Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၇.၃.၂၀၁၁

ပြည်တွင်းသတင်းများ

ဧပြီလ ၁ ရက်နေ့  Air KBZ လေကြောင်းလိုင်း  စတင်ပြေးဆွဲမည်

ရန်ကုန်၊ မတ် ၂၆။

ကမ္ဘောဇ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း တည်ထောင်သည့် ကမ္ဘောဇ (KBZ)လေကြောင်းလိုင်းသည် လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင်၍ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ Parkroyal ဟိုတယ်တွင် မတ်လ ၂၄ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်  KBZ လေကြောင်းလိုင်းမှ အထွေထွေ မန်နေဂျာ ဦးမြတ်သူက KZB လေကြောင်းလိုင်းအနေဖြင့် လက်ရှိတွင် တရားဝင် ခွင့်ပြုချက်ရထားပြီး ဖြစ်ကြောင်း၊ တစ်ရက်လျှင် နှစ်ချိန်သတ်မှတ်၍ ART-72 လေယာဉ်အမျိုးအစားဖြင့် နေ့စဉ်ပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ နံနက် (၈)နာရီတွင်  ရန်ကုန် - ညောင်ဦး၊ ညောင်ဦး - မန္တလေး၊ မန္တလေး - ဟဲဟိုး၊ ဟဲဟိုး -  ရန်ကုန် ပျံသန်းပြေး ဆွဲသွားမည် ဖြစ်ကြောင်း ပြောကြားသွားသည်။

စတင်ပြေးဆွဲချိန်တွင် ပြည်တွင်းခရီးစဉ်များကို ဦးစားပေး ပြေးဆွဲသွားမည်ဖြစ်သော်လည်း မကြာမီလပိုင်းအတွင်း ပြည်ပခရီးစဉ်များကိုပါ တိုးချဲ့ ပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ KBZ လေကြောင်းလိုင်းသည် ART-72 လေယာဉ်အသစ် လေးစီး ဝယ်ယူကာ ပြေးဆွဲမည်ဖြစ်ပြီ လောလောဆယ် စတင်ပြေး ဆွဲရန် လေယာဉ်အသစ် တစ်စီးရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

KBZ လေကြောင်းလိုင်းကို ထူထောင်ခြင်းသည် တရားဝင်စီးပွားရေးလုပ်ငန်းများမှ ရရှိထားသော ငွေကြေးများကို အသုံးပြုတည်ထောင်ခြင်း ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း(MAI)နှင့် ဆက်စပ်သော လေကြောင်းလိုင်း လုပ်ငန်းတစ်ခုပင်ဖြစ်ကြောင်း အဆိုပါ တာန်ရှိသူက ဆက်လက် ရှင်းပြသည်။ MAI ၏ အစုရှယ်ယာအများစုကို ကမ္ဘောဇဘဏ်အုပ်စုက ပိုင်ဆိုင်ထားကြောင်း သိရသည်။

-------------------------------------------------------------------------------------------------------------

မဒေးကျွန်း ဆိပ်ကမ်း ၂၀၁၃ခုနှစ် အပြီး တည်ဆောက်မည်

မတ်လ ၂၆ ရက်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် CNPC South East Asia Pipeline ကုမ္ပဏ်ီမှ တည်ဆောက်လျှက်ရှိသော ရေနံစိမ်း ဆီတင် ဆီချ ဆိပ်ကမ်းအား ၂၀၁၃ ခုနှစ် မေလတွင် အပြီးတည်ဆောက်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါ ဆိပ်ကမ်း တည်ဆောက်ပြီးစီးပါက တန်ချိန် သုံးသိန်းခန့်ဆန့်သည့် Crude Oil Carrier သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်မည် ဖြစ်ပြီး တနှစ် ရေနံစိမ်းတန်ချိန် ၂၂ သန်း ချနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိပ်ကမ်းတွင် သင်္ဘောများဖြင့် ချလာသော ရေနံစိမ်းများအား အချင်း ၃၂ လက်မရှိသည့် ပိုက်လုံးများဖြင့် တရုတ်နိုင်ငံသို့ တင်ပို့မည် ဖြစ်ပြီး ပိုက်လုံးအရှည်မှာ စုစုပေါင်း ၂၃၈၀ ကီလိုမီတာခန့် ရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ကီလိုမီတာ ၈၀ဝ ခန့် သွယ်တန်းမည် ဖြစ်ကြောင်း သိရသည်။

ရေနံစိမ်းများကို အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ သင်္ဘောကြီးများဖြင့် ကျောက်ဖြူ မဒေးဆိပ်ကမ်းအထိ သယ်ယူလာမည်ဖြစ်ပြီး ရေနံစိမ်း ပိုက် လိုင်းဖြင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို ကျော်ဖြတ်ကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့သို့ ပို့လွှတ်သွားမည် ဖြစ်ကြောင်း သိရ သည်။

“ဒီဆိပ်ကမ်းကို တန်ချိန်သုံးသိန်းဆံ့ Crude Oil Carrier သင်္ဘောကြီးတွေ ဝင်ရောက် ဆိုက်ကပ်နိုင်မယ်။ သင်္ဘောပေါ်ကနေ ဆီချပြီး တရုတ်ကို ရေနံစိမ်း ပို့လွှတ်နိုင်မှာ ဖြစ်တယ်။ ဒီနေရာမှာ သင်္ဘောပေါ်ကနေ Tank Farm (ရေနံစိမ်း သိုလှောင်သံကန်) ထဲကို ပို့မယ်။ အဲဒီကနေ Booster Pump တွေနဲ့ မှုတ်တင်ပြီး ပိုက်လိုင်းထဲကိုပို့မယ်။ ပိုက်လိုင်းကတစ်ဆင့် တရုတ်ကို ပို့လွှတ်သွားမှာပါ” ဟု စီမံကိန်း အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။

မဒေးကျွန်းသည် တရုတ်နိုင်ငံအတွက် ဂတ်စ်နှင့် ရေနံစီမံကိန်း၏ အဓိက ပင်မစီမံကိန်းနေရာဖြစ်ပြီး ၎င်းကျွန်းမှ လူများသည် အဆိုပါ စီမံကိန်း တွင် နေ့စား အလုပ်သမားများအဖြစ် လုပ်ကိုင်နေကြရကြောင်း သိရသည်။

-------------------------------------------------------------------------------------------------------------

အဝေးပြေးယာဉ်များ သင်္ကြန်တွင်း ယာဉ်စီးခပိုကောက်ပါက လိုင်းပိတ်သည်အထိ အရေးယူမည်

မတ်လ ၂၆ ရက်။

သင်္ကြန်ကာလအတွင်း ပြေးဆွဲမည့် အဝေးပြေးယာဉ်လိုင်းများသည် သတ်မှတ်နှုန်းထားအတိုင်း မကောက်ခံပါက ယာဉ်လိုင်းပိတ်သည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေး ပြေး) မှ  စုံစမ်းသိရှိရသည်။

နှစ်စဉ်နှစ်တိုင်း သင်္ကြန်ကာကအတွင်းတွင် အဝေးပြေးယာဉ်စီးခနှုန်းထားများမှာ ပုံမှန်သတ်မှတ်ထားသည့် နှုန်းထားထက် ၂ဆခန့် ဈေးတက်လေ့ ရှိသဖြင့် ယခုကဲ့သို့ ယာဉ်လိုင်းပိတ်သိမ်းသည်အထိ အရေးယူရန် စီစဉ်ရခြင်းဖြစ်ကြောင်း၊ ၂၀၀၈ခုနှစ်မှ စတင်၍ ခရီးမိုင်အကွာအဝေးအလိုက် သင့်လျှော် သည့်နှုန်းထားများ သတ်မှတ်ပေးထားကြောင်း  မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး)မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

“ ကြိုတင်လက်မှတ် ဝယ်ယူဖို့ ဖုန်းဆက်တဲ့နေ့မှာ ဈေးနှုန်းမပြောဘဲ ခရီးသွားဖို့ အမှန်တကယ် လက်မှတ်ဝယ်တဲ့ နေ့မှ သူတို့ပြောတဲ့ ပေါက်ဈေး အတိုင်း ဝယ်ခဲ့ရတယ်။ တိုင်ဖို့ကျတော့လည်း သူတို့ရဲ့ လက်ခံစာရွက်မှာ ပုံမှန်ဈေးပဲရေးပြီး ကိုယ့်ဆီက ကားလက်မှတ်မှာ ပေါက်ဈေးအတိုင်း ရေးထား တယ်။ တိုင်ပြန်ရင်လည်း ကိုယ်ကညစ်ပတ်ချင်လို့ ဈေးနှုန်းပြင်တယ် ဖြစ်ဦးမယ်”ဟု ပြီးခဲ့သည့်နှစ်က နေရပ်ပြန်သူတစ်ဦးက ၎င်း၏အတွေ့အကြုံကို ပြောပြ သည်။

“ လကုန်မှ သင်္ကြန်အတွက် ကြိုတင်လက်မှတ် ရောင်းပေးမယ်၊ လက်မှတ်ကတော့ အဲ့ဒီအချိန်ကျရင် ဈေးတက်တယ်ဗျ။ ဆီဈေးကလဲ တက်တယ် လေ၊ အဲ့ဒါကြောင့် ဈေးကတော့ နဲနဲပိုယူမယ်” ဟု အောင်ဆန်းကွင်းအနီးရှိ အဝေးပြေးယာဉ်လိုင်း တစ်လိုင်းမှ လက်မှတ်ရောင်းတစ်ဦးက ပြောကြားသည်။

သင်္ကြန်ကာလအတွင်းတွင် လောင်စာဆီဈေးနှုန်းများ မြင့်တက်သည်ကို အကြောင်းပြု၍လည်းကောင်း၊ သင်္ကြန်ပိတ်ရက် ပြေးဆွဲသည့် ကားနည်း ပါးသဖြင့် ခရီးသည်များခြင်းကို အကြောင်းပြု၍လည်းကောင်း  လက်မှတ်ဈေးနှုန်း မြင့်တက်ခြင်း၊ လက်မှတ်မှောင်ခို ရောင်းချခြင်းများသည် နှစ်စဉ်နှစ် တိုင်း ကြုံတွေ့ရလေ့ရှိသည့် ဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။

-------------------------------------------------------------------------------------------------------------

ကြွပ်ကြွပ်အိတ်သုံးသူ မန္တလေးသူကို ထောင်ဒဏ်ချမှတ်

မန္တလေး၊ မတ် ၂၃။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ(MCDC) သည် ကြွပ်ကြွပ်အိတ်(ပလတ်စတစ်) မသုံးစွဲရအမိန့် ထုတ်ပြန်ပြီး နှစ်နှစ်အကြာတွင် ယင်းအမိန့်ကို လိုက်နာရန် ပျက်ကွက်သူ မန္တလေးမြို့နေ တရုတ်အမျိုးသမီတစ်ဦးကို ပထမဆုံးအဖြစ် ထောင်ဒဏ် ၁၅ ရက် အပြစ်ဒဏ် ပေးလိုက်ကြောင်း မတ်လ ၁၉ ရက်နေ့တွင် ယင်း ကော်မတီ သန့်ရှင်းရေးဌာနမှူး ဦး တင်တွဋ်ကျော်က ပြောကြားသည်။

၎င်းအမျိုးသမီးသည် ရတနာပုံယာယီဈေးတန်းအတွင်း ဈေးရောင်းနေသည့် ဆိုင်ခန်းများအတွင်း ကြွပ်ကြွပ်အိတ် (ပလတ်စတစ်)ဖြင့် ကုန်ပစ္စည်း များ ထုတ်ပိုးခြင်းနှင့် ရောင်းဝယ်ခြင်းပြုလုပ်နေ၍ ယင်းဆိုင်ခန်းအတွင်း ဝင်ရောက်ရှာဖွေ သိမ်းဆည်းရာ ကြွပ်ကြွပ်အိတ်(ပလတ်စတစ်) ၁၀၀ပါ အထုပ် ၁၈ ထုပ် သိမ်းဆည်းရရှိသဖြင့် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနစုမှူး ဦးမင်းအောင်ဖြိုးက တရားလိုပြုလုပ်၍ တရားစွဲတင်ပို့ခဲ့ရာတွင် စည်ပင် သာယာရေး အထူးတရားရုံးက ရာဇယတ်ကြီးအမှတ် ၂၂၉/ ၂၀၁၁ စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၂၆ ဖြင့် အမှုပြီး ထောင်ဒဏ် ၁၅ ရက် ပြစ်ဒဏ်ကျခံ စေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီသည် မန္တလေးမြို့တွင် ပလတ်စတစ် ကြွပ်ကြွပ်အိတ် ကင်းရှင်းရေး အတွက် ၂၀၀၉ခုနှစ်မှ စတင်လုပ် ဆောင်ခဲ့သည်။ အပြစ်ဒဏ်ခံရသည့် အမျိုးသမီးမှာ ၃၄(၇၆X ၇၇) လမ်း အမှတ် (၈) ချမ်းအေးသာစံ မြို့နယ်နေ ဦး၇န်ချွင်ချိုင်၏ သမီးဖြစ်သူ ဒေါ်ကြူ(ခ) ဒေါ်ယန်မ၇ရိကို မတ်လ ၁ရက်နေ့တွင် ပြစ်ဒဏ် ချမှတ် ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly  ဂျာနယ် အတွဲ (၇) အမှတ်(၁၆) မှ ကူးယူ ဖော်ပြသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ဧပြီ ၁ရက်နေ့တွင် အစိုးရသစ် ပြောင်းလဲတာဝန်ယူမည်

မတ် ၂၆။

ဧပြီလ ၁ရက်နေ့တွင် အစိုးရသစ် တာဝန်ယူမည်ဖြစ်ကြောင်း စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများ၏ အဆိုအရ သိရသည်။

“သူတို့အဆိုအရတော့ သေချာသလောက်ရှိနေပြီဗျ။ ဒီသတင်းက ဧပရယ်ဖူး မဟုတ်ဘူး။ ဒါမယ့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မထင်မှတ်တာတွေ လုပ်တတ်တဲ့အတွက်ကြောင့် လုံးဝတော့သေချာတယ်တော့ မပြောနိုင်ဘူး။ ဒါပေမယ့် တရုတ်ကလည်း ဧပြီလအတွင်းမှာ အစိုးရသစ်ကို လာတွေ့မယ် ပြောထားတာလည်း ရှိတယ်။ အဲတော့ အဲရက်မတိုင်မီမှာ ပြောင်းတဲ့သဘောနဲ့တူတယ်” ဟု စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

“တရုတ်အစိုးရ အလည်လာမယ့်သတင်းဟာ မြန်မာနိုင်ငံအစိုးရသစ်ပြောင်းလဲဖို့အတွက် တဖက်လှည့်နဲ့ ဖိအားပေးလိုက်တဲ့သဘောလို့ ယူဆ ရတယ်။ နောက်တစ်ခုက ဦးသန်းရွှေဟာ အငြိမ်းစားယူသွားတယ်ဆိုတာ ပြောရခက်တယ်။ မင်းအောင်လှိုင်က ဗိုလ်ချုပ်ကြီးရာထူးပဲ ယူမယ်ကြားတယ်။ ဗိုလ်ချုပ်မှူးကြီး ကိုယ်စားစကားပြောမယ်လို့ ထင်တယ်။ အဲတော့ ဗိုလ်ချုပ်မှူးကြီးရာထူးက ဖျက်သိမ်းမှာလား၊ အနားပေးမှာလားဆိုတာ ဘာမှန်း အသေ အချာ မသိသေးပါဘူး။ ဦးသန်းရွှေက ပြည်ခိုင်ဖြိုးအသင်း နာယကကြီးနေရာမှာပဲ နေလိမ့်မယ် သူအငြိမ်းစား ယူမယ်မယူဘူး မပြောတတ်ဘူး။” ဟု မြန်မာ့ နိုင်ငံရေးကို စိတ်ဝင်တစားစောင့်ကြည့် လေ့လာနေသူ နိုင်ငံရေးသိပ္ပံ ပညာရှင်တစ်ဦးက ပြောကြားသည်။

အစိုးရသစ်အပြောင်းအလဲနှင့်ပတ်သက်၍ “အင်း ဖြစ်သင့်တာကတော့ အမြန်ဆုံးလွှဲပြောင်းသင့်ပြီ၊ ဘာလို့လဲဆိုတော့ လူထုက အစိုးရသစ် ဖွဲ့ပြီး ရင် တစ်စုံတစ်ရာ အပြောင်းအလဲဖြစ်မယ်လို့ မျှောင်လင့်ကြလို့ပဲ၊ သေးသေမွှားမွှား ဖြစ်ဖြစ် ဥပမာ ဝန်ထမ်းလစာတိုးတာ၊ နိုင်ငံရေး အကျဉ်းသား လွှတ်ပေး တာ၊ ဒါတွေကို မျှော်လင့်နေကြပြီ။ ဒါကြောင့် ဖြစ်နိုင်သမျှ မြန်မြန်လေး လုပ်သင့်တယ်” ဟု မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူ ပြည်သူတစ်ဦးက ပြောကြား သည်။

ပြည်ထောင်စုလွှတ်တော်မှ ရွေးချယ်တင်မြှောက်ထားသည့် သမ္မတမှာ ဦးသိန်းစိန်ဖြစ်ပြီး ဒုသမ္မတနှစ်ဦးမှာ သီဟသူရ တင်အောင်မြင့်ဦးနှင့် ဦးစိုက်မောက်ခမ်းတို့ဖြစ်သည်။ ယင်းအနက် သမ္မဖြစ်သူ ဦးသိန်းစိန်နှင့် ဒုသမ္မတ ဦးစိုင်းမောက် ခမ်းမှာ ပြည်ခိုင်ဖြိုးပါတီမှဖြစ်ပြီး သီဟသူရ ဦးတင်အောင် မြင့်ဦးကို တပ်မတော်မှ အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။

-------------------------------------------------------------------------------------------------------------

ရပ်ကွက်လူကြီးများ ခန့်အပ်ရန် သတ်မှတ်ချက် ထုတ်ပြန်

မတ်လ ၂၆ ရက်။

စစ်အစိုးရအလွန် အရပ်သားအစိုးရ လက်ထက်တွင် ယခင် ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌများကို ရပ်ကွက်/ ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှုးများအဖြစ် အမည်ပြောင်း လဲစေမည် ဖြစ်ပြီး အဆိုပါ ရာထူးအတွက် အရည်အချင်း သတ်မှတ်ချက်များကို ပထရ/ရအဖ(၈၅၀) ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက မတ်လ ၂၄ ရက် နေ့ တွင် ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ရပ်ကွက်လူကြီးအဖြစ် ရွေးချယ်ခံမည့်သူကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရပ်ရွာမှ ကြည်ညိုလေးစားပြီး သိက္ခာရှိသူကို ခန့်အပ် ရမည် ဆိုသည့်အချက်နှင့် အညီခန့်အပ်ရန် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများသို့ အစိုးရ၏ ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် ပြည်ထဲရေးဝန်ကြီး ဌာနက ပေးပို့သည့် စာတွင် ဖော်ပြထားသည်။

သို့ရာတွင် နောက်ဆက်တွဲအဖြစ် အရည်အချင်း သတ်မှတ်ချက်များတွင် ၁၉၈၈ခုနှစ်က နဝတနှင့် နယက လက်ထက်မှ သတ်မှတ် ညွှန်ကြားချက် များကို ဆက်လက်ညွှန်ကြားထားပြီး အဓိကအားဖြင့် နိုင်ငံရေးကင်းရှင်းသူနှင့် တပ်မတော်နှင့် နိုင်ငံတော် အာဏာပိုင်အဖွဲ့အစည်းများအပေါ် အမြင် မကြည်သူများကို ခန့်အပ်ခြင်းမပြုရန် ဆက်လက် ညွှန်ကြားထားသည် ကိုတွေ့ရသည်။

ရပ်ကွက် အုပ်ချုပ်ရေးမှုးအဖြစ် ခန့်အပ်ရန်အတွက် မြို့နယ်မှ ကိုယ်တိုင် ကွင်းဆင်းလေ့လာ စစ်ဆေးမည်ဖြစ်ပြီး တပ်မတော်အပေါ် သဘောထား မှန်ကန်မှုရှိသူ၊ ရပ်ကွက် သံဃာ့အဖွဲ့အစည်းများ၏ ထောက်ခံမှုရရှိသူ သုံးဦးကို စတင် ရွေးချယ်မည်ဖြစ်ကာ ၎င်းတို့ထဲမှ တစ်ဦးကို စိစစ်ရွေးချယ် သွား မည်ဟု သိရသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ကျွန်တော် အွန်လိုင်းကို တစ်နေ့ ၂ နာရီလောက် ပုံမှန် သုံးဖြစ်တယ်၊ ဒီလိုလှုံဆော်တာမျိုး ကြုံဖူးတယ် ပြောရမှာပေါ့၊ အင်တာနက်ထဲမှာ ခင်ပြီး အပြင်မှာ တွေ့ကြတယ်၊ ခင်တာကတော့ တစ်ယောက်တည်းနဲ့၊ တကယ်လာတော့ ၃ ယောက်လာတယ်၊ ပထမ တစ်ခါ နှစ်ခါ တွေ့တုန်းကတော့ စကားပြော မုန့်စား ပဲ၊ နောက်ကျတော့ သူတို့က စီးပွားရေးလုပ်တယ်၊ စပ်တူပါဖို့ ခေါ်တယ်၊ ကျွန်တော်အပါအဝင်ကို လေးယောက် စပ်တူလုပ်မယ်လို့သူတို့က ပြောကြတယ်၊ လုပ်ငန်းကို သေချာပြပါဆိုတော့လည်း သူတို့ မပြောနိုင်ဘူး၊ ငွေအရင်ထုတ်ဖို့၊ ပြီးမှ လုပ်ငန်းကို ညှိဖို့ပြောကြတယ်၊ ဒါနဲ့ ကျွန်တော်လည်း စဉ်းစားမယ်ပေါ့၊ နောက်ကျတော့ သွားမတွေ့ရင် အွန်လိုင်းပေါ်မှာ ပြောတယ်၊ ငွေလည်းတောင်းတယ်၊ ငွေအရင်ရမှ စီစဉ်လို့ရမယ်လိုပဲ ပြောတာ၊ နောက်တော့ ကျွန်တော် လည်း မသင်္ကာတာနဲ့ အွန်လိုင်းပေါ်က သူတို့အကောင့်တွေကို လုံးဝ Blacklist လုပ်ပစ်လိုက်ရတယ်၊ အုပ်စုဖွဲ့ လိမ်ကြတာမျိုးပေါ့၊ အခုနောက်ပိုင်းတော့ သတိထားပါတယ်၊ သူတို့နောက်ကြောင်း သေချာပြန်စုံစမ်းကြည့်တော့လည်း လိပ်စာက အစမသေချာဘူး၊ နယ်ဘက်ကလို့ပဲကြားရတယ်၊ အဆောင်လာ နေကြတယ်လို့ပဲ သိရတယ်၊ ဒါနဲ့ ရှောင်ထွက်လိုက်တာပါ"

မတ် ၂၅ထုတ် The HOT NEWS အတွဲ(၁) အမှတ်(၃၄) မှာပါသည့် "အင်တာနက်မှ စည်းရုံးလှုံ့ဆော်မှု များဖြစ်လာ" သတင်းမှ ကိုစဇင်မျိုး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

လတ်တလော ရန်ကုန်မြို့တော်ရှိ ဂျပန်စတိုင် စားသောက်ဆိုင်များကို စစ်ဆေးသွားမည်ဖြစ်ပြီး အဓိကအားဖြင့် အဆိုပါ စားသောက်ဆိုင်များတွင် အသုံးပြု သည့် စားသောက်ကုန်များသည် ဂျပန်နိုင်ငံမှ တင်သွင်းလာခြင်းရှိ၊ မရှိ စစ်ဆေးသွား မည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံမှ တင်သွင်းလာသော စားသောက်ကုန် များဖြစ်ပါက နောက်ဆက်တွဲ ထပ်မံစစ်ဆေးမှုများ ပြု လုပ်မည်ဖြစ်ကြောင်း ဒေါက်တာကျော်လင်းက ရှင်းလင်းပြောကြားသည်။

“ရေဒီယိုဓတ်သတ္တိကြွ၊ မကြွ စစ်ဆေးတာ ကဏ္ဍတစ်ခု။ လောလောဆယ် ရန်ကုန်က ဂျပန်စားသောက်ဆိုင်တွေမှာသုံးတဲ့ ကုန်ကြမ်းတွေက ဂျပန်က တင် သွင်းသလား၊ မသွင်းဘူးလားဆိုတာ လိုက် ပြီးစစ်ဆေးမယ်။ များသောအားဖြင့် ဒီက ဂျပန်စားသောက်ဆိုင်တွေက ကုန်ကြမ်းတွေကို ယိုးဒယားတို့၊ စင်ကာ ပူတို့က တင်သွင်းတာများတယ်” ဟု ဒေါက်တာကျော်လင်းက ရှင်းပြသည်။

မတ် ၂၈ ထုတ် The VOICE  Weekly အတွဲ(၇) အမှတ်(၁၆) မှာပါသည့် “ ဂျပန်နိုင်ငံမှ တင်သွင်းသည့် အစားအသောက်များ မြန်မာ FDA စစ်ဆေးမည်ဟုဆို” သတင်းမှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

၂၀ရာစုနှစ်ဝက်ဆီမှ ၂၁ရာစု၏ ဆယ်စုနှစ်ကို ကျော်လွန်လာသောအခါ လူငယ်တို့သည် သမိုင်းကို လှန်လှောမွှေနှောက် ကြသည်။ ရာစုဝက်မြန်မာသမိုင်းကို အသက် (၆၅) နှစ်အရွယ် လူကြီးတွေက အသက် (၁၆) နှစ်ရွယ် လူပျိုပေါက်တွေကို ရှင်းပြရန် အခက်အခဲတွေတွေ့လာကြသည်။ ထိုသောအခါ  စာအုပ် ဟောင်းတွေ အဖိုးတန်လာတော့သည်။ ယင်းစာအုပ်ဟေားဟဟာင်းများကို အခြေပြု၍ စာအုပ်သစ်တွေလည်း ထွက်လာကြသည်။ စာအုပ်ရောင်းကောင်း၍ ဈေးကွက်(Market) သဘောအရ ထုတ်ဝေကြသည်ပင်ဖြစ်စေကာမူ စာအုပ်သည် လူထုအတွက် “အမွေရတနာ” ပင်ဖြစ်သည်။ ယင်းစာအုပ်သည် ‘သမိုင်း စာအုပ်’ ဖြစ်ငြားအံ့။ အချက်အလက်တို့သည် မှန်ကန်တိကျသင့်သည်။ ၂၀ ရာစုနှစ်ဝက် သမိုင်းဆိုလျှင် သက်ရှိထင်ရှားပုဂ္ဂိုလ်၊ အရာဝတ္ထု၊ အထောက် အထားများ ရှိနေဆဲဖြစ်၍ စာရေးသူတို့မှာ တာဝန်ကြီးသည်။ ယင်းတာဝန်ကို စာရေး သူတို့ ကိုယ်တိုင်သာ တာဝန်ယူကြရမည်ဖြစ်သည်။

မတ် ၂၈ ထုတ် Favourite News အတွဲ(၂) အမှတ် (၆၁) မှာပါသည့် ဆောင်းပါးရှင် ခေတ်မိုး၏ “ သမိုင်းစာရေးသူသာ ကိုယ်တိုင် တာဝန်ယူ ရမှာမို့” ဆောင်းပါးမှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

“စီမံကိန်းက စနေပါပြီ။ မြေပုံရေးဆွဲဖို့အတွက် (လေ့လာသုံးသပ်ချက်) survey တွေကောက်ပြီး ကောင်းကင်ဓာတ်ပုံတွေနဲ့ ဂြိုလ်တုဓာတ်ပုံတွေကို လေ့လာ မယ်၊ ပြီးရင် မန္တလေးမြို့ရဲ့ ငလျင်ကြောင့်ဖြစ်ခဲ့တဲ့ မြေသားပြောင်းလဲမှုတွေကို လေ့လာမယ်။ ငလျင်ကြုံတွေ့ခဲ့ရဖူးတဲ့ သက်ကြီးရွယ်အိုတွေကို အင်တာဗျူး တွေလုပ်ပြီးရင် အဆောက်အအုံ (Building) အမျိုးအစားတွေကို လိုက်ကောက်မယ်” ဟု ဆိုသည်။

အဆိုပါမြေပုံကို မြန်မာနိုင်ငံ ငလျင်ကော်မတီနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးကော်မတီ (ADPC) တို့ ပူးပေါင်း ရေးဆွဲသွားမည်ဖြစ်ကြောင်း၊ ၎င်း စီမံကိန်းတွင် စည်ပင်၊ ဆည်/မြောင်း၊ မိုးလေဝသနှင့် ဇလဗေဒ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး စသော ဌာနဆိုင်ရာများပါ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မတ် ၃၀ NEWSWATCH အတွဲ(၆) အမှတ် (၃၇) မှာပါသည့် “မန္တလေးမြို့၏ သဘာဝဘေးအန္တရာယ် ငလျင်ဒဏ်ခံရနိုင်ခြေ မြေပုံရေးဆွဲရေး စီမံကိန်း စတင်ဆောင်ရွက်”သတင်းမှ ကောက်နှုတ်ချက်

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ဒီလှေ၊ ဒီလှေ၊  ဒီလူနှင့် ဒီခရီး

ယနေ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တွေ့ဆုံစကားပြောခွင့်ရခဲ့ရာတွင် လက်ရှိလွှတ်တော် အခင်းအကျင်းနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ရေချိန်တို့ကို ပိုမိုသဘောပေါက်လာခဲ့ပါသည်။ ဒီလူ၊ ဒီလှေနှင့် ဒီခရီး မည်ကဲ့သို့ ခရီးဆက်ကြမည်နည်းဟုလည်း တွေးစရာဖြစ်ရသည်။ သို့ရာတွင် ဒီခရီးကို သွားရန်အတွက် ဒီလူနှင့်ဒီလှေသာ ရှိလေသည်။ ထို့ကြောင့်  စည်းချက်မှန်မှန်၊ လမ်းကြောင်းမှန်မှန် ချီတက်နိုင်ကြပါမူ လိုရာခရီးကို ရောက်ပါလိမ့်မည်။ ဒီလှေနှင့် ဒီခရီးကိုသွားရန် လှေပေါ်ပါလူများသည် သူ့လူငါ့လူ အစွဲကင်းရန်နှင့် ငါတို့သည် တစ်လှေတည်း စီးသူများ၊ တစ်ခရီးတည်းသွားသူများ ဖြစ်ကြ သည်ဟု သဘောပေါက်ရန်သာ လိုအပ်သည်။

လွှတ်တော်ပြန်အမတ်မင်း၏ ပြောကြားချက်အရ  အားရကျေနပ်ဖွယ်ဖြစ်ရသော အချက်အလက်လေးများ တွေ့ရသည်။  လွှတ်တော်တွင် ဒီမို ကရက်တို့ တင်သမျှအဆိုကို ကြံ့ခိုင်ရေးအမတ်မင်းများနှင့် သက်ဆိုင်ရာဝန်ကြီးများက တွင်တွင်ကြီး ပယ်ချလျှက်ရှိနေသဖြင့်  ပြည်သူ၏ စိတ်ပျက်မှုကို အားပါးတရ ခံယူလျှက်ရှိနေသည့် လွှတ်တော်ကြီး၊ လက်ရှိ နိုင်ငံရေးအပြောင်းအလဲကို ဆန့်ကျင်လျှက်ရှိကြသည့် အတိုက်အခံများ၏ စကားနာထိုးမှုများ အောက်တွင် လွှတ်တော်ကြီးမှာ မူကြိုကျောင်းနှင့်ပင် တူနေသေးတာ့သည်။ ယခု လက်တွေ့ကျကျ လွှတ်တော်ထဲမှ ပြန်ရောက်လာသော အမတ်မင်းထံမှ ကြားရသမျှ ဇာတ်လမ်းမှန်လေးများသည်သာ ပြည်သူ စိတ်ပျက်သမျှကို မျှော်လင့်ချက်ရေးရေး ထင်စေမည်ဟု ခန့်မှန်းရသည်။

လွှတ်တော်တွင် ပြည်ခိုင်ဖြိုး အမတ်မင်းများနှင့် ဝန်ကြီးများက တင်သမျှအဆိုကို ပယ်ချလျှက်ရှိသော်လည်း အချို့အဆိုများကို နှစ်သက်သဘော ကျ လက်ခံလျှက်ရှိကြသည်။ ဒီမိုကရက်အမတ်မင်းများ အချိတ်ဆက်မမိ၍သာ နစ်နာခဲ့ရခြင်းဖြစ်သည်။ ဥပမာတစ်ခုမှာ  ဒီမိုကရက်ပါတီတစ်ခုမှ အမတ် မင်း တင်သွင်းသောအဆိုနှင့် အခြားပါတီမှ  ဒီမိုကရက် အမတ်မင်းတင်သွင်းသော အဆိုနှစ်ခု တူညီနေသည်။ သို့ရာတွင် ကြိုတင်ညှိနှိုင်း မထားကြ သဖြင့် ပထမအမတ်မင်းက သူ၏အဆိုကို ဖတ်ပြပြီး နောက်အမတ်မင်းနှင့် တူညီနေသဖြင့် ရုပ်သိမ်းပါကြောင်း ပြောကြားပြီး နောက်အမတ်မင်းကို  အခွင့် အရေး ပေးလိုက်သည်။ သို့သော် နောက်အမတ်မင်း တင်သွင်းသောအဆိုမှာ ပထမအမတ်မင်း တင်သွင်းသော အဆိုလောက် အရေးအသား မကောင်း သည့်အပြင် အချက်အလက် မကျသောကြောင့် မည်သူမျှ မထောက်ခံကြ။ ထိုသို့နှင့်ပင် အခွင့်အရေး လက်လွှတ်ခဲ့ရသည်။

ပထမအမတ်မင်း တင်သွင်းသောအဆိုမှာ ပြည်နယ်များတွင် စီးပွားရေးလုပ်ငန်းအသေးစားများ လက်ဝါးကြီးအုပ်မှုအတွက် ဖြေရှင်းနိုင်ရန် တင်သွင်းခြင်းဖြစ်ကာ လက်တွေ့ခံစားနေရသည့်အထဲတွင် ပြည်ခိုင်ဖြိုးအမတ်မင်းများလည်း ပါဝင်နေသည်ဖြစ်ရာ လွန်စွာနှစ်ခြိုက်ကြပြီး ပြန်လည် ရုပ်သိမ်းသည်ဟု ဆိုလိုက်သည်နှင့် အာမေဍိတ်သံများ ဝေါကနဲ ထွက်လာသည်ဟုဆိုသည်။ သို့ရာတွင် ဒုတိယအမတ်မင်း တင်သွင်းသောအဆိုကိုမူ မည်သူမျှ မကြိုက်ကြ။ ပထမအမတ်မင်း၏ အဆိုကိုသာ မချိတင်ကဲ ပြောကြသည့်အထဲတွင် ပြည်ခိုင်ဖြိုး အမတ်များက အများစုဖြစ်သည်။ ဤသည်မှာ အပြောင်းအလဲကို လူတိုင်းလိုလားသည်။ အကျပ်အတည်းကို ပြင်ဆင်ရတော့မည်ဟု အားလုံးက သဘောပေါက်နေကြပြီဖြစ်သည်။

ဒုတိယအချက်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌများ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများက အငြိမ်းစားယူပြီးနောက် အလုပ်မရှိတော့သည်ဖြစ်ရာ ရယူ ထားသော ဥက္ကဋ္ဌရာထူးများကို တာဝန်တစ်ခုတစ်ဖွယ် ကျေပွန်စွာ ထမ်းဆောင်လျှက်ရှိကြသည်။ ဒီမိုကရက်အမတ်မင်းအချို့၏ အဆိုကိုပင် အကောင်းမြင် သည့် မှတ်ချက်မျိုးပေးကြသည်ဟုကြားရသည်မှာ မျှော်လင့်ချက်ရေးရေးပေါ်လာပြီဖြစ်သည်။ သမ္မတကို ထိန်းကျောင်းရန် သူတို့ အလုပ် လုပ်ရပေ တော့မည်။ သမ္မတကလည်း အပြောင်းအလဲကို သဘောပေါက်ခဲ့ပါမူ ခိုင်မာကျစ်လစ်သည့် ကက်ဘိနက်ကို ဖွဲ့စည်းနိုင်ပေလိမ့်မည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ မှတ်ချက်ပေးခဲ့သည့်အထဲတွင် စိတ်ဝင်စားစရာတစ်ခုမှာ ဂျပန်နိုင်ငံတွင် လွှတ်တော်ကို ရက်ပေါင်းများစွာခေါ်ယူသည်ကို အားကျသည့် မှတ်ချက်က အတော်ပင် စိတ်ဝင်စားဖို့ကောင်းနေသည်။ အမိန့်ပေးလျှင်လုပ်ရသည့် စစ်သားဘဝမှ ကိုယ်တိုင်စီမံခန့်ခွဲရသည့်ကိစ္စသည် သူ့အတွက်တော့ စိတ်ဝင်စား ဖွယ် အလုပ်တစ်ခုဖြစ်နေပေလိမ့်မည်။

ဤသို့ ဤသို့ အပြောင်းအလဲများ မြင်နေရသော်လည်း လိုအပ်ချက်များကတော့ ရှိနေကြဆဲပင် ဖြစ်ပါသည်။ အထူးသဖြင့် ဒုတိယအမတ်မင်း ကဲ့သို့ ပွဲဖျက်သည့်အမတ်မင်း အများအပြားလည်းရှိနေသည်။ သို့ရာတွင် အပြစ်တင်ရန်မဟုတ်ပါ။ နှစ်လေးဆယ်ကျော်အတွင်း လွှတ်တော်ဆိုသည်ကို နဖူးတွေ့ဒူးတွေ့ ကြုံရခြင်းဖြစ်ရာ လိုအပ်ချက်တော့ ရှိပေလိမ့်မည်။ အဓိကပြဿနာမှာ လွှတ်တော်တွင် အဆိုတင်သွင်းရာ၌ မည်သို့မည်ပုံ တင်သွင်း ရသည်၊ မေးမြန်းရသည်တို့ကို မယဉ်ပါးသေးခြင်းပင်။ အမတ်မင်းများသည် နိုင်ငံတော်အပေါ် စေတနာဗရပွဖြင့် ကဏ္ဍစုံကိုပြောင်းလဲရန် အဆိုများ တင်သွင်းပါသော်လည်း အချက်အလက်ကျအောင် မတင်သွင်းတတ်ကြ။ ပြည်သူ့ရေးရာမူဝါဒကို နားမလည်ကြပေ။ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးက ကိန်းဂဏန်းများ ရွတ်ပြ ပယ်ချလျှင် ပြန်လည် မချေပနိုင်တော့။ ထိုသို့ဖြင့်ပင် အဆိုတစ်ခု ဆုံးရှုံးရပြန်သည်။

ပြည်ပတွင်တော့ လွှတ်တော်အမတ်တစ်ဦးတွင် သုတေသနအဖွဲ့၊ ဥပဒေအဖွဲ့များ ရှိသော်လည်း ရွေးကောက်ပွဲဝင်ရန်ပင် အချိန်အနည်းငယ်မျှနှင့် တက်သုတ်ရိုက် ပြင်ဆင်ခဲ့ရသော လွှတ်တော်အမတ်မင်းများအနေဖြင့် ယခုတစ်ကြိမ်တွင် ထိုကိစ္စကို နားလည်နိုင်သော်လည်း ရေရှည်အတွက် ပြင်ဆင် ကြသင့်ပြီ ဖြစ်ပါသည်။ ပြင်ဆင်လာလိမ့်မည်ဟုလည်း ခန့်မှန်းမိပါသည်။

အထက်ပါ အဖြစ်အပျက်များသည် လွှတ်တော်ထဲတွင် အမှန်တကယ် ပြောင်းလဲလျှက်ရှိပါသည်။ ထင်ထားသည်ထက် ပိုမိုဆိုးဝါးသော အချက် များရှိနေသကဲ့သို့ မျှော်လင့်ထားသည်ထက် ပိုမိုရရှိသော အခွင့်အရေးလေးများလည်း ပေါ်ထွက်နေပါသည်။ အထူးသဖြင့် အဆိုတစ်ခု ပယ်ချခံရသော် လည်း ကြံ့ဖွံ့ဝန်ကြီးများသည် ထိုအဆိုများမှာ ပယ်ချလိုက်ရသော်လည်း ဆောင်ရွက်သင့်သည့်ကိစ္စများ ဖြစ်နေသည်ကို သဘောပေါက်၍ တစ်ဖက် လှည့်ဖြင့် ဆောင်ရွက်ပေးမည့် အရိပ်အယောင်များလည်း ပေါ်ပေါက်နေသည်။ ထို့ကြောင့် ဒီလှေပေါ်ရှိ ဒီလူများသာ ညီညွတ်ကြပါမူ မျှောလင့်ခြင်း ကမ်းခြေဆိုသည်က မဝေးတော့သော ကာလတွင်ပင် တွေ့မြင်ရဖွယ် ရှိနေပါသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

ရန်ကုန်သတင်းလွှာ စာဖတ်သူများခင်ဗျာ...

ယခုရန်ကုန်သတင်းလွှာ အမှတ်စဉ် ၃တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး သတင်းများနှင့် လွှတ်တော်တွင်း အမေးအဖြေများအနက် စီးပွားရေးကဏ္ဍဆိုင်ရာ အခွန်အကောက်များကို အထူးပြု သုံးသပ်ထားသည့် "အခွန်စနစ်မကြေညက်သော ဝန်ကြီးဦးဆောင်မည့် မြန်မာ့ဈေးကွက်စီးပွားရေး" ဆောင်းပါးကို ထည့်သွင်းဖော်ပြထားပါသည်။ အကြံပြုလိုသည်များရှိပါက ဝမ်းမြောက်ဝမ်းသာ လက်ခံလိုပါကြောင်း အသိပေးအပ် ပါသည်ခင်ဗျာ။

လေးစားလျှက်
ရန်ကုန် သတင်းလွှာ အယ်ဒီတာ

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.