Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၉.၄.၂၀၁၁

ပြည်တွင်းသတင်းများ

MRTV-3 ရုပ်သံလိုင်းနှင့် အနုပညာရှင်များကြား ပဋိပက္ခဖြစ်ဟုဆို

နေပြည်တော်၊ ဧပြီ ၁၈။

ရွှေသံလွင်ကုမ္ပဏီပိုင် Myanmar International ရုပ်သံလိုင်း(MRTV-3) က ယခုနှစ် နေပြည်တော်သင်္ကြန်ကို တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ရာ ထုတ်လွှင့်နေစဉ်အတွင်း စီစဉ်သူများနှင့် အနုပညာရှင်များအကြား ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း ယင်းကုမ္ပဏီ အသိုင်းအဝိုင်းနှင့် အနုပညာရှင်များ အသိုင်း အဝိုင်းတို့က စုံစမ်းသိရှိရသည်။

တီးဝိုင်းအဖွဲ့ဝင်တစ်ဦးက “ တိုက်ရိုက်လွှင့်မယ်ဆိုရင် အဆိုတော်တွေကို သီးသန့်အနုပညာကြေးထပ်ပေးရတယ်။ သူတို့တွေ သီချင်းဆိုတာက တစ်ဈေး၊ ရိုက်ကူးထုတ်လွှင့်က တစ်ဈေးပေါ့။ အစတုန်းကတော့ အဆင်ပြေအောင် ကြည့်လုပ်ပေးပါ့မယ်ဆိုပြီးတော့ ခေါ်လာတယ်။ တကယ် လွှင့်ခါနီး ကျတော့ ဟိုလွှဲချ၊ ဒီလွှဲချ လုပ်နေတယ်။ တချို့အဆိုတော်တွေက သူတို့ရဲ့ပုံကို ရိုက်ကူးခွင့်မပြုလို့ မလွှင့်ရတာရှိတယ် ” ဟု ပြောကြားသည်။

ယင်းအစီအစဉ်ကို ရန်ကုန်မှ ကြည့်ရှုသူတစ်ဦးက နေပြည်တော်ရှိမဏ္ဍပ်များအား တိုက်ရိုက်ထုတ်လွှင့်သည်ဟု ဆိုသော်လည်း Sky Net မဏ္ဍပ် တစ်ခုတည်းသာ အသားပေးထုတ်လွှင့်ကြောင်း၊ Max စသည့်မဏ္ဍပ်များကို ထုတ်လွှင့်ပေးသော်လည်း တပိုင်းတစသာ ဖြစ်ကြောင်း၊ တိုက်ရိုက်လွှင့် သည် ဟုဆိုသော်လည်း စီစဉ်ထုတ်လွှင့်မှုများ စနစ်မကျကြောင်း၊ ရုပ်နှင့်အသံ လွဲနေမှုများရှိကြောင်း ပြောကြားခဲ့သည်။

ထူးခြားချက်မှာ သင်္ကြန်အကျနေ့က Sky Net မဏ္ဍပ်တွင် ရန်အောင်သီဆိုဖျော်ဖြေနေချိန်တွင် ပရိတ်သတ်များမှ ရေသန့်ဘူးများဖြင့် ပစ်ပေါက်ခဲ့ ကြောင်း၊ ရန်အောင်က ထိုသို့မပြုလုပ်ရန် မေတ္တာရပ်ခံခဲ့ကြောင်း၊ ယင်းနောက် ဖိုးသောကြာက မင်းဘာလဲ၊ ငါဘာလဲ သီချင်းဖြင့် ဖျော်ဖြေသည့်အချိန်တွင် ပရိတ်သတ်များက ထိုသို့ထပ်မံပြုလုပ်ခဲ့ရာ ဖိုးသောကြာက တုန့်ပြန်ပြောဆိုနေစဉ်တွင် တိုက်ရိုက်ထုတ်လွှင့်မှု ပြတ်တောက်သွားခဲ့ပြီး Sky Net Logo ကိုသာ ၄မိနစ်ခန့် ပြသခဲ့ကြောင်း၊ နောက်ပိုင်းမှသာ တိုက်ရိုက်ပြန်လွှင့်ပေးခဲ့ကြောင်း၊ အလားတူ အကြိုနေ့ကလည်း သီရိဂျေမောင်မောင် သီဆိုနေချိန်တွင် ပိတောက်ပန်းပုံနှင့် အသံကိုသာ ထုတ်လွှင့်ခဲ့ကြောင်း၊ ယင်းကိစ္စများကြောင့် အနုပညာရှင်များနှင့် ရိုက်ကူးထုတ်လွှင့်သူများ၊ အာဏာပိုင်များအကြား တစ်စုံတစ်ရာ ပြဿနာရှိမည်ထင်ကြောင်း၊ သင်္ကြန်အကျနေ့က ထိုသို့ ပြဿနာဖြစ်ပြီးနောက် မဏ္ဍပ်ရှေ့တွင် ယာဉ်တစ်စီးစာနေရာ ချန်လှပ်ပြီး အတား အဆီးများဖြင့် ပတ်ပတ်လည် ကာရံခဲ့ကြောင်း၊ သို့သော် နောက်ပိုင်းရက်များတွင်လည်း ရေသန့်ဘူးများ၊ ဘီယာဘူးများဖြင့် ဆက်လက်ပစ်ပေါက်လျှက် ရှိသည်ကို တွေ့ရကြောင်း နေပြည်တော်တွင် သင်္ကြန်တွင်လည်ပတ်ခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။

The CJs News

-----------------------------------------------------------------------------------------------------------------------------------

သင်္ကြန်ကာလ နေပြည်တော်၌ ဓါတ်ဆီတစ်ဂါလံ ကျပ် ၆,၀၀၀အထိ စံချိန်တင်မြင့်တက်

နေပြည်တော်၊ ဧပြီ ၁၇။

သင်္ကြန်တွင်းကာလတွင် ဆီဆိုင်များကို ပိတ်ရက်မရှိ ပုံမှန်ဈေးနှုန်းများဖြင့်သာ ရောင်းချရမည်ဟု ဆိုသော်လည်း ဝယ်ယူရာတွင် အခက်အခဲများ ရှိရာ ပြင်ပပေါက်ဈေးမှာ တစ်ဂါလံလျှင် ကျပ်၆,၀၀၀ အထိ မြင့်တက်ခဲ့ကြောင်း သင်္ကြန်ကာလတွင်း ရန်ကုန်မှ နေပြည်တော်သို့ ကိုယ်ပိုင်ယာဉ်ဖြင့် ခရီး သွားလာသူများနှင့် မြို့ခံများထံမှ သိရှိရသည်။

ယခင်က ဆီဈေးမှာ အမြင့်ဆုံး တစ်ဂါလံလျှင် ၄,၀၀၀ကျပ် ဝန်းကျင်ခန့်သာရှိကြောင်း၊ ယခင်နှစ်များကလည်း သင်္ကြန်ကာလအတွင်း ဈေးတက် သော်လည်း ယခုနှစ်မှာ အမြင့်ဆုံးဈေးဖြစ်ကြောင်း၊ ပုဂ္ဂလိကဆီဆိုင်များတွင် ဝယ်ယူရရှိနိုင်သည်ဟုဆိုသော်လည်း ယင်းဆိုင်များမှာ ညနေ ၆ နာရီတွင် ပိတ်သဖြင့် ညပိုင်းတွင် အခက်အခဲရှိကြောင်း၊ ပုဂ္ဂလိကသို့ ဆီဆိုင်များကို လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုပြီးနောက်ပိုင်း ဈေးနှုန်းအတက်အကျကြမ်းမှုကြောင့် ခရီးသွားများမှာ များစွာနစ်နာမှု ရှိကြောင်း သတင်းဆန်းစစ်သူများနှင့် ခရီးသွားများထံမှ စုံစမ်းသိရှိရသည်။

နေပြည်တော်တွင် ဓါတ်ဆီဈေးမှာ သင်္ကြန်မတိုင်မီက တစ်ဂါလံလျှင် ကျပ်လေးထောင်ဝန်းကျင်ခန့်ရှိကြောင်း၊ လမ်းဘေးဆီဆိုင်အများစုမှာ ဆိုင်ကယ်များအတွက် တစ်လီတာပုလင်းများဖြင့် အသင့်ရောင်းချလေ့ရှိကြောင်း၊ သင်္ကြန်ကာလအတွင်း နေပြည်တော်ရှိ လမ်းဘေးဆီဆိုင်အများစု ပိတ် သည့်အတွက် ပျဉ်းမနားမြို့တွင်းအထိ သွားရောက်ဝယ်ယူရကြောင်း ရန်ကုန်-နေပြည်တော်သို့ ကိုယ်ပိုင်ကားဖြင့် ခရီးသွားလေ့ရှိသူတစ်ဦးက ဆိုသည်။

The CJs News

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

နှစ်သစ်ကူးကာလ နိုင်ငံတော်သမ္မတ နှုတ်ခွန်းဆက် မိန့်ခွန်းပြောကြားခြင်းမရှိ

ရန်ကုန်၊ ဧပြီ ၁၈။

မြန်မာနှစ်သစ်သို့ ကူးပြောင်းသည့် အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သမ္မတဖြစ်သူ ဦးသိန်းစိန်သည် ပြည်သူများသို့ နှုတ်ခွန်းဆက် မိန့်ခွန်းပြောကြားခြင်းမရှိကြောင်း လေ့လာသူများက ဆိုသည်။

ပြည်တွင်းအန်ဂျီအို ဝန်ထမ်းတစ်ဦးက “ အမေရိကန်မှာဆိုရင် New Year ဆို သမ္မတကိုယ်တိုင် ပြည်သူကို နှစ်သစ်ကူး မိန့်ခွန်းပြောတယ်။ ထိုင်း မှာဆိုလည်း ဘုရင်ကိုယ်တိုင် မိန့်ခွန်းပြောတယ်။ မြန်မာနိုင်ငံမှာဆိုလည်း သမ္မတနဲ့ဘာနဲ့ ဖြစ်လာပြီဆိုတော့ ဒီလိုမျိုးပြောဖို့သင့်တာပေါ့ ” ဟု ဆိုသည်။

နိုင်ငံတကာရေးရာဆန်းစစ်သူတစ်ဦးက ယင်းသို့ နှစ်သစ်ကူးမိန့်ခွန်းပြောကြားခြင်းသည် အများပြည်သူ ရွေးကောက်တင်မြှောက်ခြင်းခံရသည့် အစိုးရများရှိသည့် တိုင်းပြည်များတွင် အရေးကြီးသည့် ပြယုဂ်တစ်ခုဖြစ်ကြောင်း၊ ယင်းမှာ နိုင်ငံတော်၏ တာဝန်အရှိဆုံးပုဂ္ဂိုလ်က ပြည်သူများကို လေးစား သည့်သဘောလည်း သက်ရောက်သည့်အပြင် ပြည်သူများအတွက် လုပ်ဆောင်ရန်ရှိသည်များကိုလည်း ကတိပေးခြင်း၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများအတွက် တရားဝင်ထုတ်ဖော်ပြောကြားခြင်းလည်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း လက်တွေ့ကျသည့် အပြောင်းအလဲနှင့် တိုး တက်မှုများကို ဖော်ဆောင်မည့် အစိုးရသစ်ကို ပြည်သူများက ရွေးချယ်တင်မြှောက်ထားသည်ဟုဆိုပေရာ ပြည်သူများနှင့် အစိုးရကြား ဆက်ဆံမှု(PR) ကောင်းရန် လိုအပ်ကြောင်း၊ ထိုသို့ မိန့်ခွန်းပြောကြားခြင်းသည် အချိန်အားဖြင့် တစ်နာရီခန့်သာ ကြာမြင့်သော်လည်း အလွန်ကောင်းမွန်ထိရောက်သည့် PR တစ်ခုဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့မှ စတင်ပြီး တာဝန်ထမ်းဆောင်ခဲ့သော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယခု အချိန်ထိ မိန့်ခွန်းသုံးကြိမ် ပြော ကြားခဲ့ပြီးဖြစ်သော်လည်း ပြည်သူများနှင့် တိုက်ရိုက်သက်ဆိုင်သည့် အားလုံးစိတ်ဝင်စားမည့် နွေးထွေးသောမိန့်ခွန်းမျိုး မဟုတ်သေးကြောင်း လေ့လာသူ များကဆိုသည်။

The Cjs News

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"အထည်ချုပ်လုပ်ငန်းတွေရဲ့ အဓိကဈေးကွက်က ဥရောပနဲ့ဂျပန်ဈေးကွက်ပါ။ ဖိနပ်ဆိုရင် ဂျပန်ဈေးကွက်ကိုပဲ အဓိက တင်သွင်းရတာပါ။ အခုနောက်ပိုင်း ဂျပန်ဈေးကွက်က တစ်နှစ်ထက်တစ်နှစ် အမှာစာပိုများလာတယ်။ မြန်မာလက်ခစား အပ်ကုန်လုပ်ငန်းရဲ့ အဓိကအားသာချက်က ဈေးသက်သာမှု ဖြစ်ပါတယ်။ အရည်အသွေးနဲ့ နည်းပညာမြင့်မားလာရင် ဈေးကွက်ပိုရလာနိုင်ပါတယ်။ ဂျပန်ဈေးကွက်ကို ပထဆုံးစဝင်တယ်ဆိုရင် ဈေးရတာနည်းပါတယ်။ သူတို့လိုချင်တဲ့ အရည် အသွေးတွေကို ရအောင်လုပ်ပြီး တင်ပို့နိုင်မယ်ဆိုရင်တော့ ဈေးကိုတဖြည်းဖြည်း ပိုတိုးတောင်းနိုင်ပါတယ်။ ဂျပန်ဈေးကွက်ကို ရပြီးရင် ကျန်တဲ့နိုင်ငံတွေရဲ့ ဈေးကွက်ကိုလည်း တိုးရတာပိုလွယ်ပါတယ်။ အခုဂျပန်ဈေးကွက်ကို မြန်မာ့အထည်တွေ ပိုပို့လာတယ်။ လက်ခစားလုပ်ငန်း တွေရဲ့ အဓိကဈေးကွက်ကလည်း ဂျပန်နဲ့ ဂျာမနီ၊ တောင်ကိုရီးယား တို့ဖြစ်ပါတယ်"ဟု အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ရှင်းပြပါသည်။

WEEKLY ELEVEN JOURNAL အတွဲ (၆)၊အမှတ် (၂၉) တွင်ပါရှိသည့် “ဂျပန်နိုင်ငံမှ အမှာစာပေးပို့မှု လျော့ကျခြင်း မရှိသောကြောင့် ပြည် တွင်းရှိ အထည်ချုပ်လုပ်ငန်းများအပါအဝင် လက်ခစား အပ်ကုန်စနစ်လုပ်ငန်းအများစု လုပ်ငန်းထိခိုက်မှုမရှိသေးကြောင်းသိရ” သတင်းမှ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦး၏ပြောကြားချက်အား ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

"လုပ်ငန်းရှင်နဲ့ တောင်သူပူးပေါင်းရင် ပိုကောင်းမွန်တဲ့အတွက် ကန်ထရိုက်လယ်ယာစနစ်ကို ခွင့်ပြုလုပ်ကိုင်စေတာပါ။ တချို့ကုမ္ပဏီတွေက တောင်သူကို လျော်ကြေးပေးပြီး တောင်သူထွက်သွားအောင် လုပ်နေတာတွေရှိပါတယ်။ တချို့ ကုမ္ပဏီကျတော့လည်း တောင်သူတွေရဲ့ မိသားစုကျန်းမာရေး၊ ပညာ ရေး၊ နောက်တောင်သူကို စိုက်ပျိုးရေးနည်းပညာပါ ပေးနေကြပါတယ်။ တောင်သူထဲမှာလည်း တချို့အလုပ်တကယ် ပီပီပြင်ပြင်မလုပ်တဲ့ တောင်သူတွေ ရှိနိုင်ပါတယ်။ ကုမ္ပဏီတွေက တောင်သူတိုးတက်အောင် ဖော်ဆောင်ပေးပါ။ တောင်သူတွေကလည်း ကောင်းမွန်စွာလုပ်ကိုင်ပါ။ ပီပီပြင်ပြင် မလုပ်တဲ့ တောင်သူရှိရင် ကုမ္ပဏီဘက်က အထောက်အထားနဲ့တင်ပြပါ။ ဒီလိုပဲလျော်ကြေးပေးပြီး တောင်သူကို မောင်းထုတ်တဲ့ ကုမ္ပဏီမျိုးတွေ့ရှိရင် ကုမ္ပဏီကို ပြန်သိမ်းချင်သိမ်းသွားမှာပါ။ ကုမ္ပဏီတချို့က လယ်ယာစိုက်ပျိုးဖို့မလုပ်ဘဲ လတ်တလော ငါးဈေးကောင်းတယ်ဆိုရင် ငါးမွေးလုပ်တာမျိုးတွေရှိတယ်။ လ/န ၃၉ ကျပြီးမှ မွေးတာဟုတ်မဟုတ် ပြန်စစ် ပါမယ်။ ခွင့်မပြုနိုင်ပါဘူး။ တစ်ဧက စိုက်ပျိုးဖို့ကျန်ရင် တစ်ဧကထိခိုက်ပါတယ်။ တောင်သူတွေဆီကနေ ပေါက်ဈေးနဲ့ ပြန်ဝယ်ပါ။ တောင်သူနဲ့ကုမ္ပဏီ နှစ်ဖက်ပူးပေါင်းပြီး စက်မှုလယ်ယာစနစ်ကိုသွားမယ်။ လိုအပ်တဲ့ စက်ကိရိယာတွေ အတွက်လည်း တောင်သူ ၅၀၀ တစ်ဖွဲ့၊ ၅၀၀ တစ်ဖွဲ့ပုံစံမျိုးနဲ့ စက်မှုကုန်ထုတ်အသင်းဖွဲ့ပြီး လိုအပ်တဲ့စက်ကိရိယာတွေ တပ်ဆင်ဖို့လုပ်သွားပါမယ်။ စက်မှုလယ်ယာစနစ်ကို ရန်ကုန် တိုင်းဒေသကြီးကနေ စံပြအဖြစ်လုပ်ကိုင်သွားဖို့ရှိပါတယ်"ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့ပါသည်။

WEEKLY ELEVEN JOURNAL အတွဲ (၆)၊အမှတ် (၂၉) တွင်ပါရှိသည့် “ကန်ထရိုက်လယ်ယာစနစ် လုပ်ကိုင်သည့် ကုမ္ပဏီများ တောင်သူ တိုး တက်အောင် ဖော်ဆောင်ပေးခြင်းမရှိဘဲ လျော်ကြေးပေးကာ လယ်ယာမြေ သိမ်းယူခြင်း၊ လယ်မစိုက်ဘဲ ငါးကန်ကဲ့သို့ လတ်တလော အကျိုးရှိသည့်လုပ်ငန်းများ လုပ်ကိုင်းခြင်းမျိုးပြုလုပ်ပါက ကုမ္ပဏီအား ပြန်လည်ရုပ်သိမ်းသွားမည် ” သတင်းမှ ရန်ကုန်တိုင်းဒေသကြီးမှ တာဝန်ရှိသူတစ်ဦ၏ ပြောကြားချက်အား ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“ထိုင်းအစိုးရအနေနဲ့ ပညာရေး၊ လူအရင်းအမြစ်ဖွံ့ဖြိုးရေး သင်တန်းတွေ ပေးသွားပါမယ်။ မြန်မာနိုင်ငံ ပြန်နိုင်ရန် ပြင်ဆင်ပေးတဲ့အနေနဲ့ သူတို့ရဲ့ ဘဝတွေ ကိုလည်း မြှင့်တင်ပေးသွားပါမယ်။ ဒါမှသာ မြန်မာနိုင်ငံကို ပြန်ရောက်တဲ့အခါမှာ တိုင်းပြည်အတွက် အပြုသဘောအခန်းကဏ္ဍကနေ ပါဝင်နိုင်မှာပါ”

ဧပြီ(၁၉)ရက်နေ့ထုတ် NEWSWEEK JOURNAL တွင်ပါရှိသည့် “ထိုင်း- မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်း (၉)ခု ပိတ်သိမ်းရန် (၂)နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောဆွေးနွေး” သတင်းမှ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်ပီရုမ်း ၏ ပြောရေးဆိုခွင့်ရှိသူ ထာနီသုန်ပတ်ဒီက ပြောကြားချက်အားကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“အရင်တုန်းက ကိုရီးယားဗီဇာ ပြုလုပ်မယ်ဆိုရင် ဘဏ်အပ်ငွေ ၃လသက်တမ်းရှိတဲ့ US ဒေါ်လာတစ်ထောင်နဲ့ ညီမျှတဲ့ ငွေပမာဏကို ပြရတယ်။ အခု ၂လ သက်တမ်းရှိပြီး US ဒေါ်လာငါးရာနဲ့ ညီမျှတဲ့ ငွေပမာဏကို ပြရင်ရပြီ။ ဗီဇာတင်တဲ့အခါ သူ့ရဲ့ပိုင်ဆိုင်မှု လုပ်ငန်းအထောက်အထားတစ်ခုကို တင်ပြရ ပါမယ်။ အရင်က ဗီဇာတင်ချင်ရင် တောင်းတာတွေက များ တယ်၊ အခု တစ်မျိုးပဲ တောင်းပါတယ်။”

ဧပြီ(၁၉)ရက်နေ့ထုတ် NEWSWEEK JOURNAL တွင်ပါရှိသည့် “ကိုရီးယား ဗီဇာလျော့ချရေးအတွက် ကိုရီးယား- မြန်မာ ပူးပေါင်းစီစဉ်” သတင်းမှ တောင်ကိုရီးယား ကောင်စစ်ဝန် ကင်ဒုံဘယ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

၁၈.၄.၂၀၁၁

ပြည်တွင်းသတင်းများ

နေ့တက်အထူးစာသင်ကျောင်းတို့ စတင်ကြော်ငြာ

ရန်ကုန်၊ ဧပြီ ၁၈။

အခြေခံပညာသင်ကျောင်းသားများ၏ စာမေးပွဲအောင်စာရင်းထွက်ချိန်တွင် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွက် နေ့တက် အထူးစာသင်ကျောင်း များ၌ ကျောင်းအပ်နှံရန် ကျောင်းနှင့်သက်ဆိုင်သည့် လက်ကမ်းကြော်ငြာများအား ရန်ကုန်မြို့တွင်းရှိ နာမည်ကြီးကျောင်းများရှေ့တွင် ဝေငှမှုများ ပြုလုပ်ခဲ့ ကြောင်း ကိုယ်တွေ့ကြုံတွေ့ခဲ့ရသူများထံမှ သတင်းရရှိသည်။

ကိုယ်တွေ့ကြုံခဲ့ရသူ ကျောင်းသားမိဘက “မနက်စောစောပဲရှိသေးတယ်။ နေ့တက်ပညာသင်ကျောင်းအကြောင်း ကြော်ငြာတဲ့သူတွေက အနှံ့ပဲ။ ကျောင်းတွေကလည်း အစုံပဲ”ဟုဆိုသည်။ ကျောင်းသားမိဘတစ်ဦးကလည်း “အောင်စာရင်းထွက်ချိန်အမှီ ကျောင်းကြော်ငြာဆိုင်းဘုတ်တွေကို လူစည် ကားရာ လမ်းဆုံ၊လမ်းခွတွေမှာ ကြေငြာထားတာ တွေ့ရတယ်”  ဟု ဒဂုံ (၁) ကျောင်းတွင် ဧပြီ ၁၈ ရက်နေ့မနက်က အောင်စာရင်း လာရောက်ကြည့်ရှုသူ ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

        နေ့တက်အထူးစာသင်ကျောင်းများတွင် သင်ကြားနိုင်သော အတန်းများမှာ ၅ တန်းမှ ၁၀ တန်းထိ ဖြစ်ကြောင်း သိရှိရသည်။

အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “အခုက ၅ တန်းကနေ ၁ဝ တန်းအထိ ခွင့်ပြုထားပါတယ်။ ဒီကျောင်းတွေရဲ့ အခြေ အနေကို ကြည့်ပြီး သူငယ်တန်းကနေ ဆယ်တန်းအထိ ခွင့်ပြုဖို့ကို စဉ်းစားပေးမယ်။ ဒီကျောင်းတွေအကုန်လုံး အခြေခံပညာရေးသင်ရိုးနဲ့ သင်ကြားရမယ်။ ဒီသင်ရိုးကနေ သွေဖည်ပြီး သင်ခွင့်မရှိပါဘူး” ဟု ဆိုသည်။ ပုဂ္ဂလိက အထက်တန်းပညာရေးဥပဒေအား မကြာမှီကာလအတွင်း ထုတ်ပြန်ဖို့ ရှိကြောင်း အဆိုပါတာဝန်ရှိသူမှ ဆက်လက်ပြောကြားသည်။

ပုဂ္ဂလိကပညာသင်ကျောင်းဟူသည့် အသုံးအနှုန်းအား သုံးနှုန်းခြင်းမပြုရန် သက်ဆိုင်ရာတာဝန်ရှိသူများက ၂၀၁၀ ခုနှစ်၊ မေလလယ်က တားမြစ် ခဲ့ပြီး ဘော်ဒါဆောင်အဖြစ်သာ သုံးနှုန်းခြင်းပြုရန် ဘော်ဒါဆောင်တာဝန်ရှိသူအချို့အား ခေါ်ယူသတိပေးခဲ့ခြင်းအတွက် လက်ကမ်းကြော်ငြာများနှင့် လမ်းမ ဘေးဆိုင်းဘုတ်များတွင် အဆင်မြင့်ပညာရေး ဘော်ဒါနှင့် နေ့တက် အထူးစာသင်ကျောင်းဟူ၍သာ သုံးနှုန်းထားခဲ့သည်ကြောင်း ဘော်ဒါဆောင် တာဝန်ရှိ သူတစ်ဦးက ဆိုသည်။

နေ့တက်အထူးစာသင်ကျောင်းများတွင် တစ်နှစ်စာ ပညာရေးစရိတ် ကျသင့်ငွေမှာ ကျပ်သိန်း ၂၀ မှ သိန်း ၃၀ အထိ ဖြစ်ကြောင်း ကမာရွတ် မြို့နယ်တွင် ဖွင့်လှစ်ထားရှိသော စံ ပညာရေးရိပ်သာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါတာဝန်ရှိသူက “သိန်း ၂၀ လောက် ကုန်ကျငွေထဲမှာ နေစားရိတ်၊စားစရိတ်ကအစ အကုန်ပါပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ အိမ်ပြန်ချင်ရင်တော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ရမှာပါ”ဟု ဆိုသည်။ နေ့တက်ဘော်ဒါကျောင်း တစ်ကျောင်းတွင် အတန်းစုံကျောင်းသား ဦးရေ ၂၀၀ အထိ သာ လက်ခံရန် သက်ဆိုင်ရာမှ ခွင့်ပြုထားကြောင်း သိရသည်။

နေ့တက်အထူးစာသင်ကျောင်းများသည်  နွေရာသီကျောင်းပိတ်ရက်များတွင် အင်္ဂလိပ်စာ၊ အင်္ဂလိပ်စာသဒ္ဒါ၊ ကွန်ပျူတာ ဘာသာရပ်များအား အဓိကထား သင်ကြားပေးမည်ဖြစ်ကာ အဆိုပါသင်ကြားမှုသည် အစိုးရကျောင်းများနှင့် သိသာစွာကွာခြားသောသင်ကြားမှု ဖြစ်ကြောင်း သိရသည်။

နေ့တက်အထူးစာသင်ကျောင်းတွင် မိမိ၏သမီးဖြစ်သူအား သွားရောက်အပ်နှံပြီးသူတစ်ဦးက “ဒီကျောင်းတွေမှာ ကလေးကို အပ်ဖို့ဆိုတာ နောင် ရေးမှာ သူနဲ့ပတ်သက်ပြီး စိတ်ချထားနိုင်အောင်ကအဓိကပါ။ ငွေကုန်ကျတာလည်း အစိုးရကျောင်းတွေနဲ့လည်း အရမ်းမကွာပါဘူး။ အစိုးရကျောင်း တက် ရင် ကျူရှင်ဖိုးနဲ့ သွားစရိတ်၊လာစရိတ်ကလည်း တစ်လကို ၂ သိန်းနီးပါးလောက် ကုန်မယ်ဆိုတော့ ဒီကျောင်းတွေမှာ ပုတ်ပြတ်ပေးလိုက်တာ ပိုကောင်း ပါတယ်”ဟု ဆိုသည်။

နေ့တက်အထူးစာသင်ကျောင်းများသည် အစိုးရစစ်မေးခွန်းထက် မိမိကျောင်းမှ စစ်ဆေးသောမေးခွန်းကို အလေးထား ဖြေဆိုခိုင်းမည်ဖြစ်သော ကြောင့် မြန်မာနိုင်ငံ၏ပညာရေးကဏ္ဍတွင် တိုးတက်မှုတစ်စုံတစ်ရာ မြင်လာနိုင်ကြောင်း နိုင်ငံရေးဘောဂဗေဒဘာသာရပ်အား စဉ်ဆက်မပြတ် လေ့လာနေ သူတစ်ဦးမှ ဆိုသည်။

“အစိုးရကျောင်းတွေက ပညာရေးစနစ်ကို ပြည်သူက ယုံတယ်၊ မယုံတယ် ဆိုတာက သိသာနေတာပဲ။ ထားစရာကျောင်း မရှိသေးလို့သာ ထားနေ ရတာလေ။ ဒီလို ပုဂ္ဂလိကပညာရေးကဏ္ဍက ဖွံဖြိုးလာတော့ ပညာလိုချင်သူတွေ၊ စီးပွားရေးတတ်နိုင်သူတွေက သူတို့သားသမီးကို အဲဒီကျောင်းတွေမှာ သွားထားကြမယ်လေ။ ဒီတော့ အစိုးရအတွက်လည်း ဝန်ထုပ်ဝန်ပိုးလျော့သွားတာပေါ့။”ဟု ၎င်း၏အမြင်ကို သုံးသပ်ပြောဆိုသည်။

၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် နေ့တက်အထူးပညာသင်ကျောင်း ၁၀ ကျောင်းအား ဖွင့်လှစ်ခွင့်ပြုခဲ့ကာ အဆိုပါ ကျောင်းများအား ၉ တန်းအထိ ကျောင်းစစ်စာမေးပွဲစစ်ဆေးခြင်းအား ခွင့်ပြုခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ခွင့်ရရှိထားသော နေ့တက်အထူးစာသင်ကျောင်း  ၁၀ ကျောင်းမှာ မဟာ မြကျွန်းသာ၊ EC ပညာ့ရိပ်သာ၊ ပညာနန်းတော်၊ ဇင်ယော်၊ N-3၊ Success၊ အားမာန်ပညာ့ရိပ်သာ၊ သင်္ချာသန်းနိုင်၊ ရွှေပင်ရွှေသီး၊ သိန်းနိုင်(Academic) တို့ဖြစ်ကြောင်း သိရှိရသည်။

ကျော်စွာ

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက်သမ္မတကြီးထံ တောင်းဆို

ရန်ကုန်၊ ဧပြီ၁၇။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းသာယာရေးကို ရှေးရှုသည့် လုပ်ဆောင်ချက် များကို အကောင်အထည်ဖော်ပေးပါရန် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးလိုလားသူများက သမ္မကြီးထံ တောင်းဆိုလိုက်ကြောင်း သိရသည်။

“ အခုတောင်းဆိုစာနဲ့အတူ သဘောတူရေးထိုးထားတဲ့လက်မှတ်တွေပါ ပူးတွဲပြီး ဧပြီ ၂၂ရက်နေ့မှာ စာတိုက်ကတဆင့် သမ္မတကြီးဆီ ပေးပို့မှာ ပါ” ဟု ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးဖြိုးမင်းသိန်းက ဧပြီ ၁၇ရက် နေ့တွင် ပြောဆိုလိုက်သည်။

ယင်း တောင်းဆိုစာကိုထောက်ခံသော ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးလိုလားသူများ၏ လက်မှတ်များကိုလည်း တစ်နိုင်ငံလုံးအတိုင်းတာထိ ကောက် ယူသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားများ ချွင်းချက်မရှိ ပြန်လည်လွှတ်ပေးရေး၊ ပြည်ပရောက်မြန်မာ့နိုင်ငံရေးသမားများ ပြန်လည်ဝင်ခွင့်ရရှိရေး၊ စစ်မှန်သော အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးတို့နှင့် တွေ့ဆုံဆွေးနွေးရေးတို့ကို အထက်ပါ တောင်းဆိုစာ၌ တောင်းဆိုထားကြောင်းသိရသည်။

၂၀၀၈ဖွဲ့စည်းပုံ၏ စာမျက်နှာ ၇၆ ပုဒ်မ ၂၀၄ အရ နိုင်ငံတော်သမ္မတသည် (က)ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့် ရှိသည်။ (ခ) အမျိုးသား ကာ ကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွှတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့် ရှိကြောင်းသိရသည်။

သမ္မတအသစ်တက်ရောက်ပြီးသည့်အချိန်မှစ၍ အတိုက်ခံပါတ်ီများကလည်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကို အဓိကထား တောင်းဆို ထားကြကြောင်းသိရသည်။

Peace Press

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

''သူများနိုင်ငံတွေမှာလည်း ခရီးသည်များရင် မိနစ်၅၀၊ တစ်နာရီနီးပါးလောက်တော့ အချိန်ပေးရတာပါပဲ။ ဒီမှာက Immigration ကောင်တာနည်းတာရယ်၊   ကိုယ့်နိုင်ငံသားကို တစိမ်းလိုပဲ စစ်ဆေးနေတာ၊ နိုင်ငံခြားသားကို စစ်သလိုပဲ စစ်တာ။ ဒီကလူတွေက ပြည်ပကိုသွားရင်လည်း နိုင်ငံခြားသားလို အစစ်ခံ ရတယ်။ ကိုယ့်နိုင်ငံမှာလည်း ဦးစားပေးအဆင့်ထဲမှာ မပါဘူး။ စာရွက်စာတမ်းကိစ္စတွေကလည်း များမှများ၊ ကြိုးနီစနစ်တွေကို ဖြေလျော့ပေးသင့်ပါပြီ'' ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

WEEKLY ELEVEN JOURNAL အတွဲ (၆)၊အမှတ် (၂၉) တွင်ပါရှိသည့် “ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသွားများအပေါ် ပြုမူ လျက်ရှိသည့် ပုံစံအချို့ကြောင့် ခရီးသွားပြည်သူ အများစု စိတ်အနှောင့်အယှက် ကြုံတွေ့ရ” သတင်းမှ ကောင်နူတ်ချက်

--------------------------------------------------------------------------------------------------------------------------

"အကြိုနေ့က မနှစ်ကလောက်မစည်ဘူးလို့ ပြောရတာက မနှစ်က ကန်တော်ကြီးကန်ပတ်လမ်းမှာ မဏ္ဍပ် ၁၆ ခုရှိတယ်။ ပြည်လမ်းမှာလည်း ရှိတယ်။ ကမ္ဘာအေးစေတီလမ်းမှာလည်း အရေအတွက်မနည်းဘူး။ မဏ္ဍပ်ကြီးတွေ ရှိခဲ့တယ်။ မဏ္ဍပ်များတာတောင်မှ မဏ္ဍပ်တိုင်းရဲ့ရှေ့မှာ အကြိုနေ့ကတည်းက ရေပက်ခံကားတွေဖျော်ဖြေရေး လာကြည့်တဲ့သူတွေ လမ်းတောင်ပြည့်လို့ ကားတွေမနည်းသွားရတယ်။ ဒီနှစ်ကန်ပတ်လမ်းမှာ မဏ္ဍပ်ကခုနစ်ခုပဲ ရှိတယ်။ ပြည်လမ်းမှာလေးခုနဲ့ ကမ္ဘာအေးစေတီလမ်းမှာ ငါးခုပဲရှိတယ်။ မဏ္ဍပ်နည်းသွားတဲ့အတွက် မနှစ်ကအတိုင်းသာ ရေပက်ခံကားတွေလာရင် လမ်းတွေ တောင် ကြပ်သွားမှာလေ။ အခုကတော့ မနက်ကဆို ရေပက်ခံကားက ကျို့တို့ကျဲတဲ၊ ရေပက်ခံလာတဲ့သူကလည်း ဟိုတစ် စုဒီတစ်စုလောက်ပဲ။ ညနေပိုင်း ရောက်မှတွေ့ရတာ။ မဏ္ဍပ်ကြီးတွေရှေ့မှာတောင် အရမ်းကြီးကားမကြပ်တဲ့အတွက် မနှစ်ကထက် ဒီနှစ်သင်္ကြန်အကြိုနေ့စည်ကားမှု နည်းခဲ့တယ်လို့ ပြော ရတာပါ။ ကန်တော်ကြီးကန်ပတ်လမ်းကို မနှစ်က အကြိုနေ့ ကားနဲ့ဝင်သွားတာ သုံးနာရီလောက်ကြာမှ တစ်ဖက်ကိုရောက်တယ်။ ဒီနှစ်ကတော့ ကန်ပတ် လမ်းကို ရေပက်ခံထွက်တာ ကားကြပ်တဲ့ညနေပိုင်း အချိန်မှာတောင် ၄၅ မိနစ်က အလွန်ဆုံးပဲ"ဟု သင်္ကြန်အကြိုနေ့က ရန်ကုန်မြို့ရှိမဏ္ဍပ်များသို့ ရေပက် ခံထွက်ခဲ့သူ တစ်ဦးကဆိုသည်။

WEEKLY ELEVEN JOURNAL အတွဲ (၆)၊အမှတ် (၂၉) တွင်ပါရှိသည့် “CCTV ရန်ကုန်သင်္ကြန်၊ ကျုံးနဘေးက မန္တလေးသင်္ကြန်၊ နေပြည်တော်က ဟော်တယ်ဇုန်သင်္ကြန်” သတင်းမှ ကောင်နူတ်ချက်

------------------------------------------------------------------------------------------------------------------------------

“အင်တာနက် စသုံးတန်းက ကွန်နက်ရှင် တကယ်ကောင်းတာ။ ဂျီတော့က ဖုန်းပြောကြည့်တာ  အိန္ဒိယ၊ မလေး။ အမေရိကန်ထိ ပြောလို့ရတယ်။ ဒေါင်း လုပ် လုပ်ရတာလည်းအဆင်ပြေတယ်။ မေးလ်ပို့တဲ့အခါမှာ ဓာတ်ပုံဆယ်ပုံလောက် တစ်ပြိုင် နက်တည်း ပို့လို့ရတယ်။ အခုတော့  ကွန်နက်ရှင်မကောင်းလို့ ကိုယ့်မေးလ်ကို စစ်ဖို့ကိုတောင် နာရီဝက်လောက် စောင့်ရ တာဆိုတော့ တစ်မိနစ် လေးကျပ်ကုန်တာနဲ့ပဲ ဖွင့်ကို မဖွင့်တော့ဘူး” ဟု ဖုန်းဖြင့် အင်တာနက် သုံးစွဲသူတစ်ဦးက ပြောကြားသည်။

NEWS WATCH JOURNAL အတွဲ (၆)၊အမှတ် (၄၀) တွင်ပါရှိသည့် “ငါးသိန်ဖုန်း အင်တာနက်လိုင်းတွေကျပ်” သတင်းမှ ကောင်နူတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“လျှပ်စစ်မီးမရှိတော့ ပူလာရင် ပန်ကာလည်း ဖွင့်လို့မရဘူး။ လျှပ်စစ်မီးကလည်း အခုအချိန်မှာ အမိုးတန်း မီးဆိုင်းသဘောနဲ့ ဆိုင်းခန်းအားလုံးကို အလင်း ပေးတဲ့ သဘောပဲ ရှိပါတယ်။ ကိုယ်ပိုင်မီတာနဲ့ ပလပ်ပေါက်တွေ ချထားမပေးတော့ နေပူလာရင် အမိုးက အပူရှိန်ဟပ်တယ်။ ပန်ကာလည်း ဖွင့်လို့မရဘူး၊ ဘုရားစင်ကို လျှပ်စစ်မီး ပူဇော်ဖို့လဲ အခက်အခဲရှိတယ်။ ဖြစ်နိုင်ရင် ဈေးဟောင်းတုန်းကလို လုပ်ပေးစေချင်တယ်”ဟု ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောကြား သည်။

NEWS WATCH JOURNAL အတွဲ (၆)၊အမှတ် (၄၀) တွင်ပါရှိသည့် “ဖုန်းမရှိ၊ လျှပ်စစ်မီးမရှိ သဘာဝအတိုင်းနေထိုင်ကြတဲ့ ဈေးသစ်ကြီး ” သတင်းမှ ကောင်နူတ်ချက်

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

Attached: yangonchronicle 2011
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs