Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၃.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. NLD ရွေးကောက်ပွဲဝင်လာပြီးနောက်

***************************************************************

ဆောင်းပါးကဏ္ဍ

NLD ရွေးကောက်ပွဲဝင်လာပြီးနောက်

NLD ရွေးကောက်ပွဲဝင်လာမှုနှင့်အတူ မြန်မာ့နိုင်ငံရေးမှာ အပြောင်းအလဲတစ်ခု ဖြစ်သွားပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရွေးကောက်ပွဲဝင်မည့်ကိစ္စကြောင့် ထိုအပြောင်းအလဲမှာ ပို၍ စိတ်ဝင်စားစရာကောင်းလာပြီး ဖြစ်နိုင်ခြေရှိသည့် အဖြေများလည်း များစွာ ပေါ်ထွက်လာခဲ့သည်။

ဘာကြောင့် နေရာပြည့်ဝင်တာလဲ

“ဒေါ်အောင်ဆန်းစုကြည်နဲ့ကျွန်တော်နဲ့လည်း တစ်ကြိမ်တွေ့ပြီးပြီ။ တွေ့ပြီးတော့ နှစ်ယောက်လုံးရဲ့ သဘောထားတွေကို ပြောခွင့်ဆိုခွင့် တွေကိုလည်း ကျွန်တော်တို့ တော်တော်လေးရတယ်။ တချို့အချက်တွေလည်း မတူတာတွေ ရှိတာပေါ့။ အဲဒီတော့ မတူတာတွေကိုတော့ ကျွန်တော်တို့ ခဏဖယ်ထားကြရအောင်။ တိုင်းပြည်ရဲ့အကျိုးစီးပွားပေါ့။ ဘုံအကျိုးစီးပွားအတွက် တူညီတာတွေကို ကျွန်တော်တို့ လက်တွဲပြီးလုပ်ကြရအောင်။ ဒီကနေ့ တိုင်းရင်းသားအားလုံးရဲ့ဆန္ဒက ဘာလဲပေါ့။ ဒီဟာကိုလဲ ကျွန်တော်တို့ ဖော်ထုတ်ဖို့လိုတယ်။ တိုင်းရင်းသားအားလုံးရဲ့ဆန္ဒက တိုင်းပြည်က တည်တည် ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ လုံလုံခြုံခြုံ ရှိချင်တယ်။ ဒီဟာတစ်ချက်၊ နောက်တစ်ခါ ကိုယ့်တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်ချင်တယ်။ ခေတ်မီတဲ့နိုင်ငံ ကျွန်တော်တို့ ဖြစ်ချင်တယ်။ ဒီနှစ်ချက်က ပြည်သူအားလုံးရဲ့ဆန္ဒပါ၊ ပြည်သူအားလုံးရဲ့ ဆန္ဒဖြစ်တဲ့အတွက်ကြောင့် ခင်ဗျားဆန္ဒလည်း ဖြစ်တယ်။ ကျွန်တော့်ဆန္ဒလည်း ဖြစ်တယ်။ ဒါကိုခင်ဗျားလက်ခံလားဆိုတော့ သူလက်ခံတယ်။ အဲတော့ ဒီတိုင်းပြည်အကျိုးရှိမယ့်ဟာတွေကို ကျွန်တော်တို့ လက်တွဲပြီးလုပ်ကြရအောင်။ ဒီလိုပြောတဲ့အတွက်ကြောင့်လည်း အခု ဒါရွေးကောက်ပွဲတို့ဘာတို့ ပြန်ပြီးတော့ ပါတီကိုမှတ်ပုံတင် ရွေးကောက်ပွဲဝင် ဘာညာ လုပ်တယ်ပေါ့။ ဘာတွေလုပ်မလဲဆိုတာ၊ ဘာကိုတွဲပြီးတော့ လုပ်ကြပြုကြမလဲဆိုတာ အခုချိန်ပြောဖို့တော့ ခက်တယ်။ သို့သော်လဲ ပြောနိုင်တာ ကတော့ တိုင်းပြည်အတွက် အကျိုးစီးပွားအတွက် ဘုံအကျိုးစီးပွားအတွက်တော့ လက်တွဲပြီးတော့လုပ်ကြမယ်ဆိုတဲ့ဟာကတော့ ဒီလိုတော့ ကျွန်တော်တို့ ပြောဆိုထားတာတွေ ရှိပါတယ်။

အထက်ပါ စကားကို သမ္မတကြီး ဦးသိန်းစိန်က အင်ဒိုနီးရှားတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြည်တွင်းပြည်ပ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှလည်း NLD ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်သည့်နေ့က သူမသဘောထားမှာ ရွေးကောက်ပွဲဝင်ရန် ဖြစ်ကြောင်း၊ စတိသဘော သုံးနေရာမျှဝင်ခြင်းထက် ၄၈နေရာလုံးဝင်ရန် ဆုံးဖြတ်ထားကြောင်း ပြောဆိုခဲ့ရာ သမ္မတကြီးနှင့် လူထု ခေါင်းဆောင်အကြား မည်မျှအတိုင်းအတာအထိ သဘောတူညီချက်တွေ ရည်မှန်းချက်တွေ ရှိနေသည်ဆို မည်သူမျှသိနိုင်မည်မဟုတ်ပေ။ သမ္မတကြီး အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲ ဝင်နိုင်ရန် ရွေးကောက်ပွဲ ဥပဒေတွေ၊ ပါတီမှတ် ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွေကို ပြင်ဆင်ပေးခဲ့သည်။ သမ္မတကြီး၏ ကမ်းလှမ်းမှုကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အပြည့်အဝ တုံ့ပြန်လိုပုံရသည့်အတွက် ၄၈နေရာလုံး ဝင်ပြိုင်ခြင်းဖြစ်နိုင်သည်။ ဤသည်မှာ သမ္မတကြီးနှင့် လူထုခေါင်းဆောင်အကြား ယုံကြည်မှုတစ်ခု တည်ဆောက်လိုက်ခြင်းဖြစ်နိုင်သည်။ ၄၈နေရာလုံး NLD အနိုင်ရရုံမျှဖြင့် လွှတ်တော်တွင် အပြောင်းအလဲကြီးကြီးမားမား ဖြစ်မသွားနိုင်သော်လည်း အစိုးရနှင့် လွှတ်တော်များအတွက် တရားဝင်မှုမှာ ပိုမိုခိုင်မာသွားနိုင်မည် ဖြစ်ပြီး အားလုံးပါဝင်သော နိုင်ငံရေးဆို သည့် အခြေအနေကိုဖန်တီးမည့် ပထမဆုံး ခြေလှမ်းလည်းဖြစ်နိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဝင်မှာလား

NLD ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရွေးကောက်ပွဲဝင်မည့် အလားအလာရှိနေသည်။ ထိုသို့ လူထုခေါင်းဆောင်ကိုယ်တိုင် ရွေးကောက်ပွဲဝင်တော့မည်ဆိုသည့်အတွက် အမြင်နှစ်မျိုးရှိလာသည်။ သူမကိုယ်တိုင် ရွေးကောက်ပွဲ ဝင်သင့် မဝင်သင့် ဆိုသည့် အခြမ်းနှစ်ခြမ်းဖြစ်သည်။

မဝင်သင့်သည့် အခြမ်းဘက်က လူထုခေါင်းဆောင်သည် ပါတီတစ်ရပ်ကို ကိုယ်စားပြု၍ လွှတ်တော်အတွင်းဝင်ရောက်သွားပါက ပါတီ၏ မူဝါဒကို ကြည့်ရတော့မည်ဖြစ်သည့်အတွက် ပြည်သူနှင့် အခြားပါတီများအတွက် လူထုခေါင်းဆောင်အဖြစ်ရှိသော သူမမှာ ပါတီတရပ်၏ ခေါင်းဆောင် အဖြစ် လျော့ကျသွားမည်ကို စိုးရိမ်မိကြောင်း ပြောဆိုကြသည်။ သူမကဲ့သို့ သြဇာရှိသူတစ်ဦးအနေဖြင့် NLD ပါတီခေါင်းဆောင်ဆိုခြင်းထက် ဒီမိုကရက် ပါတီများနှင့် NLD ကို စုစည်း၍ ဦးဆောင်သွားနိုင်သည့် အခြေအနေရှိကြောင်း၊ ထောက်ပြပြောဆိုကြသည်။ အမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဆရာကြီး သခင်ကိုယ်တော်မှိုင်းမှာ ကွန်မြူနစ်များကရော ဦးနုအစိုးရကပါ လေးစားရသူဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း သူမကို နှစ်သက်သော တပ်မတော်သား ကိုယ်စားလှယ်တစ်စိတ်တစ်ပိုင်း၊ အခြားဒီမိုကရက်ပါတီများနှင့် NLD ဟူသည့် မတူညီသည့် နိုင်ငံရေးအင်အားစုများကို ဦးဆောင်သွားနိုင်သည့် အခြေအနေရှိနေပါသည်။

ထို့ပြင် လွှတ်တော်ထဲတွင် သူမကဲ့သို့ အရှိန်အဝါကြီးမားသူတစ်ဦး ထိုင်နေခြင်းကြောင့် ပါတီငယ်များအနေဖြင့် သူမ၏ အရှိန်အဝါကို မကျော်လွန်နိုင်တော့ဘဲ သက်ဆိုင်ရာ ကိုယ်စားပြုမဲဆန္ဒနယ်များ၌ ဖြစ်ပျက်နေသည့် မတူကွဲပြားသည့် ပြဿနာများကို ဆွေးနွေးငြင်းခုန်ရာတွင် ပြဿနာရှိလာနိုင်ကြောင်း ထောက်ပြကြသည်။ ထို့ကြောင့် သူမအနေဖြင့် လွှတ်တော်ပြင်မှနေ၍ ပြည်သူလူထုနှင့် လွှတ်တော်များကို သြဝါဒ ပေးနိုင် သော နေရာမျိုးကို ယူထားသင့်သည်ဟု ဆိုကြသည်။

“တစ်အချက်က သူရွေးကောက်ပွဲ ၀င်ရမယ်။ ပြည်သူလူထုရဲ့ ရွေးချယ်တင်မြှောက်ခြင်းကို ခံရမယ်။ လွှတ်တော်ထဲ ရောက်လာမယ်။ လွှတ်တော်ထဲက တင်မြှောက်လို့ရှိရင် ဖြစ်လာမှာပါ။ ဒါကတော့ ပြည်သူ့ရဲ့ဆန္ဒပါပဲ”

ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရအဖွဲ့အတွင်း ရာထူးပေးနိုင်ခြင်း ရှိ၊မရှိဆိုသည့် မေးခွန်းကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ အထက်ပါ အတိုင်း ဖြေကြားခဲ့သည်။ သို့ဖြစ်ရာ သူမကို အားကိုးရသည့် လက်ရုံးအဖြစ် သမ္မတကြီးအနေဖြင့် အလိုရှိပုံရသည်ဟုလည်း တွက်ဆနိုင်သည်။ လက်ရှိတွင် သမ္မတအပါအဝင် အစိုးရအဖွဲ့ကို လွှတ်တော်ကိုယ်စားလှယ်များက မဲပေးရွေးချယ်သည်ဖြစ်ရာ လွှတ်တော်ထဲက ပုဂ္ဂိုလ်များကိုသာ အဆို တင်သွင်းကြခြင်းကြောင့် ရွေးကောက်ပွဲဝင်ပါမှ အစိုးရအဖွဲ့တွင် ရာထူးရယူနိုင်မည့်ပုံစံရှိသည်။ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော် ပြင်ပမှ ပုဂ္ဂိုလ်များလည်း အစိုးရအဖွဲ့တွင် ပါဝင်နိုင်ပါသည်။ ယခုလက်ရှိ နိုင်ငံခြားရေးဝန်ကြီးမှာ ရွေးကောက်ပွဲဝင်ခြင်းမပြုဘဲ ရာထူးခန့်အပ်ခြင်း ခံခဲ့ရသည့်အချက်ကို စဉ်းစားနိုင်သည်။

နိုင်ငံနှင့် လွှတ်တော်ပုံရိပ်တက်လာနိုင်

မည်သို့ပင်ဆိုစေကာမူ သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်တို့ကဲ့သို့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ ပြည်သူ၏ ယုံကြည်ကိုးစားမှုရလာသော သမ္မတ ဦးသိန်းစိန်တို့ကို နိုင်ငံတကာတွင်ရော ပြည်သူလူထုအပေါ်တွင်ပါ သြဇာညောင်းသည့် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာခြင်းက နိုင်ငံတကာတွင် မြန်မာ၏ ပုံရိပ်ကို တက်လာစေရုံသာမက ပြည်သူအားလုံး၏ နိုင်ငံရေးနိုးကြားမှု မြင့် တက်လာစေမည်ဆိုသည်ကတော့ သေချာသည့်ကိစ္စ ဖြစ်သည်။

နိဂုံးချုပ်ဆိုရလျှင်

NLD ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ပြီးနောက်တွင် မြန်မာ့နိုင်ငံရေး တစ်ဆစ်ချိုးပြောင်းလဲသွားပြီဟု ယေဘုယျဆန်ဆန် ဆိုရမည် ဖြစ်သော်လည်း ယခုချိုးလိုက်သည့် တစ်ဆစ်ချိုးမှာ နောက်ထပ်ချိုးစရာ မရှိတော့ဘဲ ရှေ့တည့်တည့်သို့ တူရှုရမည့် လမ်းကြောင်းတစ်ခုသာ ဖြစ်တော့သည်။ ဆိုလိုသည်မှာ ဝိဝါဒကွဲပြားမှုတွေ ဖြင့် အပြင်းအထန်ပြိုင်ဆိုင်ခဲ့ကြသော ဗိုလ်ချုပ်ဟောင်းများနှင့် ဒီမိုကရေစီဒေါင်ဒေါင်မြည်ကြီးများမှာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းသော ရွေးကောက်ပွဲဟူသည့် လမ်းကြောင်းတစ်ခုတည်းပေါ်သို့ အတူတကွ တက်ရောက်သွားပြီဖြစ်ရာ ဘုံသဘောတူညီမှုတစ်ခု (သို့) ယာယီပန်းတိုင်တစ်ခုတော့ ရှိသွားခဲ့ပြီဖြစ်သည်။ အဆိုပါ ပန်းတိုင်သို့သွားရာတွင် အဖွဲ့အစည်းတစ်ခုအတွင်း ဖြစ်လေ့ ဖြစ်ထရှိသော အမြင်ကွဲပြားမှုမျိုးသာ ရှိတော့မည်ဖြစ်ပြီး တစ်ဖွဲ့တည်း၊ ပန်းတိုင်တစ်ခုတည်း ဖြစ်နေပြီဖြစ်သည့်အတွက် ဆန့်ကျင်မှုများထက် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများသာ ဖြစ်ပါလိမ့်မည်။

****************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၂၃.၁၁.၂၀၁၁

ပြည်တွင်းသတင်းများ

  1. စွယ်တော်ရောက်နေချိန် သောက်တော်ရေခွက်မှ စွယ်တော်တစ်ဆူ ထပ်ပေါ်
  1. အိန္ဒိယ၏ ချေးငွေဖြင့် ဆည်ရေသောက်စနစ်များ ဆောင်ရွက်မည်
  2. ထွက်ရှိမည့် စပါးအလားအလာတွက်ပြီးမှ ပြည်ပတင်ပို့ရန် ဆုံးဖြတ်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. NLD မှတ်ပုံတင်ရန် နိုဝင်ဘာ ၂၅ရက်နေ့ စတင် လုပ်ဆောင်မည်
  2. ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် စီးပွားရေးကိုသာ အလေးပေးသည့် အစိုးရဖြစ်ကြောင်း ဝေဖန်
  3. မဟာဗျူဟာမြောက် ကိုကိုးကျွန်းတွင် စစ်ဖက်လေယာဉ်ကွင်း တိုးချဲ့တည်ဆောက်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************************************************************

ပြည်တွင်းသတင်းများ

စွယ်တော်ရောက်နေချိန် သောက်တော်ရေခွက်မှ စွယ်တော်တစ်ဆူ ထပ်ပေါ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြတ်စွယ်တော် ရန်ကုန်သို့ ကြွရောက်နေချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်ရှိ နေအိမ်တစ်အိမ်၏ သောက်တော်ရေခွက်မှ စွယ်တော်အရိပ်တစ်ဆူ ပေါ်လာကြောင်း သိရသည်။

ရန်ကုန်သို့စွယ်တော် ကြွရောက်လာသည်ကို ယင်းမိသားစုမှ ဖူးမြော်နေစဉ် ဘုရားသောက်တော် ရေခွက်ထဲတွင် စွယ်တော်နှင့်သဏ္ဍန်တူသည့် အရာဝတ္တုတစ်ခုပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ပေါက်ကုန်းရပ်ကွက်တွင် နေထိုင်သူ ဒေါ်တင်လှက ပြောကြားသည်။

“မနေ့က ည ၁၁ နာရီကျော်ကတည်းက ဘုရားဖူးတွေလာနေတာ အခုထက်ထိပဲ။ လုံခြုံရေးတွေတောင် မနိုင်ဘူး။ တန်းစီပြီး ဘုရားဖူးနေရ တယ်”ဟု ယင်းက ဆက်လက်ပြောဆိုသည်။

နိုဝင်ဘာ ၂၂ ရက်နေ့ည ရှစ်နာရီကျော်အချိန်မှ စတင်ကာ စွယ်တော်နှင့်တူသည့်အရာဝတ္ထု စတင်ပေါ်လာခြင်းဖြစ်ပြီး အဆိုပါ အရာဝတ္ထုအား သက်ဆိုင်ရာတာဝန်ရှိသူများမှ လာရောက်စစ်ဆေးပြီး ဖြစ်ကြောင်း သိရသည်။

“သူတို့စစ်ဆေးသွားတာပဲ၊ ဘာကြောင့်ဆိုတာ ထုတ်မပြောသွားဘူး”ယင်း အိမ်ပိုင်ရှင် ဦးသိန်းလှက ပြောကြားသည်။

သက်ဆိုင်ရာတာဝန်ရှိသူများက စွယ်တော်နှင့်ဆင်တူသည့် အရာဝတ္ထပေါ်နေသည့် ဖန်ခွက်ထဲမှရေများအား သွန်ပစ်ခြင်း၊ လက်နှင့်မွှေနှောက် ရှာဖွေခြင်းများ ပြုလုပ်သော်လည်း ယင်းအရာမှာပေါ်နေကြောင်း ဦးသိန်းလှက ဆက်လက် ပြောကြားသည်။

“နောက်တော့ သူတို့လက်လျော့သွားတယ်။ လုံခြုံရေးလည်း ချပေးထားတယ်။ ဘုရားဖူးတွေလည်း မစဲဘူး”ဟု ယင်းက ပြောကြားသည်။

နေပြည်တော်တွင် ၁၆ ရက်ကျော် အဖူးမြော်ခံသည့် ဗုဒ္ဓမြတ်စွယ်တော်သည် နိုဝင်ဘာ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကမ္ဘာအေးလိုဏ်ဂူသို့ ရောက်ရှိလာပြီး ဒီဇင်ဘာ ၇ ရက်နေ့အထိ အများပြည်သူတို့၏ ဖူးမြော်မှုကို ခံယူမည် ဖြစ်ကာ၊ မန္တလေးမြို့သို့ ဆက်လက်ကြွရောက် မည်ဖြစ်သည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

အိန္ဒိယ၏ ချေးငွေဖြင့် ဆည်ရေသောက်စနစ်များ ဆောင်ရွက်မည်

အိန္ဒိယသမ္မတနိုင်ငံ၏ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖြင့် မြန်မာနိုင်ငံ၏ ကျန်ရှိသော ဆည်ရေသောက်စနစ်အားလုံးကို ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားကြောင်း သိရသည်။

“အိန္ဒိယကနေ ဒေါ်လာသန်း ၂၀၀ ချေးငွေရပါမယ်။ အဲဒါနဲ့ ဆည်ရေသောက်စနစ်အားလုံးပြီးအောင် လုပ်ပါမယ်” ဟု ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားကြောင်း သိရသည်။

ဆည်မြောင်းဦးစီးဌာနမှ ရရှိသောစာရင်းဇယားများအရ မြန်မာနိုင်ငံတွင် ယခုနှစ်အထိ ဆည်၊ တာတမံပေါင်း ၃၇၁ ခု အထိ တည်ဆောက် ထားပြီး ယင်းဆည် တာတမံများ၏ စိုက်ပျိုးရေ ပေးဝေနိုင်ရေးမှာ ဧကပေါင်း လေးသန်းကျော်ရှိကြောင်း သိရသည်။

ယခုကဲသို့ ငွေကြေးအရင်းအနှီးဖြင့် ဆည်ရေသောက်လုပ်ငန်းများကို ဆောင်ရွက်လာခြင်းသည် စိုက်ပျိုးတောင်သူများအတွက် အကျိုးရလဒ် များ ရရှိလာနိုင်မည်ဖြစ်ကာ စိုက်ပျိုးထုတ်လုပ်ရေးပိုင်းတွင်လည်း ပိုမိုထုတ်လုပ်လာနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးလေ့လာသူပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

Ref : 7 Day News

-----------------------------------------------------------------------------------------------------------------------------------

ထွက်ရှိမည့် စပါးအလားအလာတွက်ပြီးမှ ပြည်ပတင်ပို့ရန် ဆုံးဖြတ်မည်

မြန်မာနိုင်ငံအတွင်း လယ်ဧကများမှ မိုးစပါးနှင့် နွေစပါး စိုက်ပျိုးမှုများမှ ထွက်ရှိမည့် စပါးအလားအလာများကို တွက်ပြီးမှသာ ပြည်ပသို့ ဆန် စပါးတင်ပို့ရောင်းချရန် ပမာဏကိုဆုံးဖြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်တွင်း လုပ်ငန်းရှင်များမှ ပြည်ပသို့ ဆန်တန်ချိန် ငါးသောင်းတင်ပို့ခွင့်ပြုရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ ခွင့်ပြုချက်တောင်းခံရာတွင် ပြည်တွင်း ဆန်ထွက်ရှိမှုအပေါ်မူတည်၍ ပြည်ပသို့ ဆန်တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခင်က မြန်မာ့ဆန်ကို ပြည်ပဈေးကွက်သို့ လစဉ်တန်ချိန် လေးသောင်းကျော် တင်ပို့နိုင်ရန် စီစဉ်ထားခဲ့သော်လည်း စက်တင်ဘာလနှင့် အောက်တိုဘာလတွင် မြန်မာနိုင်ငံအတွင်း ရာသီဥတုဖောက်ပြန်မှုများ၊ လယ်မြေလုပ်သားရှားပါးမှုများကြောင့် ပြည်ပသို့ တင်ပို့နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်မှ ပြည်တွင်း အဓိကထွက်ရှိသည့် စပါးသီးနှံအထွက်တိုးရေးကို အဓိကဆောင်ရွက်လျက်ရာ၌ လယ်သမားများ၏ ဆန္ဒကို ဦးစားပေး၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ယခုနှစ်ပိုင်းတွင် ရာသီဥတုဖောက်ပြန်မှုများကြောင့် ပျက်စီးခဲ့သော လယ်ယာမြေများတွင် ဆုံးရှုံးသွားသည့် စပါးများအတွက် အစားထိုးဖြည့် တင်းနိုင်ရန် စီစဉ်ထားသည့်အပြင် ရေလုံလောက်စွာ ရရှိသည့် ဒေသများတွင်လည်း နွေစပါးစိုက်ပျိုးရန် အကြံပြုလိုကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၅ ဒသမ ၃၇ သိန်း တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင် ဆန်တန်ချိန် လေးသိန်းနီးပါး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

                                                                                                                            YC

************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

NLD မှတ်ပုံတင်ရန် နိုဝင်ဘာ ၂၅ရက်နေ့ စတင် လုပ်ဆောင်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရန် ကိစ္စရပ်များကို လာမည့် နိုဝင်ဘာ ၂၅ရက်နေ့ သောကြာနေ့တွင် စတင်လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

နေပြည်တော်တွင် ရုံးစိုက်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ NLD ပါတီသည် နိုင်ငံရေးပါတီတစ်ခုအဖြစ် မှတ်ပုံတင်လိုသည်ကို ဦးဥာဏ်ဝင်းနှင့် ဦးဝင်းထိန်က သွားရောက်အကြောင်းကြားမည် ဖြစ်ကြောင်း ယင်းပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ထုတ်ဖော်ပြောကြားသည်။

 “ဒီနေ့လုပ်တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးမှာ နေပြည်တော်ကို သောကြာနေ့သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအဆင့် လုပ်ပြီးမှ မှတ်ပုံတင်ဖို့ကို ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ထပ်သွားမှာပါ”ဟု ယင်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန်နှင့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် နိုဝင်ဘာ ၁၈ရက် ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။

တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်သည့်အပြင် တစ်နိုင်ငံလုံးရှိ NLD အဖွဲ့ဝင်များကိုလည်း ပြန်လည်စုဖွဲ့စည်းရန်ကိုလည်း လုပ်ဆောင်ရန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လူငယ်တာဝန်ခံတစ်ဦးက ပြောကြားသည်။

“တစ်နိုင်ငံလုံးမှာ သန်းနဲ့ချီရှိတဲ့ ပါတီဝင်တွေကို ပြန်လည်စုဖွဲ့ဖို့ ကိစ္စရပ်တွေ လုပ်ဆောင်ဖို့ရှိပါတယ်”ဟု ယင်းက ပြောကြားသည်။

မကြာမီကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်လည်း ၀င်ရောက်ယှဉ်ပြိုင်ရန် ရှိကြောင်း သိရသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် စီးပွားရေးကိုသာ အလေးပေးသည့် အစိုးရဖြစ်ကြောင်း ဝေဖန်

ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် စီးပွားရေးဆိုင်ရာကိစ္စများကိုသာ အလေးပေးနေသည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဝေဖန်ပြောကြားကြောင်း သိရသည်။

“ရန်ကုန်အစိုးရဟာ စီးပွားရေးကိုပဲ လုံးပန်းနေတဲ့ အစိုးရဖြစ်နေတယ်။ လွှတ်တော်မှာလည်း တင်သွင်းတဲ့ မေးခွန်းနှစ်ခု၊ သုံးခုလောက်သာ လူမှုရေးနဲ့ဆိုင်တာတွေပါတယ်” ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ်မျတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဒီမိုကရက် တစ် ပါတီ(မြန်မာ)ရုံးခန်း၌ ပြုလုပ်သော လွှတ်တော်အတွေ့အကြုံများ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးသည် တစ်နိုင်ငံလုံး၏ GDP ၏ ၂၀% ကျော်ကို ရှာဖွေပေးရသော တိုင်းဒေသကြီး ဖြစ်သည်။ စီးပွားရေးသည် အရေးကြီးသည်မှာ မှန်သော်လည်း လူမှုရေးကိစ္စများဖြစ်သည့် ကျန်းမာရေး၊ ပညာရေးစသည့် အရာများသည်လည်း ဦးစားပေးဆောင်ရွက်သင့်သော ကိစ္စများဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားကြောင်း သိရသည်။

Ref : 7 Day News

-----------------------------------------------------------------------------------------------------------------------------------

မဟာဗျူဟာမြောက် ကိုကိုးကျွန်းတွင် စစ်ဖက်လေယာဉ်ကွင်း တိုးချဲ့တည်ဆောက်

မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် ကျွန်းဖြစ်သည့် ကိုကိုးကျွန်းရှိ စစ်ဖက်လေယာဉ်ကွင်းအား တိုးချဲ့တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လေယာဉ်ကွင်းအား ငါးနှစ်စီမံကိန်းဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး အမှတ်(၉၅၁) စစ်အင်ဂျင်နီယာတပ်ရင်းမှ တာဝန်ယူ တည်ဆောက် နေခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကို တည်ဆောက်ခိုင်းတာတော့ ပေငါးထောင်အထက်လို့ ပြောတယ်။ မနှစ်က အောက်တိုဘာမှာ စတာဆိုတော့ တစ်နှစ် လောက် ပြီးသားပါပြီ”ဟု ယင်းလေယာဉ်ကွင်း တည်ဆောက်ရာတွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။

ယခုအခါ လေယာဉ်ပြေးလမ်း အရှည်တိုးချဲ့ခြင်း၊ ကွင်းပတ်လည် ပြုပြင်ခြင်းနှင့် လေဆိပ် အဆောက်အဦး တည်ဆောက်ခြင်း လုပ်ငန်းများကို တပြိုင်နက်တည်း လုပ်ဆောင်နေကြောင်း သိရသည်။

ကိုကိုးကျွန်းလေယာဉ်ကွင်းသည် ပေးငါးထောင်ရှိသည့် လေယာဉ်ကွင်းတစ်ကွင်းဖြစ်ပြီး၊ တပ်မတော်လေယာဉ်များ အမြဲတစေ ဆင်းသက်နေ သည့် လေယာဉ်ကွင်းဖြစ်ကြောင်း သိရှိရသည်။

ကျွန်း၏ သွားလာရေးဆက်သွယ်ရေးအတွက် ကြယ်ငါးပွင့်ရေကြောင်းလိုင်းနှင့် တပ်မတော်(ရေ)၏ ရေယာဉ်များကို အားကိုးရကြောင်း ယင်း ကျွန်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အစိုးရဝန်ထမ်းတစ်ဦးက ပြောကြားသည်။

“တိုက်လေယာဉ်တွေ ဆင်းနေတာတော့ ရှိတယ်”ဟု ယင်းက ဆက်လက်ပြောကြားသည်။

YC(KS)

************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“မြန်မာနိုင်ငံမှာစတော့ဈေးကွက်ထဲကိုဝင်ဖို့ အစုရှယ်ယာ ၅၀ ထက်ပိုတဲ့ Public (အများပိုင်) ကုမ္ပဏီတွေ ရှိတော့ ရှိနေပါပြီ။ လိုတော့ လိုသေးတာပေါ့။ ဒီစနစ်ကစနိုင်ဖို့သင့်တာကြာပါပြီ။ နိုင်ငံတကာမှာဆိုရင် စတော့အိတ်ချိန်းကြောင့်ပဲ ကုမ္ပဏီကြီးတွေက အရမ်းကြီးထွားလာနေလို့ ဆန္ဒတောင် ပြကြတဲ့ အဆင့် ရောက်တယ်။ မြန်မာမှာလဲ စီးပွားရေးလုပ်ငန်း တွေကို ဖွံ့ဖြိုးတိုးတက်စေဖို့ စတော့အိပ်ချိန်းက အလွန်လိုအပ်နေပါတယ်”

နိုဝင်ဘာ ၂၄ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် အမှတ် (၄၅) တွင်ပါသည့် “စတော့ထူထောင်ရေး ပါတနာအဖြစ် ရွေးချယ်ပါက အခြေခံမှ စတင်၍ ကူညီပေးမည်ဟု မဲခေါင်ဒေသတွင် အောင်မြင်နေသော ကိုရီးယား KRX ကုမ္ပဏီ ပြောကြား” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

Voice: အရင် ၁၉၉၀ ရွေးကောက်ပွဲအပြီးကာလတုန်းကလည်း ပါတီတွေ တစ်စုတစ်စည်းတည်းပေါင်းဖို့ လုပ်ခဲ့ကြတုန်းက NLD က လျှောက် လွှာတင်ခိုင်းခဲ့တဲ့အပေါ် တိုင်းရင်းသားပါတီတချို့က သိပ်အမြင်မကြည်လင်ခဲ့တာကို တွေ့ရပါတယ်။ အခုအန်ကယ်ပြောတဲ့ NLD နဲ့ NLD မဟုတ် သော ဒီမိုကရေစီအင်အားစုပါတီတွေ တစ်စုတစ် စည်း တည်းပေါင်းစည်းဖို့က အဆင်ပြေနိုင်ပါ့မလား။

USMM: အားကြီးတဲ့သူက အားနည်းတဲ့သူကို ဦးဆောင်မယ်ဆိုတဲ့ အယူအဆမှားတယ်ဆိုတာ သမိုင်းမှာ ပြခဲ့ပြီးသားပါ။ ဒီလိုဖြစ်ရတာလည်း လက်ဝဲ အယူအဆတွေရဲ့ လွှမ်းမိုးမှုနဲ့လည်း မကင်းခဲ့ကြလို့ပါ။ အခုဒီမိုကရေစီ စနစ်ကို ကျင့်သုံးပြီးလို့ပြောရင် ဒီမိုကရေစီရဲ့ အခြေခံသဘောတရားကို ဘာကြောင့် မလိုက်နာနိုင်ရမှာလဲ။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိတယ်ဆိုတဲ့မူကို ဘာလို့လက်မခံရမှာလဲ။ အဲဒါကို လက်မခံရင်တော့ ဒီမိုကရေစီလို့ ပြောပြီးရယ်စရာ ဖြစ်နေပါလိမ့်မယ်။ မတူတဲ့လူတွေနဲ့ တည့်အောင်နေနိုင်ရပါမယ်။ မတည့်တဲ့လူနဲ့ တော့ အတူနေလို့မရပါဘူး။

နိုဝင်ဘာ ၂၁ ထုတ် The Voice အတွဲ (၇) အမှတ် (၄၉) တွင်ပါသည့် “ဦးစောမြင့်မောင်နှင့် အင်တာဗျူး” ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကျွန်တော်တို့ နိုင်ငံဟာလည်းအခုအချိန်မှာ အဲဒါကို နက်နက်ရှိုင်းရှိုင်း သဘောပေါက်လာခဲ့ကြသူများက အဲဒီကျိန်စာက ဖယ်ရှားနိုင်ဖို့ ကြိုးစားနေကြ ပြီဗျာ။ တစ်နည်းပြောရရင် နိုင်ငံရဲ့ဘိုးဘွားပိုင် သယံဇာတအရင်းအမြစ်များကို နိုင်ငံသားတိုင်း၊ လူမျိုးစုတိုင်း တရားမျှတစွာ တန်းတူညီမျှ ခံစားခွင့် ရှိစေမယ့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့ ကြိုးပမ်းနေကြပြီဗျာ။ အားလုံးသိကြတဲ့အတိုင်း ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူတွေအတွက် ပြည်သူတွေ ကိုယ်တိုင် ပါဝင်တည်ဆောက်တဲ့ ပြည်သူ့အစိုးရစနစ်ဖြစ်တာမို့ ဒီစနစ်ဟာ နိုင်ငံကောင်းစားရေးအတွက် လူတိုင်းမှာတာဝန်ရှိတဲ့ စနစ်ဖြစ်တယ်ဗျ။ ဒါကြောင့် ကုန်လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော် လာလတုန်းကလို မကောင်းလည်း အစိုးရကြောင့်၊ ကောင်းလည်း အစိုးရကြောင့်ဆိုပြီး အစိုးရတစ်ခုတည်း အပေါ်ကို ချည်းပုံချပြီး ပြည်သူတွေက နေသာသလိုနေ၊ ပျင်းရိငြီးငွေ့ တွေဝေငိုက်မြည်းနေလို့ရတဲ့စနစ်မျိုး မဟုတ်တော့ဘူးဗျ။ မြန်မာပြည် ကောင်းစား ရေးအတွက် မြန်မာနိုင်ငံသားတိုင်း (ဗမာအပါအဝင် တိုင်းရင်းသားအားလုံး) ထထကြွကြွ လုံးလဝီရိယအပြည့်နဲ့ ရုန်းကန်လှုပ်ရှား နေကြရမယ်ဆိုတာကို ‘မပျင်းနဲ့’ ဆိုတဲ့ စာသားလေးက တောင်းဆိုနေတာဖြစ်တယ်ဗျ”

နိုဝင်ဘာ ၂၄ ထုတ် Venus News အတွဲ (၃) အမှတ် (၁၉) တွင်ပါသည့်ဆောင်ပါးရှင် မောင်ဝံသ၏ “နှုတ်တက်ရွရွရွတ်နေကြရမယ့် ဂါထာ တစ်ပုဒ်” ဆောင်းပါးမှ ကောက်နှုတ်ချက်

************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs