Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၅.၄.၂၀၁၁

ဘာသာပြန်သတင်းများ - ၁

မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ခြံပြင်ထွက်၍ နှစ်သစ်ကူး နှုတ်ခွန်းဆက်

(Monsters and Critics မှ 16th April 2011 ရက်စွဲပါ “Myanmar democracy in greets well-wishers on New year” သတင်းကို ဘာသာ ပြန်ဆိုသည်။)

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ရိုးရာနှစ်ကူး သင်္ကြန်ပွဲတော် နောက်ဆုံးရက် ဖြစ်သော စနေနေ့တွင် သူမ၏ နေအိမ် အပြင်ဘက်၌ သူမအား ချစ်ခင် နှုတ်ဆက်သူများကို ပြန်လည် နှုတ်ခွန်းဆက် ဆုတောင်းပေးခဲ့သည်။

လုံခြုံရေး အစောင့်အရှောက်များ ဝန်းရံထားသော ဒေါ်အောင်ဆန်းစုကြည်သည် သင်္ကြန် အတက်နေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ နေအိမ်ခြံဝင်း အပြင်ဘက်သို့ ထွက်လာကာ လမ်းပေါ်တွင် ရေပက်ခံ သွားလာနေသော ပြည်သူများကို နှုတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

ရာပေါင်း များစွာသော ပြည်သူများက သူတို့၏ ကားများကို ရပ်၍ ဆင်းလာကာ နိုဝင်ဘာ ၁၃ ရက်နေ့က အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော မြန်မာနိုင်ငံ၏ ထင်ရှားသည့် အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်ကို လက်ဆွဲ နှုတ်ဆက်ခဲ့ကြသည်။

“သူမရဲ့ကျန်းမာရေးက အရမ်း ကောင်းနေပါတယ်။ ဒါ့ကြောင့် သင်္ကြန်လည်တဲ့ ပြည်သူတွေနဲ့ တွေ့ဆုံ နှုတ်ဆက်နိုင်တာပါ” ဟု သူမ၏ မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းက ပြောကြားသည်။

မြန်မာ့လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ အသက် ၆၅ နှစ် အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ၂၁ နှစ်အတွင်း ၁၅ နှစ်ခန့် အကျယ်ချုပ် ထိန်းသိမ်း ခံခဲ့ရသူ ဖြစ်သည်။ သင်္ကြန်ပျော် ပြည်သူများက သူမအား “အန်တီစု၊ ဟက်ပီး နယူးရီးယား” ဟု အော်ဟစ် နှုတ်ဆက်ကြသည်။ အမျိုးသမီးငယ် တစ်ဦးမှာမူ သူမနှင့် လက်ဆွဲနှုတ်ဆက် အပြီးတွင် ဝမ်းသာဝမ်းနည်းဖြင့် ကျလာသော မျက်ရည်များကို လက်ဖမိုးဖြင့် သုတ်လိုက်သည်။ “အန်တီစုနဲ့ တွေ့ရတာ အရမ်း ပျော်ပါတယ်။ ဒါ မမျှော်လင့်တဲ့ တွေ့ဆုံမှုပါ” ဟု အမည်မဖော်ရန် တောင်းဆိုသူ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက ပြောကြားသည်။

နိုဝင်ဘာ ၇ ရက်က ကျင်းပခဲ့သော တပ်မတော် အထွေထွေ ရွေးကောက်ပွဲတွင် သူမ၏ NLD ပါတီ မပါဝင်နိုင်အောင် ထိထိ ရောက်ရောက် အကွက်ချ ပိတ်ပင်ခြင်း ခံခဲ့ရသည်။ သူမ အကျယ်ချုပ်မှ မလွတ်မြောက်မီ ရွေးကောက်ပွဲများကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင် သူမ၏ ပါတီ တရားဝင် ဖျက်သိမ်းရခြင်း၊ ရွေးကောက် တင်မြှောက်ခံ အစိုးရသစ် အာဏာ ရလာခြင်းတို့နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်သည် အရပ်သား အစိုးရ နာမည်ခံ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် အတိုက်အခံများ၏ အဓိက အင်အားစု အဖြစ် အရေးကြီးသည့် ကဏ္ဍမှ ဆက်လက် ပါဝင်လှုပ်ရှားရေးနှင့် ပတ်သက်ပြီး ခက်ခဲသော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်ဟု အကဲခတ် လေ့လာသူများက ပြောကြားသည်။

၁၉၆၂ ကစ၍ စစ်ဖက်က အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံတွင် ယခု နောက်ဆုံး အာဏာ ရလာသည့် အစိုးရ အဖွဲ့သစ်၏ ၈၀ ရာခိုင်နှုန်းခန့်မှာ ယခင် စစ်ဗိုလ်ချုပ်ဟောင်းများသာ ဖြစ်ကြသည်။ ထို့အပြင် ရွေးကောက် တင်မြှောက်သော အစိုးရအပေါ် တပ်မတော်က ဦးဆောင်ကဏ္ဍမှ ပါဝင်ရန် အခြေခံ ဥပဒေသစ်က အာမခံချက် ပေးထားသည်။

မြန်မာတို့၏ ၄ ရက်ကြာ နှစ်ကူးသင်္ကြန် ပွဲတော်သည် ဗုဒ္ဓဟူးနေ့တွင် စတင်ကာ စနေနေ့တွင် ပြီးဆုံးခဲ့ပြီး၊ ထိုင်း၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများတွင်လည်း အလားတူ ပွဲတော် အခမ်းအနားများ ကျင်းပခဲ့ကြောင်း သိရှိရသည်။

**************************************************************************************************************

မြန်မာအပေါ် မှန်ကန်သော လုပ်ဆောင်ချက်

(17 April 2011 ရက်စွဲပါ The Financial Times မှ Striking the right note on Burma ကို ဘာသာ ပြန်သည်)

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအပေါ် မှီခိုလွန်းလာမှုအပေါ် သတိထားရန် ၁၉၆၂ ကတည်းက မြန်မာနိုင်ငံကို အုပ်ချုပ်လာသော ဗိုလ်ချုပ်များအား ပြောဆိုမှုများ ရှိခဲ့သည်။ တရုတ်ကုမ္ပဏီများသည် ယူနန်ပြည်နယ်သို့ ရေနံနှင့် ဓါတ်ငွေ့ပိုက်လိုင်း မိုင်ငါးရာကျော် သွယ်တန်းခြင်းလုပ်ငန်း အပါအဝင် စွမ်းအင်စီမံကိန်း(၂၀) ခန့်တွင် ပါဝင်လျက် ရှိသည်။ နယ်စပ်မြို့များနှင့် မန္တလေးကဲ့သို့ မြို့ကြီးများတွင် တရုတ်ငွေနှင့် သြဇာလွှမ်းမိုးမှုမှာ နေရာတကာတွင် ဖြစ်သည်။ ထိုအချိန်တွင် အမေရိကန်နှင့် အီးယူတို့သည် sanction မျိုးစုံကို ချမှတ် ထားခြင်းကြောင့် ရန်ကုန်အပေါ် သြဇာလွှမ်းမိုးမှု မရှိသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။

အနောက် နိုင်ငံများအတွက်မူ မြန်မာ အပေါ် sanction များ ဖြေလျော့ပေးရန် စောလွန်းနေဆဲ ဖြစ်သည်။ နိုဝင်ဘာက ပြုလုပ်ခဲ့သော မသမာမှုများ ရှိသော တရားမျှတမှုမရှိသော၊ ရွေးကောက်ပွဲကို တုန့်ပြန်ကြရမည် ဖြစ်သည်။ ရွေးကောက်ပွဲသည် အစစ်အမှန် မဟုတ် သော အရပ်သား ပါလီမန်ကို ဖွဲ့စည်းခဲ့ပြီး၊ ဒေသဆိုင်ရာ ပါလီမန်များကိုလည်း ထူထောင်ခဲ့သည်။ ထိန်းချုပ်မှုများနှင့် ပြုလုပ်ခဲ့သော ရွေး ကောက်ပွဲဖြင့် အရွေးခံရသူ အများစုသည် စစ်အစိုးရနှင့် နီးစပ်သူများသာ ဖြစ်သည်။ ပါလီမန်၏ လေးပုံတစ်ပုံကိုလည်း စစ်တပ်အတွက် ချန်ထားပေးရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီမှာမူ ပါဝင်ခွင့်ပင် မရခဲ့ပေ။

သို့သော် အနောက်နိုင်ငံ၏ sanction မူဝါဒကို တဖြည်းဖြည်း ပြန်လည် သုံးသပ်ရန် ကိစ္စရပ်တစ်ခု ဖြစ်လာသည်။ ပွင့်ပွင့် လင်းလင်း ပြောရလျှင် sanction များမှာ အလုပ်မဖြစ်ပေ။ ပြောကြစတမ်း ဆိုလျှင် မြန်မာနိုင်ငံအား အထီးကျန်ပြုခဲ့ခြင်းကြောင့် တိုင်းပြည် ကို ဗိုလ်ချုပ်များ လက်ထဲ စိတ်ကြိုက် ထည့်ပေးလိုက်သလို ဖြစ်ရသည်။ ဗိုလ်ချုပ်များ၏ အာဏာကို ချုပ်ကိုင်ထားမှုမှာ အပေါ်ယံပင် ကြည့်ကြည့် ယခင်ကထက် ပိုမို အားကောင်းစွာ ချုပ်ကိုင်လာသည့် သဘောတွင် ရှိသည်။ စစ်ဗိုလ်ချုပ်များက စီးပွားရေးအရ ဆက်ဆံ ကြသော တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ကို ကျေးဇူး တင်လိမ့်မည် ဖြစ်သည်။ ၎င်းတို့ကြောင့် စီးပွားရေးအရ လုံခြုံစိတ်ချရသည့် အနေ အထားကို ရရှိခဲ့သည်။ ဖျက်သိမ်းခံရသော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် sanction ကိစ္စအား ပြန်လည် သုံးသပ်ခဲ့သော်လည်း အဆုံးတွင် sanction များသည် သာမန်ပြည်သူများအား ထိခိုက်ခြင်း မရှိဟုသာ သုံးသပ်ခဲ့ကြသည်။ NLD ပါတီ တွင်း၌ပင် အချို့ အဖွဲ့ဝင်များသည် ၎င်းတို့၏ sanction မူဝါဒများသည် တဖက်ပိတ်နေသော လမ်းထဲသို့ လျှောက်နေရသလိုမျိုး တိတ်တ ဆိတ် စိုးရိမ်လျက် ရှိကြသည်။ NLD ပါတီကိုယ်၌ပင် အကြောင်းပြချက် အချို့ပေးခဲ့သည်။ ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည် သည်ပင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား လာရောက်ရေး ကိစ္စတွင် သဘောထား ပျော့ပြောင်းလာခဲ့သည်။

ပြီးခဲ့သည့်အပတ်က အီးယူသည် စစ်တပ်နှင့် ပတ်သက်မှု အနည်းဆုံးဖြစ်သည့် မြန်မာ ဝန်ကြီးလေးဦးနှင့် ဒုဝန်ကြီး (၁၈)ဦးတို့ကို ခရီးသွားလာခွင့်နှင့် ငွေကြေးဆိုင်ရာ ကန့်သတ်မှုများ ရုတ်သိမ်းပေးခဲ့သည်။ အဆိုပါ ပြောင်းလဲမှုသည် အမေရိကန်က ဆက်ဆံရေးပိုမို ပြုလုပ်ရန် ကြိုးပမ်းမှုနှင့် အချိန်ကိုက် ဖြစ်သည်။ အိုဘားမားအစိုးရသည် မြန်မာနိုင်ငံအတွက် အမေရိကန် အထူးကိုယ်စားလှယ် ခန့်အပ်နိုင်ရေးအတွက် ဆီးနိတ်၏ အတည်ပြုချက် ရယူရန် ကြိုးစားလျက် ရှိသည်။ တွေ့ဆုံဆွေးနွေးမှုများ ပို၍ လေးနက်စွာ ပြုလုပ်လာခြင်း သည် sanction များ ရုတ်သိမ်းပေးခြင်းနှင့် မတူပေ။

sanction များတွင် အားနည်းချက်များ၊ အမှားများ ရှိနေစေကာမူ၊ အနောက်နိုင်ငံများ အနေဖြင့် ဗိုလ်ချုပ်များက နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်အား လွှတ်ပေးခြင်း ကဲ့သို့သော လုပ်ဆောင်ပေးမှုများ မရှိမခြင်း sanction များ ရုတ်သိမ်းပေးရန် မစဉ်းစားပေ။ အီးယူ၏ ယခု ပြောင်းလဲမှုကို ကြေညာပေးခဲ့ခြင်းသည် ဆွေးနွေးမှုကို လမ်းဖွင့်ပေးခြင်းနှင့် အထီးကျန်စေမှု ကြားတွင် ချိန်ညှိပေး လိုက်ခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် မှန်ကန်သော တွေ့ရှိချက်ကို အကောင်အထည် ဖော်လိုက်ခြင်းပင် ဖြစ်သည်။

**********************************************************************************************************

မြန်မာနိုင်ငံအတွက် ဗျူဟာသစ်များ လိုအပ်

(20th  April 2011 ရက်စွဲပါ Global Post မှ Jim Della-Giacoma ရေးသားသည့် “New Tactics needed in Burma” ကို ဘာသာ ပြန်သည်။)

အနောက်နိုင်ငံများ အနေဖြင့် ၎င်းတို့၏ မူဝါဒ ချမှတ်သူများ သဘောပေါက်နေပြီ ဖြစ်သည့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် Sanction များသည် နိုင်ငံရေး ပြောင်းလဲမှုအတွက် တစုံတရာ လုပ်ဆောင်ပေးနိုင်ခြင်း မရှိဆိုသည့် အချက်ကို လူသိရှင်ကြား အသိ အမှတ် ပြုသင့်ပြီ ဖြစ်သည်။ အဆိုပါ အလုပ်မဖြစ်သည့် မူဝါဒများကို ပြောင်းလဲ၍ အခြားဗျူဟာများ ချမှတ်ရန် သင့်နေသည်မှာ အချိန် ကြာမြင့်စွာကပင် လိုအပ်နေခဲ့သည်။

အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂတို့ ကာလရှည်ကြာက ကိုင်စွဲထားသည့် မဟာဗျူဟာ ဖြစ်သော မြန်မာနိုင်ငံအား အထီးကျန် ပြုထားရေးသည် ဆင်းရဲသော တိုင်းသူပြည်သား များအား ထိခိုက်ပြီး၊ ၎င်းတို့အား အကူအညီ ပေးလိုသူများအား တားဆီး ထားသလို ရှိနေပေသည်။

သို့သော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ထောက်ခံမှုကြောင့် Sanction များသည် ဆက်လက် ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ မဝေးသော အနာဂတ် အကျိုးစီးပွားအတွက် ကမ္ဘာ့စီးပွားရေးတွင် ပိုမို ပါဝင် ရေးနှင့် ဖွံ့ဖြိုးမှု တိုးတက်လာခြင်းသည် အရေးပါသည်ကို သိရှိ သဘောပေါက်သော်လည်း သိသာ ထင်ရှားသော နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ မရှိပဲ Sanction များ ရုတ်သိမ်းရန် စောလွန်းသည်ဟု သူမက ယုံကြည်နေသည်။

ထိုသို့ မူတစ်ခုအား ခိုင်မာစွာ ရပ်တည်လင့်ကစား၊ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းများ ဖြစ်သော တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင် အာရှ နိုင်ငံများ၏ နွေးထွေးစွာ ဆက်ဆံရေးကြောင့် Sanction လက်နက်သည် ဘယ်သောအခါမျှ အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။

Sanction များသည် စစ်အစိုးရ၏ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီသို့ လမ်းညွှန်မြေပုံ (၇)ချက်ကိုလည်း ရပ်တန့်အောင် မလုပ် နိုင်ခဲ့ပေ။ ၂၀၀၈ ခုနှစ် မေလက တိုက်ခတ်ခဲ့သော နာဂစ် ဆိုက်ကလုန်းသည်ပင် စစ်အစိုးရ၏ မှန်မှန်ချီတက်မှုကို မတားဆီးနိုင်ခဲ့ပေ။

အခြေခံ ဥပဒေသစ်အား အတည်ပြုမည့် အတုအယောင် ဆန္ဒခံယူမှုကို နာဂစ်မုန်တိုင်းဒဏ် ခံရသည့်ကြားမှ ကျင်းပခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလက မသမာမှု များစွာရှိသော ရွေးကောက်ပွဲဖြင့် စစ်တပ်က လွှမ်းမိုးသော ပါလီမန်သစ်ကို ရွေးချယ်ပေးခဲ့သည်။ မတ်လ ၃၀ ရက်နေ့တွင်မူ အစိုးရသစ်ကို ဖွဲ့စည်းခဲ့သည်။

NLD က ရွေးကောက်ပွဲသည် ၎င်းတို့အား မလှုပ်ရှားနိုင်အောင် လုပ်ထားသည်ဆိုကာ ဝင်ရောက်ခြင်း မပြုရန် ရွေးချယ်ခဲ့သဖြင့် အစိုးရက ၎င်းတို့အား အလွယ်တကူ ဖယ်ရှားနိုင်အောင် ပြုလုပ်ပေးလိုက် သကဲ့သို့ ရှိသည်ဟု အငြင်းပွားဖွယ် ဆိုခဲ့ကြသည်။ သို့သော် အခြား အတိုက်အခံများ နှင့် တိုင်းရင်းသား အုပ်စုများသည် ဖိအားများစွာ ရှိနေသည့်ကြားမှ ရသမျှ ကွက်လပ်တွင် ရအောင် လှုပ်ရှား ခဲ့ကြသည်။

ယခု ကာလသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတစ်ခုတော့ မဟုတ်သေးပေ။ သို့သော် သြဇာ ကြီးမားသော ပြည်ပ ရောက် အုပ်စုများ ရှုမြင်ပုံထက် သာလွန်သော အချက်များ ရှိသည်။ အာဏာရှင် တိုင်းပြည်တွင် ရာစုနှစ် ထက်ဝက်နီးပါး အာဏာရှင် အုပ်ချုပ်ရေးမှ အရေးကြီးသော မျိုးဆက် ပြောင်းလဲမှုကို ပြုလုပ်ခဲ့သည်။ ယခု တဖြည်းဖြည်း ဖြစ်ပေါ် ပြောင်းလဲမှုတွင် ယခင်နှစ်များ ကထက် ဖော်ထုတ်ခွင့်နှင့် ဖွဲ့စည်းခွင့် အခွင့်အရေးများ ပိုမိုရလာသည်။

ပါလီမန် လုပ်ငန်းစဉ်များသည် အစဖြစ်၍ ပြည့်စုံခြင်း မရှိသေးသော်လည်း အစိုးရသည် ကတိအတိုင်း ဆောင်ရွက်နိုင်သည် ဟူသော မျှော်လင့်ချက်များ သတင်း အချက်အလက်များ ပါဝင်နေသည်။ ယခု ဖြစ်ပေါ် တိုးတက်မှုများသည်လည်း ပြောင်းပြန် လှန်လိုက် သလို ဖြစ်သွားနိုင်သေးသည်။ သို့ဖြစ်၍ ယခု ပြောင်းလဲမှုများမှ လှစ်လျူရှု၍ မရနိုင်သော ဆက်ဆံရေး အသစ်များ ထွက်ပေါ်လာရေး အတွက် အထောက်အကူ ပြုနိုင်သည့် နိုင်ငံတကာ၏ ထောက်ခံမှု လိုအပ်လျက် ရှိသည်။

သမ္မတ ဦးသိန်းစိန်သည် အစိုးရ ဖွဲ့ပြီးသည်နှင့် မိန့်ခွန်းများ ပြောကြားပြီး လာမည့်ကာလတွင် လုပ်ဆောင်မည့် အစိုးရ၏ မူဝါဒ များကို ကြေညာခဲ့သည်။ ထိုသို့ ပြောဆိုခြင်းမျိုး မြန်မာနိုင်ငံတွင် မရှိခဲ့ဖူးပေ။ ၎င်းသည် တိုးတက်မှုများ လိုအပ်နေသည့် နယ်ပယ်အသီးသီး အပေါ်တွင်လည်း ပွင့်ပွင့်လင်းလင်း အကဲဖြတ် ပြောဆိုခဲ့ပြီး၊ အဖြေရှာပေးမည့် ကတိများလည်း ပေးခဲ့သည်။

ယခင် မူဝါဒများ ထိရောက်မှု မရှိသည့်အတွက် ပြောင်းလဲမှု ပြုလုပ်ရန် လိုအပ်ကြောင်း ကိုလည်း ပြောကြားခဲ့သည်။ ပြည်တွင်း မှာရော၊ ပြည်ပတွင်ပါ ယခု နိုင်ငံရေး အသွင် ကူးပြောင်းမှုသည် အမှန်တကယ် ပြောင်းလဲမှုကို ဖော်ဆောင်နိုင်ခြင်း ရှိမရှိ သံသယများစွာ ရှိနေသည်ကို သိရှိကြောင်း ပြောခဲ့သည်။ ကျန်းမာရေးနှင့် ပညာရေးကဲ့သို့ နိုင်ငံတကာ၏ ပူးပေါင်း ဆောင်ရွက်မှုကို ကြိုဆိုရမည့် နယ်ပယ် များကိုလည်း ထည့်သွင်း အချက်ပြခဲ့သည်။

တိုင်းပြည်၏ လူအတော်များများသည် အဆိုပါ နိုင်ငံရေးအရ ဖွံ့ဖြိုးတိုးတက်မှုများကို နားထောင် ကြည့်ရှုခြင်း မရှိပဲ ကိုရီးယား ဇာတ်လမ်းတွဲများကိုသာ ဖမ်းယူ ကြည့်ရှုနေကြချိန်တွင် ပါလီမန် အသစ်တွင် ပါဝင်ကြသော နုနယ်သေးသည့် အတိုက်အခံ အုပ်စု များသည် တံခါးဖွင့်မှုများ၊ ၎င်းတို့အတွက် လုပ်သာကိုင်သာမည့် ကွက်လပ်များ၊ နိုင်ငံရေးအရ အန္တရာယ်ရှိစွာ ရှာဖွေလျက် ရှိနေကြသည်။

ပြီးခဲ့သည့်နှစ်က ပြည်တွင်း အကူအညီပေးရေး အုပ်စုအချို့ စုစည်းလျက် ရွေးကောက်ပွဲကို စောင့်ကြည့်ရန် လုပ်အားပေးများ ရာနှင့်ချီ၍ စေလွှတ်ခဲ့ကြသည်။ ပြီးခဲ့သည့်လက အတိုက်အခံ လွှတ်တော်အမတ်များသည် ပြည်တွင်းရှိ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်နှင့် ပတ်သက်၍ မေးခွန်းများ မေးမြန်းခဲ့သည်။ ပြည်တွင်း NGO များအား မှတ်ပုံတင် ခွင့်ပြုရာတွင် နှေးကွေးခြင်းနှင့် ပတ်သက်၍ လွှတ်တော်အသစ်တွင် မေးမြန်းရာတွင် လျှောက်ထားသော NGO ၂၅  ခု ရုတ်တရက် မှတ်ပုံတင်ခွင့် ရခဲ့သည်။ နိုင်ငံရေးနှင့် မပတ် သက်သော ပုံနှိပ်ထုတ်ဝေရေး စာစောင်များလည်း ဆင်ဆာသို့ တင်ပြရန် မလိုတော့သော်လည်း မိမိတို့ဆင်ဆာကိုမူ ဆက်လက် ထားရှိရမည် ဖြစ်သည်။  အဆိုပါ လူများသည် နိုင်ငံခြားတွင် မဟာမိတ်များများ ရှိရန်လိုအပ်ပြီး၊ ပြည်ပရောက်သူများ၏ ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပိုမို ပြုလုပ်ရန် မလိုအပ်ပေ။

အနောက်နိုင်ငံ မူဝါဒ ချမှတ်သူများသည် ၎င်းတို့၏ ရပ်တည်ချက်နှင့် ပတ်သက်၍ ပြန်လှန် သုံးသပ်ရာတွင် ပထမ အသိအမှတ် ပြုရမည့် အချက်တစ်ခုမှာ Sanction များသည် ပြည်သူများ အပေါ် အရေးကြီးသည့် အနုတ်လက္ခဏာဆောင်သော သက်ရောက်မှု များသာ ရှိသည်ဆိုသည့် အချက် ဖြစ်သည်။ ၎င်းတို့သည် ပြုပြင် ပြောင်းလဲမှုများ လိုအပ်နေသည့် တိုင်းပြည်၏ ပုံမှန်မဟုတ်သော စီးပွားရေးကို ပိုမိုအားနည်းအောင် ပြုလုပ်နေသကဲ့သို့ ဖြစ်နေသည်။ ၎င်းတို့သည် ပြည်ပစီးပွားရေးနှင့် သံတမန် ဆက်ဆံရေးများတွင် အန္တရာယ် ကြီးသော မညီမျှမှုများဖြစ်အောင် ဖန်တီးလျက်ရှိခြင်းကြောင့် ဖြစ်သည်။ လိုအပ်နေသော အမျိုးသားပြန်လည် ပေါင်းစည်းရေး ကိုလည်း သွေးခွဲပေးသကဲ့သို့ ရှိနေသည်။

အနောက်နိုင်ငံ အမတ်များသည် အဆင့်မြင့် ပုဂ္ဂိုလ်များ လည်ပတ်ခြင်းဆိုင်ရာ ကန့်သတ်ချက်များကို ရုတ်သိမ်းသင့်ပြီး၊ အစိုးရနှင့် မူချထားသော ဆက်ဆံရေးများ ပြုလုပ်ရန် အားပေးရမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရေးကိုလည်း အားပေးရမည် ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှု အကူအညီများ ပိုမို တိုးပေးရမည် ဖြစ်သည်။ အီးယူအနေဖြင့် ထုတ်လုပ်မှု ကဏ္ဍကို တိုးတက်စေသည့် ကုန်သွယ်မှုကို အခွင့်အရေး ပေးရမည်ဖြစ်ပြီး၊ အလုပ်အကိုင် နေရာများ ဖန်တီးပေးရမည် ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုသည် ၎င်း၏ အသွားတုံးတုံး ပစ်မှတ်ကို မထိသော ဘဏ်လုပ်ငန်း၊ သွင်းကုန်များနှင့် ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက်များကို ရုတ်သိမ်းပေးသင့်သည်။ ထို့အပြင် တိုင်းပြည်တွင် ပြုပြင်ပြောင်းလဲမှုများကို မြှင့်တင်ပေးမည့် နိုင်ငံတကာ အဖွဲ့အစည်းများ မဝင်နိုင်အောင် တားဆီးထားခြင်းများကို ရပ်ဆိုင်းရမည် ဖြစ်သည်။

ထိုသို့ ပြောင်းလဲလိုက်ခြင်းသည် ကာလကြာရှည် ခံစားနေကြရသော မြန်မာပြည်သူများကို ပြစ်ဒဏ်ပေးခြင်းမှ ရပ်ဆိုင်း လိုက်သလို ဖြစ်သွားမည် ဖြစ်ပေမည်။ Sanction နှင့်ပတ်သက်၍ စကားအခြေအတင် ငြင်းခုန်ဆွေးနွေးမှုများသည် ထိခိုက်နစ်နာမှု ကြီးမားပြီး၊ ဝါရှင်တန၊ လန်ဒန်နှင့် ဘရပ်ဆဲတို့မှ ဆက်ဆံရေးကို နှောင့်နှေးစေသည်။

အနောက်နိုင်ငံများက လုပ်သင့်သည်မှာ ဆင်းရဲသားများအား ရည်ရွယ်သော အကူအညီများ ပေးသင့်သည်။ တိုင်းပြည်တွင်းရှိ များစွာသော ပြုပြင်ပြောင်းလဲရေးသမားများကို နောက်မှ ထောက်ပံ့ပေးရမည်။ သံတမန်ရေးအရ လက်နက်အချို့ကို အသုံးပြု၍ တိုင်းပြည် ၏ ပြဿနာများကြောင့် ကာလရှည်ကြာ ခံစားနေရသော နိုင်ငံသားများ အကျိုးရှိစေမည့် နိုင်ငံရေးအရ အဖြေ ရရှိရေးကို ရည်ရွယ်၍ စတင် အလုပ်လုပ်သင့်ပြီ ဖြစ်သည်။

**********************************************************************************************************

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် မြန်မာအစိုးရကို အမေရိကန် တိုက်တွန်း

(Associated Press မှ 11 April 2011 ရက်စွဲပါ “ US urges Myanmar to free political prisones” သတင်းကို ဘာသာ ပြန်ဆိုသည်)

ဝါရှင်တန် အစိုးရက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တစ်ဦးခန့်အပ်ရန် ပြင်ဆင်နေပြီ ဖြစ်ရာ “မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ ဆက်ဆံမှုများ တိုးတက်စေရန် လုပ်ဆောင်နိုင်သည့် အရေးကြီးဆုံး အဆင့်သည် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ကျော်ကို လွှတ်ပေးရန်ပင် ဖြစ်သည်” ဟု အမေရိကန် တာဝန်ရှိသူ တစ်ဦးက တနလာင်္နေ့တွင် ပြောကြားသည်။

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခဲ့ပြီးနောက် နိုဝင်ဘာ လက လွှတ်ပေးခဲ့ခြင်းကို အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joseph Yun က “အလွန် အရေးပါသော လုပ်ရပ်” အဖြစ် ရည်ညွှန်း ပြောဆိုလိုက်သည်။

သို့သော်လည်း Joseph Yun က မြန်မာနိုင်ငံကို ယခုထက် ပိုမို လုပ်ဆောင် ပြသရန် တိုက်တွန်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက သပိတ်မှောက်ခဲ့သော ရွေးကောက်ပွဲများ အပြီး ဖွဲ့စည်းလိုက်သည့် အစိုးရကို တပ်မတော်က လွှမ်းမိုး ထားကြောင်း ရည်ညွှန်းသည့် အနေဖြင့် “ယခင်လူများနှင့် များစွာ တူညီနေသည်” ဟု Joseph Yun က ဝေဖန် ပြောဆိုသည်။

အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်း ဆောင်ရွက်နေချိန်တွင် sanctions များကို ဆက်လက် ချမှတ်ထားမည့် ၂ လမ်းသွား မူဝါဒကို ဆက်လက် ကျင့်သုံးမည်ဟု ၎င်းက ပြောကြားသည်။ မြန်မာတပ်မတော် အစိုးရကို နှစ်ပေါင်း ၂၀ ခန့် ပစ်ပယ် ဒဏ်ခတ်မှုသည် အကောင်းဖက်သို့ ပြောင်းလဲလာအောင် ဖိအားပေးနိုင်ခြင်း မရှိသည့် အတွက် အိုဘားမား အစိုးရက အထက်ပါနည်းလမ်းကို လွန်ခဲ့သော ၁၈ လခန့်က ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဝါရှင်တန်ရှိ “John Hopkins School of Advanced International Studies” တွင် ပြုလုပ်သော မြန်မာနိုင်ငံ ဆိုင်ရာ ကွန်ဖရင့် တွင် ပြောကြားရာ၌ Joseph Yun က “ခန့်အပ်တော့မည့် အမေရိကန်အထူး ကိုယ်စားလှယ်သည် ကာကွယ်ရေးဌာန အရာရှိ Derek Mitchell ဖြစ်လိမ့်မည်ဟု မျှော်လင့်ရကြောင်း၊ ဝါရှင်တန်အစိုးရ အတွက် မြန်မာအစိုးရ အပါအဝင် အတိုက်အခံများနှင့် ပြောဆိုရန်၊ အမေရိကန်၏ မူဝါဒကို စေ့စပ်ညှိနှိုင်းရန် နိုင်ငံတကာ အသိုင်းအဝိုင်း နှင့်အတူ ပူးတွဲ ဆောင်ရွက်ချိန် ကြားခံ ဆက်သွယ်သူ အသစ် ဖြစ်လာမည် ဖြစ်ကြောင်း” ပြောဆိုခဲ့သည်။

“နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်၊ ဒီကိစ္စဟာ နိုင်ငံတကာ အသိုင်းအဝိုင်း အတွက် နေပြည်တော် အစိုးရက လုပ်ဆောင်ပေးနိုင်မယ့် တစ်ခုတည်းသော အရေးကြီးဆုံး အဆင့် ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယူဆပါ တယ်” ဟု Joseph Yun က မြန်မာ အုပ်ချုပ်ရေးမြို့တော်ကို ကိုးကား ရည်ညွှန်းပြောဆိုသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမအား ထောက်ခံသူများ၏ လုံခြုံရေးကို ခြိမ်းခြောက်မှု ရှိကြောင်း အာမခံရန်၊ သူမ၏ ပါတီကို အစိုးရက တရားဝင် အသိအမှတ်ပြုရန်၊ NLD အပါအဝင် ဒီမိုကရေစီ ပါတီများနှင့် အခြား တိုင်းရင်းသား အတိုက်အခံပါတီများကို နိုင်ငံရေး ပင်မ ရေစီးကြောင်းထဲသို့ ခေါ်ယူစေရန် အမေရိကန်ပြည်ထောင်စုက ဆန္ဒ ရှိနေသည်ဟုလည်း Joseph Yun က ပြောကြား သည်။

အမေရိကန်၏ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှုသည် တစုံတရာ ရလဒ် မထွက်ပါက အမြဲရှိနေမည် မဟုတ်ဟုလည်း Yun က သတိပေး ပြောဆိုသည်။ အရှေ့တောင် အာရှနိုင်ငံများ အသင်း(အာဆီယံ) ကမူ အနောက် နိုင်ငံများအား အာဆီယံ အဖွဲ့ဝင် မြန်မာနိုင်ငံအပေါ် အရေးယူ ထားသော sanctions များကို ရုတ်သိမ်းပေးရန် တိုက်တွန်းလျက် ရှိသည်။ မြန်မာနိုင်ငံကို sanctions များချမှတ် အရေးယူရခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက် ညှင်းပမ်းမှုများနှင့် ဒီမိုကရေစီ ပိတ်ပင် တားဆီးမှုများကြောင့် ဖြစ်သည်။ ဥရောပသမဂ္ဂကမူ မြန်မာ အစိုးရသစ် အတွင်းမှ အရပ်သားဝန်ကြီး စစ်စစ်များအတွက် ဗီဇာပိတ်ပင်မှု တစ်နှစ် ရုတ်သိမ်းပေးခြင်းဖြင့် sanctions များကို အနည်းအကျဉ်း လျှော့ပေါ့ ပေးမည့် အလားအလာ ရှိသည်ဟု အမည် မဖော်လိုသူ အီးယူ တာဝန် ရှိသူ တစ်ဦးက ဆိုသည်။

မည်သည့် sanctions ဖြေလျှော့မှုမဆို ဥရောပသမဂ္ဂနှင့် sanctions များ ရုတ်သိမ်းရန် စောလွန်းသည်ဟု ဆိုသော အမေရိကန် ပြည်ထောင်စု အကြား ကွာဟမှုကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရသော်လည်း အာဏာမရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသည် ယခုအခါ တရားဝင် ရပ်တည်ခွင့် မရှိတော့ပါ။ နိုဝင်ဘာလက လွတ်မြောက်လာသော ဒေါ်အောင်ဆန်းစုကြည်သည်လည်း လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း ၁၅ နှစ်ခန့် အကျယ်ချုပ် ထိန်းသိမ်းခြင်း ခံခဲ့ရသည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

ရန်ကုန်ခရော်နီကယ် စာဖတ် ပရိတ်သတ်များ ခင်ဗျာ...

အပတ်စဉ်ထုတ်ဝေလျှက်ရှိသော အီးဘွတ်အား ယခုအပတ်တွင် အင်တာနက် ကွန်နက်ရှင
်အခက်အခဲကြောင့် တစ်ရက်နောက်ကျပြီးမှ စာဖတ်သူများထံအရောက်
ပို့နိုင်သည့်အတွက်
ရန်ကုန် ခရော်နီကယ် သတင်းအဖွဲ့မှ အနှုးအညွတ် တောင်းပန်ပါသည်။

ခရော်နီကယ် သတင်းလွှာကို နေ့စဉ်ပို့ အီးမေးလ် သတင်းများထဲက အကောင်းဆုံးဟု
ယူဆရသည်များကို ပြန်လည်စုစည်းပြီး အီလက်ထရောနစ် စာအုပ်အဖြစ်
ပြုလုပ်ခြင်းဖြစ်ပါတယ်။
နေ့စဉ်ပို့ အီးမေလ် သတင်းလွှာများကို ဖတ်ချိန်မရသူများအနေနဲ့ အခု
အီးဘွတ်မှာပါတဲ့ တစ်ပတ်အတွင်းသတင်းများနဲ့ ဆောင်းပါးကောင်းများကို
ဖတ်ပြီး သတင်းအဆက် မပြတ်စေရအောင် ရည်ရွယ်တာဖြစ်ပါတယ်။ ဒါ့အပြင်
အချက်အလက်အနေနဲ့သော်လည်းကောင်း၊ သတင်းမှတ်စုအနေနဲ့သော်လည်းကောင်း
သိမ်းထားလိုသူများအတွက်လည်း အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
တစ်ပတ်ထက် တစ်ပတ် ပိုကောင်းအောင် ကြိုးစားပေးသွားမှာပါခင်ဗျာ။


လေးစားလျှက်

ခရော်နီကယ် အယ်ဒီတာ
(၂၄.၄.၂၀၁၁)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.