Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 

၂၅.၆.၂၀၁၁

ဘာသာပြန်သတင်းများ

ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာအစိုးရနှင့် ဂျပန်ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမည်

(The Straits Times မှ 24 June 2011 ရက်စွဲပါ Japan Envoy to meet Suu Kyi, Myanmar Government ကို ဘာသာ ပြန်ဆိုသည်)

ဂျပန်နိုင်ငံအနေဖြင့် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်အပြင် မြန်မာအစိုးရနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် အတွက် လာမည့်အပတ်တွင် မြန်မာနိုင်ငံသို့ အထက်တန်းသံတမန်တစ်ဦး စေလွှတ်မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် တိုကျို၌ ထုတ်ပြန် ကြေညာလိုက်သည်။

မကြာမီက ရွေးကောက်ပွဲများအပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် အပြည့်အဝ အကောင်အထည်ဖော်ရန် ယခုထက် ပိုမိုလုပ်ဆောင်ဖို့ လိုအပ်နေသေးသည်ဟု တိုကျိုက ယုံကြည်ထားသော်ငြားလည်း မြန်မာတာဝန်ရှိသူများနှင့် ငွေကြေးထောက်ပံ့ကူညီမှု ကိစ္စများကို သူမ ဆွေးနွေးမည် ဖြစ်ကြောင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး မာကီတို ကီကူတာက ပြောကြားသည်။

သူမသည် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုးနှစ်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံသည့် ဂျပန်ထိပ်တန်းတာဝန်ရှိသူ တစ်ဦး ဖြစ်လာမည်ဖြစ်သည်။ ထို့အပြင် သူမသည် ယမန်နှစ်က ရွေးကောက်ပွဲများ နောက်ပိုင်း ပထမဆုံး ထိပ်ပိုင်းအဆင့်ဆွေးနွေးပွဲများ ပြုလုပ်ရန် အတွက် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်လည်း တွေ့ဆုံမည် ဖြစ်သည်။

ယခင် မြန်မာတပ်မတော်အစိုးရက ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲသည် ဒီမိုကရေစီစနစ်သို့ ဦးတည်သော အဆင့်တစ်ခုဖြစ်ကြောင်း ပြောကြား ခဲ့ပြီးနောက် မတ်လတွင် နာမည်ခံ အရပ်ဖက် အုပ်ချုပ်သူများထံ အာဏာလွှဲပြောင်း ပေးခဲ့သော်လည်း ပြည်ပမှ နိုင်ငံတကာ အကဲခတ်လေ့လာသူ များစွာက အဆိုပါပြောင်းလဲမှုသည် ဟန်ဆောင်ပုံဖျက်ထား သော အတုစစ်စစ်သာ ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့ကြသည်။

“ကျွန်မရဲ့ခရီးစဉ်ဟာ ဒီမိုကရေစီပြောင်းလဲရေးလုပ်ဖို့ ဦးတည်နေတဲ့ အစိုးရသစ်နဲ့ ဂျပန်အစိုးရအကြား ဆက်ဆံရေး အသစ် တည်ဆောက်ဖို့ ရည်ရွယ်တဲ့ ပထမခြေလှမ်းဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု မစ္စ မီကူတာက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးမျိုး အကြောင်းပြဖမ်းဆီးခြင်း၊ အချိန်ကြာမြင့်စွာ အကျယ်ချုပ် ထိန်းသိမ်းခြင်း၊ ဒီမိုကရေစီလိုလားသူများကို နှိမ်နင်းခြင်းစသော မြန်မာအစိုးရ၏ အပြုအမူများကြောင့် လူသားချင်းစာနာမှုနှင့် အရေးပေါ် အကူအညီများမှလွဲ၍ အခြားစီးပွားရေးအကူအညီများကို ၂၀၀၃ ခုနှစ်မှ စ၍ တိုကျိုက ရပ်ဆိုင်းထားခဲ့သည်။

***************************************************************************

မြန်မာနိုင်ငံတွင် အရိပ်လက္ခဏာကောင်းအချို့တွေ့ရဟု အီးယူထုတ်ဖော်

(Strait Times မှသတင်းကိုဘာသာပြန်ဆိုသည်။)

ဥရောပသမဂ္ဂ(အီးယူ) ကိုယ်စားလှယ်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံခရီးစဉ်အတွင်း အစိုးရသစ်ထံမှ အားတက်စရာ ကောင်းသည့် အရိပ်လက္ခဏာ များတွေ့ရှိရကြောင်း၊ သို့သော် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကတိကဝတ်များကို လက်တွေ့ကျကျ အကောင်အထည်ဖော် လုပ်ကိုင်ရမည်ဖြစ်ကြောင်း ယင်းအဖွဲ့၏အကြီးအကဲက ပြောကြားသည်။

မြန်မာနိုင်ငံသို့ ပကတိ အခြေအနေမှန်များသိရှိရန် လာရောက်သော ခရီးစဉ်သည် အရပ်ဘက်အစိုးရသစ် လက်ထက် ပြောင်းလဲမှု အတိုင်း အတာကို လေ့လာရန်ဖြစ်သလို အီးယူအနေဖြင့် မြန်မာနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နိုင်မည့် အလားအလာများကို သိရှိရန်လည်းဖြစ်ကြောင်း ကိုယ်စားလှယ် အဖွဲ့ အကြီးအကဲ မစ္စတာ ရောဘတ်ကူးပါးက ဆိုသည်။

၁၉၆၂ ခုနှစ်ကတည်းက စစ်အုပ်ချုပ်ရေးလက်အောက်သို့ရောက်ရှိနေသော မြန်မာနိုင်ငံသည် နှစ်ပေါင်း ၂၀ အတွင်းပထမဆုံးဖြစ်သော ရွေးကောက်ပွဲကို ယမန်နှစ်နိုဝင်ဘာလက ကျင်းပခဲ့သည်။ စစ်ဘက်အရာရှိကြီးများ အများစုဖြင့် ဖွဲ့စည်းလိုက်သော အရပ်ဘက်အစိုးရသစ်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများပြုလုပ်မည်ဟု ကတိပြုထားသော်လည်း လက်တွေ့တွင်မူ ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်သွားမည့် လုပ်ရပ်များ ထုတ်ဖော် လုပ်ကိုင်ပြခြင်း မရှိသေးပေ။ လေ့လာ သုံးသပ်သူများကမူ နိုဝင်ဘာလရွေးကောက်ပွဲသည် အရေးကြီးသောအာဏာကို စစ်တပ်လက်သို့ လွှဲပြောင်း ရန်သာ စီစဉ်ခဲ့ခြင်းပင်ဖြစ်သည်ဟု ဝေဖန်ကြသည်။

အီးယူသည် အမေရိကန်ပြည်ထောင်စုကဲ့သို့ပင် မြန်မာနိုင်ငံအပေါ် စီးပွားရေးနှင့် နိုင်ငံရေးပိတ်ဆို့အရေးယူမှုများ ပြုလုပ်လျက်ရှိသည်။ အကြောင်းမှာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖော်ဆောင်မှုများ ပြုလုပ်နိုင်ခြင်းမရှိဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုများဆိုးဆိုးရွားရွား ဖြစ်ပေါ်နေသော ကြောင့်ဖြစ်သည်။ အဆိုပါ ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးရန် မြန်မာက တောင်းဆိုလာသည်မှာ ကာလကြာပြီဖြစ်သည်။

ယခု မြန်မာခရီးစဉ်သည် အစိုးရသစ်တက်လာပြီးနောက် အီးယူ၏ အဆင့်မြင့်အရာရှိများ ပါဝင်သည့်အဖွဲ့ ပထမဆုံး လာရောက် လည်ပတ်ခြင်း ဖြစ်သည်။ သို့သော် ယခုခရီးစဉ်က မြန်မာနိုင်ငံအပေါ်ထားရှိသည့် အီးယူ၏မူဝါဒ ပြောင်းလဲရေးအတွက် ကိုယ်စားမပြုပါကြောင်း မစ္စတာ ရောဘတ် ကူးပါးက ဆိုသည်။

"မြန်မာခရီးစဉ်နဲ့ပတ်သက်ပြီး ပြောချင်တဲ့အချက်ကတော့ ဒီနိုင်ငံမှာရှိလာတဲ့ ဖွံ့ဖြိုးမှုတွေကိုတုံ့ပြန်တဲ့အနေနဲ့ အီးယူဟာ မြန်မာနဲ့ဆက်ဆံရေးမှာ အပြောင်းအလဲလုပ်ဖို့ တံခါးဖွင့်ထားပါတယ်ဆိုတာပါပဲ။ ကျွန်တော်တို့လည်း ပြောင်းလဲဖို့ အသင့်ဖြစ်နေပါပြီ" ဟု ၎င်းကဆိုသည်။ "မြန်မာနိုင်ငံမှာ တစ်စုံ တစ်ခု စတင်ဖြစ်ပေါ်နေပြီဆိုတာကို ကျွန်တော်တို့က တွေ့မြင်ရပါတယ်။ အဲဒီလို တစ်စုံတစ်ခုဖြစ်ပေါ်နေတဲ့ကိစ္စဟာ ပိုပြီးကောင်းမွန်လာစေမယ့် ကိစ္စ တစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့အနေနဲ့နားလည်နိုင်အောင်ကြိုးပမ်းနေပါတယ်"  ဟု မစ္စတာ ရောဘတ်ကူးပါးက ဆိုသည်။

**************************************************************************

မြန်မာနိုင်ငံမြောက်ပိုင်း ဒုက္ခသည်များလုံခြုံရေးအတွက် အမေရိကန်မေတ္တာရပ်ခံ

(AFP သတင်းမှ 24 June 2011 ရက်စွဲပါ US appeals for safety of Myanmar refugees သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမြောက်ပိုင်း တိုင်းရင်းသားဒေသများတွင် အစိုးရတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးနေကြသော ဒေသခံပြည်သူများကို အကာအကွယ်ပေးရန် အမေရိကန်ပြည် ထောင်စုက သောကြာနေ့တွင် တောင်းဆိုလိုက်ပြီး ထိုးစစ်များ ရပ်ဆိုင်းကြရန် အသစ်ထပ်မံမေတ္တာရပ်ခံလိုက်သည်။ မြန်မာ နိုင်ငံ၏ မြောက်ပိုင်း ကချင်ပြည်နယ်နှင့် နိုင်ငံတွင်းအခြားဒေသများတွင် လက်ရှိဖြစ်ပွား နေသော အပြင်းအထန်တိုက်ခိုက်မှု များကို အမေရိကန်က စိုးရိမ်ပူပန်နေကြောင်းနှင့် ထိုးစစ်များ ရပ်ဆိုင်းကြရန် တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာန ပြောရေးဆိုခွင့်ရှိသူ Victoria Nuland က ပြောကြားခဲ့သည်။

“သေကျေ ဒဏ်ရာရမှုတွေ၊ လိင်အကြမ်းဖက်မှုတွေ၊ ဒေသခံ နေထိုင်သူ ထောင်ပေါင်းများစွာ နေစရာမရှိတော့တာ တွေ အပါအဝင် ဒီနယ်မြေမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးညှဉ်းပန်း နှိပ်စက်မှု သတင်းအစီရင်ခံစာတွေကြောင့် ကျွန်မတို့ အထူးတလည် စိုးရိမ်ပူပန်နေပါတယ်” ဟု သူမက ကြေညာ ချက်တွင် ဖော်ပြသည်။

တရုတ်သို့ ဓာတ်အားရောင်းချ ဖြည့်ဆည်းပေးရန် ကချင်ပြည်နယ်တွင် တည်ဆောက်နေသော အကြီးစား ရေအားလျှပ်စစ်စီမံကိန်းအနီးတွင် ပြီးခဲ့သော နှစ်ပတ်ခန့်က အစိုးရတပ်နှင့် ကချင်တပ်ဖွဲ့များအကြား စတင်တိုက်ပွဲ ဖြစ်ပွားပြီး နယ်မြေချင်းကပ်လျက် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ တိုက်ပွဲ များ ကူးစက်ပျံ့နှံ့လျက် ရှိသည်။

တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်း ဒေသခံပြည်သူ ထောင်ပေါင်းများစွာ တရုတ်နိုင်ငံသို့ ထွက်ပြေးကြသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည့် ကချင် လက်နက်ကိုင် KIA တပ်ဖွဲ့က မြန်မာတပ်မတော် နောက်ခံအစိုးရ၏ အရင်းနှီးဆုံး မိတ်ဆွေကြီးဖြစ်သူ ဘေဂျင်းအစိုးရက ယခုပြဿနာကို ကြားဝင် စေ့စပ်ပေးရန် မေတ္တာရပ်ခံထားသည်။ “ဒီပဋိပက္ခကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေ အားလုံးကို နိုင်ငံတကာစံညွှန်းများနဲ့ အညီ လုံလုံ လောက်လောက် ကူညီထောက်ပံ့ကြဖို့၊ သက်ဆိုင်ရာ အာဏာပိုင်အားလုံးကို ကျွန်မတို့ တိုက်တွန်းပါတယ်” ဟု Victoria Nuland က ပြောကြားသည်။

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အမျိုးသားပြန်လည် စေ့စပ်ရေး လုပ်ငန်းစဉ် စတင်နိုင်ဖို့အတွက် မြန်မာအစိုးရနဲ့ အတိုက်အခံတွေ၊ တိုင်းရင်းသား အုပ်စုတွေကြားမှာ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ လိုအပ်နေတယ် ဆိုတာကို လတ်တလော တိုက်ပွဲတွေက ထင်ဟပ်ပြသနေပါတယ် ဟု သူမက ဆက်လက် ပြောကြားသည်။

မြန်မာအာဏာရှင်အစိုးရကို ပစ်ပယ်ထားသော ဆုံးမနည်းမှာ အောင်မြင်မှုမရှိဟု သုံးသပ်ခဲ့သော သမ္မတ အိုဘားမားအစိုးရအဖွဲ့က ၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် တွေ့ဆုံဆွေးနွေးသည့် မူဝါဒကို စတင်ကျင့်သုံးခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အခြား အရေးကြီး ပူပန်ဖွယ် ကိစ္စရပ်များတွင် မဖြစ်စလောက် တိုးတက်ပြောင်းလဲမှုကြောင့် များစွာ စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း အမေရိကန် ပြည်ထောင်စုက အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့သည်။

***************************************************************************************

တရုတ်ရေလှောင်တမံများနှင့် ပိုက်လိုင်းစီမံကိန်းများကြောင့် နယ်စပ်ဒေသတင်းမာမှုများဖြစ်ပေါ်ဟုဆို

(The Street မှသတင်းကိုဘာသာပြန်ဆိုသည်။)

ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် တရုတ်နိုင်ငံ၏ ထောက်ပံ့မှုဖြင့် အကောင်အထည်ဖော် တည်ဆောက်လျက် ရှိသော ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံစီမံကိန်းများက တရုတ်-မြန်မာနယ်စပ်ဒေသတစ်လျှောက် တင်းမာမှုများကို ဖြစ်ပေါ်စေလျက်ရှိသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အုပ်စုများအဆိုအရ မြန်မာအစိုးရစစ်တပ်က ကချင်ပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အား ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမှာ နယ်စပ်ဒေသတွင် တရုတ်ပြည်၏ အထောက်အပံ့ဖြင့် တည်ဆောက်နေသော လျှပ်စစ်ဓာတ်အားစီမံကိန်းများ လုံခြုံရေး အတွက် ဖြစ်သည်ဟု သိရသည်။

အရှေ့တောင်အာရှဒေသတွင် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်သော မြန်မာသည် ၁၉၄၈ ခုနှစ်၊ ဗြိတိသျှကိုလိုနီတို့ထံမှ လွတ်လပ်ရေး ရယူလိုက်ချိန် ကတည်းက တိုင်းရင်းသားလူမျိုးစုအုပ်စုများနှင့် ကာလကြာရှည်စွာ ပြည်တွင်းစစ် ဖြစ်ပွား ခဲ့သည်မှာ ယနေ့အချိန်ထိပင်ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ သည် ၁၉၆၂ ခုနှစ်မှစ၍ စစ်အာဏာရှင်စနစ် လက်အောက်သို့ ရောက်ရှိခဲ့သောကြောင့် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံတစ်ခု ဖြစ်လာသည်။

Burma Rivers Network အဖွဲ့အဆိုအရ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် တရုတ်ကုမ္ပဏီများ၏ ငွေကြေးထောက်ပံ့မှုဖြင့် တည်ဆောက် လျက်ရှိသော ရေလှောင်တမံ ၉ ခုရှိကြောင်း၊ ထို့ပြင် အထက်ပေါင်းလောင်း ရေလှောင်တမံမှာလည်း တရုတ်နိုင်ငံ EXIM ဘဏ်၏ ငွေကြေးထောက်ပံ့မှုဖြင့် တည်ဆောက်နေဖြင်းဖြစ်ကြောင်း သိရသည်။

မြန်မာစစ်အစိုးရနှင့် နှစ်ပေါင်း ၁၇ နှစ်ကြာအပစ်အခတ် ရပ်စဲရေးသဘောတူညီချက် ရယူခဲ့ပြီးမှ သဘောတူညီချက် ပျက်ပြယ်ခဲ့သော ကချင် လွတ်မြောက်ရေးတပ်ဖွဲ့(KIA) သည် ရွှေလီနှင့် တာပင်းရေလှောင်တမံများ တည်ရှိရာ ဒေသကို ထိန်းချုပ်ထားသောအဖွဲ့ ဖြစ်သည်။ အဆိုပါဒေသတွင် လွန်ခဲ့သည့် ရက်သတ္တတစ်ပတ်ကျော်ခန့်က KIA နှင့် မြန်မာစစ်တပ်တို့ တိုက်ခိုက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Burma River Network အဖွဲ့ကကြေညာချက် ထုတ်ပြန်ရာတွင် "မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော ဧရာမ ရေလှောင်တမံကြီးများသည် လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်တို့ကို ဆိုးရွားသော အကျိုးသက်ရောက်မှုသာ ဖြစ်ပေါ်စေသည်။ ရေအား လျှပ်စစ် စက်ရုံများမှထွက်ရှိသော လျှပ်စစ် ဓာတ်အားများကို တရုတ်ပြည်သို့ သွယ်တန်းရောင်းချခြင်း၊ သို့မဟုတ် စစ်တပ်အတွက် အသုံးပြုခြင်းသာ ရှိသည်။ ရေလှောင်တမံ အတော်များများမှာ တိုင်းရင်းသားလူမျိုးစုတို့ နေထိုင်ရာနယ်မြေဒေသတွင်သာ ရှိရာ မြန်မာစစ်တပ်အတွက် နယ်မြေချဲ့ထွင်ခွင့် ရသလိုဖြစ်နေသည်" ဟု ဖော်ပြပါရှိသည်။

***************************************************************************

တောင်တရုတ်ပင်လယ် ရေပိုင်နက်ကိစ္စ ရှင်းလင်းစွာထုတ်ဖော်ရန် တရုတ်နိုင်ငံကို စင်ကာပူတိုက်တွန်း

(BBC သတင်းကိုဘာသာပြန်ဆိုသည်)

တောင်တရုတ်ပင်လယ်ပြင် ရေပိုင်နက်ရရှိရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံအနေဖြင့် ရှင်းလင်းပြတ်သားစွာ ထုတ်ဖော်ပြောဆိုသင့်ကြောင်း စင်ကာပူနိုင်ငံက ဇွန်လ ၂၀ ရက်နေ့တွင်တိုက်တွန်းပြောဆိုလိုက်သည်။ တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ပြင်တွင်း ရေပိုင်နက်ကိစ္စကြောင့် ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံတို့နှင့် ထိပ်တိုက်အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် စင်ကာပူနိုင်ငံက ယင်းသို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

စင်ကာပူနိုင်ငံသည် အဆိုပါပင်လယ်ပြင်အတွင်း ရေပိုင်နက်ရရှိရေးအတွက် တောင်းဆိုထားခြင်းမရှိသော်လည်း ဖြစ်ပေါ်နေသော ပဋိပက္ခများ ကြောင့် နိုင်ငံတကာပင်လယ်ရေကြောင်းလမ်းအတွင်း လွတ်လပ်စွာသွားလာခွင့် ထိခိုက်မည်ကို စိုးရိမ်လျက် ရှိသည်။ "တရုတ်ပြည်၏ ပြတ်သားခြင်း မရှိမှုက နိုင်ငံတကာအသိုင်းအဝိုင်းအတွက် စိုးရိမ်စရာများကို ဖြစ်ပေါ်စေသည်" ဟု စင်ကာပူအစိုးရက ဆိုသည်။

ယခုအခါ အာရှနိုင်ငံအတော်များများသည် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် အခြားသယံဇာတများပေါကြွယ်ဝသည်ဟု ယူဆရပြီး မဟာဗျူဟာအရ အရေးပါသော အဆိုပါတောင်တရုတ်ပင်လယ်ပြင်အတွင်း ရေပိုင်နက်တစ်စိတ်တစ်ပိုင်း ရရှိရေးအတွက် တောင်းဆိုလျက်ရှိသည်။ ဗီယက်နမ်၊ တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဘရူနိုင်းနှင့် မလေးရှားနိုင်ငံတို့မှာ Spratly ကျွန်းစုများ ပိုင်ဆိုင်ရေးအတွက် တောင်းဆိုလျက်ရှိသလို တရုတ်နှင့် ဗီယက်နမ်နှစ်နိုင်ငံက Paracels ကျွန်းစုများနှင့် ပတ်သက်ပြီး အငြင်းပွားလျက်ရှိသည်။

စင်ကာနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ရာတွင် "တရုတ်နိုင်ငံအနေဖြင့် တောင်တရုတ် ပင်လယ်ပြင် အတွင်း ရေပိုင်နက် တောင်းဆိုမှုကို မိမိ၏အကျိုးစီးပွားအလို့ငှာ ရှင်းလင်းစွာထုတ်ဖော်ပြောဆိုသင့်သည်ဟု ကျွန်ုပ်တို့ထင်မြင်မိသည်။ တောင်တရုတ်ပင်လယ်ပြင်နှင့် ပတ် သက်ပြီး တရုတ်နိုင်ငံက တိကျပြတ်သားမှုမရှိခြင်းကြောင့် နိုင်ငံတကာပင်လယ်ရေကြောင်းဆိုင်ရာ အသိုင်းအဝိုင်းတွင် စိုးရိမ်ပူပန်စရာများ ဖြစ်ပေါ် စေသည်" ဟု ဆိုသည်။

စင်ကာပူသည် အဆိုပါပင်လယ်ပြင် ရေပိုင်နက်ရရှိရေးအတွက် အငြင်းပွားမှုနှင့် တောင်းဆိုမှုတို့မရှိသော်လည်း အမေရိကန်ပြည်ထောင်စု အပါ အဝင် ကျန်ရှိသော အာရှနိုင်ငံများနည်းတူ လွတ်လပ်စွာ ရေကြောင်းသွားလာမှုကိုလွန်စွာ အရေးပေးလျက်ရှိသည်။ မကြာသေးခင်ရက်သတ္တပတ်အတွင်း တရုတ်နိုင်ငံ၏ အကြီးဆုံးသော ပင်လယ် ရေကြောင်း စောင့်ကြည့်လေ့လာရေးသင်္ဘော ဖြစ်သည့် Haixun 31 တောင်တရုတ်ပင်လယ်ပြင်ကို ဖြတ်ကျော်ပြီး စင်ကာပူနိုင်ငံဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနကယင်းသို့ သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။ Haixun 31  သည် တရုတ်နိုင်ငံမှ ဇွန်လ ၁၅ ရက်နေ့တွင် ရေကြောင်းသွားလာမှုနှင့် ပင်လယ်ရေကြောင်း လုံခြုံမှုစောင့်ကြည့်လေ့လာရန် အလို့ငှာ တရုတ်နိုင်ငံမှ စင်ကာပူသို့ ထွက်ခွာသွားကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက ရေးသား ဖော်ပြသည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါသင်္ဘောသည် တရုတ်နိုင်ငံအကျိုးစီးပွားနှင့်ပတ်သက်သော အရေးကိစ္စများကို ဆောင်ကြဉ်းလာ သည် ဟု ဆိုသည်။ လတ်တလောကာလများတွင် တောင်တရုတ်ပင်လယ် ရေပိုင်နက် ပြဿနာနှင့် ပတ်သက်ပြီး တင်းမာမှုများ ဆက်လက်မြင့်တက် လာသည်ကို တွေ့ရသလို ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံ တို့ကလည်း တရုတ်နိုင်ငံသည် ရန်ပြုလိုသည့် အပြုအမူများ ပြုလုပ်လာသည်ဟု စွပ်စွဲခဲ့ကြ သည်ကို တွေ့ရသည်။ ဗီယက်နမ် နိုင်ငံတွင်မူ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲများကို ရက်သတ္တသုံးပတ်ကြာလာသည်အထိ ပြုလုပ်နေဆဲဖြစ်သည်။ ဗီယက်နမ်နိုင်ငံက တရုတ်နှင့်အငြင်းပွားနေသော တောင်တရုတ်ရေပြင်တွင် လက်နက်အစစ်များ အသုံးပြု ပစ်ခတ်မှုများ ပါဝင်သည့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး အဆိုပါဖြစ်ရပ်ကို တရုတ်နိုင်ငံပိုင်မီဒီယာက စစ်အင်အားပြမှုတစ်ရပ်အဖြစ် ပြစ်တင် ရှုတ်ချသည်။

တရုတ်က စစ်ရေးလေ့ကျင့်မှုများကို ဆက်တိုက်ဆိုသလို ကမ်းခြေဒေသများတွင်ပြုလုပ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံကမူ လာမည့် ဇူလိုင်လအတွင်း အမေရိကန် ပြည်ထောင်စုနှင့် စစ်ရေးပူးတွဲလေ့ကျင့်ရန် စီစဉ်ထားသည်။

***********************************************************************************

ထပ်မံ တိုက်ခိုက်မှုများ မပြုလုပ်ရန် မြောက်ကိုးရီးယားကို တရုတ် သတိပေး

(AFP သတင်းမှ 24 June, 2011 ရက်စွဲပါ “China warns N.Korea against new attacks” သတင်းကို ဘာသာ ပြန်ဆိုသည် )

မနှစ်က လူအသေအပျောက် ရှိခဲ့သော နယ်စပ် ပဋိပက္ခ ဖြစ်ရပ် ၂ခု ဖြစ်ပွားပြီး နောက်ပိုင်း တောင် ကိုးရီးယား အပေါ် နောက်ထပ် မည်သည့် တိုက်ခိုက်မှုမျှ မပြုလုပ်ရန် တရုတ်နိုင်ငံက ယင်း၏ မဟာမိတ် မြောက်ကိုးရီးယား နိုင်ငံကို သတိပေး ထားသည်ဟု တောင်ကိုးရီးယား သမ္မတ လီမြောက်ဘတ်က ပြောကြားခဲ့ခြင်းကို မီဒီယာများက သောကြာနေ့တွင် သတင်း ထုတ်ပြန်ခဲ့ကြသည်။

တောင်ကိုးရီးယား ပါလီမန် ကာကွယ်ရေး ကော်မတီ အဖွဲ့ဝင်များနှင့် ကြာသပတေးနေ့က နေ့လည်စာ စားသုံး တွေ့ဆုံစဉ် သမ္မတ လီမြောင်ဘတ် က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ယွန်ဟတ် သတင်းဌာန နှင့် ချိုဆွန်းအီလ်ဘို သတင်းစာတို့က သတင်း ဖော်ပြခဲ့သည်။

အကယ်၍ မြောက်ကိုးရီးယား အနေဖြင့် ဆက်လက် ရန်စ တိုက်ခိုက်မှုများ ပြုလုပ်မည် ဆိုပါက ပြုံယမ်းကို ကူညီ ရပ်တည် ပေးတော့မည် မဟုတ် ဟူသော သဘောထားကို တရုတ်နိုင်ငံက တောင်ကိုးရီးယားကို အသိ ပေးခဲ့သည်ဟု သမ္မတ လီက ပြောကြားကြောင်း အမည် မဖော်သော လွှတ်တော် အမတ် တစ်ဦးကို ကိုးကား၍ ယွန်ဟတ် သတင်းဌာနက သတင်း ထုတ်ပြန်သည်။ တရုတ်နိုင်ငံ၏ အကြောင်းကြားစာ ပေးပို့ခဲ့သည့် အချိန် ကိုမူ အတိအကျ မသိရသေးပါ။ ဘေဂျင်းသည် ယင်း၏ သဘောထားကို မြောက်ကိုးရီးယား သို့လည်း ရှင်းလင်းစွာ အသိပေးခဲ့ကြောင်း သမ္မတ လီ က ပြောကြားသည် ဟု ချိုဆွန်းအီလ်ဘို သတင်းစာက ဆိုသည်။ သတင်း ထွက်ပေါ်လာသည့် သမ္မတ လီ၏ ပြောကြားမှုများကို သမ္မတရုံး၏ ပြောရေး ဆိုခွင့် ရှိသူက လတ်တလော အတည်ပြုခြင်း မရှိဟု သိရှိရသည်။

******************************************************************************

တရုတ်ပြည်၏ မီးဖိုချောင်

(9 June 2011 ရက်စွဲပါ The Economist မှ Chinese takeaway kitchen ကို ဘာသာပြန်သည်)

ရာပေါင်း များစွာသော လူများသည် ခါးလောက်သာ နက်သောရွံ့များ ပြည့်နေသော ရေထဲတွင် ရွှေကျင်လျက် ရှိကြသည်။ ယင်းတို့သည် မြန်မာပြည် နေရာ အနှံ့အပြားမှနေ၍ ဧရာဝတီမြစ်အစ မေခနှင့်မလိခ မြစ်ပေါင်းဆုံရာသို့ လာရောက်၍ ရွှေကျင်လျက်ရှိရာ ကံကောင်းသောနေ့များတွင် ဒေါ်လာ (1000) တန်ဖိုးရှိသော ရွှေများ ရရှိခဲ့ ကြသော်လည်း အဆိုပါနေ့များ လွန်မြောက်ခဲ့ပြီ ဖြစ်သည်။

         မြစ်တစ်ဖက်ကမ်းတွင် သံမဏိဖြင့် ပြုလုပ်ထားသော တန်းလျားများသည် နေ့ခင်း နေရောင်တွင် အရောင်များ ပြန်လျက် ရှိသည်။ ယင်းတန်းလျား များတွင် မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းအတွက် လာရောက်အလုပ်လုပ်နေသော ရာပေါင်း များစွာသော တရုတ်အလုပ်သမားများ နေထိုင်လျက်ရှိသည်။ မြန်မာအစိုးရ၏ အဆိုအရ ယခုရေကာတာသည် ကမ္ဘာပေါ်တွင် ဆဋ္ဌမအကြီးဆုံး ဖြစ်ပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (6000) ထုတ်လုပ်နိုင်မည်ဟု သိရှိရသည်။ အဆိုပါ စီမံကိန်းသည် ၂၀၁၉ တွင် ပြီးစီးမည်ဖြစ်ရာ ရွှေ ရှာဖွေသော နေရာများ ရေဖုံးလွှမ်းသွားမည် ဖြစ်ပြီး အနည်းဆုံး လူ (၁၀၀၀၀)ခန့် ရွေ့ပြောင်းပေးရမည် ဖြစ်သည်။ ထွက်ရှိသော လျှပ်စစ်ဓာတ်အား အားလုံးကို တရုတ်နိုင်ငံသို့ ရောင်းချမည် ဖြစ်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများ အတွက် လေ့လာရေး ပြီးဆုံးခဲ့ပြီ ဆိုလျှင် တောင် ထိခိုက်ခဲ့သော ရွာသားများကို မေးမြန်းထားခြင်း မရှိသည်ကို တွေ့ရသည်။

ဒေသခံ ကက်သလစ် ရဟန်းတစ်ပါးက ပြောကြားရာတွင် ယင်း၏ ဘုရားကျောင်းသို့ လာရောက်သော ရွာသားများသည် စံပြရွာသို့ ပြောင်းရွေ့ ရပြီး အိမ်သေးသေးလေး တစ်လုံးနှင့် စိုက်ပျိုးရန် မြေအနည်းငယ်သာ ရရှိသည်ဟု ဆိုသည်။ မြန်မာခေါင်းဆောင်များ ထံသို့ ထိုဘုန်းတော်ကြီးက စာရေးသား ခဲ့သော်လည်း စာပြန်ခြင်း မရှိပေ။ ဘုန်းတော်ကြီးက ပြောကြားရာတွင် ယင်းသည် ယင်း၏ သမိုင်းဝင်ဘုရားကျောင်းတွင် တံခါးရှေ့ ရေများ တက်လာ သည် အထိ နေထိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ပရောဂျက်ကို စိုးရိမ်ပူပန်သူများမှာ နေရာရွေ့ပြောင်း ခံရသူများသာ မဟုတ်ပေ။ အဆိုပါ ပရောဂျက်သည် နှစ်ပေါင်းများစွာကပင် အစိုးရနှင့် တိုက်ခိုက်နေသော ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ထိန်းချုပ်ထားသော နယ်မြေအထိ ရောက်သည်။ ပြီးခဲ့သည့်နှစ် မေလက ရေကာ တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဗုံးများကွဲခဲ့ပြီး ဆောက်လုပ်ရေး မရပ်ပါက ပြည်တွင်းစစ် ဖြစ်နိုင်သည်ဟု KIO က သတိပေးခဲ့သည်။ KIO ၏ လက်နက်ကိုင် တပ်သည် မကြာသေးမှီက အပစ်အခတ် ရပ်ထားသော်လည်း အစိုးရတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ KIO သည် အစိုးရ နယ်ခြားစောင့်တပ် အစီအစဉ်ကို လက်မခံခြင်းကြောင့် ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မရရှိခဲ့ပေ။ ယင်း၏ ခြိမ်းခြောက်မှုများသည် အရပ်သား အစိုးရသစ် သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံသို့ သွားရောက်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

တရုတ်သည် မြန်မာနိုင်ငံတွင် များစွာ ရင်းနှီးမြှုပ်နှံထားသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် အများဆုံး ဖြစ်သည်။ မြစ်ဆုံ စီမံကိန်းသည် တရုတ် က ရင်းနှီးမြှုပ်နှံထားသော ရေအားလျှပ်စစ် စီမံကိန်းများ၊ သတ္တုတွင်းနှင့် အခြေခံ အဆောက်အဦ စီမံကိန်းများအနက် တစ်ခုဖြစ်သည်။ တရုတ်၏ ရည်မှန်းချက် အထားဆုံးမှာ ယင်း၏ ရေနံစိမ်း သဘောင်္များအတွက် ရေနက်ဆိပ်ကမ်းပင် ဖြစ်သည်။ ယင်းသည် ၂၀၁၃ တွင် ပြီးစီးမည်ဖြစ်ရာ မြန်မာ နိုင်ငံ၏ ရွှေသဘာဝ ဓာတ်ငွေ့လုပ်ကွက်မှ ဓာတ်ငွေ့ကို သယ်ဆောင်နိုင်မည် ဖြစ်ပြီး တရုတ်၏ ရေနံ တင်သွင်းမှု လိုအပ်ချက်၏ ၁၀% ကို သက်သာ စေ မည် ဖြစ်သည်။

ယခုကဲ့သို့ နီးကပ်စွာ ဆက်ဆံရေးသည် နှစ်ဖက်စလုံး အတွက် သက်သာလှသည်တော့ မဟုတ်ပါ။ တရုတ်လူမျိုး တစ်သန်းမှ နှစ်သန်းခန့်သည် မြန်မာနိုင်ငံ မြောက်ပိုင်းသို့ ပြောင်းရွေ့ ၀င်ရောက်လာကြသည်။ ယင်းတို့သည် ကျောက်စိမ်း ရောင်းဝယ်ရေး၊ မြေဈေးများ မြင့်တက်စေခြင်းနှင့် မန္တလေး နှင့် မြစ်ကြီးနားတို့တွင် ယင်းတို့၏ ကြွယ်ဝမှုများကို မြှုပ်နှံ နေကြသည်။ မြစ်ကြီးနားတွင် တရုတ် နံပါတ်ပြား တပ်ထားသော ကားများ တွေ့နေရသည်။ ဒေသခံများ၏ မကျေနပ်မှုများ တိုးပွားလာသည်။ ခရစ်ယာန် ဘုရားကျောင်း အကြီးအကဲများးက တရုတ်လူမျိုးများက လူဦးရေ တစ်ဝက် ရှိနေပြီ ဖြစ်ကြောင်း ပြောသည်။ မြန်မာ အများစုက ပြောကြားရာတွင် မြောက်ပိုင်း ဒေသများသည် တရုတ်၏ ပြည်နယ် တစ်ခု ကဲ့သို့ ဖြစ်နေပြီဟု ဆိုကြသည်။

တရုတ်ကလည်း သူ့အပိုင်းတွင် ယင်း၏ရင်းနှီးမြှုပ်နှံမှုများနှင့် ယင်း၏ လူမျိုးများ အပေါ် စိုးရိမ်ပူပန်မှုများ ရှိနေသည်။ ယခင်က တရုတ်သည် စစ်တပ် နှင့် တိုင်းရင်းသား သူပုန်များကြားတွင် တိုက်ပွဲများ မဖြစ်ရေးအတွက် မြန်မာ အစိုးရ ခေါင်းဆောင်များကို ထောက်ခံ ကူညီခဲ့သည်။ သို့သော် ၂၀၀၉ ခုနှစ်တွင် ကိုးကန့်များနှင့် ပဋိပက္ခ ဖြစ်သောအခါ တရုတ် ဟန်လူမျိုး (၃၇၀၀၀) ကျော်သည် တရုတ်နိုင်ငံသို့ ထွက်ပြေးလာခြင်းကြောင့် မြန်မာ စစ် အစိုးရကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

တရုတ်၏ စီးပွားရေး အကျိုးစီးပွားက ကြီးထွားလာသောအခါ ယင်း၏ဆိပ်ကမ်းသစ်နှင့် ပိုက်လိုင်းများ လုံခြုံရေးကို စောင့်ကြည့်နိုင်ရန် မြန်မာ့ ဆိပ်ကမ်းများနှင့် ရေပိုင်နက်များကို ပိုမို ထိတွေ့ရေး ဖိအားပေးလာသည်။ မြန်မာနိုင်ငံ အနေဖြင့်  ယခင်ကတည်းက ယင်း၏အိမ်နီးချင်း တရုတ်အပေါ် သံသယအမြစ်တွယ်ပြီး ဖြစ်နေရာ ယခုကိစ္စမှာ အပ်နှင့် ခပ်ဆတ်ဆတ် ထိုးလိုက်သလို နာကျင်ရမည့် ကိစ္စဖြစ်သည်။

နိုင်ငံခြားသား ကြောက်သော မြန်မာခေါင်းဆောင်များသည် တရုတ်အပေါ် မှီခိုနေရမှုများကို လျှော့ချသည့် အနေဖြင့် အိန္ဒိယနှင့် အနောက်နိုင်ငံ များ အပေါ် ကစားလျက်ရှိသည်။ သို့သော် အိန္ဒိယကလည်း မြန်မာနိုင်ငံတွင် ခြေကုတ်ရရေး ကြိုးစားမှု နှေးကွေးလျက် ရှိပြီး၊ အမေရိကန်နှင့် ဥရောပ သမဂ္ဂကလည်း မကြာသေးမှီက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော Sanctions များ သက်တမ်းတိုးခဲ့သည်။ အမေရိကန်၏ ပိတ်ဆို့မှုတွင် ကမ္ဘာ့ဘဏ်မှ ငွေချေးခြင်းများလည်း ပါဝင်သည်။ ထို့ကြောင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများရှိသော မြစ်ဆုံကဲ့သို့သော ပရောဂျက်ကြီးများ ဖြစ်ပေါ်လာရပေသည်။

ထို့ကြောင့် မြန်မာ အစိုးရသည် တရုတ်ကို လိုအပ်သည်ထက် ပို၍ မှီခိုလာရသည်။ မြန်မာ ဘုန်းတော်ကြီး တစ်ပါး ပြောသကဲ့သို့ “ငါတို့ကတော့ တရုတ်ရဲ့ မီးဖိုချောင်ပဲ။ သူတို့ လိုချင်တာတွေ ယူသွားပြီး အမှိုက်တွေပဲ ပစ်ထားခဲ့တယ်” ဟု ဆိုရမလိုပင် ဖြစ်နေချေတော့သည်။

 *********************          *********************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs


ရန်ကုန်သတင်းလွှာ ပရိတ်သတ်များခင်ဗျာ...

ယခုတပတ် သတင်းလွှာ အမှတ် ၁၅ကို ပေးပို့လိုက်ပါတယ်။ နောက်ဆုံးရ ဗုံးပေါက်ကွဲမှု သတင်းများနဲ့အတူ သုံးသပ် သတင်းဆောင်းပါးများကို ထည့်သွင်းဖော်ပြထားတဲ့ အတွက် နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။


လေးစားလျှက်..
သတင်းလွှာ အဖွဲ့

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.