ဆိုလျှင် ယာဉ်ကြောအပြည့် မောင်းနှင်နေကြကြောင်း၊ ခရီးသွားယာဉ်များမှာ များစွာ အခက်အခဲ တွေ့နေကြကြောင်း ပြောသည်။

ကုန်တင် ယာဉ်မောင်းတစ်ဦးက “ ဆိုင်ကယ်တွေက အုပ်စုလိုက်မောင်းနေတာ တော်တော်ဆိုးတယ်ဗျ။ ၉ရက်နေ့ ည ၈နာရီ ကျော်လောက်ကလည်း ရေးအ၀င်လမ်းမှာ ဆိုင်ကယ်၈စီး အုပ်စုဖွဲ့မောင်းနေတာ၊ ကိုယ်ပိုင်ကားတစ်စီးက ကျော်တက်ဖို့လုပ်တာ သူတို့ကို ဆဲပါတယ်ဆိုပြီး ဆိုင်ကယ်သမားတွေက ကားကိုဝိုင်းပြီး ရိုက်ကြတယ်။ အဲဒီမှာတင် ကားတွေလဲ အကုန်ပိတ်ပြီးတော့ တစ်နာရီလောက် ကြာသွားတယ်” ဟုပြောသည်။

အစိုးရ အနေဖြင့် လမ်းပန်း ဆက်သွယ်ရေး လုံခြုံ ချောမွေ့စေရန် ဆောင်ရွက်လျှက်ရှိရာ ထို့ကဲ့သို့သော ဖြစ်ရပ်များကို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းသင့်ကြောင်း ခရီးသွား ပြည်သူများကလည်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို လေးစား လိုက်နာသင့်ကြောင်း ခရီးသွား ပြည်သူတစ်ဦးက ပြောကြားသည်။

The CJs News


×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ 

လွှတ်တော်အတွင်းမေးခွန်းများမေးခွင့်ရသော်လည်း တာဝန်ရှိသူများမှ တိကျသောအဖြေပေးခြင်းမရှိ
နေပြည်တော်၊ မတ်၉။


ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ကိုယ်စားလှယ်များမှ မေးခွန်းများ မေးခွင့် ရရှိသော်လည်း တာဝန်ရှိ ၀န်ကြီးများမှ ပြန်လည် ဖြေကြားမှုများတွင် မေးခွန်းများနှင့် ပတ်သက်ပြီး တိကျသော အဖြေများ ဖြေကြားခဲ့ခြင်း  မရှိကြောင်း  တွေ့ရသည်။

အမျိုးသားလွတ်တော် ကိုယ်စားတစ်ဦးဖြစ်သော ဒေါက်တာမြတ်ဥာဏစိုးမှ မေးခဲ့သော မေးခွန်းတွင် ကြိုးမဲ့ တယ်လီဖုန်း  ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး ကြိုးမဲ့တယ်လီဖုန်း တပ်ဆင်ရာ နိုင်ငံတကာတွင် တပ်ဆင်ခပေးရခြင်းမရှိပဲ simcard အတွက် ကျသင့်ငွေသာ ပေးရဖြင်းဖြစ်ခြင်းနှင့် ယှဉ်ပြီး မြန်မာနိုင်ငံတွင် ထိုကဲ့သော စနစ်မျိုး ထားရှိပါက လူတန်းစားမျိုးစုံ ဆက်သွယ်ရေးအတွက် လွယ်ကူစွာ လက်ကိုင်ဖုန်းများ ကိုင်ဆောင်နိုင်မည် ဖြစ်သောကြောင့် ၎င်းကိစ္စနှင့် ပတ်သက်ပြီး တာဝန်ရှိသူမှ ဖြေကြားပေးရန် တောင်းဆိုခဲ့သော်လည်း ဆက်သွယ်ရေးနှင့်  ကြေးနန်းစာတိုက်ဝန်ကြီး ဦးသိန်းဇော် ဖြေကြားမှုတွင် ၄င်းကိစ္စနှင့် ပတ်သက်ပြီး မည့်ကဲ့သို့ လုပ်ဆောင်ပေးမည် ဆိုသည်ကို တိတိကျကျ ဖြေကြားထားခြင်း မရှိကြောင်း တွေ့ရသည်။ အလားတူ အခြားသော လွှတ်တော် ကိုယ်စားလှယ်များ၏ မေးခွန်းများ အတွက်လည်း တိကျသော အဖြေများ ဖြေကြားခဲ့ခြင်း မရှိကြောင်း  တွေ့ရသည်။

လွှတ်တော် စတင် ခေါ်ယူခဲ့ပြီးအချိန်မှ စတင်၍ ယခုအချိန်ထိ လွှတ်တော် အတွင်းတွင် ပြည်သူ့ရေးရာ မှုဝါဒများနှင့် ပတ်သက်ပြီး တိကျသော ဆုံးဖြတ်ချက်များ ချမှတ်ပေးခြင်း မရှိကြောင်း တွေ့ရသည်ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။

The CJs News

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ


ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့်မူ စီးပွားရေး ဖွံ့ဖြိုးမှုနောက်ကျသည့် အခြေအနေမှ အားနည်း ချည့်နဲ့သော လူလတ်တန်းစား ပီပီပြင်ပြင် မရှိသေးသော အရပ်ဘက် အဖွဲ့အစည်းများဖြင့် ဒီမိုကရေစီရေးကို အစပြုနေကြသည်။ ထိုကာလအတွင်း၌ လူလတ်တန်းစား ပေါ်ထွန်းရေးကို ထိခိုက်စေနိုင်သော ကုန်ဈေးနှုန်း ပြဿနာက ဖွံ့ဖြိုးဆဲနှင့် ဒီမိုကရေစီ အစပြုသော နိုင်ငံများအတွက် များစွာ ထိခိုက် နစ်နာမှုများ ဖြစ်ပေါ်စေနိုင်သည်။ ဤပြဿနာများကို ပြေလည်စေရန်အတွက် ခိုင်မာသော ဈေးကွက်ကို  ဈေးကစားခြင်း မပြုလုပ်နိုင်အောင် ထိန်းညှိပေးနိုင်သော အင်စတီကျူးရှင်းများ တည်ဆောက် ကြရမည် ဖြစ်သလို စီးပွားရေး အသားပေးသော ဈေးကွက်သဘောကို ဆန့်ကျင်ဘက် အကျိုးဆက်များဖြင့် ဘေးယိုင်မထွက်သွားဘဲ လူလတ်တန်းစား အလွှာတစ်ရပ်အပေါ် ဗဟိုပြုသော ဈေးကွက် စီးပွားရေး မူတစ်ရပ် ထွန်းတောက်လာရန် အရေးကြီးကြောင်း မြန်မာပို့စ် ဂလိုဘယ်ဂျာနယ်က ထင်မြင်သုံးသပ်မိပါသည်။

မတ် ၁၁ထုတ် Myanmar Post ဂလိုဘယ်ဂျာနယ် အတွဲ(၁)၊ အမှတ်(၁) မှာပါသည့် "ဖွံ့ဖြိုး ဆဲနိုင်ငံ စီးပွားရေးတိုးတက်မှုနှင့် လူလတ်တန်းစား" ခေါင်းကြီးမှ အာဒီတာ အာဘော် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

          "အခု ဒီဇယ်တစ်ပီပါကျပ် ၁၈၅၀၀၀ရတော့ ရွာခံတွေ ရေနံတူးဖို့ပဲ စိတ်ဝင်စားကြတယ်၊ အနီးအနားမှာ ရှိတဲ့ မြိုင်ငယ်မှော်၊ ကျော၊ နတ်ထိပ်၊ ကျောက်ပန်းတို့မှာ တူးကြတယ်၊ တစ်ပိုင်တစ်နိုင် တူးကြတာဖြစ်လို့ ပေ၁၅၀၀၊ ၁၇၀၀ လောက်တူးတယ်"

မတ် ၁၁ ထုတ် မော်ဒန်သတင်းဂျာနယ်အတွဲ(၂၆) အမှတ် (၅၀၉)မှာပါသည့် "ရေနံဈေးကြောင့် မြတ်သူမြတ်၊ ခက်သူခက်" သတင်းမှ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ကျောင်းတိုက်ရွာက ရွာခံဦးမင်းဆွေ၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

          "ကျွန်တော် အင်တာနက် သုံးနေတုန်း ကွန်နက်ရှင်တွေ နှေးသွားလို့ ဘာမှဆက်လုပ်လို့ မရတဲ့ အချိန်မှာ ရတနာပုံ ဝက်ဘ်ပေါ်တယ်ကို ဝင်ကြည့်တာ ဝင်လို့ရတယ်။ အဲဒါကျတော့ မနှေးဘူးဗျ။ အွန်လိုင်း ဗီဒီယိုတွေတောင် အဆင်ပြေပြေနဲ့ ကြည့်လို့ရနေတယ်"

မတ် ၁၁ ထုတ် မြန်မာတိုင်း(မ်) အတွဲ(၂၆)၊ အမှတ်(၅၀၉) မှာပါသည့် "အင်တာနက် နှေးကွေး ပြတ်တောက်မှုကြောင့် သုံးစွဲသူများ အခက်အခဲကြုံတွေ့နေရ" သတင်းမှ ရန်ကုန်မြို့မှ အင်တာနက်ပြော သူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"မုန်တိုင်းသတင်း နားထောင်တဲ့ နေရာမှာ သတိပေးချက်ဆိုတဲ့ စကားလုံး ပါ၊ မပါ ဂရုစိုက်ဖို့ လိုတယ်။ သတိပေးချက်ဆိုရင် မြန်မာနိုင်ငံကို မုန်တိုင်း ဝင်နိုင်တယ်။ မုန်တိုင်းကို အဝါရောင်အဆင့် သတ်မှတ်တယ်ဆိုရင် မဝင်သေးဘူး။ လိမ္မော်ရောင်အဆင့်ဆို မုန်တိုင်း ဝင်နေပြီ၊ အညိုရောင်အဆင့်ဆို မုန်တိုင်း ဖြတ်သန်းနေပြီ၊ အစိမ်းရောင် အဆင့်ဆို မုန်တိုင်းကင်းစင်တာကိုပြောတာ၊ အစိမ်းရောင်အဆင့်သတ် မှတ်မှသာ အန္တရာယ်ကင်းပြီး ခိုလှုံရာ နေရာတွေကနေ အပြင်ထွက်နိုင်ပြီ"

မတ် ၁၀ ထုတ် Venus Newsအတွဲ(၂)၊ အမှတ် (၃၂) မှာပါသည့် "၂၀၁၁ရာသီဥတုသည် နာဂစ်မုန် တိုင်းဖြစ်ပွားခဲ့သည့် ၂၀၀၈ ခုနှစ်နှင့် ဆင်တူနေသည့် အတွက် မုန်တိုင်းအန္တရာယ်ကို သတိပြုရန်လို" သတင်းမှ မိုးလေဝသပညာရှင် ဦးထွန်းလွင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
 
           
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းဆောင်းပါး

ထိပ်သီး စီးပွားရေးလုပ်ငန်းရှင်ဦးတေဇ ကောက်ကြောင်း

  ဖေဖော်ဝါရီ ၂၄ရက် နံနက် ၁၁ ခန့်၌ အန္တရာယ် ကင်းရှင်းစွာဖြင့် ပူတာအိုမြို့သို့ ရောက်ရှိ လာသော ထူးကုမ္ပဏီ ဥက္ကဋ္ဌ ဦးတေဇနှင့် အဖွဲ့ဝင် ၆ ဦးသည် ၃ ရက်ကြာ ရေခဲတောင်ဒေသ ရေခဲပြင်တွင် ရဟတ်ယာဉ် ကျွံကျရာမှ ရေခဲလျှိုအတွင်း ပိတ်မိနေခဲ့သည်။ "ကျွန်တော်တို့ (၆)ဦးစလုံး ယခုအချိန်ထိ ကျန်းမာရေး ကောင်းမွန်ပါတယ်။ အသက် အန္တရာယ်အတွက် စိုးရိမ်စရာ လုံးဝမရှိပါဘူး၊ အားတက်စရာ တစ်ခုက ရဟတ်ယာဉ်ပေါ်မှာ နယ်မြေခံ လမ်းပြတစ်ဦး ပါတယ်၊ ကယ်ဆယ်ရေး အဖွဲ့ များနဲ့ တွေ့ဆုံတဲ့အထိ လမ်းလျှောက်ပြီး ရေခဲတောင်ကြား အတွင်းကနေ အပြင် ရောက်အောင် ဖောက်ထွက်မယ်" ဟု ၂၃ရက် မတ်လ နံနက်စောစောပိုင်းအချိန်တွင် ဦးတေဇနှင့် အဆက်အသွယ် ရရှိခဲ့ချိန်၌ ပြောကြားခဲ့သည်။ ၂၄ ရက်နေ့ နံနက် ၁၁နာရီ၌ ကယ်ဆယ်ရေး ရဟတ်ယာဉ်မှ ဦးတေဇနှင့် အဖွဲ့ဝင် (၆)ဦးကို ကြိုးဖြင့် ဆွဲယူ ကယ်တင်နိုင်ခဲ့ပြီး ပူတာအိုမြို့သို့ ရောက်ရှိခဲ့သည်။ ဤသည်ကား မြန်မာနိုင်ငံ၏ ထိပ်သီး စီးပွားရေး လုပ်ငန်းရှင် ဦးတေဇနှင့်အဖွဲ့ ခါကာဘိုရာဇီ တောင်ကြားမှာ တင်ဆက်ခဲ့သော တစ်ခန်းရပ် ပြဇာတ်ဖြစ်သည်။

ဦးတေဇသည် မြန်မာနိုင်ငံအတွင်း အတော်ဆုံး စီးပွားရေး လုပ်ငန်းရှင် တစ်ဦးအဖြစ် ရပ်တည် နေသလို တချို့လူများက တပ်မတော် အစိုးရ၏ အရှင်မွေး သူကောင်းပြုကာ မွေးထုတ်လိုက်သော စီးပွားရေး ရေပေါ်ဆီ လူတန်းစားအဖြစ် သဘောထားကြသည်။ မည်သို့ ထင်မြင်ချက်များ ရှိစေ အကယ်၍ နိုင်ငံခြား စီးပွားရေး လုပ်ငန်းများ  မြန်မာနိုင်ငံ၌ ရင်းနှီးမြုပ်နှံမည်ဆိုပါက ဦးတေဇနှင့် ထူးကုမ္ပဏီသည်သာ ယှဉ်ပြိုင်နိုင်စွမ်း ရှိမည်။ ထူးကုမ္ပဏီပိုင် လုပ်ငန်းခွဲသစ်များမှလည်း မြန်မာနိုင်ငံရှိ လူငယ်များကို အလုပ်အကိုင်များ အထိုက်အလျောက် ပေးနိုင်ခဲ့သည်။ "ကျွန်တော် Singapore မှာ singapore နိုင်ငံသားအနေ နဲ့ ခံယူပြီး စီးပွားရေးလုပ်ဖို့  အခွင့်အရေးရခဲ့တယ်။ တကယ်လည်း စဉ်းစားခဲ့တယ်။ ဒါပေမဲ့ အဖေက မင်းSingapore မှာသွား ရင်းနှီးမြုပ်နှံရင် Singapore  နိုင်ငံသားတွေပဲ အလုပ်ရမှာပေါ့။ မြန်မာပြည်မှာ မင်းလုပ်မှ မြန်မာတွေ အလုပ်ရမှာပေါ့။ ကျန်တဲ့ ကိစ္စတွေ ဘာမှ ကြောက်နေစရာ မလိုဘူး ဆိုပြီး ဆုံးမတဲ့အတွက် ဒီနေ့ ကျွန်တော့်မှာ ရှိသမျှ မြန်မာပြည်မှာပဲ ရင်းနှီးပြီး မြန်မာတိုင်းရင်းသားတွေ အတွက် ထမင်းအိုးတွေ တတ်နိုင်သမျှ တည်ပေးတယ်" ဟု သုံးသပ် ပြောကြားသွားခဲ့သည်။

  ဖေဖော်ဝါရီ လကုန်ပိုင်းက စင်ကာပူနိုင်ငံတွင် ကျန်းမာရေး စစ်ဆေးမှုခံယူခဲ့ပြီး ယခုအခါတွင် နေပြည်တော်တွင် ကျင်းပမည့် ကျောက်မျက်ရတနာ ပြပွဲသို့ တက်ရောက်ရန် ပြင်ဆင်လျက်ရှိကြောင်း ၎င်း၏ မိသားစုဝင် တစ်ဦးက ဆိုသည်။ "ကျန်းမာရေး အခြေအနေ ကောင်းပါတယ်။ လိုအပ်တဲ့ ဆေးစစ်မှုတွေ စင်ကာပူမှာ လုပ်ပြီးတာနဲ့ ရန်ကုန်ကို ပြန်လာပြီး အနားယူနေပါတယ်။ မတ်လ ၁၀ရက် မှာ ကျင်းပမယ့် နေပြည်တော် ကျောက်မျက်ရတနာပြပွဲ တက်ရောက်ဖို့ ပြင်ဆင်နေပါတယ်" ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောကြားသွားခဲ့သည်။ ဦးတေဇသည် ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းနှင့် ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများ၊ အခွန်အကောက်များပေါ်မှာ လက်ရှိ အနေအထားအရ  ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်သင့်ကြောင်း ပြောကြားသွားခဲ့သည်။ "လက်ရှိ နိုင်ငံတော်ရဲ့ Policyတွေ၊ Taxတွေနဲ့ ပတ်သက်လို့ အားလုံး fair ဖြစ်တယ်။ ပေးရတာ တန်တယ်လို့ ရှိသမျှ လုပ်ငန်းရှင်တွေက သတ်မှတ်ထားကြပါတယ်။ ဒါကြောင့် တရားမဝင် ပြည်ပ သယ်သွားခဲ့တဲ့ ကျောက်တွေတောင် မြန်မာ ပြည်သယ်ပြီး Emporium ကို ပြန်တင်ပြီး ရောင်းချကြတယ်။ Tax လဲ Fair ဖြစ်တယ်။ ဈေးလည်း ဈေးကောင်း ရတယ်။ တရားမဝင်သွားတဲ့ ကျောက်စိမ်းတွေလို ဈေးလည်း အနှိမ်မခံရတော့ အားလုံး လုပ်နိုင် ကိုင်နိုင် ရှိပါတယ်" ဟု ရှင်းလင်း ပြောကြားသွားခဲ့သည်။

  ယခုအချိန်သည် မြန်မာနိုင်ငံ၏နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲ၌ လူပြောများနေသည့် စီးပွားရေး ပိတ်ဆို့မှုကိစ္စနှင့် ပတ်သက်ပြီး ပိတ်ဆို့မှုကို ဖြုတ်သင့်၊ မဖြုတ်သင့် အငြင်းပွားလျက်ရှိသည်။ ဦးတေဇမှာ ဘယ်ဘက်မှ မရပ်ဘဲ သူရဲ့ စီးပွားရေး ပိတ်ဆို့မှုကို တုန့်ပြန်မှုမှာ တစ်မျိုး ထူးခြားလျက်ရှိ သည်။ "အထူးသဖြင့် ကျောက်စိမ်းဈေးကွက်က တရုတ်နိုင်ငံက ပိုကြိုက်တော့ တရုတ် ပြည်မ ကြီးကလဲ စီးပွားရေး အရမ်းတက်နေတော့ အဲဒီပိတ်ဆို့မှုဟာ ဘာမှမထိရောက်ပါဘူး။ ကျွန်တော်တို့ကတောင် Counter Sanction လုပ်တဲ့အနေနဲ့ အနောက်နိုင်ငံတွေကို မရောင်းလိုပါဘူး။ အခု ကျွန်တော်တို့ ကျောက်မျက် Mine တွေထဲမှာ ကုမ္ပဏီအားလုံးနီးပါး Counter Sanction လုပ်တဲ့အနေနဲ့ အနောက် နိုင်ငံကထုတ်တဲ့ စက်တွေဖြစ်တဲ့ Excavator တွေ Dozer တွေ သိပ် မသုံးတော့ဘူး။ Asia ထုတ်ပစ္စည်း တွေပဲ သုံးတော့တယ်။ သူတို့ ပိတ်ဆို့မှုကလည်း လုံးဝတရားမျှတတဲ့ ပိတ်ဆို့မှု မဟုတ်ပါဘူး။ သူတို့ ရဲ့အကျိုး USD Billionချီ နှစ်စဉ်ရတဲ့ မြန်မာနိုင်ငံ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ဝင်လုပ်နေတဲ့  Amer ican နိုင်ငံပိုင် Cheveron နဲ့ ပြင်သစ်နိုင်ငံပိုင် Total တို့ကျတော့ ဘာမှ အရေးမယူဘူး" ဟု ပြောကြား သွားခဲ့သည်။

ဦးတေဇမှာ တပ်မတော်အစိုးရ၏ မွေးထုတ်ပေးလိုက်သည့် စီးပွားရေးသမား ဖြစ်ခြင်းကြောင့် အပြိုင်အဆိုင်မရှိ တက်လာခဲ့သည့် National Champion တစ်ဦးအဖြစ် ယူဆနိုင်သော်လည်း တစ်ဖက်တွင် အခြေခံကျကျ ကြိုးစားမှုသာ မရှိပါက ယခုကဲ့သို့ အခြေအနေမျိုး ရောက်ဖို့မလွယ်ပေ။ "ကျွန်တော် ဆို ၁၉၈၄ ကတည်းက စီးပွားရေး နယ်ပယ်ထဲ စဝင်ခဲ့ပါတယ်။ အရင်းအနှီးဆိုတာ ကျပ် တစ်သောင်းတောင် မပြည့်ခဲ့ပါဘူး။ ပြီးတော့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ဆိုတော့ လုပ်ရတာ ကြပ်ပါတယ်။ ဒါပေမဲ့ ရတဲ့အခွင့်အလမ်း အားလုံး နေ့စဉ် စဉ်းစားပြီး ရသမျှ လုပ်တယ်။ တစ်နေ့ကို အလုပ်ချိန် ၁၂ နာရီကနေ ၁၄ နာရီ အနည်းဆုံးထားလုပ်တယ်။ ၁၉၈၈ နောက်ပိုင်းကျတော့ ဈေးကွက် စီးပွားရေး ဖြစ်လာတော့ တစ်နေ့ ၁၆ နာရီ အထိပိုလုပ်တယ်။ ကျွန်တော် ၁၉၈၄ မှ ၂၀၀၄ အထိ နှစ် ၂၀ အတွင်း ရာနှုန်းပြည့် Holiday ဆိုပြီး မနားဖူးပါဘူး" ၎င်း၏ ဖြတ်သန်းမှုကို သုံးသပ် ပြောကြားသွားခဲ့ သည်။

စွန့်ဦးတီတွင် စီးပွားရေးလုပ်ကိုင်လိုသည့် လူငယ်များအနေဖြင့် ဦးတေဇလို အောင်မြင်သည့် စီးပွားရေး လုပ်ငန်းရှင်များကို အားကျသည်မှာ ဓမ္မတာပင်ဖြစ်သည်။ သို့လို နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင် သည့် အရည်အချင်းမျိုးကို သဘောကျ နှစ်ခြိုက်မိမည်သာ ဖြစ်သည်။ ယင်းကို ဦးတေဇမှ သုံးသပ်ပြော ကြားရာတွင်" အဓိက မြန်မာ လူငယ်ကလေးတွေအတွက် ပြောချင်တာကတော့ အောင်မြင်မှု ရဖို့ဆိုတာ ရှေ့လူကြီးတွေ ပြောသလိုပဲ ကံ၊ ဉာဏ်၊ ဝီရိယ အဓိကပါပဲ။ ဒါပေမဲ့ အသေးစိတ်တော့ ကျွန်တော် နည်း နည်းထပ် ပြောချင်ပါတယ်၊ ကံဆိုတာ အဓိက Luck ကို မဆိုလိုပါဘူး။ ကံဆိုတာ ကမ္မ (ကမ္မ= အလုပ်) ပါပဲ၊ ကံကောင်းတယ်ဆိုတာ အလုပ်ကောင်းတာပါပဲ၊ ဒီတော့ ကိုယ်လုပ်မယ့် အလုပ်ကို အမှန်စီးပွား ဖြစ်မဲ့အလုပ်၊ ကိုယ့်အတွက် တိုင်းပြည်အတွက် အကျိုးပြုနိုင်မယ့် အလုပ် မှန်၊ မမှန် အစကတည်းက သေသေချာချာ စဉ်းစားရွေးစေချင်ပါတယ်။ ဉာဏ်ပိုင်းနဲ့ ပတ်သက်လို့လည်း ဘာလုပ်လုပ် သေသေချာချာ ကိုယ်လုပ်မယ့် လုပ်ငန်းနှင့် ပတ်သက်ပြီး Demand and Supply ကစပြီး သေသေချာချာ Analy sis လုပ်ပြီးမှ လုပ်စေချင်ပါတယ်၊ ဝိရိယပိုင်းနှင့် ပတ်သက်လို့လည်း ကိုယ့်အလုပ်ကို အစကတည်းက သေသေချာချာ ဖိဖိစီးစီးလုပ်ပြီး အဆုံးထိတိုင် ပြီးစီးမှ  Mission Complete ဆိုတဲ့  စိတ်ဓာတ်ထားပြီး လုပ်ကိုင်ကြဖို့ အကြံပြု ပြောကြားလိုက်ပါတယ်"

Ref:      မြန်မာပို့စ် ဂလိုဘယ်သတင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၁)

            The Hot News weekly အတွဲ(၁)၊ အမှတ်(၃၁)

            TRUE NEWS အတွဲ(၃)၊ အမှတ်(၂၈)
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp