Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၅.၁.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မြန်မာ-အမေရိကန် ကုန်သွယ်ရေး ပြန်စရန် သမ္မတအိုဘားမား ညွှန်ကြား
  2. ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ထိုင်းကုမ္ပဏီတစ်ခုတို့ ဆွေးနွေးမှု လက်မှတ် ရေးထိုး

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ကြားဖြတ်ရွေးကောက်ပွဲ ညီနောင် ၂ ပါတီသာ ဝင်ရောက်မည်
  2. နအဖအစိုးရလက်ထက် အမှုဟောင်းများတိုင်ကြားနိုင်
  3. အသက်စွန့်သွားသော မီးသတ်တပ်ဖွဲ့ဝင်ငါးဦးအား စွမ်းရည်သတ္တိဆိုင်ရာတံဆိပ်များ ချီးမြှင့်အပ်နှင်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

***************************************************************************

ပြည်တွင်းသတင်းများ

မြန်မာ-အမေရိကန် ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ပြန်စရန် သမ္မတအိုဘားမား ညွှန်ကြား

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံနှင့် အမေရိကန် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ပြန်လည် စတင်နိုင်ရန်အတွက် စည်းမျဉ်းများ ဖြေလျော့ပေးရေး လိုအပ်သည်များ ဆောင်ရွက်ရန် ကွန်ဂရက်လွှတ်တော်သို့ အမေရိကန်နိုင်ငံသမ္မတ ဘားရက်အိုဘားမားက ညွှန်ကြားထားကြောင်းသိရသည်။

ယခင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့ထိ မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန် လာရောက်ပြီးနောက် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အမေရိကန်ကွန်ဂရက်လွှတ်တော်သည် မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့အရေးယူမှုများနှင့် စီးပွားရေးဆိုင်ရာအခြားအထောက်အပံ့များ ပေးနိုင်ရေးအတွက် မကြာမီ ကိုင်တွယ်ဖြေရှင်းနိုင်ဖွယ်ရှိကြောင်း သိရသည်။

ထို့ပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်သည် မြန်မာနိုင်ငံသို့ လာရောက်စဉ်အတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့နှင့်တကွ အခြားအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အသီးသီးရှိ တာဝန်ရှိသူများနှင့် ပါတီနိုင်ငံရေး သမားများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ပီာလာရီကလင်တန်ခရီးစဉ်အတွင်း ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ပြုလုပ်ခဲ့သော သတင်းမီဒီယာတွေ့ဆုံပွဲတွင် ပီာလာရီကလင်တန်က “ကျွန်မအနေနဲ့ ပြောချင်တာကတော့ ဒီမိုကရေစီဆိုတာ ပန်းတိုင်တစ်ခုပါ။ အမေရိကန်ပာာ မြန်မာနိုင်ငံနဲ့ မိတ်ဖက်နိုင်ငံတစ်နိုင်ငံ ဖြစ်ချင်ပါတယ်။ ကျွန်မတို့ အလုပ်တွေလည်း အများကြီးလက်တွဲလုပ်ချင်ပါတယ်။ တကယ်လို့ ဒီထက်ပိုပြီး ဒီမိုကရေစီ ထွန်းကားရေးဆောင်ရွက်မယ်၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးမယ်၊ ကာလကြာရှည်စွာရှိခဲ့တဲ့ တိုင်းရင်းသားရေးရာပဋိပက္ခတွေ အဆုံးသတ်ဖို့ စတင်ဆောင်ရွက်မယ်၊ ပြီးတော့ လွတ်လပ်မျှတပြီး ယုံကြည်နိုင်လောက်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာမယ်ဆိုရင်ပေါ့။ နောင်မှာလည်း ဘယ်လိုအကူအညီမျိုးကို ပေးနိုင်မလဲဆိုတာကို အနီးကပ်ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ” ပာု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်းနှစ်ဆယ်အတွင်း (၂၀၁၀) ရွေးကောက်ပွဲပြုလုပ်၍ ဦးသိန်းစိန်ဦးဆောင်သည့် အရပ်ဖက် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းခဲ့ပြီးနောက် အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးသည် ပို၍ တိုးမြှင့်လာခဲ့ကြောင်း သိရသည်။

Ref: Bi Weekly Eleven

***************************************************************************

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ထိုင်းကုမ္ပဏီတစ်ခုတို့ ဆွေးနွေးမှု လက်မှတ် ရေးထိုး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ထိုင်း ပုဂ္ဂလိကပိုင် Super Axis Development Pte.Ltd ကုမ္ပဏီတစ်ခုတို့သည် ရေနက်ဆိပ်ကမ်း တည်ဆောက်ခြင်း ဆွေးနွေးမှုမှတ်တမ်း လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ရေနက်ဆိပ်ကမ်းတည်ဆောက်ခြင်းနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ဝန်ကြီးချုပ်ဦးသိန်းအောင်မှ လက်မှတ်ရေးထိုးခဲ့ပြီး ထိုင်းနိုင်ငံအခြေစိုက် Super Axis Development Pte.Ltd မှ Chairman Dr.Tongchat Hongladero တို့က ဆွေးနွေးမှုမှတ်တမ်း (Record of Discussion) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ၎င်း လက်မှတ်ရေးထိုးခဲ့သည့် ဆွေးနွေးချက် မှတ်တမ်းအား  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြထားပြီး ထပ်မံ၍ MOU နှင့် အဆင့်ဆင့်သောစာချုပ်များ လက်မှတ်ရေးထိုးနိုင်ရန် နိုင်ငံတော်မှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Ref: Hot News

***************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကြားဖြတ်ရွေးကောက်ပွဲ ညီနောင် ၂ ပါတီသာ ဝင်ရောက်မည်

ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် လွှတ်တော်လစ်လပ်နေရာ ပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် တိုင်းရင်းသားညီနောင် ၅ ပါတီအနက် ၂ ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ညီနောင် ၂ ပါတီမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တို့ဖြစ်ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်များ ဖြစ်သည့် ကလော၊ လားရှိုး၊ နှင့် မိုးကောင်း ဒေသများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၅ ရွေးကောက်ပွဲကျင်းပသည့်အချိန်မှပင် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မွန်ဒေသဆုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် မွန်ပြည်နယ်အတွင်း လစ်လပ်မဲဆန္ဒနယ်ဖြစ်သည့် မော်လမြိုင်မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပုဂ္ဂိုလ်အား ဇန်နဝါရီလ ၈ ရက်နေ့တွင် အစည်းအဝေးထိုင်၍ ရွေးချယ်သွားမည် ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ညီနောင်ပါတီ(၅)ပါတီထဲမှ ပါတီ (၂)ခုသာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရခြင်းမှာ ကျန်ညီနောင်ပါတီ(၃)ခု၏ ဒေသများတွင် လစ်လပ် မဲဆန္ဒနယ်များ မရှိသည့်အတွက်ကြောင့်ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ညီနောင်ပါတီ(၂)ခုအတွက် အကူအညီများ ပေးသွားမည် ဖြစ်ကြောင်း ချင်းအမျိုးသားပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ညီနောင်ပါတီ(၅) ခုမှာ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ဖြစ်ကြောင်း သိရသည်။

Ref: မြန်မာပို့စ်(ဂလိုဘယ်)

***************************************************************************

နအဖအစိုးရလက်ထက် အမှုဟောင်းများတိုင်ကြားနိုင်

ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်က မည်သည့် အမှုဟောင်းများကိုမဆို အထောက်အထားခိုင်လုံစွာ တင်ပြ၍ တိုင်ကြားနိုင်ကြောင်း သိရသည်။

အမှုကိစ္စများနှင့်ပတ်သက်၍ “ အခုဆိုရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း ပြန်လွှတ်လာတော့မှာပါ၊ မှန်ကန်ပါလျက်နဲ့ နစ်နာမှုတွေရှိခဲ့တဲ့ အမှုဟောင်းတွေကို ကျွန်တော်တို့ဆီ ပြန်တင်ပေးပါ။ အဲဒီအမှုဟောင်းတွေက ငါးနှစ်ပဲကြာကြာ၊ ဆယ်နှစ်ပဲကြာကြာ ပြန်တင်ပေးပါ။ တစ်ခုတော့ရှိပါတယ်၊ ကာလစည်းကမ်းသတ်မှတ်ချက်ရှိတဲ့ တရားမမှုမျိုး၊ စည်ပင်သာယာ အက်ဥပဒေနဲ့ဆိုင်တဲ့ ဥပမာ- လမ်းပိတ်ဆို့မှုမျိုး စတာတွေကလွှဲရင် ဘယ်အမှုဟောင်းတွေပဲဖြစ်ဖြစ် တင်ပေးလာရင်ဆောင်ရွက်ပေးပါမယ်” ဟု သက်ဆိုင်ရာကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်းသိရသည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများအပါအဝင် မည်သည့်အမှုဟောင်းများဖြစ်စေ မှန်ကန်မှုမရှိခြင်း၊ တရားမျှတမှုမရှိခြင်းနှင့် အဂတိတရားများ ရှိသည်ဟု အထောက်အထားများ ခိုင်လုံစွာတင်ပြနိုင်ပါက  တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၊ ပြည်သူ့လွှတ်တော်၊ နေပြည်တော်ဟု လိပ်မူပြီးလည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ နေပြည်တော်ဟု လိပ်မူပြီး လည်းကောင်း တိုင်ကြားနိုင်ကြောင်း သိရသည်။

Ref: မြန်မာတိုင်း(မ်)

***************************************************************************

အသက်စွန့်သွားသော မီးသတ်တပ်ဖွဲ့ဝင်ငါးဦးအား စွမ်းရည်သတ္တိဆိုင်ရာတံဆိပ်များ ချီးမြှင့်အပ်နှင်း

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်၌ ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် ရဲဝံ့စွန့်စားစွာ တာဝန်ထမ်းဆောင်ရင်း အသက်စွန့်သွားခဲ့သော မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် ငါးဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဆိုင်ရာတံဆိပ်များ ချီးမြှင့် အပ်နှင်းခဲ့ကြောင်းသိရသည်။

မီးသတ်တပ်ဖွဲ့ဝင် ငါးဦးအနက် အမှတ် မ ၁၇၂၃၁ မီးသတ်တပ်ကြပ် ဦးတင်စိုးအား  ရဲသီဟတံဆပ်၊ အမှတ် မ ၁၃၈၈၄ မီးသတ်တပ်ကြပ်ကြီး ဦးဇော်ဋ္ဌေး၊ အမှတ် မ ၂၀၀၇၈ မီးသတ်တပ်သား ဦးမျိုးကျော်ကျော်၊ အမှတ် မ ၂၀၈၅၄ မီးသတ်တပ်သား ဦးသော်ဇင်မျိုးထက်နှင့် အမှတ် မ ၂၀၈၅၅ မီးသတ်တပ်သား ဦးအောင်အောင်တို့ လေးဦးအား ရဲသူရတံဆိပ်ကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက် မေတ္တာမွန်ဂိုဒေါင်ဝန်းတွင် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် ငါးဦးအပါအဝင် အရပ်သား ၁၂ဦး စုစုပေါင်း ၁၇ ဦးသေဆုံးခဲ့သည်။ မီးသတ်တပ်ဖွဲ့ဝင်ငါးဦးအား အဆိုပါနေ့ ညနေပိုင်းတွင် ရေဝေးသုဿန်၌ ဂုဏ်ပြုအခမ်းအနားဖြင့် သင်္ဂြုလ်ပြီးကြောင်းသိရသည်။

YC

***************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့နိုင်ငံမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပတ်သက်ပြီး အမျိုးမျိုးရှိခဲ့ပါတယ်။ အခုအကြိမ်ကတော့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးတာဖြစ်တယ်။ လျှော့ပေါ့ပေးတဲ့နေရာမှာ ကာလဘယ်လောက်ပဲဖြစ်ဖြစ် အကျဉ်းကျခံရသူနဲ့ သူ့မိသားစုအတွက်က အရေးပါ ပါတယ်။ အခုလိုမျိုးလျှော့ပေါ့ပေးမှုမျိုးအပြင် နိုင်ငံရေးကြောင့်လို့ပဲပြောပြော ယုံကြည်ချက်ကြောင့်ပဲပြောပြော သူတို့ကိုလဲ လွှတ်ပေးစေချင်ပါတယ်။ အခုလိုလျှော့ပေါ့ပေးမှုမျိုးအပြင် လွှတ်ပေးဖို့ကိုလဲ မျှော်လင့်ပါတယ်။ အခုလျှော့ပေးတဲ့နေရာမှာ တစ်ချို့က အရင်သက်သာခွင့်တွေနဲ့ အခုသက်သာခွင့်တွေ ပေါင်းလိုက်ရင် ပြန်ပြီးတော့ လွတ်လာမယ့်သူတွေ လဲရှိနိုင်ပါတယ်”

ဇန်နဝါရီ ၅ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၁) တွင်ပါသည့် “လျှော့ရက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်းအမိန့် နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်” သတင်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်၏ ပြော ကြားချက်အပေါ် ကောက်နှုတ်ချက်

***************************************************************************

“စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို လုပ်တဲ့အခါမှာ အစိုးရပိုင်စီးပွားရေးလုပ်ငန်းတွေကို စီးပွားရေးဆန်ဆန်လုပ်ရပါမယ်။ ဒီတော့ ကုန်ကျစရိတ်ပေါ်ကို အခြေခံပြီး ဈေးတက်ရမယ်ဆိုရင် တစ်ခုတော့ရှိတယ်။ ကုန်ကျစရိတ် ဘယ်လိုတွက်သလဲဆိုတာ ကြည့်ဖို့လိုကောင်းလိုမှာပေါ့။ ဝန်ထမ်းတွေများနေလို့ ပိုနေတာမျိုးဆိုရင် မဖြစ်သင့်ဘူး။ ဝန်ထမ်းလိုတဲ့အလုပ်က အံကိုက်ပဲဖြစ်မှ စီးပွားရေးဆန်တယ်လို့ ပြောရမှာ။ ဒါပေမဲ့ တစ်ဖက်မှာလဲ ဈေးတက်တော့ ခက်ခဲနိုင်တယ်လို့ ပြောပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်တဲ့အခါ သာတာတွေနာတာတွေ ရှိပါတယ်။ အဲဒီအသာအနာမှာ အဓိကထားရမှာကတော့ တကယ်ဆင်းရဲတဲ့သူတွေပါပဲ။ ဥပမာ- ဓာတ်ဆီဈေးကို အစိုးရက ကမ္ဘာ့ဈေးထက်နိမ့်တဲ့ ဓာတ်ဆီဈေးကို ထိန်းထားချင်တယ်ဆိုရင်တော့ သူက ပိုက်ဆံစိုက်ပေးရမယ်။ တကယ်တော့ ဘယ်သူတွေက စိုက်ရတာလဲ။ မြန်မာပြည်တစ်ပြည်လုံးက ကားမသုံးတဲ့သူတွေ ဒါမှမဟုတ် တစ် နှစ်နေမှ တစ်ခါနှစ်ခါ ခရီးသွားတဲ့သူတွေက ကိုယ်ပိုင်ကားစီးသူတွေ သက်သာဖို့ ခံပေးနေရတယ်ဆိုတာ သတိရ ဖို့လိုပါတယ်။ ဘယ်လိုနည်းနဲ့လဲ၊ တကယ်လို့အစိုးရက ငွေရိုက်ထုတ်နေရတယ်ဆိုရင် ဈေးနှုန်းတွေတက်လာ တာကို အဲဒီမဆီမဆိုင်သူတွေက ခံနေရတဲ့သဘောပဲ။ ဒါကြောင့် စီးပွားရေးပြုပြင်ပြောင်းလဲတယ်ဆိုတာ ဒါတွေကို ပြန်ညှိရတဲ့သဘောပဲ။ ပြုပြင်ပြောင်းလဲတဲ့အခါ တကယ်မနာအောင် ဂရုစိုက်ရတာက ကကယ့်ကို ဆင်းရဲတဲ့သူတွေအတွက်ဖြစ်ပါတယ်။ ဒီအတွက် လူမှုဖူလုံရေးအစီအစဉ်တွေလိုပါတယ်။ နိုင်ငံတကာမှာ (Safety Net) လို့ခေါ်တဲ့ လူမှုဖူလုံရေးအစီအစဉ်တွေ လုပ်ကြပါတယ်”

ဇန်နဝါရီ ၅ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၁) တွင်ပါသည့် “အပြောင်းအလဲနှင့် ပြည်သူ့ဘဝ ဟန်ချက် ညီညီ တိုးတက်မှုဆီ” သတင်းမှ သင့်ဘဝမဂ္ဂဇင်းအယ်ဒီတာချုပ်ဟောင်း ဗဟုဖွံ့ဖြိုးရေးအကြီးတန်းအဖွဲ့ဝင် ဦးတင်မောင်သန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

***************************************************************************

“အတည်ပြုပြဋ္ဌာန်းပြီး ဥပဒေတွေထဲမှာ အလုပ်သမား အဖွဲ့အစည်း ဥပဒေနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေတို့ ပါဝင်ပါတယ်။ ဒီဥပဒေနှစ်ခုဟာ ပြည်သူလူထုအနေနဲ့ သူတို့ရဲ့ ရပိုင်ခွင့်တွေကို ဥပဒေဘောင်အတွင်း က တရားဝင်တောင်းဆိုနိုင်အောင် ခွင့်ပြုထားတဲ့ဥပဒေတွေပါ။ ဒါပေမဲ့ မြန်မာပြည်သူတွေဟာ ဒီလို ဒီမိုကရေစီ ရပိုင်ခွင့်တွေ ကင်းမဲ့ခဲ့တာ နှစ်ပေါင်း ၅၀ နီးပါးရှိပါပြီ။ ပြည်သူလူထုက မှန်ကန်မျှတတဲ့ တောင်းဆိုချက်တွေအ တွက် တရားဥပဒေဘောင်အတွင်းက စနစ်တကျ ဆောင်ရွက်လာတတ်အောင် ဦးဆောင်လမ်းပြဖို့က နိုင်ငံရေး ပါတီတွေရဲ့ တာဝန်ပါ။ ပြည်သူလူထုအနေနဲ့ ဒီမိုကရေစီအခွင့်အရေးနဲ့ တာဝန်ဝတ္တရားတွေကို မှန်မှန်ကန်ကန် ထိန်းညှိကျင့်သုံးနိုင်ရေး၊ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေမှာ တက်တက်ကြွကြွပါဝင်ဆောင်ရွက်လာရေး ဟာ ၂၀၁၂ ခုနှစ်ရဲ့ နိုင်ငံရေး လိုအပ်ချက်ပါ”

ဇန်နဝါရီ ၅ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၇၆) တွင်ပါသည့် ဆောင်ပါးရှင် ကိုဝ၏ ‘၂၀၁၂ မျှော်လင့်ချက်များ’ ဆောင်းပါးမှ ကောက်နှုတ်ချက်

***************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၅.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကို ဗြိတိသျှ နိုင်ငံခြားရေးအတွင်းဝန် တွေ့ဆုံမည်

(Reuters သတင်းဌာနမှ 5 January 2012 ရက်စွဲပါ Hague to meet Suu Kyi and Burma President ကို ဘာသာ ပြန်ဆိုသည်)

  1.  အမျိုးသားရေးညီညွတ်မှုရှိရန် သမ္မတဦးသိန်းစိန် တိုက်တွန်း

(AP သတင်းဌာနမှ 4 Jan 2012 ရက်စွဲပါ Myanmar's president calls for national unity ကိုဘာသာပြန်ဆိုသည်)

  1. နိုင်ငံရေးအကျဉ်းသား ၁၂ ဦးခန့်သာ လွတ်ငြိမ်းချမ်းသာခွင့်ရဟု ဆို

(Reuters သတင်းဌာနမှ 4 Jan 2012 ရက်စွဲပါ Myanmar freed only 12 political prisoners: group says ကို ဘာသာပြန်ဆိုသည်)

  1. ငါးနိုင်ငံကားပြိုင်ပွဲ မြန်မာ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်

(Xinhua သတင်းဌာနမှ 4 January 2012 ရက်စွဲပါ Myanmar to Host Five-Country Car Rally သတင်းကို ဘာသာ ပြန်ဆိုသည်)

*************************************************************************************

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကို ဗြိတိသျှ နိုင်ငံခြားရေးအတွင်းဝန် တွေ့ဆုံမည်

(Reuters သတင်းဌာနမှ 5 January 2012 ရက်စွဲပါ Hague to meet Suu Kyi and Burma President ကို ဘာသာ ပြန်ဆိုသည်)

ဗြိတိသျှနိုင်ငံခြားရေးအတွင်းဝန် ဝီလျံဟေ့ဂ် (William Hague) သည် ယနေ့ (၅ ဇန်နဝါရီ ၂ဝ၁၂) နေ့လယ်အချိန်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်သည်။ ယင်းခရီးစဉ်သည် အရပ်သားအစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အားပေးရန် ဖြစ်သည်ဟု ဆိုသော်လည်း တာဝန်ရှိသူအချို့က ဟေ့ဂ်အနေဖြင့် စီးပွားရေး ပိတ်ဆို့အရေးယူမှုများ (Sanctions) ရုတ်သိမ်းရေးကိစ္စကိုပါ ဆွေးနွေးဖွယ်ရှိသည်ဟု ဆိုသည်။

မစ္စတာဟေ့ဂ်၏ မြန်မာပြည်ခရီးစဉ်သည် နှစ်ရက်တာကြာမြင့်မည်ဖြစ်ပြီး ၁၉၆၂ ခုနှစ် တပ်မတော်အစိုးရ စတင် အုပ်ချုပ်သည့် အချိန်မှစ၍ တွက်လျှင် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးတစ်ဦးအနေဖြင့် ပထမဆုံးအလည်အပတ်ခရီးစဉ် ဖြစ်လာသည်။ ယခင်ကိုလိုနီအင်အားကြီးနိုင်ငံတစ်နိုင်ငံအနေနှင့် ယခုကဲ့သို့ ဗြိတိသျှကက်ဘိနက်ဝန်ကြီးတစ်ဦး၏ လည်ပတ်မှုသည် ယမန်နှစ်ကစတင်၍ အရပ်သားအစိုးရသစ်က ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ဆက်တိုက် ဆောင်ရွက်လာပြီးနောက် ဗြိတိန်နှင့် မြန်မာနိုင်ငံအကြား သံတမန်ရေးရာ တိုးတက်ပြောင်းလဲလာခြင်း လက္ခဏာ တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်လျက် ရှိကြသည်။

ဗြိတိန်နိုင်ငံသည် မြန်မာ့လူ့အခွင့်အရေးကိစ္စရပ်များနှင့် ပတ်သက်၍ တင်းမာစွာ ရပ်တည်ခဲ့သူ ဖြစ်သော်လည်း ယမန်နှစ် အောက်တိုဘာ ၁၂ ရက်နေ့က နိုင်ငံရေးအကျဉ်းသား ၂၃ဝ ကို လွှတ်ပေးခဲ့ပြီးနောက် အစိုးရအပေါ် အကောင်းမြင် သဘောထားအချို့ကို ပြသလာခဲ့သည်။ မစ္စတာဟေ့ဂ်သည် တည်ဆောက်သက် ခြောက်နှစ်ရှိပြီဖြစ်သော မြို့တော် နေပြည်တော်သို့ ရောက်ရှိလာပြီး ယခင်တပ်မတော်အစိုးရ ဗိုလ်ချုပ်တစ်ဦးဖြစ်သူ လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည်ဖြစ်သည်။ ယင်းနောက်တွင် ဟေ့ဂ်သည် အောက်စဖို့တက္ကသိုလ်ကျောင်းဆင်း၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သောကြာနေ့တွင် တွေ့ဆုံရန် ရန်ကုန်သို့ ခရီးဆက်မည်ဖြစ်သည်။

"အခုခရီးစဉ်က မြန်မာအစိုးရရဲ့ လတ်တလောခြေလှမ်းတွေကို အားပေးကူညီဖို့ လာရောက်ဖြစ်ခြင်း ဖြစ်ပါတယ်" ဟု မစ္စတာဟေ့ဂ်က ဆိုသည်။ "မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို ဆက်လျှောက်နိုင်ရန် အားပေးဖို့နဲ့ ဒီလမ်းကြောင်းမှာ ဗြိတိန်က ဘာတွေများ ကူညီထောက်ပံ့ ပေးနိုင်မလဲ ဆိုတာကို ကြည့်ရှုလေ့လာဖို့ လာခဲ့တာပါ" ဟုလည်း ဆက်လက်ပြောကြားသည်။

ယင်း၏ ခရီးစဉ်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ခရီးစဉ်အပြီးတွင် ပေါ်ထွက်လာခြင်း ဖြစ်ပြီး ဟီလာရီက မြန်မာအစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို ထပ်မံလွှတ်ပေးပြီး တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အပါအဝင် လိုက်လျောမှုများ ပိုမိုပြုလုပ်လာပါက အမေရိကန်အနေဖြင့် ထိထိရောက်ရောက် အကူအညီပေးမည့်အကြောင်း ကတိပေးပြောကြားသွားခဲ့သည်။

ဗြိတိန်အနေဖြင့်လည်း အလားတူသက်သေများကို ရှာဖွေမည်ဖြစ်ကြောင်း ဗြိတိန်မှ မစ္စတာဟေ့ဂ် မထွက်ခွာမီ တာဝန်ရှိသူတစ်ဦးက လန်ဒန်တွင် ပြောကြားခဲ့သည်။ မြန်မာအစိုးရက ယင်းတို့လိုလား တောင်းဆိုနေသော အချက်သုံးချက်ကို တိုးတက်ဆောင်ရွက်လာပါက ဥရောပသမဂအနေဖြင့် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုများကို ဖြေလျှော့ပေးမည့် အရိပ်အယောင်များကို တွေ့ရသည်။ အဆိုပါ အချက်သုံးချက်မှာ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ ဧပြီတွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတမှုရှိရေးနှင့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများကို လက်ရှိ နိုင်ငံရေး လမ်းကြောင်းပေါ်သို့ ခေါ်ယူရေး တို့ဖြစ်သည်။

ပြီးခဲ့သော ဇန်နဝါရီ ၄ ရက်နေ့က လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၉ဝဝ ကျော် လွှတ်ပေးခဲ့ရာ နိုင်ငံရေးအထိန်းသိမ်းခံ ၁၂ ဦးသာ ပါရှိခဲ့ပြီး ၆ဝဝ ဦးခန့် အကျဉ်းကျခံနေရဆဲ ဖြစ်ကြောင်း သိရသည်။ သမ္မတကြီး၏ လွတ်လပ်ရေးနေ့ မိန့်ခွန်းတွင် ကမ္ဘာ့ပါဝါနိုင်ငံကြီးများသည် နိုင်ငံငယ်ကလေးများ၏ အချုပ်အခြာအာဏာကို ခြိမ်းခြောက်လျက်ရှိကြောင်း ပါရှိသည်။

ယခုခရီးစဉ်သည် မစ္စတာဟေ့ဂ်အတွက် အစွန်းနှစ်ဘက် မလွတ်သော ခရီးစဉ်ဖြစ်နေသည်။ ယင်းအနေဖြင့် ယခင်တပ်မတော်အစိုးရ အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသော မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို အားပေးပြီး နိုင်ငံသို့ ပြန်လာချိန်တွင် ယခင်တပ်မတော်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းများနှင့် ကြမ်းကြုတ်မှုများကို ဖြေဖျောက်ပေးရာရောက်သည်ဟု ဝိုင်းဝန်းဝေဖန်ခံရဖွယ်လည်း ရှိသည်။ တိုင်းရင်းသား လက်နက်ကိုင်များနှင့် စစ်မက်ဖြစ်ပွားရာ နေရာများ၌ စစ်တပ်က ကျူးလွန်ခဲ့သော လူ့အခွင့်အရေးဖောက်ဖျက်မှုများမှာ ယခုအချိန်ထိ မှတ်တမ်းဝင်နေဆဲ ဖြစ်သည်။

"ဟေ့ဂ်အနေနဲ့ ခပ်ပျော့ပျော့ ကိုင်တွယ်လို့မဖြစ်ဘူး။ မြန်မာပြည်အရေးက ဗြိတိန်ပြည်တွင်းမှာ နိုင်ငံရေးဘောလုံးပွဲတစ်ခု ဖြစ်လာပြီ။ တဲ့တိုး မလုပ်ဘူးဆိုရင် သူအဝေဖန်ခံရမှာ။" ဟု ယခင်ဗြိတိသျှသံတမန်ဟောင်း၊ ယခုအခါ ထင်ရှားသော မြန်မာ့အရေးလေ့လာသူ ဒဲရက်တွန်ကင် (Derek Tonkin) က မှတ်ချက်ပေးသည်။

"ကျွန်တော်တို့အနေနဲ့ မြန်မာပြည်ကို အနှစ်နှစ်ဆယ်လောက် ပစ်ထားခဲ့ပြီး ဘယ်ကိုမှလည်း ခရီးမပေါက်ခဲ့ဘူး။ ဗြိတိန်ဟာ အမေရိကန်တွေရဲ့ လွှမ်းမိုးမှုအောက် တော်တော်လေးရောက်နေပါတယ်။" ဟုလည်း ဗြိတိန်က ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များတွင် ဥရောပသမဂထက် ပိုမိုတင်းကြပ်ခဲ့ခြင်းအပေါ် ရည်ရွယ်၍ ယင်းက ဆက်လက်ဆိုသည်။

ဥရောပသမဂနှင့် အမေရိကန်တို့က မြန်မာအစိုးရသစ်နှင့်တကွ မြန်မာနိုင်ငံ၏ အိမ်နီးချင်းများဖြစ်သော အိန္ဒိယ၊ ထိုင်းနှင့် တရုတ်တို့အား အခြေခံအဆောက်အဦများ တည်ဆောက်ရန်နှင့် ရေနံ၊ ဓာတ်ငွေ့၊ ကျောက်မျက်ရတနာနှင့် သစ် အပါအဝင် သယံဇာတများအတွက် ရင်းနှီးမြှုပ်နှံရန် ပြည့်စုံသော ထောက်ပံ့မှုများပေးမည်ဖြစ်ကြောင်း အသံပြုထားကြပြီ ဖြစ်သည်။ လက်ရှိတွင် စွမ်းအင်နှင့် ငွေကြေးလုပ်ငန်းတို့မှ အချို့ ဗြိတိသျှ စီးပွားရေးလုပ်ငန်းများ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက် ရှိကြသည်။ သို့ရာတွင် မစ္စတာဟေ့ဂ်၏ ခရီးစဉ်သည် ဧပြီတွင် ကျင်းပမည့် အီးယူ၏ နှစ်စဉ် Sanctions သုံးသပ်ပွဲအခမ်းအနား မတိုင်မီ မြန်မာနိုင်ငံကို လာရောက်စစ်ဆေးခြင်း ဆိုသည့်အဆင့်ထိ  ရောက်ရှိသေးပုံကား မရပေ။

နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာသော ကူညီမှုဆိုင်ရာ အထောက်အပံ့များ ပေးမည့်ကိစ္စကို ဆွေးနွေးဖွယ်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုသာ ရရှိပါက ပြည်တော်ပြန်ပြီးနောက် ဝေဖန်ခံရမှုများမှ သက်သာနိုင်မည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သည်လည်း မကြာသေးသော လများအတွင်းက အစိုးရနှင့် ပူးပေါင်း၍ နိုင်ငံရေး ဆောင်ရွက်ချက်များ ပြုလုပ်လိုသည့် သဘောထားကို ဧပြီတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သူမ၏ NLD ပါတီက တရားဝင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သဘောတူခဲ့ခြင်းအားဖြင့် ပြသခဲ့ပြီး ဖြစ်သည်။

"ဟေ့ဂ်က လိုက်လျောမှု အသေးစားအချို့ကို လုပ်ပေးရင် လုပ်ပေးမှာပါ။ ဒါပေမဲ့ လောလောဆယ်တော့ စီးပွားရေးဒဏ်ခတ်မှုတွေ ရုတ်သိမ်းရေး အတွက်က ပိုပြီးစစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လိုသေးတယ် ဆိုတာ အသိပေးဖို့ သူသွားတာ ဖြစ်ပါတယ်။" ဟု UK Burma Campaign မှ ဒါရိုက်တာ မာ့ခ် ဖာမန်နာ (Mark Farmaner) က ပြောကြားသည်။ "ဗြိတိန်အနေနဲ့ အများကြီးသတိထားသွားမှာပါ။ မြန်မာပြည်တွင်းက စေ့စပ်ညှိနှိုင်းမှုအတွက် ထောက်ခံမှုတွေ အများကြီး ရထားကြပါတယ်။ ဒါပေမဲ့ သူတို့ကတော့ သိပ်မြန်မြန်ဆန်ဆန်ကြီး ရွေ့ဦးမယ် မထင်ဘူး။" ဟု မြန်မာ့ အပြောင်းအလဲများ အတွက် အချိန်များစွာ ယူရနိုင်သည့်အချက်ကို ရည်ညွှန်း၍ ဆက်လက်ပြောဆိုသွားသည်။

******************************************************************

အမျိုးသားရေးညီညွတ်မှုရှိရန် သမ္မတဦးသိန်းစိန် တိုက်တွန်း

(AP သတင်းဌာနမှ 4 Jan 2012 ရက်စွဲပါ Myanmar's president calls for national unity ကိုဘာသာပြန်ဆိုသည်)

သြဇာအာဏာကြီးမားသည့် ကမ္ဘာ့ပါဝါနိုင်ငံကြီးများသည် နိုင်ငံငယ်ကလေးများ၏ အချုပ်အခြာအာဏာကို ခြိမ်းခြောက်လျက်ရှိကြောင်း မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီလ ၄ ရက်နေ့တွင် သတိပေးပြောကြားလိုက်သည်။

ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရရှိသည့် နှစ်ပေါင်း ၆၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သဝဏ်လွှာစကားပြောဆိုရာ၌ သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားလူမျိုးစုံနေထိုင်ရာ မြန်မာနိုင်ငံတွင် အမျိုးသားရေးညီညွတ်မှု ရှိကြရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။ သို့သော် အင်အား ကြီးမားသည့် နိုင်ငံကြီးများနှင့်ပတ်သက်၍ သတိပေးပြောဆိုချက်မှာ လတ်တလောကာလများအတွင်း အနောက်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု ရရှိရန် ကြိုးပမ်းချက်များကို ဆန့်ကျင်သလိုဖြစ်နေသည်။

ဦးသိန်းစိန် ဦးဆောင်သော မြန်မာအစိုးရသည် ပြီးခဲ့သည့် မတ်လ စစ်အစိုးရထံမှ အာဏာလွှဲပြောင်းရယူခဲ့သည့် အချိန်မှစ၍ နိုင်ငံရေးနှင့် စီးပွားရေး ဖြေလျှော့ပေးမှုများနှင့် ပြုပြင်ပြောင်းလဲမှုအချို့ကိုဆောင်ရွက်ခဲ့သည်။ ထို့ပြင် အနောက်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်နိုင်မည့် နည်းလမ်းများကို ရှာဖွေပြီး စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားလာစေရန်လည်း ကြိုးပမ်းလျက်ရှိသည်။

****************************************************************

နိုင်ငံရေးအကျဉ်းသား ၁၂ ဦးခန့်သာ လွတ်ငြိမ်းချမ်းသာခွင့်ရဟု ဆို

(Reuters သတင်းဌာနမှ 4 Jan 2012 ရက်စွဲပါ Myanmar freed only 12 political prisoners: group says ကို ဘာသာပြန်ဆိုသည်)

ယခုရက်သတ္တပတ်အတွင်း မြန်မာအစိုးရက အကျဉ်းသား ၉၀၀ ခန့်အား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သော်လည်း ရာပေါင်းများစွာရှိသည့် နိုင်ငံရေး အကျဉ်းသားများအနက် အနည်းငယ်မျှသာပါဝင်ခဲ့ကြောင်း ဒီမိုကရေစီရေးလှုပ်ရှားသော ထိပ်တန်းအဖွဲ့တစ်ဖွဲ့က ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြောကြားလိုက်သည်။ မြန်မာအရပ်သားအစိုးရသည် အနောက်၏ စီးပွားရေးပိတ်ဆို့မှုများဖယ်ရှားလာရန်အလို့ငှာ ယင်းသို့လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည့် အကျဉ်းသားများအနက် နိုင်ငံရေးအကျဉ်းသားမှာ တစ်ဒါဇင်မျှသာ ပါဝင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နိုင်းနိုင်းက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။ လက်ရှိ အရပ်သားအစိုးရသည် မြန်မာနိုင်ငံကို ၁၉၆၂ ခုနှစ် ကတည်းက စတင်အုပ်ချုပ်ခဲ့သော စစ်တပ်၏ ချီးမြှောက်မှုဖြင့် အာဏာရရှိလာခြင်းဖြစ်သည်။ မြန်မာအစိုးရက ပြီးခဲ့သည့် အောက်တိုဘာလအတွင်း တက်ကြွစွာ လှုပ်ရှားသူပေါင်း ၂၃၀ ခန့်ကို လွှတ်ပေးခဲ့ပြီဖြစ်သော်လည်း အနောက်နိုင်ငံများက နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆိုထားခြင်း ဖြစ်ရာ စီးပွားရေးပိတ်ဆို့အရေးယူမှုများအားလုံးဖယ်ရှားရေး သို့မဟုတ် ပြန်လည် သုံးသပ်ရေးမှာ အလှမ်းဝေးနေဆဲဖြစ်သည်။ သို့သော် အဆိုပါ အောက်တိုဘာလအတွင်း လွတ်ငြိမ်းချမ်းသာခွင့်ပြုပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကာ စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်ထားရာ ပိတ်ဆို့မှုများဖယ်ရှားရေးနှင့်ပတ်သက်၍ မျှော်လင့်ချက်များဖြစ်ပေါ်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ နိမ့်ကျသော လူ့အခွင့်အရေးမှတ်တမ်းများကြောင့် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း အမေရိကန်ပြည်ထောင်စုနှင့် အနောက်နိုင်ငံများက ပိတ်ဆို့ဒဏ်ခတ်မှုများပြုလုပ်ခဲ့ရာ နိုင်ငံတကာအသိုင်းအဝိုင်းတွင် အထီးကျန်ဖြစ်ခဲ့ပြီး တိုင်းပြည်စီးပွားရေးမှာ လွန်စွာ ချွတ်ချုံ ကျခဲ့ရသည်။ လက်ရှိအစိုးရသစ်က နိမ့်ကျသွားသော မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်ရန် ပြင်းပြင်ထန်ထန်ကြိုးစားပြီး အနောက်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု ပြန်လည်ရရှိရန်လည်း စေ့စပ်ညှိနှိုင်းမှုများလုပ်ဆောင်လျက်ရှိသည်။ သို့သော် လေ့လာဆန်းစစ်သူ ပညာရှင် အချို့က အချို့သော နိုင်ငံရေးအကျဉ်းသားများ၊ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များအား လွှတ်ပေးလိုက်ပါက တိုင်းပြည် လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်သည့် အခြေအနေတွင် ရှိကြောင်း သုံးသပ်ပြောဆိုသည်။

မြန်မာသမ္မတ ဦးသိန်းစိန်က ဇန်နဝါရီလ ၂ ရက်နေ့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် သေဒဏ်ကျခံထားရသူများအား ထောင်ဒဏ် တစ်သက်တစ်ကျွန်းသို့ လျှော့ချပေးပြီး အခြားသော အကျဉ်းသားများကိုလည်း ပြစ်ဒဏ်များလျှော့ပေါ့ပေးခဲ့သည်။ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှ စီနီယာ အရာရှိကြီးကြီးတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောပြချက်အရ ဇန်နဝါရီလ ၃ ရက်နေ့တွင် ယင်းထောင်တစ်ခုတည်းမှ အကျဉ်းသား ၉၀၀ ကျော်ခန့် လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလတွင် ပြည်ထဲရေးဝန်ကြီးဌာနက အထင်ကရ နိုင်ငံရေးအကျဉ်းသား အချို့အား မိသားစုများနှင့် နီးစပ်သည့် အကျဉ်းထောင်များသို့ ပြောင်းရွှေ့ နေရာချထားပေးခဲ့ပြီး ယင်းတို့အား တဖြည်းဖြည်းချင်းလွှတ်ပေးသွားမည်ဟု ပြောဆိုခဲ့သည်။ သို့သော် မည်သည့် အချိန်ကာလတွင် လွှတ်ပေးမည်ဟူသောအချက်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။

**************************************************************************

 ငါးနိုင်ငံကားပြိုင်ပွဲ မြန်မာ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်

(Xinhua သတင်းဌာနမှ 4 January 2012 ရက်စွဲပါ Myanmar to Host Five-Country Car Rally သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအတွေ့အကြုံရရှိစေရေးအတွက် ယခုလအတွင်း၌ ကျင်းပမည့် ငါးနိုင်ငံကားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ကြောင်း ပြည်တွင်းမီဒီယာတစ်ခုက ဗုဒဟူးနေ့တွင် ပြောကြားလိုက်သည်။

Top Ruby Land Racing Karts Club မှ ကမကထပြုလုပ်သော အဆိုပါကားပြိုင်ပွဲတွင် လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် စင်ကာပူတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်ဟု ပြည်တွင်းထုတ် Messenger News ဂျာနယ်က ဆိုသည်။ "လောလောဆယ်တော့ မြန်မာပြည်တွင်းက ကားမောင်းပြိုင်မယ့်သူ အနည်းငယ်သာ ကလပ်မှာ လာရောက် လေ့ကျင့်နေပါတယ်။ သူတို့အနေနဲ့ အားနည်းချက်တွေရှိနေပြီး အရည်အချင်းပြည့်မီဖို့ လိုနေပါသေးတယ်။" ဟု Top Ruby Land Racing Karts Club မှ တာဝန်ရှိသူတစ်ဦး၏ အဆိုကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။ နိုင်ငံတွင်းမှ အရည်အချင်းရှိ ပြိုင်ပွဲဝင်များကို ဖော်ထုတ်ရေးအတွက် ပြည်တွင်းကားပြိုင်ပွဲတစ်ခုကို ပြီးခဲ့သော ဒီဇင်ဘာလအတွင်းက ကျင်းပပေးခဲ့သည်။

Top Ruby Land Racing Karts Club သည် ဧရိယာအားဖြင့် 2.6325 ဟက်တာရှိကာ ၂ဝဝ၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလက ထိုင်းနိုင်ငံတွင် ထိုင်းခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနက ကျင်းပပေးခဲ့သော ASEAN မိသားစု ကားပြိုင်ပွဲတွင် မြန်မာက Congeniality Award ဆုရရှိခဲ့သည်။

*******************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs