Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၂.၄.၂၀၁၁

ပြည်တွင်းသတင်းများ

ဆော်ဒီသို့ အလုပ်သွားမလုပ်ရန် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားချက်ထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၁၂။

ဆော်ဒီအာရေဗျနိုင်ငံသို့ မြန်မာအလုပ်သမားများကို စေလွှတ်ခြင်းမပြုရန် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ ၁၇.၃.၂၀၁၁ ရက်စွဲဖြင့် ညွှန်ကြား ချက်ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။

ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံမှ အလုပ်သမားများအနေဖြင့် လစာ ပုံမှန်မရရှိခြင်း၊ ဆင်းရဲပင်ပန်း ခြင်း၊ စသည့် ဒုက္ခမျိုးစုံ ကြုံတွေ့နေရပြီး ဆော်ဒီအာရေဗျနိုင်ငံ၏ ဥပဒေမှာလည်း ၎င်းနိုင်ငံသား အလုပ်ရှင်များဘက်ကသာ ရပ်တည်သည့်အတွက် ထိုသို့ ညွှန်ကြားချက်ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း အလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ဆော်ဒီဥပဒေက ပြင်းထန်တယ်။ ခိုးရင် လက်ဖြတ်တယ်။ ခေါင်းဖြတ်သတ်တာမျိုးတွေ ရှိတယ်။ နောက်ပြီး လုပ်ခလစာကိုလည်း ထိုက်သင့် သ လောက် မရဘူး။ များသောအားဖြင့် ကုလားလူမျိုးတွေ သွားကြတာများတယ်။” ဟု ဗိုလ်အောင်ကျော်လမ်းရှိ  အလုပ်အကိုင်အေဂျင်စီလုပ်ငန်း လုပ်ကိုင်နေ သူတစ်ဦးက ပြောကြားသည်။

ပြည်ပ အလုပ်အကိုင် အကျိုးဆောင်အေဂျင်စီများအနေဖြင့် အလုပ်သမားများအား ဆော်ဒီအာရေဗျနိုင်ငံသို့ စေလွှတ်ခြင်း မပြုကြရန်နှင့် ကုမ္ပဏီများမှ ဆော်ဒီအာရေဗျနိုင်ငံသို့စေလွှတ်ခြင်းကို တွေ့ရှိရပါက အရေးယူမည်ဖြစ်ကြောင်း အဆိုပါ ညွှန်ကြားချက်တွင် ဖော်ပြထားကြောင်း သိရသည်။

-------------------------------------------------------------------------------------------------------------

ကချင်ပြည်နယ်သို့ တရုတ်ပစ္စည်းတင်သွင်းသည့် အဓိကလမ်းကြောင်း ပိတ်ခံရ

မြစ်ကြီးနား၊ ဧပြီ ၁၂။

ကချင်ပြည်နယ်သို့ဝင်သည့် တရုတ်ကုန်ပစ္စည်း လမ်းကြောင်းပေါ်တွင်  အဓိကကျသည့် လဂျားယန်ဂိတ်အား မြန်မာအစိုးရဌာနစုံအဖွဲ့က ပိတ် ထားသဖြင့် ကုန်ပစ္စည်းများ ဈေးတက်လာကြောင်း သတင်းရရှိသည်။

တရုတ်-မြန်မာ နယ်စပ် ဗန်းမော်နှင့် လိုင်ဇာလမ်းကြောင်းဆုံရာ လဂျားယန်ဂိတ်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံ စစ် ဖက်ရေးရာ လုံခြုံရေးအဖွဲ့နှင့် ရဲများက တရုတ်ဖက်မှလာသည့် ကုန်ပစ္စည်း တင်သွင်းခွင့်ကို မတ် ၃၀ရက် မှစ၍ ပိတ်ပင်ထားကြောင်း သို့သော် ခရီးသွား ခြင်းကိုမူ ခွင့်ပြုထားကြောင်း  ကုန်သည်တစ်ဦး ပြောကြားသည်။

“အဓိကတော့ ဘိလပ်မြေဈေးတို့ တက်လာတယ်။ အရင်က ၆၉၀၀ကျပ် ဟုတ်တယ်၊ အခုက ၇၅၀၀ဖြစ်သွားပြီ၊ အိမ်ဆောက်ပစ္စည်းတွေလည်း တက်လာတယ်၊ တခြားကုန်တွေလည်း အကုန်တက်တယ်။” ဟု အဆိုပါ ကုန်သည်က ဆက်လက်ပြောကြား ပြောကြားသည်။

“တစ်နေရာပိတ်တာနဲ့ တောက်လျှောက်လမ်းကြောတွေ အကုန်လုံးပိတ်ပြီ။ ဒီမှာ အိမ်ဆောက်လုပ်ရေးတွေ ရှိနေတော့ ဘိလပ်မြေတွေက ပြိုပတ် လပ်တယ်။ တခြားကုန် ကြက်ဥတို့လည်း ကုန်နေတယ်။” ဟု ကုန်သည်က ဆက်လက် ပြောကြားသည်။

ယခင် တရုတ်နိုင်ငံမှ သစ်သီး၊ ကြက်ဥ၊ ဘီယာ၊ အိမ်ဆောက်ပစ္စည်း၊ စက်ပစ္စည်း၊ အထည်အလိတ်၊ အဝတ်အစား၊ မီးဖိုချောင်သုံး ပစ္စည်း၊ ကြက် သွန်ဖြူ စသည့်တို့ နေ့စဉ်ဝင်ရောက်နေသည်။ ယခုအခါ ဂိတ်ပိတ်လိုက်ခြင်းကြောင့် ကုန်အဝင် စီးဆင်းမှုမရှိတော့သဖြင့် ကုန်ပျက်လပ်မှုများလည်း ဖြစ်ပေါ် နေသည်။

ကချင်ပြည်နယ်သားများသည် စားသုံးကုန်၊ အိမ်သုံးကုန်မှအစ အဝတ်အထည်၊ စက်ပစ္စည်းများအထိ တရုတ်ကုန်ပစ္စည်းသာ အားထားနေ ကြရ သည်။

လဂျားယန်ဂိတ်သာမက လိုင်ဇာ-ဝိုင်းမော် လမ်းပေါ်ရှိ နာမ်ဆမ်ရန်ကျေးရွာမှ သိုလှောင် တရုတ်ပစ္စည်းများကို မြစ်ကြီးနားမြို့သို့ တင်သွင်းစဉ် ဖမ်းဆီးမှုများလည်း ရှိနေသည်။

တရုတ်ကုန်တင်သွင်းခွင့် ပိတ်ထားသော်လည်း ဒေသထွက်ကုန် သခွားသီး၊ ငှက်ပျောသီး၊ ပြောင်းဖူး၊ ရာဘာ၊ ဆန် စသည်တို့ကို တရုတ်သို့ တင်ပို့ခွင့် ပြုထားသည်။

ကချင်ပြည်နယ်ထဲသို့ တရုတ်ကုန်ပစ္စည်းဝင်ပေါက် ၃ပေါက်ရှိရာ အလွယ်တကူ ဝင်ထွက်တင်သွင်းနေသော လိုင်ဇာနှင့် လွယ်ဂျယ်ဂိတ်တို့ကို တရားမဝင်ဂိတ်အဖြင့် ပိတ်ထားခြင်းဖြစ်ပြီး ခရီးကြမ်း၍ ဝေးခံသော ကန်ပိုင်တီလမ်းကိုမူ တရားဝင် နယ်စပ်ကုန်သွယ်ရေးလမ်းအဖြစ် အစိုးရက သတ်မှတ် ထားသည်။

ကန်ပိုင်တီလမ်းမှ လာသည့် ကုန်တင်ကားကြီးများအား အဆင့်ဆင့် စစ်ဆေး၊ ငွေတောင်းခံနေသဖြင့် ကုန်ပစ္စည်းဈေးနှုန်များလည်း မြင့်တက် သွားကြောင်း သိရသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် တက်လာပြီးနောက် ပထမဦးဆုံးအနေနဲ့ ကချင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာဂိတ်ပေါင်းစုံကို  ပိတ်လိုက်ရန် ဝန် ကြီးချုပ်မှ ဧပြီ (၁) ရက်နေ့တွင် တရားဝင် အမိန့်ထုတ်ပြန်လိုက်သည်။ တရားဝင် နယ်စပ်ကုန်သွယ်ရေးဂိတ်များမှအပ ဂိတ်များပိတ်လိုက်ခြင်း ဖြစ်သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

နှစ်ဆန်းတစ်ရက်နေ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် မျှော်လင့်

ရန်ကုန်၊ ဧပြီ ၁၂။

မြန်မာတို့၏  နှစ်ဆန်းတစ်ရက်၊ ဧပြီ ၁၇ ရက် တွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် မျှော်လင့်ချက်ရှိကြောင်း နိုင်ငံရေးအကျဉ်းသား တို့၏ မိသားစုဝင်များထံမှ သိရသည်။

၂၀၀၇ နိုဝင်ဘာလတွင် ပြည်ပမီဒီယာများနှင့် ဆက်သွယ်သည်ဟူသည့် စွပ်စွဲချက်ဖြင့် ကျိုင်းတုံအကျဉ်းထောင်တွင် ထောင် ၇ နှစ်ကျရောက်နေ သူတစ်ဦး၏ မိခင်ဖြစ်သူက “အစိုးရသစ်လည်းပေါ်လာပြီဆိုတော့၊ ကျွန်မသားလေးများ လွတ်လာမလားဆိုပြီး မျှော်နေရတယ်။ အိမ်ကိုတော့ ဘာမှ အကြောင်းကြားတာတွေ မရှိသေးပါဘူး။ အရင်လက သူ့အကို ထောင်ဝင်စာ သွားတွေတော့လည်း သက်ဆိုင်ရာက ဘာမှပြောလိုက်တာ မရှိပါဘူး။ ကျွန်မ မှာတော့ နှစ်ဆန်းတစ်ရက်နေ့ ဆိုတာရယ် အစိုးရသစ် ပြောင်းသွားပြီဆိုတဲ့ အတွေးနဲ့ကျွန်မသားလွတ်လာဖို့မျှော်နေရတယ်”ဟု ဆိုသည်။

နိုဝင်ဘာ ၇ ရွေးကောက်ပွဲရလဒ်ဖြင့် ၂၀၁၁ မတ် ၃၀ ရက်နေ့တွင် အစိုးရသစ် ဖြစ်ပေါ်လာပြီး နောက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ် ပေးမည်ဟူသော မျှော်လင့်ချက် ပိုမိုအသက်ဝင်လာကြောင်း ယင်းကြောင့်  နှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် မျှော်လင့် ချက်မှာ ပိုမိုခိုင်မာလာခဲ့သည်ဟု တရားမဝင်အဖွဲ့များနှင့် ဆက်သွယ်သည့်ပြစ်မှုဖြင့် အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင် တစ်ဦးမှ ဆိုသည်။

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လူငယ်တစ်ဦးက “အရင်တုန်းက လက်တွဲခဲ့တဲ့ သူငယ်ချင်းတွေပဲဖြစ်ဖြစ်၊ ဘယ်သူမဆိုကို အကျဉ်းကျနေတဲ့ ဘဝကနေ လွတ်စေချင်တယ်။ သူတို့တွေ လွတ်လာဖို့လည်း အမြဲမျှော်လင့်တယ်။ သူတို့ လွတ်လာဖို့လည်း ကျွန်တော်တို့အနေနဲ့ ဆုတောင်းပွဲတွေ၊ ငါး လွှတ်ပွဲတွေ အမြဲလုပ်ပေးနေတာပဲ၊ ဘယ်လိုပဲ ဖြစ်ဖြစ် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ဖို့ကို မျှော်လင့်ပါတယ်။”ဟု ဖုန်းဖြင့်ဆက်သွယ်မေးမြန်းချက်အား ပြန်လည်ဖြေကြားသည်။

မြန်မာနိုင်ငံ နေရာအနှံ့အပြားရှိ အကျဉ်းထောင်များတွင် ပြစ်မှုအမျိုးမျိုးဖြင့် အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသားများ ရွေးကောက်ပွဲပြီးပါ က  လွတ်မည်။ အစိုးရသစ်တက်လာပါက လွတ်မည်။ ဆိုသော သတင်းစကားသည် ရွေးကောက်ပွဲ မစတင်ခင် အချိန်ကတည်းက လူပြောများသော စကား တစ်ခွန်းဖြစ်ကြောင်း သတင်းထောက်တစ်ဦးမှ ဆိုသည်။

လူမှုကွန်ရက်ဖြစ်သော facebook တွင်လည်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် ဆုတောင်းမှုများ ရှိကြောင်း Blogger တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် လူသုံးများသည့် Social Network တစ်ခုဖြစ်သော Facebook တွင် သူငယ်ချင်း ၄၉၈၇ ယောက် ရှိသော ကာတွန်းဆရာ အော် ပီကျယ်က “နက်ဖြန်ဆိုရင် သင်္ကြန်ရောက်ပြန်ပြီ။ ဧပြီ ၁၇ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ကျရင် နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ ဆုတောင်းပါတယ်။”ဟူ၍ Status တင်ထားခဲ့ရာ တစ်နာရီအတွင်း အဆိုပါ Status အား ကြိုက်နှစ်သက်သူပေါင်း ၇၇ ယောက်ရှိပြီး၊ မှတ်ချက်ဝင်ရေး ပေးခဲ့သူ ၉ ယောက်ရှိကြောင်းကို တွေ့ရှိ ရသည်။

နှစ်ဆန်းတစ်ရက်နေ့တိုင်း ပြစ်မှုအမျိုးမျိုးဖြင့် အကျဉ်းကျနေသော အကျဉ်းသားများအား အကျဉ်းထောင်မှ လွှတ်ပေးသည့် ထုံးစံရှိကြောင်း၊ သို့ရာတွင် လွတ်လာသော အကျဉ်းသားများသည် လွတ်ချိန်ကာလနီးပြီဖြစ်၍လည်းကောင်း၊ ထောင်စည်းကမ်းအတိုင်းနေသည့်အတွက် သတ်မှတ်ထား သောလျော့ရက်များ ရရှိ၍လည်းကောင်း၊ အကျဉ်းထောင်မှ လွတ်လာခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံရေးအကျဉ်းသားအများစု လွတ်မြောက်ရန်အတွက်မှု ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် ကျခံနေရသောထောင်ဒဏ်မှာ များသည့်အတွက် လျော့ရက်များဖြင့် လွတ်မြောက်ရန်ကာလမှာ စောနေသေးကြောင်း၊ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်သမ္မတမှ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တစ်ရပ်ထုတ်ပြန်မှသာ နိုင်ငံရေးအကျဉ်းသားအများစု လွတ်နိုင်ခြေရှိကြောင်း ပြည် ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံဒေသ အသီးသီးရှိ အကျဉ်းထောင်များတွင် အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၀၀ ကျော်ရှိကြောင်း သိရှိရသည်။

ကျော်စွာ

-------------------------------------------------------------------------------------------------------------

တနင်္သာတိုင်းရှိ နယ်မြေခံတပ်များ ဒေသသုံးဘာသာစကား သင်ရမည်

မြိတ်၊ ဧပြီ၁၂။

တနင်္သာတိုင်း နယ်စပ်ဒေသတွင် လှုပ်ရှားနေသည့်  နယ်မြေခံတပ်များတွင် ဘာသာစကား နားလည်တတ်ကျွမ်းမှုရှိစေရန် မြိတ်မြို့ရှိ ကမ်းရိုး တန်းဒေသတိုင်းစစ်ဌာနချုပ် (ကရခ)တွင် ဧပြီလ ၁၅ ရက်နေ့မှ ဇွန်လ ၁၅ရက်နေ့အထိ ၂ လတိတိ ဒေသသုံးဘာသာစကားသင်တန်း သင်ကြားပို့ချ ပေးမည် ဖြစ်ကြောင်း စစ်တပ်အသိုင်းအဝိုင်းမှလာသည့် သတင်းများအရ သိရသည်။

တနင်္သာရီ နယ်စပ်ဒေသတွင် တာဝန်ထမ်းဆောင်ရာ၌ ဒေသသုံးဘာသာစကား တတ်ကျွမ်းနားလည်စေရန် ရည်ရွယ်သည့် အဆိုပါသင်တန်းတွင် ကရင်နှင့် ထိုင်းဘာသာစကားကို သင်ကြားမည်ဖြစ်ပြီး သင်တန်းတက်ရောက်ရန်အတွက် တနင်္သာရီတိုင်းတွင် လှုပ်ရှားနေသည့် ဒေသကွပ်ကဲရေး စစ်ဌာန ချုပ် (ဒကစ)နှင့် စစ်ဗျူဟာ(စဗဟ)လက်အောက်ခံ တပ်ရင်းအားလုံးမှ တပ်ရင်း ၁ရင်းကို ဒုဗိုလ်အဆင့်ရှိ အရာရှိ ၂ဦးစီ မပျက်မကွက် စေလွှတ်ရန် ကမ်းရိုး တန်းဒေသတိုင်းစစ်ဌာနချုပ်(ကရခ)မှ ပြီးခဲ့ သည့် ဧပြီလ ၁၀ရက် နေ့က ညွှန်ကြားလိုက်သည်ဟု သိရသည်။

တနင်္သာရီတိုင်းမှ အစိုးရစစ်တပ်နှင့် နီးစပ်သူတဦးက “ကရခ အမိန့်နဲ့ ၁၄ရက်နေ့နောက်ဆုံးတိုင်းစစ်ဌာနချုပ် မြိတ်ကို အားလုံး အရောက်သွား ရမယ်။ ရည်ရွယ်ချက်ကတော့ နယ်စပ်ဒေသမှာ ထိုင်းတွေနဲ့ ကိစ္စတခုခု ပေါ်လာလို့ရှိရင် တွေ့ဆုံဆွေးနွေးလို့ရအောင်ရယ်။ ဒေသခံလူထုတွေကို စည်းရုံးဖို့ အတွက်ပဲ ဖြစ်တယ်”ဟု ပြောကြားသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားဒေသများတွင် လှုပ်ရှားနေသည့် စစ်တပ်များအား ဒေသသုံးဘာသာစကား သင်ကြားပို့ချမှုကို ယခင်က ရန်ကုန် မြို့ရှိ စစ်ဌာနချုပ်ရုံးများတွင် ဌာနဆိုင်ရာများမှ စုပေါင်း၍သင်ကြားပို့ချပေးခဲ့သော်လည်း လွန်ခဲ့သည့် ၃နှစ်ကစပြီး သက်ဆိုင်ရာ ဒေသများတွင်သာ စတင် သင်ကြား ပို့ချလာခဲ့ခြင်းဖြစ်သည်။

-------------------------------------------------------------------------------------------------------------

နယ်စပ်ရှိ ဒုက္ခသည်စခန်းများအား ဆက်လက်ထားလိုခြင်း မရှိကြောင်း ထိုင်းအာဏာပိုင်ဆို

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်း ၉ ခုတွင် ခိုလှုံနေထိုင်လျှက်ရှိသော မြန်မာတိုင်းရင်းသား ဒုက္ခသည်များအား ထိုင်းအာဏာပိုင်များ အနေဖြင့် ဆက်လက်လက်ခံလိုခြင်း မရှိတော့ကြောင်း ဧပြီ ၅ ရက်နေ့က တက်ခရိုင် အုပ်ချုပ် ရေးမှူး ဆမတ်လွိုင်ဖက ပြောကြားလိုက်သည်။

မြန်မာဒုက္ခသည်များအနေဖြင့် မိမိအစီအစဉ်ဖြင့် ၎င်းတို့၏ ဇာတိမြေအား ပြန်သွားရန် မျှော်မှန်းကြောင်း၊ ထိုင်းအာဏာပိုင်များအနေဖြင့် မြန်မာ ဒုက္ခသည်များ အပေါ်ထောက်ပံ့ကူညီမှုများ လုပ်ဆောင်နေသော Thai Burma Border Consortium(TBBC),The European Commission , The United Nations Refugee Agency and UNHCR တို့နှင့် လည်း မြန်မာဒုက္ခသည်စခန်းများ ဖယ်ရှားရေးနှင့် ပက်သက်သည်များကို ညှိနှိုင်းဆောင် ရွက်မှုများ ဆက်လက်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

မြန်မာဒုက္ခသည်များ ထိုင်းနိုင်ငံပေါ်တွင်ရှိနေခြင်းသည် ထိုင်းနိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်သည့်အတွက် ယခုကဲ့သို့ ဖယ်ရှားရန် စဉ်းစားလာရ ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ၏အစိုးရအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ထိုင်းအာဏာပိုင်များအနေဖြင့် ဒုက္ခသည်စခန်းများ ဖယ်ရှားရန် ဆောင်ရွက်မှုများစတင်ရန် ပြင်ဆင်နေသော်လည်း ရွေးကောက်ပွဲကာလအတွင်း ကရင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒုက္ခသည်ပေါင်းရာနှင့်ချီကာ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများသို့ ရောက်ရှိလာမှုများရှိသည်ဟု မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းမှ စေတနာ့ဝန်ထမ်းတစ်ဦးက ဆိုသည်။

ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက “ဒီကိစ္စတွေလာတော့မယ်ဆိုတာ ကြားနေရတာ ကြာပါပြီ။ ထိုင်းအစိုးရအနေနဲ့ လည်း ဒုက္ခသည်တွေကို လက်ခံထားတာထက်ပိုရတဲ့ ရင်းနှီးမြုပ်နှံမှုတွေကို မြန်မာနိုင်ငံအတွင်းမှာ လုပ်နေပြီလေ။ ဒီတော့ ထိုင်းနိုင်ငံက မြန်မာဘက်ကို ပြန်ပေးရတာက မြန်မာဒုက္ခသည်တွေ၊ ကျွန်တော်တို့လို စစ်အစိုးရကို ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး တော်လှန်နေသူတွေကို တစ်နေရာရာ လွှင့်သွားအောင် ပြန်လုပ်ပေးရတာပါပဲ။” ဟု သူ့အမြင်အား ဆိုသည်။

တက် ခရိုင်တွင် ကိုယ်ပိုင်စာသင်ကျောင်းဖွင့်လှစ်နေသူ ကျောင်းဆရာတစ်ဦးက “ကျွန်တော်တို့တွေ ပြန်ရမယ်ဆိုတာတော့ ဟုတ်ပါပြီ၊ ပြန်လာရင် ကောင်းကောင်းမွန်မွန် လက်ခံမှာလားဆိုတာ ကျွန်တော်တို့ ဘယ်သူ့ကို ပြန်မေးရမှာလဲ။ ဒီမှာတော့ ကျွန်တော်လည်း တစ်ဘဝလုံး အရိုးမထုတ်ချင်ပါဘူး။ မြန်မာပြည်ထဲမှာ အဆင်ပြေပြေနေရမယ်ဆိုရင်တော့ ကျွန်တော်တို့လည်း ပြန်မှာပါ”ဟု online မှ ဆက်သွယ်မေးမြန်းချက်အား ပြန်လည်ဖြေကြားသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှု ကြီးမားစွာ လုပ်ဆောင်ထားသည့် ထားဝယ်ရေနက်စီမံကိန်း၏ တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ရန် တာဆူနေချိန်တွင် ထိုင်းအစိုးရအနေဖြင့် ဤသို့သော ဆောင်ရွက်မှုမျိုး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းစီးပွားရေး လုပ်ငန်း ရှင်တစ်ဦးက ဆိုသည်။

၂၀၁၁ မတ်လ ၃၀ ရက်နေ့က အာဏာလွဲပြောင်းခဲ့သည့် စစ်အစိုးရအား ထိုင်းနိုင်ငံတွင် အခြေစိုက်ကာ တော်လှန်နေသည့် အဖွဲ့အစည်းပေါင်းမှာ ၄၀ ကျော် ရှိကြောင်း သိရသည်။

မြန်မာဒုက္ခသည် စခန်းများသည် ထိုင်း-မြန်မာနယ်စပ် တွင် ၉ ခုရှိပြီး၊ ယင်းဒုက္ခသည်စခန်းများတွင် မြန်မာစစ်အစိုးရအား တိုက်ခိုက်နေသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်များလည်း နေထိုင်လျှက်ရှိကြောင်း သိရှိရသည်။

ဒုက္ခသည်စခန်းများ၏ သက်တမ်းမှာ ၂၅ နှစ်ဝန်းကျင် ရှိပြီး၊ယင်း ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသူ မြန်မာဒုက္ခသည်ပေါင်း ၁သိန်း ၄သောင်း ကျော်ခန့်ရှိ ကြောင်း သိရှိရသည်။

ကျော်စွာ

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဧပြီ ၁ ရက်က မြို့တော်ဝန် ဦးလှမြင့် စတင် တာဝန်ထမ်းဆောင်တယ်။ အဲဒီနေ့မှာ ကော်မတီဝင်တွေ၊ဌာနအသီးသီးက ဌာနမှူးတွေနဲ့ တွေ့ဆုံပြီး၊ ရန်ကုန် မြို့တော်ကြီးကို အဆင့်မြှင့်ဖို့အတွက် ဆက်လက်လုပ်ဆောင်သွားဖို့ ပြောကြားသွားတယ်။ ဒါကြောင့် မြို့တော်ခန်းမကြီးကို အရင်ဆုံးမွမ်းမံနေတာပါ။ မြို့တော်ခန်းမကြီး သန့်ရှင်းသပ်ရပ်ဖို့ အဲဒီနေ့ကတည်းကစပြီး ဆေးတွေ အကုန်ပြန်ခွာပြီး၊ ဆေးအသစ် ပြန်သုတ်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မြို့ တော်ဝန်ဆိုတာက ကိုယ်တိုင် သန့်ရှင်းသပ်ရပ် လှပဖို့လိုတဲ့အတွက်  အရင်ဆုံး မြို့တော်ခန်းမကြီးကို မွမ်းမံနေတာ ဖြစ်ပါတယ်။”ဟု ပြန်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနမှုး ဦးလှမြင့်ဆွေ ကပြောသည်။

ဧပြီ ၁၂ ရက်ထုတ်  FLOWER NEWS JOURNAL အတွဲ (၇)၊အမှတ် (၁၅) တွင်ပါရှိသည့်  “ရန်ကုန်မြို့တော်ကြီးကို အဆင့်မြှင့်တင်သွား မည်ဟု မြို့တော်ဝန်သစ်ကဆို” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ရတနာ စီမံကိန်း စတင်ကတည်းက စီးပွားရေးတစ်ခုတည်းကို ဦးတည်ဆောင်ခဲ့တာမျိုး မဟုတ်ပါဘူး။ ဒီဒေသတွေရဲ့ လူနေမှုဘဝကနေအစ  ရတနာစီမံ ကိန်းမှာ တာဝန်ထမ်းဆောင်ကြမယ့် ဝန်ထမ်းတွေအဆုံးပေါ့။ လက်ရှိဆိုရင်လည်း မြန်မာဝန် ထမ်း ၉၃ ရာခိုင်နှုန်းရှိပြီး နိုင်ငံခြားသား ခုနစ်ရာခိုင်နှုန်းသာ ခန့်အပ်ထားပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာလုပ်သားတွေ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိပြီး ဒါနဲ့ တဆက်တည်း ဒေသခံတွေရဲ့ လူနေမှုဘဝ မြင့်မားဖို့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ လူမှုရေးကိစ္စတွေ အပါအဝင် ကျွန်တော်တို့ မရှိတော့တဲ့နောက်မှာ ကိုယ်ပိုင် အသုံးချပြီး ဘဝကို ရပ်တည် နိုင်ဖို့အဆုံး  လိုအပ်တဲ့ သင်တန်းတွေကိုလဲ ပေးနေပါတယ်။” ဟု ရတနာ လူမှုစီးပွားရေး အစီအစဉ်၏ တာဝန်ရှိသူတစ် ဦးက ပြောကြားသည်။

ဧပြီ ၁၂ ရက်ထုတ်  FLOWER NEWS JOURNAL အတွဲ (၇)၊အမှတ် (၁၅) တွင်ပါရှိသည့်  “လူမှု၊ စီးပွား ဖော်ဆောင်နေသည့် ရတနာ စီမံကိန်း ” သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ဧပြီ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့ အထိ အကျုံးဝင်သည့် ဒုတိယ ၁၀ ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရှိရသည်။

ဧပြီ ၁၃ ရက်ထုတ် WEEKLY ELEVEN JOURNAL အတွဲ (၆)၊အမှတ် (၂၈) တွင်ပါရှိသည့် “ဧပြီ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့ အထိ အကျုံးဝင် သည့် ဒုတိယ ၁၀ ရက်ပတ် အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်” သတင်းမှ ကောင်နူတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ယခုနှစ်မဟာသင်္ကြန် ပွဲတော်တွင် X2O ရေကစားမဏ္ဍပ်၌ ရေကစားသူများ၏ လုံခြုံရေးစိတ်ချရစေရန် CCTV ကင်မရာ ၁၆ လုံးနှင့် လုံခြုံရေးဝန်ထမ်း အယောက် ၁၃၀ ထားရှိသွားမည် ဖြစ်ကြောင်း အဆိုပါမဏ္ဍပ်ကို တာဝန်ယူတည်ဆောက်သည့် ကိုဘိုဘို ကပြောပါတယ်။

ဧပြီ ၁၂ ရက်ထုတ် TRUE NEWS JOURNAL အတွဲ (၃)၊အမှတ် (၃၃)တွင်ပါရှိသည့် “X2O ရေကစားမဏ္ဍပ်၌ CCTV ကင်မရာ ၁၆ လုံးနှင့် လုံခြုံရေးဝန်ထမ်း အယောက် ၁၃၀ ထားရှိ”သတင်းမှ ကောင်နှုတ်ချက်

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011
yangonchronicle 2011

၁၁.၄.၂၀၁၁

ပြည်တွင်းသတင်းများ

UMFCCI ၏ ဥက္ကဋ္ဌ၊ ဗဟိုအလုပ်မှုဆောင်နှင့် အလုပ်အမှုဆောင် ၁၃၀ ဦးအား ရွေးချယ်ပြီးစီး

ရန်ကုန်၊ ဧပြီ ၁၀။

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ၏ လစ်လပ်သွားသည့် ဥက္ကဋ္ဌ ရာထူးနေရာ အပါအဝင် ဗဟိုအလုပ်မှုဆောင်၊ အလုပ်အမှုဆောင် စုစုပေါင်း ၁၃၀ ဦးအား လျှို့ဝှက်မဲစနစ်ဖြင့် ဧပြီလ ၉ ရက်နေ့ မနက် ၇ နာရီမှ စတင်ကာ ည ၁၂ နာရီ အထိ တစ်ရက်တည်းအပြီး ရွေးချယ်ခဲ့ကြောင်း UMFCCI သတင်းရပ်ကွက်မှ သတင်းရရှိသည်။

ရွေးကောက်ပွဲကျင်းပရာခန်းမတွင် ရှိနေခဲ့သူ အလုပ်အမှုဆောင်တစ်ဦးက “ရွေးကောက်ပွဲက မနက် ၇ နာရီမှာ စတယ်။ ဥက္ကဋ္ဌနေရာကနေ စီးပွား ကူးသန်းဝန်ကြီးဖြစ်သွားတဲ့ ဦးဝင်းမြင့် မိန့်ခွန်းပြောပြီး၊ မနက် ၁၀ နာရီ မှာ အလုပ်အမှုဆောင်တွေအတွက် ရွေးကောက်ပွဲစလုပ်တယ်။ပြီးတော့ ဗဟို အလုပ်အမှုဆောင်တွေကို ဆက်ရွေးတယ်။ ဒီရွေးကောက်ပွဲက ညသန်းခေါင်လောက်မှ ပြီးတယ်။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဘာမှမှတ်ချက် တော့ မပြောလိုပါဘူး” ဟု ဖုန်းဖြင့် ဆက်သွယ်မေးမြန်းချက်အား ပြန်လည်ဖြေကြားသည်။

ယခင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ ဦးဝင်းမြင့်မှာ ယခုအခါ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည့်အတွက် လစ်လပ်သွားသော UMFCCI ၏ ဥက္ကဋ္ဌရာထူးနေရာအား ပြန်လည်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဗဟို အလုပ် အမှုဆောင် ၅၀ ဦးနှင့် အလုပ်အမှုဆောင် ၈၀ ဦး စုစုပေါင်း ၁၃၀ ဦးကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ရာ ဥက္ကဋ္ဌရာထူးနေရာအတွက် ဒဂုံအင်တာနေ ရှင်နယ်က ဦးဝင်းအောင်မှ မဲအများဆုံး ရရှိခဲ့ကြောင်း၊ ဒုတိယ ဥက္ကဋ္ဌနေရာ ခုနစ်နေရာ ဦးသောင်းတင်၊ ဦးဇော်မင်းဝင်း၊ ဒေါက်တာ မောင်မောင်လေး၊ ဒေါက်တာ မြဟန်၊ ဦးအောင်လွင်၊ ဦးလှမောင်ရွှေ၊ ဦးထွန်းအောင် စုစုပေါင်း ၇ ဦးတို့မှ မဲအများဆုံး ရရှိခဲ့ကြောင်း သိရသည်။

အထွေထွေအတွင်းရေးမှူးအဖြစ် ဦးမျိုးသက်မှ မဲအများဆုံး ရရှိခဲ့ပြီးတွဲဖက် အတွင်းရေးမှုးများအဖြစ် ဦးမြင့်စိုး၊ ဦးအေးလွင်၊ ဦးမိုးကျော်၊ ဦးမြင့် ဇော်၊ ဦးအောင်ခင်မြင့်၊ ဒေါ်ခိုင်ခိုင်နွယ်တို့မှ တာဝန်ထမ်းဆောင် ကြမည်ဖြစ်ကြောင်း သိရသည်။

UMFCCI ၏ လက်အောက်တွင် စီးပွားရေးကဏ္ဍပေါင်းစုံမှ အသင်းပေါင်း ၆၀ ကျော်ရှိကြောင်း သိရှိရသည်။

ကျော်စွာ

--------------------------------------------------------------------------------------------------------------------------------

သင်္ကြန်ကာလ နီးလာလေ အဝေးပြေးကားလက်မှတ်များ ခက်ခဲလေ

ရန်ကုန်၊ ဧပြီ ၁၀။

နှစ်သစ်ကူးသင်္ကြန်ကာလ နီးလာပြီဖြစ်၍ မြို့အနှံ့သို့ ပြေးဆွဲနေသော အဝေးပြေးယာဉ်စီးခများသည် ပုံမှန်ထက် ပိုဈေးကြီးလာပြီး လက်မှတ် တစ်စောင် ရရှိရန် ခက်ခဲလာကြောင်း ရန်ကုန်မှပုဂံညောင်ဦးသို့ ပြန်မည့် ခရီးသည်တစ်ဦးမှ ဆိုသည်။

အဝေးပြေးယာဉ်စီးခများအား ပုံမှန်ယာဉ်စီးခများထက် ပိုရယူခြင်းမရှိရန် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)မှ ယာဉ်လိုင်းအသီးသီးအား ညွှန်ကြားချက်ထုတ်ပြန်ထားသော်လည်း ခရီးသည်များအနေဖြင့် လက်မှတ်တစ်စောင် ဝယ်ယူရာတွင် ပုံမှန်ဈေးထက် ပိုပေးနေ ရကာ လက်မှတ်ရရှိရန် ခက်ခဲလာကြောင်း အောင်မင်္ဂလာအဝေးပြေးတွင် နယ်သို့ပြန်ရန် ကားလက်မှတ်ရရှိရေး ကြိုးစားနေသူများက ဆိုသည်။

“မန္တလေး ကို ၁၀ ရက်နေ့ပြန်မလို့ ကားလက်မှတ်ကို ဧပြီ ၆ ရက်နေ့က ကြိုမှာတာ ကြိုတင်လက်မှတ်တွေ ပြည့်နေပြီဆိုလို့ တစ်ခါတည်း သွားလို့ ရအောင် အောင်မင်္ဂလာအဝေးပြေးကနေ go show လာစီးတာ လက်မှတ်ခက ၂၅၀၀၀ လို့ ဈေးခေါ်နေတော့ အိမ်ပြန်ဖို့ကို ပြန်စဉ်းစားနေရတယ်” ဟု မန္တလေးပြန်ရန်အတွက် လက်မှတ်ရရန် ကြိုးစားနေသူ ကိုမင်းမင်းမှ ဆိုသည်။

ရန်ကုန်မှ မန္တလေးသို့ ပုံမှန်ကာလတွင် ကျသင့်သောယာဉ်စီးခမှာ အာမခံကြေး ၁၀၀ကျပ် အပါအဝင် ၁၀၄၀၀ သာကုန်ကျကြောင်း ယင်း ပုဂ္ဂိုလ် က ဆက်လက်ပြောကြားသည်။

သင်္ကြန်ကာလနီးလာချိန်တွင် အဝေးပြေးယာဉ်စီးခများ ဈေးတက်ခြင်း၊ လက်မှတ်တစ်စောင်ရရှိရန် ခက်ခဲလာခြင်းသည် နှစ်စဉ်ဖြစ်ပေါ်လျှက် ရှိ သည့် ပြဿနာတစ်ခုဖြစ်ပြီး၊ ယခုအချိန်ထိ ပြေလည်အောင် ဖြေရှင်းနိုင်ခြင်းမရှိကြောင်း အောင်မင်္ဂလာအဝေးပြေးဝင်းတွင် စားသောက်ဆိုင်ဖွင့်ထားသူ တစ်ဦးက ဆိုသည်။

အဝေးပြေးယာဉ်စီးခများ ပုံမှန်ဈေးထက် ကြီးမြင့်လာခြင်းသည် အဝေးပြေးယာဉ်လိုင်းများနှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိကြောင်း အဝေးပြေး ယာဉ်လိုင်းတာဝန်ခံတစ်ဦးမှ ဆိုသည်။

“သင်္ကြန် ကာလနီးလာပြီဆိုတော့ ဇာတိရပ်ရွာကို တော်တော်များများ ပြန်ကြတယ်။ ဒီတော့ အဝေးပြေးလိုင်းမှာရှိတဲ့ ယာဉ်စီးရေရဲ့ လက်ခံနိုင် တာထက် ပိုများနေတော့ ယာဉ်လိုင်းတွေက အပြင်ကားတွေကို ဈေးကြီးပေးပြီး ငှားရတယ်။ ဒီတော့ အဲဒီကားကို စီးရတဲ့ခရီးသည်တွေကလဲ ကားငှားခ ဈေးမြင့်တာနဲ့အတူ လက်မှတ်ခလည်း အလိုလို ဈေးကြီးလာတာပါ” ဟု ဆိုသည်။

ယခုနှစ်တွင် စက်သုံးဆီဈေး ကြီးမြင့်လာသည့်အတွက် အဝေးပြေးယာဉ်အချို့ ရပ်နားထားမှုများလည်း ရှိကြောင်း သိရှိရသည်။ ရန်ကုန်မှ နယ်သို့ ထွက်ခွာသော အဝေးပြေးယာဉ်လိုင်းများအား အောင်မင်္ဂလာအဝေးပြေးဝင်းနှင့် ဒဂုံဧရာ အဝေးပြေးဝင်းမှသာ ထွက်ခွာရန် ညွှန်ကြားချက်ထုတ်ပြန်ထားပြီး၊ အဝေးပြေးယာဉ်များ သက်ဆိုင်ရာအဝေးပြေးဝင်းမှ ထွက်ခွာရာတွင်လည်း စစ်ဆေးရေးအဖွဲ့များဖြင့် ယာဉ်ပေါ်ပါခရီးသည်များအား ယာဉ်စီးခဈေးနှုန်း မည်မျှပေးရသည်ကို တက်ရောက်မေးမြန်းစစ်ဆေးခြင်း၊ ယာဉ်ဂိတ်မှ ဖြတ်ပေးလိုက်သောလက်မှတ်အား စစ်ဆေးခြင်းများပြုလုပ်လျှက်ရှိပြီး ညွှန်ကြား ချက်ကို ဖောက်ဖျက်ပါက သက်ဆိုင်ရာယာဉ်လိုင်းအား ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း မထသ(အဝေးပြေး)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကျော်စွာ

-------------------------------------------------------------------------------------------------------------

နမ့်ခမ်းမြို့မှ တရုတ်ပြည်သို့ တင်ပို့သော မီးသွေး ဈေးတက်

ဧပြီ ၁၀။

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မှတရုတ်ပြည်သို့ ယခင်ကထက် မီးသွေး ပိုမိုတင်ပို့လာကြသဖြင့် မီးသွေးဈေးတက်ကာ ဒေသခံများ အခက်အခဲ တွေ့လျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယခင်က မီးသွေးတစ်ပိဿာ (အရော) ကျပ် ၄၀၀ မှ ယခု ၅၅၀၊( သန့်စင် )ကျပ် ၅၀၀ မှ ၆၅၀ အထိ ဈေးတက်သွားကြောင်း သတင်းရရှိသည်။

မီးသွေးကို နမ့်ခမ်းမြို့မှ ၁၀ မိုင်အကွာ တောင်ကုန်းများ၌ မီးသွေးဖုတ်ကြကြောင်း၊ မီးသွေးဖုတ်သူများက အစိုးရတပ်၊ ပန်းဆေး ပြည်သူ့စစ်နှင့် ပလောင် (တအာန်း) ပြည်သူ့စစ်တို့ ထိန်းချုပ်သည့် နယ်မြေများအတွင်း သစ်ခုတ်ယူရန် အကွက်လိုက် နယ်မြေဧရိယာများ ဝယ်ယူကြရကြောင်း ယင်း နောက်မှ မီးသွေးဖုတ်ရာနေရာတွင် မီးသွေးကုန်သည်များက သွားရောက်ဝယ်ယူကာ တရုတ်ပြည်ဖက်သို့ တင်ပို့ ရောင်းချနေကြောင်း စုံစမ်းသိရသည်

နမ့်ခမ်းရှိ မန့်ဟောင်းနှင့် ကုန်းဆာလှေဆိပ်တွင် ထော်လာဂျီစင်းလုံး၊ ကားစင်းလုံး လှေပေါ်တင်ကာ တရုတ်ကမ်းဘက်၌ လက်ကားရောင်းချ ကြောင်း၊ တရုတ်ပြည်သို့ မတင်မီ ကုန်သည်များက မီးသွေးအလေးချိန်တိုးစေရန် မီးသွေးများကို ရေပက်ဖျန်းကြကြောင်း ၎င်းက ဆိုသည်။

သစ်တောခုတ်ပြီး မီးသွေးဖုတ်ကြသဖြင့် နမ့်ခမ်းမြို့နယ်အတွင်းရှိ တောင်ပေါ်၌ သစ်တောများ ပြုန်းတီးလာမှုအပေါ် နမ့်ခမ်းမြို့နယ် ဒေသခံ များက စိုးရိမ်နေကြကြောင်းလည်း သိရသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

သင်္ဃန်းကျွန်း NDF တွင် လသာမှ ကိုယ်စားလှယ် ဦးကြည်မြင့်ပါဝင်မည်

ရန်ကုန်၊ ဧပြီ ၁၁။

လသာမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်သည် အမျိုးသား ဒီမိုကရေစီ အင်အားစုမှ ခွဲထွက်သည့်  သင်္ဃန်းကျွန်းအခြေစိုက် အမျိုးသား ဒီမိုကရေစီ အင်အားစုဘက်တွင် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ယခုလ ၅ရက်နေ့က သင်္ဃန်းကျွန်းအခြေစိုက် အမျိုးသားဒီမိုကရေစီအင်အားစုမှ ခေါင်းဆောင်ဖြစ်သူ ဦးသိန်းညွန့်ထံသို့ ဦးကြည်မြင့်မှ ၎င်းအနေ ဖြင့် သင်္ဃန်းကျွန်း NDF နှင့် ပူးပေါင်းမည်ဖြစ်ပြီး ဦးသန်းငြိမ်း၊ ဦးခင်မောင်ဆွေတို့ ဦးဆောင်သော NDF တွင် ဆက်လက် ပါဝင်ခြင်းပြုမည် မဟုတ်တော့ ကြောင်း စာဖြင့်ရေးသားအကြောင်းကြားခဲ့သည်ဟု သိရ သည်။

ပြည်သူ့မျက်နှာ တစ်ခုတည်းကိုပဲ ကြည့်မှာဖြစ်တယ်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေ ထဲကလည်း သင်္ဃန်းကျွန်းအခြေစိုက်NDF နဲ့ ပူးပေါင်းသွားကြဖို့ ရှိတယ် ဟု ဦးသိန်းညွန့်က ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအင်အားစုမှ ဦးခင်မောင်ဆွေကမူ လူအနည်းငယ် ပဲ့ထွက်သွားယုံမျှဖြင့် ပါတီနှစ်ခြမ်းကွဲပြီ ဟု မဆိုနိုင်ကြောင်း၊ လူအင်အား မျှတစွာကွဲမှသာ ပါတီကွဲခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲတွင် အသုံးစားရိတ်ကိစ္စများနှင့် အခြား ခေါင်းဆောင်မှုဆိုင်ရာ အငြင်းပွားမှုများဖြင့် ဦးသိန်းညွန့် ဦးဆောင်သော ရာဂဏန်းမျှရှိ သည့်အုပ်စုမှာ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း ဦးဆောင်သည့် ဆွေငြိမ်းအုပ်စုမှ ခွဲထွက်ခဲ့ပြီဟု လွန်ခဲ့သည့်ရက်များကပင် မီဒီယာများတွင် ပြော ကြားခဲ့သည်။

-------------------------------------------------------------------------------------------------------------

ကျားဖြူပါတီ ၂၁ ရာစု ပင်လုံညီလာခံ လက်မခံ

ဧပြီ ၁၀။

၂၁ ရာစု ပင်လုံညီလာခံ (သို့မဟုတ်) ဒုတိယ ပင်လုံညီလာခံ ကျင်းပရေး အစီအစဉ်ကို ၂၀၁၀ ရွေးကောက်ပွဲဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ ခေါ် ကျားဖြူပါတီ (SNDP) က လက်မခံနိုင်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်ဟု သတင်းရရှိသည်။

“ကျားဖြူပါတီအနေနဲ့ ဒုတိယ ပင်လုံညီလာခံကို လုံးဝ နားမလည်ဘူး။ ကျွန်တော်တို့ပါတီ သဘောထားကတော့ ဒုတိယ ပင်လုံညီလာခံကို လုံးဝ လက်မခံနိုင်ဘူး။” ဟု ကျားဖြူပါတီမှ စီးပွားရေးတာဝန်ခံ ဦးစောသန်းမြင့်က ပြောကြားသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယမန်နှစ် နိုဝင်ဘာလတွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် တိုင်းရင်းသားများ အားလုံး ပါဝင်နိုင်မည့်  ၂၁ ရာစု ပင်လုံညီလာခံ ခေါ်ယူသင့်ကြောင်း ပြောဆိုခဲ့သည်။

ဦးစောသန်းမြင့် ပြောကြားရာတွင် လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်၌ ပြုလုပ်ခဲ့သော ပင်လုံညီလာခံကို ရှမ်စော်ဘွားများ ဦးဆောင်၍ ပြုလုပ်ခဲ့ သော်လည်း ၎င်းတို့တောင်းဆိုခဲ့သော အခွင့်အရေးများ ယနေ့တိုင် ခံစားခွင့်မရှိဘဲ ဆုံရှုံးခဲ့ရကြောင်း၊ ထို့ကြောင့် နောက်ထပ်တစ်ကြိမ် အခွင့်အရေး ဆုံးရှုံး မည်ကို လက်မခံနိုင်ကြောင်း၊ သို့ဖြစ်၍ တရားဝင်ပါတီအားလုံး ညှိနှိုင်း၍ လက်ရှိအစိုးရကို တိုက်တွန်းတောင်းဆိုခြင်း၊ ဆွေးနွေးခြင်းကိုသာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောသည်။

တစ်ဖက်တွင် ကျားဖြူပါတီ ပါဝင်သော “ဒီမိုကရေစီ မိတ်ဆွေပါတီများ” ဟု မိမိဘာသာခေါ်ဆိုသည့် ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီ (၁၀)ခု က ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို ပြေငြိမ်းစေရန် သက်ဆိုင်သူ အားလုံးတက်ရောက်ညှိနှိုင်း အဖြေရှာနိုင်သည့် ပြည်ထောင်စု ညီလာခံတစ်ရပ်ကို အစိုးရ သစ်က ပြုလုပ်ကျင်းပပေးရန် တောင်းဆိုထားသည်။

ပြည်ထောင်စု ညီလာခံတစ်ရပ် ဖြစ်ပေါ်လာရန်အတွက် လိုအပ်လျှင် နိုင်ငံရေး ပါတီကြီးများဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသော တရားဝင် နိုင်ငံရေးပါတီများဖြင့်သာ ညှိ နှိုင်းဆောင်ရွက်လိုကြောင်းလည်း ကျားဖြူပါတီမှ ပြောကြားခဲ့ပါ သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

၂၀၁၀ မှစ၍ ပြည်တွင်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အသံလွှင့်မီဒီယာလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိပြီး ထပ်မံ၍ မီဒီယာ လုပ်ငန်း တစ်ခုဖြစ်သော ပုံနှိပ်မီဒီယာလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရန် စီစဉ်ဆောင်ရွက်မှုများရှိလာကြောင်း အဆိုပါအသိုင်းအဝိုင်းက ပြောသည်။

အဆိုပါလုပ်ငန်းများလုပ်ကိုင်ရန်အတွက် လက်ရှိပုံနိုပ်မီဒီယာလောကတွင် လုပ်ကိုင်နေသူများအား လာရောက်ကမ်းလှမ်းမှု များလည်းရှိလာ ကြောင်း မီဒီယာလောကမှ စုံစမ်းသိရှိရသည်။

ဝင်ရောက်လုပ်ကိုင်ရန် စီစဉ်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်များမှာ ဆက်သွယ်ရေးလုပ်ငန်း၊ စီမံကိန်းလုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် စက်ပစ္စည်းများ တင်သွင်းသည့်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်းစသည်တို့တွင်လုပ် ကိုင်လျက်ရှိကြောင်း သိရသည်။

ဧပြီ ၈ ထုတ် မြန်မာပို့စ် ဂလိုဘယ် အမှတ်(၅) တွင်ပါသည့် "ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်ကြီးအချို့ ဂျာနယ်ထုတ်ဝေရန် စီစဉ်" သတင်းမှ ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------

"ကုမ္ပဏီကနေ ဓာတုဓာတ်မြေသြဇာကို အကြွေးချပေးတယ်။ တစ်သီးစားနှစ်သီးစားလို့ပြောတယ်။ တကယ်တော့ ဒါတွေက တစ်ခါသုံးစွဲရင် နောက်တစ်ခါမှာ နှစ်ဆ ပြန်လည်အသုံးပြုရပါတယ်။ ဒါဆိုရင် မြေဆီသြလွှာမာလာမယ်။ စားသုံးတဲ့သူတွေမှာတောင် အသက်အန္တရာယ်ရှိလာနိုင်ပါတယ်"

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဓာတုဓာတ်မြေသြဇာမှ သဘာဝဓာတ်မြေသြဇာသို့ ပြောင်းလဲထုတ်လုပ်၍  အရစ်ကျပေးချေးသော အကြွေး စနစ်ဖြင့် တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေး လုပ်ကိုင်သူများအား ရောင်ချ ကူညီသင့်ကြောင်း ၎င်းကဆိုသည်။

ဧပြီ ၈ ထုတ် The HOT NEWS အတွဲ(၁) အမှတ် (၃၆) တွင်ပါသည့် " ဓာတ်မြေသြဇာအကြွေးစနစ်ဖြင့် အသုံးပြုမှုများ၍ အန္တရာယ်ရှိနိုင်" သတင်းမှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------------------------

"အာဆီယံဒေသတွင်း နိုင်ငံတွေကြားမှာ ၂၀၁၅ ခုနှစ်ကျရင် အာဆီယံဘုံဈေးကွက်အဖြစ် ထူထောင်ဖို့ အဖွဲ့ဝင်နိုင်ငံတွေ အားလုံးက သဘောတူ လက်မှတ်ရေးထိုးထားကြသလို ဒေသတွင်းနိုင်ငံအချင်းချင်း စီးပွားရေးအရ ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြပြီ။ ဒီလိုပြင်ဆင်တဲ့နေရာမှာ သူတို့နိုင်ငံရဲ့ ထုတ် ကုန်တွေ ပြည်ပဈေးကွက်မှာ နေရာရဖို့အတွက် ကုန်သွယ်မှုနဲ့ပတ်သက်လို့ အတားအဆီးမရှိလွတ်လွတ်လပ်လပ် တင်ပို့ခွင့်ပြုထားတဲ့အပြင် အကောက်ခွန် တွေလည်း လျော့ပေးနေတယ်။ ကျွန်တော်တို့နိုင်ငံမှကျတော့ ဟိုးအရင်ကတည်းက ခုချိန်ထိ ပြည်ပကို ကုန်ပစ္စည်းတွေ ပို့မယ်သွင်းမယ်ဆိုရင် ပို့ကုန်သွင်း ကုန်လိုင်စင်တွေ လျှောက်ထားရတာတို့၊ လိုင်စင်ရဖို့အတွက်ကလည်း ကြန့်ကြာမှုတွေရှိတဲ့အတွက်လာဘ်ပေးလာဘ်ယူမှုတွေ ပြုလုပ်ရတာတို့က ရှိနေ တယ်"

ဧပြီ ၇ထုတ် POPULAR News အတွဲ(၃) အမှတ်(၁၄) တွင်ပါသည့် " ပြည်ပကုန်သွယ်ရေးကဏ္ဍ မလိုအပ်သော အတားအဆီများ ဖယ်ရှား ပေးရန်လို" သတင်းဆောင်းပါးမှ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ(ငြိမ်း) ဦးသန်းလွင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

------------------------------------------------------------------------------------------------------------------------------

"တစ်ခါတလေမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့သူတွေက လူပြန်ခေါ်ပေးတာတွေလည်း ရှိတယ်။ ခေါ်ပေးရင် ဘယ်လောက် ပေးမယ်ဆို ပြောလိုက် တော့ လူတွေကို ပိုပိုသာသာလေးနဲ့ပြောပြီးခေါ်တယ်။ အဲဒါမျိုးတွေကလည်း လူကုန်ကူးမှု မြောက်နေတာကို မသိတာတွေရှိတယ်။ အဲဒီအလုပ်တွေက တကယ်ပဲ သူတို့ပြောခေါ်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်ရ့လားဆိုတာ သေချာသိထားသင့်တယ်"

ဧပြီ ၇ထုတ် 7Day news အတွဲ(၁၀) အမှတ်(၅) တွင်ပါသည့် " ရေနက်ဆိပ်ကမ်း အလုပ်အကိုင်အကြောင်းပြု၍ ပေါ်ပေါက်လာနိုင်သော လူကုန်ကူးမှု သတိထားရန်လို" သတင်းမှ United Nations Inter-Agency Project on Human Trafficing (UNIAP) ၏ တာဝန်ရှိသူတစ်ဦး

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs