Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

 ၆.၁.၂၀၁၂

ပြည်တွင်းသတင်းများ

  1. အစိုးရဖြန့်ဈေးနှင့် ပုဂ္ဂလိက စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲသတ်မှတ်
  2. ကန့်သတ်ပစ္စည်း(၉)မျိုးအား ပြန်လည်တင်သွင်းခွင့်ပြုရန် ဆောင်ရွက်နေ
  3. ဘဏ်အချင်းချင်း ငွေလွှဲပို့မှု ပြည်တွင်းဘဏ်အချို့ စတင်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. NLD ပါတီတံဆိပ်အား ၈၈ မျိုးဆက်သစ်ကျောင်းသားများ ကန့်ကွက်
  2. တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော်များ၌ ရှေ့နေများ အမှုလိုက်ခွင့်မရတော့

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

***********************************************************************

ပြည်တွင်းသတင်းများ

အစိုးရဖြန့်ဖြူးဈေးနှင့် ပုဂ္ဂလိက စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲသတ်မှတ်

နိုင်ငံတော်မှ ပုဂ္ဂလိကစက်သုံးဆီဆိုင်များသို့ ဖြန့်ဖြူးပေးလျက်ရှိသည့် စက်သုံးဆီဈေးနှုန်းများနှင့် ပုဂ္ဂလိကစက်သုံးဆီဆိုင်ရှိ ဆီထုတ်ဈေးနှုန်းများကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ တိုးမြှင့်ပြောင်းလဲသတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်မှ ပုဂ္ဂလိကစက်သုံးဆီဆိုင်များသို့ ဖြန့်ဖြူးပေးလျက်ရှိသည့် ပြည်တွင်းထွက် ရိုးရိုးဓာတ်ဆီဈေးနှုန်းအား ယခင် တစ်ဂါလန် ကျပ် ၂,၃၅၀ မှ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ ကျပ် ၃၀၀၀ သို့လည်းကောင်း၊ ပုဂ္ဂလိကစက်သုံးဆီဆိုင်များ၌ ယာဉ်များ၏ ဆီထုတ်ဈေးနှုန်းအား ယခင် တစ်ဂါလန် ကျပ် ၂၅၀၀ မှ ယခုအခါ ကျပ် ၃၃၅၀ သို့ တိုးမြှင့်ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။

ယခုကဲ့သို့ ပုဂ္ဂလိက စက်သုံးဆီဆိုင်ဈေးနှုန်းတက်ခြင်းကြောင့် ဆီမှောင်ခိုရောင်းချနေသော ဆီဆိုင်များတွင်လည်း ဓာတ်ဆီတစ်ဂါလန်လျှင် ရောင်းဈေး ကျပ် ၄၇၀၀၊ ဝယ်ဈေး ကျပ် ၄၅၀၀ အထိ တက်သွားပြီး ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၌ ဆီလာရောက်ထုတ်ယူသည့် ယာဉ်ပိုင်ရှင်များအနေဖြင့် ယခင်ခွဲတမ်း ၂ ဂါလံသာ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်မှ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် စက်သုံးဆီဖြန့်ဖြူးရောင်းချရာ၌ သယ်ယူပို့ဆောင်စရိတ်နှင့် အခြားအထွေထွေ ကုန်ကျစရိတ်များ ကောက်ခံခြင်းမရှိခဲ့သော်လည်း ယခုအခါ ၎င်း ကုန်ကျစရိတ်များအတွက် နိုင်ငံတော်မှ စတင်ကောက်ခံရာတွင် ရန်ကုန်အတွက် မကောက်ခံဘဲ မန္တလေးအတွက် ၁၁၅ ကျပ်၊ နေပြည်တော်နှင့် ပုသိမ်အတွက် ကျပ် ၁၀၀ အသီးသီးကောက်ခံခဲ့ပြီး၊ အထွေထွေ ကုန်ကျစရိတ်များအတွက် ရန်ကုန်တွင် တစ်ဂါလန်အပေါ် ကျပ် ၅၀၊ လွိုင်ကော်ကဲ့သို့ နေရာများတွင် တစ်ဂါလန်အပေါ် ၂၅၅ ကျပ်အထိ ကောက်ခံခဲ့ကြောင်း သိရသည်။

အစိုးရသစ်လက်ထက်မှ စတင်၍ ယခင်နိုင်ငံတော်မှ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော စက်သုံးဆီဆိုင်များကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုပေးခဲ့ပြီး ယခင် ပြည်တွင်းထုတ် ဓာတ်ဆီကို ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များသို့ နိုင်ငံတော်က အရှုံးခံရောင်းချပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

YC 

***********************************************************************

ကန့်သတ်ပစ္စည်း(၉)မျိုးအား ပြန်လည်တင်သွင်းခွင့်ပြုရန် ဆောင်ရွက်နေ

မြန်မာနိုင်ငံအတွင်း တင်သွင်းရောင်းချရန် ကန့်သတ်ထားသည့် ကန့်သတ်ကုန်ပစ္စည်း(၉) မျိုးအား ပြန်လည်တင်သွင်းခွင့်ပြုရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း တင်သွင်းရောင်းချရန် ကန့်သတ်ထားသည့် ကုန်ပစ္စည်း(၉)မျိုးမှာ အရက်၊ ဘီယာ၊ စီးကရက်၊ မြေသြဇာ၊ ကိတ်မုန့်၊ ရေခဲမုန့် စသည်တို့ဖြစ်ပြီး မကြာသေးမီကာလအတွင်းကလည်း ယခင် ကန့်သတ်ကုန်ပစ္စည်းများထဲမှ ကုန်ပစ္စည်းအချို့ကို ပြန်လည်တင်သွင်းရန် ခွင့်ပြုခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ကန့်သတ်ကုန်ပစ္စည်း(၉)မျိုးအား ပြန်လည်တင်သွင်းခွင့်ပြုရန် စဉ်းစားရခြင်းမှာ မှောင်ခိုတင်သွင်းမှုလမ်းကြောင်း ပပျောက်စေရန် ဖြစ်ပြီး ၎င်း ကန့်သတ်ကုန်ပစ္စည်းများအား ပြန်လည်တင်သွင်းရောင်းချခွင့်ရရှိနိုင်စေရန်  အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ကန့်သတ်ကုန်ပစ္စည်းများထဲမှ ကုန်ပစ္စည်း(၉)မျိုးလုံးဖြစ်နိုင်သကဲ့သို့ ကန့်သတ်ကုန်ပစ္စည်း တစ်မျိုးနှစ်မျိုးခန့် ကျန်ရှိနေနိုင်ပြီး မည်သည့် ကုန်ပစ္စည်းအမျိုးအစားအား ပြန်လည်တင်သွင်းခွင့်ပြုမည်ဆိုသည့် ကိစ္စရပ်အား ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း၌ ကန့်သတ်ကုန်ပစ္စည်း ၁၄ မျိုးအား ပြန်လည်တင်သွင်းခွင့်ပြုခဲ့ပြီးသော်လည်း လက်ရှိအချိန်တွင် ကုန်ပစ္စည်း (၉)မျိုး ကျန်ရှိနေသေးကြောင်း သိရသည်။

ဒီဇင်ဘာလအတွင်း၌ မြန်မာနိုင်ငံအတွင်း တင်သွင်းရောင်းချရန် ပြန်လည်ခွင့်ပြုလိုက်သည့် ကုန်ပစ္စည်းများမှာ အချိုမှုန့်၊ အချိုရည်၊ ဘီစကွတ်မျိုးစုံ၊ အသား၊ သီးစုံစည်သွတ်ဗူးနှင့် ခေါက်ဆွဲခြောက် စသည်တို့ပါဝင်ကြောင်း သိရသည်။

Ref: နေပြည်တော်တိုင်းမ်

***********************************************************************

ဘဏ်အချင်းချင်း ငွေလွှဲပို့မှု ပြည်တွင်းဘဏ်အချို့ စတင်

မြန်မာနိုင်ငံရှိ ဘဏ်အချင်းချင်း ငွေလွှဲပို့သည့် ဝန်ဆောင်မှုအား ဇန်နဝါရီလ ၂ ရက်နေ့မှ စတင်၍ ပြည်တွင်းရှိ ဘဏ်နှစ်ခုဖြစ်သည့် ရန်ကုန်မြို့တော်ဘဏ်နှင့် မြဝတီဘဏ်တို့မှ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုကဲ့သို့ ပြည်တွင်းရှိဘဏ်အချင်းချင်း ငွေလွှဲပို့ခြင်းဝန်ဆောင်မှုမှာ ပထမဆုံးအကြိမ် စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး နောက်ပိုင်းကာလများတွင် လုပ်ငန်း တိုးတက်မှုအပေါ် မူတည်၍ အခြားပုဂ္ဂလိကဘဏ်များနှင့်ပါ ချိတ်ဆက်ဆောင်ရွက်၍ ပြည်တွင်းဘဏ်အချင်းချင်း ငွေလွှဲပို့သည့်ဝန်ဆောင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်ဘဏ်နှင့် မြဝတီဘဏ်တို့၏ ငွေလွှဲပို့ခနှုန်းများမှာ ရန်ကုန်-ဖားကန့်(အထူးဒေသ)သို့ ၅၀ ပြား၊ ဖားကန့်(အထူးဒေသ)မှ ရန်ကုန် ၁၅ ပြား၊ ရန်ကုန်-မြိတ် ၂၀ ပြား၊ မြိတ်-ရန်ကုန် ၁၀ ပြားဖြစ်ပြီး ကျန်မြို့နယ်များသို့ ငွေလွှဲခနှုန်းထားများကို ၁၅ ပြားပာု သတ်မှတ်ထားပြီး အနည်းဆုံး ငွေလွှဲခနှုန်းထားအား ၂၀၀ ယူဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ ဘဏ်ခွဲ (၁၉)ခု ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်နိုင်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ဗပိာုဘဏ်နှင့် ICBC အပါအဝင် နိုင်ငံခြားဘဏ်ခွဲ (ကိုယ်စားလှယ်ရုံး) ၁၆ ခုကို ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း သိရသည်။

၎င်းမြန်မာနိုင်ငံအတွင်း နိုင်ငံခြားဘဏ်ခွဲ (ကိုယ်စားလှယ်ရုံး) ဖွင့်ခွင်ပြုခဲ့သည့် နိုင်ငံများမှာ စင်္ကာပူနိုင်ငံမှ ၄ ခု၊ မလေးရှားနိုင်ငံမှ ၂ ခု၊ ဂျပန်နိုင်ငံမှ ၂ ခု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၂ ခုနှ၊ တရုတ်နိုင်ငံမှ ၂ ခုနှင့် ကမ္ဘောဒီးယား၊ ထိုင်း၊ ဘရူနိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ၁ ခုစီ ဖွင့်လှစ်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ ပုဂ္ဂလိက ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် နိုင်ငံခြားဘဏ်ခွဲ ဖွင့်လှစ်ခွင့် ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

YC

***********************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

NLD ပါတီတံဆိပ်အား ၈၈ မျိုးဆက်သစ်ကျောင်းသားများ ကန့်ကွက်

ပါတီတည်ထောင်ခွင့်နှင့် ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ များတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်လိုက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ ခွပ်ဒေါင်းပုံ ပါတီ တံဆိပ် အား ၈၈ မျိုးဆက်သစ် ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီမှ ကန့်ကွက်ခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ မှတ်ပုံတင်လိုက်သော ခွပ်ဒေါင်းပုံ ပါတီတံဆိပ်သည် ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ၏ ၂၀၁၀ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော ခွပ်ဒေါင်းပုံ ပါတီတံဆိပ်နှင့် ဆင်တူနေသည့်အတွက် NLD ပါတီတံဆိပ်အား  ကန့်ကွက်ရခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် ၁၉၈၈ ခုနှစ်တွင် စတင်ထူထောင်၍ အသုံးပြုခဲ့သည့် ခွပ်ဒေါင်းပုံအလံအား ၈၈ မျိုးဆက်သစ် ကျောင်းသား လူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီမှ ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် ၎င်း ခွပ်ဒေါင်းပုံကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုပြင် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီမှ ခွပ်ဒေါင်းပုံဖြင့် မှတ်ပုံတင်စဉ်ကလည်း သမိုင်းအစဉ်အလာကို ထိခိုက်စေသည့်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ကပါ ဝိုင်းဝန်းကန့်ကွက်ခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဗပိာုအလုပ်အမှုဆောင်အစည်းအဝေးခေါ်ယူ၍ ပါတီမှတ်ပုံတင်ရန်နှင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ၎င်းအစည်းအဝေး၌ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ လွှတ်တော်တွင်းလစ်လပ်မဲဆန္ဒနယ် (၄၈) နေရာလုံး၌ ဝင်ရောက်ယှဉ်ပြိုင်သွားရန် ကန့်ကွက်သူမရှိ တညီတညွှတ်တည်း ဆုံးဖြတ်ခဲ့သည်။

YC

***********************************************************************

တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော်များ၌ ရှေ့နေများ အမှုလိုက်ခွင့်မရတော့

တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များ၌ အထက်တန်းရှေ့နေများအနေဖြင့် အမှုလိုက်ပါဆောင်ရွက်ခွင့်အား ပေးတော့မည် မပာုတ်ကြောင်း ရှေ့နေတစ်ဦးမှ ပြောကြားခဲ့သည်။

ထိုသို့ အစိုးရသစ်လက်ထက်၌ အထက်တန်းရှေ့နေများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များ၌ အမှုလိုက်ပါဆောင်ရွက်ခွင့် မရရှိတော့သည့်အတွက် အထက်တန်းရှေ့နေများမှ စုပေါင်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ၁၉၅၅ ခုနှစ် ရှေ့နေဖြစ် ဝင်ခွင့်နည်းဥပဒေအရ အထက်တန်းရှေ့နေများကို ထုတ်ပေးထားသည့် တာဝန်ခံလက်မှတ်များတွင် အထက်တန်းရှေ့နေများအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်၊ တိုင်း၊ ခရိုင် များ၏ တရားရုံးများနှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်ရှိ ဌာနများအားလုံးတွင် အမှုလိုက်ပါဆောင်ရွက်ခွင့်ရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် ယခင်အစိုးရလက်ထက် မြန်မာနိုင်ငံ၏ ဥပဒေလောကတွင် တရားလွှတ်တော်ရှေ့နေများနှင့် အထက်တန်းရှေ့နေအချို့မှ သတ်မှတ် စည်းကမ်းများနှင့် ညီညွှတ်ခြင်းမရှိသည့်အတွက် လိုင်စင်ရုတ်သိမ်းခံရမှုများကို ပြည်လည်စဉ်းစားရန် အာရှဥပဒေ အရင်းအမြစ်ပင်မဌာန(ALRC) မှ မြန်မာနိုင်ငံရှိ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ထားကြောင်း သိရသည်။

၎င်း အိတ်ဖွင့်ပေးစာ၌ ဖော်ပြထားသည်မှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲနှင့် နိုင်ငံတော်တိုးတက်ရေးကိစ္စရပ်များကို ရှေးရှု၍ အစိုးရသစ် လက်ထက်တွင် ယခင်အစိုးရမှ ချမှတ်ထားသည့် ရှေ့နေလိုင်စင် ရုတ်သိမ်းခံထားရသည့် ရှေ့နေများအပေါ် လက်ရှိ မြန်မာနိုင်ငံ တရားသူကြီးချုပ် အနေဖြင့် ပြန်လည်သုံးသပ်ပြီး ရှေ့နေလိုင်စင်ပြန်လည်ထုတ်ပေးရန် တိုက်တွန်းထားကြောင်း သိရသည်။

YC

***********************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“မျှော်လင့်ချက်ထားတာက ဇန်နဝါရီ ၄ရက်နဲ့ ဖေဖော်ဝါရီ ၁၂ ရက်တွေမှာ အဲဒါတွေအားလုံးကို အခုတစ်ကြိမ်တည်းပဲ ပေးမယ်ဆိုရင်တော့ လူတွေရဲ့ စိတ်နှလုံးကို လှုံဆော်ပေးသလို ဖြစ်မှာစိုးရတယ်။ သမ္မတကြီးရဲ့ ဆန္ဒလား။ သူ့နောက်က Hard-liner တွေရဲ့ ဆန္ဒလားသံသယဖြစ်မိတယ်”

ဇန်နဝါရီ ၅ ထုတ် Venus News အတွဲ (၃) အမှတ် (၂၅) တွင်ပါသည့် “လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်၍ ပြစ်ဒဏ်များ လျှော့ပေါ့” သတင်းမှ The Voice ဂျာနယ်မှ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

***********************************************************************

“ဒီကော်မရှင်မှာ ပညာရှင်တွေ အဓိကပါတဲ့အတွက်ကြောင့်မို့ ကော်မရှင်အနေနဲ့ အပြင်မှာ တကယ်ဖြစ်ပျက်တဲ့  အနေအထားတွေကို နားထောင်ပေးပါလို့ ကျွန်တော်တင်ပြခဲ့ပါတယ်။ ကော်မရှင်ကလည်း အချိန်ပေးပါလို့ ကျွန်တော်တင်ပြခဲ့ပါတယ်။ ကော်မရှင်ကလည်း အချိန်ပေးပါ့မယ်ဆိုပြီး ပြောပါတယ်။ ဒါကြောင့် စီးပွားရေးအဖွဲ့အစည်းတွေကို ကျွန်တော်ဖိတ်ကြားပါတယ်။ ကော်မရှင်ကိုဖိတ်ပြီး ကြုံနေရတဲ့ အဖြစ်အပျက်တွေကို ပြောမလား ဒါမှမဟုတ် ကော်မရှင်ရှိရာကို လာပြီးတွေ့လည်းရပါတယ်။ အကြမ်းအားဖြင့်တော့ ကော်မရှင်က အပတ်စဉ် သောကြာနေ့လုပ်နိုင်တယ်။ ဆွေးနွေးပေးနိုင်တယ်လို့ သတ်မှတ်ပေးထားပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အသင်းအဖွဲ့တွေမှ မဟုတ်ပါဘူး။ နိုင်ငံခြားမှာနေပြီးတော့ ကျွန်တော်တို့ တိုင်းပြည်ကို အကျိုးပြုနိုင်အောင် ဆောင်ရွက်နိုင်မယ့် ပုဂ္ဂိုလ်များရှိရင်လည်းပဲကော်မရှင်က တစ်ဦးတစ်ယောက်တည်းနားထောင်ပေးရမယ်ဆိုလည်း နားထောင်ပေးမယ် လို့ ပြောပါတယ်။ ၂၀၁၂ မှာ စီးပွားရေး ပြုပြင်ပြောင်းလဲဖို့လိုပြီလို့ ထင်ပါတယ်။ ပြောင်းလဲတဲ့နေရာမှာလည်း စီးပွားရေးလုပ်ငန်းရှင်တွေက ပြည်သူတွေက ပွင့်ပွင့်လင်းလင်းတင်ပြဖို့လိုအပ်ပါ တယ်”

ဇန်နဝါရီ ၆ ထုတ် BiWeekly ELEVEN အတွဲ (၄) အမှတ် (၄၀)တွင်ပါသည့် “အလျင်အမြန်ပြောင်းလဲရန် လိုအပ်သည့်ဥပဒေများရှိပါက ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်သို့ တင်ပြနိုင်” သတင်းမှ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးဌေးမြင့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

***********************************************************************

“ဒီမိုကရေစီနိုင်ငံ အသီးသီးမှာ ခက်ဝေသုံးဖြာ၊ အချုပ်အခြာအာဏာဆိုတာရှိကြပါတယ်။ မဏ္ဍိုင်သုံးရပ်လို့လည်း ခေါ်ကြပါတယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးလို့ သိကြပါတယ်။ ဥပဒေပြုရေးပိုင်း၊ အုပ်ချုပ်ရေးပိုင်းတွေမှာ သက်ဝင်ပြောင်းလဲနေပြီဖြစ်ပေမယ့် အောက်ခြေတရားရေး မဏ္ဍိုင်တွေက မရွေ့သေးပါဘူး။ ဒီမိုကရေစီ ခေတ်နဲ့အတူ မလိုက်နိုင်သေးတာတွေ့ရပါတယ်။ တရားစီရင်ရေးအပေါ် ညွှန်ကြားချက်တွေက လွှမ်းမိုး ထားရင် အဲဒီ လွှမ်းမိုးမှုတွေ မရှိတော့အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကော်မတီအနေနဲ့ ယခုအချိန်ကစပြီး အတိအလင်းပြောကြားလိုပါတယ်”

ဇန်နဝါရီ ၆ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၈) အမှတ် (၅၅၀)တွင်ပါသည့် “တရားစီရင်ရေးတွင် မည်သည့်လွှမ်းမိုးမှုမျှ မရှိစရေန် ဆောင်ရွက်မည်” သတင်းမှ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကို၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

***********************************************************************

***************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၅.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အစိုးရတစ်ရပ်၏ တရားဝင်မှု

*************************************************************************

ဆောင်းပါးကဏ္ဍ

အစိုးရတစ်ရပ်၏ တရားဝင်မှု

နိုင်ငံတစ်ခုသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် တရားဝင်မှုရှိသည်ဆိုခြင်းမှာ ယင်းနိုင်ငံ၏ အရပ်ရပ်သောဖွံ့ဖြိုးရေးအတွက် များစွာ အရေးပါသည့်အတွက် နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်နေကြသည့် နိုင်ငံပြုပုဂ္ဂိုလ်တိုင်းအမြဲပင် အလေးထားသုံးသပ်ဖြည့်တင်းနေရမည့် အရာတစ်ခုပင်ဖြစ်သည်။ ယခင် တပ်မတော်အစိုးရလက်ထက်က မြန်မာနိုင်ငံမှာ ပြည်တွင်းတွင်ရော၊ နိုင်ငံတကာအသိုင်းအဝိုင်းတွင်ပါ တရားဝင်မှုမရှိ၊ တနည်းဆိုရလျှင် တရားဝင်မှုအကျပ်အတည်း(Legitimate crisis) နှင့် ကြုံတွေ့နေခဲ့ရသည်။ သို့သော် အာဆီယံဒေသတွင်းနိုင်ငံများကတော့ ယင်းတို့နိုင်ငံများ၏ စီးပွားရေးအကျိုးစီးပွားအတွက်သာမက မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးသည့်အနေဖြင့် အနောက်နိုင်ငံများ၏ ရပ်တည်ချက်နှင့်ဆန့်ကျင်ကာ မြန်မာနိုင်ငံအားအဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ် တရားဝင်သတ်မှတ်ခဲ့သည်။

ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးအပြီး အရပ်သားတစ်ပိုင်းဦးသိန်းစိန်အစိုးရ အာဏာရလာပြီးနောက်ပိုင်းတွင်တော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် စစ်မှန်သော အပြောင်းအလဲတိုင်းတွင် တွေ့ရတတ်သည့် တရားဝင်အသိအမှတ်ပြုမှုကို ပြည်တွင်းတွင်ရော၊ နိုင်ငံတကာကပါ ပေးအပ်လာခဲ့သည်။ ယင်းမှာလည်း နိုင်ငံတော်အကြီးအကဲများအပါအဝင်၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ စနစ်တကျ ဝိုင်းဝန်းပျိုးထောင်ခဲ့သည့် ရလဒ်ပင်ဖြစ်သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံခြင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ပါတီတစ်ရပ်ဖြင့် ရပ်တည်နိုင်အောင် နိုင်ငံရေးပါတီမှတ်ပုံတင် ဥပဒေများပြင်ဆင်သတ်မှတ်ခဲ့ခြင်းတို့သည် အစိုးရတစ်ရပ်၏ တရားဝင်မှုကို တိုးမြှင့်ခဲ့စေသောလုပ်ဆောင်ချက်များပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ပြည်တွင်းသာမက နိုင်ငံတကာအသိုင်းအဝိုင်းတွင်ပါ တရားဝင်မှု အပြည့်ရှိသည့် ပုဂ္ဂိုလ်၏ အရှိန်အဝါကြောင့်လည်းဖြစ်သလို နိုင်ငံတော် အကြီးအကဲများ နိုင်ငံရေးစေတနာကြောင့်လည်း ဖြစ်ပါလိမ့်မည်။

အာဆီယံအသိုင်းအဝိုင်းမှ မြန်မာနိုင်ငံအား ၂၀၁၄ ခုနှစ်တွင် အလှည့်ကျ အာဆီယံဥက္ကဋ္ဌ တာဝန်ယူရန် လိုလိုလားလား ပေးအပ်လာခြင်းမှာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု ဆက်လက် အကောင်အထည်ဖော်ရန် သွယ်ဝိုက်၍ တိုက်တွန်းသည့် လက္ခဏာတစ်ရပ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံအဖို့ ပြုပြင် ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင်ပါက နိုင်ငံတကာအသိုင်းအဝိုင်းတွင် တရားဝင်မှု ပိုမိုရှိလာနိုင်သောကြောင့်ဖြစ်သည်။ အကြောင်းရင်းမှာ မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသ၏ အကျိုးစီးပွားများ ဆုံစည်းရာနိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်သောကြောင့်ဖြစ်သည်။ စီးပွားရေးအရ သော်လည်းကောင်း၊ နိုင်ငံတကာနိုင်ငံရေးအင်အား ထိန်းညှိရေး၌သော်လည်းကောင်း အချက်အချာကျသည့် နေရာတွင်ရှိနေသည့် မြန်မာနိုင်ငံကို ယင်းသို့တွန်းအားပေးခြင်းသည် အာဆီယံဒေသတွင်းနိုင်ငံများအတွက် အကျိုးစီးပွားဖြစ်ထွန်းသလို မြန်မာနိုင်ငံအတွက် အကျိုးစီးပွား ဖြစ်ထွန်းသည့် မဟာဗျူဟာကျသည့် ဆောင်ရွက်ချက်ပင်ဖြစ်သည်။

သို့နှင့် နိုင်ငံတစ်နိုင်ငံ၏ တရားဝင်မှုကိုမည်သည့် ပေတံများနှင့် တိုင်းတာမည်ဟူသောမေးခွန်းမှာ သုံးသပ်ဆွေးနွေးသင့်သည့် ကိစ္စရပ် တစ်ခုပင်ဖြစ်သည်။ စာရေးသူအနေဖြင့် သတ်မှတ်ထားသည့် နိုင်ငံတစ်ခု၏ တရားဝင်မှုလက္ခဏာများမှာ ယေဘူယျအားဖြင့် နိုင်ငံရေးအရတရားဝင်မှု၊ စီးပွားရေးအရတရားဝင်မှုနှင့် အုပ်ချုပ်ရေးအရတရားဝင်မှုတို့ပါဝင်ပါသည်။ ယင်းတရားဝင်မှုအမျိုးအစားများကို လက်ရှိ မြန်မာနိုင်ငံ၏ ဖြစ် ထွန်းနေသော အရပ်ရပ်အခြေအနေများကိုသရုပ်ခွဲစိစစ်ကြည့်မည်။ ပထမဦးဆုံး နိုင်ငံရေးအရတရားဝင်မှုကို ကြည့်လျှင် တရားဝင်မှု အထိုက်အသင့်ရှိလာပြီဟုဆို၍ ရနိုင်ပါသည်။ ဒီမိုကရေစီနိုင်ငံရေးအင်အားစုများအားလုံးကို လွှတ်တော်တွင်းနိုင်ငံရေးတွင် အားလုံးပါဝင်လာအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ပြုလုပ်လာခဲ့ရာ ယခုအခါတွင် လက်နက်ကိုင်အဖွဲ့အစည်းအများစုနှင့် ငြိမ်းချမ်းရေးသဘောတူလက်မှတ်ရေးထိုးနိုင်သည် အထိအောင်မြင်မှု ရရှိခဲ့ပြီးဖြစ်သည်။ ထိုအတွက်ကြောင့် အစိုးရ၏ နိုင်ငံရေးအရတရားဝင်မှု ယခင်ကထက်ပိုမိုရှိလာခဲ့ပြီဖြစ်သည်။ သို့သော် ယခုရက်ပိုင်းအတွင်း နိုင်ငံရေးအကျဉ်းသားများအပြည့်အဝလွှတ်ပေးရေးနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာအခြေအနေများနှင့် တွေ့ကြုံနေရပြီဟုဆိုချင်ပါသည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး၏ နိုင်ငံရေးအကျဉ်းသားတော်တော်များများကို လွှတ်ပေးမည်ဟူသောစကားနှင့် နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာလွှတ်ပေးခဲ့သည့် လက်တွေ့ဖြစ်ရပ်များကြောင့်ဖြစ်သည်။

ဒုတိယအားဖြင့် စီးပွားရေးအရတရားဝင်မှုမှာ အချိန်အတိုင်းအတာတစ်ခုအထိအချိန်ကိုက် အကောင် အထည်ဖော်ရမည့် ဖြစ်စဉ်ကြီးပင် ဖြစ်သည်။ စီးပွားရေးအရလွန်စွာ ချွတ်ခြုံကျနေသည့် မြန်မာနိုင်ငံအဖို့ နိုင်ငံ၏ စီးပွားရေးတည်ဆောက်ရာတွင် လုပ်ဆောင်စရာအိမ်စာများ များစွာကျန်ရှိနေဦးမည်သာဖြစ်သည်။ စားအုန်းဆီတင်သွင်းမှု လက်ဝါးကြီးအုပ် လုပ်ဆောင်မှုကိုရပ်ဆိုင်းခြင်း၊ ကားတင်သွင်းခွင့်များ ရရှိလာခြင်း အစရှိသည်တို့ကို လုပ်ဆောင်ခဲ့သော်ငြားလည်း နိုင်ငံ၏ စီးပွားရေးကြီးတစ်ခုလုံးကို မြှင့်တက်သွားစေသည့် စီးပွားရေးအရ အဂ္ဂဗျူဟာများကိုအစိုးရမှ ချမှတ်နိုင်ခြင်း မရှိသေးသည်တွေ့ရပါသည်။ အထူးသဖြင့် ငွေလဲနှုန်းလို ကိစ္စရပ်မျိုးကို ယနေ့ပြင်ဆင်ပြောင်းလဲလျှင် ယနေ့ဖြစ်နိုင်လျက် မူဝါဒရေးရာ ဆွေးနွေးမှုများတွင်သာ တဝဲဝဲလည်နေပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု မရှိသေးခြင်းပင်ဖြစ်သည်။ ထို့အပြင် ပို့ကုန်တင်ပို့မှုလို နိုင်ငံ၏ ဝင်ငွေတိုးတက်စေသည့် ကုန်သွယ်မှုမူဝါဒများတွင်လည်း အခွန်လွတ်အနေအထားမျိုးဆောင်ရွက်နိုင်ခြင်းမရှိသေးသည်ကို တွေ့နေရသေးသည်။ အထက်ပါအချင်းအရာများကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာစီးပွားရေးတရားဝင်မှုသည် နိုင်ငံရေးတရားဝင်မှု ရရှိရေးထက် ပိုမိုခက်ခဲစွာကျော်လွှားရမည့် အနေအထားပင်ဖြစ်သည်။

နောက်ဆုံးအုပ်ချုပ်ရေးအရတရားဝင်မှုတွင် အဓိကထားပြောရမည့်အရာမှာကား တရားဥပဒေစိုးမိုးမှုပင်ဖြစ်သည်။ ယခင်ရှိခဲ့ပြီးသော ဥပဒေများအပါအဝင် လွှတ်တော်တွင် အသစ်ပြဋ္ဌာန်းလိုက်သောဥပဒေသစ်များ၊ ပြင်ဆင်လိုက်ပြီဖြစ်သောဥပဒေများ အသက်ဝင်ဖို့ဆိုသည်မှာ အုပ်ချုပ်ရေး စွမ်းဆောင်ရည်၏ အဓိကတာဝန်ယူဆောင်ရွက်ရမည့် အရာပင်ဖြစ်သည်။ ထို့အပြင် အုပ်ချုပ်ရေးယန္တရားတွင် တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းများ၏ အရည်အသွေးမြင့်မားရေးပင်ဖြစ်သည်။ ပြည်သူ့ဝန်ထမ်းများ အရည်အသွေးရှိမှသာလျှင် အထက်ကချမှတ်သည့် မူဝါဒများကို တရားဥပဒေနှင့်အညီ ပြည်သူများအား ပြည်သူရေးရာဝန်ဆောင်မှုကောင်းများကို ပေးအပ်နိုင်မည်ဖြစ်ပါသည်။ အုပ်ချုပ်ရေးညံ့ဖျင်းလျှင် တရားဥပဒေလည်း စိုးမိုးမှု ရှိမှာမဟုတ်သလို နိုင်ငံရေးတည်ဆောက်ရေးပန်းတိုင်လည်း ရောက်ရှိရန်ခဲယဉ်းနေဦးမည်ဖြစ်သည်။

စာရေးသူသုံးသပ်ထားသည့် အထက်ပါ နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးတရားဝင်မှု သုံးမျိုးကို အစိုးရသစ်အနေဖြင့် တစ်ခုချင်းစီကို ယခင်ကထက် တရားဝင်မှုရှိလာအောင် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့လျှင် မြန်မာနိုင်ငံမှာ များမကြာမီနှစ်များတွင် ပြည်တွင်းတွင်ရော၊ နိုင်ငံတကာအသိုင်းအဝိုင်းတွင်ပါ တရားဝင်မှု ပိုမိုရှိလာမည်ကို ယုံကြည်စေချင်ပါသည်။

*************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs