Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁.၁၀.၂၀၁၁

ပြည်တွင်းသတင်းများ

  1. အခွန်စနစ်ပိုမိုပီပြင်ရန် အခွန်ဆိုင်ရာဥပဒေများကို ရုပ်သိမ်း၊ ပြင်ဆင်
  1. မြန်မာဘောလုံးအသင်းကို ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှ ဖီဖာ ကန်ထုတ်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. တိုင်းရင်းသားလက်နက်ကိုင်အရေးတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် ကူညီမည်
  2. အာဆီယံဥက္ကဋ္ဌ မြန်မာနိုင်ငံသို့ လာရောက်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. အဆင့်မြင့်လာတဲ့ မြန်မာ့နိုင်ငံရေး

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

အခွန်စနစ်ပိုမိုပီပြင်ရန် အခွန်ဆိုင်ရာဥပဒေများကို ရုပ်သိမ်း၊ ပြင်ဆင်

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အမြတ်ခွန်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ၊ မြန်မာနိုင်ငံ တံဆိပ်ခေါင်း အက် ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ ဝင်ငွေခွန်ဥပဒေ ပြင်ဆင်သည့် ဥပဒေနှင့် ရုံးခွန် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ တို့ကို လက်မှတ်ရေးထိုး ပြဋ္ဌာန်းလိုက်ပြီဖြစ်ကြောင်း စက်တင်ဘာ ၃၀ ထုတ် နိုင်ငံပိုင်သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၁၈။ (က) အရ ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်ရေးဆိုင်ရာ အရေးယူ ဆောင်ရွက်ချက်အားလုံးကို နိုင်ငံတော် သမ္မတ၏ အမည်ဖြင့် အရေးယူဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းပါရှိသောကြောင့် နိုင်ငံတော် သမ္မတမှ ယခုကဲ့သို့ လက်မှတ်ရေးထိုး ထုတ်ပြန်ရခြင်း ဖြစ်သည်။

နိုင်ငံ၏ အမြတ်ခွန်ဥပဒေကို ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်မှစ၍ ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်းသိရသည်။ ဤကဲ့သို့ အမြတ်ခွန်ဥပဒေကို ဖျက်သိမ်း လိုက်ပြီ ဆိုသော်ငြားလည်း ၂၀၁၁-၂၀၁၂ မတိုင်မီက အမြတ်ခွန်စည်းကြပ်ရန် ကျန်ရှိနေသည့် ကိစ္စရပ်များကို အမြတ်ခွန်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။ ကျန်သည့် ဥပဒေများကိုတော့ အုပ်ချုပ်ရေးစနစ် ပြောင်းသွားသည့်အတွက် ကြောင့်သော် လည်းကောင်း၊ သုံးနှုန်းရန် သင့်တော်မှု မရှိတော့သည် စကားလုံးများကြောင့်သော်လည်းကောင်း၊ ဥပဒေပါ အရေးယူမှုနှင့် ဒဏ်ကြေးများ မြှင့်တင် အရေးယူခြင်းကြောင့်သော်လည်းကောင်း ပြင်ဆင်ပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း သိရသည်။

“အစိုးရတစ်ရပ်ရဲ့ စွမ်းဆောင်ရည်ကို တိုင်းလို့ရတဲ့အချက်က အခွန်စနစ်ကို ဘယ်လောက်ပီပြင်အောင် လုပ်သလဲဆိုတာကို ကြည့်ရင် သိနိုင်ပါတယ်။ အခု အခွန်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းပြီး အခွန်စနစ်ကို ပိုပြီပီပြင် အောင်လုပ်တာဟာ သမ္မတကြီးပြောတဲ့ Good Governance ကို ဖြစ်ထွန်းအောင် ဆောင်ရွက်တာပဲ ဖြစ်ပါတယ်”ဟု အစိုးရအုပ်ချုပ်ရေးကို လေ့လာလိုက်စားသူတစ်ဦးက သုံးသပ်ပြောကြားသွားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၈။ (က) တွင် နိုင်ငံတော်သမ္မတသည် မိမိ၏ သဘောအတိုင်း ဆောင်ရွက်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားသည့် ကိစ္စရပ်များမှအပ ပြည်ထောင်စုအစိုးရက ဆောင်ရွက်ခွင့်ရှိသော ကိစ္စရပ်များအတွက်လည်းကောင်း၊ အဆိုပါကိစ္စရပ်များကို ပြည်ထောင်စု အစိုးရဝန်ကြီးများအား ခွဲဝေအပ်နှင်းရန် လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရ ဆောင်ရွက်ရန် တာဝန်ရှိသော ပုဂ္ဂိုလ်အား ခွဲဝေအပ်နှင်းရန်လည်းကောင်း လိုအပ်သည့် နည်းဥပဒေများ ပြဋ္ဌာန်းခွင့်ရှိသည်ဟု ဖော်ပြပါရှိသည့်အတိုင်း ယခုကဲ့သို့ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်း များကို အသေးစိတ် ပြင်ဆင် ပြဋ္ဌာန်းသွားခြင်း ဖြစ်သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာဘောလုံးအသင်းကို ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှ ဖီဖာ ကန်ထုတ်

ရန်ကုန်မြို့တွင် ပြီးခဲ့သော ဇူလိုင်လက ပြုလုပ်သော ၂၀၁၄ ကမ္ဘာ့ဖလား အကြိုခြေစစ်ပွဲတွင် မြန်မာပရိတ်သတ်က အကြမ်းဖက်ခဲ့ခြင်းကို အရေးယူသည့်အနေဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က မြန်မာဘောလုံးအသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ခွင့် မပေးတော့ဘဲ ကန်ထုတ် လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၂၈ ရက်က မြန်မာနှင့် အိုမန်တို့၏ ဘောလုံးပွဲချိန်အတွင်း ပရိတ်သတ်များက ခဲများ၊ ရေပုလင်းများဖြင့် အဆက်မပြတ် ပစ်ပေါက်ခဲ့သော ကြောင့် ဒိုင်လူကြီးများက ပွဲကို ရပ်ဆိုင်းရသည်အထိ ရှုပ်ထွေးခဲ့ရသည်။

ပွဲရပ်ဆိုင်းချိန်တွင် ၂-၀ ဖြင့် ဦးဆောင်နေသော အိုမန်သည် ၎င်းရလာဒ်အတိုင်း အနိုင်ပေးခံရပြီး ပထမအကျော့ တွင်လည်း ၂-၀ ဖြင့် အနိုင်ရထား ပြီးဖြစ်သောကြောင့် စုစုပေါင်း ၄-၀ ဖြင့် အာရှခြေစစ်ပွဲ နောက်တစ်ဆင့်သို့ တက်သွားပြီ ဖြစ်သည်။

မြန်မာဘောလုံးအဖွဲ့ချုပ်သည် အိမ်ခံပရိတ်သတ်များ၏ သိက္ခာမဲ့သော လုပ်ရပ်ကို တားဆီးရန် ပျက်ကွက်ခဲ့ကြောင်းနှင့် ထို့အတွက် ရုရှား ၂၀၁၈ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် အကြိုခြေစစ်ပွဲများ ပါဝင်ယှဉ်ပြိုင်ခွင့်ကို ပယ်ဖျက်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ပြောကြားလိုက်သည်။

ထို့ပြင် မြန်မာဘောလုံးအဖွဲ့ချုပ်သည် ဒဏ်ငွေ ဒေါ်လာ ၂၈၀၀၀ ချမှတ်ခြင်း ခံရသည်။

YC

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

တိုင်းရင်းသားလက်နက်ကိုင်အရေးတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ကူညီမည်

ဥပဒေပြင်ပတွင်လက်နက်ကိုင်ဆောင်ဆန့်ကျင်နေကြသူများကို ဥပဒေဘောင်အတွင်း ထာဝရငြိမ်းချမ်းရေး တည်ဆောက်ပေးရန် နိုင်ငံတော် အစိုးရက ကြိုးပမ်းဆောင်ရွက်နေသည့်ကိစ္စများကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခဲ့ကြောင်း အစိုးရကိုယ်စားလှယ် ဦးအောင်ကြည်က ပြောကြား သည်။

"ပြည်သူတွေအတွက်အကျိုးဖြစ်နိုင်သည့် အတိုင်းအတာအထိ ကျွန်မတို့ ပါဝင်မှာပါ တက်နိုင်သလောက် ကြိုးစားပြီးတော့ ပြည်သူတွေအတွက် အကျိုးဖြစ်မဲ့ကိစ္စတွေမှာဆိုလို့ရှိရင် ကျွန်မတို့က အင်တိုက်အားတိုက် ပါဝင်ပေးသွားမှာ ဖြစ်ပါ တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့သည် စက်တင်ဘာ ၃၀ရက်နေ့တွင် အစိုးရဧည့်ဂေဟာ၌ တွေဆုံပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ်အထက်ပါ အတိုင်း အဆိုပါနှစ်ဦးက ပြောကြားသည်။

ပြည်တွင်းတည် ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတို့ကို အထက်ပါ ပုဂ္ဂိုလ်နှစ်ဦးက ဆွေးနွေးခဲ့သည့်အပြင် လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ၊ ဧရာဝတီမြစ် ထိန်းသိမ်းရန် နှစ်ဦးနှစ်ဘက် ပူးပေါင်းမည့် အရေးကိစ္စ၊ ဥပဒေဘောင် ပြင်ပတွင် ရောက်ရှိ နေသော လက်နက်ကိုင်များ ဥပဒေဘောင်အတွင်း ရောက်ရှိရေးနှင့် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရေး စသည်တို့ကို အဓိက ဆွေးနွေးခဲ့ကြောင်း သိရသည်။

"နိုင်ငံရေးကို မပြောချင်ဘဲနဲ့ ထိုးစစ် ဆက်လုပ်သွားမယ်ဆိုရင် ပြည်တွင်းစစ် ရှည်မယ်၊ နိုင်ငံရေး စကားပြောမယ် ဆိုရင်တော့ ကျွန်တော်တို့ ဘက်က အဆင်သင့်ပါပဲ"ဟု ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ ဒေသ၏ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရောက ဆိုသည်။

မြန်မာစစ်တပ်များသည် မိမိတပ်ရင်း၌သာနေထိုင်ကြပြီး လှုပ်လှုပ်ရွရွ မပြုလုပ်ရန်လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ဦးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်နှင့်လူမျိုး အကျိုးအတွက် အစိုးရနှင့် တတ်နိုင်သမျှ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး တွေ့ဆုံ ဆွေးနွေးပွဲများ ထပ်မံပြုလုပ်သွားရန် နှစ်ဦးနှစ်ဘက် သဘောတူညီထားကြောင်း သိရသည်။

                                                                                               Peace Press

-----------------------------------------------------------------------------------------------------------------------------------

အာဆီယံဥက္ကဋ္ဌ မြန်မာနိုင်ငံသို့ လာရောက်မည်

လက်ရှိ အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသူ အင်ဒိုနီးရှားနိုင်ငံသား ဒေါက်တာမာတီနာ တာလီဂါဝါသည် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ပြီး နေ့ရက်နှင့် အချိန်ကိုမူ မထုတ်ပြန်ရသေးကြောင်း အင်ဒိုနီးရှားသံရုံးက စက်တင်ဘာ ၂၅ရက်နေ့က ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။

မာတီနာတာလီဂါဝါသည် ၂၀၁၄ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ နေရာအတွက် ကြိုးပမ်းလျက်ရှိသော မြန်မာနိုင်ငံအနေဖြင့် ယင်းနေရာရယူရန် ထိုက်တန်ခြင်း ရှိ/မရှိ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားနှင့် မြန်မာနိုင်ငံလူထု အခြေပြုအဖွဲ့အစည်းများ၏ အသံများကို အလေးထား နားထောင် မည်ဟု ပြောဆိုထားခဲ့ရာ ယခုလာရောက်မည့်ကိစ္စသည် ထိုကိစ္စအတွက် ဖြစ်ဖွယ်ရှိသည်။

ထိုင်း-ကမ္ဘောဒီးယား ဘုရားကျောင်းပိုင်နက်အငြင်းပွားမှု၊ တောင်တရုတ်ပင်လယ်ရှိ ကျွန်းများကိစ္စ၊ အနုမြူလက်နက် မပြန့်ပွားရေး ကိစ္စများကို ဦးဆောင်၍ ဖြေရှင်းနိုင်ခဲ့သူ မာတီနာတာလီဂါဝါသည် အာဆီယံ ၁၀နိုင်ငံရှိ နိုင်ငံခြားရေးဝန်ကြီးများအနက် အသက်အငယ်ဆုံးလည်းဖြစ်သည်။

“ဒီခရီးစဉ်က အရေးကြီးပါတယ်၊ မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ နေရာယူဖို့အတွက် လက်ရှိ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားရဲ့ သဘောထားက အရေးပါတယ်လို့ အာဆီယံအတွင်ရေးမှူး ဆူရင်ပစ်ဆူဝမ်က ပြောထားတဲ့စကား ရှိနေပါတယ်” ဟု မြန်မာ့နိုင်ငံရေး လေ့လာသူ တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသည် ၁၉၉၇ခုနှစ်က အာဆီယံအဖွဲ့သို့ဝင်ရောက်ခဲ့ပြီး ၂၀၀၅ခုနှစ်က အလှည့်ကျဥက္ကဋ္ဌ နေရာကို ထမ်းဆောင်ရမည်ဖြစ်သော်လည်း အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ဖိအားပေးမှုကြောင့် ဥက္ကဋ္ဌလုပ်ခွင့်ကို လာအိုနိုင်ငံအား လွှဲပြောင်းပေးခဲ့ရဖူးသည်။

Ref: The Voice Weekly

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

မေး- မြန်မာနိုင်ငံအပေါ်ကို အီးယူရဲ့ သဘောထားက ပြောင်းလဲသွားတာ တွေ့ရပါတယ်။ အမေရိကန်ကတော့ ပြောင်းလဲသွားတာ တွေ့ရပါတယ်။ အမေရိကန် ကတော့ ပြောင်းလဲခြင်းမရှိတဲ့အပြင် တုတ်တစ်ဖက်၊ မုန်လာဥတစ်ဖက်ဆိုတဲ့ မူကို ဆက်ကိုင်ထားပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရသစ် ပြောင်းလဲသွားပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေခြင်းအပေါ် အမေရိကန်က ဘယ်လိုသဘောထားလဲဆိုတာ အဘအနေနဲ့ အနီးစပ်ဆုံး သုံးသပ် ပြစေချင်ပါတယ်။

ဖြေ- အဘက အမေရိကန်ရဲ့ State Dpeartment နဲ့ ခင်တယ်။ အဘသိသလောက်ပြောရရင် အမေရိကန်ကိုလည်း တို့မီး၊ ရှို့မီးလုပ်နေတဲ့သူတွေ များတယ်။ အဲဒီကောင်တွေက သူတို့လည်းစားရအောင်၊ ဟိုကောင်လည်း စားရအောင် လုပ်နေတာတွေ ရှိတယ်။ အင်န်ဂျီအိုကို ဒေါ်လာတစ်သန်း ထုတ်ပေးရင် ဖြတ်စား၊ လာဘ်စားလုပ်တာနဲ့ တကယ်လုပ်တဲ့ကောင်က နည်းနည်းပဲရတယ်။ အဲလိုဖြတ်စားတဲ့ကောင်တွေက ဘယ်ပြီးချင်မလဲ။ ဒါကြောင့် အဘ သမ္မတကြီးဆီကို ပေးတဲ့စာမှာ အတ္တသမားတွေက အနှောက်အယှက်ပေးနေတယ်လို့ မြင်တယ်လို့ ထည့်ရေးထားတာ။ အဲဒီလို စားပေါက်ရှိနေတဲ့ ကောင် တွေက အဘတို့လုပ်ငန်းတွေကို ဖျက်စီဦးမှာပဲ။

စက်တင်ဘာ ၂၉ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၃၇) တွင်ပါသည့် “ကနောင်မင်သားကြီး၏ သားဖြစ်သူ လင်းပင်မင်းသား၏မြစ်  ပြည်တောင်ပြန် ဦးပီတာလင်ပင်းနှင့် တွေ့ဆုံခြင်း” မှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အစိုးရက အရင်းအနှီးဈေးကွက်ကို အကောင်အထည်ဖော်နေပြီ။ အရင်းအနှီးဈေးကွက်ဖြစ်လာရင် စတော့အိတ်ချိန်းပါ ဖြစ်လာမယ်၊ စတော့အိတ်ချိန်း အသက်ဝင်ဖို့ အများပိုင်ကုမ္ပဏီတွေ မရှိမဖြစ် လိုအပ်တယ်၊ ကုမ္ပဏီအချို့လဲ စတော့အိတ်ချိန်းလာရင် အရင်းအနှီး တောင့်တောင့်တင်းတင်းနဲ့ လုပ်ကိုင်နိုင်ဖို့၊ အများပိုင်ကုမ္ပဏီတွေ ဖွဲ့စည်းဖို့ စဉ်းစားနေကြတယ်၊ လုပ်ထုံးလုပ်နည်းတွေ ကြိုတင်ပြင်ဆင်နေကြတယ်၊ အများပိုင်ကုမ္ပဏီတွေ ဖြစ်လာရင် စီးပွားရေးလောကမှာ အပြောင်း အလဲတွေ အများကြီးဖြစ်လာနိုင်တယ်”

စက်တင်ဘာ ၂၇ ထုတ် ကုမုဒြာသတင်းဂျာနယ် အတွဲ (၁) အမှတ် (၃၀) တွင်ပါသည့် “စီးပွားရေးလုပ်ငန်းအချို့ အများပိုင် ကုမ္ပဏီတွေ ဖွဲ့စည်း နိုင်ဖို့ ပြင်ဆင်” သတင်းမှ ကုမ္ပဏီအချို့မှာ စီးပွားရေးအကြံပေးလုပ်နေတဲ့ စီးပွားရေးပညာရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ရန်ကုန်မှာ ယာဉ်ရပ်နားစခန်းတွေ လိုအပ်နေပါတယ်။ လမ်းတွေမှာ ယာဉ်ရပ်နားခွင့် ကောက်တာတွေ မလုပ်ဘဲ လမ်းပေါ်ယာဉ်ရပ်ရင် ထိထိ ရောက်ရောက် အရေးယူတာမျိုး၊ ဒါမှမဟုတ်လည်း လမ်းပေါ်မှာ ယာဉ်ရပ်ခွင့်ကို ဈေးကြီးကြီး ကောက်တာမျိုးတွေ လုပ်သင့်ပါတယ်။ လူတွေယာဉ်တွေက တိုးလာနေဦး မှာပါ။ အခုလည်း နိုင်ငံခြားက ကားပြခန်းတွေ လာဖွင့်မယ်၊ ကားတွေ အရင်ကထက် ပေါပေါလောလော ဝယ်ခွင့်ရမယ်ဆိုရင် တိုးလာဦးမယ့်     ကားတွေအတွက် ကြိုတင်ဖြေရှင်း ရတော့မှာပါ။ လက်ရှိ ကားတွေနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှုတွေကို စဉ်းစားထားသင့်ပါတယ်”

စက်တင်ဘာ ၃၀ ထုတ် BiWeekly ELEVEN အတွဲ (၄) အမှတ် (၂၆) တွင်ပါသည့် “ရန်ကုန်မြို့တွင်းတွင် ယာဉ်ရပ်နားစခန်း တိုးချဲ့ရန် သင့်တော်မည့်နေရာ ရှာဖွေစီစဉ်နေ” သတင်းမှ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦး၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အခုဆိုရင် ပြည်ပကုမ္ပဏီတွေနဲ့ ပြည်ပရင်းနှီးမြုပ်နှံမှုတွေက အနှေးနဲ့အမြန်ဆိုသလို ဝင်ရောက်လာနိုင်ပါတယ်။ ကမ္ဘာကျော်အိုင်တီကုမ္ပဏီတွေရဲ့ ထုတ်ကုန်ကို ပြည်တွင်းကုမ္ပဏီတစ်ခုက အရည်အသွေးအရ ယှဉ်ပြိုင်ဖို့ဆိုတာ အခက်အခဲ ရှိနိုင်ပါတယ်။ ဒီနယ်ပယ်မှာ ACD ဆိုရင် အနှစ် ၂၀၊ MIT ဆိုရင် ၁၅ နှစ်လောက် ရင်းနှီးမြုပ်နှံလာခဲ့ရတာပါ။ ဆော့ဖ်ဝဲဈေးကွက် ဖွံ့ဖြိုးလာမယ့် တချိန်ချိန်ကို ရည်မှန်းပြီး ရင်းနှီးလာခဲ့ရတာဖြစ်ပေမယ့် အဲဒီအချိန်အခါ ရောက်မှ ဝင်လာတဲ့ပြည်ပ ကုမ္ပဏီကြီးတွေကို မယှဉ်နိုင်လို့ ကွယ်ပျောက်သွားရမယ်ဆိုရင် ဒါက မဖြစ်သင့်ပါဘူး။ ဒါကို အစိုးရကလည်း ဘယ်လို အကာအကွယ်ပေးမယ်၊ ဘယ်လိုမူဝါဒတွေရှိလဲဆိုတာကို လိုအပ်ပါ တယ်”

စက်တင်ဘာ ၃၀ ထုတ် BiWeekly ELEVEN အတွဲ (၄) အမှတ် (၂၆) တွင်ပါသည့် “အိုင်စီတီကဏ္ဍတွင် ရင်းနှီး မြုပ်နှံကြရန် ပြည်တွင်းပြည်ပ အိုင်တီကုမ္ပဏီများအား ပြည်ထောင်စုဝန်ကြီး တိုက်တွန်း” သတင်းမှ MIT ကုမ္ပဏီမှ ဒါရိုက်တာ ဦးဇော်မိုးထွန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

အဆင့်မြင့်လာတဲ့ မြန်မာ့နိုင်ငံရေး

ပြင်းထန်သော အငြင်းပွားမှုများဖြင့် အရှိန်မြှင့်လာသော ဧရာဝတီမြစ်ဆုံဆည်ကိစ္စကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ၎င်း၏ သမ္မတ သက်တမ်းတွင် ရပ်တန့်ထားမည်ဖြစ်ကြောင်း လွှတ်တော်သို့ သဝဏ်လွှာပေးပို့ခဲ့သည့် သတင်းထွက်ပေါ်လာချိန်မှာပင် မြန်မာပြည်သူတွေကြားမှာ အပျော်တွေ တဆင့်ပြီးတဆင့် ကူးစက်သွားခဲ့ကြသည်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ ပြည်သူ့သမ္မတကြီးဟု ပြည်ပရောက်အတိုက်အခံတွေ ကိုယ်တိုင်က အင်တာနက် စာမျက်နှာတွေပေါ်မှာ ရေးသားကြိုဆိုလာကြသည်ကို တွေ့ရသည်။

“ဒီကိစ္စက နဲနဲပြောရခက်နေတယ်။ သမ္မတတစ်ယောက်အနေနဲ့ ဒီကိစ္စကို ရပ်တန့်ကြောင်း အမိန့်စာ ထုတ်ပြန်လို့ရတယ်၊ ငါက နိုင်ငံတော်   သမ္မတ၊ ငါရပ်ချင်လို့ ရပ်တယ်ဆိုတဲ့  သမ္မတအာဏာ၊ အုပ်ချုပ်ရေးပါဝါနဲ့ အမိန့်ထုတ်ပြန်တာမျိုး မလုပ်ဘဲ သဝဏ်လွှာဆိုတဲ့ အဆင့်လောက်ပဲ ပို့လိုက်တာက နဲနဲအားပျော့သွားတယ်၊ ဒါက လွှတ်တော်ကို အားစမ်းတဲ့ သဘောမျိုးတွေ့ရတယ်၊ သမ္မတနဲ့လွှတ်တော်နဲ့ တစ်ဖက်နဲ့တစ်ဖက် အားစမ်းနေတာလား” ဟု နိုင်ငံရေး ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။

နိုင်ငံရေး စနစ်အပြောင်းအလဲတွင် ဗိုလ်ချုပ်ဟောင်းများသည် ၎င်းတို့အာဏာတည်တံ့ရေးမှာ စစ်တပ်အင်အား မဟုတ်တော့ဘဲ ပြည်သူလူထုသာ ဖြစ်သည်ကို ရိပ်စားမိသည့်အားလျော်စွာ ပြည်သူတွေသဘောကျ နှစ်သက်လက်ခံမည့် ကိစ္စရပ်တွေကို တိုးမြှင့်လုပ်ဆောင်လာသည်။ သို့ရာတွင် အာဏာဆိုသည်မှာ သေနတ်ပြောင်းဝက ထွက်သည်ဟု လက်ခံထားသော  ဒုတိယသမ္မတ တင်အောင်မြင့်ဦးကဲ့သို့သော နောင်တ မရနိုင်သေးသည့် သဘောထားတင်းမာသူ အချို့လည်း ရှိနေသေးသည်။ မည်သို့ပင်ဆိုစေကာမူ အခြေအနေကို နားလည်သော ဗိုလ်ချုပ်ဟောင်းတွေ        ကိုယ့်နည်းကိုယ့်ဟန်ဖြင့်  ပြည်သူ့အားကို  ရယူနိုင်ရန် ကြိုးပမ်းနေကြသည်ကို တွေ့မြင်ရသည်။ ဒီမိုကရေစီစနစ်တွင် လူထုကြိုက်နှစ်သက်မှုက အခရာဖြစ်ရာ ဗိုလ်ချုပ်ဟောင်းများ ထိုကဲ့သို့ အလျှင်အမြန် ပြောင်းလဲနိုင်ခြင်းအတွက် မြန်မာ့နိုင်ငံရေး အကောင်းဘက်ကို ပို၍မျှော်လင့်လာနိုင်ကြောင်း၊ ထင်မှတ်ထားသည် ပိုမိုမြန်ဆန်ပြောင်းလဲလာကြောင်း ကျွမ်းကျင်သူတို့က ဆိုသည်။

ထိုကဲ့သို့ ပြည်သူ၏ နှစ်သက်မှုကို ခံယူရန် အပြိုင်ကြိုးပမ်းရင်းဖြင့် အစိုးရအနေဖြင့် ပြည်သူ့အကျိုး ဆောင်ရွက်ခြင်းထက် ပုဂ္ဂိုလ်ရေးအရ ဆောင်ရွက်ပေးခြင်းများဖြစ်လာသည်။ ထို့ကြောင့် နိုင်ငံရေးလေ့လာသူ အချို့က ကြံ့ခိုင်ရေးပါတီသည် ပါတီတံဆိပ်ထက် လူပုဂ္ဂိုလ်က အခရာကျလာ လိမ့်မည်၊ ပါတီအင်အားကြီးသွားဖို့ထက် ပါတီတွင်း အုပ်စုငယ်လေးတွေ ပေါ်ပေါက်လာနိုင်သည်။ NLD တွင် ဒေါ်အောင်ဆန်းစုကြည်က အဓိက ဖြစ်နေသကဲ့သို့ ကြံ့ခိုင်ရေးပါတီတွင်လည်း ထိုကဲ့သို့ လူထုနှစ်သက်မည့် လူစွမ်းကောင်းပေါ်လာနိုင်သေးသည်ဟု ထောက်ပြသည်။ ဆိုရလျှင် ဖဆပလ ခေတ်ကကဲ့သို့ ဆွေငြိမ်းတွေ၊ နုတင်တွေလည်း ဖြစ်လာနိုင်သည် မှတ်ချက်ပြုသည်။

ထိုသို့ မှတ်ချက်ပြုရလောက်အောင်လည်း ကြံ့ခိုင်ရေးပါတီမှာ သူရဲကောင်းတွေ၊ အများကြိုက်တွေ ပေါ်လာသည်။ ဆိုရလျှင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် သူ့ကိုယ်သူ ကြံ့ခိုင်ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်ဆိုသည်ကို မေ့လျော့နေပုံရသည်။ သူ၏ လွှတ်တော်တော်ကို ကြံ့ခိုင်ရေးလွှတ်တော်မှ ပြည်သူကအားကိုးသော ပြည်သူ့လွှတ်တော်ဖြစ်အောင် အပြင်းအထန်ကြိုးစားနေသည်။ ပြည်ခိုင်ဖြိုးက ကန့်ကွက်၍ ပျက်ပြယ် နိုင်သည့် အဆိုတစ်ခုဖြစ်သည့် နိုင်ငံရေးအကျဉ်းသားကိစ္စတွင် ဦးရွှေမန်း၏ ကြိုးပမ်းမှုကြောင့်သာ မဲခွဲခြင်းမပြုဘဲ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ လွှတ်တော်တွင်လည်း ၎င်းသည် ဒီမိုကရေစီဘက်တော်သားတစ်ဦးပါဟု အတိအလင်း ဝန်ခံထားသူဖြစ်သဖြင့် ပြည်သူ၏ ထောက်ခံမှု တရှိန်ထိုး တိုးတက်လာနေသည့် ပုဂ္ဂိုလ်ပင်ဖြစ်သည်။ ထို့ကြောင့် နောင်လာမည့် ရွေးကောက်ပွဲတွင် သူရဦးရွှေမန်း မည်သည့်နေရာက ကစားမည်ဆိုသည်မှာ စိတ်ဝင်စားဖွယ် ကောင်းနေသည်။

ထိုကဲ့သို့ပင် စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ရထားဝန်ကြီး ဦးအောင်မင်းတို့မှာ ပြည်သူတွေ၏ လိုလားချက်တွေ၊ ဆန္ဒတွေကို အတတ်နိုင်ဆုံး အကောင်အထည် ဖော်ပေးနေသည်။ လတ်တလောတွင် မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ခဲ့သည့် ဝန်ကြီးဦးစိုးသိန်းမှာ ပြည်သူကြားတွင် သူရဲကောင်း ဖြစ်နေပြန်သည်။

ထိုအခြေအနေကို သမ္မတကြီး ဦးသိန်းစိန်ကလည်း ဖန်တီးခဲ့ဖူးပါသည်။ ပင်စင်လစာများကို တိုးမြှင့်ပေးလိုက်ခြင်းပင် ဖြစ်သည်။ သို့ရာတွင် ထိုကိစ္စမှာ နှစ်ပေါင်းများစွာ မျှော်လင့်ချက်ကြီးကြီး၊ စိတ်ကူးအိပ်မက်တွေကို ငတ်မွတ်နေကြသော ပြည်သူလူထုကြီးအတွက် ဆင့်ပါးစပ် နှမ်းပက်ယုံသာ ရှိသည်။ ပြည်သူတွေသိသည်မှာ သမ္မတကြီးက ရိုးသားသည်၊  နိုင်ငံကို တိုးတက်စေချင်သည်၊ သို့ရာတွင် ခပ်ကြမ်းကြမ်းကိုမှ နှစ်သက်သော ပြည်သူတွေက သမ္မတကြီးကို အပြစ်မဆိုသော်လည်း အားမလိုအားမရ ဖြစ်နေကြသည်။ ထိုသို့သော အခြေအနေတွင် သမ္မတကြီးက မြစ်ဆုံစီမံကိန်းကို ရပ်တန့်ကြောင်း ထုတ်ပြန်ခဲ့သဖြင့် ပြည်သူနှစ်သက်မှု မီတာတံက သမ္မတကြီးဘက်မှာ ထိုးတက်သွားသည်။

“ပြောရရင်၊ ဒါက လွှတ်တော်နဲ့ သမ္မတနဲ့ လူထုထောက်ခံမှု ဘယ်သူပိုရလဲဆိုတာ အားပြိုင်တာ၊ အမေရိကားမှာ တွေ့ရတဲ့ ပုံစံမျိုးပဲ၊ သမ္မတနဲ့ လွှတ်တော်နဲ့ အမြဲတမ်း အားချင်းယှဉ်တဲ့ပုံစံပေါ့၊ ကောင်းပါတယ်၊ ပြည်သူအကျိုးရှိမယ့် ကိစ္စရပ်တွေမှာ ပြိုင်ဆိုင်တာဖြစ်တယ်၊ ဒါပေမယ့် အုပ်ချုပ်ရေး အာဏာအနေနဲ့ လွှတ်တော်ရဲ့ အခန်းကဏ္ဍကိုလည်း လေးစားသမှု ရှိရပါမယ်၊  အုပ်ချုပ်ရေးပိုင်းက လုပ်ချင်တာလုပ်တယ်၊ လွှတ်တော်ရဲ့ဆန္ဒကို အသိအမှတ် မပြုဘူးလို့ လွှတ်တော်က ခံစားချက်ဝင်သွားပြီး အလုပ်မလုပ်တော့ရင်လည်း အာဏာကြီးသုံးရပ်ရဲ့ Check and Balance ပျက်သွားနိုင်တယ်၊ အကောင်းဆုံးကတော့ လွှတ်တော်နဲ့ သမ္မတနဲ့ တိုင်တိုင်ပင် ပင်လုပ်ပြီး ပြည်သူနှစ်သက်မယ့် ကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ကြဖို့ပါ” ဟု မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် အမျိုးသမီး ဒေါက်တာတစ်ဦးက ဆိုသည်။

“ပါတီအချို့နှင့် အင်အားစုအချို့တို့သည် အစိုးရအခက်အခဲ အကြပ်အတည်းတွေ့အောင်၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ကြံရွယ်၍ လှုပ်ရှား လုပ်ဆောင်မှုများ ပြုလုပ်နေကြသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့ရှိနေရပါသည်။”

အထက်ပါ စကားသည် နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းမှကောက်နှုတ်ချက်ဖြစ်ပြီး အစိုးရ အကျပ်အတည်းတွေ့အောင် လုပ်နေသည့် ပါတီအချို့နှင့် အင်အားစုအချို့ဆိုသည်မှာ မည်သည့်ပါတီကို ရည်ညွှန်းကြောင်း စဉ်းစားရခက်နေသည်။ အစိုးရက ကောင်းမည်ထင်သည့် ကိစ္စရပ်ကို ကန့်လန့်တိုက်နေသည်မှာ ကြံ့ခိုင်ရေးပါတီ ဖြစ်နေသောကြောင့်  တွေးရခက်ကြီးဟုသာ ဆိုရတော့မည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကိုယ်တိုင်ပင် ကြံ့ခိုင်ရေး၏ အထာကိုသိ၍ နိုင်ငံရေး အကျဉ်းသားကိစ္စတွင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြိုးပမ်းလိုက်ရခြင်းဖြစ်သည်။ ယခု မြစ်ဆုံကိစ္စလည်း   လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပါက အခြေအနေ မကောင်းနိုင်သည်ကို ရိပ်မိသော သမ္မတကြီးက သူတတ်နိုင်သည့် အင်အားကိုသုံး၍ ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။

“သမ္မတကြီးရဲ့ သဝဏ်လွှာထဲမှာ ပြည်သူက တင်မြှောက်တဲ့အစိုးရမို့လို့ ပြည်သူ့ဆန္ဒကို အလေးထားရမယ်ဆိုတဲ့ အချက်လေးကို ကြိုက်မိတယ်ဗျာ၊  ထပ်ပြီးတော့ လွှတ်တော်နဲ့ သမ္မတကြီးတို့ ပူးပေါင်းမှုနဲ့ ဒီစီမံကိန်းကြီးကို လုံးဝရပ်တန့်လိုက်တယ်ဆိုတာလေးလည်း ကြားချင်တယ်၊ ကြံ့ခိုင်ရေးတွေလဲ ဧရာဝတီရဲ့ သားသမီးတွေပါပဲ၊ သူတို့လည်း နိုင်ငံချစ်စိတ် လေးတော့ ရှိဦးမယ်လို့ မျှော်လင့်ပါတယ်” လူငယ်တစ်ဦးက ပြောပြသည်။

မြန်မာ့နိုင်ငံရေးကား သမ္မတအကြံပေး ဦးကိုကိုလှိုင်ပြောသကဲ့သို့ပင် အရှိန်အဟုန်ပြင်းစွာ ပြောင်းလဲလျက် ရှိနေသလို ဆရာကြီးမောင်စူးစမ်း ဆိုသလို ဇာတ်ကောင်တွေ၏ တီထွင်ဖန်တီးမှုကိုလည်း တွေ့နေရသည်။ အရာရာကို သူများထက်ပို၍ ကဲချင်၊ ညွန့်ချင်သော မြန်မာလူမျိုးတို့၏ ဗီဇအရ သူများက ဒီမိုကရေစီဆိုလျှင် ထိုထက်ပို၍ ဒီမိုကရေစီကျအောင် လုပ်ကြမည်မှာတော့ သေချာသည်။ သို့ရာတွင် တလွဲဆံပင်ကောင်း မဖြစ်ရန်တော့ လိုပေလိမ့်မည် ဖြစ်သည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

သတင်းလွှာ စာဖတ်သူများခင်ဗျာ...

   သတင်းလွှာအမှတ် ၂၉ ကိုပေးပို့လိုက်ပါတယ်။ ယခုတစ်ပတ်မှာတော့ မင်္ဂလာသတင်းများလို့ ပြောရမယ့် ဧရာဝတီမြစ်ဆုံ ရေးအားလျှပ်စစ် စီမံကိန်းကို ရပ်တန့်ပေးဖို့ သမ္မတဦးသိန်းစိန်က အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းဝေးကို သဝဏ်လွှာ ပေးပို့မှုနဲ့အတူ ပြည်သူများရဲ့ ကောင်းချီးပေးမှုကိုလည်း ရရှိခဲ့ပါတယ်။ ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ရဲ့ တတိယအကြိမ်မြောက် တွေ့ဆုံမှုဟာလည်း မင်္ဂလာတစ်ပါးပဲ ဖြစ်ပါတယ်။ ကျန်သတင်းများကတော့ တပတ်အတွင်း မှတ်သားထားဖို့ လိုအပ်တဲ့ သတင်းကောင်းများနဲ့ စီးပွားရေး၊နိုင်ငံရေးဆိုင်ရာ အတွေးအမြင်ဆောင်းပါးများကိုလည်း ပုံမှန်အတိုင်း ဖော်ပြထားပါတယ်ခင်ဗျာ။ စာဖတ်ပရိတ်သတ်များရဲ့ အကြံဥာဏ်များကိုလည်း မျှော်လင့်နေပါတယ်။


လေးစားလျှက်..
သတင်းလွှာအဖွဲ့

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.