Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃၀.၁၂.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. နိုင်ငံရေးလုပ်ရမှာ မကြောက်ပါနဲ့

********************************

ဆောင်းပါးကဏ္ဍ

နိုင်ငံရေးလုပ်ရမှာ မကြောက်ပါနဲ့

မောင်ဝံသ

(ဒီဇင်ဘာ ၂၉ ထုတ် Popular News  အတွဲ (၃) အမှတ် (၅၀) မှ ထုတ်ယူဖော်ပြသည်)

ကြောက်စိတ်ဟာ လူသားရဲ့ မွေးရာပါပစ္စည်းတစ်ခု ဖြစ်တယ်လို့ မနုဿဗေဒ ပညာရှင်တွေက ဆိုတယ်ဗျ။ အားလုံးသိကြတဲ့ အတိုင်း ခွန်အား အင်မတန် ကြီးမားတဲ့ ဒိုင်နိုဆောတို့လို သတ္တဝါကြီးတွေ၊ ရှည်လျားတဲ့ အစွယ်ရှိတဲ့ ဆင်လိုသတ္တဝါကြီးတွေ၊ ခွန်အားရော၊ လျင်မြန်ဖျတ်လတ်မှုပါရှိတဲ့ ကျားတွေ၊ ခြင်္သေ့တွေလို သတ္တဝါတွေ၊ အင်မတန် အဆိပ်ပြင်းတဲ့ မြွေလို၊ ကင်းလို သတ္တဝါတွေအလယ်မှာ အဲဒီစွမ်းပကားတွေ တစ်ခုမှမပါဘဲ မွေးဖွားပေါ်ပေါက်လာရတဲ့ လူသားတွေအဖို့ ပတ်ဝန်းကျင်မှာ   မြင်မြင်သမျှဟာ ကြောက်စရာတွေချည်း ဖြစ်ခဲ့မှာအမှန်ပဲဗျာ။ အဲဒီ သတ္တဝါကြီးတွေအပြင် မြေငလျင်လှုပ်တာ၊ မီးတောင်ပေါက်ကွဲတာ၊ မိုးကြိုး ပစ်တာ၊ ရေကြီးတာ၊ တောမီးလောင်တာ စတဲ့သဘာဝဘေးဆိုးတွေကိုပါ ကြုံတွေ့ရပြန်တော့ ကြောက်စိတ်ဟာ လူသားတွေစိတ်ထဲ စွဲစွဲမြဲမြဲ မြစ်တွယ်လာခဲ့ပြီး ကြောက်စိတ်ဗီဇဟာ မျိုးဆက်တစ်ခုကတစ်ခုကို လက်ဆင့်ကမ်းခဲ့တဲ့အရာ ဖြစ်လာခဲ့တယ်ဗျ။ ဒီကနေ့ သိပ္ပံပညာ အတော်ကလေးမြင့်မားတိုးတက်တဲ့ ခေတ်ကာလ ရောက်နေတာတောင်မှ လူအတော်များများ အမှောင်ကိုကြောက်တာ။ မိုးသဲကြီးမဲကြီးရွာရင် ကြောက်တာ၊ မြွေကိုမြင်ရင် ကြောက်တာစတဲ့ ကြောက်စိတ်တွေဟာ လူသားဘိုးဘေးဘီဘင်တွေရဲ့ မျိုးဗီဇတစ်ခု ဖြစ်တယ်လို့ မနုဿဗေဒပညာရှင်တွေက ယူဆကြောင်း ကျွန်တော် ဖတ်ခဲ့ရဖူးတယ်ဗျ။

အကြောက်လွန်ပြီဆိုရင်

မနုဿဗေဒ အယူအဆအရ ကြောက်စိတ်ဟာ လူသားရဲ့မွေးရာပါဗီဇတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တာမို့ လူတွေကြောက်တတ်တာ ဆန်းတဲ့ ကိစ္စတော့ မဟုတ်ဘူးဗျ။ ဒါဟာ မူမှန်တဲ့ ကိစ္စတစ်ခုလိုပဲ ဆိုရမယ်ဗျ။ ဒါပေမဲ့ လူတစ်ယောက်၊ လူ့အသိုင်းအဝိုင်းတစ်ခု၊ လူ့အဖွဲ့အစည်း တစ်ခုဟာ တစ်စုံတစ်ခုကို ကြောက် သင့်တဲ့ အတိုင်းအတာထက် ပိုပြီးကြောက်ရွံ့နေပြီဆိုရင်တော့ အဲဒါဟာ အင်္ဂလိပ်လို လို့(Phobia) ခေါ်တဲ့ အကြောက်လွန်ကဲမှု ဖြစ်နေပြီဆိုတဲ့ သဘောပဲဗျ။ မြွေကိုမြင်လိုက်တာနဲ့ လူတိုင်း တွန့်ခနဲဖြစ်သွားကြတာ သဘာဝဖြစ်ပေမယ့် တစ်ကိုယ်လုံး ချွေးစေးတွေပြန်ပြီး လှုပ်မရရှားမရ ဖြစ်သွားတာ။ သတိမေ့မျော သွားတာမျိုးကတော့ ဖိုးဘီးယားသာ ဖြစ်တယ်ဗျ။ ကြောက်တာဟာ စိတ်ရောဂါ မဟုတ်ပေမယ့် အကြောက်လွန်တာကတော့ စိတ်ရောဂါတစ်ခု ဖြစ်တာမို့ အဲဒီလူ၊ အဲဒီလူ့အသိုင်းအဝိုင်း၊ အဲဒီ လူ့အဖွဲ့အစည်းဟာ စိတ်ရောဂါ စွဲကပ်နေပြီ၊ မူမမှန်တော့ဘူးလို့ ပြောရတော့မှာပဲ ဖြစ်တယ်ဗျ။ စိတ်ရောဂါရှင်တစ်ယောက် သူ့ကိုယ်သူ မစောင့်ရှောက်နိုင်၊ သူ့ဘဝအတွက် လှပတဲ့အနာဂတ်တစ်ခုကို ဘယ်လိုနည်းနဲ့မှ တည်ဆောက်နိုင်မှာ မဟုတ်သလိုပဲ စိတ်ရောဂါစွဲကပ်ပြီ။ မူမမှန်တဲ့ လူ့အဖွဲ့ အစည်း တစ်ခုဟာလည်း ငြိမ်းချမ်းသာယာ စည်ပင်ဝပြောတဲ့ အနာဂတ်တစ်ခုကို မဖန်တီးနိုင်တော့မှာ သိပ်ကို သေချာတယ်ဗျ။

အကြောက်လွန်သူ အာဏာရလျှင်

လူ့သမိုင်းတစ်လျှောက်မှာ လူရည်နည်းနည်း ပိုလည်တဲ့အလွှာတစ်ခုက ကျန်တဲ့လူအများစုကြီးရဲ့ ကြောက်စိတ်ကို ဖိုးဘီးယား အဆင့်သို့ ရောက်သွား အောင် ပါးပါးနပ်နပ် ပဲ့ကိုင်စေစားတွန်းပို့ပြီး လူသားအားလုံး ပိုင်ဆိုင်တဲ့ အရင်းအမြစ် ဓနဥစ္စာနဲ့ မွေးရာပါပိုင်ဆိုင်ခွင့်တွေကို မောင်ပိုင်စီးခဲ့ကြတာ သမိုင်းကို ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာသူတိုင်း အသိဖြစ်တယ်ဗျ။ သမိုင်းဖြစ်ရပ် တချို့မှာကျတော့လည်း အကြောက်လွန်ရောဂါ စွဲကပ်နေသူတွေကိုယ်တိုင် အာဏာရလာကြပြီး သူတို့က လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဒုက္ခပင်လယ်ဝေအောင် လုပ်ခဲ့ကြတာတွေလည်း ရှိခဲ့တယ်ဗျ။ အမုန်းတရားကြောင့် အဲသလိုလုပ်ခဲ့ကြတာ ဖြစ်ပေမယ့် စိတ်ပညာ သဘောအရ အမုန်းတရားဆိုတာ အကြောက်တရားရဲ့ အမြင့်ဆုံးအဆင့် ဖြစ်တာမို့ အခြေခံကတော့ အကြောက်တရား၊ အကြောက်လွန်ကဲမှုပဲ ဖြစ်တယ်ဗျ။ နာဇီအာဏာရှင် ဟစ်တလာက ဂျူးလူမျိုးခြောက်သန်းလောက်ကို ရက်ရက်စက်စက် သုတ်သင်ရှင်းလင်းခဲ့တာ ခမာနီတွေက ကမ္ဘောဒီးယား ပညာတတ်တွေကို သုတ်သင်ခဲ့တာ၊ ရဝမ်ဒါမှာ ဟူတူတွေက တွတ်ဆီတွေကို သတ်ဖြတ်ခဲ့တာ၊ ဘောစနီးယားမှာ ဆာ့ဘ်တပ်ဖွဲ့တွေက မူဆလင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာ။ ဆူဒန်နိုင်ငံ ဒါဖူးဒေသမှာ အာရပ်နွယ်ဖွားအစိုးရရဲ့ ကျောထောက်နောက်ခံပေးမှုနဲ့ အာရပ်နွယ်ဖွား ဂျန်ဂျာဝိ မြင်းစီး သေနတ်ကိုင်တွေက အာဖရိကနွယ်ဖွား ပြည်သူတွေကို နှိပ်စက် ညှဉ်းပန်းသတ်ဖြတ်ခဲ့တာ စတဲ့လုပ်ရပ်တွေအားလုံးရဲ့ ပင်မလှုံ့ဆော်မှု အကြောင်းရင်းက ဖိုးဘီးယားပဲ ဖြစ်တယ်ဗျ။

နိုင်ငံခြားသားကြောက် ရောဂါ

သေသေချာချာ ပြန်ပြီး လေ့လာသုံးသပ်ကြည့်လိုက်ရင် ကျွန်တော်တို့ နိုင်ငံမှာလည်း ဖိုးဘီးယားတွေ ရှိခဲ့တာကို တွေ့ရမှာပဲဗျာ။ နှစ်ပေါင်း တစ်ရာကျော် လူမျိုးခြား လက်အောက်မှာ ကျွန်သားပေါက်ဘဝနဲ့ နေထိုင်ခဲ့ရတဲ့ ကျွန်တော်တို့  လူ့အဖွဲ့အစည်းမှာ အထင်ရှားအပေါ်လွင်ဆုံး ဖိုးဘီးယားကတော့ (xenop hobia)လို့ခေါ်တဲ့ သူစိမ်းကြောက်ရောဂါ၊ နိုင်ငံခြားသားကြောက်ရောဂါပဲဗျာ။ အခုအချိန်မှာ အဲဒီရောဂါ အတော်ကလေး လျော့ပါးသွားပြီ ဖြစ်ပေမယ့် တချို့ကတော့ ပြည်သူအစိတ်အပိုင်းတွေထဲမှာတော့ နိုင်ငံခြားသားဆိုရင် ငါတို့ပြည်တွင်းရေး ဝင်စွက်မယ့်သူတွေလား၊ ငါတို့ ပစ္စည်းတွေ လာခိုး၊ လာလိမ်၊ လာလုမယ့်သူတွေ လား။ ငါတို့ကို ကျွန်ပြုဖို့လာတဲ့ ကိုလိုနီလက်သစ် တွေလားစတဲ့ သံသယတွေနဲ့ ဖိုးဘီးယား အပျော့စားတွေကို ဆက်လက်မွေးမြူထားကြဆဲ ဖြစ်တယ်ဗျ။

နိုင်ငံရေးဖိုးဘီးယား

သမိုင်းတစ်ကွေ့မှာ ကျွန်တော်တို့ ပြည်သူတွေရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအတွင်း ‘ကွန်မြူနစ်ဖိုးဘီးယား’ ရောဂါလည်း စွဲကပ်ခဲ့ ဖူးတယ်ဗျ။ အဲဒီ ရောဂါကတော့   ပြည်တွင်းပြည်ပ ကွန်မြူနစ်ရေချိန် ကျဆင်းသွားမှုနဲ့အတူ အခုအချိန်မှာ အတော်ကလေး အရှိန်ကျသွားခဲ့ပေမယ့် လုံးလုံးအကင်းသေသွားပြီလို့ မဆိုနိုင်တဲ့ အခြေအနေမှာတော့ ရှိနေသေးတာ ဖြစ်တယ်ဗျ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ နီးပါး ကာလအတွင်း မြန်မာပြည်သူလူထု အများစုကြီးအတွင်း နက်နက် ရှိုင်းရှိုင်း အမြစ်တွယ်စွဲကပ်နေခဲ့တဲ့ ဖိုးဘီးယားကတော့ ‘နိုင်ငံရေးဖိုးဘီးယား’ ပဲဖြစ်တယ်ဗျ။  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမြုတေပါတီအဖြစ်က ပြည်သူ့ ပါတီ ဖြစ်လာအောင် ကြိုးစားခဲ့တာဆိုပေမယ့် အဲဒါဟာ စာအုပ်ထဲနဲ့ အစည်းအဝေးခန်းမတွေထဲမှာသာ ရှိခဲ့ပြီး ပြည်သူလူထု အများစုကြီးအတွက်တော့ ‘နိုင်ငံရေး’ ဆိုတာ ငါတို့နဲ့ ‘လားလားမှ မထိုက်တဲ့အရာ’ အခွင့်ထူးခံ လူတန်းစားတစ်ခုအတွက်သာ သီးသန့်ဖယ်ထားတဲ့ အရာတစ်ခု ဖြစ်ခဲ့တယ်ဗျာ။ အဲဒီ ဖိုးဘီးယားဟာ နောက်ထပ် ခေတ်သစ်တစ်ခုရဲ့ ကန့်လန့်ကာအဖွင့်ဖြစ်တဲ့ ၈၈ လှုပ်ရှားမှုကြီးနောက်မှာတောင် အားကောင်းကောင်းနဲ့ ဆက်ရှိနေခဲ့ပြီး အခုအထိ အငွေ့တလူလူ ဖြစ်နေသေးတာကို တွေ့ရတဲ့အပြင် သူက   နောက်ဆုံးပေါ် ဖိုးဘီးယားရောဂါသစ် တစ်ခုကိုတောင် ခေါ်လာတာကို တွေ့နေရတယ်ဗျ။

နိုင်ငံရေးမပီ ဖိုးဘီးယား

အဲဒါကတော့ ‘နိုင်ငံရေးမပီ ဖိုးဘီးယား’ ဖြစ်တယ်ဗျ။ ရာစုတစ်ဝက်လောက် နိုင်ငံရေးဖိုးဘီးယားရောဂါနဲ့အတူ နေထိုင်လာနေတဲ့ မြန်မာပြည်သူတွေဟာ ၂ဝ၁ဝ ရွေးကောက်ပွဲ နောက်ပိုင်း ရုတ်တရက် ပြောင်းလဲသွားတဲ့ အခြေအနေတွေ အထူးသဖြင့် မှတ်ပုံတင်ဖို့ NLD ဒီချုပ်က ဆုံးဖြတ်လိုက်ပြီးနောက် အခြေအနေ တွေကို အမှီလိုက်ပြီး ‘စမ်းဝါး’ ကြည့်ဖို့ မစွမ်းနိုင်ဖြစ်နေကြတဲ့အသံတွေ ကြားနေရတယ်။ သိပ်တော့လည်း မဆန်းဘူးဗျ။ ရှေ့ဆုံးတန်းက ရဲရဲရင့်ရင့် နိုင်ငံရေးလုပ် နေသူ တချို့ကတောင် "ကျွန်တော်၊ကျွန်မတို့ဟာ နိုင်ငံရေးသမား မဟုတ်ပါဘူး။ နိုင်ငံ့အရေး လုပ်နေကြတာသာ ဖြစ်ပါတယ်” လို့ ခပ်ဝါးဝါး ပြောနေကြတာကို မကြာခဏ ကြားနေရတဲ့ ပြည်သူတွေအတွက် နိုင်ငံရေးပါတီဆိုတာ မဝင်အပ်တဲ့နယ်မြေလိုလို ဘာလိုလိုဖြစ်နေတာ နားလည်နိုင်တဲ့ကိစ္စ ဖြစ်နေတယ်ဗျ။    တကယ်တော့ အခုအချိန်မှာ ဘာမှရှုပ်ရှုပ်ထွေးထွေး ဖြစ်နေစရာ အကြောင်းမရှိတော့ပါဘူးဗျာ။ နိုင်ငံရေးပါတီဆိုတာ နိုင်ငံရေးကောင်းစားရေးအတွက် စွမ်းစွမ်းတမံ ရွပ်ရွပ်ချွံချွံ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ အခြေခံသဘောထားအမြင် အယူအဆ ရပ်တည်ချက်ချင်းတူသူတွေ ပေါင်းစုဖွဲ့စည်းထားတဲ့ အစုအဖွဲ့တွေသာ ဖြစ်တယ်ဗျ။ ဒီတော့ မိမိတို့ဟာ နိုင်ငံရေးကောင်းစားရေးကို အားကြိုးမာန်တက် ကိုယ်ရောစိတ်ပါ ထိထိရောက်ရောက် လုပ်ဆောင်လိုသူဖြစ်တယ်လို့ မိမိကိုယ်မိမိ ယုံကြည်တယ်ဆိုရင် မိမိနှစ်သက် ယုံကြည်ရာ ပါတီတစ်ခုထဲကို အမြန်ဆုံးဝင်ရောက် လုပ်ဆောင်ရမှာပဲဖြစ်တယ်ဗျ။

အာဏာငန်းဖမ်းတာမဟုတ်

နိုင်ငံ့ဝန်ထမ်းနဲ့ သာသနာ့ ဝန်ထမ်းတွေကလွဲပြီး ဘယ်သူမဆို မိမိတို့နှစ်သက်ရာ ပါတီထဲဝင်ပြီး နိုင်ငံအကျိုး သယ်ပိုးနိုင်ခွင့် ရှိတာ ဒီမိုကရေစီရဲ့ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဒီလိုပါတီထဲ ဝင်ပြီးလုပ်တာဟာ (မကြာသေးခင်ကအထိ အမျိုးသားနိုင်ငံရေးလို့ သုံးသုံးနေကြတဲ့) အမျိုးသားရေးကို    ကျောခိုင်းတာ လုံးဝ(လုံးဝ) မဟုတ်သလို တချို့က စွပ်စွဲနေကြသလို အာဏာငန်းဖမ်းတာလည်း လုံးဝ(လုံးဝ) မဟုတ်ဘူးဗျ။ စတုတ္ထမဏ္ဍိုင်သားတွေ ဖြစ်ကြတဲ့ ကျွန်တော်တို့ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ အနုပညာမီဒီယာ လောကသားတွေ အနေနဲ့လည်း မိမိတို့ဆန္ဒရှိရင် ကြိုက်တဲ့ပါတီ ဝင်နိုင်ရမယ်လို့ ကျွန်တော် ယူဆ တယ်ဗျာ။ မီဒီယာလို့ခေါ်တဲ့ လူထုဆက်သွယ်ရေး နည်းလမ်းတွေမှာ မိမိတို့ရဲ့ ဖန်တီးမှုများကို တင်ပြတဲ့အခါ မိမိတို့ဝင်ထားတဲ့ ပါတီကိုအခွင့်သာစေမယ့် တစ်နည်း ပြောရရင် ဘက်လိုက်မှုပါတဲ့ ဖန်တီးမှုမျိုးတွေ မဟုတ်ဘူးဆိုရင် စတုတ္ထမဏ္ဍိုင် လောကသားအဖြစ် မိမိတို့ကိုယ် မိမိတို့ လိပ်ပြာသန့်သန့်ခံယူနိုင်ကြမယ် ထင်ပါ တယ်ဗျာ။

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၃၀.၁၂.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ဘဏ်ချေးငွေဖြင့် သင်္ဘောကျင်းလုပ်ငန်း ဆက်လက်လုပ်ကိုင်မည်
  2. ဦးပိုင် သကြားစက်မှ ရေဆိုးများကြောင့် ရွေဘိုမြို့လူထု ထိတ်လန့်
  3. ပြည်တွင်းရှိ နိုင်ငံခြားငွေဖြင့် လစာရ လုပ်သားများ ဝင်ငွေခွန် ဆက်လက်ပေးဆောင်ရမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ထိုင်းအခြေစိုက် ဒီမိုကရက်တစ်အင်အားစုအဖွဲ့တစ်ခုမှ ငြိမ်းချမ်းရေးလုပ်ဆောင်မှု အသိအမှတ်ပြု
  2. ကချင်ပြည်နယ်စစ်ဘေးအတွက် အကူအညီများ လိုအပ်နေဆဲ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

              ******************************************

ပြည်တွင်းသတင်းများ

ဘဏ်ချေးငွေဖြင့် သင်္ဘောကျင်းလုပ်ငန်း ဆက်လက်လုပ်ကိုင်မည်

မြန်မာနိုင်ငံ၏ ယခုနှစ် နိုင်ငံတော် ဘတ်ဂျက်သစ်တွင် နိုင်ငံတော်ပိုင် လုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာ့သင်္ဘောကျင်း လုပ်ငန်းနေဖြင့် ဘဏ်ချေးငွေဖြင့်သာ ဆက်လက်ရပ်တည် လုပ်ကိုင်ရတော့မည်ဖြစ်ကြောင်း မြန်မာ့သင်္ဘောကျင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံတော်၏ ဘတ်ဂျက်မူဝါဒများ ပြောင်းလဲသွားသည့်အတွက် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းအနေဖြင့် နိုင်ငံတော် ဘတ်ဂျက်ကို ယူသုံးစွဲခွင့်ရှိတော့မည်မပာုတ်ဘဲ အတိုးနှုန်း ၁၁ ရာခိုင်နှုန်းဖြင့် ချေးပေးမည့် ဘဏ်ချေးငွေဖြင့်သာ လုပ်ကိုင် ဆောင်ရွက်ရတော့မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အစိုးရသစ်လက်ထက်မှ စတင်၍ ကျင့်သုံးမည့် နိုင်ငံတော်ဘတ်ဂျက်စနစ်သစ်မှာ နိုင်ငံတော်မှ ၎င်းလက်အောက်ရှိ စီးပွားရေး လုပ်ငန်းများကို ချေးငွေ ပေး၍ လုပ်ကိုင်စေမည့်စနစ်ဖြစ်ပြီး အရှုံးပေါ်သည့် ဝန်ကြီးဌာနများအနေဖြင့် တာဝန်တစ်ခု လွှဲပြောင်းယူရ နိုင်ဖွယ်ရှိကြောင်း သိရသည်။

မြန်မာ့သင်္ဘောကျင်း လုပ်ငန်းအနေဖြင့်လည်း ဘဏ်ချေးငွေဖြင့် ဆက်လက်ရပ်တည်ရန်မှာ အခက်အခဲများစွာ ရှိနေသည့်အပြင် ပညာရှင်ပိုင်းတွင်လည်း ကျွမ်းကျင်ဝန်ထမ်းများ လိုအပ်နေသေးသည့်အတွက် လုပ်ငန်းလည်ပတ်မှုပိုင်းတွင် လိုအပ်ချက်များစွာ ရှိနေသေးကြောင်း သိရသည်။

မြန်မာနိုင်ငံ အစိုးရသစ်၏ မူဝါဒသစ်များအရ ဝင်ငွေရှာပေးနိုင်သော ဌာနများကို ကိုယ်ပိုင်ငွေဖြင့်ရပ်တည်ရန် ဆောင်ရွက်လာခဲ့ပြီး အစိုးရ၏ ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုများကို ကာကွယ်လာနိုင်သည့်အပြင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလာခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဦးပိုင် သကြားစက်မှ ရေဆိုးများကြောင့် ရွေဘိုမြို့လူထုထိတ်လန့်

ရွေဘိုမြို့သူမြို့သားများ၏ သောက်သုံးရေ အဓိကရင်းမြစ်ဖြစ်သည့် မဟာနန္ဒာကန်တော်ကြီးထဲသို့ ဇီးကုန်းကျေးရွာအနီးရှိ မြန်မာ့စီးပွားရေး ဦးပိုင် လိမိတက်မှ ပိုင်ဆိုင်သည့် သကြားစက်မှ စွန့်ပစ်ရေဆိုးများ စီးဝင်မှုကြောင့် ရေသတ္တဝါများနှင့် မြွေများ သေဆုံးပြီးနောက် မြို့နေလူထုမှာ ထိတ်လန့်နေကြောင်း ဒေသခံများက ပြောကြားသည်။

ဇီးကုန်းကျေးရွာအနီးရှိ သကြားစက်နှင့် တွဲထားသော BE အရက်ချက်စက်ရုံမှ အီသနောများ မဟာနန္ဒာကန်တွင်းသို့ စီးဝင်သော ပင်မဦးအောင်ဇေယျ တူးမြောင်းအတွင်းသို့ ရေမည်းများစီးဝင်ပြီး ယင်းရေမြောင်းတစ်လျှောက်ရှိ ကျေးရွာသားများ ရေချိုးရာတွင် ယားယံမှုများ အဖုအပိန့်များ ထွက်သူများရှိကြောင်း စုံစမ်းသိရှိရသည်။

ယင်းစက်ရုံ မတည်ဆောက်ခင်း အနီးတဝိုက်ရှိ ကြံခင်းဧကတစ်ထောင်ကျော်ကို စက်ရုံဧရိယာအဖြစ် သတ်မှတ်သိမ်းယူ ခဲ့ပြီး လျှော်ကြေးမပေးခဲ့ကြောင်း ယခုရေဆိုးများကို စက်ရုံပိုင်မြေအတွင်းမှာပင် စွန့်ပစ်လို့ရနိုင်ကြောင်း ကြံတောင်သူတစ်ဦးက ပြောကြားသည်။

မဟာနန္ဒာကန်မှ ရေကို ရွေဘိုမြို့ရှိရပ်ကွက် ၁၀ရပ်ကွက်မှ ပိုက်များဖြင့် သွယ်သုံးကြပြီး မဟာနန္ဒာကန်ဟုခေါ်သည့်ကန်ကို ကုန်ဘောင် မင်းဆက်ကို ထူထောင်ခဲ့သူ အလောင်းဘုရားဦးအောင်ဇေယျက တူးဖော်ခဲ့ခြင်းဖြစ်သည်။

ယင်းသကြားစက်ကို ဦးပိုင်ထံမှ ဦတေဇလွဲပြောင်းလုပ်ကိုင်နေကြောင်း ဆရာတော်တစ်ပါးက ပြောဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ ဦးတေဇအနေဖြင့် စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်နေသော်လည်း အရက်၊ ဆေးလိပ်၊ ငါး လုပ်ငန်း မလုပ်ဟု ပြောဆိုထားသည်။

MP

-----------------------------------------------------------------------------------------------------------------------------------

ပြည်တွင်းရှိ နိုင်ငံခြားငွေဖြင့် လစာရ လုပ်သားများ ဝင်ငွေခွန်ဆက်လက်ပေးဆောင်ရမည်

ပြည်ထောင်စုအစိုးရအဖွဲ့မှ ပြည်ပနေမြန်မာနိုင်ငံသားများအား ဝင်ငွေခွန်ကင်းလွတ်ခွင့် အမိန့်ကြေညာစာအမှတ် (၅၇/၂၀၁၁)ကို ထုတ်ပြန်ခဲ့သော်လည်း ပြည်တွင်းရှိ နိုင်ငံခြားငွေဖြင့် လစာရရှိသည့် လုပ်သားများအနေဖြင့်မူ ဝင်ငွေခွန် ဆက်လက်ပေးဆောင်နေရမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပြည်ပနေနိုင်ငံသားများကိုသာ ဝင်ငွေခွန်ကင်းလွတ်ခွင့် ပြုထားခြင်းဖြစ်ပြီး ပြည်တွင်းနေ နိုင်ငံခြားငွေဖြင့် လစာရ မြန်မာလုပ်သားများအတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့်များထဲတွင် မပါရှိကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၁၉၇၄ ခုနှစ် ဝင်ငွေခွန်ဥပဒေပါအချက်များတွင် ပြည်ပနေနိုင်ငံသားဆိုသည်မှာ မြန်မာနိုင်ငံ၏ပြင်ပတွင် နှစ်တစ်နှစ်(သို့)  မည်သည့်ကာလ အပိုင်းအခြား မဆို နေထိုင်အလုပ်လုပ်ကိုင်၍ ထိုပြင်ပတွင် ဝင်ငွေရရှိသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံသားကို ဆိုလိုကြောင်း ဖော်ပြခဲ့သည်။

ဝင်ငွေခွန်ကင်းလွတ်ခွင့် ပြုလိုက်သည့် ကိစ္စရပ်နှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ "အခုလို ပြည်ပနေနိုင်ငံသားတွေကို ဝင်ငွေခွန် ကင်းလွတ်ခွင့် ပြုလိုက်တာကို ကြိုဆိုပါတယ်။ ပြည်ပမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့သူတွေအတွက်ကတော့ အသက်ရှု နည်းနည်းချောင်သွားတာပေါ့။ ပြည်တွင်းမှာ နေထိုင်ပြီးတော့ နိုင်ငံခြားငွေလစာ ရရှိနေတဲ့သူတွေအတွက်လဲ အစိုးရအဖွဲ့က နည်းနည်းလျှော့ပေါ့ စဉ်းစားပေးသင့်ပါတယ်" ပာု ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ပြည်တွင်းရှိ နိုင်ငံခြားငွေလစာရရှိသည့် လုပ်သားများကို နိုင်ငံခြားငွေလစာအပေါ် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း သတ်မှတ်ကောက်ခံ လျက်ရှိကြောင်း သိရသည်။

YC          

************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ထိုင်းအခြေစိုက် ဒီမိုကရက်တစ်အင်အားစုအဖွဲ့တစ်ခုမှ ငြိမ်းချမ်းရေးလုပ်ဆောင်မှု အသိအမှတ်ပြု

မြန်မာနိုင်ငံ၌ အစိုးရသစ်လက်ထက်မှ စတင်၍ ပြည်တွင်း ငြိမ်းချမ်းမှုဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းဦးဆောင်၍ လုပ်ဆောင်လျက်ရှိသည့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ဆောင်နေမှုများကို ထိုင်းနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် အင်အားစု (မြန်မာနိုင်ငံ)မှ အသိအမှတ်ပြုခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သည် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ရန် ထိုင်းနိုင်ငံမဲဆောက်မြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။

၎င်း ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းမှ မြန်မာနိုင်ငံအတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူ အားလုံးနီးပါးကို လာမည့် ဇန်နဝါရီလ ၄ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တို့တွင် နှစ်သုတ်ခွဲ၍ လွှတ်ပေးရန် ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သည် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံးဖြင့်လည်းကောင်း၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မွန်ပြည်သစ်ပါတီဖြင့်လည်းကောင်း တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်သမ္မတမှ KIO/KIA အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ လုပ်ဆောင်နိုင်ရန် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ကို  အဖွဲ့ဝင် (၁၁)ဦးဖြင့် ဒီဇင်ဘာလ တတိယပတ်တွင် စတင်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

၎င်းအဖွဲ့ဝင် အဖွဲ့ခေါင်းဆောင်အဖြစ် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းမှ တာဝန်ယူမည်ဖြစ်ပြီး ဒုတိယ ခေါင်းဆောင်များအဖြစ် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့မှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ကချင်ပြည်နယ်စစ်ဘေးအတွက် အကူအညီများ လိုအပ်နေဆဲ

ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသော ဒေသခံများအတွက် အကူအညီအထောက်အပံ့များ လိုအပ် နေကြောင်း အဆိုပါတိုက်ပွဲသို့ သွားရောက်လေ့လာခဲ့သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မှ အတွင်းရေးမှူးဖြစ်သူ ဦးစစ်မြိုင်က ပြောကြားသည်။

ထိုဒေသများသို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ စသည့်အဖွဲ့အစည်းများအပြင် ကချင်ပြည်နယ်အစိုးရ၏ ကြီးကြပ်မှု အကူအညီဖြင့် အထောက်အပံ့များ၊ အခြားအလှုရှင်များ၏ ထောပ်ပံ့မှုများ ရှိခဲ့သော်လည်း ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များ အတွက် အဟာရဖြစ်စေသော အစားအစာများ ပိုမိုလိုအပ်နေကြောင်း သွားရောက်လေ့လာရာတွင် ပါဝင်ခဲ့သူ ဦးစစ်မြိုင်က ဆိုသည်။

"အဓိက ကလေးတွေအတွက် ဖြည့်စွတ်စာတွေ အဟာရမှုန့်တွေ လိုအပ်နေပါတယ် မျက်မြင်အရပြောရရင် ကလေးတွေ under weight ဖြစ်နေတယ်" ဟု ၎င်းက ပြောကြားသည်။

၎င်းတို့၏ အတွေ့အကြုံအရ ကလေများမှာ အဟာရမပြည့်ဝကြောင်း ကျောင်းနေအရွယ် ကလေးများမှာလည်း ထောက်ပံ့မှုများ လိုအပ် နေကြောင်း ငယ်ရွယ်သော မိန်းကလေးအများစုမှာလည်း အိမ်ထောင်သည်များဖြစ်နေကြောင်း ယခုအချိန်သည် အေးသောရာသီဖြစ်သောကြောင့် အနွေးအထည်များ ထောက်ပံ့မှု ရှိသော်လည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

"အသက် ၂၀ ကျော် မိန်းကလေးတိုင်း ကလေးကိုယ်စီ ကျောမှာပိုးထားကြတယ်" ဟု ဒေသခံအမျိုးသမီများ အရွယ်ငယ်ငယ်နှင့် အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်၍ အဆိုပါတာဝန်ရှိသူက ၎င်းတို့၏ အတွေ့အကြုံကို ပြောကြားသည်။

၂၀၁၁ ဇွန်လမှ စတင်၍ လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒေသခံများအနေနှင့် ရပ်ရွာကို စွန့်ခွာတိမ်းရှောင်လာသည်မှာ ၆ လခန့် ကြာခဲ့ပြီဖြစ်ကြောင်း တိန်းရှောင်လာသူများအနေနှင့် မိမိတို့ရပ်ရွာသို့ ပြန်လိုကြကြောင်း ပြန်ရောက်ပါကလည်း ကျွဲ၊ နွား၊ အိုးအိမ် ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးသွားပြီ ဖြစ်သောကြောင့် မိမိတို့အနာဂတ်အတွက် စိုးရိမ်ပူပန်လျက်ရှိကြကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်၏ သတင်းထုတ်ပြန်ကြေငြာချက်တွင် ပါရှိသည်။

                YC(KS)

**********************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

မေး။ ဦးဗေ ပရိသတ်ကို ဘာတွေပြောချင်သေးလဲ။

ဖြေ။ သူတို့လည်း နောက်ပိုင်း ပျော်ရွှင်ခွင့်ရတော့မှာပါ။ အခုဟာသကားတွေ သူတို့ကြည့်တာ ညစ်လို့ ကြည့်ကြတာလေ။ လူက ညစ်လာရင် အပျော်လေးတွေ ထွက်ပေါက်အနေနဲ့ရှာကြတယ်။ ခေတ်ကောင်းလို့ အခြေအနေကောင်းရင် ညစ်စရာမရှိတော့ အလွမ်းလေးတွေ အက်ရှင်လေးတွေစသဖြင့် အာရုံပြောင်းသွား လိမ့်မှာပါ။ လက် ရှိညစ်နေဆဲကာလမို့ ဟာသကားတွေကို အားပေးကြတာပေါ့။

ဒီဇင်ဘာ ၂၈ ထုတ် The Express Times အတွဲ (၁) အမှတ် (၁၃) တွင်ပါသည့် ဟာသသရုပ်ဆောင် ဗေလုဝနှင့် အင်တာဗျူး ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- မြန်မာနိုင်ငံမှာ နိုင်ငံတကာကုမ္ပဏီကြီးတွေ လာရောက်လုပ်ကိုင်ဖိုပ မြန်မာအစိုးရက ဘယ်လိုခြေလှမ်းမျိုးတွေနဲ့ ဆောင်ရွက်ထားမှ လွယ်လွယ်ကူကူ ဖြစ်မယ်ထင်ပါလဲ၊ ငွေကြေးလဲလှယ်မှုစနစ်ကို ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာမှာ ဘယ်လောက်အထိရော နီးစပ်နေပြီလဲ။

ဖြေ- စီးပွားရေးစီမံခန့်ခွဲမှုမှာ အဲဒီလို နိုင်ငံတကာအဆင့် ကုမ္ပဏီကြီးတွေရဲ့ စဉ်းစားပုံစဉ်းစားနည်းကို သင်ပေးလေ့ရှိတယ်၊ ယေဘုယျ အခြေခံ ပြောရရင် နိုင်ငံတကာ ကုမ္ပဏီကြီးတွေအနေနဲ့ Polital Risk ဆိုတဲ့ နိုင်ငံရေးစွန့်စားမှုကို လုံးဝမလိုချင်ကြဘူး၊ ဥပမာ ဗင်နီဇွဲလားမှာ ရေနံဆိုင်ရာလုပ်ငန်းတွေကို ပြည်သူပိုင် သိမ်းလိုက် တာမျိုးပေါ့။ နိုင်ငံရေးမ တည်မငြိမ်ရှိတာမျိုးလည်း ပါတယ်၊ အကြမ်းဖက်သမားတွေ မကြာခဏ ဗုံးခွဲတိုက်ခိုက်တာ မျိုးလည်းပါတယ်။ Commericial Risk ဆိုတဲ့ စီးပွားရေးဆိုင်ရာ စွန့်စားမှုကိုတော့ သူတို့ကမကြောက်ဘူး၊ သူတို့မှာ အတတ်ပညာရှိနေလို့ပါ၊ အဲဒီတော့ ကျွန်တော်တို့ အနေနဲ့ FDI ကို ဖိတ်ခေါ်ရာမှာ မဟာဗျူဟာအဆင့် က Political Risk မရှိကြောင်း ပြသပေးရမ်။ နည်းဗျူဟာအဆင့်ကတော့ လုပ်သာကိုင်သာရှိကြောင်း၊ မျှတတဲ့ ယှဉ်ပြိုင်မှုတွေရှိကြောင်း၊ Rule of law ရှိနေကြောင်း၊ မက်လုံးကောင်းတွေ ရှိနေကြောင်း….စတာတွေကို ဖြည့်ဆည်းပေးရလိမ့်မယ်။ မြန်မာလုပ်ငန်းရှင်တွေရော လုပ်သားတွေပါ HR ပိုင်းမှာ ပေမီတန်းမီ ရှိနေတာကို ပြပေးနိုင်ရင် ပိုကောင်းပါတယ်၊ ယဉ်ကျေးမှုအကြောင်းနဲ့ လုပ်နည်းကိုင်နည်း အကြောင်းကိုတော့ စွန့်ခွာ ကြရလိမ့်မယ်၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို အခြားတတိယနိုင်ငံတွေထက် မလျှော့တဲ့ ဆွဲဆောင်မှုဖြစ်အောင် ပြုပြင်ဖို့လည်း လိုလိမ့်မယ်။ ငွေကြေးလဲလှယ်မှုစနစ် အပေါ်မှာ ပြုပြင်ပြောင်းလဲရေး ကတော့ပိုပြီး နီးစပ်လာပြီလို့ပဲ ကျွန်တော်အနေနဲ့ ပြောလို့ရမယ်၊ သက်ဆိုင်ရာသူတွေကတော့ Timeline ကို ပိုပြီး တိတိကျကျ ပြောနိုင်ပါလိမ့်မယ်။ ကျွန်တော့် ခန့်မှန်းချက်ကတော့ လာမယ့်နှစ် ပထမလေးလပတ်ထဲမှာ ဖြစ်နိုင်ဖို့ကောင်းတယ်လို့ ယူဆတာပဲ။

ဒီဇင်ဘာ ၂၉ ထုတ် The Messenger အတွဲ (၂) အမှတ် (၃၁)တွင်ပါသည့် “နိုင်ငံတော်သမ္မတ အကြံပေး ဒေါက်တာနေဇင်လတ်နှင့် အင်တာဗျူး” ကောက်နှုတ် ချက်

-----------------------------------------------------------------------------------------------------------------------------------

“မြန်မာနိုင်ငံအနေနဲ့ မူဝါဒပိုင်းဆိုင်ရာ ပြောင်းလဲမှုမှာ ကောင်းမွန်ဖို့၊ တည်ငြိမ်မှုရှိဖို့၊ သတင်းအချက်အလက်ကို ပြည်တွင်း ပြည်ပကို မှန်မှန်ကန်ကန် ထုတ်ပြပေးဖို့ လိုပါတယ်။ ဒီလိုမဖြစ်ရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်လာချင်ပေမယ့် လက်တွေ့မြှုပ်နှံမှု အားနည်းနိုင်ပါတယ်။ ဒါ့ပြင် အခြေခံ အဆောက်အဦးကို မြှင့်တင်နိုင်ဖို့ လိုတယ်။ လောလောဆယ် မဖြစ်နိုင်သေးရင်တောင် အာမခံချက်ပေးနိုင်ဖို့သင့်တယ်။ မူဝါဒတစ်ခုကို လွယ်လွယ်မချဘဲ အကောင်းဆုံးဖြစ်အောင် ချမှတ်နိုင်ဖို့ အပြင် တည်ငြိမ်ဖို့လည်း အရေးကြီးပါတယ်”

ဒီဇင်ဘာ ၃၀ ထုတ် BiWeekly ELEVEN အတွဲ(၄) အမှတ် (၃၉)တွင်ပါသည့် “ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံခြားလုပ်ငန်းများ စီးပွားရေး မူဝါဒများဆိုင်ရာနှင့် သတင်းအချက်အလက် အမှန်ရယူနိုင်ရန် ခက်ခဲသောကြောင့် လက်တွေ့ရင်းနှီးမြှုပ်နှံမှု နည်းပါးဆဲဖြစ်” သတင်းမှ ပါမောက္ခဒေါ်လှမြင့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

***************************************************************************************

 

 

 

 

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs